Showing posts with label အထွေထွေ-Various. Show all posts
Showing posts with label အထွေထွေ-Various. Show all posts

Thursday, January 22, 2015

အာဆီယံထဲက မြန်မာ


ကိန်းဂဏန်းအချက်အလက်တွေက ပြောပြတဲ့ မြန်မာနိုင်ငံအကြောင်းကို မြန်မာ့သွေးမိတ်ဆွေတွေအတွက် ပြန်လည်ဝေမျှပါတယ်။ တချို့အချက်အလက်တွေက လက်ခံဖို့ ခက်ခဲကောင်း ခက်ခဲနိုင်ပေမယ့်လည်း လုံးလုံးကြီး လွဲသွားတာမျိုးတော့ မရှိဘူးလို့ ကျွန်တော်က မြင်မိပါတယ်။ ဘာပဲဖြစ်ဖြစ် အနည်းဆုံးတော့ ဗဟုသုတအဖြစ် လေ့လာထားသင့်တယ်လို့ ထင်မြင်မိကြောင်းပါ။ ကိန်းဂဏန်းတွေက ခုနှစ်သက္ကရာဇ် တစ်ခုတည်းကဟာတွေ မဟုတ်တာကိုတော့ နားလည်ပေးစေလိုပါတယ်။ ဒါပေမယ့် အနီးစပ်ဆုံး နောက်ဆုံး ၃ နှစ်အတွင်းက အချက်အလက်တွေနဲ့ ရေးဆွဲထားတဲ့ ပုံလေးတွေကိုပဲ ရွေးတင်ပေးထားတာပါ။ အာဆီယံနိုင်ငံတွေအကြောင်း လေ့လာရင်းနဲ့ ကိုယ့်မြန်မာအကြောင်းလည်း သိနိုင်လိမ့်မယ်လို့ ယုံကြည်မိကြောင်းပါ။















Monday, January 19, 2015

လူသားဆန်မှုတွေ ပျောက်ဆုံးကုန်ပြီလား



နည်းပညာ အံ့မခန်း တိုးတက်လာမှုက လူသားတွေရဲ့ ဘ၀တွေကို ပြောင်းလဲသွားစေခဲ့တယ်လို့ ဆိုကြပါတယ်။ နည်းပညာပစ္စည်းတွေကြောင့် ကျွန်တော်တို့တွေရဲ့ လူနေမှုအဆင့်တွေ မြင့်မားလာတယ်၊ အရာရာကို အလွယ်တကူ ဆောင်ရွက်လုပ်ကိုင်နိုင်လာတယ်။ သိချင်တာတွေကို ခဏချင်းအတွင်းမှာ ရှာနိုင်၊ ဖွေနိုင်၊ သိနိုင်နေကြပြီလို့ ဂုဏ်ယူကြတယ်။ အခန်းထဲက အပြင်မထွက်ဘဲ အိမ်ကနေ ဈေးဝယ်လို့ ရနေပြီ။ ကမ္ဘာမြေကြီးရဲ့ ဘယ်နေရာမှာဖြစ်ဖြစ် ရောက်နေတဲ့ ဆွေမျိုးသားချင်း မိတ်ဆွေ အပေါင်းအသင်းတွေနဲ့ ဆက်သွယ်လို့ရနေပြီ၊ စကားပြောလို့ရနေပြီ၊ မျက်နှာမြင်လို့ရနေပြီ။ လူနေမှုပုံစံတွေ ပြောင်းလဲသွားတာကတော့ အမှန်ပါပဲလေ။ ဒါပေမယ့် အဲဒါနဲ့အတူ ကျွန်တော်တို့တွေ ရှောင်လွှဲမရဘဲ ရင်ဆိုင်ကြုံတွေ့ နေရတာတွေလည်း ရှိပါသေးတယ်။ လူသားက လူသားမဆန်တော့ဘူးလို့ ငြီးတွားသူတွေလည်းရှိရဲ့။ လူသားရဲ့ အနှစ်သာရတွေ ပျောက်ဆုံးကုန်ပြီလို့ ၀မ်းနည်းနေကြသူတွေလည်း မရှား။ ရုပ်ဝတ္ထုပစ္စည်းတွေနောက်ကို ကောက်ကောက်ပါအောင် လိုက်ကုန်ကြတော့ သဘာဝတရားတွေကို ပစ်ပယ်လာကြပြီ၊ တန်ဖိုးထားရမှန်း မသိတော့ဘူးလို့ မချိတင်ကဲ ဖြစ်ကြသူတွေလည်း ဒုနဲ့ဒေးပေါ့။


ဒီနေ့ခေတ်ရဲ့ နည်းပညာတွေအကြောင်း အားလုံးက နောကျေအောင် သိထားပြီးသားမို့ အထူးအထွေ ပြောပြစရာ မလိုပါဘူးလေ။ ဒါပေမယ့် နည်းပညာတွေနဲ့အတူ ကျေနပ်မနေဘဲ ကျွန်တော်တို့တွေ ရင်ဆိုင်နေရတဲ့၊ အမှုမဲ့အမှတ်မဲ့ ဖြစ်နေကြတဲ့ ကိစ္စရပ်လေးတွေကို ထောက်ပြဝေဖန်ထားသူတွေရဲ့ လက်ရာလေးတွေကို ကြည့်ရှုခံစားကြည့်ပါဦး။ အတွေးတစ်ခုခု၊ ခံစားမှုတစ်ခုခုတော့ ရကောင်းပါရဲ့ဗျာ။










Thursday, January 15, 2015

လူပြောများနေတဲ့ အနုပညာ


Cristina Guggeri ဆိုတဲ့ အမျိုးသမီး ပန်းချီပညာရှင်တစ်ဦး ဖန်တီးထားတဲ့ အနုပညာလက်ရာတွေဟာ အခုလောလောဆယ် အွန်လိုင်းပေါ်မှာ လူပြောများလို့ နေပါတယ်။ ဖန်တီးသူက သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ အဲဒီပုံတွေကို The Daily Duty လို့ နာမည်ပေးထားတဲ့ အယ်လ်ဘမ်နဲ့ ပြန်လည်ဝေမျှခဲ့တာ ဖြစ်ပါတယ်။

သူ့ရဲ့ ဖေ့စ်ဘုတ် စာမျက်နှာပေါ်မှာတော့ အဲဒီဖန်တီးမှုတွေနဲ့ ပတ်သက်ပြီး ဝေဖန်ပြောဆိုကြတာ သိပ်မတွေ့ရဘဲ အခြားလူမှုကွန်ရက် စာမျက်နှာတွေမှာတော့ ချီးကျူးကြတာရော၊ ရှုံ့ချကြတာရော၊ ဝေဖန်ကြတာရော စုံလင်နေတာ တွေ့မြင်ရပါတယ်။ အချို့က ဆန်းသစ်တဲ့ ဖန်တီးမှုတွေအဖြစ် ချီးကျူးကြပြီး အချို့ကတော့ လက်ခံဖို့ အနည်းငယ် ခက်ခဲကြောင်း ဝေဖန်ကြပါတယ်။ ပြင်းပြင်းထန်ထန် ဝေဖန်ကြသူတွေကတော့ ဘာသာရေးအမြင်နဲ့ ကြည့်ကြသူတွေပါ။ သူတို့တွေ ပြောတာကတော့ ပုပ်ရဟန်းမင်းကြီးလို၊ ဒလိုင်းလားမားလို ပုဂ္ဂိုလ်မျိုးတွေကို အခုလို ရေးဆွဲထားတာဟာ အနည်းငယ် စော်ကားသလို၊ လှောင်ပြောင်သလို ဖြစ်စေတယ်လို့ ထောက်ပြကြသလို စော်ကားသလို ဖြစ်စေတယ်လို့လည်း မြင်ကြသူတွေ ရှိကြပါတယ်။ အချို့တွေကတော့ ရယ်စရာတစ်ခု၊ ဆန်းသစ်မှုတဲ့ ဖန်တီးမှုတစ်ခုအဖြစ်သာ ရှုမြင်ကြတာကို တွေ့ရပါတယ်။

ပြည်ပမှာ အခြေစိုက်တဲ့ မြန်မာသတင်းဌာနတစ်ခုက အဲဒီဖန်တီးမှုတွေကို ပြန်လည်ဝေမျှရာမှာ ကွန်းမန့်တွေ မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ အပြိုင်အဆိုင် တိုက်ခိုက်နေကြတာကို မြင်တွေ့ရပါတယ်။ သတင်းဌာနက ရေးသားရာမှာလည်း မြန်မာနိုင်ငံမှာသာဆို ဒီလိုပုံမျိုးတွေ ရေးဆွဲခဲ့ရင် ဥပဒေအရ အရေးယူခံရနိုင်တယ်လို့ ဖွ ပေးထားတာကို ဖတ်ရပါတယ်။ အဲဒါကို ထောက်ခံတဲ့လူတွေက မြန်မာနိုင်ငံက လူတွေက အနုပညာကို နားမလည်သလို၊ မခံစားတတ်သလို၊ အမြင်မကျယ်သလို အပြစ်တင် ဝေဖန်ကြပြီး မြန်မာပြည်က နိုင်ငံရေးခေါင်းဆောင်တွေ၊ ဘာသာရေးခေါင်းဆောင် ဘုန်းတော်ကြီးတွေလည်း အခုဖန်တီးမှုတွေမှာ ပြထားသလို နေ့စဉ်အလုပ်တွေ လုပ်နေကြတာပဲ။ သူတို့ကိုလည်း အဲဒီလိုဆွဲရင် လက်ခံရမယ်လို့ ပြောဆိုကြပါတယ်။ ဒီအမြင်ကို ကန့်ကွက်ကြသူတွေကတော့ အနောက်ယဉ်ကျေးမှုနဲ့ အရှေ့တိုင်းယဉ်ကျေးမှုကို တန်းမညှိဖို့နဲ့ ဓလေ့ ထုံးတမ်း ယဉ်ကျေးမှု အစဉ်အလာတွေ မတူညီတာကို နားလည်ကြဖို့ ပြန်လည်ဖြေရှင်းကြပါတယ်။ အချို့တွေကတော့ လူငယ်ပီပီ ပွင့်ပွင့်လင်းလင်းပဲ အဆိုပြု ကြပါတယ်။ ဒီလို ဖန်တီးမှု အနုပညာတွေကို လက်ခံတယ်ဆိုရင် ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကိုပဲ အရင်ဆုံး ဆွဲကြည့်ပါလားတဲ့။

ကျွန်တော့်အမြင်ကတော့ အဲဒီဖန်တီးမှုတွေထဲက လူတွေနေရာမှာ ကိုယ့်အဖေ၊ ကိုယ့်အမေ၊ ကိုယ့်ဇနီး၊ ကိုယ့်သမီးဖြစ်နေရင် ဘယ်လိုမျက်စိနဲ့ ကြည့်ကြမလဲလို့ မေးခွန်းထုတ်ချင်တာပါပဲ။ ဒီလိုပုံတွေကို ဧည့်ခန်းထဲချိတ်ပြီး ဂုဏ်ယူဝံ့ကြွားစွာ ကြည့်ရှုခံစားနိုင်လောက်တဲ့အထိ ကျွန်တော်ကိုဉာဏ် အနုပညာအခံ မရှိတာ၊ အမြင်မကျယ်တာ၊ ခေတ်မမီတာကိုတော့ နားလည်ပေးကြပါဗျာ။

လူပြောများနေတဲ့ အနုပညာ ဖန်တီးမှုလေးတွေကို ကြည့်ရှုခံစားကြည့်ပါဦး။ ပုံတွေအားလုံးကို မူလဖန်တီးသူရဲ့ ဖေ့စ်ဘုတ် စာမျက်နှာ (Cristina Guggeri) ကနေ ကူးယူထားတာ ဖြစ်ပါတယ်။










Thursday, September 12, 2013

မှတ်တမ်းတင်ထားချင်သည့် ဟိုးလေးတကြော်များ


သိပြီး၊ ဖတ်ပြီး၊ မြင်ဖူး၊ တွေ့ဖူးသောသူ အများစုဖြစ်မည်ဟု ယုံကြည်ပါသည်။ ကျွန်တော့်မိတ်ဆွေများ အတွက်ဆိုသည်ထက် ကျွန်တော့်ဘလော့ဂ်တွင် မှတ်တမ်းတစ်ခုအနေဖြင့် သိမ်းဆည်းထားလိုသည့် ရည်ရွယ်ချက်က ပိုများပါကြောင်း ၀န်ခံလိုပါသည်။ အင်တာနက်ပေါ်မှာ ဟိုးလေးတကြော် ဖြစ်ခဲ့သမျှတွေထဲက ကျွန်တော်စိတ်ဝင်စားသည်များကို ပြန်လည်တင်ထားခြင်းသာ...။

(က)
လတ်တလော အင်တာနက်ပေါ်တွင် လူအများ လက်ဆင့်ကမ်း ဖြန့်ဝေပြောဆိုဝေဖန်မှု အများဆုံး အကြောင်းအရာတစ်ခုဟု ဆိုရပါမည်။ လိုရင်းကတော့ မြန်မာနိုင်ငံက ကမ္ဘာ့ဘဏ်သို့ ပေးဆပ်ရမည့် အကြွေးက ၁ ဘီလီယံနီးပါး ရှိသည်ဟုဆိုသည်။ အဆိုပါအကြွေးကို ကမ္ဘာ့ဘဏ်က လျှော်ပစ်လိုသော်လည်း မြန်မာနိုင်ငံမှ နိုင်ငံခြားဘဏ်များသို့ အပ်နှံထားတဲ့ ငွေစာရင်း ငါးခုဟာ စုစုပေါင်းတန်ဖိုး အမေရိကန်ဒေါ်လာ ၁၁ ဘီလီယံနီးပါး ရှိနေတဲ့အတွက် မြန်မာနိုင်ငံရဲ့ အကြွေးတွေကို လျှော်ပစ်ခြင်း မပြုလုပ်နိုင်ကြောင်း သိရှိရပါတယ်။ အခုအချိန်မှာ အားလုံးက စိတ်ဝင်တစား ဖြစ်နေတာကတော့ မြန်မာနိုင်ငံက အကောင့်ငါးခုဟာ ဘယ်သူတွေပိုင်ဆိုင်တဲ့ အကောင့်တွေလဲ ဆိုတာပါပဲ။ ဘယ်သူ့နာမည်နဲ့ လုပ်ထားတဲ့အကောင့်တွေလဲ၊ ဘယ်လိုရပေါက်ရလမ်း တွေကနေ အဲဒီငွေတွေ ရခဲ့သလဲဆိုတာ စိတ်ဝင်စားစရာပါ။ ဆက်လက်ကြားသိရမယ့် သတင်းတွေကို စောင့်မျှော်ဖတ်ရှု နားထောင်ရုံမှတစ်ပါး အခုတော့.....။

(ခ)
အထက်ကဓာတ်ပုံမှာ မြင်တွေ့ရသူကတော့ Lisa Sparks ဆိုတဲ့ အမျိုးသမီးပါပဲ။ ဘာဖြစ်လို့ သူ့ကို တကူးတက မှတ်တမ်းတင်ရသလဲဆိုတော့ အဲဒီအမျိုးသမီးဟာ ထူးထူးခြားခြား မည်သူမျှ စိတ်ကူးယဉ်ခြင်းငှာ မစွမ်းဆောင်နိုင်တဲ့ တစ်ရက်အတွင်းမှာ အမျိုးသားပေါင်း ၉၁၉ ဦးနဲ့ အတူအိပ်ခဲ့လို့ ဖြစ်ပါတယ်။ အဲဒီလို အိပ်စက်မှုဟာ စံချိန်မှတ်တမ်းသစ်တစ်ရပ် ဖြစ်ခဲ့တယ်လို့လည်း ဆိုပါတယ်။ ထူးခြားတာ၊ ဆန်းသစ်တာ၊ ဖောက်ထွက်တာတွေကို ကြိုဆိုပေမယ့် အခုလိုမျိုး လုပ်ရပ်တွေကိုတော့ ကျွန်တော်ကိုဉာဏ် လိုက်လို့မမီတဲ့၊ ဉာဏ်မမီတဲ့ အကြောင်းအရာတစ်ခုအဖြစ် စာရင်းသွင်းလိုက်ကြောင်းပါ။ ကျွန်တော်တို့ မြန်မာအမျိုးသမီးတွေမှာ အဲဒီလို စိတ်ကူးစိတ်သန်းတွေ မရှိတာနဲ့တင် ဂုဏ်ယူလှပါပြီ။ သူ့လိုလည်း စံချိန်တွေ မချိုးကြစေချင်ပါ။ :D

(ဂ)
နယ်မြို့တစ်ခုက ဆီးဂိမ်းလှုံ့ဆော်ရေးပိုစတာဟာ လှုံ့ဆော်ရာမရောက်ဘဲ လှုံ့ရှော်ရာ ရောက်သွားတဲ့ အတွက် ပြောဆိုဝေဖန်စရာ ဖြစ်နေရပြန်ပါတယ်။ မြန်မာနိုင်ငံက အလံအရောင်တွေကို ကိုယ်စားပြုပြီး ဒီဇိုင်းရေးဆွဲရာမှာ ပုံမှာမြင်ရတဲ့အတိုင်း အရောင်တွေ အထက်အောက် ပြောင်းပြန်ဖြစ်နေတာကို ဝေဖန်မှုတွေ ပြုလုပ်ခဲ့ကြခြင်း ဖြစ်ပါတယ်။ မှားတဲ့အခါလည်း မှားပေမပေါ့လို့ စိတ်ထဲမှာ မှတ်သားမိပါတယ်။

(ဃ)
ပုံထဲမှာမြင်ရတဲ့ ရှေ့ဆုံးက ခါးတောင်ကျိုက်နဲ့ ပုဂ္ဂိုလ်ဟာ အခြားမဟုတ်ပါ။ ပဲခူးတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဉာဏ်ဝင်း ဖြစ်ပါတယ်။ ပဲခူးဒေသအတွင်း ရေကြီးမှုတွေ ဖြစ်ပေါ်တဲ့ဒေသတွေကို သွားရောက်စစ်ဆေး ကြည့်ရှုနေတဲ့ပုံ ဖြစ်ပါတယ်။ မှတ်တမ်းတင်ချင်တာက ဒီဓာတ်ပုံ မဟုတ်ပါဘူး။ ဒီဓာတ်ပုံက ကျွန်တော်ပြောချင်တဲ့ ဓာတ်ပုံထွက်ပေါ်ပြီး တစ်ရက်လောက်ကြာမှ ထွက်လာတဲ့ဓာတ်ပုံပါ။ သူ့အရင် ထွက်ခဲ့တဲ့ဓာတ်ပုံမှာ ၀န်ကြီးချုပ်ဟာ လှေသစ်ကြီးတစ်စင်းပေါ်မှာ ထိုင်နေပြီး ကျန်တဲ့လူတွေက ဘေးကနေ လမ်းလျှောက်နေတဲ့ပုံ ဖြစ်ပါတယ်။ အင်တာနက်ပေါ်မှာ ဘာပြောကောင်းလိုက်မလဲ။ ပြန်လည်ဝေမျှပြီး ဝေဖန်လိုက်ကြတာ ရစရာကို မရှိပါဘူး။ အချို့ဆိုရင် ထိုင်းဝန်ကြီးချုပ် ယင်လတ်ရှင်နာဝပ် ရေကြီးတဲ့ဒေသတွေကို လိုက်စစ်နေတဲ့ဓာတ်ပုံနဲ့ တွဲဖက်ဖော်ပြ ခဲ့ကြပါတယ်။ ရေကြီးတာကို လိုက်ကြည့်တဲ့ ၀န်ကြီးချုပ်က ရေစိုမှာကြောက်ပြီး လှေပေါ်ကနေ သွားတယ်ဆိုပြီး ဝေဖန်တဲ့စာတွေဟာ ဖတ်လို့တောင် မကုန်ပါဘူး။ အဲဒီလို ပက်ပက်စက်စက် ပြောဆိုရေးသား နေကြတုန်းမှာပဲ နောက်တစ်နေ့မှာ အပေါ်ကဓာတ်ပုံ ထွက်ပေါ်လာပြီး လူတွေ ဝေဖန်နေကြတဲ့ ဓာတ်ပုံဟာ ၀န်ကြီးချုပ် လှေစီးပြီး လိုက်စစ်တာမဟုတ်ဘဲ ရေကြီးတဲ့ဒေသတွေကို ထောက်ပံ့ပေးမယ့် လှေသစ်တွေကို စစ်ဆေးကြည့်ရှုတာ ဖြစ်တဲ့အကြောင်း ဖြေရှင်းချက်တွေ ထွက်ပေါ်လာပါတယ်။ ဘာပဲဖြစ်ဖြစ် အဲဒီဓာတ်ပုံ ပျံ့နှံ့ခဲ့တဲ့ နှစ်ရက်၊ သုံးရက်လောက် ဖေ့စ်ဘုတ် တစ်ခွင်လုံး ရေထဲမှာ ခါးတောင်းကျိုက်ပြီး လျှောက်သွားနေခဲ့ကြတာ အသေအချာပါပဲ။ ပွဲဆူစေခဲ့တဲ့ ဓာတ်ပုံကတော့ အောက်မှာ ဖော်ပြထားတဲ့ဓာတ်ပုံ ဖြစ်ကြောင်းပါခင်ဗျာ။


(င)
အင်တာနက်သုံးစွဲသူ မြန်မာတွေ အားလုံးနီးပါး သိပြီးသားမို့ အထူးအထွေ မိတ်ဆက်ပေးဖို့ လိုမယ်မထင်ပါဘူး။ ဓာတ်ပုံထဲမှာ မြင်ရတဲ့ အမျိုးသမီးငယ်က ခင်ဝင့်ပါ ဖြစ်ပါတယ်။ ဘီလာရုစ်နိုင်ငံမှာ ကျင်းပပြုလုပ်ခဲ့တဲ့ Miss Supranational 2013 ပြိုင်ပွဲမှာ ဆန်ကာတင်အဆင့် ၂၀ ဦးထဲကို ၀င်ရောက်နိုင်ခဲ့ပြီး အဆင့် ၁၃ ရရှိခဲ့တဲ့ မြန်မာ့ဂုဏ်ဆောင် အလှမယ်တစ်ဦးပါ။ ဒါ့အပြင် အွန်လိုင်းကတစ်ဆင့် ပိုက်ဆံပေးပြီး မဲပေးယှဉ်ပြိုင်ရတဲ့ Miss Internet ဆုကိုလည်း ရရှိခဲ့ပါတယ်။ အခြားဆုတွေအဖြစ် Most beautiful girl in the world, People choice award, Face of Miss Supranational 2013 တွေကိုလည်း ရရှိခဲ့တယ်လို့ သိရပါတယ်။ ခင်ဝင့်ပါကို မှတ်တမ်းတင်ချင်တာထက် အွန်လိုင်းက မြန်မာတွေရဲ့ သည်းသည်းလှုပ်မှုနဲ့ စည်းရုံးမှုကို မှတ်တမ်းတင်ချင်တာက ပိုပါတယ်။ ပိုက်ဆံပေးပြီးမှ မဲပေးလို့ရတဲ့စနစ်ကို မြန်မာအလှမယ် အနိုင်ရအောင် မဲပေးခဲ့ကြတဲ့ ရွှေမြန်မာတွေရဲ့ စိတ်ဓာတ်ကို ကျွန်တော်က တအံ့တသြနဲ့ မှတ်တမ်းတင်ပါတယ်။ နန်းခင်ဇေယျာနဲ့ ခင်ဝင့်ဝါဟာ မြန်မာ့အင်တာနက်သမိုင်းမှာ မပါအဖြစ် မှတ်တမ်းတင်ရမယ့် သမိုင်းဇာတ်ကောင်တွေပါ။

(စ)
ခင်ဝင့်ပါအကြောင်း ပြောပြီးတဲ့သကာလ တစ်ဆက်တည်းဆိုသလိုပဲ ကျွန်တော့်ရင်ထဲကို ဒိုင်းကနဲ လာဆောင့်ခဲ့တဲ့ ကာတွန်းတစ်ကွက်ကိုလည်း မှတ်တမ်းတင်လိုက်ပါတယ်။ ကြည့်မိဖတ်မိသူတိုင်း နားလည်နေတဲ့ အကြောင်းအရာတစ်ခုကို ကျွန်တော်က ဘာမျှ ဆရာလုပ်စရာမလိုဟု ယူဆပါသည်။ စာဖတ်သူတို့ကိုယ်တိုင် ခံစားကြပါကုန်။

(ဆ)
ဒီအတိုင်းကြည့်ရင်တော့ ဓာတ်ပုံက ဘာလဲဟလို့ မေးစရာရှိပါတယ်။ ဟုတ်ကဲ့... သူ့အကြောင်းနဲ့သူ အဆက်အစပ်နဲ့ဆိုတော့လည်း အဲဒီလို မဖြစ်ပါဘူးခင်ဗျ။ မျက်နှာလည်းမပါ၊ လူလည်းမမြင်ရတဲ့ ဓာတ်ပုံတစ်ခုကို ဘာဖြစ်လို့ မှတ်တမ်းတင်ရသလဲဆိုတော့ ဒီလိုပါခင်ဗျ။ အခုမြင်နေရတဲ့ ဓာတ်ပုံဟာ အမေရိကန် အထက်လွှတ်တော်အတွင်း ဆီးရီးယားအရေးနဲ့ပတ်သက်ပြီး ကြားနာစစ်ဆေးမှု ပြုလုပ်နေစဉ် လွှတ်တော်အမတ်တစ်ဦးဖြစ်တဲ့ ဂျွန်မက်ကိန်းက သူ့ရဲ့ iPhone နဲ့ ပိုကာဖဲ ကစားနေတဲ့ပုံ ဖြစ်ပါတယ်။ အခြားသူတွေရဲ့ အမြင်တွေ၊ ဝေဖန်မှုတွေ အမျိုးမျိုးရှိသလို စာဖတ်သူအနေနဲ့လည်း လွတ်လပ်စွာ သဘောကွဲလွဲ ဝေဖန်နိုင်ကြောင်းပါ။ မှတ်တမ်းတစ်ခုအနေနဲ့ ထည့်သွင်းသိမ်းဆည်းခြင်းပါ။

(ဇ)
ဆရာအော်ပီကျယ်ရဲ့ ကာတွန်းဟာ ရှင်းပြစရာမလိုလောက်အောင် ထိထိမိမိရှိတယ်၊ ပြောင်မြောက်တယ် ဆိုတာ သံသယမရှိပါဘူး။ မြင်တတ်ပါပေ့ ဆရာရယ်လို့ ပြောရမလား၊ တွေးတတ်ပါပေ့ ဆရာရယ်လို့ ချီးကျူးရမလား၊ ကွက်တိဒက်ထိပဲဗျာလို့ ကြုံးဝါးရမလား ကဲ... ကြိုက်တဲ့လူကို မျက်စိထဲမြင်ပြီး ကြိုက်သလိုသာ ခံစားကြပါကုန်။

(စ်)
Miley Cyrus ရဲ့ Wrecking Ball ဆိုတဲ့ MTV ဗီဒီယိုဖိုင်ကို စက်တင်ဘာလ ၉ ရက်နေ့က YouTube မှာ လွှင့်တင်ခဲ့ရာမှာ ဒီနေ့အထိ ၄ ရက်တာကာလအတွင်း အဲဒီဗီဒီယိုဖိုင်ကို ကြည့်ရှုသူပေါင်း ၅၆ သန်း ကျော်သွားပါပြီ။ အံ့သြစရာ အရေအတွက်ဖြစ်ပါတယ်။ တစ်ဆက်တည်း အံ့သြစရာကောင်းတာကတော့ အဲဒီဗီဒီယိုဖိုင်ကို သဘောကျနှစ်သက်ကြောင်း Like လုပ်သူ အရေအတွက်ဟာ ၅ သိန်းကျော်ရှိပြီး သဘောမကျကြောင်း Dislike လုပ်ထားသူ အရေအတွက်ဟာ ၂ သိန်း ၈ သောင်းကျော် ရှိနေတာပါပဲ။ အဲဒီဗီဒီယိုဖိုင်ရဲ့အောက်မှာ ရေးထားကြတဲ့ ကွန်းမန့်ပေါင်းက ၃ သိန်း ၇ သောင်းကျော် ရှိပါတယ်။ အချို့က ကြိုဆိုကြသလို၊ အချို့ကလည်း ဒီလိုမျိုး အရှက်မဲ့ရမလား၊ ဖော်မှချွတ်မှ နာမည်ကြီးတော့မှာလားဆိုပြီး ဝေဖန်အပြစ်တင်ကြတာတွေ ရှိကြပါတယ်။ ဘာပဲဖြစ်ဖြစ် ဒါဟာ ပွင့်လင်းပါတယ်ဆိုတဲ့ သူတို့နိုင်ငံမှာလည်း ယဉ်ကျေးမှုပေတံ၊ အရှက်ပေတံနဲ့ တိုင်းတာတဲ့လူတွေ ဒုနဲ့ဒေး ရှိနေတယ်ဆိုတာကို ပြသနေတာဖြစ်တယ်လို့ ယူဆပါတယ်။ ဘာပဲပြောပြော အခုလတ်တလောကတော့ Miley Cyrus တစ်ယောက် သူမှသူ သတင်းလူသား ဖြစ်နေတော့တာပါပဲ။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၃ ခုနှစ်၊ စက်တင်ဘာလ ၁၂ ရက်၊ ကြာသပတေးနေ့။
မွန်းလွဲ ၁ နာရီ ၄၆ မိနစ်တွင်ပြီး၏။

Sunday, March 24, 2013

ကျွန်တော်သိမ်းထားမိသော အလွဲများ


(က) ပြည်သူ့ဆန္ဒဂျာနယ်
ကောင်းသတင်းတွေထွက်ပြီးတော့သာ နာမည်ကြီးခဲ့မယ်ဆိုရင် ပြည်သူ့ဆန္ဒဆိုတဲ့ဂျာနယ်ကို ကျွန်တော် မဖတ်ဖူးလေခြင်းဆိုပြီး စိတ်မကောင်းဖြစ်မိမှာ၊ နောင်တရမိမှာ အသေအချာပါပဲ။ ဒါပေမယ့် အခုမှပဲ အဲဒီလိုမျိုး ဂျာနယ်ကို ကျွန်တော်တမက်တမော မဖတ်ခဲ့မိတာဟာ အင်မတန်မှကို ဘုရားမတာပါလားလို့ တွေးမိပါတယ်။ ဒီနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့ (ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့) အတွက် အင်တာနက်ပေါ်မှာ ရေပန်းအစားဆုံး အမှတ်တရတစ်ခုလို့ ပြောလို့ရတဲ့ ကဗျာကို ပြည်သူ့ဆန္ဒဂျာနယ်က ယူသုံးပြီး သူတို့ဂျာနယ်မှာ ဖော်ပြလိုက်သတဲ့။ မူလရေးတဲ့လူကိုလည်း ခွင့်မတောင်း၊ ဘေးက၀ိုင်းပြော၊ ကာယကံရှင်က ၀ိုင်းပြောကြတော့မှ ဂျာနယ်ထဲမှာထည့်ပေးတဲ့ စာကိုလည်း ဖတ်ကြည့်ပါဦး။ ဘာပြောရမှန်းကို မသိတော့ဘူးဆိုတာ ဒါမျိုးကိုပြောတာ ထင်ပါရဲ့ဗျာ။ အယ်ဒီတာအဖွဲ့ရဲ့ ယဉ်ကျေးမှု၊ တာဝန်ယူတတ်မှုကို သိခွင့်ရတာမို့ မှတ်တမ်းတင်ထားလိုက်ပါတယ်။ ကျွန်တော့်ဘလော့ဂ်မှာလည်း အဲဒီကဗျာကို တင်ပေးခဲ့ဖူးပါတယ်။ မဖတ်ဖူးသေးသူများရှိရင် ဒီနေရာမှာ ပြန်ဖတ်နိုင်ပါတယ်။

( ခ ) Newsweek ဂျာနယ်
သတင်းရေးသားသူနဲ့ သတင်းအယ်ဒီတာရဲ့ မြန်မာစာကျွမ်းကျင်မှု၊ မြန်မာစာအရေးအသား ပြေပြစ်မှုကြောင့် ရန်ကုန်မြို့တော်ဝန်ခမျာ မင်္ဂလာဈေးကြီး မီးလောင်မှုရဲ့ နောက်ကွယ်ကတရားခံ ဖြစ်သွားရရှာတော့တယ်။ တစ်ခါတလေမှာ ဂျာနယ်တွေရဲ့ အရေးအသားတွေဟာ တမင်များ စဉ်းစားပြီး ရေးထားသလားတောင် အောက်မေ့ရလောက်အောင် ဖြစ်ရပါတယ်။ ကျွန်တော်တို့လို ဖတ်ရသူတွေအတွက် ရယ်စရာ၊ ပြုံးစရာဖြစ်ရပေမယ့် ဒီဂျာနယ်ကိုများ မြို့တော်ဝန်ကြီး ဖတ်ခဲ့မယ်ဆိုရင် သူ့မျက်နှာကြီး ဘယ်လိုဖြစ်သွားမယ်ဆိုတာ မြင်ယောင်ကြည့်မိပြီး မအီမလည်ဖြစ်ရတယ်ဗျာ။ ဂျာနယ်က သတင်းထောက်တွေကို မြန်မာရဲတပ်ဖွဲ့ကိုတောင် ပြောင်းပေးရလောက်အောင် တော်ကြပါပေတယ်ဗျာ။

( ဂ ) လျှပ်တစ်ပြက်ဂျာနယ်
ဆရာမြတ်ခိုင်တို့များ ဘယ်လောက်သြဇာအာဏာရှိသလဲဆိုရင် သမ္မတကိုတောင် ပြောင်းခန့်ပစ်လိုက်သေးတယ်။ သူများနိုင်ငံတွေမှာ စစ်တပ်တို့ဘာတို့က အာဏာသိမ်းပြီး သူတို့ကြိုက်တဲ့ ပုဂ္ဂိုလ်ကို သမ္မတအဖြစ်တင်တာမျိုး သတင်းတွေဖတ်ဖူးပါတယ်။ အခုမှပဲ မြန်မာပြည်မှာ ဂျာနယ်တိုက်တစ်ခုက ဦးစီးပြီး ကိုယ်ကြိုက်တဲ့လူကို သမ္မတတင်တာမျိုး ကြုံဖူးတော့တယ်။ ဆရာမြတ်ခိုင်တို့ လုပ်ချက်ကတော့ မှတ်တမ်းတင်လောက်ပါတယ်ဗျို့။ သူရေးနေတဲ့ စာနယ်ဇင်းသမား အမှားတစ်ထောင် ဆိုသလိုပေါ့။ ဒီတစ်ခုနဲ့ဆိုတော့ အမှား တစ်ထောင့်တစ်ခုပေါ့ဗျာ။

(ဃ) Reporter ဂျာနယ်
အခုအချိန်အထိ မီးမငြိမ်းသေးတဲ့ လက်ပံတောင်းကိစ္စ အစီရင်ခံစာ မထွက်ခင်က ဖော်ပြခဲ့တဲ့ မျက်နှာဖုံးပေါ့ဗျာ။ အဲဒီခေါင်းစဉ်နဲ့ မျက်နှာဖုံးသရုပ်ဖော်ကို စဉ်းစားမိတဲ့ အယ်ဒီတာအဖွဲ့ကို ထိုင်များတောင် ကန်တော့ချင်လိုက်ပါသေးရဲ့ဗျာ။ ဦးဏှောက်ကို ရွှေချထားသင့်တယ်ဆိုတာ ဒီလိုလူတွေကို ပြောတာဖြစ်မယ် ထင်ပါရဲ့ဗျာ။

( င )
ဘယ်ဂျာနယ်မှန်း မမှတ်မိတော့ပါဘူး။ အင်တာနက်မှာ တွေ့ကတည်းက သိမ်းထားခဲ့မိတာပါ။ အခု စုထားတဲ့ဟာတွေကို ပြန်ရေးတဲ့အချိန်ကျ အဲဒီတုန်းက ဘယ်စာမျက်နှာမှာ ဖတ်ခဲ့ရတာမှန်း မသိတော့သလို ဘယ်ဂျာနယ်ကလဲဆိုတာလည်း ပြန်စဉ်းစားလို့ မရတော့ပါဘူး။ စာဖတ်သူများ မြင်တဲ့အတိုင်းပဲ မြန်မာသံအမတ်ကြီး ဦးသိန်းစိန် ပါတဲ့။ ကျွန်တော်တို့ သမ္မတကြီးခမျာလည်း လျှပ်တစ်ပြက်ဂျာနယ်က သမ္မတရာထူးကနေ ဖယ်ရှားပြီး ဒေါက်တာစိုင်းမောက်ခမ်းကို လွှဲပေးတာလည်း ခံရတယ်၊ အခုတစ်ခါ သံအမတ်ကြီးအဆင့်အထိ ရာထူးချထားတာလည်း ခံခဲ့ရရှာပါရောလား။ မြန်မာဂျာနယ်တွေ လုပ်မှပဲ ကျွန်တော်တို့ သမ္မတကြီးလည်း တာဝန်မျိုးစုံ ထမ်းဆောင်ဖူးတော့တယ်။ :D

( စ ) ညှို့မဂ္ဂဇင်းရဲ့ ကတိပြုဝန်ခံချက်
သက်ဆိုးမရှည်လိုက်ရှာတဲ့ ဖက်ရှင်မဂ္ဂဇင်း (ဘုရားစူး.... တကယ့်ကို ဖက်ရှင်မဂ္ဂဇင်းပါဗျာ) တစ်ခုဖြစ်တဲ့ ညှို့ မဂ္ဂဇင်းမှာ အဲဒီအချိန်တုန်းက လျှမ်းလျှမ်းတောက်ဖြစ်နေတဲ့ သတင်းလူသား နန်းခင်ဇေယျာရဲ့ ဓာတ်ပုံတွေကို မပြောမဆို၊ ခွင့်ပြုချက်မတောင်းဘဲ ထည့်သွင်းဖော်ပြခဲ့တဲ့ ပြဿနာနဲ့ ပတ်သက်တဲ့ ကိစ္စပါ။ နန်းခင်ဇေယျာခမျာ Miss ပြိုင်ပွဲမှာ နိုင်ငံ့ဂုဏ်ဆောင်ခဲ့လို့ ၀မ်းသာရမှာလား၊ ယဉ်ကျေးမှုဆိုတဲ့ ဖိအားတွေ အောက်မှာ စိတ်ညစ်ရမှာလား ဖြစ်နေတဲ့အချိန်မှာ ညှို့မဂ္ဂဇင်းက သူ့ဓာတ်ပုံတွေကို ဘာမပြော၊ ညာမပြောနဲ့ ထည့်သွင်းဖော်ပြလိုက်တော့ ဇာတ်လမ်းတွေက ရှုပ်ကုန်ရော။ မရှုပ်ဘဲ ဘယ်နေလိမ့်မလဲဗျာ။ ညှို့မဂ္ဂဇင်း အယ်ဒီတာအဖွဲ့ကသာ သူတို့မဂ္ဂဇင်းဟာ ရှိသင့်သလေး၊ လမ်းသစ်ထွင်တာလေးနဲ့။ အတော်ရယ်ရတယ်။ အဲဒီမဂ္ဂဇင်းမှာ အယ်ဒီတာအဖွဲ့က လူကြီးမင်းတွေရဲ့ သမီးတွေ၊ နှမတွေ၊ အစ်မတွေ၊ တူမတွေ၊ ဆွေမျိုးသားချင်းတွေရဲ့ ဓာတ်ပုံတွေကို ဘာဖြစ်လို့ ထည့်သွင်းဖော်ပြခြင်း မပြုသလဲဆိုတာ မေးလိုက်ချင်တယ်။ နန်းခင်ဇေယျာ ဓာတ်ပုံတွေကလွဲရင် ကျန်တဲ့ဓာတ်ပုံတွေက ဘာအဆင့်အတန်းမှကို မရှိဘူး။ အဲဒီဓာတ်ပုံတွေထက် မောင်စေတန်ရဲ့ ဓာတ်ပုံတွေကမှ အပုံကြီးသာသေးတယ်။ နန်းခင်ဇေယျာ အဲဒီမဂ္ဂဇင်းကို ကြောက်မယ်ဆိုလည်း ကြောက်လောက်ပါတယ်လေ။ ဘယ့်နှယ်... ဒီလောက် လမ်းသစ်ထွင်တဲ့ မဂ္ဂဇင်းမှာတောင် သဇင်တို့၊ ရွှေစင်တို့၊ မိုးဟေကိုတို့၊ မော်ဖူးမောင်တို့ ဓာတ်ပုံတွေကိုတောင် ပါအောင်မထည့်နိုင်တာ အတော်အသုံးမကျတာဘဲလို့ ပြောရမယ်ဗျ။ နန်းခင်ဇေယျာ ဓာတ်ပုံတွေတောင်မှ ခွင့်မတောင်းဘဲ သူတို့သဘောနဲ့သူတို့ ထည့်လိုက်လို့ ကောင်းကောင်းမွန်မွန် ပါလာတယ်လို့ ပြောလို့ရတာ။ မဟုတ်လို့ကတော့... အဟေးဟေးးးးးးးးးး မပြောချင်တော့ပါဘူးဗျာ။ စဉ်းစားသာကြည့်ကြတော့....။ ဒါပေမယ့် သူကတော့ ပြည်သူ့ဆန္ဒထက် သာတာတစ်ခုက မှားတာကို ၀န်ခံသလို၊ တရားဝင်လည်း တောင်းပန်တာပါပဲ။ လူတိုင်းမှားဖူးတာမို့ မှားတာကို ရေးကြီးခွင်ကျယ် လုပ်မနေချင်ပါဘူး။ မှားမှန်းသိတာကို ၀န်ခံတာ၊ တောင်းပန်တာကိုပဲ ချီးကျူးလိုက်ပါတယ်။

(ဆ) ဆရာမြတ်ခိုင်
ဂျာနယ်နာမည်မတပ်ဘဲ ဆရာမြတ်ခိုင်ရဲ့ နာမည်ကို တပ်လိုက်ရတာက အကြောင်းရှိပါတယ်။ ဒီလို လုပ်ရပ်တွေက ဂျာနယ်နဲ့မဆိုင်ဘဲ ဆရာမြတ်ခိုင်ရဲ့ နဂိုဗီဇမို့ပါ။ လျှပ်တစ်ပြက်မှာ မြတ်ခိုင်ရှိရင် လျှပ်တစ်ပြက်က ဒီလိုတွေ ရေးမှာပဲ၊ ဖော်ပြမှာပဲ၊ မော်နီတာကို ဆရာမြတ်ခိုင်ကိုင်ရင် မော်နီတာမှာ ဒီလိုအကြောင်းအရာတွေ ဖတ်ရမှာပဲ၊ အခြားဂျာနယ်တစ်ခုခုမှာ ဆရာမြတ်ခိုင် အယ်ဒီတာချုပ် လုပ်မယ်ဆိုရင်လည်း အဲဒီဂျာနယ်မှာ ဒီလိုမျိုး သတင်းတွေ၊ ဓာတ်ပုံတွေ ဖတ်ရ၊ ကြည့်ရမှာပဲ။ အဲဒါကြောင့် မြတ်ခိုင်ကို ငပွကြီးလို့ သြဘာပေးကြတာ ဖြစ်မယ်ထင်ပါတယ်။ စာနယ်ဇင်းသမားချင်းကျတော့ ဘာပြန်ပြောသံမျှ မကြားရဘူးဗျ။ အုပ်ချုပ်ရေးပိုင်းက ပြန်ကြားရေးဝန်ကြီးဌာနကများ ဒီလို စကားလုံးတွေနဲ့ ရေးကြည့်ပြောကြည့်ပါလားဗျာ... ဟားဟား.. နောက်ထပ်ကမ်ပိန်းတစ်ခု ထပ်ဖြစ်မှာ အသေအချာပဲ။ စာနယ်ဇင်းလွတ်လပ်ခွင့် ချက်ချင်းပေးတို့၊ မီဒီယာဖိနှိပ်မှု ချက်ချင်းရပ်တို့ စသဖြင့်ပေါ့ဗျာ။ အခုတော့ မြွေမြွေချင်း ခြေမြင်ကြသဗျ။ ဓာတ်ပုံတွေက ပြောစရာဖြစ်ရသလို၊ ရေးထားတဲ့ စာသားတွေကလည်း ပြောစရာ ဖြစ်ရပါသဗျာ။ ကိုယ့်ဘာသာကိုယ်သာ ခံစားနားလည်ကြပါကုန်။

( ဇ ) The VOICE Weekly
မီဒီယာပီပီသသ ဘက်မလိုက်ဘဲ သမာသမတ်ကျကျ ရေးထားတဲ့သတင်းကို မြင်တဲ့အတိုင်း ဖတ်ရမှာပါ။ အင်း... ခေတ်သစ်မြန်မာ့သမိုင်းကို ရေးတဲ့အခါ သူတို့ကို ချန်မထားခဲ့ကြဖို့ သမိုင်းပညာရှင်တွေကို လက်တို့လိုက်ပါတယ်ဗျာ။ ကျွန်တော်တို့ ငယ်ငယ်တုန်းက ကလေးချင်း နောက်တတ်ကြတာ ရှိပါတယ်။ ရွာတောင်ပိုင်းမှာ တကယ်ဖြစ်ခဲ့တာက သူကြီး ခလုတ်တိုက်တယ်၊ ရွာလယ်ကို အဲဒီသတင်း ရောက်သွားတော့ သူကြီးကို ဖားပြုတ်ကိုက်တယ်တဲ့၊ ဟော.. ရွာမြောက်ပိုင်းလည်းရောက်ရော သူကြီးကို တရုတ်ရိုက်တယ်ဆိုပြီး တရုတ်-ဗမာ အဓိကရုဏ်းတွေ ထဖြစ်ကုန်ပါရောလား။ အင်း... The VOICE ကို ရွာမြောက်ပိုင်းတော့ ရောက်နေပြီလို့ မစွပ်စွဲချင်ပါဘူး။ ဒါပေမယ့် အခုလို လုပ်ပေါက်တွေနဲ့ ဆိုရင်တော့ သူ့ကိုလည်း ရွာမြောက်ပိုင်းတင် မဟုတ်ဘဲ ရွာပြင်ကို ထုတ်ရပါလိမ့်မယ်။ မီဒီယာဆိုတာ ဓာတ်ဆီလောင်းသူ မဖြစ်စေဖို့ ဂရုပြုစေလိုသည့်အကြောင်း ဒီနေရာကနေ တောင်းပန်လိုက်ပါတယ်ဗျာ။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၃ ခုနှစ် မတ်လ ၂၄ ရက်၊ တနင်္ဂနွေနေ့။
ညနေ ၄ နာရီ ၅၅ မိနစ်တွင်ပြီး၏။

Wednesday, December 12, 2012

12-12-12



Monday, December 10, 2012

စိတ်ညစ်တယ်....... မပျော်ဘူး (သြရသ ညည်းတွားသည်)


သြရသ ဟုအမည်ရသော ကျွန်တော်သည် နေ့စဉ်နှင့်အမျှ နားမလည်နိုင်သော အော်ဟစ်ဆူပူ ဆွဲကိုင်၍ ငြိမ်းချမ်းစွာ ဆန္ဒပြနေကြသူများ၊ တစ်နေကုန် နေပူကြဲကြဲတွင် မစီမတန်းပဲ လူနည်းစု လမ်းလျှောက်ရာ အားပေးသူပေါင်းများစွာဖြင့် အမိမြန်မာပြည်အတွက် ကောင်းရာကောင်းကျိုး သယ်ပိုးနေကြသူများ၊ ကားခေါင်မိုးဖွင့်လျက် မတ်တတ်ရပ်ကာ ထီးနှစ်ချောင်း အပြိုင်ဆောင်းပြီး အောက်မှလူစုအား လက်ဆွဲနှုတ်ဆက်နေသော ရေပက်ခံထွက်သူများ၊ အသုဘနှင့် ဘုရားပွဲလှည့်ရာတွင် မည်သူက တာဝန်ပေးအပ်ထားမှန်း မသိသော မော်တော်ဆိုင်ကယ်တွင် အလံတပ်ကာ အုပ်စုလိုက်မောင်းနှင်၍ လမ်းရှင်းပေးတတ်သည့် တာဝန်သိ အစားခန့်ယာဉ်ထိန်းရဲများ၊ ဖတ်မိလိုက်သော အင်တာနက် သတင်းစာများတွင် ဗဟုသုတရဖွယ်ရာ အချက်များစွာဖြင့် ထောက်ခံခြင်းနှင့် ရှုတ်ချခြင်းဆိုသည့် ထပ်တလဲလဲ စာသားများ၊ နေ့စဉ်နေ့တိုင်း ကျင်းပပြုလုပ်လျက်ရှိသော သီဆိုသူနှင့် အစဉ်အစီ တင်ဆက်သူတို့၏ အင်္ကျီအဖြူနှင့် ၀တ်ဆင်သီဆို ယှဉ်ပြိုင်ရသည့် လေဟာပြင်မျိုးဆက်သစ် ကာရာအိုကေ သီချင်းဆိုပြိုင်ပွဲများ၊ မည်သူများက မည်သို့ရွေးချယ်၍ ပေးမှန်းမသိ ဒို့မြန်ပြည်သား ဆုရသွားသည့်အခါ ဘာမှန်းမသိဘဲ ဂုဏ်ယူနေကြရမှုများ၊ မကြာမကြာ တွေ့နေရပါသော လွှတ်တော်အစည်းအဝေး ကျင်းပနေမှုများနှင့် ထ၍ထ၍ ရှင်းလင်းနေကြရမှုများ၊ ဖွဲ့စည်းလိုက်သည့် စုံစမ်းရေးအဖွဲ့များ၏ ရှောင်တခင်စစ်ဆေးနေမှုများ၊ ထွက်ရှိနေသော ဂျာနယ်ပေါင်းစုံ၏ အတွေးအမြင် အယူအဆ ပေါင်းစုံကြားက ထိုးဖောက်ပေါ်ထွက်လာသော မျက်နှာဖုံးရှင် ခပ်ချောချော မိန်းမပျိုလေးများနှင့် ၎င်းတို့ကို စိတ်ဝင်စားနေကြသူများ၊  ကမ္ဘာပေါ်တွင် လေယာဉ်ပျံစီးနင်းမှု အများဆုံးသမ္မတအဖြစ် ဂင်းနစ်စံချိန် တင်နိုင်လောက်သည့် သမ္မတကြီး ဦးသိန်းစိန်၏ ခရီးစဉ်များ၊ လင်းယုန်နဲ့နဂါး အားပြိုင်မှုကြားက မဟာပထ၀ီမြေကြီး လှုပ်ခတ်ပြီး အိမ်ရှိလျက်နှင့် ကွင်းပြင်တွင် တဲထိုးနေရသည့် ငလျင်ဒဏ်ခံ ပြည်သူများ၊ တစ်ခုခုဖြစ်တိုင်း စစ်စိမ်းရောင်ရဟတ်ယာဉ်နှင့် အထုပ်ထမ်း၍ ပြေးတက်ပြေးဆင်း ပြုလုပ်နေသောပုံရိပ်များ၊ ဆောင်းရာသီရဲ့ အအေးဓာတ်အောက်တွင် ဆင်းရဲတွင်း နက်နေကြသော ၀မ်းနည်းကြေကွဲဖွယ်ရာ စစ်ဘေးဒဏ်သင့် ပြည်သူများ၊ မိဝေးဘဝေး မျိုးဆွေဝေးဖြင့် ဆောင်းရာသီ အေးခဲမှုအောက်တွင် သေနတ်ကိုင်ကာ ရင်ဆိုင်နေရပြီး ခြေလက်အင်္ဂါများ ပြတ်တောက်နေကြသည့် စိတ်မချမ်းမြေ့ဖွယ် ညီနောင်သားချင်းများ၊ မကြာခဏ ဖတ်ရှုရပါသော ကြော်ငြာချက်များ၊ ကြေညာချက်များ၊ အစုလိုက် နုတ်ထွက်မှုများနှင့် ခန့်အပ်တာဝန်ပေးမှုများ ပါရှိသည့် သတင်းစာများ၊ ဒဏ်ရာဒဏ်ချက်များစွာဖြင့် နာကျည်းစွာ ကြွင်းကျန်ရစ်ခဲ့သော ရခိုင်ဒေသ အဖြစ်အပျက်များနှင့် ထိန်းသိမ်းပေးနေရသော တာဝန်ရှိပုဂ္ဂိုလ်များ၏ ရှင်းလင်းဖြေကြားသံ၊ မကျေနပ်သူတို့၏ ဝေဖန်သံ၊ ထောက်ခံမှု၊ ရှုတ်ချမှု၊ တောင်းဆိုမှု အသံများ၊ ဤသို့ဤသို့ နားမလည်မှု များစွာအနက် ကိုယ့်ထမင်းကိုယ်စားပြီး မိသားစုအရေး တွေးချိန်မပေးဘဲ အင်တာနက်ပေါ်တွင် မြို့မေတ္တာ ခံယူလျက်ရှိပါသော အနှီကိုဉာဏ်(ပန်းလောင်မြေ) ဆိုသည့် ဘလော့ဂ်ဂါတစ်ယောက် တင်ဆက်သည့် စာသားများအား ဖတ်ရှုလိုက်ရသောအခါ ကျွန်ုပ်သြရသသည် နိုင်ငံရေးရာ၊ နိုင်ငံတကာရေးရာများကို လေ့လာရမည်လော၊ လောကနီတိကိုပင် လေ့လာကျက်မှတ်ရမည်လော၊ အဆိုအမိန့်များအတိုင်း ကျင့်ကြံနေထိုင်ရမည်လော... လော..ပေါင်းများစွာဖြင့် တွေးမိသည့်အကြောင်း ပေါင်းကြည့်လိုက်တော့... စိတ်ညစ်တယ်.... မပျော်ဘူး။
သြရသ

- * - * - * - * - * - * - * - * - * - * - * - * - * - * - * - * - * - * - * - * - * 

ကျွန်တော့်အီးမေးလ်ထဲကို ဒီဇင်ဘာလ ၅ ရက်နေ့ကတည်းက ရောက်နေတဲ့ စာတစ်ပုဒ်ပါ။ အီးမေးလ် မစစ်ဖြစ်တဲ့အတွက် အခုမှပဲ ဖတ်ဖြစ်ပါတယ်။ အဲဒီအတွက် တောင်းပန်လိုပါတယ်။ သူ့စာကို ဖတ်ပြီးတဲ့အချိန်မှာ ကျွန်တော်ကိုဉာဏ် အနည်းငယ်တောင် သိမ်ငယ်သွားသလို ခံစားလိုက်ရတယ်။ ကျွန်တော့်မှာက နေ့စဉ်ဖြစ်ပျက်နေသမျှကို ရှင်းပြလိုက်၊ ရေးပြလိုက်ရတာ တခမ်းတနား၊ တဖွဲ့တနွဲ့၊ တပင်တပန်း။ သြရသကတော့ အဲဒီအကြောင်းတွေကို ရေးပြလိုက်တာ စကားလုံးတစ်လုံး၊ စာကြောင်းတစ်ကြောင်းတည်းနဲ့။ သူ့ရဲ့ တွေးတောနိုင်မှုနဲ့ ပုံဖော်နိုင်မှုကို မချီးကျူးဘဲ မနေနိုင်သလို မနာလိုလည်း ဖြစ်မိသားခင်ဗျ။ ကျွန်တော့်မှာ ဘာဖြစ်လို့ အဲဒီလို အတွေးတွေ၊ အဲဒီလို ကျစ်ကျစ်လျစ်လျစ် အရေးတွေ မရှိရတာလဲပေါ့။ သြရသဟာ ကျွန်တော်နဲ့ အတော်ရင်းနှီးတဲ့ မိတ်ဆွေတစ်ဦးပါ။ ယခင် ၂၀၀၅-၂၀၀၆ ခုနှစ်လောက်က မြန်မာ့သွေးဂျာနယ် လုပ်ဖြစ်တုန်းက ကျွန်တော့်ဂျာနယ်အတွက် ဆောင်းပါးတွေ ရေးပေးခဲ့ဖူးသူပါ။ စာတွေရေးပါဦးလို့ ကျွန်တော်က မကြာခဏ တိုက်တွန်းဖြစ်ပေမယ့် သူ့ခမြာ အလုပ်တာဝန်တစ်ဘက်၊ အိမ်ထောင့်တာဝန် တစ်ဘက်နဲ့မို့ မရေးနိုင်ဘူးထင်ပါရဲ့။ အခုလည်း မပြောမဆိုနဲ့ ကျွန်တော့်အီးမေးလ်ထဲကို ပို့ထားတာတွေ့တော့ ၀မ်းသာအားရနဲ့ ဖတ်မိပါတယ်။ စာဖတ်ပြီးတဲ့အချိန်မှာ ပြုံးရုံတင်မဟုတ်ဘဲ အသံထွက်ပြီး ရယ်မိကြောင်းပါခင်ဗျား။ စာလုံးပေါင်းအချို့နှင့် အသုံးအနှုန်းအချို့ကို ပြောင်းလဲထားသည်မှလွဲ၍ သြရသ ရေးသားပေးပို့သည့်အတိုင်း ပြန်လည်ဖော်ပြထားခြင်း ဖြစ်ကြောင်းပါ။
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်၊ တနင်္လာနေ့။ 

Friday, October 05, 2012

လတ်တလော... လတ်တလော... လတ်တလော...


(က)
ကုလသမဂ္ဂမှာပြောကြားခဲ့တဲ့ သမ္မတကြီး ဦးသိန်းစိန်ရဲ့ မိန့်ခွန်းနဲ့ပတ်သက်ပြီး ကြိုဆိုကြတာကို တွေ့ရတဲ့အတွက် ၀မ်းသာမိပါတယ်။ ကိုယ့်နိုင်ငံက အကြီးအကဲတစ်ဦး ကုလသမဂ္ဂလိုနေရာမှာ မိန့်ခွန်းပြောတာကိုလည်း ဂုဏ်ယူတယ်၊ သူပြောတဲ့ မိန့်ခွန်းကို အားလုံးက တလေးတစားနားထောင်ပြီး လက်ခံကြိုဆိုကြတာကိုလည်း ဂုဏ်ယူတယ်၊ မိန့်ခွန်းထဲမှာ ပြောသင့်ပြောထိုက်တာတွေကို ထည့်ပြောတဲ့အတွက်လည်း ဂုဏ်ယူတယ်၊ လစ်ဗျားခေါင်းဆောင်ဟောင်း ကဒါဖီတို့၊ အီရန်သမ္မတ အာမာဒီနီဂျက်တို့လို အခန်းထဲက ကိုယ်စားလှယ်တွေ ထထွက်သွားရတဲ့ မိန့်ခွန်းမဟုတ်တဲ့အတွက် ပိုလို့တောင် ဂုဏ်ယူရသေးတယ်၊ သြော်.. ငါတို့နိုင်ငံဟာ အခုတော့လည်း သူ့နေရာသူ ပြန်ရောက်တော့မှာပါလားလို့ တွေးမိပြီး မျက်ရည်လည်မိတဲ့အထိ ဂုဏ်ယူရပါတယ်။ အဲဒီအတွက် အခုလို အခြေအနေတွေကို ရောက်လာအောင် ကြိုးပမ်းဆောင်ရွက်ခဲ့သူအားလုံးကို ကျေးဇူးတင်လိုက်ပါတယ်။ အနောက်တိုင်းသားတွေ ပြောနေကျအတိုင်း ပြောရမယ်ဆိုရင်တော့ "ရှေ့ဆက်ပါမြန်မာ... ရှေ့ဆက်ပါ... မင်းအကောင်းဆုံး လုပ်နိုင်မှာပါ..." ပေါ့ခင်ဗျာ။

(ခ)
ဘင်္ဂလားဒေ့ရှ်မှာ ဖြစ်ခဲ့တဲ့ ပြဿနာတွေနဲ့ပတ်သက်လို့ စိတ်မကောင်းဖြစ်မိတယ်။ လူလူချင်း ဖြစ်တဲ့ပြဿနာတွေမှာ ဘာဖြစ်လို့ သမိုင်းဆိုင်ရာ အဆောက်အဦးတွေ၊ အထွတ်အမြတ်ထားတဲ့ ဘာသာရေးဆိုင်ရာ အဆောက်အဦးတွေကို ဖျက်ဆီးရသလဲဆိုတာကို တွေးလို့မရဘူး။ ငယ်ငယ်တုန်းက ကလေးအချင်းချင်း ရန်ဖြစ်တဲ့အခါ မနိုင်မှန်းသိရင် အခြားကလေးရဲ့ စက်ဘီးကို တွန်းလှဲပြီး ထွက်ပြေးတာမျိုး၊ အခြားကလေးရဲ့ လွယ်အိတ်ကို အဝေးကိုလွှင့်ပစ်တာမျိုး၊ အခြားကလေးရဲ့ ထမင်းဘူးကို သွန်ပစ်တာမျိုးလို့ပဲ မြင်မိတယ်။ တစ်ခုတော့ တွေးမိတယ်... ဘင်္ဂလာဒေ့ရှ်မှာ အခုလိုလုပ်သလိုမျိုးသာ ရန်ကုန်မြို့က ဗလီတွေကို ဖျက်ဆီးခဲ့မယ်ဆိုရင် ဘာတွေများ ဆက်ဖြစ်မလဲဆိုတာပါ။ အော်လိုက်ကြမယ့်အမျိုး၊ ဝေဖန်လိုက်ကြမယ့်ဖြစ်ခြင်း၊ ဟူး..... အတော်ကြီးကို ရင်မောမိတယ်။ မပြီးနိုင်မစီးနိုင်ဖြစ်နေတဲ့ ပြဿနာတွေကို မြင်ကြားနေရတဲ့အတွက် "ငိုချင်လျက် လက်တို့" ဆိုတဲ့ စကားပုံကိုပဲ အထပ်ထပ် ဆင်ခြင်နေမိတယ်။ ငိုချင်နေတဲ့ကလေးကို ကျွန်တော်တို့တွေ လက်နဲ့တို့မိသလားလို့ ပြန်စဉ်းစားကြည့်နေမိတယ်။

(ဂ)
ဆရာမောင်ဝံသမှာ အဆုတ်ကင်ဆာ တွေ့တယ်ဆိုတဲ့ သတင်းကြောင့် စိတ်မကောင်းဖြစ်ရပါတယ်။ စာဖတ်သူတစ်ဦးအနေနဲ့ ကိုယ်သဘောကျလေးစားတဲ့ စာရေးဆရာတစ်ယောက်အတွက် ၀မ်းနည်းမိခြင်းပါ။ ဆရာရေးတဲ့ ဆောင်းပါးတွေ၊ စာတွေကို နှစ်နှစ်ခြိုက်ခြိုက် ဖတ်ရှုနေသူတစ်ဦးအနေနဲ့ ဆရာ့အတွက် စိတ်မကောင်းဖြစ်မိပါတယ်။ ဆရာအသက်ရှည်ပါစေ၊ တိုင်းပြည်အတွက် စာတွေအများကြီး ဆက်ရေးနိုင်ပါစေ။

(ဃ)
သူငယ်ချင်းတစ်ယောက်က မေးပါတယ်။ ဦးစိုးသိန်းအင်တာဗျူးတွေ နားထောင်ပြီးပြီလားတဲ့။ ကျွန်တော်က ဟုတ်ကဲ့လို့ ပြန်ဖြေလိုက်ပါတယ်။ အဲဒီတော့ သူကဆက်မေးပါတယ်။ ဘယ်လိုသဘောရလဲတဲ့။ ကျွန်တော်က ဘာကိုမေးတာလဲလို့ ပြန်မေးမိပါတယ်။ သူငယ်ချင်းက ဦးစိုးသိန်းက အမေရိကန်မှာလုပ်တဲ့ အင်တာဗျူးတွေကြောင့် အမှတ်တွေ ထပ်တက်သွားပြီတဲ့။ အခုလောလောဆယ်တော့ သူနဲ့ ဦးအောင်မင်းလောက် နာမည်ကြီးတဲ့ ပြုပြင်ပြောင်းလဲရေးသမား မရှိဘူးတဲ့။ ကျွန်တော်က ဘာမှပြန်မပြောချင်တဲ့အတွက် အေးပါ လို့ပဲ ပြောလိုက်ပါတယ်။ ကျွန်တော့်သူငယ်ချင်းက သိပ်ပြီးတော့ အစာကြေပုံမရပါဘူး။ ကျွန်တော်သူ့ကို ဘာမှအထွေအထူး မရှင်းပြလိုက်ပါဘူး။ ကိုယ်ရှင်းပြတာကို နားလည်လက်ခံရင် ဟုတ်သေးရဲ့၊ နောက်ဆုံး လက်မခံရင်တောင် ကျွန်တော့်မှာ သူနဲ့မတူတဲ့ ဒီလိုအတွေးတွေ ရှိနေတယ်ဆိုပြီး နားလည်ပေးနိုင်ရင် ကောင်းသေးရဲ့၊ အဲဒီလို မဟုတ်ဘဲ ဦးစိုးသိန်း ချီးမွမ်းခန်းတို့၊ ဦးအောင်မင်းဋီကာတို့ လာဖွင့်ပြနေရင် သေချာပေါက် ကျွန်တော်နဲ့ထပြီး စကားများမှာပါပဲ။ အဲဒါကြောင့်လည်း စကားနည်းရန်စဲဖြစ်အောင် အေးပါလို့ပဲ ပြောလိုက်တာပါ။ ဒီမိုကရေစီနိုင်ငံကလူတွေဟာ အပြောကို သိပ်ကြိုက်တယ်ဆိုတာ သေချာတဲ့အချက်တစ်ခုပါ။ အမေရိကန်လို နိုင်ငံမျိုးမှာတောင် ပြည်သူတွေကို ယုံကြည်လောက်အောင် ပြောဆိုစည်းရုံးနိုင်ရင် သမ္မတဖြစ်နိုင်သေးတာပဲ မဟုတ်လား။ ကျွန်တော်တို့ဆီကလူတွေ မြန်မြန်ဆန်ဆန်ပဲ ဒီမိုကရေစီနဲ့ အသားကျတယ်လို့ ကျွန်တော်က မှတ်ယူပါတယ်။ ကျွန်တော့်သူငယ်ချင်း သဘောကျတဲ့ ပြုပြင်ပြောင်းလဲရေး သမားတွေလိုမျိုး စကားတွေမပြောပေမယ့် တိုင်းပြည်အတွက် အလုပ်လုပ်နေတဲ့လူတွေ အများကြီးပါ။ ဥ,မဥတဲ့ကြက်ဟာ ပိုအော်တယ်ဆိုတဲ့ စကားကိုလည်း ကျွန်တော်ပြန်တွေးမိတယ်။ နောက်နေ့ကျမှ ကြက်ခြံတွေကို သွားလေ့လာဦးမယ်။

(င)
OIC ကို မြန်မာနိုင်ငံမှာ ခြေချခွင်ပြုမယ့် ကိစ္စကိုတော့ ပြန်စဉ်းစားကြစေချင်တယ်။ ဘာဖြစ်လို့ ကျွန်တော်တို့နိုင်ငံကို လာကြမှာလဲ... ဘာရည်ရွယ်ချက်လဲ။ စာရွက်ပေါ်က ဘာကြောင့်ညာကြောင့် ဆိုတာတွေကို ဖယ်လိုက်မယ်ဆိုရင် ဘာကြောင့်လာချင်သလဲဆိုတာကို အားလုံးသိနေပြီးသားပါ။ ကျွန်တော်တို့နိုင်ငံမှာရှိတဲ့ အဲဒီဘာသာဝင်တွေကလည်း လူနည်းစုမှ တကယ့်လူနည်းစုပါ။ နိုင်ငံ့လူဦးရေရဲ့ ဘယ်လောက်ရာခိုင်နှုန်း ရှိမှာမို့လဲ။ အဲဒီလိုနိုင်ငံမျိုးမှာ သူတို့ဘာသာဝင်တွေအတွက် ဘာတွေများ ဆောင်ရွက်ပေးချင်ကြတာလဲဆိုတာ ကျွန်တော်တွေးလို့မရဘူး။ တွေးလို့ ရသမျှကတော့ တစ်ခုမှ ကောင်းတာမပါဘူး။ မြန်မာနိုင်ငံသား သူတို့ဘာသာဝင်တွေ အကျိုးကို ဆောင်ရွက်ပေးမယ်ဆိုရင်တောင် ဒါဟာ တစ်နိုင်ငံလုံးနဲ့ယှဉ်ရင် ဘာမျှပြောပလောက်တဲ့ ပမာဏမဟုတ်တာမို့ နိုင်ငံအတွက် ဘာအကျိုးမှ မရှိဘူးလို့ပဲ သုံးသပ်ပါတယ်။ စစ်အစိုးရလက်ထက်တုန်းက အမိန့်အာဏာနဲ့ အားလုံးကို တားလို့ရခဲ့တယ်။ အခုတော့ ဒီမိုကရေစီနိုင်ငံရယ်လို့ ဖြစ်မယ်မှမကြံသေးဘူး... စိန်ခေါ်မှုတွေကလည်း ဒုနဲ့ဒေးပါပဲ။ ကျွန်တော်ကိုဉာဏ်ရဲ့ သဘောထားကတော့ OIC အလိုမရှိပါခင်ဗျား။

အချိန်မပေးနိုင်တဲ့အတွက် ပို့စ်တွေတင်တာ ကျဲတာကို နားလည်ပေးကြစေချင်ပါတယ်။ စာဖတ်သူများကို လေးစားလျက်ပါ။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ ၅ ရက်၊ သောကြာနေ့။
ညနေ ၅ နာရီ ၁၂ မိနစ်တွင်ပြီး၏။ 

Thursday, September 13, 2012

သတင်းမဖြစ်ပါစေနဲ့


ကျောက်တော်ဘက်မှာ ဟိုဟာဖြစ်တယ်၊ ဒီဟာဖြစ်တယ် စတဲ့ကောလာဟလတွေ ထွက်နေပါတယ်။ သတင်းမဖြစ်ပါစေနဲ့လို့ ဆုတောင်းပါတယ်။ ကောလာဟလသာ ဖြစ်ပါစေ။ လူသားတွေအားလုံး ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ကိုယ့်ဘ၀ကိုကိုယ် အေးအေးဆေးဆေး ဖြတ်သန်းစေချင်ပါတယ်။ ကိုယ့်ဘ၀ (ကိုယ့်အသက်) ကို ကိုယ်တန်ဖိုးထားသလို အခြားသူတွေလည်း သူတို့အသက်ကို တန်ဖိုးထားမယ်၊ နှမြောမယ်ဆိုတဲ့ စိတ်ကလေးသာ အားလုံးရင်ထဲမှာ ရှိမယ်ဆိုရင် အာဃာတတွေ၊ အမုန်းတွေဆိုတာ ရှိလာမယ်မထင်ပါဘူး။

သုံးပိုင်း ပိုင်းပြီး အသတ်ခံရတယ်ဆိုတဲ့ ကောလာဟလတွေ ကျွန်တော့်ဝန်းကျင်မှာ ပြောနေကြပါတယ်။ လဘက်ရည်ဆိုင်မှာလည်း ပြောတယ်၊ ကွမ်းယာဆိုင်မှာလည်းပြောတယ်၊ သုံးဘီးဆိုင်ကယ်ပေါ်မှာလည်း ပြောတယ်၊ ဈေးထဲမှာလည်းပြောတယ် ကျွန်တော်ဝန်းကျင်မှာ ထိတွေ့သမျှ လူတွေအားလုံးက အဲဒီအကြောင်းကို ပြောနေကြပါတယ်။ အဲဒါက မနေ့ကပါ။ ဒီနေ့အထိ ဘာသတင်းမှ ထပ်မရပါဘူး။

ဒုတိယကြားရတဲ့ ကောလာဟလက ဒီနေ့ကြားရတဲ့သတင်း။ ကျွန်တော့်ရုံးကလူတွေလည်း ပြောကြတယ်၊ သူတို့ကို မေးကြည့်တော့ တစ်ဆင့်စကား၊ တစ်ဆင့်နားနဲ့ ဆက်ပြောနေကြတာပါ။ ကျွန်တော် ဘုရားတမိပါတယ်။ သတင်းမဟုတ်ပါစေနဲ့၊ ကောလာဟလသာ ဖြစ်ပါစေလို့ပဲ ဆုတောင်းမိပါတယ်။ ရခိုင်အမျိုးသမီးတစ်ဦးကို ကုလားရွာတစ်ရွာလုံးက မုဒိန်းကျင့်ပြီး ပြန်လွှတ်လိုက်တယ်တဲ့။ တွေးကြည့်တာတောင် ဘယ်လောက်ရင်နာစရာ ကောင်းသလဲဆိုတာ စဉ်းစားသာကြည့်ပါ။ အခုလို အချိန်မျိုးမှာ ပိုလို့တောင် မဖြစ်စေချင်ပါသေးတယ်။ ကျွန်တော့်ရုံးကအဖွဲ့တွေကို မသေချာတဲ့ ကောလာဟလတွေ မပြောဖို့အတွက် ကျွန်တော်ငေါက်လိုက်ပါတယ်။ အခုလို အချိန်မျိုးဆိုတာ အင်မတန်မှ သွေးဆူလွယ်တဲ့အချိန်၊ အရေးကြီးနေတဲ့အချိန် ဖြစ်ပါတယ်။ မဟုတ်တဲ့ သတင်းအမှားတစ်ခုကြောင့် မဖြစ်သင့်တဲ့ နောက်ဆက်တွဲတွေ ဖြစ်လာမှာကို ကျွန်တော်မလိုလားပါဘူး။ အဲဒါကြောင့်ပါ။

အင်တာနက် သုံးတော့လည်း အဲဒါနဲ့ ပတ်သက်တဲ့သတင်းကို ဘာမှ မဖတ်ရတဲ့အတွက် ကျွန်တော်နည်းနည်းတော့ စိတ်အေးသွားမိပါတယ်။ ကောလာဟလပါပဲပေါ့။

အခု ဒီပို့စ်ကို ဘာလို့ရေးသလဲဆိုတော့ စောစောလေးကတင် ကျွန်တော့်မိတ်ဆွေတစ်ယောက် ဖုံးဆက်ပါတယ်။ သူက ဌာနဆိုင်ရာတစ်ခုက အရာရှိတစ်ဦးပါ။ ကျောက်တော်ဘက်မှာ အခြေအနေ မကောင်းဘူးတဲ့။ ရခိုင်ရွာနဲ့ ကုလားရွာ တစ်ခုခုတော့ ဖြစ်ကြတော့မယ် ထင်တယ်တဲ့။ ကျွန်တော် ခေါင်းနားပန်း ကြီးသွားတယ်။ ဒါပေမယ့် မိတ်ဆွေက ပါးနပ်ပါတယ်။ ကျွန်တော့်ကို ဆက်ပြောပါတယ်။ သေချာတော့ ကျွန်တော်လည်း မသိရပါဘူး။ ကျောက်တော်မှာရှိတဲ့ ကျွန်တော်တို့ဌာနက ၀န်ထမ်းတွေက ဖုန်းဆက်တာတဲ့။ ရခိုင်အမျိုးသမီးတစ်ယောက် မုဒိန်းအကျင့်ခံရတယ်ဆိုတဲ့ သတင်းကို ဘယ်ကထွက်တာမှန်း မသိပေမယ့် ရခိုင်တွေကတော့ အတော်ကြီးကို ဒေါသထွက်နေကြတယ်တဲ့။ တာဝန်ရှိသူတွေက ဖြောင့်ဖျပြီး နားချထားလို့သာ အခုအချိန်အထိ ဘာမှမဖြစ်သေးတာတဲ့။ ဒါပေမယ့် သူတို့ရဲ့ တိတ်တဆိတ် စီစဉ်မှုတွေအရ တစ်ခုခုတော့ ဖြစ်တော့မယ်လို့ ထင်တဲ့အကြောင်း ပြောလို့ပါတဲ့။

အခုအချိန်အထိ ဖေ့စ်ဘုတ်ပေါ်မှာ ဘာသတင်းမှ မတက်သေးတဲ့အတွက် အဲဒီကိစ္စဟာ သာမန်ကောလာဟလ တစ်ခုသာ ဖြစ်မှာပါ။ ဒါပေမယ့် ကျွန်တော့်စိတ်ထဲမှာ တစ်ခုခုကို ကြောက်နေသလို ဖြစ်နေတယ်။ အဲဒါကြောင့် တင်လိုက်တာပါ။ သတင်းမဖြစ်ပါစေနဲ့လို့ ကျွန်တော်တို့ ဆုတောင်းရအောင်ပါ။

တာဝန်ရှိသူတွေကိုလည်း တောင်းဆိုလိုပါတယ်။ အခုလိုမျိုး ကောလာဟလတွေ ထွက်တယ်ဆိုတာ ကောင်းလှတယ် မဟုတ်ပါဘူး။ မဟုတ်ဘူးဆိုရင်လည်း မဟုတ်တဲ့အကြောင်း သတင်းထုတ်ပြန်သင့်တယ်လို့  ကျွန်တော်ထင်ပါတယ်။ ဟုတ်တာမဟုတ်တာထက် အခုစစ်တွေမှာ အဲဒီအကြောင်းကိုပဲ ပြောနေကြတာဟာ တကယ်ဖြစ်နေသယောင်ယောင်ပါ။ ဟုတ်နေတယ်ဆိုရင်လည်း ပြည်သူတွေအားလုံး အဖြစ်မှန်ကို သိခွင့်ရအောင်၊ စဉ်းစားဝေဖန်နိုင်အောင်၊ ဆောင်ရွက်နိုင်မယ့်လူတွေရှိရင် မဖြစ်သင့်တာတွေကို တားဆီးဆောင်ရွက်နိုင်အောင် သတင်းထုတ်ပြန်သင့်ပါတယ်။

ကျွန်တော်တို့ဆီမှာက တစ်ခုခုဖြစ်ရင် အဆုံးအထိ မပြီးမချင်း သတင်းထုတ်ပြန်တာ မလုပ်တော့ဘူး။ အဲဒီလို သတင်းထုတ်ပြန်တဲ့အချိန်မှာ ဆန့်ကျင်ဘက်အဖွဲ့အစည်းတွေက ၀ါဒဖြန့်ထားတာက အဖြစ်မှန်ကို ရှင်းပြလို့ကို မနိုင်တော့ဘူး။ ဒီသံသရာနဲ့ပဲ လည်နေတော့တာပဲ။

ကျွန်တော်ရေးတာတွေက အခြေအမြစ်လည်းမရှိဘူး၊ ဘာမှလည်း မဟုတ်ဘူးဆိုတဲ့ ပြစ်တင်ဝေဖန်မှုတွေကိုပဲ ကျွန်တော်ကြားချင်မိပါတယ်။ ကျွန်တော်ရေးထားတဲ့ အကြောင်းအရာတွေဟာ တကယ်မဟုတ်တဲ့ အခြေအမြစ်မရှိတဲ့ ကောလာဟလများသာ ဖြစ်ကြပါစေဗျာ။ ဒီပို့စ်အတွက် ကျွန်တော် အဆဲပဲ ခံချင်ပါတယ်။ ချီးကျူးမခံချင်ပါဘူး။ မှားပဲမှားချင်ပါတယ်၊ မမှန်ချင်ပါဘူး။ ဒါ ကျွန်တော့်ရင်ထဲက ဆန္ဒအမှန်ပါ။ 

Friday, August 17, 2012

စိတ်ချဉ်ပေါက်သမျှကို ပြောရဦးမယ်


ဘာမျှမရေးသေးခင် ကြိုတင်တောင်းပန်ပါရစေ။ ကျွန်တော်ကိုဉာဏ် အတော့်ကို စိတ်အချဉ်ပေါက်နေပါသဖြင့် ပို့စ်ထဲတွင် ကြမ်းတမ်းသော စကားလုံးများ ပါဝင်သွားခဲ့ပါက နားလည်မှုအပြည့်ဖြင့် ဖတ်ရှုပေးကြပါရန်။

သတင်းတွေကများ၊ ကြားရတာတွေကလည်းများ၊ ပြောစရာတွေကများ၊ စိတ်တိုရတာကလည်းများ၊ ......ကလည်းများ၊ ................များ။

သတင်း (၁)
လစ်လပ်နေတဲ့ ဒုတိယသမ္မတအဖြစ် ဦးဉာဏ်ထွန်းကို ရွေးချယ်တင်မြှောက်လိုက်တယ်၊ ကျမ်းသစ္စာ ကျိန်ဆိုပြီးသွားပြီဆိုတာကို စာဖတ်သူများအားလုံး သိရှိပြီး ဖြစ်ကြပါလိမ့်မယ်။ ဒုတိယသမ္မတသစ်ဟာ တပ်မတော်မှာ ကာကွယ်ရေးဦးစီးချုပ် (ရေ) တာဝန်ကို ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။ နောက်ထပ် ထူးခြားတာတစ်ခုက ဗိုလ်ချုပ်ကြီးအဆင့်နဲ့ တာဝန်ထမ်းဆောင်ခဲ့တာပါပဲ။ အရင်တုန်းက ကာကွယ်ရေးဦးစီးချုပ် (ရေ) ဆိုတာ ဒုတိယဗိုလ်ချုပ်ကြီး အဆင့်နဲ့ပဲ ခန့်အပ်တာဝန်ပေးတာ ဖြစ်ပါတယ်။ အခု ဒုတိယသမ္မတသစ် ဦးဉာဏ်ထွန်းဟာ တပ်မတော် (ရေ) သမိုင်းမှာတော့ ပထမဆုံးသော ဗိုလ်ချုပ်ကြီး ဖြစ်ပါတယ်။ အခုလို ဒုတိယသမ္မတအဖြစ် ရွေးချယ်ခံရမယ်ဆိုတာ သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့် သူနဲ့ ပတ်သက်ပြီး ဘာသတင်းမှ မထွက်ခဲ့တာ၊ ဝေဖန်သံတွေ မညံခဲ့တာကတော့ ထူးခြားမှုတစ်ခုပါပဲ။ ပြောစရာ မရှိတာလား၊ သူ့အကြောင်းကို သိပ်မသိကြတာလားတော့ အခုအချိန်မှာ ပြောရခက်နေတုန်းပါပဲ။ ဘာပဲဖြစ်ဖြစ် ဒုတိယသမ္မတသစ်ကို ကြိုဆိုလိုက်ပါတယ်။ နိုင်ငံနဲ့ လူမျိုးအကျိုးကို ဆထက်တစ်ပိုး ထမ်းရွက်နိုင်ပါစေလို့လည်း ဆုတောင်းလိုက်ရကြောင်းပါ။

သတင်း (၂)
EMG က သဘောထားတစ်ရပ် ထုတ်ပြန်ကြေညာတာ တွေ့လိုက်ရတယ်။ အချို့သော ကိစ္စရပ်တွေမှာ EMG ရဲ့ လုပ်ရပ်တွေကို ကျွန်တော့်အနေနဲ့ သဘောမကျပေမယ့် ဒီတစ်ခါ ကြေညာချက်ကိုတော့ လှိုက်လှိုက်လှဲလှဲကို ထောက်ခံလိုက်ပါတယ်။ စိတ်ထဲမှာ စဉ်းစားနေပြီးတာ ကြာပြီဖြစ်ပေမယ့် မရေးဖြစ်ခဲ့တဲ့ ကိုယ့်ကိုယ်ကိုယ်လည်း အပြစ်တင်မိတယ်။ သူများကို ဝေဖန်ရ၊ လက်ညှိုးထိုးရ၊ အပြစ်ပြောရတာကို ကျွန်တော် လုပ်ကိုမလုပ်ချင်တော့ဘူး။ ခက်တာက အလွယ်ဆုံးကလည်း သူများကို အပြစ်ပြောတဲ့အလုပ် မဟုတ်လား။ ဒါပေမယ့် စကားလုံးလေး ပြောင်းသုံးလိုက်မယ်ဗျာ။ ဝေဖန်ရေးပေါ့။ လိုရင်းကို ပြန်ဆက်ရရင် EMG က ထုတ်ပြန်ကြေညာတဲ့ သဘောထားကတော့ ဂျာနယ်လစ်တွေ မကြာခဏ စုရုံးတာ၊ ဆန္ဒပြတာကို မကြိုက်ဘူးဆိုတဲ့ အကြောင်းပါပဲ။ ဟုတ်ပါ့ဗျာ... မီဒီယာလုပ်ငန်း လုပ်ကိုင်နေတဲ့ လုပ်ဖော်ကိုင်ဖက်ချင်းကတောင် အဲဒီလို ပြောယူရတယ်ဆိုတော့ ကျန်တဲ့လူတွေအနေနဲ့ ဘယ်လောက်များ မျက်စေ့စပါးမွှေး စူးနေမလဲဆိုတာ စဉ်းစားသာကြည့်။ နိုင်ငံရေးသမားတွေတောင် သူတို့လောက် ဆန္ဒမပြကြဘူး၊ သူတို့လောက် ခဏခဏ မစုရုံးကြဘူး၊ သူတို့လောက် မစည်းဝေးကြဘူး။ ပေါလိုက်တဲ့ စာပေအဖွဲ့အစည်း၊ စာပေကော်မတီ၊ စာပေကောင်စီ၊ စာပေအဖွဲ့ ဆိုတာကလည်း တကယ့်ကို သြချရလောက်တယ်။ ပြီးတော့ သူတို့တောင်းဆိုသမျှကလည်း ဘာမျှ လောက်လောက်လားလား ဟုတ်တာမဟုတ်ဘူး။ အစိုးရကို တမင်ကို အကြပ်ရိုက်အောင်၊ ဖြေရှင်းရခက်အောင် မီးမွှေးနေတဲ့ ပုံစံမျိုးတွေပါ။ ဆရာကြီးမောင်စူးစမ်းသာ အခုအချိန် နိုင်ငံရေးစာပေတွေ ရေးဦးမယ်ဆိုရင် လမ်းပေါ်နိုင်ငံရေးကို ပုံဖော်နေတယ်လို့ သုံးသပ်ဝေဖန်မှာ အသေအချာပဲလို့ တွေးနေမိတယ်။ လူထုကို လမ်းပေါ်မရောက်ရောက်အောင် ဆွဲဆောင်နေတာတွေ၊ စည်းရုံးနေတာတွေ ရပ်တန်းက ရပ်ကြပါတော့လို့ ကျွန်တော်ကိုဉာဏ် ဒီနေရာကနေ တောင်းပန်ပါရစေ။ သူ့ဟာသူ ရှေ့ကိုသွားနေတဲ့ အစိုးရကို လမ်းလွဲသွားရအောင် လမ်းညွှန်ဆိုင်းဘုတ် အလွဲတွေကို မစိုက်ထူကြပါနဲ့။

သတင်း (၃)
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေက စုပေါင်းလက်မှတ်ရေးထိုးပြီး ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌ အပါအ၀င် ခုံရုံးအဖွဲ့ဝင်တွေကို ပြစ်တင်ရှုံ့ချမှု ပြုလုပ်ကြမယ်တဲ့။ ကောင်းကြသေးရဲ့လား အရပ်ကတို့ရေ။ မြန်မာ့ဒီမိုကရေစီရဲ့ အသက်ဟာ အခုမှ ၂ နှစ်သားတောင် မပြည့်သေးပါဘူး။ တစ်နှစ်သားမှာ တွားသွားမယ်၊ နှစ်နှစ်သားမှာ လမ်းလျှောက်မယ်၊ သုံးနှစ်သားမှာ ပြေးမယ်၊ ပြောမယ် စသဖြင့် သူ့အသက်အရွယ်နဲ့သူ သွားပါစေ။ ဘယ်နှယ့်ဗျာ၊ အခုမှ တစ်နှစ်သားလေးကို အတင်းကို ပြေးခိုင်းနေကြပါလားဟရို့။ အင်မတန်မှ အန္တရာယ်များပါတယ်။ အင်မတန်မှကို ကြောက်စရာ ကောင်းပါတယ်။ အင်မတန်မှကို ထိတ်လန့်စရာ ဖြစ်ပါတယ်။ ဒီမယ်... လွှတ်တော်ကိုယ်စားလှယ်များ မောင်မင်းတို့က ပြည်သူ့ကိုယ်စားလှယ်ဆိုပြီး လုပ်ချင်ရာ လုပ်နေကြတော့မှာလား။ လွှတ်တော်တွေက ဖွဲ့စည်းတဲ့ ရေးရာကော်မတီတွေဟာ ပြည်ထောင်စုအဆင့် မဟုတ်ပါဘူးလို့ ဆုံးဖြတ်ခဲ့တာကို မကျေနပ်တာနဲ့ပဲ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးတစ်ခုလုံးကို စွပ်စွဲပြစ်တင် ထုတ်ပစ်ကြမှာလား။ ဒီမယ် လူကြီးမင်းတို့..... ကျွန်တော်ကိုဉာဏ်က ဥပဒေပညာရှင် မဟုတ်ဘူး၊ ခင်ဗျားတို့လို ပြည်သူ့ကိုယ်စားလှယ်လည်း မဟုတ်ဘူး၊ ခုံရုံးအဖွဲ့ဝင်လည်း မဟုတ်ဘူး၊ ဒါပေမယ့် ဘေးကကြည့်နေတဲ့ နိုင်ငံရေးစိတ်ဝင်စားသူ ပရိသတ်တစ်ယောက်အနေနဲ့ မြင်တာတွေကို ပြောကြည့်မယ်။ မျက်စိမှိတ်ပြီး ဇွတ်ငြင်းတတ်တဲ့ ခင်ဗျားတို့တွေ လက်မခံမှန်း သိပေမယ့် ပြောချင်တာတွေ ပြောရဦးမယ်။ သီးသန့်ပို့စ်တစ်ခု ရေးထားပါတယ်။ လိုရင်းပြောရရင် အဲဒီလိုလုပ်မှာကို လုံးဝ (လုံးဝ) (လုံးဝ) ကန့်ကွက်ပါတယ်။ မှားတာ၊ မှန်တာထက် မလုပ်သင့်တဲ့ အလုပ်တစ်ခုလို့ မြင်မိပါတယ်။

သတင်း (၄)
ရခိုင်ပြည်နယ်အရေးအတွက် သီးခြားလွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင်တစ်ရပ် ဖွဲ့စည်းလိုက်ပါတယ်။ သမ္မတလက်မှတ်ရေးထိုးပြီး ဖွဲ့စည်းပေးလိုက်တာပါ။ ထုံးစံအတိုင်း မကျေနပ်တဲ့လူတွေက မကျေနပ်ကြပါဘူး။ ဝေဖန်တဲ့လူတွေက ဝေဖန်ကြပါတယ်။ ရခိုင်ကိစ္စမှာ ပါဝင်ပတ်သက်မှုနဲ့ ဖမ်းဆီးခံထားရတဲ့ NGO နဲ့ INGO အဖွဲ့အစည်းအချို့က ပုဂ္ဂိုလ်အချို့ကို လွှတ်ပေးလိုက်ပါတယ်။ ထုံးစံအတိုင်းပါပဲ။ ဒီနေရာမှာ ကျွန်တော်ပြောချင်တာတစ်ခုက ဝေဖန်ကြသူတွေ၊ အပြစ်တင်ကြသူတွေ အနေနဲ့ ကိုယ့်ခံစားမှုတစ်ခုတည်းနဲ့ မဆုံးဖြတ်ကြဖို့ပါ။ ဦးသိန်းစိန်အစိုးရအတွက် ဒီကိစ္စတွေဟာ တကယ့်ကို အခက်အခဲကြီးတွေပါ။ ဒီနေ့လို ခေတ်ကာလကြီးထဲမှာ တစ်ကမ္ဘာလုံးက မျက်စေ့ဒေါက်ထောက်ပြီး ကြည့်နေကြချိန်မှာ ကိုင်တွယ်ပုံ၊ ဆုံးဖြတ်ပုံ မှားယွင်းသွားတာနဲ့ အားလုံးက ၀ိုင်းအော်ကြမှာပါ။ ၀ိုင်းပြီးတော့ လက်ညှိုးထိုးကြမှာပါ။ တစ်ဖက်ကလည်း ကိုယ့်ပြည်တွင်းက တိုင်းရင်းသားတွေရဲ့ စောင့်ကြည့်မှု၊ ဝေဖန်မှု၊ အကြံပြုမှု၊ တောင်းဆိုမှုတွေကလည်း ရှိနေပါသေးတယ်။ အဲဒီ အစွန်းနှစ်ခုဟာ အတော်ကြီးကို ဝေးကွာပါတယ်။ ပြဒါးတစ်လမ်း သံတစ်လမ်းလို့တောင် ပြောနိုင်ပါလိမ့်မယ်။ အဲဒီအစွန်းတွေနဲ့ အနီးစပ်ဆုံးဖြစ်အောင်၊ အားလုံးအတွက် လူလိုနတ်လိုဖြစ်အောင်၊ ၀င်း-၀င်း ဖြစ်အောင်၊ မလွှဲရှောင်နိုင်တဲ့ ပြဿနာကို ဖြေရှင်းရင်းနဲ့ တစ်ဆက်တည်း ကိုယ့်နိုင်ငံရဲ့ ဂုဏ်သိက္ခာ၊ ဂုဏ်သတင်းကို တစ်ကမ္ဘာလုံးသိအောင်၊ ကိုယ့်နိုင်ငံရဲ့ ပုံရိပ်ကို ကမ္ဘာ့အလည်မှာ ကောင်းမွန်မှုနဲ့ ထင်ရှားအောင် ကိုင်တွယ်ဖြေရှင်း ဆှောင်ရွက်နေတဲ့ သမ္မတကြီး ဦးသိန်းစိန်နဲ့ အစိုးရကို စိတ်ရှည်လက်ရှည်နဲ့ စောင့်ကြည့်ပေးကြဖို့၊ ၀ိုင်းဝန်းအားပေးကြဖို့၊ ကူညီကြဖို့၊ ထောက်ခံကြဖို့ လိုအပ်ပါတယ်။ ရဲရဲတောက် မှတ်ချက်စကားကို ပြောကြားထားပြီးသား ဖြစ်တဲ့အတွက် ကိုယ့်နိုင်ငံ နစ်နာစေမယ့် လမ်းကြောင်းတွေကို ရှောင်ကြဉ်လိမ့်မယ် ဆိုတာကိုတော့ ကျွန်တော်က လုံးဝ ယုံကြည်ပါတယ်။ သမ္မတကြီးရဲ့ လုပ်ဆောင်မှုများ အောင်မြင်ပါစေ။

သတင်း (၅)
သင်္ကြန်တစ်ခုဆီက ဗုံးကွဲလို့ လူတွေ သေကြ၊ ဒဏ်ရာရကြ၊ ထိတ်လန့်တကြား ဖြစ်ခဲ့ရ၊ စိတ်တိုခဲ့ရ၊ တက်ခေါက်ခဲ့ရ၊ ဆဲဆိုခဲ့ရ၊ ငိုယိုခဲ့ကြတာကို မှတ်မိကြဦးမယ် ထင်ပါတယ်။ ဗုံးခွဲတဲ့ တရားခံကို ချက်ချင်း မဖမ်းဆီးပေးနိုင်လို့ဆိုပြီး အဲဒီတုန်းက အုပ်ချုပ်သူဖြစ်တဲ့ တပ်မတော်အစိုးရနဲ့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြ၊ ဆော်ခဲ့၊ နှက်ခဲ့ကြတာကို မမေ့လောက်ကြသေးပါဘူး။ အစိုးရကလည်း တရားခံကို ဖမ်းဆီးနိုင်ဖို့အတွက် သေသေချာချာ ဆောင်ရွက်နေကြောင်း၊ ကွင်းဆက်တွေ ဖော်ထုတ်နိုင်အောင် စုံစမ်းစစ်ဆေး မေးမြန်းမှုတွေ ပြုလုပ်နေကြောင်း သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမယ့် အဲဒီတုန်းက လက်မခံခဲ့ကြပါဘူး။ ဒေါသတကြီးနဲ့ ဝေဖန်ခဲ့ကြ၊ ပြစ်တင်ခဲ့ကြပါတယ်။ နောက်ဆုံးတော့ ဗုံးဖောက်ခွဲမှု တရားခံကို ဖော်ထုတ်ပေးခဲ့ပါတယ်။ နိုင်ငံပိုင် သတင်းစာတွေမှာလည်း အကျယ်တ၀င့် ဖြစ်စဉ်များ၊ ကွင်းဆက်များ၊ ဆက်သွယ်မှုများနဲ့တကွ ပြည့်ပြည့်စုံစုံ ဖော်ပြပေးခဲ့ကြပါတယ်။ ဟော... ဒီနေ့တော့ အခြေအနေက တစ်မျိုးဖြစ်ကုန်ပါရော့လား။ အဲဒီတရားခံကို လူသားချင်း စာနာထောက်ထားမှု ရှုထောင့်ကနေ သမ္မတကြီးက လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်တယ်။ တရားခံဟာ လေဖြတ်နေသလို၊ ကင်ဆာရောဂါကိုလည်း ခံစားနေရတယ်၊ မကြာခင်မှာပဲ လူ့လောကကို စွန့်ခွာရမယ်လို့ သိရပါတယ်။ လွှတ်ပေးလိုက်တာကို ဘာမျှ မပြောလိုပေမယ့် အဲဒီကျေးဇူးရှင် ဖြိုးဝေအောင်ဆိုတဲ့ကောင်က ငြိမ်ငြိမ်မနေဘူးဗျ။ လွှတ်ပေးတဲ့ သမ္မတကြီးရဲ့ မျက်နှာကိုမျှမထောက် ပြောချင်ရာတွေပြော၊ ဆိုချင်ရာတွေဆို လုပ်နေပါရော့လား။ ငယ်ငယ်ကတည်းက လူကြီးတွေ ပြောဖူးတဲ့ ဘယ်သူခိုးကမျှ ခိုးတယ်လို့ ၀န်မခံဘူးဆိုတာ အခုမှပဲ ကောင်းကောင်းသဘောပေါက်တယ်။ ထားပါတော့ သူက တရားခံမို့ သူ့ဘာသာသူ မလုပ်ခဲ့ပါဘူးပဲပြောပြော၊ အပြစ်မရှိပါဘူးပဲဆိုဆို၊ ခက်တာက ကျုပ်တို့ရွှေမြန်မာ ဂျာနယ်တွေက အဲဒီတရားခံကို သူရဲကောင်းဖြစ်အောင် ၀ိုင်းဝန်းပုံဖော်နေကြတာပဲဗျ။ ကျုပ်ဖြင့်လေ စိတ်တိုလွန်းလို့ ဒေါသစိတ်နဲ့ တဆတ်ဆတ်နဲ့တောင် တုန်မိတယ်။ ကျုပ်တို့ဆီက မီဒီယာတွေဟာ ဟုတ်မှဟုတ်သေးရဲ့လားလို့လည်း စဉ်းစားနေမိတယ်။ ကြမ်းပိုးကို လိပ်ဖြစ်အောင် လုပ်ရင် လူတွေက မကြိုက်ကြဘူးတဲ့။ ကျုပ်တို့ဆီက မီဒီယာတွေက ကြမ်းပိုးကို လိပ်ဖြစ်အောင် မလုပ်ကြဘူး၊ ကင်းကောင်တို့၊ ဂေါ်ဇီလာတို့ဖြစ်အောင် လုပ်နေကြသဗျ။ ရင်လေးမိပါသေးသဗျာ။ ကျုပ်ကတော့ သူတို့အတွက် ဆောင်ပုဒ်တစ်ခု တွေးမိသဗျ။ ဂျာနယ်တိုက်တွေမှာ ကပ်ထားသင့်တယ်လို့လည်း အကြံပေးချင်တယ်။ ဒီလိုဗျာ... ဒီလို....။
ထောင်ကျဖူးသူတိုင်း နိုင်ငံရေးသူရဲကောင်းဖြစ်အောင် ကျွန်ုပ်တို့ဂျာနယ်တိုက်က တာဝန်ယူသည်၊ အာမခံသည်။ အမြန်ဆက်သွယ်ပါ။
ကောင်းရဲ့မဟုတ်လား။ စစ်အုပ်ချုပ်ရေးခေတ်မှာ ဆိုင်းဘုတ်ကိုင်လို့ ထောင်ချခံရတဲ့လူကလည်း အခုအချိန်မှာ နိုင်ငံရေးသူရဲကောင်း၊ သူများတွေ လမ်းလျှောက်နေတာတွေ့လို့ လိုက်ပြီးတော့ လမ်းလျှောက်ရင်း ဟိုပြောဒီပြော ပြောခဲ့တဲ့လူကလည်း အခုအချိန်မှာ နိုင်ငံရေးခေါင်းဆောင်၊ တပ်မတော်အစိုးရကို အော်ဆဲလို့ ထောင်ကျပြီး လွတ်လာတဲ့လူကလည်း ဒီမိုကရေစီသူရဲကောင်း၊ ကိုယ့်ဘာသာကိုယ် အသုံးမကျလို့၊ အပြစ်ရှိလို့ အလုပ်ကနေ ထုတ်ပယ်ခံရတဲ့လူကလည်း အခုမှထပြီး စံပြသူရဲကောင်း၊ ကဲ ကျုပ်တို့ မြန်မာပြည်လောက် သူရဲကောင်းပေါတဲ့နိုင်ငံ ရှိဦးမလားဗျာ။ ဂျာနယ်တိုက်တွေဆိုတာ ဂျာနယ်တွေ မွေးထုတ်တာ မဟုတ်ဘဲ နိုင်ငံရေးသူရဲကောင်းတွေ၊ ဒီမိုကရေစီခေါင်းဆောင်တွေ မွေးထုတ်တဲ့နေရာ ဖြစ်နေပါရောလား။ ကိုင်းကိုင်း.... လိုရင်းကိုဆက်ရရင် ဖြိုးဝေအောင်ဆိုတဲ့လူကို ဂျာနယ်တွေက တခမ်းတနား တလေးတစားနဲ့ သူရဲကောင်းဇာတ်သွင်းနေတာကို ကျွန်ုပ်ကိုဉာဏ် လုံးဝ (လုံးဝ) ကန့်ကွက်ရှုံ့ချပါကြောင်း ခင်ဗျား။

ကဲ... ဒီပို့စ်တွင် ဒီမျှနှင့် တော်ဦးမည်။ နောက်ပို့စ်များမှ ဆက်ကြဦးမည်။ မေတ္တာတော်အနန္တကို ခံယူလျက်ရှိကြောင်းပါခင်ဗျား။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၂ ခုနှစ်၊ သြဂုတ်လ ၁၇ ရက်၊ သောကြာနေ့။
ည ၉ နာရီ ၀၅ မိနစ်တွင်ပြီး၏။ 

Sunday, July 08, 2012

October Aung Gyi, what are you doing?


မော်နီတာဂျာနယ် အတွဲ(၂)၊ အမှတ်(၁၀)၊ စာမျက်နှာ-၂၂ တွင် ဖော်ပြပါရှိသည့် အောက်တိုဘာအောင်ကြီး ဘာတွေလုပ်နေလဲ ကို ပြန်လည်ဖော်ပြပါသည်။ သဘောကျနှစ်ခြိုက်စရာ၊ ဆပွားတွေးတောစရာ အတွေးများ ပါဝင်နေသောကြောင့် ဖြစ်ပါသည်။ ဖတ်ရှုခံစားကြပါကုန်။


Sunday, January 08, 2012

New Year Resolutions


နှစ်သစ်ကူးအခါသမယမှာ အချို့သောလူတွေဟာ New Year Resolution လို့ခေါ်တဲ့ နှစ်သစ်ကူး အဓိဌာန် ပြုလုပ်ကြလေ့ရှိပါတယ်။ လာမယ့်နှစ်မှာ ကိုယ်ဘာလုပ်မယ်၊ ဘာဖြစ်ရမယ်၊ လာမယ့်နှစ်မှာ ဆေးလိပ်ဖြတ်မယ် စသည်ဖြင့်ပေါ့လေ။ အဲဒီအကျင့်ကို ကျွန်တော်နဲ့ မိတ်ဆက်ပေးခဲ့တာက သူငယ်ချင်း ဗိုလ်ကောင်းပါ။ သူမိတ်ဆက်ပေးတဲ့ နှစ်ကစပြီး နှစ်စဉ်နှစ်တိုင်း နှစ်သစ်အဓိဌာန်ကို မပျက်မကွက် ပြုလုပ်ခဲ့ပါတယ်။ ဒိုင်ယာရီစာအုပ်ရဲ့ ရှေ့ဆုံးစာမျက်နှာမှာ သေသေချာချာ ရေးဖြစ်ခဲ့ပါတယ်။ နှစ်ကုန်သွားတဲ့အခါ ကိုယ်လုပ်ခဲ့တဲ့ အဓိဌာန်တွေထဲက ဘယ်နှချက်များ လုပ်နိုင်ခဲ့သလဲဆိုတာ အင်မတန်မှ စိတ်ဝင်စားစရာ ကောင်းပါတယ်။

သူများတွေရဲ့ နှစ်သစ်စိတ်ကူး အဓိဌာန်တွေက တစ်ချက်၊ နှစ်ချက်ပါပဲ။ ဒါပေမယ့် ကျွန်တော်ကတော့ နှစ်တိုင်းလိုလို နှစ်သစ်ကူး အဓိဌာန်တွေ အများကြီး ချဖြစ်တတ်တယ်။ ၁၀ ချက် ၁၂ ချက်လောက် ပါတဲ့ အဓိဌာန်တွေ အများကြီးရှိခဲ့ဖူးတယ်။ နှစ်စဉ်ဆိုသလို တစ်ဝက်လောက် (၅၀%) တော့ အောင်မြင်ပြီးမြောက်တာ တွေ့ရပါတယ်။ ကျေနပ်တယ်တော့ မဟုတ်ပေမယ့် ကြည်နူးမိတာတော့ အမှန်ပါပဲ။

ဒီနှစ်လည်း New Year Resolution မလုပ်ရသေးဘူးဆိုပြီး သတိရမိတယ်။ ဒါပေမယ့် ထူးဆန်းတာက အရင်လိုမျိုး ဘာလုပ်မယ်၊ ညာလုပ်မယ်၊ ဘာဖြစ်ရမယ်၊ ညာဖြစ်ရမယ် ဆိုတာမျိုး အများကြီး မရှိတော့ဘဲ ဖြစ်နေတာပါပဲ။ ကျွန်တော့်စိတ်ထဲမှာ ဖြစ်ချင်တာတွေ သိပ်မများတော့တာများလားပေါ့။ အဲလိုလည်း မဟုတ်ရပါဘူး။ ဖြစ်ချင်တာတွေ၊ လုပ်ချင်တာတွေ တောင်ပုံရာပုံပါ။

ကဲပါဗျာ... လေရှည်နေမိတာနဲ့ လိုရင်းကို မရောက်တော့ဘူး။ ကျွန်တော့်ရဲ့ နှစ်သစ်အဓိဌာန်ကိုပဲ ပြောပြပါတော့မယ်။
(၁) ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပတ်သက်၍ ကျွန်တော်ပြုစုထားသမျှ၊ သိထားသမျှကို အများသိအောင် ပြန်လည်ဖြန့်ဝေပေးမည်။ ပြန့်ပွားအောင် ဆောင်ရွက်မည်။
(၂) ပုံနှိပ်မီဒီယာများတွင် ဆောင်းပါးများ၊ ကဗျာများ၊ အတွေ့အကြုံများ စတင်ရေးသားပါမည်။
(၃) မြန်မာပြည်က လူတွေထဲတွင် ကိုဉာဏ် (ပန်းလောင်မြေ) ဆိုသည့် လူသားတစ်ဦးရှိကြောင်း မှတ်တမ်းရေးထိုးနိုင်အောင် ကြိုးစားပါမည်။

ကဲ... ကျွန်တော့်ရဲ့ နှစ်သစ်အဓိဌာန်တွေပါခင်ဗျာ။ စာဖတ်သူအတွက် ကြောင်တောင်တောင် ဖြစ်နေရင်လည်း သည်းခံ၍သာ ဖတ်ရှုကြပါဦးခင်ဗျား။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၂ ခုနှစ်၊ ဇန်န၀ါရီလ ၈ ရက်၊ တနင်္ဂနွေနေ့။
မွန်းလဲ ၁၂ နာရီ ၂၀ မိနစ်။
စစ်တွေမြို့။

Saturday, August 27, 2011

မိတ်ဆွေများက မေးကြသည်


(၁)
ကျွန်တော်ကိုဉာဏ် မပြောမဆို ဘွားကနဲ ပေါ်လာတဲ့အတွက် မိတ်ဆွေတွေဆီက မေးခွန်းတွေမျိုးစုံ ရရှိပါတယ်။ ဘယ်တွေရောက်နေလဲ၊ ဘာတွေလုပ်နေလဲ၊ အဆင်ပြေရဲ့လား စတဲ့မေးခွန်းတွေနဲ့ အစပျိုးပြီးသကာလ နောက်ဆုံးတော့လည်း သူတို့မေးချင်တဲ့ဆီကို ရောက်သွားတာပါပဲ။ ဟုတ်ကဲ့... ဖြေပါ့မယ်ခင်ဗျား။

(၂)
ကျွန်တော်ကိုဉာဏ် စစ်တွေမှာပဲ ရှိကြောင်းပါခင်ဗျား။ ဘာတွေလုပ်နေလဲဆိုတော့ အစုံပါပဲလို့ ဖြေရမယ်ထင်ပါရဲ့။ ဘာလုပ်နေပါတယ်လို့ သတ်သတ်မှတ်မှတ် ဖြေလို့မရတဲ့အတွက်ပါ။ အဆင်ပြေရဲ့လားဆိုတော့ အားလုံးအဆင်ပြေကြောင်းပါ။ စာဖတ်ဖို့အတွက် အချိန်ရအောင် လုနေရတာရယ်၊ ခလုတ်ဖွင့်လိုက်တိုင်း မီးမလင်းသေးတာရယ်၊ စိတ်ကူးထဲမှာ ပြောချင်တာ၊ ရှာချင်တာ၊ သိချင်တာ တစ်ခုခုပေါ်လာတိုင်း အနီးအနားမှာ အင်တာနက် အလွယ်တကူ သုံးလို့ရတဲ့အခြေအနေမှာ မရှိတာရယ်တွေကလွဲရင် အဆင်ပြေတယ်လို့ ပြောနိုင်ပါတယ်။ ကျန်းမာရေးလည်း ကောင်းပါကြောင်းခင်ဗျား။ မိုးတွေအရမ်းများပြီး ဗွက်ထနေတဲ့အတွက် ဘောလုံးမကန်ရလေတော့ နဂိုကတည်းက ထွက်ချင်နေတဲ့ ဗိုက်ပူပူလေးက အခုတော့ ဗိုက်ပူပူကြီး ဖြစ်နေကြောင်းပါ။ ( သူငယ်ချင်းတွေကတော့ ဒါမှခန့်တာကွလို့ မြှောက်ပေးကြသည်။ မြှောက်ပေးမှန်းသိသော်လည်း ပုထုဇဉ်ပီပီ လက်ဘက်ရည်တိုက်လိုက်ကြောင်းပါ။ ဤကား စကားချပ်)

(၃)
စာတွေဖတ်ဖြစ်သလားဆိုတော့ ဖတ်ဖြစ်ကြောင်းပါ။ တစ်ပတ်တစ်ပတ် နေ့စဉ်ထုတ် ဂျာနယ်များကို ဖတ်ခွင့်ရရေးအတွက် ကြိုးပမ်းရသည်မှာ မလွယ်ကူလှပါ။ ဂျာနယ်အရောင်းဆိုင် (၄)ဆိုင်လောက်သာ ကြီးကြီးမားမားရှိသော အရပ်ဒေသတွင် မိမိဖတ်ချင်သည့်ဂျာနယ်ကို ဖတ်ခွင့်ရအောင် ကြိုးပမ်းရသည့် ဒုက္ခသည် ပြောပြလျှင် ရယ်စရာဖြစ်ပါလိမ့်မည်။ တနင်္လာနေ့ထွက်သော ဂျာနယ်တစ်စောင်ကို အင်္ဂါနေ့တွင် သွားဝယ်လျှင် မရှိတော့ဘူးဟု ဖြေပါလိမ့်မည်။ ထို့အတွက် တနင်္လာနေ့တွင် ၀ီရိယထားပြီး သွားဝယ်ပြန်တော့လည်း မရောက်သေးဘူး၊ မနက်ဖြန်မှရောက်မယ်ဟု ကြုံရတတ်ပြန်ပါသည်။ မနက်ဖြန်သွားပြန်တော့လည်း မိုးရွာနေသည့်အတွက် လေယာဉ်ခရီးစဉ်တွေ မရှိသဖြင့် ဒီအပတ် မပို့တော့ဘူးဟု လုပ်ပြန်တတ်ပါသည်။ ဂျာနယ်အရောင်းဆိုင်က လမ်းထိပ်တွင်ရှိတာ၊ အိမ်ဘေးမှာတင် ရှိတာဆိုလျှင် အကြောင်းမဟုတ်ပါ။ အခုတော့ ကျွန်တော်ကိုဉာဏ် နေသည့်နေရာမှ အဆိုပါဂျာနယ်ဆိုင်များရှိရာ စစ်တွေမြို့ထဲသို့ရောက်ရန် မိနစ် ၄၀ ခန့် ဆိုင်ကယ်ဖြင့် သွားရပါသည်။ အသွားအပြန် ဓာတ်ဆီတစ်ပုလင်း ကုန်သည်ဆိုလျှင်ပင် ဂျာနယ်တစ်စောင်အတွက် ဆင်ဖိုးထက် ချွန်းဖိုးကြီး ဖြစ်ရပါတော့သည်။ သို့သော်လည်း ၀ဋ်ကြီးသူပီပီ မဖတ်ရပြန်လျှင်လည်း မနေနိုင်သည့်အတွက် ရအောင်ရှာရ၊ ၀ယ်ရ၊ ဖတ်ရတာပါပဲခင်ဗျား။

(၄)
အခုလက်ရှိ နိုင်ငံရေးအခြေအနေတွေကို ဘယ်လိုမြင်သလဲဗျဟု မေးလာကြသူတွေကလည်း အများသား။ ထူးတော့မထူးဆန်းပါပေ။ ပြည်သူအများစု စိတ်ဝင်စားနေသည့် အချိန်ပေကိုး။ ကျွန်တော့်မှာ ဖြေစရာတွေ အများကြီးရှိနေပါသည်။ သို့သော် မဖြေချင်သေးပါ။ ထို့ကြောင့် အဆိုပါမေးခွန်း မေးလာသူတိုင်းကို မြန်မာ့သွေးဘလော့ဂ်တွင် တင်ပေးခဲ့ဖူးသော ဆရာမောင်စူးစမ်း၏ ဆောင်းပါးများကို ပြန်လည်ဖတ်ရှုစေလိုကြောင်း ပြောကြားလိုပါသည်။

(၅)
လက်ရှိအစိုးရ၏ ကြိုးပမ်းဆောင်ရွက်နေမှုများကို အသိအမှတ်ပြု ကြိုဆိုပါသည်။ မျှော်လင့်ချက်လည်း ထားပါသည်။ တစ်နှစ်မပြည့်သေးသည့် ကာလတိုလေးအတွင်းတွင် လက်ရှိအစိုးရအပေါ် အချို့သော ဝေဖန်နေမှုများမှာ စိတ်ပျက်စရာဖြစ်ပါသည်။ လက်ရှိအစိုးရသည် သိကြားမင်းဦးဆောင်သည့် အစိုးရမဟုတ်ပါ။ လူသားတစ်ဦးဖြစ်သည့် သမ္မတကြီး ဦးသိန်းစိန် ခေါင်းဆောင်သည့် အစိုးရသာ ဖြစ်ပါသည်။ နတ်တို့ဖန်ဆင်းသည့်အလား အစစအရာရာ ဥုံဖွဆိုတာမျိုးတော့ မမျှော်လင့်သင့်ပါကြောင်း ကျွန်တော်ကိုဉာဏ်က အကြံပြုလိုပါသည်။

(၆)
လက်ရှိအစိုးရက မူဝါဒတွေ၊ စနစ်တွေ ပြောင်းလဲဖို့ လုပ်နေသည်။ သို့သော် လူတန်းစားအသီးသီးတို့က အဆင်သင့်မဖြစ်သေး။ နေရာတိုင်းတွင် လိုအပ်ချက်တွေ ရှိနေဆဲ။ မဖျောက်နိုင်သေးသည့် အကျင့်ဟောင်းတွေ ရှိနေဆဲဖြစ်သည်။ စာရေးက စာရေးအလျောက်၊ ၀န်ထမ်းက ၀န်ထမ်းအလျောက်၊ ကားမောင်းသူက ကားမောင်းသူအလျောက်၊ စပယ်ယာက စပယ်ယာအလျောက်၊ ဈေးရောင်းသူက ဈေးရောင်းသူအလျောက်၊ စီးပွားရေးသမားက စီးပွားရေးသမားအလျောက်၊ ကျောင်းဆရာက ကျောင်းဆရာအလျောက် စသဖြင့် မိမိနှင့်သက်ဆိုင်သည့် နေရာများတွင် အရိုးစွဲနေသည့် အကျင့်ဟောင်းများ၊ အကျင့်ဆိုးများကို ပြုပြင်ပြီး ခေတ်စနစ်နှင့် လိုက်လျောညီထွေသည့် အကျင့်ကောင်းများ မွေးမြူကြဖို့ လိုနေကြပြီ ဖြစ်ပါသည်။ သို့မှသာ တစ်နိုင်ငံလုံး တိုးတက်ဖွံ့ဖြိုးလာမည် ဖြစ်ပါသည်။ အစိုးရပဲ ကောင်းပြီး ကျန်သည့်လူများ မကောင်းလျှင်ရော.... မည်သို့ရှိနိုင်သည်ကို မှန်းဆကြစေလိုပါသည်။

(၇)
အခုများတော့ တော်ပါသေးပြီ။ နောက်များမှ ဆက်ရေးပါဦးမည်ခင်ဗျား။ ကမ္ဘာ့ရွာကြီးထဲတွင် ဟိုသွားဒီသွား လျှောက်သွားခွင့် ပြုကြပါဦးခင်ဗျား။

အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၁ ခုနှစ်၊ သြဂုတ်လ ၂၇ ရက်၊ စနေနေ့။
နေ့လည် ၁ နာရီ ၄၂ မိနစ်တွင်ပြီး၏။

Wednesday, August 24, 2011

ဟိုရောက် ဒီရောက် ဟိုစပ်စပ် ဒီစပ်စပ် ဟိုမစပ် ဒီမစပ် ဟိုမရောက် ဒီမရောက်


(၁)
မြန်မာ့သွေးမိတ်ဆွေများ ကျန်းခံ့သာလို့ မာပါစခင်ဗျား။ ကျွန်တော်ကိုဉာဏ် တစ်ကျော့ပြန် ပေါ်လာရကြောင်းပါခင်ဗျာ။ သရဲခြောက်တာ မဟုတ်ရပါ။ အမှန်တကယ် ကိုဉာဏ်အစစ်အမှန် ဖြစ်ကြောင်းပါခင်ဗျ။ အားလုံးပဲ စိတ်ရွှင်လန်းစွာဖြင့် ကျန်းမာချမ်းသာကြပါစေကြောင်း ဆုမွန်ကောင်း တောင်းလိုက်ရကြောင်းပါ။

(၂)
ဒီနေ့တော့ ကမ္ဘာ့ရွာကြီးထဲကို အလည်တစ်ခေါက် ပြန်ရောက်ရကြောင်းပါ။ အမယ်လေး... ကျွန်တော်ကိုဉာဏ်ဖြင့် မျက်စိတွေလည်ပြီး မနည်းကို သွားလာနေရကြောင်းပါဗျာ။ ကျွန်တော်မရောက်ဖြစ်တဲ့ အချိန်အတောအတွင်းမှာ ကမ္ဘာ့ရွာကြီး ပြောင်းလဲနေလိုက်ပုံများဖြင့် ပြောကိုမပြောချင်တော့ပေါင်ဗျာ။ တောသားမြို့ရောက် ဆိုတဲ့စကားအတိုင်း ပြောရမယ်ဆိုရင်တော့ ကိုဉာဏ်ရွာရောက် ဖြစ်နေတော့တာပေါ့။ ဟိုဟာတွေကလည်း အထူးအဆန်းတွေဖြစ်၊ ဒီဟာတွေကလည်း အထူးအဆန်းတွေဖြစ်နဲ့ပေါ့ခင်ဗျာ။ ဟိုဟာလေးလည်း ၀င်ကြည့်ချင်၊ ဒီဟာလေးလည်း ၀င်ကြည့်ချင်နဲ့ ငယ်ငယ်ကသာဆိုရင် ဘေးမှာရှိနေတဲ့ အဖေ၊ အမေတွေက ခေါင်းကို ဒေါက်ကနဲ ခေါက်ကြမှာ အသေအချာပေါ့ဗျာ။ ဘာပဲပြောပြော အခုတော့ ကမ္ဘာ့ရွာကြီးထဲကို အလည်ရောက်နေရတာကို ကျွန်တော်ကိုဉာဏ် ပျော်ရွှင်ကျေနပ်နေကြောင်းပါ ခင်ဗျ။

(၃)
ကမ္ဘာ့ရွာထဲရောက်တာနဲ့ ပထမဆုံး စဖွင့်မိတာက မြန်မာ့သွေးဘလော့ဂ်ပေါ့ခင်ဗျာ။ စီဘောက်မှာ ရေးထားတာလေးတွေကို လိုက်ဖတ်ပြီး ကျေနပ်ပီတိဖြစ်ရပါဘိဗျာ။ ရေးထားတဲ့သူတွေရော၊ မရေးဖြစ်သော်လည်း အဲဒီစာတွေကို လာဖတ်တဲ့လူတွေကိုရော ကျေးဇူးတင်ကြောင်းပါခင်ဗျ။ ကျွန်တော်ကိုဉာဏ် ပျော်ရွှင်ရသလို ခင်ဗျားတို့လည်း ပျော်ရွှင်ကြပါစေလို့ ဆုမွန်ကောင်း တောင်းပေးပါသဗျာ။

(၄)
ကွန်းမန့်တွေကိုလည်း ဖတ်ရပါ့ခင်ဗျာ။ ကျေးဇူးတင်လို့ မဆုံးပါ။ အများကြီးမဟုတ်ပေမယ့် ကျွန်တော့်ဘလော့ဂ်ကို ပုံမှန်ဖတ်နေတဲ့လူတွေ ရှိနေတယ်ဆိုတဲ့အတွက် ၀မ်းသာရပါတယ်။ တကယ့်ကို ၀မ်းသာရကြောင်းပါခင်ဗျာ။

(၅)
မြန်မာ့သွေးမိတ်ဆွေများအတွက် ပို့စ်အသစ်များ တင်ပေးနိုင်ရန် ကျွန်တော်ကိုဉာဏ် ကြိုးစားလျက်ရှိပါကြောင်း ပြောကြားရင်းနဲ့ ပြန်လည်နှုတ်ခွန်းဆက်သလိုက်ရကြောင်းပါခင်ဗျာ။

မင်္ဂလာပါ
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၁ ခုနှစ်၊ သြဂုတ်လ ၂၄ ရက်၊ ဗုဒ္ဓဟူးနေ့။
ညနေ ၄ နာရီ ၅၇ မိနစ်။

Monday, May 09, 2011

တောင်းပန်ပါရစေ


အင်တာနက်သုံးဖို့ အဆင်မပြေတဲ့အတွက် ဘလော့(ဂ်)မှာ ပို့(စ်)တွေတင်တာ ကျဲသွားတာကို ၀မ်းနည်းစွာနဲ့ တောင်းပန်ပါရစေ။ တင်ပေးစရာတွေ အများကြီးရှိပေမယ့် စိတ်သွားတိုင်း ကိုယ်မပါ ဆိုသလိုဖြစ်နေတော့ အတွေးထဲမှာပဲ တင်ပေးနေဖြစ်တဲ့ ပို့(စ်)တွေက အမြောက်အမြားပါပဲ။ အလျဉ်းသင့်သလို တင်ပေးသွားဖို့ စိတ်ကူးထားကြောင်းပါ။ မကြာမီ...... လာမည်...... မျှော်။

အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၁ခုနှစ် မေလ ၉ ရက်၊ တနင်္လာနေ့။
ညနေ ၄ နာရီ ၂၀ မိနစ်တွင်ပြီး၏။

Tuesday, February 15, 2011

ဆရာ မောင်စူးစမ်း စာရေးခြင်းမှ အနားယူပြီ


mgsusanmyanmarthway.jpg

အပတ်စဉ်ထုတ် ဂျာနယ်များ၊ လစဉ်ထုတ် မဂ္ဂဇင်းများတွင် စီးပွားရေးနှင့် နိုင်ငံရေးဆိုင်ရာ အတွေးအမြင်၊ ဆောင်းပါးများစွာ ရေးသားခဲ့သည့် ဆရာကြီး မောင်စူးစမ်းသည် စာရေးသားခြင်းမှ အနားယူပြီဖြစ်ကြောင်း ပြီးခဲ့သည့်အပတ်ထုတ် The VOICE ဂျာနယ်တွင် ဖတ်ရှုလိုက်ရသည်။

ဆရာ့ဆောင်းပါးများကို တခုတ်တရ မက်မက်မောမော စောင့်မျှော်ဖတ်ရှုနေသည့် စာဖတ်ပရိသတ်တစ်ဦး အနေဖြင့် အင်မတန်မှ စိတ်ညစ်သွားစေသည့် ၀မ်းနည်းသွားစေသည့် သတင်းဖြစ်ပါသည်။ အခြားသော စာရေးဆရာများနှင့် မတူခြားနားသည့် အတွေးအမြင်၊ အယူအဆ၊ အရေးအသားများဖြင့် စာဖတ်သူများ၏ ဦးနှောက်ကို မုန်တိုင်းထန်စေတတ်သည့် စာရေးဆရာတစ်ဦး၏ စာများကို မဖတ်ရတော့သည့်အတွက် တစ်ခုခု လိုအပ်သလို ဖြစ်သွားတာတော့ သေချာသည်။

အသက် ၈၄ နှစ် ဆိုသောအရွယ်သည် ငယ်တော့သည်မဟုတ်။ ကျွန်တော်တို့တွေ ဒီလောက်အသက်အရွယ်အထိ နေထိုင်ရှင်သန်ရပါ့မလား၊ နေထိုင်ရှင်သန်ခွင့် ရသည်ဆိုလျှင်တောင် သူ့လိုမျိုး အလုပ်တွေ လုပ်နိုင်ပါ့မလား စဉ်းစားလို့မရ။ အသက် ၈၀ ကျော်အထိ စာဖတ်ပရိသတ်များအတွက်၊ တစ်နည်း နိုင်ငံနှင့်လူမျိုးအတွက် တွေးတော ဆင်ခြင် မှတ်သား လိုက်နာဖွယ် အကြောင်းအရာမျိုးစုံကို ရေးသားပေးခဲ့သည့် ဆရာ့စေတနာကို ဘယ်လိုမှ လျစ်လျူရှုမထားနိုင်။ အသိအမှတ်ပြုမိသည်။ ချီးကျူးမိသည်။ အတုယူမိသည်။ လေးစားမိသည်။ အားကျမိသည်။ ဝေဖန်မှုလှိုင်းလုံးများကြားမှာ တစ်ချက်မှ နောက်မတွန့်ဘဲ ကိုယ်ယုံကြည်သည့်အတိုင်း ရေးသားခဲ့၊ ဝေမျှခဲ့သည့် ဆရာ့သတ္တိကလည်း ရှာမှရှား။ အထူးသဖြင့် နောက်ပိုင်းနှစ်များတွင် ဆရာရေးသားခဲ့သည့် နိုင်ငံရေးဆိုင်ရာ အကြောင်းအရာများသည် စာဖတ်ပရိသတ်များကြားတွင် ပြောစမှတ်ဖြစ်ရ၊ ငြင်းခုန်ရသည်သာမက စာရေးဆရာ အချင်းချင်းတွင်လည်း အမြင်မတူ၊ အယူအဆ မတူသူများက အမျိုးမျိုး ဝေဖန်ပုတ်ခတ် ခဲ့ကြသည်ကို တွေ့ရှိရသည်။ ဘယ်သူမှားသည် မှန်သည်ကတော့ သမိုင်းကသာ အဖြေပေးသွားပါလိမ့်မည်။ ဆရာရေးသားခဲ့သည်များသည် မှတ်တမ်းအဖြစ် ကျန်ရစ်နေခဲ့ပြီး ဖြစ်သည်။ ဖြစ်ပေါ်လာမည့် မြန်မာ့နိုင်ငံရေးရေစီးသည် ဆရာတွေးထင်ခဲ့သလို၊ မှန်းဆခဲ့သလို၊ ကြိုတင်နိမိတ်ဖတ်ခဲ့သလို ဟုတ်သည်/မဟုတ်သည်ကို စောင့်ကြည့်ရမည်သာ ဖြစ်ပါသည်။ ယခုပင် အချို့အချက်များသည် ရုပ်လုံးပေါ်စ ပြုလာသည်ကို တွေ့ရသည်။ ထားတော့... ပြောလိုသည်က ဆရာမောင်စူးစမ်း စာမရေးတော့ဘူးတဲ့။ စာဖတ်ပရိသတ်များအတွက် ၀မ်းနည်းရပါသည်။

စာမရေးတော့နိုင်သော်လည်း ဆရာ စာတွေဖတ်နိုင်ဦးမည် ထင်ပါသည်။ စာတွေဖတ်ရင်း ကျန်းကျန်းမာမာ ပျော်ပျော်ရွှင်ရွှင်ဖြင့် အသက်ရာကျော် နေထိုင်ရပါစေကြောင်း ဆုမွန်ကောင်း တောင်းလိုက်ပါသည်။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ ရက်၊ အင်္ဂါနေ့။
ညနေ ၃ နာရီ ၀၂ မိနစ်။

Tuesday, June 22, 2010

ရစ်ချတ်ဘုရင်နှင့် ယုတ္တိဗေဒပညာရှင်


တစ်ခါသားမှာ ရစ်ချတ်ဘုရင်မင်းမြတ်က "အားလုံးသော လူတွေဟာ လူလိမ်တွေချည်းပဲ" လို့ မိန့်တော်မူသတဲ့။ အဲဒီအခါမှာ ယုတ္တိဗေဒပညာရှင် တစ်ယောက်ကကြားတော့ "ဘုရင်မင်းမြတ်ရဲ့ အဆိုကို မှန်တယ်လို့ပဲ ထားလိုက်ကြစို့ရဲ့" လို့ ပြောပြီး ဆင်ခြေတစ်ထုံးကို ဖွဲ့လိုက်သတဲ့။ သူ့ဆင်ခြေက-

"ဘုရင်မင်းမြတ်က အားလုံးသော လူတို့သည် လူလိမ်များဖြစ်ကြသည် ဟု ဆိုသည်။ သို့သော် ဘုရင်မင်းမြတ်သည်လည်း လူတစ်ယောက် ဖြစ်သည်။ ထို့ကြောင့် ဘုရင်မင်းမြတ်သည်လည်း လူလိမ်တစ်ယောက်ပင် ဖြစ်သည်။ လူလိမ်ပြောသော စကားတို့သည်မမှန်။ ထို့ကြောင့် အားလုံးသောလူတို့သည် လူလိမ်များဖြစ်ကြသည်ဆိုသော အဆိုသည် မမှန်။ ထို့ကြောင့် အားလုံးသောလူတို့သည် လူလိမ်များ မဟုတ်ကြ"။

အောင်သင်း
လှလိုက်တာနော် (ရသစာတမ်းငယ်)
ပေဖူးလွှာ

Friday, June 18, 2010

Waka Waka (This time for Africa)



(Oooeeeeeeeeeeeeeeeehh)

You're a good soldier
Choosing your battles
Pick yourself up
And dust yourself off
Get back in the saddle

You're on the front line
Everyone's watching
You know it's serious
We are getting closer
This isn't over

The pressure is on
You feel it
But you got it all
Believe it

When you fall get up, oh oh
If you fall get up, eh eh
Tsamina mina zangalewa
Cuz this is Africa
Tsamina mina, eh eh
Waka waka, eh eh
Tsamina mina zangalewa
This time for Africa

Listen to your God
This is our motto
Your time to shine
Don't wait in line
Y vamos por todo

People are raising
Their expectations
Go on and feed them
This is your moment
No hesitations

Today's your day
I feel it
You paved the way
Beleive it

If you get down get up, oh oh
When you get down get up, eh eh
Tsamina mina zangalewa
This time for Africa
Tsamina mina, eh eh
Waka waka, eh eh
Tsamina mina zangalewa
Anawa a a
Tsamina mina, eh eh
Waka waka, eh eh
Tsamina mina zangalewa
This time for Africa

(Lady Singing)

Voice: Tsamina mina, Anawa a a
Tsamina mina
Tsamina mina, Anawa a a

Tsamina mina, eh eh
Waka waka, eh eh
Tsamina mina zangalewa
Anawa a a
Tsamina mina, eh eh
Waka waka, eh eh
Tsamina mina zangalewa
This time for Africa

Django eh eh
Django eh eh
Tsamina mina zangalewa
Anawa a a

Django eh eh
Django eh eh
Tsamina mina zangalewa
Anawa a a

(2x) This time for Africa

(2x) We're all Africa

Tuesday, June 15, 2010

တောင်ကိုရီးယား Counselor မစ္စတာလီဂျောင်ကွမ်းနှင့် တွေ့ဆုံခြင်း


ကိုရီးယားဇာတ်လမ်းတွဲတွေအပေါ် မြန်မာပရိသတ်တွေ ဘယ်လောက်ရူးသွပ်ကြသလဲဆိုတာ အားလုံးအသိပါ။ ကျွန်တော်တို့နိုင်ငံမှ မဟုတ်ပါဘူး။ အခြားနိုင်ငံတွေမှာလည်း ကိုရီးယားဇာတ်လမ်းတွဲတွေအပေါ် လက်ခံအားပေးမှုတွေ မြင့်တက်လာနေတာ အထင်အရှားပါ။ ကိုရီးယားဇာတ်ကားတွေနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံဆိုင်ရာ တောင်ကိုရီးယားသံရုံးမှာ Counselor အဖြစ် တာဝန်ထမ်းဆောင်နေတဲ့ မစ္စတာလီဂျောင်ကွမ်းနဲ့ တွေ့ဆုံဆွေးနွေးထားတာတွေထဲက အချို့ကို ပြန်လည်ထုတ်နုတ်ဝေငှလိုက်ပါတယ်။ --------------[ကိုဉာဏ်]

*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*

မေး။ ကိုရီးယားရုပ်ရှင်တွေ တိုးတက်လာအောင် အစိုးရအထောက်အပံ့ပေးလို့လား။

ဖြေ။ မထောက်ပံ့ဘူး။ ဟိုအရင်တုန်းကတော့ ထောက်ပံ့ပေးတာရှိတယ်။ ဒါပေမယ့် အဲဒီအချိန်က ဒီလောက်ထိ မတိုးတက်ခဲ့ဘူး။ တရုတ်ပြည်သူ့ သမ္မတနိုင်ငံက ကိုရီးယားဇာတ်လမ်းတွေကို စိတ်ဝင်စားလို့ ကမ်းလှမ်းတယ်၊ ၀ယ်တယ်။ အဲဒီကနေပြီးမှ တဖြည်းဖြည်း တိုးတက်လာတာပါ။ ဟိုတုန်းကတော့ အစိုါ်ရက ထောက်ပံ့ပေးတဲ့ ဇာတ်လမ်းတွဲတွေမှာ ကိုရီးယားနိုင်ငံကို ကြော်ငြာတဲ့ပုံစံနဲ့ရိုက်တဲ့ ရုပ်ရှင်တွေ ရှိခဲ့ဖူးတယ်။ ဒါပေမယ့် အဲဒီဇာတ်ကားတွေကို ပြည်သူတွေက လက်မခံဘူး။ အစိုးရရိုက်တဲ့ ရုပ်ရှင်ဆိုရင် ပြည်သူက မကြိုက်တော့ဘူး။ ပြည်သူတွေက နားငြီးတယ်၊ မျက်စိရှုပ်တယ်ဆိုပြီး ဝေဖန်ကြတယ်။ တကယ့်လက်တွေ့ဘ၀နဲ့ နီးစပ်တဲ့ ဇာတ်လမ်းတွေကိုပဲ ပြည်သူတွေက ကြိုက်တယ်။ ရုပ်ရှင်လောကသားတွေက သူတို့ဘာသာသူတို့ ကြိုးစားရင်းနဲ့ပဲ ဒီလိုအောင်မြင်မှုတွေ ရလာတာပါ။

မေး။ ရုပ်ရှင်နဲ့ပတ်သက်ပြီး ကိုရီးယားအစိုးရက ဘယ်လိုကိုင်တွယ်သလဲ။ ဘယ်အဖွဲ့အစည်းတွေက မူဝါဒတွေကို ချမှတ်လဲ။

ဖြေ။ ရုပ်ရှင်နဲ့ပတ်သက်ရင် ယဉ်ကျေးမှုဝန်ကြီးဌာနအောက်မှာ ရှိတယ်။ ပြန်ကြားရေးဌာနက ရုပ်ရှင်လုပ်တယ်ဆိုရင် အစိုးရကိုပဲ ကြော်ငြာပေးတာပေါ့။ ပြည်သူက သိပ်မကြိုက်ဘူး။ ရုပ်ရှင်ဆိုတာ ယဉ်ကျေးမှုရယ်၊ အနုပညာရယ်နဲ့ပဲ ဆိုင်တယ်။ ပြန်ကြားရေးနဲ့ မဆိုင်ဘူး။ ယဉ်ကျေးမှုကပဲ ကိုင်တွယ်တယ်။

မေး။ ကိုရီးယားမှာရော ရုပ်ရှင်နဲ့ပတ်သက်ပြီး ထိန်းချုပ်ထားတဲ့ စည်းမျဉ်းဥပဒေတွေ ရှိလား။

ဖြေ။ ရှိတယ်၊ ကန့်သတ်တယ်ဆိုရင် ဥပမာ- မောင်နှမချင်းပြန်ပြီး ပေါင်းသင်းတာမျိုး၊ လူ့ယဉ်ကျေးမှုနဲ့ ဆန့်ကျင်တာမျိုးကို ကန့်သတ်ထားတယ်။ နိုင်ငံတကာမှာလည်း အတူတူပဲ။ ပြည်သူတွေ အဆင်မပြေတာတွေကို ရုပ်ရှင်ကပြတာ တွေ့နေရတယ်။ ဒါပေမယ့် အစိုးရကို သိက္ခာကျစေမယ့် ဆဲဆိုမှုမျိုးတွေကို လက်မခံဘူး။

မေး။ ကိုရီးယားနိုင်ငံမှာ ယခင်စစ်ဘက်အုပ်ချုပ်ရေးတုန်းက ရုပ်ရှင်လောကရဲ့ အခြေအနေက ဘယ်လိုရှိခဲ့လဲ။ အခုလိုပဲ လွတ်လွတ်လပ်လပ် ရှိခဲ့လား။

ဖြေ။ အများကြီး ဆင်ဆာဖျက်ခံရတယ်။ မင်းသား၊ မင်းသမီး ချစ်ခန်းကြိုက်ခန်းတွေ၊ လူတွေရဲ့ဒုက္ခတွေကို ဖော်ပြတဲ့အခန်းတိုင်းကို ဆင်ဆာဖျက်တယ်။ ဆင်ဆာမဖျက်ဘဲနဲ့ ပြမိရင် လူပါ လိုက်ဖမ်းတယ်။ အရပ်သားအစိုးရပြောင်းတော့ ဒါတွေကို ချက်ချင်းပြင်လိုက်တယ်။ ဖွင့်ပေးလိုက်တယ်။

မေး။ ခင်ဗျားက မြန်မာစကား ကျွမ်းကျွမ်းကျင်ကျင် ပြောတတ်ဆိုတတ်တယ်ဆိုတော့ မြန်မာရုပ်ရှင်တွေရော ကြည့်ဖြစ်လား၊ ဘယ်လိုခံစားရလဲ။

ဖြေ။ ကြည့်ဖြစ်တယ် (ရယ်လျက်)။ ဆယ်မိနစ်လောက် ကြည့်တယ်ဆိုရင် ဇာတ်လမ်းအဆုံးကို တစ်ခါတည်း တွေးကြည့်လို့ရတယ်။ ဇာတ်လမ်းတွေက ပျင်းစရာကောင်းတယ်။ မင်းသား၊ မင်းသမီးတွေက သရုပ်ဆောင်တော့ ကောင်းပါတယ်။ မျက်နှာအနေအထားကျတော့ ၀မ်းသာတယ်ဆိုရင် ၀မ်းသာတဲ့ပုံက ဇာတ်ကားအားလုံး တစ်ပုံစံတည်း၊ ၀မ်းနည်းတယ်ဆိုလည်း ၀မ်းနည်းတဲ့ပုံက တစ်ပုံစံတည်းဖြစ်နေပြီး မျက်နှာသေပုံစံ ဖြစ်နေတယ်။

မေး။ မြန်မာရုပ်ရှင်လောက ကိုရီးယားလို တိုးတက်လာဖို့အတွက် အချိန်ဘယ်လောက် ယူရမယ်ထင်လဲ။

ဖြေ။ ကြိုးစားရင် နောက် ငါးနှစ်လောက်ဆိုရင် ဖြစ်နိုင်ပါတယ်။ လူဦးရေကလည်းများတယ်။ စီးပွားရေးကလည်း ကောင်းမယ်ဆိုရင် ရမှာပါ။ မြန်မာပြည်သူတွေက စိတ်ခံစားမှု အားကောင်းကြပါတယ်။ ကိုရီးယားကားတွေတောင် ကြည့်ကြတာပဲ။ မြန်မာဇာတ်လမ်းတွေ ကောင်းရင်လည်း တိုးတက်လာမှာပါ။

မေး။ မြန်မာနိုင်ငံမှာ ကိုရီးယားဇာတ်လမ်းတွေနဲ့ ပတ်သက်ပြီး တချို့ဝေဖန်မှုတွေ ရှိပါတယ်။ ကိုရီးယားဇာတ်လမ်းတွေကြည့်ပြီး မြန်မာမိန်းကလေးတွေ အရက်သောက်တာ များလာကြတယ်ဆိုတာနဲ့ ပတ်သက်ပြီး ပြောနေကြတာကို ဘယ်လိုသုံးသပ်ချက် ပေးချင်လဲ။

ဖြေ။ အဲဒါမျိုး အရက်သောက်တာမျိုး ကျွန်တော်လည်း မကြိုက်ဘူး။ ကျွန်တော့်အသက် ၄၄ နှစ် ရှိပြီ။ ၀န်ထမ်းလုပ်တာလည်း အနှစ် ၂၀ ရှိပြီ။ ဒါမျိုးတွေ မကြိုက်ပါဘူး။ အခုခေတ်လူငယ်တွေက အသက် ၁၆ နှစ်၊ ၁၇ နှစ်မှာ အတူတူနေကြတာမျိုး လုပ်ချင်ကြတယ်။ ဒါမကောင်းပါဘူး။ ယဉ်ကျေးမှုကကြည့်ရင် ကျွန်တော်လည်း မကြိုက်ပါဘူး။

မေး။ ဒါဆိုရင် ယဉ်ကျေးမှုနဲ့ ဒီမိုကရေစီဆိုတာ ပဋိပက္ခဆောင်နေတဲ့ သဘောပေါ့နော်။

ဖြေ။ ဟုတ်ပါတယ်။ ဒါကြောင့် စစ်ဘက်အုပ်ချုပ်ရေးမှာလည်း ကောင်းတဲ့အချက်ရှိတယ်။ ယဉ်ကျေးမှုနဲ့ဆိုင်တဲ့ ကိစ္စတွေမှာ တင်းတင်းကျပ်ကျပ် ချုပ်ကိုင်လို့ရတယ်။ ယဉ်ကျေးမှုထိန်းသိမ်းဖို့ သက်သက်ပဲဆိုရင် စစ်ဘက်အုပ်ချုပ်တာ ကောင်းပါတယ်။ ဒီမိုကရေစီအစိုးရ ပြောင်းရင် ဒါတွေကို ဖွင့်ပေးလိုက်ရတယ်။ အဲဒီအတွက်လည်း ယဉ်ကျေးမှုဆုံးရှုံးတာတွေလည်း ရှိတာပဲ။

မေး။ ကိုရီးယားလူမျိုးတစ်ယောက်အနေနဲ့ ကိုရီးယားဇာတ်လမ်းတွဲတွေ စွဲစွဲလန်းလန်းကြည့်နေတဲ့ မြန်မာတွေကို ဘာများပြောချင်လဲ။

ဖြေ။ မြန်မာတွေမှာ ၉၀ ရာခိုင်နှုန်းလောက်က Passport မရှိဘူး။ Passport လုပ်ပြီး ပိုက်ဆံစုပြီး နိုင်ငံတကာကို ခရီးများများထွက်ရမယ်။ အတွေ့အကြုံ ဗဟုသုတတွေ ရှာရမယ်။ အဲဒီလိုသွားရင် စိတ်ဓာတ်အင်အား တိုးတက်လာလိမ့်မယ်။ ကိုရီးယားကားတွေကြည့်ပြီး ကောင်းတဲ့အရာတော့ ယူပါ။ မကောင်းတဲ့အရာဆိုရင်တော့ မယူပါနဲ့။

Saturday, May 22, 2010

ရှုသူ၏ မျက်ဝန်းထဲမှာ - နေစိုးသော်


တစ်ည....။

ကျွန်မနှင့် ကျွန်မ၏ ရှစ်နှစ်အရွယ် သားငယ် ဇာကာရီယာတို့သည် ရုပ်မြင်သံကြားမှ ကြည့်ရှုရန် လာမည့် အစီအစဉ်များကို လိုက်လံ ရှာဖွေ ဖတ်ရှုနေကြသည်။

"အိုး... အလှမယ်ပြိုင်ပွဲ လာမှာပါလား..."

ကျွန်မက ရေရွတ်လိုက်သည်။

ဇာကာရီယာက အလှမယ်ပြိုင်ပွဲ ဆိုသည်ကို ဘာလဲဟု ကျွန်မကို မေးပါသည်။

ကျွန်မက အလှမယ်ပြိုင်ပွဲဆိုသည်မှာ ကမ္ဘာပေါ်ရှိ အမျိုးသမီးများထဲမှ အလှဆုံး အမျိုးသမီးကို ရွေးချယ်ရန် ယှဉ်ပြိုင်သည့်ပွဲဖြစ်ကြောင်း ရှင်းပြလိုက်သည်။

ထိုအခါ ပကတိ ရိုးသားမှုဖြင့် ပြန်မေးလိုက်သော သားငယ်၏ စကားက ကျွန်မကို ရင်ဖိုစေကာ ပီတိတွေ ဝေဖြာသွားစေပါတော့သည်။

"အဲဒါဆို.... မေမေ ဘာလို့ ၀င်မပြိုင်တာလဲဟင်...."

[Tammy Litchfield Najjar ၏ In the Eye of the Beholder ကို ပြန်ဆိုပါသည်။]
The Light of English
No (185), May, 2010
စာမျက်နှာ - ၈

 
Web Statistics