Showing posts with label ကဗျာ-Poem. Show all posts
Showing posts with label ကဗျာ-Poem. Show all posts

Wednesday, October 30, 2013

အဘနဲ့ အဘရွာ၊ တင်မိုး


ပြောင်းတစ်တင်းကို
ခေါင်းရင်းအိမ်က ပေးခဲ့တယ်။
ဟင်းရွက်တစ်ဆုပ်၊ ထင်းတစ်ခုတ်ကို
ကျုပ်မြေးတွေက ပေးခဲ့တယ်။

လျှာပွတ်ဆေးနဲ့
ဆေးခါးကြီးစ၊ လျက်ဆားစသည်
ကျောင်းကဘုန်းကြီး ပေးခဲ့တယ်။

သမီးအငယ်၊ အိမ်ထောင်သည်က
နေ့လယ်နေ့ခင်း၊ ခံတွင်းချဉ်ပြေ
အပျင်းပြေအောင်
အဖေလည်းဝါး၊ ဧည့်လည်းစား..တဲ့
လက်ဖက်သားကလေး ပို့ခဲ့တယ်။

ဝါကျွတ်ရက်က
အညှက်ဖြူဆုပ်၊ ပေါက်ပေါက်ဆုပ်တဲ့...
မွေးစုတ်တဘက်၊ ချည်စောင်ကွက်တဲ့...
သက်ကြီးဝါကြီး ကန်တော့ကြတယ်။

ငှက်ပျောသီးနဲ့
အုန်းသီးတစ်လုံး၊ ဘ မသုံးဘူး
ဘုန်းကြီးလှူလိုက်ရသေးရဲ့။

အဘီဆီက
ရှေးကသီချင်း၊ တက်ကြရင်းနဲ့
နင်းကြနှိပ်ကြ၊ ပြုစုကြနဲ့
ကာလသားတွေ၊ စည်ပါပေကွယ်
ပုလွေ မယ်ဒလင်၊ ဒေါင်ဒင်ဒင်နဲ့
ဘင်ဂျိုဝိုင်းက ညတိုင်းပ။

အဘအိုရဲ့
ပုံတိုပတ်စ၊ ကြားချင်ကြသတဲ့
ညခင်းညခါ၊ ၀ိုင်းလို့လာတဲ့
ရွာက ကလေး၊ အဘမြေးတွေ
အေး... အေး... ပြောရသေးတာပ။

အဘအိမ်သား၊ ကွယ်လွန်သွားလည်း
ဝမ်းခါးမပူရပေဘူး။

အဘရဲ့သား၊ ရန်ကုန်သွားလည်း
တအားမငယ်ရပေဘူး။

သည်မြေသည်ရွာ၊ အဘရွာပေါ့။
ရွာသူရွာသား၊ အဘသားပေါ့။
ရွာက ကလေး၊ အဘမြေးပေါ့။

သမီးနဲ့သား၊ မြေးငယ်များတို့
ငါ့ရွာနားက
တစ်ဖ၀ါးတောင်၊ ခွာနိုင်ပေါင်ဗျာ
နောင်ဘ၀လည်း၊ ဘ မခွဲဘူး
ခုလည်းသည်မှာ ခေါင်းချမယ်။

Thursday, August 22, 2013

ငါသေသွားသော်....


ဝံသဆရာ၊ ကွယ်လွန်ပါ၍
သူငါအများ၊ ဆွံ့အသွားခဲ့
သွားခဲ့စောစွာ၊ နှမြောပါ၏
တို့မှာဝမ်းနည်းရပါသည်။

ဆရာမင်းလူ၊ ထိုသောသူလည်း
မကြာမတင်၊ ရှေ့နောက်စဉ်သို့
ရှင်လမ်းစွန့်ခွာ၊ သွားရရှာပြီ
တို့မှာကြေကွဲရပြန်သည်။

ရန်သူမရှိ၊ မိတ်ဆွေရှိဟု
တိကျခိုင်မာ၊ ဆုပ်ကိုင်ရှာသည့်
စာဆိုကဗျာ၊ ဒဂုန်တာရာလည်း
တို့ကိုခွဲသွားပြန်လေသည်။

ရှောင်လွှဲမရ၊ သင်္ခါရဟု
စိတ်ကသေချာ၊ သိနေပါလည်း
စိတ်မှာနှမြော၊ အသေစောဟု
တို့မှာခံစားရပါသည်။

တစ်နေ့သောခါ၊ ငါသေသွားသော်
ဖော်ရွေပေါင်းသင်း၊ မိဘရင်းနှင့်
ချစ်ခြင်းမယား၊ သမီးသားပြင်
အခြားဘယ်သူ၊ ငိုမည်နည်းဟု
ငါ့မှာတွေးနေမိပါသည်။

အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၃ ခုနှစ်၊ သြဂုတ်လ ၂၂ ရက်၊ ကြာသပတေးနေ့။
မွန်းလွဲ ၁၂ နာရီ ၁၂ မိနစ်တွင်ပြီး၏။

Thursday, August 15, 2013

ဦးမင်းလူ နုတ်ထွက်သွားခြင်း၊ မင်းလူ


ယောက်ျားပီသတယ်ဆိုတာ
ကိုယ်နိုင်တဲ့လူကို ဖိတွယ်တတ်တာဆိုရင်....။

ရိုးသားတယ်ဆိုတာ
သူများမကောင်းကြောင်းနဲ့ ကိုယ်ကောင်းကြောင်းကို
မကွယ်မ၀ှက် ဖွင့်ပြောတတ်တာဆိုရင်....။

ကြိုးစားတယ်ဆိုတာ
ကိုယ့်မိသားစုကောင်းစားရေး တစ်ခုတည်းအတွက်
ကြံစည်တာဆိုရင်....။

ဂုဏ်သရေရှိတယ်ဆိုတာ
သူတစ်ပါးအပေါ် အထက်စီးက ဆက်ဆံခွင့်ရတာဆိုရင်...။

အားကိုးရတယ်ဆိုတာ
ညွှန်ကြားရေးမှူးနဲ့ ပီအေနဲ့
ခင်တယ်ဆိုတာကို ပြောတာဆိုရင်....။

မင်းရဲ့ဧည့်သည်တော်စာရင်းထဲက ငါ့နာမည်ရဲ့ဘေးမှာ
ရာသက်ပန်ဖျက်သိမ်း ဆိုတာလေး
တဆိတ်လောက် တေးမှတ်ထားလိုက်စမ်းပါကွယ်။

- - - - - - - - - - -
ကွယ်လွန်သွားတဲ့ စာရေးဆရာ ဦးမင်းလူ အတွက် အမှတ်တရ ပြန်လည်ဖော်ပြပါတယ်။

Friday, May 24, 2013

မစ္စတာဒေးဗစ်စပါးကြီးရဲ့ မျက်လှည့်ပွဲ၊ မိုးသစ်ဝေ



ရထားကြီးတစ်စင်းလုံး ဖျောက်ပြတာလောက်လား
ခေါက်ထား…။
လစ်ဘာတီရုပ်တုကြီး ဖျောက်ပြတာလောက်လား
ခေါက်ထား…။
ငါတို့ရှေ့က မျက်လှည့်ဆရာ
မျိုချပြနေတာက
ကျောက်တောင်ကြီးတွေ တစ်တောင်ပြီးတစ်တောင်
သစ်တောကြီးတွေ တစ်တောပြီးတစ်တော
ကုန်းထွက်ပစ္စည်း ရေထွက်ပစ္စည်း ဘာကြီးဖြစ်ဖြစ်
အကုန်မျိုပစ်လိုက်မယ်
လာထား…။
အသေးအမွှားတွေပါမချန် တောက်တဲ့တစ်ကောင်တောင် မကျန်စေရ
ပါးစပ်ကလည်း မျိုချစရာ ဘာကျန်သေးလဲ တစ်မေးတည်းမေး
ငါတို့မှာ ငေးနေရတုန်း....
နောက်ဆုံးပြကွက်မှအပြီးမှာ
ဟာ....... မြစ်ကြီးတစ်စင်း ဘယ်လိုပျောက်သွားတာလဲ။

[၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလထုတ် ရနံ့သစ်မဂ္ဂဇင်း မှ]

Wednesday, March 06, 2013

ငြင်းဆန်၍ မရပါ


နေ့လည်းအလုပ်၊ ညအလုပ်နှင့်
တလှုပ်လှုပ်နဲ့၊ မအားကြသည့်
ပုရွက်ဆိတ်များ၊ ပမာလားသို့
ဇနီးမယား၊ သမီးသားအတွက်
မအားလပ်ငြား အို....လူသား....။

မအားမလပ်၊ အကြောင်းရပ်ကြောင့်
မြတ်စွာဗုဒ္ဓ၊ ဟောညွှန်ပြသည့်
ဓမ္မသစ္စာ၊ ၀ိပဿနာကို
အတန်တန်ပင်၊ ရှေးယခင်က
ကြိုတင်အလုပ်၊ သင်အားထုတ်ဖို့
စေတနာဆန္ဒ၊ မေတ္တာလှဖြင့်
ဂါရ၀ရှေးရှု၊ တိုက်တွန်းပြုလည်း
သင်လျင်အတန်တန် လွန်ငြင်းဆန်ခဲ့....။

သမ္ပဇဉ်သတိ၊ ဉာဏ်ဖြင့်ညှိလော့
ဘယ်တော့ သင်တို့အားမည်နည်း....။

သင့်ကိုခေါ်ရန်၊ အချိန်တန်ပြီ
သင့်ထံသို့သာ၊ သေမင်းလာသော်
ဇနီးမယား၊ သမီးသားတွက်
ဥစ္စာငွေကြေး၊ မပြည့်သေး၍
မလိုက်လိုသေး၊ မအားသေးပါ
ခွင့်ပေးပါဟု၊ မေတ္တာရပ်ခံ
သင်ငြင်းဆန်၍ ရမည်လား....။

[ဘယ်သူရေးထားမှန်းမသိပါ။ နေပြည်တော် နှင်းဆီပန်းအ၀ိုင်းအနီး "ရဲကြီး" ထမင်းဆိုင်နံရံတွင် ကပ်ထားသော ဗီနိုင်းအား သဘောကျသဖြင့် ဓာတ်ပုံရိုက်ယူလာပြီး ပြန်လည်ရိုက်ကူးဝေမျှခြင်း ဖြစ်ပါသည်။]

Wednesday, February 13, 2013

လတ်တလော လူပြောအများဆုံး ဗိုလ်ချုပ်အောင်ဆန်းအကြောင်း စာကဗျာစု



နတ်မောက်...
မင်းဘာမှထပ်မလုပ်နဲ့
ထိန်လင်းကို ငါတို့ဆီ ပေးပြီးကတည်းက
ဆယ်ကမ္ဘာစာလောက် တာဝန်ကျေပြီ။

ခင်ကြည်...
ညည်းယောက်ျားကို သေချာကြည့်ထား
သမီးကလေး ခမည်းပေးဖို့
ရွှေကလေး တစ်ပဲတစ်မူးတောင်
အမေအိုဆီ လက်ဖြန့်တဲ့လူစား
နိုင်ငံ့ခေါင်းဆောင်ငမွဲကို
ညည်း… စိတ်ပျက်ချင်ပျက်
သမိုင်းက စိတ်မပျက်စေနဲ့။

ဗိုလ်ထွန်းလှ...
ခင်ဗျားဆရာကို ကြည့်ပြောဦး
လမ်းဘေးမှာ အကြော်ဝင်ဝင်စားနေတာ
နှောင်းလူတွေသိရင် မျက်နှာမထားတတ်အောင် ရှက်နေရှာဦးမယ်။

ဆရာတော်ဦးသောဘိတ....
နောက်တစ်ခါကြမ်းတမ်းမိလို့
ဒီကလေးကို မရိုက်ပါနဲ့
ရရင်ရ မရရင်ချဆိုတာ
တပည့်တော်တို့အတွက်ပါဘုရား။

ဦးဘ၀င်း..
ခင်ဗျားညီ အငယ်ဆုံးလေးကို ခွင့်လွှတ်လိုက်ပါ။
သူပြောခိုင်းတဲ့ ရည်းစားစကား ပြောပေးလိုက်ပါ။
စစ်သားကြီးအသည်းက ဆေးရုံပေါ်မှာကျန်ခဲ့ရင်
ကျွန်တော်တို့ပဲ နစ်နာကြမှာ။

ရဲဘော်ကျော်စိန်....
ခင်ဗျားကားမောင်းရင် သတိကို ငယ်ထိပ်မှာကပ်ထား
ခင်ဗျား တင်မောင်းလာတာ ကျွန်တော်တို့
အတိတ်ကြီး/ပစ္စုပ္ပန်ကြီး/အနာဂတ်ကြီး။

ဟေ့လူ... ပလေဒီယံရုပ်ရှင်ရုံမန်နေဂျာ..
သူ့ဟာသူ ငါးမူးတန်းကကြည့်ကြည့် ၊ တစ်မတ်တန်းကကြည့်ကြည့်
သွားမတားပါနဲ့။
ဘ၀မှာ အပန်းဖြေနည်း လက်တစ်ဖက်မပြည့်ခဲ့တဲ့သူ
စိတ်လွတ်ကိုယ်လွတ် ခံစားပါစေဗျ။

ဗိုလ်မှူးကြီးဆူဇူကီး....
တွေ့တယ်မလား… ခင်ဗျားကို လက်ဆွဲနှုတ်ဆက်ရင်း
ခင်ဗျားကို တိုက်သင့်ရင်တိုက်ရမှာပဲလို့ ပြောခဲ့တဲ့ အညာသားလေးကို။
အဲ့သတ္တိ အဲ့စကားကို သေချာမှတ်ထား
နှောင်းမြန်မာတွေထဲမှာ အဲဒီလိုပြောရဲတာ တစ်ကောင်မှမရှိဘူး။

အမွိုင်....
မင်းမြေကို သူနင်းလိုက်တော့ တွန့်မသွားဘူးလား
အာရှတိုက်ရဲ့ ကြယ်တစ်လုံးကို
နှစ်လလောက်ထမ်းထားလိုက်ရတာ
အခုထိ ဂုဏ်ယူမဆုံး မဟုတ်လား။

ဦးစော...
ခင်ဗျားကို မေ့ထားပါ့မယ်။ ခွင့်လွှတ်လို့တော့ မရသေးဘူး။
ဒါပေမဲ့… မပူပါနဲ့။
ဒီနေ့ခေတ်မှာလည်း ခင်ဗျားလိုလူတွေ အများကြီးရယ်။

မစ္စတာနေရူး...
ခင်ဗျား သူ့ကို လောင်းကုတ်ကြီးပေးလိုက်တာ ကျေးဇူးတင်တယ်ဗျာ
အခု ကျွန်တော်တို့မှာ ဒါကြီးခြုံပြီး နွေးနေရတာ။

ပဲခူးဆောင်...
ခင်ဗျားအခန်းထဲကကြမ်းပိုးတွေ မောင်းမထုတ်လိုက်နဲ့
စာအုပ်ပုံကြီးကို ရှင်းမပစ်လိုက်နဲ့
မခေါက်ရသေးတဲ့အ၀တ်တွေ တန်းပေါ်မချိတ်လိုက်နဲ့
သူ…ဇိမ်နဲ့မနေခဲ့လို့ ကျွန်တော်တို့ ဇိမ်နဲ့နေနေရတာ။

ညိုညိုစိန်....
ညည်းတစ်သက်လုံး မင်းသမီးလုပ်လာတာ အနယ်နယ်အရပ်ရပ်
ရွှေဘိုညချမ်းကလို သူရဲကောင်းမျိုး တွေ့ဖူးခဲ့လား၊ တွေ့ဖူးရဲ့လား
"ကျုပ်မှာ ကာမပိုင်နဲ့ဗျ" တဲ့
မိန်းကလေးတန်မဲ့ လက်ဆွဲကျီစယ်မယ့် ညည်းတောင်
ကြက်သီးဖြန်းဖြန်း ထသွားရဲ့မဟုတ်လား။

ဆြာ စတက်ဖို့ကရစ်ပ်....
သူ ခင်ဗျားအင်္ကျီအိတ်ကြီး ပြဲသွားအောင်
ဖောင်တိန်ကိုဆွဲလုလိုက်တာ မအံ့သြပါနဲ့
၃၂ နှစ်နဲ့ သေခဲ့တာတောင် ကျွန်တော်တို့နှလုံးသားတွေကို
သူအခုထိ ဆွဲလုနေနိုင်တုန်း။

ဦးဋ္ဌေးမြိုင် (သို့) ဒဂုန်တာရာ.....
(ဇွတ်ချစ်မယ်)ဆိုတဲ့ အချစ်သီချင်းအစား
စစ်ချီစစ်တက် သီချင်းတွေပဲ သူကကြားချင်တယ်ဆို
တီးပေးလိုက်ပါဗျ
နှလုံးသားမရှိတာ မဟုတ်ပါဘူး။
နှလုံးသား ရှိလွန်းလို့ပါ။

ဂျူဗလီဟော....
ကျေးဇူးပြုပြီး ရွှေတိဂုံဘုရားလမ်းဘက် လှည့်မထားပါနဲ့
ခင်ဗျားကိုမြင်တိုင်း
မျက်ရည်ဝဲရင်း အလေးပြုမိလို့။

ရဲဘော်ကလေးတွေ....
စိတ်မကောင်းမဖြစ်နဲ့
မင်းတို့ခေါင်းဆောင်ကြီးက
သူ့မင်္ဂလာဆောင်မှာ တိုက်တွေကားတွေလက်မဖွဲ့လို့
စိတ်ဆိုးမယ့်လူစားလား
"ငွေသော်တာရောင်ခြည်" ဆိုတော့
အရိုးသားဆုံးအပြုံးနဲ့ ပျော်နေခဲ့တာလေ။

ပြည်ထဲရေးဝန်ကြီး ဦးမြ...
ခင်ဗျား…. မှားတယ်
သူ့ရုံးခန်းရှေ့က တပ်စိတ်ကို
သူဘာပြောပြော ပေကပ်ထားခဲ့ရမှာ
အခုတော့ ကျွန်တော်တို့မှာ ပြောခွင့်မရှိတော့။

ကိုကျော့မောင်....
သူ့မင်္ဂလာဆောင်မှာ ရွှေကြိုးသွားတားတော့
ဆွဲယူလွှင့်ပစ်လိုက်တာ စိတ်မကောင်းမဖြစ်ပါနဲ့
သူအပင်ပန်းခံ သင်ယူခဲ့တဲ့ ပညာတွေထဲမှာ
အဲ့လို အပိုဆားဒါးတွေ မပါဘူး။

မေမြို့....
ဝမ်းနည်းစိတ်ကို ကျိတ်မှိတ်ထားတော့
နိုင်ငံရေးလောက,က ထွက်ရင်
ခြံစိုက်မယ်၊ စာရေးမယ်ဆိုတဲ့သူ
ကျည်ဆံ ၁၃ တောင့် စိုက်သွားပြီ
ရေးလို့မကုန်အောင် ကျွန်တော်တို့ရေးနေရပြီ။

မှတ်ချက်
အထက်ပါစာစုများသည် ယခုလောလောဆယ် Facebook စာမျက်နှာများနှင့် အခြားသော ဘလော့ဂ်များတွင် အပြန်အလှန်ဝေမျှနေကြသည့် စာစုများဖြစ်ပါသည်။ ပြန်လည်ဝေမျှသူများက ကဗျာဟု သတ်မှတ်ဝေမျှနေကြခြင်း ဖြစ်သော်လည်း မူလရေးသားသူကမူ သူ၏ Facebook စာမျက်နှာတွင် အတွေးများကို ဆစ်ပိုင်းဆစ်ပိုင်း ရေးသားခဲ့ခြင်းသာ ဖြစ်ပါသည်။ ယခုအပေါ်တွင် ဖော်ပြထားသည့်အတိုင်း ကဗျာတစ်ပုဒ်အဖြစ် စုစည်းရေးသားခဲ့ခြင်း မဟုတ်ဘဲ တစ်ပိုင်းစီ ရေးသားခဲ့သည်များကို စုစည်းလိုက်ခြင်း ဖြစ်ကြောင်း တွေ့ရပါသည်။ မည်သို့ပင်ဖြစ်စေ မူလရေးသားသူက ရည်ရွယ်ရေးသည်ဖြစ်စေ၊ မရည်ရွယ်သည်ဖြစ်စေ၊ ကာရန်ပါသည်ဖြစ်စေ၊ ကာရန်မပါသည်ဖြစ်စေ၊ ကဗျာဟုတ်သည်ဖြစ်စေ၊ ကဗျာမဟုတ်သည်ဖြစ်စေ၊ သေချာသည်ကတော့ အဆိုပါစာစုများကို ဖတ်ပြီးချိန်တွင် ရင်ထဲ၌ တစ်ခုခု ကျန်ခဲ့ခြင်းဖြစ်ပါသည်။ လွမ်းဆွတ်မှု ဖြစ်ကောင်းဖြစ်မည်၊ တမ်းတမှုဖြစ်ကောင်းဖြစ်မည်၊ ဇာတိသွေးဇာတိမာန် ဖြစ်ကောင်းဖြစ်မည်၊ ပျော်ရွှင်ကျေနပ်မှု ဖြစ်ကောင်းဖြစ်မည်၊ စိတ်ပျက်ဝမ်းနည်းမှု ဖြစ်ကောင်းဖြစ်မည်၊ ဂုဏ်ယူဝံ့ကြွားမှု ဖြစ်ကောင်းဖြစ်မည်၊ သေချာသည်ကတော့ တစ်ခုခု ခံစားရသည် ဆိုခြင်းပင်။ ထို့အတွက် မူလရေးသားသူအား ချီးကျူးမိပါကြောင်းနှင့် ယခုစာစုများအတွက် ဂုဏ်ယူဝမ်းမြောက်ရပါကြောင်း ဤနေရာမှ မှတ်တမ်းတင်အပ်ပါသည်။

မူလရေးသားသူ၏ Facebook စာမျက်နှာမှာ - http://www.facebook.com/heinn.fivestrings ဖြစ်ပါသည်။

Sunday, February 03, 2013

စက်ရုပ်၊ မိုးဦးဆွေညိန်း


လူတစ်ယောက်မှာ ရှိသင့်တဲ့ အင်္ဂါရပ်အစုံ တပ်ဆင်ထားတယ်
လူပြိန်းကြိုက်တွေ အကုန်လုပ်ပြတတ်တယ်
အပြင်ဗဟိဒ္ဓအဆင်းသဏ္ဌာန်တွေ အကုန်လုပ်တတ်တယ်
အတွင်းသန္တာန် ခစားတတ်တာတို့၊ စဉ်းစားတတ်တာတို့ အကုန်ပါတယ်
ပျင်းပျင်းရှိရင် ဘီယာသောက်မယ်၊ ဖဲရိုက်မယ် အကုန်လုပ်တတ်တယ်
မော်ဒယ်ရှိုးလည်း ကြည့်တတ်တယ်၊ စိတ်ပုတီးလည်း ဆွဲတတ်တယ်
ဆရာတော်ကြီးတွေနဲ့ တွေ့ရင်လည်း ဦးကုန်းချတတ်တယ်
ဒါပေမယ့် တရားနာဖို့တော့ စိတ်ကူးရှိပုံမရဘူး
သူ့ကိုပြောရင် အကုန်နားလည်တာပဲ
ဒါပေမယ့် လိုက်နာတတ်တဲ့ အကျင့်တော့ မရှိဘူး
အကျင့်ကောင်းလေး တချို့တလေတော့လည်း ရှိပါရဲ့
သူ့ကို ဂရုစိုက်ပြီး ကူညီခဲ့ဖူးတဲ့သေးသေးလေးကို
သူ့မှာရှိတဲ့ ပါဝါအပြည့်နဲ့ ကြီးကြီးမားမားပြန်ကြည့်တတ်တာမျိုး
(အမှန်တော့ သူအရင်းစိုက်ရတာဆိုလို့ ပါးစပ်တစ်ခုပါပဲ)
ဘုမသိဘမသိ ဘေးကကြည့်ပြီး တသသအထင်ကြီးစိတ်နဲ့
လေးစားသမှုပြုနေသူတွေ ဒုနဲ့ဒေးရှိနေတာကိုပဲ သူ့မှာဂုဏ်ယူလို့
ရေရှည်မှာ အဖြူအမည်းကွဲစေဦးတော့
ကာလရှည်လာတာနဲ့အမျှ အညိုရောင်ဖြစ်ဖို့ အားထုတ်နေတဲ့
သူနဲ့ သူ့အပေါင်းအဖော်တွေရဲ့ ကြိုးပမ်းမှုက အုံနဲ့ ကျင်းနဲ့ တရုန်းရုန်း
သူက သူ့အပေါင်းအဖော်တွေကို ရွေးချယ်မြှောက်စားတတ်တယ်
သူ့ကို ဝေဖန်ရင်တော့ ဘယ်သူ့မှ မကြိုက်ဘူး
သူက သူ့စိတ်ထဲ ထင်ရာမြင်ရာ အကုန်လျှောက်လုပ်တယ်
အခု စာကလေးကြော်၊ တော်နေကြာ ဆီထမင်းဆိုတာလို
သူ့ကို ဘယ်သူတွေကပဲ ဖျောင်းဖျ ဖျောင်းဖျ မကြိုက်ဘူး
သူ့ကို ငြင်းဆန်ရင် သူက အကုန်လုံးကို တစ်စစီရှင်းပစ်တတ်တယ်
ဟုတ်ဟုတ် မဟုတ်ဟုတ် သူရယ်သလို လိုက်ရယ်၊ သူငိုသလို လိုက်ငို
သူပြောသလို လိုက်လုပ် ဘာပြဿနာမှ မရှိစေရဘူး
သူဟာ သူ့ကိုယ်သူ တစ်ဘ၀စံလို့ပဲ တွေးခေါ်ထားပုံရတယ်
သူ့ကို အဓိကတပ်ဆင်ထားတဲ့ ဆဲလ်က ယစ်မူးခြင်း
အဲဒီယစ်မူးခြင်းနဲ့ သူ ရှင်သန်နေရတယ်ဆိုတာလည်း သူသိတယ်
သူမသိတာက သူဟာ စက်ရုပ်တစ်ရုပ်ဆိုတာပဲ။
၁၅-၇-၂၀၀၆
ချယ်ရီ၊ ဇွန်၊ ၂၀၀၇

[မိုးဦးဆွေညိန်း၊ ကဗျာကရှားလို့ နိုင်ငံရေးနည်းနည်းစွက်လိုက်တယ်၊ စာ-၄၈၊ ၄၉]

Sunday, January 27, 2013

သည်းခံခြင်း၊ မောင်စိမ်းနောင် (လယ်ဝေး)


ချီးမွမ်းခြင်းများ၊ ခံရငြားက
အားရ၀မ်းသာ ရှိတတ်စွာတည့်။

ကဲ့ရဲ့ခြင်းများ၊ ခံရငြားမူ
ကြားရန်ခက်လှ၊ နားခါးစွမို့
ဒေါသဆူဝေ ရှိတတ်ချေ၏။

ချီးမွမ်းခြင်းတွေ ရွှန်းရွှန်းဝေလည်း
ဣနြေ္ဒမပျက်၊ သည်းခံလျက်ဖြင့်
ရင့်ကျက်တည်ငြိမ်နိုင်ပါမှ...။

ကဲ့ရဲ့ခြင်းတို့၊ တောင်နှယ်ဖို့လည်း
မချို့မပျက်၊ သည်းခံလျက်ဖြင့်
ရင့်ကျက်တည်ငြိမ်နိုင်ပါမှ...။

သူချီးမွမ်းရာ၊ ကိုယ်ကြိုက်ပါလျှင်
ကိုယ်သာနောက်လိုက် ဖြစ်ချေမည်။

သူကဲ့ရဲ့ရာ၊ ဒေါသဖြာမူ
သူသာရှေ့ဆောင် ဖြစ်ချေမည်။

ချီးမွမ်းပါစေ၊ ကဲ့ရဲ့စေတည့်
မသွေငြိမ်သက်၊ သည်းခံလျက်က
ရင့်ကျက်ဖြောင့်မှန်၊ ကိုယ်ပိုင်စံဖြင့်
ကြံ့ခံနိုင်စွ၊ တည်ငြိမ်ကြလျှင်
အလှတို့သာ၊ ၀န်းရံလာမည်
သူငါနောင်ရေး မြင့်စေကြောင်း...။

[မြ၀တီရသစုံမဂ္ဂဇင်း၊ အတွဲ (၆၀)၊ အမှတ် (၁၂)၊ ၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ၊ စာမျက်နှာ-၁၁]

Friday, January 04, 2013

လွတ်လပ်ရေးအောင်ပွဲနေ့ - ဇော်ဂျီ


ငါ့ညီပြောင်ဝင်း၊ မောင်သစ်ဆင်း
မင်း၏သားငယ်၊ မင့်မျက်ခြယ်သည်
လေးဆယ့်ရှစ်ခု၊ ပြည်ထောင်စုတွင်
ဖွားသန့်စင်၍
သခင်ဘ၀၊ ချက်ချင်းရသည်
ဖွားစဆင်သင့်၊ လွယ်လွယ်နှင့်။

မင်းနှင့်ငါကား၊ လိုလားခုံမင်
သခင်ဘ၀၊ ကြီးမှရ၏
မရသေးမီ၊ ရကြောင်းရည်လျက်
ဇာနည်သွေးချွေး၊ ပေး၍ယူကြ
မြင်ခဲ့ရ၏
ဒုက္ခနှင့်ဝယ်၊ ရမလွယ်ကို
တကယ် ဒို့သိ ခံစားသိ။

ထို့ကြောင့် သားငယ်၊ မင့်မျက်ခြယ်သည်
မလွယ်ခဲ့ပုံ၊ သာနာစုံကို
အာရုံမျက်မြင်၊ စွဲစေချင်သည်
မင့်တွင် သတိရှိပါဘိ။

နှစ်စဉ် ဤနေ့၊ အောင်ပွဲနေ့ဝယ်
နှင်းငွေ့လေပင့်၊ အောင်လံလွှင့်သော်
မင့်တွင် အသိဖြန့်ပါဘိ။ 

Saturday, September 08, 2012

ကဗျာတိုက်ပွဲလား၊ ရန်/ငါ တိုက်ပွဲလား


ဝေဖန်မှုအားလုံးကို လက်ခံပါကြောင်းနှင့် ခံယူပါကြောင်း ကြိုတင်ပြောကြားလိုပါသည်။ ဘာကြောင့်လဲဆိုတာတော့ ဆက်ဖတ်တဲ့အခါ သိကြပါလိမ့်မယ်ဟု ပြောရမည်ထင်ပါသည်။ ဟုတ်ကဲ့... ဒီနေ့အတွက် ကျွန်တော်ကိုဉာဏ် အင်တာနက်မှာ ဖတ်ခဲ့ရသမျှတွေထဲက အကြိုက်ဆုံး ကဗျာတွေကို ဖော်ပြလိုပါတယ်။ အခြားသော သတင်းတွေအားလုံးထက်၊ ဆောင်းပါးတွေအားလုံးထက် အဲဒီကဗျာတွေကပဲ ကျွန်တော့်ပါးစပ်ထဲမှာ စွဲနေပါတော့တယ်။ ဘယ်လောက်များ ကျေနပ်သဘောကျမိလဲဆိုရင် အဲဒီကဗျာတွေထဲက စာသားအချို့ကို အလွတ်နီးပါးရပြီး ပါးစပ်ကနေ ခပ်တိုးတိုးလေး တစ်နေကုန် ရွတ်နေမိတဲ့အထိပါ။ အင်တာနက်ပေါ်မှာလည်း အဲဒီကဗျာတွေကိစ္စဟာ အတော်ကြီးကို လှုပ်လှုပ်ခတ်ခတ် ဖြစ်နေကြတာ မြင်ရပါရဲ့ဗျာ။

အကြောင်းအရာပိုင်းနဲ့ ပတ်သက်တာတွေ၊ မှန်ကန်မှု၊ မမှန်ကန်မှု၊ ယုတ္တိတန်တာ၊ မတန်တာ၊ အခြားသူတွေ လက်ခံတာ၊ လက်မခံတာကို ကျွန်တော်ဘာမျှ မပြောလိုပါဘူး။ ကျွန်တော့်အတွက် ရင်ဘတ်ထဲကို လာထိတယ်ဆိုတာကိုသာ ပြောလိုတာ ဖြစ်ပါတယ်။ သမိုင်းတစ်ပုဒ်လို၊ ဖြစ်ရပ်မှန်တစ်ပုဒ်လို သဘောထားပြီး ဖတ်ရှုခဲ့တာ မဟုတ်ပါဘူး။ အနုပညာတစ်ခုကို ခံစားတဲ့စိတ်က သာလွန်ပိုကဲတယ်ဆိုတာ ကျွန်တော့်ဘာသာ အသိဆုံးပါ။ ဟုတ်ကဲ့၊ ကဗျာတွေထဲက အကြောင်းအရာတွေအပေါ် အခြေမခံဘဲ ပြောကြစတမ်းဆိုရင်တော့ ဒီနေ့အတွက် ကျွန်တော့်ရင်ဘတ်ကို အထိဆုံး စကားလုံးတွေပါပဲ။ စာဖတ်သူများ ခံစားကြည့်စေလိုတဲ့အတွက် ပြန်လည်ဝေမျှလိုက်ပါတယ်။

အဲဒီလိုစာတွေကို ဘလော့ဂ်မှာ ဘာလို့တင်ရတာလဲလို့ စေတနာစကားနဲ့ အပြစ်ဆိုမယ့် မိတ်ဆွေများ၊ သူငယ်ချင်းများကိုလည်း ကျွန်တော့်ကို နားလည်ပေးကြဖို့ ဒီနေရာကနေပဲ တောင်းပန်လိုက်ပါတယ်။ ကျွန်တော်သဘောကျမိတဲ့၊ ကျွန်တော်ခံစားမိတဲ့ အကြောင်းအရာတွေကို တင်မိတဲ့အတွက် မြန်မာ့သွေး မိတ်ဆွေတွေအတွက် အနှောင့်အယှက် ဖြစ်စေခဲ့တယ်ဆိုရင် တောင်းပန်လိုက်ပါရစေ။ သြော်... ကဗျာတွေထဲမှာပါတဲ့ အချို့သော စကားလုံးတွေဟာ စာဖတ်သူတွေအတွက် ရိုင်းသလိုတွေများ ဖြစ်သွားခဲ့ရင် ဒီဘလော့ဂ်မှာ ပြန်တင်ပေးခဲ့တဲ့ ကျွန်တော့်မှာပဲ တာဝန်ရှိကြောင်းပါခင်ဗျား။

အောက်မှာဖော်ပြခဲ့တဲ့ ကဗျာတွေကို Freedom News Group ကနေ ပြန်လည်ကူးယူဖော်ပြတာ ဖြစ်ပါတယ်။

တစ်ဆက်တည်း ကျွန်တော်တွေးနေမိတာက သေနတ်တွေကိုင်ပြီး စစ်တိုက်တာထက် ကဗျာတွေနဲ့ စစ်တိုက်တာက ပိုပြီးများ လူတွေအတွက် အကျိုးရှိမလားလို့ပါ။ အောက်ကကဗျာတွေကို အင်တာနက်ပေါ်မှာ နာမည်တပ်ကြတာကတော့ ကဗျာတိုက်ပွဲတဲ့။ ခံစားကြည့်ကြပါဦးခင်ဗျား။

- - - - - - - - - - - - - - - - - - - - - - - - - - -
ရန်ကုန်ရောက် မိုးသီးဇွန်သို့ အရေးပေါ်အကြောင်းကြားစာ
အောင်ဝေး

အနှစ် (၂၀) မျှ တိုင်းပြည်အတွက် လုပ်လာပြီးနောက် ကျနော်သည် ကိုယ့်ကိုယ်ကိုယ် ပြန်၍ ကြည့်လိုက်သောအခါ ကြိုးတိုက်ထဲသို့ ရောက်၍နေသည်ကို တွေ့ရလေသည်။
(ကာနယ် ချစ်ကောင်း)

မိုးသီး
ပြောပြီးသား စကားပဲ
ပြန်ပြောရတော့မယ်။

အိမ်လွမ်းစိတ်ဆိုတာလည်း
ဓားလှံလက်နက်လိုပဲ
အမြဲ ထက်နေအောင် သွေးနေရတယ်။

မင်းဓား ထက်တာလည်း
အစ်ကို သိတယ်။
အစ်ကို့ဓား မတုံးဘူးဆိုတာလည်း
မင်းသိတယ်။

ဒါပေမယ့်
အခုတော့ တို့ဓားတွေ
တံတွေးဆွတ်ခံလိုက်ရပြီ။

မိုးသီးရေ
မင်းပြန်ခဲ့တော့။
မင်းရဲ့အိမ်ပြန်လမ်းကို
ဝမ်းပန်းတသာ မကြိုနိုင်ကြမှတော့
မင်းပြန်ခဲ့တော့။

၂၄ နှစ်ကြာ အိမ်မပြန်နိုင်ခဲ့တဲ့
အဝေးရောက် သားတစ်ယောက်ရဲ့
အိမ်ပြန်လမ်းဟာ
အပြုံးပန်းတွေ ဝေခဲ့သင့်ပါတယ်။

ဒါပေမယ့် ခုတော့
အမုန်းပန်းတွေနဲ့ 
ငရဲလမ်းကိုပြန်ရသလိုပါလားကွာ။

ရန်ကုန်မှာ
ယုံကြည်ရာ မဲ့နေရင်တော့လည်း
ပြန်ခဲ့တော့ ညီရေ။

မင်းအိမ်ပြန်လာတာ
ဒူးထောက် အညံ့ခံဖို့ 
ပြန်လာတာမှ မဟုတ်တာ။

မင်းအိမ်ပြန်လာတာ
တောကြီး မီးရှို့ဖို့ 
ပြန်လာတာမှ မဟုတ်တာ။

ခုတော့
ရန်မကုန်သေးတဲ့ ရန်ကုန်က
အေးတိ အေးစက်နဲ့ပါလား။

ဒီမှာ မိုးသီး
ရီးပဲ
မင်း အခုလို အဆောတလျင်ပြန်ချင်တာ
မင်းရဲ့ မဟာအမှား။

မင်းစဉ်းစားရမယ်
မင်းဟာ
တောရိုင်းနှင်းဆီ တော်လှန်ရေးသမား။

တော်လှန်ရေးမှန်ရင်
ရန်/ငါ ပြတ်ရမယ်
မိတ်/ရန် စည်းခြားရမယ်။

ငါတို့ ကိုယ်တွေ့ 
ရန်/ငါ မပြတ်လို့ 
သံဃာ အသတ်ခံရတာ။

မင်းပြန်စဉ်းစား
ရန်ကုန်လေဆိပ်မှာ
မိတ်ဆွေလား၊ ရန်သူလား
နွားရိုင်းသွင်းချိန်လား။

အခုတော့…
ရီးပဲ မိုးသီး
ဒီကနေ့ 
မင်း အစော်ကားခံရတယ်
မနက်ဖြန်
ငါတို့ ကို ထပ်စော်ကားကြတော့မယ်။

ညီလေးရေ
ပြန်ခဲ့တော့
ကိုယ့်ဒဏ်ရာကိုကိုယ်
လျှာနဲ့လျက်ပြီး ပြန်ခဲ့တော့။

ခြင်္သေ့ဟာ
အစော်ကားခံခဲ့ရ။
သူရဲကောင်းဟာ
အစော်ကား ခံခဲ့ရ။
အမေ့သားဟာ
အစော်ကား ခံခဲ့ရ။

ငါတို့ တွေ
တိုင်းပြည်ကို စွန့် ခွာခဲ့တာ
တိုင်းပြည်ကို ပြန်လာဖို့ ပါ။

အခုတော့
နေပူထဲက လာတဲ့သူကို
ရေနွေးပူနဲ့ လှမ်းပက်ခဲ့ကြပြီ။

အခုတော့
“ရှစ်ဆယ့်ရှစ်“ ဆီ ပြန်တဲ့သူကို
အက်စစ်နဲ့ လှမ်းပက်ခဲ့ကြပြီ။

ညီလေးရေ
ပြန်ခဲ့တော့
မင်း ရန်ကုန်သွားတာဟာ
နိုင်ငံရေးဘ၀င်ကြောင်တွေရဲ့ 
သရော်လှောင်ပြောင်တာ
ခံဖို့ မဟုတ်။

မင်း ရန်ကုန်သွားတာဟာ
သတင်းရောင်းစားတဲ့
သတင်းထောက်မတစ်ယောက်ရဲ့မေးခွန်းကို
ဖြေဖို့ မဟုတ်။

မင်း ရန်ကုန်သွားတာဟာ
အတုအယောင်ငြိမ်းချမ်းရေးအတွက်
ခုတုံး အလုပ်ခံဖို့ မဟုတ်။

မင်း ရန်ကုန်သွားတာဟာ
ရန်ကုန်သက်သက်သွားတာ မဟုတ်ဘူးလေ။
မင်းသွားတာ
အမျိုးသားပြန်လည်သင့်မြတ်ရေးဆီကိုပဲ။
မင်းသွားတာ
ဒီမိုကရေစီနဲ့ လူ့ အခွင့်အရေးဆီကိုပဲ။
မင်းသွားတာ
ပြည်တွင်းငြိမ်းချမ်းရေးဆီကိုပဲ။
မင်းသွားတာ
စစ်မှန်တဲ့ပြည်ထောင်စုဆီကိုပဲ။

အခုတော့
လူကို ခွေးသတ်လေခြင်း။

တောမီးမနိုင်
တောင် မီးနဲ့ ရှို့ လေခြင်း။

ပြည်တော်ဝင် သီချင်းခမျာ
မီးခိုးညှော်နံ့ စွဲခဲ့ပြီ။

ညီလေးရေ
မင်း ပြန်ခဲ့တော့
မင်းကို သူတို့ 
ကြိုးစင် တင်ကြတော့မယ်။

တို့ ဗမာ့နိုင်ငံရေးကလည်း
ခွေးဟောင်လှချည်လား။

ညီမလေးက
လက်နက်ကိုင်တော်လှန်ရေးကို ကြောက်သတဲ့လား။

ညီမလေးက
ပြည်ပြေးတွေကို ရွံသတဲ့လား။

ခက်တာပဲ မိုးသီးရာ
မင်းကလည်း ထောင်မကျဖူး
(ငါကလည်း လက်နက်မကိုင်ဖူး)

ဒီတော့ကွာ
မင်းကလည်း နိုင်ငံရေးအကျဉ်းသားမဖြစ်ခဲ့
(ငါကလည်း လက်နက်ကိုင်ကဗျာဆရာ မဖြစ်ခဲ့)

မင်းလို ရှစ်ဆယ့်ရှစ်သူရဲကောင်း
မင်းလို ကျောင်းသားတပ်မတော်ဥက္ကဋ္ဌဟောင်း
ဒေါင်းတစ်ကောင်ကိုတောင်
စော်ကားရဲမှတော့…။

ဟေ့ကောင် မိုးသီး
တကယ်လို့ ငါပြန်သွားရင်
ငါလို ထိပ်တန်းကဗျာဆရာ(၅၀)စာရင်းမ၀င်တဲ့
ပါမွှားကောင်ဆို
ဖိနပ်နဲ့တောင်ချွတ်ပြီးပေါက်ကြတော့မယ်။

ငါ မပြန်တော့ဘူး
မိုးသီးရေ။

အရူးတွေရဲ့ရန်ကုန်မှာ
ငါ မခိုလှုံချင်တော့ဘူး။

အရူးတွေနဲ့ 
ရန်ကုန်မှာ
ငါ မဆုံချင်တော့ဘူး။

မင်းရဲ့ အိမ်ပြန်လမ်းမှာ
မုဒိတာပန်းမပွင့်တာ
ငါ ရင်နာတယ်။

ပြန်ခဲ့တော့
ညီလေးရေ
ရန်ကုန်ပစ္စန္တရစ်ကို
ထားခဲ့တော့။

တို့ ရဲ့ အမိရန်ကုန်တက္ကသိုလ်ကြီးနဲ့ 
အစဉ်အလာတွေကိုတော့
မင်း ရိုရိုသေသေ
အလေးပြုခဲ့။

မင်းရဲ့ စရိုက်အတိုင်း
တိုက်ခိုက်စရာရှိရင်လည်း
တိုက်ခိုက်ပေါ့ကွာ။

ဒေါ်အောင်ဆန်းစုကြည်တို့ 
အဘဦးတင်ဦးတို့ 
ဆရာဦးဝင်းတင်တို့ကတော့
နတ်နေကိုင်းတွေနော် ညီလေး
ယောင်လို့တောင် သွားမချိုင်လေနဲ့ ။

မင်းရဲ့ တချို့ကောင်တွေလို
ညောင်အိုးကွဲတွေကိုတော့
အိမ်ခေါင်းရင်း ခြံတိုင်မှာ စွပ်ခဲ့ပေတော့။

“ငါလာတယ်၊ ငါမြင်တယ်၊ ငါအောင်ပွဲခံတယ်”
ဂျူးလိယက်ဆီဇာကတော့
ပြောတာပဲ။

နောက်ပြီးတော့ သူပဲ
နောက်ကျော ဓားနဲ့ အထိုးခံခဲ့ရတာပဲ။

သြ- ဘရုတပ်စ်
မင်းလည်းပါသကိုး။

သြ- မိုးဟိန်း
မင်းလည်းပါသကိုး။

ဟိုတုန်းက
တိုက်ပွဲဟာ အပြင်မှာမရှိဘူး
အထဲမှာပဲရှိတယ်လို့ 
ငါတို့ မြင်ခဲ့ကြတယ်။

အခုတော့ ငါ့ အမြင်
(ကဗျာဆရာ အောင်ဝေးအမြင်)
ဗမာ့ရာဇ၀င်ဟာ ပြောင်းလဲသွား။

တိုက်ပွဲဟာ
တကယ်ပဲ အထဲမှာမရှိတော့။

တော်လှန်ရေးရဲ့ အခြေခံပြဿနာဟာ
အာဏာပြဿနာပဲ။

ဒီမိုကရေစီပြဿနာ မဟုတ်ဘူး
လူ့ အခွင့်အရေးပြဿနာ မဟုတ်ဘူး
အာဏာပြဿနာပဲ။

ဒီကနေ့ 
ဒီမိုကရေစီလောက်
လူ့ အခွင့်အရေးလောက်
ပြောတတ်ဆိုတတ်ရင်ပဲ
ဟုတ်လှပြီထင်နေတဲ့
ရန်ကုန်နိုင်ငံရေး။

အာဏာနိုင်ငံရေးကို
ဘေးဖယ်ထားမှတော့
ငါတို့ ဓားတွေလည်း
ဘာ အသုံးကျတော့မှာလဲ ညီလေး။

ညီလေး
အိမ်လွမ်းစိတ်ထက်
သူရဲကောင်းစိတ်က
အဖိတ်အစင် နည်းပါတယ်ကွာ။

အချောင်သမားတွေ လူရာဝင်နေတဲ့
ဒီနေ့ ခေတ်မှာ
မိုးသီးရေ
ကိုယ့်မြစ်ကိုပဲ
ကိုယ်ဆက်စီးကြရုံ။

ကိုယ့် စစ်ကိုပဲ
ကိုယ်ဆက်တိုက်ကြရုံ။

ပြန်ခဲ့တော့
ညီလေးရေ။

မင်းကို လက်မခံချင်တဲ့
အရပ်က
ပြန်ခဲ့တော့ ညီလေးရေ။

မိုးသီးဇွန်
ရှစ်ဆယ့်ရှစ်မှာ
ဒီမိုကရေစီတိုက်ပွဲဝင်ခဲ့တာ
အခုလို ရန်ကုန်မှာ စော်ကားခံဖို့လား။

မိုးသီးဇွန်
ကျောင်းသားတပ်မတော်မှာ
စစ်အစိုးရကိုတိုက်ခဲ့တာ
အခုလို ရန်ကုန်မှာ လှောင်ပြောင်ခံရဖို့လား။

မိုးသီးဇွန်
လွတ်မြောက်နယ်မြေမှာ
နိုင်ဝင်းဆွေတို့ ၊ ဖဒိုမန်းရှာတို့ ၊ ဗိုလ်ချုပ်မြတို့နဲ့ တွေ့ ခဲ့တာ
အခုလို ရန်ကုန်မှာ နှပ်ပစ်ခံရဖို့လား။

ညီလေးရေ
မင်းစွန့် လွှတ်ခဲ့သမျှဟာ
ရန်ကုန်က ခွေးအတွေ အူဖို့ မဟုတ်ဘူး။

ညီလေးရေ
မင်း အိမ်နဲ့ ဝေးခဲ့သမျှဟာ
ဖေ့စ်ဘုတ်ပေါ်က ငကြောင်တွေ
ဖွဖို့ မဟုတ်ဘူး။

ညီလေးရေ
မင်း ဝေဖန်တိုက်ခိုက်ခံခဲ့သမျှဟာလည်း
ဂျာနယ်ထဲ လုပ်ကြံခံရဖို့ မဟုတ်။

ပြန်ခဲ့တော့
ညီလေးရေ။

ဆဲဗင်းဂျူလိုင်အောက်မေ့ဖွယ်
နှစ်ငါးဆယ်အခမ်းအနား
မလုပ်ရလည်း ဘာဖြစ်လဲ
ကုန်ကျမယ့်ငွေတွေ
တခြားတစ်နေရာ လှူလိုက်ပါလား-တဲ့။

အဲဒီလို မိန်းမမျိုးက
ဂျာနယ်လစ်အမည်ခံနေမှတော့
တို့ ဗမာ့မီဒီယာလောကကြီးလည်း
ဘာ သောက်သုံးကျတော့မှာလဲ ညီလေးရာ။

ဂျာနယ်တိုင်းတော့ မဟုတ်
တချို့နားလည်တဲ့ဂျာနယ်တွေ
မင်းရဲ့အိမ်ပြန်လမ်းကို
လွမ်းလွမ်းဆွတ်ဆွတ် ကြိုကြရှာပါတယ်။

ကျေးဇူးတင်တယ်
ရဲဘော်တို့ ။
ကျေးဇူးတင်ပါတယ်
မိတ်ဆွေတို့ ။

ခွပ်ဒေါင်းမှန်ရင်
ဘယ်တော့မှ ကိုယ့်အလံ ကိုယ်ပြန်မနင်းဘူး။
လူထုဘက်သားမှန်ရင်
ဘယ်တော့မှ ညီညွတ်ရေးကို မဖြိုခွဲဘူး။

ဆရာဒဂုန်တာရာကိုတော့
အားနာတယ်။
ရန်ကုန်က နိုင်ငံရေးဆိုတာ
ရန်သူကို ရန်သူဖြစ်အောင်
မိတ်ဆွေကို ရန်သူဖြစ်အောင်
လုပ်နေသလိုပဲ။

ဝမ်းမနည်းနဲ့ 
ညီလေး။
အရမ်းလည်း
သွားမဆဲနဲ့ ညီလေး။
ကိုယ်ချင်းစာတရားက
တစ်ခြမ်းပဲ ရှိရဲ့။

ညီမလေးက
အဝေးရောက်အင်အားစုတွေကို မုန်းသတဲ့လား။

ညီမလေးက
ပြည်ပက လှုပ်ရှားမှုတွေကို မလိုဘူးတဲ့လား။

တိုက်ပွဲကကော
အထဲမှာရှိသေးတာ ဟုတ်ရဲ့လား။

မိုးသီးရေ
ရီးပဲ
မင်းကြောင့် အခုလို စော်ကားခံရတာ။

အဲဒါ မင်းရဲ့ 
ငမ်းငမ်းတက် အိမ်ပြန်ချင်စိတ်ကြောင့်ပဲ။

ခဏတစ်ဖြုတ်တော့
စောင့်ပါဦးလားကွာ
အခုတော့
မင်းရဲ့သမိုင်းကို ဖျောက်ဖျက်လိုက်ကြပြီ။

ညီလေးရေ
ပြန်ခဲ့တော့။
ရန်ကုန်ကို
တလိုင်းတို့ လက်ထဲမှာ
ခွေးသေ၀က်သေ ထားခဲ့တော့။

ငါတို့ ညီအစ်ကိုတွေ
နယူးယောက်မြို့ 
မင်ဟတ်တန်မြစ်ထဲက
ဦးသန့် နာမည်နဲ့ ကျွန်းကလေးပေါ်မှာပဲ
တစ်သက်လုံး အတူနေသွားကြတာပေါ့ကွာ။

မင်းသေတော့လည်း
ဒေါင်းအလံအုပ်ပြီး
ငါ ရိုရိုသေသေ သင်္ဂြီုဟ်ပေးမှာပေါ့။

ငါသေရင်လည်း
ကဗျာတစ်ပုဒ်ရွတ်ပြီး
မင်း သင်္ဂြီုဟ်ပေးပေါ့။

တိုင်းပြည်ချစ်စိတ်နဲ့ 
ဆာလောင်လာရင်
အဲဒီ ဦးသန့်ကျွန်းလေးပေါ်မှာ
“ဆဋ္ဌမ ဗမာနိုင်ငံတော်” ဆိုပြီး
ဆိုင်းဘုတ်ထောင် နေကြမယ်လေ။

မိုးသီးရေ
ညီလေးရေ
အမြန်ဆုံးပြန်ခဲ့တော့
မင်းကို
မလိုသူတို့ 
ကြိုးစင်တင်ကြတော့မယ်။

မင်ဟတ်တန်ရေ
တိုင်းပြည်မဲ့သွားတဲ့
သားကောင်းတစ်ယောက်ကို
ကောင်းမွန်စွာ ကြိုဆိုပါတော့။ ။

အောင်ဝေး
(စက်တင်ဘာ ၆-၂၀၁၂)

 - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -


ရန်ကုန်ရောက် မိုးသီးဇွန်သို့ အရေးပေါ်အကြောင်းကြားစာ
အာလ၀ီး

မိုးသီး
ထွေးပြီးသား တံတွေးပဲ
ပြန်မြိုချတော့မယ်။

အိမ်လွမ်းစိတ်ဆိုတာလည်း
အရက်ပုလင်းထဲက အရက်လိုပဲ
လက်ကျန် အမြဲထားရတယ်။

မင်းသောက်တတ်တာလည်း
အစ်ကို သိတယ်။

အစ်ကိုခွက်ပုန်းခုတ်တာလည်း
မင်းသိတယ်။

ဒါပေမဲ့
အခုတော့ ဒို့အရက်ပုလင်းကို
သူများတွေ သေးပေါက်ထည့်ကြပြီ။

မိုးသီးရေ
မင်းပြန်ခဲ့တော့။

လေဆိပ်မှာ ကားပေါ်မင်းတက်ပြီး ဘဲလေးက,ကတာကို
အဆီဘူးခါတယ်ဆိုပြီး ၀မ်းပန်းတသာ ကြိုကြမှတော့
မင်းပြန်ခဲ့တော့။

၂၄ နှစ်ကြာ သူရဲဘောကြောင်ကြောင်နဲ့
ပတ်ပြေးနေတဲ့ သီလကြောင်တစ်ယောက်ရဲ့
အိမ်ပြန်လမ်းဟာ
ထောက်လှန်းရေးတွေ ပြုံနေခဲ့သင့်ပါတယ်။

ဒါပေမယ့် ခုတော့
၅၀၀၀ ပေးပြီး ခေါ်လာတဲ့သူတွေနဲ့
ရက်လည်ဆွမ်းကျွေးတရားနာလာတဲ့ မသာလိုပါလားကွာ။

ရန်ကုန်မှာ
ဒေါ်လာ ကုန်ခါနီးရင်တော့လည်း
ပြန်ခဲ့တော့ ညီရေ။

မင်းအိမ်ပြန်လာတာ
ဦးသိန်းစိန်ကို ဖိနပ်နဲ့ ပေါက်ဖို့ 
ပြန်လာတာမှ မဟုတ်တာ။

မင်းအိမ်ပြန်လာတာ
သူများမယား ကြာခိုဖို့
ပြန်လာတာမှ မဟုတ်တာ။

ခုတော့
မိုးမကုန်သေးတဲ့ ရန်ကုန်က
မိုးတွေရွာလို့ပါလား။

ဒီမှာ မိုးသီး
ရီးပဲ
မင်း အခုလို အဆောတလျင်ပြန်ချင်တာ
မင်းရဲ့မဟာအမှား။

မင်းစဉ်းစားရမယ်
မင်းဟာ
သီလကြောင် တော်လှန်ရေးသမား။

တော်လှန်ရေးမှန်ရင်
ဆန်/ မဆလာ ပြတ်ရမယ်
မယားငယ်/ဖာသည် စည်းခြားရမယ်။

ငါတို့ကိုယ်တွေ့
ဆန်/ မဆလာ ပြတ်လို့
ဂျပန်မှာ အသတ်ခံရတာ။

မင်းပြန်စဉ်းစား
ရန်ကုန်လေဆိပ်မှာ
ဒလန်တွေလား၊ အကြံအဖန်တွေလား
၅၀၀၀ ပေးပြီးခေါ်လာတာလား။

အခုတော့
ရီးပဲ မိုးသီး။
ဒီကနေ့ 
မင်းစော် အကားခံရတယ်။
မနက်ဖြန်
ငါ့စော်ကို ထပ်ကားကြတော့မယ်။

ညီလေးရေ
ပြန်ခဲ့တော့။
ကိုယ့်ဖင်ကိုကိုယ်
လျှာနဲ့လျက်ပြီး ပြန်ခဲ့တော့။

လဒဟာ
စော်အကားခံခဲ့ရ။
သူရဲဘောကြောင်သူဟာ
စော်အကားခံခဲ့ရ။
အမေ့နွားဟာ
စော်အကားခံခဲ့ရ။

ငါတို့တွေ
တိုင်းပြည်ကို စွန့်ခွာခဲ့တာ
အဖမ်းခံရမှာကြောက်လို့ပါ။

အခုတော့
ဘီယာမော့ပြီး လာတဲ့သူကို
ပဲကြီးလှော်ထုပ် ပစ်ပေးကြပြီ။

အခုတော့
ရှစ်ဆယ့်ရှစ်ဆီ ပြန်တဲ့သူကို
၂၀၁၂ က လက်မခံတော့ပြီ။

ညီလေးရေ
ပြန်ခဲ့တော့။
မင်း ရန်ကုန်သွားတာဟာ
ငါတို့လို ကြောက်လို့ပတ်ပြေးနေတဲ့သူတွေ
သိပ်မရှိကြသေးဘူး။

မင်း ရန်ကုန်သွားတာဟာ
မင်းပြောချင်ရာပြောတိုင်း
သတင်းထောက်တွေက ယုံမှာမဟုတ်ဘူး။

မင်း ရန်ကုန်သွားတာဟာ
၂၄ နှစ်လုံးလုံး စောက်တလွဲလုပ်ခဲ့သမျှ
ရိုဟင်ဂျာကိစ္စ ချော်လဲရောထိုင်ဖို့မဟုတ်။

မင်း ရန်ကုန်သွားတာဟာ
ဆမူဆာရောင်းဖို့ သွားတာမဟုတ်ဘူးလေ။

မင်းသွားတာ
ဘယ်စားခွက်ကိုဝင်လုရမလဲ။

မင်းသွားတာ
နာမည်ကြီးအောင် ဘယ်လိုဂွင်ဆင်ရမလဲ။

မင်းသွားတာ
ဈေးခပ်ပေါပေါ ယုဇနဟိုတယ်ကိုပဲ။

မင်းသွားတာ
မင်းကိုအရူးလုပ်နေတဲ့ ဦးအောင်မင်းဆီကိုပဲ။

အခုတော့
လဒကို ဒမြသတ်လေခြင်း။

တောမီးမနိုင်
ဘောကြီးကိုင် ဖြစ်ရလေခြင်း။

ပန်းချစ်သူ သီချင်းခမျာ
ကိုတိုးကြီး မဆိုရတာ ကြာခဲ့ပြီ။

ညီလေးရေ
မင်း ပြန်ခဲ့တော့
မင်းစောက်တင်းကို သူတို့
ဖေ့စ်ဘုတ်ပေါ် တင်ကြတော့မယ်။

ဒို့ဗမာ့နိုင်ငံရေးကလည်း
ဒို့လိုရှောင်ပြေးတွေအတွက် နေရာမရှိပါလား။

ညီမလေးက
အဝေးကြီးက လှမ်းလှမ်းအော်တာကို ကြောက်သတဲ့လား။

ညီမလေးက
နိုင်ငံရေးသမား သူတောင်စားတွေကို ရွံသတဲ့လား။

ခက်တာပဲ မိုးသီးရာ
မင်းကလည်း အိမ်ထောင်မကျဖူး
(ငါကလည်း လင်မယူဖူး)

ဒီတော့ကွာ
မင်းကလည်း နိုင်ငံရေးအကျဉ်းသားမဖြစ်ခဲ့
(ငါကလည်း လက်နက်ကိုင်ကဗျာဆရာ မဖြစ်ခဲ့)

မင်းလို ရှစ်ဆယ့်ရှစ် သူရဲဘောကြောင်တဲ့ကောင်
မင်းလို ကျောင်းသားချင်းသတ်တဲ့အဖွဲ့  ဥက္ကဋ္ဌဟောင်း
လဒ တစ်ကောင်ကိုတောင်
အမွှေးနုတ်ရဲမှတော့။

ဟေ့ကောင် မိုးသီး
တကယ်လို့ ငါပြန်သွားရင်
ငါလို ထိပ်တန်းကဗျာဆရာ (၅၀) စာရင်းမ၀င်တဲ့
ပါမွှားကောင်ဆို
၂၀၀၇ သံဃာအရေးနဲ့  ရှောင်ပြေးသွားလို့ 
မယ်သီလရှင် ၀တ်ခိုင်းကြတော့မှာ။

ငါ မပြန်တော့ဘူး
မိုးသီးရေ။

ဘတ်စကားတိုးစီးရတဲ့ ရန်ကုန်မှာ
ငါ မခိုလှုံချင်တော့ဘူး။

ငါလိုအရူးတွေနဲ့
ရန်ကုန်မှာ
ငါ မဆုံချင်တော့ဘူး။

မင်းရဲ့အိမ်ပြန်လမ်းမှာ
စတုဒီသာ ခေါ်မကျွေးကြတာ
ငါ ရင်နာတယ်။

ပြန်ခဲ့တော့
ညီလေးရေ။

ရန်ကုန်ပစ္စန္တရစ်ကို
ထားခဲ့တော့။

ဒို့ရဲ့ အမိရန်ကုန်တက္ကသိုလ်ကြီးနဲ့
အစဉ်အလာတွေကိုတော့
မင်း ရိုရိုသေသေ
အလေးပြုခဲ့။

မင်းရဲ့စရိုက်အတိုင်း
ကောင်မလေးတွေကို ပခုံးဖက်စရာရှိရင်လည်း
ဖက်ခဲ့ပေါ့ကွာ။

ဒေါ်အောင်ဆန်းစုကြည်တို့
အဘဦးတင်ဦးတို့
ဆရာဦးဝင်းတင်တို့ကတော့
နတ်နေကိုင်းတွေနော် ညီလေး
ယောင်လို့တောင် သွားမချိုင်လေနဲ့
သေဂျင်းဇိုးနဲ့တောင် သေသွားဦးမှာ။

မင်းရဲ့တစ်ချို့ကောင်တွေလို
ညောင်အိုးကွဲတွေကိုတော့
အိမ်ခေါင်းရင်း ခြံတိုင်မှာ စွပ်ခဲ့ပေတော့။

“ငါလာတယ်၊ ငါမြင်တယ်၊ ငါအောင်ပွဲခံတယ်”
ဂျူးလိယက်ဆီဇာ ကတော့
ပြောတာပဲ။

နောက်ပြီးတော့ သူပဲ
နောက်ကျော ဓားနဲ့အထိုးခံခဲ့ရတာပဲ။

သြ- ဘရုတပ်စ်
မင်းလည်းပါသကိုး။

သြ – မိုးဟိန်း
မင်းလည်းပါသကိုး။

ဟိုတုန်းက
တိုက်ပွဲဟာ အပြင်မှာမရှိဘူး
အထဲမှာပဲရှိတယ်လို့
ငါတို့မြင်ခဲ့ကြတယ်။

အခုတော့ ငါ့အမြင်
(ကဗျာဆရာ အောင်ဝေးအမြင်)
ဗမာ့ရာဇ၀င်ဟာ ပြောင်းလဲသွား။

တိုက်ပွဲဟာ
တကယ်ပဲ ဆူးလေဘုရားလမ်းမှာမရှိတော့။

တော်လှန်ရေးရဲ့ အခြေခံပြဿနာဟာ
အာဏာလိုချင်တဲ့ ပြဿနာပဲ။

ဒီမိုကရေစီပြဿနာ မဟုတ်ဘူး
လူ့အခွင့်အရေးပြဿနာ မဟုတ်ဘူး
ဆရာလုပ်ချင်တဲ့ ပြဿနာပဲ။

ဒီကနေ့ 
ဒီမိုကရေစီလောက်
လူ့အခွင့်အရေးလောက်
ပြောတတ် ဆိုတတ်ရင်ပဲ
ဟုတ်လှပြီထင်နေတဲ့
ဂူဂယ်ဘလော့ဂ်ပေါ်က နိုင်ငံရေး။

ပိုက်ဆံရရေးကို
အဓိက ထားမှတော့
ငါတို့လို စားဖားတွေလည်း
ဘာ စောက်သုံးကျတော့မှာလဲ ညီလေး။

ညီလေး
အဲယားကွန်းမရှိတာထက်
ကြမ်း ၇ ချောင်းပဲ ရှိတဲ့အိမ်က
ပိုအေးပါတယ်ကွာ။

ဖဲသမားတွေ လူရာဝင်နေတဲ့
ဒီနေ့ ခေတ်မှာ
မိုးသီးရေ
ကိုယ့်ဥကိုပဲ
ကိုယ် ထုချလိုက်ကြရုံ။
ကိုယ့်ဇစ်ကိုပဲ
ကိုယ် ပြန်ဆွဲတင်ကြရုံ။

ပြန်ခဲ့တော့
ညီလေးရေ။

မင်းကို လက်မခံချင်တဲ့
အရပ်က
ပြန်ခဲ့တော့ ညီလေးရေ။

မိုးသီးဇွန်
ရှစ်ဆယ့်ရှစ်မှာ
ဒီမိုကရေစီတိုက်ပွဲဝင်ခဲ့တာ
အခုလို ရန်ကုန်မှာ မတော်မတရားကြံဖို့လား။

မိုးသီးဇွန်
ကျောင်းသားတပ်မတော်မှာ
စစ်အစိုးရကိုတိုက်ခဲ့တာ
အခုလို ရန်ကုန်မှာ ဂယောင်ချောက်ချားလုပ်ဖို့လား။

မိုးသီးဇွန်
လွတ်မြောက်နယ်မြေမှာ
နိုင်ဝင်းဆွေတို့၊ ဖဒိုမန်းရှာတို့၊ ဗိုလ်ချုပ်မြတို့နဲ့တွေ့ခဲ့တာ
အခုလို ရန်ကုန်မှာ တာလဘောဟင်း စားရဖို့လား။

ညီလေးရေ
မင်းစွန့်လွှတ်ခဲ့သမျှဟာ
ရန်ကုန်ကခွေးတွေတောင် အနားလာမသီဘူး။

ညီလေးရေ
မင်း အိမ်နဲ့ဝေးခဲ့သမျှဟာ
ဖေ့စ်ဘုတ်ပေါ်က မင်းအကြောင်းသိတွေ
ဟာသပြဇာတ်တစ်ပုဒ်ပဲ။

ညီလေးရေ
မင်း ဝေဖန်တိုက်ခိုက်ခံခဲ့သမျှဟာလည်း
နယူးယောက်တိုင်းမ် သတင်းစာကြီးမှာ မပါဖူးဘူး။

ပြန်ခဲ့တော့
ညီလေးရေ။

ဆဲဗင်းဂျူလိုင်အောက်မေ့ဖွယ်
နှစ်ငါးဆယ်အခမ်းအနား
မလုပ်ရလည်း ဘာဖြစ်လဲ
ကုန်ကျမယ့်ငွေတွေ
တခြားတနေရာ လှူလိုက်ပါလား – တဲ့။

မင်း ဖျာဝင်ခင်းမယ့် နေရာကိုလည်း
လူတိုင်းကသိနေမှတော့
ဒို့သောက်နေကျ ဘီယာဆိုင်ကြီးလည်း
နောက်ဆို အကြွေးမရောင်းတော့ဘူးတဲ့ ညီလေးရာ။

ဂျာနယ်တိုင်းတော့ မဟုတ်
တစ်ချို့နားလည်တဲ့ဂျာနယ်တွေ
မင်းရဲ့အိမ်ပြန်လမ်းကို
လွမ်းလွမ်းဆွတ်ဆွတ် ကြိုကြရှာပါတယ်
၂၄ နှစ်ပြည့် ဆွမ်းကပ်ပေးကြတဲ့အကြောင်း။

ကျေးဇူးတင်တယ်
ရဲဘော်တို့။
ကျေးဇူးတင်ပါတယ်
မိတ်ဆွေတို့။

ခွ ဒေါင်းမှန်ရင်
ဘယ်တော့မှ ကိုယ့်ဖင်ကိုယ် ပြန်မနမ်းဘူး။

ပြည်ပြေးမှန်ရင်
ဘယ်တော့မှ ရဲစခန်းရှေ့ ဖြတ်မလျှောက်ဘူး။

ဆရာဒဂုန်တာရာကိုတော့
အားနာတယ်။
ရန်ကုန်က နိုင်ငံရေးဆိုတာ
ရန်သူကို ရန်သူဖြစ်အောင်
မိတ်ဆွေကို ရန်သူဖြစ်အောင်
လုပ်နေသလိုပဲ။

ဝမ်းမနည်းနဲ့
ညီလေး။

အရမ်းလည်း
သွားမစားနဲ့ ညီလေး။

ကောင်မလေးက အသစ်လေးဆိုပေမယ့်
မန္တလေးမှာ ၆ လ မော်လမြိုင်မှာ ၆ လ။

ညီမလေးက
အဝေးရောက်အင်အားစုတွေကို မုန်းသတဲ့လား။

ညီမလေးက
ပြည်ပက လှုပ်ရှားမှုတွေကို မလိုဘူးတဲ့လား။

နေ့တိုင်းနေ့တိုင်း
ပန်းကုံး လာလာစွပ်တဲ့သူတွေကို လေးစားတယ်လား။

မိုးသီးရေ
ရီးပဲ
မင်းကြောင့် အခုလို စော်ကားခံရတာ။

အဲဒါ မင်းရဲ့
ငမ်းငမ်းတက် အဆီဘူးခါချင်စိတ်ကြောင့်ပဲ။

ခဏတစ်ဖြုတ်တော့
စောင့်ပါဦးလားကွာ
အခုတော့
မင်းရဲ့ အုတ်ဂူကို ဆေးအသစ်လေး သုတ်ထားလိုက်ကြပြီ။

ညီလေးရေ
ပြန်ခဲ့တော့။

ရန်ကုန်ကို
မာမီမြင့်ဆွေတို့ လက်ထဲမှာ
ဖင်တုရင်တုတွေနဲ့ထားခဲ့တော့။

ငါတို့ညီအစ်ကိုတွေ
နယူးယောက်မြို့
မင်ဟတ်တန်မြစ်ထဲက
ဦးသန့်နာမည်နဲ့ ကျွန်းကလေးပေါ်မှာပဲ
တစ်သက်လုံး အတူနေသွားကြတာပေါ့ကွာ။

မင်းသေတော့လည်း
လဒပုံ အလံအုပ်ပြီး
ငါ မင်ဟတ်တန်မြစ်ထဲမျှောပေးမယ်။

ငါသေရင်လည်း
ကဗျာတစ်ပုဒ်ရွတ်ပြီး
မသာယုတ် နင် သွားလိုရာ သွားနိုင်ပြီ ပြောပေးဦး။

တိုင်းပြည်ချစ်စိတ်နဲ့
ဆာလောင်လာရင်
အဲဒီ ဦးသန့်ကျွန်းလေးပေါ်မှာ
စောက်ရှက်မရှိ ဗမာနှစ်ကောင်ဆိုပြီး
ဆိုင်းဘုတ်ထောင် နေကြမယ်လေ။

မိုးသီးရေ
ညီလေးရေ
အမြန်ဆုံးပြန်ခဲ့တော့။

မင်းကို
မလိုသူတို့ မင်းအတွက်
နတ်ကန္နားပေးကြတော့မယ်။

မင်ဟတ်တန်ရေ
တိုင်းပြည်မဲ့သွားတဲ့
သားကောင်တစ်ယောက်ကို
ဖာတန်းသာ ပို့လိုက်ပါတော့။
အလာဟို အရှင်မြတ် အမိန့်တော်ပေးပါ။
အရှင်ယေရှု ခရစ်တော်မှာ ကောင်းချီးပေးပါ။ ။
အာလ၀ီး
(စက်တင်ဘာ ၆ – ၂၀၁၂)

  - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -


မင်ဟတ်တန်ရောက် အောင်ဝေးသို့ အရေးပေါ်အကြောင်းကြားစာ
မာဃ
ခဗျားထွက်သွားတဲ့ အချိန်ကလောက်
ရန်ကုန်ဟာ မထူတော့ဘူး ကိုအောင်ဝေး
ရန်ကုန်ဟာ မအတော့ဘူး ကိုအောင်ဝေး
ရန်ကုန်ဟာ ဆင်းတုတော်မြင်တိုင်း ဘုရားမထင်တော့ဘူး
ဖွတ်ထွက်မှ တောင်ပို့မှန်း သိခဲ့ကြပေမယ့်
အဲ့တောင်ပို့ကို ထိုင်ကန်တော့ရလောက်အောင်
ရန်ကုန်ဟာ မတုံးတော့ဘူး . . .။

ပြောပြချင်တယ် ကိုအောင်ဝေး
ကျနော်ဟာ ကိုမိုးသီးလို လက်နက်ကိုင်တော်လှန်ရေးသမားမဟုတ်ဘူး
ကျနော်ဟာ ခဗျားလို နိုင်ငံကျော် နိုင်ငံရေးကဗျာဆရာကြီး မဟုတ်ဘူး
လူပိန်းပြောပြောရရင် လက်နက်မကိုင်ဖူးဘူး
လူသိထင်ရှား နိုင်ငံရေးသမားမဟုတ်ဘူး
၈၈ မှာ လူလားမမြောက်သေးဘူး
ခွပ်ဒေါင်းအရှင်လတ်လတ်ကိုတောင် ၂၀၀၇ မှာမှ မြင်ဖူးခဲ့တာ
ဒါပေမယ့် အေဘီမြောက်ပိုင်း အာဏာသံဝေဂတွေက
ဖတ်ရသမျှ ရင်ကို ဓါးနဲ့ဆွတယ် . . .။

ကိုနိုင်အောင်မှာ တာဝန်ရှိသလား
ကိုအောင်နိုင်မှာ တာဝန်ရှိသလား
ခဗျားပြောတဲ့ ဥက္ကဋ္ဌကြီးပါဆိုတဲ့ ကိုမိုးသီးကလွှဲချ။

အဲ့ဒီတုန်းကအသတ်ခံရတဲ့ ကျောင်းသားရဲဘော်တွေဟာ
လမ်းဘေးက ခွေးတွေမဟုတ်
ရက်ရက်စက်စက် ဖိနှိပ်ချေမွလိုက်ရအောင် ပုရွက်ဆိတ်တွေမဟုတ်
ခဗျားစကားအရဆိုရင် ဒေါင်းတွေဖြစ်တယ်
ဒေါင်းတောင်မှ ရိုးရိုးဒေါင်းမဟုတ်
သတ္တိသွေး စွေးစွေးနီတဲ့ ခွပ်ဒေါင်းတွေ . . .။

လူထောင်မချီတဲ့ အေဘီကို အုပ်ချုပ်ခွင့်ရဖို့အတွက်
ဇာတ်တူသားချင်းစား
ကျောင်းသားကျောင်းသားချင်းပြန်သတ်
ထွီ ရွံစရာကောင်းလိုက်ပုံက
အဖမ်းခံ အနှိပ်စက်ခံရတဲ့ လူတစ်ရာကျော်ဟာ အစိုးရသူလျှိုတဲ့လား
အသနားခံသူတွေကို ဇက်ဖြတ် လက်ဖြတ် ခြေဖြတ်။

ကိုအောင်ဝေး ခဗျားနှယ်
ကိုထွန်းအောင်ကျော်ကိုမှ အားမနာ
ကိုမိုးသီးလိုလူကို တာဝတိံသာကိုတင်ရက်။

ဒီမှာ ကိုယ့်လူ ကိုအောင်ဝေး
သေနတ်ကိုင်ရဲတိုင်း သူရဲကောင်းဆို
ဟောဒီလောကမှာ သူရဲကောင်းဆိုတာ ရေတွက် မရဘူး . . .။

ဒီကိစ္စနဲ့ ကိုမိုးသီး ဘာမှမဆိုင်ရင်
မြန်မာနိုင်ငံကို ဘာသာနဲ့ချေမွဖို့အကွက်ချ
စည်းဝေးကြတဲ့ မုတ်ဆိတ်ဖွားတွေနဲ့
ကျနော်တို့ရဲ့ ဥက္ကဋ္ဌကြီး ဘာပြောခဲ့သလဲ
ထချဖို့ လက်နက်တွေစုကြပါ ဟုတ်လား။

ကိုအောင်ဝေး
ခဗျားလေသံအရဆို ရီးပဲ
အကြီးကြီးရီးပဲ။

အဲ့ဒီလို လူမျိုးကိုမှ အက်ဆစ်နဲ့မပက်ရင်
ရန်ကုန်ကလူတွေ ကိုယ့်မျက်နှာကိုယ် ဓားနဲ့လှီးပစ်မယ် . . .။

ကိုအောင်ဝေး ခဗျားပြောသလို
ကိုမိုးသီး ပြည်တော်ပြန်တာ အမျိုးသားသင့်မြတ်ရေးအတွက်လား
ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက်လား
ပြည်တွင်းငြိမ်းချမ်းရေးအတွက်လား
ဒါမှမဟုတ်
လုပ်စားစရာ မရှိတော့လို့ ဂွင်သစ်ဖန်တာလားဆိုတာ
ခဗျားဘယ်လို ခွဲခြားမလဲ
ခဗျား ဘယ်လို အာမခံမလဲ။

ရီးပဲ ကိုအောင်ဝေး ရီးပဲ
ကမ္ဘာပတ်ပြီး အလှူငွေတောင်း
မြန်မာပြည်အတွက်ဆိုတဲ့ အဆင့်မြင့်သူတောင်စားခေတ်က ကုန်သွားပြီ….။

ရန်ကုန်နိုင်ငံရေး
မြန်မာနိုင်ငံရေး
ဗမာ့နိုင်ငံရေး
ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက်
ပြန်လာမယ်ဆိုရင်
အေဘီက သွေးညှီနံ့တွေကို အရင်ဆေးခဲ့ကြ
ဘန်ကောက်မှာ ဆေးခဲ့ကြ
မန်ဟက်တန်မှာ ဆေးခဲ့ကြ
ရန်ကုန်ကို သယ်မလာနဲ့
ရန်ကုန်က သွေးညှီနံ့ ဖုံးပြီးသား
ထပ်မသယ်နဲ့ . . . ထပ်မသယ်လာခိုင်းနဲ့
ခဗျားရဲ့ အချောင်သမား သူရဲကောင်းကို
မန်ဟက်တန်သာ ပြန်ခေါ်သွား . . .။ ။

Friday, March 30, 2012

ဒွေးချိုးများ (၃)


မဟာမြိုင်
မြူခိုးရယ်မှောင်၊ ငူရိုးတောင် ချောင်အလှည့်မှာလ၊
ထိုင်ခဲ့တယ် ဇလာအိုင်နှင့်၊ မဟာမြိုင်တန်း။
ရင်ခတ်ကယ်ဝေ၊ ဆင်တတ်သူ ပန်ယူခြွေလို့၊
ဖန်ဂူဗွေ မြေတလင်းမှာလ၊ ခြေဆင်းကာ မယ်မှိုင်စောပါတဲ့၊
နေခင်းသာ ဂနိုင်တောမှာလ၊
ငွေနှင်းညှာ ထိုင်ကာမောတော့တယ်၊
ဇော မပြတ်ပန်းတည့်မှ၊ တောမသတ် မှန်းနိုင်ဘူး၊
လောကဓာတ် ဆန်း။

မျက်နှာတော်
စက်မပျော်၊ မျက်နှာတော် ၀ါဝါ၀င်းကိုလ၊
မှိုင်ရင်း မြင်သာမြင်တော့၊
နေ မရွှင်ဘူး။
လှကေခိုင်၊ မယ့်စိတ် ဗျာပါလှိုင်၍
သည်းဆိုင်မှာ တုန်သာတုန်တော့၊ လစက်ခုံ ယုန်တံဆိပ်ကယ်နှင့်၊
ကျမျက်ရည် ယိုလို့ဖိတ်တယ်ရှင်၊
လွမ်း စိတ်နှင့်ရူး။

ဝါချက်
လမ်းမကြုံ၊ ပန်းတစ်ငုံ စံပယ်ဥကိုလ၊
မရှုချင်ဘူး။
မှာရက်ကယ်လွန်၊ ၀ါချက်ကို သည်မယ်ရွံလို့
စံသလွန် ကြာညောင်ရိပ်မှာ၊
လွမ်းစိတ်နှင့် ကူး။

သစ္စာဦး
ကမ္ဘာဋ္ဌီ၊ ငါးလီအင်ချစ်တဲ့၊
ရွှေ သစ္စာဦး။
ဆက်တိုင်းငယ်တည်၊ တဘုန်းဆွေ မေခြည်ကြောင့်၊
သေပေစေ လည်တညွန့်ကို၊
စိုး ရွံ့ပါဘူး။

စနည်း
ဘာမထီ၊ မချီလျှင် နေညွန့်မျိုး၊
စိုးရခေါင်က။
တသာကီ၊ စာမရီ ချီထွက်လျှင်၊
ရတက်တော် ပူဗျာငွေ့၊
တွေ့ရ နောင်တ။

Wednesday, March 28, 2012

ဒွေးချိုးများ (၂)


မယ်ဖွဲ့
ကြော့ကြော့ငယ်ယဉ်၊ ဖော့ပင် ငွေအုသို့၊
ကြွေလုဟန် မူရာနှင့်၊
သူဇာတရှိ။
ဣနြေ္ဒ ချိန်ကုဋေတန်လောက်ပေ့၊
စံကျောက်ကယ် ၀ဇီစိန်သို့၊
ပလီချိန် ရွယ်တော်သင့်မှာ၊
ဘုန်းပွင့်ပါဘိ။

ဖိုးရွှေလမင်း
ဗွေအာကာ ငွေတာရာကြယ်စုံသင့်ပေတဲ့၊
ယုန်မင်းသနင်း။
ဟိုဘက်ကျွန်းမှာဖြင့်၊ မထွန်း မသာလှပါနှင့်၊
ဖိုး ရွှေလမင်း။

နှင်းဆီနံ့ပြေး
ညနေချမ်း ဘယ်ပန်း ပန်လေသိ၊
မောင့်ထံမှာ မွှေး။
ခင်လေးမေ ကေသီဖြန့်ရော့ထင်၊
နှင်းဆီနံ့ ပြေး။

တံတို
ရှူသာရှူ မဖွာလိုက်နှင့်၊ ထွာမိုက်ကယ် တံတို၊
“ဂံ” ဆိုတဲ့ဆေး။
နန်းအိမ်ရှေ့ကျွန်၊ လွန်စေနှင့် တန်ရုံသုံးကွယ်၊
ခုံး မျက်ကလေး။

ဆေးတံတို
ဆေးတံတို တစ်ညိုလောက်၊
ရော့ သောက်တော့ပေး။
မယူလိုက်က မိုက်လို့ထင်၊
သောက်စေချင်၊ ခုတင်မှာ ထောင်ခဲ့ကွယ်၊
ညိုနွဲ့ငယ်လေး။

မဟာမြိုင်
မဟာမြိုင်မှာလေ ညာပိုင်သူနော်မလို့၊
မျှော်တ ယောင်မှား။
မာဂဓာ၊ ကဗျာသံချိုပျိုးလို့၊
ငှက်မျိုး ကေလာတောင်က၊
လွမ်းအောင်တဲ့လား။

Monday, March 26, 2012

ဒွေးချိုးများ (၁)


မုံရွာက ရုပ်သေး
ပတ်ဗေရယ်ထုံ
မုံရွာက ရုပ်သေး။
သင့်လျော်အောင် ငွေမပေးလို့၊
ပြန်တော့မယ်လေး။

ငွေလုပ်လို့စား
ခွေးတောက်က ချဉ်ချဉ်
ခါချဉ်က ခါးခါး။
အဘိုးအို ယာမခုတ်နှင့်
ငွေလုပ်လို့ စား။

ခြင်္သေ့
ဟေ၀န္တာ
နေပါတဲ့ခြင်္သေ့။
တစ်ဂူမှာ နှစ်ကောင်ပေါင်းမယ်၊
အောက်(အောင်း)မျှ မမေ့။

လွမ်းပါဘိ
ဒီဇမ္ဗူ သီတဂူပေါ်ထွန်းလို့
သြော်-လွမ်းပါဘိ။
တစ်နယ်နေ တစ်ပြည်ကျေးဆီက
ဝေးလို့ မသိ။

အုံ့ပုန်းပူ
မချမ်းသာ ပန်းမာလာနေသွေ့သို့
ကြေမြည့်ခြောက်ခန်း။
ကျုံ့ချုံးကာ ဆူ၊ အုံ့ပုန်းပူ လူ မသိတယ်၊
မီးညိမခန်း။

ဆွေးသူ့ကသိုဏ်း
ရုံးမလွယ်
ထုံးငယ်တည့် ပိုင်း။
မယုံပုံ ယုံပုံနှင့် ကမ္ဘာကုန် ညို မခုပါနှင့်၊
ဆွေးသူ့ကသိုဏ်း။

မယ်ဖွဲ့
ထုံးမတိမ်၊ ငုံး, အိမ်,ကျူ,လ နှင့်၊
တူမျှစံနှိုင်း။
နတ်တညီ၊ ကမ္ဘာ့ ဌီတင်ထိုက်ပေ့၊
ယဉ်သိုက်ဝင်ညာမေနှင့်၊
ငါးဆင့်သမိုင်း။

Monday, March 05, 2012

အမေ့ခေါ်သံ - ၀င်းဖေ


အရုဏ်အတက်
ကုလားတက်ခေါက်သံကြားတော့
သား နိုးနေပြီ အမေ။
သားက ဧည့်သည်
အမေ့အိမ်မှာ သားဟာ
ဧည့်သည်ပါ။

အိမ်ကထွက် ရွာဘက်ကခွာ
မြို့ကိုတက် ပညာရှာ
နှစ် သုံးဆယ်ကြာတော့
ပညာပါမက ကြင်ရာပါမက
ရင်အနာပါ ရခဲ့ပေါ့
အသက်က ၄၀ လွန်
မျက်မှန်ကတစ်လက် ဂုဏ်နဲ့စက်ပြီး
မနက်က၀ယ်လာ ညနေမှာတပ်
ရပ်ရွာကိုတွေး စာကိုရေးတော့
ကလေးကလားနဲ့ သားရဲ့ဝါသနာ
(ခွင့်လွှတ်ပါ)
အမေ့ဖို့စာ ကဗျာနဲ့ပဲ ရေးမိတယ်။

တစ်ခုသောည
ညဥ့်နက်လှပြီ
ရှိသမျှ မြေးသား
လသာသာ ကွင်းကျယ်ကျယ်
မျောက်အုပ်လယ် ယုန်ရောက်သလို
ခုန်ခုန်ပေါက်ပေါက်နဲ့ မီးတောက်အောင်ကစားလို့
မောမှသာနား၊ အိပ်သွားကြပြီ
နွားနှစ်ကောင် စားမြုံ့ပြန်လို့
ခြူသံကြိုးကြား
အမြီးဖျား တဖျပ်ဖျပ်
ခြင်ယပ်တာလည်း ကြားရပြီ။

အမေရယ် သားရယ်
ရေနွေးကရားရယ်
နွားလှည်အိုထက်၊ ကြယ်ပြိုးပြက်မှာ
ထန်းလျက်တစ်ကိုက်၊ ရေနွေးတစ်ကျိုက်
လျောင်းလိုက်၊ ထိုင်လိုက်
တိုးလိုက်၊ ကျယ်လိုက်နဲ့
မငိုက်စတမ်း၊ မသမ်းမဝေ
စကားအထွေထွေကို
သားနဲ့အမေ၊ မနားမနေပြောခဲ့ကြ…
အဲဒါတွေ သတိရပြီး
တစ်စကဗျာ၊ သီမိပါခဲ့။

ဆွေကြီးမျိုးကြီး
သွေးသောက်ကြီး၊ ခုံမင်းကြီး
မြို့သူကြီး၊ ရွာသူကြီး
မြေရှင်ကြီး၊ ထန်းရှင်ကြီး
ဘိုးကြီး ဘွားကြီးများ…
ဘုရားထူးခံကြတဲ့အကြောင်း။

ငွေဓားတစ်ချောင်း၊ ကြေးမောင်းတစ်လုံး
နှစ်လုံးပြူး သေနတ်နဲ့ လက်မှတ်ရရွာသူကြီး
နှစ်ဖက်သော ဘိုးကြီးတွေ
ဘယ်မြေ ဘယ်ကမ်း
ဘယ်ထန်း ဘယ်ထင်း
ဘယ်ကွင်း ဘယ်ရိုး၊ ဘယ်ကို လက်ညှိုးထိုးမလဲ
မလွဲတမ်းပိုင်ကြ
မြေစုမြေခွန်၊ မြေကျွန်တွေ တရုံးရုံးနဲ့
သုံးမကုန် လှူမခန်း၊ ချမ်းသာစွဆိုတဲ့အကြောင်း။

မြို့ကြီးနဲ့ကွာ၊ ကျေးတောရွာမှာ
တူတန်တာမရှိ၊ ပျင်းရိအားယား
လူပျိုကြီး အပျိုကြီး ဦးကြီး ဒေါ်ကြီးများကြားမှာ
ဟောဒီကသား
ဘယ်ရာသီ ဘယ်လိုဖွားလို့
ဘယ်အခါ ဘယ်လိုဖျားပြီး
ဘယ်အရွယ် ဘယ်လိုစကားနဲ့
ဘယ်လိုသွား ဘယ်လိုလာတဲ့
အကြောင်း…။

ဂျပန်ခေတ်က
ဖက်ဆစ်ဂျပန်၊ တော်လှန်သူများ
မောင်များ မတ်များ၊ တူသားများဟာ
ယခုအခါ ရွာအရှေ့ထိပ်
ညောင်ညိုရိပ်မှာ
ကာကီအင်္ကျီ ကိုင်းမှာချိတ်
ပြောင်းဖူးဖက် ဆေးလိပ်နဲ့
ပုတီးစိပ်သူ စိပ်တဲ့အကြောင်း။

ထန်းရည်အိုးကိုဖက်၊ ထန်းရွက်ကိုခင်း
ထန်းပင်ရင်းမှာ
အိပ်သူ အိပ်တဲ့အကြောင်း။

တချို့က ထွန်စက်မောင်း
ပြောင်းရိုးစဉ်းစက် ခုတ်သူခုတ်။

တချို့ပိန် တချို့ဝ
တချို့က သမ၊ တချို့က ၀ိသမ။

တချို့က အရည၀ါသီ
တချို့က ဂါမ၀ါသီ
နီသူနီ ပြာသူပြာ။

မဟာဆွေ အစ မဟာစည်အဆုံး
ဘဂျမ်း (တင်မိုး)၊ သာနိုး (ဆံရှည်)
ကျူသေ ကျူရှင်၊ ဗေဒင် ယတြာ
ရိပ်သာအဆုံး…
အမုန်းအချစ်၊ ကဗျာသစ် စာသစ်
အညှစ်အသတ်၊ အပစ်အခတ်နဲ့
အညစ်အပတ်များ အကြောင်း။

ဆရာလွမ်းမှသည် ဆရာစွမ်းအထိ
ခင်မောင်ရင်မှသည်  ခင်မောင်ချင်းအထိ
ကျီးသဲလေးထပ်မှသည် ကမ်းနားခြောက်ထပ်အထိ
ဗန်းမော်ဆရာတော်မှသည် ဗန်းမော်တင်အောင်အထိ
အင်းလျားကန်မှသည် ကြာနီကန်အထိ
စိုင်းထီးဆိုင်မှသည် ကွမ်းယာဆိုင်အထိ
ဘိန်းဖြူမှသည် ဘိန်းပြာ ဘိန်းဝါအထိ
မှတ်မိမှတ်ရာ၊ ဖတ်မိဖတ်ရာ
စပ်မိစပ်ရာတွေ အကြောင်း။

အမေရယ်၊ ကျွန်တော်ရယ်
ဗန်းမော်တင်အောင် ထောင်ကအထွက်
ထန်းလျက်ကျွေးရင်း၊ ရှေးဟောင်းနှောင်းဖြစ်
"လွမ်းရစ်တော့ သက်လှယ်ရယ်"
"ဘုန်းမောင့် တစ်ယောက်တည်းရယ်"
"… တော့ကာသာဘဲရယ်"
ငယ်စာ ငယ်စကား၊ သားနဲ့အဖေ
စာတွေ ပေတွေထဲမှာ
သူရဲကောင်း ရှာခဲ့တဲ့အကြောင်း။

အဖေရယ် ကျွန်တော်ရယ်
လယ်ပြင်ပေါ် ပြောင်းခင်းကြား
ပြောင်းဖူးဖုတ်စားရင်း
သေနတ်နဲ့ဓား၊ တစ်လှည့်စီကစား
သားတစ်ပြန် ဘတစ်ပြန်
အအုပ်နဲ့အခံ၊ ကာရန် ကစားခဲ့တဲ့အကြောင်း။

ညီငယ်နဲ့ ကျွန်တော်
လျှော်ခွာတဲ့ ချောင်းအစပ်
မနော်နွယ် ဘင်္ဂလား
သရက်ရွမ်းများ ခတ်ရင်း
နောင်သိဒ္ဓတ် ကြာခြည်လှပ်ဆဲ
စိတ်ပြတ်နဲ့ မင်းနန်၊ နောင်တော်ကို ချန်
ဆံတော်ကို မချ၊ သပိတ်သံ မပြဘဲ
နိက္ခမ ကျင့်တဲ့အကြောင်း။

မိခွေးရယ်၊ မိအေးရယ်
ကျွန်တော် င၀က်ရယ်၊ အဒေါ် ဒေါ်ကြွက်ရယ်
ကြက်သွန်ကျင်း ရေလောင်း၊ ဆေးခင်း ပေါင်းပေါက်
ဝါကောက် ပဲတူး၊ ဆေးခူး ဆေးလှန်း
ထမင်းကြမ်းနဲ့ ထန်းရည်ချို
ချိုချိုမွှေးမွှေး၊ အသည်းအေးအောင်
အမြဲလွေးကြတဲ့ အကြောင်း။

ဝါခင်းအစပ်၊ မားမတ်တဲ့ ပင်လက်ပံ
ဆက်ရက်တွေ ချိုးတွေ ညိုးညိုးညံတော့
ရွာအပြန် ခရီးတစ်ထောက်
လက်ပံပွင့်ကြွေ လေထီးတွေကို
သမီးတွေနှစ်ယောက်၊ သားတစ်ယောက်
လုယက်လို့ ကောက်ကြ
သုံးယောက်ရဲ့အသံ၊ တောလုံးလျှံ
ကိုးယောက်လို ညံတဲ့အကြောင်း။

ဘိုးဘွားကုသိုလ်၊ ကန်ပေါက် လျှိုစောင်း
နွားသိုးနှစ်ကောင်၊ ဖိုးမောင် ကျောင်းလို့
ထနောင်းလဲ တုံး၊ ထန်းလဲ ပြုန်းတဲံ
သင်္ချိုင်းကုန်းက၊ သုံးပင်ဇရပ်
ကြက်လျှာဆူး၊ နဘူးပတ်ချိန်
သွပ်ချပ်အမိုးကို၊ သူခိုးတွေခွာတော့
မြို့ပေါ်မှာ သေတ္တာဖြစ်
ရွာဦးကျောင်းက၊ ခေါင်းလောင်းတွေလဲ
မမြဲအနိစ္စ၊ သင်္ခါရနယ်ထဲ
လှည်းသမား ထွန်စက်မောင်း
ရွာခေါင်း ရပ်ခေါင်း၊ ဘာခေါင်းမှ မကျန်ရစ်
ကဗျာမှာ စာမှာ၊ ငါ ငါ ငါနှင့်
ငါ သူတစ်ပါး၊ ကျားကျားမမ
တစ်နေ့ကျတော့
သင်္ခါရ တံခါးပေါက်ကို အလျားမှောက်ပြီး
ခေါက်ရမှာ ဖြစ်တဲ့အကြောင်း။

ဟိုအကြောင်း၊ ဒီအကြောင်း
အကြောင်းမျိုးစုံ၊ ဖြစ်မျိုးစုံ
ပြောမကုန်၊ မရိုးနိုင်
သန်းခေါင်တိုင်၊ သန်းလွဲကျော်
ကျွန်တော် အသိသား
စကားဟာ ပဓာန မဟုတ်ဘူးလို့။

ဒီသား….
အကြီးသား၊ ဘရီးဘရား
တဒီးလွှားလွှားနဲ့၊ မကြီးပွားသူ
ခရီးသွား နက္ခတ်နဲ့၊ ယှဉ်ကပ်လို့ဖွား
ဗွေပါတဲ့ ဖ၀ါးနဲ့ အဝေးဆုံးသွား
အငေးဆုံးသား
အမေ့နားကို၊ ကြိုးကြားရံခါ
ခဏသာ လာတဲ့သူ။

သားဖြစ်သူ၊ အပါးက
သွားချေ၊ နားချေ၊ အိပ်ပါချေ
ဆိုပေမယ့်လဲ
အမေ မသွား၊ အမေ မနား
သား သက်လျာကို၊ ကြုံလာတုန်းမှာ
ပြုံးကာ ရယ်ကာ၊ ပုတ်ခတ်ကာနဲ့
ကြည့်ကာမဝ
သန်းခေါင်ကျော် သန်းလွဲကျမှ
ခဏဖယ်ခွာ
အမေ မှေးရုံ မှေးရှာတယ်။

အရုဏ်အတက်၊ ကုလားတက်သံအကြား
နွားစာအကျွေး၊ ဆန်အဆေး
မြေးတစ်ယောက်ကိုနှိုး၊ တီးတိုးတီးတိုးနဲ့
ရွာရိုးကို လျှောက်ခဲ့
သားမြေးတွေ သောက်စရာ
နွားနို့ရှာ ဆိတ်နို့ရှာ
သကာလုပ် မုန့်ဖုတ်
အမေ အလုပ်ရှုပ်ခဲ့ပြီ။

ခေါင်းပေါ်မှာ တဘက်တင်
အိမ်စဉ် အနှံ့သွား
ယုန်သားဝယ်၊ ဂျုံသကြားဝယ်
ရက်ကန်းရှယ်သလို
ရွာလယ် ရွာရိုး၊ လွန်းထိုး လာသွား
ငှားလိုက် ချေးလိုက်၊ ကျွေးလိုက် တိုက်လိုက်
ချက်ပြုတ်လိုက်နဲ့၊ ချွေးပြိုက်ပြိုက်ယို
အမေအို
သားကို ကျွေးလို့ မောတယ်မရှိ။

သြော်…. ခုအခါ
အမေ့ရွာ သားမရောက်
သုံးနှစ်လောက် ကြာခဲ့ပြီ။

အမေ့စာ
"သား၊ အမြန်လာ" တဲ့
ပြေးဟာ လွှားဟာ၊ ရုန်းဟာ ကန်ဟာနဲ့
ကဗျာတစ်ပုဒ်၊ စာတစ်ဆုပ်
လက်လုပ်လက်စား၊ အမေ့သား
ဓားတောင် မဆီး၊ မီးပင်လယ် မခြား
အမေ့ခေါ်သံ ကြားသော်လည်း
ဝမ်းသမုဒ္ဒရာ၊ အူဂင်္ဂါခြားတာကြောင့်
သား မလာ၊ မြေး မလာ
ကဗျာတို ပူပုံပန်းနှင့်
စာတစ်ညို၊ လူကြုံကမ်းရတယ်။

အမေ စားဖို့
ဘားပလက်၊ တစ်ဘူး နှစ်ဘူး
ကလူးကိုး တစ်ထုပ်စ နှစ်ထုပ်စ
တစ်နှစ်မှ တစ်ခါ နှစ်ခါ
စတိသာ ပို့အားတဲ့ သားခမျာ
အမေ ပေးတဲ့
ဆယ့်လေးတန်း ပညာနဲ့
မြို့ပေါ်မှာ သောင်တင်
ကလောင်မင် အက်ဆစ်စွက်
ဟိုပက် ဒီကော်
တစ်နေ့သော် ပိုင်နိုး နိုင်နိုးနဲ့
ဝေဖန်ရေး ကျားဆိုးကို
အားကြိုးမာန်ခဲ အမြီးကို ဆွဲမိပေါ့။

သြော်…. အမေ့ရွာ သားမရောက်
သုံးနှစ်လောက် ကြာ၊ သုံးဝါ ရွှေ့ဆိုင်း။
"မလာဖြစ်နိုင်ဘု၊ ၀ါခေတ်တစ်ခါကုန်တော့" လို့
တေးအကြုံ ရှေးပုံနဲ့ လွမ်းလိုက်ကဲ့
ဆန်ပန်း တပြာပြာ၊ အိမ်ကြမ်း တခါခါနဲ့
နွားပြာ တသသ၊ ၀ါးဖျာ တမမ
စားစရာ တချချ
အများတကာကို သားစာပြပါလို့
အိမ်ဝမှာ အမေကြိုရော့
နေညိုချိန်တိုင်း။

Thursday, February 03, 2011

ကိုဉာဏ် (ပန်းလောင်မြေ) ၏ ကဗျာစုတ်ချက်များ


စာအုပ်ထဲမှာ ဟိုနားတစ်ပုဒ်၊ ဒီနားတစ်ပုဒ် ရေးထားတာလေးတွေကို အချိန်ရတုန်းလေးမှာ ပြန်တင်ပေးလိုက်ပါတယ်ဗျာ။ စာဖတ်သူတွေနဲ့ ကျွန်တော့်ခံစားချက်တွေ တူခဲ့ရင် အချို့သောကဗျာလေးတွေဟာ လှနေမယ် ထင်ပါရဲ့။ ကျေးဇူးပါဗျာ။

လွမ်းရင်း ချစ်နေကြသူများ
တွေ့စဉ်လည်းချစ်
ကွယ်လည်းချစ်တယ်
အလွမ်းမြစ်တော့ စီးပေါ့ကွယ်။

ငါ.... ငါ.... ငါ....
ငါလိုလူသား
ရှာမှရှားဟု
အကြွားဂုဏ်ထောင်
သင်မဆောင်နဲ့
ငါလိုလူတွေ အများကြီး....။

အနိစ္စ
မျက်စိတစ်မှိတ်
သက်ရှူတိတ်မှာ
အိပ်သည်အလား
ဘ၀ခြားပေါ့
သြော်... အနိစ္စပါတကား။

ကဗျာဆရာ
တွေ့ရာမြင်ရာ
ကြုံလေရာကို
ကာရန်ဖွဲ့စပ်
ကလောင်သွက်ဖြင့်
မြွက်ကြွားဝေမျှ
ရေးလိုပသည်
ဤလည်း ၀ဋ်ကြွေးပါတကား...။

ဘ၀ပန်းချီ
သွားကြလာကြ
ပြောကြဆိုကြ
အော်ကြဟစ်ကြ
ဆဲကြဆိုကြ
ပြုံးကြမဲ့ကြ
ရယ်ကြမောကြ
ငိုကြယိုကြ
မောက်မာကြ ကောက်ကျစ်ကြ
အောက်ကျို့ကြ မျက်နှာချိုသွေးကြ
ဟိန်းဟောက်ကြ အနိုင်ကျင့်ကြ
မေတ္တာပွားကြ ကူညီကြ
...........ကြ ..............ကြ
...................................
........... ............. ...................။

ဒါကမလို
ဒါကပိုဟု
ဟိုဒီဆွဲနုတ်
ပယ်မထုတ်နှင့်
အဟုတ်ဆေးရောင်
ဓိပ္ပါယ်ဆောင်၏
နေ့စဉ်ပန်းချီကားချပ်ပါတကား....။

အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၃ ရက် (ကြာသပတေးနေ့)
နေ့လည် ၂ နာရီ ၃၂ မိနစ်။

Friday, October 29, 2010

အလွမ်းရာသီ - ကိုဉာဏ် (ပန်းလောင်မြေ)


နေထွက်လေပြီ၊ စိတ်ကရည်သည်
တီတာငှက်ကျေး၊ တေးသံပေးလည်း
ဝေးလျက်ဖော်ကွာ၊ မပျော်ရှာခဲ့။

နွေနေ့လမ်းမ၊ ငရဲမျှသို့
ပူစွရာသီ၊ မှတ်မရည်ခဲ့
ရင်တွင်းလွမ်းမီး၊ ပိုလျှံငြီး၍။

မိုးစက်မိုးပေါက်၊ တဖြောက်ဖြောက်လည်း
စက်ပြောက်မထင်၊ ကျွန်မမြင်ခဲ့
ရင်လွမ်းမိုးဖွဲ၊ ပိုကာသည်း၍။

နှင်းငွေ့သိုင်းခြုံ၊ မြူမှိုင်းမှုန်လည်း
ရင်ခုန်ကြည်နူး၊ မပျော်မြူးခဲ့
ရည်စူးမျက်ရည်၊ ရင်တွင်းဝေ၍။

နေလုံးနီနီ၊ နောက်သို့မှီပြီ
ချိန်မီအိပ်တန်း၊ ငှက်ပျံသန်းတို့
ဒီအလွမ်းဒဏ်ရာ၊ ဝေဒနာကို
ချီကာပျံသန်း၊ ကူညီစမ်းပ
ရော်ရမ်းမျှော်မှန်း၊ ရင်ဝယ်လွမ်း၍။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)

Thursday, October 28, 2010

မာတောဝါဒ ဆုံးမစာ


ရွှေကျောင်းဆရာတော် ဦးပညာ (မြန်မာ ၁၁၄၀-၁၂၀၀) ရေးသည်။
(၁)
ရိုညွတ်ကြည်စွာ၊ မြတ်ဆရာ၌၊ မကွာထံပါး၊ ပျပ်ဝပ်တွားလျက်၊ တည်ကြားကြုံ့ကြုံ့၊ မယွင်းယုံ့လျှင်၊ နှုတ်တုံ့မလှန်၊ ပန်းသို့ပန်၍၊ နေဟန်ကျစ်လျစ်၊ ကြောက်ချစ်ရိုသေ၊ လုပ်ကျွေးထွေဖြင့်၊ မြုတေလျှံပြေး၊ ကျောက်ကောင်းသွေးသို့၊ ပြန်မေးပျော်မွေ့၊ မငြီးငွေ့ဘဲ၊ တစ်နေ့သုံးခေါက်၊ ၀င်ရောက်ခစား၊ ၀တ်ငါးပါးလည်း၊ မမှားကျင့်နေ၊ ပြည့်စုံစေမှ၊ ခွဲဝေစိတ်ဖန်၊ အတန်တန်ကို၊ မကျန်ထိုးထွင်း၊ သိစေလျင်းသော်၊ မယွင်းမချွတ်၊ ပုဒ်ပါဋ္ဌ်ဂါထာ၊ အလင်္ကာနှင့်၊ ကဗျာရတု၊ ဖတ်ရွတ်မူလည်း၊ ငါးခုရပ်ဋ္ဌာန်၊ ကာရန်ပိုဒ်ပြည့်၊ ဓိပ္ပါယ်ရှည်လျက်၊ မျှော်ကြည့်ဉာဏ်မြူး၊ သူ့ထက်ထူးအောင်၊ မလူးမလွန့်၊ စက်နှယ်ရွန့်၍၊ ကွန့်ကွန့်နှုတ်ဝယ်၊ ပြတ်စေမင်း။

(၂)
လူရေးလူရာ၊ အဖြာဖြာ၌၊ လိမ္မာသိစေ၊ တတ်ကြောင်းဖွေ၍၊ မနေကြိုးကုတ်၊ အားအန်ထုတ်လျက်၊ မယုတ်စေထ၊ ၀ီရိယနှင့်၊ လုံ့လပင်ခိုင်၊ သံကျောက်တိုင်သို့၊ ခက်ဆိုင်ပညာ၊ ချိုမြတ်စွာသား၊ ချမ်းသာသီးပွင့်၊ ထူးထက်မြင့်တည့်၊ ထပ်ဆင့်ပွားလှောင်၊ သားထွေးမောင်လျင်၊ မရှောင်မပြေး၊ ကြိုးနှယ်ထွေးလော့၊ လက်ရေးလက်သား၊ စသည်များလည်း၊ မလျားမထောင့်၊ မမျှောင့်မယွင်း၊ မချွန်းမရှည်၊ မလည်မယိမ်း၊ မတိမ်းမငဲ့၊ မရွဲ့မစောင်း၊ မပျောင်းမယွတ်၊ မပွတ်မတွန့်၊ မလွန့်မထွတ်၊ မယှက်မမြှေး၊ မထွေးမပူး၊ မလူးမနွဲ့၊ မကျဲမစိတ်၊ မလိပ်မခွေ၊ တင့်ကြောင်းဝေမှ၊ အနေရှုအီ၊ ရွဲလုံးစီသို့၊ တညီသေချာ၊ အက္ခရာနှင့်၊ ရှေ့လာအမြစ်၊ အရစ်အပင့်၊ အဆင့်အတင်၊ အငင်အဆွဲ၊ တံခွန်ဝှဲလည်း၊ မလွှဲနှိုင်းညှိ၊ စက်ဖြင့်တိသို့၊ တရှိပုံတူ၊ တတ်ကြောင်းမူ၍၊ မြင်သူနှလုံး ဆွတ်စေမင်း။

(၃)
လောကလူတွင်၊ လမ်းသို့ထင်သည်၊ ဂုဏ်အင်ပညာ၊ မရှိရှာက၊ စေပါလက်သုတ်၊ လွန်ညံ့ယုတ်သား၊ မှိတ်တုတ်မီးခဲ၊ မပြောင်ရဲသို့၊ ဖန်လဲခေါက်ခေါက်၊ သူ၏နောက်ဝယ်၊ ချွေးပေါက်ကျယို၊ ဖတ်ဖတ်စိုမျှ၊ သက်ဖိုပန်းပင်၊ မရွှင်ပြောင်းနွမ်း၊ တသမ်းသမ်းနှင့်၊ ၀န်ထမ်းလှေခတ်၊ ဖြစ်တို့တတ်ရှင့်၊ တမှတ်မယွင်း၊ ပညာကင်းက၊ ရွှေဟင်္သာလယ်၊ ဗျိုင်းသဖွယ်လျှင်၊ ပွဲလယ်မတ်လတ်၊ မလျှောက်မတ်ရှင့်၊ မြ၀တ်ဆံရည်၊ သို့ဖြစ်သည်ကြောင့်၊ အရှည်အတို၊ တတ်ထိုထိုဝယ်၊ ကော်ကျိုသောလား၊ မှုန့်မှုန့်တွားအောင်၊ ကြိုးစားမပျင်း၊ သင်မှတ်ခြင်းဖြင့်၊ ရှင်းလင်းသေချာ၊ အရာရာကို၊ လိုခါစမ်းတိုင်း ရစေမင်း။

(၄)
မကောင်းမှုညစ်၊ သူမိုက်စစ်နှင့်၊ အချစ်ဖွဲ့ငြား၊ ပေါင်းယှက်မှား၍၊ ကျေထွားပျက်စီး၊ ထုံးတသီးလည်း၊ အစီးငါးရာ၊ လှည်းများစွာတွင်၊ ဘဏ္ဍာရောင်းဝယ်၊ ကုန်စလယ်နှင့်၊ အကျယ်ဉာဏ်အား၊ ရှေ့တည့်သွားသည်၊ ယောက်ျားလှည်းမှူး၊ ငရဲဘူးကို၊ ဘီလူးဖမ်းစား၊ ရွတ်ရွတ်ဝါး၍၊ လှည်းသားငါးရာ၊ တူမကွာလျှင်၊ ခန္ဓာပျက်ရှုံး၊ အသက်ဆုံး၏၊ နှလုံးကြွပ်ဆတ်၊ ဇာတသတ်ကား၊ ဒေ၀ဒတ်ကြီး၊ ခင်ပွန်းမီးကို၊ ထံနီးတစိ၊ ပေါင်းယှက်မိ၍၊ သက်ရှိစိုးရိမ်၊ ခန္ဓာငြိမ်လည်း၊ ပါယ်အိမ်ခေါင်းအုံး၊ မီးလျှံဖုံး၏၊ ရှေးထုံးလမ်းပြ၊ သာဓကကို၊ ယူဆမြော်ထောက်၊ ထိတ်လန့်ကြောက်၍၊ ထပ်လှောက်တုန်ဧ မြစေမင်း။

Tuesday, October 26, 2010

ရှင်လူထွက်သစ် - ရှင်ငြိမ်းမယ်


ချစ်တဲ့သူငယ်လေ၊ သူငယ်ချင်းကောင်း၊ ယောင်းမတို့လေ၊ ရှင်လူထွက်သစ်၊ ဆယ့်သုံးနှစ်က၊ ချစ်တဲ့သူကို၊ အယူတခြား၊ မိထွေးများက၊ ဆီးတားဆို၊ ရစ်ကို ထောင်ကာထားရတယ်။

နွမ်းနယ်တစေ့၊ ရှေးကပါ ကြမ္မာငွေ့ကြောင့်၊ မတွေ့ရတာ၊ ကြာတောင်းကြာမှ၊ မျက်နှာတူရူ၊ သူလည်းအလာ၊ မယ်သာအမျှော်၊ နေ၀င်ကျော်၊ ဒွေးတော်အိမ်ပါး၊ တောင်ဆီနားသို့၊ ယာသွားပို့ပြန်၊ စောင်လျားခြံနှင့်၊ လက်ပံပင်ရှေ့၊ ကျဉ်းမြောင်းကွေ့ တွေ့သောခါ၊ ပုဝါယက်သစ်၊ မယ်ကပေးတဲ့၊ ပိုးသေးမည်းပါ၊ ခေါင်းပေါင်းပြာ၊ လည်မှာရစ်လို့၊ ဖွင့်လှစ်ကယ် မဆို၊ ပခုံးဘယ်တင်၊ မယ့်ကျောပြင်၊ လက်တင်ရပ်လို့၊ မတ်တတ်ကယ်ငို။

မောင့်ကိုစိမ်းကား၊ မယ်နှမက ဆိုသလား၊ တို့ချစ်ခြင်း ကွင်းအောင်တစေ၊ နေ့တိုင်းမွှေတဲ့၊ သက်ကြီးဝန်တို၊ မြင်တိုင်း မုန်းစရာ၊ ကုန်းမအို၊ ရေလို ခန်းခြောက်ပါစေသား။

Saturday, October 23, 2010

အလွမ်းပင်လယ် - ကိုဉာဏ် (ပန်းလောင်မြေ)


ချစ်သူတွေ ဝေးနေရင် လွမ်းရမှာ…
ချစ်သူတွေ ဝေးနေရင် ဆွေးရမှာ…
ချစ်သူတွေ ဝေးနေရင် သတိရမှာ…
ချစ်သူတွေ ဝေးနေရင် ……………..
..… ….… ……
အချစ်တွေကို ခဏသိမ်းထား
အလွမ်းတွေကို ကြိတ်မှိတ်မြိုသိပ်
အခုတော့ အိပ်စက်လိုက်ကြဦးစို့…
အိပ်မက်ထဲမှာ ဆုံကြမယ်လေ…။
…… ……. ……
အိပ်မက်ဆိုတာ လက်တွေ့အတွက်
ပေါင်းကူးတံတားတစ်ခုပါ။
ယုံကြည်ချက်တွေ ခိုင်မြဲ
မျှော်လင့်ချက်တွေကိုင်စွဲလို့
အားတင်းကြဦးစို့ချစ်သူ
ရွှေရောင်လွှမ်းတဲ့တစ်နေ့
မလွဲမသွေရောက်လာလိမ့်မယ်
ကဲ… အခုတော့
အလွမ်းပင်လယ် ရေပြင်ကျယ်မှာ ကူးခတ်ကြဦးစို့ရယ်…။

အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ်၊ အောက်တိုဘာလ ၂၁ ရက်၊ ကြာသပတေးနေ့။
နံနက် ၂ နာရီ ၅၃ မိနစ်တွင်ပြီး၏။

Wednesday, October 20, 2010

သစ်ရွက်ပုံပြင် - ကိုဉာဏ် (ပန်းလောင်မြေ)


စိမ်းစိမ်းဖားဖား
ငွါးငွါးစွင့်စွင့်
လှပစုံစွာ
ရှိခဲ့ပါလည်း
ဝေရာမှကြွေ
ကြွေရာမှခြောက်
ခြောက်ရာမှဆွေး
ဆွေးရာမှပျောက်
ဘယ်ကိုရောက်သည် မသိပြီ။

ငါဟဲ့လူသား
မာနများနှင့်
ငါကားဘာကောင်
ဘ၀င်ဆောင်ခဲ့
နောင်ခါတစ်နေ့
ခန္ဓာရွေ့သော်
ဘယ်ကိုရောက်မည် မသိပြီ။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ်၊ အောက်တိုဘာလ ၂၀ ရက်၊ ဗုဒ္ဓဟူးနေ့။
နံနက် ၁ နာရီ ၃၀ မိနစ်တွင်ပြီး၏။

 
Web Statistics