Tuesday, January 26, 2010

သာယာဝတီမင်း၊ ပုဂံမင်း


၈။ သာယာဝတီမင်း (ကုန်းဘောင်မင်း) (၁၁၉၉-၁၂၀၈)
သာယာဝတီမင်းသည် ၁၂၀၀ ပြည့်နှစ်တွင် အမရပူရမြို့ကို ပြုပြင်၍ ပြောင်းရွှေ့စိုးစံလေသည်။ ထိုနှစ်တွင် ဘကြီးတော်၏သား ညောင်ရမ်းမင်း (စကြာမင်း)ကို မသင့်သောအကြံကို ကြံသည်ဟု ကွပ်မျက်လေသည်။ ဘကြီးတော်၏ မိဖုရားကြီးနှင့် မောင်တော် စလင်းမင်းသားတို့ကိုလည်း ကွပ်မျက်ပြန်လေသည်။ မင်းတစ်ပါးစိုးစံလျှင် အထက်မင်းတို့၏ စာချုပ်များကို အသိအမှတ် မပြုတတ်သဖြင့် စာချုပ်ကို ထပ်မံအတည်ပြုရန် အင်္ဂလိပ်သံတို့က ကြိုးပမ်းသော်လည်း အခွင့်မရချေ။ ၁၂၀၃ ခုနှစ်တွင် ဒဂုံသို့စုန်၍ ရွှေတိဂုံစေတီကို ပြုပြင်လေသည်။ ရန်ကုန်မြို့တွင် ယာယီနန်းစံရာ မမြကလေးလည်း လိုက်ပါလာခဲ့လေသည်။ ၁၂၀၇ ခုနှစ်တွင် ပုဂံမင်းသား၏ ကုန်းချောမှုအရ အနောက်နန်းမိဖုရား မမြကလေး ကွပ်မျက်ခံရလေသည်။ သာယာဝတီမင်းလည်း စိတ်ဖောက်ပြန်သောဝေဒနာ ခံစားရလေရာ ယင်းတောဝန်ကြီးလည်း ကွပ်မျက်လေသည်။

၉။ ပုဂံမင်း (၁၂၀၈-၁၂၁၄)
သာယာဝတီမင်း နတ်ရွာစံလျှင် သားတော် ပုဂံမင်းက ထီးနန်းဆက်ခံလေသည်။ မြို့ဝန်ဘိုင်ဆပ်နှင့် မြို့စာရေး မောင်ပိန်တို့အား မတရားမှုများ ပြုကျင့်ခဲ့သဖြင့် ၁၂၁၃ ခုနှစ်တွင် ကွပ်မျက်လေသည်။ ထိုနှစ်တွင် ရန်ကုန်မြို့ဝန်သည် အင်္ဂလိပ်လူမျိုးနှစ်ဦးအား မှုခင်းအလျောက် အပြစ်စီရင်ရာတွင် ထိုသူတို့က လီဆယ်၍ အင်္ဂလိပ်အစိုးရအား တိုင်တန်းသဖြင့် အင်္ဂလိပ်တို့က အရေးဆိုလေသည်။ မြန်မာတို့က ရန်ကုန်မြို့ဝန်ကိုပြောင်း၍ ရွှေတောင်မြို့ဝန်သစ် ဦးမှုန်ကို ခန့်ထားပေးသော်လည်း အင်္ဂလိပ်တို့က မြန်မာမြို့ဝန်အား ထိပါး စော်ကားရုံမက မြန်မာပိုင် ရေနန်းယာဉ်သာသင်္ဘောကို လုယူပြေးခြင်းဖြင့် စစ်ဖြစ်အောင် ရန်စလေသည်။ ထို့နောက် အခွင့်အရေး တောင်းဆိုသောစာကို ပေးပြန်လေသည်။ မြန်မာတို့က တတ်နိုင်သမျှ လိုက်လျောပြန်သော် ထပ်မံ၍ စစ်စရိတ်ငွေ တစ်သန်းကို ထပ်မံတောင်းဆိုပြန်သဖြင့် မြန်မာမင်းသည် မလွှဲမရှောင်သာတော့ဘဲ အင်္ဂလိပ်တို့နှင့် ဒုတိယအကြိမ် စစ်ပြိုင်တိုက်ခိုက်ရပြန်လေတော့သည်။

၁၂၁၄ ခုနှစ်တွင် ရန်ကုန်မြို့တွင် တိုက်ခိုက်ရာ အရေးနိမ့်၍ ပြည်နှင့် မြေထဲမြို့အထိ ဆုတ်ခွါရလေသည်။ မြန်မာနေပြည်တော်တွင် မင်းညီမင်းသားတို့၏ အရေးကလည်း တစ်မှောင့်ဖြစ်နေလေရာ ၁၂၁၄ ခုနှစ်၊ ပြာသိုလဆန်း ၁၁ ရက်နေ့တွင် အောက်မြန်မာနိုင်ငံ ပဲခူးနယ်ကို အင်္ဂလိပ်တို့ သိမ်းယူကြောင်း ကြေညာလေသည်။ ဘကြီးတော်၏ညီတော် မင်းတုန်းမင်းနှင့် ကနောင်မင်းသားတို့မှာ ရာဇ၀တ်အပြစ်သင့်သူများကို ထိမ်ဝှက်သည်နှင့် ပတ်သက်၍ အပြစ်သင့်ရောက်မည်ရှိစဉ် ရွှေဘိုသို့ ထွက်သွားကာ အင်အားစုပြီးနောက် အမရပူရနေပြည်တော်ကို ပြန်လည်တိုက်ခိုက်လေသည်။ အင်္ဂလိပ်နှင့် တိုက်ခိုက်သော တပ်များကိုလည်း ပြန်၍ခေါ်ရလေတော့သည်။

No comments:

Post a Comment

 
Web Statistics