Friday, February 26, 2010

ကမ္ဘာ့အနိဋ္ဌာရုံအားလုံးရဲ့ တရားခံ - လူထုစိန်ဝင်း


ခုတလော အားကစားဂျာနယ်တွေဖတ်ရတာ စိတ်ဝင်စားစရာကောင်းသလို စိတ်ပျက်စရာလည်း ကောင်းလှတယ်။ စိတ်ဝင်စားစရာအကြောင်းကတော့ ကိုယ်နှစ်သက်သဘောကျတဲ့ ဘောလုံးသမားတွေ ဘယ်အသင်းက ဘယ်အသင်းကို ပြောင်းရွှေ့တယ်ဆိုတဲ့ သတင်းမျိုးဖြစ်တယ်။ စိတ်ပျက်စရာ အကြောင်းကတော့ ဘောလုံးသမားတွေကို လူသားလို သဘောမထားကြတော့ဘဲ သက်မဲ့ကုန်ပစ္စည်းများသဖွယ် ရောင်းဝယ်ဖောက်ကား လုပ်နေကြတဲ့ကိစ္စ ဖြစ်တယ်။

ဈေးကွက်ပရိယာယ်တွေ
အခုရက်ပိုင်းတွေက ဘောလုံးသမားအပြောင်းအရွှေ့ လုပ်ခွင့်ရှိတဲ့ကာလ ဖြစ်လေတော့ ဘောလုံးအသင်းတိုင်း မလိုသူတွေရောင်းထုတ်၊ လိုသူတွေကို လိုက်ဝယ်လုပ်နေကြပါတယ်။ အဲဒီလိုလုပ်ကြရာမှာ ကလပ်အသင်းတွေက ကိုယ်ရောင်းထုတ်ချင်တဲ့ ဘောလုံးသမားကို ဈေးကောင်းရလေအောင် မရောင်းချင်သလို အင်တင်တင်လုပ်ပြလေ့ ရှိကြသလို၊ ဘောလုံးသမားတွေကလည်း သူတို့ လစာကောင်းကောင်း ရစေဖို့အတွက် ဘယ်နိုင်ငံ၊ ဘယ်အသင်းတွေက သူ့ကို ဘယ်လိုမက်လုံးတွေပေးပြီး ကမ်းလှမ်းနေကြောင်း သတင်းလွှင့်တာမျိုးတွေ လုပ်လေ့ရှိပါတယ်။

လူကုန်ကူးမှုလို
တစ်ခါတလေကျတော့ ကာယကံရှင်ဘောလုံးသမားကိုယ်တိုင်တောင် မသိလိုက်ရဘဲနဲ့ အရောင်းခံရတာမျိုးတွေ ရှိတတ်ပါတယ်။ ဘောလုံးလောက အရောင်းအ၀ယ်ကိစ္စတွေဟာ တစ်ခါတစ်ခါမှာ စက်ဆုပ်စရာကောင်းလောက်အောင် လိမ်ညာလှည့်စားကြတာ၊ မသမာကြတာတွေ မြင်တွေ့ရလေတော့ ဘောလုံးသမား အရောင်းအ၀ယ်ကိစ္စဟာ တရားဝင်ခွင့်ပြုထားတဲ့ "လူကုန်ကူးမှု"မျိုး ဖြစ်နေသလားလို့တောင် အတွေးရောက်မိပါတယ်။

ငွေဝယ်ကျွန်ပမာ
ဘောလုံးသမားကိုယ်တိုင် မသိလိုက်ရဘဲ၊ ဆန္ဒလည်းမရှိပါဘဲနဲ့ အရောင်းခံလိုက်ရတာမျိုးတွေ မြင်တွေ့ရတော့လည်း ဘောလုံးသမားတွေဟာ "ငွေဝယ်ကျွန်"တွေလို ဖြစ်နေပါပေါ့လားဆိုပြီး ရင်ထုမနာ ဖြစ်ရပါတယ်။ ဒါပေမယ့် ဘာတတ်နိုင်မှာလဲ။ တစ်ကမ္ဘာလုံးမှာ အားကစားစစ်စစ်ဆိုတာမျိုး မရှိတော့ဘဲ အားကစားစီးပွားရေးလုပ်ငန်း ဆိုတာမျိုးတွေချည်း ဖြစ်နေကြပြီမဟုတ်လား။ ဒီတော့လည်း မနှစ်မြို့တာတွေကို မေ့ထားပြီး မကြည့်ရမနေနိုင်တဲ့ ဘောလုံးပွဲတွေကို ကြည့်နေရတော့တာပါပဲ။

ကုဋေကြွယ်သူဌေးကြီးတွေ
ဘောလုံးလောကနဲ့ အားကစားလောကကြီးတစ်ခုလုံး စီးပွားရေးလုပ်ငန်းကြီးတွေ ဖြစ်လာတဲ့အတွက် ဘောလုံးသမားတွေနဲ့ အားကစားသမားတွေ ဘယ်ခေတ်ဘယ်အခါနဲ့မှ မတူအောင် ၀င်ငွေကောင်းကောင်း ရနေကြပြီး ထိပ်တန်းရောက်သူတွေဆိုရင် ကုဋေကြွယ်သူဌေးကြီးတွေတောင် ဖြစ်နေကြပြီ မဟုတ်ဘူးလားလို့ ပြောစရာရှိပါတယ်။ မှန်ပါတယ်။ လစာအမြင့်ဆုံးရ ဘောလုံးသမားတစ်ယောက်ရဲ့ တစ်လ၀င်ငွေဟာ အမေရိကန်သမ္မတ ဒါမှမဟုတ် အင်္ဂလိပ်ဝန်ကြီးချုပ်များရဲ့ တစ်နှစ်တွက် လစာငွေထက်တောင် များပါသေးတယ်။

ကြွက်မိဖို့အဓိက
အားကစားသမားတိုင်းရဲ့ စိတ်ထဲမှာ ကြီးစိုးနေတာက အနိုင်ရဖို့ဆိုတဲ့ စိတ်တစ်ခုတည်းပဲ။ ဘယ်နည်းနဲ့ နိုင်ရ နိုင်ရ နိုင်ဖို့အဓိကပဲ။ ကြောင်ဖြူတာမည်းတာကို အလေးမထားဘူး၊ ကြွက်မိဖို့ အဓိကပဲ။ "ဖဲပလေး"တို့၊ "အားကစားစိတ်ဓာတ်"တို့၊ "လူကြီးလူကောင်းပီသမှု" ဆိုတာတွေ ဆိတ်သုဉ်းကုန်ပြီ။ ဒီခေတ်မှာ အဲဒီစိတ်ဓာတ်တွေအကြောင်း ပြောတဲ့သူဟာ "လူနုံ" "လူအ" ပဲ။ "သိက္ခာနဲ့ ရိက္ခာဝယ်လို့ မရဘူး" ဆိုတဲ့ စကားပဲ ဒီနေ့ နေရာတိုင်းမှာ ကြားနေရတယ်။

အနိဋ္ဌာရုံကမ္ဘာ
အားကစားလောကအကြောင်းပြောလို့ တခြားလောကတွေအကြောင်း ပြောစရာမရှိတာ မဟုတ်ပါဘူး။ ဒီနေ့ ကမ္ဘာကြီးတစ်ခုလုံး ဘယ်ထောင့်၊ ဘယ်နေရာပဲကြည့်ကြည့် ကြီးနိုင်ငယ်ညှဉ်း အနိုင်ကျင့်မှုတွေ၊ ရက်စက်ကြမ်းကြုတ်တဲ့ စစ်ပွဲကြီးငယ်တွေ၊ ကောက်ကျစ်စဉ်းလဲမှုတွေ၊ အရှက်ကင်းမဲ့စွာ လိမ်ညာလှည့်စားမှုတွေ၊ ဘယ်သူသေသေ ငတေမာပြီးရော လုပ်နေကြတာတွေကိုချည်း မြင်တွေ့နေရပါတယ်။ ပြောရမယ်ဆိုရင် အားလုံးအနိဋ္ဌာရုံတွေချည်းပါပဲ။

ပညာစီးပွားရေး၊ ကျန်းမာစီးပွားရေး
ဒီအနိဋ္ဌာရုံအားလုံးရဲ့ အရင်းအမြစ်က ဘာလဲလို့ ဆန်းစစ်ကြည့်တော့ နေရာတကာ "အလွန်အကျွံ စီးပွားရေးဆန်လွန်းမှု" (hypercommercialization) ဖြစ်တယ်လို့ပဲ ယူဆပါတယ်။ အားကစားက စီးပွားရေးလုပ်ငန်းကြီး ဖြစ်သလို ပညာရေးကလည်း စီးပွားရေးလုပ်ငန်းကြီး၊ ကျန်းမာရေးကလည်း စီးပွားရေးလုပ်ငန်းကြီး၊ လူမှုဖူလုံရေးကလည်း စီးပွားရေးလုပ်ငန်းကြီး အရာအားလုံး ပိုက်ဆံရဖို့အဓိကဆိုပြီး လုပ်နေကြတာချည်းပါပဲ။ ကျွန်တော်တို့ရဲ့ မီဒီယာလုပ်ငန်းတွေလည်း ရှေးကလို တိုင်းပြုပြည်ပြုသာသနာပြု (missionary) လုပ်ငန်းမဟုတ်တော့ဘဲ ဧရာမစီးပွားရေးလုပ်ငန်းကြီးတွေ ဖြစ်နေကြပြီလေ။

မျှော်လင့်ချက်မဲ့ အခြေအနေဆိုတာ မရှိဘူး
လူထုစိန်ဝင်း
စာမျက်နှာ- ၁၂၇ မှ ၁၂၉

My Life


(၁)
ကျွန်တော်ရေးလိုက်တဲ့ [ကလေးတွေ စာဖတ်ကြပါစေ] ဆိုတဲ့ ဆောင်းပါးအတွက် တုံ့ပြန်မှုတွေကို ရှင်းပြနေရတာ အတော်လေးကို စိတ်ကုန်နေမိတယ်။ ကျွန်တော်ရေးထားတဲ့အထဲမှာ ဘာများအမှားပါသွားသလဲလို့ ပြန်ပြန်ဖတ်နေတာ ၄-၅ ခေါက် ရှိနေပြီ။ မှားနေတယ်လို့ ယူဆမိတဲ့ အကြောင်းအရာ မပါဘူးလို့ ယုံကြည်တယ်။ ဒါပေမယ့် ဘယ်သူတွေက ဘာတွေနာနေကြသလဲ ဆိုတာကိုတော့ ကျွန်တော်မသိဘူး။ ဘာပဲဖြစ်ဖြစ် ကျွန်တော့်စာကိုဖတ်ပြီး တချို့တချို့တွေ စိတ်ညစ်တယ်၊ စိတ်တိုရတယ်ဆိုတဲ့အတွက်တော့ စိတ်မကောင်းဖြစ်မိတာ အမှန်ပါ။
(၂)
အရင်လက ဖွတ်ကလိဒင်္ဂါးအခြေအနေကြောင့် မ၀ယ်ဖြစ်ခဲ့တဲ့ [ဖေမြင့်-စာအုပ်ကမ္ဘာ] ကို ၀ယ်လိုက်ပါပြီ။ မြန်မာကျပ်ငွေ (၄၂၀၀) ပေးရပါတယ်။ စိတ်ထဲမှာ အတော်လေးလည်း ပျော်သွားမိတယ်။ ထွက်ပြီဆိုကတည်းက ဖတ်ချင်နေတဲ့စာအုပ်ကို အခုမှပဲ လက်ဝယ်ပိုင်ပိုင် ကိုင်ရတော့တယ်။ အဖွင့်နှစ်ပုဒ်ဖြစ်တဲ့ [ချစ်စရာ စာကြည့်တိုက်ကလေး] နဲ့ [စာပွဲသဘင်] နှစ်ပုဒ်ဖတ်ပြီးတဲ့အချိန်မှာတင်ကို ပေးခဲ့တဲ့ (၄၂၀၀)ကျပ်အတွက် တန်ပါတယ်လို့ မှတ်ချက်ချလိုက်ပြီ။ ဆရာဖေမြင့်ရဲ့ အရေးအသားပြေပြစ်ကျစ်လျစ်မှုကို အတုမယူဘဲကို မနေနိုင်ဘူး။
စာအုပ်မှတ်တမ်းမှာ အုပ်ရေ - ၁၀၀၀ ဆိုတဲ့အတွက်တော့ တစ်မျိုးကြီးဖြစ်မိတယ်။ တန်ဖိုးဘယ်လောက်ဆိုတာလည်း အချက်အလက် မပါဘူး။
-----------
စာမူခွင့်ပြုချက်အမှတ် - ၄၀၀၅၂၄၁၁၀၉
မျက်နှာဖုံးခွင့်ပြုချက်အမှတ် - ၄၀၀၄၈၂၁၁၀၉
ထုတ်ဝေသူ - ဦးဖေမြင့် (၀၂၂၅၉)၊ ဖေမြင့်စာပေ။
ပုံနှိပ်ခြင်း - ပထမအကြိမ်၊ ၂၀၀၉ ခုနှစ် ဒီဇင်ဘာလ။
အုပ်ရေ - ၁၀၀၀
-----------
(၃)
ကျောင်းသားတွေရဲ့ စာသင်ကြားမှုနဲ့ ပတ်သက်ပြီး သုတေသနတစ်ခုလုပ်ဖို့ ပြင်ဆင်နေရပါတယ်။ စာသင်နေရတဲ့ ကျောင်းဆရာဖြစ်တဲ့အတွက် ကိုယ်တိုင်လည်း စိတ်ပါလို့ ၀င်ရောက်လုပ်ကိုင်ဖို့ သဘောတူလိုက်တာ ဖြစ်ပါတယ်။ လေးလအတွင်း ရလဒ်တစ်ခုခု ပြနိုင်အောင်ကြိုးစားကြမှာပါ။ ပုဂ္ဂိုလ်ခင်လို့ တရားမင်တာလို့ ဆိုချင်လည်းဆိုပါ။ သုတေသနအဖွဲ့ခေါင်းဆောင်က ကျွန်တော့်စာတွေထဲမှာ မကြာခဏထည့်ရေးတတ်တဲ့ သမိုင်းဒေါက်တာဘွဲ့ရ အစ်ကိုကြီးတစ်ယောက် ဖြစ်နေလို့ပါ။ သူ့ရဲ့ စိတ်ထက်သန်မှုနဲ့ လုပ်ချင်တဲ့ရည်ရွယ်ချက်ကို သိနေတာကြောင့် လက်ခံဖြစ်လိုက်တာပါ။
(၄)
နောက်တစ်ပတ်အတွင်း မပြန်ဖြစ်တာကြာပြီဖြစ်တဲ့ မွေးရပ်မြေကို မဖြစ်မနေ ပြန်ဖို့ရှိပါတယ်။ မတွေ့တာကြာပြီဖြစ်တဲ့ ချစ်သူကို ပြန်တွေ့ရမှာမို့ ရင်ခုန်နေပုံမျိုးနဲ့ ကျွန်တော်ရင်တွေ ခုန်နေမိပါတယ်။ ကျွန်တော်ထိတွေ့ဖူးတဲ့ နေရာဒေသတစ်ခု မဟုတ်တော့မှာတော့ အသေအချာပါပဲ။ ဘာတွေတိုးတက်နေသလဲ၊ ဘာတွေဆုတ်ယုတ်သွားပြီလဲဆိုတာကို စိတ်ဝင်စားနေမိပါတယ်။ ကျောင်းအတူတက်ခဲ့တဲ့ သူငယ်ချင်းဟောင်းတွေနဲ့ ပြန်ဆုံခွင့်ရရင်တော့ အတော်လေးကို ပျော်ရွှင်ရမယ်ထင်ပါတယ်။ ဒါပေမယ့်လည်း ကိုယ့်အလုပ်တွေနဲ့ကိုယ် တစ်နယ်တစ်ကျေးတွေမှာ ရောက်နေကြတာမို့ လွယ်မယ်တော့ မထင်ပါဘူး။ ကျွန်တော့်ဒေသလေးမှာ ကဗျာလေးတစ်ပုဒ်တော့ ရေးဖြစ်အောင်ရေးခဲ့မယ်လို့လည်း တေးထားလိုက်ပါတယ်။ အကောင်အထည်ပေါ်ခဲ့ရင်တော့ ဖတ်ကြရဦးမှာပါ။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၂၆ ရက်၊ သောကြာနေ့။
နံနက် ၁၀ နာရီ ၁၅ မိနစ်တွင်ပြီး၏။

Thursday, February 25, 2010

စိတ်အားဖြည့် ဓမ္မပဒ


ဓမ္မပဒဂါထာ (၈)
အသုဘာနုပဿိံ ၀ိဟရန္တံ၊ ဣန္ဒြိယေသု သုသံဝုတံ။
ဘောဇနမှိ စ မတ္တညုံ၊ သဒ္ဓံ အာရဒ္ဓ၀ီရိယံ။
တံ ဝေ နပ္ပသဟတိ မာရော၊ ၀ါတော သေလံဝ ပဗ္ဗတံ။

ကျောက်တောင်လိုလူ
ကြုံလာသမျှ အာရုံတိုင်းကို
မတင့်မတယ်ရွံစဖွယ်လို့
အဖန်ဖန် ရှုမြင်တဲ့သူ၊
မျက်စိ, နား, နှာ, လျှာ, ကိုယ်, စိတ်
ဣနြေ္ဒခြောက်ပါးကို စောင့်စည်းတဲ့သူ၊
အစားအသောက်နဲ့တကွ
ပစ္စည်းဝတ္ထုတွေရဲ့အပေါ်မှာ
အတိုင်းအရှည်သိတဲ့သူ၊
ဘုရား, တရား, သံဃာနဲ့
ကံ, ကံရဲ့အကျိုးကို မတုန်မလှုပ် ယုံကြည်တဲ့သူ၊
ကြိုးစားအားထုတ်မှု ၀ီရိယရှိတဲ့သူကို
ကိလေသမာရ် (စိတ်ကောင်းတွေကို သေအောင်သတ်တတ်တဲ့ ကိလေသာ)က
မလွှမ်းမိုး မနှိပ်စက်နိုင်ပါဘူး။
ဘာနဲ့ ဥပမာတူသလဲဆိုရင်
ကျောက်သားအတိပြီးတဲ့
ကျောက်တောင်ကြီးကို
အင်အားပျော့တဲ့လေက
မလွှမ်းမိုး မဖျက်ဆီးပစ်နိုင်သလိုပါပဲ။

( အရှင်ဆန္ဒာဓိက ၏ စိတ်အားဖြည့်ဓမ္မပဒ စာအုပ်မှ ပြန်လည်ကူးယူဖော်ပြ၍ ဓမ္မဒါန ပြုပါသည်)

ဗြိတိသျှခေတ် (၅)


၁၂၉၄ ခုနှစ်တွင်ကား ခွဲရေးတွဲရေးကို အခြေပြု၍ ဒိုင်အာခီ ဥပဒေပြု၍ မင်းတိုင်ပင် အမတ်ရွေးပွဲကို တစ်နိုင်ငံလုံးတွင် ကျင်းပလေသည်။ မြန်မာခေါင်းဆောင်များမှာ ၀ါဒတူသူချင်း အသင်းအဖွဲ့စုစည်း၍ အချင်းချင်း အပြိုင်အဆိုင် အရွေးခံကြလေသည်။ ရွေးကောက်ပွဲမှာ ကျင်းပမြဲ ရွေးကောက်ပွဲ ဖြစ်သော်လည်း အမတ်လောင်းများက ခွဲရေးတွဲရေးကို အခြေခံ၍ မဲဆွယ်ကြလေသည်။ ရွေးကောက်ပွဲပြီးသောအခါ တွဲရေးအမတ်ဦးရေက များလေသည်။ ခွဲရေးခေါင်းဆောင် ဦးဘဖေက ရွေးကောက်ပွဲ မသန့်ရှင်းပုံကို အိန္ဒိယနိုင်ငံ အတွင်းဝန်ထံသို့ စာတင်လေသည်။ ၁၂၉၅ ခုနှစ် လွှတ်တော်အထိ ခွဲရေးတွဲရေးကို လွှတ်တော်၌ ဆုံးဖြတ်၍ မရခဲ့ချေ။ ဘိလပ်လွှတ်တော်မှ ကော်မတီဖွဲ့၍ စိစစ်ကာ ခွဲရေးကို ဆုံးဖြတ်ခဲ့သဖြင့် ၁၂၉၇ ခုနှစ် မြန်မာနိုင်ငံ ဥပဒေသစ် ပေါ်ပေါက်ခဲ့ရလေသည်။

ထိုအချိန်တွင် အမျိုးသားစိတ်ထက်သန်သော တက္ကသိုလ်ကျောင်းသားနှင့် ခေတ်ပညာတတ် လူငယ်များသည် လူကြီးများ၏ အကွဲကွဲအပြားပြား ဖြစ်နေသော နိုင်ငံရေးသံသရာ၊ ကိုယ်ကျိုးအခွင့်အရေးငဲ့မှုများနှင့် နှေးကွေးသော တိုက်နည်းတိုက်ဟန်များကို အားမရသောကြောင့် လွတ်လပ်ရေးအတွက် ပိုမိုထိရောက်စွာ ဆောင်ရွက်ရန် သခင်အဖွဲ့ တို့ဗမာအစည်းအရုံးကို စတင်ထူထောင်ကြလေသည်။ ကမ္ဘာ့တော်လှန်ရေး အတွေ့အကြုံဆိုင်ရာ စာအုပ်စာတမ်းများကိုလည်း လေ့လာဖတ်ရှု လာကြလေသည်။

၁၂၉၉ (၁၉၃၇ ခုနှစ်၊ ဧပြီလ ၁ ရက်) တွင်ကား မြန်မာနိုင်ငံကို အိန္ဒိယနိုင်ငံမှ ခွဲထုတ်ကာ ၉၁ ဌာန အုပ်ချုပ်ရေးသစ်ကို စတင်လိုက်လေသည်။ နိုင်ငံကို ၉၈ ဌာန အုပ်ချုပ်ကာ အရေးပါလာသော ၇ ဌာနကို အင်္ဂလိပ်အစိုးရက ထိန်းကိုင်၍ ၉၁ ဌာနကိုမူ ရွေးကောက်တင်မြှောက်သော အမတ်တို့က ဆောင်ရွက်ခွင့်ရလေသည်။ ထိုအုပ်ချုပ်ရေးစနစ်အရ အောက်လွှတ်တော်တွင် ရွေးကောက်တင်မြှောက်သော အမတ် ၁၃၂ ဦး ပါရှိ၍ အထက်လွှတ်တော်တွင် ထို ၁၃၂ ဦးအနက်မှ တင်မြှောက်သော အမတ် ၁၈ ဦးနှင့် ဘုရင်ခံခန့်အမတ် ၁၈ ဦး ပါဝင်လေသည်။ အစိုးရအဖွဲ့ဝင်ဝန်ကြီး ၁၀ ဦးကိုမူ အင်အားများသော အဖွဲ့ခေါင်းဆောင်နှင့် တိုင်ပင်၍ ဘုရင်ခံက ခန့်ထားရလေသည်။

၉၁ ဌာန အုပ်ချုပ်ရေးမှာ အမြင်တွင် ပြည်သူ့ကိုယ်စားလှယ်များ အုပ်ချုပ်ခွင့်ရသည်ဆိုသော်လည်း အချက်အချာအားဖြင့် အင်္ဂလိပ်အလိုတော်ရိများနှင့် အင်္ဂလိပ်ဘုရင်ခံက ထိန်းကိုင်ထား၍ ၎င်းတို့ကို လွန်ဆန်ရန် မဖြစ်နိုင်ခဲ့ပေ။ အမတ်များမှာ လူမျိုးအလိုက် အစုကွဲ၍ ပါတီအသီးသီးအလိုက်လည်း ကွဲလေသည်။ ပါတီများ မိမိတို့ နောက်ခံအင်အားအတွက် အပျော်တမ်းတပ်များ ဖွဲ့ကြရာ ဓားမပါတီတွင် ဓားမတပ်၊ သခင်ပါတီတွင် လက်ရုံးတပ်၊ မျိုးချစ်ပါတီတွင် ဂဠုန်တပ်များ ပေါ်ပေါက်ခဲ့လေသည်။

ရွေးကောက်ပွဲတွင် လူနည်းစုများ၏ အင်အားကို စည်းရုံးနိုင်သော ဒေါက်တာဘမော်သည် မိမိအဖွဲ့တွင် ၁၆ နေရာမျှသာ အမတ်အရွေးခံရပါလျက် အစိုးရအဖွဲ့ကို ခေါင်းဆောင်ဖွဲ့စည်းနိုင်ခဲ့လေသည်။ ပြည်သူတို့ဘက်တွင်ကား လူမှုအကျပ်အတည်းများမှ ရုန်းကန်နေရဆဲပင်ဖြစ်၍ ဘ၀လှုပ်ရှားမှုတွင် ကြိုးပမ်းနေကြရလေသည်။ မိမိတို့ အခွင့်အရေးအတွက် တသီးတခြားစီ အရေးဆိုနေကြခြင်းများလည်း ရှိလေသည်။

ထိုအချိန်တွင် ရေနံမြေ အလုပ်သမားတို့မှာ အနှစ်နှစ်အလလ ခေါင်းပုံဖြတ်မှုကို မခံမရပ်နိုင်တော့သဖြင့် အင်္ဂလိပ်အစိုးရ၏ အတားအဆီးကြားမှ သပိတ်မှောက်ကာ ရန်ကုန်မြို့သို့ ချီတက်လာနိုင်ခဲ့ကြလေသည်။ သာယာဝတီနယ်၊ ပဲခူးနယ်တို့မှ လယ်သမားများမှာလည်း ဆင်းရဲဒုက္ခကို မခံနိုင်သဖြင့် အငတ်တပ်ကြီးဖွဲ့ကာ ရန်ကုန်မြို့သို့ ချီတက်လာခဲ့ကြလေသည်။

ဒုတိယအကောင်းဆုံးလောကနှင့် ရွေးကောက်ပွဲသဘာဝ - မောင်စူးစမ်း


သူ့အရပ်နှင့်သူ့ဇာတ်
ပြဋ္ဌာန်းထားသော ကျမ်းကြီးခိုင်တို့တွင် အခြေခံမူတွေ၊ အခြေခံစံတို့ကို စိတ်ကူးယဉ်ပြီး ချမှတ်ထားကြသည်။ ဤအခြေခံမူ၊ ဤအခြေခံစံတို့အတိုင်း လက်တွေ့ဆန်လွန်းလျှင် ဤသို့ ဖြစ်ထွန်းသောလောကကို ပထမတန်းစား အကောင်းဆုံးလောက (The First Best World)ဟု ခေါ်ဆိုရမည်။ သို့သော် လောကတွင် စိတ်ကူးယဉ်ထားသည့် စံတွေ၊ မူတွေ တကယ်ဖြစ်တည်ကြသည် မဟုတ်ပေ။ ကျမ်းဂန်လာစံတွေအတိုင်း မူတွေအတိုင်း မဟုတ်ဘဲဖြစ်နေသော လောကကို ဒုတိယအကောင်းဆုံးလောက (The Second Best World)ဟု ပညာရှင်တို့က သတ်မှတ်လာကြသည်။ စီးပွားရေးအကျပ်အတည်းသည် ပထမတန်းစား အကောင်းဆုံးလောကကို ဖျက်ဆီးသည်ဟု ထွက်သည်။

သို့ဖြင့် မည်သည့်အကြောင်း ဆွေးနွေးဆွေးနွေး ယခု ဒုတိယအကောင်းဆုံးလောကကို မျှော်ကိုး၍ ဆွေးနွေးသည်။ ပထမအကောင်းဆုံးလောကကို စံထား၍ စဉ်းစားခြင်းမျိုးသည် စိတ်ကူးယဉ်လွန်းလှသည်။ လက်တွေ့မကျ ယူတိုပီးယားဆန်သည်။ ထို့ကြောင့် ကျင်းပမည့် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲကိုကြည့်လျှင် ဒုတိယအကောင်းဆုံးလောက ပုံစံဖြင့် မြင်အပ်သည်။ ဤဒုတိယအကောင်းဆုံးလောကသည် တစ်ပုံစံတည်း မရှိပေ။ နိုင်ငံအလိုက် သူ့ပုံစံနှင့်သူ ဖြစ်သည်။ ထို့ကြောင့် ဒုတိယအကောင်းဆုံးလောကသည် သူ့အရပ်နှင့်သူ့ဇာတ် Local Narratives တို့သာဖြစ်မည်။

အာဏာရ
၂၀၁၀ ၌ လွှတ်တော်များ ရွေးကောက်ပွဲ ကျင်းပပြုလုပ်မည်ဟု ရက်ချိန်းသာရထားသည်။ ရွေးကောက်ပွဲဆိုင်ရာ အနေဖြင့် စည်းမျဉ်းများ ပြဋ္ဌာန်းကြေညာခြင်းများ မရှိသေးပေ။ ထို့ကြောင့် နိုင်ငံရေးသမားနှင့် နိုင်ငံရေးပါတီတို့အကြောင်း ကြိုတင်ဝေဖန် သုံးသပ်ပြခြင်းသည် နွားရှေ့ထွန်ကျူးသလို ဖြစ်နေမလားဟု သံသယပွားမိသည်။ မပေါ်ပေါက်သေးသော နိုင်ငံရေးပါတီနှင့် နိုင်ငံရေးသမားတို့အပေါ် ဝေဖန်ခြင်းသည် တရားမျှတရာ ရောက်၊ မရောက် တွက်ဆစရာဖြစ်သည်။

ထို့ကြောင့် ဤအကြောင်းကို ခေတ္တခေါက်ထားပြီး ရွေးကောက်ပွဲနှင့် ပတ်သက်သော ရှုခင်းမြင်ကွင်းကိုလည်းကောင်း၊ ရွေးကောက်ပွဲ၏ သဘာဝကိုလည်းကောင်း၊ ထုဆစ်ကြည့်လိုသည်။ နိုင်ငံအသီးသီး၌ ရွေးကောက်ပွဲများလည်း ကျင်းပပြုလုပ်ကြသည်။ မြန်မာနိုင်ငံအတွက် သင်ခန်းစာယူ လေ့လာစရာကောင်းသည့် အိန္ဒိယနိုင်ငံ အထွေထွေရွေးကောက်ပွဲနှင့် အင်ဒိုနီးရှားလွှတ်တော် ရွေးကောက်ပွဲတို့ကို ရှုမြင်၍ နိုင်ငံရေးသဘာဝတစ်ခုကို ရှာဖွေမိသည်။

ဤသဘာဝမှာ ရွေးကောက်ပွဲပြုလုပ်လျှင် Incumbent လက်ရှိအာဏာရပါတီနှင့် အတိုက်အခံတို့ဆိုပြီး ဒွန်တွဲပေါ်သောအချက် ဖြစ်သည်။ Incumbent သည် အဘိဓာန်အနက်၌ တာဝန် သို့မဟုတ် ရာထူးထမ်းဆောင်ဆဲဟု အဓိပ္ပါယ်ထွက်၍ နိုင်ငံရေးအဘိဓာန်မူ အာဏာရပါတီဟု အဓိပ္ပါယ်ထွက်သည်။

ရှဲဒိုး နှင့် ဒြပ်
လာမည့် ၂၀၁၀ ပြည့် ရွေးကောက်ပွဲတွင် ရွေးကောက်ပွဲ၏ သဘာဝအတိုင်း အာဏာရပါတီနှင့် အတိုက်အခံပါတီတို့ခန့်ပြီး သတ်သတ်မှတ်မှတ် စည်းခြား၍ ပေါ်မည်၊ မပေါ်မည်ကို မခန့်မှန်းနိုင်သေးကာ အာဏာအဖွဲ့အစည်း Incumbention က မည်သည့် ပုံသဏ္ဌာန်ဖြင့်ပေါ်မည်ကို မသိနိုင်သေးပေ။ နိုင်ငံရေးစည်း ပြတ်ပြတ်သားသား မပေါ်သေးခြင်း ဖြစ်တန်ရာသည်။

ရွေးကောက်ပွဲဝင်မည့် လက်ရှိအာဏာရအဖွဲ့အစည်းဟူ၍ နိုင်ငံရေးအဖွဲ့အစည်းသဏ္ဌာန် မပေါ်ပေါက်သေးစေကာမူ လက်ရှိအာဏာရအဖွဲ့အစည်း၏ ဆောင်ရွက်ကြိုးပမ်းမှု ရုပ်သဏ္ဌာန်တို့အား ထင်ထင်ရှားရှားပေါ်နေရာ ဤဆောင်ရွက်ကြိုးပမ်းမှုတို့သည်ပင် အာဏာရအရိပ် Shadow of Incumbent ဖြစ်မည်။ အိန္ဒိယအထွေထွေ ရွေးကောက်ပွဲ၌ ကွန်ဂရက်အဖွဲ့ကို အာဏာရအဖွဲ့အဖြစ် သတ်မှတ်ရာ ဘီဂျေပီပါတီကိုမူ အတိုက်အခံအဖြစ် သတ်မှတ်သည်။ မြန်မာနိုင်ငံ၌ ရွေးကောက်ပွဲနှင့် ပါတီများ ဖွဲ့စည်းရေးဥပဒေများ ပြဋ္ဌာန်းပေါ်ပေါက်ပြီးသောအခါကျမှသာ အာဏာရပါတီ Incumbent ဆိုသောအဖွဲ့ ပေါ်လာစရာရှိသည်။ အာဏာရပါတီမရှိသော ရွေးကောက်ပွဲမျိုး ပေါ်နိုင်၊ မပေါ်နိုင်ကိုလည်း ထည့်ပြောစရာရှိသည်။ ဤအချက်က လက်ရှိအာဏာရအဖွဲ့နှင့် ခေါင်းဆောင်သူတို့အပေါ် မူတည်သည်။ သို့မဟုတ်လည်း ရွေးချယ်မခံဘဲ သတ်မှတ်ရရှိထားသော "လွှတ်တော်တွင်းအချိုး" ကိုပင် အာဏာရဒြပ်အဖြစ် ယူဆမည်ဟုဆိုလျှင် ယူဆနိုင်သည်။

ပုဂ္ဂိုလ်မျက်နှာစာ
ရွေးကောက်ပွဲတို့မည်သည် ခေါင်းဆောင်မှုအကြောင်း ဖြစ်သည်။ ခေါင်းဆောင်တို့အကြောင်း ဖြစ်သည်။ ယေဘုယျပြုပြောလျှင် ရွေးကောက်ပွဲတွင် ပုဂ္ဂိုလ် Personality တို့၏ မျက်နှာစာက အတော်အတန် နေရာယူသည်။ ထို့ကြောင့် လာမည့် ၂၀၁၀ ပြည့်နှစ် လွှတ်တော်များ ရွေးကောက်ပွဲတွင် ပုဂ္ဂိုလ်တို့၏ ကဏ္ဍက ဘယ်လောက်အထိ အရေးပါမလဲဟု တိုင်းဆကြည့်စရာ ရှိသည်။ ပုဂ္ဂိုလ်တို့၏ အခန်းကဏ္ဍဆိုရာ၌ စစ်ဘက်အရပ်ဘက် နှစ်ဖက်စလုံး အကျုံးဝင်သည်။ သီအိုရီအရပြောလျှင် ရွေးကောက်ပွဲတွင် ပေါ်လစီနှင့် လုပ်ငန်းစဉ်တို့က အခရာကျသင့်သည်။ လူပုဂ္ဂိုလ်က အခရာ မကျသင့်။

သို့ရာတွင် အိန္ဒိယနှင့် အင်ဒိုနီးရှား ရွေးကောက်ပွဲတို့တွင် ပုဂ္ဂိုလ်ယှဉ်ပြိုင်ပွဲ Personality Contest အတော်အတန် လွှမ်းမိုးသည်။ ဤပုဂ္ဂိုလ်ယှဉ်ပြိုင်ပွဲသည် အာဏာရပါတီ၏ လုပ်ရည်ကိုင်ရည်နှင့် မြင်သာသော အောင်မြင်မှုတို့ကို မထိုးဖောက်နိုင်ပေ။ မဲဆန္ဒရှင်တို့သည် မည်သည့်ပါတီက တိုင်းပြည်အတွက် အကောင်းဆုံး ဆောင်ရွက်ပေးနိုင်သနည်းဟုဆိုသော အချက်ကို မြင်နိုင်စွမ်းရှိကြသည်။ မြန်မာနိုင်ငံတွင်မူ အာဏာရအဖွဲ့အစည်း၏ အောင်မြင်မှုကိုသာ မြင်နိုင်သည်။ နိုင်ငံရေးပါတီတို့၏ အရည်အချင်းနှင့် စွမ်းရည်တို့ကိုမူ ရွေးကောက်ပွဲပြီးမှ မြင်နိုင်စွမ်းရှိမည်။ ပါရာဒိုင်းအသစ်၊ ပလေယာအသစ်တို့ ဖြစ်မည်ဖြစ်၍ မြင်ကွင်းရှုခင်းတို့သည်လည်း အသစ်အဆန်း ဖြစ်မည်။

ရန်ကုန်တိုင်းမ်ဂျာနယ်
အတွဲ (၅) အမှတ် (၂၀)

Myanmar is….


မြန်မာသည် မြန်မာအတွက် ဖြစ်ရမည်၊
မြန်မာသည် မြန်မာယောင်ဆောင်ထားသော တိုင်းတစ်ပါး အလိုတော်ရိ မဖြစ်စေရ၊
မြန်မာသည် မြန်မာယောင်ဆောင်ထားသော တိုင်းတစ်ပါး လက်ကိုင်တုတ် မဖြစ်စေရ။

(နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန် ဗန်းမော်မြို့ မြို့တော်ခန်းမ၌ ပြောကြားခဲ့သော အမှာစကားမှ ကောက်နုတ်ချက်)

မြန်မာ့အလင်းသတင်းစာ
၂၀၁၀ ခုနှစ်၊ ဖေဖော်ဝါရီ ၂၄ ရက်၊ ဗုဒ္ဓဟူးနေ့။
စာမျက်နှာ-၉

***********
မနေ့က သတင်းစာဖတ်ရင်းနဲ့ စိတ်ဝင်စားမိတာလေးပါ။ ဖတ်တဲ့လူအပေါ်မူတည်ပြီး အတွေးတွေ မတူညီဘဲ ကွာခြားနိုင်တာမို့ ဘာကြောင့်ကြိုက်တယ်၊ ဘာတွေတွေးမိတယ်ဆိုတာကို ကျွန်တော်က ရေခင်းမပြတော့ပါဘူး။ စာဖတ်သူကိုယ်တိုင်ပဲ တွေးကြည့်စေချင်ပါတယ်။ ကျွန်တော့်အတွက်တော့ အတော်လေးကို အတွေးတွေပေးခဲ့တဲ့ စာသားလေးတွေပါ။

နိုင်ငံရေးအဆိုအမိန့်များ - မောင်ဝံသ


Don't be afraid to take a big step when one is indicated. You can't cross a chasm in two small steps.

- David Loyd George
ခြေလှမ်းအကျယ်ကြီးလှမ်းမှ ဖြစ်မယ့်နေရာမှာ ခြေလှမ်းအကျယ်ကြီးလှမ်းဖို့ မကြောက်ပါနဲ့။ ချောက်အနက်ကြီးကို ခြေလှမ်းအသေးလေးနှစ်လှမ်းနဲ့ ဖြတ်သန်းလို့မရနိုင်။
- ဒေးဗစ်လွိုက်ဂျော့

The two real political parties in America are the Winners and the Losers. The people don't acknowledge this. They claim membership in two imaginary parties, the Republicans and the Democrats, instead.
- Kurt Vonnegut, Jr. quotes (American Writer, b.1922)
အမေရိကမှာ တကယ်ရှိတဲ့ နိုင်ငံရေးပါတီနှစ်ခုက နိုင်သူများပါတီနဲ့ ရှုံးသူများပါတီတဲ့။ လူတွေက ဒါကိုမသိကြဘူး။ သူတို့က ရီပက်ဘလေကန်နဲ့ ဒီမိုကရက်တစ်ဆိုတဲ့ စိတ်ကူးနဲ့တည်ဆောက်ထားတဲ့ ပါတီနှစ်ခုမှာ အဖွဲ့ဝင်သွားလုပ်နေကြတယ်။
- ကွတ်ဗွန်နီဂတ်ဂျူနီယာ

The quality of leadership, more than any other single factor, determines the success or failure of an organization.
- Fred  Fiedler & Martin Chemers
Improving Leadership Effectiveness
တခြားအကြောင်း တစ်ခုချင်းထက် ခေါင်းဆောင်မှုအရည်အသွေးက အဖွဲ့အစည်းတစ်ခုရဲ့ အောင်မြင်ခြင်းနဲ့ ရှုံးနိမ့်ခြင်းကို အဆုံးအဖြတ်ပေးတယ်။
- ဖရက်ဖိဒလာ နှင့် မာတင်ချင်မား

A friend of mine characterizes leaders simply like this: "Leaders don't inflict pain. They bear pain."
- Max Depree
ကျွန်တော့်မိတ်ဆွေတစ်ယောက်က ခေါင်းဆောင်တွေကို အခုလို ရိုးရိုးလေးသရုပ်ခွဲတယ်။ "ခေါင်းဆောင်တွေဟာ နာကျင်မှုကို ခံစားမနေဘူး။ နာကျင်မှုကို ကြံ့ကြံ့ခံတယ်"
- မက်ဒီပရီး

Whoever is careless with the truth in small matters cannot be trusted with the important matters.
- Albert Einstein
အသေးအဖွဲကိစ္စလေးတွေမှာတောင် မှန်မှန်ကန်ကန်မလုပ်သူကို အရေးကြီးတဲ့ကိစ္စတွေမှာ ယုံကြည်လို့ မရနိုင်ဘူး။
- အဲလ်ဘတ်အိုင်းစတိုင်း

I used to think that running an organization was equivalent to conducting a symphony orchestra. But I don't think that's quite it; it's more like jazz. There is more improvisation.
- Warren Bennis
အဖွဲ့အစည်းတစ်ခုခုကို ဦးဆောင်ရတာ ဆင်ဖိုနီသံစုံတီးဝိုင်းကြီးတစ်ခုကို အချက်ပြရသလိုနဲ့ တူလိမ့်မယ်လို့ ကျွန်တော် ထင်မြင်ခဲ့ဖူးတယ်။ ဒါပေမယ့် တကယ်က အဲသလိုမဟုတ်ဘူး။ ဂျပ်ဇ်တီးဝိုင်းနဲ့ ပိုတူတယ်။ ကြုံသလို ရရာနဲ့ တီးခတ်နေကြတာက ပိုများတယ်။
- ၀ါရင်းဘဲနက်

7Day News Journal
အတွဲ (၈) အမှတ် (၅၀)
Thursday, February 25, 2010
စာမျက်နှာ-၂၄

Myanmar bye AFC Challenge Cup 2010 Final


အကြိုဗိုလ်လုပွဲစဉ်များရလဒ်
၁။ တာဂျစ်ကစ္စတန် [ ၀ - ၂ ] တာမင်နစ္စတန်
၂။ မြောက်ကိုရီးယား [ ၅ - ၀ ] မြန်မာ

တတိယလုပွဲ (၂၇-၂-၂၀၁၀)
မြန်မာ - တာဂျစ်ကစ္စတန်
(အုပ်စုတွင်းရလဒ် တာဂျစ် ၃ - ၀ မြန်မာ)

ဗိုလ်လုပွဲ (၂၇-၂-၂၀၁၀)
မြောက်ကိုရီးယား - တာမင်နစ္စတန်
(အုပ်စုတွင်းရလဒ် မ/ကိုရီးယား ၁ - ၁ တာမင်)

အခြားမြန်မာတွေနည်းတူ ကျွန်တော်လည်း မျှော်လင့်တကြီးနဲ့ အားပေးခဲ့ရတဲ့ မြန်မာအသင်း အခုတော့ မြောက်ကိုရီးယားကို အရှက်တကွဲ ရှုံးနိမ့်သွားရပါပြီ။ ဒါပေမယ့် ကျွန်တော် ဂုဏ်ယူကျေနပ်ပါတယ်။ ၀င်မပြိုင်ဘဲ ၀င်ခွင့်မရခဲ့တာထက် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီးမှ အရေးနိမ့်ခဲ့ရတာက အများကြီး ပိုအဓိပ္ပါယ်ရှိပါတယ်။ ကိုယ့်ပြည်တွင်းမှာပဲ မြန်မာနေရှင်နယ်လိဂ်ကို ပရိသတ်တွေ သည်းသည်းလှုပ် အားပေးနေတာကို ကျေနပ်နေရာက ဘာတွေလုပ်သင့်တယ်၊ အခြားအသင်းတွေ ဘယ်လောက်ကွာသွားပြီလဲဆိုတာ သိခွင့်ရခဲ့တဲ့ ပွဲစဉ်တွေဖြစ်ခဲ့လို့ပါ။ အနိုင်မရခဲ့လို့ ၀မ်းနည်းစိတ်မကောင်းဖြစ်ရပေမယ့် မြန်မာအသင်းပေါ် မအောင်မြင်ရလေခြင်းဆိုပြီး အပြစ်မမြင်မိဘူးဆိုတာတော့ ပြောလိုပါတယ်။ တကယ်လည်း အပြစ်မမြင်ပါဘူး။ ကိုယ့်မြန်မာအသင်းမို့ နိုင်စေချင်တဲ့ စိတ်ကြောင့်သာ လောဘတွေ ကြီးနေခဲ့ရတာပါ။ ကမ္ဘာ့ဖလားဝင်ခွင့်ရထားတဲ့ အသင်းတစ်သင်းကို မြန်မာအသင်းက မနိုင်သင့်ဘူးဆိုတာကို ကျွန်တော်တို့ လက်ခံရပါမယ်။ ဘောလုံးမှာ အားလုံးဖြစ်နိုင်တယ်ဆိုပေမယ့် မတန်တာကိုတော့ အတင်းကာရော မမှန်းသင့်ဘူးထင်တာပါပဲ။ မဖြစ်သင့်မှန်းသိရဲ့နဲ့ မျှော်မှန်းထားမိရင် ကိုယ်တွေပဲ စိတ်ဆင်းရဲရမှာပါ။ ဖိလစ်ပိုင်ကို၊ ကမ္ဘောဒီးယားကို မြန်မာအသင်းရှုံးရင် ကျွန်တော်တို့အားလုံး ပေါက်ကွဲမိမှာပါပဲ။ ဆဲဆိုမိမှာပါပဲ။ ကိုယ့်ထက်အစစအရာရာ နိမ့်ကျနေတဲ့ အသင်းတွေကို မနိုင်ရလေခြင်းဆိုပြီးတော့ပေါ့။ အဲဒီလိုပဲ မြောက်ကိုရီးယားအသင်းကလည်း မြန်မာလိုအသင်းကို မနိုင်ရင် သူတို့အတွက် အမည်းစက်ဖြစ်စေမယ့် ကိစ္စမျိုး လုပ်မယ်မထင်ပါဘူး။ တရားမျှတပါတယ်။ ငါးဂိုး-ဂိုးမရှိ ဆိုတဲ့ရလဒ်ကို ကျွန်တော်ကျေနပ်ပါတယ်။ ဖြစ်လည်းဖြစ်သင့်ပါတယ်။ စာဖတ်သူအားလုံးနဲ့ ကျွန်တော် အမြင်တူချင်မှ တူပါလိမ့်မယ်။ အမြင်မတူသူတွေကိုလည်း ဇွတ်အတင်း လက်ခံပါလို့ မပြောလိုပါဘူး။ လူတိုင်းလူတိုင်းမှာ ကိုယ့်အမြင်နဲ့ကိုယ် ရှိကြမှာပါပဲလေ။

တတိယလုပွဲကိုလည်း မြန်မာဆိုတဲ့စိတ်ကြောင့်သာ နိုင်စေချင်ပေမယ့် နိုင်ဖို့မလွယ်တာတော့ အမှန်ပါပဲ။ မြောက်ကိုရီးယားကို ရှုံးထားတဲ့စိတ်ဟာ မြန်မာတွေကို နှိပ်စက်ဦးမှာ အသေအချာပါပဲ။ ဖြစ်စေချင်တာကတော့ တတိယလုပွဲမှာ ခေါ်သွားတဲ့ အရန်ကစားသမားတွေ (လူငယ်တွေကိုပေါ့) အားလုံးကို ၀င်ကစားစေချင်တာပါ။ သူတို့တွေအတွက် အတွေ့အကြုံ အမြတ်တွေ ရစေချင်တာပါ။ မြန်မာပရိသတ်တွေအတွက် ရေကုန်ရေခန်း တတိယနေရာရအောင် ကြိုးစားဦးမဟဲ့ဆိုရင်လည်း နားလည်ပါတယ်။ ပြောသာပြောနေရပေမယ့် ကိုယ့်မြန်မာအသင်း တတိယဆုရပြီး ပြန်လာတာကိုတော့ အခြားမြန်မာအားလုံးနည်းတူ မြင်ချင်တယ်ဆိုတာကိုတော့ ၀န်ခံပါတယ်။ ကျွန်တော်လည်း မြန်မာတစ်ဦးပေကိုး။

အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၂၅ ရက်၊ ကြာသပတေးနေ့။
နေ့လည် ၂ နာရီ ၀၅ မိနစ်တွင်ပြီး၏။

Wednesday, February 24, 2010

လမ်းပေါ်က လူတို့အတွက် ကိုရင်တာ နှစ်ပါးသွား - ကိုတာ


ဒီမိုကရေစီတဲ့လား၊ အဲဒါဘာတုန်း
ဟဲဟဲ… ဆရာကြီးတွေ ဒါမျိုးတွေ ရေးကြတာနဲ့ ကျွန်တော်လည်း ရေးမလို့ကြံတာပဲ။

ကျွန်တော့်ဟာကျွန်တော် ကလေးတွေနဲ့နေတယ်။ အောက်ခြေက လူတွေနဲ့လည်း ဝေလေလေလုပ်ပြီးနေတယ်။ ဒါပေမယ့် တစ်နေ့မှာ ကျွန်တော့်ကို အထင်ကြီးပုံရတဲ့ ကောင်လေးတစ်စုက အထက်ကမေးခွန်း မေးလာတယ်။ တလောကလည်း မန္တလေးသွားတုန်း ဆွမ်းကျွေးတစ်ခုမှာ တောပြန်တစ်ယောက်က ခင်ဗျားဟာ ဒီနေရာမှာကျတော့ ငြိမ်လှချည်လားတဲ့။ သူက ကျွန်တော့်ကို ကျွန်တော်တို့မုံရွာသား ဆရာ ကိုကျော်ဝင်း အဲ ဆရာကြီး ကိုကျော်ဝင်း။ သူ့လို ထင်ပုံရတယ်။ ဟာ… ကိုကျော်ဝင်းက ဆရာကြီး၊ အယူဝါဒရေးရာတွေမှာ နှံ့စပ်တဲ့သူ၊ ဒါမျိုးတွေမှာ ကျော်တဲ့သူ၊ ကျုပ်နဲ့ လားလားမှ မနှိုင်းပါနဲ့။ သူ သနသွားပါ့မယ်လို့ အဲသလို ပြောရတယ်။ ကျုပ်က အီလစ်ပဲ ဟဲဟဲ။ တချို့သူတွေက အဲသလို ပြောကြတာကိုး။

အမေက မောင်တာရယ် မင်းဟာက တောင်ရောက်မြောက်ရောက်ကိုးလို့၊ ဒါကြောင့်ပြောတာ နေမှာပါ။ ကျွန်တော်က ဒီမိုကရေစီတို့၊ ငြိမ်းချမ်းရေးတို့မှာ ဆရာကြီး ဂျိုဟန်ဂါလ်တန် (Johan Galtung) နဲ့ နှစ်ပါးသွားမယ့်ဟာကို ချော်တောငေါ့နေတယ်။

ဒီမိုကရေစီကို ကိုယ်တွေ့အရ ဘာမှမသိတဲ့ ကျွန်တော့်အနေနဲ့ စာပဲဖတ်ရတာပဲ။ ၆၂ ခုနှစ် ဦးနေ၀င်း အာဏာသိမ်းတော့ ကျွန်တော်က ၁၀ နှစ်သားပဲ ရှိသေးတယ်။ ဘာကိုယ်တွေ့မှ မရှိဘူး။ ၇ နှစ် ၈ နှစ်သားတုန်းက သန့်ရှင်းတည်မြဲ ပမညတတွေ ရွေးကောက်ပွဲလုပ်တော့ ကားစီးရတာပဲ မှတ်မိတယ်။ ဗမာ့ခေါင်းဆောင်ကြီး ဦးနု၊ ဦးနုနိုင်ရမည် သီချင်းကို မှတ်မိနေတယ်။ ပမညတဆိုတာ ပေါင်မုန့်ညာတုတ်ပေါ့လို့ မှတ်မိတယ်။ ကျုပ်တို့ရွာက သခင်ဗထွေးကြီးရဲ့ မဲဆွယ်တရားပွဲကို ရွာလယ်ကုန်းကြီးပေါ်မှာ သွားနားထောင်ရတာကို မှတ်မိတယ်။ သူ့ကို မဲပေးကြပါ။ သူက တခြားသူမှ မဟုတ်ဘဲ။ သူ့ကို မဲပေးလို့ သူအမတ်ဖြစ်ရင် ဘာမယ်ညာမယ် ပြောတယ်။ ကျွန်တော့်အဖေက ပမညတထင်တယ်။ ရွာသစ်က ဘကြီး ဦးဘကြွယ်က ဖဆပလတည်မြဲ။ ခုထိ မှတ်မိတာက ကားကြီးတွေနဲ့ တခြားရွာတွေက ရွာသားတွေကို မဲထည့်ဖို့သွားခေါ်တော့ ကလေးပီပီ ကားလျှောက်စီးရတာကိုပဲ။ အဲဒီတုန်းက ကျွန်တော်တို့ ချောင်ချောင်လည်လည် ရှိတာကိုတော့လည်း မှတ်မိတယ်။ ဒီမိုကရေစီနဲ့ပတ်သက်လို့ ကျွန်တော်မှတ်မိတာ ဒါအကုန်ပဲ။

ဂါလ်တန်ဆိုသူကတော့ Transcend ဆိုတဲ့ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးရေးအဖွဲ့ထောင်တဲ့ ပုဂ္ဂိုလ်ကြီးပဲ။ အဲဒီနာမည်နဲ့ တက္ကသိုလ်တစ်ခု ရှိတယ်။ သူက အဲဒီ ငြိမ်းချမ်းရေးတက္ကသိုလ်က ပါမောက္ခချုပ်ပဲ။

ဒီနှစ်ပါးသွားက ကျွန်တော့်လိုပဲ ဒီမိုကရေစီကို နားမလည်နိုင်တဲ့ လမ်းပေါ်ကလူတွေအတွက် ရည်ညွှန်းတာ။ ဒီမိုကရေစီ ကကြီး၊ ခခွေးပေါ့ဗျာ။

တာ။ ဆရာကြီးခင်ဗျား ကျွန်တော်တို့တိုင်းပြည်မှာ ရွေးကောက်ပွဲ လုပ်ကြပါတော့မယ်။ ပြီးတော့ ဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်မယ်လို့ ဟောကြပါတယ်။ တဆိတ် ဒီမိုကရေစီအကြောင်း ရှင်းပြပါဦး ဆရာကြီး။

ဂါလ်တန်။ ဒီမိုကရေစီဆိုတာက ခပ်ရှုပ်ရှုပ်ပဲ။ လူဆိုတာကိုက ရှုပ်ရှုပ်ထွေးထွေးရှိတာကြောင့်ပဲ။ လူမှာ လူ့ရဲ့ အခြေခံလိုအပ်ချက်တွေ၊ ဓလေ့ထုံးစံတွေ၊ အဖွဲ့အစည်း အဆောက်အအုံတွေ ရှိတယ်။ အဲဒါတွေက ရှုပ်ရခြင်းအကြောင်းပဲ။ နှစ်ပိုင်းပြောရမယ်။ တစ်ပိုင်းက သီအိုရီ၊ နောက်တစ်ပိုင်းက လက်တွေ့။

တာ။ သီအိုရီကို အရင်လင်းပါ ဆရာကြီးခင်ဗျား။

ဂါလ်တန်။ သီအိုရီကိုမစမီ ပထမဆုံး ပြောချင်တာလေး ရှိတယ်။ ဒါက အရေးကြီးလို့ပါ။ အဲဒါကတော့ ဒီမိုကရေစီကို ရွေးကောက်ပွဲလုပ်ခြင်း (၀ါ) ဂဏန်းတွက်ခြင်း arithmetic electionism အတူတူပါပဲလို့ မတွက်ဖို့ပဲ။ အဲ.. ဒါပေမယ့် လွတ်လပ်ပြီး တရားတဲ့ ရွေးကောက်ပွဲကို အမနာပ မပြောသင့်ဘူးလို့လည်း သိဖို့ပဲ။ ခင်ဗျားတို့ စဉ်းစားစရာတစ်ခု ပြောပါရစေ။ ၁၉၉၀ ကနေ ၂၀၀၄ အတွင်း တရုတ်သန်း ၄၀၀ ဆင်းရဲတွင်းက လွတ်တယ်။ တရုတ်ပြည်သူလူထုဟာ အလုပ်လုပ်ရတယ်။ ရုန်းကန်ရတယ်။ သူတို့လိုချင်တာကို ရွေးကောက်ပွဲတွေမရှိဘဲ ရတယ်လို့ ပြောချင်တယ်။ အဲဒီအချိန်မှာပဲ ကိုလံဘီယာမှာ ရွေးကောက်ပွဲလုပ်တယ်။ အဲဒီတိုင်းပြည်ရဲ့ ၆၀ ရာခိုင်နှုန်းသော ပြည်သူလူထုဟာ ဘာမှမဟုတ်ဘူးလို့ ပြောရမလား။ ဒါမှမဟုတ် ရွေးကောက်ပွဲ ပြီးတဲ့နောက် ရွေးကောက်ခြင်းက သယ်ဆောင်လာတဲ့ ခြစားခြင်းနဲ့ အဓမ္မလုပ်ခြင်းတွေကြောင့်လား။ လူတွေကို အပြစ်တင်ရမှာလား။ ရွေးကောက်ပွဲကို အပြစ်တင်ရမှာလား ပြောဖို့ခက်တယ်။
အနောက်စတိုင်လ် ဒီမိုကရေစီက လေများတယ်။ စကားတစ်ခု ရှိတယ်။ “အရှေ့တိုင်းမှာ နားထောင်သူတွေပဲ ရှိတယ်။ ပြောရဲတဲ့သူ မရှိဘူး။ အနောက်တိုင်းမှာတော့ စကားတွေ ပြောနေကြတယ်။ လူထုစကား နားထောင်ချင်တဲ့သူတော့ မရှိဘူး”။

တာ။ ကျွန်တော်တို့မှာ မျှော်လင့်နေကြတဲ့သူတွေ ရှိတယ်။ လူရွှန်းပြောတာကို ကျွန်တော်ကြားဖူးတယ်။ မျှော်လင့်ခြင်းက ရှိတယ်လို့လည်း ပြောလို့မရဘူး။ မရှိဘူးလည်း ပြောလို့မရဘူး။ ဒါက လမ်းလိုပဲ။ တကယ်စင်စစ် ကမ္ဘာပေါ်မှာ လမ်းဆိုတာ ရှိနှင့်တာမဟုတ်ဘူး။ တစ်နေရာကို လူအများကြီး အတူသွားကြရင် လမ်းရယ်လို့ ပေါ်လာတာပဲ။

ဂါလ်တန်။ လမ်းမှန်ကတော့ ပြည်သူလူထုမှာ ပါဝါရှိအောင် လုပ်ပေးရတာပဲ။ (Empowerment) တခြားဝေါဟာရ သုံးနှုန်းရရင်တော့ ဒီမိုကရေစီပဲ။ ဒီမို့ (demos) လူထုရော၊ အီလစ်ရော အားလုံးပါတယ်။

တာ။ ဟောတော်မူပါ။

ဂါလ်တန်။ ဒီမိုကရေစီမှာ အနှစ်သာရတွေရှိတယ်။ ကျုပ်အမြင်မှာ သုံးခုပေါ့။ ပထမတစ်ခုက အုပ်ချုပ်ခံရဲ့ ဆန္ဒနဲ့အညီ အုပ်ချုပ်ခြင်း (Rule by the consent of the Ruled)
အုပ်ချုပ်ခံက ဒီမို့စ်။ အက်သက်နို့စ် (Ethnos) မဟုတ်ဘူး။ အက်သ်နို့စ်က ဓလေ့ထုံးစံတစ်ခုနဲ့ လူမျိုးစုတစ်စုကို ပြောတာ။ ဒီမို့စ်က အားလုံးကိုပြောတာ။ တစ်နေရာမှာ မှီတင်းနေထိုင်ကြတဲ့ လူအလုံးစုံ အားလုံးပါဝင်တာကို ပြောတာ။ Ethnos တစ်ခုတည်း (၀ါ) လူမျိုးစု တစ်ခုတည်းကိုသာ ကိုယ်စားပြုတာ မဟုတ်ဘူးလို့ ဆိုလိုတယ်။

တာ။ ဟောတော်မူပါ။

ဂါလ်တန်။ (၁) တိုက်ရိုက် ဒီမိုကရေစီက အဲဒီလူသားအားလုံးက အစည်းအဝေး (assembly) တစ်ခုမှာ သူတို့ဆန္ဒကို ဖော်ထုတ်တာကို ခေါ်တယ်။
(၂) ကိုယ်စားလှယ်ရွေးပြီး ကိုယ်စားလှယ်ကတစ်ဆင့် စည်းဝေးပွဲမှာ ဖော်ထုတ်တာကို တိုက်ရိုက်မကျသော ဒီမိုကရေစီ (Indirect democercy)လို့ ခေါ်မှာပေါ့။
(၃) ၄-နှစ်တစ်ကြိမ် ကိုယ်စားလှယ်ရွေးပြီး ဒီ ၄-နှစ်အတွင်းမှာ ဆုံးဖြတ်ပိုင်ခွင့်ကို ကိုယ်စားလှယ်တွေနဲ့ပဲ လွှဲထားတာကတော့ ပိုပြီး တိုက်ရိုက်မကျသော ဒီမိုကရေစီပေါ့။
ဒီသုံးခုစလုံးမှာ အုပ်စိုးသူဟာ အုပ်စိုးခံရဲ့ ဆန္ဒနဲ့အညီ လုပ်ရတယ်။ ဒါမှ တရားဝင်တယ်။ Legitimacy လို့ ခေါ်မှာပေါ့။ အုပ်စိုးခံရဲ့ ဆန္ဒနဲ့မညီဘူး၊ အုပ်စိုးသူဟာ တာဝန်မခံတော့ဘူးဆိုရင် တာဝန်ခံနိုင်တဲ့ နောက်အုပ်စိုးသူ လူတစ်သိုက်နဲ့ အစားထိုးမယ်။

တာ။ ဒီမိုကရေစီဟာ အပြန်အလှန်ကွင်းဆက်ပေါ့။ Feedback loop အပြန်အလှန်ကွင်းဆက် မရှိရင် ဒီမိုကရေစီ မဟုတ်ဘူးပေါ့။ အဲလို ယူရမှာလား။

ဂါလ်တန်။ အပြန်အလှန်ကွင်းဆက်မရှိရင် အဲဒါ ဒီမိုကရေစီမှ မဟုတ်ဘဲ၊ အာဏာရှင်စနစ်ပဲ။ အော်တိုကရေစီ (autocracy) ပဲ။
အုပ်ချုပ်ဖို့တရားဝင်ခြင်း (Legitimacy) ကို တာဝန်ခံနိုင်ခြင်း (၀ါ) လူထုရဲ့ဆန္ဒနဲ့အညီ အုပ်စိုးခြင်း (accountability) နဲ့ အလဲအလှယ် လုပ်ရတာဟာ ဒီမိုကရေစီပဲ။

တာ။ ဆရာကြီးခင်ဗျား၊ ဗီတို ဆိုတာကို ရှင်းပါဦး။ ဗီတိုပါဝါနဲ့ ပယ်ချတယ်။ အဲဒါ ဘာအဓိပ္ပါယ်လဲ။

ဂါလ်တန်။ မဲပေးခွင့်တော့ရှိတယ်။ မဲတွေဟာ အကြံပေးနိုင်တာလောက်ပဲ ရှိမယ်။ မဲနဲ့တော့ တားဆီးလို့ မရဘူးလို့ ဆိုလိုတာ။ တကယ်တော့ ဗီတိုကျင့်သုံးတဲ့စနစ်ဟာ ယေဘုယျအားဖြင့် ဒီမိုကရေစီ မကျဘူးလို့ ယူနိုင်တယ်။

တာ။ ဆက်ပြီး ဟောတော်မူပါ။

ဂါလ်တန်။ ဒီမိုကရေစီရဲ့ ဒုတိယအနှစ်သာရက ပြဿနာ ပဋိပက္ခတွေကို အဓမ္မနည်းနဲ့ မဖြေရှင်းတာပဲ။ Nonviolent conflict Resolution။ ပါတီနှစ်ခု A, B ရှိတယ် ဆိုပါစို့။ ပြဿနာ (သို့) ပဋိပက္ခကို အောက်ပါနည်း (၄)ခုနဲ့ ဖြေရှင်းနိုင်တယ်။

(၁) အနိုင်ယူတဲ့နည်းနိုင်တဲ့ပါတီ A အကုန်လုံးယူနည်းလမ်း
(မဲ/စကားရည်လု - debate)
(၂) အနိုင်ယူတဲ့နည်းနိုင်တဲ့ပါတီ B အကုန်လုံးယူမဲ/စကားရည်လု - debate
(၃) ညှိနှိုင်းသောနည်း (compromise)
(၄) အလျှော့ပေးစရာ မလိုဘဲ နည်းလမ်းအသစ် ရှာတွေ့ခြင်း (Transdince)
နှစ်ဦးစလုံး
နည်းနည်းစီလျှော့ နှစ်ဦးစလုံး အကျိုးရှိ
ဆွေးနွေးခြင်း (Negotiation) ဒိုင်ယာလော့ (Dialogue)

(၁) နှင့် (၂) မဲပေးပြီး အနိုင်ယူတဲ့နည်းက တကယ်တော့ အနိုင်ယူတဲ့ နည်းတစ်နည်းပဲ။ တိုက်ခိုက်တာပါပဲ (fighting)။ သို့သော် လူသေကောင်အပေါ် ရေတွက်တာမဟုတ်ဘဲ လူအရှင်တွေအပေါ် ရေတွက်တဲ့ နည်းပဲ။ ကလော့ဇ်ဝှစ်နည်း မဟုတ်ဘူး။ ဆွန်ဇုနည်း။ ဒါပဲ ကွာပါတယ်။ ဂန္ဒီက ရွေးကောက်ပွဲစနစ်ဟာ “၅၁ ရာနှုန်းရဲ့ အာဏာရှင်ဆီ သွားတဲ့လမ်း” ပဲလို့ ပြောဖူးတယ်။ အဲဒါ သတိပြုစရာ အချက်တစ်ခုပဲ။ ဂဏန်းတွက်ခြင်း နည်းလမ်းပါပဲ။ Aritimatic electionism လို့ ဒါကြောင့် ပြောကြတာပေါ့။ ဒါနဲ့ပဲ မဲမရ,ရအောင် လုပ်ကြတယ်။ မဲခိုးတယ်။ အတိုက်အခံကို သတ်ဖြတ်တယ်။ ကြောက်အောင် လုပ်တယ်။ ငွေနဲ့ရာထူး (cash or position)နဲ့ မဲဝယ်တယ်။
(၃)နှင့်(၄)…… (၃)က ပေါင်းပြီး အုပ်ချုပ်တာပါပဲ။ ပါတီတစ်ခုတည်းက အမှန်တရားကို လက်ဝါးကြီးအုပ် မထားဘူးပေါ့။ မင်းတို့လည်း တော်တာပဲ။ ငါတို့ ဈေးဆစ်ကြပြီး (၀ါ) ညှိနှိုင်းကြပြီး ပြဿနာကို ဖြေရှင်းကြမယ်ပေါ့။
(၄)ကျတော့ ဒိုင်ယာလော့လုပ်ပြီး (Dia + Logos) အမြင်တွေ အပြန်အလှန်စီးဆင်းပြီး တီထွင်ဖန်တီး တည်ဆောက်တာပဲ။ ပါတီတွေ ကိုင်စွဲထားတဲ့ ရပ်တည်မှုတွေထက် ပိုလွန်သွားတယ်။ သာသွားတယ်။
ပြန်ချုပ်ရရင် မဲခွဲခြင်း (Democratese for fighting) ဆွေးနွေးညှိနှိုင်းခြင်း (Negotiation) နဲ့ အပြန်အလှန် တိုင်ပင်တည်ဆောက်ခြင်း (Dialogue) နည်း (၃)ခုပဲ။
ဒီ (၃) ခုစလုံးက အကြမ်းမဖက်တဲ့ အဓမ္မမလုပ်တဲ့ နည်းတွေပဲ။ သို့သော် အနည်းစုကို အများစုက ပစ်ပယ်တဲ့ အဖွဲ့အစည်းနဲ့ အနိုင်ကျင့်ခြင်း (structural violence of exclusion of minorities) အန္တရာယ်ရှိနေသေးတာပဲ။
ဒီမိုကရေစီမှာ လူထုရဲ့ဆန္ဒဆိုတာ သူ့အတွင်းဆန္ဒအလျောက်ပဲ။ အကျင့်သီလနှင့် ညီညွတ်လျက် ဖြစ်ရမယ့်ကိစ္စ။ တုတ်ကြောင့် ဒါမှမဟုတ် မုန်လာဥကြောင့် (stick or carrot) အင်အားကြောင့် ဒါမှမဟုတ် လာဘ်လာဘကြောင့် မဟုတ်ရဘူး။
မဲရယူဖို့ တုတ်ကိုသုံးတယ်။ ဆန္ဒစစ် မရဘူး။ ၅၁ ရာခိုင်နှုန်း အများစုကို ဒီနည်းနဲ့ပဲ ယူတယ်ဆိုရင် ဘာလုပ်ကြမလဲ။ ဂန္ဒီနဲ့ သော်ရိုးရဲ့ နည်းကတော့ အဲသလို အုပ်ချုပ်သူနဲ့ မပူးပေါင်း (non-cooperation)တဲ့ နည်းပဲ။ အပြန်အလှန် ဆွေးနွေးလျက် အမြင်များ စီးဆင်းခြင်း (Dialogue) ကတော့ အဲဒီအချိန်မှာကိုပဲ ရှိနေတုန်း။ ဖွင့်ထားတုန်းပဲ။ အလျှော့အတင်း လုပ်ခြင်းနဲ့ တူညီသောအမြင်ရယူခြင်း (compromise consensus) နည်းတွေနဲ့ ဒီမိုကရေစီပြန်ရောက်မှာချည်းပဲ။ တုတ်ပါဝါ (stick power) ကို မကြောက်မရွံ့ခြင်းနဲ့ မုန်လာဥပါဝါ (carrot power) ကို စီးပွားရေးအရ ကိုယ့်ခြေထောက်အပေါ် ကိုယ်ရပ်တည်ခြင်းနဲ့ ချဲ့လင်းလုပ်ရမှာပဲ။

တာ။ တတိယအနှစ်သာရကို ဟောတော်မူပါဦး ဆရာကြီးခင်ဗျား။

ဂါလ်တန်။ ဒါကတော့ အခြေခံလူ့လိုအပ်ချက်နဲ့ အခြေခံ လူ့အခွင့်အရေးများကို စောင့်ရှောက်ရခြင်းပဲ။

တာ။ အကျယ်ဖွင့်တော်မူပါ

ဂါလ်တန်။ ဒီမိုကရေစီဆိုတာ နိုင်ငံရေးအရ ဖွဲ့တည်မှုပဲ (political for nation)။ အခြေခံ လူ့လိုအပ်ချက်ကို အားလုံးအတွက် ဖြည့်ဆည်းပေးဖို့ပဲ။ အထူးအားဖြင့် အလိုအပ်ဆုံး လူမွဲတွေအတွက်။ ပြီးတော့ အားလုံးအတွက် အခြေခံ လူ့အခွင့်အရေးကို ကာကွယ်ပေးဖို့ပဲ။ အထူးသဖြင့် အင်အားချို့တဲ့ဆုံး လူတွေအတွက်
လူ့အတန်းအစားဖွဲ့မှုတွေကို (class formation) ဖျက်ပစ်ဖို့ လျော့နည်းဖို့ လုပ်တာပဲ။ လူ့အတန်းအစား (class) ဆိုတာ ပါဝါကို ညီတူညီမျှ ခွဲဝေမပေးခြင်းကို ပြောတာ။ ဆုံးဖြတ်ချက်ချခြင်းနဲ့ စပ်လျဉ်းတဲ့ နိုင်ငံရေးပါဝါ၊ စီးပွားရေးဆွဲဆောင်တဲ့ မုန်လာဥပါဝါ (carrot-power)၊ စစ်ရေးနဲ့ လွှမ်းမိုးတဲ့ တုတ်ပါဝါ (stick-power)၊ ယဉ်ကျေးမှု ကျင့်ဝတ်သီလနဲ့ လမ်းပြတဲ့ ဆွဲဆောင်ပါဝါ (persuasion-power) အကြမ်းဖျဉ်းအားဖြင့် အဲသလို ပါဝါ (၄)ခု ရှိတယ် ဆိုပါစို့ဗျာ။ နင်းပြားကျောမွဲ ဆင်းရဲသားတွေမှာ ပါဝါ (၄)ခုလုံး ချို့တဲ့တယ်။ ဒီမိုကရေစီဟာ အဲသလို ပါဝါမဲ့သူတွေကို ဆုံးဖြတ်ချက် ချမှတ်ခြင်း ကိစ္စမှာ ပါဝါအပ်နှင်းတာပဲ။ သီအိုရီအရတော့ အဲသလို လုပ်ချင်တာပဲ။ အခြေခံလိုအပ်ချက်တွေမှာ ပြည့်စုံတဲ့ လူ့အဖွဲ့အစည်း ဖြစ်လာရမယ်လို့ မျှော်မှန်းတာပဲ။
လူ့အခွင့်အရေးကတော့ ဒီမိုကရေစီရဲ့ မရှိမပြီးတဲ့ အစိတ်အပိုင်းပဲ။ ရွေးကောက်ပွဲဒီမိုကရေစီမှာ ဖြစ်လေ့ရှိတဲ့ ၅၁ ရာခိုင်နှုန်းရဲ့ အော်တိုကရေစီ (၀ါ) အများစုရဲ့ ထင်ရာစိုင်းခြင်းကို ထိန်းရနိုင်သလောက် ထိန်းဖို့ အခွင့်အရေးက အရေးကြီးတာ။ ယူဒီ (Universal Declaration)က ပြည်သူပြည်သား အခွင့်အရေး၊ နိုင်ငံရေးအခွင့်အရေး (civil-political rights)ကို အကာအကွယ်ပေးမယ်။ စီးပွားရေး၊ လူမှုရေး၊ ဓလေ့အခွင့်အရေး (Economic, social cultural rights)ကို ကာကွယ်မယ့် ကြေညာချက်လုပ်ဖို့ လိုနေသေးတယ်။

တာ။ ဒီမိုကရေစီရဲ့ အနှစ်သာရသုံးခု (ဆရာကြီး မောင်စူးစမ်းဆိုရင် အနှစ်သာရ သုံးပါးလို့ ရေးမယ်။ ဟဲ… ဟဲ ကျွန်တော့်အနေနဲ့ကတော့ ရတနာသုံးပါး၊ အနန္တော အနန္တငါးပါး စသည်ဖြင့်မှာပဲ “ပါး” ဆိုတဲ့ စကားလုံးကို သုံးတာနဲ့ပဲ မြန်မာပီပီ ယဉ်ပါးနေလို့ “ခု” လို့ပဲ သုံးပါရစေ) ကို ပေါင်းလိုက်ရင် ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးခြင်း ရကရောပေါ့။

ဂါလ်တန်။ ဒီမိုကရေစီကို ဒီလောက်ဆိုရင် အဓိပ္ပါယ်ဖွင့်ဆိုချက် ပေးလို့ရပြီ။
“ဒီမိုကရေစီဟူသည်မှာ အခြေခံ လူ့အခွင့်အရေးများဖြင့် ထိန်းသိမ်းပဲ့ကိုင်ထားသော စနစ်ဖြစ်ပါသည်။ ထိုစနစ်သည် မဲပေးခြင်း၊ ညှိနှိုင်းခြင်း၊ အပြန်အလှန်ဆွေးနွေး အဖြေရှာခြင်းများကို သုံးလျက် အကြမ်းမဖက် အဓမ္မမလုပ်သော နည်းလမ်း၊ တီထွင်သော နည်းလမ်းများအားဖြင့် ပဋိပက္ခများနှင့် ဓနခွဲဝေရာတွင်ဖြစ်စေ ပြဿနာများကို ဖြေရှင်းပါသ်ည။ အုပ်ချုပ်မည့်သူအား တင်မြှောက်ခြင်း၊ ဖြုတ်ချခြင်း၊ အသစ်တဖန် ရွေးခြင်းကိုလည်း အကြမ်းမဖက်သော နည်းလမ်းဖြင့်ပင် ပြုလုပ်ပါသည်။

တာ။ ဆရာကြီးရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်ကလေးက မဆိုးလှပါဘူး ခင်ဗျ။

ဂါလ်တန်။ နိုင်ငံရေးနည်းမှာ အကြမ်းမဖက်ဘူး။ အဓမ္မမလုပ်ဘူးဆိုမှ ငြိမ်းချမ်းရေးကို တည်ဆောက်လို့ ရမှာပေါ့။ ခုနက ဆွေးနွေးခဲ့တဲ့ “မဲပေးခြင်း နည်းအားဖြင့်သာ တိုက်ခိုက်ခြင်း၊ ညှိနှိုင်းခြင်း၊ အပြန်အလှန် ဒိုင်ယာလော့ခြင်း စတဲ့ အဓမ္မမလုပ်သော နည်းများကိုသာ သုံးမှာကိုး။ နောက်ပြီးတော့လည်း တန်းတူညီမျှရေးအတွက် လူ့အခွင့်အရေး အကာအကွယ် လူတိုင်းလိုမှာကိုး။ ဒီလိုဆို ငြိမ်းချမ်းရေး ရကရော့ပေါ့။ တိုင်းပြည်ဖွံ့ဖြိုးရေးကလည်း လူ့အခွင့်အရေးနဲ့ အခြေခံလိုအပ်ချက်တွေကို မဖြစ်မနေ ဖြည့်ဆည်းပေးမှတော့ အဲဒီအုတ်မြစ်ပေါ်မှာ တည်ဆောက်နိုင်တော့မှာပါ။
ဒီသုံးခုစလုံးတော့ သုံးမြှောင့်ဖန်တုံးတစ်ခုရဲ့ အချွန် (၃)ခုလိုပဲ။ သုံးခုလုံးပါမှ စစ်မှန်တယ်။
သတိပြုရမှာလေးတွေတော့ ရှိတယ်။
(၁) ဒီမိုကရေစီဟာ ရွေးကောက်ပွဲလုပ်ခြင်းနဲ့ အတူတူပါပဲလို့ ညီမျှခြင်း မလုပ်ပါနဲ့။
(Democracy is not electionism)
(၂) ငြိမ်းချမ်းရေးဟာ စစ်မဖြစ်ရုံသက်သက်နဲ့ မတူပါ။
(Peace is not ceasefireism)
(၃) ဖွံ့ဖြိုးတိုးတက်ခြင်းဟာ တိုးတက်တဲ့ နိုင်ငံတွေကို အမီလိုက်ခြင်းနဲ့ မတူပါ။ အဲဒါကို deficitism ပဲလို့ ခေါ်ရမယ်။

တာ။ ဆရာကြီး သတိပေးတာလေးတွေက တကယ်ကို သတိထားစရာတွေပါပဲ။ ဒါပေမယ့် ဒါတွေက သီအိုရီတွေပဲ။ လက်တွေ့မှာ ဘယ်လိုဖြစ်တတ်သလဲခင်ဗျ။ ကြုံကြိုက်ရင် နောက်တရားပွဲတွေမှာ ဟောစေချင်ပါသေးတယ်။
၂၀၁၀ ရွေးကောက်ပွဲ ဆင်နွှဲမယ့် ပြည်သူများ ကျန်းမာပါစေ ဟဲ…ဟဲ။

True News Journal
အတွဲ (၂) အမှတ် (၂၈)
၂၃ ဖေဖော်ဝါရီ ၂၀၁၀၊ အင်္ဂါနေ့။
စာမျက်နှာ - ၂၂၊ ၂၇

တတိယအမျိုးအစား ဒီမိုကရေစီနှင့် ကောင်တာဝိတ် - မောင်စူးစမ်း


သုံးမျိုးနှင့်
အတည်ပြု ပြဋ္ဌာန်းထားသော ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဤဥပဒေနှင့်အညီ ၂၀၁၀ ပြည့်နှစ်၌ ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲသည် မြန်မာနိုင်ငံအတွက် တတိယအမျိုးအစား ဒီမိုကရေစီ (Democracy of Third Kind) ဖြစ်ပါလိမ့်မည်။ လွတ်လပ်ရေးရပြီး သမိုင်းကို မှန်းကြည့်လျှင် မြန်မာ့ဒီမိုကရေစီသည် သုံးမျိုးဖြတ်သန်းရမည်။ ၎င်းတို့မှာ-
(၁) ပါလီမန်ဒီမိုကရေစီ
(၂) ဆိုရှယ်လစ်ဒီမိုကရေစီ နှင့်
(၃) တပ်မတော်စပွန်ဆာ ဒီမိုကရေစီ တို့ဟူ၍ ဖြစ်သည်။

ဤဒီမိုကရေစီ သုံးမျိုးစလုံးတွင် ရွေးကောက်ပွဲတို့သည် အခရာကျသည်။ ရွေးကောက်ပွဲသည် ဒီမိုကရေစီ၏ မျဉ်းစုံပေါင်းဆုံရာနေရာ ဖြစ်သည်။ ဤသို့ မျဉ်းစုံပေါင်းဆုံရာနေရာ၌ မြန်မာ့လူ့အဖွဲ့အစည်း၏ အနေအထားသည် အခြားနိုင်ငံတို့ထက်စာလျှင် ကံကောင်းသော အချက်တစ်ချက်ရှိရာ မြန်မာ့လူ့အဖွဲ့အစည်းသည် လူမျိုးရေးအစွန်းရောက်သူနှင့် ဘာသာရေးအစွန်းရောက်သူတို့ နည်းပါးသော ယဉ်ကျေးမှုရှိနေသည့် အချက်ဖြစ်သည်။

တည်ငြိမ်မှုကို ဦးထိပ်ထား
မြန်မာ့ယဉ်ကျေးမှုသည် သည်းခံစိတ်၊ မေတ္တာတရားစိတ်ကြီးမား၍ ဘာသာရေးအစွန်းရောက်မှု၊ လူမျိုးရေးအစွန်းရောက်မှု မဆိုသလောက် နည်းပါးသည်။ ဘာသာရေး မတူသူချင်း၊ လူမျိုးမတူသူချင်း၊ ဆွေးမျိုးရင်းချာလို ဖွဲ့စည်းနေထိုင်သော ဓလေ့ထုံးစံသည် မြန်မာ့ဒီမိုကရေစီအတွက် ချစ်စရာကောင်းသည့် အခွင့်သာသော အချက်ဖြစ်သည်။ အချို့နိုင်ငံတို့သည် ဘာသာရေး၊ လူမျိုးရေး အယူသည်းမှုတို့ကြောင့် ရွေးကောက်ပွဲတို့ကို မတည်မငြိမ် ဖြစ်ရသည်။ ရွေးကောက်ပွဲအပြီးကာလသည် မတည်ငြိမ်မှုတို့ဖြင့် ရင်ဆိုင်ကြရသည်။

ဤလိုရှုခင်းမျိုး မျှော်လင့်ရန်အကြောင်းနှင့် အခြေအနေလည်း မပေါ်သည့်အတွက် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲသည် အလားအလာကောင်းသည်ဟု ယူဆနိုင်သည်။ မြန်မာ့ယဉ်ကျေးမှု၏ လစ်ဘရယ်ကျမှုသည် အဖိုးတန်နေသည်။ သို့ဖြစ်လျှင် ရွေးကောက်ပွဲမတိုင်မီကာလနှင့် ရွေးကောက်ပွဲအပြီး ကာလမည်သော ကာလနှစ်ပါး မည်သည့်အချက်ကို ရည်မှန်းချက်ထားသင့်သနည်းဟု မေးစရာပေါ်သည်။ အခြားနိုင်ငံတို့၏ အတွေ့အကြုံကို သင်ခန်းစာယူ၍ ယနေ့ဖြစ်ထွန်းနေသော ပထ၀ီနိုင်ငံရေးကို ထောက်ထားကာ နိုင်ငံရေးပညာရှင်တို့က တည်ငြိမ်မှု Stability ကို အဓိကထားကြည့်သည်။ အစိုးရတို့သည်လည်းကောင်း၊ နိုင်ငံရေးပါတီတို့သည်လည်းကောင်း၊ အခြေခံတာဝန်တစ်ရပ်အဖြစ် တည်ငြိမ်မှု ထိန်းသိမ်းရေးကို ဦးစားပေးရန်လိုသည်။

နိုင်ငံရေးပါတီတို့သည် ယခင်ရွေးကောက်ပွဲတို့နှင့် မတူဘဲ တာဝန်ရှိရှိ စဉ်းစားရန်လိုလာသည်။ တာဝန်မဲ့မဆင်မခြင် စဉ်းစားမှု Reckless မဖြစ်ရန် အထူးလိုသည်။

သူ့အရပ်နှင့် သူ့ဇာတ်
နိုင်ငံရေးပါတီတို့၌ အဆင်မခြင်ဖြစ်မှု အတိုင်းအတာလည်း နိုင်ငံရေးကို ရေရှည် ဘယ်လောက်ဆန့်ကြည့်သနည်း ဆိုသောအချက်ပေါ်တွင် မူတည်ပါလိမ့်မည်။ တစ်နည်းပြောလျှင် နိုင်ငံရေးကို မဟာဗျူဟာရှုထောင့် Strategic Perspective ဖြင့် ရှုမြင်နိုင်သည့် အတိုင်းအတာနှင့် စွမ်းရည်ပေါ်တွင် မူတည်ပါလိမ့်မည်။ ရေတို၊ ပေါ်ပင်၊ ကာလပေါ်တို့သည် တတိယအမျိုးအစား ဒီမိုကရေစီတွင် နေရာရနိုင်လိမ့်မည်မဟုတ်ဟု တွက်ဆရသည်။

ထို့အပြင် ရွေးကောက်ပွဲပြိုင်ဘက်တို့သည် ယခင်ရွေးကောက်ပွဲတို့လို ဟုတ်တော့မည်မဟုတ်ပေ။ ကွင်းထဲအခြေချပြီးသား အင်အားစုတို့နှင့် ယှဉ်ပြိုင်ရဖွယ်ရှိ၍ ပို၍ခက်ခဲစရာရှိသည်။ ရွေးကောက်ပွဲသည် ယခင်ကလို ၀ါဒတိုက်ပွဲလည်း ဖြစ်နိုင်စရာအကြောင်းမရှိ။ အိုင်ဒီအိုလိုဂျီချင်း ယှဉ်ပြိုင်ပွဲလည်း ဟုတ်မည်မဟုတ်။ ပေါ်လစီချင်း၊ လုပ်ငန်းစဉ်ပရိုဂရမ်ချင်း ယှဉ်ပြိုင်မှုသာ ဖြစ်ဖို့များမည်။ ဤအတွက် အနာဂတ်ကို သာလွန်ကောင်းမွန်စွာ သုံးသပ်နိုင်ရမည်။

လာမည့်ရွေးကောက်ပွဲသည် တတိယအမျိုးအစား ဒီမိုကရေစီဖြစ်ဖွယ်ရှိ၍ ယူနီဗာဆယ်ဆိုသောစံနှင့် မူတို့ဖြင့် ချိန်ထိုးကြည့်ရန်လည်း လိုအပ်မည်မဟုတ်ပေ။ "သူ့အရပ်နှင့် သူ့ဇာတ်" Local Narrative အဖြစ် ရှုမြင်ရမည်။ အကြွင်းမရှိ အလုံးစုံမှန်သည်ဆိုသော ယူနီဗာဆယ်မူတွေ မျက်မှောက်ခေတ်၌ ယိုင်လဲနေသည်ကို သတိချပ်အပ်သည်။

ကောင်တာဝိတ်
တတိယအမျိုးအစား ဒီမိုကရေစီတွင် အထိန်းနှစ်မျိုး ပါဝင်သည်။ ပထမအထိန်းသည် သမားရိုးကျအထိန်းနှင့် အထေ Check and Balance ဖြစ်သည်။ ဥပဒေပြုမဏ္ဍိုင်၊ အုပ်ချုပ်ရေးမဏ္ဍိုင်နှင့် တရားဥပဒေမဏ္ဍိုင်တို့ကြား အထိန်းနှင့် အထေပြုထားသော စနစ်ဖြစ်သည်။ ယခု ဒုတိယအထိန်းစနစ်တစ်ခု ပေါ်လာသည်။ စစ်ဘက်နှင့် နိုင်ငံရေးပါတီတို့ကြား အပြန်အလှန်ညှိထိန်းမှု ဖြစ်သည်။ ၎င်းကို ကောင်တာဝိတ် (Counter weight) ဟု ခေါ်သည်။ တန်ပြန်ဝိတ်လို့ ဆိုသည်။

သမားရိုးကျအထိန်းအထေနှင့် အသစ်ဖော်ထားသော ကောင်တာဝိတ်တို့ကြောင့်လည်းကောင်း၊ နိုင်ငံရေးပါတီတို့၏ ရင့်ကျက်မှုနှင့် တာဝန်သိစိတ်တို့ကြောင့်လည်းကောင်း၊ ရွေးကောက်ပွဲအကြို တည်ရှိမှုနှင့် ရွေးကောက်ပွဲအပြီး တည်ငြိမ်မှုတို့ကို အကောင်းဖြစ်နိုင်ပါသည်။

ရန်ကုန်တိုင်းမ်ဂျာနယ်
အတွဲ (၅) အမှတ် (၁၉)

Power - ကိုဉာဏ် (ပန်းလောင်မြေ)


နိဒါန်း
"အဲဒီလူကြီးက ပါဝါရှိတယ်ကွ"
"ဟုတ်လား"
"အေး… အဖေတို့ပြောတာ ကြားတာပဲကွ။ သူက တကယ့်ကို ပါဝါအပြည့်နဲ့ လူကြီးတစ်ယောက်တဲ့"
"သြော်… ဒီလိုဆိုရင်တော့ သူ့ကို သတိထားဆက်ဆံမှဖြစ်မယ်။ တော်ကြာ…"

စာကိုယ်
"ဟေ့ကောင်၊ မင်းပြောတော့ အဲဒီလူကြီးက တကယ့်ပါဝါမင်း(န)ဆို၊ ငါကြည့်နေတာကြာပြီ၊ သူ့ဘာသာသူ အေးအေးဆေးဆေးနေတာပါပဲကွ"
"အေး… ငါလည်း အဲဒါပြောမလို့၊ သူက ဘယ်လိုပါဝါရှိတာလဲ မသိဘူးနော်။ သူ့ကြည့်လိုက်ရင် စာအုပ်တစ်အုပ်နဲ့ အမြဲတမ်း အလုပ်ရှုပ်နေတာချည်းပဲ"
"ငါတို့တွေ သူ့အိမ်ကို သွားလည်ရင် မကောင်းဘူးလား"
"ဟေ… ဖြစ်ပါ့မလားကွ၊ တော်ကြာ…"
"မင်းကလည်းကွာ ကြောက်စရာမဟုတ်တာ ကြောက်နေပြန်ပြီ၊ သူ့ကြည့်ရတာ သဘောကောင်းဖော်ရွေမယ့်ပုံပါကွ"
"အေး… ဒါဆိုလည်း သွားကြတာပေါ့"

နိဂုံး
"ဦးလေး၊ ၀င်ခွင့်ပြုပါနော်"
"သြော်.. ငါတူတို့ လာကြလေကွယ်၊ ဒီလမ်းထိပ်က ကလေးတွေထင်တယ်။ ဘာအကူအညီပေးရမလဲကွယ့်"
"ဟို… ဟို… ကျွန်တော်တို့…."
"ခဏလေးနော်… ငါ့တူတို့အတွက် ကော်ဖီလေးဖျော်လိုက်ဦးမယ်၊ ပြီးမှပြောကြတာပေါ့"
သူငယ်ချင်းနှစ်ယောက် ဘာပြောရမှန်းမသိ၊ ဘာမှပြန်မပြောခင် အိမ်ရှင်ဦးလေးကြီးက မီးဖိုထဲသို့ ထွက်ခွာသွားသည်။ သူတို့နှစ်ဦးသာ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လျက် ဘာစကားမှ မဆိုမိ။ ဧည့်ခန်းအတွင်း မျက်စိကစားရင်း ဟိုကြည့်ဒီကြည့် လျှောက်ကြည့်နေမိသည်။ ဧည့်ခန်းတစ်ခုလုံးတွင် စာအုပ်ဗီရိုတွေအပြည့်ဖြစ်သည်။ ဖုံတက်နေခြင်းမရှိဘဲ အားလုံးက ပြောင်လက်နေသည်။ ပန်းချီကားအချို့ကိုလည်း နံရံထက်တွင် တွေ့ရသည်။ ထိုအထဲတွင် သူတို့နှစ်ယောက်လုံးကို ဖမ်းစားလိုက်သည်က ရွှေရောင်စာလုံးများဖြင့် နံရံတစ်ခြမ်းပြည့်နီးပါး ချိတ်ဆွဲထားသည့် ဆိုင်းဘုတ်တစ်ခု ဖြစ်သည်။ နှစ်ယောက်သား ထိုဆိုင်းဘုတ်ကို အသံထွက်၍ ပြိုင်တူဖတ်လိုက်မိသည်။
"Knowledge is Power"

အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၂၄ ရက်၊ ဗုဒ္ဓဟူးနေ့။
နေ့လည် ၁၂ နာရီ ၀၉ မိနစ်တွင်ပြီး၏။
*****
ဘာကြီးလဲဟလို့ တွေးနေကြမလား မသိပါဘူး။ အစက ကလေးအတွေးလို့ ခေါင်းစဉ်ပေးမလို့ပါ။ ဒါပေမယ့် မပေးဖြစ်ပါဘူး။ အကြောင်းကြောင်းသော အကြောင်းကြောင်းတို့ကြောင့်ပေါ့။ ဆိုင်းဘုတ်က စာသားလေးတွေကိုလည်း ခေါင်းစဉ်အဖြစ် ပေးဖို့ဆုံးဖြတ်လိုက်ပါသေးတယ်။ အဲဒီလိုသာ ခေါင်းစဉ်တပ်လိုက်ရင် နိဒါန်းမှာကတည်းက ကျွန်တော့်စာကို ဆက်ဖတ်မှာ မဟုတ်တော့တာ သေချာနေတဲ့အတွက် အဲဒီခေါင်းစဉ်ကိုလည်း စွန့်လွှတ်လိုက်ရပါတယ်။ အခုတလော ဘာတွေရေးချင်နေမှန်းလည်း မသိပါဘူး။ စိတ်ကူးတွေကလည်း ကဘောက်တိကဘောက်ချာနဲ့။ ရေးချင်တာတွေများပြီး လူလည်း ဘယ်လိုကြီးဖြစ်နေမှန်းမသိဘူး။ မှတ်စုစာအုပ်ထဲမှာပဲ တို့ထားလိုက်တယ်။ ဖြည်းဖြည်းချင်း ရေးသွားပါ့မယ်။ အားလုံးကို ကျေးဇူးပါ။

စာရေးဆရာဖြစ်ချင်ရင် ဘာလုပ်ရမလဲ - ဒေါက်တာ မတင်ဝင်း


စာရေးဆရာဖြစ်ချင်ရင် ဘာလုပ်ရမလဲဆိုတော့ စာရေးဆရာဖြစ်ချင်တဲ့လူက ပထမဆုံး လုပ်ဖို့သင့်တာကတော့ စာများများဖတ်ဖို့ လိုပါတယ်။ လူမျိုးစုံရဲ့စာပေါ့။ လူတစ်ယောက်ရဲ့ စာကိုပဲ ဖတ်လို့ရှိရင် သူ့အာဘော်က ကိုယ့်ကို လွှမ်းသွားလိမ့်မယ်။ လွှမ်းသွားတဲ့အခါကျ ကိုယ်ကတစ်မျိုးပဲ ပြန်ထုတ်နိုင်တာပေါ့။ သူ့အာဘော်လွှမ်းသွားတာ မှန်ရင်တော်တာပေါ့။ မှားရင်ကိုယ့်မှာ ထိခိုက်မယ်။ မှန်တယ်၊မှားတယ်ဆိုတာ ဘာနဲ့တွက်တာလဲဆိုတော့ ခုနကပြောတဲ့ လူ့လောကရဲ့ ပြောင်းလဲမှု၊ အခုမှန်တယ်လို့ ပြောပေမယ့် နက်ဖြန်ခါ မှားနေရင် မှားနေမှာ။ ကိုယ်က ခေတ်နဲ့အညီ လိုက်နေမယ်ဆိုလို့ရှိရင် စာကတော့ အမြဲဖတ်နေရမှာပဲ။ ဒီတော့ အမျိုးမျိုးသော စာကိုဖတ်ရမယ်။ စာကို သေချာဖတ်တဲ့အခါမှာ ဆရာမ သတိပေးချင်တာက ကျောင်းစာပဲဖတ်ဖတ်၊ အပြင်စာပဲဖတ်ဖတ် ဖတ်ပြီးရင်စဉ်းစားပါ။ ခု များသောအားဖြင့် သိပ်စာတော်တဲ့ ကျောင်းသားတွေကို တွေ့ရတယ်။ ဆရာမတပည့်တွေပါပဲ။ ခုဆို အရာရှိကြီးတွေတောင် ဖြစ်နေပါပြီ။ ဒါပေမယ့်သူတို့နဲ့ စကားပြောတဲ့အခါမှာ တစ်ခုခု နည်းနည်းလွဲနေသလို ဖြစ်ဖြစ်နေတယ်။ ဘာလို့စံလွဲတာလဲဆိုရင် မတွေးတာ၊ တွေးဖို့မသင်ပေးလိုက်တာ။ အမှန်က ဆရာတွေက စာသင်ကတည်းက ဆရာ ဒီလို ဒီလို ယူဆတယ်။ မင်းတို့ ဘယ်လိုယူဆသလဲ။ မင်းတို့ယူဆတာကို ပြန်ပြောစမ်း။ အဲဒီလိုနည်းနဲ့ ခုဒီမှာလိုပေါ့။ မေးမယ်၊ ပြောမယ်၊ လွတ်လပ်ခွင့် ရှိမယ်။ တစ်ခါတစ်ခါလည်း ငြင်းဆိုမှာပေါ့။ သူ့မှာပြောနိုင် ဖြေနိုင် ငြင်းဆိုနိုင်ရမှာ။ အဲဒီလိုနည်းနဲ့ ဆိုရင် လူတွေကတွေးလာမယ်၊ တွေးတောဆင်ခြင်မှု များလာလို့ရှိရင် တရားသေ စာဖတ်ရင်ပြီးရောဆိုတဲ့ စာတွေကို အများကြီးဖတ်နေတာနဲ့ စာတွေကိုနှုတ်တိုက်ကျက်ပြီးတော့ အမှန်ပဲလို့တစ်ခါတည်း ယူထားလိုက်တာနဲ့ အများကြီး ကွာခြားသွားပြီ။ ဘာကြောင့်လဲဆိုတော့ တွေးတောခြင်းဟာ ကိုယ်ပိုင်အဖြေရစေတယ်။ ကိုယ်ပိုင် အဖြေဆိုတာ ဒီနေ့မှန်တာ နက်ဖြန်ခါ မှန်ချင်မှမှန်မယ်။ ကိုယ်ကလည်း အမြဲတမ်း Active ဖြစ်နေရမယ်။ တက်တက်ကြွကြွနဲ့ အသစ်ဖြစ်သော အကြောင်းအရာတွေကို လေ့လာနေရမယ်။ သိပ်ပင်ပန်းမှာပေါ့ဆိုရင် မပင်ပန်းပါဘူး။ စိတ်ဝင်စားတယ်ဆိုရင် မပင်ပန်းပါဘူး။ တစ်ခါတလေဆိုလို့ရှိရင် စာအုပ်ကြီး ဖတ်နေစရာမလိုဘူး။ ဘာလို့လဲဆိုတော့ ဆရာမတစ်ခု ပြောပြပါ့မယ်။

ဆရာမက အင်မတန်ခွကျတဲ့ အဘိုးကြီးတစ်ယောက်နဲ့ ခင်ဖူးတယ်။ တစ်ခါတုန်းက ဝန်ကြီးချုပ်ဖြစ်ခဲ့ဖူးတဲ့ ဦးနုရဲ့ အကြံပေးအရာရှိပါ။ အဲဒီတော့ သူကအင်မတန်ခွကျတယ်။ သူ့ကိုဦးလေးအုန်းလို့ ခေါ်ကြတယ်။ ဘယ်လောက်ထိ ခွကျလည်းဆို တစ်သက်လုံး သက်သတ်လွတ် စားသွားတယ်။ သူသေဆုံးတဲ့အခါကျတော့ ကျန်ရစ်ခဲ့တဲ့ ပစ္စည်းတွေက တော်တော်ကို များတယ်လို့ ကြားတယ်။ ဘယ်သူ့ကိုမှ လွှဲမသွားတဲ့အခါကျတော့ နောက်ပိုင်း တရားတဘောင်ဖြစ်ပြီး ကျန်ရစ်ခဲ့တယ်။ အဲဒီဦးလေးအုန်းလို ဂွကျတဲ့လူနဲ့ သွားပြီးတော့ ဘာကြောင့် ပေါင်းမိတာလဲဆိုတော့ သူက စာသိပ်ဖတ်တဲ့အခါကျတော့ သူပြောတဲ့စကားတွေ ကြားရတာက ကိုယ် အသိပညာ တိုးတာပါ့။ သူပြောလေ့ပြောထ ရှိတယ်။ ကိုအောင်ဆန်း ဆိုတဲ့လူက လေးစားထိုက်တဲ့လူပဲ။ ဘာကြောင့်လဲဆိုတော့ ငါတို့ည ဘယ်နှစ်နာရီမှာ ဌာနရဲ့ ဘယ်နားမှာစုပြီး ဆွေးနွေးကြမယ်လို့ ပြောလိုက်လို့ရှိရင် သူ့ကိုသွားမနှိုးရဘူး။ ကျန်တဲ့လူတွေကိုသာ တစ်ယောက်ပြီး တစ်ယောက် လိုက်နှိုးတာ။ ဘာကိုပြတာလဲဆိုတော့ သူ့ရဲ့ လုံ့လဥဿဟပေါ့။ အမြဲတမ်းသူသည် နောက်မကျဘူး။ အမြဲတမ်းသူကပဲ ဦးဆောင်သွားတယ်။ ဒါကို ဦးလေးအုန်းဆီက ကြားဖူးတာပေါ့။ အဲဒီလိုနေရင်းနဲ့ တစ်နေ့ကျတော့ ဆရာမရဲ့ နာရီ ပျက်နေတဲ့အခါကျတော့ ဆရာမနာရီက နောက်ကျနေတယ်။ သူနဲ့ ဘယ်နေရာမှာ ချိန်းထားလဲဆိုရင် လှည်းတန်းထိပ်က လက်ဖက်ရည်ဆိုင်မှာ ချိန်းထားတာ။ တကယ့်တကယ်တော့ လက်ဖက်ရည်သောက်ဖို့တော့ မဟုတ်ဘူး။ အဲဒီနားမှာချိန်းထားတာ။ နာရီကိုကြည့်လိုက်တဲ့ အချိန်မှာ ဟာ.. တော်တော်နောက်ကျနေပြီဆိုတော့ အပြေးအလွှားကြီး သွားတာ။

သွားပြီးတော့ သူ့နားရောက်တဲ့အခါကျတော့ "ဦးလေးအုန်းရယ်၊ ကျွန်မကို ခွင့်လွှတ်ပါ။ နောက်ကျသွားတယ်" ဆိုတော့ သူက ဘယ်လိုပြောလဲဆိုတော့ ကိစ္စမရှိပါဘူး တူမရယ်တဲ့။ ဦးလေးအုန်း စာဖတ်နေတာပဲတဲ့။ အချိန်လည်း အလဟဿ မဖြစ်ဘူးတဲ့။ ပျင်းလည်း မပျင်းဘူးတဲ့။ အဲဒီလို ပြောတဲ့အခါမှာ သူ့လက်ကို လှမ်းကြည့်လိုက်တာပေါ့။ သူ့လက်မှာ ဘာမှမရှိဘူး။ အဲဒီလို ဘာမှမရှိတာကိုလည်း သူသိတယ်။ လှမ်းကြည့်တာကိုလည်း သူသိတယ်။ အဲဒီတော့ သူဘယ်လို ပြောလဲဆိုတော့ စာဖတ်နေတယ်ဆိုတော့ စာအုပ်ကို မျှော်လင့်ဟန်တူပါရဲ့တဲ့။ ဦးလေးအုန်းဖတ်နေတာတွေက ဒီမှာလေ ဆိုပြီးတော့ ပတ်ဝန်းကျင်က ဈေးသွားဈေးပြန်တွေ အများကြီးက ဦးလေးအုန်းဖတ်နေတဲ့ စာတွေပဲတဲ့။

ပြောချင်တာက လောကမှာ ဖတ်စရာ အကောင်းဆုံး စာအုပ်နှစ်အုပ်ရှိတယ်။ တစ်အုပ်က Other ကို ဖတ်ရမယ်။ ကိုယ်မှတစ်ပါး အခြားသောသူတွေပေါ့။ သူတို့ဘယ်လိုနေလဲ၊ ဘယ်လို လှုပ်ရှားလဲ၊ ဘယ်လိုပြောဆိုလဲ၊ ဘာတွေဝယ်ပြီး ပြန်လာတာလဲ၊ အပြင်ဘက်က လူတွေကို ဖတ်ရမယ်။ နောက်တစ်ခုက Self မိမိကိုယ်ကိုယ် ဖတ်ရမယ်တဲ့။ အဲဒီလိုပြောရင်း သူထပ်ထပ်ပြီး ပြောလိုက်တာရှိတယ်။ အဲဒီလိုပြောပါတယ်။ ဟုတ်တာပေါ့။ အမှန်က သူများလိုက်ကြည့်နေဖို့ မလိုဘူးလေ။ တရားရှာ ကိုယ်မှာတွေ့ဆိုပြီးတော့ မိမိကိုယ်ကိုယ်မိမိ ပြန်ပြီးဖတ်တာပေါ့။ ပရိသတ်ကို လက်ဆောင်ပေးချင်တဲ့ စကားတစ်ခွန်းက လောကမှာ အရေးအကြီးဆုံး စာအုပ်နှစ်အုပ် ရှိပါတယ်။ တစ်ခုက Other သူများကိုဖတ်ပါ။ နောက်တစ်ခုက Self မိမိကိုယ်ကိုယ် ဖတ်ပါဆိုတာကို လက်ဆောင်အဖြစ်နဲ့ ပေးချင်ပါတယ်။

လျှပ်တစ်ပြက် သတင်းဂျာနယ်
အတွဲ (၂) အမှတ် (၇၂)
၂၀၁၀ ခုနှစ်၊ ဖေဖော်ဝါရီ ၁၂ ရက်
ရေးသူဖတ်သူ တွေ့ဆုံပွဲ (၄)
စာမျက်နှာ - ၂၀

အတွဲ (၂) အမှတ် (၇၃)
၂၀၁၀ ခုနှစ်၊ ဖေဖော်ဝါရီ ၁၉ ရက်
ရေးသူဖတ်သူ တွေ့ဆုံပွဲ (၄)
စာမျက်နှာ - ၂၂
********
အပြည့်အစုံမဟုတ်ပါ။ စာရေးဆရာဖြစ်ချင်ရင် ဘာလုပ်ရမလဲဆိုသော မေးခွန်းနှင့် ပတ်သက်၍သာ ထုတ်နုတ်ကူးယူဖော်ပြပါထားခြင်းသာ ဖြစ်ပါသည်။
(ကိုဉာဏ်)

ချစ်တဲ့စကား - ကိုဉာဏ် (ပန်းလောင်မြေ)


ချစ်သူ့မျက်နှာ၊ လပမာဟု
ချိုသာစကား၊ သကာပျားဟု
သွားလာယဉ်ကျေး၊ မဟာသွေးဟု
နုထွေးအသားရေ၊ သိင်္ဂီရွှေဟု
ညွှန်းပေချင်ဘူး၊ ပိုချင်ဘူးကွယ်။

သို့ပေသော်လည်း၊ ကျွန့်အသည်း၌
ကမ္ဗည်းမှတ်တင်၊ တန်ခိုးရှင်ဟု
အသင်ဖမ်းစား၊ ချစ်စွမ်းအားကြောင့်
အခါးမရှိ၊ ချိုပီတိဖြင့်
ရင်ခုန်သံတို့ မြန်ရပြီ။

မဆန်းပေမယ့်၊ မရိုးတဲ့စကား
ချစ်တယ်ဆိုတာကို
ညင်သာတိုးတိတ်၊ ကြည်နူးရိပ်ဖြင့်
မင်းသိအောင် ပြောပြလိုက်မယ်
မျက်စိမှိတ်လို့ နားထောင်ကွယ်...
"မင်းကိုချစ်တယ်"

အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၂၄ ရက်၊ ဗုဒ္ဓဟူးနေ့။
နေ့လည် ၁ နာရီ ၁၀ မိနစ်တွင်ပြီး၏။
********
တစ်နေ့က ညီငယ်တစ်ယောက်က "အစ်ကို… ကဗျာမရေးတာ အတော်ကြာပြီနော်" ဆိုပြီး သတိပေးစကား ဆိုလာပါတယ်။ ဟုတ်ပါတယ်။ ကျွန်တော် ကဗျာတွေမရေးဖြစ်တာ အတော်ကို ကြာနေပါပြီ။ ရေးချင်စိတ်ရှိပေမယ့် စာရေးစားပွဲမှာ ရေးဖို့ထိုင်လိုက်တိုင်း ဘာရေးရမှန်းမသိ၊ ရေးဖြစ်ရင်လည်း အပြီးမသတ်နိုင်ဘဲ တို့လို့တန်းလန်းနဲ့ ဖြစ်နေခဲ့ရတာ ကြာပါပြီ။ ဟိုးယခင် ကဗျာတွေကို အားတိုင်းရေးနေချိန်တုန်းကတော့ ဘယ်အကြောင်းအရာကို တွေးလိုက်တွေးလိုက် လက်ကသူ့အလိုလိုပဲ ရေးဖြစ်သွားတာပါပဲ။ ဘာမှကြာလိုက်ရတယ်မထင်ပါဘူး။ အခုတော့ ကဗျာတစ်ပုဒ်ရေးဖို့ကို အတော်ကို မလွယ်တဲ့ကိစ္စကြီး ဖြစ်နေပါတယ်။ ဒီဘက်ပိုင်းမှာ ကျွန်တော့်ရဲ့ စိတ်ဝင်စားမှုတွေ ပြောင်းလဲလာခြင်းဟာ အဓိကအကြောင်းရင်းခံ ဖြစ်လိမ့်မယ်လို့ ထင်ပါတယ်။ ကျွန်တော်လတ်တလော စိတ်ဝင်စားနေတာတွေက ခံစားချက်ကို ဦးစားပေးရတဲ့ အကြောင်းအရာတွေမဟုတ်ဘဲ အခြားသော သောင်းပြောင်းထွေလာတွေ ဖြစ်နေတဲ့အတွက် ခံစားချက်တွေ ပျောက်ဆုံးနေခဲ့ရတာလည်း ဖြစ်ပါလိမ့်မယ်။ ဒီနေ့တော့ ကဗျာရေးချင်စိတ်ကလေး ရှိတာကြောင့် ချရေးဖြစ်လိုက်တာပါ။ အတော်လေးကို ခေါင်းခြောက်ခဲ့ရတာတော့ အမှန်ပါပဲ။ ရေးချင်တဲ့ အကြောင်းအရာက ရှိနေပေမယ့် စကားလုံးနဲ့ ကာရန်တွေ ပျောက်ဆုံးနေခဲ့တဲ့အတွက်  ခက်ခက်ခဲခဲ ပြီးအောင် ရေးခဲ့ရပါတယ်။ ခံစားကြည့်ပေးပါဦးနော်။ မကြိုက်တဲ့လူတွေအတွက်တော့ စိတ်မကောင်းပါဘူး။ ခံစားချက်ချင်းတူလို့ သဘောကျတဲ့လူတွေများ ရှိခဲ့ရင်တော့ ကျွန်တော် အင်မတန်မှကို ၀မ်းသာရမှာပါ။ သူတို့နဲ့ ထပ်တူပေါ့။

ဘောလုံးပွဲ ဒီမိုကရေစီ - တင်ညွန့်


ရိုးသားစွာဝန်ခံရလျှင် ဘောလုံးပွဲကို ကျွန်တော် ယနေ့တိုင် စိတ်ဝင်စား၍ မရနိုင်သူဖြစ်သည်။ တစ်ဖက်နှင့်တစ်ဖက် အင်္ကျီအရောင်များခွဲပြီး ကန်ကြသည်။ အနီနိုင်ချင်နိုင်မည်၊ အဖြူနိုင်ချင်နိုင်မည်၊ မနိုင်ဘဲ သရေလည်းဖြစ်နိုင်သည်၊ ဂိုးများသည့်ဘက်က နိုင်သည်။ ကျွန်တော့်ဘောလုံးပွဲအသိက ဤမျှသာဖြစ်သည်။ ၀ါသနာမပါသဖြင့်လည်းကောင်း၊ အချိန်မပေးနိုင်သဖြင့်လည်းကောင်း ထိုင်မကြည့်မိ။ ၀ါသနာပါလျှင်တော့ အချိန်ပေးကောင်း ပေးနိုင်မည်ထင်သည်။

ကျွန်တော် တက္ကသိုလ်တက်စဉ်က ဘောလုံးပွဲတစ်ပွဲ မှတ်မှတ်ရရ ကြည့်ဖူးသည်။ နောက်ဆုံးဖိုင်နယ်ပွဲကို ကျွန်တော်တို့ဌာနနှင့် ဓာတုဗေဒဌာန ကိုယ်စားပြုအသင်းတို့ ယှဉ်ပြိုင်ကြမည်ဖြစ်သည်။ ပါမောက္ခချုပ်ကလည်း နောက်ဆုံးဖိုင်နယ်ပွဲကို ခမ်းနားကြီးကျယ်စွာ အောင်ဆန်းကွင်းတွင် ကျင်းပပေးသည်။ ကျောင်းသားတွေကို ရန်ကုန်ဝိဇ္ဇာသိပ္ပံတက္ကသိုလ်မှ အောင်ဆန်းကွင်းသို့ ဘတ်စ်ကားများဖြင့် အကြိုအပို့လုပ်ပေးသည်။ သိပ္ပံကျောင်းသားတွေက ပွဲကြည့်စင်တစ်ခြမ်း၊ ၀ိဇ္ဇာကျောင်းသားတွေက ပွဲကြည့်စင်တစ်ခြမ်း အားပေးကြရသည်။ ပွဲကြည့်စင်အရှေ့ဘက်ခြမ်းနှင့် အထူးတန်းပွဲကြည့်စင်အပြည့် ကျောင်းသားတွေ လာရောက်အားပေးကြသည်။

ကျွန်တော်သည် ကျောင်းသားဘ၀ကတည်းက ဘောလုံးပွဲကို ၀ါသနာမပါသော်လည်း ကိုယ့်ဌာနဆိုသည့် အသင်းစွဲစိတ်ဓာတ်ဖြင့် လာရောက်အားပေးမိသည်။ အဖြူရောင်တွေ ဂိုးသွင်းနိုင်ရန် အခြေအနေရောက်လျှင် ကိုယ်အားပေးသည့်အသင်း ဖြစ်နေသဖြင့် ၀မ်းသာမိသွားသည်။ အနီရောင်တွေဂိုးသွင်းသွားလျှင် စိတ်ပျက်အားငယ်သလိုလို ခံစားရသည်။ နောက်ဆုံး အဖြူရောင်အသင်းက နိုင်နေသည်။ ပွဲလည်းပြီးတော့မည်။ အနီအသင်းမှ ဘောလုံးသမားတစ်ယောက်နှင့် အဖြူအသင်းမှ ဘောလုံးသမားတစ်ယောက်တို့ အချင်းများကြသည်။ ဒိုင်ကလည်း ထိန်းမနိုင်၊ ထိုးကြ ကြိတ်ကြသည်။ ပွဲကြည့်ပရိသတ် ကျောင်းသားတွေပါ အော်ဟစ်ဆဲဆိုရင်း ကွင်းထဲဆင်းပြီး ၀င်ရောက်ထိုးကြိတ်ကြသည်။ ဆရာတွေလည်း ထိန်းမရတော့။ နောက်ဆုံး ရဲတပ်ဖွဲ့ဝင်တွေ ရောက်လာပြီး ထိန်းမှ ပွဲငြိမ်သွားသည်။ သို့သော် ဘောလုံးပွဲကား ဆက်မကန်ဖြစ်တော့။ ချန်ပီယံဒိုင်းကြီးကိုလည်း မည်သူမျှမရ။ နောက်ထပ်နှစ်ပေါင်းများစွာ တက္ကသိုလ်ဘောလုံးပွဲတွေလည်း ရပ်ဆိုင်းသွားခဲ့ရသည်။

မကြာသေးမီက မန္တလေးမြို့ ဗထူးကွင်းတွင် ကျင်းပသွားသည့် ရတနာပုံ FC ပြိင်ပွဲတွင် ရတနာပုံ FC ပရိသတ်၏ အားပေးမှုလွန်ကဲခြင်းကြောင့် ရုပ်ပျက်ဆင်းပျက် ဖြစ်ခဲ့ရကြောင်း ဂျာနယ်များတွင် ဖတ်လိုက်ရသည်။ ဗထူးကွင်းအတွင်းသာမက၊ ကွင်းအပြင်အထိ ဖျက်ဆီးရမ်းကားမှုများကြောင့် ပျက်စီးဆုံးရှုံးမှုများ၊ ထိခိုက်ဒဏ်ရာရမှုများ ဖြစ်ခဲ့ကြရသည်။ ဘောလုံးပွဲတွင် လွတ်လပ်မှု၏ လတ်တလော အခွင့်အရေးကို ကောင်းစွာ အသုံးမချတတ်သဖြင့် အသင်းနှင့် မြို့၏ ဂုဏ်သိက္ခာကျစရာ ဖြစ်ခဲ့ရသည်။ အမှန်ပြောရလျှင် လူတစ်စု ဒီမိုကရေစီ မဆန်မှုနှင့် နားလည်မှုလွဲခြင်းကြောင့် မန္တလေးလူထုတစ်ရပ်လုံး စိတ်ပျက်ဝမ်းနည်းစရာ ဖြစ်ခဲ့ရသည်။

မြန်မာပြည်တွင် ပြည်နယ်နှင့်တိုင်း ဘောလုံးပွဲအဆင့်၊ ၀န်ကြီးဌာန ဘောလုံးပွဲအဆင့်မှ ပုဂ္ဂလိကပိုင် ဘောလုံးအသင်းများ ထူထောင်ခွင့်ပြုလိုက်သဖြင့် စီးပွားရေးလုပ်ငန်းရှင်ကြီးများ ဘောလုံးအသင်းတွေ ထူထောင်ကြကြောင့် ဂျာနယ်နှင့် သတင်းစာများတွင် ဖတ်ရပါသည်။ ဘောလုံးသမားတွေ ခေတ်ကောင်း၊ ၀င်ငွေကောင်းလာသည်။ မမျှော်လင့်သည့် ငွေကြေးများ၊ ကစားကြေးများ ရလာကြပြီး ပြိုင်ပွဲတွေကလည်း ခမ်းနားကြီးကျယ်လာသည်။ ပရိသတ်တွေ အားပေးမှုကလည်း မကြုံဖူးလောက်အောင် များပြားထူးဆန်းလှသည်ကို ရုပ်မြင်သံကြားတွင် တွေ့ခွင့်ရခဲ့သည်။ ဤသဘောတရားကို ကျွန်တော့်လို ဘောလုံးပွဲ စိတ်မ၀င်စားသူတစ်ယောက်ကတော့ နိုင်ငံရေးအရ စမ်းသပ်ကြည့်ခြင်းဟု မြင်မိသည်။ တစ်နည်းအားဖြင့် ဘောလုံးပွဲဒီမိုကရေစီဖြင့် ပြည်သူကို စမ်းသပ်ကြည့်ခြင်းဟု သုံးသပ်မိသည်။

၁၉၈၈ ခုနှစ်လောက်ကလည်း ကျွန်တော်တို့ လမ်းမတွေပေါ်ထွက်ကာ ဘောလုံးကန်ကြည့်ကြဖူးသည်။ လူတိုင်း ဘောလုံးကန်ကြည့်ချင်သဖြင့် ကွင်းမသတ်မှတ်နိုင်တော့။ လမ်းတိုင်းသည် ဘောလုံးကွင်းဖြစ်သွားသည်။ ထိုဘောလုံးပွဲတွင် ဒိုင်မရှိ။ ပွဲကြည့်ပရိသတ်နှင့် ကစားသူတွေသာရှိသည်။ ကန်ချင်သည့်အချိန်တွင် ကန်ချင်သလို ကန်ကြသည်။ မြို့တိုင်း နယ်တိုင်း နိုင်ငံအနှံ့ ကန်ကြသည်။ ကစားချင်သလို ကစားသည်။ အားပေးချင်သလို အားပေးကြသည်။ နောက်ဆုံးတွင် ဘောလုံးပွဲဆိုသည်မှာ လုပ်ချင်သလို လုပ်ခွင့်ရှိကြောင်း သတ်မှတ်ထင်မြင် လာကြသည့်အခါ ဘောလုံးပွဲသည် လူဆဲပွဲ၊ လူသတ်ပွဲ၊ လူရိုက်ပွဲအဖြစ်သို့ ပြောင်းလဲသွားပြီး ပွဲသိမ်းသွားရသည်။

နိုင်ငံတိုင်းတွင် ဘောလုံးပွဲတိုင်းလိုလို၌ အလွန်အကြူးဖြစ်မှုများ ရှိနိုင်ပါသည်။ သို့သော် ထိန်းချုပ်ကန့်သတ်မှုများ၊ စည်းကမ်းများနှင့် ဘောင်အတွင်း၌သာ ကစားကြရသလို၊ အားပေးသူတိုင်းကလည်း ဘောင်အတွင်းမှသာ အားပေးခွင့်ရှိသည်။ ပွဲပျက်လျှင် အဖြေမထွက်၊ ရလဒ်ကိုမရ ဖြစ်တတ်သည်ကိုတော့ လူတိုင်းနားလည် သဘောပေါက်ပြီးသား ဖြစ်သည်။ အားပေးသူသည် ကွင်းအတွင်းဝင်ခွင့်မရှိ၊ ကစားသူသည် အားပေးသူကို မထီမဲ့မြင်လုပ်ခွင့်မရှိ၊ ဒိုင်သည် ဘက်လိုက်ပြီး ဆုံးဖြတ်၍မရ၊ ဂိုးသမားသည် ရှေ့တန်းတက်ပြီး ဂိုးသွင်းရန် ကြိုးစားဖို့မလို၊ ရှေ့တန်းကစားသူက ဂိုးလာစောင့်ရန်မလိုဆိုသည့် အခြေခံသဘောတရားလေးတွေ လောက်ကိုတော့ အားလုံးနားလည်ပြီး ကစားခြင်း၊ အားပေးခြင်းပြုနိုင်မှသာ အဖြေတစ်ခုခုကို ရနိုင်မည်ထင်သည်။

၁၉၄၇ ခုနှစ် ဇွန်လ ၁၀ ရက်နေ့တွင် တိုင်းပြုပြည်ပြုလွှတ်တော်၌ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း နောက်ဆုံး ပြောကြားသွားသည့် မိန့်ခွန်းမှ ကောက်နုတ်ချက်တစ်ခုကို ဖော်ပြလိုပါသည်။ ဗိုလ်ချုပ်အောင်ဆန်းက -
"ပြီးတော့ ဘောလုံးပွဲကိုကြည့်၊ ကျွန်တော်တို့ဗမာတွေ ဘောလုံးပွဲမှာ ကန်ကြတဲ့အခါမှာဆိုရင် ကိုယ်က ပထမစ ဂိုးသွင်းရတယ်ဆိုရင် အတော်အားတက်လာတယ်။ … ကိုယ့်ဘက်က ဂိုးမသွင်းနိုင်ဘူးဆိုရင် အဲဒီအခါကျရင် လူကိုချတယ်။ ဒါကျွန်တော်တို့ ဗမာဘောလုံးကန်တဲ့ ဘောလုံးပွဲအကျင့်ပဲ။ အဲဒါ Sporting Spirit မရှိဘူး။ ဒါဘာလဲဆိုလို့ရှိရင် ဗမာတွေစိတ်ထဲမှာ ဗမာတွေဟာ စိတ်ဓာတ်ထက်တယ် ဘာညာနဲ့ တလွဲဆံပင်ကောင်းနေတယ်ဆိုတာနဲ့ အတူတူပဲ။ ဒီစကားဟာ ဒီနေရာမှာ သုံးဖို့ဟာတွေပဲ။ ဗမာတွေစိတ်ဓာတ်က မဟုတ်တဲ့နေရာမှာသွားပြီး ကောင်းနေတယ်။ တကယ့်နေရာတွေကျတော့ အသုံးမကျဘူး။ ဗမာတွေ လွတ်လပ်ရေးရအောင် ဆိုတာမျိုးမှာ အသုံးမချတတ်ဘူး။ ဗမာပြည် ပြန်လည်ထူထောင်ရေး လုပ်တဲ့နေရာမျိုးမှာ အသုံးမချတတ်ဘူး။ ဗမာ ဗမာချင်း ချဖို့မှာ လုပ်ချင်တယ်။ အဲဒါမျိုးတွေ လုပ်ချင်တယ်။ ဒါမျိုးတွေလုပ်ချင်လို့ ဘယ်တော့မှ အကျိုးမရှိဘူး။ ဒီတိုင်းပြည် ဘယ်တော့မှ ပြန်လည် မထူထောင်နိုင်ဘူး။ ဒီတိုင်းပြည် ဘယ်တော့မှ မလွတ်လပ်နိုင်ဘူး။ လွတ်လပ်ရင်လည်း ဘယ်တော့မှ ကျကျနန လွတ်လပ်ရေး မဖြစ်နိုင်ဘူး" ဟူ၍ ကြိုတင်ခန့်မှန်း ပြောကြားသွားခဲ့ပါသည်။

၂၀၁၀ အတွက် လက်ရှိအစိုးရအနေဖြင့် "လွှတ်တော်များ ဖွဲ့စည်းပြီး တရားမျှတသော ရွေးကောက်ပွဲများ ကျင်းပနိုင်ရေး" အတွက် ဘောလုံးပွဲဒီမိုကရေစီနည်းကို ကျင့်သုံးပြီး စမ်းသပ်နေသည်ဟု ထင်ပါသည်။ အသင်းတွေထောင်ခွင့်ပြုသည်။ မကြာမီ နိုင်ငံရေးပါတီတွေလည်း တရားဝင်ထူထောင်ခွင့် ပြုရတော့မည်။ ဘောလုံးသမားတွေကို စိတ်ကြိုက်မွေးခွင့်ရှိသည်။ အရည်အချင်းရှိသလောက် ကြေးကောင်းသည်။ နိုင်ငံခြားဘောလုံးသမားများကို ငှားရမ်းသုံးခွင့်အထိ ပေးထားသည်။ ပါတီတွေလည်း မကြာမီ မိမိတို့စိတ်ကြိုက် ခေါင်းဆောင်နိုင်သည့် အရည်အချင်းရှိသူများဖြင့် ဖွဲ့စည်းထူထောင်ခွင့် ရတောမ့ည်။ သို့သော် ဥပဒေအရ နိုင်ငံခြားမှ ငှားရမ်းသုံးခွင့်တော့မရှိ။ တစ်သင်းနှင့်တစ်သင်း အားပေးသူ၊ အရောင်၊ အဖွဲ့ဝင်နှင့် ငွေကြေးအရ လွတ်လပ်စွာ ထူထောင်ခွင့်ရသလို ပါတီတွေလည်း ပါတီဝင်များ၊ လမ်းစဉ်၊ မူဝါဒ၊ ဦးတည်ချက်၊ ရည်မှန်းချက်၊ ငွေကြေးတို့ဖြင့် ထူထောင်ခွင့်ရကြတော့မည် ဖြစ်သည်။

ဘောလုံးပွဲဆိုသည်မှာ သတ်မှတ်ထားသည့်ကာလ၊ နေ့ရက်၊ အချိန်တွင် ပြိုင်ဆိုင်ကန်ကြရသည်။ သူတို့ပြိုင်မည့်နေ့၊ နေရာသို့ ပရိသတ်များက လာရောက်အားပေးကြရသည်။ သတ်မှတ်ထားသည့် နေ့ရက်အချိန်တွင် အခြေခံဥပဒေကို လိုက်နာသည့် မည်သည့်ပါတီမဆို ရွေးကောက်ပွဲအတွင်းသို့ဝင်ပြီး ပြည်သူ၏ အားပေးမှုခံကာ ယှဉ်ပြိုင်ကြရမည်ဖြစ်သည်။ ပါတီတွေလည်း တစ်ပါတီနှင့် တစ်ပါတီ အပြိုင်အဆိုင် စည်းရုံးမဲဆွယ်ရင်း အကြိတ်အနယ် ယှဉ်ပြိုင်ကြရတော့မည်။ အဓိကမှာ ပရိသတ် (ပြည်သူ) ဖြစ်သည်။

ပရိသတ်သည် စည်းကမ်းရှိစွာ၊ အမြော်အမြင်ရှိစွာ၊ ဒီမိုကရေစီနည်းကျစွာ အားပေးကြရန်သာ လိုတော့သည်။ ဘောလုံးပွဲတစ်ပွဲတွင် ဒိုင်များ၏ အဓိကအဆုံးအဖြတ်ကို ကစားသမားများ လိုက်နာကြရသည်။ မလိုက်နာလျှင် အပြစ်ပေးပြီး ပြိုင်ပွဲမှ ထုတ်ပယ်ခံရတတ်သည်။ နောက်တစ်ချက်က ပရိသတ် ပွဲဝင်ဖျက်လျှင်လည်း၊ ၀င်ဖျက်သည်ကို မထိန်းနိုင်လျှင်လည်း အဖြေမရှိသည့် ရလဒ်တစ်ခု ဖြစ်သွားနိုင်သည်။

ဒိုင်ညစ်မှာကြောက်ပြီး ဘောလုံးပွဲဝင်မကန်ဟု ပြောရန်မလို။ ကွင်းမကြိုက်သဖြင့် ပြိုင်ပွဲမ၀င်ဟု ဆင်ခြေတက်ရန်လည်း မလို။ သတ်မှတ်သည့်အချိန်၊ သတ်မှတ်သည့်နေ့ရက်တွင် သတ်မှတ်သည့်ကွင်းသို့ မရောက်လာသည့်အသင်းသည် အရှုံးသာဖြစ်သည်။ ဗိုလ်လုပွဲအထိ မတက်နိုင်လျှင် ဒိုင်းရမည်ကိုလည်း မှန်းနိုင်မည်မဟုတ်ပေ။ ဒီမိုကရေစီဘောလုံးပွဲကြီး မကြာမီစတော့မည်။ ဘောလုံးပွဲ ဒီမိုကရေစီ သဘောတရားကို ပြည်သူတွေ သဘောပေါက်ထားရန်သာ လိုသည်။

The Voice Weekly Journal
အတွဲ (၆) အမှတ် (၁၆)
Monday, February 22-28, 2010
စာမျက်နှာ - ၁၇

ဝေဖန်ရေးကြောင့် အကျိုးယုတ်စရာ မရှိပါဘူး - လူထုစိန်ဝင်း


တစ်နေ့က လူငယ်တစ်စုရောက်လာပြီး "ယဉ်ကျေးမှုချင်း ထိပ်တိုက်တိုးခြင်း" ဆိုတဲ့ စာအုပ်မူရင်းရှိရင် ခဏငှားပါလို့ ပြောပါတယ်။ သူတို့ လူငယ်တစ်စုက စာဖတ်ဝိုင်းလေးတစ်ခု လုပ်ထားပါတယ်။ တစ်လတစ်ကြိမ် ကိုယ်ဖတ်ခဲ့တဲ့ စာအုပ်တွေအကြောင်း ၀ိုင်းပြီး ဆွေးနွေးလေ့ရှိကြပါတယ်။ များများစားစား မဟုတ်ပါဘူး။ သူငယ်ချင်း ငါးယောက်ထဲပါ။ အိမ်တစ်အိမ် တစ်လှည့်စီ စားသောက်စရာ တစ်ခုခုလုပ်ပြီး စားသောက်ရင်း ဆွေးနွေးကြတာ ဖြစ်တယ်။

အဖတ်သမားစစ်စစ်
မကြာခဏ စာအုပ်တွေ လာငှားကြပါတယ်။ သူတို့ဆွေးနွေးချင်တာတွေလည်း ဆွေးနွေးတတ်ကြတယ်။ စာကို လေးလေးနက်နက်ဖတ်တဲ့ လူငယ်လေးတွေမို့ သူတို့ဆွေးနွေးလာတဲ့ အကြောင်းအရာတိုင်းက ခပ်ပေါ့ပေါ့ မဟုတ်ကြဘူး။ ရန်ကုန်မြို့မှာ ရှိသမျှ စာကြည့်တိုက်တိုင်း သူတို့ မရောက်တာ မရှိဘူး။ စာအုပ်ဟောင်းရောင်းသူမှန်သမျှလည်း သူတို့သိတယ်။ ဈေးနှုန်းသက်သက်သာသာနဲ့ မိတ္တူကူးကောင်းတဲ့ဆိုင်တိုင်း သူတို့မိတ်ဆွေပဲ။ သူတို့ဆွေးနွေးဝိုင်းလေး လုပ်နေတာ သုံးလေးနှစ်လောက်ရှိပြီ။ သူတို့လေးငါးခြောက်ယောက်အပြင် တခြားလူမပါဘူး။ လူများရင် စကားများပြီး လိုရင်းမရောက်ဘူး။ ဒါကြောင့် ဘယ်သူ့မှ မခေါ်ဘူးလို့ ပြောကြတယ်။ သူတို့က စာပေနဲ့ အတွေးအခေါ်ဆိုင်ရာတွေကို စိတ်ဝင်စားလို့ လုပ်နေကြတာ။ စာရေးဆရာ၊ ကဗျာဆရာဖြစ်ဖို့ တစ်ယောက်မှ စိတ်ကူးရှိကြတာ မဟုတ်ဘူး။ ဘယ်သူမှလည်း လက်တည့်စမ်းမနေကြဘူး။ စာဖတ်သမားစစ်စစ်တွေ ဖြစ်ကြတယ်။

စာဖတ်သူချင်း မျိုးဆက်ကွာမှုမရှိ
သူတို့လို အဖတ်သမားစစ်စစ် လူငယ်တွေ အတော်များများနဲ့ သိကျွမ်းခင်မင်ပါတယ်။ သူတို့ဖတ်ချင်တာတွေ လာငှားတတ်ကြသလို ကိုယ်ဖတ်ချင်တာတွေလည်း မရ,ရအောင် ရှာဖွေပေးလေ့ရှိပါတယ်။ စာကို အလေးအနက်ဖတ်တဲ့ လူငယ်တွေနဲ့ မိတ်ဆွေလုပ်ရတာ အများကြီးအကျိုးရှိတယ်။ စာဖတ်သူချင်းကြားမှာ မျိုးဆက်ကွာဟမှုဆိုတာ မရှိဘူး။ သူငယ်ချင်းတွေလို ရင်းရင်းနှီးနှီး ပွင့်ပွင့်လင်းလင်း ပြောလို့ဆိုလို့ရတယ်။ ကိုယ့်ကို လူကြီးပဲဆိုပြီး အားနာနေမှာ မဟုတ်ဘူး။ သူတို့ကြိုက်ရင် ကြိုက်တဲ့အကြောင်း အားရပါးရပြောတယ်။ မကြိုက်ရင်လည်း မကြိုက်တဲ့အကြောင်း ခင်ရှင်းရှင်းပြောကြတယ်။ လူ့သက်တမ်းရော၊ စာသက်တမ်းပါ အမှည့်လွန်အရွယ် ရောက်နေပြီဆိုတော့ လူများစုက ကြိုက်ရင်သာ ဖွင့်ပြောတတ်ကြပြီး၊ မကြိုက်ရင်တော့ ရေငုံနှုတ်ပိတ် ဆိတ်ဆိတ်နေလေ့ရှိကြတယ်။ လိုရင်းပြောရရင် အသက်ကြီးတော့ ဆုံးမမယ့်သူ မရှိတော့လို့ မိုက်တွင်းနက်တတ်ပါတယ်။

လူငယ်သူငယ်ချင်းတွေ
လူငယ်သူငယ်ချင်းတွေရှိလို့ မမိုက်အောင် ထိန်းသိမ်းဆင်ခြင်တတ်နေတာ ဖြစ်တယ်။ သူငယ်ချင်းတွေကို ကျေးဇူးတင်ရတယ်။ မကြိုက်ဘူးပြောမယ့် လူငယ်တွေသာ မရှိရင် အောက်ခြေလွတ် ဘ၀င်မြင့်ပြီး ထင်ရာစိုင်းလို့ အခုလောက်ဆို မြောင်းထဲရောက်ချင် ရောက်နေမှာ။ ရောက်သွားသူတွေ အများကြီးကို မြင်ဖူးတွေ့ဖူးခဲ့တာပဲ။ ကန့်ကွက်ဝေဖန်သူရှိမှ ပြန်လည် သုံးသပ်မှု ပြုဖြစ်တာကလား။ ကြိုက်သူ၊ ထောက်ခံသူတွေချည်း ရှိနေရင် ပြန်ပြီးစဉ်းစားသုံးသပ်မှု ဘယ်ပြုဖြစ်မှာလဲ။ အဲဒီတော့ ကိုယ်မှားနေရင်လည်း မှားမှန်းမသိတော့ဘူး။ မှားမှန်းမသိတော့ ဆက်တိုးလေ ဆက်မှားလေဖြစ်ပြီး နောက်ဆုံး မြောင်းထဲ ရောက်သွားရတော့တာပဲ။

အကြိုက်မတူတာ သဘာဝ
တစ်ယောက်နဲ့တစ်ယောက် အကြိုက်မတူဘူးဆိုတာ သဘာဝပဲ။ ဘာမှထူးဆန်းတဲ့ ကိစ္စမဟုတ်ဘူး။ သူကြိုက်တာကို ကိုယ်က မကြိုက်နိုင်သလို၊ ကိုယ်ကြိုက်တာကို သူက မကြိုက်နိုင်တာမျိုးလည်း ရှိနိုင်တာပဲ။ အကြိုက်ချင်း မတူတာနဲ့ပဲ ရန်သူဖြစ်စရာအကြောင်း ဘာမှမရှိပါဘူး။ ကိုယ်နဲ့မတူ ကိုယ့်ရန်သူဆိုတဲ့ စိတ်ဓာတ်ဟာ အသိဉာဏ် ကင်းမဲ့သူတွေရဲ့ စိတ်ဓာတ်ဖြစ်တယ်။ မတူပေမယ့် ရိုးသားဖြောင့်မတ်သူချင်း အတူလက်တွဲလို့ ရပါတယ်။ ရိုးသားဖြူစင်ဖြောင့်မတ်မှု မရှိဘဲ ကိုယ်ကျိုးအတွက် အကောက်ဉာဏ်နဲ့ ဖောက်ပြန်သူဆိုရင်တော့ အကြိုက်ချင်းတူတာတောင် ရန်သူလို့ သတ်မှတ်ရမှာပါ။

ခြောက်ပစ်ကင်းသူ မရှိ
ကောက်ကျစ်စဉ်းလဲတဲ့ အနီးကပ်မိတ်ဆွေထက် ရိုးသားဖြူစင်ဖြောင့်မတ်တဲ့ အဝေးက ရန်သူဟာ ပိုပြီးလေးစားထိုက်ပါတယ်။ ကိုယ့်ကို ဝေဖန်သူတိုင်းကို ကလေကခြေလို့ တံဆိပ်ကပ်မပစ်လိုက်ပါနဲ့။ သူ့ဝေဖန်ချက်ကြောင့် ကိုယ်သတိမမူ ဂူမမြင် ဖြစ်ခဲ့တာတွေရှိရင် သိမြင်နိုင်ပါတယ်။ "ခြောက်ပစ်ကင်း သဲလဲစင်" ဖြစ်သူ လူ့လောကမှာ မရှိပါဘူး။ ဝေဖန်ရေးကြောင့် အကျိုးယုတ်စရာ မရှိပါဘူး။ ကိုယ့်အတွက် အကျိုးဖြစ်စရာသာရှိတယ်လို့ ပြောလိုက်ပါရစေဗျာ။

True News Journal
အတွဲ (၂) အမှတ် (၂၈)
၂၃ ဖေဖော်ဝါရီ ၂၀၁၀၊ အင်္ဂါနေ့။
စာမျက်နှာ - ၂၄၊ ၂၅

Tuesday, February 23, 2010

ကဗျာဆရာ့အိပ်မက်များ - တင်မိုး


ငါပိုင်ဘဏ္ဍာ၊ အိပ်မက်သာတည့်။
စိန်ရွှေရတနာ၊ မချမ်းသာလည်း
သြဇာအာဏာ၊ မချမ်းသာလည်း
ငါ့မှာချို့တဲ့၊ လက်မဲ့မဟုတ်။
င့ါမှာ
အနာဂတ်တွက်၊ မျှော်လင့်ချက်ဟု
အိပ်မက်တလှေကြီးရှိသည်။
ငါ့အခန်းတွင်
အဆန်းတကြယ်၊ အိပ်မက်ခြယ်၏။
အိပ်မက်မျိုးစုံ၊ လက်ပုံပုံ၍
မွှေးထုံချိုသင်း၊ ဈေးလိုခင်း၏။
မိုးမှောင်သောည၊ ငါဝေငှသည်
လှလှပပ၊ ရောင်ကြိုးကြွနှင့်
ဘ၀အိပ်မက်၊ လူ့အိပ်မက်ဟု
စိန်ကွက် မြကွက်ကလေးများ။
ငါ့အိပ်မက်ကို
နှစ်သက်မှသာ၊ ယူနိုင်ပါ၏။
အနာဂတ်ကို၊ ချစ်သူဆိုလျှင်
ယူလိုမည်မှာ၊ ငါသိပါ၏။
ငါ့မှာပိုင်သ၊ အိပ်မက်မျှကို
ဝေငှဆင့်လောင်း၊ ဆုမွန်တောင်းသည်
အိပ်မက်ကောင်းများ၊ မက်စေသား။

တင်မိုး
ပုဂံကျောင်းက ခေါင်းလောင်းသံ
စာမျက်နှာ - ၇၀

ဘယ်လိုလူကို ရွေးမလဲ - ဒေါက်တာခင်မောင်ညို


လူတစ်ယောက် သင့်အိမ်ပြင်ဖို့ အလုပ်အပ်မယ်။

အိမ်ပြင်ဖို့လာတဲ့ လက်သမားမှာ လက်သမား ကိရိယာထည့်တဲ့ သေတ္တာတစ်လုံးပါတယ်။

"ဘာတွေလဲ"

"တူတွေ"

 

လက်သမားဆရာဟာ သူ့ရဲ့ သေတ္တာထဲကနေ တူဆိုက်မျိုးစုံကို ထုတ်ပြတယ်။

"တူပဲပါတယ်ဆိုရင် ခင်ဗျား ဘာလုပ်မလဲ" သင်မေးမှာပေါ့။

 

ဒါဆိုရင် လက်သမားက ဖြေမယ်။

"ကျွန်တော် သံပဲ ရိုက်တတ်တယ်"

 

သံကောင်းကောင်းရိုက်တတ်တဲ့ လက်သမားပါ။ သူဟာ ဘယ်နံရံကို ဘာတူသုံးပြီး ရိုက်ရမယ်ဆိုတာကို ကောင်းကောင်းသိတယ်။

 

သင် သူ့ကို ဆက်ခိုင်းမလား၊ ပြန်လွှတ်မလား။

"ပြန်လွှတ်မယ်"

အများက ဒီအတိုင်းပဲ ဖြေကြမှာပေါ့။

 

အိမ်ပြင်ဖို့အတွက် တူရိုက်ရုံနဲ့ မဖြစ်ဘူး။ လွှဖြတ်တတ်ရမယ်။ ရွေဘော်ထိုးတတ်ရမယ်။

 

ခုခေတ်လက်သမားတွေမှာ လျှပ်စစ်ဓာတ်နဲ့ သုံးတဲ့ လွှတို့၊ ရွေဘော်တို့၊ သံရိုက်တဲ့တူတို့ ရှိတယ်။ ရေချိန်၊ ချိန်သီးတွေလည်း လိုမယ်။ ဒါတွေ မတတ်ရင် သင်ခိုင်းဖို့ စဉ်းစားမှာ မဟုတ်ဘူး။ မကြာမီ ရွေးကောက်ပွဲ လုပ်တော့မယ်တဲ့။ ဘယ်သူတွေ ၀င်ရွေးမှာလဲ။ တူကောင်းကောင်းသုံး၊ သံကောင်းကောင်း ရိုက်တတ်တဲ့ သူလား။ ဒါတစ်ခုပဲ လုပ်တတ်သူဆိုရင်တော့ ခွအကျသား။ ဘယ်တော့မှ အိမ်ကို ပြန်လို့ပြီးမှာ မဟုတ်ဘူး။

 

"သူက ရိုးသားတယ်ဗျာ၊ ဒါကိုပဲ တတ်တယ်။ ဒါကိုပဲ သူလုပ်မယ်တဲ့"

ဒါပဲ လုပ်တတ်ရင်တော့ သူ့ကို ကျွန်တော်တို့ ဘယ်လို ယုံကြည်စိတ်ချရမှာလဲ။ ဒါမှမဟုတ် အိမ်ကောင်းကောင်း ပြင်တတ်တဲ့ လူဟုတ်မဟုတ် ကျွန်တော်တို့ ဘယ်လိုသိမှာလဲ။ သူက အိမ်ကိုပြင်တတ်အောင် ကြိုးစားသူဖြစ်ရဲ့လား။ ခက်တယ်။ …..

 

တချို့ လာပြောတယ်။

"ကိုအောင်ဝင်းကိုပဲ မဲထည့်ပါ"

"ဘာဖြစ်လို့လဲ"

"သူက တို့ ဘီလူးကျွန်းသား"

 

နောက်တစ်ယောက်က ပြောတယ်။

"ကိုကြည်မြင့်ကို ထည့်ဗျ"

"ဘာဖြစ်လို့လဲ၊ သူက သထုံသားမဟုတ်လား"

"တို့ကို မှာထားတယ်။ သူ့ကိုပဲ ထည့်ပါလို့ ပြောပါတဲ့"

 

ကျွန်တော် ငယ်စဉ်က ကြုံခဲ့၊ ကြားခဲ့ရသော ရွေးကောက်ပွဲမတိုင်မီ စကားများဖြစ်သည်။

 

ကျွန်တော် စဉ်းစားတယ်။

သထုံသား ကိုကြည်မြင့်။ ဘီလူးကျွန်းသား ကိုအောင်ဝင်း၊ မော်လမြိုင်မှ ကိုခင်မောင်လွင်၊ မုဒုံမှ ကိုခင်မြင့်၊ သူတို့ရဲ့ လုပ်ဆောင်မှုတွေဟာ ဘာလဲ။

 

သို့သော် ဘယ်ကမို့လို့ ထည့်ပါဟု ပြောသည်တော့ မကောင်းပါ။ သူ ကူညီတတ်တယ်။ သူ လူမှုရေးတွေ လုပ်တယ်။ အများအကျိုး ရွက်ဆောင်တယ်။ သူတို့ ဒါတွေလုပ်ကြတာကို ကျွန်တော်တို့ သိပါတယ်။ ပိုပြီး ရှင်းရန်သာ လိုတယ်။ "သူ့ကို မဲထည့်ဖို့ တို့ကို ပြောထားလို့" ဆိုတာတွေကတော့ ရွေးကောက်ပွဲအတွက် များစွာ အထောက်အကူပြုသော အကြောင်းအရာမျိုး မဖြစ်နိုင်ပါ။ မဖြစ်သင့်ပါ။ မကြာမီ ရောက်လာမယ့် ရွေးကောက်ပွဲတွင် သင့်ကို ဒီလိုလာပြောကြမယ်ဆိုရင် သင်ဘာလုပ်မလဲ။

…..

 

ဘားရက် အိုဘားမားဟာ အမေရိကန်နိုင်ငံက ပထမဦးဆုံး လူမည်းသမ္မတဖြစ်တယ်။ သူဟာ သမ္မတလောင်း ရွေးချယ်ပွဲအတွက် ဒီမိုကရက်တစ်ပါတီအတွင်း ကလင်တန်နှင့် ယှဉ်ပြိုင်ရတယ်။ ကလင်တန်ဆိုတာကတော့ အတော်လေး ထက်မြက်သူပါ။ ခင်ပွန်းက သမ္မတ ဖြစ်ခဲ့တယ်။ နှစ်ယောက်အားနှင့် ယှဉ်သလို ဖြစ်တယ်။ သို့သော် ဒါတွေကို ကျော်ဖြတ်ပြီး အိုဘားမား ပထမအဆင့် တက်လာတယ်။ သူ ဒုတိယအဆင့် သမ္မတရွေးပွဲမှာလည်း နိုင်တယ်။ ငယ်တယ်။ မည်းတယ်။ သူသမ္မတ မဖြစ်ချင်လည်း ရပါတယ်။ သို့သော် သူတော်တာပဲ။ သူက မဲထည့်သူများကို ဒီမိုကရေစီထိုက်တန်မှုကိုသာ ပြောတယ်။ သူက မဲထည့်သူများ၏ ဒီမိုကရေစီဆန်မှုကို လက်ကမ်းတာပါပဲ။

 

ဥပမာ သူပြောသွားသော အင်မတန်နှစ်ခြိုက်စရာကောင်းသည့် စကားတစ်ခုကို တင်ပြလိုသည်။ သူ့ကို နိုဘယ်ဆုရွေးချယ်ရေးကော်မတီက ၂၀၀၉ ခုနှစ်အတွက် ငြိမ်းချမ်းရေးနိုဘယ်လ်ဆုအတွက် ရွေးချယ်ကြောင်း ကြေညာတော့ သူအတော် အံ့အားသင့်သွားတယ်။ သတင်းထောက်တွေက သူ့ကို လာမေးတယ်။

"သမ္မတကြီးခင်ဗျား၊ သမ္မတကြီးကို နိုဘယ်လ်ဆုပေးလိုက်တာ ကြားပါသလား"

"ကြားပါတယ်၊ ၀မ်းလည်းသာပါတယ်"

"ဟုတ်ကဲ့၊ အခု အမေရိကန်တွေက ပြောနေကြတယ်။ တချို့ကလည်း ရွေးချယ်မှုဟာ မှန်ကန်တယ်တဲ့။ တချို့ကတော့လည်း ရွေးချယ်မှုဟာ မမှန်ဘူး။ တချို့ကတော့ စောလွန်းတယ်တဲ့"

"ဟုတ်ကဲ့"

"အဲဒါ သမ္မတကြီးရဲ့ ယူဆချက်ကို ပြောပြပါ"

 

သင်သာ ဘားရက်အိုဘားမားနေရာမှာ နေရရင် ဘာပြောမလဲ။ အိုဘားမားက ချက်ချင်း တုံ့ပြန်ပြောဆိုခဲ့ပါတယ်။

"ဒီလို ဝေဖန်သုံးသပ်တာကိုက အမေရိကန်လူမျိုးတွေရဲ့ လွတ်လပ်စွာ စဉ်းစားတတ်တာကို ဖော်ထုတ်လိုက်တာပါ။ ကျွန်တော် ချီးကျူးပါတယ်။ ဒီမိုကရေစီနဲ့ ထိုက်တန်တဲ့လူမျိုးပါပဲ" တဲ့။

 

ဘားရက်အိုဘားမားရဲ့ လုပ်ဆောင်ချက်တွေကို တစ်ကမ္ဘာလုံးက ကြိုဆိုနေကြပါတယ်။ ဘာကြောင့်လဲ။ သူဟာ တူတစ်မျိုးတည်းနဲ့ ပြဿနာဖြေရှင်းသူ မဟုတ်လို့ပါပဲ။

 

၂၀၁၀ ရွေးကောက်ပွဲမှာ နိုင်ငံရေးခေါင်းဆောင်များ အရည်အသွေး မြင့်ကြပါစေ။

 

7Day News Jouranl

အတွဲ (၈) အမှတ် (၄၉)

Thursday, February 18, 2010

စာမျက်နှာ - ၃၀

ကျွန်တော်ကြိုက်သော ပုံပြင်များ (၁၂)


တစ်ခါတုန်းက ဘုရင်ကြီးတစ်ပါးမှာ အမတ်ကြီးနှစ်ဦး ရှိပါသတဲ့။ တစ်ဦးက ဘုရင်ကြီးရဲ့ ဘုန်းတန်ခိုးတွေကို ဖွဲ့နွဲ့သီကျူးတဲ့နေရာမှာ အရမ်းတော်သတဲ့။ ဘုန်းတော်ဘွဲ့တွေပေါ့လေ။ ဒါကြောင့် ဘုရင်က ဆုလာဘ်တွေ ပေးသနားပြီး မြှောက်စားထားတဲ့အတွက် ဆီဦးထောပတ်တွေစားပြီး ကောင်းစားနေသတဲ့။

အခြားအမတ်တစ်ဦးကတော့ ပညာရှိပီပီ လိုအပ်မှပဲ ပြောသတဲ့။ အကြံဉာဏ်တွေကိုလည်း ဘုရင်ကြီးက တောင်းမှပဲ ပေးသတဲ့။ ဒါပေမယ့် သူပေးတဲ့ အကြံဉာဏ်တွေက ထိရောက်ကောင်းမွန်တဲ့အတွက် ဘုရင်ကြီးက သူ့ကို သိပ်သဘောမကျပေမယ့်လည်း မပစ်ပယ်ရဲဘူးတဲ့။ သူဟာ ဘုရင်ကြီးအတွက် ဘုန်းတော်ဘွဲ့မျိုး တစ်ခါမှ မစပ်ဆိုခဲ့ဘူးတဲ့အတွက် ဘုရင်ကြီးရဲ့ မြှောက်စားမှု မခံရဘဲ ဆင်းဆင်းရဲရဲနဲ့ နေရသတဲ့။

တစ်ရက်မှာတော့ ဘုန်းတော်ဘွဲ့ အရွတ်ကောင်းတဲ့ အမတ်ကြီးဟာ ပညာရှိအမတ်ရဲ့အိမ်ကို သွားရောက်လည်ပတ်ပါသတဲ့။ အဲဒီအခါ ပညာရှိအမတ်ကြီးခမြာ ငါးပိရည်၊ တို့စရာနဲ့ ထမင်းစားနေရတာကို မြင်ရတဲ့အတွက် စိတ်မကောင်းဖြစ်မိသတဲ့။ အဲဒါကြောင့် တိုက်တွန်းလိုက်ပါသတဲ့။
"ဘုန်းတော်ဘွဲ့တွေ ရွတ်ဆိုပြလိုက်စမ်းပါ။ ငါးပိရည်၊ တို့စရာနဲ့ပဲ စားနေရတဲ့ဘ၀က လွတ်မြောက်ပါလိမ့်မယ်" ပေါ့။

အဲဒီအခါ ပညာရှိအမတ်ကြီးက ဘယ်လိုပြန်ပြောလိုက်သလဲဆိုတော့ -
"မိတ်ဆွေ…၊ ငါးပိရည်နဲ့ တို့စရာကို ကြိုက်နှစ်သက်ပါ။ အဲဒီအခါ ဘုရင်ကို မြှောက်ပင့်နေရတဲ့ ၀ဋ်က လွတ်ကင်းပါလိမ့်မယ်" တဲ့။

ကောင်းသန့်
ညီမလေး…. သို့ စကားလက်ဆောင်

၂၀၁၁ အရပ်ဘက် လူ့အဖွဲ့အစည်း - ကျော်ရင်လှိုင် နှင့် အောင်ထွဋ်


နိုင်ငံအသီးသီးတွင် ဖြစ်ပေါ်လေ့ရှိသော ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်များကိုကြည့်လျှင် ယေဘုယျအားဖြင့် အဆင့်လေးဆင့်ကို ဖြတ်သန်းကြရလေ့ရှိသည်ကို တွေ့ရသည်။ ၎င်းတို့မှာ အသွင်ကူးပြောင်းမှုစတင်ခြင်း (Transition)၊ ဖြေလျှော့မှုများပြုလုပ်ခြင်း (Liberalization)၊ ဒီမိုကရေစီအသွင်ကူးပြောင်းမှု စတင်ခြင်း (Democratization)နှင့် လူ့အဖွဲ့အစည်းအတွင်းသို့ ဒီမိုကရေစီရောက်ရှိခြင်း (Socialization) Democratic Consolidation ဟုလည်း နိုင်ငံရေးသိပ္ပံတွင် သုံးနှုန်းသည့် စသည့်အဆင့်များ ဖြစ်ပေသည်။

အဆိုပါလုပ်ငန်းစဉ်များသည် တစ်ခုပြီးမှတစ်ခု ပေါ်ရခြင်းမဟုတ်သော်လည်း တစ်ခုစပြီးမှ တစ်ခုစတင်ရသည့် သဘာဝရှိပါသည်။ Transition စပြီးမှ Liberalization ဖြစ်ပြီး နှစ်ခုတစ်ပြိုင်နက် ဆက်ဖြစ်ခြင်းမျိုးကို ၂၀၁၀ အလွန်ကာလတွင် မြင်တွေ့ရပါလိမ့်မည်။

မြန်မာနိုင်ငံသည် ယခုအခါ အသွင်ကူးပြောင်းမှု စတင်ခြင်းအဆင့်တွင် ရှိနေသည်ကို အားလုံးအသိဖြစ်ပါသည်။ ဤကာလတွင် တပ်မတော်အတွင်း အသွင်ကူးပြောင်းမှု၊ အစိုးရအတွင်း အသွင်ကူးပြောင်းမှု၊ လူ့အဖွဲ့အစည်းအတွင်း အသွင်ကူးပြောင်းမှုများ စတင်သည်ကို မြင်တွေ့ရပါလိမ့်မည်။ ဤကာလတွင် Rule of the Game အသက်မ၀င်သေးဟု ပညာရပ်ကျမ်းများက ဆိုသည်။

Leberalization ခေါ် ဖြေလျှော့မှုများ ပြုလုပ်သည့်အဆင့်တွင် အောက်ပါအင်္ဂါရပ်များ ပါဝင်သည်ဟု ဆိုသည်။

၁။ Rule of the Game တိတိကျကျ ရှိသည်။ နှစ်ဖက်ညှိနှိုင်းထားသော သို့မဟုတ် တစ်ဖက်သတ်လျှော့ထားသော Negotiation Pacts အတိုင်း ဖြစ်သည်။

၂။ Depoliticization ခေါ် "အရာရာ နိုင်ငံရေးအဖြစ် ကောက်ယူခြင်းများ လျော့ပါး" သွားသည်။

၃။ လူတစ်ဦးချင်းနှင့် အဖွဲ့အစည်းများအပေါ် အာဏာစက်ဖြင့် အသုံးပြုမှု နိုင်ငံရေးဖိအား လျော့ပါးသွားသည်။

မြန်မာနိုင်ငံတွင် ၂၀၁၀ ရွေးကောက်ပွဲ နောက်ပိုင်းကာလကို Liberalization ကာလဟု ယူဆပါသည်။ ထိုကာလတွင် အသက်ဝင်မည့် အခြေခံဥပဒေသည် Rule of the Game ဖြစ်ပြီး Neg0tiation Pacts ဖြစ်သည်ဟု ဆိုနိုင်ပါသည်။

တပ်မတော်အတွင်း၊ အစိုးရအဖွဲ့အတွင်း၊ လူ့အဖွဲ့အစည်းအတွင်း အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်များစွာ ဆက်လက်ဖြစ်ပေါ်နေဦးမည် ဖြစ်ပါသည်။ Liberalization သည် Democratization နှင့် ဆင်တူသော နှီးနွှယ်နေသော်လည်း တစ်ခုနှင့်တစ်ခု မတူပါ။ တစ်ပြိုင်နက်လည်း စတင်ဖြစ်ပေါ်လေ့မရှိပါ။ တစ်နည်းအားဖြင့် Liberalization စပြီးမှသာ Democratization စတင်၍ ရနိုင်သည်ဆိုသော သဘောဖြစ်သည်။

မည်သို့ပင်ဖြစ်စေ လူ့အဖွဲ့အစည်းအတွင်း အရာရာနိုင်ငံရေးအဖြစ် အဓိပ္ပါယ်ကောက်ယူ ဘာသာပြန်ခြင်း၊ ဘာသာပြန်ခံရခြင်းများမှ ကင်းလွတ်၍ ပေါ့ပါးခြင်းတစ်မျိုးကို ပြည်သူလူထု မြင်တွေ့ရပါလိမ့်မည်။

လူ့အဖွဲ့အစည်းအတွက် Space ခေါ် နေရာသည် အသွင်ကူးပြောင်းမှုနှင့်အတူ တဖြည်းဖြည်း ပေါ်ပေါက်လာမည်ဖြစ်ပေသည်။ ထိုသို့ ပေါ်ပေါက်လာသော အခွင့်အလမ်းများကို မြင်နိုင်သူများ တဖြည်းဖြည်း ပေါ်ပေါက်လာပြီး လူ့အဖွဲ့အစည်း၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် အပြောင်းအလဲများကို ဆော်သြကြပါလိမ့်မည်။ လူ့အဖွဲ့အစည်းအနေဖြင့် တိုးတက်ရရှိလာနေသော နေရာကို မြင်နိုင်စွမ်းသည်လည်း လူ့အဖွဲ့အစည်းအတွင်း အုပ်စုတစ်ခုနှင့်တစ်ခု မတူညီချေ။ အခွင့်အလမ်းများ ပွင့်လာသည်ကို မြင်နိုင်သူများမှာ Elite ခေါ် အရပ်ဘက်လူ့အဖွဲ့အစည်း၏ အပေါ်ဆုံးအလွှာတွင်ရှိသူများဖြစ်၍ ၎င်းတို့ထံမှအသံကို အမြဲလိုလို အရင်ဆုံးကြားရလေ့ရှိသည်မှာ မဆန်းပါ။

တဖြည်းဖြည်း နေရာကျယ်၍ သိသာထင်ရှားလာသည်နှင့်အမျှ လူ့အဖွဲ့အစည်းအတွင်း သဘောပေါက်သူများ တဖြည်းဖြည်း များလာပြီး သက်ဝင်လှုပ်ရှားမှုအမျိုးမျိုးကို တွေ့ရမည်ဖြစ်ပေသည်။

ဘူဇွာလူတန်းစားဟုခေါ်သူများ၏ တက်ကြွမှု၊ ပညာရှင်များ၏ အခန်းကဏ္ဍ၊ လူလတ်တန်းစားပါဝင်မှုမှသည် လူ့အဖွဲ့အစည်း၏ အောက်ခြေအလွှာအထိ Liberalization အပေါ် တုံ့ပြန်မှုအသွင် ကူးပြောင်းမှုအမျိုးမျိုး မြင်ရပါလိမ့်မည်။

အချို့အသွင်ကူးပြောင်းရေး (Liberalization) အပါအ၀င် လုပ်ငန်းစဉ်များသည် အလွန်လျင်မြန်ပြီး ထိုသို့လျင်မြန်လျှင် Popular Upsurge များ ကြုံရတတ်သည်ဟု ဆိုသည်။ Liberalization နောက်က ဒီမိုကရေစီအသွင်ကူးပြောင်းမှု ဆက်တိုက်လိုက်ပါလာသော နိုင်ငံများရှိသကဲ့သို့ နှစ်ပေါင်းဆယ်နှစ်ကျော်ကြာအောင် စောင့်ရသောနိုင်ငံများလည်း ရှိခဲ့ပါသည်။ Liberalization နောက်က ဒီမိုကရေစီအသွင်ကူးပြောင်းရေး မလိုက်သော နိုင်ငံများလည်း ရှိနေခဲ့ပါသည်။

မည်သို့ပင်ဖြစ်စေ ၂၀၁၁ မြန်မာ့လူ့အဖွဲ့အစည်း၏ အလွှာအသီးသီးသည် ပွင့်လာသော အခွင့်အလမ်းများကို ခန့်မှန်းနိုင်ခြေအပေါ် မူတည်၍ တစ်ဆင့်ပြီးတစ်ဆင့် အသွင်ကူးပြောင်းလှုပ်ရှားလာကြမည်ဖြစ်ရာ ရင့်ကျက်သော တုံ့ပြန်မှုများ ဖြစ်နိုင်သကဲ့သို့ လက်ခုပ်သံသက်သက်ထက် မပိုသော လှုပ်ရှားမှုများလည်း မြင်တွေ့ရမည်ဖြစ်ပေသည်။

လူ့အဖွဲ့အစည်း Civil Society ရင့်ကျက်ခဲ့လျှင် မလိုလားအပ်သော ပန်းတိုင်များဆီ ရောက်ရှိသွားခြင်းမျိုးကို ရှောင်ရှားနိုင်မည် ဖြစ်ပေသည်။ ၂၀၁၁ မြန်မာ့လူ့အဖွဲ့အစည်းသည် Liberalization ကို အသေအချာ ထိတွေ့ရမည်ဖြစ်ပြီး Liberalization အဆင့်သည် Democracy မဟုတ်ကြောင်းလည်း သိရှိထားသင့်ပေသည်။

The Voice Weekly Journal
အတွဲ (၆) အမှတ် (၁၆)
February 22-28, 2010
စာမျက်နှာ - ၁၅

Monday, February 22, 2010

AFC Challenge Cup 2010, Semi-finals


၂၀၁၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၂၄ ရက် (ဗုဒ္ဓဟူးနေ့)

ပထမပွဲစဉ်
တာဂျစ်ကစ္စတန် (အုပ်စု-က ပထမ) နှင့် တာမင်နစ္စတန် (အုပ်စု-ခ ဒုတိယ)

ဒုတိယပွဲစဉ်
မြောက်ကိုရီးယား (အုပ်စု-ခ ပထမ) နှင့် မြန်မာ (အုပ်စု-က ဒုတိယ)

နိုင်ငံရေးစိတ်တွက် ဘယ်အပေါ်အခြေခံမလဲ - မောင်စူးစမ်း


ကံကြမ္မာနှစ်မျိုး
နိုင်ငံရေးခေါင်းဆောင်တို့တွင် ကံကြမ္မာနှစ်မျိုး ကြုံတွေ့ရတတ်သည်။ ပထမကံကြမ္မာသည် အတွေးအခေါ် အိုင်ဒီယာအသစ်တို့ကို မစဉ်းစားနိုင်သော အခြေအနေဖြစ်သည်။ ပကတိအခြေအနေနှင့် ဆက်စပ်သည့် အတွေးအခေါ်တို့ကို တီထွင်ကြံဆမှုမပြုနိုင်ဘဲ တရားသေ အတွေးအဟောင်းတို့နှင့် ပိတ်မိနေခြင်းဖြစ်သည်။ အယူအဆဟောင်းတို့မှ ရုန်းမထွက်နိုင်ခြင်းဖြစ်သည်။ ဒုတိယကံကြမ္မာသည် မိမိ၌ အကောင်းမမြင်နိုင်သော ဦးနှောက်ရှိနေခြင်းဖြစ်သည်။ မိမိဦးနှောက်သည် Total Negative လုံးလျားအဆိုးမြင်ဝါဒဖြင့် ပိတ်ဆို့ခံနေရခြင်း ဖြစ်သည်။

ထို့ကြောင့် ၂၀၁၀ ပြည့်နှစ်၌ ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲအပေါ် အဆိုးမြင်သည့် ကြိုတင်အစွဲအလမ်းဖြင့် ရွေးကောက်ပွဲကို ဆန့်ကျင်ရန်ဟောသည်။ ဒီမိုကရေစီ အရိပ်အယောင် ထွန်းတောက်ပေါ်လာသောအခါ၌ သဘာဝအတိုင်း တောတွင်းလက်နက်ကိုင် လမ်းစဉ်သည် ဆွဲဆောင်မှုမရှိနိုင်တော့ပေ။ တောတွင်းလက်နက်ကိုင်လမ်းစဉ်သည် ဒီမိုကရေစီ၏ အရိပ်အာဝါသ၌ ပြိုလဲသွားတော့မည်။ လက်နက်ကိုင်လမ်းစဉ်သည် ရွေးချယ်စရာမဟုတ်ပြီ။

လုပ်စား
ဒီမိုကရေစီအရိပ်အာဝါသ၌ နိုင်ငံရေးအင်အားစု အားလုံးသည် အလုပ်,လုပ်ကိုင်ကြမှသာ ဒီမိုကရေစီရှင်သန်မည်။ ထို့အပြင် ဒီမိုကရေစီမှအပ၊ အထူးသဖြင့် ရွေးကောက်ပွဲမှအပ အခြားလမ်းစဉ်တို့ဖြင့် ဒီမိုကရေစီအကြောင်း ပြောနေခြင်းသည် အဓိပ္ပါယ်မဲ့လွန်းရာရောက်သည်။ ရွေးကောက်ပွဲနည်းလမ်းမှအပ အခြားနည်းလမ်းတို့ကို ရွေးချယ်စဉ်းစားလိုခြင်းသည် ဦးနှောက်ချွတ်ခြုံရာ ကျရောက်သည်။ နိုင်ငံရေးအဓိပ္ပါယ်မရှိတော့ဘဲ "လုပ်စား"သည့်သဘော သက်ရောက်မည်။

မျိုရမခက်ပြီ
၂၀၁၀ ပြည့်နှစ်ရွေးကောက်ပွဲသည် ဧကန်တရားဖြစ်ပြီး ပြည်ထောင်စုနေ့ သ၀ဏ်လွှာ၌ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဋ္ဌက "… နိုင်ငံသားတို့၏ ကောင်းမွန်သောအနာဂတ်ကို ဖော်ဆောင်နိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်း အသီးသီးတို့အား ရွေးကောက်ရန်အများဆန္ဒဖြင့် ဆုံးဖြတ်ကြရမည် ဖြစ်ပေသည်" ဟု ဖော်ပြထားသည်ကို ထောက်ချင့်လျှင် ရွေးကောက်ပွဲသည် ဧကန်ဖြစ်တော့မည်။ သံသယဖြစ်စရာအကြောင်း လုံးဝမရှိပြီ။

ဤဧကန်တရားကို "န"ငယ် အမြီးတိုသည်၊ ရှည်သည်။ "န"ငယ် ၀သည်၊ ပိန်သည်လောက်ကိုသာ ပြောဆိုနေသည်။ ကျင်းပမည့် ရွေးကောက်ပွဲသည် တပ်မတော်စပွန်ဆာဖြင့် ကျင်းပပြုလုပ်ခြင်းဖြစ်၍ မျိုရခက်စရာ အကြောင်းလည်း မပေါ်ပေါက်တော့ပေ။ အဘယ်ကြောင့်ဆိုသော် အခြားရွေးချယ်စရာနည်းလမ်းတို့သည် ဖြစ်နိုင်ချေ မရှိသောကြောင့်ဖြစ်သည်။

စိတ်တွက်
ထို့ကြောင့် ရွေးကောက်ပွဲဥပဒေသ၊ ပါတီများဥပဒေတို့ ထုတ်ပြန်လာသည်အထိ စောင့်ကြည့်ဦးမည်။ တရားသည်၊ မတရားသည်ကို စောင့်ကြည့်အကဲခတ်မည်ဟူ၍ အိုက်တင်ခံခြင်းသည် နိုင်ငံရေးအိုက်တင်မဟုတ်ပေ။ နိုင်ငံရေးတွင် အချိန်သည် အရေးကြီးသည်။ ရနိုင်သည့်အချိန်မှစ၍ ရွေးကောက်ပွဲအတွက် စိတ်ထဲမှ ပြင်ဆင်ကြလိမ့်မည်။ စိတ်တွက် တွက်ကြရလိမ့်မည်။ ဤသို့ စိတ်တွက် Mental Calculation ကို စတင်လုပ်နေကြပြီဟူ၍လည်း မှန်းဆလို့ရသည်။

ဤစိတ်တွက်သည် ပလေယာတို့၏ နေရာအထားအသို သို့မဟုတ် နေရာယူပုံ Positioning ကိုလည်းကောင်း၊ မည်သည့်အကြောင်းအရာက ရွေးကောက်ပွဲကို မည်သို့ ဆုပ်ကိုင်မလဲဟူသော အကြောင်းအရာကိုလည်းကောင်း မူတည်ရလိမ့်မည်ဟုထင်သည်။

မောင်စူးစမ်း (၁၃-၂-၂၀၁၀)
အညွှန်း - ကြေးမုံ

The Voice Weekly Journal
အတွဲ (၆) အမှတ် (၁၆)
Monday, February 22-28, 2010
စာမျက်နှာ - ၁၆

စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် ရေတို၊ ရေရှည်ကုထုံး


မကြာသေးခင်ကာလအတွင်း နိုင်ငံပိုင်လုပ်ငန်းအချို့ကို ပုဂ္ဂလိကကဏ္ဍသို့ လွှဲပြောင်းလုပ်ကိုင်ခွင့် ပေးခဲ့ခြင်းသည် ဈေးကွက်စီးပွားရေး၏ အခြေခံကျသော အချက်တစ်ချက်ဖြစ်ပါသည်။

စီးပွားရေးအကြပ်အတည်းကာလကြီးနှင့် ကြုံတွေ့နေရသော ယနေ့ကာလမျိုးတွင် ကမ္ဘာ့နိုင်ငံအသီးသီးသည်လည်း ထိုအကျပ်အတည်းမှ ရုန်းထွက်နိုင်ရန် အသီးအသကအသက ကြံစည်လုပ်ဆောင်လျက် ရှိကြပါသည်။ အမေရိကန်ပြည်ထောင်စုကဲ့သို့ ကမ္ဘာ့စီးပွားရေး ဦးဆောင်နိုင်ငံကြီးလည်းဖြစ်၊ လက်ရှိစီးပွားရေးအကျပ်အတည်း စတင်ရာ နေရာလည်းဖြစ်သည့် နိုင်ငံမျိုးတွင် ကမ္ဘာကျော် ဘောဂဗေဒပညာရှင် ဂျွန်မေးနတ်ကိန်းစ်၏ သီအိုရီအယူအဆအတိုင်း အစိုးရကဏ္ဍမှနေ၍ ငွေလုံးငွေရင်းများ ပုံအောသုံးစွဲကာ ဈေးကွက်ကို ကယ်တင်ရန် ကြိုးစားလာပါသည်။

၁၉၃၀ ပြည့်လွန်နှစ်များက ဖြစ်ပွားခဲ့သည့် မဟာစီးပွားပျက်ကပ် ကျရောက်စဉ်ကလည်း ကိန်းစ်၏ နည်းနာအတိုင်း ဈေးကွက်ကို ကယ်တင်ခဲ့သည့် သာဓကရှိခဲ့ပြီး ဖြစ်ပါသည်။ ကိန်းစ်၏နည်းနာမှာ အလွယ်ပြောရလျှင် ဈေးကွက်ကို အစိုးရက များများစွက်ဖက်ထိန်းကျောင်းပေးခြင်း ဖြစ်ပါသည်။

သို့သော် ၁၉၈၀ ပြည့်လွန်နှစ်များတွင်မူ ကိန်းစ်နှင့်ခေတ်ပြိုင် အင်ဂလို-သြစတြေးလျန်း ဘောဂဗေဒပညာရှင် ဖရိုက်ဒရစ်ဗွန်ဟေးယက်က နိုင်ငံပိုင်လုပ်ငန်းအများစုကို ပုဂ္ဂလိကသို့ လွှဲနိုင်သမျှလွှဲအပ်ကာ အစိုးရစွက်ဖက်မှုကင်းကင်းဖြင့် ဈေးကွက်သဘောအတိုင်း လွှတ်ပေးထားရန် တစ်နည်းအားဖြင့် အဒမ်စမစ်၏ ကိုယ်ပျောက်လက်သဘောကို အဓိကဇောင်းပေးပါသည်။ ပြောရမည်ဆိုလျှင် ကမ္ဘာ့စီးပွားရေးသည် ခေတ်ကာလ အခြေအနေများအရ ထိုပညာရှင်နှစ်ဦး၏ အယူအဆ အကောက်အယူနှစ်ခုကို တစ်လှည့်စီ အသုံးချနေခြင်းဖြစ်ရာ တစ်ခုချို့ယွင်းသွားလျှင် နောက်တစ်ခုဖြင့် အစားထိုးလာခဲ့သည်ဟု ဆိုရမည်ဖြစ်ပါသည်။

ယနေ့စနစ်တစ်ခုသို့ ပြောင်းရန်တာစူနေပြီဖြစ်သော မြန်မာနိုင်ငံသည်လည်း ဈေးကွက်စီးပွားရေး၏ အခြေခံစရိုက်လက္ခဏာများနှင့် လျော်ညီသော ပြုပြင်ပြောင်းလဲမှုများ ဖော်ဆောင်လျက်ရှိသည်ကို တွေ့ရပါသည်။ မြန်မာနိုင်ငံ၏ အားသာချက်မှာ ရှေ့တွင်သွားနှင့်ပြီးဖြစ်သော နိုင်ငံများစွာတို့ထံမှ သင်ခန်းစာယူစရာ သာဓကများစွာ ရှိနေခြင်းဖြစ်သည်။ အထူးသဖြင့် အချိန်တိုတိုအတွင်း စီးပွားရေးထောင်မတ်လိုသော ရုရှားနှင့် ပိုလန်နိုင်ငံတို့တွင် ဖော်ဆောင်ပြောင်းလဲခဲ့သော ဈေးကွက်ရှော့ခ်ရိုက် ကုထုံးနည်းနာများ၊ ထိုနိုင်ငံတို့ ကြုံတွေ့ခဲ့၊ ကြုံတွေ့ဆဲ အခြေအနေများကို ထောက်ချင့်၍ ဆောင်ရန်ရှောင်ရန်များ အလွယ်တကူ တွေ့ရှိနိုင်ပါသည်။

ဆေးပညာသဘောတွင် လူနာ၏အခြေအနေပေါ်မူတည်ကာ ရေတိုရှော့ခ်ရိုက်ကုထုံးနည်း သုံးမည်လော၊ ရှေရှည်တစ်ဆင့်ပြီးတစ်ဆင့် ကုသသောကုထုံးကို သုံးမည်လော ဆုံးဖြတ်ကြရသည်။ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး နည်းနာများတွင်လည်း ထိုသို့ပင် ဖြစ်ပါသည်။ နှစ်ပေါင်းများစွာ ရောဂါဘယမျိုးစုံ ၀င်ရောက်နေခဲ့ပြီး နာတာရှည်လူမမာကဲ့သို့ ချည့်နဲ့နေသော ဈေးကွက်မျိုးကိုမူ ရှော့ခ်ရိုက်ကုထုံးနှင့် ကုသရန်ကြိုးစားပါက မလိုလားအပ်သော နောက်ဆက်တွဲ ပြဿနာ အခက်အခဲများစွာ ကြုံရနိုင်ကြောင်း တစ်နည်းအားဖြင့် "ဆေးအတွက်လေး"သွားတတ်သည့် သဘောကို ပြောလိုရင်း ဖြစ်ပါသည်။

ခေတ်ကာလ အခြေအနေများအရ တစ်လှည့်စီ ကျင့်သုံးလာခဲ့သော ဆိုခဲ့ပါ ဈေးကွက်ဖော်ဆောင်ရေး နည်းနာနှစ်ရပ်လုံး အမောဖောက် ဟန်ချက်ပျက်မသွားစေရေး၊ သုံးသင့်သည်ထက် အလွန်အကျွံဖြစ်မသွားစေရေးတို့မှာ Comprehensive ခေါ် တစ်ခုလုံးသဘော လွှမ်းခြုံစဉ်းစားထားသည့် Institution ခေါ် အဖွဲ့အစည်းမူဘောင်များ ခိုင်ခိုင်မာမာ ရှိနေရေးပင် ဖြစ်ပါကြောင်း။

အယ်ဒီတာ (၁၇-၂-၂၀၁၀)

Editorial
The Voice Weekly Journal
အတွဲ (၆) အမှတ် (၁၆)
Monday, February 22-28, 2010
စာမျက်နှာ - ၎

Sunday, February 21, 2010

ကလေးတွေ စာဖတ်ကြပါစေ - ကိုဉာဏ် (ပန်းလောင်မြေ)


တစ်ရက်က အစ်ကိုကြီးတစ်ယောက်နဲ့ စကားစမြည်ပြောဖြစ်ပါတယ်။ သမိုင်းအဓိကနဲ့ ပါရဂူဒေါက်တာဘွဲ့ ရထားတဲ့သူပါ။ ရန်ကုန်တက္ကသိုလ် အတွေ့အကြုံတွေ ပြောပြတာကို နားထောင်ရတာ အင်မတန်မှကို စိတ်ဝင်စားစရာပါ။ အထူးသဖြင့် ဆရာကြီး ဒေါက်တာသန်းထွန်းနဲ့ ပတ်သက်တဲ့အကြောင်းတွေကို သူပြောပြတာ စိတ်ဝင်စားစရာအတိပါ။ စာအုပ်တွေမှာ မပါတဲ့ ဆရာကြီးဒေါက်တာသန်းထွန်းရဲ့ အကြောင်းတွေကို အတော်များများ သိခွင့်ရပါတယ်။ တချို့ဟာတွေဆိုရင် သူတို့အတွက် တကယ့်ကို စိတ်ညစ်စရာဖြစ်ခဲ့ပေမယ့် တစ်ဆင့်ပြန်နားထောင်ရတဲ့ ကျွန်တော့်အတွက်ကတော့ အတော်လေးကို နှစ်နှစ်ခြိုက်ခြိုက် ရယ်မောခဲ့ရပါတယ်။ အဲဒီလိုတွေ ပြောဆိုနေရင်းနဲ့ ကျွန်တော်တို့ပြောဆိုဆွေးနွေးတဲ့ အကြောင်းအရာက လက်ရှိ ကျွန်တော်တို့တွေ သင်ကြားပေးနေရတဲ့ တပည့်တွေအကြောင်းကို ရောက်သွားပါတယ်။

အမြင်တူတယ်
ထူးထူးဆန်းဆန်းပဲ သူနဲ့ကျွန်တော် အမြင်တူတဲ့အချက်ကတော့ ဒီနေ့ခေတ်ကျောင်းသားတွေ အရင်ခေတ်က ကျောင်းသားတွေလောက် မတော်ကြဘူး၊ မကြိုးစားကြဘူး ဆိုတဲ့အချက်ကို လက်မခံတာပါပဲ။ သိတဲ့အတိုင်းပဲ အများအားဖြင့် ပြောလေ့ရှိကြတာက ဒီနေ့ခေတ် လူငယ်တွေက အရင်ကလိုမျိုး မကြိုးစားကြဘူး၊ အရင်ကလူတွေလိုမျိုး မတော်ကြဘူးဆိုတာမျိုးပါ။ ကျွန်တော့်အစ်ကိုကြီးပြောတာကတော့ မတူညီတဲ့ ခေတ်အခြေအနေအရ မတူညီတာတွေကို လက်ခံရမယ်တဲ့။ ခေတ်၊ စနစ်အရ မတူညီမှုတွေကို အတင်းလိုက်ပြီး တန်းညှိနေရင် ဘယ်တော့မှ အဆင်ပြေမှာ မဟုတ်ဘူးတဲ့။ သူ့ခေတ်အခြေအနေအရ ဖြစ်နေတာတွေကို လိုက်လျောညီထွေဖြစ်အောင် လက်ခံပေးရမှသာ အဆင်ပြေနိုင်ပါမယ်တဲ့။ နားလည်သလောက်တော့ ကျွန်တော်တွေးနေမိပါတယ်။

ရိုးသားကြတယ်
ကျန်တဲ့အချက်တွေကိုတော့ ကျွန်တော်မသိပါဘူး။ ကျွန်တော့်အတွေ့အကြုံသက်သက်အရ ပြောရမယ်ဆိုရင်တော့ ဒီနေ့ခေတ်ကလေးတွေဟာ ကျွန်တော်တို့ထက် ရိုးသားကြတာတော့ အမှန်ပါပဲ။ ဥပမာပြောရရင် အတန်းထဲမှာ စာသင်ရင်းနဲ့ စကားစပ်မိလို့ "ဆေးလိပ်သောက်တတ်တဲ့လူတွေ လက်ထောင်ကြပါ" လို့ မေးလိုက်တိုင်း ဆေးလိပ်သောက်တတ်သူတွေက ရဲရဲဝံ့ဝံ့ လက်ထောင်တတ်ကြတာပါပဲ။ သူတို့မျက်နှာလေးတွေမှာလည်း ဆေးလိပ်သောက်တတ်တဲ့အတွက် ရှက်နေတဲ့အရိပ်တွေ အပြည့်နဲ့ပါ။ အများစုက ဆေးလိပ်သောက်တာ မကောင်းကြောင်းကို သိရှိကြောင်းနဲ့ ဆေးလိပ်ဖြတ်ဖို့ ကြိုးစားနေကြောင်း ပြောပြတတ်ကြပါတယ်။ ကျွန်တော်တို့ ကျောင်းတက်ခဲ့စဉ်တုန်းကဆိုရင် ရှေ့မှာစာသင်တဲ့ ဆရာက ဆေးလိပ်သောက်တတ်တဲ့လူ လက်ထောင်ပါ၊ မတ်တတ်ရပ်ပါဆိုရင် ဘယ်သူကမှ မထချင်၊ လက်မထောင်ချင်ကြပါဘူး။ ဘယ်သူတွေ ဆေးလိပ်သောက်တတ်တယ်ဆိုတာ ကိုယ့်အချင်းချင်း သိနေပေမယ့် သူတို့တွေ လက်မထောင်တာ၊ မတ်တတ်မရပ်တာကို အဲဒီတုန်းက အပြစ်မမြင်ခဲ့မိပါဘူး။ ဆရာ့ကိုကြောက်လို့ပဲ ဆိုတဲ့စိတ်နဲ့ ကျွန်တော်တို့တွေ နားလည်ခဲ့ကြပါတယ်။ ဒီနေ့ကျမှ ပြန်တွေးကြည့်မိတဲ့အခါ အတော်လေးလည်း ရှက်မိပါတယ်။ ကျွန်တော်တို့တွေက ကြိုးစားချင်စိတ်မရှိကြဘူး၊ ခံယူချက်ကို မရှိကြဘူးဆိုတဲ့ ကလေးတွေက ကျွန်တော်တို့တွေထက် အဆပေါင်းများစွာ ရိုးသားနေကြပါလားဆိုတာကို သိလာလို့ပါ။ ဆရာကို ကြောက်လို့ဖြစ်စေ၊ ရှက်လို့ဖြစ်စေ ကိုယ်လုပ်တာကို ကိုယ်ဝန်မခံရဲတာဟာ သူရဲဘောကြောင်တာ၊ လိမ်ညာတာ၊ ရိုးသားမှုမရှိတာပါပဲ။ ဒါကြောင့် အခုခေတ် ကလေးတွေဟာ ကျွန်တော်တို့တွေလောက် တော်ချင်မှတော်ပါလိမ့်မယ်၊ သိချင်မှသိပါလိမ့်မယ်၊ ဒါပေမယ့် ကျွန်တော်တို့တွေထက်တော့ အများကြီး ရိုးသားကြပါတယ်။

သိချင်စိတ်၊ တိုးတက်ချင်စိတ် အပြည့်ရှိကြပါတယ်
စာသင်တဲ့အခါမှာ ဆရာတစ်ယောက်အနေနဲ့ ကျွန်တော်မလုပ်မဖြစ် လုပ်တတ်တဲ့ အလုပ်တစ်ခုကတော့ အပတ်စဉ် စာမေးပွဲဖြေတဲ့အခါတိုင်းမှာ သူတို့ရဲ့ စာမေးပွဲစစ်တဲ့ စာအုပ်ထဲမှာ ကျွန်တော့်အတွက် မေးခွန်းတစ်ခု ရေးခိုင်းတဲ့အလုပ် ဖြစ်ပါတယ်။ ကျွန်တော်မေးတဲ့ စာမေးပွဲမေးခွန်းတွေကို သူတို့တွေ ဖြေပြီးတဲ့အခါ နောက်ဆုံးအမှတ်စဉ်အနေနဲ့ ဆရာ့အတွက် မေးခွန်းဆိုတဲ့ ခေါင်းစဉ်နဲ့အတူ သူတို့သိချင်တဲ့ မေးခွန်းတစ်ခုကို ရေးခိုင်းတာပါ။ အပတ်စဉ် စာမေးပွဲဖြေတယ်ဆိုတာ လုပ်ရိုးလုပ်စဉ်အရ မစစ်မဖြစ် စစ်မေးရတာဖြစ်တဲ့အတွက် အမှန်အတိုင်းပြောရရင် ကျွန်တော့်အတွက် စိတ်ဝင်စားစရာ မကောင်းပါဘူး။ အဲ… တစ်ပတ်တစ်ပတ် ကျွန်တော့်အတွက် ရင်ခုန်မှုအဖုံဖုံ၊ စိတ်ဝင်စားမှုအသွယ်သွယ် ပေးတာကတော့ သူတို့တွေမေးထားတဲ့ ဆရာ့အတွက်မေးခွန်းဆိုတဲ့ မေးခွန်းလေးတွေပါ။ အင်မတန်မှကို စိတ်လှုပ်ရှားစရာကောင်းပါတယ်။ တပည့်တစ်ယောက်ချင်းစီရဲ့ စိတ်ဝင်စားမှုတွေကို သိနိုင်သလို၊ သူတို့ရဲ့ ခံစားချက်တွေကိုလည်း မြင်ရတဲ့အခိုက်အတန့်ပါပဲ။ အားလုံးကို ခြုံကြည့်လိုက်ရင်တော့ သူတို့မေးတဲ့ မေးခွန်းတွေရဲ့ အားလုံးနီးပါးလောက်ဟာ သူတို့ရဲ့ သိချင်စိတ်၊ ဖြစ်ချင်စိတ်အပြည့်နဲ့ မေးတဲ့မေးခွန်းတွေ ဖြစ်ပါတယ်။

စိတ်ဝင်စားစရာကောင်းတဲ့ မေးခွန်းတွေ
တပည့်အစုံဖြစ်တဲ့အတွက် သူတို့မေးတဲ့မေးခွန်းတွေကလည်း တကယ့်ကို အစုံပါပဲ။ မေးခွန်းသဘာဝချင်း ထပ်တူကျတာ အင်မတန်မှကို ကြုံတောင့်ကြုံခဲပါ။ အများအားဖြင့်တော့ တစ်ယောက်တစ်မျိုး မေးကြတာပါပဲ။ နိုင်ငံရေးလည်းပါတယ်၊ စီးပွားရေးလည်းမလွတ်ဘူး၊ လူမှုဘ၀အကြောင်းတွေလည်းပါရဲ့၊ ဘာသာရေးအကြောင်းလည်း စိတ်ဝင်တစားမေးကြတယ်၊ ဗဟုသုတအဖြစ် သိချင်တာတွေလည်း မေးကြတာပါပဲ၊ ဘ၀မှာတိုးတက် အောင်မြင်ဖို့အတွက် ဘယ်လိုတွေ လိုက်နာနေထိုင် ကျင့်ကြံသင့်သလဲ ဆိုတဲ့မေးခွန်းကလည်း ရေပန်းစားတဲ့ မေးခွန်းတစ်မျိုးပါပဲ။ တချို့မေးခွန်းတွေဆိုရင် ကျွန်တော့်အတွက် အတော်လေးကို အဖြေရခက်တာတွေ ပါ,ပါတယ်။ ဥပမာအားဖြင့် ဘာသာရေးနဲ့ဆိုင်တဲ့ မေးခွန်းတွေဆိုရင် ကျွန်တော့်မှာ အတော်လေးကို အခက်တွေ့ပါတယ်။ အမှန်အတိုင်းပြောရရင် ဘာသာရေးနဲ့ပတ်သက်ရင် ကျွန်တော့်အဆင့်ဟာ တကယ့်ကို သုညအဆင့်ဖြစ်တဲ့အတွက် အဲဒီလိုမေးခွန်းတွေကိုတော့ ကြောက်တာအမှန်ပါပဲ။ ကိုယ်မကျွမ်းကျင်တဲ့ အကြောင်းအရာတစ်ခုကို အဖြစ်ပြီးရော မဖြေချင်လို့ပါ။ မေးတဲ့မေးခွန်းကို ဖတ်လိုက်တာနဲ့ အဲဒီတပည့်ရဲ့ ဘာသာရေးအခြေခံ ဘယ်လောက်ရှိတယ်၊ ဘယ်လောက်အထိ သိနားလည်ထားတယ်ဆိုတာကို သိနိုင်တဲ့အတွက် ငါကဆရာပဲဆိုပြီး သွားဖြီးလို့ မရပါဘူး။ အဲဒီမေးခွန်းတွေအတွက် သိနားလည်တဲ့လူတွေကို မေးမြန်းပြီး ပြန်ဖြေရပါတယ်။ စာအုပ်တွေ ညွှန်းရပါတယ်။ တစ်လက်စတည်း ကျွန်တော်ဟာ ဘာသာရေးနဲ့ပတ်သက်ရင် ကျွမ်းကျွမ်းကျင်ကျင် သိရှိနားလည်ထားသူမဟုတ်ကြောင်း ပြောထားရပါတယ်။ အပတ်စဉ်စာမေးပွဲ မေးခွန်းတွေကို စစ်ရတာက တစ်ညလောက်ထိုင်စစ်လိုက်ရင် ပြီးသွားပေမယ့် သူတို့လေးတွေရဲ့ မေးခွန်းတွေကိုတော့ ကျွန်တော့်မှာ တစ်ပတ်လုံး အသည်းအသန်ကို ဖြေရ၊ ရှာရတာပါပဲ။ အချို့မေးခွန်းတွေဆိုရင် ကျွန်တော်မသိသေးတဲ့အတွက် မဖြေနိုင်သေးဘူးဆိုတာကို ပြောထားရတာမျိုးတွေတောင် ရှိပါတယ်။ ဥပမာ - ကမ္ဘာပေါ်မှာ ပထမဆုံး ပါရဂူဘွဲ့ကို ဘယ်သူရခဲ့တာလဲ ဆိုတဲ့မေးခွန်းမျိုးပါ။ ကဲ… ဘယ်လောက်တောင် အံ့သြဖို့ ကောင်းလိုက်သလဲ။ ကျွန်တော်တစ်ခါမှ မစဉ်းစားဖူးတဲ့ မေးခွန်းပါပဲ။ ကျွန်တော်တို့ သူတို့အရွယ်တုန်းက အဲဒီလို မေးခွန်းမျိုး စဉ်းစားဖူးပါသလား။ ဘွဲ့ရတဲ့လူဆိုရင်တောင် အတော်လူရာဝင်တဲ့ခေတ်မှာ လူဖြစ်လာကြရတာဆိုတော့ ကျွန်တော်တို့အတွက် ဒေါက်တာဘွဲ့ဆိုတာ ဘာမှန်းတောင် သေချာမသိသေးပါဘူး။ ဒေါက်တာဆိုရင် ဆေးကုတဲ့ ဆရာဝန်ကို ပြောတာပဲလို့ အသေမှတ်ခဲ့တယ်ဆိုတာကို ၀န်ခံပါတယ်။ ဒါပေမယ့် ဒီနေ့ခေတ်ကလေးတွေက ပါရဂူဒေါက်တာဆိုတာကို သေသေချာချာ သိနေပြီ။ သူတို့အတွက် အဲဒါဟာ အထူးအဆန်းကိစ္စ မဟုတ်တော့ဘူး။ အဲဒီလို ကလေးတွေကို ညံ့တယ်လို့ ဘယ်သူတွေက ပြောကြတာလဲဆိုတာ စဉ်းစားကြဖို့ သင့်ပါပြီ။

ပုတ်သင်ညိုလေးတွေ ဖြစ်လာကြပြီ
ကျွန်တော်ရေးခဲ့ဖူးပါတယ်၊ ဒီနေ့ခေတ်ကလေးတွေကို ကျွန်တော်တို့တွေ ပြုပြင်သင်ကြားပေးနေကြတာဟာ သူတို့တွေကို တော်စေချင်၊ လိမ္မာစေချင်လို့လား၊ ကျွန်တော်တို့တွေ ပုံသွင်းတဲ့အတိုင်း တသွေမတိမ်းလိုက်နာတဲ့ စက်ရုပ်ကလေးတွေ ဖြစ်စေချင်လို့လားဆိုတာကိုပါ။ စာသင်နေရတဲ့ ကျောင်းဆရာဖြစ်လေတော့ ကျောင်းသားတွေရဲ့ ဒုက္ခတွေကို ကောင်းကောင်းသိနေပါတယ်။ သင်ပေးတဲ့ဆရာတွေက တစ်ယောက်လာရင် ပုံစံတစ်မျိုးနဲ့ သူတို့လေးတွေကို ပုံသွင်းကြပါတယ်။ ဆရာတစ်ယောက်နဲ့ တစ်ယောက်ကလည်း အတွေးအခေါ်၊ ခံယူချက်၊ ယုံကြည်ချက် မတူညီကြလေတော့ သူတို့သွင်းတဲ့ ပုံစံခွက်တွေကလည်း အမျိုးမျိုးပဲပေါ့။ အဲဒီမှာ ကြားထဲကနေ ခါးနာရတဲ့ ငထွားတွေက တပည့်ကျောင်းသားလေးတွေပါပဲ။ ဒါပေမယ့် သူတို့လေးတွေက တော်ရှာပါတယ်။ စာသင်ပေးတဲ့ ဆရာတွေကို စိတ်မညစ်စေရပါဘူး။ ပုတ်သင်ညိုတွေလိုပဲ ဘယ်ဆရာလာရင် ဘယ်အရောင်ပြောင်းရမယ်ဆိုတာကို ကောင်းကောင်းကို သိနားလည်ကြပါတယ်။ ဆရာတွေကတော့ ကျေနပ်နေမလား မပြောတတ်ပါဘူး။ ငါတို့တပည့်လေးတွေဟာ ပုတ်သင်ညိုလေးတွေ ဖြစ်နေကြရှာပြီလို့ တွေးမိတဲ့ဆရာက အတော်လေးကို ရှားပါလိမ့်မယ်။ တပည့်ကို တော်စေချင်လို့ ဆုံးမတာ၊ ပြုပြင်တာ၊ ပုံစံသွင်းတာကို ဘာမှမပြောလိုပါဘူး။ ပြုပြင်ပုံသွင်းတဲ့ နည်းလမ်းလွဲပြီး မှားနေတယ်ဆိုရင်တောင် ကောင်းစေချင်တဲ့ စေတနာစိတ်အရင်းခံနဲ့ လုပ်တာဖြစ်တဲ့အတွက် နားလည်လက်ခံပေးလို့ရပါတယ်။ ဒါပေမယ့် အရာရာကို ကိုယ်တွေတုန်းက ကြုံခဲ့ရတဲ့ စံသတ်မှတ်ချက်တွေနဲ့ ချိန်ထိုးပြီး ခေတ်နောက်ပြန်ဆွဲ ပြုပြင်ပုံသွင်းနေတာတွေကိုတော့ လက်မခံနိုင်ပါဘူး။ ဘယ်လောက်ကောင်းပါတယ်ဆိုတဲ့ စနစ်ကြီးတွေပဲဖြစ်ဖြစ် အမြဲတမ်း မတည်မြဲဘူး၊ အချိန်တန်ရင် ကျရှုံးသွားရတာပဲဆိုတာကို မတွေးမိကြတဲ့ ဆရာတွေကို မြင်ရတဲ့အခါတိုင်း ကျွန်တော်သနားနေမိပါတယ်။ တစ်ဆက်တည်းမှာပဲ ပုတ်သင်ညိုလေးတွေ ဖြစ်လာနေကြတဲ့ တပည့်တွေအတွက်လည်း ရင်လေးနေမိပါတယ်။ ပုတ်သင်ညိုလေးတွေတင်ဆို အကောင်းသား၊ နောက်ဆိုရင် ဆိတ်ဟိုဒင်းတွေပါ ဖြစ်လာကြရင် ခက်ရချေရဲ့လို့လည်း စိတ်ပူတွေး တွေးမိပါသေးတယ်။

စိတ်မကောင်းဖြစ်မိပါတယ်
စာဖတ်တာ အပြစ်လားဆိုတဲ့ မေးခွန်းတစ်ခုကို ကျွန်တော်မကြာခဏ စဉ်းစားမေးမြန်းနေမိတယ်။ ဒီမေးခွန်းကို မေးရတာက အကြောင်းရှိပါတယ်။ တလောလေးက ဆရာတစ်ယောက်က ကျောင်းသားတစ်ယောက်ကို ဆူပူကြိမ်းမောင်းနေတာတွေ့လို့ မေးကြည့်လိုက်မိပါတယ်။ စာသင်ခန်းထဲမှာ ၀တ္ထုဖတ်နေလို့ပါတဲ့။ ဟုတ်ပေသားပဲ.. စာသင်ခန်းဆိုတာ ပန်းခြံမှမဟုတ်တာ၊ ၀တ္ထုဖတ်စရာလားလို့ အပေါ်ယံတွေးရင်တော့ မှန်ကောင်းမှန်ပါလိမ့်မယ်။ ဒါပေမယ့် အဲဒါဆရာ ပြောဆိုဆုံးမပြီးတဲ့အခါ အဲဒီစာသင်ခန်းကိုသွားပြီး သေသေချာချာ မေးကြည့်မိပါတယ်။ အဲဒီတော့မှ ဇာတ်ရည်လည်ပါတယ်။ စောစောကဆရာက သူတို့အတန်းကို သင်ရတဲ့ဆရာမဟုတ်ပါဘူး။ ဘေးကနေ ဖြတ်သွားရင်းနဲ့ ၀တ္ထုဖတ်နေတာတွေ့လို့ ခေါ်ပြီးဆုံးမတာပါတဲ့။ သူတို့အခန်းကို ၀င်ရမယ့်ဆရာ မလာသေးတဲ့အတွက် ၀တ္ထုစာအုပ် ဖတ်နေမိတာပါတဲ့။ သူဖတ်တဲ့ဝတ္ထုစာအုပ်ကို ကြည့်လိုက်တော့လည်း ဆရာတက္ကသိုလ်ဘုန်းနိုင်ရဲ့ စာအုပ်ပါ။ ကျွန်တော် အတော်လေးကို စိတ်မကောင်းဖြစ်သွားပါတယ်။ စာဆိုရင် ဘာစာပဲဖြစ်ဖြစ် အကုန်လုံးဖတ်ဆိုတဲ့ လူအမျိုးအစားထဲမှာ ပါတဲ့လူဆိုတော့ ကျွန်တော့်အတွက် ပိုခံစားရပါတယ်။

စာဖတ်တာ အပြစ်မဟုတ်ဘူး
"အေး… စာသင်မယ့်ဆရာ မ၀င်သေးရင်လည်း အဲဒီဝတ္ထုကို ဆက်ဖတ်ကွာ" လို့ ပြောခဲ့ချင်ပေမယ့် ဆရာအချင်းချင်း စောင့်စည်းရမယ့် ကျင့်ဝတ်တွေ ရှိနေတဲ့အတွက် "ငါ့တပည့် ဖတ်ချင်ရင်လည်း အဆောင်ရောက်မှ၊ အိမ်ရောက်မှ အေးအေးဆေးဆေး ဖတ်ပေါ့ကွာ" လို့ ပြောခဲ့လိုက်ရပါတယ်။ မညာတမ်း ၀န်ခံရရင် စိတ်ထဲမှာ မကျေမနပ်ဖြစ်မိတာတော့ အမှန်ပါပဲ။ "စာသင်တဲ့ဆရာ မလာတဲ့အချိန်မှာ ကျောင်းသားတွေက ဘာလုပ်နေရမှာလဲ" လို့ မေးလိုက်ရင် "စာကြည့်နေပေါ့ကွ" လို့ အများစုက ဖြေတတ်ကြပါတယ်။ ကျောင်းသားတွေလောက်တောင် အသိဉာဏ်မရှိတဲ့ ဆရာတွေလို့ စိတ်ထဲကနေ ပြောနေမိပါတယ်။ ကျောင်းကသင်ပေးတဲ့ ကျောင်းစာတွေက ဘ၀မှာ တစ်သက်လုံး သုံးလို့ရတယ်လို့ ဘယ်သူတွေကများ ဟောခဲ့၊ ပြောခဲ့၊ ပြဋ္ဌာန်းခဲ့သလဲလို့ ပြန်မေးချင်လိုက်တာမှ တစ်ပိုင်းမဟုတ်ဘူး၊ တစ်ကိုယ်လုံးကို သေနေတာပါပဲ။ စကားများ၊ ရန်ဖြစ်တာမျိုး မဖြစ်ချင်တဲ့အတွက်သာ မသိချင်ယောင်ဆောင်ပြီး အသာလေး နောက်ဆုတ်နေလိုက်ရတာ အတော်များနေပါပြီ။ ကျောင်းစာကိုပဲဖတ်၊ ကျောင်းစာကိုပဲတွက်၊ ကျောင်းစာကိုပဲကျက် လုပ်ခဲ့ရင် ဗိုလ်ချုပ်အောင်ဆန်းဆိုတာ ပေါ်လာစရာအကြောင်း မရှိဘူး၊ ဇော်ဂျီဆိုတဲ့ ကဗျာက၀ိလည်း ဖြစ်လာစရာ အကြောင်းမရှိဘူး၊ ဂန္ဒီလည်း ပေါ်လာမှာမဟုတ်ဘူး၊ လင်ကွန်းလည်း သမ္မတဖြစ်လာမှာမဟုတ်ဘူး။ ကျောင်းသားဆိုတာ ကျောင်းစာတွေနဲ့ပဲ နပန်းလုံးနေရမယ်ဆိုတဲ့ အယူအဆမှားတွေကို စွန့်လွှတ်သင့်နေကြပါပြီ။ နောက်ဆုံး အဲဒီအယူအဆတွေကို မစွန့်လွှတ်နိုင်ရင်တောင် ကလေးတွေစာဖတ်တာကို အပြစ်တစ်ခုလို့ မမြင်ကြပါနဲ့လို့ တိုက်တွန်းလိုက်ချင်ပါတယ်။ ကိုယ်တွေက သူတို့တွေ စာဖတ်ချင်စိတ်ဖြစ်လာအောင်၊ စာဖတ်ဖြစ်အောင် မတိုက်တွန်းနိုင်၊ အားမပေးနိုင်၊ မဆောင်ရွက်ပေးနိုင်ပေမယ့် သူတို့အသိစိတ်လေးတွေနဲ့သူတို့ စာဖတ်နေကြတာကို အပြစ်မမြင်ကြပါနဲ့၊ မတားမြစ်ကြပါနဲ့လို့ လေးလေးနက်နက် တောင်းပန်လိုက်ပါတယ်။

အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၂၁ ရက်၊ တနင်္ဂနွေနေ့။
နေ့လည် ၂ နာရီ ၅၉ မိနစ်တွင်ပြီး၏။

တွေးကြည့်မှ ရယ်ရတဲ့ ဟာသများ


မောင်ကောင်းထိုက် (နှီးပဒေါ)ရဲ့ ဟာသပဒေသာထဲက သဘောကျတာလေးတွေကို ထုတ်နုတ်စုစည်းပေးထားတာပါ။

အမြင်အမျိုးမျိုး
နိုင်ငံထဲမှာ အမြင်အမျိုးမျိုး ရှိနေတယ်ဆိုရင် အဲဒါ ဒီမိုကရေစီ။
ခေါင်းထဲမှာ အမြင်အမျိုးမျိုး ရှိနေရင်တော့ အဲဒါ စိတ်ကစဥ့်ကလျားရောဂါ။

အမှန်တရား
နှစ်ခြိုက်စွာအိပ်ခြင်းသည် အသက်ကို ရှည်စေရုံသာမက အလုပ်ချိန်ကိုလည်း လျော့နည်းစေပါသည်။

ဟုတ်သလိုလိုပဲ
မနက်တိုင်း ကျန်းမာရေးလေ့ကျင့်ခန်း လုပ်သူများသည် အသေနည်းကြသည်။ အကြောင်းမူ ၎င်းတို့သည် လူနည်းစုဖြစ်သောကြောင့် ဖြစ်သည်။

အမေ
မိမိ၏ ခင်ပွန်းသည်ထက် အဘက်ဘက်မှသာသော ယောက်ျားကို သမီးဖြစ်သူ ရမည်ဟု အမေတိုင်း မျှော်လင့်သည်။ သို့သော် သားဖြစ်သူသည် ၎င်း၏အဖေ ရထားသောမိန်းမထက် သာလွန်သည့်မိန်းမကို မည်သည့်အခါမှ မရနိုင်ဟု ယုံကြည်သည်။

ထောက်ခံစာမှ
သူ လူကောင်းဖြစ်ပါသည်။ အရက်အလွန်သောက်သော်လည်း စကားများ ရန်ဖြစ်ခြင်းမရှိပါ။

ရှေ့နေ၏ လျှောက်လဲချက်မှ
ခေတ်ကြီးကိုက လာဘ်ယူတဲ့ခေတ် ဖြစ်နေလို့ ကျွန်တော့်အမှုသည်လည်း လာဘ်ယူတာပါ။

အယ်ဒီတာ့ထံ ပေးစာမှ
မိန်းမတွေအတွက် သဘာဝတရားက ဖန်တီးပေးထားတဲ့အထဲက ကောင်းတာဆိုလို့ ယောက်ျားပဲရှိတယ်။

သတင်းစာမှ
ပိုက်ဆံတွေကိုကြည့်ပြီး ပျော်တဲ့စိတ် ပေါ်မလာဘူးဆိုရင် အဲဒီပိုက်ဆံဟာ ခင်ဗျားပိုက်ဆံ မဟုတ်လို့ပဲ ဖြစ်ရမယ်။

စာဖတ်တော်တဲ့ပုဂ္ဂိုလ်တွေဖြစ်ပါစေ
ကမ္ဘာပေါ်မှာ စာအုပ်ကောင်းတွေ အများကြီး။ ဒါပေမယ့် သူတို့ရဲ့ တန်ဘိုးကို စာဖတ်တတ်သူတွေသာ သိကြတယ်။ မိန်းမဟာ စာအုပ်နဲ့ အလားသဏ္ဌာန်တူတယ်ဗျာ။

ငယ်ရွယ်နုပျိုတဲ့ပုံ ပေါက်နေဆဲပါလားလို့ မိတ်ဆွေအပေါင်းအသင်းတွေက အံ့သြသံနဲ့ ခင်ဗျားကိုပြောကြတယ်ဆိုရင် ခင်ဗျား အိုစာလာပြီလို့မှတ်။
(၀ါရှင်တန် အာဝင်)

ချမ်းသာမှုနဲ့ အသိပညာ ကြိုက်တာရွေးလို့ သူ့ကို ပြောလိုက်တယ်။ အသိဉာဏ် ကြွယ်ဝသူပီပီ ချမ်းသာမှုကို သူရွေးလိုက်တယ်။
(မယ်ချီ စလပ် ရှာဂန်)

လူတွေကို ကျွန်တော်တို့ မယုံတာက သူတို့အကြောင်းကို ကောင်းကောင်းမသိလို့။ ဒါမှမဟုတ် သူတို့အကြောင်းကို သိလွန်းလို့။
(အမည်မသိ)

စတိတ်မင် ဆိုသည်မှာ - မောင်သာဇုံ


ဦးတည်ရေးသားရသည့် အကြောင်းရင်းက ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲအကြောင်း ဖြစ်သော်လည်း စင်စစ်၌ စတိတ်မင် Stateman ဆိုသော အိုင်ဒီယာသည် ခုနိုင်ငံရေးခေတ်အားလုံးအတွက် အကျုံးဝင်သည်ဟု ယူဆထိုက်သည်။ နိုင်ငံရေးခေါင်းဆောင်တိုင်း စတိတ်မင်ဖြစ်ရမည်ဟု မျှော်လင့်၍ မရနိုင်စေကာမူ အချို့လောက် စတိတ်မင်ဖြစ်လျှင်ပင် ကျေနပ်အားရစရာ ဖြစ်သည်။

စတိတ်မင်ဆိုသည်မှာ အမြော်အမြင်ရှိရှိ အမျိုးသား အကျိုးစီးပွားရေးနှင့် အမျိုးသားပန်းတိုင်ကို ကာကွယ်ရန် အလို့ငှာ (၁) ခေတ်မီသော ဗဟုသုတကို လက်ကိုင်ထားသူ၊ (၂) ဒီမိုကရေစီတန်ဖိုးတို့ကို မြတ်နိုးသူ၊ (၃) ညှိနှိုင်းတိုင်ပင်တတ်သော အလေ့အကျင့်ရှိသူနှင့် (၄) နိုင်ငံရေးအကဲဖြတ်ချက် ကောင်းကောင်းပြုနိုင်သူကို ရည်ညွှန်းသည်။ အဆိုပါအနက် နိုင်ငံရေးအကဲဖြတ်ချက်ကောင်းကောင်း Good Political judgement ပြုနိုင်ခြင်းသည် သော့ချက်အရည်အချင်း ဖြစ်သည်။

ခေါင်းဆောင်တို့သည် လက်တွေ့မဖြစ်နိုင်သော စိတ်ကူးယဉ်မှုထဲ၊ နှိုးဆော်မှုမရှိ မွဲခြောက်ခြောက်နိုင်လှသော အစစ်အမှန်ဝါဒထဲ ရံဖန်ရံခါ ပိတ်မိနေတတ်သည်။ ဤထောင်ချောက်ကို ရှောင်နိုင်ပြီး အခြေအနေတစ်ရပ်၏ အနက်အဓိပ္ပါယ်အမှန်ကို ဖမ်းဆုပ်နိုင်သော လက်တွေ့ဉာဏ်ပညာ Practical Wisdom ကို လက်ကိုင်ထားနိုင်ရန် လိုသည်။ အထက်ရည်ညွှန်းပါ အရည်အချင်းတို့ကို ရှာဖွေထူထောင်သည်ဆိုသည်မှာ ရေစီးသန်လှသော အတွေ့အကြုံ စီးဆင်းမှုထဲ ခုန်ဆင်းပြီး လက်ပစ်ကူးခြင်းဖြစ်သည်။ အတွေ့အကြုံတို့သည် ရှုပ်ထွေးစွာ စီးဆင်းသည်။ စတိတ်မင်သည် စိစစ်ချက် Analysis ထက် သမ္ဘာရပေါင်းစပ်မှု Synthesis ကို ပို၍ ပြုလုပ်နိုင်စွမ်းရှိရမည်။

CEO စီးပွားရေးနှင့် စီမံခန့်ခွဲမှုမဂ္ဂဇင်း
ဒီဇင်ဘာလ၊ ၂၀၀၉ ခုနှစ်။
စာမျက်နှာ - ၁၄၃

ဟန့်ရာက တန့်၊ တန့်ရာက တုံးသွားတတ်တယ် - လူထုစိန်ဝင်း


"စာနယ်ဇင်းကျင့်ဝတ်တွေ ရေးခဲ့သလို ဘလော့ဂါကျင့်ဝတ်ဆိုပြီး ရေးပါဦး ခင်ဗျ။ အခု ဘလော့ဂ်တွေ သိပ်များလာပြီး တချို့က မဟုတ်မဟတ်တွေချည်း ရေးနေကြတယ်"

လူငယ် စာနယ်ဇင်းသမားတစ်စု ရောက်လာပြီး ပြောလိုက်တာ ဖြစ်ပါတယ်။ စာနယ်ဇင်းကျင့်ဝတ်တွေအကြောင်း အမြဲလိုလို ရေးနေတာကြောင့် ခုလို ပြောလိုက်တာပါ။ အင်တာနက်ဝက်ဘ်ဆိုက်တွေ၊ ဘလော့ဂ်တွေကို စောင့်ကြည့်ဖတ်ရှုနေသူဖြစ်တော့ သူတို့ပြောသလို ဘလော့ဂ်တွေ သောင်းချီရှိနေတာ တွေ့ရပါတယ်။ အတော်များများကလည်း မဖွယ်မရာတွေ ဖြစ်ပါတယ်။ တချို့ဆို ညစ်ညမ်းတာတွေ ဖြစ်ပါတယ်။

လူထုဂျာနယ်လစ်တွေ
ဘလော့ဂ်ဆိုတာတွေ ပေါ်ပေါက်လာတာ သိပ်မကြာလှသေးပါဘး။ ကွန်ပျူတာသုံးနိုင်သူတိုင်း ကိုယ်ပိုင်ဘလော့ဂ်တွေ လုပ်လို့ရတာကြောင့် အချိန်ပေးနိုင်သူတိုင်း၊ ၀ါသနာပါသူတိုင်း ဘယ်သူမဆို လုပ်နိုင်ကြပါတယ်။ အထူးသဖြင့် လူငယ်ကလေးတွေက အများဆုံး လုပ်ကြပါတယ်။ တချို့က သတင်းတွေ ဖလှယ်ကြတယ်။ တချို့က ဖျော်ဖြေရေးအတွက်၊ တချို့က ပညာရေးအတွက် လုပ်ကြတယ်။ လူတိုင်း လုပ်လို့ရတာကြောင့် ဒီလိုလုပ်တဲ့ ဘလော့ဂါတွေကို တချို့က "လူထု ဂျာနယ်လစ်" (Citizen Journalist) လို့ အမည်တပ်ပေးကြတယ်။ စစချင်းတော့ အပျော်လုပ်ကြတာပါ။ လုပ်ရင်းလုပ်ရင်းနဲ့ နောက်တော့ တကယ်ဝါသနာပါသွားပြီး တကယ့်ကို ပုံမှန်ဘလော့ဂ်တွေထောင်ပြီး သတင်းအလုပ်လုပ်တဲ့ ဘလော့ဂါတွေ ပေါ်ပေါက်လာခဲ့ပါတယ်။

ရင်ဖွင့်တဲ့နေရာ
ဘလော့ဂါတွေဟာ အများအားဖြင့် လူငယ်ကလေးတွေ ဖြစ်ကြတယ်။ တချို့က သတင်းအလုပ်ကို ၀ါသနာပါလို့ လုပ်ကြတာ။ တချို့ကတော့ ကိုယ့်ရင်ထဲမှာ မျိုသိပ်ထားရတာတွေကို ဖွင့်ထုတ်ပစ်လိုက်ချင်လို့ လုပ်ကြတာ။ ဒီလို ရင်ဖွင့်ချင်သူတွေက အများစုပါ။ လူငယ်ကလေးတွေဆိုတော့ ရင်ထဲရှိတာတွေ ဖွင့်ထုတ်ရင်းနဲ့ မတော်မသင့်တာတွေ ပြောမိ၊ ရေးမိကြတာတွေလည်း ရှိပါတယ်။ တမင်တကာကို မဟုတ်မဟတ်၊ မတော်တရော်တွေ လုပ်သူတချို့လည်း ရှိပါတယ်။ ဒါပေမယ့် သောင်းနဲ့ချီတဲ့ ဘလော့ဂ်တွေထဲမှာ သိပ်အများကြီးတော့ မဟုတ်ပါဘူး။ အများစုကတော့ လူငယ်ကလေးတွေ အပျော်တမ်းလုပ်ကြတာတွေမို့ သင့်-မသင့်၊ တော်-မတော်၊ တင့်တယ်၏-မတင့်တယ်၏ မစဉ်းစားတတ်လို့ မလျော်မကန် ဖြစ်နေတာတွေသာ ဖြစ်ပါတယ်။ ဘလော့ဂ်တို့၊ အင်တာနက်တို့ ဆိုတာတွေကို စပြီးသုံးနိုင်ကြတာ ဘာမှမကြာသေးပါဘူး။ ဒီတော့ လူငယ်ကလေးတွေအဖို့ ကစားစရာအရုပ်ရသလို ဆော့လို့ကစားလို့ အားမရနိုင်အောင် ဖြစ်ကြတာ သဘာဝကျပါတယ်။ ပြီးတော့ အပြင်မှာ ပြောလို့မရတဲ့ စကားမျိုးတွေကို ဘလော့ဂ်ထဲမှာ စိတ်ရှိလက်ရှိ ပြောထည့်လို့ရနိုင်တယ် ဆိုတာကလည်း လူငယ်တို့ရဲ့အကြိုက် ဖြစ်နေတယ်လေ။ အဲဒါကြောင့် ဘလော့ဂါတွေ များနေတာ ဖြစ်ပါတယ်။

စမ်းသပ်မှ တွေ့ရှိတယ်
ကွန်ပျူတာ အင်တာနက်ဆိုတာကလည်း ကစားစရာ အသစ်အဆန်း၊ ဘလော့ဂါတွေ အများစုကလည်း လူငယ်ကလေးတွေ ဖြစ်နေတာကြောင့် ကျင့်ဝတ်တွေ ဘာတွေနဲ့ပြောပြီး "မဟန့်" ချင်ပါဘူး။ လူငယ်ကလေးတွေ လွတ်လွတ်လပ်လပ် ရင်ဖွင့်စေချင်တယ်။ ကွန်ပျူတာနဲ့ ရင်ဖွင့်တာက ဘီယာဆိုင်လို၊ နိုက်ကလပ်လို နေရာမျိုးတွေ သွားရင်ဖွင့်တာတွေထက်တောင် ပိုပြီး အန္တရာယ်ကင်းပါတယ်။ လူကြီးတွေက "ဟန့်" ရင် လူငယ်တွေရဲ့ တက်နေတဲ့အရှိန်တွေ "တန့်" သွားတတ်ပါတယ်။ "တန့်"ရာကနေ တစ်ဆင့်တက်တော့ "တုံး"သွားပါရော။ ဒီတော့ ဘယ်ကောင်းတော့မှာလဲ။ လူငယ်တွေ အညွန့်တုံးသွားခြင်းဆိုတာ တိုင်းပြည်ရဲ့ တိုးတက်ထွန်းကားမှု အဆုံးတိုင်သွားခြင်းပဲ ဖြစ်တယ်။ အဲဒါကြောင့် အသစ်အဆန်းကို စမ်းသပ်နေကြတဲ့ လူငယ်တွေကို တားဆီးချုပ်ချယ် မလုပ်ချင်ဘူး။ စမ်းသပ်မှ တွေ့ရှိနိုင်တယ်။ ဘာမှမစမ်းသပ်ရင် ဘာမှ မတွေ့နိုင်ဘူး။ ဘာမှမတွေ့တော့ ဘယ်လိုလုပ်ပြီး တိုးတက်မှာလဲ။

မရှိမဖြစ် R နဲ့ D
တိုင်းပြည် ထွန်းကားတိုးတက်ဖို့ဆိုရင် အသစ်အဆန်းတွေ စမ်းသပ်ရှာဖွေနေဖို့ လူငယ်တွေကို အားပေးရပါမယ်။ လိုအပ်တာတွေကိုလည်း ဖြည့်ဆည်းပေးရပါမယ်။ ထွန်းကားတိုးတက်တဲ့ နိုင်ငံတိုင်းမှာ သုတေသနနဲ့ ဖွံ့ဖြိုးရေး (Research and Development) လုပ်ငန်းကို အစိုးရတွေက လုပ်ကိုင်ရုံသာမက စီးပွားရေးလုပ်ငန်းကြီးတိုင်းမှာလည်း R & D ဆိုတဲ့ ဌာနတွေကို ငွေကြေးအများကြီး အကုန်အကျခံပြီး လုပ်ဆောင်ကြပါတယ်။ စာသင်နှစ်တစ်နှစ် ပြီးဆုံးတော့မယ်ဆိုရင် ကုမ္ပဏီကြီးတွေက တက္ကသိုလ်ကျောင်းတွေကိုသွားပြီး ထူးချွန်ထက်မြက်တဲ့ ကျောင်းသားတွေကို မက်လုံးအမျိုးမျိုးပေးပြီး စည်းရုံးခေါ်ယူလေ့ ရှိပါတယ်။ လူငယ်တွေရဲ့ အစွမ်းအစကို ယုံကြည်အားထားတဲ့သဘော ဖြစ်ပါတယ်။

ယုံကြည်မှု အရေးအကြီးဆုံး
ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်ချစွာနဲ့ တာဝန်တစ်ခုခု ပေးအပ်တယ်ဆိုရင် ကိုယ့်ဘက်ကလည်း တာဝန်ကျေအောင် မဖြစ်မနေ ကြိုးစားလုပ်ဆောင် ပြချင်တတ်တာဟာ လူ့သဘာဝဖြစ်တယ်။ "ယုံကြည်မှု" ဆိုတာ လူ့အဖွဲ့အစည်းအတွင်းမှာ အင်မတန်အရေးပါတဲ့ အရာတစ်ခုဖြစ်တယ်။ လူတစ်ဦးနဲ့တစ်ဦး ယုံကြည်မှု အပြန်အလှန်ရှိမှ ခင်မင်ရင်းနှီးတဲ့ ဆက်ဆံမှု ရှိနိုင်တယ်။ နိုင်ငံတစ်နိုင်ငံနဲ့ တစ်နိုင်ငံ၊ လူမျိုးတစ်မျိုးနဲ့ တစ်မျိုးလည်း အပြန်အလှန်ယုံကြည်မှု ရှိကြပါမှ ချစ်ကြည်ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်လို့ ရနိုင်တယ်။ တစ်ဦးနဲ့တစ်ဦးကြားမှာ ယုံကြည်မှု ပျက်ယွင်းသွားပြီဆိုရင်တော့ စစ်မှန်တဲ့ ရင်းနှီးချစ်ခင်မှုကို ဘယ်လိုနည်းနဲ့မှ တည်ဆောက်လို့ မရနိုင်ပါဘူး။

လူငယ့်စွမ်းအား အဓိက
နိုင်ငံတစ်နိုင်ငံ တိုးတက်ထွန်းကားအောင် တည်ထောင်ဖို့ လူငယ်တွေရဲ့ စွမ်းအားဟာ အဓိက ကျပါတယ်။ ဘာကြောင့်လဲဆိုတော့ လူငယ်တွေမှာမှ ထက်သန်တဲ့ အားမာန်တွေ ရှိပါတယ်။ အထူးသဖြင့် ခုခေတ်လို နည်းပညာတွေ တစ်ဟုန်ထိုး တိုးတက်နေတဲ့ခေတ်ကို လူငယ်တွေမှပဲ အမီလိုက်နိုင်မှာ ဖြစ်တယ်။ လူကြီးဆိုတာက စိတ်သွားတိုင်း ကိုယ်ပါနိုင်တော့တာ မဟုတ်ပါဘူး။ အသစ်အဆန်းတွေ ရှာဖွေစမ်းသပ်တဲ့ အလုပ်မျိုးတွေကို လူငယ်တွေပဲ ရှေ့ကဦးဆောင် လုပ်ကိုင်ကြပါစေ။ မတားပါနဲ့။ မဟန့်ပါနဲ့။ ပိတ်ပင်တားဆီး မလုပ်ပါနဲ့။ ဘာကြောင့်လဲဆိုတော့ အထက်မှာပြောခဲ့သလိုပဲ "ဟန့်"ရာက "တန့်"၊ "တန့်"ရာက "တုံး"သွားတတ်လို့ပါ။

၂၀၀၉ ခုနှစ်၊ ဇွန် ၁၇။

ကြည့်ဖြစ်ခဲ့သော မြန်မာဗီဒီယိုဇာတ်ကားများ


(၁) ၁၄-၂-၂၀၁၀ (တနင်္ဂနွေနေ့)

အမည် - ပျားရည်မြစ်ထဲမှာ
ဝတ္ထု - ပုညခင်
ဇာတ်ညွှန်း - သမီးမြတ်ကျော်
ဒါရိုက်တာ - ကိုဇော် (အရုဏ်ဦး)
သရုပ်ဆောင်များ - ကျော်ရဲအောင်၊ အေးမြတ်သူ၊ တင့်တင့်ထွန်း
(ဝေဖန်မှတ်ချက်)
အရေမရ၊ အဖတ်မရ ဗီဒီယိုဇာတ်ကားတွေထဲမှာ ရှားရှားပါးပါး ကြည့်လို့ကောင်းတဲ့ ဇာတ်ကားလေးပါ။ ပုညခင်ရဲ့ ၀တ္ထုဖြစ်တဲ့အတွက် ဇာတ်အိမ်ကလည်း ပြောစရာမရှိပါဘူး။ ပြင်ဦးလွင်ရှုခင်းတွေနဲ့အတူ အဓိကသရုပ်ဆောင် (၃)ဦးရဲ့ အားပြိုင်မှုတွေက ကြည့်သူတွေကို ဇာတ်လမ်းပြီးတဲ့အထိ ဆွဲခေါ်သွားပါလိမ့်မယ်။ ပေးချင်တဲ့အချက်လေးတွေကလည်း ကြည့်နေသူရင်ကို တည့်တည့်ကို ထိမှန်ပါလိမ့်မယ်။

(၂) ၁၈-၂၀၂၀၁၀ (ကြာသပတေးနေ့)
အမည် - ကမ္ဘာတုန်တဲ့ည
ဝတ္ထု - နွေတမန်
ဇာတ်ညွှန်း - ဇော်ဇင်
ဒါရိုက်တာ - နေပိုင်
သရုပ်ဆောင်များ - ဟိန်းဝေယံ၊ မေသန်းနု၊ သက်မွန်မြင့်
(ဝေဖန်မှတ်ချက်)
ဇာတ်လမ်းကိုကြည့်နေရင်းနဲ့ တွေးမိတာက အဲဒီဇာတ်ကားရဲ့ မူရင်းဝတ္ထုကို ဖတ်ရရင် အတော်ကို ကောင်းမယ်ထင်တယ် ဆိုတဲ့ အတွေးပါပဲ။ အခုတော့ ဇာတ်လမ်းကို ပုံဖော်တဲ့နေရာမှာ ဒါရိုက်တာနဲ့ မင်းသားက သိပ်ပြီး အပေးအယူမျှတာ မတွေ့ရဘူး။ စိတ်ဝင်တစားနဲ့ ရင်တဖိုဖိုဖြစ်ရမယ့်ဇာတ်လမ်းက ဟုတ်မလိုလိုနဲ့ ခဏခဏ အဖျားရှူးသွားတာ အတော်ကိုဆိုးတယ်။ ဟိန်းဝေယံရဲ့ မလိုအပ်ဘဲ မျက်နှာအမူအရာတွေကို အိုဗာလုပ်ပြနေတာက ဇာတ်လမ်းရသကို ပျက်စေတယ်။ မြန်မာဇာတ်ကားတွေ ထုံးစံအတိုင်း ပြင်ဦးလွင်ရှုခင်းတွေနဲ့ပေါ့။ သက်မွန်မြင့်ကို အားပေးချင်လို့ ငှားကြည့်မယ်ဆိုရင်တော့ သိပ်ပြီးတန်မယ်မထင်ဘူး။ သက်မွန်မြင့်အခန်းက နည်းနည်းလေးမို့ပါ။

(၃) ၁၉-၂-၂၀၁၀ (သောကြာနေ့)
အမည် - ဘာဘီအရုပ်ကလေး
အနုပညာအကြံပေး - ခင်လေးသိမ့်
ဇာတ်လမ်း၊ ဇာတ်ညွှန်း၊ ဒါရိုက်တာ - ကြည်ဖြူသျှင်
သရုပ်ဆောင်များ - အောင်ရဲလင်း၊ ၀တ်မှုန်ရွှေရည်၊ ကင်းကောင်၊ ထွန်းထွန်းဝင်း၊ ရိုးရိုး
(ဝေဖန်မှတ်ချက်)
ဝတ်မှုန်ရွှေရည်ကိုကြည့်ပြီး ဇာတ်လမ်းများရေးထားသလားလို့တောင် မေးရမလိုပါပဲ။ နောက်တစ်ခုက ဟန်ထူးလွင်ရဲ့ အရုပ်ကလူဖြစ်တယ်လို့ အိပ်မက်,မက်တဲ့ မင်းနဲ့နီးချင်ပြီဆိုတဲ့ သီချင်းလေးကိုလည်း ချက်ချင်းသတိပြန်ရမိတယ်။ အရုပ်နဲ့တူတဲ့ ၀တ်မှုန်ရွှေရည်ကို အရုပ်မလေးဖြစ်အောင် ဇာတ်ကောင်မွေးပေးလိုက်တဲ့အတွက် တော်ပါပေ့လို့ ချီးကျူးရမလား၊ လုပ်စားတတ်ပါပေ့လို့ သြချရမလား မသိတော့ပါဘူး။ ဇာတ်လမ်းလေးကို ဒီထက်နည်းနည်းလေး ပိုဆန်းသစ်အောင် လှည့်လိုက်ရင် အရမ်းကို စိတ်ဝင်စားစရာကောင်းမှာပါ။ ဘာပဲပြောပြော ဒီဇာတ်ကားမှာတော့ ၀တ်မှုန်ရွှေရည်က ကြည့်လို့ကောင်းတာ အမှန်ပါပဲ။ တကယ့်ကို ဘာဘီအရုပ်ကလေးပါပဲ။ လူကြီးတွေကတော့ ကြိုက်ကြမယ်မထင်ပါဘူး။ ဆယ်ကျော်သက်လေးတွေအတွက်တော့ ကြည့်လို့ကောင်းမယ့် ဇာတ်ကားလေးတစ်ကားပါ။ ရိုးရိုးကို ပြန်မြင်ရတဲ့အတွက် နည်းနည်းတော့ ထူးဆန်းမိတာ အမှန်ပါပဲ။

(၄) ၂၀-၂-၂၀၁၀ (စနေနေ့)
အမည် - လျှို့ဝှက်အဇဋာ
ဝတ္ထု - စောညို
ဇာတ်ညွှန်း - မိုးကျော်
ဒါရိုက်တာ - ကိုဇော် (အရုဏ်ဦး)
သရုပ်ဆောင်များ - ပြေတီဦး၊ မိုးပြည့်ပြည့်မောင်၊ ချောရတနာ
(ဝေဖန်မှတ်ချက်)
ဘယ်လိုစိတ်ကူးနဲ့ ဒီဇာတ်ကားကို ရိုက်သလဲဆိုတာ ကိုဇော်နဲ့ ပြေတီဦးကို နားမလည်နိုင်ပါဘူး။ တကယ့်ကို သပွတ်အူ ဇာတ်လမ်းပါပဲ။ အဆိုးဆုံးကတော့ ဇာတ်လမ်းတည်ထားတဲ့ အဇာဋာဆိုတဲ့ အိမ်ကြီးထဲမှာ ဖယောင်းတိုင်ကြီးထွန်းပြီး Laptop တစ်လုံးနဲ့ နေ့တိုင်းစာရေးနေတဲ့ စာရေးဆရာစောညိုပါပဲ။ အံ့သြလို့ကို မဆုံးဘူး။ ဒီဇာတ်ကားတစ်ခုလုံးမှာ ကျွန်တော်သဘောကျမိတာဆိုလို့ သရဲမကြောက်တဲ့ မိစုဆိုတဲ့ ကလေးမလေးဇာတ်ရုပ်ကို သွက်သွက်လက်လက်နဲ့ သရုပ်ဆောင်သွားတဲ့ ကလေးသရုပ်ဆောင်လေးကိုပါ။ ယွန်းယွန်းကပဲ လွှမ်းမိုးထားတဲ့ ကလေးသရုပ်ဆောင်နေရာကို ဒီကလေးမလေးက လက်ဆင့်ကမ်းနိုင်မယ်ထင်ပါရဲ့ ဆိုတဲ့အတွေးနဲ့ပါ။ အလကားနေရင်း စိတ်ရှုပ်မခံချင်ရင်တော့ ကြည့်ဖို့ သိပ်မတိုက်တွန်းချင်တဲ့ ဇာတ်ကားပါ။

အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၂၁ ရက်၊ တနင်္ဂနွေနေ့။
နေ့လည် ၁၂ နာရီ ၁၈ မိနစ်တွင်ပြီး၏။

 
Web Statistics