၁၂၉၄ ခုနှစ်တွင်ကား ခွဲရေးတွဲရေးကို အခြေပြု၍ ဒိုင်အာခီ ဥပဒေပြု၍ မင်းတိုင်ပင် အမတ်ရွေးပွဲကို တစ်နိုင်ငံလုံးတွင် ကျင်းပလေသည်။ မြန်မာခေါင်းဆောင်များမှာ ၀ါဒတူသူချင်း အသင်းအဖွဲ့စုစည်း၍ အချင်းချင်း အပြိုင်အဆိုင် အရွေးခံကြလေသည်။ ရွေးကောက်ပွဲမှာ ကျင်းပမြဲ ရွေးကောက်ပွဲ ဖြစ်သော်လည်း အမတ်လောင်းများက ခွဲရေးတွဲရေးကို အခြေခံ၍ မဲဆွယ်ကြလေသည်။ ရွေးကောက်ပွဲပြီးသောအခါ တွဲရေးအမတ်ဦးရေက များလေသည်။ ခွဲရေးခေါင်းဆောင် ဦးဘဖေက ရွေးကောက်ပွဲ မသန့်ရှင်းပုံကို အိန္ဒိယနိုင်ငံ အတွင်းဝန်ထံသို့ စာတင်လေသည်။ ၁၂၉၅ ခုနှစ် လွှတ်တော်အထိ ခွဲရေးတွဲရေးကို လွှတ်တော်၌ ဆုံးဖြတ်၍ မရခဲ့ချေ။ ဘိလပ်လွှတ်တော်မှ ကော်မတီဖွဲ့၍ စိစစ်ကာ ခွဲရေးကို ဆုံးဖြတ်ခဲ့သဖြင့် ၁၂၉၇ ခုနှစ် မြန်မာနိုင်ငံ ဥပဒေသစ် ပေါ်ပေါက်ခဲ့ရလေသည်။
ထိုအချိန်တွင် အမျိုးသားစိတ်ထက်သန်သော တက္ကသိုလ်ကျောင်းသားနှင့် ခေတ်ပညာတတ် လူငယ်များသည် လူကြီးများ၏ အကွဲကွဲအပြားပြား ဖြစ်နေသော နိုင်ငံရေးသံသရာ၊ ကိုယ်ကျိုးအခွင့်အရေးငဲ့မှုများနှင့် နှေးကွေးသော တိုက်နည်းတိုက်ဟန်များကို အားမရသောကြောင့် လွတ်လပ်ရေးအတွက် ပိုမိုထိရောက်စွာ ဆောင်ရွက်ရန် သခင်အဖွဲ့ တို့ဗမာအစည်းအရုံးကို စတင်ထူထောင်ကြလေသည်။ ကမ္ဘာ့တော်လှန်ရေး အတွေ့အကြုံဆိုင်ရာ စာအုပ်စာတမ်းများကိုလည်း လေ့လာဖတ်ရှု လာကြလေသည်။
၁၂၉၉ (၁၉၃၇ ခုနှစ်၊ ဧပြီလ ၁ ရက်) တွင်ကား မြန်မာနိုင်ငံကို အိန္ဒိယနိုင်ငံမှ ခွဲထုတ်ကာ ၉၁ ဌာန အုပ်ချုပ်ရေးသစ်ကို စတင်လိုက်လေသည်။ နိုင်ငံကို ၉၈ ဌာန အုပ်ချုပ်ကာ အရေးပါလာသော ၇ ဌာနကို အင်္ဂလိပ်အစိုးရက ထိန်းကိုင်၍ ၉၁ ဌာနကိုမူ ရွေးကောက်တင်မြှောက်သော အမတ်တို့က ဆောင်ရွက်ခွင့်ရလေသည်။ ထိုအုပ်ချုပ်ရေးစနစ်အရ အောက်လွှတ်တော်တွင် ရွေးကောက်တင်မြှောက်သော အမတ် ၁၃၂ ဦး ပါရှိ၍ အထက်လွှတ်တော်တွင် ထို ၁၃၂ ဦးအနက်မှ တင်မြှောက်သော အမတ် ၁၈ ဦးနှင့် ဘုရင်ခံခန့်အမတ် ၁၈ ဦး ပါဝင်လေသည်။ အစိုးရအဖွဲ့ဝင်ဝန်ကြီး ၁၀ ဦးကိုမူ အင်အားများသော အဖွဲ့ခေါင်းဆောင်နှင့် တိုင်ပင်၍ ဘုရင်ခံက ခန့်ထားရလေသည်။
၉၁ ဌာန အုပ်ချုပ်ရေးမှာ အမြင်တွင် ပြည်သူ့ကိုယ်စားလှယ်များ အုပ်ချုပ်ခွင့်ရသည်ဆိုသော်လည်း အချက်အချာအားဖြင့် အင်္ဂလိပ်အလိုတော်ရိများနှင့် အင်္ဂလိပ်ဘုရင်ခံက ထိန်းကိုင်ထား၍ ၎င်းတို့ကို လွန်ဆန်ရန် မဖြစ်နိုင်ခဲ့ပေ။ အမတ်များမှာ လူမျိုးအလိုက် အစုကွဲ၍ ပါတီအသီးသီးအလိုက်လည်း ကွဲလေသည်။ ပါတီများ မိမိတို့ နောက်ခံအင်အားအတွက် အပျော်တမ်းတပ်များ ဖွဲ့ကြရာ ဓားမပါတီတွင် ဓားမတပ်၊ သခင်ပါတီတွင် လက်ရုံးတပ်၊ မျိုးချစ်ပါတီတွင် ဂဠုန်တပ်များ ပေါ်ပေါက်ခဲ့လေသည်။
ရွေးကောက်ပွဲတွင် လူနည်းစုများ၏ အင်အားကို စည်းရုံးနိုင်သော ဒေါက်တာဘမော်သည် မိမိအဖွဲ့တွင် ၁၆ နေရာမျှသာ အမတ်အရွေးခံရပါလျက် အစိုးရအဖွဲ့ကို ခေါင်းဆောင်ဖွဲ့စည်းနိုင်ခဲ့လေသည်။ ပြည်သူတို့ဘက်တွင်ကား လူမှုအကျပ်အတည်းများမှ ရုန်းကန်နေရဆဲပင်ဖြစ်၍ ဘ၀လှုပ်ရှားမှုတွင် ကြိုးပမ်းနေကြရလေသည်။ မိမိတို့ အခွင့်အရေးအတွက် တသီးတခြားစီ အရေးဆိုနေကြခြင်းများလည်း ရှိလေသည်။
ထိုအချိန်တွင် ရေနံမြေ အလုပ်သမားတို့မှာ အနှစ်နှစ်အလလ ခေါင်းပုံဖြတ်မှုကို မခံမရပ်နိုင်တော့သဖြင့် အင်္ဂလိပ်အစိုးရ၏ အတားအဆီးကြားမှ သပိတ်မှောက်ကာ ရန်ကုန်မြို့သို့ ချီတက်လာနိုင်ခဲ့ကြလေသည်။ သာယာဝတီနယ်၊ ပဲခူးနယ်တို့မှ လယ်သမားများမှာလည်း ဆင်းရဲဒုက္ခကို မခံနိုင်သဖြင့် အငတ်တပ်ကြီးဖွဲ့ကာ ရန်ကုန်မြို့သို့ ချီတက်လာခဲ့ကြလေသည်။
Thursday, February 25, 2010
ဗြိတိသျှခေတ် (၅)
Posted by Ko Nyan Posted Time 9:22 PM
Labels Brief History of Myanmar
Subscribe to:
Post Comments (Atom)
No comments:
Post a Comment