Friday, October 05, 2012

လတ်တလော... လတ်တလော... လတ်တလော...


(က)
ကုလသမဂ္ဂမှာပြောကြားခဲ့တဲ့ သမ္မတကြီး ဦးသိန်းစိန်ရဲ့ မိန့်ခွန်းနဲ့ပတ်သက်ပြီး ကြိုဆိုကြတာကို တွေ့ရတဲ့အတွက် ၀မ်းသာမိပါတယ်။ ကိုယ့်နိုင်ငံက အကြီးအကဲတစ်ဦး ကုလသမဂ္ဂလိုနေရာမှာ မိန့်ခွန်းပြောတာကိုလည်း ဂုဏ်ယူတယ်၊ သူပြောတဲ့ မိန့်ခွန်းကို အားလုံးက တလေးတစားနားထောင်ပြီး လက်ခံကြိုဆိုကြတာကိုလည်း ဂုဏ်ယူတယ်၊ မိန့်ခွန်းထဲမှာ ပြောသင့်ပြောထိုက်တာတွေကို ထည့်ပြောတဲ့အတွက်လည်း ဂုဏ်ယူတယ်၊ လစ်ဗျားခေါင်းဆောင်ဟောင်း ကဒါဖီတို့၊ အီရန်သမ္မတ အာမာဒီနီဂျက်တို့လို အခန်းထဲက ကိုယ်စားလှယ်တွေ ထထွက်သွားရတဲ့ မိန့်ခွန်းမဟုတ်တဲ့အတွက် ပိုလို့တောင် ဂုဏ်ယူရသေးတယ်၊ သြော်.. ငါတို့နိုင်ငံဟာ အခုတော့လည်း သူ့နေရာသူ ပြန်ရောက်တော့မှာပါလားလို့ တွေးမိပြီး မျက်ရည်လည်မိတဲ့အထိ ဂုဏ်ယူရပါတယ်။ အဲဒီအတွက် အခုလို အခြေအနေတွေကို ရောက်လာအောင် ကြိုးပမ်းဆောင်ရွက်ခဲ့သူအားလုံးကို ကျေးဇူးတင်လိုက်ပါတယ်။ အနောက်တိုင်းသားတွေ ပြောနေကျအတိုင်း ပြောရမယ်ဆိုရင်တော့ "ရှေ့ဆက်ပါမြန်မာ... ရှေ့ဆက်ပါ... မင်းအကောင်းဆုံး လုပ်နိုင်မှာပါ..." ပေါ့ခင်ဗျာ။

(ခ)
ဘင်္ဂလားဒေ့ရှ်မှာ ဖြစ်ခဲ့တဲ့ ပြဿနာတွေနဲ့ပတ်သက်လို့ စိတ်မကောင်းဖြစ်မိတယ်။ လူလူချင်း ဖြစ်တဲ့ပြဿနာတွေမှာ ဘာဖြစ်လို့ သမိုင်းဆိုင်ရာ အဆောက်အဦးတွေ၊ အထွတ်အမြတ်ထားတဲ့ ဘာသာရေးဆိုင်ရာ အဆောက်အဦးတွေကို ဖျက်ဆီးရသလဲဆိုတာကို တွေးလို့မရဘူး။ ငယ်ငယ်တုန်းက ကလေးအချင်းချင်း ရန်ဖြစ်တဲ့အခါ မနိုင်မှန်းသိရင် အခြားကလေးရဲ့ စက်ဘီးကို တွန်းလှဲပြီး ထွက်ပြေးတာမျိုး၊ အခြားကလေးရဲ့ လွယ်အိတ်ကို အဝေးကိုလွှင့်ပစ်တာမျိုး၊ အခြားကလေးရဲ့ ထမင်းဘူးကို သွန်ပစ်တာမျိုးလို့ပဲ မြင်မိတယ်။ တစ်ခုတော့ တွေးမိတယ်... ဘင်္ဂလာဒေ့ရှ်မှာ အခုလိုလုပ်သလိုမျိုးသာ ရန်ကုန်မြို့က ဗလီတွေကို ဖျက်ဆီးခဲ့မယ်ဆိုရင် ဘာတွေများ ဆက်ဖြစ်မလဲဆိုတာပါ။ အော်လိုက်ကြမယ့်အမျိုး၊ ဝေဖန်လိုက်ကြမယ့်ဖြစ်ခြင်း၊ ဟူး..... အတော်ကြီးကို ရင်မောမိတယ်။ မပြီးနိုင်မစီးနိုင်ဖြစ်နေတဲ့ ပြဿနာတွေကို မြင်ကြားနေရတဲ့အတွက် "ငိုချင်လျက် လက်တို့" ဆိုတဲ့ စကားပုံကိုပဲ အထပ်ထပ် ဆင်ခြင်နေမိတယ်။ ငိုချင်နေတဲ့ကလေးကို ကျွန်တော်တို့တွေ လက်နဲ့တို့မိသလားလို့ ပြန်စဉ်းစားကြည့်နေမိတယ်။

(ဂ)
ဆရာမောင်ဝံသမှာ အဆုတ်ကင်ဆာ တွေ့တယ်ဆိုတဲ့ သတင်းကြောင့် စိတ်မကောင်းဖြစ်ရပါတယ်။ စာဖတ်သူတစ်ဦးအနေနဲ့ ကိုယ်သဘောကျလေးစားတဲ့ စာရေးဆရာတစ်ယောက်အတွက် ၀မ်းနည်းမိခြင်းပါ။ ဆရာရေးတဲ့ ဆောင်းပါးတွေ၊ စာတွေကို နှစ်နှစ်ခြိုက်ခြိုက် ဖတ်ရှုနေသူတစ်ဦးအနေနဲ့ ဆရာ့အတွက် စိတ်မကောင်းဖြစ်မိပါတယ်။ ဆရာအသက်ရှည်ပါစေ၊ တိုင်းပြည်အတွက် စာတွေအများကြီး ဆက်ရေးနိုင်ပါစေ။

(ဃ)
သူငယ်ချင်းတစ်ယောက်က မေးပါတယ်။ ဦးစိုးသိန်းအင်တာဗျူးတွေ နားထောင်ပြီးပြီလားတဲ့။ ကျွန်တော်က ဟုတ်ကဲ့လို့ ပြန်ဖြေလိုက်ပါတယ်။ အဲဒီတော့ သူကဆက်မေးပါတယ်။ ဘယ်လိုသဘောရလဲတဲ့။ ကျွန်တော်က ဘာကိုမေးတာလဲလို့ ပြန်မေးမိပါတယ်။ သူငယ်ချင်းက ဦးစိုးသိန်းက အမေရိကန်မှာလုပ်တဲ့ အင်တာဗျူးတွေကြောင့် အမှတ်တွေ ထပ်တက်သွားပြီတဲ့။ အခုလောလောဆယ်တော့ သူနဲ့ ဦးအောင်မင်းလောက် နာမည်ကြီးတဲ့ ပြုပြင်ပြောင်းလဲရေးသမား မရှိဘူးတဲ့။ ကျွန်တော်က ဘာမှပြန်မပြောချင်တဲ့အတွက် အေးပါ လို့ပဲ ပြောလိုက်ပါတယ်။ ကျွန်တော့်သူငယ်ချင်းက သိပ်ပြီးတော့ အစာကြေပုံမရပါဘူး။ ကျွန်တော်သူ့ကို ဘာမှအထွေအထူး မရှင်းပြလိုက်ပါဘူး။ ကိုယ်ရှင်းပြတာကို နားလည်လက်ခံရင် ဟုတ်သေးရဲ့၊ နောက်ဆုံး လက်မခံရင်တောင် ကျွန်တော့်မှာ သူနဲ့မတူတဲ့ ဒီလိုအတွေးတွေ ရှိနေတယ်ဆိုပြီး နားလည်ပေးနိုင်ရင် ကောင်းသေးရဲ့၊ အဲဒီလို မဟုတ်ဘဲ ဦးစိုးသိန်း ချီးမွမ်းခန်းတို့၊ ဦးအောင်မင်းဋီကာတို့ လာဖွင့်ပြနေရင် သေချာပေါက် ကျွန်တော်နဲ့ထပြီး စကားများမှာပါပဲ။ အဲဒါကြောင့်လည်း စကားနည်းရန်စဲဖြစ်အောင် အေးပါလို့ပဲ ပြောလိုက်တာပါ။ ဒီမိုကရေစီနိုင်ငံကလူတွေဟာ အပြောကို သိပ်ကြိုက်တယ်ဆိုတာ သေချာတဲ့အချက်တစ်ခုပါ။ အမေရိကန်လို နိုင်ငံမျိုးမှာတောင် ပြည်သူတွေကို ယုံကြည်လောက်အောင် ပြောဆိုစည်းရုံးနိုင်ရင် သမ္မတဖြစ်နိုင်သေးတာပဲ မဟုတ်လား။ ကျွန်တော်တို့ဆီကလူတွေ မြန်မြန်ဆန်ဆန်ပဲ ဒီမိုကရေစီနဲ့ အသားကျတယ်လို့ ကျွန်တော်က မှတ်ယူပါတယ်။ ကျွန်တော့်သူငယ်ချင်း သဘောကျတဲ့ ပြုပြင်ပြောင်းလဲရေး သမားတွေလိုမျိုး စကားတွေမပြောပေမယ့် တိုင်းပြည်အတွက် အလုပ်လုပ်နေတဲ့လူတွေ အများကြီးပါ။ ဥ,မဥတဲ့ကြက်ဟာ ပိုအော်တယ်ဆိုတဲ့ စကားကိုလည်း ကျွန်တော်ပြန်တွေးမိတယ်။ နောက်နေ့ကျမှ ကြက်ခြံတွေကို သွားလေ့လာဦးမယ်။

(င)
OIC ကို မြန်မာနိုင်ငံမှာ ခြေချခွင်ပြုမယ့် ကိစ္စကိုတော့ ပြန်စဉ်းစားကြစေချင်တယ်။ ဘာဖြစ်လို့ ကျွန်တော်တို့နိုင်ငံကို လာကြမှာလဲ... ဘာရည်ရွယ်ချက်လဲ။ စာရွက်ပေါ်က ဘာကြောင့်ညာကြောင့် ဆိုတာတွေကို ဖယ်လိုက်မယ်ဆိုရင် ဘာကြောင့်လာချင်သလဲဆိုတာကို အားလုံးသိနေပြီးသားပါ။ ကျွန်တော်တို့နိုင်ငံမှာရှိတဲ့ အဲဒီဘာသာဝင်တွေကလည်း လူနည်းစုမှ တကယ့်လူနည်းစုပါ။ နိုင်ငံ့လူဦးရေရဲ့ ဘယ်လောက်ရာခိုင်နှုန်း ရှိမှာမို့လဲ။ အဲဒီလိုနိုင်ငံမျိုးမှာ သူတို့ဘာသာဝင်တွေအတွက် ဘာတွေများ ဆောင်ရွက်ပေးချင်ကြတာလဲဆိုတာ ကျွန်တော်တွေးလို့မရဘူး။ တွေးလို့ ရသမျှကတော့ တစ်ခုမှ ကောင်းတာမပါဘူး။ မြန်မာနိုင်ငံသား သူတို့ဘာသာဝင်တွေ အကျိုးကို ဆောင်ရွက်ပေးမယ်ဆိုရင်တောင် ဒါဟာ တစ်နိုင်ငံလုံးနဲ့ယှဉ်ရင် ဘာမျှပြောပလောက်တဲ့ ပမာဏမဟုတ်တာမို့ နိုင်ငံအတွက် ဘာအကျိုးမှ မရှိဘူးလို့ပဲ သုံးသပ်ပါတယ်။ စစ်အစိုးရလက်ထက်တုန်းက အမိန့်အာဏာနဲ့ အားလုံးကို တားလို့ရခဲ့တယ်။ အခုတော့ ဒီမိုကရေစီနိုင်ငံရယ်လို့ ဖြစ်မယ်မှမကြံသေးဘူး... စိန်ခေါ်မှုတွေကလည်း ဒုနဲ့ဒေးပါပဲ။ ကျွန်တော်ကိုဉာဏ်ရဲ့ သဘောထားကတော့ OIC အလိုမရှိပါခင်ဗျား။

အချိန်မပေးနိုင်တဲ့အတွက် ပို့စ်တွေတင်တာ ကျဲတာကို နားလည်ပေးကြစေချင်ပါတယ်။ စာဖတ်သူများကို လေးစားလျက်ပါ။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ ၅ ရက်၊ သောကြာနေ့။
ညနေ ၅ နာရီ ၁၂ မိနစ်တွင်ပြီး၏။ 

No comments:

Post a Comment

 
Web Statistics