(၁)
အချိန် - လွန်ခဲ့သော နှစ် ၄၀ ခန့်၊ ညနေခင်းတစ်ခု။
နေရာ - မြိုင်သာယာရွာသူကြီး ဦးဖိုးထူး၏ နေအိမ်။
သူကြီးက တစ်ရွာလုံးရှိ မိသားစုအားလုံး အစည်းအဝေးမပျက်မကွက် တက်ရောက်ရမည်ဟု မောင်းထုထားသဖြင့် ဖျားနာနေသူနှင့် သက်ကြီးရွယ်အိုလူမမာများမှလွဲ၍ ကလေးလူကြီးနှင့် ခွေးပါမကျန် သူကြီးမင်းအိမ်ရှေ့တွင် စုရုံးရောက်ရှိနေကြသည်။ တစ်ယောက်တစ်ပေါက် စကားများကာ ဆူညံနေရမည့်အစား အားလုံး၏မျက်လုံးများက စိုးရိမ်မှုအပြည့်၊ ကြောက်ရွံ့ထိတ်လန့်ဟန်အပြည့်ဖြင့် နောက်ကျောမလုံသလို ခံစားနေကြရသည်။
အလင်းရောင်နည်းလာပြီဖြစ်သဖြင့် ရွာစည်းရိုးပတ်ပတ်လည်ရှိ ကင်းစင်များတွင် ကင်းစောင့်လူငယ်များထွန်းထားသော မီးတုတ်အလင်းရောင်များကလည်း နေရာစိပ်လှသဖြင့် တစ်ရွာလုံးကို မီးမောင်းထိုးထားသည်နှင့်ပင် တူသေးတော့သည်။ ကင်းစောင့်ရွာသားလူငယ်များ၏ လက်ထဲတွင်လည်း ဓားကိုင်သူကဓား၊ လှံကိုင်သူလှံ၊ မြားကိုင်သူကမြားနှင့် မျက်လုံးများက တစ်ခုခုကို အသည်းအသန် ရှာဖွေနေသည့်ပုံစံနှင့်။ ကင်းစောင့်တာဝန်ခံဖြစ်ပုံရသည့် လူကြီးတစ်ဦးကလည်း ကွမ်းတပြစ်ပြစ်ဖြင့် ဟိုကင်းတဲသို့ရောက်သွားလိုက်၊ ဒီကင်းတဲကိုသွားစစ်လိုက်ဖြင့် သူ့အစား ခြေထောက်တောင် ညောင်းမိသေးတော့သည်။
သူကြီးအိမ်ရှေ့မြင်ကွင်းကို ပြန်ဆက်ရလျှင် ရွာသူရွာသားအားလုံးမှာ သူကြီးအလာကို တိတ်ဆိတ်ငြိမ်သက်စွာဖြင့် စောင့်မျှော်နေကြသည်။ ထိုအချိန်တွင် ကလေးငယ်တစ်ဦးက ၀ါးကနဲထငိုသည်။ အားလုံးတိတ်ဆိတ်ငြိမ်သက်နေချိန် ဖြစ်သဖြင့် အားလုံး၏အကြည့်က ထိုသားအမိထံ ရောက်သွားကြသည်။ ကလေးမိခင်ဖြစ်သူမှာ လန့်လည်းလန့်၊ ရှက်လည်းရှက်သွားပုံရသည်။ သူ့သားကို နည်းအမျိုးမျိုးဖြင့် ချော့မော့နေရှာသည်။ သို့သော် ကလေးက အငိုမတိတ်။ "သူကြီးမင်း ကြွလာပါတော့မယ်ခင်ဗျား"ဟု သူ့တပည့်က အော်လိုက်သည်။ ကလေးမိခင်ခမြာ ပျာယာခတ်သွားသည်။ ဒါနဲ့ ကလေးကို ငေါက်လိုက်သည်။ "ဟဲ့ကောင်လေး… တိတ်စမ်း၊ မတိတ်ရင် ကျားကြီးကိုက်လိမ့်မယ်နော်"။ ကလေးငယ်မှာ မျက်လုံးလေး ပေကလပ်ပေကလပ်နှင့် ချက်ချင်းပင်အငိုတိတ်သွားသည်။ ပြီးနောက် မိခင်ဖြစ်သူကို အတင်းအကြပ်ကို ဖက်ထားလိုက်သည်။
သူကြီးက စားပွဲခုံတွင် နေရာယူပြီးနောက် ချောင်းဟန့်လိုက်သည်။ ထို့နောက်-
"ဒီနေ့ တို့ရွာကလူတွေအားလုံးကို အစည်းအဝေးခေါ်ရတဲ့အကြောင်းကတော့ အားလုံးသိပြီးဖြစ်တဲ့အတိုင်းပဲ တို့ရွာကို နှောင့်ယှက်ရန်ပြုနေတဲ့ ဟင်းမျိုးကြီးကိစ္စပါပဲ။ အခုဆိုရင် အဲဒီဟင်းမျိုးကြီးကြောင့် ငါတို့ရွာသားတွေအားလုံး အလုပ်ပျက်၊ အကိုင်ပျက်၊ အစားပျက်၊ အအိပ်ပျက်နဲ့ အတော်လေးကို ထိတ်ထိတ်လန့်လန့် နေကြရတယ်ဆိုတာ အားလုံးသိပြီးသားပေပဲ။ ဟင်းမျိုးကြီးကို သွားရှင်းမယ်ဆိုတဲ့ မုဆိုးအားလုံးလည်း ဒီနေ့အထိ ဘယ်ရောက်နေမှန်းမသိကြဘူး။ အဲဒီတော့ ဘယ်မုဆိုးကိုမှလည်း ငှားလို့မရတော့ဘူး။ အခုတလော အဲဒီဟင်းမျိုးကြီး အတော်လေးအတင့်ရဲလာတယ်။ လွန်ခဲ့တဲ့နှစ်ရက်လောက်က ထင်းခုတ်တဲ့ ဖိုးသာအောင် ဟင်းမျိုးကြီးနဲ့တွေ့ပြီး သေသွားတာလည်း အားလုံးအသိပဲ။ မနေ့ညကလည်း ရွာစွန်က ကိုသံချောင်းတို့အိမ် နွားတင်းကုပ်က နွားကြီးရွှေနီကို ၀င်ဆွဲသွားတယ်။ ရွှေနီလိုကောင်ကြီးကိုတောင် ပါအောင်ချီသွားနိုင်တယ်ဆိုတော့ ဒီဟင်းမျိုးကြီး ဘယ်လောက်ကြီးသလဲဆိုတာ အားလုံးစဉ်းစားကြည့်ကြပေါ့။ ပေပင်ကုန်းတို့၊ ညောင်ပင်သာတို့လို အခြားရွာတွေမှာလည်း ဟင်မျိုးကြီးတွေ ဒုက္ခပေးလို့ ငါတို့လိုပဲ ဒုက္ခရောက်နေကြပြီ။ အဲဒီရွာတွေမှာလည်း ဟင်းမျိုးကြီးတွေကြောင့် သေတဲ့လူတွေ မနည်းတော့ဘူး။ ငါတို့ရွာကလူတွေလည်း သတိထားကြ၊ ရွာပြင်ကို နေ့လည်ဘက်သွားရင် တစ်ယောက်တည်းဘယ်သူမှ မသွားရဘူး။ အနည်းဆုံး သုံးယောက်ဖွဲ့ပြီးသွားရမယ်။ လက်ထဲမှာလည်း တုတ်တို့၊ ဓားတို့ ကိုင်ပြီးမှသွားကြ။ အဲဒါငါ့အမိန့်ပဲ။ ညနေစောင်းတာနဲ့ ရွာပြင်ကို ဘယ်သူမှမထွက်ရဘူး။ ရွာစည်းရိုးပိတ်ပြီးမှ ရွာပြင်မှာရှိနေတဲ့လူ ငါ့အိမ်အောက်က ထိပ်တုံးကိုသာ ကြည့်ထား။ ကင်းစောင့်တဲ့ ရွာက ကာလသားတွေကိုလည်း အိမ်တွေက အလှည့်ကျ အကြမ်းရည်နဲ့ လက်ဘက်သုပ် ပို့ပေးရမယ်။ ရွာကင်းတဲတွေကနေ အချက်ပေးသံကြားတာနဲ့ မိန်းမတွေ၊ ကလေးတွေနဲ့ လူကြီးသူမတွေကလွဲရင် ရှိသမျှယောက်ျားအားလုံး ဓားကိုယ်စီ၊ တုတ်ကိုယ်စီနဲ့ ကင်းတဲတွေကို လာစုရမယ်။ ကဲ… အားလုံးအိမ်ပြန်ကြတော့။ အိမ်တံခါးတွေကို သေချာလုံအောင်ပိတ်၊ နွားတင်းကုပ်တွေမှာ မီးမပြတ်အောင် ဖိုပေးထား"
သူကြီးက ပြောလိုရာတွေပြောပြီးလို့ ပြန်လွှတ်လိုက်တဲ့အချိန်မှာပဲ မြိုင်သာယာရွာသူရွာသားအားလုံး ခပ်သုတ်သုတ်နဲ့ အလျှိုလျှို ပြန်သွားကြတယ်။ အားလုံးက ကိုယ့်အိမ်ကို အမြန်ဆုံးပြန်ရောက်ပြီး လုံလုံခြုံခြုံနေကြဖို့ပဲ တွေးနေကြသည်။ အရင်ကဆိုလျှင် မနက်မိုးမလင်းခင် လယ်ထဲဆင်း၊ အလုပ်,လုပ်၊ တစ်နေကုန်တစ်နေခမ်း ပင်ပင်ပန်းပန်းနှင့်ပြန်လာ၊ အိမ်ရောက်တော့ ရေမိုးချိုး၊ မိသားစုတွေ ထမင်းလက်ဆုံစား၊ ကလေးတွေက ရွာလယ်လမ်းမမှာ ဆော့ကစားကြ၊ လူကြီးသူမတွေက ကောက်ပဲသီးနှံအကြောင်း၊ ရာသီဥတုအကြောင်း၊ ရပ်ရေးရွာရေးအကြောင်းကို စကားဝိုင်းဖွဲ့ကြ၊ မိန်းမတွေက လသာလျှင် ဗိုင်းငင်ကြ၊ စကားပြောကြ၊ လ,မသာလျှင် မီးခွက်ကိုယ်စီဖြင့် အ၀တ်ချုပ်ကြ၊ စကားဖလှယ်ကြဖြင့် ပျော်စရာကောင်းခဲ့သော၊ ငြိမ်းငြိမ်းချမ်းချမ်းရှိခဲ့သော မြိုင်သာယာရွာကလေးမှာ အခုတော့ ကျားတစ်ကောင်ကြောင့် ထိတ်ထိတ်လန့်လန့်ဖြင့် ပျော်ရွှင်မှုတွေ ဆိတ်သုဉ်းနေရသည်။ အခြားရွာတွေမှာလည်း အခုလိုပဲ ရှိနေကြမှာ သေချာသည်။
အရင်လို အေးချမ်းတဲ့ဘ၀တွေကို ပြန်ရဖို့အတွက် သူတို့တွေ ဘယ်လောက်ကြာအောင် စောင့်ရဦးမှာလဲ။ သောင်းကျန်းနေတဲ့ကျားကြီးတွေကို အမိဖမ်းနိုင်မှလား၊ အဲဒီကျားကြီးတွေ အသက်ကြီးလို့ အိုမင်းသေဆုံးသွားမှလား။ ဒါမှမဟုတ် အဲဒီကျားကြီးတွေကို နှိမ်နင်းပေးနိုင်မယ့် လူစွမ်းကောင်းတွေ ပေါ်လာတဲ့အထိလား။ မျှော်လင့်ချက်များစွာ၊ အတွေးများစွာနဲ့ သက်ပြင်းမောကြီးတွေ ချနေကြရဆဲပါ။
(၂)
အချိန် - လွန်ခဲ့သော ၂ လခန့်၊ နံနက်ခင်းတစ်ခု။
နေရာ - မြိုင်ဟေ၀န်တောကြီး၏ တောနက်အတွင်းရှိ လျှိုကြီးတစ်ခုအတွင်း။
မြိုင်ဟေ၀န်တောအတွင်း ရှိသမျှကျားအားလုံး စုဝေးတိုင်ပင်ကြရန် ညှိနှိုင်းထားကြသည့်အတိုင်း စုံစုံညီညီ ရောက်ရှိနေကြသည်။ လမ်းအတိုင်း လာလို့မရသဖြင့် ရှိသမျှ လျှိုမြောင်၊ ချောင်ချိုချောင်းကြားများကိုတိုးရင်း သတိကြီးစွာဖြင့် လာကြရသဖြင့် စုရပ်နေရာလျှိုကြီးကိုရောက်တော့ အားလုံးကမောဟိုက်နေပြီ။ ဒါတင်မက ပတ်ဝန်းကျင်ကို ကျီးကန်းတောင်းမှောက် သတိကြီးစွာဖြင့် ကြည့်ကြရသေးသည်။ အားလုံးဆိုလို့ အများကြီးမထင်လိုက်ပါနှင့်။ တောတစ်ခုလုံးက ကျားတွေအားလုံး စုဝေးတာတောင် ၄ ကောင်ပဲရှိသည်။ အားလုံးကလည်း ပိန်ပိန်လှီလှီနှင့် အရိုးပေါ်အရေတင်ဖြစ်နေပြီ။ ဒီတောထဲမှာ တကယ်ရှိတာက ၅ ကောင်၊ သို့သော် တစ်ကောင်က မနေ့ကမှ မုဆိုးတစ်ယောက်ရဲ့ လက်ချက်ဖြင့် လက်ပြင်ကို ကျည်ဆန်မှန်ပြီး ဂူထဲမှာ ကျန်ခဲ့သည်။ လေးကောင်လုံးကလည်း တစ်ကောင်နှင့်တစ်ကောင် အပြန်အလှန်ကြည့်ရင်း သာကြောင်း၊ မာကြောင်း မေးကြရသည်။ အချင်းချင်းတွေ့ဖို့ဆိုတာ တစ်နှစ်မှာတစ်ခါ ကြုံရတာမျိုးမဟုတ်။ ကိုယ့်ဂူထဲမှာ ကိုယ့်ဘာသာအောင်းပြီး ပုန်းနေကြရတာ။ ဂူထဲကို မျက်စိလည်ပြီး ၀င်လာတဲ့ အကောင်ငယ်လေးတွေရှိမှပဲ အစာစားကြရသည်။ မဟုတ်လို့ကတော့ ကွေးပြီးသာ အိပ်နေပေရော့။ မနေနိုင်တော့လို့ ဂူအပြင်ထွက်မိပြီဆိုတာနဲ့ တစ်ရက်နှစ်ရက်လောက်ဆိုရင် သေချာပြီ၊ အဲဒီကောင် ပိုက်ကွန်ဖြင့် အဖမ်းခံချင်ခံရ၊ ဒါမှမဟုတ် သေနတ်ဖြင့် အပစ်ခံရပြီး လှောင်အိမ်တွေထဲကို ထည့်သွားတာခံရပြီ။ လူဆိုတဲ့ကောင်တွေကလည်း အခုမှ ဘယ်လိုတွေဖြစ်တယ်မသိဘူး၊ ဘာအနံ့မှလည်းမရဘူး၊ မြင်လည်းမမြင်ရဘူး၊ ဒီလောက်တောနက် ခေါင်သီတဲ့နေရာကို သူတို့တွေမို့ မပင်မပန်း ဘယ်လိုနေကြလဲမသိဘူး။ ဘာလူနံ့မှမရလို့ ထွက်မယ်တော့ စိတ်မကူးနဲ့ နောက်ရက်ဆိုရင် ကိုယ့်ဂူနားကို သူတို့တွေရောက်လာကြပြီ၊ လုံးဝကိုနေရာမလွဲဘူး။ တတ်လည်းတတ်နိုင်ကြတဲ့လူတွေဗျာ။ အဘိုးပြောပြတုန်းက လူဆိုတဲ့ကောင်တွေက ကျုပ်တို့ကျားတွေကို သိပ်ကြောက်တာတဲ့။ ကျုပ်တို့တစ်ချက်ဟိန်းလိုက်တာနဲ့ အယောင်ယောင်အမှားမှား ဖြစ်ကုန်ကြတာတဲ့။ အခုတော့ မဟုတ်ပါဘူးဗျာ။ ကျုပ်တို့မှာ မစင်လည်းမစွန့်ရဲ၊ အပေါ့လည်းမသွားရဲ၊ ရေဆိပ်လည်းမဆင်းရဲ၊ နှာတောင်မချေရဲဘူး။ ဟိန်းဖို့ဆိုတာ ဝေးလာဝေးပေါ့။ ကိုယ့်ဘာသာကိုယ်တောင် ဟိန်းမှဟိန်းတတ်ရဲ့လားလို့ ဇဝေဇ၀ါ ဖြစ်မိတယ်။ ကျုပ်မွေးလာကတည်းက တစ်ခါမှ မဟိန်းဖူးဘူး။ အဖေကလည်း ဟိန်းဟောက်ဖို့ တစ်ခါမှ သင်မပေးဖူးဘူး။ အသက်ရှည်ရှည်နေချင်ရင် အသံလုံးဝမထွက်ဘဲ နေတတ်အောင်ကျင့်တဲ့။ ငယ်ငယ်ကတည်းက အဖော်မရှိ၊ ဘာမရှိနဲ့ တစ်ကောင်တည်းနေလာရတာ အသားတောင်ကျနေပါပြီ။
အသက်အကြီးဆုံးဖြစ်သည့် အစ်ကိုကြီး ရွှေကျားဝမ်းက အသံတိုးတိုးဖြင့် စကားစပြောသဖြင့် သူ့အတွေးတွေကို ဖြတ်လိုက်ရသည်။
"အခုလို ငါတို့အမျိုးတွေကို လေးကောင်တောင်တွေ့ရတာ ၀မ်းသာသကွာ။ ငါက အမှတ်အသားတွေသာ လုပ်ခဲ့ရတယ် မင်းတို့တွေ တွေ့မှတွေ့ပါ့မလားလို့ စိတ်ပူနေတာ။ ဟို လူဆိုတဲ့ကောင်တွေက ငါတို့အမှတ်အသားတွေကို နားလည်တယ်ကွ။ သူတို့တွေ မမြင်အောင်လည်း ငါတို့ဘာသာပဲသိတဲ့ လျှို့ဝှက်နေရာတွေမှာပဲ စွန့်စွန့်စားစား လုပ်ခဲ့ရတာ။ အခုလို ငါတို့ကျားအများကြီးကို တစုတဝေးတည်း မမြင်ဘူးတာ နှစ်နဲ့ချီပြီးတောင် ကြာနေပြီ။ အခုလိုငါတို့တွေ တစ်စုတစ်ဝေးတည်း ဆုံတွေ့ရမှုကို သေတဲ့အထိ ငါသတိရအမှတ်ရနေမှာပါကွာ။ ကံကောင်းထောက်မပြီး ကျားမလေးတစ်ကောင်နဲ့များ ဆုံခဲ့လို့ သားသမီးတွေရခဲ့ရင် ဒီတောထဲမှာ ငါတို့အမျိုးတွေ အခြား ၄ ကောင် ရှိသေးတယ်ဆိုတာကို ပြောပြလိုက်ပါ့မယ်။ ဂူထဲမှာ ကျန်ခဲ့တဲ့ ဒဏ်ရာရနေတဲ့ကောင်ကိုလည်း ငါက သတင်းမေးတဲ့အကြောင်း ပြောလိုက်ကြပါကွာ။ ငါတို့မှာလည်း ဒီမြိုင်ဟေ၀န်တောကလွဲရင် နေစရာ၊ ပြောင်းစရာမရှိတော့ဘူးကွ။ ငါတို့တောဘေးက တောတွေအကုန်လုံးလည်း ရွာသားတွေ ထင်းခုတ်၊ ၀ါးခုတ်၊ တောမီးရှို့၊ မီးသွေးဖုတ်၊ သစ်ပင်တွေခုတ်ကြနဲ့ ပြောင်တလင်းခါနေပြီ။ ဒီတောကိုတောင် ကန့်သတ်ထားလို့ဆိုလား၊ ဘေးမဲ့ဆိုလားထားကြသတဲ့။ သေချာတော့ နားမလည်ပါဘူး။ ဒါပေမယ့် အခြားတောတွေလိုတော့ အပင်တွေကို အများကြီးဝင်မခုတ်ကြဘူးကွ။ အဲဒါကြောင့်လည်း ငါတို့တွေ နေလို့ရနေသေးတာ။ အကောင်ငယ်တွေကလည်း မရှိသလောက်ဖြစ်နေပါပြီကွာ။ ငါတို့ကို မစားရပါဘူး။ လူတွေက ထောင်ချောက်ဆင်လိုက်၊ ပစ်ခတ်လိုက်နဲ့ ကုန်သလောက် ဖြစ်နေပါပြီ။ နောက်နှစ်ကျရင် ဒီနေရာမှာပဲ ငါတို့တွေ ပြန်ဆုံကြမယ်။ မင်းတို့အားလုံး လာနိုင်မယ်လို့ မျှော်လင့်ပါတယ်။ လာနိုင်ပါစေလို့လဲ ဆုတောင်းပေးပါတယ်ကွာ။ ဟိုမိဝါနဲ့ ဂျမ်းတောကလည်း ရှားရှားပါးပါး ကျားစုံတွဲဆိုလို့ နင်တို့ပဲရှိတာ။ ငါတို့အတွက် တူလေး၊ တူမလေးတွေ အများကြီး မွေးကြစမ်းပါဟာ။ နောက်နှစ်လာတဲ့အခါ နင်တို့သားသမီးတွေကို ခေါ်လာနိုင်အောင်ပေါ့။ ကလေးတစ်ယောက်ကို ယုန်တစ်ခြမ်းနှုန်းနဲ့ ငါတို့ဆုပေးပါ့မယ်။ အခုတော့ သတိဝီရိယထားပြီး ကိုယ့်နေရာကိုယ် ပြန်ကြတော့၊ ငါလည်း ပြန်တော့မယ်၊ တော်ကြာနေရင် တအားပြေးတဲ့ဟာကြီးကိုစီးပြီး လူတွေအများကြီး သစ်ပင်လာခိုးခုတ်ကြတော့မယ်။ တွေ့သွားရင် ငါတို့မာလကီးယားနေဦးမယ်"
အချင်းချင်းနှုတ်ဆက်လိုက်ကြပြီး အစည်းအဝေးတက်လာသော ကျားလေးကောင်လုံး လာရာလမ်းများဆီသို့ သတိအပြည့်ဖြင့် ပြန်လာကြသည်။ ဒီတောကြီးတစ်ခုလုံးမှာ ကျားဆိုလို့ ငါတို့ငါးကောင်ပဲ ရှိတာကွလို့ ဂုဏ်ယူရမလား။ အဖော်မရှိ၊ အထီးကျန်စွာနဲ့ ချို့တဲ့စွာနေရတဲ့ဘ၀ကိုပဲ စိတ်နာရမလားဆိုတာတော့ မတွေးတော့ပါဘူး။ ငါတို့တွေ အေးအေးချမ်းချမ်း ပျော်ပျော်ရွှင်ရွှင် နေရတဲ့ကာလကို ပြန်ရလာမှာပါလေဆိုတဲ့ မျှော်လင့်ချက်လေးကို အားတင်းပြီးမွေးရင်း ဘ၀ခရီးကို ဆက်နေရဦးမှာပဲမဟုတ်လား။
ဟော… ပြောရင်းဆိုရင်း လူနံ့ရတယ်။ တွေ့ရာခြုံပုတ်တစ်ခုထဲကို အလျင်အမြန်ဝင်ပုန်းလိုက်ရတယ်။ အို… အမေ့၊ ဘာကြီးလဲ။ ကြည့်လိုက်တော့ တုန်ရင်နေတဲ့ ၀က်ဝံကြီးတစ်ကောင်၊ မျက်နှာက သွေးဆုတ်မတတ် ဖြူဖပ်ဖြူရော်ဖြင့် တအားကို ကြောက်လန့်နေပုံရသည်။ သူလည်းပဲ လူနံ့ရလို့ တွေ့ရာနေရာကို ၀င်ပုန်းနေတာဖြစ်မည်။ ပြုံးပြနှုတ်ဆက်လိုက်သည်။ ဘ၀တူတွေ မဟုတ်ပါလား။
*****
ကျေးဇူးစကား
ညီငယ် ၀က်မဆိုတဲ့ အမျိုးကောင်းသားတစ်ယောက် အခန်းမှာ ဂျာနယ်လာဖတ်ရင်း သတင်းတစ်ခုကို ဖတ်နေရင်းနဲ့ အမှတ်တမဲ့ ပြောလိုက်တဲ့ စကားတစ်ခွန်းကို အတွေးကွန့်ပြီး ခံစားရေးသားထားတာပါ။ အမြဲတမ်း စိတ်ထဲကနေပဲ လိုက်ဆိုတတ်တဲ့ ကျေးဇူးရှင်က ဒီတစ်ခါတော့ ပါးစပ်ကနေ ထုတ်ပြောခဲ့တဲ့အတွက် ကျေးဇူးပါ။း)
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ် ဇန်န၀ါရီလ ၃၁ ရက်၊ တနင်္ဂနွေနေ့။
ညနေ ၄ နာရီ ၅၂ မိနစ်တွင်ပြီး၏။