ကျွန်တော့်အတွေးထဲက အဖြစ်အပျက်
"ချွတ်…ချွတ်…ချွတ်"
သူအသံပြုပြီး လှမ်းခေါ်ပေမယ့် လုံးဝကိုလှည့်မကြည့်။ မကြားတာလား။ ဒါလည်းမဟုတ်နိုင်။ အခြားလူတွေတောင် လှည့်ကြည့်ကြသေးတာပဲ။ ဒါဆို မကြားချင်ဟန်ဆောင်နေတာလား။ ငါခေါ်တာသိတဲ့အတွက် တမင်လှည့်မကြည့်တာလား။ သူထပ်ခေါ်လိုက်တယ်။
"ဟိတ်… ဟိတ်… ဒီမှာ"
ဒါလည်း လုံးဝမထူးခြား။ အခြားလူတွေကသာ သူတို့ကိုခေါ်သလားဆိုပြီး လှည့်ကြည့်ကြသေးသည်။ သူကတော့ လုံးဝကိုနဂိုအတိုင်း။ ပတ်ဝန်းကျင်ကို မေ့လျော့ထားတဲ့ပုံစံမျိုး။ ဘေးကလူတွေကအများကြီးထဲမှာ သူ့ကိုခေါ်တာ ဟုတ်ချင်မှ ဟုတ်မှာပါဆိုပြီး တွေးမိနေတာလည်း ဖြစ်ကောင်းဖြစ်နိုင်သည်။ ဒါမှမဟုတ် သူ့မှာ ကိစ္စတစ်ခု အရေးတကြီးရှိနေသဖြင့် အခြားတစ်ယောက်ယောက်ကို အချိန်ပေးဖို့ မဖြစ်နိုင်သဖြင့် အလောသုံးဆယ်ဖြစ်နေတာမျိုးလည်း ဖြစ်နိုင်သည်။ သို့မဟုတ် ဘယ်သူဘယ်ဝါဟု နာမည်မတပ်သဖြင့် နိုင်ငံကြီးသားကွဟူသော ဂုဏ်မာနဖြင့် စာအုပ်ကြီးဆန်တာလည်း ဖြစ်ချင်ဖြစ်နေမည်။
အို… မသိတော့ပါဘူး။ ထားလိုက်ပါတော့။ နောက်အေးအေးဆေးဆေးတွေ့မှပဲ နှုတ်ဆက်တော့မယ်။ ပြောစရာရှိတော ပြောတော့မယ်။ သူ့ကိုခေါ်တာတော့ အသေအချာပါပဲ။ ဒါပေမယ့် သူကလွဲရင် အခြားလူတွေက လှည့်လှည့်ကြည့်နေကြတာခက်တယ်။ သူတို့ကို ခေါ်တာမဟုတ်တဲ့အကြောင်း အားနာနာနဲ့ ပြုံးပြရ၊ ရယ်ပြရတာ ပါးစပ်တွေတောင် ညောင်းတယ်။ လိုတာတခြား၊ ရတာတခြားလို့ ဆိုရမယ်ထင်တယ်။
အပြင်က ကျွန်တော့်အဖြစ်အပျက်
ကျွန်တော့်အတွေးများဆိုပြီး ရေးထားတာလေးတွေက အတော်လေးများလာပါပြီ။ တချို့လည်း သဘောကျတယ်ဆိုပြီး ကျွန်တော့်ကို အဆင်းမှာဘီးတပ်ပေးကြတယ်။ အဲဒီလူတွေကတော့ ကိစ္စမရှိပါဘူး။ ကောင်းတယ်လို့ပြောတာပဲ။ ဘာပြဿနာရှိမှာလဲ။ ကြိုက်သလောက်ပြောစမ်းပါ။ မကျေနပ်ရင် လက်ဖက်ရည်ဆိုင်ထိုင်ရင်း၊ ဘီယာဆိုင်ထိုင်ရင်း၊ အသုပ်ဆိုင်ထိုင်ရင်း၊ ချတ်တင်းပြောရင်း ကြုံတဲ့အပေါင်းအသင်းတွေကို ကိုဉာဏ်ရေးထားတာတွေ ကောင်းတယ်ကွဆိုပြီး ပြောဦး။ လုံးဝကို စိတ်မဆိုးဘူး စိတ်ချ။ အမှန်အတိုင်းပြောတာပဲဗျာ။ မဟုတ်ဘူးလား။
ခက်နေတာက သူငယ်ချင်းတစ်ယောက်က မနေ့ကလာပြောတယ်။ သူပြောတာတွေကိုတော့ မရေးတော့ပါဘူး။ တော်ကြာထပ်ပြီး အပြောခံနေရဦးမယ်။ ဖြစ်တာက ဒီလိုပါ။ ကျွန်တော်ရေးထားတဲ့စာတချို့ဟာ သူ့ကိုရည်ရွယ်ပြီး ရေးထားတယ်လို့ သူထင်နေတာပါပဲ။ ကျွန်တော့် စဉ်းစားမိတယ်။ ငါအခုအချိန်ထိ သူနဲ့ပတ်သက်ပြီး မရေးဖူးသေးပါဘူးလို့။ သူကျွန်တော့်ကို ပြောလိုက်ကတည်းက ကျွန်တော်ရေးထားတဲ့ ဘယ်အကြောင်းအရာကို ရည်ညွှန်းနေသလဲဆိုတာကို ကျွန်တော် ချက်ချင်းသိပါတယ်။ ကျွန်တော့်မှာ အားနာလိုက်တာလေ။ တကယ်ပြောတာပါ။
အပေါ်မှာကျွန်တော်ပြောပြခဲ့တဲ့ ဇာတ်လမ်းထဲကလိုမျိုး ကျွန်တော်ခေါ်တဲ့လူမဟုတ်တဲ့ မဆီမဆိုင်လူ (ကျွန်တော့်သူငယ်ချင်း)က လှည့်ကြည့်နေတော့ ဘာပြောရမှန်းမသိဘူး။ အပေါ်ကဇာတ်လမ်းမှာ ပြောစရာတွေ ရှိနိုင်တယ်။ ချွတ်…ချွတ်…ချွတ် တို့၊ ဟိတ်… ဟိတ်… ဒီမှာ တို့မလုပ်ဘဲ နာမည်ခေါ်လိုက်ပေါ့လို့ စောဒကတက်နိုင်တယ်။ ဒါက ဘေးကအမြင်။ သူ့အမြင်နဲ့သူလည်း မှန်တာပဲလေ။ ဒါပေမယ့် ကာယကံရှင်အတွက်က အကြောင်းအမျိုးမျိုး ရှိပါလိမ့်မယ်။ နာမည်မေ့နေတာလည်း ဖြစ်နိုင်တယ်၊ ဒါမှမဟုတ် သတိရတဲ့ နာမည်ပြောင်လိုဟာမျိုးကို လူကြားထဲမှာ မခေါ်ချင်တာလည်း ဖြစ်ချင်ဖြစ်မယ်၊ ဒါမှမဟုတ် အခြေအနေနဲ့ အချိန်အခါအရ နာမည်တပ်ပြီး လှမ်းခေါ်လို့မကောင်းတာလည်း ဖြစ်နေနိုင်တယ်။
ကျွန်တော်ဘာကို ချက်ချင်း သတိရလိုက်မိသလဲဆိုတော့ ကွယ်လွန်သွားရှာပြီဖြစ်တဲ့ ကဗျာဆရာကြီး တင်မိုး စာပေဟောပြောပွဲတစ်ခုမှာ ဟောပြောခဲ့တဲ့ သူ့ကဗျာတစ်ပုဒ်ရဲ့ ရာဇ၀င်ကိုပါ။ သူက အင်လျားကန်စောင်းမှာ ညနေဖက်လေညင်းခံ လမ်းလျှောက်ရင်း မြင်နေရတဲ့ နေ၀င်ချိန်ကိုကြည့်ပြီး ခံစားရေးဖွဲ့လိုက်တဲ့ ကဗျာတိုလေးပါ။ အဲဒီကဗျာကိုပဲ တစ်ယောက်တစ်မျိုးစီ အဓိပ္ပါယ်တွေ ဖွင့်လိုက်ကြတာ သူကအမှန်အတိုင်း ရှင်းပြတာတောင်မှပဲ လက်မခံကြတော့ဘူးတဲ့။ သူတို့တွေနားလည်တဲ့ အဓိပ္ပါယ်ကို ဆရာတင်မိုး ရေးခဲ့တာပါလို့ အတင်းအကြပ်ကို အနက်ပြန်ကြသတဲ့။ ဆရာတင်မိုးခမြာ ကိုယ်ရေးတဲ့ကဗျာကိုတောင် ဘယ်လိုကဗျာပါလိမ့်ဆိုပြီး ကိုယ့်ဘာသာကိုယ်ပြန်ပြီး ဇဝေဇ၀ါဖြစ်ခဲ့ရသတဲ့။ ဒါပေမယ့် အခြေအနေအချိန်အခါတစ်ခု ကြုံကြိုက်လာတဲ့အခါမှာတော့ စောစောက သူမဟုတ်တဲ့ အခြားလူတွေ ခံစားနားလည်ခဲ့တဲ့အဓိပ္ပါယ်မျိုး သူ့ရင်မှာ စူးစူးနစ်နစ်နဲ့ကို ဖြစ်သွားရပါသတဲ့။ အဲဒီကဗျာလေးက ဒီလိုပါ-
ဆေးလိပ်လည်းတို
နေလည်းညိုပြီ
ငါ့ကို ပြန်ပို့ကြပါလေ…
ကဲပါ… ပြောချင်တာကတော့။ ကျွန်တော်ခေါ်တာက တစ်ခြားတစ်ယောက်ပါ။ အခြေအနေ အကြောင်းကြောင်းတွေကြောင့် နာမည်လည်းခေါ်လို့မရ၊ လူကိုလည်း လက်လိုက်ဆွဲလို့ မရတာမို့ ဒီအတိုင်းပဲ ပါးစပ်ကနေအသံလေးပေး၊ ချွတ်ချွတ်တို့၊ ဟိတ်ဟိတ်တို့ ခေါ်နေရတာပါ။ မဆိုင်တဲ့လူတွေက လှည့်လှည့်ကြည့်နေတော့ နေရခက်လိုက်တာဗျာ။ မျက်နှာချိုလေးသွေးပြီး ရယ်ပြလိုက်၊ ပြုံးပြလိုက် လုပ်ရတာ ပင်ပန်းတယ်ဗျ။
သြော်… ဒါနဲ့။ တစ်ခါတစ်လေတော့ နာမည်ခေါ်စရာမလိုဘဲ အသံပြုရုံနဲ့ ကိုယ်ခေါ်တဲ့လူက လှည့်ကြည့်တတ်တာမျိုးလည်း ရှိတယ်ဗျလို့ ဇာတ်လမ်းထဲကကောင်က ၀မ်းသာအားရ ကျွန်တော့်ကို လာပြောသွားသေးသဗျ။ အဲဒီလိုဆိုတော့လည်း ပျော်စရာပေါ့ဗျာ။
ဘာပဲပြောပြော ကျွန်တော်ခေါ်တိုင်း လှည့်ကြည့်ပေးတဲ့ ဆိုင်တဲ့လူတွေရော၊ မဆိုင်တဲ့လူတွေရောကို ကျေးဇူးတင်လျက်ပါ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၀၉ ခုနှစ် နိုဝင်ဘာလ ၂၄ ရက်၊ အင်္ဂါနေ့။
နံနက် ၂ နာရီ ၂၁ မိနစ်တွင်ပြီး၏။
No comments:
Post a Comment