Sunday, March 31, 2013

မပြည့်သော ရေအိုး


အတိပိတော န ကာတဗ္ဗော၊
ခလော ကောတုဟကံ ကရော။
သိရသာ ၀ဟမာနောပိ၊
အဍ္ဎပူရော ဃဋော ယထာ။

လူယုတ်မာကို လွန်လွန်ကဲကဲ မချစ်သင့်။
သူ့ကို ခေါင်းပေါ် တင်ထားသော်ငြားလည်း ရေတစ်ဝက်သာပါသော အိုးသည် ဘောင်ဘင်ခတ်သကဲ့သို့ ပြောချင်ရာရာ ပြောလာတတ် ပေသည်။

Friday, March 29, 2013

အဆဲခံပြီး ရေးလိုက်သည်၊ ကိုဉာဏ် (ပန်းလောင်မြေ)


(က)
အစိုးရကလည်း ပြောချင်တာလေးရှိရင် ထုတ်နုတ်ကိုးကားတယ်...
ဒါပေမယ့် အပြည့်အစုံ မဟုတ်ဘူး။
မြန်မာ့တပ်မတော်ကလည်း လိုချင်တာလေးတွေကို ထုတ်နုတ်ကိုးကားတယ်...
ဒါပေမယ့် အပြည့်အစုံ မဟုတ်ဘူး။
နိုင်ငံရေးသမားတွေကလည်း ကိုယ်ပြောချင်တာတွေကို ဟိုတစ်စဒီတစ်စ ထုတ်နုတ်ကိုးကားပြောကြတယ်...
ဒါပေမယ့် အပြည့်အစုံ မဟုတ်ဘူး။
လမ်းဘေးကကောင်ကလည်း သူသောက်တလွဲလုပ်သမျှ အမှန်ဖြစ်ကြောင်း အကိုးအကားလေးနဲ့ ပြောရှာတယ်...
ဒါပေမယ့် အပြည့်အစုံ မဟုတ်ဘူး။
အခုနောက်ဆုံး... စတုတ္ထမဏ္ဍိုင်ဆိုတာကြီးတွေကပါ ကျန်တဲ့မဏ္ဍိုင်တွေကို တစ်ခုခုဝေဖန်ချင်ရင် ထုတ်နုတ်ကိုးကားလေးနဲ့ သာသာနဲ့နာနာ နှက်ကြတယ်...
ဒါပေမယ့် အပြည့်အစုံတော့ မပြောကြဘူး။
ဘာသာရေးဆိုင်ရာ ပဋိပက္ခတွေဖြစ်တော့လည်း အကိုးကားခံရပြန်တာပဲ...
ဒါပေမယ့် အပြည့်အစုံ မဟုတ်ဘူး။
...............................................
ဒါပေမယ့် အပြည့်အစုံ မဟုတ်ဘူး။
.......................................................
ဒါပေမယ့် အပြည့်အစုံ မဟုတ်ဘူး။
................................................................
ဒါပေမယ့် အပြည့်အစုံ မဟုတ်ဘူး။

...............................................................................
ဒါပေမယ့် အပြည့်အစုံ မဟုတ်ဘူး။ 


တောက်... တော်သေးတာပေါ့ကွာ...
ငါတို့ဗိုလ်ချုပ်၊ ငါတို့အောင်ဆန်း၊ ငါတို့တေဇ၊ ငါတို့ထိန်လင်း အသက် ၃၂ နှစ်မှာ သေသွားရှာလို့။ အခုခေတ်လူတွေ ကိုယ်လုပ်ချင်ရာလုပ်ဖို့အတွက် ဗိုလ်ချုပ် ပြောခဲ့တဲ့စကား ကိုးကားလိုက်ပုံများ ဘုရားရှင် ဟောပြောခဲ့တဲ့ တရားဓမ္မတွေကိုတောင် ဘေးဖယ်ထားတဲ့အထိ။ မသိရင် အောင်ဆန်းဆိုတဲ့ လူကပဲ ဟိုလိုတစ်မျိုး၊ ဒီလိုတစ်မျိုး အမျိုးမျိုး ပြောခဲ့သလို ဖြစ်ဦးမယ်။ ကျွန်တော်တို့ ငယ်ငယ်က သင်္ချာတွက်တာကို ပြန်သတိရမိတယ်။ မေးထားတဲ့သင်္ချာပုစ္ဆာက အဖြေဘယ်လောက်ဆိုတာ သိနေတဲ့ အချိန်မျိုးပေါ့။ လူတိုင်း မဟုတ်ပေမယ့် ကျွန်တော့်လိုမျိုး အချို့အချို့သော လူလည်ကျောင်းသားများက သင်္ချာကို ပြောင်းပြန်တွက်ကြတယ်။ သူ့အဆင့်နဲ့သူ အဆင့်ဆင့် တွက်လာလို့ရှိရင် သိနေတဲ့အဖြေ မရမှာစိုးတဲ့အတွက် သိထားတဲ့အဖြေကနေ နောက်ပြန် ပြန်တွက်တာမျိုးပါ။ အကြောင်းတိုက်ဆိုင်တဲ့လူတွေ ကျွန်တော်ပြောချင်တာကို နားလည်ပါလိမ့်မယ်။ အခုလည်း ကျွန်တော်ငယ်ငယ်ကလိုမျိုး လူစားတွေ အများကြီးပါလားဆိုတာ တစ်နေ့တစ်ခြား သိလာရတယ်။ သွယ်ဝိုက်မပြောတော့ဘူး.... တဲ့ထိုးပြောမယ်။ ဗိုလ်ချုပ်က ဒီလိုပြောခဲ့လို့၊ ဒီလိုလမ်းညွှန်ခဲ့လို့ လုပ်နေကြတဲ့လူတွေ ရှိကောင်းရှိနိုင်တယ်... ဒါပေမယ့် သိပ်ရှားတယ်။ အားလုံးနီးပါးဟာ ကိုယ်လုပ်ချင်ရာလုပ်ဖို့အတွက် ဗိုလ်ချုပ်ပြောတဲ့ဟာတွေကို ပြန်ကိုးကားပြီး တရားခံရှာနေကြတယ်။ ဗိုလ်ချုပ်ပြောတဲ့အတိုင်း လုပ်ကြတာမဟုတ်၊ ကိုယ်လုပ်ချင်တာကို ဗိုလ်ချုပ်စကားနဲ့ ကာဗာလုပ်ကြတာပါ။ မျက်နှာဘေးကဖြတ်သွားတဲ့ ခဲလုံးကိုမြင်ပြီး အား..... ဟု အော်မည့်သူများ၊ ဆွာရက်ဇ်ကဲ့သို့ အခြားကစားသမား၏ ခြေထောက်မြင်လိုက်ရုံနှင့် လဲကျမည့်သူများ၊ လက်နှင့်တောင် မတို့ရသေးဘဲ ဟီးခနဲ ငိုချင်နေသည့် ကလေးစိတ်မကုန်သေးသူများ အားလုံးအားလုံး ပေါက်ကွဲနိုင်ကြပါပြီ။ ကျွန်တော်ရေးခဲ့သည်များကြောင့် တည့်တည့်တကယ်ထိမှန်၍ နာသွားသောသူများကိုမူ အားနာပါကြောင်း ပြောပါရစေ။

(ခ)
ပြဿနာများဖြစ်ပြီလားဆိုလျှင် အင်တာဗျူးကြပြန်ချေပြီ။
ကျန်သည့်အချိန် ရှိလေသည်ဟုပင် မမှတ်။
ဟိုနားဒီနား ရုတ်ရုတ်သဲသဲ ဖြစ်ကြပြန်ပြီလားဆိုလျှင် လျှောက်ကြပြန်လေပြီ။
ကျန်သည့်အချိန် အနားပင်မကပ်။
ဆူဟဲပူဟဲ့ ဖြစ်ကြပြန်ပြီလားဆိုလျှင် မေးကြမြန်းကြပြန်ချေပြီ။
ကျန်သည့်အချိန် သတိပင်မရ။
ကိုယ်ပြောချင်တာကို ပါးစပ်ငှား၍ ပြောလိုလျှင် ပြေးကြမေးကြပြန်ချေပြီ။
ကျန်သည့်အချိန် နာမည်ကိုပင် ပြောဖို့သတိမရ။
................................................. လျှောက်ထားပြန်ချေပြီ။
..................................................... အင်တာဗျူးပြန်ချေပြီ။
............................................................. လေလှိုင်းပေါ် ရောက်ပြန်ချေပြီ။
.....................................................................မှတ်ချက်ပြုပြောကြားခိုင်းကြချေပြီ။

သီတဂူဆရာတော်ပေမို့... ဂုဏ်သိက္ခာကြီးမြင့်သော ဆရာတော်ကြီးပေမို့... ပညာဉာဏ်ကြီးမြင့်သော ပုဂ္ဂိုလ်မြတ်ကြီးပေမို့..... တော်ပေးသေးရော့သည်။ ကျွန်တော်ကိုဉာဏ်သာဆိုလျှင် လာသမျှလူ၊ မေးသမျှလူ၊ လျှောက်သမျှလူ၊ ဗျူးသမျှလူ အကုန်အကုန်လုံးကို လာသမျှ ကတုံးတုံး ၀တ်စုံဖြူဝတ်ပေးပြီး ကုဋီဆေးခိုင်းပစ်လိုက်သည်။ အို.... အမျိုးကောင်းသား၊ အမျိုးကောင်းသမီးတို့ သင်တို့တစ်တွေ ရဟန်းသံဃာများကို ဆည်းကပ်ကိုးကွယ်ခြင်းဟူသည် ဘဇာကြောင့်နည်း။ သီလတောင်းရန်အတွက်လား၊ သို့မဟုတ် အခါတော် တောင်းရန်အတွက်လား၊ တရားနာရန်အတွက်လား၊ သို့မဟုတ် နိုင်ငံရေးအမြင် တောင်းခံရန်အတွက်လား၊ တရားဓမ္မ ဆွေးနွေးမေးမြန်းရန်အတွက်လား၊ သို့မဟုတ် လတ်တလောနိုင်ငံရေး အခြေအနေတွေကို သုံးသပ်ဝေဖန် စကားဝိုင်းဖွဲ့ဖို့အတွက်လား၊ နိဗ္ဗာန်ရောက်ကြောင်း သင်ပြလမ်းညွှန်ခိုင်းရန်အတွက်လား၊ သို့မဟုတ် ဒီမိုကရေစီရကြောင်း နည်းလမ်းကောင်းကို တောင်းခံရန်အတွက်လား... စဉ်းစားကြပါလေ။ အခါကြီးရက်ကြီးမှာ သီတဂူဆရာတော်ကြီးထံသွား၍ တရားနာကြပါလေ၊ သီလခံယူကြပါလေ၊ ဥပုသ်သီတင်း ဆောက်တည်ကြပါလေ...။ သီတဂူဆရာတော်ကြီး လုပ်ကိုင်ဆောင်ရွက်နေသော လူမှုရေး လုပ်ငန်းများကို ကိုယ်အားဉာဏ်အား၊ ငွေအားစိတ်အားနဲ့ ကူညီကြပါလေ။ သီတဂူဆရာတော်ကြီးကဲ့သို့ တရားဓမ္မများကို နားလည်တတ်ကျွမ်းအောင် လေ့လာကြပါလေ၊ အားထုတ်ကြပါလေ။ သီတဂူဆရာတော်ကြီးကဲ့သို့ မနားမနေ အလုပ်လုပ်တော်မူကြပါလေ။ သီတဂူဆရာတော်ကြီးကဲ့သို့ ဗုဒ္ဓမြတ်စွာ သာသနာကို ကမ္ဘာသိအောင် ကြိုးပမ်းကြံဆောင်ကြပါလေ။ အို... သူတော်ကောင်းအပေါင်းတို့၊ သီတဂူဆရာတော်ကြီးသည် ဘုရားသားတော်တစ်ပါး၊ ရဟန်းသံဃာတစ်ပါး၊ သာသနာပြုပုဂ္ဂိုလ်တစ်ပါး ဖြစ်ပါသည်။ သင်တို့၏ မျက်စိထဲတွင် သီတဂူဆရာတော်ကြီးအား သင်္ကန်းဝတ်ထားသည့် နိုင်ငံရေးအတိုင်ပင်ခံ၊ နိုင်ငံရေးအကြံပေး၊ နိုင်ငံရေးလေ့လာသုံးသပ်သူ ပုဂ္ဂိုလ်တစ်ဦးအဖြစ် မမြင်ကြစေလိုကြောင်း တောင်းပန်အပ်ပါသည်။

(ဂ)
အမျိုး၊ ဘာသာ၊ သာသနာကို ကာကွယ်စောင့်ရှောက်ကြမတဲ့။ ကောင်းပါ၏။ ဗုဒ္ဓဘာသာဝင်များအဖို့ မြတ်စွာဘုရားထက် ကြီးမြတ်သောပုဂ္ဂိုလ် မရှိပါ။ ဘုရားရှင်ဟောကြားခဲ့သော တရားဓမ္မများထက် အဖိုးတန်သော လမ်းညွှန်၊ ဆုံးမစကား မရှိပါ။ ဘုရားရှင်ပြသခဲ့သော နိဗ္ဗာန်ရောက်ကြောင်း တရားဓမ္မများထက် သာလွန်မြင့်မြတ်သောအရာ ကမ္ဘာပေါ်မှာ မရှိပါ။ မြတ်စွာဘုရားကိုယ်တော်တိုင်က ငါဘုရားဟောကြားခဲ့လို့ အမှန်ဖြစ်တာမဟုတ်ဘူး၊ အမှန်တရားတွေကိုသာ ငါဘုရားဟောကြားတယ်လို့ မိန့်ကြားခဲ့ပါတယ်။ ပိုပြီးတော့ ကြည်ညိုဖွယ်ကောင်းတာက ဘယ်သူကပြောလို့၊ ဘယ်ဝါကပြောလို့၊ ဘယ်ထဲမှာ ရေးထားလို့၊ ဘယ်ကျမ်းမှာပြထားလို့ဖြင့် မျက်စိစုံမှိတ် မယုံကြည်လိုက်ပါနဲ့တဲ့။ အရာရာကို ၀ိဘဇ္ဇ၀ါဒနဲ့ ရှုမြင်ကြစေလိုသည့်အကြောင်း မိန့်ကြားခဲ့ပါသည်။ ကာလာမသုတ်တော်ကို နှလုံးသွင်း ဆင်ခြင်ကြပါကုန်။

(ဃ)
ဗိုလ်ချုပ်အောင်ဆန်းသည် သာမန်ထက်ထူးကဲသော သာမန်လူသားတစ်ဦးသာ ဖြစ်ပါသည်။ သီတဂူဆရာတော်သည်လည်း သာမန်ထက်ထူးကဲသော သာမန်လူသားတစ်ဦးသာ ဖြစ်ပါသည်။ ထို့အတူ အခြားအခြားသော ပုဂ္ဂိုလ်များ၊ လူများသည်လည်း သာမန်လူသားများ၊ သာမန်ထက် နည်းနည်းပိုထူးသူများ၊ သာမန်ထက် အတော်ထူးသူများသာ ဖြစ်ကြပါသည်။ ဘယ်သူပြောသမျှအမှန်၊ ဘယ်သူမိန့်သမျှအမှန်ဟူ၍ တရားသေကိုင်စွဲ၍ တုတ်ထမ်း၊ ဓားထမ်း၍ ပြောနေကြမည်ဆိုလျှင်ဖြင့် ဘုရားရှင်၏ ဆုံးမစကားနှင့် ညီညွတ်နိုင်မည် မထင်ပါ။ ဟုတ်ကဲ့..... အခု ကျွန်တော်ရေးခဲ့တာတွေကိုလည်း ၀ိဘဇ္ဇ၀ါဒဖြင့်သာ.....။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၃ ခုနှစ်၊ မတ်လ ၂၉ ရက်၊ သောကြာနေ့။
နေ့လည် ၁၁ နာရီ ၅၅ မိနစ်တွင်ပြီး၏။
စာကြွင်း
ကြည့်ဖူးသည့် စတေ့ခ်ျရှိုးပွဲများ၊ အခမ်းအနားများတွင် လက်ခုပ်တောင်းသံကို ကြားဖူးကြလိမ့်မည် ထင်ပါသည်။ အဆင်ပြေရင် လက်ခုပ်သံလေးကြားချင်တယ် ဆိုတာ ကလေးအစ လူကြီးအဆုံး အားလုံးနီးပါး သိကြပါသည်။ ဟုတ်ကဲ့.. ကျွန်တော်ကိုဉာဏ်လည်း ရေးခဲ့တဲ့စာတွေအတွက် အဆဲအဆိုလေးများ ချီးမြှင့်ကြပါဦးလို့ တောင်းဆိုလိုက်ပါသည်။ သို့သော် တစ်ခုတော့ တောင်းပန်လိုပါသည်။ ကျွန်တော်ကိုယ်တိုင်က လိုလိုလားလား အဆဲခံချင်ကြောင်း ပြောကြားထားပါလျက် သူများဆဲလို့ လိုက်ဆဲတာမျိုး၊ ပုံသေနည်းအရ ကျွန်တော်... ဘာရေးရေး ဆဲတာမျိုး မပြုလုပ်ကြဘဲ ကိုယ့်စိတ်ကိုယ် ဝေဖန်သုံးသပ်၍ ကျွန်တော်ကိုဉာဏ်အား ရင်ထဲအသည်းထဲက အမှန်တကယ် ဆဲချင်မှသာလျှင် အားပါးတရ ဆဲဆိုကြစေလိုသည့်အကြောင်း မေတ္တာရပ်ခံလိုက်ပါသည်။ အားလုံးကို ကျေးဇူးတင်ပါသည်။

ပျက်စီးခြင်း၏ အကြောင်း


အသန္တဿ ပိယာ ဟောန္တိ၊
သန္တေ န ကုရုတေ ပိယံ။
အသတံ ဓမ္မံ ရောစတိ၊
တံ ပရာဘ၀တော မုခံ။

တစ်စုံတစ်ယောက်သည် သူယုတ်မာတို့ကို ချစ်ခင်၏။
သူတော်ကောင်းတို့ကိုကား မချစ်ခင်ပေ။
သူတော်ကောင်း မဟုတ်သူတို့ ဟောကြားသည့် တရားကို နှစ်သက်၏။
ထိုအချက်သည်ကား ပျက်စီးခြင်း၏ အကြောင်းပေတည်း။

Thursday, March 28, 2013

လတ်တလောအဖြစ်အပျက်များနှင့်ပတ်သက်၍ သမ္မတဦးသိန်းစိန် ပြောကြားခဲ့သောမိန့်ခွန်း




မိတ္ထီလာအရေးကိစ္စအပါအဝင် လတ်တလော ဆူပူမှုများ ကူးစက်ပြန့်ပွားရန် ကြိုးပမ်းလာတဲ့ အခြေအနေများနဲ့ စပ်လျဉ်းပြီး ကျွန်တော့်အနေနဲ့ ပြည်သူလူထုတစ်ရပ်လုံးကို လိုအပ်တဲ့ ကိစ္စရပ်များအား ရှင်းလင်းပြောကြားသွားမှာ ဖြစ်ပါတယ်။ သာမန်ပုဂ္ဂလိက အငြင်းပွားမှု၊ သာမန်မှုခင်းတစ်ခုကို အကြောင်းပြုပြီး မိတ္ထီလာမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခများ တည်ငြိမ်စပြုလာသည့် အခြေအနေမှာ ပြည်သူလူထုကြီးရဲ့ ရိုးသားမှုကို အခွင့်ကောင်းယူပြီး ရန်ကုန်မြို့အပါအဝင် မြန်မာနိုင်ငံဒေသ အနှံ့အပြားတွင် ဆူပူမှုများ ကူးစက်ပျံ့နှံ့ရန် လှုံ့ဆော်လုပ်ဆောင်လာမှုများကို စိတ်မချမ်းမြေ့ဖွယ် တွေ့မြင်နေရပါတယ်။ ဒါကြောင့် ဒီကိစ္စများနဲ့ပတ်သက်ပြီး ကျွန်တော်ရဲ့ သဘောထားနဲ အစိုးရရဲ့ ရပ်တည်ချက်များကို ရှင်းလင်းပြောကြားသွားမှာ ဖြစ်ပါတယ်။

ကျွန်တော့်အနေနဲ့ အင်အားသုံးပြီး ပြဿနာတွေကို ဖြေရှင်းတာကို မနှစ်မြို့ပါ။ ဒါပေမယ့် ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ် လုံခြုံမှုကို ထိပါးတဲ့လုပ်ရပ် မှန်သမျှကိုတော့ လုံးဝ လက်သင့်ခံမှာ မဟုတ်ဘဲ လိုအပ်လျှင် မြို့ပြအင်အားသုံးပြီး ထိထိရောက်ရောက် တားဆီးနှိမ်နင်းသွားရမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ တရားဥပဒေစိုးမိုးရေးတွင် အဓိကတာဝန်ရှိနေတဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေနဲ့ ဥပဒေနဲ့အညီ ရဲဝံ့ပြတ်သားစွာ ဆောင်ရွက်ကြဖို့ ပြောကြားလိုပါတယ်။

ဒီမိုကရေစီရဲ့ ရေသောက်မြစ်လို့ဆိုရမယ့် တစ်ဦးတစ်ယောက်ချင်းစီရဲ့ လွတ်လပ်ခွင့်ဆိုတာ သူတစ်ပါးကို ထိခိုက်မှုမရှိဘဲ လွပ်လပ်ခြင်းရဲ့ အရသာကို အားလုံးခံစားနိုင်ဖို့ ဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာလည်း မိမိယုံကြည်ရာကို လွတ်လပ်စွာ ကိုးကွယ်ပိုင်ခွင့်အား နိုင်ငံသား အခွင့်အရေး အနေနဲ့ အာမခံချက် အပြည့်အဝ ပေးထားပါတယ်။ ဒီနေရာမှာ မွန်မြတ်တဲ့ ကိုးကွယ်ယုံကြည်မှုကို ခုတုံးလုပ်ပြီး အလွဲသုံးတဲ့ အယူသီး အစွန်းရောက်လုပ်ရပ်တွေ၊ မတူညီတဲ့ ဘာသာတရားတွေအကြား အမုန်းတရားတိုးပွားအောင် လုပ်ဆောင်မှုတွေ၊ ကိုယ်ကျိုးစီးပွားနဲ့ယှဉ်တဲ့ နိုင်ငံရေး၊ စီးပွားရေး အမြတ်ထုတ် လုပ်ဆောင်လာမှုတွေကို ပပျောက်သွားအောင် ကျွန်တော်တို့ အစိုးရအနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ တည်ဆဲဥပဒေများနဲ့အညီ ထိထိရောက်ရောက် အရေးယူဆောင်ရွက်သွားမှာ ဖြစ်တယ်ဆိုတာ သတိပေး ပြောကြားလိုပါတယ်။

ဒီလို ပဋိပက္ခတွေ၊ အခက်အခဲ အကျပ်အတည်းတွေဟာ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကာလမှာ မဖြစ်မနေ ကြုံတွေ့ရမယ့် စိန်ခေါ်မှုတွေ၊ ပြဿနာတွေထဲက တစ်ခုလို့ ရှုမြင်ရမှာဖြစ်ပြီး အားလုံးအတူ ပူးပေါင်းကျော်လွှား ဖြေရှင်းသွားရမှာ ဖြစ်ပါတယ်။ ဒီလိုဖြေရှင်းတဲ့အခါမှာလည်း နိုင်ငံတည်ဆောက်ရေးမှာ နှစ်ပေါင်း ခြောက်ဆယ်လုံးလုံး ကျွန်တော်တို့နိုင်ငံကို နောက်ကျကျန်စေခဲ့တဲ့ မတူတဲ့အင်အားစုတွေအကြား ထိပ်တိုက်ရင်ဆိုင်ပြီး အချင်းချင်း ဖယ်ထုတ်ဖို့ ကြိုးစားခဲ့တဲ့ အနိုင်-အရှုံး သတ်မှတ်တဲ့ အလေ့အကျင့်ကို အတိတ်မှာ ချန်ထားခဲ့ပြီး မတူညီတဲ့အားတွေကို စုစည်းပြီး အချင်းချင်း ညှိနှိုင်းပူးပေါင်း ဆောင်ရွက်ခြင်းနဲ့ အားလုံးအတွက် အကောင်းဆုံး အဖြေကိုရှာတဲ့ ဒီမိုကရေစီအလေ့အကျင့်ကို ကျင့်သုံးခြင်းကသာ ပေါ်ပေါက်လာတဲ့ အကျပ်အတည်းတွေကို ဖြေရှင်းနိုင်ပြီး ဒီမိုကရေစီ အသွင်ကူးပြောင်းခြင်းဖြစ်စဉ်ကို ပံ့ပိုးပေးနိုင်လိမ့်မယ်လို့ ယုံကြည်ထားပါတယ်။

ယခု မိတ္ထီလာမှာ ဖြစ်ပျက်ခဲ့တဲ့ဖြစ်စဉ်ကို ဖြေရှင်းတဲ့နေရာမှာ ယခင်ကနဲ့မတူဘဲ အသိုက်အဝန်းတွေကြားမှာ နားလည်မှုတွေနဲ့ ယုံကြည်မှုတွေ ပြန်လည်တည်ဆောက်နိုင်ဖို့အတွက် အရပ်ဘက် လူ့အဖွဲ့အစည်းတွေရဲ့ ပူးပေါင်းပါဝင်မှု၊ ဘာသာပေါင်းစုံက ခေါင်းဆောင်တွေရဲ့ ပူးပေါင်းဆောင်ရွက်မှု၊ နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ ပူးပေါင်းကူညီမှု၊ မီဒီယာများရဲ့ ပိုမိုတာဝန်သိသိ၊ တာဝန်ရှိရှိ သတင်းဖော်ပြမှု၊ ပြည်သူတွေရဲ့ အသက်အိုးအိမ် စည်းစိမ်လုံခြုံမှုနဲ့ ပြန်လည်ထူထောင်ရေး လုပ်ငန်းများအတွက် ဘုန်းတော်ကြီးများ အပါအဝင် လုံခြုံရေး အဖွဲ့အစည်းများနဲ့ တပ်မတော်တို့ရဲ့ မှန်ကန်တဲ့ အခန်းကဏ္ဍက ပါဝင်မှုတွေကို တွေ့ရှိရပါတယ်။ တချို့ဒေသတွေမှာ ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်နေကြတဲ့ ပြည်သူလူထုတွေ အထိတ်တလန့်ဖြစ်အောင်၊ အကြမ်းဖက်မှုတွေဖြစ်အောင်၊ ကောလာဟလတွေနဲ့ သွေးထိုးလှုံ့ဆော် နေတာတွေ ရှိပေမယ့် ဒါတွေကတစ်ဆင့် အကြမ်းဖက်မှုတွေအဖြစ် ရောက်ရှိမသွားရအောင် ဒေသဆိုင်ရာ အုပ်ချုပ်ရေး အာဏာပိုင်တွေ၊ အရပ်ဘက် လူ့အဖွဲ့အစည်းတွေ၊ ရပ်မိရပ်ဖတွေနဲ့ ဘာသာရေး ခေါင်းဆောင်တွေ ပူးပေါင်းကော်မတီတွေ၊ ဘာသာရေး အဓိကရုဏ်း ကာကွယ်တားဆီးရေးအဖွဲ့တွေ ဖွဲ့စည်းပြီး ကာကွယ်ပေးနေ ကြတာတွေကိုလည်း အပြုသဘောဆောင်သော ဖြစ်ရပ်များအဖြစ် တွေ့မြင်နေရပါတယ်။

ဒါ့အပြင် သွေးထိုးမှုတွေ လှုံ့ဆော်မှုတွေကြောင့် အခြားမြို့ကြီးများကို ပဋိပက္ခများ ကူးစက်မယ့် အန္တရာယ်ကိုလည်း အရပ်ဘက် လူ့အဖွဲ့အစည်းတွေ၊ ရပ်မိရပ်ဖတွေနဲ့ သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းတွေ၊ လုံခြုံရေး အဖွဲ့အစည်းတွေအားလုံး ဝိုင်းဝန်းကာကွယ် လုပ်ဆောင်နေကြတာကိုလည်း တွေ့ရတဲ့အတွက် ကျေးဇူးတင် ဝမ်းမြောက်မိပါတယ်။ မတူညီတဲ့ တိုင်းရင်းသားတွေ၊ လူမျိုးစုတွေနဲ့ မတူညီတဲ့ ကိုးကွယ် ယုံကြည်မှုတွေအကြား အချင်းချင်း အပြန်အလှန် လေးစားမှု၊ နားလည်မှုရှိတဲ့၊ ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းမှာ နေထိုင်တဲ့ နိုင်ငံတစ်နိုင်ငံအဖြစ် ကမ္ဘာပေါ်မှာ ဂုဏ်သိက္ခာရှိရှိ ရပ်တည်နိုင်ဖို့အတွက် ကြိုးပမ်းနေကြတယ် ဆိုတာကိုလည်း သက်သေထူရာ ရောက်ပါတယ်။

ကျွန်တော်တို့အစိုးရအနေနဲ့ အင်အားသုံး ဖြေရှင်းကိုင်တွယ်မှုတွေကို တတ်နိုင်သမျှ ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ခဲ့ရတဲ့ အကြောင်းရင်းကတော့ မိမိတို့ နိုင်ငံသားများရဲ့ အရှိန်ယူစ ဒီမိုကရေစီကျင့်စဉ်များ စမ်းသပ်ကျင့်သုံးမှုကို အဟန့်အတားဖြစ်ပြီး အချိန်မတိုင်မီ ပျက်စီးသွားနိုင်မယ့် အန္တရာယ်ကို ရှောင်ရှားလိုတဲ့ အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။ ယခုကာလတိုအတွင်း မြေစမ်းခရမ်းပျိုးနေတဲ့ ပြုပြင်ပြောင်းလဲရေးများနဲ့ ဒီမိုကရေစီ ရှင်သန်ရေးများကို မဆုံးရှုံးစေလိုတဲ့အတွက်ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ပြည်သူ၊ ကျွန်တော်တို့ နိုင်ငံသားတစ်ဦးချင်းစီရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ထိပါးလာရင်တော့ ကျွန်တော့်ကို အခြေခံဥပဒေက အပ်နှင်းထားတဲ့ နိုင်ငံတော်သမ္မတရဲ့ လုပ်ပိုင်ခွင့်တွေ၊ လုံခြုံရေး အဖွဲ့အစည်းတွေ၊ အုပ်ချုပ်ရေး အဖွဲ့အစည်းတွေရဲ့ အင်အားကို အသုံးပြုပြီး အကာအကွယ်ပေးသွားဖို့ ဆုံးဖြတ်ထားပြီး ဖြစ်ပါတယ်။ ပြည်သူလူထု တစ်ရပ်လုံးကလည်း မေတ္တာကိုအရင်းခံ၊ ကိုယ်ချင်းစာတရားကို လက်ကိုင်ထားပြီး အမြင်ကျယ်ကျယ်၊ သတိကြီးကြီးနဲ့ ဝိုင်းဝန်းကူညီ ပူးပေါင်းဆောင်ရွက်ကြဖို့ ကျွန်တော် အလေးအနက် တိုက်တွန်းမေတ္တာရပ်ခံပါတယ်။

မြန်မာနိုင်ငံလို တိုင်းရင်းသားပေါင်းစုံနဲ့ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံနဲ့ ယဉ်ကျေးမှုပေါင်းစုံ စုစည်းတည်ဆောက်ထားတဲ့ နိုင်ငံတော်တစ်ရပ်အနေနဲ့ နိုင်ငံသားအားလုံးပါဝင်တဲ့ ဒီမိုကရေစီ စနစ်ကသာလျှင် တည်ငြိမ်အေးချမ်းမှုကို အာမခံနိုင်တဲ့ ဒီမိုကရေစီစနစ် ဖြစ်လာမယ်ဆိုတာကို အားလုံးက အလေးအနက် ခံယူထားကြရမှာ ဖြစ်ပါတယ်။ မတူကွဲပြားမှုတွေ ရှိနေပေမယ့်လည်း အဆင်ပြေပြေ ယှဉ်တွဲနေထိုင်နိုင်ဖို့အတွက် ဒီမိုကရေစီ နည်းလမ်းကျကျ၊ ငြိမ်းငြိမ်းချမ်းချမ်း ကြိုးပမ်းကြရမှာဖြစ်ပါတယ်။ ကျွန်တော်တို့တွေရဲ့ မတူကွဲပြားမှုတွေကို ဂုဏ်ယူကြရမှာဖြစ်သလို တစ်ပြိုင်နက်တည်းမှာပဲ ကွဲပြားတဲ့အင်အားတွေကို စုစည်းပြီး ပေါင်းစည်းအားအဖြစ် အသုံးပြုနိုင်မယ်ဆိုရင် ကျွန်တော်တို့ လက်တွေ့ကြုံတွေ့နေရတဲ့ အခက်အခဲတွေ၊ အနာဂတ်မှာ ကြုံတွေ့ရမယ့် စိန်ခေါ်မှုတွေကို ကျော်လွှားသွားနိုင်မယ်လို့ ကျွန်တော့်အနေနဲ့ ရာနှုန်းပြည့် ယုံကြည်ပါတယ်။

ကျွန်တော့်အနေနဲ့ ပြည်သူလူထုအားလုံးကို ပြောကြားလိုတာကတော့ အခုချိန်မှာ ကျွန်တော်တို့ မြန်မာ့လူအဖွဲ့အစည်းကို ပွင့်လင်းလွတ်လပ်တဲ့ လူ့အဖွဲ့အစည်းဖြစ်အောင် ကြိုးစားနေတာ ဖြစ်တဲ့အတွက် အစိုးရကလည်း ဖြစ်စဉ်ဖြစ်ရပ် အမှန်တွေကို အချိန်နဲ့တစ်ပြေးညီ ပွင့်လင်းမြင်သာမှုရှိရှိ သတင်းပေး ပြန်ကြားသွားမှာဖြစ်သလို ပြည်သူလူထုတစ်ရပ်လုံး အနေနဲ့လည်း ကောလာဟလတွေရဲ့ အန္တရာယ်ကို သတိကြီးကြီး၊ ဉာဏ်အမြော်အမြင်ရှိရှိနဲ့ ရင်ဆိုင်တုံ့ပြန်သွားကြရင် ကျွန်တော်တို့အားလုံး ဒီစိန်ခေါ်မှုတွေကို သမိုင်းအစဉ်အလာအရ သဟဇာတရှိရှိ နေထိုင်ခဲ့တဲ့ လူအဖွဲ့အစည်းတစ်ရပ်ရဲ့ ဂုဏ်သိက္ခာနဲ့အညီ အတူလက်တွဲ ကျော်လွှားသွားကြပါစို့လို့ တိုက်တွန်းရင်း နိဂုံးချုပ်ပါတယ်။



မှတ်ချက်
မိန့်ခွန်းစာသာများကို နိုင်ငံတော်သမ္မတရုံး အင်တာနက်စာမျက်နှာမှ ပြန်လည်ကူးယူဖော်ပြထားခြင်း ဖြစ်ပါသည်။ ဗီဒီယိုဖိုင်ကိုမူ MRTV4 မှ ကူးယူထားခြင်းဖြစ်ပါသည်။ 

ရယ်စရာ၊ ပြုံးစရာ၊ တွေးစရာ ဟာသများ


(၁)
အမေရိကန်ပြည်ထောင်စုရဲ့ အခြေခံဥပဒေ ရေးဆွဲဖို့ ၁၇၈၇ ခုနှစ်မှာ ဂျော့ဝါရှင်တန်ခေါင်းဆောင်ပြီး အစည်းအဝေးတစ်ခုကို ကျင်းပခဲ့တယ်။ အဲဒီ သမိုင်းတွင်တဲ့ အစည်းအဝေးမှာ ၀ါရှင်တန် စကားများများ မပြောဘူး။ ရေငုံနှုတ်ပိတ် နေတာများတယ်။ ဒါပေမယ့် တစ်ယောက်ကစပြီး အမေရိကန်စစ်တပ်ရဲ့ စစ်သားဦးရေကို ၅၀၀၀ သာ ကန့်သတ်ထားကြောင်း အခြေခံဥပဒေထဲမှာ ထည့်သွင်းရေးဆွဲဖို့ အကြံပေးတယ်။ ဒီမှာတင် ၀ါရှင်တန် ရေငုံနှုတ်ပိတ် မနေနိုင်တော့ဘူး။
ဒီလိုဆိုရင် ဘယ်နိုင်ငံခြား တိုင်းပြည်ကမျှ ကျွန်ုပ်တို့ အမေရိကန်ပြည်ထောင်စုကို စစ်သားအင်အား ၃၀၀၀ ထက်ပိုသော စစ်တပ်ဖြင့် မကျူးကျော်၊ မတိုက်ခိုက်ရ ဆိုတဲ့အချက်ကိုပါ အခြေခံဥပဒေထဲမှာ ရေးထည့်လိုက်ပါ။
လို့ ဒေါမာန်ပါပါ ထပြောချပစ်လိုက်လေရဲ့။

(၂)
လင်ကွန်းရဲ့ အကြံပေးပုဂ္ဂိုလ်တချို့က ကျွန်အားလုံး လွတ်လပ်ကြပြီလို့ ပြောပြတဲ့ ကြေညာချက်တစ်စောင် ထုတ်ပြန်ဖို့ တိုက်တွန်းပြောဆိုကြတယ်။ ဒီတော့ သမ္မတလင်ကွန်းက သူတို့ လွတ်လပ်ကြပြီလို့ ပြောရုံနဲ့တော့ သူတို့ကို လွတ်လပ်သွားအောင် ဖန်တီးပြုလုပ်ပေးရာ မကျပါဘူး လို့ တုံ့ပြန်ပြောဆိုလိုက်တယ်။ လင်ကွန်းက ဆက်ပြီး ဥပမာထုတ်ပြန်တယ်။
သိုးတစ်ကောင်ရဲ့အမြီးကို ခင်ဗျားတို့က ခြေထောက်တစ်ချောင်းလို့ ခေါ်မယ်ဆိုရင် သိုးမှာ ခြေထောက် ဘယ်နှချောင်း ရှိမလဲ။
ငါးချောင်း ရှိမှာပေါ့။
မဟုတ်ဘူး။ သိုးတစ်ကောင်မှာ ခြေထောက် လေးချောင်းပဲ ရှိတယ်။ အမြီးတစ်ချောင်းကို ခြေထောက်ပါလို့ ပြောရုံနဲ့ အဲဒီအမြီးတစ်ချောင်းက ခြေထောက် ဖြစ်မသွားဘူးလေ။

(၃)
၁၉၂၉ ခုနှစ် သမ္မတရွေးကောက်ပွဲအတွက် မဲဆွယ်တရားပွဲများ စတင်ချိန်မှာ သမ္မတကူးလစ် (အမေရိကန်ပြည်ထောင်စု၏ ၃၀ ဦးမြောက် သမ္မတ) ကို နောက်တစ်ကြိမ် အရွေးခံဖို့ အစီအစဉ်ရှိမရှိ မေးကြတယ်။
ပြန်အရွေးခံဖို့လမ်းကို ကျုပ်မရွေးဘူး။
သတင်းထောက်တစ်ယောက်ကလည်း ပထမအမေးသဘောဆောင်တဲ့ မေးခွန်းတစ်ခုကို မေးပါတယ်။
မစ္စတာကူးလစ်ခင်ဗျား၊ ခင်ဗျားအနေနဲ့ နောက်ထပ် သမ္မတ မဖြစ်ချင်ဘူးလား။
မဖြစ်ချင်ပါဘူး။ တိုးတက်ဖို့ အခွင့်အလမ်း ဘာမျှမရှိဘူး။
လို့ သမ္မတက ဖြေလိုက်လေရဲ့။

(၄)
သမ္မတ ထရူးမင်းက ပြောတယ်။
လက်တစ်ဖက်တည်းပါတဲ့ အကြံပေးပုဂ္ဂိုလ် တစ်ဦးကို ကျုပ်လိုချင်တယ်။ အခု ကျုပ်ရဲ့ အကြံပေးပုဂ္ဂိုလ်တွေ ပြောပြောနေကြတာက တစ်ဖက်မှာ ဒီလိုရှိတယ်။ ဒါပေမယ့် အခြားတစ်ဖက်မှာတော့ ....... တွေချည်းပဲ။ ကျုပ်လိုတာက လိုရင်း၊ တိုရှင်း အဖြေမျိုးပေးနိုင်တဲ့ အကြံပေးပုဂ္ဂိုလ်ပဲ။

(၅)
သမ္မတနစ်ဆင်ဟာ အမြဲလိုလို ကွန်ဂရက်နဲ့ အဆင်မပြေဘူး။ တစ်ခါတော့ သူက
ကွန်ဂရက်ဟာ သိပ်ကို အဖြတ်အတောက်တွေ များလွန်းတယ်။ တကယ်လို့များ သူတို့က ပညတ်တော်ဆယ်ပါးအတွက် မဲပေးရမယ်ဆိုရင် ပညတ်တော် ရှစ်ပါးလောက်ပဲ ကျန်လိမ့်မယ်။
လို့ ရိလိုက်ပါသတဲ့။

[ခင်မောင်တိုး (မိုးမိတ်) ရဲ့ အမေရိကန်သမ္မတတို့ရဲ့ ဟာသများစာအုပ်မှ အချို့ကို ပြန်လည်ကူးယူ ဖော်ပြခြင်း ဖြစ်ပါသည်။]

လိုချင်တိုင်း မရနိုင်


အစိန္တိတမ္ပိ ဘ၀တိ၊
စိန္တိတမ္ပိ ၀ိနဿတိ။
န ဟိ စိန္တမယာ ဘောဂါ၊
ဣတ္ထိယာ ပုရိသဿ ၀ါ။

မကြံစည်ဘဲနှင့်လည်း ဖြစ်လာတတ်၏။
ကြံစည်ပါလျက်လည်း ပျက်သွားတတ်၏။
မိန်းမမှာဖြစ်စေ၊ ယောက်ျားမှာဖြစ်စေ စည်းစိမ်ဥစ္စာတို့သည် ကြံစည်တိုင်း ဖြစ်မလာကြပေ။

Wednesday, March 27, 2013

(၆၈) နှစ်မြောက် တပ်မတော်နေ့



မိတ္ထီလာ ကော်လက်ရှင်း



ကုလားဖာအိမ်ကို ဗမာဝင်ရိုက်လို့… ဗမာအရက်ဆိုင်ကို ကုလားဝင်ဖျက်တယ်လို့တော့ဖြင့် တစ်ခါမျှ မကြားဖူးဘူး။ ဗုဒ္ဓ နောက်ဆုံးဟောတာ - ရဟန်းတို့… မမေ့မလျော့သော သတိနဲ့ ၉၆၉ စတစ်ကာကပ်ပြီး နေရစ်ပါတော့လို့ ပြောခဲ့သလို ဖြစ်ရော့မယ်။ အားရှိပါဘိကွယ်….။
(ဖေကြီးသိတယ်)

ရိုက်လိုက်၊ နှက်လိုက်၊ မီးရှို့လိုက်၊ ၁၄၄ ထုတ်လိုက်၊ ကော်မရှင်ဖွဲ့လိုက်၊ ၆လ / ၁နှစ် လောက်ကြာလိုက်၊ နောက်တစ်ခု ထပ်ဖြစ်လိုက်၊ သြော်… သံသရာဆိုတာ ဒါကို ခေါ်တာကိုး…။ ဟ ဟ ဟ….။
(Myat Thu)

ဈေးရောင်းဝယ်ကို လူမှုရေးအမြင်နဲ့ကြည့်လို့ ပဋိပက္ခဖြစ်ဟု သီတဂူဆရာတော်ပြော
ပြီးခဲ့တဲ့ မတ်လ ၂၀ ရက်နေ့က မိတ္ထီလာမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေရဲ့ အကြောင်းရင်းခံဟာ ဈေးအရောင်းအ၀ယ် ကိစ္စကို လူမှုရေးကိစ္စ ဘာသာရေးကိစ္စတွေနဲ့ ကြည့်တဲ့အတွက် နိုင်ငံတော်ရဲ့ အနာဂတ်မှာ ရှုပ်ထွေးတဲ့လမ်းကြောင်းတွေ ဖြစ်လာတယ်လို့ သီတဂူဆရာတော် အရှင်ဉာဏိသရက ဒီကနေ့ RFA ကို မိန့်ကြားပါတယ်။ ဘာသာဝင်တိုင်းဟာ မိမိတို့ကိုးကွယ်ရာ ဘုရားရှင်တို့ရဲ့ အဆုံးအမကို အတိအကျ လိုက်နာဖို့လိုပြီး ကရုဏာ၊ ပညာ အပြည့်အ၀နဲ့ လုပ်ဆောင်ဖို့ လိုအပ်တယ်လို့ အရှင်ဉာဏိသရက မိန့်ကြားပါတယ်။ မိတ္ထီလာမြို့ကို ကြွလာရန် ပြင်ဆင်နေတဲ့ ဗုဒ္ဓဘာသာ ရဟန်းတော်များ အနေနှင့်လည်း ဆူပူမှုကို ၀ိုင်းဝန်းထိန်းသိမ်းသူ ဘုရားသားတော်များဖြစ်အောင် ဆူပူမှုထဲမှာ ပါဝင်ပတ်သက်သူများ မဖြစ်အောင် စောင့်စည်းရန်လိုအပ်ကြောင်း၊ ပဋိပက္ခကို ဖြေရှင်းရမည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့်လည်း ခြေလွန်လက်လွန် မဖြစ်စေဘဲ၊ ဥပဒေအတိုင်း ထိန်းထိန်းသိမ်းသိမ်း လုပ်ကြဖို့နဲ့ ငြိမ်းချမ်းရေးကို ထိန်းသိမ်းတဲ့ ပုဂ္ဂိုလ်တွေအနေနဲ့လည်း ကရုဏာ၊ ပညာ လက်လွတ်ပြီး ဒေါသလွန်ကဲသွားပါက ဆူပူမှုကို အားပေးသူများ ဖြစ်သွားနိုင်ကြောင်း၊ ယင်းကြောင့် စိတ်ရှည်လက်ရှည်နဲ့ အဓိကရုဏ်းကို ထိန်းသိမ်းဖို့လိုအပ်ကြောင်း သီတဂူဆရာတော်က ဆက်လက်မိန့်ကြားပါတယ်။
(RFA)

ယခုဖြစ်နေတာ အစ္စလာမ်နဲ့ ဗုဒ္ဓဘာသာဝင်တွေ ဖြစ်နေတာ လုံးဝမဟုတ်ပါ။ ဗုဒ္ဓဘာသာကို ခုတုံးလုပ်ပြီး ရမ်းကားနေတဲ့ လူတစ်စု အကြမ်းဖက်နေတာပါ။ မိတ္ထီလာမြို့ခံ ဗုဒ္ဓဘာသာဝင်များက အစ္စလာမ်ဘာသာဝင်များအား မိမိတို့ နေအိမ်များအတွင်း ၀င်ရောက်နေစေခြင်းဖြင့်သော်လည်းကောင်း၊ အန္တရာယ်ကင်းစေမည့် နေရာများသို့ ရွှေ့ပြောင်းစေရေး အကူအညီ ပေးခြင်းဖြင့်လည်းကောင်း ကာကွယ်ပေးလျက်ရှိကြောင်း ကြားသိရပါသည်။ မနေ့နေ့လည်မှ စတင်ဖြစ်ပွားသော အကြမ်းဖက်မှုများ၊ တစ်ညလုံး ကျူးလွန်နေသော မင်းမဲ့စရိုက်ဆန်ဆန် လုပ်ရပ်များအား မိတ္ထီလာမြို့ခံများ လုံးဝ ပါဝင်ပတ်သက်ခဲ့ခြင်း မရှိဘဲ ရွာဘက် တောဘက်မှ ဗုဒ္ဓဘာသာအမည်ခံ အကြမ်းဖက်သမားများသာ ကျူးလွန်ဖျက်ဆီးခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။ ထို့အတူ မန္တလေးမြို့မှ ဗုဒ္ဓဘာသာဝင်များကလည်း မိမိတို့နှင့် ရင်းနှီးသော အစ္စလာမ်ဘာသာဝင်များအား ပြဿနာတစ်ခုခု ဖြစ်ခဲ့လျှင် မိမိတို့၏ အိမ်များသို့ လာရောက်နေထိုင်ရန် အားပေးမှုများ ပြုလုပ်လျက်ရှိသည်။ စစ်မှန်သော ဗုဒ္ဓဘာသာဝင်များအား လေးစားပါတယ်ခင်ဗျား။ စစ်မှန်သော ဗုဒ္ဓဘာသာ အဓွန့်ရှည် တည်တံ့ပါစေ။ အကြမ်းဖက်သမားများ တူသောအကျိုး ပေးပါစေ။
(တကျော့ပြန် ဟန်းဒရစ်)

တစ်ရက်တစ်ရက် လုပ်ငန်းခွင်ချောမွေ့အောင်၊ အဆင်ပြေအောင်၊ ကိုယ်နဲ့အတူလုပ်မယ့် ဝန်ထမ်းတွေ လွယ်ကူအောင်၊ ဆန်းပြားတဲ့ အသစ်တွေလုပ်နိုင်အောင်၊ မိသားစု ထမင်းကျွေးနိုင်အောင်၊ ကိုယ့်ကိုကိုယ်လည်း တိုးတက်အောင် စဉ်းစားလိုက် လုပ်လိုက်နဲ့ ပြဲထွက်နေအောင် လုပ်နေတာ အားချိန်တောင် သိပ်မရှိဘူး။ ဘုရားတောင် မရှိခိုးဖြစ်တာ နှစ်နဲ့ချီနေပြီ။ ဘုရားအားလုံးလည်း ကောင်းကင်ဘုံနန်း နိဗ္ဗာန်စခန်းတွေမှာ ပျော်မွေ့နေကြပြီ။ ဒီလောက် ဒိုင်းနမစ် ဖြစ်နေတဲ့ခေတ်မှာ ဒီလောက်လုပ်နေတယ် ဆိုတာတောင် ပုံမှန်ပဲ။ ဒင်းတို့တွေ ဒါတွေ စဉ်းစား လုပ်ကိုင်နိုင်လောက်အောင် သိပ်အားယားနေကြပုံထောက်ရင် သိပ်ချမ်းသာရင် ချမ်းသာ မဟုတ်ရင်တော့ သိပ်ဆင်းရဲတဲ့ လူတွေ၊ အလုပ်မရှိ အကိုင်မရှိလူတွေပဲ ဖြစ်မယ်။
(Crony Lynn Seck

၁။ မိတ္ထီလာမြို့မှာ မူစလင်မုန်းတီးဆန့်ကျင်ရေးစာတွေ အင်တာနက်နဲ့ မိတ္ထီလာမြို့ထဲမှာ ထွက်လာတယ်။ (အင်တာနက်မှာ တွေ့ရတဲ့ ၀ါဒဖြန့်စာနဲ့ ဓာတ်ပုံနဲ့က ဘာမျှ အထောက်အထား ခိုင်လုံတာ မရှိဘဲ.. မုန်းတီးရေးစာသက်သက် ဖြန့်ထားတာကို တွေ့ရတယ်။)
၂။ တီဗီမှာ စစ်တပ်က အာဏာသိမ်းတာဟာ မှန်တယ်ဆိုတဲ့ ၀ါဒဖြန့်ဇာတ်လမ်း “အဖေနဲ့သားများ” ကို ပြတယ်။
၃။ မူစလင်မုန်းတီးရေး စာထွက်ပြီး ၂ ရက်လောက်အတွင်းမှာတင် မိတ္ထီလာမြို့က ရွှေဆိုင်မှာ ဘယ်ကလာမှန်းမသိတဲ့ လူနှစ်ယောက် ရွှေလာရောင်းတာကို ရွှေဆိုင်ကလူက ရွှေဆိုင်မှာ မှတ်ကျောက်မတင်ဘဲ ရွှေကို ဈေးထဲယူသွားပြီး မှတ်ကျောက်တင်ရာကနေ ရွှေထည်ပစ္စည်း အထည်ပျက်လို့ ပြဿနာဖြစ်တာကို ဆိုင်ရှင်မူစလင်တွေက ချုပ်ပြီး ၀ိုင်းရိုက်လိုက်ကြတယ်ဆိုတာ စဉ်းစားစရာ။
၎။ ဒီအဖြစ်တွေ ဖြစ်နေစဉ်မှာပဲ ဘုန်းကြီးတစ်ပါးအလောင်း ဗလီထဲမှာ တွေ့တယ်လို့ ဖြစ်လာတယ်။ (ဘုန်းကြီးအလောင်း ထွက်လာပြီးပြီးချင်းလောက်မှာ မန္တလေးက ဆရာတော်က ဘုန်းကြီးရဲ့ ဘွဲ့၊ သီတင်းသုံးတဲ့ကျောင်း၊ မိတ္ထီလာကို တက်လာရတဲ့ အကြောင်းအရင်း အတိအကျကို ချက်ချင်းပြောနိုင်တာကလည်း အံ့သြစရာ) အသတ်ခံရတဲ့ ဘုန်းကြီးရဲ့ အချက်အလက် ဒီလောက် တိတိကျကျကို မြန်မြန်ဆန်ဆန် ထွက်လာတာ အင်မတန် ထူးဆန်းတယ်။ လက်ပံတောင်းမှာ မီးလောင်တဲ့ သံဃာတွေ အရေးပေါ် ဆေးရုံရောက်လာတာတောင် သံဃာတွေရဲ့ ဘွဲ့နဲ့ သီတင်းသုံးတဲ့ကျောင်း စတဲ့ အချက်အလက် တိတိကျကျကို ဘယ်သူမှ မပြောနိုင်ဘူး။ နောက် ၂ ရက်လောက်နေတာတောင် ဒဏ်ရာရ သံဃာစာရင်း အတိအကျကို ဘယ်သူမှ မပြောနိုင်ဘူး။ အခုက ချက်ချင်းကို အတိအကျ ပြောနိုင်တယ်။
၅။ အကြမ်းဖက်ဖို့ တုတ်၊ ဓား ကိုင်ဆွဲသူတွေ ရဲတွေကြားကနေ ထွက်လာတာကို ရဲတွေက မတားဘူး (ကိုမင်းကိုနိုင် မျက်မြင်သက်သေ)
၆။ တစ်ရက်လောက်အတွင်းမှာတင် မြို့ဟာ မြို့ပျက်ကြီးလို နေရာအနှံ့ မီးလောင်တာတွေ ပြည့်သွားတယ်။
သေချာကြည့်ရင် ခပ်ညံ့ညံ့ ရုပ်ရှင်ကားလို ယုတ္တိမရှိတာတွေကို ဇာတ်ကွက်ဆင်ထားတာ တွေ့ရပေမယ့် ပေးလိုက်ရတဲ့ ပြည်သူတွေရဲ့ အသက်တွေနဲ့ ဘ၀တွေက များလွန်းလှတယ်။ ဒါကြောင့် ကိုယ့်ရပ်ကွက်၊ မြို့ရွာထဲမှာ တစ်သက်လုံး ပြဿနာမဖြစ်ဘဲ အတူတူ နေထိုင်ကြတဲ့ ဘာသာမတူသူတွေအချင်းချင်း စည်းလုံးကြပြီး ဘေးက အခုလို နှောင့်ယှက်တာတွေကြောင့် သတ်ဖြတ် ဒုက္ခရောက်ကြရတာ မဖြစ်ရအောင် ပြင်ပလှုံ့ဆော်သူတွေကို သတိကြီးကြီးနဲ့ ညီညီညွတ်ညွတ် ပူးပေါင်းဆောင်ရွက် တုံ့ပြန်ကြဖို့ နှိုးဆော်ပါရစေ။
(ကိုထိုက်)

မိတ္ထီလာသတင်းနှင့် ပတ်သက်၍ သိလိုသည်များကို ကျွန်တော့် message box၊ တယ်လီဖုန်းများသို့ ဆက်သွယ်မေးမြန်းလာသည့် ကောလာဟလများနှင့် သတင်းများကို အမှား၊ အမှန် အတည်ပြု ဖော်ပြလိုက်ပါတယ်။ ကျွန်တော်သိလျှင် သိသည့်အတိုင်း၊ မသိလျှင် မသိသည့်အတိုင်း ရိုးရိုးသားသား ဖော်ပြလိုက်ပါတယ်။
(၁)
Q; မိတ္ထီလာရှိ ဖောင်တော်ထိပ် ရပ်တော်မှုဆင်းတုကြီးတွေ အဖြိုခံရတယ်ဆိုတာ ဟုတ်ပါသလား။
A; လုံးဝ၊လုံးဝ မဟုတ်ပါ။ ဆင်းတုနှစ်ဆူမှာ ဘက်စုံပြုပြင်ရန်အတွက် လွန်ခဲ့သော တစ်လလောက်ကတည်းက မြေတူးပြုပြင်နေတာဖြစ်ပါတယ်။
(၂)
Q; နာရီစင်နားရှိ ကမ္ဘောဇဘဏ် မီးလောင်သွားတယ်ဆိုတာ ဟုတ်ပါသလား။
A; လုံးဝမဟုတ်ပါ။ အစကတည်းက အသစ်ဆောက်လုပ်ရန် ပြုပြင်နေတာပါ။ ကမ္ဘောဇဘဏ်အပါအဝင်၊ ရှိရှိသမျှဘဏ်အားလုံး အန္တရာယ်ကင်း ဘေးရှင်းပါတယ်။
(၃)
Q; ယင်းတော်မင်းကျောင်း ဓါတ်တော်တိုက်ကြီးကို ဖြိုချပစ်လိုက်တယ်ဆိုတာ ဟုတ်သလား။
A; လုံးဝ၊ လုံးဝ မဟုတ်ပါ။
(၄)
Q; သီတဂူဆရာတော်ကြီး မိတ္ထီလာကို ကြွလာတယ်ဆိုတာ ဟုတ်လား။ ဘယ်မှာ သီတင်းသုံးလဲ။
A; သီတဂူဆရာတော်ကြီး မိတ္ထီလာကို ကြွလာတယ်ဆိုတာ မဟုတ်ပါ။ ဖြစ်စဉ်ရက်ပိုင်းအတွင်းမှာ သီတဂူဆရာတော်ကြီးဟာ ချင်းပြည်နယ်မှာ ရှိနေတယ်လို့ ဆရာတော်ကြီးကို သင်္ကန်းကိုယ်တိုင်ကိုယ်ကျ ကပ်လှူခဲ့တဲ့ ချင်းပြည်နယ်ရှိ မိတ်ဆွေဆရာဝန်က ၁၀၀% အတည်ပြုပြောကြားပါတယ်။ ဆရာတော်ကြီးက ဆုံးမစကား မိန့်ကြားခဲ့တယ်ဆိုတာ မှန်ကန်ပါတယ်။
(၅)
Q; ဦးဝီရသူ ကြွလာတယ်ဆိုတာ ဟုတ်သလား။
A; ဟုတ်ပါတယ်။ ဖြစ်ဖြစ်ချင်း နောက်တစ်ရက် တန်းကြွလာတာပါ။ မြစန္ဒာ သွပ်ပြားဆိုင်ရှေ့ တန်းလျားလေးမှာ ထိုင်နေတာကို မျက်စိနှင့် တပ်အပ်မြင်လိုက်ပါတယ်။
(၆)
Q; ကိုမင်းကိုနိုင်တို့ ၈၈ တွေ လာသလား။
A; ဟုတ်ကဲ့ လာတာသေချာပါတယ်။
(၇)
Q; ကျန်းမာရေးစာစောင်တွေမှာ ရေးသားနေတဲ့ ဒေါက်တာမြင့်ဦး (ထွေကု-ထီလာ)
(ဒေါက်တာမြင့်ဦး GP မဟုတ် ) အကြီးအကျယ် ထိခိုက်ဒဏ်ရာရတယ်ဆိုတာ ဟုတ်သလား။
A; ကျွန်တော့်မျက်စိနှင့် တပ်အပ်မမြင်၍ ၁၀၀% အတည်မပြုနိုင်ပါ။ သို့သော် ဆေးရုံရှိ အသိမိတ်ဆွေများနှင့် ဆရာကြီးနှင့် နီးစပ်ရာလူများ ၁၀ ဦးနှင့်အထက်ကို မေးကြည့်ရာ ဟုတ်မှန်ကြောင်း
ပြောကြားကြပါသည်။ ဆရာကြီးဦးမြင့်ဦးဟာ အစ္စလာမ်ဘာသာဝင်တစ်ဦး ဖြစ်ပေမယ့် ဗုဒ္ဓဘာသာဝင်များကပါ ချစ်ခင်ကြည်ညိုသော ဆရာဝန်ကြီးဖြစ်ပါတယ်။ ဆရာကြီးထက် ဆရာဝန်စိတ်ဓာတ်ပိုရှိတဲ့ ဆရာဝန်ကိုရှာပြပါ ဒေါ်လာတစ်သန်း ပေးပါမယ်ဆိုရင်တောင် ကျွန်တော်တွေ့အောင် မရှာနိုင်ပါ။ မိတ္ထီလာမြို့ တီဘီရောဂါ တိုက်ဖျက်ရေးမှာ တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်နေသလို သူ့ဘဝတစ်လျှောက်လုံး လူမျိုးဘာသာမရွေး အသပြာအဓိကမထား စေတနာဖြင့်သာ ကုသပေးသဖြင့် အလွန်လည်း ဆင်းရဲပါတယ်။ ဒီသတင်းသာ မှန်ခဲ့ရင်တော့ မိတ္ထီလာမြို့သူမြို့သားများအတွက် ကြီးမားတဲ့ နစ်နာမှုကြီးပါဗျာ။
(၈)
Q; (အမျိုးသမီးတစ်ဦးနှင့်အမျိုးသားတစ်ဦး သွေးအိုင်ထဲတွင် လဲနေသည့်ဓါတ်ပုံကို ဖော်ပြ၍) ဒီပုံတွေက ကုလားတွေ ရိုက်သတ်ထားတဲ့ပုံလို့ Facebook တစ်ခုမှာ တင်ထားလို့ ဟုတ်ပါသလား။
A; လုံးဝလုံးဝ မဟုတ်ပါဘူး။ ဒါ… သက်သက်ယုတ်မာတာပါ။ ဒီပုံတွေဟာ ယာဉ်စည်းကမ်း ထိန်းသိမ်းရေးက ဆိုင်ကယ်အက်ဆီးဒင့် ဖြစ်တဲ့ပုံတွေကို ပညာပေးရိုက်ထားတဲ့ ပိုစတာကပါ။ မိတ္ထီလာကန်ထိပ်က
ပိုစတာမှာ လာကြည့်နိုင်ပါတယ်။ ဒီပုံတွေကို ချက်ချင်းဖျက်ပစ်ပါ။ ကျွန်တော်လည်း ဖျက်ပစ်လိုက်ပြီ။
ဒီလိုပုံတွေတွေ့ရင် ရမ်းသန်းပြီး like တို့ share တို့ မလုပ်ပါနဲ့။
(၉)
Q; နာမည်ကြီးပြည်တွင်းမီဒီယာတစ်ခု (နာမည်ပြောပါသည်)က တင်ထားတဲ့ လူ ၁၀ ယောက်လောက်ကို မီးရှို့ထားတဲ့ပုံက ကုလားတွေလား ဗမာတွေလား။
A; ကုလားလား၊ ဗမာလား သိချင်ရင် တင်ထားတဲ့မီဒီယာကိုပဲ ဖုန်းဆက်မေးကြည့်ပါခင်ဗျား။ ကျွန်တော့်အနေနဲ့ ဖြေဆိုရန် တာဝန်မရှိပါ။
(၁၀)
Q; ဧရာဝတီသတင်းမှာတင်ထားတဲ့ ကလေးလေးတွေက စစ်ဖိနပ်ကိုကြည့်ပြီး ကြောက်နေတဲ့ပုံ ဘယ်လိုလဲခင်ဗျ။
A; ဒီပုံကို ကျွန်တော်လည်း ကြည့်လိုက်ရပါတယ်။ ပုံအောက်မှာတော့ ပြန်လည်နေရာချထားပေးပုံလို့ ရေးထားပြီး ပုံကိုတော့ ရည်ရွယ်ချက်ရှိရှိ၊ ယုတ်ယုတ်မာမာ တင်ထားတယ်ဆိုတာ ပေါ်လွင်ပါတယ်။ သူတို့သာ ရိုးသားရင် ကားနဲ့သယ်သွားတဲ့ ကားတစ်စီးလုံးပုံကို ဖော်ပြရမှာပေါ့။ အခုတော့ ကားဘန်ပါနောက်မှာ တက်ရပ်ပြီး ကာကွယ်မှုယူပေးနေတဲ့ ရဲဘော်ခြေထောက်နဲ့ ကြောက်နေတဲ့ ကလေးမျက်နာကို ကွက်ပြီး ဖော်ပြထားတာက ပြည်သူနဲ့ စစ်တပ်အကြား ရန်မီးပွားအောင် သက်သက်ယုတ်မာတာလို့ ထင်ပါတယ်။ ဒီပုံကို မိတ္ထီလာမြို့သား တစ်ဦးအနေနဲ့ရော၊ မြန်မာနိုင်ငံသားတစ်ဦး အနေနဲ့ပါ ပြင်းထန်စွာ ကဲ့ရဲ့ ရှုံ့ချပါတယ်။ ဧရာဝတီ သတင်းအနေနဲ့ ရိုးရိုးသားသား မှားတာဆိုရင် ပုံအပြည့်အစုံကို ပြန်တင်ပေးပါ။
(၁၁)
Q; ခင်ဗျားက EPC အကြောင်း၊ စစ်တပ်အကြောင်း အကောင်းတယ်ပြောပါ့လား။ ခင်ဗျားက စစ်တပ်ကလား EPC ကလား။
A; မဟုတ်ပါဘူးခင်ဗျား။ ကျွန်တော်သာမက ကျွန်တော့် အမျိုးထဲမှာတောင် EPC တို့၊ စစ်တပ်ကတို့ မရှိပါဘူးဗျာ။ သူတို့က တကယ်အလုပ်လုပ်လို့ လုပ်တဲ့အကြောင်း ရိုးရိုးသားသား တင်ပေးတာပါ။
(၁၂)
Q; NLDတွေဘာလုပ်နေလဲ။
A; စဖြစ်ခါစရက်တွေမှာ သူတို့ရုံးထဲမှာပဲ စုစုရုံးရုံး လုပ်နေပါတယ်။ ကျွန်တော်က မည်သည့်ပါတီဝင်မျှ မဟုတ်လို့ ဘာတွေတိုင်ပင်နေသလဲဆိုတာမသိပါ။ ၂၃/၂၄ ရက်တွေမှာတော့ ဝတ်စုံပြည့်ဝတ်ပြီး ကားတွေ၊ အလံတွေနဲ့ ကူညီကယ်ဆယ်ရေးတွေ လုပ်ပေးနေတာကို တွေ့ပါတယ်။
(၁၃)
Q; ပြည်ခိုင်ဖြိုးပါတီကရော ဘာတွေလုပ်ပေးနေသလဲ။
A; ကျွန်တော်မသိဘူးဗျ။
(၁၄)
Q; ဆရာက ပြည်သူ့ခေတ်ဂျာနယ်မှာပါတဲ့ သုံးနာရီနဲ့တော့ မလုံလောက်ပါတို့၊ ပြည်တွင်းဖြစ်ဆန်ရှင်တို့ အစရှိတဲ့ ဆောင်းပါးတွေကို အပတ်စဉ် ရေးသားနေတဲ့ စာရေးဆရာ ဟုတ်ပါသလားရှင့်။
A; ကျွန်တော်က ပြည်တွင်းဖြစ်ဆန်ရှင်၊ သုံးနာရီနဲ့တော့ မလုံလောက်ပါ ဆောင်းပါးတွေကို ရေးသားခဲ့တဲ့ စာရေးသူ ဟုတ်ပါတယ်။ ဒါပေမယ့် ကျွန်တော်ကိုယ်ကျွန်တော် စာရေးဆရာလို့ ဘယ်တုန်းကမျှ မခံယူမိပါဘူး။ အပတ်စဉ် ရေးသားနေတယ်ဆိုတာလည်း မဟုတ်ပါဘူး။ ပြည်သူ့ခေတ်ဂျာနယ်မှာ ဒီနှစ်ပုဒ်ပဲ ပါဖူးတာပါခင်ဗျား။
(၁၅)
Q; ခင်ဗျားက ကုလားလား။
A; မဟုတ်ပါဘူးခင်ဗျား၊ ကျွန်တော်က ဗုဒ္ဓဘာသာ ဗမာလူမျိုးစစ်စစ်ပါ။ ဒါပေမယ့် ဗုဒ္ဓအလိုကျ ဗုဒ္ဓရဲ့ အဆုံးမအတိုင်း ဗုဒ္ဓချီးမွမ်းမယ့် ဗုဒ္ဓဘာသာဝင်တစ်ဦးဖြစ်အောင် ကြိုးစားနေသူပါခင်ဗျား။
မင်းသန့်အောင် (မိတ္ထီလာမြို့)

ကျွန်တော်ကိုယ်တိုင်က ဗုဒ္ဒဘာသာဝင် စစ်စစ်ပါ။ မိရိုးဖလာ ယုံကြည်ကိုးကွယ်မှုထက်သာတဲ့ ထေရ၀ါဒ စစ်စစ်ဖြစ်ဖို့ အမြဲကြိုးစားအားထုတ်နေတဲ့သူပါ။  ဦးဝီရသူတရားတွေ အွန်လိုင်းမှာ ပြန့်လာကတည်းက ပြသနာတစ်ခုဆီကို တွန်းပို့နေပြီဆိုတာကို ပြောခဲ့ပါတယ်။ လက်လည်းမခံနိုင်ပါဘူး။  ဒီလိုအချိန်မှာ ရခိုင်အရေးတောင် မီးမငြိမ်းသေးခင်  အကဲဆတ်တဲ့ ဘာသာရေးမီးကို ဘာအကြောင်းကြောင့်မှ ထပ်မမွှေးသင့်ဘူးလို့ ယုံကြည်ခဲ့ပါတယ်။ ရိုးသားတဲ့ တိုက်တွန်းနှိုးဆော်မှုလို့လည်း ယုံကြည်မပေးနိုင်ပါဘူး။
နိုင်ငံရေးပင်ဖြစ်စေ၊ ဘာသာရေးပင်ဖြစ်စေ အခြေအနေနဲ့ အချိန်အခါ ဆိုတာရှိပါတယ်။ဘယ်လောက်ပဲ စေတနာမှန်တယ် ဆိုစေဦးတော့  အခြေအနေအရ မသင့်တော်ရင်  လုပ်လို့မဖြစ်ပါဘူး။ တစ်ခုပဲ စဉ်းစားကြည့်ပါ။ မြတ်စွာဘုရားရှင်သာ သက်တော်ထင်ရှား ရှိနေခဲ့ရင်  ခွင့်ပြုပါ့မလား။  သဘောတူပါ့မလား။ တားမြစ်လိမ့်လေမလားဆိုတာကို။ ဘုရားကြိုက်တဲ့ ၊ နှစ်သက်လက်ခံတဲ့ အလုပ်မဟုတ်ရင် ဘုရားသားတော်တွေ လုပ်သင့် မလုပ်သင့်ကို ချင့်ချိန်ကြရပါလိမ့်မယ်။ ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင်ကတော့ ပြောခဲ့ပါတယ်။ နိုင်ငံရေးမှာ ဘုန်းကြီးတွေ ၀င်မပါကြဖို့ ပါ။ ကိုယ့်ဘာသာ တိုးတက်ထွန်းကားဖို့  သူများဘာသာတွေကို တိုက်ခိုက်ထိုးနှက် ချေမွဖျက်ဆီးပစ်ဖို့ မလိုပါဘူး။ မြတ်စွာဘုရားဟောခဲ့ပါတယ်။ တရားစောင့်တဲ့သူကို  တရားက ပြန်စောင့်ပါလိမ့်မယ်တဲ့။  မေတ္တာကို အဓိကထားတဲ့ ဘာသာမှာ ဒီလိုဖြစ်ရပ်တွေ ဖြစ်တယ်ဆိုတာ ရှက်စရာကောင်းပြီး တကယ် တရားမရှိကြောင်းကိုလည်း  ဖော်ပြနေသလို  ဖြစ်နေခဲ့ပါပြီ။ လောကကြီးမှာ ဘီလူးစည်း လူ့စည်းဆိုတာ ရှိပါတယ်။လူဟာ လူ့ အလုပ်လုပ်ပြီး  သံဃာဟာ သံဃာ့အလုပ်ကို လုပ်ရပါလိမ့်မယ်။ သူယုံကြည်ရာ သူ့ဘာသာကို သူကိုးကွယ်ပြီး ကိုယ်ယုံကြည်ရာ ကိုယ့်ဘာသာကိုကိုယ် ကိုးကွယ်ကြရပါလိမ့်မယ်။ ရွာဖြစ်နေတဲ့ ကမ္ဘာကြီးထဲမှာ မတူညီတဲ့ ယဉ်ကျေးမှု၊ မတူညီတဲ့ဘာသာရေး၊ မတူညီတဲ့ အတွေးအခေါ်၊ မတူညီတဲ့ ဓလေ့ထုံးတမ်းတွေနဲ့ မတူညီတဲ့လူတွေ  အတူတူ ငြိမ်းချမ်းစွာ အတူယဉ်တွဲ နေထိုင်တတ်မှ ဖြစ်တော့မှာပါ။ ကိုယ့်ဘာသာကို ကိုယ်လေးစားသလို၊ သူ့ဘာသာကို မစော်ကားမိဖို့ကလည်း  အရေးကြီးလာပါပြီ။ မည်သည့်ဘာသာပင်ဖြစ်ပါစေ ဘာသာရေးအစွန်းရောက်မှု အားလုံးကို လက်မခံနိုင်ပါဘူး။ ဘာသာရေး အကြမ်းဖက်မှုမျိုးကို ပိုပြီးတော့ လက်မခံနိုင်ပါဘူး။  မြတ်စွာဘုရားရှင် ကိုယ်တိုင် သက်တော်ထင်ရှား ရှိနေခဲ့ရင်လည်း လက်သင့်ခံမှာ မဟုတ်ပါဘူး။ ဘာသာရေး အရေခြုံထားတဲ့  လူမျိုးရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ ထိုးနှက်တိုက်ခိုက်ချင်တဲ့သူ အားလုံးကို  သတိရှိရှိနဲ့ အသိရှိတဲ့ ပြည်သူအားလုံး ၀ိုင်းဝန်းကာကွယ် တားဆီးဖော်ထုတ် ကန့်ကွက်ကြရပါလိမ့်မယ်။ ဒီမိုး ဒီလေ ဒီလူတွေနဲ့ ပြဿနာပေါင်း တစ်သိန်းခြောက်သောင်းလောက် အမွေရထားတဲ့ကြားထဲမှာ ကျွန်တော်တို့ တိုင်းပြည်လေးမှာ ရှေ့ဆက်ရတယ်ကို မရှိပါဘူး။ ပြဿနာ တစ်ခုငြိမ်းလိုက် နောက်ထပ်ပြဿနာတွေကို ဖန်တီးလိုက်နဲ့   သေချာတာကတော့ နောက်ပြန်မရောက်ဘူး ဆိုရင်တောင် ဒီလိုပုံနဲ့တော့  ကျွန်တော်တို့  ရှေ့တိုးနိုင်မှာ မဟုတ်ပါဘူး။ သူများဖန်တီးထားတဲ့ လှည့်ကွက်တွေထဲဝင်လိုက်၊ ကိုယ့်ဟာကိုယ်ဆင်ထားတဲ့  ထောင်ချောက်ထဲ ပြန်ဝင်လိုက်နဲ့ သေချာတာကတော့ ကမ္ဘာ့မြင်ကွင်းမှာ ကျွန်တော်တို့ဘာသာနဲ့ ကျွန်တော်တို့လူမျိုးက အရိုင်းအစိုင်းဇာတ် အသွင်းခံရတော့မှာ။ ဂဏန်းညှပ်တာတော့လည်း  လူမသိဘူးပေါ့ဗျာ။ နာတိုင်းတော့လည်း စွတ်ရမ်းပြနေလို့မရတာ ဉာဏ်ရှိရှိ သတိကြီးကြီးနဲ့  တုံ့ပြန်တတ်ကြမှ ဖြစ်မှာပါ။
(Pyi Chit Thu)

ဒီတစ်ခုသည်လည်း အကြမ်းဖက်မှု ဖြစ်ပေါ်စေခြင်းကို သက်ရောက်စေတယ်.. မိတ္ထီလာ အကြမ်းဖက်မှုတွေ စတင်ချိန်မှာ ကျွန်တော် နယ်တစ်ခုကို ရောက်နေပါတယ်..။ ကျွန်တော်လည်း စိတ်ဝင်စားပါတယ်..။ သို့ပေမယ့် ကျနော်ထက် စိတ်ဝင်စားတဲ့ ဒေသခံတွေကို တွေ့ရပါတယ်..။ ကျွန်တော် အလုပ်က တစ်ဖက်ဆိုတော့ အလုပ်ကိုပဲ ပြီးစီးအောင် လုပ်နေရတော့ မိတ္ထီလာကိစ္စ ခေါင်းထဲ သိပ်မရောက်ဖြစ်ဘူး...။ ဒီကိစ္စကို အချိန်ပြည့် နားစွင့်နေပြီး ကြားသမျှ လေသံလွှင့်နေသူတွေ ရှိပါတယ်..။ လဘက်ရည်ဆိုင် သွားထိုင်ရင်လည်း အုပ်စုလိုက်ထိုင်ပြီး ကြားသမျှ သတင်းတွေကို တစ်နေကုန်ထိုင်ပြီး လဘက်ရည်ဆိုင် သတင်းဌာနအနေနဲ့ ဟုတ်တာမဟုတ်တာ အသာထား ပြောနေသူတွေရှိပါတယ်..။ ဆိုင်ကယ်ကယ်ရီ ငှားစီးပြန်တော့လည်း ကယ်ရီဂိတ်မှာ ဒီသတင်းပဲ...။ ကွမ်းယာ ၀ယ်စားတာတောင်မှ ကွမ်းယာဆိုင်မှာ ကုလားစုသည်လည်း တတွတ်တွတ် ပြောနေကြပြန်ပါတယ်..။ တချို့က ဗမာတွေကို ဆဲတဲ့သူရှိသလို၊ တစ်ဖက်ကလည်း ကုလားတွေကို ဆဲနေပြန်ပါတယ်။ နောက်တစ်ဖက်ကျတော့ အစိုးရကို ဆဲနေကြပါတယ်။ သူတို့အားလုံးကို ခြုံငုံပြီး ကြည့်လိုက်ရင် အားလုံးနီးပါး အလုပ်လက်မဲ့တွေချည်းပါပဲ...။ တစ်ခုခုကို ထွက်ပေါက်ရှာချင်နေကြပုံပါ....။ ဆင်းရဲငတ်မွတ်နေတာကို အချိန်အကြာကြီး ခံစားနေကြရတော့  တစ်ခုခုဆို မထူးဇာတ် ခင်းချင်နေကြတဲ့ ပုံတွေချည်းပါပဲ..။ သူတို့မှာ ဆုံးရှုံးစရာလည်း မရှိဘူး၊ နောင်တရစရာလည်း မရှိဘူး၊ သေမထူး နေမထူး များနေတယ်...။ အခုဖြစ်နေတဲ့ မိတ္ထီလာ၊ သဲတော၊ ၀မ်းတွင်းမြို့တွေဟာ ကျွန်တော် ရောက်ခဲ့ဖူးတဲ့ မြို့တွေပါပဲ...။ အခြားမြို့တွေလိုပါပဲ အလုပ်လက်မဲ့ဦးရေ အများအပြား ရှိပါတယ်...။ လက်ရှိ နယ်တော်တော်များများမှာ လုပ်နေကြတဲ့ အလုပ်သမားတွေရဲ့ အလုပ်က များသောအားဖြင့် ဘ၀အာမခံချက် မရှိတဲ့ အလုပ်တွေများပါတယ်..။ ဆိုင်ကယ်ကယ်ရီ မောင်းတယ်၊ ဈေးဆိုင်တွေမှာ အလုပ်လုပ်တယ်၊ လောင်းကစားနည်းနဲ့ ငွေရှာတယ်...။ ကားဂိတ်တွေမှာ ဈေးရောင်းတယ်...။ ဘ၀အာမခံချက်ရှိတဲ့ အလုပ်နဲ့ အသက်မွေးနေတဲ့သူတွေ ရှားပါတယ်..။ ဒီတော့ သူတို့ဘ၀သည် အတွင်းစိတ်မှာ ပေါက်ကွဲပြီး မကျေနပ်မှုတွေ အမြဲပြည့်နေကြတာ မဆန်းပါဘူး...။ ထစ်ကနဲရှိ စိတ်ဆိုးလွယ်၊ ဒေါသထွက်လွယ်ပါတယ်....။ အမှိုက်စပြီး ပြာသာဒ် မီးလောင်တာ ဒီလိုအခြေအနေမှာ အလွယ်တကူ ဖြစ်နိုင်ပါတယ်...။ သူတို့သည် မိသားစု ဘ၀အာမခံချက်ရှိသော လုပ်ငန်းခွင်များတွင် စိတ်ပါလက်ပါ လုပ်ငန်းခွင် ၀င်ရောက်နေကြပြီး သာယာသော ဘ၀တစ်ခုကို ပိုင်ဆိုင်ထားကြမည်ဆိုလျှင် အခြားပျက်စီးရာ ပျက်စီးကြောင်း မတွေးမိ မလုပ်မိခင်မှာပဲ... သူတို့ပိုင်ဆိုင်ထားသော ဘ၀တစ်ခု ပျက်စီးမှုကို အရင်တွက်ကြည့်ပြီး အကြမ်းဖက်လုပ်ငန်းတွေကို လုပ်ကြမှာ မဟုတ်ပါဘူး....။ အစိုးရအနေနှင့်ကလည်း အလုပ်လက်မဲ့ပြဿနာသည် အကြမ်းဖက်စေသည့် ကိစ္စရပ်တစ်ခုကို လွယ်ကူစွာ ဖြစ်ပွားစေတယ်ဆိုတာကို သိစေချင်ပါတယ်....။ အစိုးရအဖွဲ့ဝင်ကြီးများလည်း ကျွန်တော်ထက်ပို၍ သိရှိကြမှာပါ...။ လူတိုင်းလူတိုင်းသည် ဘ၀အာမခံချက်ရှိသော လုပ်ငန်းခွင်ကိုယ်စီ ၀င်ရောက်လုပ်ကိုင်နေကြမည် ဆိုပါက အခြားမလိုလားအပ်သော ပြဿနာများသည်လည်း ဖြစ်နိုင်ချေ နည်းပါးသွားမည်ဟု ယုံကြည်မိပါသည်....။
(မြတ်သူ)

လုံခြုံရေးတပ်ဖွဲ့တွေနဲ့ တစ်နေကုန် တစ်ညလုံး ပြဿနာဖြစ်တဲ့အချိန် ကျွန်တော်တို့ အတူရှိနေပါတယ်။ လုံခြုံရေး တပ်ဖွဲ့ဝင်တွေဟာ အဲဒီလို ဒိုင်းတွေကာထားပါလျက်နဲ့ သူတို့ကြားထဲကပဲ အဲဒီ အုပ်စုဖွဲ့ပြီး အကြမ်းဖက်တဲ့ လူတွေကို ခွင်ပြုနေတာကို တွေ့ရပါတယ်။ အဲဒါဟာ သူတို့သဘောနဲ့ ခွင့်ပြုတာ မဟုတ်ပေမယ့် သူတို့ဟာ အမိန့်မရလို့ လူတွေရဲ့ အသက်အိုးအိမ်ကို ကာကွယ်မပေးဘူးဆို ကျွန်တော်ဘယ်နည်းနဲ့မျှ သဘောမတူနိုင်ဘူး။
(မင်းကိုနိုင်)

Facts တွေပေါ်မှာ ဒေါသမပါပဲ ကြည့်ရမယ်လို့ ဆရာတစ်ယောက်က သင်ထားလို့။
(၁) အန်တီစု၊ သမ္မတကြီး နိုင်ငံခြားခရီးထွက်တိုင်း မြန်မာပြည်မှာ အဓိကရုဏ်းဖြစ်လေ့ရှိ။
(၂) နိုင်ငံခြား အရေးကြီးဧည့်သည်လာတိုင်း မြန်မာပြည်မှာ အဓိကရုဏ်းဖြစ်လေ့ရှိ။
ရက်အတိအကျ မှတ်မိတာတွေကို ပြောပါ့မယ်။
(က) ၁၉.၁၁.၁၂ မှာ အိုဘားမားလာပါတယ်။
၂၂.၁၁.၁၃ မှာ သမ္မတကြီးက အခြေခံဥပဒေမှာပါတဲ့ နိုင်ငံတော် အလံ၊ တံဆိပ်၊ သီချင်းတွေကို ပြန်လည်သုံးသပ်ဖို့လွှတ်တော်ကို တင်ပါတယ်။ အန်တီစုက မြန်မာ ဆိုတဲ့အသုံးအနှုန်းကို မကျေလည်ကြောင်းပြောပါတယ်။ ဒါဟာ အခြေခံဥပဒေကို အသေးအဖွဲလေးတွေကစပြီး ပြင်ဆင်ဖို့ တိုင်ပင်ထားတယ်လို့ မြင်ပါတယ်။ လွှတ်တော်က လုံးဝ ပယ်ချလိုက်ပါတယ်။
၂၉.၁၁.၁၂ မှာတော့ တန်ဆောင်မုန်းလပြည့် လက်ပံတောင်းမီးရှို့ပွဲတော်ဖြစ်ပါလေရော။ လုပ်လိုက်တာက ပြည်ထဲရေးနဲ့ဆိုင်တဲ့ ရဲ တွေပါ။
(ခ) ၁၃.၃.၁၃ မှာ လက်ပံတောင်း အစီရင်ခံစာ ထွက်ပါတယ်။ အန်တီစု ကွဲပြီလို့ အများစုက တွက်ထားကြပါတယ်။ မထင်မှတ်ဘဲ ကားပေါ်မေးတင်ထားတဲ့ပုံလေး တစ်ပုံထဲနဲ့ အသည်းကွဲရသူက အများစု ဖြစ်သွားကြပါတယ်။
၁၃.၃.၁၃ မှာပဲ ဦးအေးမြင့်က အခြေခံဥပဒေ ပြန်လည်စစ်ဆေးဖို့ ကော်မတီဖွဲ့သင့်ကြောင်းကို ကန့်ကွက်မဲမရှိ အတည်ပြုလိုက်ပါတယ်။ ဒါဟာ အန်တီစုအနေနဲ့ လက်ပံတောင်းနဲ့ ဖလှယ်ထားရတာဖြစ်ကြောင်း သိသာပါတယ်။
၂၀.၃.၁၃ မှာ မိတ္ထီလာ မီးလောင်ပါတယ်။ လုံခြုံရေးကို ကောင်းကောင်းမယူနိုင်တာ ရဲတွေ ဖြစ်ပါတယ်။
၂၂.၃.၁၃ မှာ ဂူးဂဲလ် ဥက္ကဋ္ဌ လာပါတယ်။
တခြားအချက်အလက်တွေကတော့
(၁) ၉၆၉ တရားတွေနဲ့ အခွေတွေ တံဆိပ်တွေ အရပ်ထဲမှာပါ အားကောင်းလာတာ တွေ့ပါတယ်။ အသိ ဆိုက်ကားသမားတစ်ယောက်က တရားခွေ ၁၀၀ ကူးပြီးဖြန့်မယ်၊ စစ်ပြန်တပ်ကြပ်တစ်ယောက်က အခွေ ၂၀၀ ဖြန့်မယ်တဲ့။
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာပဲ ၉၆၉ ကားလိုင်း၊ ဗုဒ္ဓဘာသာဝင်များအတွက်သာဆိုတဲ့ ဘတ်စ်ကားလိုင်းမှာ ဆက်ဆံရေး အင်မတန်ချိုသာတဲ့အပြင် ရေသန့်ဗူးတွေတောင် ပေးဦးမှာတဲ့။ ကားပေါ်မတက်ခင် မှတ်ပုံတင် ပြရမယ့်ပုံပါပဲ။
ဒီနေ့ သိရပါတယ်။ အဲဒီကားလိုင်းက ဦးနေ၀င်းသမီး ဒေါက်တာစန္ဒာဝင်း ပိုင်တာပါတဲ့။ ဒေါ်စန္ဒာဝင်းဟာ အန်တီစုကို အလွန်မုန်းတီးတဲ့အပြင် အိုဘားမားလာတုန်းက မမြင်ချင်လို့ နိုင်ငံခြားကိုတောင် ထွက်သွားခဲ့တာပါ။
(၂) ဒီရက်ပိုင်းအတွင်းမှာပဲ NLD နဲ့ ၈၈ အဖွဲ့၊ ကိုမင်းကိုနိုင်၊ ကိုမြအေးတို့ကို ဦးတည်ချက်ထား ရည်ရွယ်ချက်ရှိရှိနဲ့ မူဆလင်အရေးမှာ ၀င်မပြောလို့ နိုင်ငံရေးသိက္ခာ ချနေတာတွေကို အများအပြား တွေ့ရပါတယ်။ လွှတ်တော်ထဲက ဘူးသီးတောင်အမတ်တွေ ဘယ်သူတွေ သွင်းလာသလဲဆိုတာတော့ မေ့ချင်ယောင် ဆောင်နေကြပါတယ်။
(၃) လွှတ်တော်ဟာ အစိုးရလုပ်ပိုင်ခွင့်ကို ၀င်စွက်ဖို့ သိသိသာသာကြိုးစားလာပါတယ်။ ဥပဒေခုံရုံးကိစ္စ အကြီးအကျယ်ပြသနာတက်ခဲ့ပါတယ်။ ၀န်ထမ်းများရဲ့ လစာတိုးရေးကို လွှတ်တော်က ကိုင်တွယ်သင့်တယ်လို့ ဆိုပါတယ်။ အခုလတ်တလောမှာ အစိုးရအနေနဲ့ ကတိပေးထားပြီး လုပ်ငန်းစဉ်တွေကို ၄ လအတွင်း အကောင်အထည် မဖော်နိုင်ရင် လွှတ်တော်က ဆောင်ရွက်မယ်တဲ့။ အစိုးရအလုပ်ကို ၀င်လုပ်တာ လွှတ်တော်အလုပ် မဟုတ်ပါဘူး။ လွှတ်တော်က ဥပဒေပြုဖို့ပါ။ အဲဒီဥပဒေကို အကောင်အထည်ဖော် ဆောင်ရွက်တာကို စောင့်ကြည့်ဝေဖန်ဖို့ပါ။ သတိပေးဖို့ပါ။ အခု အန်တီစုလုပ်သွားတဲ့ ကော်မရှင်လို အစီရင်ခံစာ တင်ဖို့ပါ။ ကိုယ်တိုင်ဝင်လုပ်ဖို့ မဟုတ်ပါဘူး။
ရည်ရွယ်ချက်ရှိရှိ အကွက်ချပုံဖော်နေတဲ့ ငွေအား၊ အာဏာအားကြီးတဲ့ နောက်ကွယ်က လက်သည်ကို မတွေးတတ်ဖူးဆိုရင်တောင် သူများမြှောက်ပေးသမျှတော့ ရှေ့ကနေ မျောက်က ကဖို့ နှစ်ခါပြန်စဉ်းစားကြပါ။ မျိုးချစ်စိတ်၊ ဘာသာချစ်စိတ်တွေ အရမ်းအရမ်း ပြင်းထန်နေတယ် ဆိုရင်လည်း ထီလာသားတွေနဲ့အတူတူ တစ်ပတ်လောက် သွားနေကြည့်ပါ။ ဘယ်လောက်ခြောက်ခြားစရာ ကောင်းလဲလို့ နဲနဲမြည်းကြည့်ပါ။ ကိုယ်အာဏာနဲ့ အခွင့်အရေးရဖို့ အပြစ်မဲ့တဲ့ အသက်၊ အိုးအိမ်တွေကို ဖျက်ဆီးတဲ့ လူသတ်သမားများ ကျဆုံးပါစေ။
(Thanda Win)

အရေးပေါ်ကြေညာချက် ထုတ်ပြန်သလို အရင်ဆုံး ဦးဝီရသူကို ထိန်းသိမ်းထားသင့်ပါတယ်။ နိုင်ငံတော် သံဃနာယကအဖွဲ့က ကြီးကြပ်စစ်ဆေးမှု ပြုလုပ်စေချင်ပါတယ်။ ဗုဒ္ဓဘာသာ သာသနာကို ဂုဏ်သရေ ညှိုးနွမ်းစေမှုတွေ ဖြစ်မလာစေလိုပါက ထိုသို့ ပြုလုပ်နေသော သံဃာတော်များကို သံဃာ့အဖွဲ့အစည်းများက ဖယ်ရှားပစ်ရမှာဖြစ်ပါတယ်။ သံဃာအနေနဲ့ မရှိသင့်ပါက လူထွက်လိုက ထွက်ပါစေ။ ဒီအချိန်မှာ ကြိုက်ကြိုက် မကြိုက်ကြိုက် ပြောသင့်တာကိုတော့ ပြောရပါတော့မယ်။ နိုင်ငံတစ်နိုင်ငံရဲ့ လူမျိုးရေး၊ ဘာသာရေး ဟာမိုနီဖြစ်နေမှုကို အံချော် ယိုယွင်းသွားအောင် မည်သို့သော ရည်ရွယ်ချက်နဲ့ လုပ်ဆောင်ပြောဆို ပြုလုပ်သော မည်သူ့ကိုမဆို၊ မည်သည့် ဘာသာဝင်မဆို၊ မည်သည့် ဘာသာရေးအဖွဲ့အစည်းတစ်ရပ်ကို ကိုယ်စားပြုထားသော တစ်ဦးတစ်ယောက်ကိုမဆို ထိထိရောက်ရောက် အရေးယူသင့်ပါတယ်။ နောက်ကွယ်မှာ ကြိုးကိုင်နေသော အဖွဲ့အစည်းတစ်ရပ် ရှိနေတယ်လို့ ခိုင်မာသော သက်သေအထောက်အထား မရှိ၍ အတည်ပြု ထောက်မပြနိုင်သေးသော်လည်း နိုင်ငံသားတိုင်း လူမျိုးမရွေး၊ ဘာသာမရွေး အတူငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်မှုကို အံချော် ယိုယွင်းသွားအောင် အထောက်အထားအနေဖြင့် ထင်ထင်ရှားရှား ပြုမူလုပ်ဆောင်နေသော ဘာသာရေးဆိုင်ရာမှ ပုဂ္ဂိုလ်များကို (မည်သည့် ဘာသာဝင်ဖြစ်စေ) လူအများအနေဖြင့် ထိုသူသည် မိမိဘာသာဝင်ဖြစ်စေကာမူ လက်မခံကြဘဲ ဆန့်ကျင်သွားကြစေလိုပြီး အစိုးရပိုင်းဆိုင်ရာမှလည်း ဥပဒေကြောင်းအရ ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်သွားခြင်းဖြင့် ဒီမိုကရေစီ အရုဏ်ဦးတွင် မလိုလားအပ်သောပြသနာများ ရှောင်ရှားနိုင်မည်ဖြစ်ကြောင်း အတွေးပွားမိပါတယ်။
(ဟိန်းထိုက်ဈာန်)

မည်သို့ပင်ဖြစ်စေ မိတ္ထီလာတွင် ဖြစ်ပျက်သွားသောကိစ္စကို နိုင်ငံခြားတိုင်းပြည်များ၏ သတင်းစာများတွင် တခုတ်တရ ရေးသားဖော်ပြပါရှိနေပြီး ဤဖြစ်ရပ်ကြောင့် မြန်မာနိုင်ငံ၏ ပုံရိပ်ကို များစွာ ထိခိုက်စေသည်ကတော့ အမှန်ပင် ဖြစ်ပါသည်။
(ဟိန်းထိုက်ဈာန်)

ဘာသာရေး၊ လူမျိုးရေး အစွန်းရောက်မှုစိတ်ကို ဘာနဲ့မှ ဖျက်ဆီးပစ်လို့မရပါဘူး။ ပညာတတ်လှပါပြီ ရာထူးရာခံကြီးလှပါပြီ လစာတွေ ၀င်ငွေတွေ အများကြီး ရလှပါပြီဆိုတဲ့ သူငယ်ချင်းတွေထဲမှာလည်း ကုလားဆိုရင်တော့ ဆော်သာပစ်လိုက် ဆိုတဲ့စိတ်ထားတွေ အများကြီးပါပဲ။ ဒီလိုစိတ်တွေကို ဖျောက်ဖျက်ပစ်ဖို့ ဘယ်လိုပဲ စာတွေရေးနေနေ လက်တွေ့ဖြစ်လာနိုင်ဖို့ နှစ်တွေသာ ဆွေးမြေ့သွားဖို့ရှိပါတယ်။ လောက်စာလုံး သာသာလောက်သာရှိတဲ့ စင်ကာပူနဲ့ ယှဉ်မပြောချင်ပေမယ့် မလေးရှား၊ အင်ဒိုနီးရှားလို နိုင်ငံတွေကြားမှာ ပေါက်စိနတနဲ့ (လူဦးရေ နည်းတာကြောင့်ဖြစ်ဖြစ်) လူမျိုးရေး ဘာသာရေး ပြသနာတွေ ဖြစ်မလာအောင် ဥပဒေပြဌာန်းပြီး ထိထိရောက်ရောက် အရေးယူထိန်းထားတဲ့ စနစ်ကိုတော့ လေ့လာကြည့်မိခဲ့ပါတယ်။ ဟိုတစ်လောက အမေရိကန်နိုင်ငံသားက ယူကျူမှာ ဖြန့်ခဲ့တဲ့ ဗီဒီယိုကားတိုလေးနဲ့ ပတ်သက်ပြီး လစ်ဗျားမှာနဲ့ အခြားနိုင်ငံတစ်ခုမှာ အမေရိကန်သံရုံးတွေကို တိုက်ခိုက်ခံရပြီး လစ်ဗျားမှာ တာဝန်ကျနေတဲ့ အမေရိကန် သံအမတ်တစ်ဦး သေဆုံးသွားခဲ့တာကို အမှတ်ရမိပါတယ်။ ဒီအချိန်မှာ စင်ကာပူက ဘာလုပ်သလဲဆိုတော့ အဲဒီယူကျူကို သူ့နိုင်ငံမှာ ကြည့်မရအောင် ဘန်းပစ်ခဲ့ပါတယ်။ မရှေးမနှောင်းမှာပဲ ငါးတစ်ကောင် ချကျွေးပစ်လိုက်ပါတယ်။ စင်ကာပူနိုင်ငံက (မြန်မာပြည်လိုဆိုရရင် ၀င်းသူဇာအရောင်းဆိုင်၊ ဦးပိုင်အရောင်းဆိုင်) လက်ထောက်မန်နေဂျာတစ်ဦးက သူတို့ တိုက်အောက်မှာ မလေးရှားတွေ မင်္ဂလာဆောင်တာကို သူ့ဖေ့ဘွတ်မှာ ဝေဖန်လိုက်တာပါ။ သူကလည်း ပိတ်ရက် နားချင်မှာပါ။ နားရက်မှာ မလေးမင်္ဂလာဆောင်က သီချင်းသံတွေ ကြားနေရတော့ ကောင်းကောင်းနားမရဖြစ်ပြီး သူ့ဖေ့ဘွတ်မှာ... ဒီလိုတိုက်အောက်မှာ မလေးတွေက စလုံးဒေါ်လာ ၅၀ လောက်ပေးပြီး မင်္ဂလာဆောင်ကြတယ်၊ ပြီးရင် ကလေးတွေအများကြီး မွေးကြတယ်၊ ကွဲကြတယ်၊ ...စသည်ဖြင့် ရေးလိုက်တော့ ...နောက်နေ့ နေ့ခင်းမှာပဲ သူ့ကို အလုပ်ဖြုတ်ပစ်လိုက်ပါတယ်။ သူက သြဇီနိုင်ငံသူဖြစ်ပြီး စလုံးပီအာဖြစ်တော့ ချက်ချင်းပဲ နိုင်ငံက နှင်ထုတ်ပစ်လိုက်ပါတယ်။ ကျွန်တော်ဆိုလိုချင်တာက နိုင်ငံတိုင်းမှာ လူမျိုးရေး၊ ဘာသာရေး ဆိုင်ရာ ပြသနာတွေရှိပါတယ်။ မည်သို့ပင်ရှိစေကာမူ ဒီလိုမျိုး အဓိကရုဏ်းတွေ ဖြစ်မလာခင်ကတည်းက ဖြစ်လာနိုင်စေတဲ့ အကြောင်းတွေကို အုပ်ချုပ်သူအစိုးရက ဥပဒေ ခိုင်ခိုင်မာမာ ပြဌာန်းပြီး ထိထိရောက်ရောက် အရေးယူဆောင်ရွက်ရမှာဖြစ်ပြီး၊ ဖြစ်ပေါ်လာတဲ့ အခါမျိုးမှာလည်း အထိအခိုက် အနည်းဆုံးဖြစ်အောင် Professional ကျကျ ကိုင်တွယ်ဖြေရှင်းနိုင်အောင် ယခုကတည်းက စတင်လုပ်ဆောင်သင့်ပြီလို့ အတွေးပွားမိပါတယ်။ ဒီမိုကရေစီစနစ်ဆိုတဲ့ အနှစ်သာရထိ အရောက်သွားဖို့ လိုအပ်လှပါတယ်။ ကျွန်တော့်အနေနဲ့ မြန်မာပြည်မှာ ပရော်ဖက်ရှင်နယ်ဖြစ်တဲ့ စစ်တပ်၊ ရဲတပ်ဖွဲ့၊ လုံထိန်းတွေကို မြင်တွေ့ချင်ပါတယ်။
(ဟိန်းထိုက်ဈာန်)

ဘယ်လိုမှ မခံစားနိုင်တော့ဘူး... ခု အလုပ်ထဲက တရုတ်တွေ နီပေါတွေ မလေးတွေ ဟိန္ဒူတွေက အကုန်လုံး ပြောနေပြီ....။ နင်တို့ မြန်မာပြည်က ဘုန်းကြီးတွေနဲ့ ဗုဒ္ဒဘာသာ အစွန်းရောက်တွေပေါင်းပြီး တခြားဘာသာဝင်တွေကို သတ်ဖြတ်နေတယ်တဲ့...။ နင်တို့ မြန်မာတွေ တော်တော်ရက်စက် ယုတ်မာတယ်တဲ့…။ နင်တို့ မြန်မာတွေကြောင့် ငါတို့ဗုဒ္ဓဘာသာ သာသနာ အရောင်စွန်းတယ်တဲ့။ တရုတ် တစ်ယောက်ကပြောတယ်...။ အပြစ်မဲ့သူတွေကို အဲဒီလို သတ်ဖြတ်တဲ့ နင်တို့ ဘုန်းကြီးတွေကို ဘယ်သူမှ အရေးမယူဘဲ လက်ပိုက်ကြည့်နေတာလားတဲ့....။ ကျွန်မ ဘာမှ ပြန်မပြောနိုင်ဘူး…။ ပြောလည်း မပြောချင်တော့ဘူး…။ သူတို့က ကျွန်မတို့ကို ရွံစရာကောင်းတဲ့ အကြည့်မျိုးတွေနဲ့ ကြည့်နေကြတာ မခံစားနိုင်တော့ဘူး…။ ဘာလုပ်ရမလဲ.....။ ကျွန်မလူမျိုး အစွန်းရောက် တစ်ချို့အတွက် ကျွန်မ ရင်နာမိတယ်....။
(ဇွန်ပန်းနု)

လူတစ်ယောက်ရဲ့ status တစ်ခုမှာ တွေ့မိတာတစ်ခုက ၉၆၉ ဆိုတာ အစ္စလာမ်ကို ဆန့်ကျင်တာ မဟုတ်ဘဲ အစ္စလာမ်အစွန်းရောက် လွှမ်းမိုးမှုကို ဆန့်ကျင်တာတဲ့။ ရည်ရွယ်ချက် ကောင်းပါတယ်။ ကျွန်တော်လည်း ဘယ်ဘာသာဖြစ်ဖြစ် အစွန်းရောက်တာကို ဆန့်ကျင်ပါတယ်။ တစ်ခုပဲ ရှိတာက ရပ်ကွက်ထဲက ဆိုက်ကားသမားတို့၊ ဈေးထဲက ဈေးသည်တို့၊ တစ်နေ့တစ်နေ့ လက်ဖက်ရည်ဆိုင်ထိုင်တဲ့၊ အင်တာနက်ဆိုင်/ဂိမ်းဆိုင်မှာ ထိုင်ဖို့အလုပ်လောက်ပဲရှိတဲ့ လူငယ်အချို့က အစ္စလာမ်ဘာသာနဲ့ အစ္စလာမ်အစွန်းရောက်ကို ခွဲပြီးနားလည်ဖို့ ဝေးစွ အစ္စလာမ်ဆိုတာ ဘာလဲဆိုတာတောင် သိကြပါ့မလား သံသယဖြစ်မိတယ်။ လုပ်ရည်တိုင်းမှာ ရည်ရွယ်ချက်ဘယ်လို ရှိရှိ နောက်ဆုံးထွက်လာတဲ့ ရလဒ်က ဘယ်လိုဆိုတာ အရေးကြီးပါတယ်။ တရားမ၀င် စာအုပ်တွေဖြန့်ပြီး မုန်းတီးရေးမှိုင်းတိုက်နေတဲ့နောက်တော့ လုပ်ခဲ့တဲ့ ရည်ရွယ်ချက် ဘယ်လိုရှိခဲ့ရှိခဲ့ ရလဒ် ဘယ်လိုထွက်ခဲ့တယ်ဆိုတာ အားလုံးအမြင်မို့ ဆက်ပြီး လော်ဘီလုပ်ချင်သေးတယ်ဆိုလည်း ဆက်လုပ်ကြပေါ့ဗျာ။ လိပ်ပြာသန့်သန့် အိပ်ပျော်၊ စားဝင်နိုင်ကြပါစေလို့ ဆုတောင်းပေးပါတယ်။
(Kyi Thar)

အစွန်းရောက် ဘာသာရေးသမားတွေရဲ့ ၉၆၉ ၀ါဒဖြန့် DVD တွေ ရပ်ကွက်တွေထဲမှာပြန့်နေပါတယ်။ အချို့သော နွေရာသီ ယဉ်ကျေးလိမ္မာ သင်တန်းတွေမှာ ကလေးတွေကို ဘာသာရေး မှိုင်းတိုက်ပြီး အစွန်းရောက် အယူအဆတွေ သွတ်သွင်းနေပါတယ်။ အဲဒီထက် ပိုဆိုးတာက ရပ်ကွက်ထဲမှာဖွင့်တဲ့ အလှူခံဌာနတွေ၊ ယဉ်ကျေးလိမ္မာသင်တန်းတွေမှာ Loud Speaker နဲ့ အဲဒီတရားတွေကို အကျယ်ကြီးဖွင့်ပြီး ၀ါဒဖြန့်နေတာဟာ ဘာသာရေး ရန်မီးပွါးအောင် ရန်စနေသလို ဖြစ်နေပါတယ်။ ဒါတွေဟာ တိုင်းပြည် မငြိမ်မသက်ဖြစ်အောင် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေမှန်း သိသာပါတယ်။ ခုချိန်ထိ တာဝန်ရှိ ပုဂ္ဂိုလ်တွေက အရေးယူဆောင်ရွက်မှု မရှိသေးပါဘူး။ သက်ဆိုင်ရာ တာဝန်ရှိသူများအနေနဲ့ အဲဒီဘာသာရေး အစွန်းရောက်ဝါဒီတွေကို အချိန်မီ မတားဆီးနိုင်ဘူးဆိုရင်တော့ တစ်နိုင်ငံလုံးက အပြစ်မဲ့လူထုတွေ နစ်နာပါလိမ့်မယ်။ ဘာသာရေးခေါင်းဆောင်တွေ၊ နိုင်ငံရေးသြဇာကြီးမားသူတွေနဲ့ မီဒီယာသမားတွေ အနေနဲ့လည်း တတ်နိုင်သရွေ့ ၀ိုင်းဝန်းကူညီ တားဆီးပေးကြပါလို့ တောင်းဆိုပါတယ်။
(Mon Mon Myat)

ဟိုးတလောက တောင်ညွန့် ကြက်ဘဲဈေးရောက်တယ်။ ကြက်တစ်ကောင်ရွေး ဟာလာလုပ်ပြီး ကြက်မွှေးနုတ်ဖို့ သွားပေးတော့ ကြက်မွှေးနုတ်တဲ့ချာတိတ် ရှဖီးလေးက မိုဘိုင်းဖုန်းနဲ့ ကုလားသီချင်းဖွင့် ဒွန့်ပြီး နုတ်နေရော။
မောင်မား - ဟကောင်.. . မင်း တစ်နေ့ ဘယ်လောက်ရတုန်းဟ။
ကုလားလေးရှဖီး - တစ်နေ့လေးထောင် စရိတ်ငြိမ်း ကြက်မွှေးနုတ်တာဗျ။
မား - ဟ… မင့်ဖုန်း လန်းလှချည်လားကွ။
ရှဖီး - လန်းဆို... ဟာဝေးလဗျာ ၈ သောင်းခွဲ ပေးထားရတာ။
မား - ဟ… တယ်ဟုတ်ပါ့လား .. ငါတောင် နိုကီယာအစုတ်လေး ကိုင်နေတာ။
ရှဖီး - ဒါ... နောက်ဆုံးပေါ်ဗျ... ဂျာဘားမဟုတ်ဘူး။ အန်းဒွိုက်…။
ဟေ… ဘာတုန်းဟ.. အန်းဒွိုက်။ ငါမသိလို့ ရှင်းပြစမ်းပါဦးဆိုတော့ ငနာလေး ကြက်ကြီးလည်လိမ်ထားသလို အူကြောင်ကြောင် ဖြစ်သွားတယ်။ ဗမာပြည်က ခွေးသူတောင်းစားများ ဒီမိုကရေစီ အော်နေကြ။ လူ့အခွင်းအရေး အော်နေကြ။ ချီးဂတုံး နာဇီဂတုံးက ဦးဆောင်ပြီး အော်…။ နိုင်ငံရေးသမားယောင်ယောင် ဘာယောင်ယောင်နဲ့ လူသတ်သမားက လူသတ်သမားပေါ့… ရီးး နိုင်ငံရေးဘုန်းကြီးလား။ ချီးဂတုံး။ အာဏာရှင်ကို တော်လှန်ရမှန်းတော့သိတယ်။ မဆလကို တော်လှန်တယ်… နဝတကို တော်လှန်တယ်။ ဆိုရှယ်လစ် တံခါးပိတ်စီးပွားရေးကို တော်လှန်ရကောင်းမှန်း သိတယ်။ --ီးပြုလို့ လူမျိုးကြီးဝါဒ စောက်ပိန်းစောက်နုံ စောက်ဖျင်းဝါဒကို ငြင်းပယ်ရကောင်းမှန်း မသိတာလဲ။ မင်းအမေလင် ဒီမိုကရေစီဆိုတာ ဘာလဲ။ အလံနီပေါ် ခြေတစ်ဖက်မရှိတဲ့ ကြက်လိုလို ဘဲလိုလို အကောင်မြင်တာနဲ့ ဒီမိုကရေစီလို့အော်…. သိလား။ “ဒေါ်အောင်ဆန်းစုကြည်” ဆိုတဲ့နာမည်ကို လူကြားကောင်းအောင်ပြောပြီး ဒီမိုကရေစီ တံဆိပ်ကပ် သိလား။ အဖွားကြီးလာရင် အလံထောင်ပြီး တစ်မျိုးတစ်ဆွေလုံး ထွက်ကြို။ ဒါ ဒီမိုကရေစီပဲ သိလား။ စောက်ရူး စောက်ပြိန်း အန္ဓတွေ။ မင်းတို့နားလည်တဲ့ ဒီမိုကရေစီဆိုတာ ကြက်မွှေးနုတ်နေတဲ့ ကုလားလေးရှဖီးပြောတဲ့ အန်းဒွိုက်ဖုန်းလိုပဲ..။ ကြက်မွှေးနုတ် ဒီမိုကရေစီကွဲ့။
(မားဆိုး)

သတင်းအမှောင်ချတဲ့ ခေတ်တုန်းက မှောင်လွန်းလို့ ဘာမှကို မမြင်ခဲ့ရဘူး၊ အခု သတင်းစီးဆင်းလွန်းတဲ့ သတင်းအလင်းခေတ်ကျတော့ သတင်းတွေ ပေါများလွန်းလို့ မျက်စိတွေ ကျိန်းစပ်။ အတော့်ကို စိစစ်နိုင်ပါမှနော်။ ခေါင်းသုံးပြီးတော့ ရှယ်ကြပါခင်ဗျာ။
(ကမ္ဘာ့ဖျာ)

“ဟေ့ကောင်ေ-ွးမသား ယဉ်ကျေးစမ်း၊ ငါတို့ ဘာသာသာသနာဟာ သိမ်မွေ့နူးညံ့တယ် ငါ -ိုးမသားရဲ့ သဘောပေါက်လား၊ မင်းလို အရိုင်းအစိုင်းေ-ာက်ကောင်တွေ ရှိနေလို့ ငါတို့ယဉ်ကျေးမှုတွေကို အထင်သေးခံနေရတာ ရှင်းလား အ --ုတ်တမာကောင်” ဟူသော ဘယ်ခေတ် ဘယ်အခါတွင်မျှ မကြားဖူးနိုင်ခဲ့သော ဆိုဆုံးမစကားများကို နာကြားနေရသည့်အဖြစ်မှာ ကံထူးပေစွတကား။
(သရော်စာ)
(ကမ္ဘာ့ဖျာ)

တစ်စုံတစ်ခုကို လှမ်းလို၍.... အတ္တတည်းဟူသော တံချူဖြင့် လှမ်းချူရန်အတွက် ခုတုံးလုပ်ကြသည့်အခါ....
ဗုဒ္ဓရုပ်ပွားဆင်းတုတော်သည်လည်းကောင်း…၊
ကျမ်းမြတ်ကိုရမ်သည်လည်းကောင်း….၊
တစ်မြေတည်းနေ တစ်ရေတည်းသောက်သည့် ပြည်သူအချင်းချင်းသည်လည်းကောင်း…၊
သမိုင်းကြောင်းအစဉ်အလာတို့သည်လည်းကောင်း…၊
ယဉ်ကျေးမှုဓလေ့ထုံးတမ်းစဉ်လာတို့သည်လည်းကောင်း….၊
ဆင်းရဲမွဲတေမှုသည်လည်းကောင်း…၊
ချမ်းသာကြွယ်ဝမှုသည်လည်းကောင်း…၊
အကျင့်စာရိတ္တသည်လည်းကောင်း….၊
မောဟဖ၀ါးအောက်၌ နင်းချေခြင်း ခံကြရကုန်၏….။
(Won Thar Nu)


မြန်မာတွေ ထိပ်ဆုံး ရောက်ပြီ
ပဋိပက္ခ လှုံ့ဆော်ရေးသားနည်း သင်တန်းအတွက် မြန်မာ့ဖွဘုတ်အသိုင်းအ၀ိုင်းကို စံနမူနာထားပြီး ၀ါရှင်တန်မှာ ဟောပြောပို့ချပါသတဲ့.....။ အီရန်မှာ လုပ်ဆောင်ခဲ့တာတွေက အခု မြန်မာဖွဘုတ်ကို လုံးဝ မမီပါဘူးတဲ့...။ မြန်မာဘာသာ နားလည်သူတွေနဲ့ မြန်မာဖွဘုတ်ကို ဘာသာပြန်လိုက်တဲ့အခါမှာ မြန်မာလူမျိုးတွေဟာ အချင်းချင်းလည်း မတည့်...၊ ဘာသာချင်းလည်း မတည့်...၊ ဒီမိုကရေစီသမား အချင်းချင်းလည်း မတည့်......။ အတော်ကြီးကို အောချယူကြရပါသတဲ့....။ ရှာမှရှားတဲ့ မြန်မာတွေတဲ့.. မှတ်ချက်ပြုရပါသတဲ့…။ ပြီးတော့လည်း... စီအိုင်အေရဲ့ ကမ္ဘာတစ်ဝန်း ပဋိပက္ခတွေ ဖန်တီးပေးဖို့ လုပ်ဆောင်ရာမှာ မြန်မာဖွဘုတ်ကို နမူနာယူပြီး ဖန်တီးသွားဖို့ ဆုံးဖြတ်ခဲ့ပါသတဲ့...။ အတည်ပြောတာ.....။
(ပလေတိုဒီမို)

မှတ်ချက်
အထက်တွင် စုစည်းတင်ပြထားသည်များသည် ကျွန်တော်ကိုဉာဏ်၏ အတွေးအမြင်နှင့် ခံစားချက်များ မဟုတ်ပါ။ သို့သော် ကျွန်တော့်ရင်ထဲတွင် အမှတ်ထင်ထင် ဖြစ်စေသည့်စာများ၊ မှတ်တမ်းတင်ထားသင့်သည်ဟု ယူဆသည့်စာများ၊ အခြားသူများလည်း ပြန်လည်သိစေသင့်သည်ဟု ထင်မြင်ယူဆသည့်စာများ ပါရှိနေသဖြင့် စုစည်းတင်ပြလိုက်ခြင်း ဖြစ်ပါသည်။ ကျွန်တော့်ရင်ထဲတွင် တသသဖြစ်ပြီး တစိမ့်စိမ့်တွေးရအောင် ဖြစ်စေခဲ့သည့် အခြားစကားများလည်း ရှိပါသေးသည်။ သို့သော် အများသူငါ ဖတ်ရှုခြင်းငှာ မသင့်မလျော်လောက်အောင် မသင့်လျော်သည့် အသုံးအနှုန်းများ ပါရှိနေသဖြင့် တင်ရန်မရဲသဖြင့် မတင်ပေးဖြစ်တော့ပါ။ ယခုတင်ပေးလိုက်သည်များတွင်လည်း အချို့သော အသုံးအနှုန်းများသည် အနည်းငယ် မယဉ်မကျေး ဖြစ်နေပါလျှင် နားလည်ဖတ်ရှု ကြစေလိုပါသည်။ စာရေးသူများ၏ မူလခံစားချက်ကို မြင်အောင်ကြည့်နိုင်ပါလျှင် အဆိုပါ အသုံးအနှုန်းများကို နားလည်ခွင့်လွှတ် နိုင်ကြလိမ့်မည်ဟု ယုံကြည်ကြောင်းပါခင်ဗျား။

Tuesday, March 26, 2013

အကျိုးမဲ့ အချိန်မဖြုန်းရာ


အပၸေတၳယ်ံ န ပေတၳယ်၊
အစိန္တေယျံ န စိန္တယေ
ဓမ္မမေ၀ သုစိန္တေယျ၊
ကာလံ မောဃံ န ဣစ္ဆယေ။

မတောင့်တထိုက်သည်ကို မတောင့်တရာ။
မကြံစည်ထိုက်သည်ကို မကြံစည်ရာ။
တရားကိုသာ ကောင်းစွာ ကြံစည်ရာ၏။
အချိန်ကို အချည်းအနှီး မကုန်စေရာ။

Monday, March 25, 2013

မျိုးကျော့မြိုင်သီချင်း ဆိုနေရပြီ


ခေါင်းစဉ်ကိုဖတ်ပြီး သို့လော သို့လော မတွေးလိုက်ပါနဲ့။
ယနေ့ မတ်လ ၂၅ ရက်နေ့သည် ကျွန်တော်ကိုဉာဏ်၏ မွေးနေ့ ဖြစ်ပါသည်။
ယနေ့ကျရောက်သော မွေးနေ့မှသည် သေနေ့မတိုင်မီစပ်ကြား အသက်ရှင်နေထိုင်သမျှ ကာလပတ်လုံး အများအကျိုးအတွက် သယ်ပိုးဆောင်ရွက်နိုင်သော လူတစ်ဦးဖြစ်အောင် အကောင်းဆုံး ကြိုးစားနေထိုင်သွားမည်ဟု ဆန္ဒပြုမိပါသည်။
ဒီနေ့အထိ လူလားမြောက်အောင် ပြုစုစောင့်ရှောက် သွန်သင်ဆုံးမ သင်ကြားပြသ လက်တွဲကူညီ ဖေးမလမ်းညွှန် ပြုခဲ့ကြသည့် မိဘဆွေမျိုးများ၊ မိသားစုဝင်များ၊ ဆရာဆရာမများ၊ မိတ်ဆွေအပေါင်းအသင်းများ၊ ချစ်သူခင်သူများ အားလုံးကို မှတ်တမ်းတင် ကျေးဇူးစကားဆိုပါတယ်။
လောကဓံတရားများကို နားလည်ခံစားနိုင်အောင် ကူညီပေးခဲ့ကြသည့် ကျွန်တော့်အား မုန်းတီးခဲ့သူများ၊ မုန်းတီးနေသူများ၊ ခြေထိုးခဲ့သူများ၊ နောက်ကျောဓားနှင့်ထိုးခဲ့သူများ၊ ကျော်နင်း/ခွနင်း/ချနင်းခဲ့သူများ အားလုံးအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။
မွေးနေ့အထိမ်းအမှတ် ဘာမျှမလုပ်ပါ။ အဖေနဲ့ အမေကို ဖုန်းဆက်သည့် အလုပ်တစ်ခုသာ မှတ်မှတ်ရရ လုပ်ရန်ရှိပါသည်။ ဒီပို့စ်ကိုရေးတာကတော့ အပိုဆောင်းဖြစ်ပါသည်။
ကျွန်တော့်ဘ၀ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တဲ့ ဒီဘလော့ဂ်လေးကို အမြဲမပြတ်ဖြစ်စေ၊ ရံဖန်ရံခါဖြစ်စေ လာရောက်ဖတ်ရှု အားပေးဝေဖန် ကြသော မြန်မာ့သွေးမိတ်ဆွေများအားလုံး ကျန်းမာရွှင်လန်းကြပါစေလို့လည်း ဆန္ဒပြုပါတယ်။
အသက်ဘယ်နှနှစ် ပြည့်တာလဲဟု မေးလာလျှင်ဖြင့် ခေါင်းစဉ်ကိုသာ ဖတ်ကြည့်ပါဟု ပြောလိုပါသည်။ :D
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၃ ခုနှစ်၊ မတ်လ ၂၅ ရက်၊ တနင်္လာနေ့။
နံနက် ၁၀ နာရီ ၂၀ မိနစ်။

မယူမရှိ အပေးသာရှိ


အာပံ ပိဝန္တိ နော နဇ္ဇာ၊
ရုက္ခာ ခါဒန္တိ နော ဖလံ။
ဝဿန္တိ ကွစိ နော မေဃာ၊
ပရတ္ထာယ သတံ ဓနံ။

မြစ်တို့သည် မြစ်ရေကို မသောက်ကြကုန်။
သစ်ပင်တို့သည် သစ်သီးကို မစားကြကုန်။
မိုးတို့သည် တစ်နေရာတည်း၌ ကွက်၍ မရွာကုန်။
သူတော်ကောင်းတို့၏ ဥစ္စာသည် သူတစ်ပါးအတွက်သာ ဖြစ်ပေ၏။

Sunday, March 24, 2013

ကျွန်တော်သိမ်းထားမိသော အလွဲများ


(က) ပြည်သူ့ဆန္ဒဂျာနယ်
ကောင်းသတင်းတွေထွက်ပြီးတော့သာ နာမည်ကြီးခဲ့မယ်ဆိုရင် ပြည်သူ့ဆန္ဒဆိုတဲ့ဂျာနယ်ကို ကျွန်တော် မဖတ်ဖူးလေခြင်းဆိုပြီး စိတ်မကောင်းဖြစ်မိမှာ၊ နောင်တရမိမှာ အသေအချာပါပဲ။ ဒါပေမယ့် အခုမှပဲ အဲဒီလိုမျိုး ဂျာနယ်ကို ကျွန်တော်တမက်တမော မဖတ်ခဲ့မိတာဟာ အင်မတန်မှကို ဘုရားမတာပါလားလို့ တွေးမိပါတယ်။ ဒီနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့ (ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့) အတွက် အင်တာနက်ပေါ်မှာ ရေပန်းအစားဆုံး အမှတ်တရတစ်ခုလို့ ပြောလို့ရတဲ့ ကဗျာကို ပြည်သူ့ဆန္ဒဂျာနယ်က ယူသုံးပြီး သူတို့ဂျာနယ်မှာ ဖော်ပြလိုက်သတဲ့။ မူလရေးတဲ့လူကိုလည်း ခွင့်မတောင်း၊ ဘေးက၀ိုင်းပြော၊ ကာယကံရှင်က ၀ိုင်းပြောကြတော့မှ ဂျာနယ်ထဲမှာထည့်ပေးတဲ့ စာကိုလည်း ဖတ်ကြည့်ပါဦး။ ဘာပြောရမှန်းကို မသိတော့ဘူးဆိုတာ ဒါမျိုးကိုပြောတာ ထင်ပါရဲ့ဗျာ။ အယ်ဒီတာအဖွဲ့ရဲ့ ယဉ်ကျေးမှု၊ တာဝန်ယူတတ်မှုကို သိခွင့်ရတာမို့ မှတ်တမ်းတင်ထားလိုက်ပါတယ်။ ကျွန်တော့်ဘလော့ဂ်မှာလည်း အဲဒီကဗျာကို တင်ပေးခဲ့ဖူးပါတယ်။ မဖတ်ဖူးသေးသူများရှိရင် ဒီနေရာမှာ ပြန်ဖတ်နိုင်ပါတယ်။

( ခ ) Newsweek ဂျာနယ်
သတင်းရေးသားသူနဲ့ သတင်းအယ်ဒီတာရဲ့ မြန်မာစာကျွမ်းကျင်မှု၊ မြန်မာစာအရေးအသား ပြေပြစ်မှုကြောင့် ရန်ကုန်မြို့တော်ဝန်ခမျာ မင်္ဂလာဈေးကြီး မီးလောင်မှုရဲ့ နောက်ကွယ်ကတရားခံ ဖြစ်သွားရရှာတော့တယ်။ တစ်ခါတလေမှာ ဂျာနယ်တွေရဲ့ အရေးအသားတွေဟာ တမင်များ စဉ်းစားပြီး ရေးထားသလားတောင် အောက်မေ့ရလောက်အောင် ဖြစ်ရပါတယ်။ ကျွန်တော်တို့လို ဖတ်ရသူတွေအတွက် ရယ်စရာ၊ ပြုံးစရာဖြစ်ရပေမယ့် ဒီဂျာနယ်ကိုများ မြို့တော်ဝန်ကြီး ဖတ်ခဲ့မယ်ဆိုရင် သူ့မျက်နှာကြီး ဘယ်လိုဖြစ်သွားမယ်ဆိုတာ မြင်ယောင်ကြည့်မိပြီး မအီမလည်ဖြစ်ရတယ်ဗျာ။ ဂျာနယ်က သတင်းထောက်တွေကို မြန်မာရဲတပ်ဖွဲ့ကိုတောင် ပြောင်းပေးရလောက်အောင် တော်ကြပါပေတယ်ဗျာ။

( ဂ ) လျှပ်တစ်ပြက်ဂျာနယ်
ဆရာမြတ်ခိုင်တို့များ ဘယ်လောက်သြဇာအာဏာရှိသလဲဆိုရင် သမ္မတကိုတောင် ပြောင်းခန့်ပစ်လိုက်သေးတယ်။ သူများနိုင်ငံတွေမှာ စစ်တပ်တို့ဘာတို့က အာဏာသိမ်းပြီး သူတို့ကြိုက်တဲ့ ပုဂ္ဂိုလ်ကို သမ္မတအဖြစ်တင်တာမျိုး သတင်းတွေဖတ်ဖူးပါတယ်။ အခုမှပဲ မြန်မာပြည်မှာ ဂျာနယ်တိုက်တစ်ခုက ဦးစီးပြီး ကိုယ်ကြိုက်တဲ့လူကို သမ္မတတင်တာမျိုး ကြုံဖူးတော့တယ်။ ဆရာမြတ်ခိုင်တို့ လုပ်ချက်ကတော့ မှတ်တမ်းတင်လောက်ပါတယ်ဗျို့။ သူရေးနေတဲ့ စာနယ်ဇင်းသမား အမှားတစ်ထောင် ဆိုသလိုပေါ့။ ဒီတစ်ခုနဲ့ဆိုတော့ အမှား တစ်ထောင့်တစ်ခုပေါ့ဗျာ။

(ဃ) Reporter ဂျာနယ်
အခုအချိန်အထိ မီးမငြိမ်းသေးတဲ့ လက်ပံတောင်းကိစ္စ အစီရင်ခံစာ မထွက်ခင်က ဖော်ပြခဲ့တဲ့ မျက်နှာဖုံးပေါ့ဗျာ။ အဲဒီခေါင်းစဉ်နဲ့ မျက်နှာဖုံးသရုပ်ဖော်ကို စဉ်းစားမိတဲ့ အယ်ဒီတာအဖွဲ့ကို ထိုင်များတောင် ကန်တော့ချင်လိုက်ပါသေးရဲ့ဗျာ။ ဦးဏှောက်ကို ရွှေချထားသင့်တယ်ဆိုတာ ဒီလိုလူတွေကို ပြောတာဖြစ်မယ် ထင်ပါရဲ့ဗျာ။

( င )
ဘယ်ဂျာနယ်မှန်း မမှတ်မိတော့ပါဘူး။ အင်တာနက်မှာ တွေ့ကတည်းက သိမ်းထားခဲ့မိတာပါ။ အခု စုထားတဲ့ဟာတွေကို ပြန်ရေးတဲ့အချိန်ကျ အဲဒီတုန်းက ဘယ်စာမျက်နှာမှာ ဖတ်ခဲ့ရတာမှန်း မသိတော့သလို ဘယ်ဂျာနယ်ကလဲဆိုတာလည်း ပြန်စဉ်းစားလို့ မရတော့ပါဘူး။ စာဖတ်သူများ မြင်တဲ့အတိုင်းပဲ မြန်မာသံအမတ်ကြီး ဦးသိန်းစိန် ပါတဲ့။ ကျွန်တော်တို့ သမ္မတကြီးခမျာလည်း လျှပ်တစ်ပြက်ဂျာနယ်က သမ္မတရာထူးကနေ ဖယ်ရှားပြီး ဒေါက်တာစိုင်းမောက်ခမ်းကို လွှဲပေးတာလည်း ခံရတယ်၊ အခုတစ်ခါ သံအမတ်ကြီးအဆင့်အထိ ရာထူးချထားတာလည်း ခံခဲ့ရရှာပါရောလား။ မြန်မာဂျာနယ်တွေ လုပ်မှပဲ ကျွန်တော်တို့ သမ္မတကြီးလည်း တာဝန်မျိုးစုံ ထမ်းဆောင်ဖူးတော့တယ်။ :D

( စ ) ညှို့မဂ္ဂဇင်းရဲ့ ကတိပြုဝန်ခံချက်
သက်ဆိုးမရှည်လိုက်ရှာတဲ့ ဖက်ရှင်မဂ္ဂဇင်း (ဘုရားစူး.... တကယ့်ကို ဖက်ရှင်မဂ္ဂဇင်းပါဗျာ) တစ်ခုဖြစ်တဲ့ ညှို့ မဂ္ဂဇင်းမှာ အဲဒီအချိန်တုန်းက လျှမ်းလျှမ်းတောက်ဖြစ်နေတဲ့ သတင်းလူသား နန်းခင်ဇေယျာရဲ့ ဓာတ်ပုံတွေကို မပြောမဆို၊ ခွင့်ပြုချက်မတောင်းဘဲ ထည့်သွင်းဖော်ပြခဲ့တဲ့ ပြဿနာနဲ့ ပတ်သက်တဲ့ ကိစ္စပါ။ နန်းခင်ဇေယျာခမျာ Miss ပြိုင်ပွဲမှာ နိုင်ငံ့ဂုဏ်ဆောင်ခဲ့လို့ ၀မ်းသာရမှာလား၊ ယဉ်ကျေးမှုဆိုတဲ့ ဖိအားတွေ အောက်မှာ စိတ်ညစ်ရမှာလား ဖြစ်နေတဲ့အချိန်မှာ ညှို့မဂ္ဂဇင်းက သူ့ဓာတ်ပုံတွေကို ဘာမပြော၊ ညာမပြောနဲ့ ထည့်သွင်းဖော်ပြလိုက်တော့ ဇာတ်လမ်းတွေက ရှုပ်ကုန်ရော။ မရှုပ်ဘဲ ဘယ်နေလိမ့်မလဲဗျာ။ ညှို့မဂ္ဂဇင်း အယ်ဒီတာအဖွဲ့ကသာ သူတို့မဂ္ဂဇင်းဟာ ရှိသင့်သလေး၊ လမ်းသစ်ထွင်တာလေးနဲ့။ အတော်ရယ်ရတယ်။ အဲဒီမဂ္ဂဇင်းမှာ အယ်ဒီတာအဖွဲ့က လူကြီးမင်းတွေရဲ့ သမီးတွေ၊ နှမတွေ၊ အစ်မတွေ၊ တူမတွေ၊ ဆွေမျိုးသားချင်းတွေရဲ့ ဓာတ်ပုံတွေကို ဘာဖြစ်လို့ ထည့်သွင်းဖော်ပြခြင်း မပြုသလဲဆိုတာ မေးလိုက်ချင်တယ်။ နန်းခင်ဇေယျာ ဓာတ်ပုံတွေကလွဲရင် ကျန်တဲ့ဓာတ်ပုံတွေက ဘာအဆင့်အတန်းမှကို မရှိဘူး။ အဲဒီဓာတ်ပုံတွေထက် မောင်စေတန်ရဲ့ ဓာတ်ပုံတွေကမှ အပုံကြီးသာသေးတယ်။ နန်းခင်ဇေယျာ အဲဒီမဂ္ဂဇင်းကို ကြောက်မယ်ဆိုလည်း ကြောက်လောက်ပါတယ်လေ။ ဘယ့်နှယ်... ဒီလောက် လမ်းသစ်ထွင်တဲ့ မဂ္ဂဇင်းမှာတောင် သဇင်တို့၊ ရွှေစင်တို့၊ မိုးဟေကိုတို့၊ မော်ဖူးမောင်တို့ ဓာတ်ပုံတွေကိုတောင် ပါအောင်မထည့်နိုင်တာ အတော်အသုံးမကျတာဘဲလို့ ပြောရမယ်ဗျ။ နန်းခင်ဇေယျာ ဓာတ်ပုံတွေတောင်မှ ခွင့်မတောင်းဘဲ သူတို့သဘောနဲ့သူတို့ ထည့်လိုက်လို့ ကောင်းကောင်းမွန်မွန် ပါလာတယ်လို့ ပြောလို့ရတာ။ မဟုတ်လို့ကတော့... အဟေးဟေးးးးးးးးးး မပြောချင်တော့ပါဘူးဗျာ။ စဉ်းစားသာကြည့်ကြတော့....။ ဒါပေမယ့် သူကတော့ ပြည်သူ့ဆန္ဒထက် သာတာတစ်ခုက မှားတာကို ၀န်ခံသလို၊ တရားဝင်လည်း တောင်းပန်တာပါပဲ။ လူတိုင်းမှားဖူးတာမို့ မှားတာကို ရေးကြီးခွင်ကျယ် လုပ်မနေချင်ပါဘူး။ မှားမှန်းသိတာကို ၀န်ခံတာ၊ တောင်းပန်တာကိုပဲ ချီးကျူးလိုက်ပါတယ်။

(ဆ) ဆရာမြတ်ခိုင်
ဂျာနယ်နာမည်မတပ်ဘဲ ဆရာမြတ်ခိုင်ရဲ့ နာမည်ကို တပ်လိုက်ရတာက အကြောင်းရှိပါတယ်။ ဒီလို လုပ်ရပ်တွေက ဂျာနယ်နဲ့မဆိုင်ဘဲ ဆရာမြတ်ခိုင်ရဲ့ နဂိုဗီဇမို့ပါ။ လျှပ်တစ်ပြက်မှာ မြတ်ခိုင်ရှိရင် လျှပ်တစ်ပြက်က ဒီလိုတွေ ရေးမှာပဲ၊ ဖော်ပြမှာပဲ၊ မော်နီတာကို ဆရာမြတ်ခိုင်ကိုင်ရင် မော်နီတာမှာ ဒီလိုအကြောင်းအရာတွေ ဖတ်ရမှာပဲ၊ အခြားဂျာနယ်တစ်ခုခုမှာ ဆရာမြတ်ခိုင် အယ်ဒီတာချုပ် လုပ်မယ်ဆိုရင်လည်း အဲဒီဂျာနယ်မှာ ဒီလိုမျိုး သတင်းတွေ၊ ဓာတ်ပုံတွေ ဖတ်ရ၊ ကြည့်ရမှာပဲ။ အဲဒါကြောင့် မြတ်ခိုင်ကို ငပွကြီးလို့ သြဘာပေးကြတာ ဖြစ်မယ်ထင်ပါတယ်။ စာနယ်ဇင်းသမားချင်းကျတော့ ဘာပြန်ပြောသံမျှ မကြားရဘူးဗျ။ အုပ်ချုပ်ရေးပိုင်းက ပြန်ကြားရေးဝန်ကြီးဌာနကများ ဒီလို စကားလုံးတွေနဲ့ ရေးကြည့်ပြောကြည့်ပါလားဗျာ... ဟားဟား.. နောက်ထပ်ကမ်ပိန်းတစ်ခု ထပ်ဖြစ်မှာ အသေအချာပဲ။ စာနယ်ဇင်းလွတ်လပ်ခွင့် ချက်ချင်းပေးတို့၊ မီဒီယာဖိနှိပ်မှု ချက်ချင်းရပ်တို့ စသဖြင့်ပေါ့ဗျာ။ အခုတော့ မြွေမြွေချင်း ခြေမြင်ကြသဗျ။ ဓာတ်ပုံတွေက ပြောစရာဖြစ်ရသလို၊ ရေးထားတဲ့ စာသားတွေကလည်း ပြောစရာ ဖြစ်ရပါသဗျာ။ ကိုယ့်ဘာသာကိုယ်သာ ခံစားနားလည်ကြပါကုန်။

( ဇ ) The VOICE Weekly
မီဒီယာပီပီသသ ဘက်မလိုက်ဘဲ သမာသမတ်ကျကျ ရေးထားတဲ့သတင်းကို မြင်တဲ့အတိုင်း ဖတ်ရမှာပါ။ အင်း... ခေတ်သစ်မြန်မာ့သမိုင်းကို ရေးတဲ့အခါ သူတို့ကို ချန်မထားခဲ့ကြဖို့ သမိုင်းပညာရှင်တွေကို လက်တို့လိုက်ပါတယ်ဗျာ။ ကျွန်တော်တို့ ငယ်ငယ်တုန်းက ကလေးချင်း နောက်တတ်ကြတာ ရှိပါတယ်။ ရွာတောင်ပိုင်းမှာ တကယ်ဖြစ်ခဲ့တာက သူကြီး ခလုတ်တိုက်တယ်၊ ရွာလယ်ကို အဲဒီသတင်း ရောက်သွားတော့ သူကြီးကို ဖားပြုတ်ကိုက်တယ်တဲ့၊ ဟော.. ရွာမြောက်ပိုင်းလည်းရောက်ရော သူကြီးကို တရုတ်ရိုက်တယ်ဆိုပြီး တရုတ်-ဗမာ အဓိကရုဏ်းတွေ ထဖြစ်ကုန်ပါရောလား။ အင်း... The VOICE ကို ရွာမြောက်ပိုင်းတော့ ရောက်နေပြီလို့ မစွပ်စွဲချင်ပါဘူး။ ဒါပေမယ့် အခုလို လုပ်ပေါက်တွေနဲ့ ဆိုရင်တော့ သူ့ကိုလည်း ရွာမြောက်ပိုင်းတင် မဟုတ်ဘဲ ရွာပြင်ကို ထုတ်ရပါလိမ့်မယ်။ မီဒီယာဆိုတာ ဓာတ်ဆီလောင်းသူ မဖြစ်စေဖို့ ဂရုပြုစေလိုသည့်အကြောင်း ဒီနေရာကနေ တောင်းပန်လိုက်ပါတယ်ဗျာ။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၃ ခုနှစ် မတ်လ ၂၄ ရက်၊ တနင်္ဂနွေနေ့။
ညနေ ၄ နာရီ ၅၅ မိနစ်တွင်ပြီး၏။

Saturday, March 23, 2013

တွင်းရေနှင့် သမုဒ္ဒရာရေ


ဓနမပ္ပမ္ပိ သာဓူနံ၊
ကူပေ ၀ါရီဝ နိဿယော။
ဗဟုံ အပိ အသာဓူနံ၊
နစ ၀ါရီဝ အဏ္ဏဝေ။

သူတော်ကောင်းတို့၏ ဥစ္စာသည် နည်းပင် နည်းသော်ငြားလည်း ရေတွင်းထဲက ရေကဲ့သို့ သူတစ်ပါးတို့ အတွက် မှီခိုရာ အားထားရာ ဖြစ်၏။
သူယုတ်တို့၏ ဥစ္စာသည်ကား များပင် များသော်ငြားလည်း သမုဒ္ဒရာရေကဲ့သို့ သူတစ်ပါးတို့အတွက် မှီခိုအားထားရာ မဖြစ်ပေ။

Friday, March 22, 2013

မိတ္ထီလာခရိုင်အတွက် အရေးပေါ်အခြေအနေ ကြေညာပြီ



ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတရုံးမှ ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်အမှတ် (၁/၂၀၁၃)ကို ယနေ့ရက်စွဲဖြင့်  ထုတ်ပြန်လိုက်သည်။ အမိန့်အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်သည်-

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံး
ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်အမှတ် (၁/၂၀၁၃)
၁၃၇၄ ခုနှစ်၊ တပေါင်းလဆန်း ၁၁ ရက်
(၂၀၁၃ ခုနှစ်၊ မတ်လ ၂၂ ရက်)
အရေးပေါ်အခြေအနေကြေညာခြင်း
၁။ မန္တလေးတိုင်းဒေသကြီးမိတ္ထီလာခရိုင် မိတ္ထီလာမြို့နယ်တွင် တည်ငြိမ်အေးချမ်းမှု ပျက်ပြားသည့် အခြေအနေများ ဖြစ်ပေါ်မှုကြောင့် ပြည်သူများ၏ လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းစွာ နေထိုင်နိုင်ရေးအတွက် ၂၀၁၃ ခုနှစ်၊ မတ်လ ၂၀ ရက်မှစ၍ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၁၄၄ ထုတ်ပြန်၍ ထိန်းသိမ်းဆောင်ရွက်ခဲ့ပါသည်။
၂။ သို့သော်လည်း ဆူပူအကြမ်းဖက်မှုများမှာ ပိုမိုများပြားကျယ်ပြန့်လာပြီး ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ ၁၄၄ ထုတ်ပြန် ဆောင်ရွက်ရုံဖြင့် မိတ္ထီလာခရိုင်အတွင်းရှိ  မိတ္ထီလာမြို့နယ်၊ ဝမ်းတွင်းမြို့နယ်၊ မလှိုင်မြို့နယ်နှင့် သာစည်မြို့နယ်များအတွင်း အုပ်ချုပ်ရေးဆိုင်ရာ လုပ်ငန်းများကို ထိရောက်အောင် ဆောင်ရွက်နိုင်စွမ်း မရှိတော့ကြောင်း တွေ့ရှိရသဖြင့် ပြည်သူများ၏ လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းစွာ နေထိုင်နိုင်ရေးကို အမြန်ဆုံး ပြန်လည်ဖော်ဆောင် ပေးနိုင်စေရန်အတွက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၂၊ ပုဒ်မခွဲ(က)ပါ ပြဋ္ဌာန်းချက်အရ မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင်အတွင်းရှိ  မိတ္ထီလာမြို့နယ်၊ ဝမ်းတွင်းမြို့နယ်၊ မလှိုင်မြို့နယ်နှင့် သာစည်မြို့နယ်များအတွင်း ယနေ့မှစ၍ အရေးပေါ်အခြေအနေ ကြေညာလိုက်သည်။
၃။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၃၊ ပုဒ်မခွဲ (က)ပါ ပြဋ္ဌာန်းချက်အရ တာဝန် ထမ်းဆောင်ရာတွင် ထိရောက်မှုရှိစေရန် တပ်မတော်၏ အကူအညီကို ရယူဆောင်ရွက်ရမည်။
၎။ ဤအမိန့်သည် ယနေ့မှစ၍ နောက်အမိန့်တစ်စုံတစ်ရာ ထုတ်ပြန်မှုမရှိမချင်း အတည်ဖြစ်သည်။
၅။ ဤအမိန့်သည် ဥပဒေကဲ့သို့ အာဏာတည်ရမည်။
(ပုံ) သိန်းစိန်            
နိုင်ငံတော်သမ္မတ         
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

အရည်အချင်းကို သိလိုသော်


ဇဝေန ဘဒြံ ဇာနန္တိ၊
ဗလိဗဒ္ဓဉ္စ ၀ါဟေန။
ဓုဟေန ဓေနုံ ဇာနန္တိ၊
ဘာသမာနေန ပဏ္ဍိတံ။

လျင်မြန်ခြင်းဖြင့် မြင်း၏ အရည်အချင်းကို သိနိုင်ကြ၏။
ဝန်ကို ထမ်းဆောင်သယ်ပိုးခြင်းဖြင့် နွား၏ အရည်အချင်းကို သိနိုင်ကြ၏။
နို့ထွက်ကောင်းခြင်းဖြင့် နို့စားနွားမ၏ အရည်အချင်းကို သိနိုင်ကြ၏။
ပြောဆိုသော စကားကို ထောက်ချင့်၍ ပညာရှိ၏ အရည်အချင်းကို သိနိုင်ကြ၏။

Thursday, March 21, 2013

မိတ္ထီလာ ပြီးရင်.....


မိတ္ထီလာမှာဖြစ်တဲ့ကိစ္စ
မနေ့ကတစ်ရက်လုံး သတင်းတွေ ဟိုမှသည်မှ တက်နေတာကို တစ်နေကုန် စောင့်ဖတ်ဖြစ်ပါတယ်။ ဖတ်ရင်းနဲ့ စိတ်ညစ်ရသလို၊ စိတ်လည်းတိုရတယ်။ စိတ်ညစ်ရတာက ထစ်ခနဲရှိတာနဲ့ မင်းမဲ့စရိုက်ဆန်ဆန် လုပ်နေကြတဲ့ လုပ်ရပ်တွေအတွက် တွေးပူမိလို့ ဖြစ်ပါတယ်။ စိတ်တိုရတာကတော့ တက်လာသမျှ သတင်းတွေဟာ ခံစားမှုကိုအခြေခံတဲ့ အတင်းတွေသာ (သတင်းအဆင့် မမီပါ) ဖြစ်နေလို့ပါပဲ။ ဖေ့စ်ဘုတ်လိုမျိုး လူမှုစာမျက်နှာတွေ သုံးနေတဲ့ သာမန်လူတွေက သူတို့မြင်သမျှ၊ သူတို့ကြားသမျှ၊ သူတို့ထင်သမျှ၊ သူတို့တွေးသမျှကို စိတ်ထဲရှိတဲ့အတိုင်း ရေးကြပြောကြတာ အပြစ်ဆိုဖွယ် မရှိပါဘူး (အပြစ်တော့မကင်းပါ)။ ဒါပေမယ့် တရားဝင်ဂျာနယ် ထုတ်ဝေနေတဲ့ သတင်းဌာနတွေက သူတို့ရဲ့ အင်တာနက်စာမျက်နှာတွေမှာ အကြားသတင်း၊ အထင်သတင်း၊ အတင်းသတင်းတွေကို စိတ်ရှိတိုင်း တင်နေတာကတော့ မဖြစ်သင့်တဲ့ကိစ္စလို့ ပွင့်ပွင့်လင်းလင်း ဝေဖန်ချင်ပါတယ်။ မီဒီယာဆိုတဲ့ အဓိပ္ပါယ်ကို သူတို့တွေ နားလည်ဖို့ လိုနေပြီလို့ ကျွန်တော်ကိုဉာဏ် မြင်မိပါတယ်။

တကယ့်အဖြစ်မှန်ကို သိရဖို့
မြန်မာနိုင်ငံမှာ တစ်ခုခုဖြစ်ရင် သတင်းထုတ်ပြန်တာ နောက်ကျတယ်လို့ အမြဲတမ်းဝေဖန်ခံရပါတယ်။ ဒါလည်း မှန်သင့်သလောက် မှန်ပါတယ်။ ကျွန်တော်တို့နိုင်ငံဟာ အခြားသော ဖွံ့ဖြိုးပြီးနိုင်ငံကြီးများကဲ့သို့ အသားကျနေတဲ့ စနစ်တွေ မရှိသေးတာကို ကျွန်တော်တို့ နားလည်ဖို့လိုပါတယ်။ ပြီးတော့ အစိုးရက ထုတ်ပြန်တဲ့သတင်းဆိုတာ အခုဂျာနယ်ထုတ်နေတဲ့ သတင်းဌာနတွေက အင်တာနက်ပေါ်မှာ ရေးသလို ဟိုလူ့ကိုမေး၊ ဒီလူ့ကိုမေးနဲ့ ထင်ရာရေးလို့ရတာ မဟုတ်ပါဘူး။ တာဝန်ခံယူ၊ တာဝန်ယူမှုဆိုတာ ရှိပါတယ်။ ပုဂ္ဂလိကသတင်းဌာနတွေက မှားယွင်းရေးသားမိရင်တောင် ဆောရီးဆိုတဲ့စကား၊ တောင်းပန်အပ်ပါသည် ဆိုတဲ့စကားကို ဂျာနယ်တစ်နေရာမှာ မထင်မရှားလေး ထည့်ပေးလိုက်ရုံနဲ့ ပြီးသားတတ်ပါတယ်။ အစိုးရက ထုတ်ပြန်တဲ့သတင်းဆိုတာက အမှားအယွင်း မခံပါဘူး။ ဂျာနယ်တိုက်တွေကသာ မှားယွင်းရင် ဆောရီးတစ်ခွန်းနဲ့ ပြီးနေပေမယ့် အစိုးရက သတင်းထုတ်ပြန်ချက်များ မှားခဲ့မယ်ဆိုရင် အဲဒီဂျာနယ်တွေကပဲ ၀ိုင်းပြီးတော့ ဆွမ်းကြီးလောင်းကြဦးမှာပါ။ အဲဒီအတွက် အုပ်ချုပ်ရေးပိုင်းက တာဝန်ရှိသူတွေဟာ စိစစ်တာ၊ စစ်ဆေးတာ၊ မေးမြန်းတာ၊ အတည်ပြုတာ၊ အမှုတည်ဆောက်တာ၊ သတင်းထုတ်ပြန်တာ လုပ်ရပါတယ်။ လုပ်နည်းအဆင့်တွေ များပေမယ့် ထုတ်ပြန်တဲ့ သတင်းကလည်း တန်ဖိုးရှိတဲ့သတင်း ဖြစ်လေ့ရှိပါတယ်။ အဲဒါကြောင့်လည်း ဘယ်သူရေးတဲ့ သတင်းကိုမျှ မယုံကြည်ဘဲ သတင်းမှန်၊ တစ်နည်း တကယ့်အဖြစ်မှန်ကို သိရဖို့အတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန်မယ့် သတင်းကို စောင့်နေခဲ့တာပါ။

ဖြစ်ပျက်ခဲ့သမျှ
နေ့ရက် - ၂၀-၃-၂၀၁၃
နေရာ - မိတ္ထီလာမြို့၊ ဈေးအရှေ့ပြင်ရပ်ရှိ <နယူးဝိန့်စိန် ရွှေဆိုင်>
ပါဝင်သူများ - ဆိုင်ရှင် ဒေါ်မြင့်မြင့်အေး၊ ဆိုင်ရှင်၏ သားမက်ဖြစ်သူ ထွန်းထွန်းဦး (ခ) အာရှစ်၊ ဆိုင်လုပ်သား ညီညီ (ခ) မင်းအောင်၊ ရွှေလာရောင်းသူလင်မယား ဦးခင်မောင်ဝင်း၊ ဒေါ်အေးနိုင်၊ မညိုညိုသန်း
ဖြစ်စဉ် - လာရောက်ရောင်းချသော ရွှေဆံထိုးအား ရွှေဆိုင်က မှတ်ကျောက်တင်ရန် ယူသွားခဲ့ပြီးနောက် ပြန်လည်ရောက်ရှိရာတွင် ဆံထိုးမှာ ပဲ့နေခဲ့သည်ဟုဆိုသည်။ ထိုကဲ့သို့ ပဲ့နေသဖြင့် ဈေးနှိမ်ရာမှ ဆိုင်ရှင်နှင့် ရောင်းဝယ်သူအကြား ပဋိပက္ခဖြစ်ပွားသည်ဟု ယူဆရသည်။ ထွန်းထွန်းဦးနဲ့ ညီညီက ရွှေလာရောင်းတဲ့ ဦးခင်မောင်ဝင်းကို လက်သီးနဲ့ထိုး တုတ်နဲ့ရိုက် လုပ်ကြတယ်လို့ သတင်းကဆိုတယ်။ အဲဒါကိုကြားတဲ့ ပတ်ဝန်းကျင်ကလူတွေ ရောက်လာကြပြီး ရွှေဆိုင်တွေကို ဖျက်ဆီးကြသတဲ့။ နောက်တော့ ဈေးအနောက်ဘက်မှာရှိတဲ့ ပါကစ္စတန်ဂျာမေ့ဗလီကိုလည်း ဖျက်ဆီးမှုတွေ ပြုလုပ်ခဲ့ပါသတဲ့။ ညပိုင်းမှာတော့ ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့တယ်။
(ရဲတပ်ဖွဲ့ရဲ့ စာမျက်နှာကရေးတဲ့ သတင်းကို အောက်မှာဖတ်ပါ။ ကျွန်တော့်မှာ ချီးကျူးမယ်လို့မှ မဆုံးသေးဘူး။ ရဲတပ်ဖွဲ့က ရေးထားတဲ့ သတင်းကိုဖတ်ပြီး အတော်စိတ်ညစ်သွားတယ်။ အဲဒီလောက်တောင် အရေးအသား မပြေမပြစ်နဲ့ ဖတ်လို့ နားမလည်အောင် ရေးတဲ့နည်းကို သွားတောင် သင်လိုက်ချင်သေးတယ်။ တကယ်ပဲ... စိတ်လေတယ်...)

ဘာသာရေးက ပါလာပြန်ပြီ
လက်ရှိအချိန်မှာ မြန်မာနိုင်ငံအတွက် အရေးအကြီးဆုံး ပြဿနာဟာ ဘာသာရေးဆိုင်ရာ သွေးထိုးမှုတွေလို့ ကျွန်တော်ကိုဉာဏ် လေးလေးနက်နက် သုံးသပ်ချင်ပါတယ်။ လက်နက်ကိုင်ကိစ္စတွေ၊ ငြိမ်းချမ်းရေးကိစ္စတွေထက် ပိုပြီးတော့ အကဲဆတ်ပါတယ်၊ ပိုပြီးတော့ ထိလွယ်ရှလွယ်ပါတယ်၊ ပိုပြီးတော့ သက်ရောက်မှုပြင်းပါတယ်၊ ပိုပြီးတော့ အန္တရာယ်များပါတယ်။ နိုင်ငံရေးအမြတ်ထုတ်လိုမှုနဲ့ ဘာသာရေးဆိုင်ရာ လှုံ့ဆော်မှုတွေ၊ သွေးထိုးမှုတွေ၊ ၀ါဒဖြန့်မှုတွေ ပြုလုပ်နေတဲ့သူတွေကို ထိထိရောက်ရောက် ကိုင်တွယ်ဆောင်ရွက် သင့်နေပါပြီ။ ကိုယ်တွေမြန်မာလူမျိုးက ဘာသာရေးဆိုတာနဲ့ အင်မတန်မှကို သွေးကြွလွယ်ပါတယ်၊ မှန်တာ မမှန်တာကို နောက်မှာထား၊ ဘာသာရေးနဲ့ပတ်သက်တဲ့ ကောလာဟလ သတင်းတစ်ခုခု ကြားလိုက်ပြီဆိုတာနဲ့ စဉ်းစားဆင်ခြင်တာကနောက် လက်သီးလက်မောင်း တန်းလိုက်တာ၊ သွေးဆူလိုက်တာက အရင်ဖြစ်သည်။ နိုင်ငံရေးခုတုံးသမားများ၊ တောကြောင်များ၊ ဆူပူအုံကြွအောင် သွေးထိုးလိုသူများ၊ ဖျာခင်းလိုသူများက အဲဒီအချက်ကို ကောင်းကောင်းကို သဘောပေါက်ထားသည်။ ထို့ကြောင့် ထစ်ခနဲရှိ တစ်ခုခုဆိုတာနဲ့ ဘာသာရေးဆိုတာကို ဆွဲထည့်လာကြသည်။ Campaign တွေ တစ်ခုပြီးတစ်ခု ဖန်တီးလာကြသည်။ အင်း... တွေးကြည့်ရင် ရင်လေးစရာ ဖြစ်ပါသည်။ သမိုင်းမှာ ဖတ်ခဲ့ရတဲ့ ခရူးဆိတ်စစ်ပွဲတွေကို ဘယ်သူက ၀မ်းသာအားရ သိပ်ကောင်းတာပဲ၊ ဖြစ်သင့်တာပေါ့ဟု ယုံကြည်ခဲ့ဖူးပါသလဲ။ ကျွန်တော်တို့တွေ မအ,သင့်တော့ပါ။ သင်ခန်းစာတွေ ယူသင့်ပါသည်။

မင်းမဲ့စရိုက်ပဲ၊ အကြမ်းဖက်မှုပဲ
ရွှေဆိုင်မှာ ရိုက်နှက်ခံရတယ်ဆိုရင် တရားဥပဒေအရ ရင်ဆိုင်လို့ရပါတယ်။ ရွှေဆိုင်က လိမ်လည်တယ်ဆိုရင် ဥပဒေအရ ဖြေရှင်းလို့ရပါတယ်။ ရောင်းတဲ့လူက လိမ်လည်တယ်ထင်ရင်လည်း ဥပဒေအရ ဖြေရှင်းနည်းတွေ ရှိတာပါပဲ။ သတင်းတွေ ဖတ်ရတာအရ ရွှေဆိုင်ပိုင်ရှင်တွေဘက်က ထိုးကြိတ်ရိုက်နှက်ခဲ့တာ မှန်တယ်ဆိုရင်တော့ ဒါဟာ ဥပဒေကို ချိုးဖောက်တာပါပဲ။ နိုင်ထက်စီးနင်း လုပ်တာပါပဲ။ တရားဥပဒေအရ အရေးယူရပါတယ်။ ဒီသတင်းကိုကြားပြီး ဘာဖြစ်တာမှန်း သေသေချာချာ မသိဘဲ ကုလားက မြန်မာကို ရိုက်တာတဲ့ကွဆိုပြီး ဆိုင်ဆိုင်မဆိုင်ဆိုင် ကုလားဆိုင်တွေ ဖျက်ဆီးတယ်၊ တွေ့သမျှကုလားကို ရိုက်တယ်ဆိုတာတော့ ဥပဒေကို ချိုးဖောက်ရုံတင် မဟုတ်ပါဘူး။ မင်းမဲ့စရိုက်ပါ ဆန်သွားပါတယ်။ ပိုဆိုးတာက ရွှေဆိုင်မှာဖြစ်တဲ့ ပြဿနာကို အရင်းခံပြီး ဘာသာခြားတို့ ၀တ်ပြုရာ ဗလီကို ဖျက်ဆီးမီးရှို့တယ် ဆိုတာပါပဲ။ မလုပ်သင့်တဲ့ အလုပ်ပါ။ အမုန်းခံပြီးပြောရရင်တော့ ဒါဟာ အကြမ်းဖက်မှုပါ။ လူယဉ်ကျေးတွေရဲ့ လုပ်ရပ်မဟုတ်ပါဘူး။ ဗုဒ္ဓမြတ်စွာရဲ့ လမ်းစဉ်မဟုတ်ပါဘူး။ ဘယ်သူတော်ကောင်းကမျှ ၀မ်းသာအားရ ချီးကျူးအားပေးမယ့်ကိစ္စ မဟုတ်ပါဘူး။

ပြီးတာနဲ့ပဲ ပြီးပါစေ
အခုတော့ ရဲတပ်ဖွဲ့ကလည်း တာဝန်ရှိတဲ့အတိုင်း ဥပဒေအရ ဆက်လက်ဆောင်ရွက်နေကြပြီ ဖြစ်တယ်လို့ သိရပါတယ်။ ဖြစ်ပွားတဲ့နေရာဝန်းကျင် လုံခြုံရေးကိုလည်း တာဝန်ယူထားပြီလို့ သတင်းတွေမှာ ဖတ်ရပါတယ်။ လူတွေနေထိုင်တဲ့ ပတ်ဝန်းကျင်မှာ အမှုအခင်းတွေရှိတာ မဆန်းပါဘူး။ အဲဒါကြောင့်လည်း ရဲဆိုတာတွေ၊ တရားသူကြီးဆိုတာတွေ၊ တရားရုံးဆိုတာတွေ၊ အချုပ်/ထောင် ဆိုတာတွေ၊ ဥပဒေဆိုတာတွေ ရှိနေတာပါပဲ။ လိုအပ်လို့ ရှိနေတဲ့ အရာတွေက လိုအပ်တဲ့အတိုင်း ဆက်လက်ဆောင်ရွက်သွားပါလိမ့်မယ်။ ဒါကိုကပဲ တရားဥပဒေစိုးမိုးရေး ဖြစ်ပါတယ်။ အရိုင်းအစိုင်းခေတ်ကလို လက်ပါရင် လက်နဲ့ချမယ်၊ ခဲရှိရင် ခဲနဲ့ထုမယ်၊ ဓားရှိရင် ဓားနဲ့ခုတ်မယ် ဆိုတာမျိုးတော့ ဒီနေ့ခေတ်မှာ မရှိသင့်တော့ပါဘူး။ ရှိနေရင်လည်း အားမပေးသင့်ပါဘူး။ ၀င်မပါသင့်ပါဘူး။ ၀မ်းသာမနေသင့်ပါဘူး။ တားရပါမယ်၊ ပြောရပါမယ်၊ ဝေဖန်ရပါမယ်။ အခုဖြစ်သွားတာကို အရင်းတည်ပြီး နောက်ဆက်တွဲ ပြဿနာတွေ၊ အဓိကရုဏ်းတွေ၊ ပဋိပက္ခတွေ၊ ဆူပူမှုတွေ မဖန်တီးပါနဲ့လို့ ဒီနေရာကနေ တောင်းပန်လိုပါတယ်။ ပြီးတာတွေလည်း ပြီးပါစေ။

ဝေဖန်မှုတွေကို ကြိုဆိုလျက်ပါ
ကိုဉာဏ်ဆိုတဲ့ကောင်ဟာ ကုလားပဲ၊ ကုလားအားပေးပဲလို့ မျက်စိမှိတ်ပြီး ပုတ်ခတ်လာမှာတွေ၊ ဆွမ်းကြီးလောင်းလာမှာတွေကိုလည်း ကြိုဆိုနေပါတယ်။ မိရိုးဖလာနဲ့ ထေရ၀ါဒကိုတောင် ကွဲကွဲပြားပြား မခွဲခြားတတ်ဘဲ၊ ကံငါးပါးကိုတောင် လုံခြုံအောင် မထိန်းနိုင်ဘဲ ဘာသာရေးကို ကာကွယ်နေသယောင်ယောင်၊ စိတ်ပူနေသယောင်ယောင် လူတတ်ကြီးလုပ်နေတဲ့ လူတွေရဲ့ ပြောလာမယ့်စကားတွေကို ကျွန်တော်ကိုဉာဏ် တစ်စက်ကလေးမျှ နာလိမ့်မည်မဟုတ်ပါ။ ပြုံးပြုံးကြီးဖတ်ပြီး သူတို့ကို သနားနေမိမှာပါ။ ၉၆၉ လှုပ်ရှားမှုကိုလည်း ကျွန်တော်အားမပေးဘူး၊ အရဟံဆိုပြီး တံဆိပ်အမျိုးမျိုး ပုံဖော်ပြီး လှုပ်ရှားနေကြတာကိုလည်း သဘောမကျဘူး။ ထေရ၀ါဒမှာ ၉၆၉ ဆိုတဲ့ သင်္ကေတမရှိဘူး၊ အရဟံဆိုပြီး ဒီဇိုင်းအမျိုးမျိုးနဲ့ ဆွဲနေတဲ့ သင်္ကေတတွေ မရှိဘူး (အရဟံဆိုတာကတော့ ရှိပါတယ်။ ကျွန်တော်ပြောတာက ဟ ကို အကြီးကြီးရေး၊ အထဲမှာ အ သေးသေးလေးထည့်၊ ရ သေးသေးလေးထည့် စတဲ့ သင်္ကေတတွေကို ပြောတာပါ)။ ဘာသာရေးကို စော်ကားဖျက်ဆီးနေတဲ့အထဲမှာ ကုလားတွေ၊ ဘာသာခြားတွေ ပါမပါဆိုတာ နောက်မှာထား၊ အဲဒီလှုပ်ရှားမှုတွေ လုပ်နေသူတွေကိုယ်တိုင်က ဘာသာရေးကို နားမလည်ပါးမလည်နဲ့ ထေရ၀ါဒ ဗုဒ္ဓဘာသာကို ဖျက်ဆီးနေကြသူတွေလို့ ကျွန်တော်က ဒီနေရာကနေ ပြောချင်တယ်ဗျာ။ စာတတ်ပေတတ် ရဟန်းသံဃာတွေဆီမှာ ချဉ်းကပ်ပြီး မေးမြန်းလျှောက်ထားကြည့်ကြပါ၊ ထေရ၀ါဒ စာအုပ်စာပေတွေကို လေ့လာဖတ်ရှုကြပါလို့ တိုက်တွန်းလိုပါတယ်။

ဒီမိုကရေစီခေတ်ကို ရောက်ချင်သတဲ့လား
ဒီမိုကရေစီခေတ်ကို ရောက်ချင်တယ်လို့ ပါးစပ်ကနေ တတွတ်တွတ်အော်ပြီး ရင်ထဲအသည်းထဲမှာ လူရိုင်းခေတ် အတွေးအခေါ်၊ ခံစားချက်ပဲ ရှိနေဦးမယ်ဆိုရင်တော့ သိပ်မနိပ်လှပါဘူးဗျာ။ မာစီးဒီးကားကြီးစီးပြီး ပြောင်းဖူးဖက်ဆေးလိပ်ကြီး တဖွာဖွာနဲ့ ဆေးလိပ်ပြာတွေကို ဒီအတိုင်းခြွေချနေတာ၊ ကြယ်ငါးပွင့်ဟိုတယ်ကြီးပေါ်တက် အကောင်းဆုံးအစားအစာတွေမှာပြီး ပါးစပ်ကတပျပ်ပျပ်နဲ့ စားနေတာ၊ ပန်းခြံထဲမှာ မြက်ခင်းပေါ်မှာ လမ်းလျှောက်ပြီး ကွမ်းသွေးကို ပျစ်ခနဲထွေးနေတာ၊ စတဲ့စတဲ့ မြင်ကွင်းတွေဟာ သဟဇာတ သိပ်မဖြစ်လှဘူးလို့ မထင်မိဘူးလားဗျာ။ ဘာကိစ္စထင်ရမှာလဲ... ကိုယ့်ဘာသာကိုယ် လွတ်လွတ်လပ်လပ် လုပ်ချင်တာ လုပ်မှာပေါ့လို့ ဖြေခဲ့မယ်ဆိုရင်လည်း ဟုတ်ကဲ့... ကျွန်တော်ကိုဉာဏ် ဘာမျှမပြောလိုတော့ပါ။ ဘိုဘိုရဲ့ သီချင်းတစ်ပိုင်းတစ်စက ပါးစပ်ဖျား ရောက်လာတဲ့အတွက် နိဂုံးချုပ်အနေနဲ့ ထည့်ရေးလိုက်ပါရစေဦး။ "ရွှေပြည်တော်ရယ်... မျှော်နေလည်းဝေး... ဓူဝံကြယ်စင် မြင်နေလည်းဝေး....."။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၃ ခုနှစ်၊ မတ်လ ၂၁ ရက်၊ ကြာသပတေးနေ့။
မွန်းလွဲ ၁၂ နာရီ ၁၀ မိနစ်တွင် ပြီး၏။

Tuesday, March 19, 2013

အပြင်းထန်ဆုံး အဆိပ်


န ၀ိသံ ၀ိသမိစ္စာဟု၊
ဓနံ သံဃဿ ဥစ္စတေ။
ဝိသံ ဧကံဝ ဟနတိ၊
သဗ္ဗံ သံဃဿ ဟနတိ။

ရိုးရိုးအဆိပ်ကို အဆိပ်ဟု မဆိုကြကုန်။
သံဃာ၏ ပစ္စည်းဥစ္စာကိုသာ အဆိပ်ဟု ဆိုသင့်၏။
ရိုးရိုးအဆိပ်သည် တစ်ဘ၀မျှသာ သတ်နိုင်၏။
သံဃာ၏ ပစ္စည်းဥစ္စာသည်ကား ခိုးယူသူ၊ လုယက်ဖျက်ဆီးသောသူ၏ ဘ၀အလုံးစုံကို သတ်တတ်၏။

Monday, March 18, 2013

ပြောသမျှ ဆိုသမျှ လက်ပံတောင်းကိစ္စ



စီမံကိန်းကြီးကို သူတို့အလိုကျ ဖျက်သိမ်းလိုက်ပါပြီတဲ့... ၀မ်ပေါင်လည်း ပြန်သွားပါပြီတဲ့... အဲဒီ ချိုင့်ခွက်တွေကို ဟန်ဝင်းအောင် လာဖို့မှာလား။ တရုတ်ကြီးက ရစရာရှိတဲ့အကြွေး ပြန်တောင်းလို့ အစိုးရမဆပ်နိုင်ရင် သွဲ့သွဲ့ဝင်းကို ထိုးအပ်လို့ ဟိုက လက်ခံမှာတဲ့လား။ ဒါမှမဟုတ် ပွဲဖြစ်မြောက်ရေး ကော်မတီက မိုးသီးဇွန်ဆပ်မှာလား။ နိုင်အောင်နဲ့ ခင်ဥမ္မာ ဆပ်မှာလား။ မဆပ်နိုင်လို့ အစားပြန်ပေးရရင် နောက်ထပ် ဆန္ဒပြပွဲတွေ၊ မီးလောင်ဗုံးတွေ ထပ်မလာဘူးလို့ ဘယ်သူ အာမခံမလဲ။ နော်အုန်းလှတို့ ထပ်မရွတော့ဘူးလို့ ဘယ်သူအာမခံနိုင်မလဲ။ ခုက ဒေါ်စု ကြားကနေ အမိုက်ခံပြီး အဖတ်ဆည်ဖို့ ကြိုးစားတာ။ အဖတ်ဆည်ပါတယ်ဆိုနေမှ အရည်ရော၊ အဖတ်ရော လိုချင်လို့မရဘူး။ ညှိနှိုင်းတယ် ဆိုတဲ့စကား အလကားထားတာ မဟုတ်ဘူး။ ကိုယ့်ဖက်က ရှုံးနေပြီ။ မဆိုင်တဲ့လူကို ပတ်ရမ်းနေလို့ ဘွားတော်က အဲဒီတောင်ကို လက်ညှိုးထိုး ရောင်းစားခဲ့တဲ့ ရေမြေ့ရှင်မဟုတ်ဘူး။ အမွေစားအမွေခံက အခု နယူးဇီလန် ရောက်နေတယ်။ ဆဲချင်ရင် သူ့ကိုသွားဆဲ။
(ဘွရှင်)

အမယ်ငီး အမေရဲ့... ဒီတောင်မှ မရှိရင် သားသားတော့ ဘဝပျက်ပါပြီ။
ဟင်... မင်းက ဘယ်ရွာကတုန်း။
သားသားက ရန်ကုန်ကပါ။
ဟေ... ရန်ကုန်သားနဲ့ မုံရွာက ကြေးနီတောင် ဘာဆိုင်လို့တုန်း။
အင်... အခု ပြောနေတာ ကြေးနီတောင်လား။ သိပါဘူး။ တလောက မီးခိုးဗုံး ပေါင်ကြားထိတုန်းက တောင်တစ်ခြမ်း မရှိတော့လို့ သားသားက အဲဒါပဲ စိတ်စွဲနေတာ။ အမယ်ငီး ဖေတို့ မေတို့ရဲ့ တောင်မရှိရင် သားသားဘဝတော့ ဆုံးပါပြီ။ ငိငိငိ...။
(Qing Minya)

သူတို့ အရောင်ဆိုး ခံထားရမှန်းလည်း ခင်ဗျားတို့သိတယ်။ ဘယ်သူတွေက အရောင်တင်မှန်းလည်း သိတယ်။ ခင်ဗျားတို့ သူတို့ကို အောက်ကလိအာမယ့်အစား ကြိုးဆွဲဆရာတွေကို ဖော်ကြလေဗျာ။
သူတို့ကို နားလည်သဘောပေါက်အောင် ရှင်းပြကြလေဗျာ။ ခင်ဗျားတို့လောက်တော့ စာမတတ်ဘူး။ ဗဟုသုတ မများဘူး။ ဒါပေမယ့် သတ္တိကောင်းကြတယ်။ အဲဒီသတ္တိကို အဖြူရောင်ခြယ်ပေးဖို့ လုပ်ကြပါဗျာ။ နီနေတယ်ဆိုပြီး ၀ိုင်းပြီး မသမကြပါနဲ့။ သမချင်ရင် နောက်ကွယ်က ဆရာကြီးတွေကို သမကြလေ။ လက်ရည်တူချင်း ချကြဗျာ။ ဟိုနောက်က ဆရာကြီးတွေလည်း သတ္တိရှိရှိ ကြိုးဝိုင်းထဲဝင်ပြီး ပုဝါမကူ ရေမရှူဘဲ၊ ထုံးမမန်း ဆီမလူးဘဲ ဘက်တူလူမရွေး တွယ်ကြဗျာ။ ပွဲကသိပ်ပြီး ကြည့်မကောင်းတော့ဘူး။
(Win Minthein)

အခုကိစ္စမှာ ဒေါ်အောင်ဆန်းစုကြည် နှစ်ခု မှားတယ်လို့ ထင်တယ်။
၁။ အောက်ခြေအထိ သွားရှင်းပြနေစရာ အကြောင်းမရှိဘူး။ ဒါ သူ့အဆင့်မဟုတ်ဘူး။
၂။ ဘုန်းကြီးတွေကို သွားရှင်းပြနေစရာ အကြောင်းမရှိဘူး။ ဘုန်းကြီးတွေ လူကိစ္စ ဝင်ပါနေတာ အတော်များပြီ။
(ကိုရင်လက်ဆင်း)

ဒီနေ့ အပေါက်ဆုံး ကြွေးကြော်သံ... "အလိုမရှိ.... အလိုမရှိ...."
ဒီနေ့ အပေါက်ဆုံး လူသား............ "ဟန်ဝင်းအောင်"
ဒီနေ့ အပေါက်ဆုံး စကား.............. "ရွာကို သတင်းစာမရောက်လို့  မဖတ်ရသေးဝူး"
(Soung Chan Chan)

ဒေါ်စုရဲ့အမှတ်တွေ တရိပ်ရိပ် ကျဆင်းနေချိန်မှာ ဦးသိန်းစိန် အမှတ်တွေ ရေရေလည်လည် တက်နေတယ်။
ဆန်းစစ်ကြည့်တော့ ဦးသိန်းစိန်နားက တကယ့်အကြံပေးတွေ။ နှစ် ၂၀ ကျော် အတိုက်အခံ လုပ်လာတဲ့သူတွေ အကုန်လုံး သူ့အနားမှာ။ အဲဒီလူတွေက အမေရိကအကြိုက်၊ ဥရောပအကြိုက်၊ ကုလသမဂ္ဂအကြိုက်၊ အတိုက်အခံအကြိုက်၊ ပြည်သူ့အကြိုက် အကုန်သိပြီးသားတွေ။ ဒေါ်စုနားမှာက ထွန်းအိန္ဒြာဗိုလ်တို့၊ သျှီတို့၊ ကြည်ဖြူသျှင်တို့၊ ဇာဂနာတို့၊ ဇေယျာသော်တို့၊ ဘာလုပ်ကြမယ်မသိ။ လာတဲ့ဧည့်သည်ရဲ့ တန်ဖိုးတောင် မှန်အောင်ခွဲနိုင်တဲ့သူတွေ ရှိရဲ့လားမသိ။ ကယားတစ်ပြည်နယ်လုံးက ပါတီဝင်တွေ ထွက်ကြတာမျိုးဟာ အလွန် ကြောက်စရာကောင်းတဲ့ အခြေအနေမျိုး ဖြစ်ပါတယ်။ ခုထိ အဲဒီကိစ္စနဲ့ပတ်သက်လို့ တစ်စုံတစ်ရာ ထုတ်ပြန်ပြောဆိုတာ မတွေ့ရသေးပါ။
(လေနုအေး)

ပြောင်းပြန်စဉ်းစားကြည့်တယ်....
စုံ/ကော်က ဆက်မလုပ်သင့် လို့ မှတ်ချက်ပြု၊ အစိုးရက ဒါဆိုလည်း မလုပ်ပါဘူးလို့ တရုတ်မျက်နှာဖျက်ပြီး ဦးပိုင်က ခဏအသာခေါင်းလျှိုဝင်သွားရော ဆိုပါတော့။ နွားချေးပုံ ကြက်ယက်သလို ကျန်နေခဲ့မယ့် တောင်မွစာတက်ကြီးကို ရွာဦး ရွာထိပ်မှာထားပြီး ငဒို့ဦးကြီးတွေ၊ အရီးတွေ ဘာလုပ်ကြမှာပါလိမ့်? သတ္တုသိုက်ကြီး ဖင်ခုထိုင်ထားတဲ့ ဒီနေရာမှာ ကမ္ဘာတည်သရွေ့ တောင်မပျောက်စေရဆိုပြီး ဘကြီးအံ့မောင် ကြွေးကြော်သလို မျိုးဆက်ဘယ်နှခုလောက်က တောင့်ခံနိုင်ကြမှာပါလိမ့်? (မက်လုံးတွေ၊ ခြောက်လုံးတွေ၊ ခြေထိုးတွေ၊ ခြေဆင်းတွေက နှယ်နှယ်ရရမဟုတ် နိုင်ငံတော်အဆင့်ဗျ) လောလောဆယ်တော့ ဒီကျိန်စာဆိုးကြီးကနေ အေးကွက်ရအောင် ရှာပေးထားတဲ့ အန်တီစုကိုပဲ ဦးထိပ်ပန်ဆင် အခါခါ ကန်တော့ချင်နေကြောင်းပါခင်ဗျား။
(Win Naing Oo)

ဖေကြီးသာ ဦးသိန်းစိန်ဆိုရင် ချက်ချင်းကို သြဇီကနေ ပြန်လာမယ်။ မုံရွာကို ချက်ချင်းတက်မယ်။ ဆန္ဒပြနေသူတွေကို မိန့်ခွန်းပြောမယ်။ ၂၀၁၀ နောက်ပိုင်း လက်ရှိအစိုးရရဲ့ မိဘပြည်သူများအတွက် ဆောက်ရွက်ပေးခဲ့မှုများကို ရှင်းပြမယ်။ ပြီးရင် မြစ်ဆုံဆည်ကြီးအကြောင်း ပြောမယ်။ မိဘပြည်သူများအတွက် တရုတ်အစိုးရရဲ့ အငြိုအငြင်ကိုခံပြီး ရပ်ပေးဖို့အမိန့် ပေးခဲ့တဲ့အကြောင်း ပြောမယ်။ 
ခုလည်း ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ကော်မရှင်က ဘယ်လိုပင် အကြံပေးပါစေ မိဘပြည်သူများအတွက် ကျွန်တော်ဦးသိန်းစိန်က လက်ပံတောင်းတောင် စီမံကိန်းကို ကျွန်တော်၏ သမ္မတသက်တမ်းအတွင်း ရပ်ပေးပါ့မယ်။ အကြာကြီး ရပ်စေချင်ရင် ၂၀၁၅ ကျ မဲပေးကြပါလို့ ဆက်ပြောမယ်။
အတွေးနဲ့ နိုင်ငံရေး လုပ်ကြည့်တာပါကွာ :)
(ဖေကြီးသိတယ်)

အမေနော်အုံးလှကို ဝန်းရံကြ... အမေလှကို မရံဘဲ အမေစုကို ရံရင် သမိုင်းတရားခံ ဖြစ်သွားမယ်၊ ဘာမှတ်နေလဲ :P သပိတ်စုံ သူပုန်ထ အဟေးဟေး :D သောက်ကျိုးနည်း တော်တဲ့သူတွေပဲ (ဆင်ရော မြင်းရော ပြောင်းဖူးရိုးရော)
(ဖေကြီးသိတယ်)

လက်ပတောင်းကို ရပ်တဲ့အထိ ဆက်တိုက်မှာပဲဆိုတဲ့ BBC နဲ့ အင်တာဗျူး နားထောင်ပြီး ဖေကြီးက မန်ဒိုင်ကြီးတွေကို မေးချင်တာ.....။
"ခင်ဗျားတို့ အဲ့ဒီကိစ္စတွေ နောက်ကွယ်မှာ ဘယ်သူကညော့နေတယ်ဆိုတာ ဖော်ထုတ်ချင်စိတ် မပေါ်မိဘူးလား" လို့...။
ခုက... သွားတယ်၊ မြင်တာ ဓါတ်ပုံရိုက်တယ်။ သူလိုကိုယ်လို အင်တာဗျူးတွေမေးတယ် ဆိုတာမျိုးတွေပဲ တွေ့နေလို့ပါ။
ပြည်သူတွေရဲ့ မျက်လုံး၊ နား ဆိုပြီး ဂုဏ်ယူနေကြရင်လေ လက်ပံတောင်း အစီရင်ခံစာကို လက်မခံဘူးဆိုတဲ့ ဒေသခံတွေရဲ့ အသံတွေ တခြားအသံတွေဟာ ဘေးပယောဂ ကင်းတယ် မကင်းဘူး ဆိုတာလေးတော့ ခင်ဗျားတို့ စိတ်ဝင်စားမိမှာပေါ့နော်။
ဖတ်ချင်တယ်ဗျာ။ ခင်ဗျားတို့ ဂျာနယ်လစ်တွေ မစွမ်းတာတော့ မဟုတ်ဘူး ထင်ပါရဲ့ ;)
(ဖေကြီးသိတယ်)

အစကတော့ တောရိုင်းစံပယ်လေးဆို...။
ဦးအောင်မင်းကို ပြန်ရန်တွေ့တော့ ဝိုင်းပြီးလက်ခုပ်တီးကြတယ်.....။
ခုကျတော့ လက်ပံတောင်းလည်း ချိုင့်ခွက်ဖြစ် လူတွေရဲ့ စိတ်ဓာတ်တွေလည်း ကပြောင်းကပြန်ဖြစ်...။ မြင်တတ်ရင် တရားရပါတယ်။
ဒီကြားထဲ မနေတတ်မထိုင်တတ်နဲ့ ကြားဝင်မိတော့ ကိုယ့်မြေးလောက်သာသာက ပြန်ဆဲတာခံရ။
အော်.... ဒါနဲ့  ကိုမိုးသီးရေ ဟန်ဝင်းအောင်တစ်ယောက် ဒီလောက်ဆို အမေရိကားမှာ ခိုလှုံလို့ ရလောက်ပြီလား....?
ဆူရှီ တူတူလိပ်ကြတာပေါ့....။
(Soung Chan Chan)

တကယ်တော့ ဧရာဝတီလောက် လက်ပံတောင်းကို စိတ်မဝင်စားပါဘူး။ ၈၈ တွေတောင် လက်ရှောင်ထားတာပဲ။ ဟိုးအရင်ကတည်းက တစ်ပိုင်တစ်နိုင် လုပ်ခဲ့ကြတာပဲ။ တကယ်တော့ ဗကသရဲ့ ခြေစမ်းကွင်း ဖြစ်ခဲ့တာပါ။
(Soung Chan Chan)

စမူဆာ
နှစ်ဘက်ချွန်သမားကို ဆိတ်လစိ လို့ခေါ်တယ်။ လောလောဆယ် ဖြစ်နေတဲ့ လက်ပံတောင်းအရေးမှာ ကြည့်ရင် ဆိတ်လစိ အများအပြားကို တွေ့ရတယ်။ မီးခိုးဗုန်းနဲ့ ဖြိုခွဲစဉ်က မီးလောင်ဗုံးလို့ အော်ခဲ့တဲ့ ကောင်တွေ အခုတော့ သူတို့အမေ ဒေါ်စုကြည် ပါးစပ်က မီးခိုးဗုံးပါလို့ ထွက်တော့ မီးခိုးဗုံးပါလို့ လိုက်အော်ပြန်တယ်။ လက်ပံတောင်းကိစ္စကို ဆန္ဒပြခါစက သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးတို့၊ သာသနာ့နယ်မြေ စောင့်ရှောက်ရေးလို့ အော်ခဲ့တဲ့ ကောင်တွေလည်း ဒေါ်စုကြည်က လက်ပံတောင်း စီမံကိန်းကို အကောင်ထည် ဖော်သင့်တယ်လည်းပြောရော အကုန်ငြိမ်နေတယ်။ ရူးချင်ယောင် ဆောင်နေတယ်။ မအေပေးတွေ ငါသိတယ်။ ပြောချင်လို့ မနက်ကတည်းက ပြန်ရှာနေတာ။ အဲဒီတုန်းက လက်ပံတောင်းစီမံကိန်းကို ရပ်ကိုရပ်ရမယ် ဆိုတဲ့အထဲမှာ အခု ဒေါ်စုကြည်နောက်က လိုက်နေတဲ့ ခွေးတွေထဲမှာ ပါတယ်။ ကျုပ် ဖရန့်တွေထဲမှာလဲ ရှိတယ်။ မသိဘူး မထင်နဲ့။ ဒီကကောင်က အမှတ်သည်းခြေကြီးတယ်။ မနက်ကတည်းက ပြန်ရှာနေတာ အခုတွေ့ပြီ... မအေပေး ဆိတ်လစိတွေ သူများယောင်လို့ လိုက်ယောင် အမောင် တောင်မှန်းမြောက်မှန်း မသိကြဘူး။ အစတုန်းက လက်ပံတောင်း စီမံကိန်းကို ကန့်ကွက်တယ်၊ ဒေါ်စုကြည်က ဆက်လုပ်ဆိုတော့ ဆက်လုပ်မယ်တဲ့။
တစ်အုပ်စုတည်းချင်းက ပြန်ဖော်တယ်။ အချင်းချင်း ပြန်ကိုက်ကြတယ် ခွေးတွေ...။ တရားခံက ဟန်ဝင်းအောင်တဲ့။ ဟန်ဝင်းအောင်ထက် အောက်တန်းကျတဲ့ကောင်တွေ ဒေါ်စုကြည်နောက်မှာပါတယ်။ တွေ့နေရတယ်။ သုံးဘက်ချွန် စမူဆာတွေ...။ အိုကွာ.... စမူဆာနဲ့ မတန်ဘူး ဆိတ်လစိနဲ့လည်း မတန်ဘူး လစိအပေါ်ကဟာနဲ့တန်တယ်... မအေပေးတွေ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ သာသနာ့နယ်မြေ စောင့်ရှောက်ရေး ဟူ၍အော်ခဲ့သော ခွေးမသားအားလုံးကို ဒီနေရာကနေပြီး ကညှော့လိုက်သည်။
(နေဝင်း)

အစီရင်ခံစာတောင် မဖတ်ရသေးဘဲနဲ့ ကန့်ကွက်တဲ့သူတွေက ကန့်ကွက်!
အကွက်ချောင်းပြီး မြှောက်ပေးတဲ့သူတွေကြောင့် ဂွေးတက်အောင် ကတဲ့သူက က!
အမြင့်ရောက်စေချင်လို့ လှေကားထောင်ပေးတာကို အောက်မှာပဲ နေချင်ပါတယ်ဆိုပြီး လှေကားကို ဇွတ်ဖျက်ခိုင်းသူက ခိုင်း!
( ဘာ I.Q, E.Q မှ မရှိဘဲ )
ငါးစိမ်းသည် ရန်တွေ့သလို အော်ဟစ်နေတဲ့ အမျိုးသမီးကို သူရဲကောင်းလို့ သတ်မှတ်သူက သတ်မှတ်!
သြော် ... မြန်မာပြည်!
ကောက်စိုက်တဲ့ လယ်သမက ဥပဒေအကြောင်း ပြောနေပြီ။
တဇွတ်ထိုး တဇောက်ကန်း လူမိုက်တွေက Oxford မှာ ပညာသင်လာတဲ့ အသက်ခုနစ်ဆယ်တန်းဝင် အဖွားကြီး တစ်ယောက်ကို အသုံးမကျဘူး အော်နေပြီ။
လူတွေ အလုပ်မလုပ်ဘဲ ဆန္ဒပြရင်း ထမင်းဝကုန်ကြပြီ။
ရယ်စရာလည်း ကောင်း...
ဝမ်းနည်းစရာလည်း ကောင်းပါပေ့
ထစ်ခနဲဆို ဆန္ဒပြတဲ့ ဒီမိုကရေစီတိုင်းပြည်!!
(Thu Thu Lay)

ကျေးဇူးပြုပြီး ကျွန်တော်တို့နိုင်ငံကို အဏုမြူဗုံး တစ်လုံးလောက် ကြဲပေးကြပါလား....။
လက်ပံတောင်းမှာ အာကျယ်နေလို့...။
နားတော့ တော်တော်ငြီးနေပါပြီ။
ကျွန်တော်ပါသွားလည်း ဂရုမစိုက်ပါဘူး။
တိုင်းပြည်နားအေးရင် ကျွန်တော်ကျေနပ်ပါတယ်။
(စဖပထ)

မေးကြတယ်....
ဆရာမောင်ဝံသရဲ့ မှတ်ချက်ကို ဖတ်ပြီးပြီလား။
- အင်း ဖတ်ပြီးပြီ ၊ ဆရာ့ကို သွားမနှောင့်ယှက်နဲ့။
အဘဦးဝင်းတင် ပြောတာရော နားထောင်ပြီးပြီလား။
- အင်း ပြီးပြီ ၊ အဘ ပြောချင်တာ ပြောပစေ ၊ ပြောကာမှ တော်ရာကျ။
ကိုမင်းကိုနိုင် ပြောတာရော ဖတ်ပြီးပြီလား။
- ဟုတ် ၊ ဒေါ်စု ဆုံးဖြတ်တာ Fair မဖြစ်ဆိုရင် ၊ ကော်မရှင်ထဲ ပြန်ဝင်လို့ရနိုင်ပါတယ်။
ရှေ့နေကွန်ရက် ထုတ်ပြန်တာရော။
- ရှေ့နေဆို ယုံကို မယုံတာ ... ဟီးးးးးး။
ရွှေည၀ါတို့ ၊ ဦးဝီရသူတို့ရဲ့ ထုတ်ပြန်ချက်ရော...။
- မူးလာပြီ
(ဒီမိုဖက်တီး)

စာကြွင်း
The VOICE ရဲ့ စကားလုံးတွေကို ခဏငှားသုံးရမယ်ဆိုရင် အပေါ်မှာ ဖော်ပြထားတဲ့ အကြောင်းအရာတွေဟာ မူလရေးသားသူများရဲ့ အာဘော်သာဖြစ်ပြီး ကျွန်တော်ကိုဉာဏ်အနေဖြင့် သဘောတူခြင်း၊ မတူခြင်းကို ကိုယ်စားမပြုဘဲ အပေါင်းလက္ခဏာဖြစ်စေ၊ အနုတ်လက္ခဏာဖြစ်စေ ထူးခြားသော အသွင်တစ်ခု ဆောင်နေပါက မြန်မာ့သွေးမိတ်ဆွေများ သတိပြုမိစေလို၍ ပြန်လည်ကူးယူ ဖော်ပြခြင်းဖြစ်ပါသည်။ :D အချို့သော စကားလုံးတွေက ရိုင်းသလိုဖြစ်နေရင် နားလည်ဖတ်ရှုကြစေလိုပါတယ်။ ကျွန်တော့်အနေနဲ့ အဲဒီစကားလုံးတွေကို ဘယ်လိုလုပ်ရမလဲ အများကြီး စဉ်းစားပါတယ်။ မူလရေးသူတွေရဲ့ ခံစားချက်အရင်းတွေကို ဒီအတိုင်း ဖော်ပြတာက ပိုကောင်းမယ်လို့ တွေးမိတဲ့အတွက် မူလအတိုင်းပဲ ဖော်ပြလိုက်ပါတယ်။ စာလုံးပေါင်းအချို့ကို ပြင်ထားတာကိုတော့ နားလည်ကြစေလိုပါတယ်။ မူလရေးသားသူများကို စိတ်ဝင်စားလျှင် စာပိုဒ်များ၏အောက်တွင် ဖော်ပြထားသည့် နာမည်များကို Facebook တွင် အလွယ်တကူ ရှာဖွေနိုင်ပါကြောင်းလည်း အသိပေးအပ်ပါသည်။

အနိုင်ယူရေး နည်းလမ်းလေးခု


ဥတ္တမတ္တ နိဝါတေန၊
သူရံ ဘေဒေန နိဇ္ဇယေ။
နီစံ အပ္ပကဒါနေန၊
ဝါယာမေန သမံ ဇယေ။

မိမိထက် သာလွန်သောသူကို မိမိကိုယ်ကို နှိမ့်ချခြင်းဖြင့် အနိုင်ယူရာ၏။
ရဲရင့်သည့် အဖွဲ့အစည်းကို သွေးခွဲပေးခြင်းဖြင့် အနိုင်ယူရာ၏။
မိမိအောက် ယုတ်နိမ့်သော သူကို အနည်းငယ် ပေးကမ်းခြင်းဖြင့် အနိုင်ယူရာ၏။
မိမိနှင့် တန်းတူနေသော သူကို သူ့ထက်သာအောင် ကြိုးစားခြင်းဖြင့် အနိုင်ယူရာ၏။

Sunday, March 17, 2013

မျှစ်ချဉ်တည်နည်း


မျှစ်ချဉ်တည်နည်းကား -
မျှစ်ချိုးစလတ်လတ်ကို ပါးပါးလွှာ၊ မိုးရည် တံစက်ရည် မ၀င်ရအောင် အိုးသန့်သန့်နှင့် ရေစိမ်၊ နှစ်ရက်တစ်ခါလဲ၊ ခြောက်ရက်စေ့၍ အစပ်၊ အခါးရည်စင်လျှင် မျှစ်ခွက်တစ်ဆယ်လျှင် ဆန်လတ် ဆန်ကွဲ တစ်ပြည်တွင် ဆားငန်ငန်ဖြူး၍ နယ်သားရအောင်နယ်၊ အိုးသန့်သန့်မှာ ကြပ်ကြပ်သိပ်၊ ဖက်ပိတ်၊ ကုပ်ကြပ်ကြပ်နှိပ်၊ အပေါ်ကို ဆားရည်တင်၊ တစ်နှစ်၊ နှစ်နှစ်ခံ၏။ အရသာကောင်း၏။ နောင်သုံးလိုသောအခါ ငါးပိကောင်၊ ငါး၊ အမဲ၊ ကြက်သွန်ဖြူ၊ ငရုတ် စသည်နှင့်ချက်၍ လိုရာသုံးလေ။
မျှစ်ချဉ်တည်နည်း ပြီး၏။

[ရှေးမြန်မာ စားတော်ကဲ၊ စားတော်ဆက်၊ စားဖိုသည် တို့၏ မြန်မာစားတော်ချက်ကျမ်းမှ ပြန်လည်ကူးယူ ဖော်ပြပါသည်။]

 
Web Statistics