Showing posts with label သတင်း-News. Show all posts
Showing posts with label သတင်း-News. Show all posts

Sunday, March 29, 2015

ရင်နာစေတဲ့ ဓာတ်ပုံတစ်ပုံ



အသက် ၄ နှစ် အရွယ်သာရှိသေးတဲ့ ဆီးရီးယားကလေးငယ်တစ်ဦးပါ။ ဓာတ်ပုံသတင်းထောက်တစ်ဦးက သူ့ကို ဓာတ်ပုံရိုက်ဖို့အတွက် အနားကပ်သွားပြီး ကင်မရာနဲ့ ချိန်လိုက်တဲ့အခါ အခုဓာတ်ပုံထဲမှာ မြင်ရတဲ့အတိုင်း သူ့လက်ကလေးတွေကို ခေါင်းပေါ်တင်ပြီး လက်မြောက်လိုက်ပါတယ်တဲ့။ သူ့စိတ်ထဲမှာ ကင်မရာကို လက်နက်တစ်ခုခုလို့ ထင်မှတ်သွားပုံရပါတယ်။ နေ့စဉ်နဲ့အမျှ သေနတ်သံ ဗုံးသံတွေကြားမှာ ရှင်သန်ကြီးပြင်း နေထိုင်နေရတဲ့ ကလေးငယ်တစ်ဦးရဲ့ စိတ်ထဲမှာ ဘာတွေများ ခံစားနေရပါလိမ့်။ သူ့ကိုချိန်ထားတဲ့ ကင်မရာကို သေနတ်ထင်မှတ်ပြီး သူ့ကို နာကျင်အောင်မလုပ်ဖို့၊ မပစ်ဖို့၊ မသတ်ဖို့ တောင်းပန်တိုးလျှိုး အညံ့ခံနေတဲ့ အသနားခံနေတဲ့ မျက်ဝန်းလေးတွေကို မြင်ရတာ ကျွန်တော်တို့ရင်ကို နာကျင်စေပါတယ်။ စစ်ပွဲတွေကြောင့် အပြစ်မဲ့တဲ့ ဖြူစင်တဲ့ ကလေးငယ်ပေါင်း ဘယ်လောက်များများ အခုလိုမျိုး ခံစားနေကြရသလဲဆိုတာ ကျွန်တော်တို့တွေ စဉ်းစားသင့်ကြပါပြီ။ လူလားမမြောက်သေးတဲ့ ကလေးငယ်တွေရဲ့ စိတ်ထဲမှာ အနာတရ ဖြစ်နေတာ၊ အရာရာကို မလုံခြုံဘူးလို့ ခံစားနေရတာတွေဟာ ကျွန်တော်တို့ လူ့လောကကြီးအတွက် ကောင်းမွန်တဲ့အရာ မဟုတ်ဘူးလို့ ထင်မြင်မိပါတယ်။ ကမ္ဘာပေါ်က စစ်ပွဲတွေ လျှော့ပါးပါစေ၊ ပပျောက်ပါစေ....။ ကလေးငယ်လေးတွေအားလုံး လွတ်လွတ်လပ်လပ် အေးအေးချမ်းချမ်း ပျော်ပျော်ရွှင်ရွှင်နဲ့ ရှင်သန်ကြီးထွားနိုင်ကြပါစေ။

Thursday, February 06, 2014

Unity ဂျာနယ်နှင့် လက်ရှိအခြေအနေ


ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာမှာ ဖော်ပြထားတဲ့ သတင်းပါ။


Saturday, December 07, 2013

Nelson Mendela (18 July 1918 - 5 December 2013)



၂၀၁၃ ခုနှစ် ဒီဇင်ဘာလ ၅ ရက်နေ့မှာ တောင်ဖရိကဆိုတဲ့ နိုင်ငံလေးတစ်ခုက ကမ္ဘာသိ ကြယ်ပွင့်တစ်ခု ကြွေလွင့်သွားခဲ့ပါပြီ။ နယ်လ်ဆင်မန်ဒဲလား ဆိုတဲ့ ကြယ်ပွင့်ကြီးတစ်ခုပါ။ ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် အမှတ်သင်္ကေတ တစ်ခုအဖြစ် တင်စားသတ်မှတ် ခံခဲ့ရတဲ့ သူ့ရဲ့လုပ်ဆောင်ချက်၊ ရပ်တည်ချက်၊ ခံယူချက်တွေကို ကမ္ဘာ့လူသားတွေရဲ့ ရင်ထဲမှာ ကိန်းခိုနေခဲ့အောင် သူစွမ်းဆောင်ခဲ့ပါပြီ။ လူသားတစ်ဦးအဖြစ် ရောက်လာခဲ့ချိန်ခဏ သူ့နိုင်ငံ၊ သူ့လူမျိုးတွေ အတွက်သာမက ကမ္ဘာလောကကြီးအတွက်ပါ အကျိုးများစေခဲ့သူတစ်ဦးအဖြစ် လေးစားအားကျပါတယ်။ လူတိုင်း မလွန်ဆန်နိုင်တဲ့လမ်းကို သွားခဲ့ပြီမှန်း သိပေမယ့်လည်း ချစ်တဲ့ခင်တဲ့ လူတွေနဲ့ထပ်တူ ၀မ်းနည်းမိကြောင်း ပြောပါရစေ။ သွားနှင့်ဦးတော့ မန်ဒဲလား။

Monday, October 07, 2013

ပြောပြန်ရင်လည်း ကိုဉာဏ်လွန်ရာကျဦးမယ်


(က)
မူလတန်းကလေးတွေပါတဲ့ ဆန္ဒဖော်ထုတ်မှုတစ်ခု ရန်ကုန်မြို့က မဟာဗန္ဓုလပန်းခြံဘေးမှာ လုပ်ခဲ့တယ်တဲ့။ မူလတန်းကလေးတွေကို ဘာဖြစ်လို့ နိုင်ငံရေးဇာတ် သွင်းနေကြတာလဲ။ ဒီအရွယ်၊ ဒီအချိန်ဟာ ကျောင်းစာသင်ခန်းတွေထဲမှာ သူငယ်ချင်းတွေနဲ့အတူ စာသင်ကြားနေကြရမှာ မဟုတ်ဘူးလား။ ဘာဖြစ်လို့ ကိုယ့်ဘာသာကိုယ် လုပ်တဲ့အလုပ်မှာ ကလေးတွေကို ခုတုံးလုပ်ချင်ရတာလဲ၊ ကာဗာလုပ်ချင်ရတာလဲ။ စီစဉ်တဲ့လူတွေ၊ ခွင့်ပြုတဲ့မိဘတွေကို သေဒဏ်သာ ပေးလိုက်ချင်တော့တာပဲ။


(ခ)
ပြည်ခိုင်ဖြိုးပါတီက ဖွဲ့စည်းပုံအခြေခံဥပဒေ အသစ်ပြင်ဆင်ရေးဆွဲရေးနဲ့ပတ်သက်ပြီး အန္တရာယ်များနိုင်တယ်လို့ သဘောထားကြေညာချက် ထုတ်ပြန်တာဟာ တစ်ဖက်လှည့်နဲ့ ခြိမ်းခြောက်လိုက်တာပဲလို့ ဝေဖန်နေကြတယ်။ ဟ.... နိုင်ငံရေးကိစ္စရပ်တစ်ခုကို နိုင်ငံရေးပါတီတစ်ခုက ကြေညာချက်ထုတ်တာ ဘာထူးဆန်းလို့လဲကွ။ NLD ပါတီဆိုရင် တရားဝင်ပါတီအဖြစ်ကနေ ရပ်စဲထားခြင်းခံရတဲ့ အချိန်မှာတောင် မြန်မာ့နိုင်ငံရေးနဲ့ ပတ်သက်ပြီး တစ်ခုပြီးတစ်ခု စာရွက်တွေ ထုတ်နေခဲ့တာပဲ မဟုတ်ဘူးလား ဘယ်သူကမှလည်း အရေးတယူမရှိ၊ ဘယ်သူမှလည်း စိတ်မ၀င်စား၊ ဘာအကျိုးသက်ရောက်မှုမှလည်း မရှိဘဲနဲ့ ထုတ်ခဲ့ကြတာပါ။ အခုဟာက လက်ရှိ ရေပန်းအစားဆုံး ကိစ္စရပ်တစ်ခုအပေါ်မှာ တရားဝင်နိုင်ငံရေးပါတီ (ပြောရရင်တော့ အာဏာရပါတီ)က ကြေညာချက်ထုတ်တာကို ဘာဖြစ်လို့များ ရှဥ့်အ၀ှာ အနာလုပ်နေကြသလဲလို့ တွေးလို့မရကြောင်းပါ။

(ဂ)
ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်လည်ပြင်ဆင်မလား၊ အသစ်ရေးဆွဲမလား ဆိုတာနဲ့ပတ်သက်ပြီး ဆန္ဒမဲကောက်ခံရာမှာ ပြန်လည်ပြင်ဆင်ဖို့ သဘောတူထောက်ခံခဲ့ကြတယ်တဲ့။ အဲဒီအထိ ဘာမှမထူးခြားသေးဘူး။ ထူးခြားတာက ဒီလိုဒီလို။ ဖွဲ့စည်းပုံပြင်ဖို့ ဆန္ဒကောက်ခံမှုကို ပြန်ပြင်ဖို့ ထောက်ခံတယ်ဆိုတာက ဘားအံခရိုင်ပါ။ တက်လာတဲ့လူ ၃၀၀ လောက်ကို လက်ထောင်ခိုင်းရာမှာ ၉၀ ရာခိုင်နှုန်းလောက်က လက်ညှိုးထောင်တဲ့အတွက် ဘားအံခရိုင်က ထောက်ခံတယ်လို့ ဆုံးဖြတ်လိုက်ကြတာတဲ့။ ဘုရား... ဘုရား...။ လူ ၃၀၀ လောက်က ဘားအံခရိုင်တစ်ခုလုံးကို ကိုယ်စားပြုတယ်ဆိုပြီး အတည်ပြုလိုက်ကြသတဲ့လား။ အိုဘယ့် ကိုရွှေခမောက်တို့။ ရွှေဉာဏ်တော် ကြီးလှပါတယ်ဗျာ။ တကယ့်ကို လိုက်မမီလောက်အောင် အတွေးအခေါ် မြင့်မားကြပါပေတယ်။ အဲဒီလိုလူမျိုးတွေ မြန်မာပြည်မှာ အာဏာရစေချင်ပါတယ်။ အဲဒါမှလည်း တိုးတက်လာမှာ၊ ဖွံ့ဖြိုးလာမှာ၊ ခေတ်မီလာမှာ မဟုတ်ပါလား။ အပေါ်က သတင်းတွေက ကျွန်တော်လုပ်ကြံပြီး ရေးထားတာမဟုတ်ဘူး။ RFA မှာ ရေးထားတဲ့ဟာတွေ။ အဲဒီအကြောင်းအရာတွေကို ဖြေတဲ့လူက ဘားအံခရိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးသန်းနိုင် ပါတဲ့။ မကျေလည်ရင် သူ့ကိုသာ ဆက်သွယ်ပြီး ရှင်းကြပေရော့။

(ဃ)
ရခိုင်ပါတီ ၂ ခုပေါင်းပြီး ပါတီသစ်တစ်ခု ဖွဲ့စည်းလိုက်တယ်တဲ့။ အဲဒီအထိ ပြဿနာမရှိဘူး။ စိတ်ဝင်စားတာက ပါတီကသာ တစ်ခုတည်းဖြစ်သွားတယ်။ ခေါင်းဆောင်ကိုလည်း ၂ ဦး ရွေးချယ်လိုက်ကြသတဲ့။ အံ့သြလိုက်တာမှ သေတောင်သေသွားနိုင်တယ်။ ဘာတဲ့... ပထမခေါင်းဆောင်နဲ့ ဒုတိယခေါင်းဆောင်တဲ့။ အတော်ရယ်ရတဲ့လူတွေ....။ ဘာဖြစ်လဲဗျာ... တစ်ပါတီတည်းပဲဟာ၊ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ စသဖြင့်ပေါ့၊ ဒါမှမဟုတ် တစ်ဦးက နာယက၊ တစ်ဦးက ဥက္ကဋ္ဌပေါ့။ အခုတော့ ဘယ့်နှယ် ခေါင်းဆောင်နှစ်ဦးရယ်လို့။ လေ့လာစရာ၊ လိုက်မေးစရာ မလိုပါဘူးဗျာ။ ခင်ဗျားတို့ဟာက ပါတီနာမည်ကသာ တစ်ခုတည်းဖြစ်သွားတာ၊ ပါတီကတော့ နှစ်ခုပဲမလား။ ကိုယ့်ပါတီဝင် ကိုယ့်ဘာသာကိုယ် ကွပ်ကဲကြမှာပဲမလား။ ကိုယ့်အချင်းချင်းတောင် မညီညွတ်နိုင်တာ အခြားတိုင်းရင်းသားတွေနဲ့ ညီညွတ်အောင် လုပ်ချင်နေတာကတော့ နည်းနည်းများ ဟာသဖြစ်မနေဘူးလား။ ပါတီနှစ်ခုပေါင်းပြီး ဖွဲ့တာဖြစ်တဲ့အတွက် မင်းလည်း တစ်ကျပ်၊ ငါလည်း တစ်ကျပ် ဆိုတဲ့မူနဲ့ လုပ်ကြတာဆိုရင်တော့ ဒင်းတို့သာ အာဏာရပါတီဖြစ်ရင် သမ္မတ(၁)၊ သမ္မတ(၂) ဆိုပြီး ရာထူးအသစ်တွေကို ဖွဲ့စည်းပုံထဲ ပြင်ကြဦးမလား မသိပါဘူးဗျာ။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၃ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်၊ တနင်္လာနေ့။
နံနက် ၂ နာရီ ၂၂ မိနစ်တွင်ပြီး၏။

Thursday, September 05, 2013

ကျွန်တော်တွေးမြင်သမျှ ဆီးရီးယားအကြောင်း


ခင်မင်တဲ့ သူငယ်ချင်းအချို့ တိုက်တွန်းတဲ့အတွက် ဒီပို့စ်ကို ရေးသားရခြင်းဖြစ်ကြောင်း ဦးစွာဝန်ခံလိုပါသည်။ နိုင်ငံတကာသတင်းများကို အင်တာနက်ရှိ မြန်မာစာမျက်နှာ အများစု၌ ဖတ်ရှုနိုင်သည်ဖြစ်ရာ အများအားဖြင့် ရေးသားလေ့မရှိပါ။ သို့သော် သူငယ်ချင်းများမေးသည့် မေးခွန်းအချို့က ပို့စ်ရေးရန် လုံလောက်သည့် အကြောင်းပြချက် ဖြစ်သည်ဟု ခံယူသဖြင့် ဤစာကို ရေးပါသည်။ သူငယ်ချင်းများ ကျေနပ်ကြပါကုန်။ :D

ပြီးခဲ့တဲ့လအတွင်း ဆီးရီးယားအစိုးရက အရပ်သားတွေကို ဓာတုလက်နက်တွေ အသုံးပြုပြီး တိုက်ခိုက်ခဲ့တယ်လို့ အနောက်နိုင်ငံတွေက စွပ်စွဲကြတယ်။ နိုင်ငံတကာ မီဒီယာတွေမှာလည်း အဲဒါနဲ့ ပတ်သက်တဲ့ ပြကွက်တွေကို ထပ်ခါထပ်ခါ ထုတ်လွှင့်ပြသတယ်။ ကိုယ်လိုရာကို ဆွဲနိုင်ဖို့အတွက် ပြလို့ကောင်းမယ့် အခင်းအကျင်းတွေကို ရွေးချယ်ပြသတတ်တာ အနောက်မီဒီယာတွေရဲ့ ကျွမ်းကျင်မှုပါပဲ။ ကလေးတွေ ငိုယိုပြီး ပြေးလွှားနေတာ၊ ကလေးသူငယ်တွေ အတုံးအရုံး ဆန့်ငင်ဆန့်ငင် ဖြစ်နေကြတာ၊ ဒဏ်ရာရတဲ့ လူတွေထဲကမှ သွေးတရွှဲရွှဲနဲ့လူတွေကို ဟိုချီဒီထမ်းလုပ်ပြီး ပြေးလွှားကြတာ စသည်ဖြင့်ပေါ့။

အမေရိကန်အစိုးရက အာဆတ်အစိုးရကို စစ်ရေးအရ အပြစ်ပေးမှ ရတော့မယ်လို့ သုံးသပ်တယ်။ ဓာတုလက်နက်တွေ သုံးတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ပေါ့။ အီရတ်အဖြစ်အပျက်ကို တကျော့ပြန် တွေးမိသွားစေတယ်။ အဲဒီတုန်းကလည်း သတင်းအတိအကျ ပြောတာပါပဲ။ ဖျက်အားပြင်း အစုလိုက် အပြုံလိုက် သေစေနိုင်တဲ့ လက်နက်တွေ အီရတ်နိုင်ငံ ဘယ်နေရာမှာ ရှိတယ်ဆိုပြီးတော့ပေါ့။

ဗြိတိန်ဝန်ကြီးချုပ်က အမေရိကန်နဲ့အတူ စစ်တိုက်ချင်တယ်။ ဒါပေမယ့် လွှတ်တော်မှာ မဲခွဲတော့ ၀န်ကြီးချုပ် ရှုံးသွားတယ်။ အဲဒီအတွက် ဆီးရီးယားကိုတိုက်ရင် ဗြိတိန် မပါနိုင်တော့ဘူး။ ၀န်ကြီးချုပ် ကင်မရွန်း အတော်ကြီးကို အထိနာသွားတယ်။ လူငယ်ပြော ပြောရရင် အောက်သွားတယ်ပေါ့ဗျာ။ ဗြိတိန်ကာကွယ်ရေး ၀န်ကြီးကလည်း စစ်တိုက်မယ့်ကိစ္စကို လွှတ်တော်ကို တင်ရမလားဆိုပြီး ကင်မရွန်းကို အတော်ဖုသွားတယ်။

ဗြိတိန်က အဲဒီလိုဖြစ်သွားတော့ အိုဘားမား တစ်ချက်တွေသွားတယ်။ အမေရိကန်နိုင်ငံရဲ့ အခြေခံဥပဒေအရ ကွန်ဂရက်က သဘောတူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ သမ္မတမှာ စစ်တိုက်ခွင့် ရှိတယ်။ ဒါပေမယ့် အိုဘားမားက နိုင်ငံရေးပါးဝတယ်။ နိုင်ငံတကာကလည်း မထောက်ခံ၊ သူ့နိုင်ငံကလည်း မထောက်ခံတာမျိုး အဖြစ်မခံဘူး။ နိုင်ငံတကာပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ သူကတော့ တိုက်မှာပဲ၊ တိုက်မှာပဲ ဆိုပြီးတော့ ဆုံးဖြတ်ထားပြီးသား။ ခက်တာက ဆီးရီးယားဘက်ကနေ ရုရှားက အပြည့်အ၀ ရှိနေတာပဲ။ အဲဒီပြဿနာက အရေးအကြီးဆုံး။ အခြေအနေက ထိလွယ်ရှလွယ်။ အဲဒီတော့ ကွန်ဂရက်ရဲ့ ထောက်ခံချက်နဲ့ တိုက်ပါတယ်ဆိုတဲ့ အခြေအနေမျိုးရောက်အောင် အိုဘားမား ပြင်ဆင်တယ်။

ရုရှားသမ္မတ ပူတင်ကတော့ ပြတ်သားတယ်။ ဆီးရီးယားကို စစ်ရေးအရ ဖြေရှင်းမှာကို သူမလိုလားဘူး။ အထူးသဖြင့် ဓာတုလက်နက်တွေ အသုံးပြုတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို သူက လုံးဝလက်မခံဘူး။ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေး အဖွဲ့တွေရဲ့ တွေ့ရှိချက်တောင် ထွက်မလာသေးဘဲ အမေရိကန်တွေက အတိအကျ ပြောနေကြတာကို ပူတင်က ဟာသလုပ်တယ်။ ပူတင်ကတော့ ပြတ်ပြတ်သားသားပဲ အမေရိကန်က စစ်ရေးအရ တိုက်မှာကို လုံးဝသဘောမတူဘူး။ ဒါပဲ။

အမေရိကန်နဲ့အတူ စစ်တိုက်ချင်တဲ့ ပြင်သစ်ကြီးလည်း လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ရဦးမယ်။ ဘယ်လိုရလဒ် ထွက်လာမယ်ဆိုတာ စိတ်ဝင်စားစရာကောင်းတယ်။ ကျွန်တော့်အထင်တော့ ပြင်သစ်လွှတ်တော်ကလည်း သဘောတူလိမ့်မယ် မထင်ဘူး။ နောက်ဆုံးသိရသမျှကတော့ ပြင်သစ်လွှတ်တော်ဟာ အမေရိကန် ကွန်ဂရက်ရဲ့ ဆီးရီးယားအရေး ဆုံးဖြတ်ချက် အပြီးအပြတ် မထွက်မလာမချင်း သူတို့ရဲ့ မဲခွဲဆုံးဖြတ်မှုကို ဆိုင်းငံ့ထားတယ် ဆိုတာပါပဲ။

ဂျာမနီက အဓိပတိကြီးကလည်း ဆီးရီးယားကိစ္စမှာ ၀င်မပါဘူးလို့ ဒဲ့ပြောတယ်။ လာမယ့်ရွေးကောက်ပွဲမှာ သူနဲ့ ယှဉ်ပြိုင်ရမယ့် အဓိကပြိုင်ဘက်ကလည်း တစ်ထပ်တည်းပဲ။ အဲဒီတော့ ဂျာမနီကလည်း အမေရိကန် လုပ်ချင်ရင် ကြိုက်တာလုပ် သူတို့တော့မပါဘူးပေါ့။

အမြဲတမ်းပုလင်းတူဗူးစို့ ဖြစ်ခဲ့တဲ့လူတွေတောင် အဲဒီလို ဖြစ်နေကြတာ အခြားနိုင်ငံတွေကတော့ ပြောမနေနဲ့တော့။

ကျွန်တော်ဖတ်မိတဲ့ သတင်းတွေထဲက သြစတြေးလျ အတိုက်အခံခေါင်းဆောင် Tony Abbott ပြောတာလေးကို သိပ်သဘောကျတယ်။ သူပြောတာလေးကို ဖတ်ကြည့်ပါဦး။
The Syria conflict is not goodies versus baddies, it is baddies versus baddies.

ကဲ... ဖတ်မိသမျှ ဆီးရီးယားသတင်းတွေကို ပြောပြီးပြီဆိုတော့ ကျွန်တော့်ကို မေးထားတဲ့ အကြောင်းအရာတွေကို ပြောပါရစေ။

ပထမဆုံးမေးခွန်းဖြစ်တဲ့ အမေရိကန်က ဘာဖြစ်လို့ ဆီးရီးယားကို စစ်တိုက်ချင်ရတာလဲ။
ကျွန်တော့်အမြင်ဖြစ်ကြောင်း ဦးစွာတင်ပြလိုပါသည်။ ဟုတ်ကဲ့... အိုဘားမား အစိုးရရဲ့ နိုင်ငံရေးလှည့်ကွက် တစ်ခုအဖြစ် အသုံးချချင်တဲ့အတွက် ဆီးရီးယားဟာ မြေစာပင်ဖြစ်တော့မယ်လို့ ကျွန်တော်ကိုဉာဏ် သုံးသပ်ပါတယ်။ ဘာကြောင့်လဲဆိုတာကို ကျွန်တော်တို့နိုင်ငံမှာ ဖြစ်ခဲ့ဖူးတဲ့၊ အခြားနိုင်ငံတွေမှာလည်း ဖြစ်ခဲ့ဖူးတဲ့ ဖြစ်စဉ်ဖြစ်ရပ်တွေကို နှိုင်းယှဉ်ချိန်ထိုးပြီး စဉ်းစားမိတာမို့ပါ။ အခုအချိန်မှာ အားလုံးဟာ ဆီးရီးယားအရေးနဲ့ နပန်းလုံးနေကြပါတယ်။ အမေရိကန်အစိုးရ အထူးသဖြင့် အိုဘားမား လိုချင်တာလည်း ဒီအချက်ပါပဲ။ ဆီးရီးယားအပေါ်ကို အားလုံးက အာရုံရောက်နေမှသာ အမေရိကန်အပေါ် ကျရောက်နေတဲ့ ဖိအားတွေ သက်သာမှာဖြစ်ပါတယ်။ တစ်နည်းပြောရရင် ဒါဟာ နိုင်ငံရေးလမ်းလွှဲနည်း တစ်ခုပါပဲ။ သာမန်အချိန်မှာသာဆိုရင် ကုလသမဂ္ဂကိုတောင် အမေရိကန်အစိုးရက အလစ်မပေးဘဲ အချက်အလက်တွေ ခိုးယူခဲ့တယ်၊ သူလျှိုလုပ်ခဲ့တယ်ဆိုတဲ့ ကိစ္စရပ်ဟာ တကယ့်ကို ဟိုးလေးတကြော် အရှက်ကွဲမယ့် အဖြစ်ရယ်ပါ။ ထို့အတူပဲ ဥရောပသမဂ္ဂ၊ ဥရောပနိုင်ငံတွေ၊ အမေရိကန်နဲ့ လည်ပင်းဖက်ပြီး ပေါင်းနေကြတဲ့ မဟာမိတ်နိုင်ငံတွေ၊ တောင်အမေရိကတိုက်က စီးပွားဖက်နိုင်ငံတွေ စတဲ့စတဲ့ နိုင်ငံအကုန်လုံးကို အမေရိကန် ထောက်လှမ်းရေးအေဂျင်စီတွေက အချက်အလက်တွေ ခိုးယူစုဆောင်းခဲ့တယ်၊ သူလျှိုလုပ်ခဲ့တယ်ဆိုတာ ဘယ်လောက်များ ကြီးမားလိုက်တဲ့ ဖိအားလည်းဆိုတာ စဉ်းစားသာကြည့်ပါတော့။ ပိုဆိုးတာက NSA ရဲ့ လုပ်ရပ်တွေကို သမ္မတအိုဘားမားကိုယ်တိုင် သိရှိနေခဲ့တာပဲ ဖြစ်ပါတယ်။ သိလျက်နဲ့ မတားခဲ့တာဆိုတော့ ရှင်းရှင်းပြောရရင် သူကိုယ်တိုင် အဲဒီလို လုပ်တာကို လိုလားတယ်၊ အားပေးတယ်၊ သဘောတူတယ်ပေါ့ဗျာ။ ဒီအတွက် အမေရိကန်ကို အားကိုးကြတဲ့၊ အမေရိကန်နဲ့ ပူးပေါင်းကြတဲ့ နိုင်ငံတွေအနေနဲ့ ဘယ်လောက်များ အခံရခက်မလဲ၊ ဘယ်လောက်များ ဒေါသထွက်မလဲ ရှင်းပြစရာ လိုမယ်မထင်ပါဘူး။ အဲဒီလို ဖိအားတွေ ရှိနေချိန်မှာ အချိန်ကိုက်ဆိုသလိုပဲ ဆီးရီးယားမှာ ဓာတုလက်နက်တွေ သုံးတယ်ဆိုပြီး အစိုးရဘက်နဲ့ အတိုက်အခံဘက်က အပြန်အလှန် စွပ်စွဲပြစ်တင်တာတွေ လုပ်လာကြတယ်။ သတင်းစထွက်တာက အတိုက်အခံတွေ ဓာတုလက်နက် သုံးတယ်ဆိုတဲ့ အထောက်အထား တွေ့ရတယ်ဆိုတာပါ။ နောက်ပိုင်းမှာ အမေရိကန်ဝင်ပါလာပြီး အာဆတ်အစိုးရဘက်က ဓာတုလက်နက်နဲ့ နှိမ်နင်းတယ်တွေ ဖြစ်လာတယ်။ ဒီလောက်ဆိုရင် အိုဘားမားအစိုးရရဲ့ ဆီးရီးယားကို တိုက်ချင်တဲ့ရည်ရွယ်ချက်နဲ့ ပတ်သက်တဲ့ ကျွန်တော့်အမြင်ကို ဆ၀ါးနိုင်မယ်လို့ ထင်ပါတယ်။

အမေရိကန်အထက်လွှတ်တော်က ဆီးရီးယားကိုတိုက်ဖို့ သဘောတူလိုက်ပြီဆိုတာ ဟုတ်သလားဆိုတဲ့ ဒုတိယမေးခွန်းနဲ့ ပတ်သက်ပြီး ပြောချင်ပါတယ်။
နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီဟာ ဆီးရီးယားကို စစ်တိုက်မယ့် ကိစ္စနဲ့ ပတ်သက်ပြီး လွှတ်တော်ရဲ့ ကြားနာမှုကို ဖြေရှင်းခဲ့ရပါတယ်။ လွှတ်တော်ကလည်း ပြင်းပြင်းထန်ထန်ပဲ စစ်ဆေးမေးမြန်းတာတွေ၊ ကန့်ကွက်တာတွေ လုပ်ပါတယ်။ ဒါပေမယ့် အိုဘားမားရဲ့ မဖြစ်မနေ စစ်တိုက်ချင်စိတ်ဟာ သူတို့သဘောမတူလည်း တိုက်တော့မယ်ဆိုတာ သိနေပုံပါပဲ။ အဲဒီတော့ အဓိကပါတီကြီး နှစ်ခုလုံးက ကိုယ်စားလှယ်တွေက ဆီးရီးယားကို စစ်တိုက်လို့ရမယ့် ဥပဒေကြမ်းတစ်ခုကို ရေးဆွဲကြပါတယ်။ ဥပဒေကြမ်းရ အမေရိကန်အနေနဲ့ ဆီးရီးယားကို စစ်တိုက်မယ်ဆိုရင် မြေပြင်တပ်တွေနဲ့ တိုက်ခွင့်မရှိပါဘူး။ သဘောကတော့ ဆီးရီးယားနိုင်ငံပိုင်နက်ထဲကို အမေရိကန်တပ်ဖွဲ့တွေ ၀င်ရောက်တပ်စွဲတာတွေ၊ ၀င်ရောက်တိုက်ခိုက်တာတွေ လုပ်လို့မရဘူးလို့ နားလည်ရပါတယ်။ ပြီးတော့ ရက် ၉၀ အတွင်း တိုက်ရမယ်လို့ ကန့်သတ်ထားတယ်လို့လည်း သတင်းတွေမှာ ဖတ်ရပါတယ်။ အဲဒီဥပဒေကြမ်းဟာ ဘယ်လို ဖြစ်လာဦးမလဲဆိုတာ စောင့်ကြည့်ရပါမယ်။

တတိယမေးခွန်းက စိတ်ဝင်စားစရာပါ။ မေးလည်းမေးသင့်ပါတယ်။ ဖြေလည်းဖြေချင်ပါတယ်။ မြန်မာနိုင်ငံကရော အဲဒီလို စစ်တိုက်ချင်ရင် တိုက်လို့မရဘူးလားတဲ့။ သမ္မတဦးသိန်းစိန်မှာ စစ်တိုက်နိုင်တဲ့ ပါဝါရှိသလားတဲ့။
ဒီနေရာမှာ ကျွန်တော်က ဖွဲ့စည်းပုံအခြေခံဥပဒေထဲက ပြဋ္ဌာန်းချက် ပုဒ်မ ၂ ခုကို ထုတ်နုတ်ပြီး တင်ပြချင်ပါတယ်။ စာဖတ်သူများပဲ စဉ်းစားသုံးသပ်ကြပါကုန်။
ပုဒ်မ ၄၂ (က) နိုင်ငံတော်သည် မည်သည့်နိုင်ငံကိုမျှ စတင်ကျူးကျော် တိုက်ခိုက်ခြင်းမပြု။
ပုဒ်မ ၂၁၃ (ဂ) နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက်ဖြင့်သာ စစ်ကြေညာနိုင်သည်၊ စစ်ပြေငြိမ်းနိုင်သည်။

အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၃ ခုနှစ်၊ စက်တင်ဘာလ ၅ ရက်၊ ကြာသပတေးနေ့။
မွန်းလွဲ ၁၂ နာရီ ၁၄ မိနစ်တွင်ပြီး၏။

Wednesday, September 04, 2013

ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီ


ပြည်ထောင်စုလွှတ်တော်
အမိန့်ကြော်ငြာစာအမှတ် (၄၁/၂၀၁၃)
နေပြည်တော်၊ ၁၃၇၅ ခုနှစ်၊ ၀ါဆိုလပြည့်ကျော် ၃ ရက်
(၂၀၁၃ ခုနှစ်၊ ဇူလိုင်လ ၂၅ ရက်)

ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၃၃၊ ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၂၉ နှင့် အမျိုးသားလွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၂၉ တို့နှင့်အညီ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့မှ ကိုယ်စားလှယ်ဦးရေ တူညီစွာ ပါဝင်သည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေးပူးပေါင်းကော်မတီ ကို အောက်ပါအတိုင်း ကော်မတီဝင် ၁၀၉ ဦးဖြင့် ဖွဲ့စည်းထားရှိပါသည် -

(၁) ဦးနန္ဒကျော်စွာ ဒုနာယက၊ ပြည်ထောင်စုလွှတ်တော် ဥက္ကဋ္ဌ
(၂) ဦးမြညိမ်း ဒုဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော် ဒုဥက္ကဋ္ဌ
(၃) သူရဦးအေးမြင့် ၀က်လက်မဲဆန္ဒနယ် အဖွဲ့ဝင်
(၄) ဦးသိန်းဇော် မြစ်ကြီးနားမဲဆန္ဒနယ် အဖွဲ့ဝင်
(၅) ဦးသိန်းဆွေ အမ်းမဲဆန္ဒနယ် အဖွဲ့ဝင်
(၆) သူရဦးအောင်ကို ကန်ပက်လက်မဲဆန္ဒနယ် အဖွဲ့ဝင်
(၇) ဦးစိုးနိုင် ဖျာပုံမဲဆန္ဒနယ် အဖွဲ့ဝင်
(၈) ဦးတီခွန်မြတ် ကွတ်ခိုင်မဲဆန္ဒနယ် အဖွဲ့ဝင်
(၉) ဦးခမိုင်မုန်ကွမ် (ခ) ခမိုင်တန် ဆွမ်ပရာဘွမ်မဲဆန္ဒနယ် အဖွဲ့ဝင်
(၁၀) ဦးစိုးရယ် ဒီမောဆိုမဲဆန္ဒနယ် အဖွဲ့ဝင်
(၁၁) ဦးစောထွဋ်ခေါင်လွင် ကြာအင်းဆိပ်ကြီးမဲဆန္ဒနယ် အဖွဲ့ဝင်
(၁၂) ဦးလှထွန်း (ခန္တီး) ခန္တီးမဲဆန္ဒနယ် အဖွဲ့ဝင်
(၁၃) ဦးစောလှထွန်း ချောင်းဦးမဲဆန္ဒနယ် အဖွဲ့ဝင်
(၁၄) ဦးဝင်းဦး ရေဖြူမဲဆန္ဒနယ် အဖွဲ့ဝင်
(၁၅) ဦးမောင်တိုး မင်းလှမဲဆန္ဒနယ် အဖွဲ့ဝင်
(၁၆) ဒေါက်တာဒေါ်အေးမြင့် ရွှေတောင်မဲဆန္ဒနယ် အဖွဲ့ဝင်
(၁၇) ဦးခင်မောင်ညို ပေါက်မဲဆန္ဒနယ် အဖွဲ့ဝင်
(၁၈) ဦးအေးမောက် မလှိုင်မဲဆန္ဒနယ် အဖွဲ့ဝင်
(၁၉) ဦးလှမြင့်ဦး ပျဉ်းမနားမဲဆန္ဒနယ် အဖွဲ့ဝင်
(၂၀) ဒေါက်တာစိုးမိုးအောင် ဘီးလင်းမဲဆန္ဒနယ် အဖွဲ့ဝင်
(၂၁) ဦးကြည်သာ ဂွမဲဆန္ဒနယ် အဖွဲ့ဝင်
(၂၂) ဒေါက်တာ စိုးရင် ကမာရွတ်မဲဆန္ဒနယ် အဖွဲ့ဝင်
(၂၃) ဒေါ်လဲ့လဲ့ဝင်းဆွေ တာမွေမဲဆန္ဒနယ် အဖွဲ့ဝင်
(၂၄) ဦးစတီဖန် ကျိုင်းတုံမဲဆန္ဒနယ် အဖွဲ့ဝင်
(၂၅) ဦးအောင်မြသန်း ညောင်တုန်းမဲဆန္ဒနယ် အဖွဲ့ဝင်
(၂၆) ဦးဝင်းမြင့် ပုသိမ်မဲဆန္ဒနယ် အဖွဲ့ဝင်
(၂၇) ဒေါ်ခင်ဌေးကြွယ် မော်လမြိုင်မဲဆန္ဒနယ် အဖွဲ့ဝင်
(၂၈) ဒေါက်တာဇော်မြင့်မောင် ကျောက်ပန်းတောင်းမဲဆန္ဒနယ် အဖွဲ့ဝင်
(၂၉) ဦးခင်မောင်ဝင်း လမ်းမတော်မဲဆန္ဒနယ် အဖွဲ့ဝင်
(၃၀) ဒေါက်တာအောင်မိုးညို ပွင့်ဖြူမဲဆန္ဒနယ် အဖွဲ့ဝင်
(၃၁) ဦးစိုင်းကျော်အုန်း နမ့်ခမ်းမဲဆန္ဒနယ် အဖွဲ့ဝင်
(၃၂) ဦးစိုင်းဘိုးအောင် မူဆယ်မဲဆန္ဒနယ် အဖွဲ့ဝင်
(၃၃) ဦးဉာဏ်ဆွေဝင်း ကျောက်ကြီးမဲဆန္ဒနယ် အဖွဲ့ဝင်
(၃၄) ဦးသောင်း မော်လိုက်မဲဆန္ဒနယ် အဖွဲ့ဝင်
(၃၅) ဦးထွန်းအောင်ကျော် ပုဏ္ဏားကျွန်းမဲဆန္ဒနယ် အဖွဲ့ဝင်
(၃၆) ဒေါ်နန်းစေအွာ ဘားအံမဲဆန္ဒနယ် အဖွဲ့ဝင်
(၃၇) ဦးခွန်မောင်သောင်း ပင်လောင်းမဲဆန္ဒနယ် အဖွဲ့ဝင်
(၃၈) ဦးစိုးဝင်း စမ်းချောင်းမဲဆန္ဒနယ် အဖွဲ့ဝင်
(၃၉) ဦးကြည်မြင့် လသာမဲဆန္ဒနယ် အဖွဲ့ဝင်
(၄၀) ဒေါက်တာသန်းဝင်း မြောက်ဥက္ကလာမဲဆန္ဒနယ် အဖွဲ့ဝင်
(၄၁) ဦးအောင်သိန်း ရွာငံမဲဆန္ဒနယ် အဖွဲ့ဝင်
(၄၂) ဒေါ်ဒွဲဘူ အင်ဂျန်းယန်မဲဆန္ဒနယ် အဖွဲ့ဝင်
(၄၃) ဦးသိန်းညွန့် သင်္ကန်းကျွန်းမဲဆန္ဒနယ် အဖွဲ့ဝင်
(၄၄) ဦးဝင်းဆွေ ညောင်ရွှေမဲဆန္ဒနယ် အဖွဲ့ဝင်
(၄၅) ဗိုလ်မှူးကြီး တင်စန်းနိုင် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် အဖွဲ့ဝင်
(၄၆) ဗိုလ်မှူးကြီး မောင်မောင် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် အဖွဲ့ဝင်
(၄၇) ဗိုလ်မှူးကြီး သန်းထွဋ်သိန်း တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် အဖွဲ့ဝင်
(၄၈) ဗိုလ်မှူးကြီး ကျော်ရွှေ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် အဖွဲ့ဝင်
(၄၉) ဗိုလ်မှူးကြီး ၀င်းနိုင် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် အဖွဲ့ဝင်
(၅၀) ဗိုလ်မှူးကြီး ခင်မောင်ထွန်း တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် အဖွဲ့ဝင်
(၅၁) ဗိုလ်မှူးကြီး နေလင်း တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် အဖွဲ့ဝင်
(၅၂) ဒုတိယဗိုလ်မှူးကြီး ကျော်မြင့် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် အဖွဲ့ဝင်
(၅၃) ဒုတိယဗိုလ်မှူးကြီး ကျော်ကျော်လင်း တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် အဖွဲ့ဝင်
(၅၄) ဒုတိယဗိုလ်မှူးကြီး ကျော်ကျော် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် အဖွဲ့ဝင်
(၅၅) ဒုတိယဗိုလ်မှူးကြီး စိုးနိုင် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် အဖွဲ့ဝင်
(၅၆) ဒုတိယဗိုလ်မှူးကြီး ခင်မြင့် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် အဖွဲ့ဝင်
(၅၇) ဦးအောင်ထွန်း မကွေး (၁၁) မဲဆန္ဒနယ် အဖွဲ့ဝင်
(၅၈) ဦးဇော်မြင့်ဖေ မန္တလေး (၅) မဲဆန္ဒနယ် အဖွဲ့ဝင်
(၅၉) ဦးဖေသောင်း ကချင် (၆) မဲဆန္ဒနယ် အဖွဲ့ဝင်
(၆၀) ဒေါ်နော်မေးရီယန် ကယား (၄) မဲဆန္ဒနယ် အဖွဲ့ဝင်
(၆၁) ဒေါ်နန်းနီနီအေး ကရင် (၆) မဲဆန္ဒနယ် အဖွဲ့ဝင်
(၆၂) ဦးဆွန်ဒုတ်ကျင့် ချင်း (၆) မဲဆန္ဒနယ် အဖွဲ့ဝင်
(၆၃) ဦးနိန်းခင်းပေါင် ချင်း (၇) မဲဆန္ဒနယ် အဖွဲ့ဝင်
(၆၄) ဦးတင်မြ စစ်ကိုင်း (၇) မဲဆန္ဒနယ် အဖွဲ့ဝင်
(၆၅) ဦးထွန်းမြင့် စစ်ကိုင်း (၆) မဲဆန္ဒနယ် အဖွဲ့ဝင်
(၆၆) ဦးသန်းမြင့် တနင်္သာရီ (၁၀) မဲဆန္ဒနယ် အဖွဲ့ဝင်
(၆၇) ဦးမြင့်ထွန်း ပဲခူး (၁၀) မဲဆန္ဒနယ် အဖွဲ့ဝင်
(၆၈) ဒေါက်တာ မြဦး ပဲခူး (၉) မဲဆန္ဒနယ် အဖွဲ့ဝင်
(၆၉) ဦးကြည်ထွန်း မကွေး (၁) မဲဆန္ဒနယ် အဖွဲ့ဝင်
(၇၀) ဒေါက်တာ စိုးထွန်း မန္တလေး (၁) မဲဆန္ဒနယ် အဖွဲ့ဝင်
(၇၁) ဦးဝင်းမောင် မန္တလေး (၄) မဲဆန္ဒနယ် အဖွဲ့ဝင်
(၇၂) ဦးခင်မောင်ဌေး မန္တလေး (၁၀) မဲဆန္ဒနယ် အဖွဲ့ဝင်
(၇၃) ဒေါ်ရီရီမြင့် မွန် (၁) မဲဆန္ဒနယ် အဖွဲ့ဝင်
(၇၄) ဦးမင်းလွန်းအောင် မွန် (၃) မဲဆန္ဒနယ် အဖွဲ့ဝင်
(၇၅) ဦးမောင်အေးထွန်း ရခိုင် (၉) မဲဆန္ဒနယ် အဖွဲ့ဝင်
(၇၆) ဦးညွန့်တင် ရန်ကုန် (၂) မဲဆန္ဒနယ် အဖွဲ့ဝင်
(၇၇) ဒေါက်တာ မြင့်ကြည် ရန်ကုန် (၈) မဲဆန္ဒနယ် အဖွဲ့ဝင်
(၇၈) ဦးဉာဏ်လင်း ရှမ်း (၁) မဲဆန္ဒနယ် အဖွဲ့ဝင်
(၇၉) ဦးရှုမောင် ရှမ်း (၈) မဲဆန္ဒနယ် အဖွဲ့ဝင်
(၈၀) ဒေါက်တာ စိုင်းဆိုင်ကျောက်ဆမ် ရှမ်း (၆) မဲဆန္ဒနယ် အဖွဲ့ဝင်
(၈၁) ဦးခင်မောင်ရီ ဧရာဝတီ (၆) မဲဆန္ဒနယ် အဖွဲ့ဝင်
(၈၂) ဒေါက်တာ ဌေးနိုင် ဧရာဝတီ (၇) မဲဆန္ဒနယ် အဖွဲ့ဝင်
(၈၃) ဦးဉာဏ်လင်း ဧရာဝတီ (၃) မဲဆန္ဒနယ် အဖွဲ့ဝင်
(၈၄) ဒေါက်တာ မြတ်ဉာဏစိုး ရန်ကုန် (၄) မဲဆန္ဒနယ် အဖွဲ့ဝင်
(၈၅) ဦးအောင်ကြည်ညွန့် မကွေး (၄) မဲဆန္ဒနယ် အဖွဲ့ဝင်
(၈၆) ဦးစိုင်းကျော်ဇောသန်း ရှမ်း (၂) မဲဆန္ဒနယ် အဖွဲ့ဝင်
(၈၇) ဦးစိုင်းစံမင်း ရှမ်း (၃) မဲဆန္ဒနယ် အဖွဲ့ဝင်
(၈၈) ဦးဘရန်ရှောင် ကချင် (၃) မဲဆန္ဒနယ် အဖွဲ့ဝင်
(၈၉) ဒေါက်တာ အေးမောင် ရခိုင် (၁) မဲဆန္ဒနယ် အဖွဲ့ဝင်
(၉၀) ဒေါက်တာ ဗညားအောင်မိုး မွန် (၇) မဲဆန္ဒနယ် အဖွဲ့ဝင်
(၉၁) ဦးဇုန်လှယ်ထန်း ချင်း (၂) မဲဆန္ဒနယ် အဖွဲ့ဝင်
(၉၂) ဦးစတီဗင်သာဘိတ် ချင်း (၄) မဲဆန္ဒနယ် အဖွဲ့ဝင်
(၉၃) ဦးဆိုင်ပေါင်းနပ် ရှမ်း (၁၂) မဲဆန္ဒနယ် အဖွဲ့ဝင်
(၉၄) ဦးစောတော်ပလဲ ကရင် (၇) မဲဆန္ဒနယ် အဖွဲ့ဝင်
(၉၅) ဦးထွန်းကျော် ရှမ်း (၁၀) မဲဆန္ဒနယ် အဖွဲ့ဝင်
(၉၆) ဦးမန်းအောင်တင်မြင့် ကရင် (၁၂) မဲဆန္ဒနယ် အဖွဲ့ဝင်
(၉၇) ဗိုလ်မှူးကြီး ခင်မောင်အေး တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် အဖွဲ့ဝင်
(၉၈) ဗိုလ်မှူးကြီး အောင်ကျော် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် အဖွဲ့ဝင်
(၉၉) ဗိုလ်မှူးကြီး သက်ထွန်းအောင် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် အဖွဲ့ဝင်
(၁၀၀) ဗိုလ်မှူးကြီး ၀င်းလွင်ဦး တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် အဖွဲ့ဝင်
(၁၀၁) ဗိုလ်မှူးကြီး လှဝင်းအောင် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် အဖွဲ့ဝင်
(၁၀၂) ဗိုလ်မှူးကြီး သန်းထိုက် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် အဖွဲ့ဝင်
(၁၀၃) ဒုတိယဗိုလ်မှူးကြီး လှိုင်ဝင်း တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် အဖွဲ့ဝင်
(၁၀၄) ဒုတိယဗိုလ်မှူးကြီး မျိုးသစ်ဦး တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် အဖွဲ့ဝင်
(၁၀၅) ဗိုလ်မှူး မောင်မောင်ကြီး တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် အဖွဲ့ဝင်
(၁၀၆) ဗိုလ်မှူး ဇော်မြင့် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် အဖွဲ့ဝင်
(၁၀၇) ဗိုလ်မှူး ခင်မောင်ချို တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် အဖွဲ့ဝင်
(၁၀၈) ဗိုလ်မှူး တိုးမင်းထွန်း တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် အဖွဲ့ဝင်
(၁၀၉) ဗိုလ်မှူး အောင်မြင့်ဟန် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် အဖွဲ့ဝင်

အတွင်းရေးမှူးနှင့် တွဲဖက်အတွင်းရေးမှူးကို ဥက္ကဋ္ဌက ပူးပေါင်းအဖွဲ့ဝင်များအနက်မှ ရွေးချယ်တာဝန်ပေးအပ်မည် ဖြစ်ပါသည်။

Monday, August 19, 2013

ဆရာဒဂုန်တာရာ ကွယ်လွန်ပြီ



အောင်ဆန်း (သို့မဟုတ်) အရိုင်း ဆိုတဲ့ ရုပ်ပုံလွှာကို ရေးခြစ်သီကုံးခဲ့တဲ့ ဆရာကြီး ဒဂုန်တာရာဟာ ယနေ့ ၂၀၁၃ ခုနှစ် သြဂုတ်လ ၁၉ ရက်နေ့မှာ အောင်ပန်းမြို့တွင် လူကြီးရောဂါဖြင့် ကွယ်လွန်သွားကြောင်း သိရှိရပါတယ်။ ၀မ်းနည်းရပါကြောင်းနှင့် ကောင်းရာမွန်ရာ ရောက်ပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်။

ဒဂုန်တာရာ
မွေးသက္ကရာဇ် - ၁ဝ-၅-၁၉၁၉
အမည်ရင်း - ဦးဌေးမြိုင်
မိဘအမည် - ဦးဘအုန်း + ဒေါ်ဖွားရှင်
မွေးဖွားရာဒေသ - ထိုင်ကူမြစ်တန်းရွာ (မွန်ရွာ) ကျိုက်လတ်မြို့နယ်
ကလောင်ခွဲများ - မြိုင်သဇင်၊ မောင်နန်းနွယ်၊ စောထွတ်၊ ဦးတိုး၊ မောင်လင်းထက်၊ ဗညားသီဟ၊ ဦးဒဂုန်

ဆရာဒဂုန်တာရာသည် ရန်ကုန်မြို့ (၇) လမ်းရှိ အောင်ဇေယျမင်္ဂလာ မြန်မာစာသင်ကျောင်းတွင် ပညာသင်ကြားခဲ့သည်။ ထို့နောက် ကျိုက်လတ်အမျိုးသားကျောင်း (၁၉၂၇-၃၆) တွင်လည်းကောင်း၊ ရန်ကုန်ရေကျော်မက်သဒစ်ကျောင်း (၁၉၃၆-၃၇) တွင်လည်းကောင်း ပညာဆက်လက် သင်ကြားခဲ့သည်။ ၁၉၃၇ ခုနှစ်တွင် ဆယ်တန်းအောင်မြင်ခဲ့သည်။ (၁၉၃၇-၄ဝ) ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်၌ ဆက်လက်ပညာသင်ကြားခဲ့သည်။

ဆရာဒဂုန်တာရာသည် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ ရေနံမြေ စည်းရုံးရေးကိုယ်စားလှယ်၊ တကသ အမှုဆောင်၊ အိုးဝေမဂ္ဂဇင်း အယ်ဒီတာ၊ မြန်မာနိုင်ငံ စာရေးဆရာအသင်း ဥက္ကဋ္ဌ တာဝန်များကို ဆောင်ရွက်ခဲ့သည်။ ထို့ပြင် ဆရာဒဂုန်တာရာသည် တရုတ်-မြန်မာ မိတ်ဆွေဖြစ်အသင်းချုပ် အမှုဆောင်၊ မြန်မာ- ဆိုဗီယက် ယဉ်ကျေးမှုနှင့် မိတ်ဆွေဖြစ်အသင်းချုပ် အမှုဆောင်၊ ကမ္ဘာ့ငြိမ်းချမ်းရေး ကွန်ဂရက် (မြန်မာနိုင်ငံ) အမြဲတမ်းကော်မတီ ဒုတိယဥက္ကဋ္ဌ တာဝန်၊ မြန်မာနိုင်ငံ ကဗျာဆရာသမဂ္ဂ ဥက္ကဋ္ဌ တာဝန်များကို ထမ်းဆောင်ခဲ့သည်။

ဆရာသည် ၁၉၃၄ ခုနှစ်၊ ဖေဖော်ဝါရီလထုတ် တက္ကသိုလ်သိပ္ပံမဂ္ဂဇင်းတွင် မြိုင်သဇင် ကလောင်အမည်ဖြင့် မှုံပြာရီ ဝတ္ထုကို စတင်ရေးသားခဲ့သည်။ ထို့နောက် ဒဂုန်တာရာ အမည်ခံယူသည်။ ၁၉၄၆ ခုနှစ် ဒီဇင်ဘာလတွင် တာရာမဂ္ဂဇင်းကို စတင်ထုတ်ဝေသည်။ ထို့ပြင် စာပေသစ် မဂ္ဂဇင်းကိုလည်း စတင်ထုတ်ဝေပြီး ယင်းမဂ္ဂဇင်းတွင် အယ်ဒီတာအဖြစ် ဆောင်ရွက်ခဲ့သည်။ တစ်ချိန်တည်းတွင် ဂန္ထဝင်ဂျာနယ် အယ်ဒီတာ အလုပ်ကိုလည်း လုပ်ကိုင်သည်။ ဆရာ၏ ရုပ်ပုံလွှာ အဖွဲ့အနွဲ့များမှာ အထူးထင်ရှားလှပြီး အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကို "အောင်ဆန်း (သို့မဟုတ်) အရိုင်း" ဟူသောအမည်ဖြင့် ရေးဖွဲ့ခဲ့သည်။

၁၉၇၄ ခုနှစ်တွင် မေ ဝတ္ထုကို ထုတ်ဝေသည်။ ကလောင်အမည် အမျိုးမျိုးဖြင့် စာပေ၊ ရုပ်ရှင်၊ ပန်းချီ၊ ဂီတ၊ အနုပညာ၊ နိုင်ငံရေး၊ ဝေဖန်ရေးဆိုင်ရာ ဆောင်းပါးများ ရေးသားခဲ့သည်။ စပယ်ဦးဖြင့် စာပေဗိမာန် ဝတ္ထုတိုပေါင်းချုပ်ဆုကို ၁၉၆၁ ခုနှစ်တွင် ရရှိခဲ့သည်။ ထို့ပြင် ၂ဝဝ၁ ခုနှစ်အတွက် ပခုက္ကူဦးအုံးဖေ တစ်သက်တာ စာပေဆုကိုလည်း ရရှိခဲ့သည်။

ဆရာသည် ရှမ်းပြည်နယ် အောင်ပန်းမြို့တွင် နေထိုင်ခဲ့ပြီး သြဂုတ်လ ၁၉ ရက်နေ့တွင် ကွယ်လွန်သွားခဲ့ပါသည်။

Thursday, August 15, 2013

ဆရာမင်းလူ ဆုံးရှာပြီ



ကျွန်တော်တို့အတွက် စာတွေအများကြီးရေးပြီး အကျိုးပြုသွားခဲ့တဲ့ စာရေးဆရာမင်းလူ မနေ့က (၁၄-၈-၂၀၁၃) ရက်နေ့ ည ၁၁ နာရီ ၁၅ မိနစ်မှာ ဆုံးပါးသွားပြီလို့ သိရပါတယ်။ ဆရာမင်းလူဟာ အဆုတ်ကင်ဆာရောဂါကို ခံစားနေခဲ့ရတာဖြစ်ပါတယ်။ ဆရာမင်းလူ ကွယ်လွန်ဆုံးပါးသွားခြင်းအတွက် မိသားစုနဲ့ထပ်တူ ၀မ်းနည်းကြေကွဲရပါကြောင်းနှင့် အဖိုးတန် စာရေးဆရာတစ်ဦးကို ဆုံးရှုံးလိုက်ရခြင်းအတွက် နှမြောတသဖြစ်ရပါကြောင်း မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။

ဆရာမင်းလူ ကောင်းရာသုဂတိလားပါစေ။

ဆရာမင်းလူရဲ့ စာတစ်ချို့ကို ကျွန်တော်တင်ပေးခဲ့ဖူးတာတွေကို အမှတ်တရ ပြန်ဖတ်ရအောင်ပါ။
၁။ လျှာနဲ့ဆေး
၂။ မှန်တတ်သော သတ်ပုံ

Wednesday, August 14, 2013

ရေပန်းအစားဆုံး အင်တာနက်မင်းသား ၂ ဦး


(၁)
ပါးစပ်သေနတ် တရစပ်ပစ်ခဲ့တဲ့ ဦးကောင်းမြတ်ထွဋ်


ဦးကောင်းမြတ်ထွဋ်ရဲ့ ပြောချက်ကတော့ ပေါက်သလားမမေ့နဲ့။ အင်တာနက်တစ်ခွင်လုံး ထိန်းမနိုင် သိမ်းမရကို ဖြစ်သွားတော့တာပဲ။ ဒီလူ့နှယ်…. နာမည်ကြီးအောင် တမင်များလုပ်နေသလားလို့ တွေးမိပါတယ်။ စာပေနယ်လည်း မလွတ်ဘူး၊ နိုင်ငံရေးနယ်လည်း ချန်မထားဘူး၊ အကုန်လုံးကို ပတ်ရမ်းတော့တာပဲ။ ဆရာဖေမြင့်နဲ့ ကြိုက်တဲ့နေရာမှာ စင်ထိုးပြီး ပြောမယ်တဲ့။ ပွဲစီစဉ်သူ ဒွန်ကင်း ၀င်လုပ်လိုက်ချင်သေးဗျာ။ မေ၀င်းမြင့်က လွှတ်တော်နိုင်ငံရေးပြောရအောင် ဘာတတ်လို့လဲတဲ့။ ဘာမှသောက်သုံးမကျဘဲနဲ့ အမတ်ဖြစ်တာတဲ့။ ဘာဖြစ်လို့ အဲဒီလိုပြောတာလဲ မသိဘူး။ အတွင်းသိ၊ အစင်းသိမို့လား၊ ဒါမှမဟုတ် မစားရတဲ့ အမဲမို့ သဲနဲ့ပက်တာလား။ ဦးသုဝေလည်း အသက်ကြီးကာမှ ဦးကောင်းမြတ်ထွဋ် ပါးစပ်ဖျားမှာ ငယ်ကျိုးငယ်နာတွေ အကုန်ပေါ်ကုန်တော့တာပဲ။ ငယ်ငယ်က သူ့ရည်းစားတွေက သူ့ကို ကိုကိုညွန့်လို့ ခေါ်သတဲ့။ သူမို့လို့ အကုန်မှတ်မိတယ်။ တကယ့်ကို ပေါက်ပေါက်ရှာရှာပဲ။ ဦးသုဝေကြီး ဒီလိုပြောတာတွေ နားထောင်မိရင် ငယ်ရည်းစားတွေကိုတောင် လွမ်းနေမလား မသိဘူး။ :D ဦးခင်မောင်ဆွေက ၈၈ တုန်းက သူခိုးကြီးများသမဂ္ဂဆိုပြီး ထောင်ခဲ့ဖူးသတဲ့။ သူမေးတဲ့လူတွေက ပြန်မဖြေပေမယ့် ကျွန်တော်က ပြန်ဖြေလိုက်ပါတယ်။ မသိဘူးခင်ဗျ။ အခု ကိုကောင်းမြတ်ထွဋ် ပြောမှသိရတာ။ ခိခိ။ NDF ပါတီထောင်ဖို့ကိစ္စ ကိုကောင်းမြတ်ထွဋ် ရဲ့အိမ်ကနေ သွားတာတဲ့။ ဦးသုဝေပါတီထောင်တာ သူလုပ်ပေးခဲ့တာတဲ့။ မြန်မာနိုင်ငံမှာ ပထမဆုံးသော မြန်မာ့နိုင်ငံရေးသုံးသပ်ဆွေးနွေးပွဲကို ၂၀၀၉ ခုနှစ်မှာ လုပ်ခဲ့တာ ကိုကောင်းမြတ်ထွဋ် ဆိုတာလည်း မှတ်သားခဲ့ရတယ်။ NLD ပါတီကကောင်တွေ ဘုရားလောက်ကိုးကွယ်တဲ့ ဒေါ်စုဆိုတာ ပါတီ ပြန်ထောင်ဖို့ ငါ ၄၅ မိနစ် လက်ချာရိုက်ခဲ့တာတဲ့။ ဒေါ်စုကို သူဆုံးမခဲ့တာတဲ့။ သူနဲ့လည်း တွေ့ချင်သေးတယ်တဲ့။ ဒေါ်စုနဲ့ ကိုကောင်းမြတ်ထွဋ်ကို MRTV4 မှာ ဦးကိုကိုလှိုင်တို့ပြောသလို ပြောခိုင်းလိုက်ရရင် အတော်စိတ်ဝင်စားကြမှာဗျ။ ဆရာဟောင်းနဲ့ ဆရာမကြီးနဲ့ ဘာတွေပြောကြမလဲ၊ စိတ်ဝင် စားစရာပဲ။ သူ့အင်ပါယာ သတင်းစာကိုတော့ သူက အောင်မြင်ချင်သားဗျ။ သတင်းသည် နံပါတ်တစ်၊ သတင်းသည် နံပါတ်နှစ်၊ သတင်းသည် နံပါတ်သုံးတဲ့။ အကျိုးမရှိတဲ့ အင်တာဗျူးတွေကို မထည့်နဲ့တဲ့။ ဒါလည်း ကျွန်တော်လက်ခံလို့ရတယ်။ သူ့ဂျာနယ်ကို သူစီမံခန့်ခွဲတာ ဘာမျှပြောစရာမရှိပါဘူး။ သူ့ဂျာနယ်ကလူတွေကလည်း ပြောလည်းပြောချင်စရာပဲ။ ဘယ်သူကများ ဂျာနယ်ထဲမှာ အမေစု၊ အမေစုဆိုပြီး သွားရေးလိုက်သလဲ မသိဘူး။ အမေစုလို့ ရေးချင်ရင် ဒီလှိုင်းဂျာနယ်မှာ သွားရေးတဲ့။ အဲဒီလိုဖားချင်ရင် ပိုက်ဆံပေးခိုင်းတဲ့ သူ့ကို မြန်မာ့နိုင်ငံရေးသုခမိန်ကြီး ဦးကောင်းမြတ်ထွဋ် ဆိုပြီး ရေးမလားတဲ့။ နိုင်ငံရေးသမားတွေ တစ်ယောက်မျှ သောက်သုံးမကျဘူးဆိုတာ ဦးကောင်းမြတ်ထွဋ်က ဖော်ထုတ်လိုက်ပြီ။ အဲဒီလို အသုံးမကျလို့ တိုင်းပြည်လည်း အခုလိုအခြေအနေ ဖြစ်နေတာတဲ့။ မနေ့တစ်နေ့ကမှ ပေါ်လာပြီး သူရဲကောင်းကြီးယောင်ယောင်၊ ဟိုဟာယောင်ယောင်၊ ဒီဟာယောင်ယောင်တဲ့။ တွယ်ချက်ကတော့ နိုင်းပွိုင့်နိုင်း လောက်ရှိတယ်။ ဘယ်သူတွေက ဘယ်လိုတုံ့ပြန်ကြဦးမယ် မသိဘူး။ ဘယ်သူကမျှ မထိရဲ မတို့ရဲ့ မပြောရဲ မဆိုရဲတဲ့ ဒီမိုကရေစီ သူရဲကောင်းအပေါင်းကို ကိုကောင်းမြတ်ထွဋ်မို့ မကြောက်မလန့် ပြောရဲတယ်။ သတ္တိကတော့ မခေဘူးမောင်။ သိပ်စိတ်ဝင်စားသဗျို့။ ၀န်ကြီးဌာနတွေကိုလည်း သူ့သတင်းစာယူဖို့ ပြောထားပြီးသား၊ ၀န်ကြီးတွေကလည်း သူ့သတင်းစာကိုယူဖို့ နှုတ်မိန့်ပေးထားပြီးသားတဲ့။ မယူရင်လည်း သွားပြီး ဂျစ်တိုက်မှာတဲ့။ ပတောက် ပတောက်သွားလုပ်ရင် နားငြီးပြီး စိတ်ဆင်းရဲပြီး ယူကြမှာပဲတဲ့။ အဲဒီနည်းကို တခြားဂျာနယ်တိုက်တွေ၊ သတင်းစာတိုက်တွေလည်း သုံးကြည့်ပါလားလို့ အချွန်နဲ့ တွန်းလိုက်ချင်သေး။ အဟေးဟေးဟေး။ City Star မှာ ဥက္ကာကိုကိုတို့၊ ဦးမင်းသစ်တို့ကို မိုက်တစ်လုံးကိုင်ပြီး ချဲခဲ့သတဲ့။ မှတ်သားမိပါသဗျာ။ သတင်းစာနယ်ပယ်က ဆရာကြီး၊ သမ္ဘာကြီးတွေကို တစ်ယောက်မျှ သောက်ထင်မကြီးဘူးတဲ့။ မကိုးကွယ်ဘူးတဲ့။ ဒါပေမယ့် သူတို့လောက် မတော်ဘူး၊ အသုံးမကျဘူးဆိုတာတော့ ၀န်ခံတယ်ဗျ။ ဒါတောင် အသံဖမ်းထားတဲ့ဖိုင်က ဒီလောက်နဲ့ပဲ ရပ်သွားလို့။ အလွတ်သာ ထိုင်ပြောခိုင်းရင် မြန်မာတစ်ပြည်လုံးလည်း တစ်ယောက်မျှ ကျန်မယ်မထင်ဘူး။ ဘုရား.. ဘုရား… ကျွန်တော့်ဘလော့ဂ်ကို မျက်စိလည် လမ်းမှားပြီး မဖတ်မိ၊ မကြည့်မိပါစေနဲ့။ တော်တော်ကြာ… နောက်တစ်ခါပြောရင် မြန်မာ့သွေး ဘလော့ဂ်ဆိုတာလည်း ဘာမျှသောက်သုံးကျတာ မဟုတ်ဘူး။ ဟိုယောင်ယောင် ဒီယောင်ယောင် လျှောက်ရေးထားတာတို့၊ ကီးဘုတ်လေး ခပ်သွက်သွက်ရိုက်တတ်ရုံနဲ့ ဘလော့ဂ်ရေးတယ်ဆိုပြီး လုပ်စားနေတာတို့ အပြောခံနေရမှာစိုးလို့ပါဗျာ။ ဦးကောင်းရေ ကျွန်တော်က ဦးကောင်းကို ဘာမျှ မဝေဖန်ဘူးနော်။ ဦးကောင်းပြောတာတွေကိုပဲ ပြန်ရေးပြတာ။ စိတ်မဆိုးကြေး၊ အမှတ်မထားကြေး၊ ဒေါသမထွက်ကြေး၊ နော်… ဦးကောင်း။ :D

ဦးကောင်းမြတ်ထွဋ်ရဲ့ ကိုယ်ရေးအကျဉ်းဆိုပြီး တစ်နေရာမှာတွေ့လို့ သိမ်းထားမိတာလေးကို ပြန်လည် ဝေမျှလိုက်ပါတယ်။ စိတ်ဝင်စားစရာတော့ အကောင်းသားဗျ။ သူလည်း ၈၈ မျိုးဆက်ပဲကိုး။ ဒါပေမယ့် သူက မင်းကိုနိုင်တို့နဲ့ မတူတဲ့ ၈၈ မျိုးဆက်ဖြစ်မယ်။ အသက် ၁၃ နှစ်နဲ့ ၈၈ အရေးတော်ပုံကို ၀င်နွှဲခဲ့သူဆိုတော့ လျှော့တွက်လို့တော့ မရဘူးဗျ။ ဖတ်ကြည့်ကြပါဦးဗျာ။ ကျွန်တော်နားမလည်တာက ဦးကောင်းမြတ်ထွဋ် နဲ့ ဦးကောင်းမြင့်ထွဋ် ဘယ်နာမည်က အမှန်လဲ။ နှစ်မျိုးလုံး ရောနေတာကို တွေ့ရတယ်။ နောက်တစ်ခုက သူပြောတဲ့ အသံဖိုင်က တရားဝင်ဖမ်းယူထားတာ ဟုတ်ဟန်မတူဘူး။ သူ့ဂျာနယ်တိုက်က ၀န်ထမ်းတွေကို ပြောနေတဲ့အချိန်မှာ တစ်ဦးဦးက ဖုန်းနဲ့ အသံဖမ်းထားတာ ဖြစ်လိမ့်မယ်ထင်ပါရဲ့။ မလုပ်သင့်ဘူးလို့တော့ မြင်မိတယ်။ တစ်ခါတရံမှာ ကျွန်တော်တို့လည်း ကိုယ့်မိတ်ဆွေတွေအချင်းချင်း၊ ကိုယ့်ငယ်ပေါင်းတွေအချင်းချင်း တွေ့ကြဆုံကြတဲ့အခါ သူများမကောင်းကြောင်း၊ ကိုယ်ကောင်းကြောင်း ပြောတတ်ကြတာပါပဲ။ ဒါပေမယ့် အဲဒါတွေကို အတည်တွေမှတ်ယူပြီး တကယ့်ဘ၀ထဲကို ယူလာဖို့တော့ မသင့်ဘူးထင်ပါရဲ့။ ဘယ်အချိန်မှာပဲဖြစ်ဖြစ် စကားကို ဆင်ဆင်ခြင်ခြင်၊ ဖြောင့်ဖြောင့်မတ်မတ် ပြောမယ်ဆိုရင်တော့ အကောင်းဆုံးပေါ့ဗျာ။ ဒါပေမယ့် တစ်ခါတလေမှာ ကိုယ့်အချင်းချင်းမို့ ပြောရင်းနဲ့ လွန်သွားတာတွေလည်း ရှိတတ်ပါတယ်။ လင်မယားချင်း ညအိပ်တဲ့အချိန်မှာ ရုံးကလူကြီးအကြောင်း မကောင်းပြောချင် ပြောမိမှာပေါ့။ အဲဒါကို အသံဖမ်းပြီး ဒီလိုတော့ ပြောတယ်လို့ ဘယ်လုပ်လို့ ဖြစ်မလဲ။ မဟုတ်ဘူးလား။ ကျွန်တော်ပြောတာကို နားလည်ကြမယ်ထင်ပါတယ်။ ဘာပဲဖြစ်ဖြစ် အင်တာနက်ပေါ်က ရွှေမြန်မာတွေ မပျင်းရအောင် အခုလိုမျိုး အသံဖိုင်လေးတွေ၊ ဓာတ်ပုံလေးတွေ ထွက်လာတာကိုပဲ ကျေးဇူးတင်ရဦးမယ်။

(၂)
ဒေါ်အောင်ဆန်းစုကြည်ကို စိန်ခေါ်လိုက်ပြန်တဲ့ ငါးမင်းဆွေ


ဦးကောင်းမြတ်ထွဋ် တစ်ယောက်တည်းနဲ့တောင် အင်တာနက်တနံ ခြိမ်းခြိမ်းညံ ဖြစ်နေတဲ့ဟာကို ၀င်ပြီးတော့ ဓာတ်ဆီလောင်းတဲ့လူကလည်း ရှိသေးသဗျ။ အခြားလူ ဟုတ်ပါရိုးလားဗျာ။ ငါးမင်းဆွေ၊ ငါးမင်းဆွေ။ သူလည်း ကလောင်စွမ်းတော့ အတော်ထက်တဲ့လူပဲဗျ။ သူ့ဟာသူ ရေးချင်ရာရေးတာဆိုပြီး ဘယ်သူကမျှ ဥပေက္ခာပြုမထားနိုင်ဘူး။ သူကလည်း ရေးလိုက်ရင် တအံ့တသြဖြစ်စရာ၊ မင်သက်သွားစရာ၊ ပါးစပ်ဟောင်းလောင်း ဖြစ်သွားစရာတွေချည်းပဲ။ အဲဒီလောက် တွေးတတ်တဲ့ ဦးနှောက်ကိုတော့ အတော်ကြီးကို စိတ်ဝင်စားမိတာ အမှန်ပဲ။ အခုလည်း ဒေါ်စုထံကို အိတ်ဖွင့်ပေးစာ ပေးလိုက်ပါသဗျို့။ အတော်လည်း လူရည်လည်တဲ့သူပဲဗျ။ ကိုင်မယ့်ကိုင်တော့ ခေါင်ကိုပဲ တက်ကိုင်တာဗျို့။ ဒေါ်စုနဲ့မှ ပြောချင်သတဲ့။ ရှင်းချင်သတဲ့။ အင်တာနက်ပေါ်တော့ ထုံးစံအတိုင်း မေတ္တာတော်တွေ အနန္တ သွန်းဖြိုးခံနေရရှာသပေါ့လေ။ ကဲ... ငါးမင်းဆွေရဲ့ နောက်ဆုံးပေါ် ကလောင်လက်နက်ကို ရှုစားကြပါဦး။ အရေးအသား၊ အတွေးအခေါ် ဘယ်လောက်ပြောင်မြောက် သလဲဆိုတာ စာဖတ်သူကိုယ်တိုင် သိရမှာပ။ ဖတ်တော်မူ... ဖတ်တော်မူ...။


စာကြွင်း။ ကျန်တဲ့သတင်းတွေကိုတော့ သီးသန့်ရေးပါ့မယ်။ ဒီနှစ်ယောက်နဲ့ဆို ကျန်တဲ့သတင်းတွေ စိတ်ဝင်စားစရာကောင်းမှာ မဟုတ်ဘူး။ သူတို့ကို သီးသန့်ဦးစားပေးတင်လိုက်ပါတယ်။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၃ ခုနှစ်၊ သြဂုတ်လ ၁၄ ရက်၊ ဗုဒ္ဓဟူးနေ့။
ညနေ ၅ နာရီ ၂၀ မိနစ်တွင်ပြီး၏။

Monday, August 12, 2013

ဆရာမောင်ဝံသ ကောင်းရာမွန်ရာ ရောက်ပါစေ


ပြီးခဲ့တဲ့ ၃ ရက် ကားပေါ်မှာပဲ ခရီးသွားရင်း အချိန်ကုန်ခဲ့ရတဲ့အတွက် အင်တာနက် မသုံးဖြစ်သလို သတင်းတွေနဲ့လည်း ကင်းလွတ်သွားခဲ့ရပါတယ်။ မနေ့ကညက ပြန်ရောက်တဲ့အချိန် အင်တာနက်သုံးဖို့ လုပ်ပေမယ့်လည်း ကျန်းမာရေးအခြေအနေအရ အိပ်ရာထဲကို အစောကြီးသွားခဲ့ရတယ်။ မနက်က ညနေအထိ အလုပ်ကိစ္စတွေကြောင့် အင်တာနက် မသုံးဖြစ်ဘူး။ ညနေပြန်ရောက်ကတည်းက ဘယ်မှမသွားဘဲ အင်တာနက်က မဖတ်ရသေးတဲ့ သတင်းတွေကို အတိုးချပြီး ပြန်ဖတ်နေမိတယ်။

သတင်းတွေဖတ်ရင်း အမှတ်မထင် ဖတ်မိတဲ့သတင်းတစ်ခုက ဆရာမောင်ဝံသ ဆုံးပြီဆိုတဲ့သတင်း ဖြစ်ပါတယ်။ ကျွန်တော့်ကိုယ်ကျွန်တော် မယုံကြည်နိုင် ဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့် ကျွန်တော်ဖတ်မိတဲ့ သတင်းက The Voice က တင်ထားတဲ့သတင်းမို့ မှားယွင်းတာတော့ မဖြစ်နိုင်ဘူးလို့ သုံးသပ်မိပါတယ်။ သေသေချာချာဖတ်ကြည့်တော့ မနေ့က သြဂုတ် ၁၁ ရက်နေ့ကတည်းက ဆုံးပါးခဲ့တာ ဖြစ်ပါတယ်။ ဒီလောက် အရေးကြီးတဲ့ သတင်းကို ကျွန်တော်နည်းနည်းကလေးမျှ မသိခဲ့တာ အတော်ဆိုးရွားပါတယ်။ ဒီနေ့တစ်နေ့လုံး တက်တဲ့သတင်းတွေမှာလည်း ဆရာမောင်ဝံသနဲ့ ပတ်သက်ပြီး မမြင်ရမဖတ်ရတာလည်း ထူးဆန်းပါတယ်။ စာနယ်ဇင်းလောကမှာ ဒီလောက်သြဇာကြီးတဲ့ သတင်းစာဆရာတစ်ဦး ဆုံးပါးသွားတာဟာ မနေ့ကတစ်ရက်ပဲ သတင်းတက်ပြီး ပြီးသွားရောလား။ အဆိုတော်တစ်ယောက် ကားမတော်တဆ ဖြစ်တာကိုတောင် မပြီးနိုင်မစီးနိုင် နေ့စဉ်နဲ့အမျှ မရိုးနိုင်အောင် ပြောနေဆိုနေခဲ့ကြသေးတာ၊ စာဖတ်သူတွေအတွက် နိုင်ငံရေးအသိအမြင်တွေ၊ အတွေ့အကြုံတွေ၊ စဉ်းစားဆင်ခြင်စရာတွေ စေတနာအပြည့်နဲ့ အမြဲတစေ ရေးသားပေးဆပ်ခဲ့တဲ့ ဆရာမောင်ဝံသရဲ့ နောက်ဆုံးခရီးဟာ အဲဒီလောက်တောင်ပဲ ခြောက်ကပ်ကပ် ဖြစ်ရသလား။ အင်တာနက် သုံးတဲ့လူတွေနဲ့ ဆရာမောင်ဝံသဟာ သူစိမ်းပြင်ပြင်များ ဖြစ်ခဲ့လေရော့သလား။ ကျွန်တော်စဉ်းစားမရပါ။

ဆရာမောင်ဝံသ ပြုစုရေးသားခဲ့တဲ့ စာအုပ်စာရင်း၊ ဆောင်းပါးစာရင်း အကုန်အစင် ကျွန်တော်မသိပါဘူး။ ဒါပေမယ့် ကျွန်တော်ဖတ်မိသမျှ စာတိုင်းအတွက်တော့ ဆရာမောင်ဝံသကို လေးစားရပါတယ်။ ပြောချင်တာကို ယဉ်ယဉ်ကျေးကျေးနဲ့ လိုရာရောက်အောင် ရေးတတ်ပြောတတ်တဲ့ ဆရာ့ရဲ့ စာရေးသားခြင်း အတတ်ပညာကို လေးစားအားကျမိတာ အမှန်ပါပဲ။ အဆုတ်ကင်ဆာကြောင့် ဆေးရုံပေါ်မှာ ရောက်နေတဲ့အချိန်အထိ သူပြောချင်တာတွေကို ရေးသားသွားခဲ့ပါသေးတယ်။

အခြားသူတွေလို ဆရာရေးတဲ့စာတွေကို အကုန်မဖတ်ဖူးပေမယ့် ရှာမှရှားတဲ့နိုင်ငံရေးသမား၊ ဝေါမြို့ကလာခဲ့တယ်၊ ခေတ်မီနိုင်ငံရေးဝေါဟာရအဘိဓာန်၊ ပြည်သူ့ခေတ်ဂျာနယ်က ပြောချင်လွန်းလို့ ဆောင်းပါးများ စတဲ့စတဲ့ စာအုပ်တွေ၊ ဆောင်းပါးတွေအတွက် ဆရာ့ကို လေးစားခဲ့ရပါတယ်။

ဆရာချစ်တဲ့ မိသားစုတွေ၊ မိတ်ဆွေတွေ၊ စာဖတ်သူတွေကို ဆရာစွန့်ခွာသွားခဲ့ပါပြီ။ ကျွန်တော်တို့အရင် ဆရာက သွားနှင့်ပြီမို့ ကျွန်တော်တို့က နှုတ်ဆက်ရမှာပေါ့။ ကျွန်တော်ပြုခဲ့သမျှ ကောင်းမှုအစုစုအတွက် ဆရာမောင်ဝံသကို အမျှပေးဝေပါတယ်။ ဆရာကောင်းရာမွန်ရာ ရောက်ပါစေ။


ဆရာမောင်ဝံသရဲ့ ဆောင်းပါးတွေထဲက ကျွန်တော်တင်ပေးခဲ့ဖူးတာလေးတွေကို ပြန်လည်ဖော်ပြလိုက်ပါတယ်။ ဖတ်ရှုနိုင်ကြပါတယ်။
၁။ U Nu and his moral
၂။ ဒီမိုကရေစီ အခြေခံအင်္ဂါရပ်များ
၃။ နိုင်ငံရေးသမားဋီကာ
၎။ ခရိုနီများရဲ့ ရှေ့ခရီး
၅။ စွပ်စွဲပြစ်တင်မယ်ဆိုတဲ့ကိစ္စ ပြန်စဉ်းစားကြပါဦး
၆။ မြန်မာအတိုက်အခံများ အစိုးရလုပ်ဖို့ အသင့်ဖြစ်ကြပြီလား

Friday, July 26, 2013

အစိုးရအဖွဲ့ အပြောင်းအလဲများ


ဝန်ကြီးဌာန ပြောင်းလဲခန့်အပ်လိုက်တဲ့ ပြည်ထောင်စုဝန်ကြီးများ (အမိန့်အမှတ် ၁၈/၂၀၁၃)
(၁) ဦးဇေယျာအောင်၊ စွမ်းအင်ဝန်ကြီးဌာန
(၂) ဦးမောင်မြင့်၊        စက်မှုဝန်ကြီးဌာန
(၃) ဦးအေးမြင့်၊          အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန
(၄) ဦးသန်းဌေး၊         ရထားပို့ဆောင်ရေးဝန်ကြီးဌာန

ဒုတိယ၀န်ကြီး ခန့်အပ်တာဝန်ပေး (အမိန့်အမှတ် ၁၉/၂၀၁၃)
ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဗိုလ်ချုပ် မောင်မောင်အုန်း အား နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယ၀န်ကြီးအဖြစ်။

ဒုတိယ၀န်ကြီး ခန့်အပ်တာဝန်ပေး (အမိန့်အမှတ် ၂၀/၂၀၁၃)
ရန်ကုန်စီးပွားရေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ စန်းလွင် အား ပညာရေးဝန်ကြီးဌာနဒုတိယ၀န်ကြီးအဖြစ်။

ဒုတိယ၀န်ကြီးအဖြစ် ပြောင်းလဲတာဝန်ပေး (အမိန့်အမှတ် ၂၁/၂၀၁၃)
နေပြည်တော်ကောင်စီ ကောင်စီဝင် ဒေါက်တာ သန်းအောင် အား ကျန်းမာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးအဖြစ်။

ဒုတိယ၀န်ကြီးများ နုတ်ထွက်ခွင့်ပြု (အမိန့်အမှတ် ၂၂/၂၀၁၃)
(၁) ဦးအေးကြူ၊                            ပညာရေးဝန်ကြီးဌာန
(၂) သူရဦးသောင်းလွင်                   ရထားပို့ဆောင်ရေးဝန်ကြီးဌာန

ဒုတိယ၀န်ကြီးတာဝန်ထမ်းဆောင်စေခြင်း (အမိန့်အမှတ် ၂၃/၂၀၁၃)
ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးနှင့် ရဲချုပ်တာဝန် ပူးတွဲထမ်းဆောင်လျက်ရှိသော ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်း အား ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးအဖြစ်။

ရဲချုပ် ခန့်အပ်တာဝန်ပေးခြင်း (အမိန့်အမှတ် ၂၄/၂၀၁၃)
ဒုတိယရဲချုပ် ရဲမှူးချုပ် ဇော်ဝင်း အား ရဲချုပ်အဖြစ်။

ဒုတိယ၀န်ကြီးများ ပြောင်းလဲတာဝန်ပေးအပ်ခြင်း (အမိန့်အမှတ် ၂၅/၂၀၁၃)
(၁) ဒေါက်တာ ၀င်းမြင့်၊                သမ္မတရုံး (၁)
(၂) ဒေါက်တာ ဇော်မင်းအောင်၊      ပညာရေးဝန်ကြီးဌာန
(၃) ဦးထင်အောင်၊                      အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန
(၄) ဦးမြင့်သိန်း၊                          ရထားပို့ဆောင်ရေးဝန်ကြီးဌာန
(၅) ဦးဘရွှေ၊                             သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန

ဒုတိယ၀န်ကြီး ခန့်အပ်တာဝန်ပေး (အမိန့်အမှတ် ၂၆/၂၀၁၃)
အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ အောင်ကျော်မြတ် အား သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ဒုတိယ၀န်ကြီးအဖြစ်။

Sunday, July 21, 2013

ဆိုတေးရဲ့ နောက်ထပ်မီးအိမ်တစ်လုံးလော


ဆိုတေးတစ်ယောက် အမြန်လမ်းမကြီးပေါ်မှာ ကားမတော်တဆ ဖြစ်ခဲ့တာကို အားလုံးအသိ ဖြစ်ပါလိမ့်မယ်။ ဂီတလောကသားတွေ၊ ပရိသတ်တွေရဲ့ သနားကရုဏာတွေကိုလည်း အပြည့်အ၀ ရရှိခဲ့ကြပါတယ်။ ကားပေါ်မှာ အတူပါလာတဲ့ ဇနီးဖြစ်သူ ဆုံးပါးသွားတဲ့အတွက်လည်း ပိုပြီးတော့ ၀မ်းနည်းခဲ့ကြရပါတယ်။ အရင်တုန်းက ဆိုတေးမှာ အိမ်ထောင်ရှိတယ်ဆိုတာ မသိခဲ့ကြပေမယ့်လည်း ကားမတော်တဆမှုမှာ ဆုံးပါးသွားတဲ့အတွက် သူ့ဇနီးအပေါ် ကရုဏာသက်ခဲ့ကြပါတယ်။ အသနားပိုခဲ့ကြပါတယ်။ ဆိုတေးလည်း ဆေးရုံပေါ်မှာ အခုအချိန်အထိ သတိမလည်သေးတဲ့အတွက် အားလုံးက စိုးရိမ်တကြီး စောင့်ကြည့်နေကြတာပါ။ ဆိုတေးရဲ့ ကားမတော်တဆမှု သတင်းတွေထွက်အပြီး နောက်ဆက်တွဲ လိုက်လာတဲ့ သတင်းတွေကတော့ စာဖတ်သူတွေကို ဝေေ၀၀ါးဝါး ဖြစ်စေခဲ့ရုံသာမက ဝေဖန်မှုတွေလည်း စီညံလာခဲ့ပါတယ်။ အစကတော့ သူ့ဟာသူ စွပ်စွဲတာ ပြောဆိုတာလို့ပဲ သဘောထားခဲ့တဲ့အတွက် အင်တာနက်ပေါ် တက်လာသမျှ သတင်းတွေကို မတင်ပေးခဲ့ဖြစ်ပါဘူး။ စောင့်ကြည့်နေခဲ့တာပါ။ အခုတော့ သတင်းစာတွေပေါ်အထိ တရားဝင် ကြော်ငြာတာတွေ၊ မီဒီယာရှင်းလင်းပွဲ လုပ်တာတွေအထိ လုပ်လာပြီဖြစ်တဲ့အတွက် ဖော်ပြသင့်ပြီလို့ ယူဆဲ့အတွက် ဖော်ပြလိုက်ပါတယ်။ မှားသည်၊ မှန်သည်၊ ဘယ်သို့၊ ဘယ်ပုံ မသုံးသပ်၊ မဝေဖန်ဘဲ မြင်ရ၊ ကြားရသမျှကို ပြန်လည်စုစည်း ဖော်ပြပေးလိုက်ပါတယ်။














Friday, July 19, 2013

Azarni Day


The New Light of Myanmar သတင်းစာရဲ့ မျက်နှာဖုံးမှာ ဖော်ပြထားတဲ့ အသုံးအနှုန်းလေးကို သဘောကျလွန်းလို့ ပြန်လည်ဝေမျှပါတယ်။ ကျွန်တော်ကိုဉာဏ် ဘာမျှ မပြောလိုပါ။ ပညာရှင်တို့၏ အရာသာဖြစ်ကြောင်း နှလုံးသွင်းပါသည်။ ပညာရှင်များသာ ဆက်လက်ငြင်းခုန်ကြပါကုန်။ ကျွန်တော့်မိတ်ဆွေ တစ်ယောက်ကတော့ ပြောရှာပါသည်။ R Zarni လို့ မရေးတဲ့အတွက် ကျေးဇူးတင်မဆုံး ဖြစ်ရပါတယ်။ သူပြောသလို R Zarni Day ဆိုရင်တော့ ဥသြမဆွဲဘဲ ×× ညနေခင်းရဲ့ လေပြည်ထဲမှာ ×× မင်းဆံနွယ်တွေ တောင်ပံဖြန့်တဲ့အခါ ×× ပန်းပွင့်လေးတွေ ရှက်သွေးဖြာ ×× ကျေးငှက်ကလေးတွေ တေးမဆိုတော့ပါ ××  စသဖြင့် "ဂန္ထ၀င် ဆည်းဆာ" တွေဘာတွေ တစ်နိုင်ငံလုံး ဟဲနေရပါဦးမယ်။ ပြန်ကြားရေးဝန်ကြီးဌာနက တရားဝင်ထုတ်ဝေတဲ့ သတင်းစာက အရေးအသားဖြစ်တာမို့ နောင်များကြုံကြိုက်လို့ အာဇာနည်နေ့လို့ ရေးစရာရှိရင် Azarni Day လို့ပဲ ရေးပါတော့မယ်။ အားလုံးအတွက် အလွယ်တကူဖြစ်အောင် လုပ်ပေးတဲ့အတွက် ကျေးဇူးပါခင်ဗျား။ :D

Wednesday, July 17, 2013

ဒီနေ့အတွက် သတင်းလူသား (ဇူလိုင် ၁၆၊ ၂၀၁၃)


ကျွန်တော်ဘာမှတ်ချက်မျှ မပေးလိုဘူး။ စာဖတ်သူတို့ ကိုယ့်ဘာသာကိုယ် ကြည့်ရှုနားဆင် ဝေဖန်ဆင်ခြင် သုံးသပ်ကြပါကုန်။ အခြားသူများလည်း သိရှိစေလိုခြင်းနှင့် မှတ်တမ်းတင်ထားရန်အတွက် အဓိကထား၍ ဘလော့ဂ်တွင် တင်ရခြင်းဖြစ်ပါသည်။ ဆရာတော်အမည် မသိပါဘူး။ ဘယ်မှာဟောနေတာလဲ မသိပါဘူး။ မူရင်း source က ဘယ်သူလဲ မသိပါဘူး။

Tuesday, July 16, 2013

လတ်တလော လူစိတ်ဝင်စားမှုအများဆုံး သတင်းများ


(က)
နစက ဖျက်ပြီ
နယ်စပ်ဒေသ လူဝင်မှုစစ်ဆေးရေး ကွပ်ကဲမှုဌာနချုပ်ကို ၂၀၁၃ ခုနှစ်၊ ဇူလိုင်လ ၁၂ ရက်နေ့မှစ၍ ဖျက်သိမ်းကြောင်း နိုင်ငံတော်သမ္မတရုံးရဲ့ အမိန့်ကြော်ငြာစာအမှတ် ၅၉/၂၀၁၃ နဲ့ သမ္မတဦးသိန်းစိန် လက်မှတ်ရေးထိုးပြီး ထုတ်ပြန်ခဲ့ပါတယ်။ နစက လို့ လူသိများတဲ့ ရခိုင်ပြည်နယ် နယ်စပ်တစ်လျှောက်က တပ်ဖွဲ့ဝင်တွေနေရာမှာ မြန်မာနိုင်ငံရဲတပ်ရင်းတွေနဲ့ အစားထိုးတာဝန်လဲလှယ်သွားမယ်လို့ သိရပါတယ်။

(ခ)
မိုက်ကယ်ဂျက်ဆင် ယာဉ်ထိန်းရဲ
ရန်ကုန်မြို့လယ်လမ်းမပေါ်မှာ ယာဉ်ထိန်းရဲ ၀တ်စုံဝတ်ပြီး မိုက်ကယ်ဂျက်ဆင်အက ကပြခဲ့မိလို့ အရေးယူခံရမယ့် သတင်းတစ်ပုဒ်ကလည်း အင်တာနက်ပေါ်မှာ လူပြောများလို့ နေပြန်ပါတယ်။ ယာဉ်ထိန်းရဲအစစ် မဟုတ်ဘဲ ကြော်ငြာတစ်ခုအတွက် ဇာတ်ဝင်ခန်း ရိုက်ကူးခဲ့တာလို့ သိရပါတယ်။ ယာဉ်ထိန်းရဲဝတ်စုံဝတ်ပြီး အဲဒီလို ရိုက်ကူးမယ့်ကိစ္စကို ခွင့်ပြုချက် တစ်စုံတစ်ရာ တောင်းခံခြင်းမရှိဘဲ ဆောင်ရွက်ခဲ့တာ ဖြစ်တဲ့အတွက် ယာဉ်ထိန်းရဲအဖြစ် သရုပ်ဆောင် ကပြခဲ့တဲ့ မင်းမင်းထွန်း၊ အဲဒီကြော်ငြာကို ရိုက်ကူးတဲ့ဒါရိုက်တာ ဇော်ကိုကို၊ ကြော်ငြာရိုက်ခိုင်းတဲ့ Mango ကုမ္ပဏီက အထွေထွေမန်နေဂျာ ဒေါ်ခင်သက်ခိုင် တို့ကို အမှုဖွင့်ထားတယ်လို့ သိရပါတယ်။ ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့ အမျိုးမျိုးအထွေထွေ ဝေဖန်ပြောဆိုမှုတွေကလည်း အင်တာနက်ပေါ်မှာ ဒုနဲ့ဒေးပါပဲ။ ဖျော်ဖြေမှုအတွက် သဘောကျသူတွေ ရှိသလို၊ ဌာနဆိုင်ရာ ၀တ်စုံကို ခွင့်ပြုချက်မရှိဘဲ အလွယ်ရိုက်ကူးနေမှုအပေါ် သဘောမကျသူတွေလည်း ရှိကြပါတယ်။ ဘာပဲဖြစ်ဖြစ် ယာဉ်ထိန်းရဲဝတ်စုံနဲ့ ကပြတာကိုတော့ ကြည့်လို့ကောင်းတာ အမှန်ပါပဲ။ Vicee ငုံဆေးကြော်ငြာ အတွက်ပါတဲ့။



(ဂ)
အဆိုတော် ချမ်းချမ်း မင်္ဂလာဆောင်ပြီ
သီချင်းဆို အရမ်းကောင်းတဲ့ အဆိုတော် ချမ်းချမ်း သူ့ချစ်သူနဲ့ မင်္ဂလာဆောင်တဲ့ သတင်းကလည်း ပရိသတ်တွေ စိတ်ဝင်တစား ရှိခဲ့ပါတယ်။ သတို့သားက ဗုဒ္ဓဘာသာမို့ မင်္ဂလာဦးဆွမ်းကျွေး အလှူကို ဘုန်းတော်ကြီးကျောင်းတစ်ခုမှာ ပြုလုပ်ခဲ့ပြီး ချမ်းချမ်းက ခရစ်ယာန် ဖြစ်တဲ့အတွက် ဘုရားကျောင်းမှာ လက်ထပ်ပွဲ နောက်တစ်ခု လုပ်မယ်လို့ သိရပါတယ်။ စိုင်းထီးဆိုင်ရဲ့ သီချင်းသံကိုတောင် ပြန်ပြီးတော့ ကြားယောင်မိပါသေးတယ်။ ××× ဘာသာမတူ ××× လူမျိုးမခွဲဘဲချစ်တာ ××× ကိုယ်တို့နှစ်ယောက်ရဲ့ အပြစ်လား ××× ဘယ်သူတွေ တားတား ××× ကိုယ်ကတော့ နောက်မဆုတ်နိုင်ပါ ××× ဆက်ပြီးတော့ ချစ်မှာ ××× အမှန်က မင်္ဂလာဆွမ်းကျွေးကို ဦးဝီရသူဆီမှာ လုပ်လိုက်ရမှာ။ အဲဒါဆိုရင် တစ်ခါတည်း ကိစ္စပြတ်ရော။ တကယ်ဆိုရင်... အချစ်ပဲလိုနေတဲ့ ချမ်းချမ်းတစ်ယောက် ချစ်တဲ့သူနဲ့ တစ်သက်လုံး မခွဲမခွာ အတူပေါင်းသင်း နေထိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

(ဃ)
ပြည်တွင်းအခွန်က အရာရှိတွေကို ဖြုတ်လိုက်ပြီ
ပြည်တွင်းအခွန်က အရာရှိကြီးတွေအပါအ၀င် ၀န်ထမ်းအများအပြားကို ရာထူးက ထုတ်ပယ်လိုက်တဲ့ သတင်းကလည်း စိတ်ဝင်စားမှုရှိခဲ့ပါတယ်။ အဓိက စိတ်ဝင်စားခဲ့တာက အခုလို ရာထူးကနေ ဖယ်ရှားခံရတဲ့ ကိစ္စမှာ အောက်ခြေ၀န်ထမ်းတွေက စံနမူနာပြ အရေးယူပေးဖို့ တိုင်ကြားခဲ့တယ် ဆိုတာပါပဲ။ အများစုကတော့ မသမာမှုလုပ်တာတွေ၊ အဂတိလိုက်စားတာတွေကို ဖော်ထုတ်တာဟာ ကောင်းတာပေါ့လို့ မြင်ကြပါတယ်။ ဒါပေမယ့် အတွင်းသတင်းတွေအရ တိုင်ကြားတဲ့ လူတွေကိုယ်တိုင်လည်း အဲဒီလို မသမာမှုတွေနဲ့ ကင်းခဲ့တာမဟုတ်ဘူး၊ သူတို့ကို ပြန်ခွဲပေးတာမျိုး မရှိတဲ့အတွက် တိုင်ကြားတာလို့ ပြောကြပါတယ်။ ဟုတ်တယ် မဟုတ်ဘူးဆိုတာတော့ ကျွန်တော်မသိပါဘူး။ အခုလိုမျိုး အထက်အောက်ဝန်ထမ်း အချင်းချင်း ပြန်လည်တိုင်ကြားမှုတွေ ပြုလုပ်လာတာဟာ ကောင်းတဲ့လက္ခဏာ မဟုတ်ဘူးလို့လည်း သုံးသပ်ကြပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အခုလို ရာထူးကနေ ထုတ်ပယ်လိုက်ခြင်းရဲ့ နောက်ဆက်တွဲအဖြစ် ဘာသတင်းတွေ ထပ်ထွက်လာဦးမလဲဆိုတာကတော့....။

(င)
အာဇာနည်နေ့နှင့် ဥသြသံ
အာဇာနည်နေ့မှာ ဥသြဆွဲပေးဖို့ ကိစ္စကို အကျယ်အကျယ်ဖြစ်အောင် လုပ်နေကြတာကိုလည်း မှတ်တမ်းတင်လိုက်ပါတယ်။ အာဇာနည်နေ့မှာ ဥသြဆွဲပေးမှ အာဇာနည်တွေကို ဂုဏ်ပြုရာ ရောက်မှာလားလို့ ဝေဖန်တဲ့လူတွေရှိသလို၊ အစိုးရအနေနဲ့ ကျဆုံးလေပြီးသော အာဇာနည်ကြီးတွေကို ဥသြလေးဆွဲပြီး ဂုဏ်ပြုတာမျိုးတောင် မလုပ်ချင်ကြဘူးလို့ ဝေဖန်ကြသူတွေလည်း ရှိကြပါတယ်။ အချို့ကတော့ အာဇာနည်နေ့မှာ ဥသြသံတီးလုံးနဲ့ တယ်လီဖုန်းတွေကတစ်ဆင့် အာဇာနည်နေ့ဆင်နွှဲဖို့ အွန်လိုင်းပေါ်မှာ ကီးဘုတ်တိုက်ပွဲ ဆင်နွှဲနေကြတာကို တွေ့ရပါတယ်။ အာဇာနည်နေ့ ရောက်ဖို့ ဘာမျှတောင် မလိုတော့ပါဘူး။ အဲဒီအကြောင်း သီးသန့်ရေးပါဦးမယ်။

အခုတော့ ဒီမျှနှင့် တော်ကြဦးစို့ရဲ့။ လူစိတ်ဝင်စားတဲ့ အခြားသတင်းတွေလည်း ကျန်ရှိနေနိုင်သေးပေမယ့် အကုန်လုံးကို မှတ်တမ်းတင်ဖို့ မဖြစ်နိုင်တာမို့ ဒီလောက်ပဲ ရေးသားတာကို နားလည်ကြစေလိုပါတယ်။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၃ ခုနှစ်၊ ဇူလိုင်လ ၁၆ ရက်၊ အင်္ဂါနေ့။
မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်တွင်ပြီး၏။

Monday, July 15, 2013

ဆိုတေး သတင်းတွေနဲ့ ပြည့်နှက်နေတဲ့နေ့ (ဇူလိုင် ၁၅၊ ၂၀၁၃)


အဆိုတော် ဆိုတေး ကားမတော်တဆမှုဖြစ်ခဲ့တဲ့ သတင်းဟာ ဒီနေ့တစ်နေကုန် အင်တာနက်စာမျက်နှာမှာ လူပြောအများဆုံး ဖြစ်ခဲ့ပါတယ်။ တောင်သာမြို့မှာ ပြုလုပ်တဲ့ ရှိုးပွဲမှာ သီချင်းဆိုဖို့အသွား အမြန်လမ်းမပေါ်မှာ မတော်တဆမှု ဖြစ်တာလို့ သိရပါတယ်။ ဓာတ်ပုံတွေအရ မတော်တဆမှု ဖြစ်ပွားတဲ့အချိန်မှာ သူတို့စီးလာတဲ့ကားဟာ ဘယ်လောက်တောင် အရှိန်ပြင်းပြင်းနဲ့ မောင်းနှင်းခဲ့သလဲဆိုတာ မတွေးရဲစရာပါ။ ကားပေါ်မှာ အတူလိုက်ပါလာတဲ့ ဆိုတေးရဲ့ ဇနီး (တချို့ကလည်း ချစ်သူလို့ ပြောကြပါတယ်) သေဆုံးသွားတယ်လို့ သတင်းတွေမှာ ဖတ်ရပါတယ်။ ဆိုတေးလည်း မြင်မကောင်းအောင် ဒဏ်ရာတွေရတာကို ဓာတ်ပုံတွေအရ တွေ့ရပါတယ်။ အထူးသဖြင့် ဦးခေါင်းမှာ ပြင်းပြင်းထန်ထန် ဒဏ်ရာရတယ်လို့ ဆိုပါတယ်။ မန္တလေးဆေးရုံကြီးမှာ ခွဲစိတ်ကုသမှု ပြုလုပ်ပြီးပြီလို့လည်း သတင်းတွေမှာ ဖတ်ရပါတယ်။ နှလုံးခုန်နေဆဲဖြစ်ပေမယ့် သတိပြန်မရသေးဘူးလို့ သိရပါတယ်။ ဆိုတေး အမြန်ဆုံး ပြန်လည်သတိလည်ပါစေကြောင်း ဆုတောင်းသံတွေ အင်တာနက်မှာ ပြည့်လျှံနေခဲ့တာကို မှတ်တမ်းတင်လိုက်ပါတယ်။ မီးအိမ်ရှင်တစ်ယောက် အမြန်ဆုံး ပြန်လည်ကျန်းမာပါစေ...။





ဆိုတေးရဲ့ မီးအိမ်ရှင်သီချင်း

Friday, July 12, 2013

နိုင်ငံတကာသတင်းတွေ ပြောပါရစေဦး


လုပ်ချင်တဲ့အလုပ်ကို လုပ်ချင်စိတ်ပေါ်တဲ့အချိန်မှာ လုပ်ခွင့်မရှိခြင်းဟာလည်း ဆင်းရဲခြင်းတစ်မျိုးဆိုတာ တွေးမိတယ်။ အခုရက်ပိုင်း အချိန်အခက်အခဲကြောင့် တင်ချင်တဲ့ပို့စ်တွေ မတင်နိုင်ဘူး၊ စာတွေဖတ်ပြီး သဘောကျတဲ့ဟာတွေ ပြန်ဝေမျှချင်တာ အခွင့်မသာခဲ့ဘူး၊ ရေးချင်တဲ့စာတွေ မရေးနိုင်ခဲ့ဘူး။ စိတ်သွားတိုင်း ကိုယ်မပါနိုင်ဘူးဆိုတာ ဒါမျိုးထင်ပါရဲ့။ ဖြစ်ချင်တော့ အခုရက်ပိုင်းအတွင်း ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေကလည်း များမှများ။ အခုရေးမယ့် အကြောင်းအရာတွေကလည်း အထူးအဆန်းတော့ မဟုတ်ပါလေ။ မိတ်ဆွေတွေအားလုံး သိပြီးကြားပြီး နိုင်ငံတကာသတင်းတွေရယ်ပါ။ ကျွန်တော့်အနေနဲ့ မှတ်တမ်းတစ်ခုအနေနဲ့ ပြန်လည်ရေးသားလိုရင်းက အဓိကပါ။

အက်(ဒ်)၀ပ်စနိုဒန် (သို့မဟုတ်) အိုဘားမားကို မျက်နှာပျက်စေခဲ့သူ
အမေရိကန်ထောက်လှမ်းရေးအဖွဲ့အစည်းတွေရဲ့ လုပ်ငန်းဆိုင်ရာ လျှို့ဝှက်ချက်တွေကို ဖွင့်ထုတ်ခဲ့တဲ့ စနိုဒန်ဆိုတဲ့ လူငယ်တစ်ဦးအကြောင်းက အခုအချိန်ထိ ပြောမဆုံးပေါင် ဖြစ်နေရတုန်းပါပဲ။ တစ်ချိန်က အမေရိကန် အမျိုးသားလုံခြုံရေးအေဂျင်စီ(NSA)ရဲ့ ကန်ထရိုက်တာနဲ့ စီအိုင်အေ၀န်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ စနိုဒန်က အမေရိကန်အစိုးရရဲ့ လျှို့ဝှက်ထောက်လှမ်းရေး အစီအစဉ်တွေနဲ့ ပတ်သက်ပြီး ဖော်ထုတ်ခဲ့တာမို့ အိုဘားမားအစိုးရအတွက် မျက်နှာပျက်စရာ ဖြစ်ခဲ့ရပါတယ်။ အမေရိကန်နိုင်ငံသားတွေ အပါအ၀င် ပြည်ပနိုင်ငံသားတွေရဲ့ ဖုန်းပြောဆိုမှုတွေ၊ အင်တာနက်အသုံးပြုမှုတွေကို တိတ်တဆိတ် ကြားဖြတ်ခိုးယူပြီး အချက်အလက်တွေ စုဆောင်းခဲ့တဲ့ အမေရိကန်အစိုးရရဲ့ လုပ်ရပ်ဟာ စနိုဒန်ကြောင့် ဘူးပေါ်သလို ပေါ်သွားခဲ့ရပါတယ်။ တာဝန်ရှိသူတွေကတော့ အဲဒီလို လျှို့ဝှက်ထောက်လှမ်းခဲ့တဲ့ အစီအစဉ်တွေကြောင့် အကြမ်းဖက်မှု အချို့ကို ကြိုတင်တားဆီးနိုင်ခဲ့တယ်လို့ အကြောင်းပြခဲ့ပါတယ်။ ဒါပေမယ့် ဝေဖန်သူတွေနဲ့ ကန့်ကွက်သူတွေကတော့ အဲဒီလို ကြိုတင်တားဆီးနိုင်ခဲ့တယ်ဆိုတာ ပြောပလောက်တဲ့ ပမာဏမဟုတ်သလို၊ အချက်အလက် ခိုင်မာမှုလည်း မရှိဘူးလို့ ပြောဆိုကြပါတယ်။ စနိုဒန် နောက်ဆုံးမွှေးခဲ့တဲ့ မီးပွားကတော့ အမေရိကန်အစိုးရအနေနဲ့ ဥရောပသမဂ္ဂဌာနချုပ်နဲ့ အမေရိကန် ပြည်ထောင်စုမှာရှိတဲ့ ဥရောပသမဂ္ဂရုံးတွေကို ပစ်မှတ်ထားပြီး အချက်အလက်တွေ လျှို့ဝှက်စုဆောင်းတာ လုပ်ခဲ့တယ်ဆိုတာပါပဲ။ အဲဒီဖွင့်ထုတ်မှုကြောင့် အမေရိကန်နဲ့ အီးယူနိုင်ငံတွေအကြား ဆက်ဆံရေးအက်ကြောင်း ဖြစ်ခဲ့ရပါတယ်။ အိုဘားမားအနေနဲ့လည်း အီးယူခေါင်းဆောင်တွေရဲ့ ယုံကြည်မှုကို ဆုံးရှုံးခဲ့ရပါတယ်။ စနိုဒန်အနေနဲ့ သူ့ရဲ့ဖွင့်ထုတ်မှုတွေကို ဂါးဒီးယန်းသတင်းစာမှာ ဖော်ပြခြင်းမပြုမီ မေလကတည်းက ဟောင်ကောင်ကို ထွက်ခွာသွားခဲ့ပါတယ်။ နောက်တော့ ဟောင်ကောင်ကနေ ရုရှားနိုင်ငံကို လေကြောင်းခရီးနဲ့ ထွက်ခွာခဲ့ပြီး မော်စကိုမြို့က လေဆိပ်တစ်ခုရဲ့ transit ဧရိယာမှာ သောင်တင်နေခဲ့ပါတယ်။ အဲဒီနောက် စနိုဒန်အနေနဲ့ နိုင်ငံပေါင်း ၂၀ ကျော်ထံကို နိုင်ငံရေးခိုလှုံခွင့်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ အချို့နိုင်ငံတွေက ပြတ်ပြတ်သားသား ငြင်းဆန်ခဲ့ကြသလို အချို့ကလည်း စဉ်းစားမှုတွေ ပြုလုပ်လျက်ရှိကြပါတယ်။ ရုရှားသမ္မတ ဗလာဒီမာပူတင်ကတော့ စနိုဒန်အနေနဲ့ လျှို့ဝှက်အချက်အလက်တွေ ဖွင့်ထုတ်တာကို ရပ်ဆိုင်းမယ်ဆိုရင် ရုရှားနိုင်ငံမှာ ဆန္ဒရှိသရွေ့ နေနိုင်ကြောင်း ပြောကြားခဲ့ပါတယ်။ အခုနောက်ဆုံး ဗင်နီဇွဲလားနိုင်ငံကလည်း စနိုဒန်ကို နိုင်ငံရေးခိုလှုံခွင့်ပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ စနိုဒန်အနေနဲ့ အမေရိကန်အစိုးရရဲ့ ဘယ်လိုလျှို့ဝှက်ချက်တွေကို ဆက်လက်ဖွင့်ချသွားမလဲဆိုတာ စိတ်ဝင်စားစရာပါ။ အမေရိကန်အနေနဲ့လည်း စနိုဒန်အရေးကို ဘယ်လိုကိုင်တွယ်မလဲဆိုတာ စောင့်ကြည့်ရမှာပါ။ အခုလောလောဆယ်တော့ အက်(ဒ်)၀ပ်စနိုဒန်ဟာ ပေါ်ပြူလာအဖြစ်ဆုံး သတင်းလူသား ဖြစ်နေဆဲပါပဲ။ စနိုဒန်ဆိုတဲ့ ငှက်ကလေး ဘယ်နိုင်ငံမှာ ခိုနားမလဲ ဆိုတာကတော့.......။

အာရပ်နွေဦး တိမ်ဖုံးချိန်
အီဂျစ်နိုင်ငံမှာ သမ္မတမော်စီကို ရာထူးကဖယ်ရှားလိုက်ပြီး စစ်တပ်က အာဏာသိမ်းခဲ့ပါတယ်။ သမ္မတမော်စီအစိုးရနဲ့ မွတ်စလင်ဘရားသားဟုဒ်ကို မကျေနပ်တဲ့ ဆန္ဒပြမှုတွေ တိုးပွားလာမှုအပေါ် ပြေလည်အောင် ဖြေရှင်းဖို့အတွက် စစ်တပ်က သမ္မတမော်စီကို ၄၈ နာရီ အချိန်ရမယ်လို့ ရာဇသံပေးခဲ့တာပါ။ အဲဒီရာဇသံကို မော်စီက လက်မခံဘဲ ပယ်ချခဲ့ပြီး နိုင်ငံတွင်းအခြေအနေတွေကို သူ့နည်းသူဟန်နဲ့သူ ဖြေရှင်းမယ်လို့ တုံ့ပြန်ခဲ့ပါတယ်။ ဒါပေမယ့် နိုင်ငံအတွင်း ဆန္ဒပြမှုတွေကတော့ လျော့မသွားခဲ့ပါဘူး။ အီဂျစ်စစ်တပ်ကလည်း သူတို့ပေးထားတဲ့ အချိန်ပြည့်တဲ့ရက်မှာပဲ မော်စီကို ရာထူးကနေဖယ်ရှားပြီး ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးရဲ့ အကြီးအကဲကို ကြားဖြတ်သမ္မတအဖြစ် ခန့်အပ်ခဲ့ပါတယ်။ သမ္မတမော်စီနဲ့ အစိုးရခေါင်းဆောင် အချို့ကိုတော့ ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။ ဘန်ကီမွန်းအပါအ၀င် နိုင်ငံတကာခေါင်းဆောင်တွေက အီဂျစ်မှာ စစ်တပ်က အာဏာသိမ်းမှု ပြုလုပ်ခဲ့တာနဲ့ ပတ်သက်ပြီး စိုးရိမ်စကား ပြောကြားခဲ့ကြပါတယ်။ မိုဟာမက်မော်စီဟာ အီဂျစ်ပြည်သူတွေက ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ ပထမဆုံး ရွေးကောက်ခံသမ္မတ ဖြစ်တဲ့အကြောင်း အဓိကထား ပြောဆိုကြပါတယ်။ ဒါပေမယ့် ဘယ်နိုင်ငံကမျှ အီဂျစ်စစ်တပ်ရဲ့ အာဏာသိမ်းမှုဟာ မှားယွင်းကြောင်း ပြစ်တင်ဝေဖန်မှု မပြုကြပါဘူး။ မော်စီကို သမ္မတရာထူးက ဖြုတ်ချပြီး စစ်တပ်က အာဏာသိမ်းခဲ့တဲ့နေ့မှာ အီဂျစ်နိုင်ငံတစ်ဝန်း အောင်ပွဲခံမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ယခုအခါ မော်စီကို စစ်တန်းလျားတစ်ခုမှာ ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ သိရပါတယ်။ မော်စီနဲ့ မွတ်စလင်ဘရားသားဟုဒ်ကို ထောက်ခံသူတွေနဲ့ ဆန့်ကျင်ကန့်ကွက်သူတွေအကြား အပြန်အလှန် တိုက်ခိုက်မှုတွေ ဖြစ်ပွားနေပါတယ်။ ရွေးကောက်ခံ သမ္မတတစ်ဦးကို ရာထူးကဖယ်ရှားပြီး စစ်တပ်က အာဏာသိမ်းတာဟာ ဒီမိုကရေစီ ရှုထောင့်အရ၊ စံနှုန်းအရဆိုရင်တော့ မကောင်းဘူးပေါ့ဗျာ။ သို့သော် အီဂျစ်နိုင်ငံတွင်းမှာ ဖြစ်ပွားနေတဲ့ အခြေအနေတွေဟာ သာမန်ကောက်ချက်ချရုံနဲ့ မလုံလောက်ပါဘူး၊ အပေါ်ယံသုံးသပ်ရုံနဲ့ နားမလည်နိုင်ပါဘူး။ အီဂျစ်စစ်တပ်ဟာ သမိုင်းစဉ်တစ်လျှောက်လုံး အီဂျစ်နိုင်ငံရေးမှာ ပါလာခဲ့တယ်ဆိုတာ ပြန်လေ့လာကြစေလိုပါတယ်။ အခုဖြစ်စဉ်မှာလည်း စစ်တပ်က အာဏာသိမ်းတာထက် မော်စီဆက်ရှိနေရင် ဖြစ်ပေါ်လာမယ့် ပဋိပက္ခနဲ့ မီးပွားက ပိုကြီးနေပြီး စိုးရိမ်စရာ ကောင်းနေတာမို့ ရှုထောင့်နှစ်ခုကြား အားပြိုင်နေကြဆဲပါ။ နိုင်ငံ့အနာဂတ်နဲ့ ဒီမိုကရေစီစံနှုန်း နှစ်ခုအနက် အီဂျစ်စစ်တပ် ရွေးချယ်သွားခဲ့တာက အမှန်တရားလား ဆိုတာကတော့ စောင့်ကြည့်ဖို့လိုပါဦးမယ်...။

ဗုဒ္ဓဂယာနှင့် ခေတ်သစ်မာရ်နတ်များ
ဗုဒ္ဓဘာသာဝင်တို့ အထွတ်အမြတ်ထားရာ၊ အလေးအမြတ်ပြုရာ နေရာတစ်ခုဖြစ်တဲ့၊ ကမ္ဘာ့အမွေအနှစ် နေရာအဖြစ် အသိအမှတ်ပြုထားတဲ့ ဗုဒ္ဓဂယာမှာ ဇူလိုင်လ ၇ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ဗုံးပေါက်ကွဲမှုတွေကြောင့် လူအများအကြား ပြောစရာဖြစ်ခဲ့ရပါတယ်။ ဘာသာရေးတွေကို ဘေးဖယ်ထားပြီး ယဉ်ကျေးမှုအမွေအနှစ် နေရာတစ်ခု၊ သမိုင်းအမွေအနှစ် နေရာတစ်ခုအနေနဲ့ စဉ်းစားမယ်ဆိုရင်တောင် မလုပ်သင့်တဲ့ အလုပ်ဖြစ်ပါတယ်။ ကျွန်တော်က ဗုဒ္ဓဘာသာဝင်မို့ ဒီလိုပြောနေတာ မဟုတ်ပါဘူး။ ဂျေရုစလင်က အခြားဘာသာတွေရဲ့ ဘာသာရေးဆိုင်ရာ အထွတ်အမြတ်နေရာ၊ မက္ကာက ဘာသာရေးအထွတ်အမြတ်နေရာ စတဲ့စတဲ့ အခြားဘာသာတွေရဲ့ နေရာတွေမှာ အကြမ်းဖက်မှု လုပ်မယ်ဆိုရင်လည်း ဒီလိုပဲ ပြောမှာဖြစ်ပါတယ်။ အခုတော့ ဗုဒ္ဓဂယာမှာရှိတဲ့ မဟာဗောဓိညောင်ပင်တော်နဲ့ အနီးတစ်ဝိုက်မှာ ဖြစ်ပွားခဲ့တဲ့ ဗုံးပေါက်ကွဲမှုတွေကြောင့် ဗုဒ္ဓဘာသာ နိုင်ငံတွေနဲ့ အိန္ဒိယနိုင်ငံအကြား မျက်နှာပျက်စရာ ဖြစ်ခဲ့ရပါတယ်။ ဗုံးခွဲမှုနဲ့ပတ်သက်ပြီး သံသယရှိသူတွေကို ဖမ်းဆီးထားတယ် ဆိုပေမယ့် သူတို့တွေကို ဖမ်းဆီးရုံ၊ အပြစ်ပေးရုံနဲ့ အကြမ်းဖက်မှုတွေ ပပျောက်သွားမှာ မဟုတ်ပါဘူး။ ဘာသာအားလုံးက ငြိမ်းချမ်းရေးကို မျက်မှောက်ပြုနိုင်ပါမှ၊ မေတ္တာတရားကို လက်ကိုင်ထားနိုင်ပါမှ ဒီလို ဖြစ်ရပ်တွေက ကင်းလွတ်နိုင်မှာပါ။

အထွေထွေ
တူရကီမှာ ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့က နှိမ်နင်းတာနဲ့ပတ်သက်ပြီး မကျေလည်မှုတွေ ရှိနေဆဲ။ သြစတြေးလျဝန်ကြီးချုပ်အဖြစ် ဂျူလီယာဂီးလက်အစား ကီဗင်ရုဒ် ဖြစ်လာတယ်။ အိမ်နီးချင်း ထိုင်းနိုင်ငံမှာလည်း ရင်လပ်ရှင်နာဝပ်က ပထမဆုံးသော အမျိုးသမီး ကာကွယ်ရေးဝန်ကြီး ဖြစ်လာခဲ့တယ်။ အိုဘားမားက အာဖရိကတိုက်ခရီးစဉ် သွားခဲ့တယ်။ ထင်သလောက် မအောင်မြင်ဘူး။ ကန့်ကွက်ဆန္ဒပြမှုတွေနဲ့ ရင်ဆိုင်ခဲ့ရတယ်။ တောင်အာဖရိကခေါင်းဆောင်ဟောင်း နယ်(လ်)ဆင်မင်ဒဲလား ကျန်းမာရေးအခြေအနေ မကောင်းလှဘူး။ အိုဘားမားက သူ့ခရီးစဉ်အတွင်း မင်ဒဲလားကို ထိန်းသိမ်းထားခဲ့ဖူးတဲ့ အကျဉ်းထောင်ကို သွားရောက်လည်ပတ် ကြည့်ရှုခဲ့တယ်။ ဘရာဇီးလ်မှာ တိုက်ကြီးများ ဖလားနဲ့အပြိုင် ဆန္ဒပြပွဲတွေ ဖြစ်ပွားခဲ့တယ်။ နိုင်ဂျီးရီးယားက သတင်းက ပြန်ပြောချင်စရာတောင် မရှိဘူး။ စာသင်ကျောင်းကိုဝင်စီး၊ ကလေးသူငယ်တွေကို အရှင်လတ်လတ် မီးရှို့သတ်တဲ့ကောင်တွေ ဘ၀တိုင်း မငြိမ်းချမ်းကြပါစေနဲ့။ လူပြန်မဖြစ်ကြပါစေနဲ့။

ဘန်ကီမွန်းခမျာလည်း အီဂျစ်ကို စိတ်ပူကြောင်းပြောရ၊ မာလီအတွက် စိတ်ပူရ၊ ယူဂန်ဒါအတွက် အားပေးရ၊ ကိုရီးယားကျွန်းဆွယ်အတွက် ရတက်မအေးရ၊ အာရပ်-အစ္စရေးအတွက်လည်း မျှော်ကြည့်ရနဲ့ အတော်သနားစရာ ကောင်းပါတယ်။ ကမ္ဘာ့သတင်းတွေဖတ်ပြီး ပျော်ရွှင်ရတာမရှိဘဲ တောက်တခတ်ခတ်၊ လက်သီးတဆုပ်ဆုပ် ဖြစ်ရတဲ့ ကျွန်တော်ကိုဉာဏ်ကတော့ မနေနိုင်မထိုင်နိုင် ဟိုရေးဒီရေးနဲ့ အိပ်ရေးတွေ ပျက်ရတာ သာလို့တောင် သနားစရာကောင်းသေးတော့တယ်။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၃ ခုနှစ်၊ ဇူလိုင်လ ၁၂ ရက်၊ သောကြာနေ့။
နံနက် ၀၀ နာရီ ၂၅ မိနစ်တွင်ပြီး၏။

Wednesday, July 10, 2013

ရိုတ သို့မဟုတ် ယနေ့အတွက် သတင်းလူသား (ဇူလိုင် ၁၀၊ ၂၀၁၃)




ဒီနေ့အတွက် အင်တာနက်ပေါ်မှာ ပြောစရာအဖြစ်ဆုံး သတင်းကတော့ ရိုတ ဖြစ်လိမ့်မယ်ထင်ပါရဲ့။ ကျွန်တော်တို့ မြန်မာတွေများ တစ်နေ့တစ်မျိုး မရိုးရအောင် လုပ်တတ်ကြပါပေ့ဗျာ။ အကြော်ရောင်းရင်း နာမည်ကြီးအောင် လုပ်တဲ့လူနဲ့၊ တလဲလဲလဲအော်ပြီး နာမည်ကျော်သွားတဲ့လူနဲ့ စသဖြင့် စသဖြင့်ပေါ့လေ။ အခုလည်း ရိုတရဲ့ နောက်ဆုံးထွက် စက်ဆီဒီဇိုင်းလေးတွေကြောင့် အင်တာနက်တစ်ခုလုံး အုတ်အော်သောင်းနင်း ဖြစ်ကုန်ရပြန်ပါရောလား။

ဒီပုံကို အရိုက်ခံထားတဲ့ ရိုတကလည်း ပြတ်သားပါသဗျာ။ သူ့ဖေ့စ်ဘွတ်ခ်မှာ အဲဒီဓာတ်ပုံတွေကို တင်ထားတဲ့အပြင် မှတ်ချက်ကလေးတောင် ရေးပေးထားလိုက်သေးတယ်။ ဘာတဲ့... ကြိုက်တာရေးလို့ ရပါသည်/ ကြိုက်တာပြောလို့ ရပါသည် တဲ့။ ကဲ.. ရေးချင်၊ ပြောချင်သူတွေ ရိုတရဲ့ Facebook စာမျက်နှာမှာ သွားကြည့်၊ သွားရေး၊ သွားပြောကြပါကုန်။

Monday, July 08, 2013

အန်ဒီမာရေးရဲ့ ၀င်ဘယ်(လ်)ဒန်အောင်ပွဲ



၂၀၁၃ ခုနှစ် ၀င်ဘယ်(လ်)ဒန် တင်းနစ်ပြိုင်ပွဲရဲ့ အမျိုးသားတစ်ဦးချင်းပွဲစဉ် ဗိုလ်လုပွဲမှာ အိမ်ရှင်ကစားသမား အန်ဒီမာရေးက ကမ္ဘာ့နံပါတ်တစ် ဆားဘီးယားတင်းနစ်ကစားသမား ဂျိုကိုဗစ်ကို ၆-၄၊ ၇-၅၊ ၆-၄ နဲ့ သုံးပွဲပြတ် အနိုင်ရရှိပြီး အင်္ဂလိပ်တွေရဲ့ ၇၇ နှစ်ကြာ မျှော်လင့်ချက်ကို ဖြည့်ဆည်းပေးခဲ့သည်။ ဂျိုကိုဗစ်အနေဖြင့် ပုံမှန်လက်စွမ်းတွင် ရှိနေခဲ့သော်လည်း မာရေး၏ စိတ်ဓာတ်တင်ကစားမှု၊ ပရိသတ်၏ ဖိအားပေးမှုတို့ကြောင့် အမှားများခဲ့သည်ကို တွေ့ရသည်။ အထူးသဖြင့် အပိုင်ရမှတ်အဖြစ် တွက်ဆထားသည့် အသည်းအသန် ဘောလုံးများကို မာရေးက အမှားအယွင်း အနည်းဆုံးဖြင့် ပြန်လည်ဆယ်ယူပြီး အမှတ်ရယူသွားခဲ့ခြင်းများက ဂျိုကိုဗစ်ကို ဖိအားများစေခဲ့သည်ဟု ထင်ပါသည်။ တင်းနစ်အရည်အသွေးနှင့် ပတ်သက်၍ မည်သူက သာသည်ဆိုသည်မှာ ပြောလို့ရကောင်းသည် မဟုတ်သော်လည်း ဗိုလ်လုပွဲတွင် ကစားသွားခဲ့သည့် အနေအထားအရမူ အိမ်ရှင်တစ်နိုင်ငံလုံး၏ မျှော်လင့်ချက်အဖြစ် ကစားခဲ့ရသည့် မာရေးက စိတ်ဓာတ်ပိုင်းဆိုင်ရာတွင် အဆများစွာ သာလွန်ခဲ့သည်ဟု မြင်ပါသည်။ နှစ်ဦးလုံးအနေဖြင့် ရှိသမျှပညာစွမ်း၊ ရှိသမျှအင်အားဖြင့် အလျှော့မပေးစတမ်း ယှဉ်ပြိုင်ခဲ့ကြသည်မှာ တကယ်ပင် ရသမြောက်လှပါသည်။ စပေးဘောလုံး ရသည့်သူက အဆိုပါပွဲငယ်အတွက် အနိုင်ရရှိရန် အမြဲတစေ ရုန်းကန်ခဲ့ရခြင်းကလည်း ထူးခြားမှုတစ်ရပ် ဖြစ်ခဲ့ပါသည်။ မာရေးနှင့် ဂျိုကိုဗစ်တို့၏ ဗိုလ်လုပွဲစဉ်သို့ ဗြိတိန်နာမည်ကျော် အများအပြား လာရောက်အားပေးခဲ့ကြသည်ကို တွေ့ရပါသည်။ အထူးသဖြင့် အင်္ဂလန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းကိုယ်တိုင် လာရောက်အားပေးခဲ့ခြင်းက ထူးခြားမှုတစ်ရပ် ဖြစ်ပါသည်။ ရွန်းနေဇနီးမောင်နှံ၊ ဗစ်တိုးရီးယားဘက်ဟမ်းနှင့် အခြားသော နာမည်ကျော် များကိုလည်း တွေ့မြင်ခဲ့ရသည်။ ဗိုလ်လုပွဲစဉ်၏ စိတ်လှုပ်ရှားမှုနှင့် ရင်ခုန်မှု အပေးစွမ်းဆုံး အခိုက်အတန့်မှာ အန်ဒီမာရေး ချန်ပီယံအဖြစ် အောင်ပွဲခံစေခဲ့သည့် ပွဲငယ်ဖြစ်ပါသည်။ ၄၀-၀ အထိ အမှတ်ရရှိထားသည့် မာရေးအနေဖြင့် ချန်ပီယံပွိုင့် ၃ ကြိမ် ရရှိခဲ့သော်လည်း လိုအပ်သည့်အမှတ်ကို မရရှိခဲ့သည့်အပြင် ဂျိုကိုဗစ်ကို break point ၃ ကြိမ်အထိ ပြန်ပေးခဲ့ရသည်အထိ ဖြစ်ခဲ့ရသည်။ ဂျိုကိုဗစ်အနေဖြင့် ချန်ပီယံဖြစ်ခွင့်အတွက် မျှော်လင့်ချက် မရှိသလောက် အနေအထားဆိုသည်ကို သဘောပေါက်ထားပြီး ဖြစ်ကောင်းဖြစ်နိုင်သော်လည်း အလွယ်တကူ အရှုံးမပေးဘဲ နောက်ဆုံးအချိန်အထိ မာရေးကို စိန်ခေါ်သွားခဲ့သည်မှာ ကြည့်ရှုသူအားလုံးအတွက် ရင်ခုန်သံမြန်စေခဲ့ပါသည်။ ပွဲအပြီးတွင် အရှုံးအတွက် ရဲရဲဝံ့ဝံ့ ကျေကျေနပ်နပ် ရင်ဆိုင်သွားသော ဂျိုကိုဗစ်ကို လေးစားမိသကဲ့သို့ အိမ်ရှင်ပရိသတ်များအတွက် မထင်မှတ်လောက်အောင် စိတ်ဓာတ်တင်ပြီး ရေကုန်ရေခန်း ကစားသွားခဲ့သော အန်ဒီမာရေးကိုလည်း ချီးကျူးမိပါသည်။ ၀င်ဘယ်(လ်)ဒန် တင်းနစ်ပြိုင်ပွဲ အမျိုးသားတစ်ဦးချင်း ဗိုလ်လုပွဲတွင် ဂျိုကိုဗစ်နှင့် မာရေး နှစ်ဦးလုံး ကောင်းခဲ့ကြပါသည်၊ အစွမ်းကုန် ကြိုးစားခဲ့ကြပါသည်။ သို့သော် မာရေးအတွက် ထိုက်တန်သည့် အောင်မြင်မှုတစ်ခု ဖြစ်ခဲ့သည်မှာ တစ်ကမ္ဘာလုံးမှ ပရိသတ်များအတွက် အငြင်းပွားစရာ မရှိခဲ့ပါပေ။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၃ ခုနှစ်၊ ဇူလိုင်လ ၈ ရက်၊ တနင်္လာနေ့
နံနက် ၀၀ နာရီ ၂၃ မိနစ်တွင် ပြီး၏။

Sunday, July 07, 2013

ဗုဒ္ဓဂါယာရှိ မဟာဗောဓိစေတီတော်ဝန်းကျင်တွင် ပေါက်ကွဲမှု ၉ ခု ဖြစ်ပွားခဲ့ခြင်း


 
ယနေ့ ဇူလိုင်လ ၇ ရက်နေ့ နံနက်ပိုင်းက ဗုဒ္ဓဂါယာပရ၀ုဏ်အတွင်းရှိ မဟာဗောဓိ စေတီအနီး ဖြစ်ပွားခဲ့သော ဆက်တိုက်ဗုံးပေါက်ကွဲမှုများကြောင့် ကမ္ဘာလှည့်ခရီးသွား ၂ ဦး အပါအ၀င် လူ ၅ ဦး ဒဏ်ရာရရှိခဲ့ပါသည်။ ဗုဒ္ဓဂါယာ ရဲတပ်ဖွဲ့၏ ပြောကြားချက်အရ စေတီပရ၀ုဏ်နှင့် မဟာဗောဓိညောင်ပင်အနီး နံနက် ၅ နာရီခွဲနှင့် ၆ နာရီအကြား ပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်ပါသည်။ ပေါက်ကွဲမှုများသည် ပြင်းထန်မှုမရှိကြောင်းနှင့် မဟာဗောဓိ စေတီတော်အား ထိခိုက်မှုမရှိကြောင်း သတင်းများက ဖော်ပြခဲ့ကြပါသည်။ မဟာဗောဓိညောင်ပင်သည် ထိခိုက်မှုလုံးဝမရှိဘဲ ဘေးကင်းလုံခြုံစွာရှိပါကြောင်း ဗုဒ္ဓဂါယာရဲတပ်ဖွဲ့၏ အကြီးအကဲဖြစ်သူက ပြောကြားခဲ့ပါသည်။ ထိပ်တန်းရဲအရာရှိကြီးများသည် ပေါက်ကွဲမှုဖြစ်ပွားရာ မဟာဗောဓိ စေတီတော်သို့ ရောက်ရှိခဲ့ကြသကဲ့သို့ ပတ္တနားမှ မှုခင်းဆိုင်ရာ ပညာရှင်များသည်လည်း လာရောက်လျက်ရှိပါသည်။ မဟာဗောဓိစေတီတော်သည် အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုပြုလုပ်မည့် စာရင်းတွင် ပါရှိနေကြောင်း အိန္ဒိယထောက်လှမ်းရေးက ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း သတိပေးချက် ထုတ်ပြန်ခဲ့ပါသည်။

မူရင်းသတင်း

 
Web Statistics