Showing posts with label ဆောင်းပါး-Article. Show all posts
Showing posts with label ဆောင်းပါး-Article. Show all posts

Wednesday, September 04, 2013

ဖွဲ့စည်းပုံအခြေခံဥပဒေ နှင်းဆီခိုင်


ဖွဲ့စည်းပုံအခြေခံဥပဒေအကြောင်း အတော်ပြောလာကြတာကို တွေ့ရပါသည်။ နိုင်ငံအတွက် အင်မတန်မှ အရေးကြီးသည့် ဥပဒေတစ်ခုအကြောင်း အများပြည်သူ စိတ်ဝင်တစား ပြောဆိုဆွေးနွေးလာခြင်းအပေါ် ကြိုဆိုအပ်ပါသည်။ ၀မ်းမြောက်ရပါသည်။ သို့သော် သူများပြောလို့ လိုက်ပြောနေသူ၊ သူများဝေဖန်လို့ လိုက်ဝေဖန်နေသူ၊ သူများစိတ်ဝင်စားလို့ စိတ်ဝင်စားဟန် လိုက်လုပ်နေသူ၊ စသူတို့ များပြားနေသည်ကို ၀မ်းနည်းဖွယ် တွေ့မြင်ရပါသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရမည်ဟု ကျယ်ကျယ်လောင်လောင် ပြောနေကြပါသည်။ အခြေခံဥပဒေကို အမှန်တကယ် ဖတ်ရှုလေ့လာပြီး တတ်သိနားလည်သဖြင့် ပြင်ဆင်ရမည်ဟု ပြောနေသူများ ရှိသကဲ့သို့ သူများယောင်လို့ လိုက်ယောင်နေသူများ၊ ခါတော်မီ လုပ်စားနေသူများလည်း ရှိနေကြပါသေးသည်။ ဘာပဲဖြစ်ဖြစ် ဖွဲ့စည်းပုံ အခြေခံဥပဒေသည် နိုင်ငံအတွက် အလေးထားပြောဆို ဆွေးနွေးရမည့် ဥပဒေတစ်ခုဖြစ်ကြောင်း အများပြည်သူ နားလည်လာကြသည်ဟု မှတ်ယူရင်း ၀မ်းမြောက်ရပါသည်။

ဘာတွေ စလုပ်သင့်သနည်း
ပထမဆုံး တိုက်တွန်းလိုသည်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေ စာအုပ်တစ်အုပ် မဖြစ်မနေ ၀ယ်ယူစေချင်တာ ဖြစ်ပါသည်။ စာအုပ်အကြီးက တစ်အုပ်လျှင် ၂၀၀၀ ကျပ်ဝန်းကျင် ပေးရပါသည်။ တစ်မြို့နှင့်တစ်မြို့ ဈေးနှုန်းမတူညီပါ။ ရောင်းချသည့် ဈေးဆိုင်အပေါ် မူတည်၍ ဈေးနှုန်းအနည်းအများ ကွာခြားသည်ကို တွေ့ရပါသည်။ စာအုပ်အသေးကတော့ ပြန်ကြားရေးဆိုင်များတွင် ၅၀၀ ကျပ်နှုန်းဖြင့် ၀ယ်ယူရရှိနိုင်ပြီး ပြင်ပဆိုင်များတွင်တော့ ၆၀၀ ကျပ်ဝန်းကျင်ဖြင့် ရောင်းချသည်ကို တွေ့ရပါသည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လေ့လာသုံးသပ် ဝေဖန်လိုသူများအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေစာအုပ် မိမိနှင့်အတူ အလွယ်တကူ မရှိပါဘဲ မည်ကဲ့သို့ လေ့လာသုံးသပ်ပါမည်နည်း။ စာကြည့်တိုက်များသို့ သွားဖတ်ခြင်း၊ ငှားရမ်းဖတ်ရှုခြင်းများက သင့်လျော်မှုမရှိဟု မြင်မိပါသည်။ ဒါက သာမန်ပြည်သူတွေအတွက် အကြံပြုချက် ဖြစ်ပါသည်။ လျှပ်စစ်မီးပုံမှန်ရပြီး ကွန်ပျူတာ သို့မဟုတ် PDF စာအုပ်ဖတ်နိုင်သော အီလက်ထရောနစ် ပစ္စည်းတစ်ခုခု သုံးစွဲနေသူတွေအတွက်ဆိုရင် ဖွဲ့စည်းပုံအခြေခံဥပဒေ PDF ဖိုင်တစ်ခုကို မိမိစက်ထဲတွင် ရှိနေအောင် လုပ်ဆောင်ထားသင့်ပါသည်။ ဘောလုံးကန်ချင်သူ တစ်ဦးအတွက် ဘောလုံးတစ်လုံးရှိဖို့ မရှိမဖြစ် လိုအပ်သကဲ့သို့ ဖွဲ့စည်းပုံအခြေခံဥပဒေကို လေ့လာလိုသူ ဝေဖန်သုံးသပ်လိုသူ တစ်ဦးအတွက်လည်း အခြေခံဥပဒေ စာအုပ်တစ်အုပ်သည် မရှိမဖြစ် လိုအပ်သည်ဟု ကျွန်တော်ကိုဉာဏ် ယုံကြည်ပါသည်။

အစအဆုံး ဖတ်စေချင်ပါသည်
ဖွဲ့စည်းပုံအခြေခံဥပဒေကို မိမိစိတ်ဝင်စားသည့် အပိုင်းများသာမဟုတ်ဘဲ တစ်အုပ်လုံးကုန်အောင် ဖတ်ကြဖို့လည်း အလေးထား တိုက်တွန်းလိုပါသည်။ ပထမတစ်ခေါက် ပြီးဖို့အဓိကဖတ်ချင်ဖတ်၊ ဒုတိယတစ်ခေါက် နည်းနည်းမှတ်မိအောင်ဖတ်၊ တတိယတစ်ခေါက် စိတ်ဝင်စားမိသည်များကို မှတ်စုမှတ်၍ဖတ်၊ စတုတ္ထအခေါက်၊ ပဉ္စမအခေါက်၊ စသည်တို့တွင်မူ မိမိအတွက် စိတ်ဝင်စားသည်များကို ဆင်ခြင်သုံးသပ်ခြင်း၊ မှတ်စုရေးခြင်းတို့ လုပ်ဆောင်သင့်ပါသည်။ ဒါက အကြံပြုချက်မျှသာ ဖြစ်ပါသည်။ ထိုကဲ့သို့ မဖြစ်မနေ လုပ်ဆောင်ရမည်ဟု မဆိုလိုပါ။ မိမိ၏ စိတ်ဝင်စားမှု၊ မိမိ၏ အသိဉာဏ်ပညာ၊ မိမိ၏ တွေးခေါ်မြော်မြင်နိုင်စွမ်း၊ မိမိ၏ ၀မ်းစာပြည့်ဝမှု၊ မိမိ၏ ဥပဒေသဘောတရားတို့နှင့် အကျွမ်းတ၀င် ရှိမှုတို့အပေါ်မူတည်၍ တစ်ဦးနှင့်တစ်ဦး လေ့လာပုံချင်း၊ ချဉ်းကပ်ပုံချင်း တူညီနိုင်လိမ့်မည် မဟုတ်ကြောင်းကို ကျွန်တော်ကိုဉာဏ် နားလည်ပါသည်။ နောက်တစ်ချက် အခြေခံဥပဒေကို အစအဆုံး ဖတ်စေချင်သည့် ရည်ရွယ်ချက်တစ်ခုကတော့ ဥပဒေတစ်ခုလုံး၏ အချိတ်အဆက်နှင့် ၀ိညာဉ်တို့ကို သိမြင်စေချင် သောကြောင့် ဖြစ်ပါသည်။ အချို့သော ပြဋ္ဌာန်းချက်များသည် စံနှုန်းတစ်ခုခုဖြင့် တိုင်းတာမည်ဆိုပါက အပြစ်ဆိုဖွယ်ရှိသော်လည်း အဆိုပါပြဋ္ဌာန်းချက်များ၏ နောက်ကွယ်က စိတ်ရင်းစေတနာနှင့် ၀ိညာဉ်ကို အခြားပြဋ္ဌာန်းချက်များနှင့် တွဲဖက်ရှုမြင်လျက် မြင်အောင်ကြည့်နိုင်ပါလျှင် လက်ခံနိုင်သည်များလည်း ရှိနေသောကြောင့် ဖြစ်ပါသည်။

ဆက်စပ်ဖတ်သင့်တာတွေလည်းဖတ်ပါ
ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဟု ပြောဆိုနေကြသူများအနက် အများစုသည် မိမိတို့၏ စိတ်ခံစားချက် အပေါ်တွင် မှီတည်၍ ပြောဆိုနေကြသည်ကို တွေ့မြင်ရပါသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေသည် နိုင်ငံသားအားလုံး ကာကွယ်စောင့်ရှောက် လိုက်နာစောင့်ထိန်းရန် ရေးဆွဲထားသည် မှန်သော်လည်း တစ်ဦးတစ်ယောက်ချင်းစီ၏ စိတ်ခံစားချက်များကို အလုံးစုံဖြည့်ဆည်းပေးရန် ရေးဆွဲထားသည် မဟုတ်ကြောင်းကိုမူ နားလည်သင့်ပါသည်။ အများစုက လက်ခံနိုင်ခြင်း မရှိလျှင်တော့ စဉ်းစားသင့်ပါသည်။ သို့သော် ထိုသို့စဉ်းစားရာတွင်ပင် လက်ခံနိုင်သည့် အများစုမဟုတ်သူများ အတွက်လည်း ထည့်သွင်းစဉ်းစားရပါမည်။ အားလုံးက တညီတညွတ်တည်း ဆိုလျှင်မူ အထူးပြောဖွယ် မရှိပါချေ။ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ပတ်သက်၍ အခြားသောဆက်စပ် စာအုပ်စာတမ်းများ၊ ဆောင်းပါးများကိုလည်း ရှာဖွေ ဖတ်ရှု လေ့လာ သုံးသပ်သင့်ပါသည်။ သို့မှသာ အခြားသော ပညာရှင်များ၊ အခြားသော ပုဂ္ဂိုလ်များ၏ အမြင်အတွေး၊ အယူအဆများကို သိရှိနိုင်မည်ဖြစ်ပါသည်။ ကျွန်တော်ညွှန်းဆိုချင်သည့် စာအုပ်အနည်းငယ် ရှိပါသည် -
(၁) ကမ္ဘာ့နိုင်ငံများ၏ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးများ
(၂) ဖွဲ့စည်းပုံအခြေခံဥပဒေကို ဘယ်လိုပြင်ကြမှာလဲ၊ မောင်ကိုနီ (တရားရုံးချုပ်ရှေ့နေ)
(၃) ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအတွင်းက ပြင်ဆင်ရန်နှင့် ပယ်ဖျက်ရန်ဥပဒေများ၊ ဦးမျိုး (ဥပဒေ)
(၄) အမေရိကန်ကွန်ဂရက်အကြောင်း သိကောင်းစရာအချို့နှင့် အမေရိကန် ဖွဲ့စည်းပုံဆိုင်ရာ ဆောင်းပါးများ၊ အေးမောင်ကျော်
(၅) ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ (၁၉၄၇ ခုနှစ်)
(၆) ဖွဲ့စည်းပုံအခြေခံဥပဒေ (၁၉၇၄ ခုနှစ်)

သတိပြုသင့်တဲ့အန္တရာယ်
ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရေးနဲ့အတူ အခုတလော ကျယ်ကျယ်ပြန်ပြန့် ကြားလာရတာကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေ အသစ်ရေးဆွဲရေး ဖြစ်ပါတယ်။ အင်မတန်မှ အန္တရာယ်များတဲ့ စိတ်ကူးအကြံအစည်မို့ စဉ်းစဉ်းစားစား၊ ချင့်ချင့်ချိန်ချိန်၊ ဆင်ဆင်ခြင်ခြင် ပြောကြလုပ်ကြဖို့ တောင်းပန်လိုပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ အသစ်ရေးဆွဲတာကို ဘာဖြစ်လို့ တစ္ဆေခြောက်ခံရသလို ကြောက်နေရသလဲလို့ မေးမယ့်လူတွေကို ဖြေပါ့မယ်။ လက်ရှိနိုင်ငံရေး အခြေအနေအရ အခြေခံဥပဒေကို အသစ်ပြန်လည် ရေးဆွဲမယ်ဆိုရင် ဖြစ်လာနိုင်တဲ့ ပဋိပက္ခတွေနဲ့ အကြပ်အတည်းတွေဟာ မတွေးဝံ့လောက်အောင်မို့ပါလို့ ဖြေပါ့မယ်။ အစိုးရိမ်လွန်တာ ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် လက်ရှိဖြစ်ပျက်နေတဲ့ အခြေအနေတွေ၊ အနေအထားတွေနဲ့ နှိုင်းယှဉ်ဆင်ခြင် သုံးသပ်ကြည့်မယ်ဆိုရင် ရေးရေးဖြစ်စေ မြင်သာလိမ့်မယ်လို့ ယုံကြည်ပါတယ်။ သာမန်ဥပဒေ တစ်ခုကိုတောင် ဟိုးလေးတကြော်၊ အုတ်အော်သောင်းနင်း၊ ပြန်လှန်စွပ်စွဲ၊ စေ့စပ်မရ၊ ညှိနှိုင်းမရ၊ လက်ခံမရ ဖြစ်နေကြသေးတာ။ အခြေခံဥပဒေကိုသာ ဒီမိုကရေစီနည်းကျ ရေးဆွဲလို့ကတော့ ကျွန်တော်တို့နိုင်ငံမှာ နှစ်ပေါင်း ၅၀ လောက် ရေးဆွဲရလိမ့်မယ်လို့ ကျွန်တော်ကိုဉာဏ် မြင်မိပါတယ်။ နှစ်ပေါင်း ၅၀ ဆိုတာ တင်စားပြောဆိုတာလို့ ဆိုကောင်းဆိုနိုင်ပေမယ့် တကယ်လို့များ နှစ်အနည်းငယ်အတွင်း ရေးဆွဲအတည်ပြုနိုင်ခဲ့မယ် ဆိုရင်တောင် အလိုဆန္ဒ မပြည့်သူတွေရဲ့ အန္တရာယ်ကို ရင်ဆိုင်ရမှာ အသေအချာပါ။ ကျွန်တော်ကိုဉာဏ် ဆိုတဲ့လူကလည်း အစိုးရိမ် ပိုတတ်သူမို့ ပြင်ဆင်ရေး... ပြင်ဆင်ရေး တို့၊ ရေးဆွဲရေး... ရေးဆွဲရေး တို့ ဆိုတဲ့အသံတွေကို မူရင်းအတိုင်း မကြားရဘဲ ဒို့အရေး... ဒို့အရေး.... ဆိုပြီး လက်သီးလက်မောင်း တန်းနေတာ တွေကိုသာ မြင်နေကြားနေမိပါတယ်။

ဆရာအောင်ထွဋ် အသေစောတယ်
အရင်တုန်းက ဖွဲ့စည်းပုံအခြေခံဥပဒေ အသစ်ရေးဆွဲဖို့ မပြောနဲ့၊ ပြင်ဆင်ရေးကိုတောင် ရဲရဲမပြောရဲတဲ့ လူတွေက အခုကျမှ ဖွဲ့စည်းပုံအခြေခံဥပဒေ တစ်ခုလုံးကို ရစရာမရှိအောင် ပြောနေတာကတော့ အနည်းငယ် ထူးဆန်းလို့ နေပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပတ်သက်လို့ ရဲရဲဝံ့ဝံ့၊ ပွင့်ပွင့်လင်းလင်း ပြောဆိုရေးသားရဲတာ ဆရာအောင်ထွဋ် တစ်ယောက်ကိုပဲ ကျွန်တော်မြင်ခဲ့မိပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ပြီးပြည့်စုံမှုမရှိကြောင်း၊ အားနည်းချက်တွေရှိကြောင်း ဆရာအောင်ထွဋ် ပွင့်ပွင့်လင်းလင်းပဲ ပြောပါတယ်။ အခုမှ ထအော်တဲ့လူတွေကို သနားမိပါသေးတယ်။ ဒါပေမယ့် ဆရာအောင်ထွဋ်ရဲ့ ပညာရှင်သုံးသပ်မှုက ဒီလောက်နဲ့ ရပ်မသွားပါဘူး။ ဖွဲ့စည်းပုံအခြေခံဥပဒေကို သက်တမ်းနုနုလေးမှာ ဟိုပြင်ဒီပြင်၊ ဟိုဖြုတ်ဒီဖြုတ်၊ ဟိုရေးဒီရေး မလုပ်ကြဖို့လည်း စိုးရိမ်ကြီးစွာ သတိပေးခဲ့ပါတယ်။ အမှန်အတိုင်းပြောရရင် အဲဒီတုန်းကတော့ ဆရာအောင်ထွဋ် ဘာဖြစ်လို့ အစိုးရိမ်ကြီးသလဲဆိုတာ ကျွန်တော် အပြည့်အ၀ နားမလည်ခဲ့တာ အမှန်ပါ။ အခုတော့ လက်ငင်းကြုံနေရတဲ့ ဖြစ်စဉ်ဖြစ်ရပ်တွေကြားမှာ ဆရာအောင်ထွဋ် ဘာကိုစိုးရိမ်ခဲ့သလဲဆိုတာ ခပ်ရေးရေး မြင်လာပါပြီ။ မပီဝိုးတ၀ါး ဖြစ်ပေမယ့် အလေးအနက် စိုးရိမ်မိတာကတော့ ပြောစရာမရှိပါ။ ဆရာအောင်ထွဋ် ရှိတုန်းကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပတ်သက်လို့ စိတ်ဝင်တစား မရှိကြတဲ့လူတွေ အခုမှ အသံကောင်းဟစ်နေတာ၊ ခါတော်မီလုပ်နေတာကို မြင်ရကြားရတော့ ဆရာအောင်ထွဋ်ရယ် အသေစောလိုက်တာလို့ပဲ တမ်းတမိပါတယ်။

ဝင်း-၀င်း-၀င်း-၀င်း-၀င်း
တပ်ထားတဲ့ခေါင်းစဉ်ဟာ ကြောင်တောင်တောင်နိုင်ပါတယ်။ ဟုတ်ပါတယ်.... ၀င်း-၀င်း သီအိုရီကို စာဖတ်သူတို့ အားလုံး နောကြေနေအောင် သိထားကြပြီးသားပါ။ ဒါပေမယ့် ကျွန်တော်ဆိုလိုချင်တာက ကျွန်တော်တို့မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေဟာ ၀င်း-၀င်း နဲ့တင် မပြီးနိုင်ဘူးဆိုတာပါပဲ။ လက်ရှိအချိန်မှာ ကျွန်တော်တို့နိုင်ငံရေးကို ဘယ်သူတွေက ထိန်းကျောင်းနေသလဲဆိုတာ ဖြေဆိုဖို့ အင်မတန်မှ ခက်ခဲလှပါတယ်။ ကျွန်တော့်ရဲ့ ပညာဉာဏ် နည်းပါးမှုကြောင့်လည်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ သူများနိုင်ငံတွေမှာ အစိုးရနဲ့ အတိုက်အခံဟာ အဓိက အုပ်စုတွေပါ။ ကျွန်တော်တို့ဆီမှာကတော့ ဘယ်သူက အစိုးရလဲ၊ ဘယ်သူက အတိုက်အခံလဲ ဆိုတာကိုတောင် ကွဲကွဲပြားပြား မရှိလှပါဘူး။ အစိုးရအတွင်းမှာလည်း အချင်းချင်း အတိုက်အခံတွေဖြစ်၊ အတိုက်အခံလို့ အမည်တပ်ကြသူတွေထဲမှာလည်း အကွဲကွဲအပြားပြားဖြစ်၊ အခြားသော အဖွဲ့အစည်းတွေ၊ ပုဂ္ဂိုလ်တွေဆိုတာကလည်း သူ့ရပ်တည်မှုနဲ့သူ အင်ကြီးအားကြီး၊ ဘယ်သူ့လက်ထဲမှာ ဘာပါဝါရှိနေသလဲ ဆိုတာကိုတောင် ကျွန်တော်ကိုဉာဏ်ဖြင့် ဝေခွဲမရ၊ စိတ်ဖြာမရ၊ ခွဲခြားမရပါဗျာ။ အဲဒီတော့ ဒီနိုင်ငံမှာ ဘာပဲလုပ်လုပ် ၀င်း-၀င်း လောက်နဲ့ မရပါဘူး။ အနည်းဆုံးတော့ ၀င်း-၀င်း-၀င်း-၀င်း-၀င်း-၀င်း ဖြစ်မှရမှာပါ။ လက်ရှိနိုင်ငံရေးနယ်ပယ်မှာ ကျင်လည်လှုပ်ရှား မောင်းနှင်နေကြသူတွေအားလုံး သတိကြီးစွာ ထားကြစေလိုကြောင်းနှင့် တစ်ခုခု လုပ်မယ်ကြံတိုင်း မြန်မာပြည်သူများ၏ မျက်နှာကို မြင်ကြပါမည့်အကြောင်း တောင်းပန်လိုက်ရပါတယ်။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၃ ခုနှစ်၊ စက်တင်ဘာလ ၄ ရက်၊ ဗုဒ္ဓဟူးနေ့
ညနေ ၆ နာရီ ၄၀ မိနစ်တွင်ပြီး၏။

Thursday, June 13, 2013

ဒေါ်အောင်ဆန်းစုကြည် သမ္မတအိမ်တော်ရောက်ရေး ဖြစ်နိုင်ပါသည်… သို့သော်၊ ကျော်ဝင်း



ယခုစာစုမှာ ၂၀၁၃ ခုနှစ် မေလ၂၅ ရက် ထုတ် The Economist မဂ္ဂဇင်း၏ Special Report မှ ဆောင်းပါးတစ်ပုဒ်ဖြစ်ပါသည်။ ကမ္ဘာသိ မဂ္ဂဇင်းကြီးတစ်စောင်၏ မြန်မာ့နိုင်ငံရေး အနာဂတ်နှင့် ပတ်သက်သော သဘောထားအမြင်ဖြစ်၍ ဦးနှောက်မုန်တိုင်းဆင်နိုင်ရန် မူလအာဘော်မပျက်၊ ဘာသာပြန်ဆို ဖော်ပြလိုက်ပါသည်။

လွှတ်တော်နိုင်ငံရေး
နေပြည်တော်တွင် အသစ်ထွက်ပေါ်လာသော ပါလီမန်များမှာ သမ္မတဦးသိန်းစိန် ဦးဆောင်သော ပြုပြင်ပြောင်းလဲမှုများအနေနှင့် ယခင်အစိုးရ အကန့်အသတ်နှင့်သာရှိသော ရည်မှန်းချက်ဖြစ်သည့် “စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ” ဆိုသည်ထက် အဆများစွာ ပိုခရီးရောက်နေပြီဖြစ်ကြောင်း အခိုင်အ မာ ဖော်ပြနေသည်သို့ ရှိပါသည်။ ၂၀၁၁ ခုနှစ် ဇန်န၀ါရီ ပထမဆုံး လွှတ်တော်အစည်းအဝေးများ စတင်စဉ်ကမူ အခြေအနေမှာ ယခုလို မဟုတ်သေး။ အငြင်းပွားဖွယ် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲမှ အနိုင်ရလာကြသော အမတ်များ၊ ၂၅ ရာခိုင်နှုန်းသော တပ်မတော်အစုအဖွဲ့ဝင်များနှင့် ပွဲထွက်လာခဲ့သော လွှတ်တော်များမှာ မူလရည်မှန်းထားသည့်အတိုင်း ရာဘာတံဆိပ်တုံး အင်စတီကျူးရှင်းထက် ပိုလိမ့်မည်ဟု ထင်မထားခဲ့ကြပါ။ သို့နှင့်တိုင် တက်ကြွထက်သန်သော အောက်လွှတ်တော် ပြောရေးဆိုခွင့်ရှိသူ (ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ) သူရဦးရွှေမန်း၏ ခေါင်းဆောင်မှုနှင့်အတူ လွှတ်တော်များမှာ အံ့သြဖွယ်ကောင်းလောက်အောင် 
အသက်ဝင်လာသည်။ သမ္မတကိုပင် မကြောက်မရွံ့ စိန်ခေါ်သည်များ ရှိလာသည်။ (အမှန်စင်စစ် ဦးရွှေမန်း ကိုယ်တိုင်သည်ပင် ဗိုလ်ချုပ်ကြီးဟောင်း တစ်ဦးဖြစ်ပြီး ယခင်တပ်မတော်အစိုးရ လက်ထက်က နံပါတ်သုံး ခေါင်းဆောင်ဖြစ်ခဲ့သည်။)

အခြားအတိုက်အခံပါတီများမှ လွှတ်တော်ကိုယ်စားလှယ်များလိုပင် လူနည်းစု လူမျိုးစု ပါတီများမှာလည်း မျှော်လင့်သည်ထက် ပိုလှုပ်ရှားခွင့်ရလာသော လွှတ်တော်နိုင်ငံရေးကို သိမှတ်လက်ခံ ကြိုဆိုကြသည်များ ရှိပါသည်။ “ရခိုင်အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ” (RNDP) မှ အထွေထွေအတွင်းရေးမှူး ဦးဦးလှစောက ယခုလိုပြောသည်။ “ပါလီမန်ရဲ့ ကနဦးရက်တွေတုန်းကတော့ ဖက်ဒရယ်စနစ်တို့၊ ဓနခွဲဝေဖြန့်ဖြူးမှုတို့လို ကိစ္စမျိုးတွေ ပြောလို့မရခဲ့ဘူးပေါ့ဗျာ။ အခုတော့ ဒီအကြောင်းတွေကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးလို့ရနေပါပြီ။ အပြုသဘောဆောင်တဲ့ တိုးတက်မှုမို့ ကျွန်တော်တို့ စိတ်ချမ်းသာပါတယ်”

၂၀၁၂ ခုနှစ် ဧပြီ ကြားဖြတ်ရွေးကောက်ပွဲဖြင့် တက်လာသော အင်န်အယ်လ်ဒီပါတီမှ ၀ါရင့် လွှတ်တော်ကိုယ်စားလှယ် တစ်ဦးဖြစ်သူ ဦးဝင်းထိန်ကလည်း “အခုဆိုရင် ပါလီမန်ဟာ တကယ့်ကို အသက်ဝင်လာပြီဗျ” ဟု ဆိုသည်။ ပြောရလျှင် ပါတီဝင် လွှတ်တော်အမတ်များသည်ပင် ပုံမှန်ဥပဒေပြုရေး ဆွေးနွေးပွဲများတွင် တက်တက်ကြွကြွ ပါဝင်လျက်ရှိနေကြသည်။ တပ်မတော်၏ သဘောထားနှင့် သီးခြားကင်းလွတ်စွာ ၎င်းတို့၏ အရည်အသွေး၊ အတွေးအမြင်များအလိုက် ဥပဒေအဆိုပြုချက်များကို လွတ်လွတ်လပ်လပ် ဆွေးနွေးဆုံးဖြတ်နေကြသည်။ ပြည်သူလူထု၏ ရွေးချယ်မှုသည်ကား ဒေါ်အောင်ဆန်းစုကြည်မှ ဒေါ်အောင်ဆန်းစုကြည်ပင် ဖြစ်နေဆဲပင်။ ဤကိစ္စနှင့် ပတ်သက်လျှင်ကား သံသယဖြစ်စရာ မရှိပါချေ။

ယခုအခါ လာဘ်မြင်သော နိုင်ငံရေးပဲ့ကိုင်တစ်ဦးဟု ဆိုကြရမည့် ဦးရွှေမန်းအနေနှင့် ၂၀၁၅ တွင် သမ္မတဖြစ်လာဖို့ မျှော်လင့်ချက် ရှိကောင်းရှိနိုင်ပါသည်။ လာမည့် အထွေထွေရွေးကောက်ပွဲကို ၂၀၁၅ ခုနှစ်တွင် ကျင်းပဖို့ရှိသည်။ ဦးရွှေမန်းမှာ သူ့ကိုယ်ပိုင်လုပ်ငန်းစဉ် ရှေ့ဆက်နိုင်ရေးအတွက် ပါလီမန်ကို “ယာဉ်” တစ်ခုအဖြစ် အသုံးပြုနေသည့် သဘောရှိသည်။ ကိစ္စတော်တော်များများမှာဆိုလျှင် သမ္မတအဖွဲ့မှ တင်သွင်းလာသော အဆိုပြုချက်များကိုပင် ဦးရွှေမန်းဦးဆောင်သော ပါလီမန်က ဖြတ်တောက် ပြင်ဆင်သည်များ ရှိသည်။ မြန်မာနိုင်ငံ၏ လက်ရှိစနစ်အရ သမ္မတကို ပါလီမန်အမတ်များက ရွေးချယ်ကြရပါသည်။

ယခုဆိုလျှင် ဦးရွှေမန်းမှာ လူသိများ အထင်ရှားဆုံး ပါလီမန်အမတ်ဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်နှင့် ခိုင်ခိုင်မာမာ မဟာမိတ်ဖွဲ့ထားနိုင်သည်။ ထိုမျှမက သူ၏ စိတ်အားထက်သန်မှုနှင့် ဆန့်ကျင်ဘက် အမြင်များကို လက်ခံနားထောင်နိုင်စွမ်း၊ ညှိနှိုင်းဆွေးနွေးနိုင်စွမ်းများကြောင့် အတိုက်အခံပါလီမန် အမတ်များ၏ လေးစားမှုကိုပင် ရနေသည်။ တပ်မတော်နှင့် အတိုက်အခံပါတီများကြား သဘောကွဲလွဲမှုများကို ပေါင်းကူးတံတား ခင်းပေးနိုင်လောက်သူ ဖြစ်နေ၍လည်း အပေးအယူ စေ့စပ်ညှိနှိုင်းမှုများဖြင့် ဦးရွှေမန်းကို သမ္မတလောင်းအဖြစ် လျာထားလာနိုင်စရာရှိသည်။ အထူးသဖြင့် သမ္မတရွေးချယ်ရာတွင် လူထုဆန္ဒကို ထည့်သွင်းစဉ်းစားမှုမျိုး မလုပ်လျှင် ကျန်အလားအလာမှာ ပို၍ပင် ဖြစ်နိုင်ပါသည်။

လူထုခေါင်းဆောင်မှ နိုင်ငံတော်သမ္မတသို့
လူထု၏ ရွေးချယ်မှုသည်ကား အငြင်းပွားဖွယ်ရာ မရှိလောက်အောင်ပင် ဒေါ်အောင်ဆန်းစုကြည်သာ ဖြစ်သည်။ သူမနှင့် သူမ၏ပါတီ အင်န်အယ်လ်ဒီတို့မှာ မြန်မာ့ဒီမိုကရေစီအဖွင့်တွင် အကျိုးအများဆုံး ရနေသည်မှာ အထင်အရှားပင်ဖြစ်သည်။ သူမနှင့် သမ္မတဦးသိန်းစိန်တို့၏ ပုဂ္ဂိုလ်ရေး အဆင်ပြေမှု၊ မကြာသေးမီကမှ ပို၍ သိသာထင်ရှားလာသော သူမနှင့် ဦးရွှေမန်းတို့ကြား ပိုမိုနီးစပ်လာမှုများမှာ ဒီမိုကရေစီဖြစ်စဉ် မြန်မြန်ဆန်ဆန် ရွေ့နိုင်ရေးအတွက် ဆုံချက်အကျဆုံး ဖြစ်နေသည်။ ပြုပြင်ပြောင်းလဲရေးတွင် ဒေါ်အောင်ဆန်းစုကြည်၏ အကူအညီကို ရယူနိုင်ရန် ဦးသိန်းစိန်က အတုံ့အလှည့်အနေဖြင့် အင်န်အယ်လ်ဒီ တရားဝင်ပါတီ ဖြစ်စေရေးအတွက် အဟန့်အတား အမှောင့်ပယောဂများကို ဖယ်ရှားပေးခဲ့သည်။ ၂၀၁၂ ခုနှစ် ဧပြီတွင် ကျင်းပမည့် ကြားဖြတ် ရွေးကောက်ပွဲကိုလည်း လွတ်လပ်ပြီး တရားမျှတမှု ရှိစေရမည်ဟု အာမခံချက် ပေးခဲ့သည်။ အင်န်အယ်လ်ဒီမှာ အဆိုပါ ကြားဖြတ်ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ၁၉၉၀ ပြည့်နှစ် နောက်ပိုင်း ပထမဆုံး လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ ဖြစ်လာခဲ့သည်။ ဆိုခဲ့ပါ ကြားဖြတ်ရွေးကောက်ပွဲ အဖြေမှာ “မြန်မာ့ဒီမိုကရေစီအိုက်ကွန်” အနေနှင့် ဆယ်စုနှစ်အချို့ကြာ ၎င်းအပေါ် သိက္ခာချဖို့ ကြိုးစားမှုများနှင့် ရင်ဆိုင်ခဲ့ရသည့်တိုင် လူထုအပေါ် စွဲဆောင်နိုင်စွမ်း အနည်းငယ်မျှ လျော့ပါးမသွားကြောင်း လှစ်ပြလိုက်သည့် သာဓကပင် ဖြစ်သည်။ အင်န်အယ်လ်ဒီက အမတ်နေရာ ၄၄ နေရာ ယှဉ်ပြိုင်ခဲ့ရာ ၄၃ နေရာ အနိုင်ရခဲ့သည်။ နေရာအတော်များများတွင် အပြတ်အသတ် အနိုင်ရခဲ့သည်လည်း ဖြစ်ပါသည်။ ယူအက်စ်ဒီပီ အနေနှင့်ကား မရှုမလှပင် ရှုံးနိမ့်ခဲ့သည်ဟု ဆိုရပါလိမ့်မည်။ လွှမ်းမိုးထားသော အစိုးရ၀န်ထမ်း အများစုရှိရာ နေပြည်တော်မဲဆန္ဒနယ် လေးခုမှာပင် အနိုင်မရခဲ့ပါ။

အင်န်အယ်လ်ဒီကို ထောက်ခံခဲ့ကြသူများမှာ ယေဘုယျအားဖြင့် ဒီမိုကရေစီအတွက် မဲပေးခဲ့ကြခြင်း ဖြစ်ပါလိမ့်မည်။ အခိုင်အမာကျကျ ဆိုရလျှင်မူ ဒေါ်အောင်ဆန်းစုကြည်ကို မဲပေးကြခြင်းသာ ဖြစ်သည်။ ပြည်သူလူထု၏အမြင်တွင် သူမမှာ မိသားစုဘ၀နှင့် လွတ်လပ်မှုကို တိုင်းပြည်အတွက် စတေးခဲ့ရသူ ဖြစ်သည်။ ဤစွန့်လွှတ်မှုအတွက် လူထုက သူမကို အသည်းကြားမှ မဲပြားများဖြင့် ထောက်ခံခဲ့ကြခြင်း ဖြစ်သည်။ ထို့ထက် သူမမှာ၊ ခေတ်သစ်မြန်မာနိုင်ငံကို အုတ်မြစ်ချပေးခဲ့သူ၊ ဗိုလ်ချုပ်အောင်ဆန်း၏ သမီးလည်းဖြစ်လေရာ တပ်မတော်ထဲမှာပင် သူမကို လိုလားသူတွေ မနည်းမနော ရှိနေသည်။

ပြောရလျှင် အာရှနိုင်ငံရေးမှာ မင်းဆက်သဘောနှင့်လည်း ကင်းတတ်သေးသည်မဟုတ်ရာ သူမ၏ မိဘမျိုးရိုးကိုယ်တိုင်က ဒေါ်အောင်ဆန်းစုကြည်ကို ပြိုင်ဘက်များထက် နှာတစ်ဖျားမက အဆများစွာ ကွာစေသည်။ ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံဆိုလျှင် လူထုအချစ်တော် သူမဖခင်ကြီး၏ စစ်ဝတ်စုံအကျ ဖိုးရိုးဖားရားကြီး ၀တ်ထားသော ဓာတ်ပုံနှင့် ယှဉ်တွဲချိတ်ဆွဲလေ့ ရှိကြသည်။ ဤဓာတ်ပုံကို မြန်မာ့လွတ်လပ်ရေးအတွက် ဗြိတိသျှအစိုးရနှင့် ဆွေးနွေးရန် လန်ဒန်သွားစဉ် ၁၉၄၇ ခုနှစ်က ရိုက်ကူးခဲ့ခြင်း ဖြစ်သည်။ ထိုအချိန်က ဒေါ်အောင်ဆန်းစုကြည်မှာ အသက် ၂ နှစ်အရွယ် ကလေးငယ်မျှသာ ရှိပါသေးသည်။ ထိုနှစ်မှာပင် ဗိုလ်ချုပ်အောင်ဆန်းမှာ နိုင်ငံရေးပြိုင်ဘက်များ၏ လုပ်ကြံသတ်ဖြတ်မှု ခံခဲ့ရသည်။

မည်သို့ပင်ရှိစေ ၂၀၁၂ ကြား ဖြတ်ရွေးကောက်ပွဲတွင် အင်န်အယ်လ်ဒီ လုံးဝဥဿုံ အောင်ပွဲဆင်နိုင် ခဲ့သည်မှာ ထူးခြားလှသော အလှည့်အပြောင်းဟု ဆိုရပါလိမ့်မည်။ အကြောင်းမူ ယခင်တပ်မတော်အစိုးရ လက်ထက်တစ်လျှောက်လုံးလောက်ပင် အင်န်အယ်လ်ဒီမှာ ဘာတစ်ခုမှ လှုပ်ရှားလို့မရအောင် အတားအဆီး ခံခဲ့ရသည်။ အင်န်အယ်လ်ဒီခေါင်းဆောင် အားလုံးလောက်မှာလည်း အကျဉ်းထောင်ထဲ ရောက်ခဲ့ရသည်။ အချို့ဆိုလျှင် ဆယ်စုနှစ်များနှင့်ချီပြီး အကျဉ်းစံ ဖြစ်ခဲ့ရသည်။ အကျဉ်းကျချိန် တစ်လျှောက်လုံး သီးခြားခွဲပြီး တိုက်ပိတ်ခံခဲ့ရသည်များပင် ရှိသည်။

သို့နှင့်တိုင် သူတို့ထဲမှ အများစုမှာ တစ်ခါက ရန်သူဟောင်းများအပေါ် ပြောစမှတ်ပြုလောက်အောင် ခွင့်လွှတ်နိုင်ခဲ့ကြပါသည်။ ယခုအခါ ပါလီမန်အမတ် တစ်ယောက်အဖြစ် ယခင်ရန်ဘက်ဟောင်းများနှင့် လက်တွဲအလုပ်လုပ်နေကြပြီဖြစ်သော ဦးဝင်းထိန်ဆိုလျှင် အနှစ် ၂၀ မျှ နံရံတံတိုင်းများကြားတွင် နေခဲ့ရသူဖြစ်သည်။ “ဗုဒ္ဓဘာသာဝင် တစ်ယောက်ပီပီ၊ ဒေါသတွေ အာဃာတတွေကို ရင်ထဲမှာ မထားတော့ပါ။ လက်စားချေဖို့ အတွေးဆို၍လည်း စိတ်ထဲမှာမရှိပါ” ဟု သူက ဆိုပါသည်။ သူ့စကား “ဒေါသဆိုတာ မီးလိုပဲလေ။ လောင်မြိုက်တတ်တာပေါ့။ ပူလောင်တာပေါ့”

စည်းကမ်းတကျ ပါတီတစ်ရပ် အမြဲတမ်းဖြစ်စေရေးအတွက် ယခုအခါ အင်န်အယ်လ်ဒီမှာ ယခင် မြေအောက်အတိုက်အခံ လှုပ်ရှားမှုအဖြစ်မှ အစိုးရဖွဲ့နိုင်လောက်သည့် ပါတီတစ်ရပ် ဖြစ်လာစေရန် ပြောင်းလဲတည်ဆောက်လျက် ရှိနေသည်။ ပြီးခဲ့သော ကြားဖြတ်ရွေးကောက်ပွဲ အတွေ့အကြုံအရဆိုလျှင် လက်ရှိ မြန်မာနိုင်ငံတွင် ကျင့်သုံးနေသော “မဲအများဆုံးရသူ အနိုင်ရ” ရွေးကောက်ပွဲစနစ် (First-post -the-post) အရ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် အင်န်အယ်လ်ဒီ အေးအေးသက်သာ အနိုင်ရဖို့ များပါလိမ့်မည်။ လက်ရှိအာဏာရ ယူအက်စ်ဒီပီ ပါတီအနေနှင့်မူ အမတ်တစ်နေရာရဖို့ပင် ခက်ခဲကောင်း ခက်ခဲနိုင်သည်။

အင်န်အယ်လ်ဒီအနေနှင့် ပြီးခဲ့သော မတ်လက ပထမဆုံးအကြိမ် ပြည်လုံးကျွတ် ကွန်ဂရက်ကြီးကို ကျင်းပခဲ့ပါသည်။ ပါတီ၏ အင်အားကို စနစ်တကျ စုစည်းနိုင်ရန်နှင့် ပါတီခေါင်းဆောင်များ၊ လွှတ်တော်ကိုယ်စားလှယ်လောင်းများ ရွေးချယ်ရာတွင် ထိရောက်ထက်မြက်သော လုပ်ငန်းစဉ် ဖြစ်လာစေရန် ရည်ရွယ်ကျင်းပခဲ့သော ကွန်ဂရက်ဖြစ်သည်။ သို့တစေ အင်န်အယ်လ်ဒီ ကွန်ဂရက်မှာ အပြည့်အ၀ အောင်မြင်သည်ဟူ၍ကား မဆိုနိုင်ပါ။ ယခင်က မရှိခဲ့ဖူးသော ဒေါ်အောင်ဆန်းစုကြည်အပေါ် ဝေဖန်မှုများပင် ရှိသလောက် ရှိလာသည်။ အထူးသဖြင့် သူမ၏ အော်တိုကရက်စတိုင် ခေါင်းဆောင်မှုနှင့် သွေးသစ်များ၊ အိုင်ဒီယာသစ်များကို လက်ခံဖို့ စိတ်အားထက်သန်မှုမရှိ စသဖြင့် ဝေဖန်ကြသည်။

ဤသို့ ဝေဖန်ခဲ့ကြသူများအနက် တစ်ယောက်မှာ ဒေါ်အောင်ဆန်းစုကြည်နှင့် နီးနီးကပ်ကပ် အလုပ် လုပ်ခဲ့ဖူးသော ဒေါ်ခင်လေး ဖြစ်သည်။ ၎င်းက ပါတီတွင်းအခြေအနေကို ယခုလို ညည်းညည်းညူညူ ပြောပြသည်။ “ဒေါ်စုက တစ်ခုခုပြောလိုက်ရင် အဲဒါ ပေါ်လစီပဲ။ အိုင်ဒီယာသစ်တွေနဲ့ ပတ်သက်ရင် တကယ့်အစစ်အမှန် ဒီဘိတ် လုပ်နိုင်ဖို့ အခွင့်အလမ်းက မရှိသလောက်ကို နည်းတယ်။ တစ်ခါတလေ ကျွန်မတို့က ဒေါ်စုကို ဝေဖန်မိရင် ပါတီအပေါ် သစ္စာမရှိဘူး အပြောခံရတယ်”

အင်န်အယ်လ်ဒီကို ကျယ်ပြန့်သော အခြေခံပေါ်မှာ စုစည်းညီညွတ်သော ပါတီတစ်ရပ်အဖြစ် ပြောင်းလဲနိုင်ဖို့ လိုပါသည်။ သဘောကွဲလွဲမှုများ မဖြစ်စေဘဲ စီးပွားရေး၊ နိုင်ငံခြားရေးနှင့် နယ်ပယ်တိုင်းတွင် ခိုင်မာသော ပေါ်လစီများ ချမှတ်ဆောင်ရွက်နိုင်ဖို့ လိုသည်။ ဤအရာများကို ဆောင်ရွက်နိုင်ရန် အချိန်အများကြီး ရှိတော့သည်လည်း မဟုတ်။ ၂ နှစ်မျှသာ ကျန်တော့သည်။ ဤလုပ်ငန်းတာဝန်များသည်ပင် ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်မှုအတွက် စမ်းသပ်မှုတစ်ခု ဖြစ်ပါလိမ့်မည်။

အမြော်အမြင်နှင့် အပေးအယူ
အကယ်၍ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် အင်န်အယ်လ်ဒီ အနိုင်ရလျှင်ပင် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်လာလိမ့်မည်ဟု ဆိုနိုင်ဦးမည် မဟုတ်ပါချေ။ လက်ရှိဖွဲ့စည်းပုံ အခြေခံဥပဒေအရ သူမကို သမ္မတဖြစ်မလာစေရန် တားဆီးထားသည့် ပြဋ္ဌာန်းချက်တစ်ခုရှိသည်။ အထူးသဖြင့် သူမကို ရည်ရွယ်ပြီး သတ်မှတ်ထားသော ပြဋ္ဌာန်းချက်ဟူ၍ပင် ဆိုနိုင်သည်။ (ပုဒ်မ ၅၉၊ ပုဒ်မခွဲ - စ- ဖြစ်ပါသည်) ဤပြဋ္ဌာန်းချက်အရ ဇနီးခင်ပွန်းဖြစ်စေ၊ သားသမီးဖြစ်စေ၊ နိုင်ငံခြားသားဖြစ်လျှင် အဆိုပါပုဂ္ဂိုလ်အနေနှင့် သမ္မတ (သို့မဟုတ်) ဒုတိယသမ္မတ ဖြစ်ခွင့်မရှိပါချေ။ ဒေါ်အောင်ဆန်းစုကြည်မှာ အင်္ဂလိပ်လူမျိုး မိုက်ကယ်အဲရစ် (၁၉၉၉ ခုနှစ်က ကွယ်လွန်) နှင့် လက်ထပ်ခဲ့ပြီး ဗြိတိသျှပတ်စ်ပို့ ကိုင်ထားသော သားနှစ်ယောက် ထွန်းကားခဲ့သည်။

အင်န်အယ်လ်ဒီ အနေနှင့်မူ အဆိုပါ ၂၀၀၈ ခုနှစ် အခြေခံဥပဒေကို ဘယ်တုန်းကမှ လက်မခံခဲ့သလို ဤဥပဒေ ပြင်ဆင်နိုင်ရေးအတွက်လည်း ရွေးကောက်ပွဲ မဲဆွယ်ကာလကတည်းက ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောဆိုခဲ့ပြီး ဖြစ်သည်။ သို့နှင့်တိုင် တပ်မတော်ဘက်ကမူ မည်သို့သော ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကိုမဆို ပယ်ချမည့်သဘော ရှိနေသည်။ သို့တစေ ယခုနောက်ပိုင်း စိတ်ဝင်စားဖို့ ကောင်းလာသည်မှာ တပ်မတော်ကိုယ်တိုင်က စိတ်ပြောင်းချင် ပြောင်းလာနိုင်သည့် အနေအထား ဖြစ်ပါသည်။

တပ်မတော်ကိုယ်ပွားတစ်ခုဟု ဆိုနိုင်သော ဦးရွှေမန်း ဦးဆောင်သည့် ယူအက်စ်ဒီပီ အနေနှင့်မူ ၂၀၁၅ ခုနှစ်တွင် အရှိန်အဟုန်နှင့် မောင်းနှင်လာတော့မည့် အင်န်အယ်လ်ဒီ ယန္တရားကြီးကို တားဆီးနိုင်လောက်မည့် တစ်ခုတည်းသော နည်းလမ်းမှာ လက်ရှိရွေးကောက်ပွဲစနစ်ကိုပြောင်းပြီး “အချိုးကျကိုယ်စားပြုစနစ်” (PR စနစ်) နှင့် အစားထိုးဖို့သာ ဖြစ်လိမ့်မည်ဟု သဘောပေါက် နားလည်လာကြဟန်ရှိသည်။ ဤနည်းဖြင့်သာလျှင် ယူအက်စ်ဒီပီမှာ လုံးဝဖယ်ရှားခံရနိုင်သည့် အန္တရာယ်မှ (အနိမ့်ဆုံးအားဖြင့်) ရှောင်ရှားနိုင်စရာ ရှိပါလိမ့်မည်။ ထို့ထက် ပီအာရ်စနစ်၏အောက်တွင် လူနည်းစု ပါတီများအတွက်လည်း ပိုအခွင့်သာနိုင်စရာ ရှိသည်။

လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေက မည်သို့သော ရွေးကောက်ပွဲစနစ် ကျင့်သုံးရမည်ဆိုသည်ကို တိတိပပ သတ်မှတ်ထားသည်တော့ မရှိပါ။ တစ်ခုပဲ ရှိသည်။ အောက်လွှတ်တော်ကို မဲဆန္ဒနယ်တစ်ခု၊ ကိုယ်စားလှယ် တစ်ယောက်ဖြင့် ဖွဲ့စည်းရမည်ဟု ဆိုထားရာ ပီအာရ်စနစ်ကို ကျင့်သုံးတော့မည်ဆိုလျှင် လက်ရှိ အခြေခံဥပဒေကို တစ်စုံတစ်ရာ ပြင်ဖို့လိုပါလိမ့်မည်။ ပြီးခဲ့သည့် မတ်လက ပါလီမန်တွင် ယူအက်စ်ဒီပီက အခြေခံဥပဒေကို ပြန်လည်စိစစ်ရန် လွှတ်တော်ကော်မရှင်တစ်ရပ် ဖွဲ့စည်းဖို့ အဆိုပြုခဲ့ပါသည်။ ဘာကြောင့် 
ဤသို့ စိစစ်ဖို့လိုသည် ဆိုသည်ကိုမူ ထုတ်ဖော်ပြောကြားခြင်း မရှိခဲ့ပါ။ ယူအက်စ်ဒီပီ အနေနှင့် လက်ရှိအခြေခံဥပဒေကို ပြင်လိုလျှင် လွှတ်တော်တွင် နေရာအများစု ရထားသော လက်ရှိအချိန်သာ အကောင်းဆုံး ဖြစ်သည်ကိုမူ လူတိုင်းရှင်းရှင်းလင်းလင်း သိနိုင်ပါသည်။

လူမျိုးစု ပါတီများဖြစ်သော ကရင်၊ ချင်းနှင့် ရှမ်းပါတီများမှ လွှတ်တော်ကိုယ်စားလှယ်များနှင့် အခြား ပါတီငယ်များကလည်း ပီအာရ်စနစ်ကို ထောက်ခံမည့်ပုံရှိသည်။ လူမျိုးစုပါတီ တော်တော်များများအနေနှင့် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ယူအက်စ်ဒီပီ အပြတ်နိုင်ခဲ့သလို ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင်လည်း အင်န်အယ်လ်ဒီ အပြတ်နိုင်သွားနိုင်မည်ကို စိုးရိမ်မကင်း ဖြစ်နေကြဟန်ရှိသည်။ သူတို့အမြင်တွင် အဆိုပါ ပါတီကြီး နှစ်ခုလုံးမှာ ဗမာလူမျိုးစု အကျိုးစီးပွားကိုသာ ကိုယ်စားပြုကြသည်ဖြစ်ရာ အပြည့်အ၀ မယုံကြည်နိုင်ကြပါချေ။ လူမျိုးစုပါတီများ စုပေါင်းပြီး ဖက်ဒရယ်ပါတီကို ပါတီသစ်တစ်ရပ် ဖွဲ့စည်းဖို့ ညှိနှိုင်းပြောဆို နေကြသည်များလည်း ရှိသည်။ ဤသို့သော တပ်ပေါင်းစုမျိုးဖြင့်သာ အင်န်အယ်လ်ဒီနှင့် ယူအက်စ်ဒီပီတို့ကို စိန်ခေါ်နိုင်မည်ဖြစ်သလို ပီအာရ်စနစ်အောက်တွင် ပို၍ အောင်မြင်မှုရလိမ့်မည်ဟု ယူဆထားကြဟန် ရှိပါသည်။

ပြောရလျှင် အခြေအနေမှာ ဘာတစ်ခုမျှ ကံသေကံမ မဆိုသာသည့် စွန့်စားမှုနှင့် အရင်းတည်ကြရမည့် အနေအထားဟု ဆိုကြရမည့် သဘောရှိသည်။ အကယ်၍ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေးအတွက် တားဆီးပိတ်ပင်ထားသော ပြဋ္ဌာန်းချက်ကိုသာ ဖယ်ရှားပေးလျှင် အင်န်အယ်လ်ဒီဘက်မှလည်း အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ပီအာရ်စနစ်ကို လက်ခံကောင်း လက်ခံပါလိမ့်မည်။ နေပြည်တော်တွင် “လိမ္မာပါးနပ်သော နိုင်ငံရေးအပေးအယူ” တစ်ခု ရှိလာလေမည်လား မှန်းဆရပါသည်။

စာညွှန်း- Suu Kyi for President? (The Economist; May 25 th, 2013)

- - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -  - - -
ဇွန်လ ၁၁ ရက်နေ့ထုတ် 7Day Daily ကို ဖတ်ချိန်ကတည်းက ဆရာကျော်ဝင်းရဲ့ အထက်ပါဆောင်းပါးကို သဘောကျပြီး ပြန်လည်ဝေမျှချင်ခဲ့သည်။ သို့သော် အချိန်အား လုံးဝပင် မရခဲ့သည်မို့ စိတ်ထဲရှိသည့်အတိုင်း မလုပ်နိုင်ခဲ့။ သို့သော် ဒီနေ့ညနေ 7Day ရဲ့ Facebook စာမျက်နှာမှာ ဒီဆောင်းပါကို ဖတ်လိုက်ရတော့ အရမ်းပျော်သွားသည်။ ကျွန်တော်ဖတ်ပြီးတော့ အတွေးပွားခဲ့ရတဲ့ စာတစ်ပုဒ်ကို အခြားသူတွေကိုလည်း ဖတ်စေချင်တဲ့ ကျွန်တော့်ရဲ့ စိတ်ကလေး အခုတော့ ကျေနပ်သွားရပါပြီ။ ဦးနှောက်မုန်တိုင်းဆင်ခဲ့တဲ့ ဆရာကျော်ဝင်းနဲ့ ပြန်လည်ဖော်ပြပေးခဲ့တဲ့ 7Day ကို ကျေးဇူးတင်ပါတယ်။ မူရင်းအင်္ဂလိပ်ဘာသာနဲ့ ဆောင်းပါးကို ဖတ်ချင်သူများအနေဖြင့် ဤလင့်ခ်သို့ သွားကြပါကုန်။ တစ်လက်စတည်း အဲဒီဆောင်းပါးအောက်မှာ ဖော်ပြထားတဲ့ ဓာတ်ပုံလေးကိုလည်း သဘောကျလို့ အောက်မှာ တင်ပေးလိုက်ပါတယ်ဗျာ။


Friday, September 07, 2012

သမိုင်းရဟတ် တစ်ပတ်ပြန်မလည်စေချင်တော့ပါ


မရေးချင် မပြောချင်တဲ့ကိစ္စ
အမှန်အတိုင်းပြောရရင် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးနဲ့ လွှတ်တော်တွေ အငြင်းပွားကြတာ၊ စွပ်စွဲပြစ်တင်ကြတာကို လုံးဝကို မရေးချင်၊ မပြောချင်တော့ပါဘူး။ နိုင်ငံတည်ဆောက်ရေးကို အားလုံးသော institution တွေအားလုံး၊ နိုင်ငံသူနိုင်ငံသားတွေအားလုံး တက်ညီလက်ညီနဲ့ ကြိုးပမ်းဆောင်ရွက် ချီတက်ကြရမယ့် အချိန်မျိုးမှာ အခုလိုမျိုး အချင်းချင်း မသင့်မမြတ်ဖြစ်တာတွေ၊ အာဏာလွန်ဆွဲတာတွေ၊ စွပ်စွဲပြစ်တင်တာတွေကို မမြင်ချင် မကြားချင်သလို ရေးလည်းမရေးချင်၊ တွေးလည်းမတွေးချင်ပါဘူး။

ဒီမိုကရေစီအလေ့အကျင့်တဲ့လား
တစ်ချို့က ပြောကြသေးတယ်။ ဒီမိုကရေစီသဘောသဘာဝမှာ ဒီလိုပဲ အမြင်မတူတာတွေ၊ ငြင်းခုံတာတွေဆိုတာ ရှိနေမှာပဲတဲ့။ ဒါဟာ ဒီမိုကရေစီရဲ့ အနှစ်သာရပဲတဲ့။ အဲဒီလို ပြောတဲ့လူတွေကို ကျွန်တော်ကိုဉာဏ် အရမ်းအံ့သြတယ်။ သူတို့တွေဟာ ဘာဖြစ်လို့များ အရာရာကို အနောက်ပေတံ၊ အနောက်စံနဲ့ တိုင်းတာလက်ခံနေရသလဲလို့လည်း တွေးမရဖြစ်ရတယ်။ အောင်ကိုလတ်ရဲ့ နာမည်ကြီးသီချင်းတစ်ပုဒ်ထဲက စာသားတစ်ခုကို အော်ရမလားလို့ တွေးမိတယ်။ "မြဲမြဲမှတ်ပါ မင်းမြန်မာ" တဲ့။ ဟုတ်ပါတယ်... ကိုယ်တွေဟာ မြန်မာတွေဆိုတာ မမေ့ကြစေလိုပါဘူး။ ဘာအကြောင်းပြောပြော အမေရိက၊ စင်ကာပူ၊ ဗြိတိန် စတာတွေနဲ့ ကိုင်မပေါက်ကြပါနဲ့။ အခုဖြစ်နေတာတွေဟာ အဲဒီလိုပြောနေကြသူတွေ ရည်ညွှန်းနေကြတဲ့ အနောက်နိုင်ငံတွေရဲ့ ဒီမိုကရေစီကျင့်စဉ်တွေလို ဟုတ်မဟုတ်ဆိုတာကို အရင်ဆုံး ဆန်းစစ်ကြစေချင်တယ်။

မီးမွှေးသူသာဖြစ်တယ်
အမြင်မတူတာတွေ၊ ငြင်းခုံတာတွေဟာ ဒီမိုကရေစီရဲ့ လက္ခဏာပဲလို့ ပြောနေကြတာကို ကျွန်တော်က အပြည့်အ၀ လက်မခံပါဘူး။ လူတိုင်းမှာ သူ့အမြင်နဲ့သူ၊ သူ့ခံယူချက်နဲ့သူ မတူညီကြတာ၊ ကွဲလွဲကြတာကို နားလည်ပါတယ်။ ဒါပေမယ့် အများအကျိုးကို ဆောင်ရွက်ကြပြီ ဆိုတဲ့အခါမှာတော့ ပုဂ္ဂလိကအမြင်တွေ၊ ပုဂ္ဂလိကခံစားချက်တွေကို ဘေးဖယ်ထားနိုင်ရပါမယ်။ အဲဒီလို မဟုတ်ဘဲ ကိုယ့်ရဲ့ ပုဂ္ဂလိကခံစားချက်ကို ကိုယ်ပါဝင်နေတဲ့ အ၀န်းအ၀ိုင်းထဲကို ဆွဲသွင်းမယ်ဆိုရင်တော့ ဒါဟာ ဒီမိုကရေစီကျင့်စဉ်ကို ကျင့်သုံးတာ မဟုတ်ဘဲ မီးမွှေးတဲ့လုပ်ရပ်သာ ဖြစ်တယ်လို့ ဆိုချင်ပါတယ်။

သမိုင်းကို လေ့လာကြစေချင်တယ်
အထက်မှာ ကျွန်တော်ပြောခဲ့သလို ကျွန်တော်တို့ရဲ့ လွှတ်တော်တွေအချင်းချင်း၊ လွှတ်တော်နဲ့ အစိုးရ၊ လွှတ်တော်နဲ့ခုံရုံး၊ လွှတ်တော်နဲ့ တရားလွှတ်တော်ချုပ် စသည်စသည်ဖြင့် ငြင်းကြခုန်ကြ၊ ရန်ဖြစ်ကြတာကို ဒီမိုကရေစီကျင့်စဉ်လို့ ကျွန်တော်က လက်ခံလို့မရဘူး။ အဲဒီလို ပြောနေကြသူတွေကိုလည်း မြန်မာ့နိုင်ငံရေးသမိုင်းကို လေ့လာကြစေချင်တယ်။ အခြားနိုင်ငံတွေမှာကတော့ အဲဒီလို ကိစ္စတွေဆိုတာ တကယ့်ကို ထမင်းစားရေသောက်ပါပဲ။ အဲဒါကို လက်ခံပါတယ်။ လက်သီးနဲ့ ထမထိုးရုံတမယ် ငြင်းကြခုံကြ ဆွေးနွေးကြတာကို ကျွန်တော်လည်း ခေတ်လူငယ်တစ်ယောက်ပီပီ သတင်းတွေကတစ်ဆင့်၊ အင်တာနက်ကတစ်ဆင့် မြင်ဖူးတွေ့ဖူးပါတယ်။ သူတို့ဓလေ့နဲ့သူတို့ ဘာမှကို ပြောစရာမရှိဘူး။ သေချာတာတစ်ခုက သူတို့တွေဟာ အဲဒီလိုသာ ငြင်းခုန်ရင်ငြင်းခုန်ကြမယ်၊ ကွဲလွဲရင် ကွဲလွဲကြမယ်၊ ရန်ဖြစ်ရင်ရန်ဖြစ်ကြမယ်၊ အဲ... ပြည်သူတွေအတွက် နိုင်ငံအတွက်ဆိုရင်တော့ စည်းလုံးကြတယ်၊ ညီညွတ်ကြတယ်၊ ပူးပေါင်းကြတယ်။ လက်ရှိအမေရိကန်သမ္မတ အိုဘားမားနဲ့ ဟီလာရီကလင်တန်တို့ သမ္မတရွေးကောက်ပွဲကာလက အပြိုင်အဆိုင် မဲဆွယ်ခဲ့ကြတာ၊ ထိုးနှက်ခဲ့ကြတာ၊ အပုပ်ချခဲ့ကြတာ၊ လက်သီးပုန်းထိုးခဲ့ကြတာကို စာဖတ်သူတွေ ပြန်တွေးကြည့်စေချင်တယ်။ ဒါပေမယ့် အဲဒါတွေ ပြီးသွားတဲ့အခါမှာ အိုဘားမားလည်း သမ္မတဖြစ်၊ ဟီလာရီကလင်တန်ကိုလည်း နိုင်ငံခြားရေးဝန်ကြီးခန့်၊ ဘယ်လောက်ကောင်းလိုက်တဲ့ ဒီမိုကရေစီမြင်ကွင်းလဲ။ နိုင်ငံအတွက် ညီညီညွတ်ညွတ် အလုပ်လုပ်ကြတာပဲ မဟုတ်လား။ ဒါဆိုရင် ကျွန်တော်တို့ မြန်မာတွေကရော။ သမိုင်းကို ပြန်လေ့လာရင် စာဖတ်သူတို့ကို ကျွန်တော်ကိုဉာဏ်က ရှင်းပြစရာ မလိုလောက်အောင် နားလည်ကြပါလိမ့်မယ်။ ကျွန်တော်တို့သမိုင်းမှာက တစ်ခုခုကြောင့် အချင်းချင်း ကတောက်ကဆဖြစ်ပြီ၊ အငြင်းအခုန်ဖြစ်ပြီ၊ အမြင်မတူဖြစ်ပြီဆိုရင်တော့ တစ်သက်လုံး ရန်သူတွေ ဖြစ်သွားကြတာပါပဲ။ ၁၀၀ ရာခိုင်နှုန်း မှန်ကန်တယ်လို့ ကျွန်တော်မပြောနိုင်ပေမယ့် ဘယ်လောက်အထိ မှန်ကန်တယ်ဆိုတာ စာဖတ်သူတွေကပဲ စဉ်းစားကြည့်စေလိုပါတယ်။ အချင်းချင်း ကွဲကြပြဲကြ၊ ငြင်းကြခုန်ကြ ဖြစ်ပြီးကာမှ ပြန်လည်သင့်မြတ်ပြီး အတူတူလက်တွဲ အလုပ်လုပ်ခဲ့တဲ့ နိုင်ငံရေးသမား မြန်မာပြည်မှာ ဘယ်နှယောက် ပေါ်ခဲ့ဖူးတယ်လို့ စာဖတ်သူထင်ပါသလဲ။ ကျွန်တော်တို့လူမျိုးက ခံစားချက်ကို သိပ်ဦးစားပေးတယ်၊ စိတ်ထဲမှာ နာသွားပြီဆိုရင် အဲဒီလူကို တစ်သက်လုံး ဘယ်တော့မှ မကျေနပ်နိုင်တော့ဘူး။ ဒါဟာ ကျွန်တော်တို့ သမိုင်းရဲ့ အားနည်းချက်ပဲ။ အခုအချိန်အထိလည်း အဲဒီအချက်ဟာ မှန်ကန်နေဆဲဆိုတာ လူတိုင်းသိနေကြတာပါပဲ။ လွတ်လပ်ရေးရဖို့အတွက် ဆင်းရဲအတူ၊ ဒုက္ခခံအတူ၊ ပါးရိုက်ခံအတူ၊ အသက်ပေးအတူ တိုက်ပွဲဝင်ခဲ့ကြတဲ့ ရဲဘော်သုံးကျိပ်ဟာ ညီညွတ်ပါရဲ့လားဆိုတဲ့ မေးခွန်းကို ဖြေကြည့်စေချင်ပါတယ်၊ ရလာတဲ့အဖြေဟာ ဘာကြောင့်လဲ ဆိုတာကိုပါ စဉ်းစားကြည့်စေချင်ပါတယ်။ ဒါဆိုရင် ကျွန်တော်ပြောချင်တဲ့ ဆိုလိုရင်းကို စာဖတ်သူများ ဆ၀ါးနိုင်ပါလိမ့်မယ်။

ခုံရုံးအဖွဲ့ နုတ်ထွက်သွားပြီ
အခုဆိုရင် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌနဲ့အဖွဲ့ဝင်တွေ နုတ်ထွက်သွားကြပါပြီ။ သမ္မတကလည်း သူတို့ရဲ့ နုတ်ထွက်လွှာကို လက်ခံလိုက်ပါပြီ။ ကဲ... ကျွန်တော်တို့ တိုင်းပြည်အတွက် ဘာတွေကောင်းသွားသလဲ၊ ဘာတွေအကျိုးရှိသွားသလဲ။ လွှတ်တော်ထဲက ဝေလေလေ ကိုယ်စားလှယ်တွေရဲ့လေသံနဲ့တော့ အပြန်အလှန်ထိန်းညှိတာတို့၊ ပြည်သူ့အကျိုးဆောင်ရွက်တာတို့ စတဲ့ စကားလုံးတွေနဲ့တော့ ကိုင်မပေါက်နဲ့ဗျာ။ ကျွန်တော်ကိုဉာဏ် လုံးဝ မခံနိုင်လို့ပါ။ ခုံရုံးဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်တွေ နုတ်ထွက်သွားပြီဆိုတော့ ကုန်ဈေးနှုန်းတွေ ကျသွားသလား၊ ရခိုင်ဒေသ ငြိမ်းချမ်းသွားသလား၊ ရေကြီးတဲ့ဒေသတွေက တောင်သူတွေ စိတ်ချမ်းသာသွားသလား၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ လှိမ့်ဝင်လာကြသလား၊ အလုပ်လက်မဲ့တွေအတွက် အလုပ်အကိုင် အခွင့်အလမ်းသစ်တွေ ဖြစ်လာသလား။ ဒီလိုတွေပြောနေတော့ ကျွန်တော်ကပဲ ကလေးအတွေးနဲ့တွေးပြီး ပြောနေတယ်လို့ ထင်ကြဦးမယ်။ နိုင်ငံရေးကိစ္စဆိုတော့ ဘယ်လို နိုင်ငံရေးအကျိုးအမြတ်များ ရလိုက်သလဲဆိုတာ လွှတ်တော်တွေကပဲ ရှင်းပြစေလိုပါတယ်။

လွှတ်တော်တွေက တစ်ဖက်ပိတ်လမ်းကို ရွေးခဲ့တယ်
အခုကိစ္စမှာ လွှတ်တော်တွေဟာ လုပ်ထုံးလုပ်နည်းတွေအရသာမကဘဲ ခံစားချက်တွေအရပါ လုပ်ခဲ့တယ်ဆိုတာ သမိုင်းမှာ မှတ်တမ်းတင်ထားရမယ်။ ဘေးကလူတွေ မသိနိုင်ပေမယ့် သူတို့စိတ်ထဲမှာ သူတို့ဘာသာသူတို့ သိနေကြမှာပါ။ ဘာကြောင့် ကျွန်တော် ဒီလို ပြောရပါသလဲ။ ရွေးချယ်စရာ နည်းလမ်းတွေ အများကြီးရှိပါလျက်နဲ့ တစ်ဖက်ပိတ်လမ်းကို ရွေးခဲ့ကြလို့ ဖြစ်တယ်။ သူတို့လုပ်ရပ်ဟာ အကျပ်အတည်းတစ်ခုဆီကို ဦးတည်နေပြီလို့ ကျွန်တော်မြင်တယ်။ ဘာလဲဆိုတော့ ဖွဲ့စည်းပုံအခြေခံဥပဒေ အကျပ်အတည်းပါ။ အခုလုပ်ရပ်ကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပတ်သက်တဲ့ အခက်အခဲတွေ၊ အကျပ်အတည်းတွေ ပေါ်လာတော့မှာ အသေအချာပါပဲ။ ခုံရုံးအဖွဲ့ နုတ်ထွက်သွားပြီဆိုတော့ လွှတ်တော်တွေရဲ့ ရေးရာကော်မတီတွေဟာ ပြည်ထောင်စုအဆင့် ဖြစ်သွားပြီလားဆိုတဲ့ မေးခွန်းကို ပြည်သူ့ကိုယ်စားလှယ်ကြီးတွေကို မေးကြပါ၊ ဖြစ်သွားပြီဆိုရင်တော့ ကျွန်တော်ကိုဉာဏ် ဘာမျှမပြောလိုပါ။ မဖြစ်ဘူးဆိုလျှင်တော့ ခုံရုံးတစ်ခုလုံးကို စွပ်စွဲပြစ်တင်မှု ဘာကြောင့်လုပ်ခဲ့သလဲဆိုတာကို အဲဒီကိုယ်စားလှယ်ကြီးများကို ထပ်မေးပေးပါ။ စိတ်ဝင်တစားနှင့် နားစွင့်နေပါသည်ခင်ဗျား။

ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဆိုတာ အခြေခံဥပဒေရဲ့ ပြဋ္ဌာန်းချက်
အခု ကျွန်တော်တို့နိုင်ငံမှာ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး မရှိတော့ဘူး။ မရှိတော့ ဘာဖြစ်သလဲလို့ မေးချင်တဲ့လူတွေ ရှိကြလိမ့်မယ်။ ဟုတ်ကဲ့.. ခုံရုံးမရှိတဲ့အတွက် ဖြစ်လာမှာတွေက အများကြီးပေါ့ခင်ဗျာ။ အခုအချိန်မှာ တစ်ခုခု အငြင်းပွားစရာ ပေါ်ပေါက်လို့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ညီမညီ အဓိပ္ပါယ်ဖွင့်ဆိုပေးပါလို့ အဆုံးအဖြတ်ခံယူစရာ ခုံရုံးမရှိတော့ဘူး။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၂၅ နဲ့ ပုဒ်မ ၃၂၆ အရ ပေးအပ်ထားတဲ့ အခွင့်အရေးတွေကို လတ်တလောအားဖြင့် အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးမဏ္ဍိုင်တွေ ခံစားခွင့်မရှိတော့ဘူးပေါ့။ နောက်ထပ်အကျိုးဆက် တစ်ခုကတော့ လစ်လပ်သွားတဲ့ ခုံရုံးဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်တွေ နေရာအတွက် ဘယ်သူတွေကို ပြန်လည်ခန့်အပ်မှာလဲဆိုတဲ့ ပြဿနာဖြစ်ပါတယ်။ ကိုယ်တွေကို ခန့်အပ်တယ်၊ ပြီးရင် ဆုံးဖြတ်တော့လည်း မနာခံဘူး၊ အငြင်းပွားရင်လည်း စွပ်စွဲပြစ်တင်မယ်ဆိုတာကို သိနေတဲ့ ဘယ်ဥပဒေပညာရှင်က ဒီလိုနေရာမှာ တာဝန်ထမ်းဆောင်ဖို့ လိုလိုလားလားရှိမလဲ ဆိုတာကလည်း စိတ်ဝင်စားစရာပါပဲ။ အများပြည်သူရဲ့ အမြင်မှာလည်း ခုံရုံးဆိုတာ လွှတ်တော်အလိုကျ အဓိပ္ပါယ်ဖွင့်ဆိုပေးရတဲ့ အဖွဲ့အစည်းတစ်ခု ဖြစ်သွားမှာကို စိုးရိမ်မိပါတယ်။ အခြေခံဥပဒေဆိုင်ရာခုံရုံးဟာ အခြေခံဥပဒေအရ တည်ရှိမှာလား၊ လွှတ်တော်တွေအလိုကျ တည်ရှိမှာလားဆိုတာ ကျွန်တော်မမေးချင်တဲ့ မေးခွန်းပါ။

ဖြစ်လာနိုင်တာတွေ
နောက်ဆိုရင် တစ်ခုခုဆိုတာနဲ့ စွပ်စွဲပြစ်တင်တာတွေ လုပ်လာကြပါတော့မယ်။ ဟိုလူ့ကို နုတ်ထွက်ခိုင်း၊ ဒီလူ့ကို နုတ်ထွက်ခိုင်း လုပ်ကြပါတော့မယ်၊ လွှတ်တော်နဲ့ မငြိနဲ့၊ လွှတ်တော်နဲ့ငြိရင် အခြေအနေမကောင်းဘူးလို့ အားလုံးက ရွံကြောက်ကြီး ဖြစ်ကုန်ကြပါတော့မည်။ အချင်းချင်း ပူးပေါင်းဆောင်ရွက်ရမည့်အစား လွှတ်တော်သည် တစ်ထီးတစ်နန်း တစ်စင်ထောင်သည့်သဘော ဖြစ်ပါတော့မည်။ ကိုယ့်ရပ်တည်ချက်နှင့်ကိုယ် အလုပ်လုပ်နေကြသူတွေက လွှတ်တော်နှင့် တစ်ခုခု အငြင်းပွားလျှင် ဆွေးနွေးတာ၊ ဖြေရှင်းတာ မလုပ်တော့ဘဲ သဘောဆန္ဒအလျောက် နုတ်ထွက်တာတွေ လုပ်ကြပါတော့မည်၊ သမ္မတကြီးအတွက် ရွေးချယ်ခန့်အပ်စရာလူ ရှားပါးလာပါလိမ့်မည်။ နိုင်ငံရေးအကြပ်အတည်း ဖြစ်လာပါလိမ့်မည်။ မဏ္ဍိုင်သုံးရပ်သည် တစ်ဦးအမှားကို တစ်ဦးက စောင့်ကြည့်သော အခြေအနေကို ရောက်သွားပါလိမ့်မည်။ (ဖွဲ့စည်းပုံအခြေခံဥပဒေက အဲဒီလိုပဲ ဖြစ်စေချင်တာဟု ပြောလိုသူများကို ကျွန်တော်မငြင်းခုန်လိုပါ။ စောင့်ကြည့်ကြပါစို့ဟုပဲ ပြောလိုပါသည်။) အဆုံးစွန်ထိတွေးရလျှင် ယခင်သမိုင်းကြောင်းများအတိုင်း ကွဲကြပြဲကြ၊ စောင်းကြမြောင်းကြ၊ ဆော်ကြနှက်ကြ၊ ဖြုတ်ကြထုတ်ကြနှင့် နိုင်ငံတိုးတက်ရေး အလှမ်းဝေးနေပါဦးမည်။ ဟုတ်ကဲ့... သမိုင်းရဟတ် တစ်ပတ်ပြန်မလည်စေချင်ပါ။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ ၇ ရက်၊ သောကြာနေ့။
နံနက် ၈ နာရီ ၅၃ မိနစ်တွင်ပြီး၏။ 

မီးသတ်ပိုက် မျောက်


နောက်ဆုံးအစာပိတ်အဖြစ် ကျွန်တော်ပြောချင်တဲ့ မျောက်ကတော့ မီးသတ်ပိုက် မျောက်။ ဂျာနယ်တစ်ခုမှာ ဖတ်ရတာပါ။ လူတွေရဲ့ ကြောက်စိတ်ကို လေ့လာဖို့ မျောက်တွေနဲ့ သုတေသနပြုကြတာ။

အခန်းတစ်ခန်းထဲမှာ မျောက်ငါးကောင် ထားတယ်။ နံရံမှာ လှေကားတစ်ခုရှိတယ်။ လှေကားထိပ်မှာ ငှက်ပျောဖီးတစ်ဖီးရှိတယ်။ မျောက်တစ်ကောင်က လှေကားပေါ် ပြေးတက်တယ်။ အလယ်လောက် ရောက်တော့ မီးသတ်ပိုက်က အလိုအလျောက် ပွင့်လာပြီး အဲဒီမျောက်ကို ရေနဲ့ ထိုးချတယ်။ နောက်တစ်ခါ ထပ်တက်တယ်။ မီးသတ်ပိုက်ပွင့်ပြီး ရေထွက်လာလို့ မျောက်လန်ကျတယ်။ သုံးကြိမ်စလုံး လန်ကျပြီးတဲ့ အခါမှာ အဲဒီမျောက် လက်လျှော့သွားတယ်။ နောက်မျောက်တစ်ကောင်က ထပ်ပြီး ကြိုးစားတယ်။ သူလည်း သုံးကြိမ်လန်အကျမှာ လက်မြှောက်သွားတယ်။ နောက်တစ်ကောင်၊ နောက်တစ်ကောင်။ ဒီလိုနဲ့ မျောက်ငါးကောင်စလုံး ငှက်ပျောသီးကို လက်လျှော့သွားကြတယ်။ ခဏနေ တစ်ကောင်က ထပ်ကြိုးစားကြည့်တယ်။ လန်ကျတာပဲ။ နောက်ဆုံးတော့ မျောက်တွေဟာ လှေကားနားတောင် မကပ်ရဲတော့ဘူး။

နောက်နေ့ကျတော့ မျောက်အဟောင်း တစ်ကောင်ထုတ်ပြီး မျောက်အသစ်တစ်ကောင် ထည့်တယ်။ အဲဒီမျောက်အသစ်က လှေကားဆီ ပြေးတက်ဖို့ ကြိုးစားတယ်။ မျောက်အဟောင်းလေးကောင်က အဲဒီမျောက်ကို ၀ိုင်းဆွဲကြတယ်။ အော်ဟစ်ဆူညံပြီး ကုတ်ကြဖဲ့ကြတယ်။ ဒါနဲ့ မျောက်အသစ်လည်း လက်လျှော့သွားတယ်။ နောက်နေ့ကျတော့ မျောက်အဟောင်း လေးကောင်ထဲက တစ်ကောင်ကိုထုတ်ပြီး မျောက်အသစ်တစ်ကောင် အစားသွင်းတယ်။ အဲဒီမျောက်အသစ်က လှေကားပေါ်တက်ဖို့ ကြိုးစားတယ်။ မနေ့က မျောက်အသစ်အပါအ၀င် ကျန်မျောက်လေးကောင်က ဆွဲချတယ်။ ကုတ်တယ်၊ ဖဲ့တယ်။ ဒီလိုနဲ့ အဲဒီ မျောက်လည်း လက်လျှော့ပြန်ရော။ သူတို့ကို အချိန်တန်ရင်တော့ အပြင်ကနေ ငှက်ပျောသီး ပစ်ကျွေးပုံရပါတယ်။ ငတ်တော့ မငတ်ဘူး။

နောက်နေ့မှာလည်း အရင်အဟောင်းထဲက တစ်ကောင်ကိုထုတ်ပြီး အသစ်တစ်ကောင်သွင်းတယ်။ ဒီလိုပဲ ၀ိုင်းဆွဲချခံရတာပဲ။ အဲဒီမှာ သတိပြုစရာတစ်ခုက အဲဒီအခန်းထဲမှာရှိတဲ့ နောက်ရောက်မျောက်အသစ် သုံးကောင်ဟာ မီးသတ်ပိုက်ကို လုံးဝ မသိဘူးဆိုတာပဲ။ နောက်ဆုံးနေ့ကျတော့ အခန်းထဲမှာ ရေအပက်မခံရဖူးတဲ့ မျောက်တွေချည်းပဲ ဖြစ်နေပြီ။ သို့သော် အဟောင်းလေးကောင်က အသစ်တစ်ကောငိကု ဆွဲချကြတာပဲ။ သူတို့ကိုယ်တိုင်က မီးပတ်ပိုက်ဆိုတာ ဘာမှန်းမသိဘဲနဲ့ ဆွဲချနေကြတာ။

မျောက်တွေနဲ့ စမ်းတာက အခုခေတ်ကျမှ ဖြစ်ပါတယ်။ လူတွေနဲ့ စမ်းခဲ့တာ ကြာလှပြီ။ ကြားဖူးမလား မသိဘူး။ မက္ခရာဗယ်လီဆိုတာ။ The Prince ဆိုတဲ့ ရာဇကုမ္မာကျမ်းကို ရေးခဲ့တဲ့လူပေါ့။ ရာဇောဝါဒကျမ်းလို့ ဆိုကြပါစို့။ အုပ်စိုးသူလူတန်းစားဟာ အုပ်စိုးခံလူတန်းစားအပေါ် ဘယ်လိုကျင့်သုံးရတယ်ဆိုတာတွေ ရေးသွားတာ။ အဲဒါကို အဆန်းလုပ်ပြီး ဒီနေ့ခေတ်ကျကာမှ မျောက်တွေနဲ့ စမ်းကြည့်ကြတာလို့ ကျွန်တော်ထင်တာပါပဲ။

[VENUS News ဂျာနယ်၊ အတွဲ ၄၊ အမှတ် ၇၊ စာမျက်နှာ ၂၁ ပါ ကျော်စောမင်းမျောက်များ... လူများ ဆောင်းပါးမှ ပြန်လည်ထုတ်နုတ် ကူးယူဖော်ပြပါသည်။ အဆိုပါ ဆောင်းပါးအား အပြည့်အစုံ ဖတ်ရှုလိုပါက ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။] 

Saturday, September 01, 2012

နိုင်ငံသားတိုင်း ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖတ်ကြရမည်


ရောမရောက်လျှင် ရောမလို ကျင့်ရသည်။

ဥပဒေကို မသိနားမလည်ဟု ဆိုကာမျှဖြင့် ဥပဒေက သင့်အား ခွင့်လွှတ်လိမ့်မည်မဟုတ်။

ဥပဒေဟူသည် နိုင်ငံသူ၊ နိုင်ငံသားတို့၏ အခွင့်အရေးများနှင့် တာဝန်များကို သတ်မှတ်ပေးသည့် စည်းကမ်းနည်းဥပဒေစုပင်ဖြစ်သည်။ ယင်းတို့၏ တာဝန်နှင့် အခွင့်အရေးတို့ကို နိုင်ငံနှင့် ဆက်သွယ်သောအခါဖြစ်စေ၊ နိုင်ငံသားအချင်းချင်း ဆက်သွယ်သောအခါဖြစ်စေ အခွင့်အရေးနှင့် တာဝန်ကို ဖော်ပြထားခြင်းဖြစ်သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေဟူသည်မှာ အုပ်ချုပ်သူနှင့် အုပ်ချုပ်ခံပြည်သူလူထုအကြား ချုပ်ဆိုထားသည့် ပဋိဉာဉ်စာချုပ်ဖြစ်သည်။

ကျွန်တော့်တွင် ပြောစရာအကြောင်းများ ရှိနေပါသည်။ ထို့ကြောင့်လည်း သက်ဆိုင်သည့် အဆိုအမိန့်အချို့ကို ကောက်နုတ်တင်ပြရခြင်း ဖြစ်ပါသည်။ မြန်မာ့နွေဦးသည် မဝေးတော့သော အချိန်တစ်ခုတွင် ၂ နှစ်တာကာလ ပြည့်မြောက်တော့မည် ဖြစ်ပါသည်။ လက်ရှိအချိန်အထိ ၁ နှစ်ခွဲကျော်ကာလကို ကျော်ဖြတ်ခဲ့ပြီး ဖြစ်ပါသည်။ သွားနေသည့် အရှိန်နှုန်းသည် မည်သို့ရှိသည်ကို တစ်ခါတစ်ရံ မှန်းဆရခက်ပါသည်။ အရှိန်မြန်လွန်းလျှင် ရပ်နေသကဲ့သို့ ခံစားရတတ်သည်ကို အားလုံးအသိ ဖြစ်ပါလိမ့်မည်။ မြန်မာတို့၏ ဒီမိုကရေစီရောင်နီဦးသည် မပီဝိုးတ၀ါးမှ မလင်းတလင်းသို့ ရောက်ရှိလာသည်ကတော့ မငြင်းနိုင်သည့်အချက် ဖြစ်ပါသည်။ သို့သော် အပြည့်အ၀ စိတ်ချရသည်တော့ မဟုတ်သေးချေ။ လင်းသထက်လင်းလာပြီး အလျှံတငြီးငြီး ထွန်းလင်းတောက်ပမည်လား၊ သို့တည်းမဟုတ် တိမ်တိုက်တိမ်စိုင်တို့ကြောင့် ခပ်မှိန်မှိန်သာ မြင်ရမည်လား၊ သို့တည်းမဟုတ် မိုးသားတိမ်လိပ်တို့ကြောင့် အမှောင်ထုကို အရှုံးပေးရမည်လား၊ သေသေချာချာ မသိနိုင်သေးသည့် အခြေအနေ ဖြစ်ပါသည်။ ရုပ်မြင်သံကြားမှာ မိုးလေ၀သသတင်း ကြေညာသလို "ကျန်းမာတော် မူကြပါစခင်ဗျာ... မြန်မာ့ဒီမိုကရေစီရေးအတွက် မနက်ဖြန်အထိ ခန့်မှန်းချက်ကတော့ နေသာပါ့မယ်" ဟု မည်သူကမျှ ကြေညာပြောဆိုနိုင်ခြင်း မရှိချေ။

စကားများ ဘေးချော်သွားပါသည်။ လိုရင်းကို ပြန်ဆက်ရပါလျှင် ဒီမိုကရေစီခေတ်သို့ ကူးပြောင်းကာစ ယခုကဲ့သို့ အချိန်မျိုးတွင် ကျွန်တော်မကြားချင်ဆုံးသော၊ ကြားရလျှင် နားခါးသော စကားတစ်ခွန်း ရှိပါသည်။ ကျွန်တော့်ပတ်ဝန်းကျင်မှ ထိတွေ့ပေါင်းသင်း ဆက်ဆံနေရသူများ၊ အွန်လိုင်းပေါ်မှ သိကျွမ်းခင်မင် ရင်းနှီးရသည့် မိတ်ဆွေများ၊ နီးစပ်ရာအပေါင်းအသင်းများ စသည်စသည်တို့၏ ပါးစပ်များမှ ထိုကဲ့သို့သော အဓိပ္ပါယ်သက်ရောက်သည့် စကားများကို ပြောဆိုကြသည့်အချိန်တိုင်း ကျွန်တော်ကိုဉာဏ် သက်ပြင်းချမိပါသည်။ ထို့အတူ များစွာလည်း ရင်လေးမိပါသည်။ အခြားမဟုတ်ပါ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပတ်သက်သည့် အကြောင်းအရာ ဖြစ်ပါသည်။ လူအမျိုးမျိုးမို့ သူတို့ပြောသော စကားများကလည်း အမျိုးမျိုး ဖြစ်ကြပါသည်။ သူတို့ပြောတတ်သည့် စကားများကို အောက်တွင်လေ့လာကြည့်ပါမည် -

ဖွဲ့စည်းပုံအခြေခံဥပဒေကို တစ်ခါမှကို မဖတ်ဖူးဘူး။ တမင်ကို မဖတ်တာ။

ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာ အရင်စစ်အစိုးရက သူတို့ရေးချင်သလို ရေးခဲ့တာပဲ၊ အချိန်ကုန်ခံပြီး ဖတ်မနေနိုင်ပါဘူး။

ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ရမယ်။ (ကျွန်တော်က ဘာတွေပြင်မှာလဲဟု ပြန်မေးတတ်ပါသည်။ ထိုအခါ အင်း၊ အဲ သာ လုပ်နေတတ်ပါသည်။ ဘာပြောရမှန်း မသိကြပါ။)

ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ဘာတွေပဲ ရေးထား၊ ရေးထား အစိုးရက သူတို့လုပ်ချင်ရာ လုပ်တာပဲမလား။ ကျွန်တော်တို့အတွက် ဘာများအရေးပါလို့လဲ။

ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖတ်ဖို့ စဉ်းစားထားပါတယ်။ ဒါပေမယ့် အချိန်မရသေးလို့ မဖတ်ဖြစ်သေးတာပါ။

ဖွဲ့စည်းပုံအခြေခံဥပဒေကို NLD က ပြင်မယ်လို့ပြောတယ်လေ။ အဲဒါ လုပ်ကို လုပ်သင့်တဲ့ အလုပ်ပဲ။ ကျွန်တော်ထောက်ခံတယ်။ (ကျွန်တော်က သူတို့တွေက ဘာတွေပြင်မယ်လို့ပြောသလဲဟု ပြန်မေးလျှင် သူတို့ပြန်ဖြေတတ်တာက တပ်ကိုယ်စားလှယ်တွေကို ဖြုတ်ပစ်မယ်ဟု ဖြေတတ်ကြပါသည်။ အခြားအချက်တွေကိုရောဟု မေးလျှင်တော့ ယောင်ဝါးဝါးများသာ ဖြစ်ကုန်ကြပါသည်။ NLD ပဲ ပြင်လို့ရတာလား၊ အခြားလူတွေရောဟု မေးလျှင်တော့ ဘုကြည့် ပြန်ကြည့်တတ်ကြပါသည်။)

အထက်ပါစကားများသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပတ်သက်၍ ကျွန်တော်နှင့် ထိတွေ့ဆက်ဆံသူများက ပြောတတ်ကြသည့် စကားများထဲမှ အချို့ ဖြစ်ပါသည်။ အကုန်အစင် မဟုတ်သေးပါ။ လူတစ်ချို့ဆိုလျှင် အင်မတန်မှ ပြင်းပြင်းထန်ထန်ကို ပြောတတ်ကြပါသည်။ ကြမ်းတမ်းသော စကားလုံးများပင် သုံးတတ်ကြပါသည်။ မည်သို့ပင်ဖြစ်စေ၊ ကျွန်တော့်တစ်ဦးတည်း၏ အတွေ့အကြုံ၊ အတွေးအမြင်အရ ကောက်ချက်ချရပါလျှင် ဖွဲ့စည်းပုံအခြေခံဥပဒေကို သေသေချာချာ ဖတ်ရှုလေ့လာဖူးသူဟူ၍ ကျွန်တော်တို့နိုင်ငံသားများ၏ ၁၀% ပင် မပြည့်ပါချေ။ သဘောကတော့ လူတစ်ရာတွင် ဆယ်ယောက်သာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖတ်ရှုလေ့လာသည့်သဘော ဖြစ်ပါသည်။ ထိုပမာဏသည် အကောင်းမြင်စိတ် လွန်လွန်ကဲကဲဖြင့် ကောက်ချက်ချထားခြင်း ဖြစ်ပါသည်။ တကယ်တမ်းတွင် ဒီထက်အများကြီး လျော့နည်းနိုင်ပါသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာ ဘာမှန်းမသိသည့် လူများ၊ ဒေသများ၊ ဖွဲ့စည်းပုံအခြေခံဥပဒေစာအုပ်ကိုပင် မမြင်ဖူးသည့် လူများ၊ ဒေသများ၊ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ဘာတွေပါမှန်းပင် မသိသော လူများ၊ ဒေသများ ကျွန်တော်တို့နိုင်ငံတွင် များစွာရှိနေပါသေးသည်။ ထိုအချက်သည် ၀မ်းသာရမည့် အချက်မဟုတ်ပါ။ မိမိတို့နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဘာမှန်းမသိသည့် နိုင်ငံသားများဖြင့် တည်ဆောက်ပုံဖော်နေသော နိုင်ငံတစ်ခုသည် မည်ကဲ့သို့သော နိုင်ငံဖြစ်မလဲဆိုတာ စာဖတ်သူများ စဉ်းစားကြည့်စေလိုပါသည်။

စာဖတ်သူများကို ကျွန်တော်ကိုဉာဏ် မေးခွန်းတစ်ခုလောက် မေးခွင့်ပြုစေလိုပါသည်။ စတင်ရေးဆွဲကာ အတည်ပြု ပြဋ္ဌာန်းပြီးကတည်းက နောက်ထပ်ပြုပြင်ရန်၊ ဖြည့်စွက်ရန်၊ ပြင်ဆင်ရန်၊ နုတ်ပယ်ရန် မလိုအပ်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေ မည်သည့်နိုင်ငံတွင် ရှိသည်ကို ဖြေကြားစေလိုပါသည်။ ကျွန်တော်၏ မဖြစ်စလောက် ဗဟုသုတဖြင့် ယနေ့အချိန်အထိ မကြားမိသေး၊ မတွေ့ရှိသေးသောကြောင့် ဖြစ်ပါသည်။ အချို့ကလည်း ကျွန်တော့်မေးခွန်းကို အငေါ်တူးကာ ပြန်ဖြေနိုင်ပါသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေ မရှိဘဲ ရပ်တည်နေတဲ့ နိုင်ငံတွေလည်း ရှိနေတာပဲဟု။ ဟုတ်ကဲ့၊ ကျွန်တော်မငြင်းလိုပါ၊ လက်ခံပါသည်၊ သို့သော်လည်း သူတို့တွေမှာ ဖွဲ့စည်းပုံအခြေခံဥပဒေသာ မရှိတာဖြစ်ပါသည်၊ အစိုးရက ဘာလုပ်ရမည်၊ ပြည်သူတွေက ဘာတွေကို လိုက်နာရမည် စသည့် ဥပဒေများတော့ ရှိပါသည်။ ထိုဥပဒေများသည်ပင် ဖွဲ့စည်းပုံအခြေခံဥပဒေ သဘောတွေဟု ကျွန်တော်က ယူဆချင်ပါသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေမရှိဘဲ တိုင်းပြည်ကို တည်ဆောက်သည်နှင့် ဖွဲ့စည်းပုံအခြေခံရေးဆွဲပြဋ္ဌာန်းပြီး တိုင်းပြည်ကို တည်ဆောက်သည်တို့တွင် မည်သည့်အချက်က ပိုကောင်းသနည်းဟူသည့် မေးခွန်းကို စာဖတ်သူတိုင်း မှန်ကန်စွာ ဖြေကြားနိုင်လိမ့်မည်ဟု ကျွန်တော်ယုံကြည်ပါသည်။ ရှိတဲ့ဖွဲ့စည်းပုံအခြေခံဥပဒေက မကောင်းဘူးထင်လျှင် ကောင်းအောင်လုပ်ကြရပါမည်၊ လိုအပ်နေသေးသည်ဟုထင်လျှင် ပြင်ဆင်ရပါမည်၊ ဖြည့်စွက်ရပါမည်၊ ဒါတွေသည်ပင် ကျွန်တော်တို့၏ တာဝန်များ မဟုတ်ပါလော။ သူများရေးထားတာ ငါတို့အတွက် အဆင်မပြေဘူးဆိုလျှင် အဆင်ပြေအောင် ဘယ်လိုလုပ်မလဲ စဉ်းစားရမည်၊ အဖြေရှာရမည်၊ ဆောင်ရွက်ရပေမည်၊ သို့သော် ဥပဒေဘောင်အတွင်းက ဖြစ်ရမည်၊ အများအတွက်လည်း အဆင်ပြေတာ ဖြစ်ရမည်။ အားလုံးအတွက် အဆင်ပြေပြီး ငါတစ်ယောက်တည်းအတွက် အဆင်မပြေတာ ဆိုလျှင်တော့ဖြင့် အားလုံး၏ အမှားမဟုတ်တာ သေချာပါသည်။ ဘာပဲဖြစ်ဖြစ် ဖွဲ့စည်းပုံအခြေခံဥပဒေရှိတာ နိုင်ငံအတွက်၊ ပြည်သူတွေအတွက် ပိုကောင်းပါသည်။

မိမိတို့ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ၊ မိမိတို့ လက်ခံသည်ဖြစ်စေ၊ လက်မခံသည်ဖြစ်စေ၊ မိမိတို့ သဘောတူသည်ဖြစ်စေ၊ သဘောမတူသည်ဖြစ်စေ နိုင်ငံသားတစ်ယောက်အနေဖြင့် လက်ရှိတည်ဆဲဖြစ်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေကို လေးစားရမည်၊ လိုက်နာရမည်မှာ နိုင်ငံသားတစ်ဦး၏ တာဝန်ဖြစ်ပါသည်။ အခြားမိတ်ဆွေတစ်ဦး၏ အိမ်သို့ သွားလည်လျှင်ပင် ထိုအိမ်၏ စည်းကမ်းများကို၊ ဓလေ့ထုံးစံများကို လိုက်နာရပါလျှင် ကိုယ့်နိုင်ငံ၏ တည်ဆဲဥပဒေတစ်ရပ်ကို မလိုက်နာနိုင်စရာ အကြောင်းမရှိပါချေ။ ထိုသို့ မဖြစ်မနေ လိုက်နာလေးစားရမည့် ဖွဲ့စည်းပုံအခြေခံဥပဒေကို နကန်းတစ်လုံးမျှ မသိနားမလည်ဟု ဆိုလျှင်တော့ ကိုယ်စီးနေတာ ဘာအကောင်မှန်းပင် မသိသကဲ့သို့ ဖြစ်နေပါလိမ့်မည်။ အထီးအမ ဆိုသည်က ဝေးလွန်းပါသေးသည်။

စာဖတ်သူမိတ်ဆွေများခင်ဗျား၊ ကျွန်တော်ကိုဉာဏ် ပြောလိုသည်မှာ ကျွန်တော်တို့ ပတ်ဝန်းကျင်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေကို မသိသူတွေ၊ မဖတ်ဖူးသူတွေ၊ စိတ်မ၀င်စားသူတွေ များပြားနေပါသေးသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေကိုမျှ မဖတ်ဖူးသည့် လူတစ်ယောက်က နိုင်ငံတိုးတက်ရာ တိုးတက်ကြောင်းကို မည်သို့မည်ပုံ စဉ်းစားတွေးခေါ်ကာ ဆောင်ရွက်မည်နည်းဆိုသည်ကို စဉ်းစားစရာ ဖြစ်ပါသည်။ ဖွဲ့စည်းပုံမသိလို့ နိုင်ငံအကျိုး မသယ်ပိုးနိုင်ဘူးဟု ဆိုလိုနေခြင်း မဟုတ်ပါ။ သို့သော် မသိလျှင်တော့ နိုင်ငံသားတစ်ဦးအနေဖြင့် ရှက်စရာ ဖြစ်ပါသည်။ ထို့ပြင် သူများယောင်တိုင်း လိုက်ယောင်ရပါလိမ့်မည်။ သူများပြောသမျှ နားထောင်ရပါလိမ့်မည်။ မိမိတို့နိုင်ငံ၏ အနာဂတ်၊ နိုင်ငံသားများ၏ အနာဂတ်တွေ ဒီဖွဲ့စည်းပုံအခြေခံဥပဒေကြီးထဲမှာ ရှိနေသည်ဆိုသည်ကို လူတိုင်းလူတိုင်း နားလည်သဘောပေါက်ကြမှ ဖြစ်ပါလိမ့်မည်။

အသက်ရှင် ရပ်တည်မှုအတွက် အစားအစာကို စားကြရပါသည်။ ရေကို သောက်ကြရပါသည်။ ထို့အတူ နိုင်ငံသားတစ်ဦး ပီသစေရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖတ်ကြရပါမည်။ သို့မှသာ မိမိတို့ကို အုပ်ချုပ်နေသူများ၏ လုပ်ကိုင်ဆောင်ရွက်မှုများသည် အခြေခံဥပဒေနှင့် ညီမညီ သုံးသပ်နိုင်ကြပါလိမ့်မည်၊ ဆုံးဖြတ်နိုင်ကြပါလိမ့်မည်။ လွဲချော်နေလျှင် ထောက်ပြပေးနိုင်ပါလိမ့်မည်၊ တည့်မတ်ပေးနိုင်ပါလိမ့်မည်။ ထိုသို့ မဟုတ်ပါမူ သူများပြောသမျှကို ခေါင်းညိတ်ရုံသာ လိုက်ညိတ်နေရပါလိမ့်မည်။ လတ်တလော ဖြစ်ပွားနေသည့် ခုံရုံးပြဿနာနှင့် ပတ်သက်၍ အွန်လိုင်းပေါ်ရေးသားထားသည့် ကွန်းမန့်များတွင် ထိုအချက်ကို မျက်ဝါးထင်ထင် တွေ့မြင်နိုင်ပါလိမ့်မည်။ ဖွဲ့စည်းပုံအခြေခံဥပဒေကို မြင်ပင်မမြင်ဖူးပါဘဲ မိမိတို့ စိတ်ထဲထင်ရာ ရေးသားထားသည်များကို မြင်တွေ့ဖတ်ရှုရတိုင်း ရင်လေးမိပါသည်။

မြန်မာတို့၏ ဖွဲ့စည်းပုံအခြေခံဥပဒေကို မြန်မာတွေမှ မဖတ်ပါလျှင် ဘယ်သူတွေ ဖတ်မည်နည်း။ မြန်မာတို့၏ ဖွဲ့စည်းပုံအခြေခံဥပဒေကို မြန်မာတွေမှ မလေးစားလျှင် ဘယ်သူတွေ လေးစားမည်နည်း။ မြန်မာတို့၏ ဖွဲ့စည်းပုံအခြေခံဥပဒေကို မြန်မာတွေမှ မလိုက်နာလျှင် ဘယ်သူတွေ လိုက်နာမည်နည်း။ မြန်မာတို့၏ ဖွဲ့စည်းပုံအခြေခံဥပဒေကို မြန်မာတွေမှ မထိန်းသိမ်းလျှင် ဘယ်သူတွေ ထိန်းသိမ်းမည်နည်း။ မြန်မာတို့၏ ဖွဲ့စည်းပုံအခြေခံဥပဒေကို မြန်မာတွေမှ မကာကွယ်လျှင် ဘယ်သူတွေ ကာကွယ်မည်နည်း။ မြန်မာတို့၏ ဖွဲ့စည်းပုံအခြေခံဥပဒေကို မြန်မာတွေမှ တိုးတက်အောင် မလုပ်လျှင် ဘယ်သူတွေ လုပ်မည်နည်း။ အို...... မိတ်ဆွေ၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို မနှေးအမြန် မဖြစ်မနေ ဖတ်ရှုပါလော့ဟု တိုက်တွန်းနှိုးဆော်လိုက်ပါသည်။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်၊ စနေနေ့။
နံနက် ၀၁ နာရီ ၁၆ မိနစ်တွင်ပြီး၏။

စာကြွင်း။ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပတ်သက်၍ ကျွန်တော်ကိုဉာဏ် လေ့လာထားသမျှကို စာဖတ်သူများအတွက် တင်ပြပေးသွားနိုင်ရန် ကြိုးစားနေပါသည်။ မပြည့်စုံသေးသည့်အတွက် လေ့လာနေဆဲ ဖြစ်သော်လည်း အခြေအနေအရ အမြန်ဆုံးတင်ပြသင့်သည်ဟု ယူဆသည့်အတွက် တင်ပြသွားပါမည်။ ကြိုတင်ကြော်ငြာခြင်းဟု မမှတ်ယူဘဲ ကြိုတင်အသိပေးခြင်းဟုသာ မှတ်ယူကြစေလိုပါသည်။

Thursday, August 23, 2012

စွပ်စွဲပြစ်တင်မယ်ဆိုတဲ့ကိစ္စ ပြန်စဉ်းစားကြပါဦး - မောင်ဝံသ



အခြေခံဥပဒေခုံရုံးကို စွပ်စွဲပြစ်တင်မယ့်ကိစ္စ စဉ်းစဉ်းစဉ်းစားစားလုပ်ကြရင် ကောင်းမယ်ထင်ပါတယ်။ အမေရိကန်နိုင်ငံမှာ ၂၀၀၀ ပြည့်နှစ်နောက်ပိုင်းမှာ တရားလွှတ်တော်ချုပ်က လွှတ်တော်ဥပဒေတွေကို အခြေခံဥပဒေနဲ့ မညီဘူးလို့ ဆုံးဖြတ်ခဲ့တဲ့အမှု တစ်ဒါဇင်ကျော် ရှိတဲ့အကြောင်း မိတ်ဆွေတစ်ယောက်က လှမ်းပြောတယ်။  တရားလွှတ်တော်ချုပ်က လွှတ်တော်ဥပဒေတွေကို အခြေခံဥပဒေနဲ့ မညီဘူးလို့ ဆုံးဖြတ်လိုက်ရင် လွှတ်တော်က နာခံခဲ့ပါတယ်။ အခုလိုကိစ္စက နိုင်ငံရဲ့ institution များအတွက် အတော်အန္တရာယ်ကြီးတယ်လို့ ထင်ပါတယ်လို့ မိတ်ဆွေကပြောတော့ အစစ်ပေါ့ဗျာလို့ ပြောမိတယ်။ အခုတော့ စိတ်ပူမိလို့ သတင်းစာဆရာ တစ်ယောက်အနေနဲ့ သဘောထားအမြင်ကို တင်ပြရင်း တားလို့ရရင် တားနိုင်ဖို့ ကြိုးစားတာပါ။ ဆန္ဒမစောကြပါနဲ့လို့ လွှတ်တော်ကိုယ်စားလှယ်ကြီးများကို ပန်ကြားချင်ပါတယ်။ ကျွန်တော့်မိတ်ဆွေက ၀န်ထမ်းကြီး တစ်ယောက်ဆိုတော့ ကျွန်တော့်လိုတော့ မိမိထင်မြင်ချက်ကို ပွင့်ပွင့်လင်းလင်း မပြောနိုင်ရှာဘူး။ သူပြောပုံလေးက စိတ်မကောင်းစရာ။  အင်္ဂလိပ်စကားမှာ Train Wreck symptom ဆိုတာ ရှိပါတယ်။ ရထားစီးခရီးသည်တွေ ရထားတိုက်တော့မှာ မြင်နေပေမယ့် ဘာမှလုပ်လို့မရတဲ့ အဖြစ်ပေါ့ဗျာတဲ့။ ကျွန်တော်ကတော့ တိုက်မိတော့မယ့် ရထားနှစ်စင်းရှေ့ ခုန်ဝင်ပြီး မီးနီပြဖို့ ကြိုးစားကြည့်တာပေါ့ ခင်ဗျာ။ သို့မဟုတ် ရှန်တိန်လုပ်ဖို့ ကြိုးစားကြည့်တာပေါ့ခင်ဗျာ။ ဒီကိစ္စမျိုးမှာ အသင့်တော်ဆုံးကတော့ အခြေခံဥပဒေကို ပြင်ဆင်ဖို့ပဲလို့ ထင်ပါတယ်။ စွပ်စွဲပြစ်တင်တယ်ဆိုတာ တိုင်းပြည်ကြီး ချောက်ထဲကျအောင်လုပ်တဲ့ အမှုမျိုးအတွက်သာ ဖြစ်သင့်ပါတယ်။ အဖွဲ့တစ်ခုကို အဖွဲ့တစ်ခုက စွပ်စွဲပြစ်တင်၊ အရေးယူ ဖယ်ရှားတာမျိုးထက် ပြေပြေလည်လည် ညှိနှိုင်းဖြေရှင်းတဲ့ နည်းလမ်းကို ရွေးတာက တိုင်းပြည်အတွက် အစဉ်အလာကောင်း ဖြစ်ပါလိမ့်မယ်။
(ပြည်သူ့ခေတ်ဂျာနယ်က နောက်အပတ် အင်္ဂါ ဗုဒ္ဓဟူးမှ ထွက်မှာဆိုတော့ စောစောလေး ဖတ်နိုင်အောင် ကျွန်တော့် FaceBook မှာ တင်လိုက်တာပါ)


(ပြည်သူ့ခေတ်ရဲ့ Facebook စာမျက်နှာကနေ ပြန်လည်ကူးယူ ဖော်ပြထားတာပါ) 

Friday, August 17, 2012

Pyithu Hluttaw Vs The Constitutional Tribunal of the Union



အခုလတ်တလော စိတ်ဝင်စားဖို့အကောင်းဆုံး နိုင်ငံရေးသတင်းကတော့ လွှတ်တော်တွေနဲ့ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံးတို့ အငြင်းပွားနေတဲ့ အရေးကိစ္စ ဖြစ်မယ်ထင်ပါတယ်။ လွှတ်တော်တွေက ဖွဲ့စည်းတဲ့ ရေးရာကော်မတီတွေဟာ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းတွေ မဟုတ်တဲ့အကြောင်း ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးက ဆုံးဖြတ်ခဲ့တာနဲ့ ပတ်သက်ပြီး ပေါ်ပေါက်ခဲ့တဲ့ ပြဿနာဖြစ်ပါတယ်။ အစကတော့ အဲဒီလောက် ကြီးကြီးကျယ်ကျယ် ဖြစ်လာလိမ့်မယ်လို့ မထင်ခဲ့မိတာ အမှန်ပါပဲ။ ပြည်ထောင်စုလွှတ်တော် တတိယပုံမှန် အစည်းအဝေးမှာကတည်းက စတင်ခဲ့တဲ့ အရေးကိစ္စ ဖြစ်ပါတယ်။ လွှတ်တော်တွေက ဖွဲ့စည်းတဲ့ ကော်မတီတွေဟာ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းတွေ ဟုတ်မဟုတ် ဆိုတာကို သိချင်တဲ့အတွက် နိုင်ငံတော်သမ္မတကိုယ်စား ရှေ့နေချုပ်က ခုံရုံးကို တင်သွင်းခဲ့တာ ဖြစ်ပါတယ်။

မူလအစကတော့ ပြည်ထောင်စုအဆင့် အစိုးရအဖွဲ့အစည်းတွေ၊ ပြည်ထောင်စုဝန်ကြီးတွေ၊ ဒုတိယ၀န်ကြီးတွေ အနေနဲ့ လွှတ်တော်ကော်မတီတွေက ခေါ်ယူမေးမြန်းတာတွေ၊ စစ်ဆေးတာတွေကို မနှစ်မြို့တာကနေ စတာဖြစ်မယ်လို့ ကျွန်တော်ကိုဉာဏ် ယူဆမိပါတယ်။ ကြားသိရသလောက် ၀န်ကြီးတွေ ဒုဝန်ကြီးတွေအနေနဲ့ ကိုယ့်ဝန်ကြီးဌာနရဲ့ အလုပ်ကို လုပ်ဖို့မစဉ်းစားနိုင်ဘဲ ကော်မတီတွေက ဖိတ်သမျှ အစည်းအဝေးတွေကို တက်ရောက်ပြီး ဖြေရ၊ ပြောရ လုပ်နေခဲ့ကြရပါတယ်တဲ့။ ဒုဝန်ကြီးတို့၊ ညွှန်မှူးတို့ လွှတ်ပေးရင်လည်း ကော်မတီတွေက မကြိုက်ပါဘူးတဲ့။ ၀န်ကြီးနဲ့မှ စကားပြောချင်တဲ့ သဘောမျိုးတွေ ရှိကြတယ်လို့လည်း အချို့လူတွေပြောတာကို ကြားဖူးပါတယ်။ အဲဒီလို မေးမြန်းတဲ့အခါမျိုးမှာ အချို့ကိုယ်စားလှယ်တွေဆိုရင် မမေးသင့်တာတွေမေးတာ၊ ၀န်ကြီးကိုယ်တိုင် လာဖြေစရာမလိုတဲ့ မေးခွန်းမေးတာမျိုးအထိ ကြုံရပါတယ်တဲ့။ ပြီးတော့ သူတို့ကော်မတီတွေဟာ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဆိုတော့ သူတို့ကိုယ်သူတို့ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်ပုဂ္ဂိုလ်ဆိုပြီး မာန်တက်ပြီး မောက်မာတဲ့ ကိုယ်စားလှယ်မျိုးကိုလည်း ကြုံတွေ့ရတတ်တယ်လို့ ၀န်ကြီးအချို့နဲ့ နီးစပ်သူတွေက ပြောတာကို ကြားဖူးပါတယ်။ ဘာပဲဖြစ်ဖြစ် ဖြစ်နိုင်တာကတော့ အစိုးရအဖွဲ့ဝင်တွေအနေနဲ့ လွှတ်တော်တွေက ဖွဲ့စည်းတဲ့ ကော်မတီတွေမှာ ပါဝင်တဲ့သူတွေက ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်ဆိုပြီး ခြေရာတိုင်းတာကို မခံမရပ်နိုင် ဖြစ်ကြတာက စတယ်လို့ပဲ မြင်မိပါတယ်။

ခုံရုံးတစ်ခုလုံးကို စွပ်စွဲပြစ်တင်မှုသာ ပြုလုပ်ခဲ့လို့ကတော့ လွှတ်တော်တွေအတွက် တကယ့်ကို မဟာအမှားကြီးတစ်ခု ဖြစ်ပါလိမ့်မယ်။ သမိုင်းမှာ အမည်းစက်အနေနဲ့ ကျန်ခဲ့ပါလိမ့်မယ်။ ဘာကြောင့်လဲ။ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးကို ဖွဲ့စည်းထားတဲ့ စနစ်ကို ပထမဆုံး ပြောကြရအောင်။ ခုံရုံးကို ဥက္ကဋ္ဌအပါအ၀င် ကိုးဦးနဲ့ ဖွဲ့စည်းထားတယ်။ အဲဒီ ကိုးဦးကို ဘယ်လိုရွေးထားလဲဆိုတာ ကြည့်ရအောင်ပါ-
(က) နိုင်ငံတော်သမ္မတက ရွေးချယ်သူ ၃ ဦး
(ခ) ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ရွေးချယ်သူ ၃ ဦး
(ဂ) အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ရွေးချယ်သူ ၃ ဦး
(ဃ) စုစုပေါင်း ၉ ဦး
ကဲ.... အဲဒီဖွဲ့စည်းပုံမှာ ကြည့်တာနဲ့တင် အတော်ကြီးကို နားလည်ဖို့ သင့်နေပါပြီ။ ဒီခုံရုံးရဲ့ ဆုံးဖြတ်ချက်တွေဟာ အစိုးရကို ဘက်လိုက်ချင်ရင်တောင် သမ္မတက ရွေးပေးထားတာက ၃ ဦးပဲရှိတယ်။ လွှတ်တော်ဥက္ကဋ္ဌ နှစ်ယောက်က ရွေးပေးထားတာ ၆ ဦးတောင်ရှိတယ်။ သဘောကတော့ လွှတ်တော်ရဲ့ ကိုယ်စားလှယ်က သုံးပုံနှစ်ပုံပေါ့။ တစ်ဖက်ဖက်ကိုသာ ဘက်လိုက်ပြီး ဆုံးဖြတ်ကြေးဆိုရင် လွှတ်တော်အတွက် ဘယ်လိုမှ နစ်နာစရာမရှိတဲ့ အခြေအနေ မဟုတ်ဘူးလား။ ထားပါတော့ ဒါက ကလေးဆန်ပါတယ်။ အခြားအကြောင်းတွေ ပြောကြပါဦးစို့။

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးနဲ့ ပတ်သက်တဲ့ ပြဋ္ဌာန်းချက်တွေဟာ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ အခန်း (၆)၊ တရားစီရင်ရေး ဆိုတဲ့ အခန်းအောက်မှာ ပါရှိပါတယ်။ ပြောချင်တာက အခုဖြစ်တဲ့ ကိစ္စဟာ ဥပဒေပြုရေးမဏ္ဍိုင်နဲ့ တရားစီရင်ရေးမဏ္ဍိုင်ရဲ့ အားပြိုင်မှု ဆိုတာကိုပါ။ အဲဒီအချက်ကလည်း ပြဿနာကို စဉ်းစားရာမှာ အရေးပါတယ်လို့ မြင်မိပါတယ်။

ကျွန်တော့်အနေနဲ့ ဥပဒေပညာရှင် မဟုတ်တဲ့အတွက် ဥပဒေကြောင်းအရ ဘယ်ဟာမှန်တယ်၊ ဘယ်ဟာမှားတယ်လို့ မပြောလိုပါဘူး။ ဘေးကရပ်ကြည့်နေသူ နိုင်ငံရေးပရိသတ် တစ်ဦးအနေနဲ့ပဲ မြင်တာကို ပြောချင်ပါတယ်။

တကယ်လို့သာ လွှတ်တော်တွေက ဆန္ဒရှိနေတဲ့အတိုင်း ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးတစ်ခုလုံးဟာ နုတ်ထွက်သွားတယ်ဆိုရင်တော့ ကျွန်တော်တို့နိုင်ငံအတွက် တကယ့်ကို အမည်းစက်ပါပဲ။ ဘာကြောင့်လဲ။ အဲဒီလိုသာ ဖြစ်ခဲ့မယ်ဆိုရင် ကျွန်တော်တို့တွေ မှတ်သားရမယ့် အချက်တစ်ခုက ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဆိုတာ လွှတ်တော်တွေအလိုကျ အဓိပ္ပါယ်ဖွင့်ဆိုပေးရတဲ့ အဖွဲ့အစည်းတစ်ခု ဖြစ်သွားတော့မှာပါ။ နောက်ကာလတွေမှာလည်း အခုလိုမျိုး အခြားသော အငြင်းပွားမှုတွေ ပေါ်ပေါက်ဦးမှာပါပဲ။ အဲဒီအခါကျရင်လည်း လွှတ်တော်တွေအနေနဲ့ သူတို့လက်မခံနိုင်တဲ့ ဆုံးဖြတ်ချက်တစ်ခုခုကို ချမှတ်ခဲ့မယ်ဆိုရင် အခုလိုပဲ လက်မှတ်ထိုး၊ အဆိုတင်၊ ကန့်ကွက်၊ ရှုံ့ချ၊ စွပ်စွဲပြစ်တင် လုပ်ကြဦးမှာပါပဲ။ ဒါဆိုရင် ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးဆိုတာ လွှတ်တော်အလိုကျ ဖွဲ့စည်းထားတဲ့ ရုပ်သေးရုပ်ခုံရုံး ဖြစ်သွားပြီး မူလရည်ရွယ်ချက်နဲ့ လုပ်ငန်းစဉ်တွေ ပျောက်သွားပါလိမ့်မယ်။ ဘယ်သူကမှလည်း ဒီခုံရုံးကို အလေးထားမှာ၊ တန်ဖိုးထားမှာ မဟုတ်တော့ပါဘူး။

ဒါဟာ ဖွဲ့စည်းပုံအခြေခံဥပဒေကို စော်ကားတာ၊ ဖောက်ဖျက်တာ၊ မလိုက်နာတာနဲ့ အတူတူပါပဲ။ ကျွန်တော့်သဘောအရ ဆိုရင်တော့ အဲဒီလိုသာ ဖြစ်လာခဲ့မယ်ဆိုရင် အခုလွှတ်တော်တက်နေတဲ့ လွှတ်တော်ဥက္ကဋ္ဌတွေအပါအ၀င် လွှတ်တော်ကိုယ်စားလှယ် အားလုံးကို စွပ်စဲပြစ်တင်ပြီး ကိုယ်စားလှယ်အဖြစ်ကနေ ရပ်စဲစေကြဖို့ ဖြစ်ပါတယ်။ ဒီနေ့ ကိုယ်စားလှယ်တွေ၊ ၀န်ကြီးတွေ၊ လွှတ်တော်တွေ၊ သမ္မတ၊ တရားသူကြီးချုပ်တွေ ရှိနေတယ်ဆိုတာဟာ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဖြစ်ပါတယ်။ ဒါကိုမှ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ မပါရှိတဲ့ အချက်တွေကို ရိုးမယ်ဖွဲ့ ရမယ်ရှာပြီး လုပ်နေကြမယ်ဆိုရင်တော့ ဖွဲ့စည်းပုံကို စော်ကားတာနဲ့ အတူတူပဲလို့ ဆိုချင်ပါတယ်။

 မနေ့က သတင်းစာမှာလည်း ခုံရုံးရဲ့ ဆုံးဖြတ်ချက်ကို အပြည့်အစုံ ဖော်ပြပေးထားတာကို စာဖတ်သူများ ဖတ်ရှုကြပြီး ဖြစ်ပါလိမ့်မယ်။ ဒါကိုမှ လွှတ်တော်တွေက ဆက်တိုးမယ်ဆိုရင်တော့ ဘာတွေဆက်ဖြစ်မလဲ ဆိုတာကိုပဲ စောင့်ကြည့်ရပါမယ်။ ၀င်း-၀င်း ဖြစ်စရာအကြောင်းကတော့ လုံးဝမရှိတာ အမှန်ပါပဲ။ ပြီးတော့ ဘယ်ဘက်ကပဲ နိုင်သည်ဖြစ်စေ ကြားသူ၊ ဖတ်သူ ဘယ်သူမှ ၀မ်းမသာနိုင်တဲ့ အဖြစ်မျိုးပဲ ဖြစ်ပါလိမ့်မယ်။

ကဲ... ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေက လက်မှတ်ရေးထိုးပြီး တောင်းဆိုထားပြီဆိုတော့ ဘာတွေဆက်ဖြစ်မလဲဆိုတာ လေ့လာကြည့်ပါမယ်။

  • ခုံရုံးအဖွဲ့အနေနဲ့လည်း သူတို့မှာ အမှားမရှိတဲ့အတွက် သူ့တို့ဘာသာသူတို့ နုတ်ထွက်ကြမယ် မဟုတ်ဘူးလို့ ကျွန်တော် သုံးသပ်မိပါတယ်။ အဲဒါကြောင့်လည်း သတင်းစာမှာ သူတို့ရဲ့ ဆုံးဖြတ်ချက်ကို အပြည့်အစုံ ဖော်ပြပေးတာ ဖြစ်လိမ့်မယ်လို့ ထင်ပါတယ်။
  • ပြည်သူ့လွှတ်တော်က ဆက်လုပ်မယ်ဆိုရင်တော့ ပထမဆုံးအနေနဲ့ သူတို့လွှတ်တော်ထဲမှာရှိတဲ့ ကိုယ်စားလှယ် စုစုပေါင်းရဲ့ အနည်းဆုံး သုံးပုံနှစ်ပုံက ထောက်ခံဖို့ လိုအပ်ပါတယ်။ (သဘောကတော့ ပြည်သူ့လွှတ်တော်မှာ ကိုယ်စားလှယ်စုစုပေါင်း ၄၄၀ ဦး ရှိတဲ့အတွက် မဲခွဲလို့ အခုလို စွပ်စွဲပြစ်တင်ခြင်းကို ထောက်ခံတဲ့ ကိုယ်စားလှယ် ၂၉၄ ဦး မပြည့်ဘူးဆိုရင် စွပ်စွဲပြစ်တင်ခြင်းကို ဆက်လုပ်ဖို့ မလိုပါဘူး) သုံးပုံနှစ်ပုံက ထောက်ခံတယ်ဆိုရင်တော့ စွပ်စွဲပြစ်တင်ခြင်းကို ဆက်လုပ်ပါတယ်။
  • ပြည်သူ့လွှတ်တော်က စွပ်စွဲပြစ်တင်တာ ဖြစ်တဲ့အတွက် အမျိုးသားလွှတ်တော်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းပြီး စစ်ဆေးရမှာ ဖြစ်ပါတယ်။ (ဒီနေရာမှာ စုံစမ်းစစ်ဆေးဖို့အတွက် လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ပဲ ဖွဲ့စည်းရမယ်လို့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ဖော်ပြထားတာ မရှိပါဘူး။ ဒါဟာ စိတ်ဝင်စားစရာပါ။ ကျွန်တော့်အမြင်ကတော့ ပညာရှင်တွေပါဝင်တဲ့ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေး ကော်မရှင် သို့မဟုတ် အဖွဲ့ စိတ်ကြိုက်ဖွဲ့ပြီး စစ်ဆေးနိုင်တာမျိုးပါ။ လွှတ်တော်ကပဲ စုံစမ်းစစ်ဆေးမယ် ဆိုရင်လည်း စစ်ဆေးနိုင်ပါတယ်။)
  • အဲဒီလို အမျိုးသားလွှတ်တော်က စုံစမ်းစစ်ဆေးပြီးတဲ့အခါမှာ အဲဒီစုံစမ်းစစ်ဆေးချက်နဲ့ ပတ်သက်လို့ မှန်ကန်တဲ့အကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် စုစုပေါင်းရဲ့ သုံးပုံနှစ်ပုံဖြစ်တဲ့ ၁၅၀ ဦးက ထောက်ခံဖို့ လိုအပ်ပါတယ်။ (စုံစမ်းစစ်ဆေးတဲ့အဖွဲ့က ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးကို စွပ်စွဲပြစ်တင်ထားတဲ့ အချက်တွေဟာ မှန်ကန်တယ်လို့ ဆုံးဖြတ်ခဲ့ရင်တောင် ကိုယ်စားလှယ် ၁၅၀ ဦးက အဲဒီဆုံးဖြတ်ချက်ကို မထောက်ခံရင် စွပ်စွဲပြစ်တင်မှုကို ဆက်လုပ်စရာ မလိုပါဘူး။)
  • စုံစမ်းစစ်ဆေးတဲ့အဖွဲ့ကလည်း အပြစ်ရှိတဲ့အကြောင်း ဆုံးဖြတ်တယ်၊ ကိုယ်စားလှယ် သုံးပုံနှစ်ပုံကလည်း ထောက်ခံတယ်ဆိုရင် အဲဒီဆုံးဖြတ်ချက်ကို ပြည်ထောင်စုလွှတ်တော် နာယကထံကို တင်ပြရပါမယ်။
  • နာယကအနေနဲ့ အဲဒီလို တင်ပြလာရင် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံး ဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်တွေကို ရာထူးမှ ရပ်စဲကြောင်း ကြေညာရမှာ ဖြစ်ပါတယ်။ 


အထက်ပါအချက်တွေဟာ လတ်တလော ဖြစ်ပျက်နေမှုအရ ဖြစ်နိုင်တာတွေကို ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ စဉ်းစားကြည့်တာပါ။ ဒီနေရာမှာ ထူးခြားတာတစ်ခုက လွှတ်တော်တွေက မဟုတ်ဘဲ သမ္မတက စွပ်စွဲပြစ်တင်ခဲ့မယ်ဆိုရင်လည်း လွှတ်တော်ကပဲ ဆောင်ရွက်ရတာ ဖြစ်ပါတယ်။ အထက်မှာ ဖော်ပြခဲ့တဲ့ လုပ်ငန်းစဉ်တွေနဲ့ ကွဲပြားပါတယ်။ သမ္မတက ပြည်ထောင်စုလွှတ်တော် နာယကထံ တင်ပြရမယ်။ နာယကက စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းရမယ်။ အဲဒီအဖွဲ့မှာ လွှတ်တော်နှစ်ရပ်က ကိုယ်စားလှယ်ဦးရေ တူညီစွာ ပါဝင်ရမယ်။ စုံစမ်းတွေ့ရှိချက်ကို ပြည်ထောင်စုလွှတ်တော်ကို တင်ပြရမယ်။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် သုံးပုံနှစ်ပုံက ထောက်ခံဖို့လိုတယ်။

ကျွန်တော့်အမြင်အရကတော့ အခုအခြေအနေအရ ပြည်သူ့လွှတ်တော်မှာ ထောက်ခံမဲ သုံးပုံနှစ်ပုံ ရရှိအောင် လုပ်ဖို့အတွက်ကို အတော်ကြိုးစားရပါမယ်။ ဒါ့အပြင် အမျိုးသားလွှတ်တော်ကလည်း အခုလို စွပ်စွဲပြစ်တင်မှုကို သဘောတူပါ့မလားဆိုတာ စဉ်းစားစရာပါ။ ပုံမှန်အားဖြင့် လွှတ်တော်နှစ်ရပ်ဟာ အတူတူပဲလို့ ထင်စရာရှိပေမယ့် မတူတာတွေ ရှိနေတဲ့အတွက်ပါ။ ဥပဒေပြုရေး လွှတ်တော်နှစ်ရပ်မှာကို မတူညီမှုတွေ၊ အရေးပေးခံရမှုတွေ ရှိနေပါတယ်။ အဲဒီအကြောင်းအရာတွေကို ကျွန်တော်ရေးသားဖို့ စီစဉ်ထားတာ ရှိပါတယ်။ အချက်အလက်တွေ မပြည့်စုံသေးတဲ့အတွက် မရေးဖြစ်သေးတာပါ။ ရေးတဲ့အချိန်ကျမှ အသေးစိတ် ရေးသားတင်ပြပါမယ်။ အခုတော့ ပြောလိုတာက အမျိုးသားလွှတ်တော် အနေနဲ့လည်း ပြည်သူ့လွှတ်တော်နဲ့ အမြဲတစေ ထပ်တူထပ်မျှ ရှိနေတယ်လို့ မမှတ်ယူစေလိုတာသာ ဖြစ်ပါတယ်။ စိတ်ဝင်စားစရာပါ။

အခုတော့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီး ဘာဆက်လုပ်မယ်ဆိုတာ စောင့်ကြည့်ပါမယ်။ သူ့အပေါ်မှာ အများကြီး မူတည်ပါတယ်။ သမိုင်းဝင် အမှားကြီးတစ်ခုကို ကျူးလွန်ပြီး ရထားတဲ့ ဂုဏ်သတင်းတွေ၊ နာမည်ကောင်းတွေကို စွန့်လွှတ်ပစ်မလားဆိုတာ စောင့်ကြည့်ရပါမယ်။ နောင်တစ်သက်လုံး ပြန်စဉ်းစားလို့ ၀မ်းသာစရာကိစ္စ ဖြစ်မလားဆိုတာကို ကိုယ်စားလှယ်တွေအားလုံး အလေးအနက် စဉ်းစားကြစေလိုပါတယ်။

ဒီမိုကရေစီ ခေတ်ပြောင်းကာလမှာ မဏ္ဍိုင်သုံးရပ်ဟာ အပြန်အလှန် ထိန်းကျောင်းတာ မဟုတ်ဘဲ အပြန်အလှန် အပြစ်တင်သလို ဖြစ်နေကြတယ်လို့ အများသူငါ လက်ညှိုးထိုးတာမျိုးကို အဖြစ်ခံကြမယ် မဟုတ်ဘူးလို့ ယုံကြည်ပါတယ်။ အထူးသဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေအရ အခွင့်အရေးကောင်းတွေ အများကြီး အပ်နှင်းထားခြင်းခံရတဲ့ လွှတ်တော်တွေအနေနဲ့ ရထားတဲ့ အခွင့်အရေးကို လက်နက်သဖွယ် အသုံးချပြီး ကျန်မဏ္ဍိုင်နှစ်ရပ်ကို ခြိမ်းခြောက်နေမယ့်အစား အချင်းချင်း တက်ညီလက်ညီနဲ့ လက်တွဲဆောင်ရွက်ရင်း အပြန်အလှန် ထိန်းကျောင်းပြီး ချီတက်ကြမယ်ဆိုရင် နိုင်ငံအတွက် ပိုမိုအကျိုးရှိမယ်လို့ ယုံကြည်မိကြောင်းပါခင်ဗျာ။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၂ ခုနှစ်၊ သြဂုတ်လ ၁၇ ရက်၊ သောကြာနေ့။
ည ၁၀ နာရီ ၄၆ မိနစ်တွင်ပြီး၏။
ကိုးကား။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ 

Tuesday, July 24, 2012

ခရိုနီများရဲ့ ရှေ့ခရီး - မောင်ဝံသ



အဘရာမိုဗစ်ခ်ျ၊ မားဒေါ့၊ တက်ဆင်
ရုရှားနိုင်ငံက ခေတ်ပျက်သူဌေး၊ ချယ်လ်ဆီးဘောလုံးအသင်းကိုဝယ်ပြီး နာမည်ကြီးအောင်လုပ်ခဲ့သူ အဘရာမိုဗစ်ခ်ျအကြောင်း ကျွန်တော် နှစ်ကြိမ်သုံးကြိမ်လောက် ရေးခဲ့ဖူးတယ်။ အာဏာရသူတွေနဲ့ တည့်အောင်ပေါင်းပြီး သတင်းမီဒီယာ လုပ်ငန်းတွေကို လက်ဝါးကြီးအုပ်၊ အဲဒီနောက် ပိုက်ဆံရရင်ပြီးရောဆိုပြီး လူပြိန်းပရိသတ်အကြိုက် သတင်းတွေနဲ့ လုပ်စားနေတဲ့ သြစတြေးလျပြည်ပေါက် သတင်းစာသူဌေးကြီး ရုပတ်မားဒေါ့ အကြောင်းလည်း ကျွန်တော် သုံးလေးကြိမ်ထက်မနည်း ရေးခဲ့ပြီးပြီ။ ဒါတင်မက ပြည်သူ့ဘဏ္ဍာတွေကို တစ်ဖက်လှည့်နဲ့ သုံးစွဲပြီး ဆင်းရဲသားတွေ ကောင်းစားရေးလုပ်ပေးတယ်လို့ နာမည်ကောင်းယူကာ နိုင်ငံရေးလုပ်စားခဲ့တဲ့ ထိုင်းနိုင်ငံ ၀န်ကြီးချုပ်ပြုတ် တက်ဆင်အကြောင်းကိုလည်း အကျယ်တ၀င့် ရေးခဲ့သေးတယ်ဗျာ။

အဲသလို ရေးခဲ့တာတွေဟာ ကျွန်တော်တို့ဆီမှာလည်း အလားတူ ဇာတ်ကောင်တွေ ရှိနေခဲ့ ရှိနေဆဲ ဖြစ်တယ်ဆိုတာ ပြောချင်လို့ပဲဗျ။ အဲသလိုလူတွေ မရှိပါဘူးလို့ ဘယ်သူမှ ငြင်းမယ်မထင်ပါဘူး။ ငြင်းလာရင်လည်း ကျွန်တော်က အဲဒီလူကို နားရွက်ဆွဲပြီး လှည့်ပြမယ်ဗျာ။

ပွပေါက်တိုးခဲ့တယ်ဆိုတာ
အဘရာမိုဗစ်ခ်ျလို ခေတ်ပျက်သူဌေးတွေဟာ ခေတ်ပြောင်းချိန် စပ်ကူးမတ်ကူးကာလမှာ ပေါ်ခဲ့တာပဲဗျ။ သူတို့လိုလူတွေဟာ ပင်ကို အရည်အချင်းကြောင့် ချမ်းသာလာတာပါလို့ ဘုရားစူးကျိန်ပြောရင်တောင် ဘယ်သူမှ ယုံမှာမဟုတ်ဘူး။ သူတို့ ပွပေါက်တိုးခဲ့တာဟာ ပွပေါက်ကို ချပေးတဲ့ အာဏာရှိသူနဲ့ ပေါင်းစားခွင့် ရခဲ့လို့သာဖြစ်တယ်။ အဘရာမိုဗစ်ခ်ျဆိုရင် ရေနံလုပ်ငန်းကို အခွင့်ထူးခံ လုပ်ကိုင်ခွင့်ရခဲ့ရာက ပွပေါက်တိုးခဲ့တာပဲဗျ။

ဒီလိုလူမျိုးတွေဟာ နိုင်ငံအတော်များများမှာ ရှိတတ်ပါတယ်။ အာဏာရှိသူတွေနဲ့ ပေါင်းစားပြီး ကြီးပွားလာသူတွေကို ခရိုနီ(crony)လို့ ခေါ်တဲ့ စကားလုံးတောင် တွင်ကျယ်နေတာ ကြာပြီကောဗျာ။

ခရိုနီတွေကို ဆက်အသုံးချမလား
တောင်ကိုရီးယားနိုင်ငံ စီးပွားရေးတိုးတက်လာတာ ရှေးဘိုးလ် (Chaebol)လို့ခေါ်တဲ့ အစိုးရက အားပေးထောက်ပံ့မှုနဲ့ ငွေကြေးအင်အား တောင့်တင်းသွားသူ ခရိုနီများရဲ့ ကျေးဇူးကြောင့်လို့ဆိုကာ မြန်မာနိုင်ငံ စနစ်ပြောင်း ခေတ်ပြောင်းချိန်မှာ ခရိုနီများကို ဆက်လက် အသုံးချသင့်တယ်လို့ ယုံကြည်သူတချို့လည်း ရှိတယ်ဗျ။

ထင်ရှားတဲ့ ပညာရှင်တစ်ဦးက လွန်ခဲ့တဲ့ လအနည်းငယ်အတွင်း အလားတူ အယူအဆမျိုးကို ထုတ်ဖော်ပြောဆိုလိုက်ချိန်က ပြည်သူတွေကြားထဲမှာ တိုးတိုးတစ်မျိုး ကျယ်ကျယ်တစ်ဖုံ ငြင်းခုံခဲ့ကြတာ ကျွန်တော် သတိထားမိခဲ့တယ်။ ပညာဒါန သတင်းပညာ သင်တန်းကလေးတစ်ခု ဖွင့်ထားတဲ့ ကျွန်တော်လည်း ကျွန်တော့် သင်တန်းသားတွေနဲ့ ဒီကိစ္စ ဆွေးနွေးဖြစ်ခဲ့သေးတယ်ဗျ။ အဲဒီမှာ ထုံးစံအတိုင်း သဘောထားတွေ ကွဲပြားခြားနားကြတော့တာပါပဲ။ တစ်ယောက်တစ်ပေါက် ပြောဆိုငြင်းခုံနေကြတာကို ရပ်နားခိုင်းပြီး လက်ညှိးထောင် မဲခွဲလိုက်တဲ့အခါ ခရိုနီတွေကို ဆက်လက်နေရာပေးပြီး အသုံးချသင့်တယ် ဆိုတဲ့ဘက်က နိုင်သွားတယ်။ သင်တန်းသား ၂၀ မှာ ခရိုနီတွေဘက်က ၁၀ ယောက်၊ ခရိုနီဆန့်ကျင်သူ ၆ ယောက်၊ ကြားနေသူ ၄ ယောက် တွေ့ရတယ်ဗျာ။

ပါလီမန်အစိုးရခေတ်ကလည်း
ကျွန်တော့်အနေနဲ့ ခရိုနီရာဇ၀င်ကို နောက်ကြောင်းနည်းနည်း ပြန်ကြည့်တဲ့အခါ လွတ်လပ်ရေးရပြီးချိန် ၁၉၄၈ ကစလို့ ၁၉၆၂ ခုနှစ် ဗိုလ်ချုပ်နေ၀င်း အာဏာသိမ်းချိန်အထိ ပါလီမန်ဒီမိုကရေစီ အစိုးရခေတ်တုန်းကလည်း ခရိုနီဆန်ဆန် “ကိုယ့်လူကိုယ်ကြည့်” ပြီး အခွင့်ထူး တွေပေးခဲ့တာပဲဆိုတဲ့အချက်ကို တွေ့ရတယ်ဗျ။ အဲဒီတုန်းက လိုင်စင်ခေတ်လို့ ခေါ်တာတောင် ကျွန်တော် မှတ်မိသေးတယ်။ အာဏာရှိသူတွေနဲ့ အလွမ်းသင့်သူတွေကို အင်ပို့လိုင်စင်၊ အိပ်စပို့လိုင်စင်ဆိုတာတွေ ထုတ်ပေးတယ်။ အဲဒီကနေ လိုင်စင်ရောင်းစားတဲ့ လူတန်းစားပေါ်လာတာပါပဲ။

လိုင်စင်ပြန်အပ်တဲ့ သခင်လေးမောင်
ကွယ်လွန်လေပြီးတဲ့ နိုင်ငံရေးသမားကြီး သခင်လေးမောင်အကြောင်း ပြန်ပြောသူတချို့က သခင်လေးမောင်ကို ဖဆပလအစိုးရက ကြည့်ရှုတဲ့အနေနဲ့ လိုင်စင်တစ်သိန်းဖိုး ချပေးတာကို လက်မခံဘဲ ပြန်အပ်တဲ့အကြောင်း အလေးထားပြီး ပြောကြတယ်။ အဲဒီခေတ်က လိုင်စင်တစ်သိန်းဖိုးရသူဟာ ပြန်ရောင်းမယ်ဆိုတာနဲ့ ကုလားကုန်သည်တွေက ငွေသားတစ်သိန်းပေးပြီး စာရွက်လာယူတော့တာပဲတဲ့။ (အဲဒီတုန်းက တရုတ်တွေက သိပ်မစွာသေးဘူး။ မြန်မာပြည်စီးပွားရေးမှာ ကုလားကုန်သည်တွေက ဖျံအကျဆုံး။ အင်ပို့ အိပ်စပို့ကို ကုလားတွေ ချုပ်ကိုင်ထားတာ များတယ်။)

ယူခဲ့သူတွေကိုလည်း မရှုတ်ချ
ငါးသောင်းဆုပေါက်ရင်တောင် သူဌေးလို့ အခေါ်ခံရတဲ့ခေတ်မှာ ငွေတစ်သိန်း အလကားရသလို ရမှာကိုတောင် လက်မခံတဲ့ သခင်လေးမောင်ဟာ တစ်သက်လုံး ဆင်းဆင်းရဲရဲ နေသွားရပေမယ့် သူ့ရဲ့ ရပ်တည်ချက်ကို သိသူတိုင်းက အလေးမပြုဘဲ မနေနိုင်ခဲ့ပါဘူး။

သို့သော် သခင်လေးမောင်ကြီး လိုင်စင်တစ်သိန်းဖိုး ပေးတာကို မယူဘူးတဲ့ဟေ့ဆိုတဲ့ ဂုဏ်ပြုစကားသံတွေ ကျန်ခဲ့သလို လိုင်စင်တွေ ရအောင်ယူ၊ ရောင်းစားပြီးတော့ ကြီးပွားခဲ့ကြတဲ့ နိုင်ငံရေးသမားတွေလည်း မနည်းမနော ရှိခဲ့ပေမယ့် ဘယ်သူဘယ်ဝါတွေကတော့ လိုင်စင်ရောင်းစားပြီး ကြီးပွားခဲ့ကြတာပဲလို့ ဘယ်သူကမှ မှတ်မှတ်ရရ မရှုတ်ချခဲ့ကြတာကိုလည်း သတိထားစရာပဲဗျ။

ကြိတ်ပြီးအားကျနေခဲ့ကြ
ကျွန်တော်ပြောချင်တာက လူတွေဟာ အခွင့်ထူးခံစနစ်ကို မကြိုက်ဘူးဆိုပေမယ့် အခွင့်ထူးခံခွင့် ရနေသူတွေကို စိတ်ထဲကကြိတ်ပြီး အားကျနေတဲ့ သဘောရှိတယ်။ အခွင့်ထူးမခံတဲ့ သခင်လေးမောင်လို ပုဂ္ဂိုလ်ကို ချီးကျူးလေးစားပေမယ့် အားမကျဘူး။ မိမိကို အခွင့်ထူးလာပေးရင် မယူဘဲနေမယ့်သူ အရှားသားဗျာ။ ဒါကြောင့် ဒီနေ့ခေတ် လူငယ်အချို့က နာကျည်းသံနဲ့ ရယ်စရာလိုလို အတည်လိုလို ပြောတတ်တာ ကြားဖူးတယ်။ “ကြီးလာရင် ဘာဖြစ်ချင်လဲ” “မြန်မာပြည်မှာ အချမ်းသာဆုံး ခရိုနီတစ်ယောက် ဖြစ်ချင်တယ်”။

မေတ္တာမွန်နဲ့ ပဒုမ္မာဆိုင်ခေတ်
မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ်မှာ မေတ္တာမွန်တို့ ပဒုမ္မာဆိုင်တို့ဆိုတာ ရှိခဲ့ဖူးတယ်။ အခွင့်ထူးခံတွေ ကုန်ဝယ်စာအုပ် ကိုယ်စီရပြီး အဲဒီဆိုင်တွေမှာ အလကားနီးနီး သက်သာတဲ့ဈေးနှုန်းနဲ့ လူသုံးကုန်ရော ဇိမ်ခံပစ္စည်းတွေရော ၀ယ်ခွင့်ရကြတယ်။

သာမန်ဝန်ထမ်းနဲ့ ပြည်သူတွေက ပြည်သူ့ဆိုင်မှာ ချွေးတလုံးလုံးနဲ့ တိုးဝှေ့ပြီး မ၀ရေစာ စားသောက်နေထိုင်ကြရတယ်။ ကျွန်တော်ကြည်ညိုလေးစားတဲ့ နိုင်ငံရေးသမားကြီး သခင်ဝတင်က နိုင်ငံ့ဂုဏ်ရည် ပထမဆင့် ချီးမြှင့်ခံရသူတွေကို ထုတ်ပေးတဲ့ ပဒုမ္မာဆိုင် ကုန်ဝယ်စာအုပ်ကို သံသေတ္တာထဲ သော့ခတ်သိမ်းထားတယ်။ ကျွန်တော့်ကို ထုတ်ပြပြီး ဘာပစ္စည်းမှ ထုတ်မထားတာကို သက်သေထူတယ်။ သခင်ဝတင်မိသားစုဟာ ရပ်ကွက်ပြည်သူ့ဆိုင်နဲ့ သမ၀ါယမဆိုင်ကပဲ အများနည်းတူ ၀ယ်စားပါတယ်။ “နိုင်ငံရေးသမားဆိုတာ ပြည်သူတွေနဲ့ တစ်လှေတည်းစီး တစ်ခရီတည်း သွားနေသလိုပဲ နေထိုင်နိုင်ရမယ်။ ကိုယ်နဲ့ လှေတစ်စီးတည်း အတူတူပါလာတဲ့လူတွေ ငတ်ပြတ်နေချိန်မှာ ကိုယ်တစ်ယောက်တည်း ထမင်းထုပ် ဖြည်စားနေတာမျိုး မလုပ်ရဘူးကွဲ့ မောင်ဝံသရဲ့၊ မှတ်ထား” လို့ သခင်ဝတင် ပြောဖူးတာ နားထဲက မထွက်ပါဘူးဗျာ။

လူတန်းစားသစ် ဖတ်ရအပြီး
ကျွန်တော်ဟာ အဲသလို ဆရာကောင်းနဲ့ တွေ့ခဲ့တာ အတော်ကံကောင်းတယ် ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ မဆလခေတ်မှာ ပဒုမ္မာဆိုင်နဲ့ မေတ္တာမွန်ဆိုင်က အခွင့်ထူးခံ ပစ္စည်းဝယ်ခွင့်ဆိုတာ အဲဒီခေတ်ရဲ့ လူ့အဆင့်အတန်းပြ အမှတ်အသား status symbol တစ်ခုလို ဖြစ်နေလေတော့ ကျွန်တော်တို့လို “သကြားမရ ကားမရ” အဆင့်တွေက အားကျမိခဲ့မှာ အသေအချာပေါ့ဗျာ။ သို့ပေမယ့် သခင်ဝတင်ရဲ့ သြ၀ါဒများကို ကြားနာရပြီး ယူဂိုဆလပ် နိုင်ငံရေးသမားကြီး မီလိုဗန်ဂျီးလပ်စ်ရဲ့ လူတန်းစားသစ် The New Class စာအုပ်ကို ဖတ်ရပြီးတဲ့နောက် ကျွန်တော့်စိတ်ထဲမှာ ထိုထိုသော အားကျစိတ်တွေ (အလုံးစုံ မဟုတ်ရင်တောင်) အတော်များများ ကုန်ခန်းသွားပါတယ်။
(ခက်ဆစ်အဓိပ္ပာယ်အဖြစ် ရှင်းပြရရင် သာမန်ပြန်တမ်းဝင် အရာရှိအဆင့် ကျွန်တော်တို့ဟာ အောက်ခြေ၀န်ထမ်းတွေကို အထူးနှုန်းနဲ့ ၀ယ်ခွင့်ပေးတဲ့ သကြားလည်း ၀ယ်ခွင့်မရ၊ ကျွန်တော်တို့ အထက်က ရွေးချယ်ခံတန်းအဆင့် Selection Grade အရာရှိကြီးတွေလို ကားဝယ်ခွင့်လည်း မရတာကြောင့် သကြားမရ ကားမရ အဆင့်လို့ နာမည်တွင်ခဲ့ခြင်း ဖြစ်ပါတယ်)

ဘယ်လို ဆက်စခန်းသွားကြမလဲ
ခရိုနီလို့ တိတိကျကျ ပြောပလောက်အောင် ပီပြင်သူတွေ ပေါ်လာတာကတော့ န၀တလို့ခေါ်တဲ့ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ အစိုးရနဲ့ နအဖလို့ခေါ်တဲ့ နိုင်ငံတော်အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီ အစိုးရခေတ်များမှာ ဖြစ်ပါတယ်။ သိပ်မကြာသေးတဲ့ ကာလများအတွင်း တိုင်းသူပြည်သားများရဲ့ မျက်စိအောက်မှာတွင် ကြီးထွားလာတဲ့ ခရိုနီများဟာ ရှေ့ခရီးကို ဘယ်လို ဆက်စခန်းသွားကြမှာလဲ။ နိုင်ငံခြားက ၀င်လာကြမယ့် ရင်းနှီးမြှုပ်နှံသူ အရင်းရှင်ကြီးတွေနဲ့ ဆက်ပြီး ပေါင်းစားကြဦးမှာလား။ တောင်ကိုရီးယားက ရှေးဘိုးလ် သူဌေးကြီးတွေလို မျိုးချစ်စိတ်ခံယူချက်နဲ့ အမျိုးသားစီးပွားရေးကို တွန်းတင်ကြမှာလား။ အခုအတိုင်းပဲ ဖဆပလခေတ်က လိုင်စင်ရောင်းစားခဲ့ကြသလိုမျိုး ဆက်လုပ်နေကြမှာလား။ ကျွန်တော်ကတော့ အလွန်စိတ်ဝင်စားစွာ စောင့်ကြည့်နေမိကြောင်းပါဗျာ။

၁၈ ၀၇ ၂၀၁၂
maungwuntha@gmail.com
(ပြည်သူ့ခေတ်ဂျာနယ်၊ အတွဲ-၂၊ အမှတ်-၁၀၃၊ ၂၀၁၂ ခုနှစ်၊ ဇူလိုင် ၂၆)

 စာကြွင်း။ ပြည်သူ့ခေတ် Facebook မှ ပြန်လည်ကူးယူဖော်ပြပါသည်။ စာလုံးပေါင်းအမှားများကို ပြင်ဆင်ထားသည်မှလွဲ၍ မူရင်းအတိုင်း ဖြစ်ပါသည်။

Saturday, June 30, 2012

Land Use, Land Speculation of our country, Myanmar


ပြီးခဲ့တဲ့အပတ် စနေနေ့က ကျွန်တော်တင်ခဲ့တဲ့ "နိုင်ငံတော်သမ္မတကြီးဦးသိန်းစိန် အစိုးရအဖွဲ့ဝင်များအား ပြောကြားခဲ့တဲ့ မိန့်ခွန်းနဲ့ ကျွန်တော့်ခံစားချက်များ" ဆိုတဲ့ပို့စ်ရဲ့ ပဉ္စမမြောက်စာပိုဒ်မှာ မြေအသုံးချမှုနဲ့ မြေကစားမှု စတဲ့မြေယာပြဿနာတွေကို သမ္မတကြီးက ကိုင်တွယ်ဖြေရှင်းတော့မယ်ဆိုတဲ့ အရိပ်အယောင်တွေ ပြောလာတဲ့အတွက် ကျွန်တော်ကိုဉာဏ် စိတ်ဝင်တစားနဲ့ စောင့်ကြည့်နေတဲ့အကြောင်း ရေးသားလိုက်မိပါတယ်။ မြေကိစ္စတွေနဲ့ ပတ်သက်ရင် ကျွန်တော့်မှာ ဘာအတွေ့အကြုံ၊ ဘာဗဟုသုတမှ မရှိသလောက်ပါပဲ။ ဒါပေမယ့် အချို့အချို့သော ပုဂ္ဂိုလ်ကြီးတွေဟာ တစ်နိုင်ငံလုံးမှာရှိတဲ့ မြို့တိုင်း၊ နယ်တိုင်းမှာ လက်ညှိုးထိုးမလွဲ မြေကွက်တွေဝယ်၊ လူလည်းမနေ၊ သူလည်းမနေ၊ စိုက်လည်းမစိုက်၊ ပျိုးလည်းမပျိုး၊ သုံးလည်းမသုံး၊ လိုလည်းမလို ဆိုသလိုပဲ ဖြစ်နေတာတွေကို မြင်ရတော့ စိတ်ထဲမှာ ဒါဟာ မကောင်းတဲ့အလုပ်၊ မဖြစ်သင့်တဲ့ကိစ္စ၊ မလုပ်သင့်တဲ့ အကြောင်းအရာရယ်လို့တော့ နားလည်မိတာ အမှန်ပါ။ ကျွန်တော်နဲ့ ရင်းနှီးတဲ့ အချို့သော ဆရာသမားတွေ၊ မိတ်ဆွေတွေရဲ့ မိသားစုတွေမှာကို အဲဒီလို လုပ်နေတဲ့လူတွေကို ကျွန်တော့်အနေနဲ့ မြင်ဖူး၊ တွေ့ဖူးနေလေတော့ အချို့သော မြေကိစ္စတွေမှာတော့ နည်းနည်းပါးပါး တီးမိခေါက်မိ ရှိပါတယ်။ အထက်မှာ ကျွန်တော်ပြောခဲ့တဲ့ ကျွန်တော်နဲ့သိတယ်ဆိုတဲ့ လူတိုင်းဟာ မြေကွက်တွေသာ လက်ညှိုးထိုးမလွဲတယ်၊ သူတို့ရဲ့ လစဉ်ဝင်ငွေ (တစ်နည်း) လခဟာ ကျပ် နှစ်သိန်းထက် ပိုတဲ့လူ တစ်ဦးမှ မတွေ့ဖူးပါဘူး။ ယောက်ျားလုပ်တဲ့လူက ၀န်ထမ်းမို့ အဲဒီလို လခနည်းတယ်ပဲ ထားပါတော့။ မိန်းမလုပ်တဲ့လူက ရွှေဆိုင်ပိုင်ရှင်မို့၊ ဒါမှမဟုတ် ဆွေစဉ်မျိုးဆက် ချမ်းသာသူမို့ ဆိုရင်လည်း ကျွန်တော်နားလည်းနိုင်ပါသေးတယ်။ အခုတော့ ယောက်ျားက ၀န်ထမ်း၊ မိန်းမက မှီခို၊ သားသမီးတွေက ကျောင်းသူကျောင်းသားတွေ၊ တချို့ဆို အလုပ်မရှိ၊ အကိုင်မရှိ တစ်ရာ့ကိုး တစ်ရာ့တစ်ဆယ်တွေ၊ အဲဒီလိုအခြေအနေကနေ မြေကွက်တွေဆိုတာ ၀ယ်လိုက်တာများ ဟောတစ်ကွက်၊ ဟောတစ်ကွက်နဲ့။ မြေကွက်တစ်ခု တန်ဖိုးကလည်း သုံးလေးသိန်းဆိုရင် စုဆောင်းထားတဲ့ငွေနဲ့ ၀ယ်တာလို့ ဖြည့်တွေးလို့ ရပါသေးတယ်။ ဒါပေမယ့် သူတို့ဝယ်ထားတဲ့ မြေကွက်တွေကို ပြန်ရောင်းလိုက်တဲ့အချိန်တိုင်း သိန်းဘယ်နှထောင် ဆိုတာချည်းပဲ ကြားနေရတော့ ၀ယ်ဈေးဟာ နှစ်သိန်း၊ သုံးသိန်းတော့ ဟုတ်တန်ရာမတူဘူးလို့ ကျွန်တော်နားလည်မိပါတယ်။ ဒါက ကျွန်တော်သိသလောက် မဖြစ်ညစ်ကျယ်လေးပါ။

ဟော.... ကျွန်တော့်ထက် အများကြီးသိတဲ့ ဆရာတစ်ယောက်က ရေးချလိုက်တဲ့အချိန်ကျမှ ကျွန်တော်ဖြင့် ကြက်သီးမွေးညင်းတွေထပြီး တဆတ်ဆတ်တောင် တုန်လာရတဲ့အထိပါပဲဗျာ။ ဒါတောင်မှ စာရေးတဲ့သူဟာ အပြည့်အစုံမဟုတ်ဘဲ ထိန်းထိန်းသိမ်းသိမ်းနဲ့ ရေးသွားတာပါ။ စာရင်းဇယားတွေနဲ့များ ပြည့်ပြည့်စုံစုံ  ဖော်ပြ လိုက်မယ်ဆိုရင် နောက်ဆက်တွဲ ဖြစ်လာနိုင်တဲ့ ပြဿနာတွေကို တွေးမိပြီး ကျွန်တော်ဖြင့် ရင်တုန်လှိုက်မောပြီး သက်ပြင်းရှည်ကြီး ချမိပါရဲ့ဗျာ။ ကျွန်တော်တို့တွေမှာ ဒီလိုတွေ ကြုံနေရတာဟာ လူကြောင့်လား၊ မူကြောင့်လား ဆိုတာကိုတောင် ဝေခွဲမရတော့ပါဘူးဗျာ။ မူတွေကြောင့် လူတွေကို အသားစီးရစေသလို၊ လူတွေကြောင့်လည်း မူတွေပြောင်းချင်သလို ပြောင်းနေတာတွေကို မြင်နေရတော့ ငယ်ငယ်တုန်းက အဘိုးတွေ၊ အဘွားတွေပြောပြတဲ့ ပုံပြင်တွေထဲကလို သိကြားမင်းဟာ မနေသာတော့ဘဲ ဆိုတာမျိုး သိကြားမင်းကိုယ်တိုင် ဆင်းလာပြီး ကယ်တင်မှပဲ လွတ်တော့မှာလားလို့ တွေးပူမိပြီး ရင်တွေမောမိပါရဲ့ဗျာ။

အပေါ်မှာ ကျွန်တော်ညွှန်းခဲ့တဲ့ ဆရာတစ်ယောက် ရေးချလိုက်တယ်ဆိုတာ ဆရာ သန်းထွဋ်အောင် ပါ။ ၂၀၁၂ ခုနှစ် ဇွန်လ ၂၇ ရက်နေ့ထုတ် Weekly Eleven News Journal, Vol 7, No 38, Page 27 မှာ ရေးထားတဲ့ "........ ပြောပြချင်ပါတယ် (၄)" ဆိုတဲ့ ဆောင်းပါးမှာပါ။ အဲဒီဂျာနယ်ကို ဖတ်ရတဲ့နေ့ ကတည်းက တင်ပေးဖို့ ဖြစ်ပေမယ့် အင်တာနက်သုံးလို့ ဘယ်လိုမှ အဆင်မပြေတဲ့အတွက် အခုမှပဲ တင်ပေးဖြစ်လိုက်ပါတယ်။ ဆရာသန်းထွဋ်အောင် ရေးထားတဲ့ ဆောင်းပါးထဲက ကျွန်တော်ပြောချင်တဲ့ မြေယာတွေနဲ့ ဆိုင်တဲ့အကြောင်းအရာကို ထုတ်နုတ်တင်ပြလိုက်ပါတယ်။

........
................
(၅)
ဟိုတစ်နေ့က သမ္မတကြီးအနေနဲ့ မြေယာစနစ်တကျ စီမံခန့်ခွဲရေးနဲ့ မြေယာစနစ် ပြုပြင်ပြောင်းလဲရေး တို့ပြောတာ ကြိုဆိုပါတယ်။ ဒီဘက် သုံးလေးနှစ်အတွင်းမှာ မြေဈေးကစားမှုတွေ၊ လယ်ယာမြေ အဓမ္မ သိမ်းယူမှုတွေကြောင့် တိုင်းပြည် ဘယ်လောက် နစ်နာခဲ့ရတယ်။ ဒီနောက်ကွယ်မှာ အဂတိတရားလိုက်စားမှုတွေ၊ ငွေကြေးခ၀ါချမှုတွေ ဘယ်လောက်ရှိတယ်ဆိုတာ ရှင်းပြချင်ပါတယ်။ ရပေါက်ရလမ်း မဖော်ပြနိုင်တဲ့ မြေ၀ယ်ယူမှုတွေအတွက် ၁၂ ရာခိုင်နှုန်းနဲ့ ၁၅ ရာခိုင်နှုန်းပဲ အခွန်ဆောင်ရမယ်ဆိုတဲ့ အမိန့်ကြော်ငြာစာ ထွက်ပြီးနောက်ပိုင်းမှာ ရန်ကုန်၊ မန္တလေး မြေဈေးဟာ လေးဆကနေ ခုနစ်ဆကြား တက်သွားခဲ့ပါတယ်။

လွန်ခဲ့တဲ့ ၅ နှစ်လောက်ကစပြီး ရန်ကုန်မြို့ရဲ့ အချက်အချာက အစိုးရပိုင်မြေ၊ ရုံးဌာနတွေ၊ စက်ရုံတွေဟာ ခရိုနီတွေနဲ့ တာဝန်ရှိသူအချို့ရဲ့ မိသားစုဝင်တွေ၊ မြေဈေးကစားသူတွေ လက်ထဲကို တရားဝင် ရောက်ရှိလာခဲ့ပါတယ်။ အရင်အစိုးရ လက်ထက်မှာမကဘဲ အခုအစိုးရ လက်ထက်မှာပါ ရန်ကုန်၊ မန္တလေးက မြေတော်တော်များများဟာ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ရဲ့ တရားဝင်ခွင့်ပြုချက်နဲ့ ရောက်ရှိသွားပါတယ်။ တချို့ကတော့ တရားဝင် ကြေညာတာမျိုး၊ ဈေးနှုန်းတင်ဒါ ပုံစံမျိုး မတွေ့ရသလောက်ပါ။ အထူးသဖြင့် အခု ဒီ ၆ လအတွင်းမှာ Transparency မရှိပါဘူး။ ဒီစာရင်းတွေရဲ့ အတိအကျကတော့ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ မန္တလေးမြို့တော်စည်ပင်၊ အိုးအိမ်ဦးစီးဌာနတို့မှာပဲ ရှိနိုင်ပါတယ်။ နမူနာအနေနဲ့ ၀န်ကြီးဌာနရုံးတစ်ခုကို ကြားဝင် အကျိုးဆောင်တဲ့သူတောင် ဒေါ်လာ ၅ သန်း ရခဲ့တာဆိုတော့ ထောင်နဲ့ချီတဲ့ ဒီမြေကွက်၊ ရုံးတွေကနေ ဘယ်လောက် အကျိုးအမြတ်တွေ ရကြမလဲဆိုတာ ခန့်မှန်းကြည့်နိုင်ပါတယ်။ ရန်ကုန်မြို့က အဓိကနေရာ အတော်များများပိုင်တဲ့ သူဌေးကြီးတွေဆိုရင် ၀ယ်တော့လည်း ဈေးချိုတယ်။ ဈေးကလည်း ၅ ဆလောက်တက်တော့ သူတို့ပိုင်ဆိုင်မှုက ၅ နှစ်အတွင်း ၈ ဆကနေ ၁၀ ဆလောက် ချမ်းသာကုန်ပါတယ်။ အရင် ဒေါ်လာသန်း ၅၀ လောက် ချမ်းသာသူက သန်း ၅၀၀ လောက် နေရင်းထိုင်ရင်း ချမ်းသာကုန်တာမျိုးတွေပါ။ အဂတိတရားရယ်၊ လုပ်ပိုင်ခွင့်ရယ်၊ ငွေကြေးရယ်၊ အခွန် အမိန့် ကြော်ငြာစာလေးတစ်ခုရယ်နဲ့ ဆင်းရဲ၊ ချမ်းသာ ကွာဟကုန်တာပါ။
မြန်မာနိုင်ငံမှာ ငွေကြေးခ၀ါချမှုကို ကာကွယ်တဲ့ ဥပဒေရှိပေမယ့်  မူးယစ်ဆေးဝါးက တရားမ၀င်ရတဲ့ငွေ လာဘ်ပေးလာဘ်ယူမှုက တရားမ၀င်ရတဲ့ ငွေတွေဟာ ဒီအမိန့်ကြော်ငြာစာကြောင့် တရားဝင်ငွေတွေဖြစ်ပြီး မူးယစ်ရာဇာတွေ မြေဈေးကွက်မှာ စိတ်ကြိုက်ဝင်ကစား သွားခဲ့ပါတယ်။ ဘယ်သူတွေ အဂတိတရား လိုက်စားခဲ့ကြတယ်။ ဘယ်သူတွေ တာဝန်ရှိတယ်ဆိုတာတော့ ကာယကံရှင်တွေပဲ သိကြမှာပါ။ ဒေါ်လာဘီလျံနဲ့ချီပြီး အကျိုးအမြတ်တွေရှိတဲ့ ဒီမြေဈေးကစားမှုကိုကြည့်ရင် မြန်မာနိုင်ငံမှာ အဂတိတရားလိုက်စားမှုမှာ ပိရမစ်ဇောက်ထိုးပုံစံနဲ့စပြီး အရေးယူမှု စသင့်တယ်ဆိုတာ သဘောပေါက်ကြမှာ ဖြစ်ပါတယ်။

မြေဈေးတွေတက်ရင် မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံသူတွေအတွက် အခက်ကြုံရတာ အမှန်ပါပဲ။ ဒါဟာ တိုင်းပြည်အတွက် အကြီးအကျယ် ထိခိုက်နစ်နာပါတယ်။ မြေဈေးတက်တာ ဆင်းရဲသားတွေနဲ့ မြေမ၀ယ်နိုင်တဲ့ သူတွေအပေါ် ဆိုင်သလားဆိုရင် ဆိုင်ပါတယ်။ မြေဈေးတက်တော့ တိုက်ခန်းဈေး၊ တိုက်ခန်းငှားခ၊ အိမ်ငှားခ တက်ပါတယ်။ ဒီ ၅ နှစ်အတွင်း အိမ်ငှားခ နှစ်ဆကျော် သုံးဆနီးပါး တက်ခဲ့တဲ့အတွက် လူလတ်တန်းစားတွေရဲ့ Cost of Living တက်စေပါတယ်။ ဈေးဆိုင်ငှားခတွေတက်ရင် စားသုံးသူတွေ ထိခိုက်နစ်နာတာပဲ မဟုတ်လား။ ရန်ကုန်၊ မန္တလေးမှာ Cost of Living တက်ရင် တစ်နိုင်ငံလုံး ပျံ့နှံ့ထိခိုက်ပါတယ်။ ဒီမြေကနေရသွားတဲ့ ဒေါ်လာဘီလျံနဲ့ချီတဲ့ အမြတ်ဟာ နောက်ဆုံးတော့ ဘယ်သူ့ဆီက ရတဲ့အမြတ်လဲဆိုတာ စဉ်းစားရုံနဲ့ ပေါ်နိုင်ပါတယ်။

တခြားမကြည့်ပါနဲ့ ကမ္ဘာမှာ လူနေမှုအကြီးဆုံး တိုကျိုနောက်က အင်ဂိုလာမြို့တော် ကမ်ပါလာရဲ့ ဘ၀ကို ကြည့်လိုက်ပါ။ တိုင်းပြည်ရဲ့ တစ်ဦးချင်းဝင်ငွေက နည်းပါး၊ Cost of Living က မြင့်၊ တိုင်းသူပြည်သားတွေက မျှော်လင့်ချက် မရှိ၊ ဒီလိုအခြေအနေမျိုးတော့ ကျွန်တော်တို့နိုင်ငံ အရောက်ခံလို့ မဖြစ်ဘူး။ မြေဈေး၊ အိမ်ဈေးဟာ အာဆီယံမှာ စင်ကာပူရဲ့နောက်မှာ မြန်မာနိုင်ငံက ရှိနေတယ်ဆိုတာ စိတ်ပျက်စရာပါ။ ဒီမြေဈေးတွေနဲ့ ဘယ်လူလတ်တန်းစားတွေ နေပျော်မှာလဲ။ ပြည်ပရောက် မြန်မာပညာရှင်တွေ၊ အလုပ်သမားတွေ မြို့ကြီးတွေမှာ လူတန်းစေ့ ဘယ်လိုနေမှာလဲ။ ဘယ်လိုပြန်လာမှာလဲ။ ဒါဟာ အဂတိ လိုက်စားမှုနဲ့ ခရိုနီစီးပွားရေး ပေါင်းစပ်မှုကြောင့် နိုင်ငံနဲ့ပြည်သူ ဘယ်လောက် နစ်နာခဲ့ရတယ်ဆိုတာပြတဲ့ ဥပမာလေး တစ်ခုပါ။

လယ်ယာမြေ နဲ့ မြေလွတ် ဧကနှစ်သန်းကျော်ကို ခွဲယူခဲ့တာ၊ ကချင်ပြည်နယ်က ဧက သိန်းနဲ့ချီတဲ့ မြေကိစ္စ၊ ရန်ကုန်-မန္တလေးလမ်း တစ်လျှောက်က မြေကွက်ခွဲဝေမှုတွေရဲ့ ပိုင်ဆိုင်မှုတွေကို ပေါင်းကြည့်ရင် မမျှော်မှန်းနိုင်တဲ့ ကိန်းဂဏန်းတွေ ရလာပါလိမ့်မယ်။ ကျွန်တော်သိတာတွေ အများကြီးပါ။

..............
............................

ဘလော့ဂ်ဖတ်သူတွေအနေနဲ့ ဒီလောက်ဆိုရင် ကျွန်တော်တို့နိုင်ငံရဲ့ မြေယာကိစ္စတွေဟာ ဘယ်လောက် ရှုပ်ထွေးမှု ရှိနေသလဲဆိုတာကို တွက်ဆနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ ဒီထက်ပိုပြီး အတွင်းကျကျသိတဲ့ လူတွေလည်း ရှိကောင်းရှိနိုင်ပါတယ်။ မပြောကြလို့သာ ကျွန်တော်တို့ သိခွင့်မရှိတာ ဖြစ်ပါလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ချစ်တဲ့၊ ကျွန်တော်တို့ ယုံကြည်တဲ့၊ ကျွန်တော်တို့ အားကိုးတဲ့၊ ကျွန်တော်တို့ မျှော်လင့်တဲ့ သမ္မတကြီး ဦးသိန်းစိန်ကတော့ ဒီပြဿနာတွေကို အပြီးအပြတ် မဟုတ်ရင်တောင် တစ်စိတ်တစ်ပိုင်း၊ ထိုက်သင့်တဲ့ အခြေအနေတစ်ခု အထိရောက်အောင် ဖြေရှင်းပေးနိုင် လိမ့်မယ်လို့ ယုံကြည်မိပါတယ်။ ဖြေရှင်းနိုင်ပါစေလို့လည်း ဆုတောင်းပေးပါတယ်။ အဲဒီလိုဆိုရင်ဖြင့် ကျွန်တော်တို့သမ္မတကြီးလည်း သမိုင်းမှတ်တမ်းကောင်း ကျန်ရစ်၊ ပြည်သူတွေအတွက်လည်း သက်ပြင်းချစေနိုင်မယ့် တကယ့်ကုသိုလ်ရမယ့် အလုပ်ကြီးတစ်ခုလို့ပဲ ကျွန်တော်ကိုဉာဏ်ကဖြင့် မှတ်ယူမိကြောင်းပါခင်ဗျား။

အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၂ ခုနှစ်၊ ဇွန်လ ၃၀ ရက်၊ စနေနေ့။
မွန်းလွဲ ၂ နာရီ ၃၈ မိနစ်တွင်ပြီး၏။

ဒီမိုကရေစီကနုနု မုန်တိုင်းကထန်ထန် - ကျော်ဝင်း


 ဒီမိုကရေစီကနုနု မုန်တိုင်းကထန်ထန်
(ဘေးမှရပ်ကြည့်မနေနိုင်တော့သည့်လူတစ်ယောက်၏ အထူးစိုးရိမ်သောက)
ကျော်ဝင်း

အခါလည်လွန် ရင်တမမ
မြန်မာ့နွေဦး အခါလည်ကျော်လာသည်နှင့် ဘေးမှ ရပ်ကြည့်နေမြဲ စာရေးသူမှာ ရင်မနေရတော့သည်။ ဤအခိုက်မှာပင်  ဘယ်လ်ဂျီယံ၊ ဘရပ်ဆဲလ် အခြေစိုက် International Crisis Group  ၏ ၂၀၁၂ ဧပြီ ၁၁ ရက် ရက်စွဲဖြင့် ထုတ်ပြန်လိုက်သော “  Reform in Myanmar: One Year On ”  အမည်ရှိ စာတမ်းကိုဖတ်လိုက်ရရာ ပို၍ပင် ဂရုဓမ္မထားစောင့်ကြည့်နေမိသည်။ အဆိုပါ စာတမ်းက မြန်မာ့ဒီမိုကရက်တိုင်ဇေးရှင်း၏ အံ့ဖွယ်အောင်မြင်မှုများကို မီးမောင်း ထိုးပြထားသလို ဖြစ်တန်ရာ စိန်ခေါ်ချက်များကိုလည်း ဖော်ထုတ်သတိပေးထားသည်။ ဆိုခဲ့ပါ စိန်ခေါ်ချက်များထဲမှ တစ်ခုမှာ ယခုလို “အပြောင်းအလဲများကြောင့် လူထု၏ မျှော်လင့်ချက်များမြင့်မားလာချိန်၊  ကာလတာရှည် ရှိနေခဲ့သော ထိန်းချုပ်မှုများလည်း လျော့ပါးလာချိန်၊ ဤကဲ့သို့သော အခြေအနေ အချိန် အခါမျိုးတွင် မတည်ငြိမ်မှုများ ထွက်ပေါ်လာနိုင်စရာ  အလားအလာရှိပေသည်...”စသဖြင့်။

အားလုံးသိကြသည့်အတိုင်း အလုပ်သမားများ၏ သဘာဝကျသော လိုလားတောင်းဆိုမှုများ၊ မြို့ပြလူထု၏ ဖယောင်းတိုင်မီးကိုင် ဆန္ဒဖော်ထုတ်မှုများ၊ ကျောင်းသားလူငယ်များ၏ အနှစ်နှစ်အလလ မပြည့်ဝခဲ့ရသောချဉ်ခြင်း. .. စသည် စသည်များကို ဆက်တိုက်ဆိုသလို ကြားနေမြင်နေရရာ အရာအားလုံးကို စာနာနားလည်နိုင်သော်လည်း စိုးရိမ်မကင်းဖြစ်ရသည်များကိုမူ မတားနိုင်။ နိုင်ငံတကာအတွေ့အကြုံ များအရ နုနယ်သောဒီမိုကရေစီ၏ ကတိမ်းကပါးဖြစ်နိုင်ခြေများနှင့်နှိုင်းယှဉ်ချင့်တွက်ပြီး ဘုရားတနေရတော့သည်။ သို့နှင့်တိုင် စာရေးသူစိုးရိမ်သလိုကား မဖြစ်ခဲ့ပါ။ အခါလည်စ ကလေးငယ်မျှသာရှိသေးသော မြန်မာ့ဒီမိုကရေစီမှာ ဆိုခဲ့ပါ စိန်ခေါ်ချက်များကို အံ့သြဖွယ်ကောင်းလောက်အောင် လှလှပပဖြတ်ကျော်နိုင်ခဲ့ပါသည်။ ဤအတွက် ဒီမိုကရက်တစ် စိတ်ရှည်သည်းခံမှုကို လက်တွေ့ပြသ
ခဲ့ကြသော အစိုးရရော လူထုကိုပါ ချီးကျူးကျေးဇူးတင်မိသည်။

ဤသို့ သက်မချလို့မှ မဆုံးတတ်သေးမီမှာပင် နောက်ထပ်စိန်ခေါ်ချက်ကြီးတစ်ခုနှင့် ရင်ဆိုင်လိုက်ရပြန်သည်။ ယခုတစ်ကြိမ်တွင်ကား ယခင်ကလို မဟုတ်လေတော့။

ဒီမိုကရက်တစ်စည်း ဘောင်များကိုကျော်ကာ အကြမ်းဖက်အသွင်အဖြစ်  ဦးတည်လာသည်။ သာမန်တိုးမိတိုက်မိသည့် ၀ိရောဓိလေးမှာ မပြီးနိုင်၊ မစီးနိုင် ပြေချိန်တန်လို့မှ မပြေနိုင်ဖြစ်လေရာ ဆက်စပ်စဉ်းစားစရာတွေ မနည်းမနောရှိလာတော့သည်။ ဤကိစ္စမှာ သမိုင်းနှင့်ဆိုင်သလိုလက်ရှိ နိုင်ငံတကာအခင်းအကျင်းနှင့်လည်း  ဆက်စပ်နိုင်သည်ဖြစ်ရာ မြန်မာ့ဇာတ်ပွဲတစ်ပွဲမှ သံဆန်းတစ်ပုဒ်လို “မပြေးသော် ကန်ရာရှိနေ၍၊  ဒွေးနှစ်ဖော် သံဝါညှိ” ကြသည်မျိုးပင်ဖြစ်ကောင်းဖြစ်လေမည်လား   စဉ်းစားဖို့ရှိလာသည်။ အကယ်၍များ ညီနောင်သားချင်းချင်း အကျေအလည်ညှိကြရမည့် ဒီမိုကရက်တိုင်ဇေးရှင်း ထက်ကျော်ပြီး အမျိုးသားရေးပြဿနာဖြစ်လာမည်ဆိုလျှင် ခါတိုင်းလို ဘေးမှရပ်ကြည့်မနေနိုင်တော့ပါ။ နိုင်ငံသားတစ်ဦး၏ အထူးစိုးရိမ်သောကဟု ဆိုရတော့မည်ဖြစ်ပါသည်။

- ဇာစ်မြစ်နှင့် ဆက်စပ်အခြေအနေများ

နာမည်ကျော် အနာဂတ္တိ ဆရာဂျော့ဖရီးမင်းက သူ၏ အရောင်းသွက်စာအုပ်  “ The Next 100 Years ”  စာအုပ်တွင်  ၂၁ ရာစုအတွင်း ပေါက်ကွဲလျှံကျလာနိုင်စရာရှိသည့် “ပထ၀ီနိုင်ငံရေး အန္တရာယ်လမ်းကြောင်းများ” ( Geopolitical Fault Lines) များကို ရေတွက်ပြရာ “ထိစပ်နယ်မြေများ” ( Borderlands ) ကို အထူးအန္တရာယ်တစ်ခုအဖြစ်ဖော်ပြထားပါသည်။ ထိစပ်နယ်မြေ ဆိုသည်မှာ သာမန်နယ်စပ်ဒေသ ( Frontier ) နှင့်မတူပါ။ အိမ်နီးချင်း နိုင်ငံနှစ်ခု၏ ဆက်စပ်နယ်မြေဖြစ်သည့်တိုင် အချုပ်အခြာအာဏာပိုင်ဆိုင်မှု၊ အကြိမ်ကြိမ်အပြောင်းအလဲရှိသည့်ဒေသမျိုးကို ဆိုလိုသည်။ ဤဒေသမျိုးတွင် ထွေပြားသောယဉ်ကျေးမှုပေါင်းစုံ ရှိနေတတ်သလို သစ္စာခံမှုအမျိုးမျိုးလည်း ရှိနေတတ်ရာ မတည်ငြိမ်မှု၏ ရေခံမြေခံများ အပြည့်ရှိနေ သည်ဟုဆိုပါသည်။  ရှုပ်ထွေးသော နိုင်ငံတကာဆက်စပ်အခြေအနေနှင့်ဆုံမိကြုံမိလျှင် ဤဒေသမျိုးရှိ သာမန်ဘာသာရေး၊ လူမျိုးရေးအဓိကရုဏ်းများသည်ပင် ဆိုးဆိုးရွားရွားအခြေအနေထိ ဦးတည်သွားတတ်သည်ဟုဆိုခဲ့ပါအနာဂတ္တိဆရာက သတိပေးထားသည်။ ဥပမာ-ပြင်သစ်နှင့် ဂျာမနီကြားမှ အဲလ်ဆက်နှင့်လော်ရိန်း၊ အိန္ဒိယနှင့်ပါကစ္စတန်ကြားမှ ကက်ရှ်မီးယား၊ ဆားဘီးယားနှင့် အယ်လ်ဘေးနီးယားကြားမှ  ကိုဆိုဗိုစသည်တို့ဖြစ်သည်။ လက်ရှိမက္ကဆီကိုနှင့် အမေရိကန်နယ်စပ်မှာလည်း အလားတူ အန္တရာယ်ထိစပ်နယ်မြေဟု ထောက်ပြပါသည်။

မြန်မာနိုင်ငံတွင်လည်း ဤသို့သော ထိစပ်နယ်မြေမျိုး ရှိသလောက်ရှိသည်။ ယနေ့ပြဿနာ ကြုံနေရသော ဘူးသီးတောင်၊ မောင်တောဒေသမှာ ဤလိုနယ်မြေမျိုးဖြစ်သည်။ ဤသို့ဖြစ်ရသည်မှာလည်း ကိုလိုနီစနစ်၏ အမွေဆိုးဟု ဆိုရပါလိမ့်မည်။ ပြောရလျှင် ဇာတ်၏အစမှာ ၁၈၂၄ ခုနှစ် အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲပင်ဖြစ်သည်။

ဤစစ်ပွဲအပြီးမှာပင် ရခိုင်ပြည်နယ်တစ်ခုလုံးမှာ အင်္ဂလိပ်ကိုလိုနီဖြစ်သွားခဲ့ရတော့သည်။ဤသည်နှင့် မရှေးမနှောင်းမှာပင် အင်္ဂလိပ်အစိုးရက မြေရိုင်းဝေငှသည့်ဥပဒေများပြဋ္ဌာန်းလိုက်သောအခါ စစ်တကောင်းနယ်မှ မွတ်ဆလင်ဘာသာဝင်များ အလုံးအရင်းနှင့် ၀င်ရောက်လာကြပြီး ဘူးသီးတောင်၊ မောင်တော၊ကျောက်တော်၊ မင်းပြား၊ မြေပုံ စသည့်ဒေသတို့တွင် ရွာများတည်ထောင်နေထိုင်လာကြသည်။ ကနဦးကာလကမူ ရိုးသားအေးဆေးသော ရခိုင်တိုင်းရင်းသားများနှင့် မည်သည့်ပြဿနာမှရှိခဲ့သည် မဟုတ်ပါ။ အေးအတူပူအမျှ ရင်းနှီးချစ်ကြည်စွာ နေထိုင်ခဲ့ကြသည်သာဖြစ်ပါသည်။ သို့တစေ လူမျိုးသဘာဝအရ မွေးနှုန်းမတူသည့် အချက်ကရေရှည်တွင် အကွာအဝေးတစ်ခုဖြစ်တည်လာစေခဲ့သည်။ ၁၈၃၂ ခုနှစ်က စစ်တွေခရိုင်၏လူဦးရေမှာ တစ်သိန်းကျော်သာရှိခဲ့ရာမှ ၁၉၃၁ ခုနှစ်တွင် ခြောက်သိန်းကျော်ရှိလာပြီး ၁၉၄၁ ခုနှစ်တွင်မူ ခုနစ်သိန်းခွဲကျော်အထိတိုးပွားလာခဲ့သည်။ ဤသို့ တိုးပွားလာသည်မှာလည်း အဓိကအားဖြင့် စစ်တကောင်းသားများပင်ဖြစ်ရာ
၁၉၄၂ ခုနှစ် ဘူးသီးတောင်၊ မောင်တော၏ စစ်တကောင်းသားလူဦးရေမှာ သုံးသောင်းကျော်အထိဖြစ်လာပြီး မူလ တိုင်းရင်းသားရခိုင်တို့မှာ အနည်းစုဖြစ်လာတော့သည်။

ဤအချိန်လောက်မှစ၍ အနည်းစု အများစု တိုးမိတိုက်မိသည်များ စတင်လာခဲ့ခြင်းဖြစ်သည်။ ဤအခြေအနေကို ပို၍ ဆိုးရွားစေသည်မှာ ဒုတိယကမ္ဘာစစ်ကြီးပင်ဖြစ်သည်။ စစ်အစပိုင်း အင်္ဂလိပ်တပ်များ အဆုတ်တွင် စစ်တွေခရိုင်အတွင်း လက်နက်ခဲယမ်းအမြောက်အမြား ကျန်ရစ်ခဲ့ရာမှ သာမန် ၀ိရောဓိများမှာ လက်နက်ကိုင်အကြမ်းဖက် အဓိကရုဏ်းများအထိ အခြေအနေဆိုးလာလေတော့သည်။ နောက်ဆုံး ရခိုင်တိုင်းရင်းသားအမြောက်အမြား စစ်တကောင်းနယ်ထဲသို့ ဒုက္ခသည်များအဖြစ် ပြောင်းရွှေ့သွားရသည်များပင်ရှိသည်။ စစ်ကြီးအပြီး အင်္ဂလိပ်တပ်များ ပြန်အရောက် အဆိုပါ ရခိုင်ဒုက္ခသည် များကို မူလနေရာဟောင်းသို့ ပြန်လည်အခြေချပေးခဲ့သော်လည်း အာဃာတအမုန်းမီးပွားများကိုကား မငြှိမ်းသတ်နိုင်တော့ပါချေ။

စစ်ပြီးခေတ် အရှုပ်အထွေးများအောက်တွင် ပြဿနာမှာ အကြမ်းဖက်နိုင်ငံရေးသဘောဆောင်လာပြီး မူဂျာဟစ်အမည်ဖြင့် လျှို့ဝှက်လက်နက်ကိုင်အဖွဲ့အစည်းများပေါ်ထွက်လာခဲ့ သည်။ လွတ်လပ်ရေးခေတ်ဦး ရန်ကုန် အစိုးရကာလ ၁၉၄၉-၅၀ မှာဆိုလျှင် ဘူးသီးတောင်နှင့် ရသေ့တောင်တို့မှာ မူဂျာဟစ်သူပုန်များလက်အောက်တွင်ကျရောက်ခဲ့ရသည်။ မူဂျာဟစ်တို့၏ရည်မှန်းချက်မှာ သီးခြားအစ္စလာမ်မစ်နိုင်ငံတည်ထောင်ရေးပင်ဖြစ်သည်။ (Hugh Timker:The Union of Burma-Page 34)ထိုနောက်ပိုင်း (၁၉၅၁-၅၂ နှင့် ၅၄) မြန်မာ့တပ်မတော်၏ စစ်ဆင်ရေးများဖြင့် အဆင့်ဆင့်နှိမ်နင်းပြီး မှသာ တစ်စုံတစ်ရာ တည်ငြိမ်ခြေကိုပြန်လည်ရယူနိုင်ခဲ့ခြင်းဖြစ်
သည်။ သို့တစေ ပြဿနာကို အပြီးအပြတ်ဖြေရှင်းနိုင်ခဲ့သည်ကား မဟုတ်။ စစ်အေးလွန်ခေတ်၏ အခြေအနေသစ်အောက်တွင် ရိုဟင်ဂျာဆိုသော အမည်သစ်ဖြင့်ပြန်လည်လှုပ်ရှားလာပြန်သည်။ ယခုတစ်ကြိမ် ထူးခြားချက်ကား ဒီမိုကရေစီချန်ပီယံဆိုသော မီဒီယာအချို့ကိုယ်တိုင်က မီးလောင်ရာလေပင့်လုပ်လာကြခြင်းပင်ဖြစ်သည်။

အမှန်စင်စစ် ယနေ့ရခိုင်အရေးမှာ အဆိုပါမီဒီယာအချို့ စွပ်စွဲပြောဆိုနေသလို လူနည်းစု ဘာသာဝင်များ၏အရေးမဟုတ်။ လူနည်းစုတိုင်းရင်းသားများ၏ အရေး ပို၍ပင်မဟုတ်။ ကိုလိုနီအမွေဆိုးမှ အကြောင်းခံပေါ် ထွက်လာသော အတိမ်းအစောင်းမခံသည့် ထိစပ်နယ်မြေပြဿနာပင်ဖြစ်သည်။  ဤပြဿနာကို မျက်မှောက်ခေတ်နိုင်ငံတကာ အခင်းအကျင်းမှ ထွက်ပေါ်လာ တန်ရာသော အမှောင့်ပယောဂများနှင့်ချိတ်ဆက်စဉ်းစားလိုက်လျှင် နုနယ်လှသေးသော မြန်မာ့ဒီမိုကရေစီရေးအတွက်သာမက မြန်မာ့အချုပ်အခြာအာဏာအတွက်ပါ မထိတ်သာမလန့်သာ အကျိုးဆက်များ ခုနစ်စဉ်အမျှင်အတန်းဖြစ်ကောင်းဖြစ်လာနိုင် လေမလား စဉ်းစား
စရာတွေရှိနေသည်။ အထူးသဖြင့် စစ်အေးလွန်ဂလိုဘယ်လိုက်ဇေးရှင်း၏ နိုင်ငံတကာ အကြမ်းဖက်ဝါဒအန္တရာယ်။ ဤအန္တရာယ်မှာ လျော့ပါးသက်သာသွားပြီဆိုကြသော်လည်း တကယ်တော့ ပစ်မှတ်ပြောင်းသွားခြင်းသာဖြစ်သည်။ ယခင်ဖွံ့ဖြိုးပြီး ရှေ့တန်းရောက်နိုင်ငံကြီးများမှ အားနည်းချည့်နဲ့သော ဖွံ့ဖြိုးဆဲနိုင်ငံများသို့
ချိန်ရွယ်ချက် ပြောင်းသွားခြင်းသာဖြစ်သည်။ ဤသို့ ပစ်မှတ်ရွေးချယ်ကြရာတွင်လည်း အစိုးရနှင့်လူထုကြား ယုံကြည်မှုမကောင်းလှသော နိုင်ငံငယ်လေးများကိုဦးစားပေးလေ့ရှိ သည်ကို သတိချပ်ကြဖို့လိုမည်ထင်ပါသည်။

- မြန်မာ့စိတ်ရင်း

ဂလိုဘယ်လိုက်ဇေးရှင်းခေတ်၏ နောက်ထပ် ထူးခြားဖြစ်စဉ်တစ်ရပ်မှာ “ရေကြည်ရာ မြက်နုရာ ရွှေ့ပြောင်းနေထိုင်ကြသည်များ”
( Migration)  ရှေ့ရောက်လာခြင်းပင်ဖြစ်သည်။ တစ်နိုင်ငံမှ တစ်နိုင်ငံသို့ သမားရိုးကျ ရွှေ့ပြောင်းနေထိုင်ကြသည်နှင့် ထိစပ်နယ်မြေအတွင်း စိမ့်ဝင်ပျံ့နှံ့ကြသည်တို့မှာ သဘောသဘာဝချင်းမတူကြပါချေ။ ထိစပ်နယ်မြေပြဿနာများ သစ္စာခံမှုထွေပြားသည်သာဖြစ်၍ အန္တရာယ်လမ်းကြောင်းဟု သတ်မှတ်ကြရသော်လည်း သမားရိုးကျရွှေ့ပြောင်းနေထိုင်မှုမှာဖြစ်ရိုးဖြစ်စဉ်သဘော မျှသာဖြစ်ပါသည်။ ရွှေ့ပြောင်းနေထိုင်ကြသူများဘက်မှ ၎င်းတို့ ရောက်ရှိရာနိုင်ငံအပေါ် သစ္စာခံကြသလို သက်ဆိုင်ရာနိုင်ငံများဘက်မှလည်းသူတို့တစ်တွေကို နိုင်ငံသားအခွင့်အရေးအဆင့် ဆင့်ပေးကြသည်သာဖြစ် ပါသည်။ သို့တိုင်အောင်အဖြစ်သာ သဘောယူပြီး   Nationality အဖြစ်ကား မည်သည့်နိုင်ငံကမှ သဘောထားကြသည်မဟုတ်ပါ။ ယနေ့ အရင့်ကျက်ဆုံး ဒီမိုကရေစီနိုင်ငံ အမေရိကမှာပင် ဤအတိုင်းဖြစ်သည်။

မြန်မာ့သမိုင်းကို ပြန်ကြည့်လိုက်လျှင် ပုဂံခေတ်ဦးလောက်က ပင် နိုင်ငံရပ်ခြားနှင့် ကူးလူးဆက်ဆံမှုများ ရှိသလောက်ရှိခဲ့သည်သာဖြစ်ပါသည်။  ဥပမာ-ဗျတ်ဝိ၊ ဗျတ္တဇာတ်လမ်းကိုပင်ကြည့်..။ သူတို့ညီနောင်မှာ ပင်လယ်ဖြတ်၍ရောက်ရှိလာသော တစ်မြေရပ်ခြားမှ ဘာသာခြားတွေဖြစ်သည်။ သို့တစေ ဗုဒ္ဓဘာသာဝင် ပုဂံသားတွေက သူတို့နှစ်ယောက်ကို သူရဲကောင်းအဖြစ် ချစ်ကြသည်။ သူတို့ ကွယ်လွန်သည်အထိပင် သုံးဆယ့်ခုနစ်မင်းစာရင်းသွင်း ကိုးကွယ်သည်အထိ ချစ်ခဲ့ကြသည်။
ထားတော့-ဤဇာတ်လမ်းမှာ သမိုင်းမဟုတ်၊ ပုံပြင်မျှသာဟု ဆိုစေဦး၊ အခြားအထောက်အထားတွေ မနည်းမနောရှိသည်။ ကုန်းဘောင်ခေတ်ကဆိုလျှင် မွတ်ဆလင်ဘာသာဝင်တစ်ဦးကိုပင် ဘုရင်ကိုယ်တိုင်က မြို့တော်ဝန်အဖြစ် မြှောက်စားဖူးသည်။ အမရပူရမြို့ဝန်ဘိုင်ဆတ်။ ထို့ထက် ယနေ့ထက်တိုင် မြန်မာလူထုမမေ့နိုင်ကြသေးသည့် ဗိုလ်ချုပ်တို့နှင့်အတူ ကျဆုံးခဲ့ရသော ဆရာကြီးဦးရာဇတ်မှာ မွတ်ဆလင်ဘာသာဝင် သူတော်ကောင်းကြီးဖြစ်သည်။ ဤတွင် ပြောလိုသည်မှာ လူမျိုး၊ဘာသာ မခွဲခြားဘဲ သူရဲကောင်းဆိုလျှင် ချစ်ခင်မြတ်နိုးတတ်သည့် မြန်မာ့အစဉ်အလာ မြန်မာ့စိတ်ရင်းအကြောင်းဖြစ်ပါသည်။

ဤအစဉ်အလာ ဤစိတ်ရင်းကို မြန်မာတွေထိန်းသိမ်းကြရပါလိမ့်မည်။ လက်တွေ့ကျကျ ပြသရပါလိမ့်မည်။ ဒီမိုကရေစီနှင့် ထိုက်တန်သောလူမျိုးဖြစ်ကြောင်းကမ္ဘာက  သိစေရပါမည်။ တစ်ပြိုင်နက်တည်းမှာပင်ရှုပ်ထွေးပွေလီ မာယာများလှသော ကမ္ဘာ့နိုင်ငံရေးကျားကွက်တွင် အမျိုးသား ရေးသတိမမေ့မလျော့ရှိကြဖို့လည်းလိုမည်ထင်ပါသည်။ ဂရိတ်ပါဝါယှဉ်ပြိုင်ပွဲတွင် နိုင်ငံငယ်လေးများမြေဇာပင်ဖြစ်ကြရသည့် သာဓကတွေ၊ သမိုင်း၊ ဇာတ်ခုံထက်တွင် မမြင်ချင်အဆုံး တွေ့ခဲ့ရပြီ
မဟုတ်ပါလော။ ဒုတိယကမ္ဘာစစ်အကြိုကာလက ဗြိတိသျှနန်းရင်းဝန် ချိန်ဘာလင်၏ ဟစ်တလာ ချော့မြှူရေးပေါ်လစီအရ အဲလ်ဆက်နှင့် လော်ရိန်းဖက်ဆစ်ကျားစာဖြစ်ခဲ့ရသည်ကို သတိချပ်ကြရပါလိမ့်မည်။ လာတော့မည့် လွှတ်တော်အနေနှင့် အဆိုပါသတိ၊ အဆိုပါအသိဖြင့် အခါလည်သား မြန်မာ့ဒီမိုကရေစီကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်နိုင်ပါစေသတည်း။          ။

စာညွှန်း -
၁ ။ ကိုလိုနီခေတ် ဘားမားဂဇက်တီးယားစာစောင်များ
၂ ။ The Union of Burma (Myanmar) by - Hugh Timker
၃ ။ The Next 100 Years by - George Friedman

Friday, October 29, 2010

After You - ဦးဘုန်း (ဓာတု-မန္တလေး)


ရှက်ရှက်နဲ့ ၀န်ခံပါရစေ။
ရန်ကုန် နိုင်ငံတကာလေဆိပ်မှာ တွေ့ကြုံခဲ့တဲ့ အဖြစ်အပျက်လေးပါ။ လေဆိပ်ရဲ့ ဧည့်ခန်းမထဲမှာ မန္တလေးကို သွားမယ့်လေယာဉ်ကို ကျွန်တော်စောင့်နေခဲ့တယ်။ ဧည့်ခန်းထဲမှာ နိုင်ငံပေါင်းစုံက နိုင်ငံခြားသားတွေ အများကြီးပဲ။ ဧည့်ခန်းထဲမှာ ရန်ကုန်မြို့တွင်းကိုဆက်တဲ့ အများသုံးတယ်လီဖုန်း တစ်ခုရှိတယ်။ အဲဒီ တယ်လီဖုန်းက တယ်လီဖုန်းဆက်ခ မပေးရပါဘူး။ အဲဒီ တယ်လီဖုန်းကို ကောင်မလေးတစ်ယောက် ဆက်နေတယ်။ သူ့နောက်မှာလည်း တယ်လီဖုန်းဆက်ဖို့ စောင့်နေတဲ့သူ လေးငါးယောက်လောက် ရှိတယ်။ ကောင်မလေးကလည်း တယ်လီဖုန်းဆက်နေတာ ပြီးကို မပြီးနိုင်ဘူး။ မိနစ် ၂၀ လောက် ကြာမှ နောက်တစ်ယောက် အလှည့်ရောက်တော့တယ်။ အဲဒီတစ်ယောက်ကလည်း ဖုန်းပြောလိုက်တာ အကြာကြီးပဲ။

ကျွန်တော့်ဘေးနားမှာ ထိုင်နေတဲ့ နိုင်ငံခြားသားတစ်ယောက်က အဲဒီအဖြစ်အပျက်ကို နားမလည်နိုင်အောင် ဖြစ်နေပုံရတယ်။ ကျွန်တော့်စိတ်ထဲမှာ ဖုန်းပြောနေတဲ့ လူတွေကိုကြည့်ပြီး “အားနာမှု မရှိလိုက်ကြတာ” လို့ ခံစားရတယ်။

ဒီလိုနဲ့ မန္တလေးကို သွားမယ့်လေယာဉ် ရောက်လာပါတယ်။ လေယာဉ်ပေါ်ကိုတက်ဖို့ “စပီကာ” က ကြေညာပါတယ်။ မန္တလေးကိုသွားမယ့် ခရီးသည်တွေအားလုံး လှုပ်လှုပ်ရွရွ ဖြစ်သွားကြတယ်။ လေယာဉ်ပေါ်ကိုသွားဖို့ ဘတ်(စ်)ကားတစ်စီး ထိုးဆိုက်လာတယ်။ အဲဒီကားနဲ့ လေယာဉ်ဆီကို လေယာဉ်စီးခရီးသည်တွေ သယ်ဆောင်မှာဖြစ်တယ်။ လူတွေဟာ ဘတ်(စ်)ကားပေါ်ကို အလုအယက်ပဲ တိုးဝှေ့တက်ကြတယ်။ နိုင်ငံခြားသားတွေက အေးအေးဆေးဆေးပါပဲ။ တိုးဝှေ့တက်တဲ့အထဲမှာ ကျွန်တော်လည်းပါတယ်။ ဒီလိုနဲ့ လေယာဉ်ဆီကို ကျွန်တော်ရောက်သွားတယ်။ လေယာဉ်ပျံရဲ့ နောက်အနား အပေါက်က ကျွန်တော်တို့ တက်ရတယ်။ ဒီလိုပါပဲ... လေယာဉ်ပေါ်ကို တိုးဝှေ့ပြီး တက်လိုက်တယ်။ ကိုယ့်ထိုင်ခုံနဲ့ကိုယ် ဆိုပေမယ့် ဘာကြောင့်များ တိုးဝှေ့တက်ခဲ့မှန်း ကိုယ့်ကိုယ်ကိုယ် မစဉ်းစားမိဘူး။ တိုးတာ၊ ဝှေ့တာ၊ တွန်းတာ၊ တိုက်တာ အကျင့်ပါနေလို့ပဲဖြစ်မယ်။

ဖြစ်ချင်တော့ ကျွန်တော့်ဘေးက ထိုင်ခုံမှာ နိုင်ငံခြားသားတစ်ယောက် လာထိုင်တယ်။ ဧည့်ခန်းထဲမှာ တွေ့ခဲ့တဲ့သူပါ။ သူဟာ အေးဆေးတည်ငြိမ်စွာပဲ စာအုပ်တစ်အုပ်ကို ဖတ်နေတယ်။ လေယာဉ်တက်ပြီးလို့ (၁၀)မိနစ်လောက် အကြာမှာ လေယာဉ်မယ်လေးတွေက လက်တွန်းလှည်းလေးတွေကို တွန်းပြီး အစားအသောက် လာကျွေးပါတယ်။ အပူလား။ အအေးလား။ ကြိုက်ရာသုံးဆောင်လို့ ရတယ်။ ဖော့ဘူးလေးနဲ့ အသားညှပ်ပေါင်မုန့် တစ်လုံးစီ လိုက်ပြီးဝေတယ်။

ကျွန်တော့်ရဲ့ ထိုင်ခုံက အတွင်းဘက်မှာပါ။ အစားအသောက် လာပြီးပေးတဲ့ လေယာဉ်မယ်လေးတွေက တစ်တန်းပြီး တစ်တန်း၊ တစ်ခုံပြီး တစ်ခုံ စနစ်တကျ ပေးဝေပါတယ်။ ကျွန်တော့်ရဲ့ ခုံအနားလည်းရောက်ရော ကျွန်တော်က ကော်ဖီတစ်ခွက်ကို လှမ်းယူလိုက်တယ်။ အသားညှပ် ဖော့ဘူးတစ်ဘူးကို လှမ်းယူလိုက်တယ်။ တကယ်တော့ အဲဒီနိုင်ငံခြားသားက လူသွားလမ်းရဲ့ဘေးမှာ နေရာယူထားသူ။ သူက အရင်ယူရမှာ။ ကျွန်တော်က အတွင်းဖက်ကခုံမှာ ထိုင်တဲ့သူ။ ကျွန်တော်က နောက်မှ ယူရမှာ။ ဒါပေမယ့် ကျွန်တော်ကအရင် လက်ကို လှမ်းလိုက်တယ်။ အဲဒီအချိန်မှာ နိုင်ငံခြားသားက စကားတစ်ခွန်းပြောတယ်။

“After you”

အဲဒီစကားကို ကြားကြားချင်း ကျွန်တော်နားမလည်ပါဘူး။ အစာစားရင်း ကျွန်တော် စဉ်းစားမိတယ်။

“After you” တဲ့။
After ဆိုတာ... ပြီးနောက်။
You ဆိုတာ... သင်၊ မင်း၊ နင်၊ ရှင်။
ဒီတော့ “After you” ဆိုတာ “မင်းပြီးမှ” လို့ အဓိပ္ပာယ်ရတယ်။ “မင်းကို ဦးစားပေး” ပါတယ်။ “မင်းအရင်လုပ်” ပါ။ ဒီလိုသဘောဆောင်တဲ့ အင်္ဂလိပ် ခေတ်ပေါ်စကားတစ်ခုပါ။

ကျွန်တော် တွေးရင်းနဲ့ ရှက်လာတယ်။
ကျွန်တော်ဟာ  “After me” သမားပဲ။
ကျွန်တော်ဟာ မီးရထားလက်မှတ် တန်းစီရင်လည်း ငါရဖို့...။
ဘတ်(စ်)ကား စီးရင်လည်း ငါအရင်တက်ဖို့။ ငါအရင် နေရာရဖို့။
ကားမောင်းရင်လည်း လမ်းဆုံမှာ ငါအရင် ကူးဖို့။ ငါအရင် ဖြတ်ဖို့။
လမ်းကူးရင်လည်း ငါအရင် ဟိုဘက်ရောက်ဖို့...။
အလုပ်လျှောက်ရင်လည်း ငါအရင် အလုပ်ရဖို့...။
ငါအဆင်ပြေဖို့...။
 “After me”....
 “After me”....
 “After me”....
ငါပြီးမှ မင်း...။ ငါအရင်...။ ငါ့ကို ဦးစားပေး။
တွေးရင်း တွေးရင်နဲ့ ကျွန်တော် အရမ်းရှက်လာမိတယ်။

ဒီအကြောင်းကို အိမ်ရောက်တော့ အဖေနဲ့အမေကို ပြောပြမိတယ်။ အမေပြောတဲ့ စကားဟာ မှတ်သားလောက်ပါတယ်။

“After you” ဆိုတဲ့စိတ်ဟာ လူကြီးလူကောင်းစိတ်ပဲ။ အိမ်မှာ ထမင်းဟင်းကို အမေကချက်တယ်။ အမေချက်ထားတဲ့ ထမင်း၊ ဟင်းကို အမေ အရင်မစားဘူး။ သားသမီးတွေကို အရင်ကျွေးတယ်။ “After you” ပေါ့ကွယ်။ ဒီလိုပဲ... မင်းအဖေဟာလည်း သူရှာလို့ရတဲ့ ငွေကြေးကို သူအရင်မသုံးဘူး။ သားသမီးတွေကို အရင်ပေးတယ်။ အရင်ကျွေးတယ်။ “After you” ပေါ့ကွယ်။ မင်းဟာလည်း မင်းညီတွေ၊ ညီမတွေနဲ့ ပတ်သက်ရင် “After you” လုပ်ရမှာပဲ။ ဒီလိုပဲ မင်းဟာ ဆရာတစ်ယောက်ဆိုတော့ တပည့်တွေနဲ့တွေ့ရင် တပည့်တွေကို “After you” လုပ်ရမယ်။ “After you” ဆိုတာ ဦးစားပေးခြင်း သဘောအပြင် စာနာခြင်း၊ နားလည်ပေးခြင်းတွေ ပါနေတယ်။ မေတ္တာတရားတွေ ပါနေတယ်။ အတ္တနည်းခြင်း သဘောတွေ ပါဝင်နေတယ်။

အဖေက ၀င်ပြောတယ်။
“After me” ဆိုတာ အများအားဖြင့် လူငယ်တွေမှာ ဖြစ်တတ်ကြတယ်။ ကလေးတွေမှာ ဖြစ်တတ်ကြတယ်။ “After me” ဆိုတဲ့ စိတ်ရှိနေတဲ့သူဟာ လူကြီး မဖြစ်သေးဘူး။ စိတ်အရွယ် မရောက်ခြင်းရဲ့ အမှတ်သင်္ကေတဟာ “After me” ပဲ။ “အသက်တွေ ကြီးလေလေ တပ်မက်မှုတွေ နည်းလေလေ” ဖြစ်ရမှာ။ “အသက်တွေ ကြီးလေလေ တပ်မက်မှုတွေ များလေလေ” ဆိုရင် ဒါဟာ တော်တော် ရှက်စရာကောင်းတဲ့ “After me” ပဲ။ “After me” ဆိုတာ လောဘ၊ ဒေါသ၊ မောဟ၊ အတ္တတွေ ရင်ထဲမှာ အများကြီး ရှိနေခြင်းကို ဖော်ပြလိုက်ခြင်းပဲ။ “After me” သမားဟာ မိဘဆိုရင်လည်း မိဘ မပီသတဲ့သူပေါ့။ ဆရာဆိုရင်လည်း ဆရာမပီသတဲ့သူပေါ့။ သူငယ်ချင်းဆိုရင်လည်း သူငယ်ချင်း မပီသတဲ့သူပေါ့။ မိတ်ဆွေဆိုရင်လည်း မိတ်ဆွေ မပီသတဲ့သူပေါ့။ ဒါကြောင့် လူကြီးလူကောင်း ဖြစ်ချင်ရင် “After me” ကိုလျှော့။ “After you” ဖြစ်အောင် ကြိုးစားပေါ့ သားရယ်။

ကျွန်တော်တို့ပတ်ဝန်းကျင်မှာ “After me” သမားတွေ နည်းလာပြီး “After you” သမားတွေ များလာရင်တော့ အရမ်း ပျော်စရာကောင်းမှာပဲနော်။

သူကလည်း ကိုယ့်အပေါ် “After you”
ကိုယ်ကလည်း သူ့အပေါ် “After you”
မိဘကလည်း သားသမီးအပေါ် “After you”
သားသမီးကလည်း မိဘအပေါ် “After you”
လူကြီးတွေကလည်း လူငယ်တွေအပေါ် “After you”
လူငယ်တွေကလည်း လူကြီးတွေအပေါ် “After you”
ဆရာကလည်း တပည့်အပေါ် “After you”
တပည့်ကလည်း ဆရာ့အပေါ် “After you”
အပြန်အလှန် “After you” ဆိုတဲ့ ၀န်းကျင်တစ်ခုကို ကျွန်တော်တို့ ထူထောင်ကြရအောင်ဗျာ။

* * * * * * * * * *
Google Buzz မှာ ဖတ်လိုက်ရတဲ့ စာတစ်ပုဒ်ပါ။ သဘောကျလွန်းလို့ ပြန်လည်ဝေငှတာပါ။ ရွှေမန္တလေးဂျာနယ်၊ အမှတ် (၂၇၁) မှာ ပါတဲ့စာလို့ သိရပါတယ်။ ကျွန်တော်ကိုယ်တိုင် ဖတ်ရတာမဟုတ်ဘဲ သူများတင်ပေးတာကို တစ်ဆင့်ပြန်ဖတ်ရတာ ဖြစ်တဲ့အတွက် ခေါင်းစဉ်တွေ၊ နေရာတွေ ကွဲလွဲနေခဲ့ရင်၊ လွဲမှားနေခဲ့ရင် နားလည်ပေးကြဖို့ တောင်းပန်ပါတယ်။ မိတ်ဆွေတွေအားလုံး ဖတ်သင့်တယ်ထင်လို့ ပြန်လည်ဝေငှခြင်းသက်သက်ပါ။ အများစုက ဖတ်ပြီးသားလည်း ဖြစ်ကောင်းဖြစ်ကြမှာပါ။ ဘာပဲဖြစ်ဖြစ် နောက်တစ်ခေါက် ထပ်ဖတ်ဖြစ်တော့ နောက်တစ်ခေါက် အတွေးကောင်းလေးတွေ ရနိုင်တယ်လို့ ကျွန်တော်ကတော့ ယုံကြည်ပါတယ်။ အချို့သော စာလုံးပေါင်း အမှားလေးတွေနဲ့ စာကြောင်းအနေအထားတွေကို ပြင်လိုက်တာကလွဲလို့ Google Buzz မှာ ကျွန်တော်ဖတ်ခဲ့ရတဲ့အတိုင်း ပြန်လည်ဝေငှပါတယ်။

ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ်၊ အောက်တိုဘာလ ၂၁ ရက်၊ ကြာသပတေးနေ့။

Tuesday, October 19, 2010

လက်ဖက်ရည်ဆိုင်၊ စာကြည့်တိုက်နှင့် စာဖတ်ခြင်း - ကိုဉာဏ် (ပန်းလောင်မြေ)


teashoplibraryreading.png

ဒီပို့စ်ကို ရေးရခြင်းရည်ရွယ်ချက်က မနေ့ညက လက်ဖက်ရည်ဆိုင် ထိုင်တဲ့အချိန်မှာ ကြားခဲ့ရတဲ့ စကားတစ်ခွန်းကြောင့် ကျွန်တော်ကိုဉာဏ် အတွေးပွားခဲ့ရတာလေးတွေကို ဖွင့်အံချင်လို့ရယ်ပါ။ ဒါပေမယ့်လည်း ရေးမယ်လို့ စိတ်ကူးပြီးတော့ နိဒါန်းပျိုးဖို့ စဉ်းစားတဲ့အခါ လက်ဖက်ရည်ဆိုင်အကြောင်းကို မပြောမဖြစ် ပြောရဦးမှာမို့ လက်ဖက်ရည်ဆိုင်နဲ့ ပတ်သက်တဲ့ အတွေးအမြင်တွေကို ကျွန်တော် မြင်၊ တွေ့၊ ခံစား၊ တွေးမိသလို ရေးဖြစ်လိုက်ပါတယ်။

ကျွန်တော်နှင့် လက်ဖက်ရည်ဆိုင်
ကျွန်တော်ဟာ လက်ဖက်ရည်ကို စွဲစွဲမြဲမြဲ မသောက်ရမနေနိုင် ကြိုက်နှစ်သက်တဲ့ လူတစ်ယောက် မဟုတ်ပါဘူး။ ဒါပေမယ့် ညနေခင်း ထမင်းစားပြီးချိန်တွေမှာ လက်ဖက်ရည်ဆိုင် မသွားရဘူးဆိုရင်တော့ နေမသိထိုင်မသာ ဖြစ်နေတတ်ပါတယ်။ လက်ဖက်ရည်ဆိုင်မှာ သူငယ်ချင်းတွေနဲ့အတူ စကားဝိုင်းဖွဲ့ ပြောဆိုရတာ၊ ငြင်းခုံဆွေးနွေးရတာ၊ သတင်းတွေ၊ အသိပညာတွေ ဖလှယ်ရတာကို စွဲမက်ခုံမင်နေတယ်လို့ ကိုယ့်ကိုယ်ကိုယ် သုံးသပ်မိပါတယ်။ ကိုယ်သိထားတဲ့ အကြောင်းအရာတစ်ခုကို အခြားလူတွေသိအောင် တစ်ဆင့်ပြန်ပြောရတာ ကျွန်တော်နှစ်ခြိုက်ပါတယ်။ အဲဒီလို ပြောပြတဲ့အခါ ပြန်ကြားရတဲ့ သူတို့တွေရဲ့ တုံ့ပြန်မှုတွေကို ပိုမက်မောပါတယ်။ အကြောင်းအရာတစ်ခုကို ကိုယ်မြင်တာနဲ့ မတူကွဲပြားခြားနားတဲ့ အမြင်တွေ၊ မှတ်ချက်တွေ၊ ငြင်းခုံမှုတွေများ ကြားရတယ်ဆိုရင် အင်မတန်မှကို ပျော်ရွှင်ရပါတယ်။ ဘာလို့များ ငါ အဲဒီလို မတွေးခဲ့မိပါလိမ့်ဆိုပြီး ကိုယ့်ကိုယ်ကိုယ် မကျေမနပ် ဖြစ်ခဲ့ရတာတွေလည်း မရေနိုင်တော့ပါဘူး။ ဘာပဲပြောပြော လူပေါင်းစုံရဲ့ အတွေးအခေါ်၊ အသိအမြင်တွေကို အမြဲမပြတ် သိခွင့်၊ ကြားခွင့် ရနေတဲ့အတွက် ကျွန်တော့်အတွက် အဖိုးတန်တာ အမှန်ပါပဲ။ ကိုယ့်ရှုထောင့်တစ်ခုတည်းကနေပဲ တွေးတာထက်စာရင် သူများတွေကရော ဘယ်လိုတွေးသလဲလို့ သိခွင့်ရတာဟာ ကျွန်တော့်အတွက် အဖိုးမဖြတ်နိုင်တဲ့ ဆုလာဘ်ပါပဲ။ အဲဒါကြောင့်လည်း အခြားသူတွေက မကြာခဏ မေးငေါ့တတ်ကြတဲ့ လက်ဖက်ရည်ဆိုင်မှာ အချိန်ဖြုန်းခြင်းဆိုတဲ့ အလုပ်ကြီးကို ကျွန်တော်ကိုဉာဏ် စွဲစွဲမြဲမြဲ မက်မက်မောမော လုပ်ဖြစ်နေတာ ထင်ပါရဲ့။

လက်ဖက်ရည်ဆိုင်ဆိုတာ အချိန်ဖြုန်းတဲ့နေရာ
အဲဒီလိုပြောတဲ့လူတွေကိုလည်း အပြစ်မတင်ပါဘူး။ သူတို့အမြင်မှာလည်း လက်ဖက်ရည်ဆိုင်ထိုင်တာဟာ အချိန်ကို ဖြုန်းတီးနေခြင်းလို့ မြင်ကြမှာပါပဲ။ အဲဒီအချိန် တစ်နာရီအတွင်းမှာ စာအုပ်ကောင်းတစ်အုပ်ကို ဖတ်နိုင်တယ်၊ တရားဓမ္မတစ်ပုဒ်ကို နာကြားနိုင်တယ်၊ ကိုယ်ဝါသနာပါတဲ့ အလုပ်တစ်ခုကို (ပန်းချီဆွဲတာ၊ စာရေးတာ၊ ကဗျာစပ်တာ၊ သီချင်းရေးတာ စသဖြင့်ပေါ့လေ) လုပ်နိုင်တယ်၊ ဒါမှမဟုတ် အေးအေးဆေးဆေး အနားယူနိုင်တယ် စသဖြင့် တွေးကြမှာပါပဲ။ လူဆိုတာ ကိုယ့်အတွေးနဲ့ကိုယ်ပဲလေ။ အဲဒီအတွက် ဘယ်သူ့ဘယ်သူကိုမှ အပြစ်တင်မနေပါနဲ့။ ကိုယ့်ယုံကြည်ချက်နဲ့ကိုယ်၊ ကိုယ့်ခံယူချက်နဲ့ကိုယ် လုပ်ကိုင်ဆောင်ရွက်နေကြတာကိုး။ ပတ်ဝန်းကျင်အတွက်၊ လောကအတွက် အကျိုးယုတ်စေမယ့် ကိစ္စမျိုးကို လုပ်နေတာမျိုးဆိုရင်တော့ တားသင့်ရင် တားရမှာပေါ့လေ။

လက်ဖက်ရည်ဆိုင် ယဉ်ကျေးမှု
တစ်ချိန်တုန်းက ကျွန်တော်ကိုယ်တိုင်လည်း လက်ဖက်ရည်ဆိုင် ယဉ်ကျေးမှုကို ငြင်းဆန်ရှုံ့ချခဲ့သူ တစ်ယောက်ပါ။ လက်ဖက်ရည်ဆိုင်မှာ ဟေးလေးဝါးလေးနဲ့ အချိန်ဖြုန်းနေတဲ့ လူငယ်တွေကို မြင်ရတိုင်း နှာခေါင်းရှုံ့ခဲ့သူ၊ မျက်စောင်းထိုးခဲ့သူပါ။ အခုတော့ အဲဒီလို မဖြစ်တော့ဘူးလို့ ဆိုလိုတာမဟုတ်ပါ။ အချို့အချို့သော ဝေလေလေ လူငယ်တွေကို မြင်ရတဲ့အခါမှာတော့ မဆီမဆိုင် ဘေးကနေပြီး စိတ်တိုမိ၊ ဒေါသထွက်မိ နေသေးတာပါပဲ။ ဒါပေမယ့် လက်ဖက်ရည်ဆိုင် ထိုင်တဲ့လူတိုင်းဟာ အားအားလျားလျား လေကုန်ခံပြီး အချိန်ဖြုန်းနေကြတာပဲဆိုတဲ့ အမြင်ကတော့ ပျောက်သွားပါပြီ။ လက်ဖက်ရည်ဆိုင် ထိုင်တဲ့လူတွေမှာ သူ့ရည်ရွယ်ချက်နဲ့သူ ရှိကြသူတွေချည်းပဲလို့ မြင်မိပါတယ်။ အဲဒီလိုဆိုတော့ စောစောက ကျွန်တော်ပြောခဲ့တဲ့စကားနဲ့ ရှေ့နောက်မညီလိုက်တာလို့ ထောက်စရာဖြစ်ပါတယ်။ ဟုတ်ကဲ့… ရှေ့နောက်ညီအောင် ရှင်းရရင်တော့ လက်ဖက်ရည်ဆိုင်ထိုင်ပြီး အချိန်ဖြုန်းနေတဲ့ လူတွေမှာတောင်မှ အချိန်ကုန်ပြီးရောဆိုတဲ့ ရည်ရွယ်ချက်ရှိတယ်လို့ ဆိုချင်တာပါ။ ကောင်းမွန်တဲ့ရည်ရွယ်ချက် ဟုတ်တာ၊ မဟုတ်တာကို ပြောလိုရင်းမဟုတ်ပါ။

တချို့တွေက လက်ဖက်ရည်သောက်၊ မုန့်စားရင်း ဗိုက်ထဲကို အစာဖြည့်ချင်လို့ လက်ဖက်ရည်ဆိုင်ကို လာကြတယ်။ အချို့တွေကျတော့ လက်ဖက်ရည်ကို စွဲစွဲမြဲမြဲ မသောက်ရမနေနိုင်လို့ လာသောက်ကြတာ။ အချို့ကျတော့ လက်ဖက်ရည်ဆိုင်ကို စုရပ်တစ်ခုအဖြစ် သဘောထားပြီး အလုပ်ကိစ္စတွေ၊ လူမှုရေးကိစ္စတွေ၊ ရပ်ရွာရဲ့ သာရေးနာရေးကိစ္စတွေကို တိုင်ပင်ဆွေးနွေးကြတာ။ အချို့ကျတော့လည်း အိမ်မှာဆိုရင် တစ်ယောက်တည်းမို့ စကားပြောဖော်မရှိ၊ တိုင်ပင်စရာလူ မရှိတဲ့အတွက် လက်ဖက်ရည်ဆိုင်မှာ တွေ့တဲ့လူနဲ့ အလ္လာပသလ္လာပ စကားပြောဆိုရင်း အထီးကျန်မှုကို ဖြေဖျောက်ကြတာ။ ကျွန်တော့်လိုမျိုး အချို့အချို့တွေကတော့ လက်ဖက်ရည်ဆိုင်ကို ကုန်ကြမ်းရှာတဲ့ နေရာတစ်ခုအဖြစ် သဘောထားပြီး ထိုင်ကြတာပေါ့ဗျာ။

ကျွန်တော်အကြိုက်ဆုံး နေရာနှစ်ခု
အခုရေးနေတဲ့စာနဲ့ ဘာမှမဆိုင်ပေမယ့် စကားစပ်မိတုန်းမို့ ပြောချင်လေးတစ်ခု ရှိသေးရဲ့ဗျာ။ အခြားမဟုတ်ပါဘူး။ ကျွန်တော်က စာရေးချင်သူဆိုတော့ စာရေးဖို့အတွက် မလုပ်မဖြစ် လုပ်ရတဲ့အလုပ်ကတော့ စဉ်းစားခြင်းပါပဲ။ ဘာအကြောင်းအရာကို ရေးရမလဲဆိုတာကို စဉ်းစားရတာဟာ စာရေးတဲ့လူအတွက် အင်မတန်မှ အရေးကြီးတဲ့ အချက်တစ်ခုလို့ ကျွန်တော်ထင်ပါတယ်။ အင်မတန်မှ ကြုံတောင့်ကြုံခဲဆိုသလို တစ်ခုခုကို ချရေးရင်းနဲ့ မရည်ရွယ်ဘဲ လက်ကအလိုလို ရေးစရာတွေ ပေါ်လာတာမျိုးကို ကြုံရတတ်ပါတယ်။ အများအားဖြင့်တော့ ကိုယ်ရေးမယ့် စာတစ်ခုကို စိတ်ကူးထဲမှာ အကြမ်းထည်ပြီးတဲ့အထိ စိတ်ကူးနဲ့ရေးကြည့်ပြီးမှ စာရေးရတာချည်းပါပဲ။ အခြားစာရေးသူတိုင်းလည်း ဒီလိုမျိုး ဖြစ်လိမ့်မယ်လို့ ကျွန်တော်မထင်ပါဘူး။ ပြောချင်တာက ကျွန်တော်ရေးခဲ့သမျှ စာတွေအများစုကို စိတ်ကူးမိတာ၊ ရေးဖို့အတွေးရတဲ့ အဓိကနေရာနှစ်ခု ရှိပါတယ်။ အဲဒါကိုပြောချင်တာပါ။ အခြားမဟုတ်ပါဘူး။ လက်ဖက်ရည်ဆိုင်နဲ့ အိမ်သာပါ။

အဲဒီလိုပြောတော့ အချို့တွေက ရယ်ချင်ကြပါလိမ့်မယ်။ ကျွန်တော့်အတွက်ကတော့ မရယ်နိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ လက်ဖက်ရည်ဆိုင်နဲ့ အိမ်သာဟာ ကျွန်တော့်အတွက် စဉ်းစားခြင်းအမှုကို အေးအေးဆေးဆေး အချိန်ပေးပြီး ပြုနိုင်စေတဲ့ နေရာတွေ ဖြစ်နေလို့ပါပဲ။ လက်ဖက်ရည်ဆိုင်မှာ ထိုင်ရင်းနဲ့ လမ်းပေါ်မှာ သွားလာလှုပ်ရှားနေတဲ့ လူတွေကို ကြည့်နေရင်းနဲ့လည်း ရေးစရာတွေ ပေါ်လာတတ်ပါတယ်။ လက်ဖက်ရည်ဆိုင်ရှေ့က ဆိုင်ကယ်နဲ့အဖြတ်၊ ကားနဲ့အဖြတ်၊ မြင်းလှည်းနဲ့အဖြတ်မှာ ပြောသွားကြတဲ့ စကားတွေထဲက တစ်ခွန်းစ၊ နှစ်ခွန်းစကို အမှတ်မထင် ကြားလိုက်ရင်းနဲ့လည်း ရေးစရာကုန်ကြမ်း ရချင်ရတတ်တာမျိုးပါ။ ဒါမှမဟုတ် လက်ဖက်ရည်ဆိုင်ထဲမှာ ငြိမ်ငြိမ်လေး ထိုင်နေရင်းနဲ့ သူများတွေပြောတဲ့ စကားသံတွေကို နားထောင်ရင်း၊ သူတို့လှုပ်ရှားနေသမျှကို လိုက်ကြည့်ရင်းနဲ့လည်း ရေးစရာတွေ တွေးမိတတ်ပါတယ်။ တစ်ခါတလေတော့လည်း မှာထားတဲ့ လက်ဖက်ရည်ခွက်က တစ်ကျိုက်မှ မသောက်ရသေးဘဲ အတွေးတွေ ရွက်လွှင့်ပြီး တမေ့တမော ထိုင်မိနေတတ်တာမျိုးလည်း ရှိပါရဲ့ဗျာ။

အိမ်သာတက်ရင်းနဲ့ စာရေးဖို့ အတွေးရတာ၊ စဉ်းစားမိတာ၊ အိမ်သာတက်ရင်း စာအုပ်တွေဖတ်ရတဲ့ အကျိုးကျေးဇူးတွေကို ဒီပို့စ်မှာ မရေးတော့ပါဘူး။ ကျွန်တော့်အတွက် ရေးစရာဆိုပေမယ့် ဒီစာကို ဖတ်နေရတဲ့သူ အတွက်ကျတော့ ဆွမ်းဆန်ထဲ ကြွက်ချေးရော ဆိုသလို ဖြစ်နေမှာမျိုးကို မလိုလားလို့ပါ။ အဲဒီအကြောင်းကို သီးခြားရေးပါဦးမယ်။

လက်ဖက်ရည်ဆိုင် ပေါမှပေါ
လက်ဖက်ရည်ဆိုင်အကြောင်း ဆက်ရမယ်ဆိုရင် ကျွန်တော်လက်လှမ်းမီသလောက် အတွေ့အကြုံလေးနဲ့ ပြောရမယ်ဆိုရင် မြန်မာပြည်မှာ လက်ဖက်ရည်ဆိုင်မရှိတဲ့ ရပ်ကွက်၊ ကျေးရွာ၊ မြို့ဆိုတာ ရှိမှရှိပါ့မလားလို့ တွေးမိပါတယ်။ ကျေးရွာတိုင်း စာကြည့်တိုက်တစ်ခု ရှိရမည်ဆိုတဲ့ စီမံချက်နဲ့ လုပ်ဆောင်နေတာတွေကို မြင်နေ၊ ကြားနေ၊ ဖတ်နေရပါတယ်။ ကျွန်တော်စဉ်းစားမိတာ တစ်ခုက လက်ဖက်ရည်ဆိုင်နဲ့ စာကြည့်တိုက်တွေကို တွဲပေးလို့ မရနိုင်ဘူးလား ဆိုတာကိုပါ။

စာဖတ်တာကောင်းပါတယ်၊ ဒါပေမယ့်
ကျွန်တော့်အတွေးက ဒီလိုပါခင်ဗျ။ စာဖတ်တာဟာ မကောင်းဘူးလား။ ကောင်းတာပေါ့ခင်ဗျာ။ ချွင်းချက်မရှိကို ကောင်းပါတယ်။ ဘယ်လိုစာပေတွေ၊ ညာလိုစာပေတွေ ဆိုတာမျိုးတွေ ကျွန်တော်မပြောသေးပါဘူး။ စာဖတ်တယ်ဆိုတာ တစ်ခုတည်းနဲ့တင် ပြောနေတာပါ။ ကောင်းတဲ့စာပဲဖြစ်ဖြစ်၊ မကောင်းတဲ့စာပဲဖြစ်ဖြစ် စာဖတ်တဲ့လူဟာ စာမဖတ်တဲ့ လူထက်တော့ သာတာအမှန်ပါပဲ။ ထားပါတော့ဗျာ။  ဆက်ပြောရမယ်ဆိုရင် စာဖတ်တာဟာ ကောင်းပါတယ်။ ဒါပေမယ့် ဖတ်ဖို့စာတွေ ကောင်းဖို့လည်း လိုသေးတာကိုးခင်ဗျ။ အဲဒီတော့ ခင်ဗျားကပြောလိမ့်မယ်။ ဒါများ ဘာခက်တာမှတ်လို့၊ ဖတ်စရာ စာအုပ်ကောင်းတွေမှ အများကြီးပဲလို့။ ဟုတ်ပါတယ်၊ မြန်မာလို ရေးထားတဲ့ ဖတ်စရာ စာအုပ်ကောင်းတွေဟာ သေသွားတဲ့အထိ ဖတ်လို့မကုန်အောင် များပြားလှပါတယ်။ ဒါပေမယ့် အဲဒီလို ဖတ်လို့ကောင်းတဲ့ စာအုပ်တွေဟာ ဈေးနှုန်းကလည်း အင်မတန်ကောင်းတာကိုးဗျ။

ကျွန်တော်ပြောတာတွေက ပြောရင်းကနေ ဟိုရောက်လိုက်၊ ဒီရောက်လိုက် ဖြစ်သွားမယ်ထင်ပါရဲ့။ ဒါပေမယ့် အစအဆုံး ဖတ်ပြီးရင်တော့ ကျွန်တော်ပြောချင်နေတာတွေ၊ ကျွန်တော်တွေးမိနေတာတွေဟာ ဘာတွေလဲဆိုတာ စာဖတ်သူ နားလည်သွားလိမ့်မယ်လို့ ယုံကြည်ပါတယ်။ ကျွန်တော်က အရေးအသား ကျွမ်းကျင်လွန်းတဲ့ စာရေးဆရာ မဟုတ်လေတော့ အစီအစဉ်မကျ၊ အရေးအသားမပြေပြစ်၊ ဟိုရောက်လိုက် ဒီရောက်လိုက် ဖြစ်နေခဲ့ရင် အနည်းငယ် သည်းခံပြီးတော့ ဖတ်ပေးစေချင်ပါတယ်။ ကျွန်တော်သေသေချာချာ တွေးမိတဲ့အရာ၊ ယုံကြည်တဲ့အရာကို ရေးနေတာ ဖြစ်တဲ့အတွက် ကျွန်တော့်ရင်ထဲက ခံစားချက်ဟာ စာဖတ်သူရဲ့ ရင်ထဲကို Heart to Heart ရောက်သွားမယ်လို့ ယုံကြည်ပါတယ်။ ရေးနေတာကို ဆက်ပါ့မယ်။

သိချင်စိတ်များနှင့် ပြည့်နေသော လူဆိုသည့်သတ္တ၀ါ
စောစောကပြောသလို လူတိုင်း စာဖတ်ကြပါ၊ စာဖတ်ကြပါလို့ တိုက်တွန်းကြပါတယ်။ ကျွန်တော့်အမြင် ပြောရမယ်ဆိုရင် စာမဖတ်ချင်တဲ့လူ မရှိဘူးခင်ဗျ။ အဲဒီလိုဆိုတော့ အချို့က ငြင်းချင်ကြလိမ့်မယ်။ ဘယ်သူကတော့ စာဖတ်တာကို လုံးဝကို ၀ါသနာမပါတာကွလို့။ ဟုတ်ကဲ့… ဒီလို စဉ်းစားရအောင်ပါ။ လူတိုင်းမှာ သူ့စိတ်ဝင်စားမှုနဲ့သူတော့ ရှိကြပါတယ်။ ဆိုပါတော့ဗျာ… လူပြိန်းကြိုက် ခပ်ပေါပေါဥပမာနဲ့ပဲ ပြောကြရအောင်ပါ။ ရုပ်ရှင် မင်းသား၊ မင်းသမီးတွေ၊ အဆိုတော်တွေ အကြောင်းကို စိတ်ဝင်စားတဲ့လူပဲ ဆိုပါတော့။ (ဒီလိုရေးတဲ့အတွက် ကျွန်တော့်ကို မေတ္တာတော်တွေ အတုံးလိုက်၊ အတစ်လိုက်၊ အထုပ်လိုက်၊ အထည်လိုက် ပို့သကြမှာကိုလည်း မျှော်လင့်ထားကြောင်းပါ။ ဤကား စကားချပ်) ဘယ်မင်းသားက ဘယ်မင်းသမီးနဲ့ ဘာဖြစ်နေတာတဲ့ ဆိုတာမျိုးကို သူစိတ်ဝင်စားမှာ အသေအချာပါပဲ။ အဲဒီလို စိတ်ဝင်စားတယ်ဆိုတာဟာ စာဖတ်ချင်တာနဲ့ အတူတူပါပဲ။

ကိုဉာဏ်ရာ… မင်းဟာကလည်း ရှုပ်နေတာပဲလို့ မတွေးပါနဲ့ဗျာ။ စောစောကလို သတင်းမျိုးကို စိတ်ဝင်စားတော့ အဲဒီသတင်းအကြောင်း သိတဲ့လူပြောတာကို သူနားထောင်မှာပါပဲ။ ပြီးရင် သူ့အမြင်၊ သူ့မှတ်ချက်၊ သူသိထားတာတွေကို ပြောမှာပါပဲ။ ဒါဟာ စာဖတ်ခြင်းပါပဲ။ ဒါပေမယ့် သူကိုယ်တိုင် စာဖတ်တာ မဟုတ်ပါဘူး။ အခြားသူဖတ်တာကတစ်ဆင့် သူက ပြန်သိခြင်းပါပဲ။ တစ်ဆင့်ခံ စာဖတ်ခြင်းပေါ့ခင်ဗျာ။ အဲ… အဲဒီလိုလူမျိုးကိုပဲ စောစောကသတင်းကို ရော့.. ဒီဂျာနယ်ထဲမှာ ဒီလိုရေးထားတယ်၊ ဓာတ်ပုံနဲ့ ဒီလိုပါတယ်ကွဆိုရင် အဲဒီလူဟာ သေချာပေါက် အဲဒီဂျာနယ်ကို လှန်ကြည့်၊ ဖတ်ကြည့်မှာ အသေအချာပါပဲ။ အသေးစိတ် ရှင်းပြရမယ်ဆိုရင် မဆုံးနိုင်တာမို့ ဒီအကြောင်းကို ဒီလောက်နဲ့ပဲ ရပ်ပါရစေ။ ကျွန်တော်ဘာပြောချင်တယ်ဆိုတာ အတန်ငယ်တော့ဖြင့် ရိပ်စားမိမယ် ထင်ပါရဲ့။

ဘယ်လောက်ပဲ မအားလပ်တဲ့လူတွေ ဖြစ်နေပါစေ။ စာဖတ်တာကို ၀ါသနာပါသူချည်းပါပဲ။ ဥပမာတွေ နည်းနည်းပြောပါရစေ။ တစ်နေကုန် အိမ်ထဲကအိမ်ပြင် မထွက်နိုင်အောင် အလုပ်ရှုပ်နေတဲ့ အိမ်ရှင်မတစ်ယောက်ဟာ အင်္ကျီတွေ မင်စွန်းသွားရင် ဘယ်လိုလျှော်ရမလဲ၊ သံပုရာသီးကို အရည်ပိုထွက်အောင် ဘယ်လိုညှစ်ရမလဲ၊ အသားတွေကို အကြာကြီးခံအောင် ဘယ်လိုလုပ်ရသလဲ၊ ဘုရားပန်းအိုးတွေ ကြေးညှိတက်နေရင် ဘယ်လိုတိုက်ချွတ်ရသလဲ၊ ၀မ်းကိုက်တာပျောက်ချင်ရင် ကိုယ့်ဝန်းကျင်မှာရှိတဲ့ ဘယ်လိုအရွက်မျိုးကို စားနိုင်သလဲ၊ အသားတွေ မြန်မြန်နူးချင်ရင် ဘာထည့်ပြီး ချက်ရသလဲ စသည်စသည့်ဖြင့် သိချင်ကြသူချည်းပါပဲ။ တစ်နေကုန် ဖုန်းတစ်လုံး၊ ကားတစ်စီးနဲ့ အလုပ်ရှုပ်နေတဲ့ ပွဲစားလို လူမျိုးတွေကရော စာဖတ်တာ ၀ါသနာမပါဘူးလား။ ကြည့်ရအောင်ပါ။ ဘယ်မြို့မှာ ဘာလေလံပွဲရှိတယ်၊ ဘယ်ကားဈေးက ဘယ်လောက်ဖြစ်နေပြီ၊ ဘယ်မြို့မှာ ဘာလိုင်စင်တွေ ချပေးနေတယ်၊ ဘာဈေးနှုန်းကတော့ တက်သွားတယ်၊ ကျသွားတယ်၊ ရာသီဥတုကြောင့် စိုက်ခင်းအခြေအနေတွေ ဘယ်လိုရှိတယ်၊ ကမ္ဘာ့အရေးအခင်းကြောင့် ဘာပစ္စည်းတွေ ဈေးနှုန်းပြောင်းသွားတယ်၊ ဘယ်နိုင်ငံက မြန်မာပြည်မှာလာပြီး ရင်းနှီးမြှုပ်နှံမယ်၊ ဒါဆိုရင် ဘာတွေအလားအလာ ကောင်းနိုင်တယ် စသည်စသည်ဖြင့် သိချင်ကြတာပါပဲ။ နောက်ဆုံး ဆိုက်ကားနင်းနေတဲ့လူ၊ အငှားကားမောင်းနေတဲ့လူတောင်မှ ဘယ်နေ့မှာ ဘယ်ဘောလုံးပွဲရှိတယ်၊ ဘယ်ဘောလုံးသမားက ဒဏ်ရာရနေတယ်၊ ဘယ်အသင်းကတော့ ဘယ်သူ့ကိုဝယ်လိုက်တယ်၊ ဒီနေ့ကန်မယ့်ပွဲကို ဘယ်ဂျာနယ်က ဘယ်လိုခန့်မှန်းထားတယ် စသည်ဖြင့် စိတ်ဝင်စားကြတာပါပဲ။

စာအုပ်တွေရဲ့တန်ဖိုး
ကျွန်တော်ပြောခဲ့သမျှတွေကို ပြန်စဉ်းစားကြည့်ရင် အဲဒီလို သိချင်တာတွေအားလုံးကို ကျွန်တော်တို့တွေ ဘယ်ကနေ ရယူနိုင်သလဲ။ စာအုပ်တွေထဲမှာ ရှိပါတယ်။ အကြောင်းအရာအမျိုးမျိုး၊ အတွေ့အကြုံအမျိုးမျိုး၊ အတွေးအခေါ် အမျိုးမျိုး၊ ဗဟုသုတအမျိုးမျိုးဟာ စာအုပ်တွေထဲမှာ ရှိနေကြပါတယ်။ ဒါဆိုရင် ကျွန်တော်ပြောခဲ့သလို လူတိုင်းဟာ သိချင်စိတ်တွေနဲ့ ပြည့်နေကြတာဆိုတော့ အဲဒီလိုသိနိုင်တဲ့ စာအုပ်တွေကို ဖတ်ချင်စိတ် ရှိကြမယ်ဆိုတာ မလွဲလောက်ဘူး ထင်ပါရဲ့။ ဒါကြောင့် ကျွန်တော်က ရဲရဲဝံ့ဝံ့ ပြောတာပါ။ လူတိုင်းမှာ စာဖတ်ချင်စိတ် (သိချင်စိတ်) ရှိကြပါတယ်။

ဒီနေ့ခေတ် ဂျာနယ်တွေ သိပ်အဖိုးတန်တယ် (ဈေးကြီးတယ်)
ဒီနေ့ဂျာနယ်တစ်စောင်ရဲ့ ပျမ်းမျှဈေးနှုန်းဟာ ၅၀၀ ၀န်းကျင်မှာ ရှိပါတယ်။ တစ်နေ့ဝင်ငွေ ၁၅၀၀ ကျပ်ပဲ ရှိတဲ့လူတစ်ယောက်ဟာ ဂျာနယ်တစ်စောင် ၀ယ်ဖတ်ဖို့အတွက် ဘယ်လောက်စဉ်းစားရမလဲဆိုတာ စာဖတ်သူပဲ စဉ်းစားကြည့်ပါ။ ၁၀ ယောက်လောက်စုပြီး ၀ယ်ဖတ်ရင် အဆင်ပြေမှာပေါ့လို့ ပြောမယ့်လူတွေ၊ အကြံပေးမယ့်လူတွေ ရှိမှာပါပဲ။ အဲဒီဆယ်ယောက်ဟာ ၀ါသနာ ၁၀ မျိုးဖြစ်နေရင် ဘယ်နှယ့်လုပ်ကြမတုန်း။ တစ်ယောက်က ဘောလုံး၊ တစ်ယောက်က အနုပညာ၊ တစ်ယောက်က ဈေးကွက်၊ တစ်ယောက်က နိုင်ငံရေး၊ တစ်ယောက်က သတင်းမှသတင်း၊ တစ်ယောက်က အလှအပ၊ တစ်ယောက်က နည်းပညာ၊ တစ်ယောက်က မှုခင်းသတင်း၊ တစ်ယောက်က ကျန်းမာရေး၊ ကဲ… မခက်ချေဘူးလား။ အဲဒါကြောင့်ပြောပါတယ်။ စာဖတ်တာကောင်းတယ်။ စာအုပ်တွေ၊ ဂျာနယ်တွေလည်း ကောင်းကြတယ်။ အဲ… ဈေးနှုန်းတွေလည်း ကောင်းကြတယ်လေ။ (ဒါတောင် ပိုက်ဆံရှိပေမယ့် ၀ယ်ဖတ်လို့မရတဲ့ နေရာတွေအကြောင်း မပြောသေးပါဘူး။)

စာကြည့်တိုက်တွေကို အားကိုးရမလား
အမေရိကန်သမ္မတကြီး လင်ကွန်းဟာ ဘယ်နှမိုင်ဝေးတဲ့ နေရာမှာရှိတဲ့ စာကြည့်တိုက်မှာ စာအုပ်တွေ သွားငှားဖတ်တယ်။ မြန်မာပြည်က အထင်ကရ စာရေးဆရာကြီးဟာ စာဖတ်ချင်လွန်းလို့ ဘယ်လိုအခက်အခဲတွေ၊ ဘယ်လိုဒုက္ခတွေကြားကနေ ခရီးအဝေးကြီးသွားပြီး စာဖတ်ခဲ့တယ်။ ဘယ်ပညာရှင်ကြီးဟာ သူ့ဘ၀ရဲ့ အချိန်အများစုကို စာကြည့်တိုက်ထဲမှာ မြှုပ်နှံထားခဲ့တယ် စသည်ဖြင့် ပြောကြ၊ ဆိုကြ၊ ထောက်ပြကြ၊ ရေးသားကြမယ့်သူတွေ ရှိပါလိမ့်မယ်။ ဟုတ်ကဲ့… သူတို့က သူတို့ပါခင်ဗျာ။ ဒီနေ့ခေတ်မှာ တစ်ပတ်လောက် အလုပ်မလုပ်ဘဲ စာကြည့်တိုက်ထဲမှာချည်း သွားထို်င်ပြီး စာဖတ်နေလို့ရှိရင် အဲဒီလူဟာ ပညာရှင်ကြီး၊ သူဌေးကြီး၊ နိုင်ငံ့ခေါင်းဆောင်ကြီး ဖြစ်မဖြစ်တော့ ကျွန်တော်မသိပါဘူး။ သေချာတာကတော့ တစ်ပတ်လောက် ဘာမှမစားဘဲ အာဟာရပြတ်ပြီး သေနိုင်တာပါပဲ။ ကျွန်တော်တို့ နိုင်ငံရယ်မှ မဟုတ်ပါဘူး။ ကမ္ဘာပေါ်က နိုင်ငံတိုင်းလိုလိုမှာ လူတိုင်းလူတိုင်းဟာ နေ့စဉ်လှုပ်ရှားရုန်းကန်ပြီး ဘ၀တိုက်ပွဲ ၀င်နေကြရတာပါ။ နေ့စဉ် အလုပ်မလုပ်တဲ့လူဟာ သူ့ဘ၀ရပ်တည်ချက်အတွက် ခက်ခဲစေတဲ့ အချိန်ကာလကြီးပါ။ ဒါဖြင့် ကျိကျိတက်ချမ်းသာတဲ့ သူဌေးကြီးတွေက စာဖတ်နိုင်တာပေါ့လို့ ပြောစရာရှိပါတယ်။ မထင်လိုက်ပါနဲ့၊ ကျားကြီးရင် ခြေရာလည်း ကြီးတယ်လေဗျာ။

စာကြည့်တိုက်နဲ့ လက်ဖက်ရည်ဆိုင် ဘယ်လိုကွာ
ကဲ… နည်းနည်းလေး ဆက်စပ်ကြည့်ရအောင်ဗျာ။ စာကြည့်တိုက်တွေမှာ အဖိုးတန်စာအုပ်တွေ၊ နေ့စဉ်ထုတ် သတင်းစာတွေ၊ အပတ်စဉ်ထုတ် သတင်းဂျာနယ်တွေ၊ လစဉ်ထုတ် မဂ္ဂဇင်းတွေ အခမဲ့ ဖတ်ရှုနိုင်တယ်။ ဒါပေမယ့် အဲဒီစာအုပ်တွေ၊ ဂျာနယ်တွေ၊ စာစောင်တွေကို ဖတ်ချင်တဲ့အခါ အဲဒီနေရာကို သီးသန့်သွားရတယ်။ မှတ်ပုံတင်ရတယ်။ ဟိုဖြည့်ဒီဖြည့်တွေ ဖြည့်ရတယ်။ တစ်ခါတလေမှာ ဟိုပေးဒီပေးတွေလည်း ပေးရတတ်ပါတယ်။ ပြီးတော့ ကျွန်တော်တို့ဆီက စာကြည့်တိုက်တွေဟာ သွားချင်စရာ မကောင်းပါဘူး။ ကျွန်တော်ဆိုလိုတာက ဘယ်လိုလူပဲဖြစ်ဖြစ် လက်ဖက်ရည်ဆိုင်မှာ လက်ဖက်ရည်ဝင်သောက်ဖို့၊ မသောက်ဘူးဆိုရင်တောင် ခဏ၀င်ထိုင်ပြီး ရေနွေးကြမ်းသောက်ဖို့၊ တစ်ဆိုင်လုံး လူပြည့်နေရင်တောင် စားပွဲဝိုင်းတစ်ခုခုရဲ့ နေရာလွတ်တစ်ခုခုမှာ ဒီနေရာမှာ ထိုင်ပါရစေနော်ဆိုပြီး ခွင့်တောင်းပြီး ၀င်ထိုင်ဖို့ ၀န်မလေးကြပါဘူး။ လက်ဖက်ရည်ဆိုင်ဆိုတာ လူတိုင်းအတွက် တံခါးဖွင့်ထားတဲ့နေရာတစ်ခုလို့ ခံယူထားကြတာကြောင့် ဖြစ်ပါတယ်။ အဲဒီဆိုင်မှာ ဘယ်သူတွေထိုင်နေလို့ မသွားရဲဘူး၊ ဘယ်လိုလူမျိုးတွေပဲ အဲဒီလက်ဖက်ရည်ဆိုင်မှာ ထိုင်တတ်ကြတာ စတဲ့ သိမ်ငယ်စိတ်တွေ မရှိတတ်ကြပါဘူး။ ခပ်လွယ်လွယ်ပြောရရင် လက်ဖက်ရည်ဆိုင်ဆိုတာ လူတိုင်းအတွက် တကယ့်ကို ပြောမနာဆိုမနာ ငယ်ပေါင်းရောင်းရင်း ဘော်ဒါကြီးလို့ ခံစားမှတ်ယူကြတာပါပဲ။

အဲ… စာကြည့်တိုက်တွေကျတော့ အဲဒီလို မဟုတ်ဘူးခင်ဗျ။ သွားချင်စရာကောင်းတဲ့ အချက်အလက်တွေ နည်းပါးနေတတ်တယ်။ အကြောင်းအချက် အမျိုးမျိုးနဲ့ တသီးတခြား ဖြစ်နေတတ်ပါတယ်။ လက်ဖက်ရည်ဆိုင်ရဲ့ အားသာချက်တွေကို ပြောခဲ့ပြီးဖြစ်တဲ့အတွက် ဆက်စပ်စဉ်းစားပြီး နားလည်ကြမယ်လို့ ယုံကြည်ပါတယ်။ အဲဒီလို ဆိုတဲ့အတွက် စာကြည့်တိုက်တွေကို စော်ကားတာ မဟုတ်ပါဘူး။ စာကြည့်တိုက်နဲ့ လက်ဖက်ရည်ဆိုင်ရဲ့ သဘောသဘာဝဟာ မတူကွဲပြားခြားနားတယ်ဆိုတာ ကျွန်တော်နားလည်ပါတယ်။ စာကြည့်တိုက်ဆိုတာ ဆိတ်ဆိတ်ငြိမ်ငြိမ်၊ အေးအေးချမ်းချမ်းနဲ့ စာဖတ်ရတဲ့နေရာ။ လက်ဖက်ရည်ဆိုင်ဆိုတာက အဲဒါနဲ့ ဆန့်ကျင်ဘက်။

ဆူညံလို့ စာဖတ်လို့မရတာမဟုတ်ဘူး၊ စာတကယ်မဖတ်လို့ ဆူညံနေတာ
ဒါပေမယ့် အဲဒီအယူအဆက တစ်သက်လုံး ကျွန်တော်တို့ ခံယူလာခဲ့တဲ့ အတွေးအခေါ်အဟောင်းကြီးပါ။ ကျွန်တော်ကတော့ အဲဒီအယူအဆကို ဆန့်ကျင်ပါတယ်။ စာကြည့်တိုက်ဆိုတာ ငြိမ်သက်ပြီး သရဲခြောက်မတတ် တိတ်ဆိတ်နေရမယ် ဆိုတဲ့အယူအဆကို လက်မခံပါ။ ဆိတ်ဆိတ်ငြိမ်ငြိမ်၊ အေးအေးဆေးဆေးမှ စာဖတ်လို့ရတယ်ဆိုတဲ့ အယူအဆကို ကျွန်တော်လက်မခံပါ။ ရထားတွေပေါ်မှာ၊ မြေအောက်ရထားတွေပေါ်မှာ၊ ဘတ်စ်ကားတွေပေါ်မှာ ခရီးသွားရင်း စာမဖတ်ကြဘူးလား၊ လက်ဖက်ရည်ဆိုင်မှာ စာမဖတ်ကြဘူးလား၊ ရှေ့တန်းစစ်မြေပြင်က ဗုံးသံတွေ၊ သေနတ်သံတွေကြားမှာ စာမဖတ်ကြဘူးလား။ ကျွန်တော့်အမြင်ကတော့ ဖတ်နေတဲ့စာထဲမှာ တကယ်ပဲ အာရုံဝင်စားနေတယ်ဆိုရင် အခြားသောအသံတွေဟာ အလိုလို အသံမဲ့နေပါလိမ့်မယ်။ ကိုယ့်ရဲ့စိတ်ကလေးက တစ်နေရာတည်းမှာ ရှိနေဖို့ပဲ လိုတာပါ။

ဒါဖြင့်ရင် စာဖတ်ခြင်းဟာ လက်ဖက်ရည်ဆိုင်လို နေရာမျိုးမှာလည်း လုပ်လို့ရတဲ့အလုပ်ပဲ။ စာဖတ်တာကို ဘယ်နေရာမှဖတ်မှ၊ ဘယ်လိုအနေအထားမှာဖတ်မှ၊ ဘယ်လိုအချိန်မှာဖတ်မှ စသည်ဖြင့် သတ်မှတ်မနေကြပါနဲ့။ အဲဒါတွေက အခွံအကာတွေသာ ဖြစ်ပါတယ်။ အနှစ်သာရက စာဖတ်ဖို့ပဲ ဖြစ်ပါတယ်။ ဘယ်နေရာမှာပဲဖတ်ဖတ် စာဖတ်ဖြစ်ဖို့ကသာ အဓိကပါ။

ကျွန်တော့်အတွေးတွေ
မြို့တိုင်းရွာတိုင်းမှာ တည်ထောင်ဖွင့်လှစ်ထားတဲ့ စာကြည့်တိုက်တွေကို လက်ဖက်ရည်ဆိုင်တွေနဲ့ တွဲဖွင့်ရင်ဖွင့်၊ ဒါမှမဟုတ် လက်ဖက်ရည်ဆိုင်တွေဘေးမှာ ဖွင့်လှစ်ရင် မကောင်းဘူးလား။ လက်ဖက်ရည်သောက်ရင်း သီချင်းနားထောင်မယ့်အစား စာကြည့်တိုက်က ဂျာနယ်တစ်စောင်ကို ဆွဲယူဖတ်ရှုနိုင်တာပေါ့။ ရသမျှအချိန်လေးမှာ ပညာရပ်ဆိုင်ရာ စာအုပ်တစ်ခုခုကို လေ့လာနိုင်တာပေါ့။ ငြင်းရင်းခုံရင်းနဲ့ ကိုးကားစရာလိုလာရင် ဘေးနားမှာပဲ အလွယ်တကူ ရှာဖွေပြောဆိုနိုင်တာပေါ့။ ကဲ… အဆင်မပြေဘူးလား။ လက်ဖက်ရည်ဆိုင်က တကယ့်ဘော်ဒါကြီး၊ စာကြည့်တိုက်ဆိုတာက ရတနာသိုက်၊ အဲဒီနှစ်ခု ပူးပေါင်းမိတဲ့အခါ အကျိုးမဖြစ်ထွန်းနိုင်ဘူးလား။
bookstea.gif

အကျိုးရှိမယ်ဆိုရင် ကိုယ့်ပေါင်က အသားကိုတောင် လှီးထုတ်ရတယ်
တစ်ခါတလေမှာ စည်းကမ်းတွေ၊ ဘောင်တွေကို လျစ်လျူရှုသင့်ရင် ရှုရမယ်လို့ ကျွန်တော်ထင်ပါတယ်။ စည်းပျက်ကမ်းပျက် ဖြစ်လို့ရတယ်လို့ ဆိုလိုတာမဟုတ်ပါ။ ဆိုပါတော့ လက်ဖက်ရည်ဆိုင်ဘေးမှာ စာကြည့်တိုက် ဖွင့်တဲ့အတွက် စာအုပ်တွေ ပေရေကုန်မှာ၊ စည်းကမ်းမရှိသူတွေကြောင့် ပျက်စီးပျောက်ဆုံးမှာ စတာစတာတွေကို စဉ်းစားနေမယ်ဆိုရင်တော့ ကျွန်တော့်အတွေးဟာ အလုပ်ဖြစ်မှာ မဟုတ်ပါဘူး။ ကျွန်တော်ကတော့ လူတိုင်းလူတိုင်း စာဖတ်ကြစေချင်တယ်။ ဖတ်လို့ရအောင်လည်း ဖန်တီးပေးကြစေချင်တယ်။ ၅၀၀ ကျပ်တန် ဂျာနယ်တစ်စောင် ပျက်စီးပျောက်ဆုံးသွားတာထက် လူတစ်ယောက်ဖြစ်စေ၊ နှစ်ယောက်ဖြစ်စေ အဲဒီဂျာနယ်က အသိအမြင်တစ်ခုခု၊ အကျိုးကျေးဇူးတစ်ခုခု ရလိုက်တာက ပိုပြီးကျေနပ်စရာကောင်းတယ်၊ တန်ဖိုးထားအပ်တယ်လို့ မြင်မိပါတယ်။ မဆီမဆိုင်လို့ ဆိုရမလားပဲ။ တွေးမိတာတစ်ခုက မျက်နှာအစားထိုး ကုသတဲ့အခါ၊ လက်အစားထိုး ကုသတဲ့အခါမျိုးတွေမှာ ပေါင်ကအသားကိုလှီးပြီး အစားထိုးကုသတာကို သတိရမိတယ်။

ကျွန်တော့်အိပ်မက်
နိဂုံးချုပ်ပါ့မယ်။ ကျွန်တော်တို့နိုင်ငံမှာ လက်ဖက်ရည်ဆိုင်တွေက စာကြည့်တိုက်ဆန်လာတဲ့အချိန်၊ ဒါမှမဟုတ် လက်ဖက်ရည်ဆိုင်နဲ့ စာကြည့်တိုက်တွေ တွဲဖွင့်နိုင်တဲ့အချိန်၊ ဒါမှမဟုတ် စာကြည့်တိုက်တွေက လက်ဖက်ရည်ဆိုင်ဆန်လာပြီး မွေ့လျော်ပျော်မွေ့ဖွယ် ကောင်းတဲ့နေရာတွေ ဖြစ်လာတဲ့အချိန်ဟာ မြန်မာနိုင်ငံအတွက် အဖိုးမဖြတ်နိုင်တဲ့ အကျိုးကျေးဇူးတွေ ဖြစ်ထွန်းလာမယ်လို့ ယုံကြည်နေမိကြောင်းပါခင်ဗျာ။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ်၊ အောက်တိုဘာလ ၁၉ ရက်၊ အင်္ဂါနေ့။
နေ့လည် ၃ နာရီ ၁၇ မိနစ်တွင်ပြီး၏။

 
Web Statistics