Monday, November 30, 2009

ရွေးကောက်ပွဲအပြီး ဒုတိယလမ်းညွှန်မြေပုံ လို၊ မလို - မောင်စူးစမ်း


ရှုထောင့်နှစ်သွယ်
ရွေးကောက်ပွဲပြုလုပ်ပေးနိုင်ခြင်းသည် အဓိကအားဖြင့် နိုင်ငံ၏ စွမ်းပကား State Capacity ကို ပြခြင်းဖြစ်သည်။ တစ်ဖက်မှကြည့်လျှင် အာဏာလက်ကိုင်ရှိသူတို့၌ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ ရွေးကောက်ပွဲကို ကျင်းပပြုလုပ်ပေးရန် တာဝန်ရှိနေသည်။ သို့ဖြင့် ရွေးကောက်ပွဲကို ကျင်းပပြုလုပ်ပေးရန် တာဝန်ရှိနေသည်။ သို့ဖြင့် ရွေးကောက်ပွဲပြုလုပ်ပေးခြင်းသည် နိုင်ငံ၏ စွမ်းပကားကိုလည်းပြသည်။ အစိုးရ၏ တာဝန်ကိုလည်းပြသည်။ ဤကား ရွေးကောက်ပွဲကို စွမ်းပကားပိုင်းနှင့် တာဝန်ပိုင်းတို့မှ ရှုမြင်ခြင်းဖြစ်သည်။

နိုင်ငံတို့အရေးနိမ့်မှုကို တိုင်းတာရန် စံတို့ထဲ၌ ရွေးကောက်ပွဲ ကျင်းပပြုလုပ်ပေးနိုင်ခြင်း ရှိ မရှိ ဆိုသောအချက် ပါဝင်သည်။ ရွေးကောက်ပွဲ ကျင်းပပြုလုပ်မပေးလျှင် အာဏာရှင်စနစ်အဖြစ် ညွှန်းလျှင်ညွှန်း သို့တည်းမဟုတ် နိုင်ငံအရေးနိမ့်မှု State Failure အဖြစ် ညွှန်းသည်။ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲသည် နိုင်ငံအာဏာရထားသူတို့က ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ အခြေခံ နိုင်ငံ့တာဝန်တစ်ရပ်ကို ထမ်းဆောင်ခြင်းလည်း ဖြစ်သည်။ နိုင်ငံတော်၌ ရွေးကောက်ပွဲကို ကျင်းပပြုလုပ်ပေးနိုင်သော စွမ်းပကားရှိခြင်းကိုလည်း ပြသည်။

မဟာဗျူဟာထွက်ပေါက်
ရွေးကောက်ပွဲတို့ကို မဟာဗျူဟာအမြင်ဘက်မှလည်း ကြည့်သည်။ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲသည် အာဏာရှင်စနစ်မှ လမ်းညွှန်ဒီမိုကရေစီစနစ်သို့ ကူးပြောင်းကာ အသွင်ကူးပြောင်းမှုဖြစ်၍ တစ်ဖက်မှကြည့်လျှင် အာဏာရှင်စနစ်ကို မဟာဗျူဟာအရထွက်ပေါက် Strategic Exit ပေးခြင်း ဖြစ်သည်။ သဘောမှာ အသွင်ကူးပြောင်းရေးသည် ငြိမ်းချမ်းတည်ငြိမ်စေရမည်၊ အာဏာလွှဲပြောင်းရေးသည် တည်ငြိမ်ရမည်။ မြန်မာ့နိုင်ငံရေးသည် အစီအစဉ်အတိုင်း ဖြစ်လေ့ဖြစ်ထမရှိ။ Non-Linear Process ဟု ခေါ်သည်။ သို့ရာတွင် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲအပြီးကာလ၌ ဖြစ်ရပ်တို့သည် အစီအစဉ်အတိုင်း ဖြစ်ထိုက်သည်။ အပြတ်အတောက် ဗရုတ်ဗရက်တို့ကို ရှောင်ကြဉ်ရန်ဖြစ်သည်။ တစ်နည်းပြောလျှင် စပွန်ဆာက ကြီးမှူးသော ဖြစ်စဉ်ကို ချောချောမောမောဖြစ်စေရန် အခွင့်အလမ်းပေးဖို့ဖြစ်သည်။ ဤနေရာ၌ ဒုတိယလမ်းပြမြေပုံ လို၊ မလို လိုလျှင် မည်သည့်ဖိုရမ်၌ ချမှတ်မည်နည်းဟု မေးစရာပေါ်သည်။

ဒုတိယလမ်းပြမြေပုံမလို
ဤကိစ္စနှင့်ပတ်သက်၍ စာရေးသူအမြင်ပြောရလျှင် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲအပြီးကာလ၌ ဒုတိယလမ်းပြမြေပုံမလိုတော့။ ရွေးကောက်ပွဲက ဖြစ်စဉ်နှင့် အင်စတီကျူးရှင်းတို့ကို ဖန်တီးပေးလိုက်ပြီဖြစ်လေရာ ၎င်းတို့က ကိုယ့်လမ်းကိုယ်သွားနိုင်လိမ့်မည်ဟု မျှော်လင့်ရသည်။ ဒုတိယလမ်းပြမြေပုံသည် အသစ်ဖြစ်ထွန်းလာသော နိုင်ငံရေး၊ အုပ်ချုပ်ရေးဖြစ်စဉ်တို့ကို အနှောင့်အယှက်ဖြစ်စေနိုင်သည်။ ရှုပ်ထွေးစေနိုင်သည်။ အကယ်၍ ဒုတိယလမ်းပြမြေပုံ လိုသည်ဟုဆိုလျှင်လည်း ချမှတ်ရမည့်ဖိုရမ်သည် လွှတ်တော်တို့ဖြစ်ရမည်။ လွှတ်တော်တို့၏ အချုပ်အခြာအာဏာပိုင်ဆိုင်မှုကို လေးစားရန်လိုသည်။

ပါတီစုံပုံသဏ္ဌာန်
မြန်မာ့လမ်းညွှန်ဒီမိုကရေစီသည် ပါတီစုံဒီမိုကရေစီဖြစ်သည်။ ထို့ကြောင့် ပါတီစုံစနစ်ပုံစံကို ကြိုတင်ခန့်မှန်း ကြည့်မိသည်။ စင်စစ် ရွေးကောက်ပွဲဥပဒေနှင့် ပါတီများဆိုင်ရာဥပဒေတို့ကို ထုတ်ပြန်ကြေညာပြီးမှ ပါတီစုံပုံသဏ္ဌာန်သည် ပီပီပြင်ပြင်ဖြစ်လာမည်။ သို့သော် စိတ်ဝင်စားသူတို့အတွက် နိုင်ငံရေးအကြိုမှန်းဆချက်ကို ပြုလုပ်ကြည့်သည်။ ပါတီကိစ္စ၌ နိုင်ငံလုံးဆိုင်ရာ အကျုံးဝင်သောပါတီ၊ ဒေသအလိုက်ပါတီ၊ လူမျိုးစုအလိုက်ပါတီတို့ဆိုပြီး ပေါ်လာဖွယ်ရှိသည်။ ဘာသာရေးအခြေခံပါတီတို့ ပေါ်လာဖွယ်မရှိပေ။ အကြောင်းမူ ဘာသာရေးကို နိုင်ငံရေးကိစ္စအလို့ငှာ အသုံးမပြုရန် ဖွဲ့စည်းပုံအခြေခံဥပဒေအရ တားမြစ်ပိတ်ပင်ထားသောကြောင့် ဖြစ်သည်။

ပါတီများဖွဲ့စည်းရာ၌ အချို့နိုင်ငံတို့တွင် ရွေးကောက်ပွဲဆိုင်ရာ ယန္တရားအဖြစ် ဖွဲ့စည်းသည်။ ရွေးကောက်ပွဲနီးမှ လှုပ်ရှားသည်။ အချို့က ကေဒါပါတီ သို့မဟုတ် လူထုပါတီ စသည်ဖြင့် အမြဲတမ်းဖွဲ့စည်းထားသည်။ အမြဲတမ်းပါတီအဖြစ် မြန်မာ့နိုင်ငံရေး၌ ဖွဲ့စည်းခဲ့ကြလေရာ နိုင်ငံရေးမုန်တိုင်း၌ အလူးအလဲခံကြရသည်။ ဤအတွေ့အကြုံက လာမည့်ပါတီစုံစနစ်တွင် မည်သို့ရောင်ပြန်ဟပ်မည်ကို မခန့်မှန်းနိုင်သေးပေ။

မောင်စူးစမ်း (၂၀-၁၁-၂၀၀၉)
အညွှန်း - The Economist

(The Voice Weekly ဂျာနယ် အတွဲ ၆၊ အမှတ် ၄ မှ ပြန်လည်ကူးယူဖော်ပြပါသည်)

တွေးပေးကြပါဦး - ကိုဉာဏ် (ပန်းလောင်မြေ)


တွေးမိတာလေးတွေဆိုပြီး ကျွန်တော်တွေးမိသမျှကို ရေးသားခဲ့တာ အတော်လေးများလာတာ တွေ့ရပါတယ်။ အချို့လည်း သဘောကျတဲ့အကြောင်း ပြောပြကြတဲ့အတွက် ၀မ်းသာရပါတယ်။ အမှန်ကတော့ ကျွန်တော်တွေးမိတွေက အထူးအဆန်းတော့မဟုတ်ပါဘူး။ ကျွန်တော်တို့အားလုံး သူလိုကိုယ်လို လူတိုင်းလောက် တွေးမိတာတွေချည်းပဲဖြစ်ပါတယ်။ တချို့က အတွေးတော့ရှိတယ်။ ဒါပေမယ့် စကားလုံးတွေအဖြစ် အပြင်ကို ထွက်မလာတာမျိုးဖြစ်မယ်၊ တချို့ကျပြန်တော့ တွေးမိတယ်၊ ဒါပေမယ့် ရေးဖို့အချိန်ကမပေးနိုင်ဘူး။ အဲဒီလိုအချိန်မှာ ကျွန်တော်က တွေးမိတာလေးတွေဆိုပြီး ရေးလိုက်တဲ့အခါ သူတို့စိတ်ထဲမှာရှိနှင့်နေပြီးသား အတွေးလေးတွေနဲ့ ထပ်တူကျသွားတဲ့အခါ သဘောကျသွား၊ ကျေနပ်သွားကြတာလို့ နားလည်ပါတယ်။ ဘာဖြစ်လို့ ဒါကိုပြောပြနေရသလဲဆိုတော့ ကျွန်တော်ရေးတဲ့ဟာလေးတွေကို ကြိုက်တဲ့လူတွေဆိုတာ သူတို့ရင်ထဲက အတွေးအခံလေးတွေနဲ့ တူညီသွားတဲ့အတွက်သာဖြစ်ကြောင်း ကျွန်တော်နားလည်ခံယူထားတယ်ဆိုတာ သိစေချင်လို့ပါ။ တော်တော်ကြာ အချို့များက ကျွန်တော့်ကို ပြောချင်ပါဘိသနဲ့။

အခုလည်း မြှောက်ပေးရင် တက်အောင်ကတတ်တဲ့ ကျွန်တော်ဟာ ဘလော့ဂ်ဖတ်သူတွေရဲ့ အားပေးမှုကြောင့် တွေးမိသမျှ သောင်းပြောင်းထွေလာကို ရေးချလိုက်မိပြန်ပါတယ်။ ဒီတစ်ခါတော့ ကျွန်တော့်အတွေးများသက်သက် မဟုတ်တော့ဘူးဆိုတာ ကြိုတင်ပြောလိုပါတယ်။ ကျွန်တော်ကချည်းပဲ တွေးမိသမျှကို ပြောနေတော့ တချို့တွေက မြင်ပြင်းကတ်ကြပါလိမ့်မယ်။ ဒါကြောင့် ကျွန်တော်အတွေးကို အခြေခံပြီး စာဖတ်သူလည်း ဘယ်လိုတွေးမိသလဲဆိုတာကို မေးခွန်းလေးတွေ ထုတ်ထားပါတယ်နော်။ ကျွန်တော့်ဘလော့ဂ်ကို လာဖတ်တဲ့ပုံမှန်စာဖတ်သူတွေရဲ့ အချက်အလက်အရတော့ မြန်မာပြည်က ဖတ်သူဦးရေက ပိုများပါတယ်။ အဲဒါကြောင့် ကွန်းမန့်ပေးရတာ အဆင်မပြေမှန်း သိပါတယ်။ စီဘောက်မှာ အော်ဖို့ကျတော့လည်း တစ်မျိုးဖြစ်နေတဲ့လူတွေလည်း ရှိမှာပါပဲ။ အဲဒီအတွက် စာဖတ်သူရဲ့ အတွေးကို ကွန်းမန့်မှာ ရေးချင်လည်းရေးပါ။ သို့မဟုတ် စီဘောက်မှာ အော်ချင်လည်းအော်ပါ။ ကျွန်တော့်ဆီကို အီးမေးလ်ပို့ပြီး ပြောချင်သပဆိုလည်း အဆင်ပြေပါတယ်ဗျာ။ အဲဒါတွေလုပ်ဖို့ စိတ်မပါဘူးဆိုရင်တော့ ကိုယ့်အတွေးထဲမှာကိုယ်ပဲ သိမ်းထားလိုက်ပါ။ ဒါပေမယ့် အနည်းဆုံးအနေနဲ့ တွေးတော့တွေးကြည့်ပေးပါနော်။

(၁)
အခုနောက်ပိုင်း ဘယ်လုပ်ငန်းမှာပဲဖြစ်ဖြစ် ကျယ်ကျယ်လောင်လောင် ကြားလာရတဲ့အသံကတော့ ခေါင်းဆောင်မှုဆိုတဲ့ အခန်းကဏ္ဍပါပဲ။ အခြေအနေအကြောင်းကြောင်းတွေကြောင့် ဘယ်လုပ်ငန်းကိုပဲဖြစ်ဖြစ် အဆင်ပြေအောင် ကြံဖန်ဆောင်ရွက်ခဲ့ကြတာဟာ မြန်မာတွေရဲ့ အကျင့်တစ်ခုတောင် ဖြစ်နေပါပြီ။ အထက်ကလည်း ကိုယ်လိုချင်တဲ့ရလဒ်တစ်ခု ရဖို့အတွက်ပဲ အဓိကထားတယ်။ အောက်ကလူတွေကလည်း အထက်ကလူရဲ့ လိုလားချက်ကို ပြည့်မြောက်အောင် ဆောင်ရွက်ပေးနိုင်ဖို့ကိုပဲ အလေးထားတယ်။ အဲဒါဆိုရင် ပြီးပြီပဲလေ။ လိုချင်တဲ့ရလဒ်ရတာပဲလို့ ပြောစရာရှိပါတယ်။ ဟုတ်ကဲ့… လိုချင်တဲ့ရလဒ်တော့ ရတာမှန်ပါတယ်။ ဒါပေမယ့် အဲဒီရလဒ်တစ်ခုအတွက် လုပ်ဆောင်ခဲ့ရတာတွေမှာ နည်းမှန်၊ လမ်းမှန်မဟုတ်ဘဲ ဖြစ်ရင်ပြီးရောစိတ်နဲ့ လုပ်ခဲ့ရတာတွေ အများကြီးပါပါတယ်။ ရေတိုအတွက်တော့ လက်ငင်းပြဿနာ ပြေလည်သွားတယ်လို့ ထင်ရစရာရှိပေမယ့် ရေရှည်အတွက်ဆိုရင်တော့ ထိတ်လန့်စရာကြီးပါ။ ကျွန်တော်မြင်သလောက် ဥပမာပေးရမယ်ဆိုရင် လူနေတိုက်ခန်းတွေဆောက်လုပ်တဲ့လုပ်ငန်းကို ပြချင်ပါတယ်။ အခုလောလောဆယ် သတ်မှတ်ထားတဲ့နေ့ရက်မှာ အချိန်မီအခန်းအပ်နိုင်ဖို့အတွက်ပဲ အာရုံထားဆောင်ရွက်ကြပါတယ်။ နောင်ဘယ်နှနှစ်သုံးလို့ရအောင် ဆိုတာထက် အခုလောလောဆယ် ဘယ်နေ့မှာအပြီးလုပ်ရမယ်ဆိုတာကိုသာ ဇောင်းပေးနေကြတာဟာ ဘယ်လောက်များ အန္တရာယ်ကြီးမားလိုက်သလဲဆိုတာကို စဉ်းစားကြည့်လို့တောင် ရပါတယ်။ အဲဒီလိုလုပ်ငန်းတွေအတွက် တာဝန်အရှိဆုံးလူက ဘယ်သူလဲဆိုတာတော့ စာဖတ်သူပဲ စဉ်းစားကြည့်စေချင်ပါတယ်….။

(၂)
ခေါင်းဆောင်မှုနဲ့ ပတ်သက်ပြီး အမျိုးမျိုးသော သတ်မှတ်ချက်တွေ ရှိကြပါတယ်။ ဘယ်လိုလူမျိုးက ခေါင်းဆောင်ကောင်း၊ ခေါင်းဆောင်ဆိုတာ ဘယ်လိုအချက်တွေနဲ့ ပြည့်စုံရမယ် စသည်ဖြင့် ဖွင့်ဆိုချက်တွေ အများကြီး ရှိပါတယ်။ အဲဒီအထဲက ကျွန်တော်မှတ်မှတ်ထင်ထင် ရှိနေတာလေးတွေကို ပြောပြရရင်....

(က) Follow Me
ငါ့နောက်ကလိုက် လို့ တိုက်ရိုက်ဘာသာပြန်ရမလား မသိပါဘူး။ အဲဒီစကားကို သူများတွေပြောတာ ကြားဖူးသလို ကိုယ်တိုင်လည်း မကြာခဏ သုံးနှုန်းဖူးပါတယ်။ ဒါပေမယ့် မြန်မာလိုဘယ်လိုပြောရမလဲဆိုတာ သေသေချာချာ မစဉ်းစားကြည့်မိဘူးတာ ၀န်ခံပါတယ်။ ကျွန်တော်တို့ပါးစပ်ထဲမှာ အင်္ဂလိပ်လို Follow Me ဆိုတဲ့အပြောကသာ စွဲနေပြီး "ငါ့နောက်ကလိုက်"၊ "ငါလုပ်သလိုလုပ်၊ ငါပြောသလိုလုပ်"၊ "ငါခိုင်းတာလုပ်" စတဲ့စကားတွေဆိုရင် နားလည်ရတာကို တစ်မျိုးကြီးဖြစ်နေသလားလို့ပါ။ Follow Me လို့ ပြောလိုက်တာနဲ့ ဦးဆောင်သူရဲ့နောက်ကနေ အလိုက်သင့်လေး သူခိုင်းတာ လိုက်လုပ်ရမယ်လို့ အလိုလိုနားလည်ပြီးသားလို့ မြင်မိပါတယ်။ (မှားနေရင် ပြင်ပေးကြပါနော်)

(ခ) Go Ahead (or) Carry On
ဒါကတော့ ရှေ့ကဦးဆောင်တာမဟုတ်ဘဲ နောက်ကွယ်ကနေ မောင်းနှင်တဲ့ ခေါင်းဆောင်မှုလို့ မြင်ပါတယ်။ Leading မလုပ်ဘဲ Driving လုပ်တဲ့ခေါင်းဆောင်မှုလို့ ထင်ပါတယ်။ ဒီလိုခေါင်းဆောင်မှုအတွက်ကတော့ အရည်အချင်းပြည့်ဝတဲ့ လက်အောက်ငယ်သားတွေက ပိုပြီးအခရာကျတယ်လို့ မြင်မိပါတယ်။ အဲဒီလိုဆိုရပေမယ့်လည်း စောစောကပြောတဲ့ လူတော်ငယ်သားတွေကို ရွေးချယ်နိုင်မှု၊ လေ့ကျင့်ပေးထားနိုင်မှုကလည်း ခေါင်းဆောင်ရဲ့ အရည်အချင်းတစ်ရပ်ပဲ ဖြစ်မှာပါ။

(ဂ) Let's Go
ပထမဆုံး ၀န်ခံလိုပါတယ်။ ဒီအချက်ကတော့ ကျွန်တော့်ရဲ့ ကိုယ်ပိုင်ယူဆချက်ပါ။ မှားချင်လည်း မှားနိုင်ပါတယ်။ ဒီ Let's Go ဆိုတဲ့ အသုံးအနှုန်းမျိုးကို ဘယ်စာအုပ်မှာမှ မဖတ်ဖူးသေးပါ။ ဘယ်သူမှ မပြောဖူးသေးဘူး၊ ဘယ်သူမှမရေးဖူးသေးဘူးလို့ ကျွန်တော်မပြောဘူးနော်။ ကျွန်တော့်အနေနဲ့ မဖတ်ဖူး၊ မကြားဖူးသေးဘူးလို့ပဲ ဆိုလိုပါတယ်။ ဒါပေမယ့် ဆိုလိုတဲ့သဘောတရားကတော့ ရှိပြီးသားဆိုတာ သေချာပါတယ်။ ဘာကြောင့်လဲဆိုတော့ ကမ္ဘာ့နာမည်ကြီးကုမ္ပဏီကြီးတွေရဲ့ လုပ်ငန်းစီမံခန့်ခွဲမှုတွေကို လေ့လာမိရာက တွေးမိတာမို့ပါ။ ဒီလိုပါ။ ရှေ့မှာပြောခဲ့တဲ့ ခေါင်းဆောင်မှုနှစ်မျိုးကိုတော့ ကျွန်တော်တို့အနေနဲ့ ဘာမှကို ထူးထူးဆန်းဆန်း မဖြစ်တော့ပါဘူး။ ကိုယ်တိုင်ခေါင်းဆောင်နေရတဲ့လူတွေ ရှိသလို၊ အခြားတစ်ယောက်ရဲ့ ခေါင်းဆောင်မှုအောက်မှာ လုပ်ကိုင်နေရတဲ့ လူတွေလည်း ရှိကြမှာပါပဲ။ အခုကျွန်တော်စဉ်းစားမိတာက ဒီနေ့ခေတ်ကြီးရဲ့ တိုးတက်မှုအရှိန်ဟာ အရမ်းကို မြန်ဆန်လွန်းတဲ့အတွက် ကျော်တက်ဖို့နေနေသာသာ အမီလိုက်ဖို့တောင် ဒရောသောပါးနဲ့ ကြိုးပမ်းနေကြရတယ်ဆိုတာ အားလုံးအသိပါ။ အဲဒီလိုအချိန်မှာ အထက်ကပြောခဲ့သလို ဦးဆောင်သူတစ်ယောက်တည်းက ခေါင်းဆောင်ခေါ်တာကို လိုက်သွားတာမျိုး၊ ဦးဆောင်သူက နောက်ကွယ်ကနေ မောင်းနှင်ပေးတဲ့ ပုံစံမျိုးထက် အထက်အောက်အတူတကွ ပေါင်းစပ်ညှိနှိုင်းချီတက်တဲ့ပုံစံလို့ ဆိုချင်တာပါ။ အထက်ကအောက်၊ အောက်ကအထက်ဆိုတဲ့ ပုံစံတွေထက် အလျားလိုက်ပုံစံနဲ့သွားရင် ပိုပြီးများခရီးတွင်မလားလို့ တွေးမိလို့ပါ။

စာဖတ်သူကရော ဘယ်လိုပုံစံကိုကြိုက်သလဲ???
Follow Me လား?
Go Ahead လား?
Let's Go လား?

(၃)
ဗီဒီယိုတွေ၊ ရုပ်ရှင်တွေအကြည့်များလာတော့ ဘာတွေ့ရသလဲဆိုရင် အချို့ဇာတ်ကားတွေက ကြည့်လို့ကောင်းတယ်။ အချို့ကျတော့ ကြည့်ရင်းနဲ့ကို အိပ်ပျော်သွားလောက်တယ်။ ဒီမင်းသား၊ ဒီမင်းသမီးနဲ့ပဲ ရိုက်ထားချင်းအတူတူကို ဇာတ်ကားတစ်ခုကကောင်းပြီး၊ နောက်ဇာတ်ကားတစ်ခုက ညံ့နေပြန်ရော။ အဲဒါဆိုရင် သေချာတာကတော့ မင်းသား၊ မင်းသမီးတွေဟာ အရေးပါတယ်ဆိုပေမယ့် ဇာတ်လမ်းမကောင်းရင် သူတို့တွေ ဘယ်လောက်ပဲကောင်းကောင်း ကြည့်လို့မကောင်းနိုင်ဘူး ဆိုတာပါပဲ။

ကျွန်တော်မြင်တဲ့တစ်ချက်ကို ပြောကြည့်ပါမယ်။ အစွန်းရောက်တဲ့ဇာတ်လမ်းတွေဟာ ကြည့်လို့ကောင်းတယ် ဆိုတာပါပဲ။ အဲဒါကို သေသေချာချာ သုံးသပ်ပြီးမှ ကျွန်တော်ပြောတာပါ။ ၀တ္ထုတွေလည်း ဒီလိုပဲလို့ မြင်ပါတယ်။ ၀တ္ထုတွေ၊ ဗီဒီယိုတွေ၊ ရုပ်ရှင်တွေမှာ ဇာတ်ကောင်တွေဟာ အစွန်းရောက်တွေဆိုရင် ကြည့်လို့၊ ဖတ်လို့ ကောင်းတာ တွေ့ရပါတယ်။ မင်းသိင်္ခ၀တ္ထုတွေ၊ ရှင်မိုးရဲ့ဝတ္ထုတွေကို ပြန်သတိရမိတယ်။

အဲဒီအတွက် ကျွန်တော်စဉ်းစားမိတာက လူတွေဟာ အစွန်းနှစ်ဖက်ကိုပဲ စိတ်ဝင်စားကြတယ်ဆိုတာပါပဲ။ လက်တွေ့နယ်ပယ်ကို စဉ်းစားကြည့်မိတော့လည်း အဲဒီလိုဖြစ်နေတာ တွေ့ရပါတယ်။ ကျွန်တော့်ကိုပဲ ဥပမာထားပြီး ပြောရမယ်ဆိုရင် ကျွန်တော်စာသင်နေတဲ့ တပည့်တွေထဲမှာ ဘယ်အချိန်ပဲတွေ့တွေ့ နာမည်ရော၊ လူရောတွဲပြီး မှတ်မိတဲ့ကျောင်းသားတွေဟာ လိမ္မာ(တော်)လွန်း၊ ဒါမှမဟုတ် ဆိုး(ညံ့)လွန်းတဲ့ တပည့်တွေ ဆိုတာပါပဲ။ သာမန်ပဲနေတတ်တဲ့ ကျောင်းသားတွေကို နာမည်နဲ့လူ တွဲပြီး မသိတာကို အခုမှပြန်ပြီး အံ့သြနေမိတယ်။ ကြီးကြီးကျယ်ကျယ်ပြောရရင် လူ့သမိုင်းကို ပြန်ကြည့်တော့လည်း အစွန်းနှစ်ဖက်က လူတွေကိုပဲ သမိုင်းစာမျက်နှာထက် တင်ခဲ့ကြတာ အထင်အရှားတွေ့ရပါတယ်။ ဂန္ဒီကြီးကို မှတ်တမ်းတင်သလို ဟစ်တလာကိုလည်း နေရာပေးထားရတာပါပဲ၊ ဗိုလ်ချုပ်အောင်ဆန်းကို ကမ္ဗည်းထိုးသလို ဦးစောကိုလည်း မှတ်တမ်းတင်ထားရပါတယ်။ မာသာထရီဇာကို အမှတ်ရနေကြသလို ကလီယိုပါထရာကိုလည်း တသသပြောနေကြတာပါပဲ။ အခုနောက်ဆုံးပြောရရင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်နေတဲ့ အယ်လ်ဂိုးထက် အယ်လ်ကိုင်းဒါးဖခင်ကြီး အိုစမာဘင်လာဒင်ကတောင် ပိုပြီး ထင်ပေါ်နေသလားလို့ပါ။

အဲဒီအတွက် ကျွန်တော်သိချင်တာက လူ့လောကကြီးမှာ နေထိုင်စဉ်ကာလအတွင်းမှာ သာမန်ပဲ နေထိုင်ရမှာလား။ သူများနဲ့မတူအောင် နေကြရမှာလားဆိုတာပါ။ ဖြေကြည့်ကြပါဦးနော်။

တွေးနေဆဲ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၀၉ ခုနှစ် နိုဝင်ဘာလ ၃၀ ရက်၊ တနင်္လာနေ့။
ည ၉ နာရီ ၁၀ မိနစ်တွင်ပြီး၏။

အလွမ်းပုံပြင် - ကိုဉာဏ် (ပန်းလောင်မြေ)


ချစ်ဦးသူရေ…
နှင်းရည်သွန်းလောင်း၊ ဟေမာန်ဆောင်းဝယ်
အဟောင်းပုံရိပ်၊ ပိတ်ကားလိပ်တို့
တမှိတ်ခဏ၊ မြင်လိုက်ရ၀ယ်
ရင်ဝယ်ပူနွေးလာမိသည်။

ဟိုစဉ်ကာလ၊ သည်လိုည၀ယ်
ဖွဖွသက်ပြင်း၊ တင်းတင်းရွှေလက်
တွတ်တွတ်တီတာ၊ ခါခါရယ်မော
ကြည်နူးဇောဖြင့်
ရင်တွင်းနားခိုဖူးသည်လေ။

ခုတော့သည်မောင်၊ လွမ်းလှိုင်းဖောင်၍
ဘယ်ဆီတောင်မြောက်၊ ဘယ်ဝယ်ရောက်ဟု
စိတ်ဆောက်တည်ရာ၊ လွမ်းကမ္ဘာဖြင့်
မြင်ရာလွမ်းမော၊ ကြားရာမှန်းဆ
သတိရ၍
ရင်တွင်မိုးပြိုခဲ့ပါသည်။

ချစ်ဦးသူရေ…
အချိန်ကြာညောင်း၊ ရက်တွေပြောင်းပြီ
ရာသီတွေပြောင်း၊ နှစ်တွေဟောင်းပြီ
အတိတ်မြင်ကွင်း၊ ပျောက်ကွယ်ယွင်းပြီ
သို့နှင့်အမျှ၊ တစ်ခဏ၀ယ်
တစ်စလွမ်းမျှင်၊ ရင်ဝယ်ထင်က
သည်မောင်လွမ်းနေဆဲပါကွယ်။

အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၀၉ ခုနှစ် နိုဝင်ဘာလ ၃၀ ရက်၊ တနင်္လာနေ့။
ညနေ ၅ နာရီ ၁၅ မိနစ်တွင်ပြီး၏။

အင်းဝခေတ်


အင်းဝတွင် သတိုးမင်းဖျားမှစ၍ မဟာဓမ္မရာဇာဓိပတိ ဟံသာဝတီပါ မင်းအထိ မင်းပေါင်း ၂၉ ဆက် အုပ်စိုးခဲ့လေသည်။ သို့ရာတွင် အင်းဝခေတ်သည် ဟံသာဝတီပါမင်းအထိ မင်းဆက်တစ်စဉ်တည်း စိုးမိုးအုပ်ချုပ်နိုင်သည်မဟုတ်ဘဲ မှေးမှိန်တိမ်ငုတ်လျက် တောင်ငူ၊ ဟံသာဝတီတို့နှင့် ခေတ်ပြိုင် ကြုံတွေ့ရပေသေးသည်။ ရာဇ၀င်မှာ မင်းတို့စိုးစံရာ ဒေသကိုလိုက်၍ ရှုခင်းပြောင်းလဲသည်ဖြစ်ရာ တကောင်း၊ သရေခေတ္တရာ၊ ပုဂံ၊ စစ်ကိုင်း၊ ပင်းယတို့မှသည် အင်းဝသို့ ပြောင်းလဲလာခဲ့ရပြန်လေသည်။

၁။ သတိုးမင်းဖျား (၇၂၆-၇၂၉)
သတိုးမင်းဖျားသည် အင်းဝကို တည်ထောင်ပြီးနောက် နိုင်ငံတော်ကို စည်းရုံးရပြန်လေသည်။ စကုစား ထောင်ထားသည်ကို နှစ်ကြိမ်တိုင်တိုင် နှိမ်နင်းတိုက်ခိုက်ရလေသည်။ ငနွယ်ကုန်းစား ဘယကျော်သူ ဖျက်ဆီးလာသည်ကိုလည်း နှိမ်နင်းရလေသည်။ သတ္တိကောင်း ငတက်ဖြားကို မြှောက်စား၍ တောင်တွင်းကြီးကို တိုက်ခိုက်စေလေသည်။ သတိုးမင်းဖျားသည် စကုသို့ချီတက်ရင်း ကျောက်ရောဂါစွဲကပ်သဖြင့် အသက်ကုန်မည်ကိုသိ၍ စောဥမ္မာကို သူတစ်ပါးယူမည်စိုးသဖြင့် တွင်းသင်းမှူး ငနုကို ချော့မော့၍ စေလွှတ်သတ်ဖြတ်စေလေသည်။ စောဥမ္မာလည်း ငနုကိုချော့မော့၍ အင်းဝနန်းတွင် တစ်လခန့် သင့်နေပြီးမှ စစ်ကိုင်းဘက်သို့ ကူးလေသည်။

၂။ မင်းကြီး စွာစော်ကဲ (၇၂၉-၇၆၂)
သတိုးမင်းဖျား နတ်ရွာစံလျှင် မှူးမတ်အပေါင်းတို့က စုဝေးတိုင်ပင်၍ ရမည်းသင်းစား သီလ၀အား မင်းပြုရန် တောင်းပန်ကြလေသည်။ သို့ရာတွင် ထီးနန်းမစံလိုသဖြင့် မင်း၏ ယောက်ဖတော်သူ အမြင့်မြို့စား တရဖျာ့အား မင်းကြီးစွာစော်ကဲ အမည်ဖြင့် မင်းမြှောက်ကြလေသည်။ မင်းကြီးစွာစော်ကဲမှာ နရသီဟပတေ့မင်း၏ သားတော် ပြည်စားသီဟသူနှင့် ပြော့ရှမ်းသင်္ခဗိုလ်၏ သမီးတို့ စုံဖက်ရာမှာ ဖွားမြင်သော သမီးတော် ရှင်မြတ်လှနှင့် ပုဂံကျော်စွာမင်း၏သားတော် သရက်မင်းရှင်စောတို့မှ ဖွားမြင်သော သားတော်ဖြစ်လေသည်။

မင်းကြီးစွာစော်ကဲသည် မိတ္ထီလာကန်ကို ဆည်ဖို့တော်မူလေသည်။ အမတ်ပညာရှိ ဘိုးရာဇာကိုလည်း ချီးမြှောက်လေသည်။ ထိုမင်းလက်ထက်တွင် ဟံသာဝတီမွန်ဘုရင် ဆင်ဖြူရှင်ဗညားဦးနှင့် ချစ်ကြည်စွာ မဟာမိတ်ပြုလေသည်။

မွန်တို့၏နိုင်ငံသည် အနော်ရထာမင်း လက်ထက်တွင် ပျက်သုဉ်းခဲ့ပြီးနောက် တစ်စတစ်စ အင်အားပြန်လည်စည်းရုံး၍ မြောင်းမြတွင်လည်းကောင်း၊ ဟံသာဝတီတွင်လည်းကောင်း၊ မုတ္တမတွင်လည်းကောင်း မြို့ပြပြန်လည်စိုက်တည်လာခဲ့ရာ အင်းဝခေတ်တွင် မွန်တို့သည် ဟံသာဝတီ၌ အင်အားခိုင်ဖြီးလာ၍ မြန်မာတို့နှင့် စစ်ပြိုင်ဘက် ဖြစ်လာခဲ့ပြန်လေသည်။ မင်းကြီးစွာစော်ကဲသည် နယ်စွန်နယ်ဖျားတို့တွင် ငြိမ်ဝပ်ပိပြားအောင် အားထုတ်ရန်လိုသဖြင့် ကလေးနှင့် မိုးညှင်းကိုလည်းကောင်း ချီတက်ရလေသည်။ ထိုသို့ ချီတက်ရာတွင် ကန်စွန်းနိမ့်ရွာသူ မိဘေဇာကို ကောက်ယူလေရာ သားတော် မင်းဆွေကို ဖွားမြင်လေသည်။ ထိုမိဖုရားမှ သာေးတာ် ရှင်သိဒ္ဓတ်နှင့် သမီးတော် ရှင်မြတ်လှတို့ကိုလည်း ဖွားမြင်လေသည်။ ထိုမင်းလက်ထက် ဦးရီးတော် စောမွန်ကြီးကို ရခိုင်သို့ စေလွှတ်လေသည်။ ၇၄၂ ခုနှစ်တွင် စောမွန်ကြီး အနိစ္စရောက်သဖြင့် ကျွန်ရင်း စောမည်းကို ရခိုင်သို့ စေလွှတ်ပြန်ရာတွင်ကား ပြည်သူတို့နှင့် ဆန့်ကျင်သဖြင့် မခံမရပ်နိုင်ဖြစ်၍ ဆူပူခွာထွက်လေတော့သည်။

မင်းကြီးစွာစော်ကဲလက်ထက်တွင်ပင် မြောင်းမြစား မွန်လောက်ဖျား လှည့်ပတ်သောကြောင့် ဟံသာဝတီသို့ ချီတက်လေရာ သားတော်ကြီး တရာ့ဖျားနှင့် သားတော်ငယ် ပြင်စည်စား မင်းဆွေတို့ ပါရှိ၍ ၇၄၈ ခုနှစ်တွင် ပန်းကျော်၊ လှိုင်နှင့် မှော်ဘီမြို့များတွင် မွန်ရာဇာဓိရာဇ်၏ တပ်များနှင့် တိုက်ခိုက်ရလေသည်။ မိုးကျချိန်နီးလျှင် ဆုတ်ခွာပြန်၍ ၇၄၉ ခုနှစ်တွင် တစ်ကြိမ်ချီတက်ကာ ဒဂုံ၊ ဒလ၊ မှော်ဘီမြို့များတွင် စစ်ဖက်ပြိုင်ကြပြန်လေသည်။ ၇၅၂ ခုနှစ်တွင် ရာဇဓိရာဇ်က ဂူလွှတ်မြို့ကို တိုက်လာသဖြင့် မင်းကြီးစွာစော်ကဲ၏ တပ်များလည်း ချီတက်ရပြန်လေသည်။ ထို့နောက် မွန်မြန်မာနှစ်ဖက် သုံ့ပန်းလဲလှယ်ကာ စစ်ပြေငြိမ်းခဲ့ကြပြန်လေသည်။

၃။ ဆင်ဖြူရှင် တရာ့ဖျား (၇၆၂-၇၆၃)
မင်းကြီးစွာစော်ကဲ နတ်ရွာစံသော် သားတော်ကြီး ဆင်ဖြူရှင်တရာ့ဖျားသည် ထီးနန်းဆက်ခံလေသည်။ သို့ရာတွင် တောကစားထွက်ရာမှ စိတ်ဖောက်ပြန်ခဲ့လေရာ တကောင်းစား ငနောက်ဆံ လုပ်ကြံသဖြင့် နတ်ရွာစံရလေသည်။ ငနောက်ဆံကိုလည်း မှူးမတ်တို့ တိုက်ခိုက်၍ အနိစ္စရောက်ရလေသည်။

ဆရာနှင့် တပည့်ဟာသများ


(၁)
ပထ၀ီဝင်ဘာသာရပ် သင်ခန်းစာချိန်တွင် ဖြစ်သည်။
ဆရာမ - ကဲ...မောင်လှ၊ ထပါဦး၊ မြေပုံမှာ မြောက်အမေရိကတိုက်ကို ရှာကြည့်ပါဦး။
မောင်လှ - ဒီမှာပါ ဆရာမ...။
ဆရာမ - ဟုတ်ပါပြီ၊ မှန်ပါတယ်ကွယ်...။ ထိုင်ပါ။ ကဲ...အမေရိကတိုက်ကို ဘယ်သူရှာဖွေတွေ့ရှိခဲ့သလဲဆိုတာ အခန်းထဲက ဘယ်သူများပြောနိုင်မလဲ။
တစ်ခန်းလုံး - မောင်လှပါ ဆရာမ။

(၂)
ဆရာ - မောင်ဉာဏ်၊ မင်းဘာဖြစ်လို့ ကျောင်းနောက်ကျရသလဲ... ပြောစမ်းပါဦး။
မောင်ဉာဏ် - ဆိုင်းဘုတ်တစ်ခုကြောင့်ပါ ဆရာ..။
ဆရာ - ဟေ... ဘာဆိုင်းဘုတ်လဲကွ...။
မောင်ဉာဏ် - ရှေ့တွင်ကျောင်းရှိသည်... ဖြည်းဖြည်း တဲ့။

(၃)
ဓာတုဗေဒစာသင်ချိန်တစ်ခုတွင် ဖြစ်သည်။
ဆရာမ - မောင်မြ.... ရေရဲ့ ဓာတုဗေဒဖော်မြူလာဟာ ဘာလဲကွယ့်။
မောင်မြ - H I J K L M N O ပါ ဆရာမ...။
ဆရာမ - မင်းဘာတွေ ပြောနေတာလဲ။
မောင်မြ - ဆရာမပဲ မနေ့ကပြောတယ်လေ... ရေရဲ့ ဓာတုဗေဒဖော်မြူလာဟာ H to O လို့။

(၄)
အင်္ဂလိပ်စာပို့ချနေချိန်တွင်ဖြစ်သည်။
ဆရာ - ကဲ...မောင်ဉာဏ်။ ဆရာ့ကို " I " (အိုင်) နဲ့စတဲ့ စာကြောင်းတစ်ကြောင်း ပြောပြပါဦး။
မောင်ဉာဏ် - " I is.... "
ဆရာ - မဟုတ်ဘူးလေ.... မှားနေတယ်။ "I am" လို့ အမြဲတမ်းပြောရတယ်။
မောင်ဉာဏ် - ဟုတ်ကဲ့ဆရာ... " I am the ninth letter of the alphabet."

(၅)
ဆရာမ - သီတာ... နင်ရေးလာတဲ့ "ကျွန်တော်၏ခွေးကလေး" ဆိုတဲ့ စာစီစာကုံးက နင့်အစ်ကိုရဲ့ စာစီစာကုံးနဲ့ တစ်ထပ်တည်းတူနေပါ့လား။ ကူးရေးလာသလား။
သီတာ - မဟုတ်ပါဘူး ဆရာမ၊ သမီးတို့အိမ်မှာမွေးထားတဲ့ခွေးက အဲဒီ တစ်ကောင်တည်းမို့ပါ။

စာကြွင်း
အင်တာနက်ပေါ်မှာရှာရသမျှတွေကို ဘာသာပြန်ပေးလိုက်တာပါ။ ဖတ်ဖူးပြီးသားဖြစ်နေရင်၊ ဘာသာပြန်တာလိုအပ်လို့ မရယ်ရဖြစ်နေရင် နားလည်ပေးကြပါဦးနော်...

ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၀၉ ခုနှစ် နိုဝင်ဘာလ ၃၀ ရက်၊ တနင်္လာနေ့။
နံနက် ၀ နာရီ ၁၂ မိနစ်တွင်ပြီး၏။

Sunday, November 29, 2009

၂၀၁၀ ကမ္ဘာ့ဖလားပြိုင်ပွဲ နွှဲကြမည့်အသင်းများ


2010southafrica.png

၂၀၁၀ ကမ္ဘာ့ဖလားပြိုင်ပွဲကြီး တောင်အာဖရိကနိုင်ငံမှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။ အဲဒီပြိုင်ပွဲမှာ နောက်ဆုံးအဆင့်အနေနဲ့ ပါဝင်ယှဉ်ပြိုင်ခွင့်ရဖို့အတွက် တိုက်အလိုက်၊ ဒေသအလိုက်က အသင်းတွေဟာ ခြေစစ်ပွဲတွေ ယှဉ်ပြိုင်ခဲ့ကြရပါတယ်။ ဘောလုံးပြိုင်ပွဲထဲမှာ အဆင့်အမြင့်ဆုံး နိုင်ငံအဆင့်ပြိုင်ပွဲကြီးဖြစ်တဲ့အတွက် ကမ္ဘာ့ဖလားပြိုင်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်ခွင့်ရရှိရေး၊ အနိုင်ရဗိုလ်စွဲနိုင်ရေးဟာ နိုင်ငံတိုင်းရဲ့ အာသီသပဲ ဖြစ်ပါတယ်။ ဥပမာအနေဖြင့် ဘရာဇီးလ်လို့ ဆိုလိုက်တာနဲ့ အခြားသောစီးပွားရေး၊ နိုင်ငံရေးတွေကို စဉ်းစားမိသူထက် ကမ္ဘာ့ဖလားပြိုင်ပွဲကို အကြိမ်အများဆုံးဝင်ပြိုင်ထားတဲ့နိုင်ငံ၊ ဖလားအများဆုံးရရှိထားတဲ့နိုင်ငံ၊ ပီလီ၊ ရော်နယ်လ်ဒို၊ ရော်နယ်လ်ဒင်ဟို၊ ကာကာ၊ ရိုမာရီယို တို့ရဲ့ ဘောလုံးနိုင်ငံအဖြစ်သာ သိသူများလှပါတယ်။ အိုင်ဗရီကို့စ်ဆိုတာ ဘယ်နားမှာရှိမှန်းမသိပေမယ့်၊ ဒရော့ဘာ၊ ကာလူတို့ရဲ့ နိုင်ငံ၊ ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်ထားတဲ့ နိုင်ငံဆိုတာတော့ လူတိုင်းနီးနီး သိကြပါတယ်။ လက်တွေ့လူမှုနယ်ပယ်မှာ ဘောလုံးရဲ့ အရှိန်ဟာ အဲဒီလောက်အထိ ကြီးမားတာဖြစ်ပါတယ်။ ၀မ်းနည်းစရာကောင်းတာက အခုခေတ်မှာ အရှေ့တောင်အာရှလို့ ပြောလိုက်ရင် ထိုင်းအသင်းနဲ့ စင်ကာပူအသင်းကိုပဲ လူတွေသိတော့တဲ့ အချက်ပါ။ အရှေ့တောင်အာရှမှာ အခုအချိန်အထိ မြန်မာအသင်းရဲ့ အောင်မြင်မှုသမိုင်းကို ကျော်တက်နိုင်တဲ့အသင်း မရှိသေးဘူးဆိုတာကို သိသူနည်းသွားပါပြီ။ အတိတ်ကရွှေရောင်တောက်ခဲ့ပေမယ့် ပစ္စုပ္ပန်က မှေးမှိန်နေလေတော့ ဘယ်သူကမှ အဖက်လုပ်ပြီး မပြောကြတော့ပါဘူး။ စကားဘေးချော်သွားပါသည်။ ပြန်တည့်ပါမည်။ အခုလာမည့် ၂၀၁၀ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ နောက်ဆုံးအဆင့်အနေနဲ့ ၀င်ရောက်ယှဉ်ပြိုင်ခွင့်ရခဲ့တဲ့ အသင်းတွေကို အောက်မှာဖော်ပြလိုက်ပါတယ်။

အိမ်ရှင်
၁။ တောင်အာဖရိက

အာဖရိကဇုန်
၁။ ကင်မရွန်း
၂။ နိုင်ဂျီးရီးယား
၃။ အယ်လ်ဂျီးရီးယား
၎။ ဂါနာ
၅။ အိုင်ဗရီကို့စ်

အာရှဇုန်
၁။ ၾသစေၾတးလ်
၂။ ဂျပန်
၃။ တောင်ကိုရီးယား
၎။ မြောက်ကိုရီးယား

ဥရောပဇုန်
၁။ ဒိန်းမတ်
၂။ ဆွစ်ဇာလန်
၃။ စလိုဗက်ကီးယား
၎။ ဂျာမနီ
၅။ စပိန်
၆။ အင်္ဂလန်
၇။ ဆားဗီးယား
၈။ အီတလီ
၉။ နယ်သာလန်(ဟော်လန်)
၁၀။ စလိုဗေးနီးယား
၁၁။ ပြင်သစ်
၁၂။ ဂရိ
၁၃။ ပေါ်တူဂီ

မြောက်/အလယ် အမေရိကတိုက်နှင့် ကာရစ်ဘီယံဒေသ
၁။ အမေရိကန်
၂။ မက္ကစီကို
၃။ ဟွန်ဒူးရပ်စ်

သမုဒ္ဒရာပိုင်းဇုန်
၁။ နယူးဇီလန်

တောင်အမေရိကဇုန်
၁။ ဘရာဇီးလ်
၂။ ချီလီ
၃။ ပါရာဂွေး
၎။ အာဂျင်တီးနား
၅။ ဥရုဂွေး

ခြေစစ်ပွဲကာလတွေမှာကတည်းက ပြိုင်ဆိုင်မှုပြင်းထန်ခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမျှော်လင့်ချက်တွေဟာ နောက်ဆုံး ၃၂ သင်းသာ ယှဉ်ပြိုင်တော့မယ့် အချိန်မှာတော့ အမြင့်ဆုံးအထွဋ်အထိပ်ကို ရောက်ရှိနေမှာ အသေအချာပါပဲ။ နိုင်ငံအသင်းတွေကလည်း ပြိုင်ပွဲမှာ အကောင်းဆုံးယှဉ်ပြိုင်နိုင်ဖို့အတွက် ပြင်ဆင်နေကြသလို တောင်အာဖရိကကို လိုက်ပါအားပေးကြမယ့် ပရိသတ်တွေအတွက်လည်း အခုကတည်းက ရင်တခုန်ုခုန်နဲ့ စိတ်ကူးယဉ်ပြင်ဆင်နေကြပြီ ဖြစ်ပါတယ်။

ခြေစစ်ပွဲကာလတွေ ပြီးသွားတဲ့အခါမှာ-
  • အာရှတိုက်က တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယား နှစ်နိုင်ငံလုံး ခြေစစ်ပွဲအောင်ခဲ့တာ၊
  • အာဖရိကတိုက်က အီဂျစ်နဲ့ အယ်လ်ဂျီးရီးယားတို့ နောက်ဆုံးအချိန်အထိ ပြိုင်ဆိုင်မှုကြီးမားခဲ့တာ၊
  • ၂၀၀၈ ခုနှစ် ကမ္ဘာ့အကောင်းဆုံးဘောလုံးသမား စီရော်နယ်လ်ဒိုရဲ့ ပေါ်တူဂီတို့ နောက်ဆုံးအချိန်အထိ ရုန်းကန်ခဲ့ရတာ
  • သူကိုင်တွင်သမျှ အသင်းတွေကို ကံကောင်းခြင်းတွေ ဆောင်ကြဉ်းပေးတတ်တဲ့ ဟစ်ဒင့်ရဲ့ ရုရှားအသင်း မထင်မှတ်ဘဲ အရေးနိမ့်သွားပြီး အာရှာဗင်၊ ပေါ်လျူချန်ကို၊ ဇာကော့ဗ်တို့ ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့ လွဲချော်သွားရတာတွေ၊
  • Play Off ပြန်ကန်ပွဲမှာ အိုင်ယာလန်ဘက်ကို ပြင်သစ်အသင်းက ဂါးလက်စ် ဂိုးသွင်းနိုင်ဖို့ဖန်တီးပေးခဲ့ရာမှာ အွန်နရီတစ်ယောက် စည်းကျော်တော့မယ့်ဘောလုံးကို လက်နဲ့အသာပုတ်ထိန်းပြီး ကစားသွားခဲ့တာတွေ၊
  • ကမ္ဘာကျော် ဂန္ထ၀င်ကစားသမားကြီး မာရာဒိုနာကိုင်တွယ်တဲ့ မက်ဆီ၊ တိဗက်ဇ်၊ မာရှေရာနိုတို့ရဲ့ အာဂျင်တီးနားအသင်း နောက်ဆုံးအချိန်အထိ ရုန်းကန်ခဲ့ရတာတွေဟာ သမိုင်းမှတ်တမ်းအနေနဲ့ ပြောစရာကျန်ခဲ့ရပြီ ဖြစ်ပါတယ်။

အခုလာမယ့် ၂၀၁၀ ကမ္ဘာ့ပြိုင်ပွဲ နောက်ဆုံးအဆင့်မှာလည်း ခြေစစ်ပွဲအောင်ထားကြတဲ့ အသင်းတွေဟာ မိမိနိုင်ငံ၊ မိမိဒေသကို ဂုဏ်ဆောင်နိုင်ဖို့အတွက် ရေကုန်ရေခန်းယှဉ်ပြိုင်ကစားကြရင်း ဘယ်သို့ဘယ်ပုံသော ပြောစရာသမိုင်းတွေ ချန်ထားရစ်ခဲ့ကြဦးမလဲ၊ ဘယ်အသင်းက ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင် ကမ္ဘာ့ဖလားကြီးကို သိမ်းပိုက်သွားဦးမလဲ ဘယ်သူတွေ ထင်ပေါ်လာပြီး ဘယ်သူတွေ ပြောစရာဖြစ်ကြဦးမလဲဆိုတာကို ရင်ခုန်စွာ မျှော်လင့်စောင့်စားကြပါစို့ဟု...........။

အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၀၉ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက်၊ တနင်္ဂနွေနေ့။
နေ့လည် ၄ နာရီ ၄ မိနစ်တွင်ပြီး၏။

ကိုးကား - www.fifa.com/worldcup

အမှားကြာလျှင် အမှန်ထင်မှာစိုးပါသည် - ကိုဉာဏ် (ပန်းလောင်မြေ)


အစကတော့ ဒီပို့စ်ကိုရေးဖို့ စိတ်ကူးမရှိပါဘူး။ ဒါပေမယ့် အခုတော့ မဖြစ်ဖြစ်အောင်ကို ရေးရပါပြီ။ ရေးဖို့အကြောင်းတွေကလည်း ဖန်လာတာကိုးခင်ဗျ။

ဒီလိုပါ။ တစ်နေ့က ကျွန်တော်တို့ရုံးမှာ လုပ်ဆောင်ရမယ့်လုပ်ငန်းတွေနဲ့ ပတ်သက်တဲ့ စီမံချက်စာအုပ်တစ်ခုကို စစ်ပေးဖို့ ကျွန်တော့်ကို တာဝန်ပေးပါတယ်။ ကျွန်တော်က သေချာအောင်ပြန်မေးပါတယ်။ ဘာစစ်ပေးရမှာလဲ။ အချက်အလက်ပိုင်းဆိုင်ရာ သီးသန့်လား၊ ဒါမှမဟုတ် Format မှန်၊ မမှန်လား၊ စာလုံးပေါင်းလားပေါ့။ အဲဒီတော့ အကုန်လုံးသာစစ်ပေးပါ။ အမှားမရှိရင်ပြီးတာပါပဲ။ ဘာအမှားမှ မပါစေချင်တာပါတဲ့။ ကျွန်တော်သိရသလောက်က အဲဒီစာအုပ်ကို ကျွန်တော့်ထက်ကြီးတဲ့လူတစ်ယောက်က အကြမ်းဖျင်းစစ်ဆေးပြီးသွားပါပြီ။ အခုဟာက ပိုပြီးသေချာသွားအောင် ပြောရရင် သူမမြင်လိုက်တဲ့ဟာတွေ ကျန်သွားရင် ပြန်ပြီးပြင်လို့ရအောင်ပါတဲ့။ ကျွန်တော်အတော်လေးကို စဉ်းစားရပါတယ်။ ခံခဲ့ရဖူးတာ များနေပြီကိုး။ အဲဒီတော့ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ကျွန်တော့်ကို တာဝန်ပေးတဲ့လူကို ကျွန်တော်ပြန်မေးရပါတယ်။ ကျွန်တော်က ဘာတွေမှားနေပါတယ်ဆိုတာကို ရှာပေးရင် တကယ်ပြင်မှာလား၊ ပြန်ပြီးပရင့်ထုတ်မှာလား ဆိုတာကိုပါ။ စစ်ပေးလိုက်တာပဲရှိတယ်။ ပြီးရင် ဒီအမှားကြီးအတိုင်းပဲ တင်မယ်ဆိုရင်တော့ ကျွန်တော့်ကို အချိန်ကုန်ခံ၊ အပင်ပန်းခံပြီး စစ်ခိုင်းမနေနဲ့လေ။ အဲဒီလိုမေးတော့ တစ်ဖက်လူ စဉ်းစားပါတယ်။ သူ့ရဲ့ ဇဝေဇ၀ါမျက်နှာနဲ့ စိတ်ထဲမှာတစ်မျိုးဖြစ်နေတာကို မြင်တဲ့အတွက် ကျွန်တော်က ဆက်ပြောလိုက်ပါတယ်။ ဒီစာအုပ်ကို ဘာမှ ကျွန်တော်မကြည့်ရသေးဘူးနော်၊ ဒါပေမယ့် ဘယ်နားမှာမှားနေတယ်ဆိုတာကို အခုချက်ချင်း တစ်ခုပြရင် ကျေနပ်မလားဆိုတော့ သူက အေး….. လုပ်စမ်းပါဦးတဲ့။ ဒါနဲ့ ကျွန်တော်လည်း နောက်ဆုံးစာမျက်နှာကိုလှန်ပြီး လက်မှတ်ထိုးမယ့်နေရာမှာ ရေးထားတဲ့ အမှားကို ပြလိုက်ပါတယ်။ သူကပြန်ကြည့်ပါတယ်။ ဘာမှားနေလို့လဲတဲ့။ ကောင်းရော…။ ကျွန်တော်လည်း ဘယ်ဟာကအမှန်ဆိုတာကို ရှင်းပြလိုက်တယ်။ သူက ဟုတ်လို့လားတဲ့။ ကျွန်တော်လည်း ရှိသမျှ စာလုံးသတ်ပုံကျမ်းတွေ၊ မြန်မာအဘိဓာန်တွေ ပြလိုက်ပါမှ ငြိမ်သွားတယ်။ အရင်ကတည်းက ဒီလိုပဲ ရိုက်နေကျဖြစ်နေပြီတဲ့။

ဟုတ်ပါတယ်။ အများအားဖြင့်က မြန်မာစာလုံးပေါင်းတွေကို အဆင်ပြေပြီးရော၊ ဖတ်လို့နားလည်ရင်ပြီးရော ရိုက်နေကြတာ ရုံးတွေမှ မဟုတ်ပါဘူး။ ဂျာနယ်တွေ၊ မဂ္ဂဇင်းတွေ၊ စာအုပ်တွေ၊ အခုနောက်ဆုံး ဘလော့ဂ်တွေပေါ်မှာထိ ရေးချင်သလိုကို ရေးနေကြတော့တာပါပဲ။ စာလုံးအဆင့်တွေဆိုရင် ပိုဆိုးပါတယ်။ နောက်ဆုံး ဘယ်လောက်အထိ ရေးကြသလဲဆိုရင် ကမ္ဘာကို-ကဘာတဲ့၊ ကျန်းမာရေးကို-ကျမ်းမာရေးတဲ့။ ကဲ… လုပ်ကြပါဦး။ စာလုံးအဆင့်တွေက ရေးလို့ခက်တယ်လို့ အကြောင်းပြကြပါတယ်။ စာရိုက်နေကျမဟုတ်တဲ့ လူတွေအတွက် အဲဒီဆင်ခြေကို လက်ခံပါတယ်။ ဒါပေမယ့် ဘယ်ဟာက အမှန်လဲဆိုတာတော့ သိထားဖို့လိုမယ်လို့ ထင်ပါတယ်။ ဒါမှသာ လုပ်ငန်းတွေနဲ့ဆိုင်တဲ့နေရာမှာ၊ ပညာရေးဆိုင်ရာ စာတမ်းတင်တဲ့နေရာတွေမှာ အမှန်အတိုင်း ရေးနိုင်မှာဖြစ်ပါတယ်။ ဒီလိုမှမဟုတ်ဘဲ… မြန်မာစကားကို ပေါ့ပေါ့လေးသဘောထားနေရင်တော့ အမှားကြာလာတဲ့အခါ အမှန်ထင်ဖြစ်သွားနိုင်ပါတယ်။

ဘလော့ဂ်ပေါ်မှာ ကျွန်တော်ရေးသမျှဟာ စာလုံးပေါင်းအမှန်တွေလို့ ကျွန်တော်မပြောပါဘူး။ အမှားတွေ အသေအချာကို ရှိမှာပါ။ ဒါပေမယ့် မမှားသင့်တဲ့ဟာတွေကိုတော့ မမှားအောင် ဂရုစိုက်ပါတယ်။ ရုံးလုပ်ငန်းနဲ့ ပတ်သက်ရင်တော့ မသေချာတဲ့ စာလုံးတစ်လုံးတွေ့တာနဲ့ စာလုံးပေါင်းသတ်ပုံကျမ်းကို လှန်ကြည့်လိုက်တာပါပဲ။ မြင်နေကျ၊ ရေးနေကျဆိုပြီး ဘယ်တော့မှ မလုပ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ မြင်နေရတဲ့အများစုက အမှားတွေဖြစ်နေလို့ပါ။

အဲဒီအတွက် မှားတတ်တဲ့ စာလုံးပေါင်းသတ်ပုံလေးတွေကို ရေးပြီးတင်ပေးဖို့ စိတ်ကူးထားပါတယ်။ စိတ်ကူးထားတာတွေက များနေတော့ ရတဲ့အချိန်ကို လုနေရပါတယ်။ ဒါပေမယ့် မဖြစ်ဖြစ်အောင်တော့ တင်ပေးပါ့မယ်။ စာလုံးပေါင်းအမှန်နဲ့ မရေးနိုင်သေးဘူးဆိုရင်တောင်မှ ဘယ်ဟာက စာလုံးပေါင်းအမှန်လဲ ဆိုတာကို သိတယ်ဆိုရင်ကို အများကြီးအကျိုးရှိနေပြီလို့ ကျွန်တော်ယုံကြည်ပါတယ်။ အောက်မှာတော့ နမူနာအနေနဲ့ မှားတတ်တဲ့ စာလုံးပေါင်းလေးတွေကို ပြထားပါတယ်။

ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၀၉ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်၊ တနင်္ဂနွေနေ့။
နေ့လည် ၂ နာရီ ၁၀ မိနစ်။

အမှားအမှန်
ဥက္ကဌဥက္ကဋ္ဌ
အတ္ထုပတ္တိအတ္ထုပ္ပတ္ထိ
အညတြအညတရ
ငြီးညူညည်းညူ
ခန့်ညားခံ့ညား
တဖြေးဖြေးတဖြည်းဖြည်း
တစ်ချို့တချို့
တစ်ခါတစ်လေတစ်ခါတလေ
ဇွဲနဘဲဇွဲနပဲ
တယူသန်တစ်ယူသန်


ကျမ်းကိုး
၁။ ခရီးဆောင်မြန်မာအဘိဓာန်၊ မြန်မာစာအဖွဲ့ဦးစီးဌာန။
၂။ မြန်မာစာလုံးပေါင်းသတ်ပုံကျမ်း၊ မြန်မာစာအဖွဲ့ဦးစီးဌာန။
၃။ မှားတတ်သော မြန်မာစာသတ်ပုံများ၊ ဖြိုးသာရ။

ခံစားချက်ကို ဆေးရောင်ခြယ်သော စာအုပ်မှတ်စုများ - ကိုဉာဏ် (ပန်းလောင်မြေ)


အခုတလော ကျွန်တော် စိတ်အခန့်မသင့်တာလေးတွေကို ရေးမလိုလုပ်ပြီးကာမှ စိတ်ကူးပေါက်တာနဲ့ မရေးဖို့ ဆုံးဖြတ်လိုက်တယ်။ ဘာလဲဟ… ဆိုပြီး တစ်မျိုးဖြစ်သွားတယ်ထင်ပ။ ဒီလိုပါ။ ကျွန်တော်စိတ်ထဲမှာ မတွေ့တာတွေကို ချမရေးတော့ဘဲ သွယ်ဝိုက်သောနည်းတစ်ခုခုနဲ့ ရင်ဖွင့်ဖို့ပါ။ ကျွန်တော့်ဘလော့ဂ်ကို လာဖတ်တဲ့လူတွေအတွက် ဆန်းသစ်မှုတစ်ခုခုကို ခံစားရစေချင်လို့ပါ။ ကျွန်တော့်ရဲ့ မှတ်စုစာအုပ်တွေကို ဘေးမှာချပြီး ကျွန်တော်ပြောချင်တာတွေကို သွယ်ဝိုက်ပြီးပြောဖို့ ပြင်ဆင်ရတာ လွယ်တော့မလွယ်ဘူးဗျ။ တစ်မျက်နှာဆီ လိုက်လှန်နေရတာကိုး။ ကဲပါ… ဖတ်ကြည့်လိုက်ပါဦး။

(၁)
ခင်ဗျားကလည်းဗျာ… အင်္ဂလန်မှာ နေဖူးတယ်ဆိုတာကို နတ်ပြည်မှာ နေဖူးတယ်လို့ ပြောတာကျနေတာပဲ။ အံ့သြသွားလိုက်တာ… အင်္ဂလန်ဆိုတာလည်း ဘာများဆန်းလို့လဲ။ အင်္ဂလိပ်တွေနေတဲ့ တိုင်းပြည်ပေါ့။ ခင်ဗျားကြည့်ရတာ ကိုယ့်လူမျိုးနဲ့ ကိုယ့်တိုင်းပြည်ကလွဲရင် အားလုံးကို အထင်ကြီးမယ်ဆိုတဲ့ လူစားမျိုးနဲ့ တူတယ်…
(စာမျက်နှာ - ၁၄၊ မင်းသိင်္ခ ၏ မြိုင်ဟေ၀န် စာအုပ်မှ)

(၂)
လူငယ်များသည် ပုံသွင်းရန် အရာများမဟုတ်။ ပွင့်လန်းရှင်သန်လာအောင် ပြုစုပျိုးထောင်ရမည့် လူသားများသာ ဖြစ်သည်…
Jess Lair
(စာမျက်နှာ - ၃၁၊ အကြည်တော် ၏ မိတ္တ ဟဒယ ဟာသတက်ကျမ်း စာအုပ်မှ)

(၃)
တစ်ခါတစ်ရံ လောကဓံကို နားပန်ကျင်းပြီး… ကံကြမ္မာကို လက်ပြန်တစ်ချက်လောက် ဖြတ်ရိုက်လိုက်ချင်တယ်… ဘ၀ကို စိတ်တိုင်းကျ ထုဆစ်လို့ မရတဲ့အတွက် မရိုးသားတဲ့အကန့်လေးတွေ ပါလာရတာပါ….
(ရွှေသမက်ဇာတ်ကားမှ)

(၄)
တာဝန်ယူစိတ်မျိုးရှိမှ လူ့တာဝန် ကျေပွန်ပါတယ်။ တာဝန်သိစိတ်သာရှိပြီး တာဝန်ယူစိတ်မရှိရင် ဘာမှ ဖြစ်လာမှာ မဟုတ်ပါဘူး။ လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်မျိုးကို ရဲရဲတာဝန်ယူပြီး လုပ်ဝံ့တဲ့စိတ် ရှိရပါတယ်…
လူထုစိန်ဝင်း
(လူငယ်နှင့် ယနေ့ခေတ် စာအုပ်မှ)

(၅)
သင်သေပြီး ပုပ်ဆွေးသွားတာနဲ့ သင့်ကို အများက မေ့သွားတာမခံချင်ရင် ဖတ်ထိုက်တာတွေ ရေးခဲ့၊ ရေးထိုက်တာတွေ လုပ်ခဲ့…
ဘင်ဂျမင် ဖရင်ကလင် (ပညာရှိ)
(စာမျက်နှာ - ၁၉၊ လျှပ်တစ်ပြက်ဂျာနယ်၊ အတွဲ ၁၊ အမှတ် ၃၃ တွင် ဖော်ပြပါရှိသည့် စိုးမြင့်သိန်း ၏ မှိုင်းတိုက်တွန်းထုတ် စာပေ၀ါဒ မှ)

(၆)
တစ်ခါတစ်ခါကျတော့လည်း
ကိုယ့်ဘ၀ကိုယ် စိတ်နာတယ်
ကိုယ့်တံတွေးကိုယ် ပြန်မြိုချရသလို
ဘာအရသာမှကို မရှိဘူး။
(စာမျက်နှာ - ၆၅၊ တာရာမင်းဝေ ၏ ကတ်ကြေးတစ်လက်နှင့်ကောင်းကင်တစ်ထည် စာအုပ်မှ)

(၇)
ကလေးတွေ အမှောင်ကိုကြောက်တာက မဆိုးဘူး…။ လူကြီးတွေ အလင်းကိုကြောက်တာက ဆိုးတယ်….
(ဒါက ကျွန်တော့်ရဲ့ ဘာခံစားချက်နဲ့မှ မဆိုင်ပါဘူး။ မှတ်စုစာအုပ်တွေကို လိုက်ဖတ်ရင်း ဒီစာပိုဒ်လေးကို သဘောကျလို့ တင်ပေးရုံသက်သက်ပါ။ ဘယ်ထဲက ကူးထားတယ်ဆိုတာ မှတ်မထားဘူးဗျ။ ကျွန်တော်ကလည်း အတော်ဆိုးတဲ့ကောင်ပဲ။ အဲဒီတုန်းက ဘယ်လိုဖြစ်ပြီး ဘယ်စာအုပ်ကကူးထားတယ်ဆိုတာကို မှတ်ဖို့ မေ့သွားတယ် မသိပါဘူး။ သူနဲ့အတူတူ မှတ်ထားတဲ့ စကားပုံတွေ၊ ဆိုရိုးစကားတွေလည်း အများကြီးတွေ့ရတယ်။ စကားပုံစာအုပ်တစ်ခုခုကနေ ကူးထားလိုက်တာ ဖြစ်မယ်ထင်ပါတယ်)

ကဲ….. ဒီပို့စ်မှာတော့ ဒီလောက်နဲ့ တော်ပါပြီ…
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၀၉ ခုနှစ် နိုဝင်ဘာလ ၂၈ ရက်၊ စနေနေ့။
နံနက် ၀ နာရီ ၁၀ မိနစ်တွင်ပြီး၏။

သူငယ်ချင်းယောက္ခမ (ရုပ်ရှင်)


ဗီဒီယိုဇာတ်ကားတွေတုန်းကတော့ ရန်ကုန်ကလူတွေထက် အမြဲတမ်း ဦးအောင်ကြည့်ခဲ့ရတာပေါ့။ ဒါပေမယ့် ရုပ်ရှင်ဇာတ်ကားကျတော့ ရန်ကုန်မှာ ကြည့်တဲ့လူကုန်လောက်တော့မှ နယ်တွေက ကြည့်ကြရတယ်။ ဒီနေ့တော့ ကျွန်တော်တို့မြို့လေးမှာ ရုပ်ရှင်ဇာတ်ကားသစ် ရုံတင်ပါတယ်။ နမူနာကြည့်ရကတည်းက ရုံတင်ရင် သေချာပေါက် သွားကြည့်ရမယ့် ဇာတ်ကားအဖြစ် တေးထားလိုက်တာပေါ့။ ရန်ကုန်မှာ ရုံတင်နေတာက ကြာလှပြီ။ ကျွန်တော်တို့နယ်တွေဆီကိုကျ ရောက်နိုင်ခဲလိုက်တာဗျာ။ လူချင်းအတူတူတောင် နေရာဒေသအပေါ်မှာမူတည်ပြီး ရရှိတဲ့အခွင့်အရေးတွေ မတူကြတော့ စိတ်ထဲမှာ တစ်မျိုးဖြစ်မိတယ်။

ဒီနေ့မှ စပြီးရုံတင်တာဆိုတော့ နေရာအတွက်က သိပ်ပြီးစိတ်ချရတာမဟုတ်ဘူး။ အဲဒါကြောင့် နေ့လည်ထမင်းစားပြီးကတည်းက ၀ီရိယစိုက်ပြီး လက်မှတ်သွားဝယ်ထားလိုက်တယ်။ အတူလိုက်ကြည့်ဖို့ အရင်ကတည်းက မဲဆွယ်ထားပြီးသား သူငယ်ချင်းတွေအတွက်ပါ လက်မှတ်ဝယ်ထားလိုက်တယ်။ ထင်တဲ့အတိုင်းပါပဲ။ ကျွန်တော်တို့ကြည့်နေကျနေရာကို မရပါဘူး။ ဘေးအစွန်နားတွေမှာပဲရတယ်။ ကျန်တာတွေက လူပြည့်သွားပြီတဲ့။ အင်းပေါ့လေ… ဘယ်တတ်နိုင်မလဲ။ ကျွန်တော်ကိုက ဒီနေ့ကြည့်ချင်နေတာကိုး။ ရတဲ့နေရာကိုပဲ ၀ယ်လိုက်ပါတယ်။

သြော်… ကျွန်တော်တို့ဆီမှာက တစ်ရက်ကို (၃)ပွဲ ပြပါတယ်။ မနက်တစ်ပွဲ၊ နေ့လည်တစ်ပွဲ၊ ညပိုင်းတစ်ပွဲ ဆိုပါတော့။ ကျွန်တော်တို့က ညပွဲကြည့်ကြတာပါ။

ဇာတ်ကားအမည် - သူငယ်ချင်းယောက္ခမ
စိန်ဌေးရုပ်ရှင်ထုတ်လုပ်ရေး
ဇာတ်လမ်း - သက်ဇော်ကို
ဇာတ်ညွှန်း - ကိုရွှေမိုးသက်
ဒါရိုက်တာ - ကိုဇော် (အရုဏ်ဦး)
သရုပ်ဆောင်များ - လွင်မိုး၊ ကျော်ရဲအောင်၊ စိုးမြတ်သူဇာ၊ မိုးဟေကို၊ ကိုပေါက်၊

ဇာတ်လမ်းအကျဉ်း
သူငယ်ချင်းကို ယောက္ခမတော်ရတဲ့အခါ ဘယ်လိုတွေဖြစ်ရတယ်ဆိုတာကို မြူးမြူးကြွကြွ ရိုက်ကူးတင်ပြထားတာပါ။

ဝေဖန်သုံးသပ်ချက်

  • ဟက်ဟက်ပက်ပက် ရယ်မောလိုက်ရတဲ့အတွက် ကြည့်ပြီးတဲ့အချိန်မှာ ပေါ့ပါးလန်းဆန်းသွားပါတယ်။ ဘာသောကမှ ရှိမနေဘဲ ပျော်ရွှင်တဲ့စိတ်ကလေးက ရင်ကိုလွှမ်းမိုးထားပါတယ်။
  • ရယ်ရတာလည်း မပြောနဲ့လေ။ တကယ့်အတွဲတွေ စုမိနေတဲ့ဇာတ်ကား ဆိုပါတော့။ ပထမအတွဲက ကိုရွှေမိုးသက်နဲ့ ကိုဇော်(အရုဏ်ဦး)၊ ဒုတိယအတွဲက ကျော်ရဲအောင် နဲ့ လွင်မိုး၊ တတိယအတွဲက စိုးမြတ်သူဇာ နဲ့ မိုးဟေကို
  • ဒီမင်းသားတွေကို ဘာကြောင့် သရုပ်ဆောင်ခ ရာဂဏန်းချီပြီး ပေးရသလဲဆိုတာကို ဒီကားက မီးမောင်းထိုးပြသွားသလိုပါပဲ။
  • ဇာတ်ကားတစ်ခုလုံးရဲ့ ၈၀ ရာခိုင်နှုန်းဟာ ဘယ်သူမှ မပါဘဲ လွင်မိုး၊ ကျော်ရဲအောင်၊ စိုးမြတ်သူဇာ၊ မိုးဟေကို တို့လေးယောက်တည်းနဲ့ ဇာတ်တည်ထားတာပါ။ ဒါပေမယ့် စောစောကပြောသလို ဒီလေးယောက်တည်းနဲ့ပဲ ဇာတ်ကားတစ်ခုလုံးကို ထိန်းသွားတာဟာ သူတို့ရဲ့ အရည်အချင်းပါ။
  • ဇာတ်လမ်းရေးတဲ့လူကို ချီးကျူးမိပါတယ်။ အပြင်မှာ တကယ်ရှိတာ၊ မရှိတာထက် ပရိသတ်တွေ စိတ်ဝင်စားအကြိုက်တွေ့စေမယ့် ခပ်ဆန်းဆန်း ဇာတ်လမ်းတစ်ခုကို ဖန်တီးနိုင်ခဲ့တာနဲ့တင် ချီးကျူးသင့်ပါတယ်။
  • ကိုရွှေမိုးသက်နဲ့ ကိုဇော်(အရုဏ်ဦး) အတွဲကတော့ ဗီဒီယိုဇာတ်ကားတွေမှာကတည်းက ကျွန်တော်ကြိုက်ပြီးသားမို့ အထူးအထွေ ချီးကျူးမနေတော့ပါဘူး။ သူတို့နှစ်ယောက်တွဲရင် ဇာတ်ကားတွေ ကောင်းတတ်ပါတယ်။ တကယ့်ဇာတ်အိမ်ခိုင်ခိုင်မှလည်း သူတို့နှစ်ယောက် တွဲရိုက်တတ်တာကိုလည်း သတိထားမိပါတယ်။
  • ဒီဇာတ်ကားရဲ့ အဓိကသရုပ်ဆောင် (၄)ယောက်ကို ဘယ်လိုပြောရမှန်းကို မသိတော့ပါဘူး။ သူတို့ပြောသမျှ လုပ်သမျှကို ပရိသတ်က လိုက်ရီနေရတာ နားကိုမနားရပါဘူး။
  • မိုးဟေကိုတစ်ယောက်တော့ တကယ့်ဒိတ်ဒိတ်ကျဲတွေကြားမှာ ငုပ်ဦးမှာပဲလို့ တွေးခဲ့မိတာ တက်တက်စင်အောင် လွဲသွားတယ်။ ဒီဇာတ်ကားထဲက မိုးဟေကိုရဲ့ သရုပ်ဆောင်မှုတွေကိုကြည့်ပြီး သူ့ခရေဇီတွေကတော့ ရင်တွေခုန်ကြဦးမှာပါပဲ။ စိုးမြတ်သူဇာလို ရုပ်ရှင်ကဝေနဲ့အပြိုင် သူ့ဇာတ်ရုပ်ကိုသူ နိုင်အောင်ကသွားတဲ့ မိုးဟေကိုအတွက် ဒီဇာတ်ကားမှာတော့ အမှတ်ပြည့်ပေးမိပါတယ်။
  • ဒီဇာတ်ကားတစ်ခုလုံးမှာ ကျွန်တော်သဘောအကျဆုံးက ကျော်ရဲအောင်နဲ့ စိုးမြတ်သူဇာပါ။ ဘယ်သူပြောပြော ရယ်နေရတာမှန်ပေမယ့် သူတို့နှစ်ယောက်ကတော့ သဘာဝကျလွန်း၊ သရုပ်ဆောင်တတ်လွန်းလှပါတယ်ဗျာ။ အထူးသဖြင့် စိုးမြတ်သူဇာရဲ့ မျက်နှာအမူအရာ၊ လေယူလေသိမ်းတွေဟာ တကယ့်ကို သတိမထားမိဘဲ မနေနိုင်အောင်ဖြစ်စေမယ့် သရုပ်ဆောင်မှုတွေပါပဲ။
  • အတင်းကာရော ပရိသတ်ကို ကလိထိုးတဲ့ဟာသတွေမပါ၊ ခါးအောက်ပိုင်းပြက်လုံးတွေမပါဘဲ တစ်ကားလုံး ရယ်မောပျော်ရွှင်ရအောင် တင်ပြပေးသွားနိုင်တာကိုက ဒီဇာတ်ကားရဲ့ ထူးခြားချက်ပါ။
  • ဟာသကားအများစုက တစ်ကားလုံး တအုံးအုံးရယ်မောခိုင်းပြီး ဇာတ်သိမ်းကျတော့မှ ပြီးစလွယ် သိမ်းတတ်ကြပါတယ်။ တစ်ကားလုံးကောင်းလာပြီးကာမှ ဇာတ်သိမ်းကြောင့် အောင့်သက်သက်ဖြစ်ခဲ့ရတဲ့ ဇာတ်ကားအတော်များများကို ကြုံခဲ့ရဖူးပါတယ်။ ဒီဇာတ်ကားမှာတော့ ဇာတ်သိမ်းခန်းအထိ ဇာတ်ရှိန်ကို မချဘဲ အမြင့်ဆုံးအနေအထားနဲ့ ဆွဲခေါ်သွားနိုင်ခဲ့၊ ဇာတ်သိမ်းသွားနိုင်ခဲ့တယ်လို့ ဆိုချင်ပါတယ်။
ကျော်ရဲအောင်ကြီးရဲ့
(ဟေ့ကောင်… ဖေဖေ၊ မင်းမညစ်ပတ်နဲ့ကွာ...)
(ငါ့…များ…လား) ဆိုတဲ့ စကားလုံးတွေကတော့ ရုပ်ရှင်ရုံအပြင်ရောက်တဲ့အထိ ပြန်ပြောပြီး ရယ်နေကြရဦးမှာ အသေအချာပါပဲ။

ပေးလိုက်ရတဲ့အချိန်၊ ကုန်ကျရတဲ့ငွေကြေးနဲ့ ထိုက်တန်တဲ့ ရသတစ်ခုခု ရလိုက်တဲ့ သူငယ်ချင်းယောက္ခမ ဆိုတဲ့ ဇာတ်ကားကို အပြေးသာသွားကြည့်လိုက်ဖို့ တိုက်တွန်းလိုက်ပါရစေ။ ကြည့်နေစဉ်ခဏ စိတ်နွမ်းနယ်မှုတွေ၊ သောကတွေ ကင်းဝေးပြီး ရယ်မောပျော်ရွှင်နေရမယ်ဆိုတာကို ဒါရိုက်တာကိုယ်စား၊ ရုပ်ရှင်ထုတ်လုပ်ရေးကိုယ်စား ကျွန်တော်ကပဲ ကြားက၀င် ကိုယ့်ထမင်းကိုယ်စားပြီး အခမဲ့ ကြော်ငြာမောင်း ခတ်လိုက်ရကြောင်းပါ။

အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၀၉ ခုနှစ် နိုဝင်ဘာလ ၂၇ ရက်၊ သောကြာနေ့။
ည ၁၁ နာရီ ၄၇ မိနစ်တွင် ပြီး၏။

Friday, November 27, 2009

ကူညီစဉ်းစားပေးကြပါဦး


ဒီအပတ်ထုတ် Weekly Eleven ဂျာနယ် အတွဲ (၅)၊ အမှတ် (၇) ထဲမှာပါတဲ့ ကာတွန်းတစ်ခုကို ကျွန်တော်အတော်လေးကို စိတ်ဝင်စားနေမိတယ်။ ကျွန်တော်ပြောခဲ့ဖူးသလိုပါပဲ ဒီနေ့ခေတ်ဂျာနယ်တွေမှာ ကာတွန်းမပါတဲ့စာစောင် မရှိသလောက်ကို ဖြစ်နေပါပြီ။ ကာတွန်းတွေကလည်း အတော်လေးကို ကောင်းလာတာတွေ့ရပါတယ်။ ခေတ်ကို နည်းအမျိုးမျိုးနဲ့ ထင်ဟပ်၊ သရော်နေကြတဲ့ ကာတွန်းတွေချည်းပါပဲ။ ကျွန်တော်သဘောအကျဆုံးက သာမန်ဖတ်တဲ့အခါမှာ သာမန်ပဲပြုံးစရာ၊ ရယ်စရာဖြစ်ပြီး အတွေးဆန့်လိုက်ရင်တော့ အများကြီးတွေးလို့ ရတဲ့ သရော်ကာတွန်းတွေပါ။ ဟိုလူ့ကိုပြောသလို ဒီလူ့ကိုပြောသလိုလို ဖြစ်အောင်ရေးတဲ့ ကာတွန်းတွေဆိုပါတော့။ တိုက်ရိုက်ကြီးမဟုတ်ဘဲ မြှုပ်ကွက်၊ လှည့်ကွက်ကလေးတွေနဲ့ မီးမောင်းထိုးပြတဲ့ ကာတွန်းတွေပေါ့ဗျာ။

ဒီလောက်ကြီးအထိ ပြောနေရတာက အကြောင်းရှိပါတယ်။ ကာတွန်းတွေကို ကြည့်တဲ့အခါ သာမန်ပေးချင်တာကို အရင်ဆုံးခံစားပါတယ်။ သာမန်ပဲရယ်စရာရှိရင် ရယ်လိုက်ပါတယ်။ ပြုံးစရာရှိရင် ပြုံးလိုက်ပါတယ်။ ပြီးတော့မှ ကာတွန်းဆရာမှာ အခြားပြောချင်တဲ့ အကြောင်းအရာ၊ ပေးချင်တဲ့ message ရှိသေးလားဆိုတာကို ထပ်ပြီးတွေးယူပါတယ်။ အများအားဖြင့်တော့ အဲဒီလို မြှုပ်ကွက်ကလေးတွေနဲ့ပေးတဲ့ ကာတွန်းတွေများပါတယ်။ အင်မတန်မှကို သဘောကျတာပေါ့။ ပြောရရင် နှစ်ခါရယ်ရတာပေါ့ဗျာ။ သာမန်လူတစ်ယောက်အတွက်ကတော့ တစ်ခါပဲ ရယ်ရပါလိမ့်မယ်။ အဲဒါကို နားလည်ပါတယ်။ လမ်းဘေးမှာ ကွမ်းယာရောင်းနေတဲ့လူ ကြည့်တဲ့အခါ သာမန်ရေးထားတဲ့ဟာသကိုပဲ ရယ်မောပါလိမ့်မယ်။ ဒါပေမယ့် တက္ကသိုလ်က ပါမောက္ခကြီးဖတ်ရင်တော့ သာမန်ဖတ်ရုံမဟုတ်ဘဲ တွေးမှာအသေအချာပါပဲ။ ပြထားတာကို လူတိုင်းမြင်ပေးမယ့် အဲဒီလိုမြှုပ်ထားတာကိုတော့ လူတိုင်းမသိနိုင်ဘူးဆိုတာကို ပြောချင်တာပါ။ အဲဒါကိုကလည်း ကာတွန်းရေးဆရာရဲ့ ပညာဖြစ်ပါတယ်။

အောက်က ကာတွန်းလေးကို ကြည့်လိုက်ပါဦး။ ပြီးမှ ဆက်ပြောကြတာပေါ့။ ကျွန်တော်ဖတ်ခဲ့ပြီးတာ တစ်ပတ်ခန့် ရှိပြီဖြစ်ပေမယ့် ကျွန်တော့်တစ်ယောက်တည်းအမြင်ဆိုရင် မှားသွားမှာစိုးတဲ့အတွက် အခြားလူတွေကိုပါ လိုက်မေးမြန်း၊ ဆွေးနွေးပြီးမှ ဒီစာကို ရေးပါတယ်။ သာမန်ပဲကြည့်တတ်သူတွေကိုလည်း ပြပြီးပါပြီ။ ဒီအတိုင်းဖတ်တာ ဘာမှကို မရယ်ရပါဘူး။ နားလည်းမလည်ပါဘူးတဲ့။ တွေးတတ်တဲ့လူတွေကတော့ အမျိုးမျိုးပြောကြတာပါပဲ။ နောက်ဆုံး ကာတွန်းထဲက ဇာတ်ကောင်တွေရဲ့ လက်အနေအထား၊ မျက်နှာအမူအရာက၊ နောက်ခံပြထားတဲ့ တိုက်ခန်းမြင့်ပုံစံကအစ ထည့်သွင်းစဉ်းစားပြီးတော့ကို ဆွေးနွေးငြင်းခုံကြတာပါ။ နောက်ဆုံး ကျွန်တော်က ကျွန်တော်ယူဆထားတဲ့ နားလည်ထားတဲ့ အတွေးကို သူတို့ကို တင်ပြပါတယ်။ သူတို့အတော်ကြာအောင် စဉ်းစားပြီးမှ လက်ခံတယ်လို့ ပြောကြပါတယ်။ ဒါပေမယ့် တစ်မျိုးတည်းတော့ မဟုတ်ပါဘူး။ ကျွန်တော့်နားလည်တာနဲ့အတူ အခြားတစ်ယောက် အဓိပ္ပါယ်ဖွင့်တာကိုလည်း သဘောကျတဲ့အတွက် နှစ်မျိုးပူးတွဲ လက်ခံလိုက်ကြပါတယ်။ ဒီကာတွန်းပါ -

cartoonw.jpg

Plus ဆိုတဲ့စာလုံးကို "ပလပ်" လို့တော့ ဘယ်သူကမှ အသံမထွက်ဘူးထင်ပါတယ်ဗျာ။ သာမန်ဖတ်တဲ့အချိန်မှာ နားလည်အောင် မရေးထားတာဟာ ဒီကာတွန်းရဲ့ အားနည်းချက်လို့ မြင်မိပါတယ်။ ကျွန်တော်ကိုယ်၌က အမြင်မရှိတာ အတွေးချော်နေတာလည်း ဖြစ်ကောင်းဖြစ်နေနိုင်ပါတယ်။ အဲဒီအတွက် ကျွန်တော်သိချင်တာက မူလသာမန်ဖတ်တဲ့အချိန်မှာ နားလည်စေချင်တဲ့ ဆိုလိုရင်းက ဘာလဲဆိုတာပါ။ ဆင့်ပွားတွေးတာတွေကတော့ ကြိုက်သလိုတွေးနိုင်တာပါပဲ။ ကျွန်တော်တို့လည်း တွေးခဲ့ပြီးပါပြီ။

အလကားနေရင်း ဘာဖြစ်လို့ဒီစာကို ရေးရသလဲဆိုတာကို သိတဲ့လူတွေကတော့ ကျွန်တော့်ကို နားလည်နိုင်ကြပါလိမ့်မယ်။ အချိန်ကုန်ခံပြီး ဒီကာတွန်းလေးကို ဇာချဲ့နေသေးတယ်လို့ ရှုံ့ချလာရင်လည်း လက်ခံဖို့အသင့်ပါပဲ။ ကျွန်တော်ပြောချင်တာကို ကျွန်တော်နားလည်သလို ကျွန်တော့်လိုပဲ နားလည်တဲ့လူတွေအတွက် သီးသန့်ရေးတဲ့စာလို့ ကျွန်တော်ဆိုချင်ပါတယ်။

တွေးနေဆဲ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၀၉ ခုနှစ် နိုဝင်ဘာလ ၂၇ ရက်၊ သောကြာနေ့။
နံနက် ၇ နာရီ ၄၀ မိနစ်တွင် ပြီး၏။

ကျွန်တော်ကြည့်ဖြစ်ခဲ့သော ဗီဒီယိုဇာတ်ကားများ (၂၆-၁၁-၂၀၀၉)


ဇာတ်ကားအမည် - ကြာနီတစ်ပွင့် ဖြူတစ်ပွင့်
ဇာတ်လမ်း - ကာတွန်းမြင့်သိန်း
ဇာတ်ညွှန်း - ပိုင်ဆု
ဒါရိုက်တာ - မလိခစိုးထိုက်အောင်
သရုပ်ဆောင်များ - ခန့်စည်သူ၊ ခိုင်သင်းကြည်၊ မေကဗျာ၊ ဘုန်းလျှံ၊ စိုးရတနာ၊ ဇော်ဦး၊ ရူပ၊ သန်းသန်းစိုး၊ ခင်စိုးပိုင်

ဇာတ်လမ်းအကျဉ်း
လမ်းမှာမူးလဲသွားတဲ့ အမျိုးသမီးတစ်ဦးကို ကူညီလိုက်ရာက မွေးစကတည်းက ကွဲကွာနေရတဲ့ မိခင်ဖြစ်သူနဲ့ မအေတူ ဖအေကွဲ ညီမလေးကို ပြန်တွေ့ရတဲ့ လူငယ်တစ်ဦး။ ကားပေါ်မှာ ကြာဖြူပန်းလေးတွေ ခိုးပြီးလာလာထားတတ်တဲ့ ကောင်လေးကို တိတ်တခိုးစွဲလန်းနေမိတဲ့ မိန်းကလေးတစ်ဦး။ မိဘတွေသဘောတူထားတဲ့ ကောင်လေးရဲ့ သူငယ်ချင်းဟာ သူတိတ်တခိုးစွဲလန်းချစ်ခင်နေတဲ့ ကြာဖြူပန်းပိုင်ရှင် ဖြစ်နေတဲ့အခါ။ မျိုးရိုးကို အလေးအနက်ထားတတ်တဲ့ တစ်ဖက်သတ်တစ်ယူသန် မိခင်ဖြစ်သူကြောင့် ချစ်သူနှစ်ဦး ကွဲကွာလုမတတ် ဖြစ်ခဲ့ရပုံကို ဇာတ်လမ်းဆင်ထားတာပါ။

ဝေဖန်သုံးသပ်ချက်

  • ပထမဆုံးအနေနဲ့ ပြောချင်တာက သရုပ်ဆောင်နာမည်တွေကို စာတန်းထိုးတဲ့အချိန်မှာ ခန့်စည်သူနဲ့ ကွဲကွာနေပြီးကာမှ ပြန်လည်ဆုံတွေ့ခဲ့ရတဲ့ မိခင်ဇာတ်ကောင်အဖြစ် သရုပ်ဆောင်ခဲ့တဲ့ သန်းသန်းစိုး ကို နာမည်လုံးဝမထည့်ခဲ့တာ တွေ့ရတယ်။ မေ့ကျန်ခဲ့ရအောင်လည်း ဒီဇာတ်ကားမှာ အဓိကမြှုပ်ကွက်ဟာ သန်းသန်းစိုး ဖြစ်နေတာပဲ။ ဖြစ်စရာအကြောင်း မရှိဘူးလို့ မြင်ပါတယ်။
  • ခန့်စည်သူရဲ့ သူငယ်ချင်းအဖြစ် သရုပ်ဆောင်တဲ့ ဘုန်းလျှံကလည်း ဘာတွေလုပ်ပြနေမှန်းကို မသိဘူး။ သူသရုပ်ဆောင်တာက မပီပြင်တဲ့အတွက် ဇာတ်ကငုပ်သွားတယ်။ ဘေးကနေ မင်းသားနဲ့အပြိုင်သရုပ်ဆောင်ရမယ့်ဟာ သူ့ပုံစံနဲ့ ဘယ်လိုမှကို မအပ်စပ်ဘူး။
  • ကာတွန်းမဖတ်ဖူးတဲ့အတွက် ကောင်းမကောင်း မသိဘူး။ ဒီဇာတ်ကားကတော့ ဇာတ်ကွက်တွေက ဟိုရောက်သွားလိုက်၊ ဒီရောက်သွားလိုက်၊ မလိုအပ်တဲ့အခန်းတွေကို ရိုက်ပြလိုက်နဲ့ အတော်လေးကို ဇာတ်ညွှန်းညံ့တဲ့ကားပါ။
  • ဒီဇာတ်ကားတစ်ခုလုံးရဲ့ အသက်က နောက်ဆုံးအခန်း တစ်ခုပဲရှိပါတယ်။ အဲဒီအခန်းမှာ ဇော်ဦးကြီးက သူ့မိန်းမ ခင်စိုးပိုင်ကို ပြောဆိုနားချဆုံးမတဲ့အခန်းဟာ ဒီဇာတ်ကားမှာ ပေးချင်တဲ့ တစ်ခုတည်းသော message လို့ ကျွန်တော်နားလည်ပါတယ်။

ကြည့်မယ်ဆိုရင်လည်း ကြည့်ပျော်ပါတယ်။ တအားကြီးတော့ မမျှော်လင့်ထားပါနဲ့။ အပျင်းပြေကြည့်မယ်ဆိုရင်တော့ ကြည့်လို့ဖြစ်ပါတယ်။

ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၀၉ ခုနှစ် နိုဝင်ဘာလ ၂၇ ရက်၊ သောကြာနေ့။
နံနက် ၇ နာရီ ၁၅ မိနစ်တွင် ပြီး၏။

ပင်းယခေတ် (နရသူ၊ ဥဇနာပြောင်)


၅။ နရသူ (၇၂၁-၇၂၆)
ကျော်စွာငယ်မင်း နတ်ရွာစံလေသော် ညီတော် နရသူသည် စောဥမ္မာကိုပင် မိဖုရားမြှောက်၍ ပင်းယထီးနန်းကို ဆက်ခံလေသည်။ သို့ရာတွင် မြောက်ဘက် မောရှမ်းတို့ လာရောက်တိုက်ခိုက် ဖမ်းယူသွားသဖြင့် မောပါနရသူဟုသာ တွင်လေသည်။

၆။ ဥဇနာပြောင် (၇၂၆)
မင်းမရှိလျှင် နောင်တော် ဥဇနာပြောင်ကို မှူးမတ်တို့က နန်းတင်ရာ စောဥမ္မာကိုပင် မိဖုရားမြှောက်လေသည်။ သို့ရာတွင် ယင်းယထီးနန်းတွင် ၃ လမျှသာ စံရလေသည်။ အကြောင်းမူကား ကြခတ်ဝရာမှ အားစုနေသော သတိုးမင်းဖျားက လုပ်ကြံလိုက်သောကြောင့် ဖြစ်လေသည်။

သတိုးမင်းဖျားမှာ အခြားသူမဟုတ်ပေ။ စစ်ကိုင်းအသင်္ခယာစောယွမ်း၏မြေး ဖြစ်လေသည်။ အသင်္ခယာစောယွမ်း၏သမီး စိုးမင်းကြီးနှင့် တကောင်းနန်းရိုး သတိုးဆင်ထိန်းတို့မှ ဖွားမြင်သူဖြစ်၍ စိုးမင်းကြီးကို စစ်ကိုင်းမင်းပြောင်က ကောက်ယူသောအခါ သား သတိုးမင်းဖျားအား တကောင်းမြို့စားအရာ ပေးထားလေသည်။

ထိုအချိန်တွင် ပင်းယမင်းဆက် ပြတ်သွားပြီဖြစ်သကဲ့သို့ စစ်ကိုင်း၌ အသင်္ခယာစောယွမ်းမှ ဆက်လက်စိုးစံသော မင်းဆက်လည်း ပြတ်ရလေတော့သည်။

စစ်ကိုင်းတွင် အုပ်စိုးခဲ့သော မင်းများမှာကား

  1. အသင်္ခယာစောယွမ်း (၆၈၄-၆၉၂)
  2. နောင်တော်တရာ့ဖျားမင်းကြီး (၆၉၂-၆၉၈)
  3. သားတော် ရွှေတောင်တက် (၆၉၈-၇၀၁)
  4. အသင်္ခယာ သားတော်ကျစွာ (၇၀၁-၇၀၆)
  5. ညီတော် နော်ရထာမင်းရဲ (၇၀၆-၇၁၄)
  6. ညီတော် ဆင်ဖြူရှင် တရာ့ဖျားငယ် (၇၁၄-၇၁၄)
  7. စိုးမင်းကြီး မြောက်သားတော် မင်းပြောက် (၇၁၄-၇၂၅)

အသင်္ခယာစောယွမ်း၏ သမီးတော် စိုးမင်းကြီး၏ မြောက်သားတော် သီဟပတိ မင်းပြောက်မှာ မိဖုရားစော၏ အစ်မမှ ဆင်းသက်သောမြေးဖြစ်၍ နန်းမှူးမဟုတ်ချေ။ စိုးမင်းကြီးတွင် ပထမမြောက်သားတော် တကာင်းမင်းရိုးဖြစ်သူ သတိုင်းဆင်ထိန်းဟူ၍ ရှိခဲ့ဖူးရာ ထို သတိုးဆင်ထိန်းနှင့် သားတော် ရာဟုလာ (သတိုးမင်းဖျား)၊ သမီးတော် ရှင်စောကြီးနှင့် စောဥမ္မာတို့ကို ဖွားမြင်လေသည်။ မင်းပြောက်နှင့်ကား သမီးတော် စောတော်ဦးကို ဖွားမြင်လေသည်။

စစ်ကိုင်းတွင် မင်းပြောက် နန်းစံချိန်၌ ပင်းယမင်း နရသူသည် မင်းရိုးမဟုတ်၍ မလိုလားသောကြောင့် ကိုးနယ်စော်ဘွား သိုချည်ဘွားကို အကူအညီတောင်းသဖြင့် ၇၂၅ ခုနှစ်တွင် ရှမ်းတို့ ချီလာလေသည်။ ထိုအခါက တကောင်းမြို့ကို စားရသော သတိုးမင်းဖျားသည် ခုခံနိုင်ခြင်းမရှိသဖြင့် ဘထွေးဖြစ်သော မင်းပြောက်က သံခြေကျင်းခတ်၍ ကြခတ်ဝရာသို့ ပို့လေသည်။ ရှမ်းတို့သည် စစ်ကိုင်းရော ပင်းယကိုပါ တိုက်ခိုက်သဖြင့် နှစ်ပြည်လုံး ပျက်လေလျှင် နရသူကိုဖမ်းယူ၍ ပြန်သွားကြလေသည်။ (အထက် နရသူမင်း (၇၂၁-၇၂၆) တွင် ဖော်ပြခဲ့ပြီးဖြစ်သည်။)

ပင်းယတွင် နရသူ မရှိသည့်နောက် ဥဇနာပြောင်က စိုးစံလျက်ရှိပြန်လေသည်။ စစ်ကိုင်းတွင်ကား မင်းဆက်ပြတ်ရလေတော့သည်။

ဤအချိန်တွင် စစ်ကိုင်းမင်းပြောက်သည် ရှမ်းတို့ရန်မှ ရှောင်တိမ်းရင်း ကြခတ်ဝရာသို့ သွားရောက်ခိုလှုံရာ သတိုးမင်းဖျားသည် အငြိုးရှိသည့်အတိုင်း လုပ်ကြံပြီးနောက် စစ်သည်အလုံးအရင်းကို သိမ်းယူစည်းရုံးကာ စစ်ကိုင်းကို သိမ်းပိုက်ကာ ပင်းယသို့ ချီတက်ပြီး ပင်းယမင်း ဥဇနာပြောင်ကိုပါ လုပ်ကြံ၍ စောဥမ္မာကို မိဖုရားမြှောက်ကာ ပင်းယတွင် နန်းစံလေတော့သည်။ ဤသို့အားဖြင့် စစ်ကိုင်းရော ပင်းယပါပျက်၍ သတိုးမင်းဖျား တစ်ပါးတည်း စိုးစံလိုက်ရာတွင် ပုဂံ၌ကား စောမွန်နစ်သည် ယိမ်းပျက်လုဆဲ ပုဂံထီးနန်းတွင် စံမြန်းဆဲပင် ရျိလေသေးသည်။ သို့ရာတွင် ကြာရှည်တော့သည်ကား မဟုတ်ပေ။ သတိုးမင်းဖျားသည် ပင်းယကို သိမ်းပြီးနောက် ၇၂၆ ခုနှစ်တွင် အင်းဝမြို့နန်းကို တည်ထောင်စိုက်ဆောက်၍ အင်းအားခိုင်ပြီး တိုးတက်လာလေသည်။ ၇၃၀ ပြည့်နှစ်တွင် အောက်ပြည်တစ်လွှားသို့ စည်းရုံးရာတွင် ပုဂံမင်း စောမွန်နစ်လည်း အင်းဝသတိုးမင်းဖျားထံ အညံ့ခံလိုက်လေသည်။

ဤနည်းဖြင့် ပုဂံနှောင်းခေတ်ပိုင်းတွင် ပုဂံနှင့် မင်းပြိုင်ဖြစ်ခဲ့သော စစ်ကိုင်း၊ ပင်းယတို့နှင့် ပုဂံပါ မင်းဆက်ပြတ်ပြီးနောက် တစ်ပါးတည်းသော အင်းဝသတိုးမင်းဖျား၏ လက်အောက်သို့ ရောက်ရှိခဲ့လေသည်။ သတိုင်းမင်းဖျားမှစ၍ အင်းဝခေတ်ကို တစ်ခန်းစတင် ထူထောင်လိုက်ကြပြန်လေသည်။

မှတ်ချက်
ဆရာလှသမိန် ၏ မြန်မာရာဇ၀င်အကျဉ်း စာအုပ်မှ ပြန်လည်ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။ မြန်မာစကား၊ မြန်မာစာကို ပြောဆိုရေးသားအသုံးပြုနေသည့် မြန်မာလူမျိုးတစ်ယောက်အနေဖြင့် မြန်မာပြည်တွင်မှ မဟုတ်ဘဲ မည်သည့်နေရာဒေသတွင် ရောက်ရှိအခြေချနေထိုင်နေသည်ဖြစ်စေ မြန်မာ့အကြောင်း၊ မြန်မာ့ရာဇ၀င်ကို သိသင့်သည်ဟု ယူဆသည့်အတွက် ပြန်လည်ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။

Thursday, November 26, 2009

ရွေးကောက်ပွဲ (နိုင်ငံတော်စွမ်းပကားနှင့် ရလဒ်မကစားခြင်း) - မောင်စူးစမ်း


နိုင်ငံ့စွမ်းပကား
ရွေးကောက်ပွဲကျင်းပပြုလုပ်ခြင်းသည် တာဝန်လည်းဖြစ်သည်။ စွမ်းပကားကိုလည်းပြသည်။ အချိန်မှန်မှန် ရွေးကောက်ပွဲတွေကျင်းပပေးရန် သက်ဆိုင်ရာ အာဏာရှိသူတို့၌ တာဝန်ရှိသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်ထွန်းလာသောအခါ ဤအခြေခံဥပဒေနှင့်အညီ ရွေးကောက်ပွဲများ ကျင်းပပေးရန် တာဝန်ပေါ်လာသည်။ ထို့အပြင် ရွေးကောက်ပွဲ ကျင်းပပြုလုပ်ပေးနိုင်ခြင်းသည် နိုင်ငံတော်၏စွမ်းပကား State Capacity ကိုလည်း ပြသည်။

အချို့နိုင်ငံတို့၌ တာဝန်ရှိ၍ ရွေးကောက်ပွဲကျင်းပပြုလုပ်သည်။ သို့ရာတွင် ချောချောမောမောနှင့် အောင်အောင်မြင်မြင် မဆောင်ရွက်ပေးနိုင်ကြပေ။ ရွေးကောက်ပွဲကို ကျင်းပမပေးနိုင်ခြင်းသည် နိုင်ငံ၏အရေးနိမ့်မှု State Failure တစ်ပါးကို ပြဆိုသည်။ ရွေးကောက်ပွဲကို ကျင်းပပြုလုပ်ပေးနိုင်ခြင်းသည် နိုင်ငံတော်၌ စွမ်းပကားထက်မြက်ကြောင်းကို ပြဆိုနိုင်သည်။ နိုင်ငံတော်၌ စွမ်းပကားငါးမျိုးရှိသည်။ ၎င်းတို့မှာ (၁) နိုင်ငံတော်၏ အချုပ်အခြာအာဏာ ပိုင်ဆိုင်မှုကို ထိန်းသိမ်းနိုင်ခြင်း၊ (၂) ငြိမ်းချမ်းရေးနှင့် တရားဥပဒေကို ထိန်းသိမ်းပေးနိုင်ခြင်း၊ (၃) နိုင်ငံ၏ စီးပွားရေး၊ လူမှုရေးဖွံ့ဖြိုးတိုးတက်မှုတို့ကို ဆောင်ရွက်ပေးနိုင်ခြင်း၊ (၄) သာသနာတို့ကို စောင့်ရှောက်ထားနိုင်ခြင်းနှင့် (၅) ရွေးကောက်ပွဲတို့ကိုလည်း ကျင်းပပြုလုပ်ပေးနိုင်ခြင်းဟူ၍ ဖြစ်သည်။ ထို့ကြောင့် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲသည် နိုင်ငံ၏စွမ်းပကားကို ကမ္ဘာသိပြသောပွဲ ဖြစ်ပါလိမ့်မည်။

စစ်ဘက်ကိုယ်စားပြုမှုထိန်း
ထို့ကြောင့် အခြေခံကျကျ စဉ်းစားလျှင် ရွေးကောက်ပွဲကျင်းပပေးသူ စပွန်ဆာသည် နိုင်ငံ့တာဝန်ကြီးတစ်ရပ်ကို ထမ်းဆောင်လိုက်ခြင်းဖြစ်သည်။ ထို့အပြင် နိုင်ငံ့စွမ်းပကားကိုလည်း ဖွင့်လှစ်ပြရာဖြစ်သည်။ ဂိမ်းအမြင်ဘက်မှ စဉ်းစားလျှင် ရွေးကောက်ပွဲသည် အာဏာလက်ကိုင်ထားသူအတွက် မဟာဗျူဟာထွက်ပေါက် Strategic Exit ဖြစ်သည်။ သို့သော် အပြီးအပိုင်တော့ထွက်သည်မဟုတ်။ စစ်ဘက်ကိုယ်စားပြုမှုကို ဆက်ထိန်းထားသည်။

ရှုထောင့်သုံးသွယ်
၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲသည် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲလို သန့်ရှင်း၍ တရားမျှတလိမ့်မည်ဟု နိုင်ငံတော်အကြီးအကဲက တရားဝင် အာမခံထားသဖြင့် ဤအတိုင်းဖြစ်လိမ့်မည်ဟု ယုံကြည်ရန် အကြောင်းရှိနေသည်။ ဤအကြောင်းမှာ စစ်ဘက်ကိုယ်စားလှယ်တို့သည် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ၂၅ ရာခိုင်နှုန်း အလိုအလျောက် ရရှိထားသောကြောင့် ဖြစ်သည်။ ၂၅ ရာခိုင်နှုန်း ကိုယ်စားပြုမှု ရရှိထားခြင်းသည် ရွေးကောက်ပွဲရလဒ်ကို မကစားရန် အာမခံသည့်သဘော ဖြစ်ပုံရမည်။

အထက်ပါအတိုင်း သုံးသပ်ချက်တို့သည် (၁) ရွေးကောက်ပွဲ ကျင်းပပြုလုပ်ပေးခြင်းကို နိုင်ငံတော်စွမ်းပကား ရှုထောင့်မှလည်းကောင်း၊ (၂) မဟာဗျူဟာဂိမ်းအမြင်မှလည်းကောင်း၊ (၃) ကမ္ဘာ့ရေးရာအမြင်မှလည်းကောင်း ပြုလုပ်ထားသော အမြင်တို့ဖြစ်ကြသည်။

အညွှန်း - The Economist

(ရန်ကုန်တိုင်းမ် ဂျာနယ် အတွဲ ၅၊ အမှတ် ၄၆ နိုင်ငံရေးအထူးအချပ်ပိုမှ ပြန်လည်ကူးယူဖော်ပြပါသည်)

ကျွန်တော်ကြိုက်သော ပုံပြင်များ (၁၁)


ရှေးအခါ ရှင်ဘုရင်လက်ထက်က ဘုရင်မျိုးဆက်ပြတ်၍ ဘုရင်လုပ်မည့်သူ မရှိသောကြောင့် ထီးဖြူကိုင်၍ ရှင်ဘုရင်လုပ်မည့်သူကို လိုက်ရှာရသည်။ အရွယ်ရောက်ပြီးသည့် ယောက်ျားလေးတိုင်း ထီးဖြူအောက်သို့ ၀င်ခွင့်ရှိကြသည်။ ထီးဖြူကြီးသည် ရှင်ဘုရင်ဖြစ်ရမည့်သူဆိုလျှင် သူ့အလိုလို ညွတ်လာသည်ဟု ဆိုသည်။ ထီးဖြူအညွတ်ခံရသူသည် တိုင်းပြည်အုပ်ချုပ်သည့် ဘုရင်လုပ်လို့ရပြီဖြစ်သည်။

ထင်းခုတ်ခြင်းဖြင့် အသက်မွေးသူ သားအဖနှစ်ယောက်သည်လည်း ထီးဖြူကြီးအောက်သို့ ၀င်၍ ဘုရင်အဖြစ် အရွေးခံကြသည်။

အဖေကအရင် ထီးဖြူအောက်သို့မ၀င်ခင် သစ္စာဆိုတိုင်တည်သည် "အကျွန်ုပ် ရှင်ဘုရင်ဖြစ်ခဲ့ပါက တိုင်းသူပြည်သားများအား ရင်ဝယ်သားကဲ့သို့ အုပ်ချုပ်ပါမည်၊ တိုင်းသူပြည်သားများ ကောင်းကျိုးအတွက် ဆောင်ရွက်ပါမည်၊ တိုင်းပြည်သာယာဝပြောအောင် လုပ်ဆောင်ပါမည်။ ထိုသစ္စာစကားများကြောင့် ထီးဖြူညွတ်ပါစေသား" ဟု ပြောပြီး ထီးဖြူကြီးအောက်သို့ ၀င်သည်။ ထီးဖြူသည် အဖေထံသို့ နည်းနည်းမျှမညွတ်။

သားအလှည့်ရောက်သောအခါ သားကလည်း တိုင်တည်ပြောဆိုသည်။ "ကျွန်ုပ်ရှင်ဘုရင်ဖြစ်ပါက ကျွန်ုပ်လုပ်ချင်သော အရာများကိုသာ လုပ်ဆောင်ပါမည်။ ဤစကားကြောင့် ထီးဖြူညွတ်ပါစေသား" ဟုပြောပြီး ထီးဖြူအောက်သို့ ၀င်လိုက်ရာ ထီးဖြူသည် သားအပေါ်သို့ ညွှတ်ကျလာလေသည်။

ထို့ကြောင့် သားလုပ်သူသည် ရှင်ဘုရင်ဖြစ်လေသည်။ ရှင်ဘုရင် ဖြစ်လာသောအခါ သူပြောခဲ့သလိုပင် သူလုပ်ချင်ရာများကို လုပ်သည်။ အရပ်ရှည်သောသူနှင့် ပုသောသူ အိမ်ထောင်ဖက်ဖြစ်နေလျှင်ပင် မလိုက်ဖက်ဟုဆိုကာ ပုသောသူအချင်းချင်း၊ ရှည်သောသူအချင်းချင်း ယူစေဟု အမိန့်ချမှတ်ပြီး ပြောင်းလဲတွဲပေးလိုက်သည်။ တိုင်းပြည်ရေးရာများကိုလည်း စိတ်မ၀င်စားဘဲ တကယ်ပင် သူလုပ်ချင်ရာ လုပ်နေတော့သည်။

ကြာသော် တိုင်းသူပြည်သားများမှာ မင်းဒဏ်မခံနိုင်သဖြင့် ဘုရင်၏ဖခင် ဖခမည်းတော်ကို ရှင်ဘုရင်အား ဆုံးမပေးပါရန် တိုင်တန်းတော့သည်။

ဖခမည်းတော်လုပ်သူက ရှင်ဘုရင်အား ဆုံးမသောအခါ သားတော်က "ဖခမည်းတော် ဘုရင်ဖြစ်ပါက တိုင်းသူပြည်သားကောင်းကျိုးကို ဆောင်ရွက်ပါမည်ဟု ပြောသော်လည်း ထီးဖြူသည်မညွှတ်ခဲ့။ သားတော်သည် ရှင်ဘုရင် မဖြစ်မီကပင် ဘုရင်ဖြစ်လာပါက သားတော်လုပ်ချင်တာ လုပ်ပါမည်ဟု ပြောခဲ့ပြီး ထီးဖြူအောက်သို့ ၀င်ခဲ့ခြင်းဖြစ်ပြီး ထီးဖြူသည်လည်း သားတော်အပေါ်သို့ ညွှတ်ခဲ့သည်။ ဤသည်မှာ သားတော်တို့နှင့် မသက်ဆိုင်။ ပြည်သူတို့နှင့်သာ ဆိုင်သည်။ ပြည်သူများနှင့် တန်သောမင်းဖြစ်သည်" ဟု ပြောလေသည်။

(The Voice Weekly ဂျာနယ် အတွဲ ၆၊ အမှတ် ၃ တွင်ဖော်ပြပါရှိသည့် ခင်သန္တာ ၏ ရွှေပြည်သစ်ဆီ စိတ်ကရည်လည်း ဆောင်းပါးမှ ပြန်လည်ကောက်နုတ်ကူးယူဖော်ပြပါသည်)

မြန်မာသတင်းများ စုစည်းမှု


ကျွန်တော်စိတ်ဝင်စားမိတဲ့ နိုင်ငံတကာသတင်းလေးတွေကို ကြုံရင်ကြုံသလို တင်ပေးဖြစ်ခဲ့ပါတယ်။ အဲဒီသတင်းလေးတွေကို သဘောကျတဲ့အကြောင်း၊ ဗဟုသုတဖြစ်ရကြောင်း ပြောလာတဲ့လူ အနည်းငယ်ရှိပါတယ်။ သူတို့နောက်တစ်ခု တောင်းဆိုတာက မြန်မာသတင်းတွေကိုလည်း အဆင်ပြေရင် တင်ပေးပါလားတဲ့။ အရင်ကတည်းက မြန်မာသတင်းတွေကို တင်ပေးချင်ပါတယ်။ ဒါပေမယ့် အများကြီးစဉ်းစားနေရလို့ပါ။ ကျွန်တော်တင်မယ့် သတင်းတွေဟာ သေချာပေါက် ကျွန်တော်လိုက်ထားတဲ့သတင်းတွေ မဟုတ်ကြပါဘူး။ အပတ်စဉ်ထုတ် ဂျာနယ်တွေ၊ စာစောင်တွေထဲကနေ ထုတ်နုတ်တင်ပြရမှာပါ။ ဒီနေရာမှာ တစ်ခုရှိတာက ဆောင်းပါးတွေလိုမျိုး အရှည်ကြီးရေး၊ ပြီးမှ အောက်ဆုံးမှာ ဘယ်ကနေကူးယူဖော်ပြတာဖြစ်ကြောင်း ရေးရတာမျိုးမဟုတ်ဘဲ သတင်းပေါင်းစုံ ထွေလီကာလီကို ဘယ်ကနေဘယ်လိုဖတ်ပြီး ပြန်တင်ပေးတာဖြစ်ကြောင်း ရေးရမှာက လက်တွန့်မိပါတယ်။ ညအိပ်မယ့်အချိန်လေးထဲကနေ တကူးတကန့်ဖဲ့ပြီး ရေးနေရတဲ့အနေအထားမှာ သတင်းအားလုံးရဲ့ ရင်းမြစ်တွေကိုသာ လိုက်ညွှန်းနေရရင် ဘယ်လိုမှကို အလုပ်တွင်မှာမဟုတ်ပါဘူး။ အပတ်စဉ်ပုံမှန် ကျွန်တော်ဖတ်နေတဲ့ ဂျာနယ်တွေထဲကနေ တစ်စောင်ကို တစ်ပုဒ်ပဲ ထုတ်နုတ်ပြီးရေးရင်တောင် စုစုပေါင်း ဂျာနယ် ၁၄ စောင်နဲ့ စဉ်းစားသာကြည့်ပါတော့ဗျာ။ အဲဒီအတွက် သတင်းကိုခေါင်းစဉ်သဘောမျိုးလောက်ပဲ ရေးပြမယ်လို့ စိတ်ကူးမိတယ်။ အဲဒီခေါင်းစဉ်သတင်းတွေထဲက စိတ်ဝင်စားတာရှိရင်လည်း အင်တာနက်ပေါ်မှာ အလွယ်တကူ လိုက်ရှာဖတ်လို့လွယ်မယ်လို့ ထင်တာပါပဲ။ မြန်မာသတင်းတွေတင်ထားတဲ့ ဘလော့ဂ်တွေ၊ အင်တာနက် စာမျက်နှာတွေ အများကြီးမှ တကယ့်အများကြီးပါပဲ။ အခုအစီအစဉ်အပေါ် ပိုကောင်းမယ့်နည်းလမ်းတွေရှိရင် ကွန်းမန့်မှာဖြစ်စေ၊ မကျော်မခွနိုင်သူတွေကတော့ စီဘောက်မှာဖြစ်စေ အကြံဉာဏ်ပေးကြပါဦး။ အခုတော့ ခေါင်းစဉ်တွေချည်းပဲ မဟုတ်ဘဲ စိတ်ကူးရသလို ရေးလိုက်ပါတယ်။

(၁)
အခုလောလောဆယ် လူပြောအများဆုံး သတင်းကတော့ မြန်မာကျပ်ငွေတန်ဖိုး တက်နေတဲ့သတင်းပါ။ နိုဝင်ဘာလ ၁၈ ရက်နေ့မှာ အမေရိကန်တစ်ဒေါ်လာကို ၉၈၀ ကျပ်ဈေး ပေါက်ပါသတဲ့။ FEC တစ်ယူနစ်လျှင် ၉၇၀ ကျပ်၊ ထိုင်းတစ်ဘတ်လျှင် မြန်မာငွေ ၂၈ ကျပ်၊ မလေးရှားငွေ တစ်ရင်းဂစ်လျှင် မြန်မာငွေ ၂၈၅ ကျပ် ဈေးပေါက်လျက်ရှိကြောင်း ဖော်ပြထားပါတယ်။
(၂)
နောက်ထပ် လူပြောအများဆုံးဖြစ်နေတာကတော့ ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်က အထူးကုဆေးခန်းတစ်ခုမှာ ခွဲစိတ်အထူးကု သမားတော်ကြီးတစ်ဦးရဲ့ အမှားကြောင့် န၀မတန်းကျောင်းသူတစ်ဦး အသက်ဆုံးရှုံးသွားရတဲ့အကြောင်းပါ။ သေဆုံးသွားရရှာတဲ့သူက သင်္ဃန်းကျွန်းမြို့နယ်၊ (၁၆) ရပ်ကွက်၊ ဇဋိလ (၁)လမ်း၊ အမှတ် (၉၈၂)မှာ နေထိုင်ပြီး အထက(၂)၊ ကမာရွတ်မှာ တက်ရောက်ပညာသင်ကြားနေတဲ့ န၀မတန်းကျောင်းသူတစ်ဦး ဖြစ်ကြောင်း ဖတ်ရပါတယ်။
(၃)
မြန်မာနိုင်ငံရဲ့ အကြီးဆုံးရေအားလျှပ်စစ်စီမံကိန်းတစ်ခုဖြစ်တဲ့ ရဲရွာရေအားလျှပ်စစ်စီမံကိန်းရဲ့ ရဲရွာ RCC ရေလှောင်တမံကို နိုဝင်ဘာလ ၁၂ ရက်နေ့ကစပြီး ရေစတင်သိုလှောင်နေပြီဖြစ်ပါတယ်။ ဒီဇင်ဘာလအတွင်းမှာ အဲဒီရေအားလျှပ်စစ်စက်ရုံက တာဘိုင်တစ်လုံးကို စမ်းသပ်လည်ပတ်မှာဖြစ်ကြောင်း သိရပါတယ်။ လောလောဆယ်တော့ အခုလို ရေသိုလှောင်မှုကြောင့် ဒုဋ္ဌ၀တီမြစ်ရေဟာ ၄၅ နှစ်တာ ကာလအတွင်းမှာ အနိမ့်ဆုံးရေမှတ်ကို စံချိန်တင်ရောက်ရှိသွားကြောင်း သတင်းများကဆိုပါတယ်။
(၄)
နေမျိုးထွန်းအမည်ရှိ ပုသိမ်-သက္ကယ်သောင် ခရီးသည်တင်သင်္ဘောနဲ့ ဓန အမည်ရှိ ဆီတွဲရေယာဉ်တို့ ပုသိမ်မြို့၊ ရှမ်းငူရွာအနီး၊ င၀န်မြစ်ကျဉ်းအတွင်း ရှမ်းငူကွေ့အနီးတွင် တိုက်မိကြသဖြင့် ခရီးသည်တင်သင်္ဘောပေါ်တွင်ပါသူ ၃၀ ကျော် သေဆုံးခဲ့ရပြီး ၂၀ ဦးခန့် ပျောက်ဆုံးနေကြောင်း သတင်းကလည်း အခုတလော လူပြောများနေပါတယ်။
(၅)
မန္တလေးကစခဲ့တဲ့ ကြွပ်ကြွပ်အိတ်အရေးကတော့ အခုအခါမှာ တစ်နိုင်ငံလုံးအတိုင်းအတာအထိ သက်ရောက်မှုရှိလာခဲ့ပြီဖြစ်ပါတယ်။ အခြားမြို့တွေမှာ ဘာသံမှမကြားရပေမယ့် ရန်ကုန်မှာကတော့ မကြာခဏဆိုသလို ဟိုသတင်းကြားလိုက်၊ ဒီသတင်းကြားလိုက်နဲ့ တစ်မျိုးဖြစ်နေသလားလို့ပါ။ နောက်ဆုံး သိရသလောက်ကတော့ ရန်ကုန်မှာ ကြွပ်ကြွပ်အိတ်ထုတ်လုပ်မှုကို သက်တမ်းတိုးပေးထားတယ် ဆိုလားပါပဲ။
(၆)
ဇော်ဂျီလက်ကွက်နဲ့ ဖောင့်များကို iPhone နဲ့ iPod Touch တွေမှာ ထည့်သွင်းအသုံးပြုနိုင်ပြီဆိုတဲ့ သတင်းကိုလည်း လတ်တလောစိတ်ဝင်စားနေကြတာ တွေ့ရပါတယ်။ အသေးစိတ်သိချင်ရင်တော့ http://www.saturngod.net မှာ သွားရောက်ကြည့်ရှုနိုင်ကြောင်း သိရပါတယ်။ သတိထားရမှာတစ်ခုက ဇော်ဂျီဖောင့်နဲ့လက်ကွက်တွေကို iPhone နဲ့ iPod Touch တွေမှာ သုံးစွဲနိုင်အောင် System ပိုင်းဆိုင်ရာတွေ ပြုပြင်ထားရတဲ့အတွက် နောက်ဆက်တွဲဖြစ်ပေါ်လာမယ့် ပြဿနာများကို တီထွင်သူက လုံးဝတာဝန်ယူမှာ မဟုတ်တဲ့အကြောင်း သတိပေးထားတယ်ဆိုတာပါ။
(၇)
ပုဂ္ဂလိကတွေကို အခြေခံပညာကျောင်းတွေ ဖွင့်ခွင့်ပေးမယ်ဆိုတဲ့ သတင်းကလည်း လက်ဖက်ရည်ဆိုင်၊ ဘီယာဆိုင်တွေ၊ စကားဝိုင်းတွေမှာ ဆွေးနွေးစရာ၊ ငြင်းခုံစရာ ဖြစ်နေတဲ့အပြင် တကယ်ဖြစ်လာမလားဆိုတာတော့ စိတ်ဝင်စားစရာပါပဲ။

ဒီလောက်နဲ့ပဲ ကျေနပ်ကြပါဦးလို့ တောင်းပန်ရင်း…

ကြည့်ဖြစ်ခဲ့သော မြန်မာဗီဒီယိုဇာတ်ကားများ (၂၅-၁၁-၂၀၀၉)


အရင်နေ့တွေက စိတ်အခန့်မသင့်ခဲ့သမျှ ဒီနေ့မှာတော့ ရေးရတာ တအားကို စိတ်လက်ရွှင်သာဖြစ်ရပါတယ်။ ကြည့်ခဲ့ရတဲ့ ဗီဒီယိုဇာတ်ကားတွေကလည်း ကျေနပ်မှုတွေပေးခဲ့ပါတယ်။ ကျွန်တော်ကြည့်ဖြစ်ခဲ့တာတွေက -
(၁)
ဇာတ်ကားအမည် - အလိုတူ အလိုပါ
ဇာတ်လမ်း၊ ဇာတ်ညွှန်း - မြင့်ဦးဦးမြင့်
ဒါရိုက်တာ - ဟိန်းစိုး
သရုပ်ဆောင်များ - မြင့်မြတ်၊ မိုးပြည့်ပြည့်မောင်၊ စိုးမိုးကြည်၊ ထူးမွန်၊ ထူးသာ၊ ဗေဒါ၊ အေးအေးခိုင်၊ နေလင်း၊ မျောက်ရှုံး၊ အောင်သော်

ဇာတ်လမ်းအကျဉ်း
အချစ်အကြောင်း၊ မိန်းမတွေအကြောင်းကို နောကျေအောင်သိပါတယ်ဆိုတဲ့ လူတစ်ယောက်နဲ့ ချောမောလှပပြီး အင်မတန်အရှက်အကြောက်ကြီးတဲ့ မိန်းကလေးတစ်ဦးတို့ မိဘတွေရဲ့ စီမံမှုအရ အိမ်ထောင်ကျသွားကြပါတယ်။ အဲဒီလိုအိမ်ထောင်ကျပြီးကာမှ ယောက်ျားလုပ်သူက အိမ်ထောင်ရေးနဲ့သက်ဆိုင်တဲ့ ကိစ္စရပ်တွေကို စာတွေ့တွေနဲ့ စမ်းသပ်အကောင်အထည်ဖော်ဖို့လုပ်၊ မိန်းမကလည်း သူငယ်ချင်းဖြစ်သူရဲ့ ကိုယ်တွေ့လမ်းညွှန် အားကိုးတွေနဲ့ ရင်ဆိုင်ဖို့ကြိုးစားရာက တလွဲတွေဖြစ်ရပုံ၊ နားလည်မှုတွေလွဲရပုံကို ရယ်စရာ၊ မောစရာ၊ အသောအမောလေးတွေနဲ့ ရိုက်ပြထားတာပါ။

ဝေဖန်သုံးသပ်ချက်

  • ဇာတ်လမ်း၊ ဇာတ်ညွှန်းဖြစ်တဲ့ မြင့်ဦးဦးမြင့်ကိုပဲ အကြိမ်ကြိမ် ချီးကျူးနေမိပါတယ်။ ရေးတတ်ပါပေ့၊ တွေးတတ်ပါပေ့လို့ အော်ရမလိုပါပဲ။ ဇာတ်ကားကိုကြည့်နေရင်းနဲ့ ဆရာမြင့်ဦးဦးမြင့်ရဲ့ စာဖတ်အားကို မြင်လိုက်ရတယ်။ ဇာတ်လမ်းကိုပျိုးနေရင်းနဲ့ ပေးချင်တဲ့အချက်အလက်တွေကို ထည့်ပေးသွားတာ ဆရာမင်းသိင်္ခရဲ့ ၀တ္ထုတွေကိုတောင် ပြေးပြီးသတိရလိုက်မိသေးတယ်။ ဒါပေမယ့် ပါးပါးလေးမဟုတ်ဘဲ နည်းနည်းများ ထူနေသလားလို့ပါ။ ကျွန်တော်ကတော့ သဘောကျပါတယ်။ ဒါပေမယ့် လူတိုင်းတော့ သဘောကျမှာမဟုတ်တာ အသေအချာပါပဲ။ ကျွန်တော်ပြောသလိုပဲ နည်းနည်းလေး ထူသွားတယ်လို့။
  • ဇာတ်ကားထဲမှာပြောသမျှကို အတွေးလွန်ရင်တော့ တစ်ခုမှကို ဆင်ဆာမလွတ်ဘူး။ ဒါပေမယ့် ဟိုတစ်နေ့က ကျွန်တော်ရေးခဲ့တဲ့ ခွကျကျမင်္ဂလာည လိုတော့ ပြောင်ပြောင်တင်းတင်းကြီး ဖြစ်လောက်အောင် အဆင့်မနိမ့်ဘူး။ အဲဒါကိုက ဇာတ်ညွှန်းနဲ့ ဒါရိုက်တာရဲ့ အရည်အချင်းပဲ ဖြစ်မယ်ထင်ပါရဲ့။
  • မြင့်မြတ်က တအားကို နွဲ့နေသလားလို့ပါ။ သူ့ပုံစံကိုကြည့်ရတာ ဘာလိုနေမှန်းကိုမသိဘူး။ နုတာနဲ့ နွဲ့တာဟာ မတူဘူးဆိုတာ သတိပြုစေချင်ပါတယ်။
  • အငိုမင်းသမီးလို့ ကျွန်တော်က နာမည်ပေးထားတဲ့ မိုးပြည့်ပြည့်မောင်ကတော့ ဒီဇာတ်ကားမှ လုံးဝကို မငိုလိုက်ရပါဘူး။ ဒါပေမယ့် သူမဟာ ငိုတာတင်ထူးချွန်တာမဟုတ်ဘဲ အခုလို မြူးမြူးကြွကြွ ဇာတ်ရုပ်တွေမှာလည်း ပီပြင်အောင်သရုပ်ဆောင်နိုင်ကြောင်း တွေ့ရပါတယ်။ သူရတဲ့ဇာတ်ကောင်စရိုက်ကို ဟာကွက်မရှိအောင် သရုပ်ဆောင်သွားနိုင်တယ်လို့ ကျွန်တော်က မြင်ပါတယ်။
  • ဇာတ်လမ်းနဲ့ တင်ပြပုံဟာ ပြောစရာမရှိပါဘူး။ ပြောစရာရှိတာက မြင့်မြတ်နေရာမှာ ကျော်ရဲအောင်ဆိုရင် ဒီဇာတ်ကားဟာ ဒီထက်ပိုပြီး ကြွတက်လာမှာ အသေအချာပါပဲ။ အချို့အခန်းတွေဟာ မြင့်မြတ်ရဲ့ သရုပ်ဆောင်မပီပြင်မှုကြောင့် အရသာပျက်သွားရတာကို တွေ့ရပါတယ်။ ဇာတ်ကားက ဆွဲခေါ်လာခဲ့ပြီးကာမှ မြင့်မြတ်က ရယ်ချင်ပြုံးချင်နေတဲ့ မျက်နှာပေးနဲ့ စိတ်တိုပြလိုက်တာကို မြင်လိုက်ရတဲ့အခါ ရင်ထဲကဇာတ်ရှိန်က ပြုတ်ပြုတ်ကျသွားတယ်။
  • လူငယ်လေးတွေကတော့ ကြိုက်ကြမှာ အသေအချာပါပဲ။ အထူးသဖြင့် နှုတ်ခမ်းနီမလေးတွေက တခစ်ခစ်နဲ့ သဘောကျလွန်းလို့ ခဏခဏပြန်ရစ်ကြည့်ကြဦးမှာ မြင်ယောင်နေပါတယ်။

ဘာပဲဖြစ်ဖြစ် အချိန်အားလေးမှာ အပျင်းပြေအနေနဲ့ ပျော်ပျော်ရွှင်ရွှင် ပေါ့ပေါ့ပါးပါးလေး ကြည့်ချင်တယ်ဆိုရင်တော့ အပြေးသာသွားငှားလိုက်ပါလို့ တိုက်တွန်းလိုက်ပါရစေ။

သြော်… အဲဒီဇာတ်ကားထဲမှာပါတဲ့ စကားလက်ဆောင်လေးတစ်ခု ပေးလိုက်ပါရစေဦး။ အဲဒီဇာတ်ကားကို ငှားမကြည့်ဖြစ်မယ့်လူတွေအတွက်ပါ။ မိန်းမယူမယ်ဆိုရင် ဒီခြောက်ချက်နဲ့ ချင့်ချိန်ပြီးယူပါတဲ့-
မပိန်လွန်းခြင်း၊
မ၀လွန်းခြင်း၊
မပုလွန်းခြင်း၊
မရှည်လွန်းခြင်း၊
မဖြူလွန်းခြင်း၊
မမည်းလွန်းခြင်း

(ဒီထဲကအချက်အချို့နဲ့ သွားငြိနေတဲ့ မမတို့အတွက်တော့ ဆောရီးပါနော်)

(၂)
ဇာတ်ကားအမည် - မှော်ကဗျာရွှေရုပ်
ဝတ္ထု - ဆုမြတ်မွန်မွန်
ဇာတ်ညွှန်း - ကိုရွှေမိုးသက်
ဒါရိုက်တာ - ကိုဇော် (အရုဏ်ဦး)
သရုပ်ဆောင် - ညီနန္ဒ၊ မေကဗျာ၊ သက်မွန်မြင့်

ဇာတ်လမ်းအကျဉ်း
မှော် ဆိုတာက မိန်းကလေးတိုင်းရဲ့ စိတ်ကူးထဲမှာ ရင်ခုန်နေရတဲ့ အပြောကောင်း၊ ဥစ္စာပေါ၊ ရုပ်ချောတဲ့ လူတစ်ယောက်။ ရည်းစားတွေထည်လဲတွဲတယ်။ ငြီးငွေ့လာရင် အဆက်အသွယ်ဖြတ်လိုက်တယ်။ အချစ်ဆိုတာကို မယုံကြည်တဲ့သူ။ အရာရာကို ဦးနှောက်နဲ့ စဉ်းစားဖြေရှင်းတတ်တဲ့သူ။ ကဗျာ ဆိုတာက အင်မတန်ရိုးသားပြီး ဖြူစင်ရိုးသားတဲ့ မိန်းမချောလေးတစ်ယောက်။ အချစ်ဆိုတာကို ထိတွေ့ခွင့်မရခဲ့တဲ့ မိန်းကလေးတစ်ယောက်ပေါ့။ အဲဒီလိုထိတွေ့ခွင့်မရအောင်လည်း သူ့ရဲ့အချစ်ဆုံး သူငယ်ချင်းဖြစ်တဲ့ ရွှေရုပ်က သူ့ဘေးကနေပြီး အမြဲတမ်းစောင့်ရှောက် ကာကွယ်ခဲ့တာကိုး။ ရွှေရုပ်ကတော့ ဖခင်နဲ့ပတ်သက်ပြီး ရခဲ့တဲ့ စိတ်အနာကြောင့် ယောက်ျားမှန်သမျှဟာ ယုံလို့မရတဲ့ သတ္တ၀ါတွေလို့ မှတ်ထင်ထားတဲ့လူ။ အချစ်ဆိုတာကို ရှိတယ်လို့ကို မထင်တဲ့လူ။ အဲဒီလိုလူသုံးယောက်က အကြောင်းအမျိုးမျိုးကြောင့် တွေ့ဆုံဆက်နွယ် ပတ်သက်ခဲ့ကြတဲ့အခါမှာတော့ မှော်ကဗျာရွှေရုပ် ဆိုတဲ့ ဇာတ်လမ်းလေးဖြစ်လာခဲ့တာပါပဲ။

ဝေဖန်သုံးသပ်ချက်
  • ညီနန္ဒရဲ့ သရုပ်ဆောင်မှုတွေ အများကြီးတက်လာတာကို တွေ့လိုက်ရတယ်။ အရင်တုန်းကပုံစံကိုပဲ မျက်စိထဲမှာ မြင်နေတဲ့အတွက် ညီနန္ဒဇာတ်ကားတွေကို ငှားမကြည့်ဖြစ်ခဲ့ဘူး။ အခုဒီကားကို ကြည့်မိတဲ့အခါမှာတော့ သူ့ဇာတ်ကားအဟောင်းတွေကို ပြန်ငှားကြည့်ဖို့ စဉ်းစားနေရပြီ။ အဲဒီလောက်အထိ ညီနန္ဒသရုပ်ဆောင်တာ ပီပြင်သွားခဲ့တယ်။ မှော် ဆိုတဲ့ ဇာတ်ရုပ်ကို အကောင်းဆုံးလုပ်ပြသွားခဲ့တယ်။ ကျွန်တော်သဘောအကျဆုံးက ဇာတ်ကားတွေမှာ မြင်ရတွေ့ရခဲတဲ့ မျက်လုံးနဲ့ စကားပြောတာတွေကို ဒီဇာတ်ကားမှာ မြင်လိုက်ရတာပါပဲ။ ညီနန္ဒရဲ့ မျက်လုံးထဲက စကားလုံးတွေကို မြင်လိုက်ကြားလိုက်ရတယ်။ သင်ပေးနိုင်တဲ့ ဒါရိုက်တာကို အသိအမှတ်ပြုမိပါတယ်။
  • ကဗျာ ဆိုတဲ့ဇာတ်ကောင်ဖြစ်တဲ့ မေကဗျာကလည်း သူ့ဇာတ်ရုပ်နဲ့ အံကျပါပဲ။ အပြင်ကပင်ကိုယ်စရိုက်နဲ့များ ကိုက်နေလို့လား၊ ဒါမှမဟုတ် သရုပ်ဆောင်တာ ကောင်းလွန်းလို့လား မသိပါဘူး။ မေကဗျာသရုပ်ဆောင်တာကို သရုပ်ဆောင်တာလို့ မမြင်တော့ဘဲ သူအပြင်မှာလုပ်သမျှကို လိုက်ရိုက်ပြနေသလို ဖြစ်သွားစေခဲ့တယ်။
  • သက်မွန်မြင့်ကလည်း သူငယ်ချင်းကို အရမ်းချစ်ပြီး ယောက်ျားတွေကို ခါးခါးသီးသီးဖြစ်တဲ့ ဇာတ်ကောင်ကို အပီပြင်ဆုံး ကြိုးစားသွားပါတယ်။ ဒါပေမယ့် ဘာလိုနေမှန်းမသိတဲ့ တစ်ခုခုကိုတော့ ခံစားနေမိတယ်။ သရုပ်ဆောင်တာ ကောင်းရဲ့သားနဲ့ သက်မွန်မြင့်ကိုကြည့်ရတာ တစ်ခုခုလိုနေသလို ဖြစ်နေတာကို မေးခွန်းထုတ်နေမိတုန်းပဲ။
  • ဘာပဲဖြစ်ဖြစ် လူသုံးယောက်တည်းကို အခြေတည်ပြီး ဇာတ်ကားတစ်ကားလုံးကို ဆွဲခေါ်သွားနိုင်အောင် ရေးထားတဲ့ ဆုမြတ်မွန်မွန်ကို ချီးကျူးမိပါတယ်။ ဇာတ်ကားရိုက်ဖို့အတွက် တမင်များရေးထားသလားလို့တောင် တွေးမိသေးတယ်။

သင့်အားလပ်ချိန်မှာ ဗီဒီယိုကြည့်ရင်း ခံစားမှုရသတစ်ခုခု ရချင်တယ်ဆိုရင်တော့ ကြည့်သင့်တဲ့ဇာတ်ကား တစ်ခုဖြစ်ကြောင်း လက်တို့လိုက်ပါရစေ။

ကျေနပ်နိုင်ကြပါစေဟု
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၀၉ ခုနှစ် နိုဝင်ဘာလ ၂၆ ရက်၊ ကြာသပတေးနေ့။
နံနက် ၀ နာရီ ၅၀ မိနစ်တွင် ပြီး၏။

နှစ်ခြိုက်စွာအိပ်ပျော်စေသော နည်းကောင်းများ


မင်း အိပ်ရတာကြီးကို ဒုက္ခအဖြစ် တွေးနေပါသလား။ အိပ်ချိန်ဆိုပြီး သတ်သတ်မှတ်မှတ်ရှိတဲ့ ညအချိန်မှာ သူများတကာတွေ နှစ်ခြိုက်စွာ အိပ်မောကျနေပေမယ့် ကိုယ်ဘာဖြစ်လို့များ အိပ်မပျော်ရတာလဲ စမ်းစစ်ကြည့်ကြစို့။

ကဖိန်းဓာတ်ကြောင့်လား
လူတော်တော်များများဟာ သူငယ်ချင်းတွေနဲ့ ဆိုင်ထိုင်လိုက်တာပဲဖြစ်ဖြစ်၊ ဧည့်သည်ဧည့်ခံရတာပဲဖြစ်ဖြစ်၊ လူမှုရေးအရတော့ ညနေပိုင်း အကုန်အကျသက်သာပြီး အဆင်သင့်မှာလို့ရတဲ့ ကော်ဖီတစ်ခွက်လောက် သောက်ခဲ့လို့ဖြစ်နိုင်တယ်။ ပြီးတော့ အလုပ်ပင်ပန်းလွန်းလို့ လန်းဆန်းသွားအောင် ကော်ဖီတစ်ခွက်လောက် သောက်လိုက်တာမျိုးလည်း ရှိတတ်တာပဲ။ အဲဒီအချက်ကလည်း မင်းအိပ်ရေး၀၀အိပ်လို့မရအောင် အနှောင့်အယှက်ပေးနေတတ်တယ်။ ဒါပေမယ့် ကော်ဖီတစ်ခုတည်းတော့လည်း မဟုတ်ပါဘူး။ မင်းသိရမှာက ချောကလက်၊ ကိုလာနဲ့ လက်ဖက်ရည်တွေလည်း ကဖိန်းဓာတ်ပါဝင်လို့ ရှောင်ကြဉ်ရမှာပါ။ မွန်းလွဲပိုင်းရောက်တာနဲ့ ကဖိန်းဓာတ်ပါဝင်တဲ့ အစားအသောက်တွေကို ရှောင်ကြဉ်ကြည့်လိုက်ပါ။ နှစ်နှစ်ခြိုက်ခြိုက်အိပ်ရမှာ အသေအချာပါပဲ။

အယ်လ်ကိုဟောကြောင့်လား
နောက်မြန်မြန်အိပ်ပျော်စေတဲ့ နည်းလမ်းတစ်ခုကို ပေးချင်တယ်။ ဘယ်လောက်ပဲ အိပ်ပျော်အိပ်ပျော် ခဏခဏနိုးနေရင်လည်း ဒါဟာ ကျန်းမာရေးအတွက် သင့်တော်တဲ့ နည်းလမ်းကြောင်းတော့ မဟုတ်ပြန်ဘူး။ ညဘက် ခေါင်းတွေကိုက်ပြီး ချွေးတွေရွှဲနစ်နေအောင် ရင်ထဲက ပူလောင်နေရင်လည်း အိပ်မက်လှလှ မက်ခွင့်ရမှာ မဟုတ်ပြန်ဘူး။

မင်းမအိပ်ခင်မှာ ဘာတွေလုပ်ထားသေးလဲ တစ်ချက်ပြန်ကြည့်ရအောင်။ မင်း ညနေဘက် အရက်တွေ များများသိပ်သောက်မိတယ်။ ရေနဲ့ရောပြီး သဟဇာတဖြစ်အောင် မသောက်ဘူး။ အချိန်အဆ မမှန်ဘဲ အတင်းကာရော မူးပြီးရောဆိုပြီး သောက်လို့ကတော့ အပေါ်ကပြောသလို အိပ်ကောင်းခြင်း အိပ်ရဖို့မလွယ်ပါဘူး။

ည ၈ နာရီကျော်ရင် အသီးအနှံတွေ စားတတ်သလား
ရေဓာတ်တွေအများကြီးပါဝင်ပြီး အရည်ရွှမ်းတဲ့ အသီးအနှံတွေကို မင်းတစ်နေ့လုံး စားချင်သလောက် များများစား၊ ကျန်းမာရေးအတွက်လည်း အထောက်အကူဖြစ်တယ်လေ။ ဒါပေမယ့် မင်းအိပ်ရာဝင်ချိန်နီးရင်တော့ မစားတာ အကောင်းဆုံးပါပဲ။ ဘာကြောင့်လဲဆိုတော့ အဲဒီအသီးအနှံတွေရဲ့ ကျေးဇူးကြောင့် မင်းခဏခဏထပြီး အပေါ့အပါးသွားရတော့မှ ဖြစ်တဲ့အတွက် နှစ်နှစ်ခြိုက်ခြိုက် အိပ်လို့မရမှာ အသေအချာပါပဲ။

(ရန်ကုန်တိုင်းမ်ဂျာနယ် အတွဲ ၅၊ အမှတ် ၄၆ ကျန်းမာရေးအထူးအချပ်ပိုမှ ပြန်လည်ကူးယူဖော်ပြပါသည်)

Wednesday, November 25, 2009

ကြည့်ဖြစ်ခဲ့သော မြန်မာဗီဒီယိုဇာတ်ကားများ (၂၄-၁၁-၂၀၀၉)


(၁)
ဇာတ်ကားအမည် - တွေ့မယ်
ဝတ္ထု - ခင်ဦးခင်ခင် (ကန္တာရပင်လယ်ရဲ့ချစ်သူ)
ဇာတ်ညွှန်းနှင့်ဒါရိုက်တာ - ကိုပေါက်
သရုပ်ဆောင်များ - ကျော်ရဲအောင်၊ စိုးမြတ်နန္ဒာ၊ ဖိုးတာ၊ အရိုင်း၊ ဦးအောင်လွင်၊ ညောင်ညောင်၊ ကြူကြူသင်း၊ နှိုင်းယှဉ်မြင့်မိုရ်၊ ငှက်ပျော်ကြော်၊ ဧရာ၊ အောင်ဇော်၊ Kညိုဦး

ဇာတ်လမ်းအကျဉ်း
ကံပေါ်ဆိုတဲ့ သူဌေးသားလူပျိုကြီးက ဖခင်နဲ့စိတ်ဆိုးပြီး အိမ်ပေါ်ကဆင်းလာတယ်။ ကုမ္ပဏီတစ်ခုမှာ အလုပ်လာလျှောက်ရာက သူ့လိုပဲ အလုပ်လာလျှောက်တဲ့ လှအုန်းမယ်ဆိုတဲ့ အမျိုးသမီးတစ်ယောက်နဲ့ ဆုံတွေ့ခဲ့တယ်။ အလုပ်မှာ အတူတူလုပ်ကြရင်း ချစ်ကြိုက်သွားကြတဲ့ ဇာတ်လမ်းပါ။

ဝေဖန်သုံးသပ်ချက်
ဝတ္ထုကို မဖတ်ဖူးတဲ့အတွက် ဘယ်လိုနေမယ်မသိပါဘူး။ အခုဒီဇာတ်ကားကို ကြည့်ရတာတော့ ဘာကို ပေးချင်မှန်းကို မသိရဘူး။ ဇာတ်ကားနာမည် "တွေ့မယ်" ဆိုတာကြီးကလည်း ဘာမှလည်းမဆိုင်ဘူး။ ဒါရိုက်တာပေးချင်တာ ဘာလဲဆိုတာ သေချာကို မသိလိုက်ရဘူး။ မြင်တာတွေ ပြောမယ်။
စစချင်းအခန်းမှာကိုပဲ လှအုန်းမယ် (စိုးမြတ်နန္ဒာ)က အလုပ်လာလျှောက်တယ်။ အခန်းအ၀င်ပေါက်မှာ စဉ်းစားတာကလည်း ကြည့်ပါဦး - "အင်တာနက် ခေါ်ထားတယ်လဲပြောတယ်၊ လူလည်းဘယ်သူမှ မတွေ့ပါလား" တဲ့။ ကဲကောင်းရော။ အင်တာဗျူးနဲ့ အင်တာနက်ဆိုတဲ့ စကားလုံးကို မှားပြောထားတယ်။ အဲဒါကို ဒါရိုက်တာရော၊ တည်းဖြတ်ရော မသိကြဘူးလား။ ပြန်မကြည့်ကြဘူးလား။ အံ့ရော… အံ့ရော။
အလုပ်လာလျှောက်တာကလည်း ကံပေါ်(ကျော်ရဲအောင်) နဲ့ လှအုန်းမယ်(စိုးမြတ်နန္ဒာ) နှစ်ယောက်တည်း။ ဟော…. ပြီးတော့ အလုပ်ရသွားတော့လည်း သူတို့နှစ်ယောက်ပဲ။ ဒါဆိုရင် ဘာကိစ္စ အင်တာဗျူးဖြေနေသေးသလဲ။ အစကတည်းက လာလျှောက်သမျှလူကို ခန့်လိုက်ရင်ပြီးရော။ ပြီးတော့ အလုပ်ခေါ်တဲ့ကုမ္ပဏီကလည်း နိုင်ငံခြားသားတွေနဲ့ အလုပ်လုပ်ရတဲ့ ခရီးသွားဧည့်လမ်းညွှန်ကုမ္ပဏီလို့ ထင်တာပဲ။ လုံးဝကို အဓိပ္ပါယ်မရှိဘူး။
ဆက်ပြောရဦးမယ်။ တော်ကြာ ကြည့်တဲ့လူတွေက နုံနုံအအနဲ့ ဘာမှမသိဘူး ထင်နေမှာစိုးလို့။ စိုးမြတ်နန္ဒာဆီကို အလုပ်ခေါ်စာပို့တယ်။ အဲဒါကို လာပေးတာက လှအုန်းမယ်တို့ လမ်းထဲကတစ်ယောက် ဖြစ်ပုံရပါတယ်။ ထားပါတော့။ လမ်းထိပ်မှာ စာပို့သမားက လူကြုံပေးသွားလို့တဲ့။ သေရော…။ စာတိုက်က၀န်ထမ်းတွေကိုပါ စော်ကားလိုက်သေးတယ်။ အဆိုးဆုံးက အလုပ်ခန့်စာကို တကူးတကဖြဲစရာ၊ ဖောက်စရာမလိုဘဲ စိုးမြတ်နန္ဒာက အလွယ်တကူပဲ အသစ်အတိုင်းရှိနေတဲ့ စာအိတ်ဖြူလေးထဲက အသာလေးထုတ်ဖတ်လိုက်တာပါပဲ။ ဆိုးဝါးလိုက်တာဗျာ။ အဲဒီလောက်ထိတော့ ပြီးစလွယ်မနိုင်သင့်ပါဘူး။ စာအိတ်တစ်လုံးကို တစ်ရာကျပ်မပေးရပါဘူး။
ရုံးမှာအတူအလုပ်လုပ်ကြရင်း ကံပေါ်နဲ့ လှအုန်းမယ် ရန်ဖြစ်ကြတာတွေကို ရိုက်ပြတာတွေကလည်း ဘာတွေမှန်းကိုမသိဘူး။ လုံးဝကို အဓိပ္ပါယ်မရှိတဲ့ဟာတွေ။
ဇာတ်ရံတွေက အများကြီးပဲဆိုပြီး အားပါးတရကြည့်ရလိမ့်မယ်လို့ မထင်နဲ့ဦး။ တစ်ယောက်ကို နှစ်ခန်းသုံးခန်းလောက်နဲ့ ပြီးသွားတဲ့လူတွေချည်းပဲ။
ကျော်ရဲအောင်ကို အသုံးချပြီး ဇာတ်ကားကို ပိုက်ဆံရအောင် လုပ်ထားသလို ဖြစ်နေတယ်။ ကျွန်တော်လည်း ကျော်ရဲအောင်ကားဆိုပြီး ကောင်းမယ်ထင်လို့ ငှားကြည့်မိတာ။ မှားပါတယ်ဗျာ လို့ပဲ တလိုက်ချင်တယ်။

ကိုပေါက်ရိုက်သမျှ ဇာတ်ကားတွေထဲမှာ အဆိုးဆုံးပါပဲ။ ကိုပေါက်ဆိုရင် မဆိုးဘူး၊ ရိုက်ချက်တွေလည်း ဆန်းတယ်၊ တင်ပြပုံလည်း သူများနဲ့မတူဘူးဆိုပြီး မှတ်ထားသမျှလေးတွေ ဒီဇာတ်ကားနဲ့မှ လစ်တော့တာပါပဲ။ တကယ့်ကို ဆိုးဝါးလွန်းတဲ့ အသုံးမကျတဲ့ဇာတ်ကားပါ။ ရယ်ရတာလည်းမဟုတ်၊ ရသလည်းမပေး၊ အီလည်လည်နဲ့ ဘာကြီးမှန်းကို မသိတဲ့ဇာတ်လမ်းပါ။

ကျွန်တော့်လို့ အချိန်လည်းကုန်၊ ပိုက်ဆံလည်းပေးရ မဖြစ်ရအောင် တိုက်တွန်းရရင်တော့ "တွေ့မယ်" ဆိုတဲ့ ဇာတ်ကားကို ……………………..။

(၂)
ဇာတ်ကားအမည် - အချစ်ကြီး၍...
ဇာတ်လမ်းနှင့် ဇာတ်ညွှန်း - မြမြင့်မိုရ်
ဒါရိုက်တာ - ဟိန်းစိုး
သရုပ်ဆောင် - သူထူးစံ၊ ဖြိုးငွေစိုး၊ မိုးဟေကို၊ အေးဝတ်ရည်သောင်း၊ ဇော်ဝမ်း၊ ဦးခိုင်တင်၊ ငှက်ပျော်ကြော်၊ ကိုပေါက်

ဇာတ်လမ်းအကျဉ်း
ကိုယ်ယုံကြည်အားကိုးရတဲ့လူ၊ အချစ်ကြီးချစ်ရတဲ့လူတွေက ကိုယ့်အပေါ်ကို လိမ်လည်လှည့်ဖြားအကောက်ကြံပြီး ဘ၀ပျက်အောင် လုပ်ကြတဲ့အခါ အချစ်ကြီးတဲ့လူတစ်ယောက်အနေနဲ့ ဘယ်လိုတွေ ပြန်လည်တုံ့ပြန်မလဲဆိုတာကို တင်ပြထားတဲ့ဇာတ်လမ်းပါ။ သစ္စာပိုင်စိုး (သူထူးစံ)၊ မိုးဒေ၀ါ (မိုးဟေကို)နဲ့

ဝေဖန်သုံးသပ်ချက်
ကြိုက်တာတွေ အရင်ပြောမယ်…

  • ဇာတ်လမ်းက သမားရိုးကျမဟုတ်တဲ့ စိတ်ဝင်စားစရာဇာတ်လမ်း ဖြစ်တဲ့အပြင် ဇာတ်လမ်းပြီးတဲ့အထိ စိတ်ဝင်စားမှုမလျော့အောင် ဆွဲခေါ်သွားနိုင်တယ်။
  • မိုးဟေကို ဘာလုပ်လုပ် ခံစားချက်အပြည့်နဲ့ အားပေးကြသူတွေအတွက်ကတော့ တကယ့်ကို ကျေနပ်စရာဇာတ်ကားပါ။ မိုးဟေကိုရဲ့ ချစ်စဖွယ်ဟန်ပန်တွေ၊ အညုအတုအခရာလေးတွေကို ကြည့်ပြီး ကိုယ့်ဘေးမှာ မိုးဟေကိုကိုယ်တိုင် ရောက်နေသလားလို့တောင် မှတ်ထင်သွားနိုင်ပါတယ်။ မိုးဟေကို ကို အားပါးတရပြစ်မှားနိုင်ကြမယ့် ဇာတ်ကားဆိုပါတော့။
  • သူထူးစံနဲ့ မိုးဟေကိုတို့နှစ်ယောက်ရဲ့ လင်မယားအသွင်သရုပ်ဆောင်မှုက တကယ်လားလို့ ထင်မှတ်မှားရအောင် ပီပြင်လွန်းနေတာလည်း ဒီဇာတ်ကားရဲ့ ထူးခြားချက် ဖြစ်လိမ့်မယ်ထင်ပါတယ်။ တကယ်နမ်းတာကွ၊ တကယ်မနမ်းဘူးဆိုပြီး ကျွန်တော်တို့တစ်တွေမှာ ပြန်ပြန်ပြီး ရစ်ကြည့်နေရတာက အမောပါပဲ။ ရက်ရောလိုက်ပါပေ့လို့သာ အော်ရမလိုပါပဲ။
  • ပေးချင်တဲ့ message ကို ကြည့်နေတဲ့လူရင်ထဲရောက်အောင် ထည့်ပေးသွားနိုင်တာကလည်း ဒါရိုက်တာဟိန်းစိုးရဲ့ အရည်အချင်းပဲ ထင်ပါရဲ့ဗျာ။

မကြိုက်တာတွေ ပြောမယ်…
  • ဇာတ်ကားစစချင်းမှာ စာတန်းတစ်ခုထိုးပါတယ်။ "ကျေးဇူးရှင်မိဘနှစ်ပါးနှင့် ဆရာသမားများအား ရှစ်ခိုးဦးခိုက် ပူဇော်ပါ၏" တဲ့။ ကဲမှတ်ကရော… "ရှစ်ခိုး"လိုက်တယ်ဗျာ။ အဖွင့်မှာကတည်းက ဗေထိဆိုတာနဲ့ ကွဲပြီးသားဆိုသလို ဖြစ်သွားတယ်။ မိဘနဲ့ဆရာတွေကို "ရှိခိုး"တာတောင် အဓိပ္ပါယ်ပြောင်းသွားတယ်။
  • တမင်လုပ်တာပဲဖြစ်ဖြစ်၊ ဇာတ်လမ်းဆင်တာပဲဖြစ်ဖြစ် လူသတ်တရားခံလို့ သံသယရှိတဲ့လူတစ်ယောက်ကို ရုံးချိန်းခေါ်လာတဲ့နေရာမှာ တက္ကစီကားကြီးနဲ့ ခေါ်လာတာ၊ ဘာလက်ထိပ်မှ ခတ်မထားတာ၊ ရဲသုံးယောက်ပဲ ပါလာတာကတော့ အငြင်းပွားဖွယ်ရာ ဖြစ်နေသလားလို့ပါ။
  • တရားခံကိုခေါ်လာတဲ့လမ်းကလည်း ဘာမှမဆိုင်တဲ့လမ်းကြီးများ ဖြစ်နေသလားလို့ပါ။ ကျွန်တော်နားလည်တာက တရားခံကို ခေါ်လာတယ်ဆိုတာ ရဲစခန်းအချုပ်ခန်းကနေ တရားရုံးရှိတဲ့နေရာကိုပေါ့။ အခုတော့ မဆီမဆိုင် ဘယ်လိုဖြစ်ပြီး လူမရှိသူမရှိ အရပ်ကို ရောက်သွားရတာတုန်း။
  • လွတ်ပြေးသွားတဲ့ပုံစံမျိုး တမင်ဖန်တီးထားတာဆိုရင် ဘယ်သူမှမရှိတဲ့နေရာမှာ ဘာကိစ္စ လွတ်ပြေးသွားတဲ့တရားခံကို လိုက်ဖမ်းချင်ယောင် ဆောင်နေရသေးသလဲ။
  • သူထူးစံကို ဖြိုးငွေစိုးက သေနတ်နဲ့ချိန်တယ်။ မျက်နှာတည့်တည့်၊ ရင်ဘတ်တည့်တည့်ကို ချိန်ပြီးပစ်လိုက်တယ်။ သူထူးစံက ဗိုက်ကိုထိသွားတယ်။ အံ့သြစရာကြီးနော်။ ပြီးတော့ ပစ်လိုက်တာက တကယ့်ကို အနီးကပ်ကြီး။ လက်တစ်ကမ်းအကွာကြီးမှာ။
  • မြန်မာပြည်မှာ သေနတ်ကို ကိုင်ချင်သလို ကိုင်လို့ရနေသလား အောက်မေ့ရတယ်။ ပြီးတော့ ပစ်တာကလည်း တကယ့်ကို ပန်းခြံကြီးထဲမှာ။ အံ့သြကုန်နိုင်ဖွယ်ပါပဲ။
  • ဖြိုးငွေစိုးက နယ်ကိုခြေရာဖျောက်ပြီး ရောက်သွားတဲ့အခါ အဲဒီမြို့မှာ ဧည့်ခံပွဲလုပ်တယ်။ အဲဒီဧည့်ခံပွဲကို ဖိတ်ဖို့အတွက် သူ့သူငယ်ချင်းတွေကို ပြောတာက "ဒီမြို့မှာရှိတဲ့ လူကြီးလူကောင်းတွေကိုပဲဖိတ်၊ ပွင့်ပွင့်လင်းလင်းပြောရရင် ငါ့စီးပွားရေးကို အထောက်အကူပြုမယ့် လူတွေကိုပဲ ရွေးဖိတ်" တဲ့။ ပြီးတော့ ဧည့်ခံပွဲကို ပြတဲ့အခါ ကောင်မလေးငယ်ငယ်လေးတွေချည်းပဲ။ မိန်းမကြီးတွေကို ပြရင်တောင် ဘာမှမပြောလိုဘူး။ ပညာရှိသတိဖြစ်ခဲ ဖြစ်သွားတယ်လို့ပဲ မြင်ပါတယ်။

ဘာပဲဖြစ်ဖြစ် သာမန်ချစ်ကွဲညား ဇာတ်လမ်းတွေနဲ့စာရင်တော့ စိတ်ဝင်စားဖို့ကောင်းတဲ့ ဇာတ်လမ်းပါ။ ကြည့်ပျော်တယ်လို့ ဆိုရပါလိမ့်မယ်။ ကြည့်တဲ့လူရဲ့ အမြင်အပေါ်မှာ မူတည်ပြီးတော့လည်း အတွေးတွေ ပေးပါလိမ့်ဦးမယ်။ အချစ်ကားလားလို့ မေးရင် ဟုတ်တယ်လို့ဖြေမယ်၊ အိမ်ထောင်ရေးဇာတ်လမ်းလားဆိုရင်လည်း ဟုတ်တယ်လို့ ဖြေရမှာပဲ၊ ပညာပေးဇာတ်ကားလားဆိုတော့လည်း ဟုတ်တယ်လို့ ဖြေရမှာပါပဲ။ ကျွန်တော်ပြောပြီးပါပကော။ ကြည့်ရှုခံစားတဲ့ ရှုထောင့်ပေါ်မှာ မူတည်ပြီး ကြိုက်သလိုတွေးနိုင်တဲ့ ဇာတ်ကားပါလို့။ ကြည့်သင့်တဲ့ဇာတ်ကားလို့ ညွှန်းပါရစေ။

ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၀၉ ခုနှစ် နိုဝင်ဘာလ ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။
နေ့လည် ၂ နာရီ ၂၇ မိနစ်တွင်ပြီး၏။

ပင်းယခေတ် (သီဟသူ၊ ဥဇနာ၊ ကျော်စွာ၊ကျော်စွာငယ်)


ပင်းယခေတ်
ပင်လယ်စား သီဟသူသည် နောင်တော် မက္ခရာစား ရာဇသင်္ကြံ အနိစ္စရောက်ပြီးနောက် မြင်စိုင်းသား နောင်တော် အသင်္ခယာကို ဆေးခတ်လုပ်ကြံသဖြင့် ဘုရင်တစ်ဦးဖြစ်လေသော် ပင်းယကို ထူထောင်၍ နန်းစံလေသည်။

၁။ တစ်စီးရှင် သီဟသူ (၆၇၄-၆၈၄)
သီဟသူသည် နောင်တော် ရာဇသင်္ကြံ အနိစ္စမရောက်မီ ၃ နှစ်ခန့်ကပင် ဆင်ဖြူတစ်စီးရသောကြောင့် တစ်စီးရှင် ဘွဲ့ခံလေသည်။ (အချို့က ပင်းယမြို့တည်ပြီးမှ စမုန်မြစ်မှ ဆင်ဖြူမ အသေတစ်စီးရသည်ဟု ဆိုသည်။) သီဟသူသည် နရသီဟပတေ့၏ သမီးတော် မင်းစောဦးကိုပင် ဖွားစောအမည်ဖြင့် မိဖုရားမြှောက်ရာ ဥဇနာ၊ ကျော်စွာ၊ နော်ရထာဟူသော သားသုံးယောက် ဖွားမြင်လေသည်။ လင်းယဉ်ရွာသူ တစ်ခုလပ်တစ်ဦးကို မိဖုရားမြှောက်ရာတွင် သားတော် အင်္သခယာစောယွမ်းနှင့် သမီးတော် စောပုလဲကို ဖွားမြင်လေသည်။ ထိုမိဖုရားတွင် ယခင်အိမ်ထောင်နှင့် ဖွားမြင်သောသား တရာ့ဖျားကြီး ပါရှိသည်။

ထိုအချိန်၌ သ၀န်ကြီးသ၀န်ငယ်တို့သည် တောင်ငူကို တည်ထောင်လျက် စည်ပင်အောင် ပြုစုလျက်ရှိလေသည်။ သို့ရာတွင် အင်အားမရှိသေးသောကြောင့် ပင်းယ သီဟသူက သားတော်အိမ်ရှေ့မင်း ဥဇနာနှင့် ကျော်စွာတို့ကို စေလွှတ်သစ္စာပေးရာ၌ အညံ့ခံနေရပေသေးသည်။ သီဟသူသည် တောင်တွင်းစားက တောင်ငူနှင့်ပေါင်း၍ ခြားနားမည်ကို စိုးရိမ်သဖြင့် တောင်တွင်းစား သီဟပတေ့ကို သမီးတော် စောပုလဲနှင့် စုံဖက်လေသည်။

သီဟသူသည် သားတော် အသင်္ခယာစောယွမ်းအား မြှောက်စား၍ စစ်ကိုင်းမြို့ကို ထူထောင်ပေးရာ အသင်္ခယာစောယွမ်းသည် စစ်ကိုင်းတွင် နန်းပြိုင်သဖွယ် စိုးစံနေလေသည်။ ထိုအချိန်အခါတွင် တစ်နယ်တစ်မင်း စိုးစံနေကြသကဲ့သို့ရှိသော်လည်း အမည်အားဖြင့် ပင်းယမင်း၏ လက်အောက်ခံအဖြစ်ကဲ့သို့ပင် ရှိလေသည်။

၂။ ဥဇနာ (၆၈၄-၇၀၄)
သီဟသူ နတ်ရွာစံလျှင် ဥဇနာ နန်းတက်လေသည်။ ဥဇနာကား နရသီဟပတေ့၏ သမီးတော် မင်းစောဦးမှ ဖွားမြင်စေကာမူ နန်းကျကျော်စွာမင်း မိဖုရားမြှောက်၍ သန္ဓေသုံးလရှိမှ သီဟသူက ကောက်ယူသည်ဖြစ်သောကြောင့် သီဟသူ၏ သားရင်းမဟုတ်ချေ။ ပုဂံကျော်စွာ၏ သားတော်သာ ဖြစ်လေသည်။ စကားရကျောင်းလှူ၍ စကားရ ကျောင်းဒါယကာအဖြစ် ထင်ရှားလေသည်။ ဥဇနာမင်းသည် ပင်လယ်စား ညီတော်ကျော်စွာက ဆင်ဖြူငါးဆီးရသည်နှင့် ကြုံပလေရာ မိမိထီးနန်းကို ညီတော်အား လွှဲအပ်၍ ကောင်းမှုကုသိုလ်ပြုကာ နေလေသည်။

၃။ ငါးစီးရှင်ကျော်စွာ (၇၀၄-၇၁၂)
ငါးစီးရှင်ကျော်စွာသည် မင်းမဖြစ်မီကပင် စစ်ကိုင်းစား အသင်္ခယာအား လုပ်ကြံရန် ကျွန်ရင်း ငခင်ညိုကို စေလွှတ်ခဲ့ဖူးလေသည်။ ကျော်စွာသည် ကာချင်းစီး၍ ကိုယ်တိုင် ကာကတော်မူလေသည်။

၎။ ကျော်စွာငယ် (၇၁၂-၇၂၁)
ငါးစီးရှင် နတ်စွာစံပြန်သော် သားတော် ကျော်စွာငယ် မင်းဖြစ်၍ ကျော်စွာမင်း၏ သားတော်ငယ် (ပုဂံစောနစ်မင်း၏ ညီတော်) သက်ရမြို့စား မင်းရှင်စော၏ သမီးတော် စောဥမ္မာကို မိဖုရားမြှောက်လေသည်။ ထိုမင်းလက်ထက်တွင် စတုရင်္ဂဗလအမတ်ကြီးသည် အဘိဓာန်ဋီကာနှင့် သက္ကဋမှ နီတိကျမ်းများကို ပြုစုလေသည်။ တောင်ငူစား သိင်္ဂပါလည်း ခြားနားပုန်ကန်လေသည်။ ထိုအချိန်၌ ပုဂံတွင် စောမွန်နစ်မင်းသည် ထီးနန်းဆက်ခံ စိုးစံဆဲပင်ဖြစ်လေသည်။

မှတ်ချက်
ဆရာလှသမိန် ၏ မြန်မာရာဇ၀င်အကျဉ်း စာအုပ်မှ ပြန်လည်ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။ မြန်မာစကား၊ မြန်မာစာကို ပြောဆိုရေးသားအသုံးပြုနေသည့် မြန်မာလူမျိုးတစ်ယောက်အနေဖြင့် မြန်မာပြည်တွင်မှ မဟုတ်ဘဲ မည်သည့်နေရာဒေသတွင် ရောက်ရှိအခြေချနေထိုင်နေသည်ဖြစ်စေ မြန်မာ့အကြောင်း၊ မြန်မာ့ရာဇ၀င်ကို သိသင့်သည်ဟု ယူဆသည့်အတွက် ပြန်လည်ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။

Tuesday, November 24, 2009

လွတ်လွတ်လပ်လပ် တွေးပါရစေ၊ ရေးပါရစေ - ကိုဉာဏ် (ပန်းလောင်မြေ)


ကျွန်တော့်အတွေးထဲက အဖြစ်အပျက်

"ချွတ်…ချွတ်…ချွတ်"

သူအသံပြုပြီး လှမ်းခေါ်ပေမယ့် လုံးဝကိုလှည့်မကြည့်။ မကြားတာလား။ ဒါလည်းမဟုတ်နိုင်။ အခြားလူတွေတောင် လှည့်ကြည့်ကြသေးတာပဲ။ ဒါဆို မကြားချင်ဟန်ဆောင်နေတာလား။ ငါခေါ်တာသိတဲ့အတွက် တမင်လှည့်မကြည့်တာလား။ သူထပ်ခေါ်လိုက်တယ်။

"ဟိတ်… ဟိတ်… ဒီမှာ"

ဒါလည်း လုံးဝမထူးခြား။ အခြားလူတွေကသာ သူတို့ကိုခေါ်သလားဆိုပြီး လှည့်ကြည့်ကြသေးသည်။ သူကတော့ လုံးဝကိုနဂိုအတိုင်း။ ပတ်ဝန်းကျင်ကို မေ့လျော့ထားတဲ့ပုံစံမျိုး။ ဘေးကလူတွေကအများကြီးထဲမှာ သူ့ကိုခေါ်တာ ဟုတ်ချင်မှ ဟုတ်မှာပါဆိုပြီး တွေးမိနေတာလည်း ဖြစ်ကောင်းဖြစ်နိုင်သည်။ ဒါမှမဟုတ် သူ့မှာ ကိစ္စတစ်ခု အရေးတကြီးရှိနေသဖြင့် အခြားတစ်ယောက်ယောက်ကို အချိန်ပေးဖို့ မဖြစ်နိုင်သဖြင့် အလောသုံးဆယ်ဖြစ်နေတာမျိုးလည်း ဖြစ်နိုင်သည်။ သို့မဟုတ် ဘယ်သူဘယ်ဝါဟု နာမည်မတပ်သဖြင့် နိုင်ငံကြီးသားကွဟူသော ဂုဏ်မာနဖြင့် စာအုပ်ကြီးဆန်တာလည်း ဖြစ်ချင်ဖြစ်နေမည်။

အို… မသိတော့ပါဘူး။ ထားလိုက်ပါတော့။ နောက်အေးအေးဆေးဆေးတွေ့မှပဲ နှုတ်ဆက်တော့မယ်။ ပြောစရာရှိတော ပြောတော့မယ်။ သူ့ကိုခေါ်တာတော့ အသေအချာပါပဲ။ ဒါပေမယ့် သူကလွဲရင် အခြားလူတွေက လှည့်လှည့်ကြည့်နေကြတာခက်တယ်။ သူတို့ကို ခေါ်တာမဟုတ်တဲ့အကြောင်း အားနာနာနဲ့ ပြုံးပြရ၊ ရယ်ပြရတာ ပါးစပ်တွေတောင် ညောင်းတယ်။ လိုတာတခြား၊ ရတာတခြားလို့ ဆိုရမယ်ထင်တယ်။

အပြင်က ကျွန်တော့်အဖြစ်အပျက်
ကျွန်တော့်အတွေးများဆိုပြီး ရေးထားတာလေးတွေက အတော်လေးများလာပါပြီ။ တချို့လည်း သဘောကျတယ်ဆိုပြီး ကျွန်တော့်ကို အဆင်းမှာဘီးတပ်ပေးကြတယ်။ အဲဒီလူတွေကတော့ ကိစ္စမရှိပါဘူး။ ကောင်းတယ်လို့ပြောတာပဲ။ ဘာပြဿနာရှိမှာလဲ။ ကြိုက်သလောက်ပြောစမ်းပါ။ မကျေနပ်ရင် လက်ဖက်ရည်ဆိုင်ထိုင်ရင်း၊ ဘီယာဆိုင်ထိုင်ရင်း၊ အသုပ်ဆိုင်ထိုင်ရင်း၊ ချတ်တင်းပြောရင်း ကြုံတဲ့အပေါင်းအသင်းတွေကို ကိုဉာဏ်ရေးထားတာတွေ ကောင်းတယ်ကွဆိုပြီး ပြောဦး။ လုံးဝကို စိတ်မဆိုးဘူး စိတ်ချ။ အမှန်အတိုင်းပြောတာပဲဗျာ။ မဟုတ်ဘူးလား။

ခက်နေတာက သူငယ်ချင်းတစ်ယောက်က မနေ့ကလာပြောတယ်။ သူပြောတာတွေကိုတော့ မရေးတော့ပါဘူး။ တော်ကြာထပ်ပြီး အပြောခံနေရဦးမယ်။ ဖြစ်တာက ဒီလိုပါ။ ကျွန်တော်ရေးထားတဲ့စာတချို့ဟာ သူ့ကိုရည်ရွယ်ပြီး ရေးထားတယ်လို့ သူထင်နေတာပါပဲ။ ကျွန်တော့် စဉ်းစားမိတယ်။ ငါအခုအချိန်ထိ သူနဲ့ပတ်သက်ပြီး မရေးဖူးသေးပါဘူးလို့။ သူကျွန်တော့်ကို ပြောလိုက်ကတည်းက ကျွန်တော်ရေးထားတဲ့ ဘယ်အကြောင်းအရာကို ရည်ညွှန်းနေသလဲဆိုတာကို ကျွန်တော် ချက်ချင်းသိပါတယ်။ ကျွန်တော့်မှာ အားနာလိုက်တာလေ။ တကယ်ပြောတာပါ။

အပေါ်မှာကျွန်တော်ပြောပြခဲ့တဲ့ ဇာတ်လမ်းထဲကလိုမျိုး ကျွန်တော်ခေါ်တဲ့လူမဟုတ်တဲ့ မဆီမဆိုင်လူ (ကျွန်တော့်သူငယ်ချင်း)က လှည့်ကြည့်နေတော့ ဘာပြောရမှန်းမသိဘူး။ အပေါ်ကဇာတ်လမ်းမှာ ပြောစရာတွေ ရှိနိုင်တယ်။ ချွတ်…ချွတ်…ချွတ် တို့၊ ဟိတ်… ဟိတ်… ဒီမှာ တို့မလုပ်ဘဲ နာမည်ခေါ်လိုက်ပေါ့လို့ စောဒကတက်နိုင်တယ်။ ဒါက ဘေးကအမြင်။ သူ့အမြင်နဲ့သူလည်း မှန်တာပဲလေ။ ဒါပေမယ့် ကာယကံရှင်အတွက်က အကြောင်းအမျိုးမျိုး ရှိပါလိမ့်မယ်။ နာမည်မေ့နေတာလည်း ဖြစ်နိုင်တယ်၊ ဒါမှမဟုတ် သတိရတဲ့ နာမည်ပြောင်လိုဟာမျိုးကို လူကြားထဲမှာ မခေါ်ချင်တာလည်း ဖြစ်ချင်ဖြစ်မယ်၊ ဒါမှမဟုတ် အခြေအနေနဲ့ အချိန်အခါအရ နာမည်တပ်ပြီး လှမ်းခေါ်လို့မကောင်းတာလည်း ဖြစ်နေနိုင်တယ်။

ကျွန်တော်ဘာကို ချက်ချင်း သတိရလိုက်မိသလဲဆိုတော့ ကွယ်လွန်သွားရှာပြီဖြစ်တဲ့ ကဗျာဆရာကြီး တင်မိုး စာပေဟောပြောပွဲတစ်ခုမှာ ဟောပြောခဲ့တဲ့ သူ့ကဗျာတစ်ပုဒ်ရဲ့ ရာဇ၀င်ကိုပါ။ သူက အင်လျားကန်စောင်းမှာ ညနေဖက်လေညင်းခံ လမ်းလျှောက်ရင်း မြင်နေရတဲ့ နေ၀င်ချိန်ကိုကြည့်ပြီး ခံစားရေးဖွဲ့လိုက်တဲ့ ကဗျာတိုလေးပါ။ အဲဒီကဗျာကိုပဲ တစ်ယောက်တစ်မျိုးစီ အဓိပ္ပါယ်တွေ ဖွင့်လိုက်ကြတာ သူကအမှန်အတိုင်း ရှင်းပြတာတောင်မှပဲ လက်မခံကြတော့ဘူးတဲ့။ သူတို့တွေနားလည်တဲ့ အဓိပ္ပါယ်ကို ဆရာတင်မိုး ရေးခဲ့တာပါလို့ အတင်းအကြပ်ကို အနက်ပြန်ကြသတဲ့။ ဆရာတင်မိုးခမြာ ကိုယ်ရေးတဲ့ကဗျာကိုတောင် ဘယ်လိုကဗျာပါလိမ့်ဆိုပြီး ကိုယ့်ဘာသာကိုယ်ပြန်ပြီး ဇဝေဇ၀ါဖြစ်ခဲ့ရသတဲ့။ ဒါပေမယ့် အခြေအနေအချိန်အခါတစ်ခု ကြုံကြိုက်လာတဲ့အခါမှာတော့ စောစောက သူမဟုတ်တဲ့ အခြားလူတွေ ခံစားနားလည်ခဲ့တဲ့အဓိပ္ပါယ်မျိုး သူ့ရင်မှာ စူးစူးနစ်နစ်နဲ့ကို ဖြစ်သွားရပါသတဲ့။ အဲဒီကဗျာလေးက ဒီလိုပါ-
ဆေးလိပ်လည်းတို
နေလည်းညိုပြီ
ငါ့ကို ပြန်ပို့ကြပါလေ…


ကဲပါ… ပြောချင်တာကတော့။ ကျွန်တော်ခေါ်တာက တစ်ခြားတစ်ယောက်ပါ။ အခြေအနေ အကြောင်းကြောင်းတွေကြောင့် နာမည်လည်းခေါ်လို့မရ၊ လူကိုလည်း လက်လိုက်ဆွဲလို့ မရတာမို့ ဒီအတိုင်းပဲ ပါးစပ်ကနေအသံလေးပေး၊ ချွတ်ချွတ်တို့၊ ဟိတ်ဟိတ်တို့ ခေါ်နေရတာပါ။ မဆိုင်တဲ့လူတွေက လှည့်လှည့်ကြည့်နေတော့ နေရခက်လိုက်တာဗျာ။ မျက်နှာချိုလေးသွေးပြီး ရယ်ပြလိုက်၊ ပြုံးပြလိုက် လုပ်ရတာ ပင်ပန်းတယ်ဗျ။

သြော်… ဒါနဲ့။ တစ်ခါတစ်လေတော့ နာမည်ခေါ်စရာမလိုဘဲ အသံပြုရုံနဲ့ ကိုယ်ခေါ်တဲ့လူက လှည့်ကြည့်တတ်တာမျိုးလည်း ရှိတယ်ဗျလို့  ဇာတ်လမ်းထဲကကောင်က ၀မ်းသာအားရ ကျွန်တော့်ကို လာပြောသွားသေးသဗျ။ အဲဒီလိုဆိုတော့လည်း ပျော်စရာပေါ့ဗျာ။

ဘာပဲပြောပြော ကျွန်တော်ခေါ်တိုင်း လှည့်ကြည့်ပေးတဲ့ ဆိုင်တဲ့လူတွေရော၊ မဆိုင်တဲ့လူတွေရောကို ကျေးဇူးတင်လျက်ပါ

အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၀၉ ခုနှစ် နိုဝင်ဘာလ ၂၄ ရက်၊ အင်္ဂါနေ့။
နံနက် ၂ နာရီ ၂၁ မိနစ်တွင်ပြီး၏။

ရှေးတိပ်ခွေ၊ အထာသစ်နှင့် ဒုတိယမြေပုံ - မောင်စူးစမ်း


ရှေးလူကြီးတိပ်ခွေ
ဖော်ပြမည့်အယူအဆက ဥရောပတွင် အရင်ပေါ်သည်။ နိုင်ငံရေးတွင် လူသစ်တန်းတို့ကို နေရာပေးရန် လိုအပ်ကြောင်း နှိုးဆော်ကြရင်း Zeitgeist Tape ဆိုသော အိုင်ဒီယာကို ဖော်ထုတ်သည်။ ရှေးလူကြီးဝါရင့်ကြီးတို့၏ သြ၀ါဒတိပ်ခွေတို့ကို လူသစ်တန်းသမားတို့က လေ့လာဆည်းပူးသင့်သည်ဟု ပြောခြင်းဖြစ်သည်။ ၂၀၁၀ ခုနှစ် မြန်မာ့ရွေးကောက်ပွဲသည် Novice လူသစ်တန်းတို့၏ပွဲ ဖြစ်ပုံရမည်။ ထို့ကြောင့် လူသစ်တန်းတို့၏ပွဲတွင် ၀ါရင့်ကြီးတို့၏ သြ၀ါဒ Zeitgeist Tape သည် ဘယ်လောက်ဆီလျော်နိုင်မည်နည်းဟု အငြင်းပွားစရာပေါ်သည်။

ဝါရင့်ရှေးလူကြီးတို့သည် ဘ၀အတွေ့အကြုံရှိသည်။ ဆင်ဆင်ခြင်ခြင်ရှိသည်။ ဉာဏ်ပညာရင့်သည်။ အရေထူသည်။ ဤဂုဏ်ပုဒ်တို့ထဲမှ အရေထူမှုသည် ၀ါနုသမားတို့အတွက်  အရေးကြီးဆုံး လိုအပ်သောအချက် ဖြစ်သည်ဟု နိုင်ငံရေးသိပ္ပံပညာရှင်တို့က ထောက်ပြသည်။ သူတို့က လစ်ဘရယ်ဒီမိုကရေစီ၏ သဘာဝကို ရည်ညွှန်းသည်။ လစ်ဘရယ်ဒီမိုကရေစီ၌ လွတ်လပ်စွာဝေဖန်ခွင့်ကို ခွင့်ပြုထားရာ ပလေရာတို့သည် အဝေဖန်ခံနိုင်ရန် အတော်အရေထူရသည်။ အရေမထူဘဲ နိုင်ငံရေးသမားမဖြစ်နိုင်ပေ။

စီးရီးအတိုင်းလား
ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေသစ်အရ ပေါ်ထွန်းမည့် ဒီမိုကရေစီသည် လမ်းညွှန်ဒီမိုကရေစီဖြစ်သည်။ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီဟု ဆိုထားသောကြောင့် ဝေဖန်မှုတို့သည် မရိုင်းစိုင်းရပေ။ နူးညံ့သိမ်မွေ့ရမည်။ အစွန်းမရောက်ရပေ။ ထိုသို့ ထိန်းထိန်းသိမ်းသိမ်းရှိသဖြင့် အရေထူရန်မလိုပါဟု စောဒကတက်မည်ဆိုလျှင် စောဒကတက်နိုင်သည်။ လမ်းညွှန်ဒီမိုကရေစီတွင် ရှေးလူကြီးတိပ်ခွေ ဘယ်လောက်ဆီလျော်သနည်း။ ထိုတိပ်ခွေထဲမှ အရေထူမှု Thick Skin သည် ဘယ်လောက်ဆီလျော်သနည်း။ ဆွေးနွေးစရာပေါ်မည်။

ရှေးလူကြီးဝါရင့်တို့၏ တိပ်ခွေသည် ၂၀၁၀ ခုနှစ်၌ ကျင်းပမည့် ရွေးကောက်ပွဲနှင့် ရွေးကောက်ပွဲအပြီးကာလတို့အတွက် မဆီလျော်ပါဟု ပြောနိုင်သည်။ မြန်မာ့အနာဂတ်သည် ပို့စ်မော်ဒန်၊ ပို့စ်အိုင်ဒီအိုလိုဂျီဖြစ်မည်။ ပါရာဒိုင်းအသစ်၊ ဂိမ်းအသစ်ဖြစ်မည်။ တပ်မတော်ဦးစီးသော ဒီမိုကရေစီခေတ်ဖြစ်မည်။ ပလေရာအသစ်တွေ ကစားမည်။ နိုင်ငံရေးဖြစ်စဉ်သည် စီးရီးမဲ့မည်။ ဘ၀က Linear ဟု ပြောနိုင်သည်။

အထာသစ်ပေါ်
မြန်မာ့နိုင်ငံရေးသမိုင်းသည် မျဉ်းတစ်ပြေးတည်းပေါ်တွင် ဖြစ်သည်မရှိ။ အစီအစဉ်အတိုင်း စီးရီးဆွဲပြီးဖြစ်သည်မဟုတ်။ ထို့ကြောင့် ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲအပြီးကာလ၌ အစီအစဉ်အတိုင်းဖြစ်ရန် စပွန်ဆာတို့က ကြိုးစားထိန်းသိမ်းကြမည်ဖြစ်သည်။ ဤသို့ ထိန်းသိမ်းရာ၌ ခေတ်ကာလ၏ အထာသစ်ကို နှလုံးမူထားရန် လိုလာသည်။ ဤအထာသစ်မှာ မမျှော်လင့်သောဖြစ်ရပ်တွေ အမှန်တကယ်ဖြစ်ပျက်လာခြင်း၊ ဖြစ်လိမ့်မည်ဟု မယူဆသောဖြစ်ရပ်တွေ တကယ်ဖြစ်ပျက်လာခြင်း Unexpected and Implausible Happen တို့ဟူ၍ ဖြစ်သည်။ ထို့ကြောင့် ပေါ်လစီချမှတ်သူတို့သည် သူတို့၏ ပေါ်လစီခွင်ထဲတွင် မမျှော်လင့်သောဖြစ်ရပ် ဖြစ်လိမ့်မည်မဟုတ်ဟု ယူဆသောဖြစ်ရပ်တို့ကို ထည့်သွင်းထားကြပြီး။

ဒုတိယမြေပုံ
ပထမလမ်းပြမြေပုံသည် ဖြစ်ရပ်တို့ကို အစီအစဉ်အတိုင်း ဇယားချဖန်တီးသည်။ ရွေးကောက်ပွဲအပြီး၌ ပေါ်မည့်ဖြစ်ရပ်တို့ကို ဒုတိယလမ်းပြမြေပုံဖြင့် ဖန်တီးရန် လက်ရှိခေါင်းဆောင်မှုတို့၌ တာဝန်ရှိ၊ မရှိ မေးခွန်းထုတ်ရန်လိုသည်။ ရွေးကောက်ပွဲအပြီး ဒုတိယလမ်းပြမြေပုံသည် ပေါ်ပေါက်မည့်လွှတ်တော်တို့၏ ပြဋ္ဌာန်းချက်အရသာ ဖြစ်ထိုက်သည်။

မောင်စူးစမ်း
အညွှန်း - The Economist

(The Voice Weekly ဂျာနယ် အတွဲ ၆၊ အမှတ် ၃ မှ ပြန်လည်ကူးယူဖော်ပြပါသည်)

ကြည့်ဖြစ်ခဲ့သော မြန်မာဗီဒီယိုဇာတ်ကားများ


(၁)
ဇာတ်ကားအမည် - နေ့ပြန်တိုး
ဇာတ်လမ်း - အောင်မြင့်သန်း(ဆီဒိုးနား)
ဇာတ်ညွှန်း - ဇောင်းထက်ဇော်
ဒါရိုက်တာ - မိုးကြိုး
သရုပ်ဆောင်များ - သူထူးစံ၊ ထွန်းအိန္ဒြာဗို၊ မေသက်ခိုင်၊ ဇော်ဦး၊ အောင်လွင်၊ ငှက်ပျော်ကြော်၊ မတူး၊ ဂွမ်းပုံကြီး

ဇာတ်လမ်းအကျဉ်း
စိုးကြီး(သူထူးစံ)က လက်မရွံ့လူမိုက်။ ကြေးစားလူမိုက်လုပ်ပြီး ပိုက်ဆံရှာနေတဲ့လူ။ သူ့နယ်မှာတော့ ဘယ်သူမှ မလှန်ရဲဘူး။ ပိုက်ဆံသာပေးရင် အကွဲရိုက်ပေးရမလား၊ အကျိုးရိုက်ပေးရမလား၊ ဆေးရုံတက်ရအောင်လား၊ မှတ်လောက်သားလောက်ရုံပဲလားဆိုပြီး လုပ်ပေးရမည့် အမျိုးအစားအလိုက် ပိုက်ဆံပေးရတဲ့လူ။ လူမိုက်ဆိုတဲ့ နာမည်တစ်လုံးနဲ့ နေသူပေါ့။ မနိုင် (ထွန်းအိန္ဒြာဗို)ကတော့ နေ့ပြန်တိုး ချေးစားတဲ့လူ။ ပိုက်ဆံချေးတဲ့နေရာမှာ ရက်ရောသလားမမေးနဲ့။ အေး… ပြန်ပေးဖို့အချိန်ကျရင်လည်း မှန်အောင်သာပေး။ မဟုတ်လို့ကတော့ ပါးရိုက်ခံရပြီသာမှတ်ပေတော့။ အဲဒီလို သူ့အစွယ်နဲ့သူ ဒိတ်ဒိတ်ကြဲနှစ်ယောက် ဆုံတွေ့သွားကြတဲ့အခါ….။

ဝေဖန်သုံးသပ်ချက်
ပထမဆုံးအနေနဲ့ ဇာတ်လမ်းမှာ အပီပြင်ဆုံး သရုပ်ဆောင်သွားတဲ့လူတွေကို ချီးကျူးချင်တယ်။ နေ့ပြန်တိုးချေးစားတဲ့ မနိုင် ဆိုတဲ့ ဇာတ်ရုပ်လုပ်တဲ့ ထွန်းအိန္ဒြာဗို၊ စိုးကြီးရဲ့ညီမအဖြစ် သရုပ်ဆောင်တဲ့ မေသက်ခိုင်၊ စိုးကြီးသူငယ်ချင်းအဖြစ် သရုပ်ဆောင်တဲ့ ငှက်ပျောကြော် တို့ပါ။ စိုးကြီးအဖြစ် သရုပ်ဆောင်တဲ့ သူထူးစံကို မထည့်ရတာက ဒီလိုပါ။ သူသရုပ်ဆောင်တာ မကောင်းဘူးလို့တော့ မဟုတ်ပါဘူး။ ဒါပေမယ့် ဒီထက်ပိုကောင်းအောင် လုပ်လို့ရတယ်ဆိုတာတော့ သေချာတယ်။ တချို့အခန်းတွေမှာ တကယ့်ကို ပြောစရာမရှိအောင် သရုပ်ဆောင်နိုင်ပေမယ့် အချို့နေရာတွေကျတော့လည်း ဘယ်လိုကြီးမှန်းမသိ ဖြစ်နေတာတွေ တွေ့နေရတယ်။

ဇာတ်လမ်းက ကောင်းပါတယ်။ ဒါပေမယ့် ဒီထက်ပိုကောင်းတဲ့ လှည့်ကွက်ကလေးတွေသုံးရင် ပိုပြီးကောင်းနိုင်သေးတဲ့ ဇာတ်လမ်းပါ။

နေ့ပြန်တိုးလို့ ဇာတ်ကားနာမည်တပ်ထားပေမယ့် အဓိကပေးချင်တဲ့ message က အဲဒီနာမည်နဲ့ မဆိုင်ဘူးလို့ ယူဆမိပါတယ်။ အခြားနာမည်တစ်ခုများ ပေးသင့်သလားလို့ပါ။

မိသားစုချစ်ခြင်းမေတ္တာဖွဲ့ဇာတ်လမ်းလို့တောင် ပြောရမလားမသိပါဘူး။

ဘာပဲပြောပြော အရည်မရ၊ အဖတ်မရ ဇာတ်ကားတွေထက်စာရင်တော့ ကြည့်သင့်တဲ့ဇာတ်ကားလေးပါ။ မိသားစုလည်း ကြည့်နိုင်ပါတယ်။

တစ်ခုတော့ သတိပေးပါရစေ။ ဗီဒီယိုကြည့်တဲ့အခါ စိတ်ရောကိုယ်ပါနှစ်ပြီး ခံစားချက်အပြည့်နဲ့ မျောပါစီးမျောတတ်တယ်ဆိုရင်တော့ လက်ကိုင်ပုဝါတစ်ထည် အသင့်ဆောင်ထားပြီး ကြည့်ဖို့တိုက်တွန်းလိုတာပါ။ ရင်ဘတ်ကိုလာထိတဲ့ ဇာတ်ဝင်ခန်းလေးတွေ အတော်များများ ပါနေလို့ပါ။

(၂)
ဇာတ်လမ်းအမည် - ကျွန်မရဲ့ ပုခုံးထက်မှာ လိပ်ပြာလေးတွေ နားခဲ့ဖူးတယ်
ဝတ္ထု - ပုညခင်
ဇာတ်ညွှန်း - စိုးသီဟ
ဒါရိုက်တာ - ၀ိုင်း
သရုပ်ဆောင်များ - ပြေတီဦး၊ သက်မွန်မြင့်၊ မေကဗျာ၊ ရဲမွန်၊ ပွင့်

ဇာတ်လမ်းအကျဉ်း
ကျော်ရသ ဆိုတဲ့ကောင်က ပုံမှန်မဟုတ်တဲ့ လူတစ်မျိုး။ လှတဲ့မိန်းမတွေဆိုရင် စိတ်မ၀င်စားဘူး။ ဘယ်သူကမှ အရေးမလုပ်တဲ့ အရုပ်ဆိုးသူတွေ၊ အားနည်းတဲ့သူတွေဆိုရင်တော့ အစစအရာရာ ကူညီတယ်။ သူငယ်ချင်းအဖြစ်ပေါင်းတယ်။ သူနဲ့အင်မတန်တည့်တယ်ဆိုပါတော့။ မေကြော့ရှင်းကတော့ ကျောင်းမှာအလှဆုံးဆိုတဲ့ အမျိုးသမီးတစ်ယောက်ပေါ့။ သူ့အလှကြောင့် လိုချင်သူတွေ ၀ိုင်းဝိုင်းလည်နေတဲ့ နှင်းဆီပွင့်လှလှလေးတစ်ပွင့် ဆိုပါတော့။ သူ့အတွက် အရူးအမူးဖြစ်နေကြတဲ့ ယောက်ျားတွေအပေါ်မှာ မိန်းမမာယာအပြည့်သုံးပြီး သူရွှေ့ချင်တဲ့အကွက်ကို ရွှေ့နေတဲ့လူဆိုပါတော့။ အသားမည်းမည်း၊ သွားခေါခေါ၊ နှာခေါင်းမလှမပနဲ့ ညိုချောဆိုတဲ့ ကောင်မလေးက မေကြော့ရှင်းရဲ့ သူငယ်ချင်း။ စိတ်သဘောထား ဖြူစင်ရိုးသားတဲ့ လူတကာရဲ့ အပစ်ပယ်ခံ မိန်းကလေးတစ်ယောက်ဆိုပါတော့။ သူတို့သုံးယောက် တွေ့ဆုံကြတဲ့အခါ ဘာတွေဖြစ်မလဲဆိုတာကို ပုညခင်က အလှပဆုံးနဲ့ အကောင်းဆုံးပုံဖော်ထားတဲ့ ၀တ္ထုတစ်ပုဒ်ကို ပြန်ရိုက်ထားတာပါ။

ဝေဖန်သုံးသပ်ချက်
သိပ်မလုပ်ချင်ဘူး။ အားပါးတရ လေးခွေတွဲကြီးတောင် ကြည့်ခဲ့ရတဲ့ ဇာတ်ကားဖြစ်ပေမယ့် လေမရှည်တော့ဘဲ နည်းနည်းပါးပါးပဲပြောတော့မယ်။

ညိုချော(မေကဗျာ)ရဲ့ နှာခေါင်းကို အခုပုံစံမဟုတ်ဘဲ အခြားပုံစံတစ်မျိုးဆိုရင် အတော်ကောင်းမှာပဲဗျာ။ အခုဟာက တအားကြီးကို သိသာလွန်းနေတယ်။ ရုပ်ဆိုးအောင်လုပ်ထားတာဖြစ်ပေမယ့် အခုဟာက နည်းနည်းပိုလွန်းနေသလားလို့ပါ။ သွားခေါထားတာကတော့ အိုကေပါ။

သက်မွန်မြင့်ကလည်း သူကျရာဇာတ်ရုပ်ကို အကောင်းဆုံးလို့ဆိုလို့ရအောင် သရုပ်ဆောင်သွားပါတယ်။ ရှေ့ပိုင်းအခန်းတွေမှာ သိပ်ပြီးစိတ်တိုင်းမကျပေမယ့် နောက်ပိုင်းအခန်းတွေမှာ အတော်လေးကို ပီပြင်အောင် သရုပ်ဆောင်သွားတဲ့အတွက် ရှေ့မှာရှိခဲ့တဲ့ လိုအပ်ချက်လေးတွေကို အလဲထိုးသွားခဲ့ပါတယ်။

ပြေတီဦးကတော့ သူ့ဟန်အတိုင်းပါပဲ။ တည်တည်ငြိမ်ငြိမ်နဲ့ လိုသလိုသရုပ်ဆောင်သွားတာ တွေ့ရပါတယ်။

မတူညီတဲ့ ဇာတ်ကောင်သုံးကောင်ရဲ့စရိုက်တွေကို ကြည့်နေတဲ့လူရဲ့ ရင်ထဲရောက်လာအောင် ထည့်ပေးနိုင်တဲ့ ဒါရိုက်တာကို ချီးကျူးပါတယ်။

သက်မွန်မြင့်နဲ့ မေကဗျာ နှစ်ယောက်စလုံးဟာ မတူညီတဲ့ စရိုက်နှစ်မျိုးစလုံးကို အပိုအလိုမရှိ သရုပ်ဆောင်သွားနိုင်တာ တွေ့ရပါတယ်။ အဓိကကတော့ သူတို့မျက်လုံးတွေဟာ ပီပြင်လွန်းတဲ့အတွက် သူတို့ဘယ်လိုဇာတ်ကောင်စရိုက်ကို သရုပ်ဖော်နေတယ်ဆိုတာကို ကြည့်နေသူက အလိုလိုကို သိလာစေပါတယ်။ ကိုယ်တိုင်ကြည့်တဲ့အခါ သတိထားကြည့်စေလိုပါတယ်။

ကျော်ရသရဲ့ သူငယ်ချင်းတွေလုပ်တဲ့ နှစ်ယောက်လည်း ဒီဇာတ်ကားမှာ တကယ့်ကို လျှော့တွက်လို့မရတဲ့ အခန်းကဏ္ဍကပါပဲ။ ပါတဲ့အခန်းနည်းပေမယ့် ပါတဲ့အခန်းတိုင်းဟာ သူတို့ရဲ့ ပံ့ပိုးမှုနဲ့ ကြွလာတာကို မြင်ရပါတယ်။

အထူးသဖြင့် ပုညခင်ရဲ့ ၀တ္ထုကို ဇာတ်ညွှန်းပြန်ခွဲတဲ့ စိုးသီဟကို ခေတ်နဲ့အညီ ဒိုင်ယာလော့ခ်တွေအတွက် အသိအမှတ်ပြုမိပါတယ်။

ဇာတ်ကားအသိမ်းမှာ အောက်ကစာသားလေးတွေနဲ့ ကြည့်နေတဲ့လူတွေကို နှုတ်ဆက်သွားပါသေးတယ်-
ကောင်းကင်ပေါ်မှာလည်း
မကြွေချင်ဘဲ ကြွေခဲ့ရတဲ့
ကြယ်တွေ အများကြီးရှိသလို
ဒီလိုပါပဲ
လူ့ဘ၀မှာလည်း…………..

စာကြွင်း
ဟိုတစ်နေ့ကရေးခဲ့သလို အခုတလော ကြည့်သမျှ ဗီဒီယိုဇာတ်ကားတွေက အဆင်မပြေဖြစ်နေလေတော့ ဒီဇာတ်ကားကိုလည်း စိတ်တထင့်ထင့်နဲ့ ကြည့်ခဲ့ရပေမယ့် ပြီးသွားတဲ့အချိန်ကျမှ သက်ပြင်းချနိုင်တဲ့အထိ တစ်ခုခုပေးနိုင်ခဲ့တဲ့ဇာတ်ကား ဖြစ်ခဲ့တဲ့အတွက် ကျေနပ်သွားပါတယ်။ ဟုတ်ကဲ့… ကျွန်တော့်ရင်ထဲမှာလည်း ပျော်ရွှင်ကျေနပ်မှုလေးတွေ ရခဲ့ဖူးပါတယ်။

အားလုံးကိုကျေးဇူးပါ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၀၉ ခုနှစ် နိုဝင်ဘာလ ၂၄ ရက်၊ အင်္ဂါနေ့။
နံနက် ၁ နာရီ ၃၈ မိနစ်တွင် ပြီး၏။

ပရင်စတန်နောက်ပိုးနည်းသော့ချက်ပြဿနာနှင့် တူတာတွဲလုပ်ဗျူဟာ - ကျော်ဝင်း


ပရင်စတန်နောက်ပိုးနည်း
နောင်တွင် အကျော်ဒေးယျပညာရှင်ကြီးဖြစ်လာမည့် ဂျွန်နက်(ရှ)တစ်ယောက် စစ်ပြီးခါစ ၁၉၄၈ ခုနှစ်တွင် ပရင်စတန်တက္ကသိုလ်သို့ ရောက်လာသည်။ တက္ကသိုလ်ရောက်ခါစ၊ ဖရက်ရှာတို့၏ ထုံးစံအတိုင်း နက်(ရှ)တို့ သူငယ်ချင်းတစ်သိုက် မိန်းမပိုးဖို့ တိုင်ပင်ကြသည်။ သူငယ်ချင်းတွေက အလှဆုံး Queen ကို ပိုးချင်ကြသည်။ ဤတွင် နက်(ရှ)က အကောင်းဆုံး၊ အလှဆုံးကို လိုချင်သည်မှာ လူ့သဘာဝဖြစ်သော်လည်း လက်တွေ့အကောင်အထည်ဖော်ဖို့ မလွယ်၊ ရွက်ကြမ်းရေကျိုကောင်မလေးကို ပိုးသည်က အားလုံးအတွက် ပိုကောင်းလိမ့်မည်ဟု အကြံပြုသည်။

ဤ ပရင်စတန်နောက်ပိုးခန်းသည်ပင် နောင်ထင်ရှားလာမည့် "ချိန်ခွင်လျှာမှန်အယူအဆ" (Nash's Equilibrium) ၏ မူလအစဟု ဆိုပါသည်။ ဤသီအိုရီ၏ အဆိုအရ ဂိမ်းတစ်ခုတွင် ပါဝင်ကြသော ပလေယာများအနေနှင့် မိမိတို့၏ "မျှော်လင့်တန်ဖိုး" (Expected Value) အသီးသီးကို အသေဆုပ်ကိုင်ထားလျှင် ဘယ်တော့မှ အဖြေရမည်မဟုတ်။ "လက်ရှိအခြေအနေထက် ပိုကောင်း" (better off)ရေးကို နှလုံးသွင်းနိုင်မှသာ အများညီအဖြေ၊ တစ်နည်း ချိန်ခွင်လျှာမှန်အနေအထားကို ဦးတည်နိုင်လိမ့်မည်ဟု ဆိုသည်။

အစဉ်အလာအရ နိုင်ငံရေးပြဿနာများကို အဖြေရှာကြရာတွင် အကောင်းဆုံး (The Best)ကို ဦးတည်သော မျှော်လင့်တန်ဖိုးတွေနှင့် ဗျူဟာခင်းလေ့ရှိပါသည်။ "စံအခြေပြုချဉ်းကပ်နည်း" (Normative approach)ဟု ခေါ်သည်။ တကယ့်လက်တွေ့တွင် ဤနည်းနှင့် အလုပ်မဖြစ်တော့မှ "လက်တွေ့အခြေပြုချဉ်းကပ်နည်း" (Pragmatic approach)ကို လှည့်ပြောင်းလာခဲ့ခြင်း ဖြစ်သည်။ ဤနည်း၏ အဓိကဗျူဟာမှာ လက်ရှိအခြေအနေထက် ပိုကောင်းရေးကို ချိန်ညှိကြဖို့ဖြစ်သည်။ ဆိုရလျှင် ဂျွန်နက်(ရှ)၏ သီအိုရီကို အသုံးပြုလာကြခြင်းဖြစ်သည်။

သော့ချက်ပြဿနာ
စာရေးသူအနေနှင့် ရန်ကုန်တိုင်း(မ်)ဂျာနယ်တွင် "ကစ်ဆင်းဂျားစကားနှင့် မြန်မာ့နိုင်ငံရေးပြဿနာ"ဆိုသော ဆောင်းပါးတစ်ပုဒ် ရေးဖူးသည်။ ကစ်ဆင်းဂျား၏ ပြဿနာတော်တော်များများမှာ ချက်ချင်းလက်ငင်း အဖြေမရနိုင်၊ တစ်ဆင့်ချင်း၊ တစ်ထစ်ချင်း ညှိနှိုင်းအဖြေရှာရသည်ဖြစ်၍ အချိန်ယူဖို့လိုသည် ဆိုသော အမှာစကားကိုညွှန်းပြီး မြန်မာ့နိုင်ငံရေးပြဿနာသုံးရပ်ကို ဖော်ပြခဲ့သည်။ အိုင်ဒီအိုလိုဂျီပြဿနာ၊ လူမျိုးစုပြဿနာနှင့် စစ်ဘက်၊ အရပ်ဘက် ဆက်ဆံရေးပြဿနာတို့ ဖြစ်သည်။

ဤတွင် စာဖတ်သူတစ်ဦးက ဆိုခဲ့ပါပြဿနာသုံးရပ်အနက် ဘယ်ဟာက သော့ချက်အကျဆုံးလဲဟု မေးလာသည်။ လွန်ခဲ့သော နှစ် ၂၀ ဘာလင်တံတိုင်းပြိုကျပြီးကတည်းက အိုင်ဒီအိုလိုဂျီတိုက်ပွဲ ပြီးဆုံးသွားခဲ့ပြီဖြစ်ရာ ပထမပြဿနာ (အိုင်ဒီအိုလိုဂျီပြဿနာ)မှာ အခြေခံအရ ပွဲပြီးသလောက် ဖြစ်သွားပြီ။ ဒုတိယပြဿနာ (လူမျိုးစုပြဿနာ)မှာလည်း လက်နက်ကိုင်အင်အားစုများနှင့် အပစ်အခတ်ရပ်စွဲနိုင်ကတည်းက ပြေလည်ရေးလမ်းစပေါ် ရောက်ခဲ့ပြီဟုမြင်သည်။ သို့အတွက် သော့ချက်အကျဆုံး ဖြစ်ဖွယ်ရှိသည်မှာ တတိယပြဿနာ (စစ်ဘက်၊ အရပ်ဘက်ဆက်ဆံရေး)ဟု အဖြေပေးလိုက်ပါသည်။

သို့သော် အဆိုပါစာဖတ်သူက စာရေးသူ၏အဖြေကို အပြည့်အ၀ ဘ၀င်ကျပုံမပေါ်၊ နောက်ထပ်မေးခွန်းတစ်ခု ထပ်ဆင့်လာသည်။ ဒါဖြင့်ရင် သော့ချက်ကို မဖြေရှင်းနိုင်မချင်း ဘာတစ်ခုမှ အလုပ်မဖြစ်နိုင်စရာ မရှိတော့ဘူးလား ဆိုသော မေးခွန်းဖြစ်သည်။ ကစ်ဆင်းဂျားအမှာစကားအရ ဆိုခဲ့ပါ သော့ချက်ပြဿနာမှာ ချက်ချင်းလက်ငင်း အဖြေရနိုင်ဖွယ်ရာ မရှိသေးရာ သူ့မေးခွန်းမှာ အလွန်မေးသင့်မေးထိုက်သည်ဟု သဘောရပါသည်။ ယခုဆက်ရေးမည့်အပိုင်းမှာ ဤမေးခွန်းနှင့်ပတ်သက်သော စာရေးသူစဉ်းစားရသလောက် အဖြေပင်ဖြစ်ပါသည်။

တူတာတွဲလုပ်ဗျူဟာ
ယခင် စာရေးသူနှင့် ယဉ်ပါးခဲ့ဖူးသော လက်ဝဲစဉ်းစားနည်းအရဆိုလျှင် ပြဿနာအထွေထွေမှာ အဓိကပြဿနာ (သော့ချက်)ကိုရှာ။ ဒါကို ရှင်းနိုင်လျှင် ကျန်ပြဿနာတော်တော်များများ အခြေခံအရ ပြေလည်သွားလိမ့်မည်ဟု ဆိုသည်။ တကယ့်လက်တွေ့တွင် သော့ချက်ပြဿနာတွေက ချက်ချင်းလက်ငင်း အဖြေရဖို့မလွယ် ဖြစ်လာသောအခါ ဆိုခဲ့ပါ လက်ဝဲစဉ်းစားနည်းမှာ အလုပ်မဖြစ်သော ဇာတ်မျောကြီးတွေ ဖြစ်လာရသည်။ ထို့ထက် ပိုဆိုးသည်မှာ မပြေလည်ရုံမျှမက ရှိရင်းစွဲပြဿနာ ပိုဆိုးလာခြင်းပင်ဖြစ်သည်။ ဆိုရလျှင် ဆေးအတွက်လေးရသည်များ၊ မနည်းမနောကြုံခဲ့ရသည်။

ဤသို့ဆိုလျှင် ဘာလုပ်ကြမည်နည်း။ သော့ချက်ကို ဘေးမှ ပန်းတိုက် ဟု စဉ်းစားနည်းအသစ်က ဆိုပါသည်။ သော့ချက်ပြဿနာဖြေရှင်းရေး လိပ်ခဲတည်းလည်းဖြစ်နေလျှင် သော့ချက်ကို ယာယီအားဖြင့် လက်ရှောင်ထားပြီး တူညီရာ Common Ground တစ်ခုရှာပြီး တွဲလုပ်ပါ။ ဤသို့လက်တွဲဆောင်ရွက်ရင်းမှ သော့ချက်ပြဿနာ ဖြေရှင်းရေးအတွက် လမ်းပွင့်လာနိုင်စရာများ ရှိပါသည်ဟုဆိုသည်။ တစ်နည်းဆိုရလျှင် ပူးပေါင်းဆောင်ရွက်ရေးနည်းလမ်းဖြင့် လက်ရှိထက် ပိုကောင်းသောအခြေအနေတစ်ရပ်ကို လက်တွဲအကောင်အထည်ဖော်ကြဖို့ ဖြစ်သည်။ ဤနေရာတွင် နက်(ရှ)၏ ပရင်စတန်သူငယ်ချင်းတွေလို အလှဆုံးကိုမှလိုချင်တယ် ဆိုသော စိတ်အခံနှင့်တော့မဖြစ်။ ရွက်ကြမ်းရေကျို ရောင့်ရဲစိတ်ရှိဖို့တော့ လိုလိမ့်မည်ဟုလည်း သတိပေးသည်။

နိုင်ငံတကာအိုင်ဒီယာလှိုင်းများနှင့် နိုင်ငံတကာဖြစ်စဉ်ဖြစ်ရပ်များမှာ မိမိနိုင်ငံရေးအရနှင့် ကွက်တိကျကောင်းမှ ကျပါလိမ့်မည်။ သို့နှင့်တိုင် ကျယ်ကျယ်ပြန့်ပြန့် ဆက်စပ်စဉ်းစားနိုင်ရေးအတွက်မူ အထိုက်အသင့် အသုံးတည့်နိုင်စရာရှိသည်ဟု ထင်ပါသည်။ စိတ်ကို ဖွင့်၍ စဉ်းစားကြစေချင်သည်။

(ရန်ကုန်တိုင်း(မ်) ဂျာနယ် အတွဲ ၅၊ အမှတ် ၄၅ နိုင်ငံရေးအထူးအချပ်ပို မှ ပြန်လည်ကူးယူဖော်ပြပါသည်)

မှတ်ဉာဏ်ကိုကျော်လွန်၍


အသက်ရှိသော သတ္တ၀ါအားလုံးတို့တွင် အဓိကအလုပ်လုပ်နေသောအရာမှာ Memory ခေါ် မှတ်ဉာဏ်ဖြစ်ပါသည်။ သက်ရှိအားလုံးသည် ထိုမှတ်ဉာဏ်ကိုအားကိုး၍ အသက်ရှင်ကြပြီး မှတ်ဉာဏ်နှင့်ပတ်သက်လျှင် လူသားသည် အဆင့်အမြင့်ဆုံး မှတ်ဉာဏ်များကို ပိုင်ဆိုင်ထားသူများ ဖြစ်သည်ဟု သိပ္ပံကျမ်းများက ဆိုပါသည်။

မီးကိုကိုင်ကြည့်၍ ပူသည်ဟု မှတ်ဉာဏ်က တစ်ကြိမ်သိရှိပြီးလျှင် နောင် မီးကိုတွေ့ရှိသောအခါ မှတ်ဉာဏ်နှင့် တိုက်ဆိုင်ကြည့်ကာ ပူသည်ဟူ၍ သဘောပေါက်ပြီး မီးကိုမကိုင်တော့သည့်သဘော ဖြစ်ပါသည်။ နောက်ပိုင်းတွင် လူသား၌ ပိုင်ဆိုင်ထားသော ထိုမှတ်ဉာဏ်မျိုးကို တိုင်းတာကြည့်သည့် နည်းလမ်းများလည်း ပေါ်ပေါက်လာပြီး ထိုတိုင်းတာသည့်စနစ်ကို IQ Test ဟု ခေါ်ပါသည်။

မှတ်ဉာဏ်ကိုအားကိုးခြင်းသည် ရှိရင်းစွဲများအတွက် ကောင်းသော်လည်း အသစ်အသစ်သောအရာများနှင့် ပတ်သက်လျှင် အသုံးမ၀င်လှပေ။ တစ်နည်းအားဖြင့် Memory ခေါ် မှတ်ဉာဏ်တွင်းမှ မှတ်တမ်းနှင့် တိုက်ဆိုင်ကြည့်၍မတူလျှင် ဘာလုပ်မည်နည်းဆိုသော ပြဿနာပေါ်လာသည်ကို တွေ့ရပါသည်။ ဤတွင် EQ ဟု ခေါ်သော Emotional Intelligence ခေါ် အသိဉာဏ်ရင့်ကျက်မှုကိုတိုင်းသော နည်းတစ်နည်းပေါ်လာရပြန်ပါသည်။

ထိုသို့ မှတ်ဉာဏ်ကိုကျော်လွန်၍ စဉ်းစားနိုင်သူများ ရှိလာသောကြောင့်သာ ယနေ့ကမ္ဘာကြီးပေါ်တွင် Innovation ခေါ် တီထွင်ဆန်းစစ်မှုအမျိုးမျိုးကို မြင်တွေ့လာရခြင်းဖြစ်ပါသည်။ Memory ခေါ် မှတ်ဉာဏ်ဖြင့် တိုက်ဆိုင်ကြည့်၍ မတူတိုင်းသာ မှားသည်ဟု ပြောကြမည်ဆိုလျှင် ကမ္ဘာပေါ်၌ တီထွင်ဆန်းစစ်မှု အရပ်ရပ် ပေါ်ထွန်းလာဖွယ်ရာမရှိပါ။ အဖြေသစ်များလည်း ရရှိဖွယ်မရှိပါ။ ဤနေရာတွင် အကြောင်းတိုက်ဆိုင်၍ မဆေးဒီးစ် ထုတ်လုပ်သည့် ကမ္ဘာကျော် ဒိန်မလာဘင့်ဇ်ကုမ္ပဏီ၏ ဆောင်ပုဒ်ကလေးကို ကိုးကားဖော်ပြချင်ပါသည်။ We Never Follow The Trend, We Set The Trend ဟူ၍ ဖြစ်ပါသည်။ သူတို့မည်မျှ စဉ်းစားနိုင်သည်ဟု ဖော်ပြခြင်းဖြစ်ပေသည်။

မြန်မာနိုင်ငံ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ပတ်သက်လျှင် ပေးထားချက်အရပ်ရပ်သည် အသစ်ဖြစ်၍ ချဉ်းကပ်နည်းအသစ်နှင့် အဖြေအသစ်များ လိုအပ်သည်ဟု ပြောနိုင်ပါသည်။ သမားရိုးကျစဉ်းစားနည်းဖြင့် မှတ်ဉာဏ်ကို အားကိုး၍ အဖြေထုတ်ခြင်းဖြင့် အဖြေသစ်တို့ကို မရနိုင်ပါ။ အဖြေသစ်တို့ကို ပြောနေသူများကိုလည်း မှတ်ဉာဏ်ကိုအားကိုး၍ ရှိရင်းစွဲပေတံဖြင့် တိုင်းကြည့်လျှင် နားလည်ဖွယ်ရာမရှိပါ။

အယ်ဒီတာ (၁၃-၁၁-၂၀၀၉)

(The Voice Weekly ဂျာနယ် အယ်ဒီတာ့အာဘော် Editorial ကို ပြန်လည်ကူးယူဖော်ပြပါသည်)

Sunday, November 22, 2009

ဝါရင့်ရှေးဟောင်း တိပ်ခွေထဲက အရေထူမှု - မောင်စူးစမ်း


အထာသစ်
လူမှုရေးသိပ္ပံပညာရှင်တို့က ယခုမျက်မှောက်ခေတ်တွင် အထာသစ်တစ်ပါး ပေါ်နေပြီဟု ထောက်ပြလာကြသည်။ ဤအထာသစ်မှာ "မမျှော်လင့်သောဖြစ်ရပ်တို့ကို မျှော်လင့်လော့" Expect the Unexpected တို့ဟူ၍ ဖြစ်သည်။ မမျှော်လင့်သောဖြစ်ရပ်တွေ တကယ်ဖြစ်ပျက်လာသည်။ ဖြစ်လိမ့်မည်ဟု မယူဆသော ဖြစ်ရပ်တွေ၊ မယုံကြည်နိုင်သောဖြစ်ရပ် Implausible တွေ တကယ်ဖြစ်ပျက်လာသည်။ အဓိကအထောက်အထားမှာ အမေရိကား၌ လူမည်းတစ်ဦးက သမ္မတဖြစ်လာခြင်းဖြစ်သည်။ အခြားအထောက်အထားတို့လည်း ရှိသည်။

ထို့ကြောင့် လူသားတို့အတွက် အထာသစ်ပေါ်လာသည်။ မမျှော်လင့်သောဖြစ်ရပ်တို့ကို ထည့်တွက်ရပြီ။ ဖြစ်လိမ့်မည်မဟုတ်ဟု ယူဆသောဖြစ်ရပ်တို့ကို ထည့်တွက်ရပြီ။ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲနှင့် ရွေးကောက်ပွဲအပြီး အခြေအနေအား ဒီမိုကရေစီကို စပွန်ဆာပြုသူတို့က ရည်ရွယ်ထားသည့် လမ်းကြောင်းအတိုင်း ဖြစ်မြောက်ရန် လမ်းကြောထိန်းသိမ်းမည်။ သို့ရာတွင် ပေါ်လစီခွင်ထဲ၌ ဖြစ်လိမ့်မည်မဟုတ်ဟု ယူဆထားသောဖြစ်ရပ် Implausible တို့ကိုလည်း ပယ်ထားလို့မဖြစ်ပေ။

၂၀၅၉ ခုနှစ်
စင်ကာပူပညာရှင်တို့က ကမ္ဘာ့အကျော်အမော် ပညာရှင်တို့အား မေးခွန်းတစ်ပုဒ်မေး၍ ဖြေခိုင်းထားသည်။ ၂၀၅၉ ခုနှစ်တွင် စင်ကာပူသည် မည်သို့အနေအထားမျိုး ရှိမည်နည်းဟု ပညာဉာဏ်ဖြင့် ခန့်မှန်းခိုင်းခြင်းဖြစ်သည်။ ပညာရှင်တစ်ဦးက ဖြစ်လိမ့်မည်ဟု မယူဆသောဖြစ်ရပ်တွေ တကယ်ဖြစ်ပျက်လာသည့် ခေတ်အထာကိုညွှန်း၍ ၂၀၅၉ ခုနှစ်၌ ဖြစ်ထွန်းမည့် စင်ကာပူရုပ်ပုံလွှာကို ခေတ်အထာသစ်ဖြင့် မှန်းဆပြသည်။

စင်ကာပူအဖို့ မတည်ငြိမ်မှုသည် မဖြစ်နိုင်သောအရာ Implausible ဖြစ်သည်။ ထို့ကြောင့် မဖြစ်နိုင်ဟုယူဆထားသော ဖြစ်ရပ်တွေ တကယ်ဖြစ်နေသောခေတ်တွင် မတည်ငြိမ်မှုသည် တကယ်ဖြစ်ကောင်းဖြစ်လာနိုင်သည်ဟု သတိပေးသည်။ သို့သော် စင်ကာပူသည် အမှားအယွင်း မာဂျင် Margin of error နည်းသောနိုင်ငံဖြစ်သဖြင့် မတည်ငြိမ်မှုကို ကိုင်တွယ်နိုင်လိမ့်မည်ဟု ထောက်ပြသည်။ နိုင်ငံတစ်နိုင်ငံ၏ အရည်အသွေးသည် ထိုနိုင်ငံ၏ မဖြစ်နိုင်ဟု ယူဆသောဖြစ်ရပ်တွေ တကယ်ဖြစ်လာလျှင် ကိုင်တွယ်နိုင်သော စွမ်းရည်ဖြင့် တိုင်းသည်။ မြန်မာနိုင်ငံ၌ နာဂစ်မုန်တိုင်းဖြင့် စမ်းသပ်ပြီးဖြစ်သည်။ ယခု ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲနှင့် ရွေးကောက်ပွဲအပြီးကာလ၌ စိန်ခေါ်မှုအသစ်တို့ဖြင့် စမ်းသပ်တော့မည်။

ရှေးတိပ်ခွေ
ဖွဲ့စည်းပုံအခြေခံဥပဒေက အသစ်။ ရွေးကောက်ပွဲက အသစ်။ ကစားကွင်းအသစ် ပါရာဒိုင်းအသစ်တို့ဖြင့် ကစားကြရမည့်ပွဲ ဖြစ်သည်။ လူသစ်တန်း Novice တွေ ပါဝင်ကစားကြဖို့ ပိုများမည်။ ဆရာတော်နှင့် ဦးပဉ္စင်းတို့ထက် ကိုရင်တွေက ကစားကြမည့်ပွဲဟု ဆိုနိုင်သည်။ ခေတ်စကားလှလှနှင့်ပြောရလျှင် မျိုးဆက်သစ်တို့ပွဲ ဖြစ်လိမ့်မည်။ မျိုးဆက်သစ်လူသစ်တန်းသည် ဉာဏ်ရည်ကောင်းချင်ကောင်းမည်။ သို့သော် ၀ါနု၍ အတွေ့အကြုံမရှိပေ။

ဤတွင် ၀ါရင့်တို့အကြောင်း ပေါ်လာသည်။ ရှေးလူကြီးနှင့် ၀ါရင့်နိုင်ငံရေးသမားတို့ထံမှ လေ့လာဆည်းပူးခြင်းကို Zeitgeist Tape ဇစ်ဂျစ်တိပ်ခွေဟု ခေါ်ဆိုသည်။ ရှေးလူကြီးနှင့် ၀ါရင့်တို့၌ (၁) ဉာဏ်အမြော်အမြင်ရှိသည်။ (၂) ဘ၀အတွေ့အကြုံရှိသည်။ (၃) အရေထူမှု ရှိသည်။ ထိုသုံးပါးအနက် အရေထူမှုသည် အရေးအကြီးဆုံးဖြစ်သည်ဟု ပြောသူတို့ပင်ရှိသည်။ နိုင်ငံရေးသမားဖြစ်လာလျှင် အဝေဖန်အဆဲဆိုခံနိုင်ရည် ရှိကြရသည်။ ထို့ကြောင့် လူကြီးနှင့်ဝါရင့်တို့မှ ဆည်းပူးလျှင် အရေထူမှုကို အဓိကဆည်းပူးအပ်သည်ဟု ဆိုနိုင်သည်။

ဘာကျန်
သို့ရာတွင် အရေထူမှု Thick Skin သည် လစ်ဘရယ်ဒီမိုကရေစီအတွက်သာ အကျုံးဝင်ဖို့များသည်။ စည်းကမ်းရှိသော (လမ်းညွှန်ဒီမိုကရေစီ)တွင် အရေထူရန် သိပ်မလိုပါဟု စောဒကတက်မည်ဟုဆိုလျှင် တက်နိုင်သည်။ ၀ါရင့်သက်ကျားအိုကြီးတို့ထံမှ အရေထူမှုကို သင်ကြားရန်မလိုလျှင် အဘယ်အရာကို သင်ကြားရမည်နည်း။ ဤတွင် မြန်မာနိုင်ငံ၏ အနာဂတ်နိုင်ငံရေးသည် Zeitgeist tape လိုမလို အငြင်းပွားစရာရှိသည်။ မြန်မာ့နိုင်ငံရေးဖြစ်စဉ်သည် အစီအစဉ်အတိုင်း စီးရီးဆွဲ၍ ဖြစ်ခဲ့သည်မဟုတ်ပေ။ Non-linear ဖြစ်သည်။ ပညာပိုင်းအရ ရှေးလူကြီးတို့၏ ဉာဏ်အမြော်အမြင်သည် အကန့်အသတ်နှင့်သာ ရှိနေမည့်ပုံ ဖြစ်သည်။ အရေထူခြင်းအကြောင်းကတော့ အရေးကြီးလာမည့်ပုံ ရှိသည်။

အညွှန်း - The Economist

(ရန်ကုန်တိုင်းမ်ဂျာနယ် အတွဲ ၅၊ အမှတ် ၄၅ နိုင်ငံရေးအချပ်ပိုမှ ပြန်လည်ကူးယူဖော်ပြပါသည်)

ကြည့်ဖြစ်ခဲ့သော မြန်မာဗီဒီယိုဇာတ်ကားများ


ဒီရက်ပိုင်းကတော့ မြန်မာကားတွေကြည့်ရတာ သိပ်အဆင်မပြေပါဘူးဗျာ။ ဘယ်လိုဖြစ်တယ်မသိဘူး။ ကြည့်သမျှကားတိုင်းနီးပါးကို စိတ်တိုင်းမကျဘူးဖြစ်နေတယ်။ ထွက်တဲ့ဇာတ်ကားအများကြီးထဲကမှ မင်းသားရွေး၊ မင်းသမီးရွေး၊ ဒါရိုက်တာရွေးနဲ့ စိတ်တိုင်းကျဖြစ်မယ်ထင်တဲ့ဟာကို ရွေးပြီးကြည့်တာပါပဲ။ ကဲပါ… ကျွန်တော်ကြည့်ပြီးသမျှကို ပြန်ရေးပြထားပါတယ်။

(၁)
ဇာတ်ကားအမည် - ချွန်းမိုက်
ဇာတ်လမ်းနှင့် ဒါရိုက်တာ - ၀င်းထွန်းထွန်း ၏ အနုပညာပြချက်
ဇာတ်ညွှန်း - မြင့်ဦးဦးမြင့်
သရုပ်ဆောင်များ - မိုးအောင်ရင်၊ ရဲအောင်၊ မင်းဟိဏ်း၊ တင့်တင့်ထွန်း၊ မိုးပြည့်ပြည့်မောင်

ဇာတ်လမ်းအကျဉ်း
ချွန်းဆိုတဲ့ ကလေးကိုမွေးတဲ့နေ့မှာပဲ ယောက်ျားက ကုန်ကားမောင်းရင်း လူတိုက်မိလို့ လူသေ၊ ကားပေါ်မှာ ပါလာတဲ့ မူးယစ်ဆေးဝါးတွေကို ခိုးပြီးသယ်လာတဲ့ စပယ်ယာကလည်းသေသွားတဲ့အတွက် ထောင်ကျသွားခဲ့ရတယ်။ မီးမထွက်ခင်မှာပဲ မိခင်ဖြစ်သူကလည်း သေသွားခဲ့ရပြန်တယ်။ အဲဒီလိုတွေ ကြုံတွေ့ခဲ့ရတဲ့အတွက် စိတ်ကစဥ့်ကလျားဖြစ်သွားပြီး ရူးသွားတဲ့အမျိုးသမီးတစ်ယောက်ကို အဓိကဇာတ်လမ်းတည်ထားတာပါ။ အဲဒီဇာတ်ကောင်စရိုက်ကို တင့်တင့်ထွန်းက သရုပ်ဆောင်ပါတယ်။ အရူးမနဲ့ တစ်ရွာလုံးပြဿနာဖြစ်ရာက နောက်ဆုံးမှာ အရူးမကို စုန်းမအဖြစ် ယိုးစွပ်ကြပြီး သားအမိနှစ်ယောက်လုံးကို ရွာပြင်ထုတ်ထားတဲ့အထိ ဖြစ်သွားပါတယ်။ ရွာမှာ မကောင်းတာတစ်ခုခု ဘာပဲဖြစ်ဖြစ် အရူးမလုပ်တာ၊ စုန်းအတတ်ပညာနဲ့ ပြုစားတာလို့ စွပ်စွဲခဲ့ကြတယ်။ ရွာပြင်က တဲမှာနေတာကိုပဲ မနေနိုင်မထိုင်နိုင် လာရောက်စော်ကားပြောဆိုတဲ့လူကို ချွန်းတစ်ယောက် သတ်မိရာက သားအမိနှစ်ယောက် ထွက်ပြေးကြပါတယ်။ ချွန်းရဲ့အဖေထောင်ကလွတ်လာတဲ့နေ့မှာပဲ ချွန်းလည်းရွာသားတစ်ယောက်ရဲ့ ဓားချက်ကြောင့် သေဆုံးသွားခဲ့ရတဲ့အကြောင်းပါ။

ဝေဖန်သုံးသပ်ချက်
ပြောရမှာတော့ အားနာပါတယ်။ ဒါပေမယ့် အမြင်အတိုင်းပြောပါ့မယ်။ ဒါရိုက်တာ ၀င်းထွန်းထွန်းကို အဆင့်မီဒါရိုက်တာတစ်ယောက်အဖြစ် ကျွန်တော်သတ်မှတ်ထားပါတယ်။ သူ့ရဲ့ဇာတ်ကားအများစုဟာ ဇာတ်အိမ်ခိုင်ခိုင်နဲ့ ကြေကွဲဝမ်းနည်းဖွယ်တွေ များတတ်ပါတယ်။ နင့်နေအောင်ခံစားရတဲ့ ဇာတ်ကားတွေကို ရိုက်တတ်တဲ့ဒါရိုက်တာအဖြစ် ကျွန်တော်က သတ်မှတ်ထားပါတယ်။ အထူးသဖြင့် လူတစ်ဦးတစ်ယောက်ရဲ့ စရိုက်ကိုအဓိကပုံဖော်တဲ့ ဇာတ်လမ်းတွေဆိုရင် အရမ်းကိုကောင်းတတ်ပါတယ်။ ဒါပေမယ့် ဒီဇာတ်ကားမှာတော့ သူ့ဇာတ်လမ်းကို သူရိုက်ထားပေမယ့် အရင်ဇာတ်လမ်းတွေကို လုံးဝကို မမီပါဘူး။ အဆင့်မရှိဘူးလို့ ပြောချင်ပါတယ်။ တင့်တင့်ထွန်းရဲ့ဇာတ်ရုပ်ကိုတော့ အကောင်းဆုံးပီပြင်အောင် ရိုက်ကူးပြနိုင်တာကို အသိအမှတ်ပြုပါတယ်။ ဒါပေမယ့် အခြားသောဇာတ်ဆောင်တွေအားလုံးက ဒီဇာတ်ကားမှာ ကြွမလာဘဲ ငုပ်နေကြတာတွေ့ရပါတယ်။ တင့်တင့်ထွန်းတစ်ယောက်တည်းက ဇာတ်လမ်းကိုဆွဲခေါ်နေရတဲ့ပုံစံ ဖြစ်သွားပါတယ်။ ဇာတ်ကားနာမည်တောင် ပေးထားရတဲ့ ချွန်းဆိုတဲ့ ဇာတ်ကောင်ကလည်း မိုးအောင်ရင်နဲ့ မလိုက်ဖက်ပါဘူး။ အဲဒါကြောင့်လည်း ချွန်းဇာတ်မဟုတ်ဘဲ အရူးမတင့်တင့်ထွန်းရဲ့ဇာတ် ဖြစ်သွားရပါတယ်။

အစကတော့ ရေးမလို့ပါပဲ။ ဒါပေမယ့် မရေးတော့ပါဘူး။ ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်တယ်လို့ ထင်သွားရင် မကောင်းပါဘူး။ ဗီဒီယိုကြည့်နေတဲ့ ပရိသတ်တွေ မညံ့ဘူးဆိုတာလောက်တော့ ပြောချင်တဲ့အတွက် ဇာတ်ကားလေးတွေ ညွှန်းလိုက်ပါရစေ။ ဒီ ချွန်းမိုက် ဇာတ်ကားကိုကြည့်ရင်းနဲ့ ကျွန်တော့်ခေါင်းထဲမှာ ပြန်ပေါ်လာတဲ့ ဇာတ်ကားလေးတွေပါ။ ကြောင်းတူသံကွဲလေးတွေ ဆိုပါတော့။ ဒီဇာတ်ကားတွေပါ-
(က) ရွာ - ရဲတိုက်၊ မို့မို့မြင့်အောင်
(ခ) အစွဲ၏နောက်ကွယ် - ပြေတီဦး၊ ခိုင်သင်းကြည်၊ ဇူးဇူးမောင်
(ဂ) နောက်တစ်ကားက ဇာတ်ကားနာမည်မမှတ်မိပါ။ မင်းမော်ကွန်းနဲ့ စိုးမိုးကြည်နဲ့ ဇာတ်လမ်းပါ။ အင်းလေးမှာ ရိုက်ထားတာတော့ မှတ်မိနေပါတယ်။
ပြောခဲ့တဲ့ဇာတ်ကားတွေနဲ့ တစ်ကားလုံးထပ်တူတော့ တူနေတာမျိုးမဟုတ်ပါဘူး။ ဒါပေမယ့် ဟိုတစ်ပိုင်းက ချွတ်စွပ်တူလိုက်၊ ဒီတစ်ပိုင်းက ချွတ်စွပ်တူလိုက်နဲ့ အံ့သြစရာကြီးပါ။

ပျော်စရာမကောင်းတဲ့ဇာတ်ကားပါ။ ကြည့်မယ်ဆိုရင်တော့ အချိန်ပေးရကျိုးနပ်မယ် မထင်ပါဘူး။ ကျွန်တော့်အမြင်ပါ။

(၂)
ဇာတ်ကားအမည် - အာဠာဝကဗဟိန်း
ဇာတ်လမ်း - မိုးကျော် (M.K.A)
ဇာတ်ညွှန်း -
ဒါရိုက်တာ - ကိုဇော် (အရုဏ်ဦး)
သရုပ်ဆောင်များ - ကျော်ရဲအောင်၊ မင်းရာဇာ၊ ထူးခန့်ကျော်၊ စိုးမြတ်သူဇာ၊ ထူးမွန်၊ ဦးပေါ်လေး၊ ကြင်ဝှက်
ကလေးသရုပ်ဆောင် - အိစိကွေး

ဇာတ်လမ်းအကျဉ်း
အမေဆုံးတဲ့အတွက် စိတ်ကြမ်း၊ လူကြမ်း၊ စရိုက်ကြမ်းနဲ့ ဖခင်နဲ့ အစ်ကိုကြီး၊ အစ်မကြီးရှိရာကို လိုက်လာတဲ့ မြို့ကပညာတတ် ဘဆွေတို့လင်မယားနဲ့ သူတို့ရဲ့သားကလေးတို့ ကြုံရပုံအခက်အခဲတွေ၊ ရင်နာစရာဖြစ်ရပ်တွေကို ရိုက်ပြထားတာပါ။ ဗဟိန်းဆိုတာက အစ်ကိုအကြီးဆုံး။ စိတ်ကြမ်း၊ လူကြမ်းကြီး။ ဖခင်ကိုယ်တိုင်က အာဠာဝကဘွဲ့ ပေးထားတဲ့လူ။ ညီဖြစ်သူဘဆွေရဲ့သားကို သူ့နေရာကို အမွေဆက်ခံဖို့အတွက် ရည်ရွယ်ပြီး ပညာတွေသင်ပေး၊ မိခင်ဖြစ်သူကို နည်းအမျိုးမျိုးနဲ့ ဘေးကိုဖယ်ထုတ်လုပ်တဲ့အကြောင်းကို ရိုက်ပြထားတာပါ။

ဝေဖန်သုံးသပ်ချက်
မင်းရာဇာ ၀တ်စားထားတာတွေက သူတို့ရည်ညွှန်းတဲ့ကာလနဲ့ လုံးဝကို မအပ်စပ်တဲ့ဟာတွေပါ။ ပြောတဲ့အချိန်ကတစ်မျိုး ၀တ်ထားတာက ဒီနေ့ခေတ်အ၀တ်အစားဆိုတော့ ခံစားသာကြည့်ပါတော့ဗျာ။

ဇာတ်ကားနာမည်ဖတ်ပြီးတာနဲ့ အာဠာဝကဗဟိန်းဆိုတာ ဘယ်လိုလူပါလိမ့်၊ သူ့အကြောင်းက ဘာတွေထူးခြားလို့လဲ စိတ်ဝင်တစားနဲ့ ကြည့်မယ်လူတွေကိုတော့ အများကြီးမမျှော်မှန်းထားဖို့ ပြောပါရစေ။ ဇာတ်ကားနာမည်နဲ့ တကယ့်ဇာတ်ကားက ဘာမှကို မဆိုင်ပါဘူး။ ဗဟိန်းအကြောင်းကို ရိုက်ပြချင်တာမှ မဟုတ်ဘဲ။ အယူဝါဒအစွဲတစ်ရပ်ကို ချွတ်ချင်တဲ့ဇာတ်လို့ပဲ မြင်မိပါတယ်။

ဇာတ်ကားထဲမှာ ပြောတဲ့စကားတွေထဲမှာ ထူးမွန်သေခါနီးမှာ သူ့အစ်ကိုကြီးဗဟိန်းကို ပြောသွားတဲ့ဒိုင်ယာလော့ခ်ကိုတော့ သဘောကျသွားမိတယ်။ မှတ်မိသလောက် ပြန်ပြောရရင် - ``အစ်ကိုကြီးရယ် ခံယူချက်၊ မာနအလွဲတွေကြောင့် အမေလည်း သေခဲ့ရပြီ၊ ညီမလေးလည်း ဘ၀ပျက်ခဲ့ရပြီးပြီ။ အခုလည်း အစ်ကိုကြီး အရမ်းချစ်တယ်ဆိုတဲ့ တူလေးကို ဒီအမွေဆိုးကြီးတွေ ပေးဦးမလို့လားဟင်`` ဆိုတဲ့ စကားပါ။ အတွေးတွေပွားမိပါတယ်။

ရိုက်ချင်ရာရိုက်ပြ၊ ပြောချင်တဲ့စကားလုံးတွေကို ပြောဖို့အတွက် ဇာတ်ကားစစချင်းမှာ ``ရောင်စုံသောင်းကျန်းသူများ ထကြွသောင်းကျန်းနေသည့်ကာလ``ဆိုပြီး စာတန်းထိုးပြလိုက်တာကိုတော့ ဇာတ်လမ်းရေးသူနဲ့ ဇာတ်ညွှန်းရေးဆရာရဲ့ ပညာလို့မှတ်ယူရင်း သဘောကျနေမိပါတယ်။

ဒီဇာတ်ကားမှာ အကြွဆုံးဇာတ်ကောင်က အာဠာဝကဗဟိန်းဆိုတဲ့ ကျော်ရဲအောင်မဟုတ်ဘဲ ဗဟိန်းရဲ့အဖေလုပ်တဲ့ ဦးပေါ်လေး ဖြစ်ပါတယ်။ အတော်လေးကို သရုပ်ပီပြင်အောင် သရုပ်ဆောင်သွားတာ ချီးကျူးမိပါတယ်။ နောက်ထပ် ချီးကျူးရမယ့် တစ်ယောက်ကတော့ ကြင်ဝှက် ဖြစ်ပါတယ်။ ဗဟိန်းတို့နဲ့အပြိုင် မတည့်တဲ့အုပ်စုရဲ့ ခေါင်းဆောင်လုပ်တဲ့လူပေါ့။ သူတို့နှစ်ယောက်ကြောင့် ဇာတ်ဟာကြွတက်လာတယ်လို့ ထင်မိပါတယ်။

ကျော်ရဲအောင်ဇာတ်ကားမို့ ကြည့်ချင်တဲ့လူတွေအတွက် အရင်ဇာတ်ကားတွေလို အနု၊ အလှ၊ အချစ်ဇာတ်လမ်း မဟုတ်ကြောင်း သတိပေးလိုပါတယ်။ ကိုဇော်(အရုဏ်ဦး)ရိုက်ပြီး ကျော်ရဲအောင်နဲ့ စိုးမြတ်သူဇာကို တွဲပေးထားပေမယ့် ဟာသဇာတ်လမ်းလည်း မဟုတ်ကြောင်းပါ။ နောက်ပြီးတော့ ကျော်ရဲအောင်နဲ့ စိုးမြတ်သူဇာဟာ လုံးဝမတည့်တဲ့ ဇာတ်ကောင်နှစ်ခုပါ။ ဇာတ်ကားစပါပြီဆိုကတည်းက စိုးမြတ်သူဇာက ဗဟိန်းရဲ့ညီ ဗဆွေ(မင်းရာဇာ)ရဲ့ မိန်းမပါ။ ကလေးတစ်ယောက်အမေဆိုပါတော့။

အကောင်းကြီးမဟုတ်ရင်တောင် ကြည့်မယ်ဆိုရင် ကြည့်သင့်တဲ့ကားလို့ အားမပါတပါနဲ့ ဆိုချင်ပါတယ်။

(၃)
ဇာတ်ကားအမည် - ခွကျကျမင်္ဂလာည
ဝတ္ထု - ခင်စောမျိုး
ဇာတ်ညွှန်း - လှဝင်း (အေ၀မ်း)
ဒါရိုက်တာ - ခင်စောမျိုး (အဖေ့ပညာ)
သရုပ်ဆောင်များ - မင်းရာဇာ၊ ခိုင်သင်းကြည်၊ မေတ္တာ၊ ၀င်းနိုင်(အနုပညာ)၊ တိမ်ညွန့်၊ ဇင်မျိုး၊ မောင်မောင်မျိုးသန့်၊ ဒေါ်နွဲ့နွဲ့စန်း၊ တက္ကသိုလ်ဂွမ်းပုံ၊ မျိုးမျိုးခိုင်

ဇာတ်လမ်းအကျဉ်း
မင်္ဂလာဆောင်ပြီးပေမယ့် ကာလအတန်ကြာတဲ့အထိ လင်မယားအရာမမြောက်အောင် ယောက်ဖဖြစ်သူ အခြောက်က အကွက်ကျကျ စီစဉ်တာကို ခံကြရတဲ့ လူငယ်လင်မယားနှစ်ယောက်အကြောင်းပါ။

ဝေဖန်သုံးသပ်ချက်
ဘာမှကို မဝေဖန်ချင်ဘူး။ ဒါပေမယ့် ပြောတော့ပြောဦးမယ်။ သူတို့တောင် ရိုက်ပြထားရဲသေးတာပဲ။ ကျွန်တော်က ပိုက်ဆံလည်းအကုန်ခံရတယ်၊ အချိန်လည်းပေးခဲ့ရတယ်။ အဲဒါနဲ့တန်အောင်တော့ ပြန်ပြောပြရဦးမယ်။ ဒါမှ အခြားလူတွေ ကျွန်တော့်လို မခံရမှာ။

တစ်ကားလုံးမှာပါသမျှ သရုပ်ဆောင်အားလုံး မိုက်ရိုင်းတယ်။ ပြောတဲ့စကားအားလုံးက အောက်ပိုင်းမလွတ်ဘူး။ ဆိုးဝါးလိုက်တာဗျာ။ မြန်မာကားမှ ဟုတ်ရဲ့လားလို့ သံသယဖြစ်မိတယ်။

ဒေါ်နွဲ့နွဲ့စန်း၊ ဦးဝင်းနိုင်၊ ဦးတိမ်ညွန့်တို့ဟာ သူတို့အသက်အရွယ်ကိုမှ အားမနာဗျာ။ အဲဒီလိုစကားလုံးတွေ ပြောထွက်တာကို အံ့သြမိပါရဲ့။ ပိုက်ဆံရပြီးရောဆိုပြီး တွေ့ရာဇာတ်ကားကို ရိုက်နေရင်တော့ အလားအလာကောင်းလိမ့်မယ်လို့ မထင်မိကြောင်းပါ။

ဆင်ဆာချပေးလိုက်တဲ့လူတွေကလည်း ဘယ်လိုလုပ်ပြီး ချပေးလိုက်သလဲဆိုတာ နားမလည်နိုင်ဘူး။ မဟုတ်တဲ့ဟာတွေကျရင်တော့ ဆင်ဆာဖြတ်တယ်။ ဒီဇာတ်ကားကျတော့ ဘာတွေများ ရသပေး၊ သုတပေးလို့ ဆင်ဆာပေးလိုက်သလဲဆိုတာ မျက်နှာချင်းဆိုင် မေးလိုက်ချင်တယ်။

ဇာတ်လမ်းက ဘာမှအဓိပ္ပါယ်မရှိတဲ့ဇာတ်။ အဲဒီလိုအဖြစ်အပျက် အပြင်မှာ ရှိစရာအကြောင်းကို မရှိဘူး။ တကတဲ… မပြောလိုက်ချင်ဘူး။ အင်း…. မပြောချင်ဘူးဆိုတာ မပြောချင်ဘူးပေါ့ဗျာ။

ယောက်ဖက အခြောက်၊ မိန်းမက တောင်ငူပဲလှော်၊ ယောက္ခမဖြစ်သူက စကားဆယ်ခွန်းပြောရင် ရှစ်ခွန်းက အ၀ါရောင်၊ သူငယ်ချင်းတွေ (ယောက်ျားလေးရော၊ မိန်းကလေးရော)က ရှူဆေးဘူးတွေ၊ အင်း… ပြောရရင်တော့ အတော်ကြီးကို ပြောင်မြောက်တဲ့ ဂန္ထ၀င်ဇာတ်လမ်းတစ်ခုပါပဲ။

မင်းသားဆိုတဲ့ကောင်က ၀တ်ထားစားထားတာ ပုံမလာပန်းမလာ။ သရုပ်ဆောင်ရတဲ့ ဇာတ်ကောင်စရိုက်ကတစ်မျိုး၊ ၀တ်စားတာကတစ်မျိုး၊ ဒီကြားထဲ ဗိုက်ပေါ်အောင်က စတိုင်လ်ထုတ်ပြီး ၀တ်သေးတယ်။ သူ့ကိုယ်သူ အတော်လှတယ်ထင်နေလား မသိဘူး။

အားမနာတမ်းပြောရရင် အိမ်မှာငှားပြီး မောင်နဲ့နှမ၊ သားနဲ့အမိ ဘယ်လိုမှကို အတူတူကြည့်လို့မရတဲ့ ဇာတ်လမ်းပါ။ ကြည့်ပြီးတဲ့လူတွေက ဒါလေးများအဆန်းလုပ်လို့ဆိုပြီး မထူးဆန်းရင်လည်း ကျွန်တော်က အကဲပိုနေတယ်လို့ မှတ်လိုက်ပါ။

ဇာတ်ကားထဲမှာ သူတို့တွေပြောတဲ့ ဒိုင်ယာလော့ခ်တွေကို မှတ်မိသလောက် နမူနာပြောပြမယ်။ ဖတ်ကြည့်ပါလား။
- တော်က ဘာကိစ္စ တော်သလင်းထနေရတာလဲ။
- ဟဲ့သားရေ... အမေတော့ မနိုင်တော့ဘူး၊ မင်းညီမကို လာပြောဦး၊ ဒီမှာ တောင်ငူပဲလှော်ဖြစ်နေတယ်။
- သွားပါပြီအစ်ကိုရယ် ဒီညတော့ အလဟဿ ဖြစ်ပါပြီ။
- ထမင်းငါးပါးကန်စားထားတယ်၊ ကြက်ဥလည်းငါးလုံးတောင် သောက်ထားတယ်။ ကိုယ်အားရှိပါတယ်။
- ပစ္စည်းကအလတ်ကြီးရှိသေးတယ်။ တရိုတသေသုံးရင် တစ်သက်လုံး သုံးလို့ရသေးတယ်။
- မနေ့က ညည်းတို့မင်္ဂလာဦးညမလား၊ အဆင်ပြေလား၊ ပြောပြပါလားဟင်။
- အိပ်ရေးပျက်လို့လားမသိဘူး၊ မာတောင်နေတာပဲ၊ စမ်းကြည့်ပါလား။
ကဲ... တော်ပါပြီဗျာ။ "ယိုသူမရှက်၊ မြင်သူရှက်"ဆိုတဲ့ မြန်မာစကားပုံကို တီထွင်ခဲ့တဲ့လူကို သက်ရှိထင်ရှားသာ ရှိနေသေးရင် ပြေးပြီးကန်တော့လိုက်ချင်ပါရဲ့။

ကျွန်တော့်ညီမတွေ၊ သမီးတွေကိုဆိုရင်တော့ မကြည့်ဖို့လုံးဝကို တားမြစ်မယ့်ဇာတ်ကားပါ။

စာကြွင်း
အဆင်မပြေတာတွေများနေတဲ့အတွက် စာတွေထဲမှာ ဒေါသသံတွေ ပဲ့တင်ထပ်နေခဲ့ရင် တောင်းပန်ပါတယ်ဗျာ။ အခုတလော ဘယ်လိုဖြစ်နေသလဲမသိဘူး။ ကျွန်တော်ကပဲ တစ်ခုခုကို စိတ်အလိုမကျဖြစ်နေတာလား။ ကြည့်မိတဲ့ဇာတ်ကားတွေကကိုပဲ အသုံးမကျဖြစ်နေတာလား မသိတော့ပါဘူး။

ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၀၉ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက်၊ တနင်္ဂနွေနေ့။
နံနက် ၂ နာရီ ၃၀ မိနစ်တွင်ပြီး၏။

 
Web Statistics