Monday, September 30, 2013

သူငယ်ချင်းတွေနဲ့ ဆွေးနွေးဖြစ်တာလေးတွေပါ (၁)


ဒေါ်အောင်ဆန်းစုကြည်က အခုနောက်ပိုင်း တည့်(ဒဲ့)တွေ ပြောလာတယ်နော်။ အဲဒါ မင်းအမြင် ဘယ်လိုရှိလဲ။

ဘယ်လိုမှ မရှိဘူး။ သူပြောတာတွေကို သူတာဝန်ယူဖို့ပဲ လိုတယ်။ ခက်တာက ငါတို့ဆီက မီဒီယာတွေကလည်း ဒေါ်အောင်ဆန်းစုကြည် ဘယ်လိုပြောတယ်သာ ရေးကြပြောကြတာ။ ဘယ်တုန်းက ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့တာကတော့ လက်ရှိအခြေအနေအရ မဖြစ်နိုင်ဘူး၊ ပကတိ အရှိတရားနဲ့ ကင်းကွာတယ်၊ ဘယ်တုန်းက ပြောခဲ့တာကတစ်မျိုး၊ အခုပြောတာက နောက်တစ်မျိုး ဖြစ်နေပြန်တယ် စသဖြင့် ဝေဖန်သုံးသပ် ရေးသားတင်ပြရဲတဲ့သူ မရှိသလောက် ဖြစ်နေတာပဲ။ တကယ်တမ်းကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဟာကွက်၊ ပျော့ကွက်၊ ရှော်ကွက်၊ ချော်ကွက်တွေကို မီဒီယာတွေ ကောင်းကောင်းသိတယ်။ ဒါပမေယ့် ဘယ်သူမှ မပြောကြဘူး။ ခေတ်ကာလ အခြေအနေက ဒေါ်စုကိုမထိနဲ့၊ ဒေါ်စုကိုထိရင် ဒီမိုကရေစီဘက်တော်သား မဟုတ်ဘူးလို့ ခံယူထားကြသူ များနေတာကိုး။ အဲဒီတော့ မီဒီယာတွေက စာဖတ်သူရဲ့ ၀ိုင်းကျဉ်တာကို မခံဘူး။ မသိချင်ယောင်ဆောင်ပြီး နှာစေးနေလိုက်ကြတယ်။ စီးပွားရေးဆန်တာပေါ့နော်။ စီးပွားရေးအရ ကြည့်မယ်ဆိုရင် ဒင်းတို့တွေ မှန်တယ်။ ဒါပေမယ့် လိပ်ခေါင်းထွက်အောင် အော်နေကြတဲ့ စတုတ္ထမဏ္ဍိုင်တို့၊ တည့်မတ်ပေးသူတို့၊ ထိန်းကျောင်းပေးသူတို့ စတဲ့စကားလုံးတွေ အတွက်ဆိုရင်တော့ မြန်မာ့ဂျာနယ် အများစုဟာ ဟိုးအောက်ဆုံးအဆင့်မှာပဲ ရှိတယ်။ ပြောချင်တာက ဒေါ်အောင်ဆန်းစုကြည်က သူဘာပြောပြော ဘယ်သူကမှ ဝေဖန်မယ့်သူ မရှိတဲ့အတွက် ပြောချင်ရာပြောတယ်။ အခုလိုပြောတာ သောက်ရမ်းနေရင်း အမုန်းစိတ်နဲ့ ပြောနေတာမဟုတ်ဘူး။ ဒေါ်စုပြောသမျှ အကုန်လုံး မဟုတ်ပေမယ့် ရတတ်သမျှကို နားထောင်တယ်၊ သိမ်းထားတယ်။ အဲဒီအတွေ့အကြုံအရ ပြောပြတာ။ ဒေါ်စုမိန့်ခွန်းများဆိုပြီး ဘော်ချက်တဲ့စာအုပ်ကိုလည်း ၀ယ်ထားလိုက်တာပဲ။ တမင်ကို အကိုးအကားဖြစ်အောင် ၀ယ်ထားတာ။ အကျယ်ချုပ်က လွတ်လွတ်ချင်း ပြောတဲ့ပုံစံတွေ၊ ကြားဖြတ်ရွေးကောက်ပွဲ အကြိုကာလမှာ အမြှုပ်ထွက်အောင် ပြောခဲ့တဲ့ စကားလုံးတွေ၊ လွှတ်တော်ထဲကို ရောက်ကာစက ပြောခဲ့တဲ့ အထာတွေ၊ တရားဥပဒေစိုးမိုးရေးကော်မတီမှာ ဥက္ကဋ္ဌဖြစ်တော့ ဟိုပြောဒီပြော ပြောခဲ့တာတွေ၊ အခုနောက်ပိုင်း နိုင်ငံတကာလှည့်ပြီး သူ့ပါတီအတွက်၊ သူ့အတွက် ပိုက်ဆံလိုက်ယူတော့ လူရှေ့သူရှေ့တွေမှာ ပြောခဲ့တာတွေ စတာစတာတွေကို နားထောင်ပြီး၊ ဖတ်ရှုပြီးမှ ကျွန်တော့်ရဲ့ မှတ်ချက်စကားကို ပြောတာ။ ခင်ဗျားမယုံရင် စောင့်သာကြည့်၊ ဒေါ်စုကို တွယ်တဲ့နေ့ ရောက်လာဦးမှာပဲ။ အဲဒီအချိန်ကျရင် မြန်မာမီဒီယာတွေ ဒေါ်စုအကြောင်းကို ဘယ်လိုရေးကြမလဲဆိုတာ။ မေးခွန်းကို တည့်တည့်ဖြေရရင် ဒေါ်စုက အခုအချိန်မှာ လုပ်နိုင်တာဆိုလို့ စကားပြောတာပဲ ရှိတာကိုး။ အဲဒီတော့ ပြောချင်ရာ ပြောပါစေ။ လွှတ်ထားလိုက်ပါကွာ။ ထင်သာမြင်သာတဲ့ ဥပမာတစ်ခု ပေးရမယ်ဆိုရင်တော့ ဒေါ်စုခရေဇီတွေ၊ ဒေါ်စုဂုဏောတွေတောင် ငါတို့လောက် ဒေါ်စုမိန့်ခွန်းတွေကို နားမထောင်ဖူးဘူးကွ။ ကြိုက်ကြေးသာလောင်းကွာ။ အကုန်လုံးကို မပြောပါဘူး။ ကျွန်တော်က ဒေါ်စုမှဒေါ်စုဆိုတဲ့ ရဲရဲတောက် ၁၀ ယောက် ခေါ်လာခဲ့။ ၈ ယောက်က ဒေါ်စုမိန့်ခွန်းတွေပြောတာ ဘယ်နှခုရှိမှန်းတောင် သိမှာမဟုတ်ဘူး။ စိတ်သာချ။ ဒေါ်စုကို လူတွေက အဲဒီလိုချစ်ကြတာကွ။ အဲဒါကို ဒေါ်စုက သဘောကျနေရင်တော့လည်း ရှိပါစေကွာ။ :D

ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကိစ္စ အတော်လေးကို အသံထွက်လာတာ တွေ့ရတယ်နော်။ ဘယ်လိုမြင်လဲကွ။

အမှန်အတိုင်း ပြောရရင် သိပ်သဘောမကျဘူး။ အခုလုပ်နေတာက တကယ်ရော ငြိမ်းချမ်းရေးရမှာလား။ အခုလုပ်နေတဲ့ လူတွေရဲ့ ငြိမ်းချမ်းရေးဆိုတဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်က ဘာလဲ။ အဲဒါက အရေးကြီးတယ်။ ငါဆိုလိုတာကကွာ... ကချင်ပြည်နယ်အတွက် ငြိမ်းချမ်းရေး လက်မှတ်ထိုးတယ်ဆိုပါတော့။ ကချင်ဒေသမှာ ဘယ်လိုအခြေအနေတွေ ဖြစ်ပေါ်လာတာကို ငြိမ်းချမ်းတယ်လို့ ခေါ်ဆိုအဓိပ္ပါယ်ဖွင့်မှာလဲ။ အစိုးရကျောင်းတွေ နေရာတိုင်းမှာ ဖွင့်လှစ်နိုင်တာ၊ ကလေးတိုင်း သူ့ဒေသအလိုက် ကျောင်းတက်နိုင်တာ၊ မည်သူမဆို ကချင်ပြည်နယ်အတွင်း လွတ်လွတ်လပ်လပ် အေးအေးချမ်းချမ်း သွားလာနိုင်တာ၊ ကချင်ပြည်နယ်မှာ လက်နက်ကိုင်တပ်ဆိုလို့ တပ်မတော်တစ်ခုတည်းပဲ ရှိတော့တာ၊ စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်ဖို့အတွက် ဆက်ကြေးတို့၊ လိုင်းကြေးတို့ ပေးစရာမလိုတော့ဘဲ သာမန်လုပ်နေကျ လုပ်ထုံးလုပ်နည်းအတိုင်း ဆောင်ရွက်နိုင်တာ၊ စတာတွေဆိုရင်တော့ အကျိုးရှိတယ်။ ဒီအစိုးရလက်ထက်မှာ လုပ်ဆောင်ချက်တစ်ခုခု အနေနဲ့ ပြချင်တာဆိုရင်တော့ နည်းနည်းအန္တရာယ်များတယ်။ ကျွန်တော့်စိတ်ထဲမယ် တိုင်းရင်းသားလက်နက်ကိုင် သူပုန်တွေအားလုံး KNU လို ရိုးသားမှု၊ စိတ်ပြတ်မှု မရှိကြရင် မငြိမ်းချမ်းနိုင်သေးဘူးလို့ မြင်မိပါတယ်။ တစ်ခုဖြတ်ပြောချင်တာက ဦးအောင်မင်းတို့ကို လက်နက်ကိုင်တွေနဲ့ အရင်မဆွေးနွေးဘဲ တပ်မတော်နဲ့ အရင်ဆွေးနွေးစေချင်တယ်။ မဟုတ်ရင် သူတို့က စကားတွေလွန်ပြီး တကယ်တမ်း အောက်ခြေမှာ ထိပ်တိုက်ရင်ဆိုင်နေရတဲ့ တပ်မတော်အတွက်ကျတော့ အခက်အခဲတွေ ဖြစ်လာနိုင်တယ်။ တစ်ဘက်က လက်နက်ကိုင်တွေအတွက်လည်း အဲဒီလိုပဲ။

သူငယ်ချင်းတွေ မေးတာတွေထဲက အချို့ကို အချိန်ရသလောက် ပြန်ရေးလိုက်တာပါ။ နောက်ထပ် ဆွေးနွေးထားတာလေးတွေကို အချိန်ရရင် ရေးတင်ပါ့မယ်။ စိတ်ဝင်တစားရှိကြတဲ့ သူငယ်ချင်းတွေအတွက် ၀မ်းမြောက်ဂုဏ်ယူရပါတယ်။ မြန်မာ့နိုင်ငံရေးကို မြန်မာတွေစိတ်ဝင်စားတာ ကြိုဆိုရမယ့် ကိစ္စရပ်ပါ။ အချို့သူငယ်ချင်းတွေ ကျွန်တော့်ထက် အဆပေါင်းများစွာ နိုင်ငံရေးအမြင် ကျယ်ကြတယ်၊ အသိပညာတွေ ရှိကြတယ်၊ ဒါပေမယ့် သူတို့စာမရေးကြဘူး။ ကျွန်တော်တိုက်တွန်းပေမယ့် သူတို့ဆီက ပြန်ကြားရတာ တစ်ခွန်းပဲ။ စာမရေးတတ်ဘူးကွတဲ့။ မတောက်တခေါက် ဟိုမရောက် ဒီမရောက် ကျွန်တော်က ဟိုရေးဒီရေး ရေးနေတာဟာ အန္တရာယ်များတယ်။ သူတို့ကို ရေးစေချင်တယ်။ ရေးကြပါ၊ ဆွေးနွေးကြပါ။ ဝေမျှကြပါ။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၃ ခုနှစ် စက်တင်ဘာလ ၃၀ ရက်၊ တနင်္လာနေ့။
ည ၈ နာရီ ၅၈ မိနစ်တွင်ပြီး၏။

Thursday, September 26, 2013

လျှပ်တစ်ပြက် ရန်ကုန်


(က)
ရန်ကုန်လို့ ပြောလိုက်တာနဲ့ အားလုံးက နှာခေါင်းရှုံ့သွားကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ ယာဉ်ကြောပိတ်ဆို့မှုနဲ့ မိုးတွင်းကာလ အခက်အခဲတွေကြောင့်ပါ။ ကျန်တာတွေကို ကျွန်တော်သေသေချာချာ မသိသလို၊ ပြောလည်းမပြောချင်ပါဘူး။ ကိုယ်တွေ့ကြုံရတဲ့ အခက်အခဲ တစ်ခုကတော့ ချိန်းဆိုထားတဲ့ နေရာတွေကို အချိန်မီ ရောက်ဖို့အတွက် ၂ နာရီလောက် ကြိုတင်ပြီး ထွက်နေရတာပါပဲ။ အချိန် ၂ နာရီဆိုတာ အမှန်တကယ် အလုပ်လုပ်မယ်ဆိုရင် ဘယ်လောက်အဖိုးတန်သလဲဆိုတာ အားလုံးအသိပါ။ အခုတော့ အဲဒီအချိန်တွေကို လမ်းတွေပေါ်မှာ၊ တက္ကစီတွေပေါ်မှာ၊ ဘတ်(စ်)ကားတွေပေါ်မှာ၊ ဖယ်ရီတွေပေါ်မှာ အလဟဿ ဖြုန်းတီးပစ်လိုက်ကြရတယ်။ ရန်ကုန်မှာ နေထိုင်လုပ်ကိုင် ရှင်သန်ရပ်တည် နေကြသူတွေဟာ နေ့စဉ်နဲ့အမျှ ယာဉ်ကြောပိတ်ဆို့မှု ပြဿနာတွေကြားမှာ အချိန်တွေ၊ စိတ်ရှည်မှုတွေ၊ သည်းခံမှုတွေ၊ နားလည်မှုတွေကို စတေးပစ်နေကြရတာ အင်မတန်မှကို နှမြောဖို့ကောင်းလှပါတယ်။

(ခ)
ဘတ်(စ်)ကားစီးဖို့ ဘယ်လိုမှကို သတ္တိမွေးလို့ မရတဲ့အတွက် တက္ကစီငှားစီးပြီး MICT ထဲကို သွားခဲ့ပါတယ်။ အဲဒီနေရာကို မရောက်ခင် ဖြတ်သန်းခဲ့ရတဲ့ လမ်းကွေ့တစ်နေရာကို ကျွန်တော်ဖြင့် အခုစာရိုက်နေရင်းနဲ့ ပြန်မြင်ယောင်နေမိတယ်။ အိမ်စီး၊ တက္ကစီ၊ ဖယ်ရီ စသဖြင့် ကားအမျိုးမျိုး အထွေထွေဟာ လှေငယ်လေးတွေအလား ရေပြင်ကျယ်ကြီးထဲမှာ ကူးခတ်ခုတ်မောင်းနေကြတာ၊ ရုံးသွားတာ ဖြစ်ပုံရတဲ့ အမျိုးသား၊ အမျိုးသမီးအချို့ဟာ ထီးလေးတွေဆောင်း၊ ထမင်းချိုင့်လေးတွေမပြီး သူတို့ပေါင်လယ်လောက်ရှိတဲ့ ရေပြင်ကျယ်ကြီးကို တစ်စက်ကလေးမျှ ဂရုမစိုက်ဘဲ ဖြတ်သွားနေကြတာကို မြင်ခဲ့ရတာ ကျွန်တော်ဖြင့် အံ့သြလွန်းလို့ တွေ့တဲ့လူတိုင်း၊ ကြုံတဲ့လူတိုင်းကို ပြန်ပြောဖြစ်ပါတယ်။ ခက်တာက ရန်ကုန်မှာ ဘယ်သူကမျှ ကျွန်တော်ပြောတာကို အထူးအဆန်း မဖြစ်ကြဘူး။ သူတို့ရဲ့ နေ့စဉ်လူနေမှုဘ၀မှာ ဒီလိုအရာတွေဟာ ဘာမျှမဆန်းတော့တဲ့ သာမန်ကိစ္စရပ်လေးတွေ ဖြစ်ကုန်ကြတယ်။ မြို့ရောက်တဲ့ တောသားကျွန်တော်က အဲဒီရေထဲကနေ ကားဖြတ်တော့ လန့်ဖြန့်ပြီး ခြေထောက်ကလေးကို ကြွလိုက်မိတယ်။ တက္ကစီမောင်းတဲ့လူက အကင်းပါးတယ်။ ရေမ၀င်ပါဘူးဆရာ တဲ့။ ပြတင်းပေါက်ကနေ ခေါင်းထွက်ကြည့်လိုက်တော့ ရေတွေက ကားတစ်ဝက်လောက်မှာ ဘောင်ဘင်ခတ်လို့။

(ဂ)
ကျွန်တော်သာ ရန်ကုန်တိုင်းဒေသကြီး အစိုးရဆိုရင် ကျန်တာတွေကို လုပ်တာမလုပ်တာ အပထား။ အရင်ဦးဆုံး ယာဉ်ကြောပိတ်ဆို့မှု ပြဿနာနဲ့ မိုးနည်းနည်းရွာတာနဲ့ ရန်ကုန်မြို့ကြီး ရေထဲမျောတဲ့ ကိစ္စရပ်ကို ဖြေရှင်းမိမှာ အမှန်ပဲ။ ဘာမှ ထွေထွေထူးထူး စည်းရုံးစရာမလိုပါဘူး။ ရန်ကုန်မြို့ကြီးကို မိုးရွာရင် ရေလုံးဝမမြုပ်အောင်၊ ဘယ်မီးပွိုင့်ကိုမျှ ယာဉ်ကြောပိတ်ဆို့မှု ၃မိနစ်ထက်ပိုပြီး မကြာစေရအောင် ဆောင်ရွက်မှာပါပဲ။ အော်... လက်တွေ့မဟုတ်ဘူးနော်၊ ကျွန်တော် စိတ်ကူးမိတာလေးတွေ ပြောတာပါ။ လက်တွေ့လုပ်နေသူတွေက ဒါတွေမသိဘဲ နေမှာမဟုတ်ပါဘူး။ မသိချင်ယောင် ဆောင်တာလည်း မဖြစ်နိုင်ပါဘူး။ အကြောင်းတစ်ခုခု ရှိလို့ဖြစ်မယ်ထင်ပါတယ်။

(ဃ)
ရန်ကုန်မှာ အခုအချိန်အထိ ကျွန်တော်နဲ့ သဟဇာတ မဖြစ်တာက ဈေးဝယ်ရတာပါပဲ။ အရောင်းစာရေးမတွေကို ဆိုင်ရှင်တွေ၊ မန်နေဂျာတွေက ဘယ်လိုများ လေ့ကျင့်ပေးထားလဲ မသိပါဘူး။ ဆိုင်ခန်းထဲကို ၀င်လိုက်တာနဲ့ သူတို့မျက်စိထဲမှာ ဈေးဝယ်လို့ မြင်ပုံမရဘူး။ အလစ်သမားတွေပဲ ၀င်လာသလိုလို၊ အကြမ်းဖက်သမားတွေပဲ ရောက်လာသလိုလို မျက်နှာပေးတွေနဲ့ ဟိုဟာမေးလည်း မဖြေချင်၊ ဒီဟာမေးလည်း နှာခေါင်းရှုံ့နဲ့ ကိုယ့်ဘာသာကိုယ်တောင် သံသယဖြစ်မိတဲ့ အထိပါပဲ။ ဆိုင်ရှင် သို့မဟုတ် မန်နေဂျာများ ရှိလို့ကတော့ ၀င်လာတဲ့ဈေးသည်ကို ထန်းလျက်ခဲလို ၀ိုင်းလျှက်ကြတာပါပဲ။ တစ်ခုခုကို ကိုင်လိုက်တိုင်း ဈေးနှုန်းအရင်စပြောတာဟာ ရန်ကုန်စတိုလ်ပဲ ထင်ပါရဲ့ဗျာ။ အဲဒီလို ပြောလိုက်တော့လည်း ကိုယ်မ၀ယ်နိုင်တဲ့ ဈေးနှုန်းဆိုရင် ကိုင်ကြည့်မနေနဲ့လို့ သွယ်ဝိုက်ပြီး သတိပေးပြီးသား ဖြစ်တာပေါ့။ မယ်မင်းကြီးမများ ကျန်းမာချမ်းသာကြပါစေ။

(င)
မြင်တွေ့ရသမျှ လူအားလုံးဟာ စိတ်ပျက်အားငယ်မှုကို မြိုသိပ်ပြီး ဘ၀ရည်မှန်းချက်တွေအတွက် သူတို့ရဲ့ စိတ်ခံစားချက်တွေကို လမ်းခင်းထားကြပုံ ရပါတယ်။ ဘယ်လောက်ပဲ အခက်အခဲတွေ ရှိနေပါစေ... အားလုံးဟာ ရန်ကုန်မြေကို မက်မောတွယ်တာ နေကြတုန်းပါပဲ။ ရန်ကုန်ဟာ အားလုံးအတွက် စိန်ခေါ်မှုတွေ၊ အခွင့်အလမ်းတွေကို တစ်ပွေ့တစ်ဝိုက်ကြီးနဲ့ အမြဲရင်ဖွင့်ထားဆဲ ဖြစ်နေပုံရပါတယ်။

ရန်ကုန် ကျန်းမာပါစေ...
ရန်ကုန် သန့်ရှင်းပါစေ....
ရန်ကုန် ဘေးကင်းပါစေ....
ရန်ကုန် ရန်ကင်းပါစေ....
ရန်ကုန် မေတ္တာလွှမ်းခြုံနိုင်ပါစေ....။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၃ ခုနှစ်၊ စက်တင်ဘာလ ၂၆ ရက်၊ ကြာသပတေးနေ့။
နံနက် ၁ နာရီ ၅၄ မိနစ်တွင်ပြီး၏။

Thursday, September 19, 2013

ကျွန်တော်ကြိုက်သော ပုံပြင်များ (၂၃)


မြေခွေး

ဟိုးတစ်ခါတုန်းက အိန္ဒိယအဘိုးအိုတစ်ဦးဟာ သူ့မြေးလေးကို ဘ၀သစ္စာတရားအကြောင်း အခုလို ပြောပြသတဲ့။

"လူတိုင်းရဲ့ အတွင်းစိတ်ထဲမှာ ဆန့်ကျင်ဘက် အားနှစ်ခု အမြဲတမ်း အားပြိုင်နေကြတယ်။ မြေခွေးနှစ်ကောင် အားပြိုင်တာနဲ့ အင်မတန်တူတယ်။ မြေခွေးတစ်ကောင်က အဆိုးတရားကို ကိုယ်စားပြုတယ်။ မနာလိုဝန်တိုမှု၊ အားကျမခံလိုမှု၊ တစ်ကိုယ်ကောင်းဆန်မှု၊ မျှော်မှန်းချက်ကြီးမှု၊ လိမ်ညာလှည့်ဖြားမှု တို့ကိုဖော်ဆောင်တယ်။ နောက်တစ်ကောင်က ကောင်းမြတ်ခြင်းတရားကို ကိုယ်စားပြုတယ်။ ငြိမ်းချမ်းရေး၊ အပြန်အလှန် မေတ္တာထားရေးကို ကြွေးကြော်တယ်။ စိတ်ထားကောင်းတယ်၊ စိတ်ပျက် အားငယ်တတ်ခြင်း အလျဉ်းမရှိဘူး။ သစ္စာနဲ့ အမှန်တရားတို့ကို ချစ်မြတ်နိုးတယ်"

အဘိုးရဲ့စကားဟာ မြေးကလေးရဲ့ အသည်းထဲရင်ထဲကို သံမှိုစွဲသလို စိမ့်ဝင်သွားတယ်။ နောက် စဉ်းစားရင်းက မေးခွန်းတစ်ခု မေးတယ်။

"အဆုံးကျတော့ ဘယ်မြေခွေး အနိုင်ရသလဲ အဘိုး"

အဘိုးရဲ့ မျက်နှာပေါ်မှာ အပြုံးပေါ်လာတယ်။ မြေးကို သူပြောတယ်။

"မင်း အစာပိုကျွေးတဲ့မြေခွေး အမြဲတမ်း အနိုင်ရတယ်" တဲ့။

[မောင်ကောင်းထိုက်-နှီးပဒေါ၊ ငရဲတံခါး၊ နိဗ္ဗာန်တံခါးနှင့် အခြားဇာတ်လမ်းများ စာအုပ်မှ]

Wednesday, September 18, 2013

ဆရာကျော်ဝင်းအင်တာဗျူး၊ ဝေဖန်သံများ၊ ကျွန်တော့်အတွေးများ


ကျွန်တော့်မှာ ပြောစရာ ၃ ခု ရှိပါတယ်။ စိတ်ထဲမယ် သိပ်ပြီးတော့ အစာမကျေတဲ့အတွက် ဒေါသသံတွေ စွက်နေခဲ့မယ်ဆိုရင် ကြိုပြီးတော့ တောင်းပန်လိုက်ပါတယ်။ အတတ်နိုင်ဆုံးတော့ စိတ်ခံစားချက်ကို ချုပ်တီးပြီး ရေးသားပါ့မယ်။ ပြောချင်တဲ့ အကြောင်းအရာတွေကတော့ -
(၁) ဆရာကျော်ဝင်း အင်တာဗျူးကိစ္စ
(၂) ဆရာကျော်ဝင်းကို ဝေဖန်ကြတဲ့ကိစ္စ
(၃) လက်ရှိနိုင်ငံရေးနှင့်တပ်မတော်ဆက်နွှယ်မှုကိစ္စ

အခုပထမဆုံးအနေနဲ့ ဆရာကျော်ဝင်းရဲ့ အင်တာဗျူးနဲ့ ပတ်သက်တဲ့အကြောင်းကို ပြောချင်ပါတယ်။ အများကြီး မပြောချင်ပါဘူး။ လိုရင်းကို တည့်တည့်ပဲ မသွယ်မ၀ိုက် ပြောရမယ်ဆိုရင် အရမ်းကြိုက်တယ်။ မေးတဲ့လူရော၊ ဖြေတဲ့လူရော သိပ်ပြီးတော့ သဘောကျဖို့ကောင်းတယ်ဗျာ။ အဆိုတော် ရဲရင့်အောင်ရဲ့ သီချင်းစာသား တစ်ပိုင်းတစ်စကို အစားထိုးပြောင်းလဲပြီး ပြောရမယ်ဆိုရင်တော့ နင် မသိဘူး ကြိုက်လွန်းလို့သေနိုင်တယ် ပေါ့ဗျာ။ ပြည်သူ့ခေတ်ဂျာနယ်မှာ ဆရာကောင်းဆက်နိုင် အမြဲပုံမှန် ရေးလေ့ရှိတဲ့ ခေါင်းစဉ်ကို ငှားပြောရမယ်ဆိုရင်တော့ အံ့သြလွန်းလို့ သေတော့မယ် ပေါ့ဗျာ။ ဒီလောက် ပညာရှင်ဆန်တဲ့ အဖြေကိုမှ သဘောမကျရင် ကျွန်တော်က ဘယ်လိုအဖြေကို သဘောကျရမလဲဗျ။ လက်ရှိမြန်မာ့နိုင်ငံရေးနဲ့ပတ်သက်ပြီး မှတ်ချက်ပြု ဝေဖန်ကြတဲ့ အဖြေအားလုံးထဲမှာ အခု ဆရာကျော်ဝင်း ဖြေတဲ့အဖြေကို အကြိုက်ဆုံးပဲ။ ဘယ်နိုင်ငံခြားသား ပညာရှင်ပြောတာမှ ဆရာကျော်ဝင်းရဲ့ အဖြေလောက် လက်တွေ့နဲ့ မနီးစပ်ဘူး။ မကြိုက်တဲ့လူတွေ များကောင်းများနိုင်ပေမယ့် ပြောစရာရှိတာ ပြောရမယ်ဆိုရင် လက်ရှိ မြန်မာ့နိုင်ငံရေးမှာ ၀င်ရောက်လှုပ်ရှားနေကြတဲ့ နိုင်ငံရေးပလေယာ (သမ္မတ၊ လွှတ်တော်ဥက္ကဋ္ဌ၊ လွှတ်တော်အမတ်၊ အတိုက်အခံ၊ ပြင်ပအဖွဲ့အစည်း၊ စာရေးဆရာ စသည်) တွေထဲက ဒီလောက် ပညာရှင်ဆန်တဲ့အဖြေကို ဖြေနိုင်တဲ့လူ အခုထိ ကျွန်တော် မတွေ့မိသေးဘူး။ အချို့အကြောင်းအရာတွေမှာ တစ်ခုကောင်း ဖြေကြတာကိုတော့ ဖတ်မိတာတွေ၊ နားထောင်မိတာတွေ ရှိပါတယ်။ ကျွန်တော် လေ့လာမှု အားနည်းတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ကဲပါလေ... ကျွန်တော်လို မြင်းထိန်းငတာက ဆရာကျော်ဝင်းကို အတင်းအဓမ္မ လော်ဘီလုပ်သလို၊ မတန်မရာ ချီးကျူးနေသလို ဖြစ်နေပါဦးမယ်။ ပြောချင်တဲ့လိုရင်းက ဆရာကျော်ဝင်းရဲ့ အင်တာဗျူးကို အရမ်းကြိုက်တယ်။
ဒီနေရာမှာ တင်ပေးထားပါတယ်။

ဒုတိယတစ်ပိုင်း ပြောချင်တာက ဆရာကျော်ဝင်းကို ရစရာမရှိအောင် ဝေဖန်ကြတဲ့ ကိစ္စပါပဲ။ အခုပြောနေတဲ့ အင်တာဗျူးနဲ့ ပတ်သက်ပြီး အင်တာနက်ပေါ်မှာ ဆရာကျော်ဝင်းကို ဆော်ကြနှက်ကြတာတွေက အံ့သြစရာတောင် ကောင်းပါသေးတော့တယ်။ ဒီနေ့ အခြေအနေတွေ ဖြစ်လာအောင် ဆရာကျော်ဝင်း လုပ်ထားတာ မဟုတ်ဘူးလေ။ ပြည်သူတွေ အဆင်မပြေဖြစ်တာ၊ အုပ်ချုပ်ရေးပိုင်းနဲ့ ဥပဒေပြုရေးအပိုင်း ပါဝါအားပြိုင်နေတာ ဆရာကျော်ဝင်း မြှောက်ပေးနေတာ မဟုတ်ဘူးလေ။ တပ်မတော်နဲ့ လက်နက်ကိုင် သူပုန်တွေအကြား ငြိမ်းချမ်းရေးမရအောင် ကြားကနေ သွေးထိုးမြှောက်ပင့်နေတာ ဆရာကျော်ဝင်း မဟုတ်ဘူးလေ။ လက်ရှိ မြန်မာ့နိုင်ငံရေးနဲ့ ပတ်သက်ပြီး ဆရာကျော်ဝင်းရဲ့ အမြင်ကို သိချင်တဲ့အတွက် ဆရာကျော်ဝင်းကလည်း သူမြင်တဲ့အတိုင်း ဖြေကြားတာကို ဘာဖြစ်လို့လား သမိုင်းတရားခံလိုမျိုး ရန်ရှာအပြစ်တင်နေကြတယ်ဆိုတာ ကျွန်တော်ဖြင့် စဉ်းစားလို့ကို မရဘူး။ အခု ဆရာကျော်ဝင်း ဖြေခဲ့တဲ့ အဖြေတွေထဲမှာ မကျေနပ်တဲ့ အဖြေ တစ်စုံတစ်ရာ ပါခဲ့တယ်ဆိုရင် အဲဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး ပိုပြီးတော့ အမှန်နဲ့နီးစပ်မယ်ထင်တဲ့ အဖြေရှိတယ်ဆိုရင် ပြောကြရေးကြပေါ့ဗျာ။ ဒီနေ့ခေတ်လောက် ကိုယ့်အမြင်၊ ကိုယ့်အတွေးကို လွတ်လပ်စွာ ဖော်ထုတ်ခွင့်၊ ရေးသားခွင့်ရှိခဲ့တာ မြန်မာ့သမိုင်းမှာ ရှိမှရှိခဲ့ရဲ့လားတောင် မသိပါဘူးဗျာ။ ဆရာကျော်ဝင်းက မဟုတ်တမ်းတရား အမှန်တရားနဲ့ ဖီလာဆန့်ကျင် ပြောနေတယ်ဆိုရင်တော့ တစ်မျိုးပေါ့ဗျာ။ ကျွန်တော်ကိုယ်တိုင် အခြားလူတွေနဲ့အတူ ချဲမယ်၊ ဆဲမယ်၊ ဖြဲမယ်၊ ဆွဲမယ်ဗျာ။ အခုတော့ သူများရေးတဲ့ တစ်ပိုင်းတစ်စ စကားလေးကို ကောက်နုတ်ပြီးတော့ ဆရာကျော်ဝင်းကို အပြစ်တော်မြင်ပြီး အဆဲတော်မ၀င်ကြပါနဲ့။ အင်တာဗျူးကို အစအဆုံးတစ်ခေါက် အရင်ဖတ်ကြပါ။ ပြီးမှ ဝေဖန်ကြပါ။ ဆရာကျော်ဝင်း ပြောသမျှကို အမှန်လို့ လက်ခံရမယ်လို့ မဆိုလိုပါဘူး။ ဒါပေမယ့် သေသေချာချာဖတ်ရင် ဆရာကျော်ဝင်းရဲ့ ပညာရှင်အမြင်နဲ့ စေတနာကို အထင်းသားမြင်နိုင်ပါတယ်။ ဆရာကျော်ဝင်း ဖြေထားတာတွေထဲက တစ်ပိုင်းတစ်စ စကားလုံးလေးတွေကိုထုတ်ပြီး မတန်တဆ ဝေဖန်နေကြသူတွေကိုတော့ ကျွန်တော်ကိုဉာဏ်ရဲ့ ခွေးရေပုရပိုက်မှာ မှတ်တမ်းတင်ထားလိုက်ကြောင်းပါ။

ဒီပို့စ်မှာ တတိယအပိုင်းနဲ့ နောက်ဆုံးပြောချင်တဲ့ အကြောင်းအရာအဖြစ် တပ်မတော်အပေါ် နားလည်မှုကိစ္စကို ကျွန်တော်ဆွေးနွေးလိုပါတယ်။ ဒီအင်တာဗျူးမှာ ဆရာကျော်ဝင်း ဖြေဆိုသမျှထဲက ကျွန်တော်အကြိုက်ဆုံး အဖြေတွေထဲမှာ တပ်မတော်နဲ့ပတ်သက်ပြီး ဖြေတဲ့အဖြေလည်း တစ်ခုအပါအ၀င် ဖြစ်ပါတယ်။ အပြောခံရတဲ့ တပ်မတော်ဘက်ကရော၊ တပ်မတော်နဲ့ ပတ်သက်လုပ်ကိုင်နေရတဲ့ နိုင်ငံရေးသမားတွေအတွက်ပါ လိုလားကြည်ဖြူနိုင်မယ့် စကားလုံးကို ဆရာကျော်ဝင်း ရွေးချယ်သုံးစွဲသွားတာကို သတိထားကြည့်စေလိုပါတယ်။ ပြောရမယ်ဆိုရင် ဆရာကျော်ဝင်းရဲ့ အဖြေထဲမှာ တပ်မတော်ဘက်က နာမယ်ဆိုရင်တောင် နာလို့ရတဲ့ အဖြေအချို့ ပါဝင်ပါတယ်။ ဒါပေမယ့် တပ်မတော်နဲ့ ပတ်သက်ဆက်နွှယ် နေသူတွေဘက်က တစ်စုံတစ်ရာ တုံ့ပြန်မှု ကြီးကြီးမားမား မရှိတာကလည်း အံ့သြစရာပါပဲ။ လင်းလင်းရဲ့ အိပ်မက်ထဲကစစ်သားကြီးကို ဆတ်ဆတ်ထိမခံ ဖြစ်ခဲ့ကြသူတွေက ဆရာကျော်ဝင်းရဲ့ မှတ်ချက်အပေါ် တစ်စုံတစ်ရာ ကန့်ကွက်ပြောဆိုမှု မကြားရတာဟာ ကျွန်တော့်အတွက်တော့ အမှန်ကို ထူးဆန်းမှုပါပဲ။ မြန်မာပြည်သူတွေရဲ့ တပ်မတော်အပေါ် အမြင်တွေဟာ ပြည့်စုံမှု မရှိဘူးလို့ ကျွန်တော်သုံးသပ်မိပါတယ်။ ကြုံတွေ့ခံစားခဲ့ရတဲ့ ဆိုးရွားတဲ့ အတွေ့အကြုံ၊ မီဒီယာတွေရဲ့ သရုပ်ဖော်တင်ပြပုံ၊ နိုင်ငံရေးသမားတွေရဲ့ အပြစ်ပုံချဝေဖန်မှုတွေကြောင့် တပ်မတော်ဆိုရင် မုန်းတီးရမယ်၊ တပ်မတော်ဆိုတာ အနိုင်ကျင့်တတ်တဲ့ အဖွဲ့အစည်း၊ တပ်မတော်ဆိုတာ အာဏာလိုချင်သူတွေ စတဲ့ခံယူချက်တွေဟာ မြန်မာပြည်သူ အချို့မှာ တူညီစွာပဲ တည်ရှိနေတာကို တွေ့ရပါတယ်။ တပ်မတော်ကို ခုတုံးလုပ်ပြီး ကိုယ်ကျိုးရှာခဲ့သူတွေ ရှိခဲ့တာ အသေအချာပါပဲ။ တပ်မတော်ကို အသုံးချပြီး အာဏာထူထောင်ခဲ့သူတွေ၊ စီးပွားရှာခဲ့သူတွေ ရှိခဲ့တာလည်း အသေအချာပါပဲ။ ဒါပေမယ့် အဲဒီလို လူပုဂ္ဂိုလ် တစ်စုတစ်ဖွဲ့ရဲ့ လုပ်ရပ်ဟာ တပ်မတော်တစ်ခုလုံးရဲ့ လုပ်ရပ်မဟုတ်ဘူး၊ တပ်မတော်တစ်ခုလုံးရဲ့ သဘောထားမဟုတ်ဘူးဆိုတာကို နားလည်ကြဖို့ လိုပါတယ်။ မြန်မာပြည်မှာ သူခိုးတွေရှိတယ်၊ ဓားပြတွေရှိတယ်၊ မုဒိန်းကောင်တွေရှိတယ်၊ မူးယစ်ဆေး သုံးတဲ့လူတွေလည်းရှိတယ်။ သောက်ပျင်းကြီးတဲ့ကောင်တွေလည်းရှိတယ်။ အဲဒီလိုတွေ ရှိတဲ့အတွက် မြန်မာပြည်ဆိုတာ သူခိုးတိုင်းပြည်၊ ဓားပြတိုင်းပြည်၊ မုဒိန်းတိုင်းပြည်၊ မူးယစ်ဆေးတိုင်းပြည်၊ သောက်ပျင်းတိုင်းပြည်လို့ အခြားနိုင်ငံတစ်ခုက ပြောမယ်ဆိုရင် ခင်ဗျားတို့ ကျွန်တော်တို့ ဘယ်သူကမျှ ကြိုက်ကြမယ်မဟုတ်ဘူး။ ပြီးခဲ့တဲ့သမိုင်းတွေကို ယထာဘူတကျကျ ပြန်ပြီးတော့ သုံးသပ်ကြည့်ရင် တပ်မတော်ထိပ်ပိုင်းက အာဏာအလွဲသုံးစားလုပ်သူ တချို့ကြောင့် တပ်မတော်က နာမည်ပျက်ခဲ့ရတယ်ဆိုတာ တွေ့နိုင်မှာပါ။ နောက်တစ်ခုက တပ်မတော်တွေရဲ့ သဘောသဘာဝကို နားလည်ဖို့လိုပါတယ်။ ကမ္ဘာပေါ်က ဘယ်တပ်မတော်မဆို အမိန့်နာခံမှုအပေါ်မှာ အခြေတည်ထားရတာကို မမေ့သင့်ကြပါဘူး။ အီရတ်မှာ စစ်တိုက်နေတဲ့ စစ်သားကို ငပဲ့လို့ သွားပြောလို့မရဘူး၊ အာဖဂန်နစ္စတန်မှာ ရောက်နေတဲ့ စစ်သားကိုလည်း လူသတ်ကောင်လို့ ပြောလို့မဖြစ်ဘူး။ အထက်က အမိန့်ပေးသူတွေ၊ ဆုံးဖြတ်သူတွေ၊ စီစဉ်သူတွေကို မြင်အောင်ကြည့်ဖို့လိုပါတယ်။ ကျွန်တော်က ၁၉၅၈ တို့၊ ၁၉၆၂ တို့ကို စာတွေထဲကပဲ ထိတွေ့ခဲ့ရသူဆိုတော့ အဲဒီတုန်းက တပ်မတော်နဲ့ အကြီးအကဲတွေအကြောင်း သိပ်မသိဘူး။ အခုလက်ရှိ ကျွန်တော်မြင်တွေ့ရတဲ့ တပ်မတော်အကြီးအကဲတွေကတော့ ဆရာကျော်ဝင်း ပြောသလိုပါပဲ နိုင်ငံရေးကနေ ဆုတ်ခွာဖို့ ကြိုးစားနေကြတာကို မြင်နေရတာ အမှန်ပါပဲ။ ဘယ်တပ်မတော် ခေါင်းဆောင်ကမျှ နိုင်ငံတော်အာဏာနဲ့ပတ်သက်ပြီး မျှော်မှန်းစော်ကားတဲ့ စကားပြောတာကို မကြားရဖူးတာ အမှန်ပါပဲ။ ဒါပေမယ့် တပ်မတော်က ခိုင်ခိုင်မာမာ ကာကွယ်မယ်ဆိုပြီး အတိအလင်းပဲ ပြောထားတာကတော့ ဆရာကျော်ဝင်း ပြောခဲ့သလိုပါပဲ။ ဒို့တာဝန်အရေးသုံးပါးနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ကာကွယ်ရေးဆိုတဲ့ အချက်နှစ်ခုပါ။ ဒို့တာဝန်အရေးသုံးပါးကို ဝေဖန်နေကြသူတွေကို ကျွန်တော် တစ်ခါတလေ အံ့သြမိပါတယ်။ အဲဒီ အရေးသုံးပါးကို သိမှသိပါလေစလို့လည်း သံသယဖြစ်မိတယ်။ ကျွန်တော်တို့နိုင်ငံသားအားလုံး အလေးအမြတ်ထားရမယ့်၊ ကာကွယ်စောင့်ရှောက်ရမယ့် အချက် ၃ ချက်ကို တပ်မတော်က ကာကွယ်မယ်ဆိုတာ ကြိုဆိုရမယ့် အရာပဲ။ ပြည်ထောင်စုကြီး ပြိုကွဲသွားတာ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပြိုကွဲသွားတာ၊ အချုပ်အခြာအာဏာ ဆုံးရှုံးသွားတာကို ဘယ်မြန်မာနိုင်ငံသားက လိုလားတောင့်တပါသလဲ။ သေသေချာချာ စဉ်းစားကြည့်သင့်ကြပါတယ်။ ထားတော့... နောက်တစ်ခုဖြစ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်မယ်ဆိုတာ။ အဲဒါကလည်း အများပြောစရာ အချက်တစ်ချက်ပဲ။ ကျွန်တော်တို့တွေဟာ စကားလုံးတွေနဲ့ ပတ်သက်ရင် သိပ်ပြီးတော့ ထိရှမခံတာ တွေ့ရပါတယ်။ ကာကွယ်စောင့်ရှောက်ခြင်း ဆိုတဲ့စကားလုံးကို ပြင်လို့မရအောင် စောင့်ကြပ်ခြင်းလို့ ဘယ်ပညာရှင်က အဓိပ္ပါယ် ဖွင့်လိုက်သလဲ မသိပါဘူး။ တပ်မတော်က ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်မယ်လို့ ပြောဆိုတိုင်း လူတွေက နှာခေါင်းရှုံ့ကြတာချည်းပဲ။ အတွေ့အကြုံတွေအရ အစိုးရိမ်လွန်တာလို့ ဖြေတွေးတွေးလို့ ရနိုင်ပါတယ်။ ကျွန်တော်ကတော့ သံသယစိတ် ကြီးမားတယ်လို့ မြင်မိတယ်။ အပြစ်ဆိုရမယ့် အရာလို့တော့ မထင်မိပါဘူး။

ဆရာကျော်ဝင်းကို ဘ၀ဂ်ညံအောင် ဆဲသံဆိုသူ ဆူညံသွားစေတဲ့ မှတ်ချက်စကားက အခြားမဟုတ်ပါဘူး။
နိုင်ငံရေးမှာ တပ်ရဲ့သဘောတူညီမှုမရှိဘဲနဲ့ ဘာမျှလုပ်လို့မရဘူး
ဆိုတာပဲ ဖြစ်ပါတယ်။ အဲဒီစကားကို ဝေဖန်တဲ့လူတွေကို မေးချင်ပါတယ်။ အဲဒီ ဝေဖန်သူတွေထဲမှာ စာဖတ်သူလည်း ပါနေမယ်ဆိုရင် ဖြေပေးစေလိုပါတယ်။ ဆရာကျော်ဝင်းက ဒီလိုပြောတာဟာ တပ်မတော်ကို ကပ်ဖားလျှက်ဖား လုပ်တာလို့ တွေးထင်ပါသလား၊ တပ်မတော်ကို နှပ်ကြောင်းပေးနေတာလို့ ယူဆပါသလား၊ နိုင်ငံရေးပလေယာတွေကို ခြိမ်းခြောက်နေတာလို့ တွေးထင်ပါသလား။ မေးခွန်းတွေအားလုံးကို ရက်(စ်) လို့ ဖြေခဲ့မယ်ဆိုရင်တော့ ကျွန်တော်ပြောချင်တာက ၀မ်းနည်းပါတယ် ဆိုတာပါပဲ။ ဆရာကျော်ဝင်းဟာ အဲဒီမှတ်ချက်ကို အလကား သူ့ဟာသူ ထွင်ပြီးတော့ စိတ်ထဲထင်ရာ၊ တွေးမိတွေးရာ ပြောခဲ့တာ မဟုတ်ပါဘူး။

ပုံပြင်လေးတစ်ပုဒ် သွားသတိရမိပါတယ်။ တစ်ခါတုန်းဆီက ရှင်ဘုရင်တစ်ပါးဟာ ကျေးလက်တောရွာမှာ ဆင်ဖြူတော်ပေါ်တယ်လို့ သတင်းကြားတဲ့အတွက် ပညာရှိအမတ်ကြီးတစ်ဦးကို စေလွှတ်လိုက်ပါသတဲ့။ ဆင်ဖြူရဲ့ ကြန်အင်လက္ခဏာတွေနဲ့ ပြည့်စုံလား၊ မပြည့်စုံလား၊ ဘယ်လိုဆင်မျိုးလဲ စသဖြင့်ပေါ့လေ။ အမတ်ကြီးဟာ သတင်းထွက်ပေါ်တဲ့ ကျေးရွာကို သွားရောက်ပြီးနောက် နန်းတော်ကို ပြန်ရောက်တဲ့အခါ ဘုရင်ကြီးကို လျှောက်ပါတယ်။ အရှင်ဘုရား.... ဆင်ဖြူတော် မဟုတ်ပါ။ သာမည ဆင်မည်းတစ်ကောင်သာ ဖြစ်ကြောင်းပါ။ ဘုရင်က သူ့အတွေးနဲ့သူ ပျော်နေခဲ့တာကိုး။ ဆင်ဖြူရှင်ဘွဲ့ခံ ရတော့မယ်လို့ စိတ်ကူးယဉ်ခဲ့တာလေ။ အမတ်ကြီးရဲ့ လျှောက်တင်ချက်ကြောင့် ဘုရင်လည်း စိတ်အနှောင့်အယှက် ဖြစ်သွားရှာတယ်။ ဟဲ့.... အမတ်ကြီး၊ ဆင်ဖြူတော်စစ်စစ် မဟုတ်ရင်တောင် နည်းနည်းပါးပါးတော့ ဖြူမှာပေါ့လို့ ထပ်မိန့်ရှာတယ်။ အမတ်ကြီးကလည်း ကိုယ်တိုင်သွားကြည့်လာသူ ဖြစ်လေတော့ လုံးဝမလျှော့ဘူး။ သာမန် ဆင်မည်းတစ်ကောင်သာ ဖြစ်ကြောင်းပါဘုရားပေါ့။ ဘုရင်ကြီးလည်း နည်းနည်းတော့ မျက်သွားတယ်။ ဒီအမတ်ကြီးနှယ် ဒီလောက် ပြောနေတာကို ပရိယာယ် မကြွယ်ဝလိုက်တာပေါ့။ ထပ်ပြောတယ်.... ဆင်ရဲ့အသွေးအရောင်က မည်းနေပေမယ့် ကြန်အင်လက္ခဏာတွေကတော့ ဆင်ဖြူလက္ခဏာ ရှိတယ်မဟုတ်လားပေါ့။ အမတ်ကြီးကလည်း သူလိုကိုယ်လို ဆင်မည်းတစ်ကောင်သာ ဖြစ်ကြောင်းပါပေါ့။ သူက အသေအချာ သိနေတာကိုး။ အဲဒီနေ့ကစပြီး ရှင်ဘုရင်တွေရဲ့ ထုံးစံအတိုင်း အမတ်ကြီးလည်း ချောင်ထိုးခံရသလား၊ အဝေးကို အပို့ခံလိုက်ရသလား ဘယ်သူမှ မသိရတော့ပါဘူး။ - - - - - - ဒီပုံပြင်ကို တစ်ခါမျှ မကြားဖူးပါဘူးလို့ ဒွိဟဖြစ်နေသူ မိတ်ဆွေများခင်ဗျား၊ အလကားနေရင်း ခေါင်းခြောက်ခံပြီး စဉ်းစားမနေကြပါနဲ့။ ကျွန်တော်ကိုဉာဏ် ကိုယ့်ဘာသာကိုယ် စိတ်ကူးပြီး ရေးထားတဲ့ ပုံပြင်တစ်ပုဒ်ပါ။ ဇာတ်ပေါင်းသော်ဆိုပြီး နိဂုံးချုပ်ရရင်တော့ ပညာရှိအမတ်ကြီးကား ဆရာကျော်ဝင်း၊ ရှင်ဘုရင်ကြီးကား ဆရာကျော်ဝင်းကို ဝေဖန်ကြသူများ၊ အမတ်ကြီးသွားကြည့်ခဲ့ရသည့် ဆင်ကြီးကတော့ ဝေဖန်ခံရသည့် မှတ်ချက်စကား ဖြစ်သည်ပေါ့ခင်ဗျာ။

ဖွဲ့စည်းပုံအခြေခံဥပဒေစာအုပ်ကို စိတ်ဝင်တစား ဖတ်ရှုလေ့လာဖူးသူများအနေဖြင့် ဆရာကျော်ဝင်း ဒီလို မှတ်ချက်ပေးတာကို အထူးအဆန်း ဖြစ်နေလိမ့်မည်မဟုတ်ပါ။ ဖွဲ့စည်းပုံအခြေခံဥပဒေပါ တပ်မတော်၏ အခန်းကဏ္ဍများနှင့် ပတ်သက်၍ သီးသန့်ပို့စ်တစ်ခု ရေးသားမည်ဖြစ်ပါ၍ ဤနေရာတွင် အကျယ်မပြော တော့သည်ကို နားလည်ပေးကြစေလိုပါသည်။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၃ ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက်၊ အင်္ဂါနေ့။
ည ၁၁ နာရီ ၃၀ မိနစ်တွင်ပြီး၏။

ဆရာကျော်ဝင်း အင်တာဗျူး


မြန်မာနိုင်ငံ ဒီမိုကရေစီသို့ အသွင်ကူးပြောင်းနေချိန် နိုင်ငံရေးဖြစ်စဉ်များတွင် အရေးပါသော လွှတ်တော် ခိုင်မာအားကောင်းရေး၊ သမ္မတဦးသိန်းစိန်အစိုးရ လပေါင်း ၃၀ အတွင်း ပြုပြင်ပြောင်းလဲမှုများနှင့် ရှေ့ဆက်ကြုံတွေ့ရမည့် စိန်ခေါ်မှုများ၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး၊ တိုင်းရင်းသားများနှင့် ဖက်ဒရယ်ပြည်ထောင်စုကိစ္စ၊ သမ္မတနှင့် လွှတ်တော်ကြား အာဏာလွန်ဆွဲမှု၊ ၂၀၁၅ ရွေးကောက်ပွဲ အလားအလာ၊ မြန်မာ့နိုင်ငံရေးတွင် တပ်မတော်၏ အခန်းကဏ္ဍ အပါအ၀င် အစိုးရ အဖြေမရှာနိုင်သေးသော ဘာသာရေး၊ လူမျိုးရေး၊ ပဋိပက္ခများ အကြောင်းတို့ကို မြန်မာ့နိုင်ငံရေး လေ့လာစောင့်ကြည့်သူလည်းဖြစ်၊ အမျိုးသားလွှတ်တော် နိုင်ငံရေး၊ စီးပွားရေးနှင့် ဥပဒေရေးရာကော်မရှင် အဖွဲ့ဝင်လည်းဖြစ်သူ စာရေးဆရာ ကျော်ဝင်းကို ဧရာဝတီသတင်းထောက် ထက်နိုင်ဇော်က တွေ့ဆုံမေးမြန်းထားပါသည်။

မေး။     ။ ဆရာကျော်ဝင်းအနေနဲ့ လွှတ်တော်မှာ ပါဝင်ပတ်သက်လာဖြစ်ပုံနဲ့ လွှတ်တော်ကို ဘယ်လိုမျိုး ကူညီဆောင်ရွက်နေလဲဆိုတာ သိချင်ပါတယ်
ဖြေ။     ။ ဖြစ်စဉ်ကတော့ သူတို့က ကျနော်ကို ဖုန်းဆက်ခေါ်တယ်၊ တတ်နိုင်သမျှ ပတ်ရှောင်တယ်။ ကျနော်က စာပဲ ရေးချင်တာ။ ဘယ်ထဲမှာမှ မပါချင်ဘူး။ ဒါပေမယ့် နောက်ပိုင်းကျတော့ ဦးခင်အောင်မြင့် ကိုယ်တိုင်က တိုက်ရိုက် ဖုန်းဆက်ခေါ်တော့ လူကြီးဆိုတော့ အားနာတယ်။ နောက်ပြီးတော့ ဒီအလုပ်က နိုင်ငံရေးမှာ ထဲထဲဝင်ဝင် ပါဖို့မဟုတ်ဘူး။ လွှတ်တော်ရဲ့ Capacity Building ကို တတ်နိုင်သလောက် ကူညီပေးပါဖို့ပါ။ နောက်တစ်ခုက ပြန်ကြည့်လိုက်တော့ ဒီကော်မရှင်ထဲမှာက အသက် ၈၀ ကျော် အဘိုးကြီးတွေတောင်ပါတယ်၊ သူတို့တောင် အိုကြီးအိုမနဲ့ လုပ်နေတော့ ကိုယ်က ငြင်းလို့ မကောင်းဘူးလေ။ အဲဒါနဲ့ လက်ခံလိုက်တာ။

နောက်တခုက နိုင်ငံတကာ ကွန်စတီကျူးရှင်းတွေကို လေ့လာပြီးတော့ အစိုးရနဲ့ လွှတ်တော်နဲ့ ဘယ်လို Check and Balance လုပ်ရလဲဆိုတာ Paper တခုလုပ်နေတယ်။ အဲဒါကတော့ ဘယ်အစိုးရပဲ တက်တက် လွှတ်တော်မှာ နောင် အသုံးတည့်ကောင်း တည့်နိုင်တယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပါ။ ရေရှည် လုပ်သွား ရမှာကတော့ လွှတ်တော်မှာ သုတေသန ဌာနတခု ပေါ်အောင် ကူညီ ပေးရမှာ။ အဲဒါကတော့ နည်းနည်း ရေရှည်လုပ်ရမယ် ထင်တယ်။ အခု လွှတ်တော်အမတ်တွေ ညံ့တယ်၊ အသုံး မကျဘူးသာ ပြောနေကြတာ၊ ဒီအမတ်တွေကို အထောက်အကူ ပြုနိုင်တဲ့ Organ တခုမှ မရှိဘူး။ နိုင်ငံတကာမှာ ဆိုရင် လွှတ်တော် အမတ်တယောက်က ဥပဒေကြမ်း တခု တင်ချင်တယ်ဆိုရင် သုတေသန အဖွဲ့လိုဟာမျိုးကို အကူအညီ တောင်းရင် သူကအကုန်လုံး Set လိုက်လုပ်ပေးနိုင်တယ်။ သူမှာက Facilities အပြည့်ပဲ။ ဒီမှာက ဘာမှ မရှိဘူး။ အဲဒီ အနေအထားတွေ ဖြစ်နေလို့ ကျနော်က နိုင်သလောက် ကူမယ်ဆိုပြီး ၀င်လုပ်တာ။ ကျနော်က အမတ်မဟုတ်တဲ့အတွက် မဲပေးစရာလည်း မလိုဘူး။ လေ့လာသူအနေနဲ့ တက်ပြီးတော့ တတ်နိုင်သလောက် ၀င်ကူတာ။ တိတိကျကျပြောရရင် အမျိုးသားလွှတ်တော် နိုင်ငံရေး၊ စီးပွားရေးနှင့် ဥပဒေရေးရာကော်မရှင် အဖွဲ့ဝင်ပါ။

မေး။     ။သမ္မတနဲ့ လွှတ်တော်အကြားမှာ အမြင်မတူတာတွေ ရှိတယ်၊ ပွတ်တိုက်မှုတွေ ရှိလာတယ်၊ အာဏာရပါတီ ကြံ့ခိုင်ရေးပါတီနဲ့ စစ်တပ်ကိုယ်စားလှယ်တွေ အကြားမှာတောင် အမြင်မတူဘဲ သဘောထား ကွဲလွဲမှုတွေ ဖြစ်လာတယ် ဆိုတဲ့ ဝေဖန်မှုတွေ ရှိနေတော့ တိုင်းပြည်က နောက်ကြောင်းပြန်လှည့် ပြီးတော့ စစ်တပ်က အာဏာပြန်သိမ်းတာမျိုးအထိ ဖြစ်လာနိုင်မလား။
ဖြေ။     ။ ယေဘုယျ ပြောရင်တော့ Power Elite ပေါ့။ Elite ဆိုတဲ့စကားက စပြောရမယ်။ Elite ကို ဗမာ လက်ဝဲသမား တွေက လူ့မလိုင်တို့၊ ရေပေါ်ဆီတို့ ဆိုပြီး သုံးတယ်။ မကြိုက်တဲ့ အဓိပ္ပါယ်နဲ့ ဘာသာပြန်ကြတယ်။ အဲဒါက အရာခပ်သိမ်း မမှန်ပါဘူး။ Elite ဆိုတာက အစုအဝေး တခုမှာ လုပ်ပိုင်ခွင့် အာဏာအရ သူများထက် ခေါင်းတလုံး မြင့်တဲ့သူ။ Political Elite လို့ ပြောရင် နိုင်ငံရေးသြဇာမှာ သူများထက် ခေါင်းတလုံး မြင့်တဲ့သူကို ပြောတာ။ မြန်မာပြည်မှာ Political Elite လို့ပြောရင် ဒေါ်အောင်ဆန်းစုကြည်ပေါ့။ Power Elite က အခု အစုအနေနဲ့ ၃ စု ကွဲနေတယ်လို့ ပြောနိုင်တယ်။ တစုကတော့ သမ္မတ ဦးသိန်းစိန် အမှူးပြုတဲ့ အုပ်ချုပ်ရေး အာဏာပေါ့၊ တစုကတော့ ဦးရွှေမန်းတို့ ဦးခင်အောင်မြင့်တို့ ဦးဆောင်တဲ့ လွှတ်တော် အစုပေါ့၊ နောက်တစ်စုကတော့ တပ်ပေါ့။ အခု ပြန်ကြည့်တော့ တပ်က ဘယ်နိုင်ငံရေး ပါတီနဲ့မှ မပတ်သက်ဘဲ လွတ်လွတ် လပ်လပ် နေတဲ့ သဘောရှိတယ်။ ဒါကြောင့် လွှတ်တော်မှာ မဲပေးတဲ့ ပုံစံတွေကြည့်ရင် USDP က တင်လည်း တပ်က သူ့မူနဲ့သူပဲ။ အစိုးရက တင်တဲ့ဟာတွေလည်း သူ့မူနဲ့သူပဲ။ တပ်က တစုံတရာ လွတ်လပ်လာတယ်လို့ ယူဆရမယ်။ဒါက တိုင်းပြည်အတွက် ကောင်းတဲ့ လက္ခဏာလို့ ထင်တယ်။

လွှတ်တော်နဲ့ အစိုးရကြားမှာ ပွတ်တိုက်မှုဆိုတာက သမ္မတကြီးသုံးတဲ့စကားပေါ့။ ပွတ်တိုက်မှုက သာမန်ပါပဲ၊ မဆန်းပါဘူး။ ဒါက ဘယ်နိုင်ငံပဲ ဖြစ်ဖြစ် ရှိတာပဲ။ သို့သော် ပွတ်တိုက်မှုထက် ကျော်လာရင်တော့ ပြဿနာ ရှိတယ်။ အခုဟာက သာမန် ပွတ်တိုက်မှု ဖြစ်ပါစေလို့ပဲ ကျနော်တို့က ဆုတောင်းနေရတာ။ ကျော်ပြီးတော့ ဂိုဏ်းဂဏတိုက်ပွဲ ဖြစ်သွားရင်တော့ မကောင်းဘူး။ တိုင်းပြည်အတွက်လည်း မကောင်းဘူး၊ သူတို့အတွက်လည်း မကောင်းဘူး။ ဒါက ဘယ်လို အခြေခံနဲ့ ဖြစ်နေလဲဆိုတာလည်း ကျနော်မသိဘူး။ အဲဒီဟာတွေဟာ အလွန်အကျွံတွေဖြစ်ပြီး ထိန်းနိုင်သိမ်းနိုင် မရှိရင် ပြုပြင် ပြောင်းလဲရေး ထိခိုက်နိုင်တယ်လို့ ထင်တယ်။

ဘာဖြစ်လို့လဲဆိုတော့ ဒီပြုပြင်ပြောင်းလဲရေးက အင်အားစု တစုတည်းက ဦးဆောင်တာ မဟုတ်ဘူး။ အားလုံးပေါင်းလုပ်ရတာ။ ညီညွတ်ရေး အားကောင်းလေ၊ အပြောင်းအလဲက ချောမွေ့လေလေပဲ။ ဒီကိစ္စကြောင့် အာဏာသိမ်းသည် အထိတော့ မဖြစ်နိုင်ပါဘူး။ သို့သော် တခုတော့ ရှိတယ်၊ အာဏာသိမ်းနိုင်တဲ့ အလားအလာက အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ဆက်စပ် နေတယ်၊ ဖက်ဒရယ် ကိစ္စနဲ့ ဆက်စပ်နေတယ်။ အဲဒီနှစ်ခုနဲ့ ပတ်သက်ပြီး အတိုက်အခံဘက်က အလွန်အကျွံ တောင်းလာခဲ့ရင် ပြဿနာ ရှိကောင်း ရှိနိုင်တယ်။ အလွန်အကျွံကို ဘာနဲ့တိုင်းမလဲ။ တပ်ရဲ့ ရပ်တည်မှုကို ကျနော် အကဲခတ်ရသလောက်တော့ တပ်က ဒို့တာဝန်အရေးသုံးပါးနဲ့ အခြေခံဥပဒေ ကာကွယ်စောင့်ရှောက်ရေး ဆိုတဲ့ အပေါ်မှာ ထိုင်ထားတယ်။ ထိုင်ထားတယ်လို့ ယူဆရတယ်။ ဆိုတော့၊ ဒို့တာဝန်အရေးသုံးပါးကို ထိခိုက်လာတဲ့ ဘောင်အထိ အတိုက်အခံဘက်က တောင်းခဲ့ရင်၊ ဒါမှမဟုတ် အခြေခံဥပဒေကို လုံးဝဖျက်သိမ်းပြီး အသစ်ရေးရမယ် ဆိုတာမျိုး တောင်းခဲ့ရင်တော့ တပ်က တခုခု တုန့်ပြန်လိမ့်မယ်။ အဲဒီ တုန့်ပြန်မှုက အာဏာပြန်သိမ်းသည် အထိ အခြေအနေ ဆိုးသွားမလား မသွားဘူးလားတော့ မပြောတတ်ဘူး။ ဒါဆိုရင်တော့ တပ်နဲ့ ထိပ်တိုက်တွေ့နိုင်တယ်။ မြန်မာ့နိုင်ငံရေးမှာ တပ်ရဲ့ သဘောတူညီမှုမရှိဘဲနဲ့ ဘာမှလုပ်လို့မရဘူး။

မေး။     ။ဆရာပြောတဲ့အခါမှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးဆိုတာ ပါလာတော့ အဲဒါကို ဘယ်လို နည်းလမ်းနဲ့ ပြင်ဆင်ကြမလဲ၊ အသစ်ဆွဲမှာလား၊ ဒါမှမဟုတ် ဖြည့်စွက် ပြင်ဆင်ရုံပဲ လုပ်မှာလား၊ ဘယ်လို လုပ်ကြမလဲ။
ဖြေ။ ။အခုက အမြင်နှစ်မျိုး ကွဲနေတယ်။ အပြင်က ချင်းမိုင်ဆွေးနွေးပွဲက ထွက်လာတဲ့ အသံနောက်မှာ ပြည်တွင်း ပြည်ပ မီဒီယာတွေက ၀ိုင်းပြီိး တင်ပေးနေကြတာ ရှိတယ်။ ပြည်တွင်း Opinion Leader တွေကလည်း ဒါကို ၀ိုင်းတင်ကြတာရှိတယ်။ အဲဒီ လမ်းကြောင်းက ဘာလဲဆိုတော့ ၂၀၀၈ အခြေခံဥပဒေဟာ ဒီမိုကရေစီ လုံးဝမဆန်လို့ ဒါကိုဖျက်ပြီး လုံးဝ အသစ်ပြန်ဆွဲဖို့ ပြောတဲ့လမ်းကြောင်း၊ လူကြိုက်များနိုင်တယ်။ ဘာလို့လဲ ဆိုတော့ ကျနော်တို့တိုင်းပြည်မှာ Radical အစွဲကြီးတာကိုး။ အဲဒီတော့ လက်ခုပ်သံ တဖြောင်းဖြောင်း ရနိုင်တယ်။ အဖြေရမှာတော့ မဟုတ်ဘူး။ အသစ်ပြန်ဆွဲရင် တပ်နဲ့ ထိပ်တိုက် တွေ့နိုင်တော့ အန္တရာယ်ရှိတယ်။ နောက်တခုကတော့ ၂၀၀၈ အခြေခံဥပဒေကို ပေးထားချက်လို့ ယူဆပြီးတော့ အဲဒီ ဘောင်ထဲက လိုအပ်ချက်တွေကိုညှိနှိုင်း ဆွေးနွေးလိုက်ရင် အဖြေရလာနိုင်တယ်။ ဒီလမ်းကြောင်းကတော့ လူကြိုက် နည်းနိုင်တယ်။ ဒါပေမယ့် အဖြေရနိုင်ပြီး Side Effect နည်းတယ်။ လူကြိုက်များတဲ့ ပထမ လမ်းကြောင်းက အားကောင်း သွားရင်တော့ တိုင်းပြည်အနာဂတ်က ကောင်းမယ် မထင်ဘူးဗျ။

မေး။   ။အခု တိုင်းပြည် ပြုပြင်ပြောင်းလဲရေးက ၂၀၁၅ ကို စောင့်ကြည့်ရတော့မယ်၊ ၂၀၁၅ ရွေးကောက်ပွဲမှာ NLD သာ Landslide နိုင်ခဲ့ရင် အခု ဒီမိုကရေစီ အသွင်ကူးပြောင်းမှုက ချောမွေ့ပါတော့မလား၊ စစ်တပ်က နိုင်ငံရေးမှာ ပြန်ပါလာ နိုင်လား၊ လက်ရှိအာဏာရ ကြံ့ခိုင်ရေးပါတီကရော ရွေးကောက်ပွဲကို လွတ်လွတ်လပ်လပ်၊ တရားမျှတစွာနဲ့ လုပ်ပေးပါ့မလား။
ဖြေ။     ။ ၂၀၁၅ မရောက်သေးခင် ဘာဖြစ်မလဲဆိုတာတောင် မရေရာလှဘူး။ သူမတိုင်ခင်မှာ အရေးကြီးတဲ့ ပြဿနာတချို့ကို အရင် အဖြေ ရှာနိုင်ဖို့လိုတယ်။ အဲဒါက အခြေခံဥပဒေ ပြောင်းလဲရေးနဲ့ ဖက်ဒရယ် ကိစ္စပဲ။ တပ်နဲ့ထိပ်တိုက် တွေ့နိုင်မယ့်၊ တနည်း ပြောရရင် တပ်ကပြောထားတဲ့ ဘောင်ထက် ကျော်ပြီးတော့ တောင်းလို့ရှိရင် ပြဿနာ ရှိနိုင်တယ်။ ၂၀၁၅ ရွေးကောက်ပွဲ မတိုင်ခင်ကိုပဲ တမျိုးတမည် ဖြစ်သွားနိုင်တယ်။

NLD Landslide နိုင်မနိုင် ဆိုတဲ့ ကိစ္စကလည်း အခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးနဲ့ ဆက်စပ်နေတယ်။ တကယ်လို့ PR စနစ် ကျင့်သုံးလိုက်ခဲ့ရင် NLD အပါအ၀င် ဘယ်သူမှ Landslide နိုင်စရာ အကြောင်း မရှိတော့ဘူး။ အဲဒီလိုလုပ်လိုက်ရင် အားလုံး စိုးရိမ်နေကြတဲ့ တပ်အာဏာ ပြန်သိမ်းနိုင်တယ်ဆိုတဲ့ အန္တရာယ် လျော့ပါးသွား နိုင်တယ်။ ဒါဟာ PR ရဲ့ အားကောင်းချက်ပဲ။ ဒါပေမယ့် PR ရဲ့ ဖြစ်နိုင်တဲ့ အားနည်းချက်တခုက PR ရဲ့အောက်မှာ ရှုပ်ထွေးမှုတွေ အများကြီး ရှိနိုင်တယ်။ အထူးသဖြင့် လူထုက ဒီမိုကရေစီ အတွေ့အကြုံ၊ ရွေးကောက်ပွဲ အတွေ့အကြုံ နည်းတဲ့အောက်မှာ ပိုပြီးတော့ အမှားအယွင်း တွေ ဖြစ်နိုင်တယ်၊ ညစ်ကွက်တွေ ပိုပေါ်နိုင်တယ်။ နောက်တချက်က အစွန်းရောက် အဖွဲ့အစည်းတွေ လွှတ်တော်ထဲကို ရောက်ကောင်း ရောက်လာနိုင်တယ်။ နောက်ဆုံး တချက်ကတော့ အရေးကြီးတယ်။ အဲဒါက PR စနစ်အောက်မှာ ဘယ်သူမှ Majority Vote မရှိတဲ့အတွက် သွားရမှာက ညှိနှိုင်းဆွေးနွေးပြီး သွားရမယ့်ပုံ။ ဗမာ ပြည်မှာက ညှိနှိုင်းဆွေးနွေးတဲ့ Culture သိပ်အားနည်းတယ်။ အဲဒီတော့ အလုပ်ဖြစ်ဖို့ ခက်တယ်။ PR မှာ ကောင်းတာ ရှိတယ်၊ ဆိုးတာ ရှိတယ်။

ရွေးကောက်ပွဲက Free and Fair ဖြစ်ရင် NLD Landslide နိုင်မှာ သေချာလောက်ပါတယ်။ NLD Landslide နိုင်ရင်တောင်မှပဲ ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ဖို့ မသေချာဘူး။ အခြေခံဥပဒေနဲ့က ငြိနေတယ်။ ကျနော် သိသလောက်တော့ ၄၇ အခြေခံဥပဒေရဲ့ ရွေးကောက်ပွဲဥပဒေမှာရော နောက်ဆုံး ၉၀ အထိရော ပြဋ္ဌာန်းချက်က မှတ်မိသလောက်ပြောရရင် ရွေးကောက်ပွဲဝင်မယ့်သူ တစ်ယောက်ရဲ့ အရည်အချင်းကို စိစစ်တဲ့အခါမှာ သူကိုယ်တိုင်နဲ့ သူ့အိမ်ထောင်ဘက်က နိုင်ငံခြားအထောက်အပံ့ အမှီအခို ကင်းရမယ်ဆိုတာပဲ ပါတယ်။ အခု ၂၀၁၀ ကျမှ သားသမီး ပါလာတယ်။ အဲဒီတော့ အရင် ဗိုလ်ချုပ်အောင်ဆန်းတို့ လုပ်ခဲ့တဲ့အတိုင်းသွားရင် သားသမီးဆိုတာ ဖြုတ်လိုက်ရင် ဒေါ်စုဝင်နိုင်တယ်။ သို့သော် အဲဒါကို ပြင်ပေးမလား၊ မပေးဘူးလား မသေချာဘူး။ ပြင်ပေးမှ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်မှာ။ မပြင်ဘူးဆိုရင် သူ ဒုသမ္မတတောင် မဖြစ်နိုင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒုသမ္မတဖြစ်ပြီးမှ သမ္မတဖြစ်လို့ရတာ။ အင်တာဗျူးတစ်ခုမှာ ပြင်မပေးလို့ သူ ဒုသမ္မတပဲဖြစ်ရင် မကျေနပ်ဘူးလို့ပြောတာ မှားနေတယ်။

မေး။     ။ကျနော်တို့နိုင်ငံမှာ ၁၉၆၂ ခုနှစ်ကစပြီး စစ်တပ်က နိုင်ငံရေးကနေ တစ်ဖဝါးမှ မခွာခဲ့ဘူး။ အခုချိန်အထိပဲဆိုတော့ သူမပါရင်ကို အပြောင်းအလဲ လုပ်လို့မရဘူးဆိုတဲ့ ယူဆချက်မျိုးတွေကလည်း ရှိနေတော့ တချို့ သုံးသပ်တာက စစ်တပ်က အာဏာသိမ်းစရာ မလိုပါဘူးတဲ့။ အခုတိုင်းပြည်ကို အုပ်ချုပ်နေတာက ဗိုလ်ချုပ်ဟောင်းတွေ။ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာလည်း ၀န်ကြီးချုပ်တွေက စစ်တပ် အငြိမ်းစားတွေ။ နောက် ဌာနဆိုင်ရာတွေမှာ အရာရှိတွေကလည်း တပ်က မိုးကျရွှေကိုယ်တွေ။ အစိုးရ ၀န်ကြီးတွေကိုကြည့်လည်း တပ်က အများစုဆိုတော့ အာဏာထပ်သိမ်းဖို့ လိုသေးလား ဆိုတဲ့မေးခွန်း ဖြစ်လာတော့ ဘယ်လိုမြင်လဲဆရာ။
ဖြေ။     ။ ဗမာပြည်မှာ တပ်က နိုင်ငံရေး မက်ထရစ်ထဲကို ရောက်နေတာ ကြာလှပြီ။ တိတိကျကျ ရောက်လာတာတော့ ၆၂ ခုနှစ် ပေါ့။ အဲဒီမတိုင်ခင် ၅၈ ခုနှစ် မှာလည်း တပ်က တခါရောက်တယ်။ အဲဒီမတိုင်ခင်လည်း တပ်ကသြဇာ ကြီးတယ်။ ဘာလို့လဲ ဆိုတော့ ပြည်တွင်းစစ် ဖြစ်နေလို့။ ပြည်တွင်းစစ် ဖြစ်နေတဲ့ တိုင်းပြည်မှာ စစ်တပ်အင်အား ကြီးတာ သဘာဝ ကျတယ်။ တပြိုင်နက်တည်းပဲ စစ်ဖြစ်နေရင် စစ်ဘောင်ကျယ်မယ်၊ စစ်ဘောင်ကျယ်ရင် ဒီမိုကရေစီ ဘောင်ကျဉ်းမယ်။ ဒါကတော့ Reality ဆိုတော့ ကျနော်တို့ မတတ်နိုင်ဘူး။ ကျနော်တို့ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ စစ်တပ်နဲ့တော့ Deal လုပ်နိုင်ရမယ်။

ခုနက မေးခွန်းကို ပြန်ဆက်ရရင် အမှန်ပဲ။ အခု အပြောင်းအလဲကိုတောင် စလိုက်တာက အရင်အစိုးရ၊ တည့်တည့်ပြောရရင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ။ သူခွင့်ပြုလို့ ၂၀၁၀ ရွေးကောက်ပွဲဆိုတာ ဖြစ်လာတာ။ သူခွင့်မပြုရင် ဘာမှ မတတ်နိုင်ဘူး။ အဲဒီအောက်မှာ အရင်အစိုးရက လူဟောင်းတွေ အာဏာ ဆက်ယူတာလည်း အမှန်ပဲ။ သို့သော် ဒါကို ရန်လုပ်နေလို့ မရဘူး။ သူ့ဟာသူ သဘာဝကျကျ ဖြစ်လာတဲ့ အချင်းအရာ။ အဲဒီတော့ ပြဿနာက အဲဒီလူတွေ အနေနဲ့က တဘက်က လူတွေ တောင်းတာတွေကို မလိုက်လျောဘဲ တောင့်ခံမယ်ဆိုရင် စစ်တပ်က အာဏာပြန်သိမ်းစရာ မလိုဘူး။ အဲဒီလူတွေ ကိုယ်တိုင်က တဘက်က အလွန်အကျွံ တောင်းဆိုလာရင်၊ အလွန်အကျွံလို့ ပြောရတာလည်း ကောင်းတော့ မကောင်းဘူး ပေါ့ဗျာ။ စံအရ ပြောရရင်တော့ လွန်တယ်ကျွံတယ် မရှိပါဘူး။ သို့သော် လက်တွေ့မှာ အန္တရာယ်ရှိလို့ ကျနော်က အလွန်အကျွံလို့ ပြောတာ။ လက်ရှိ ခေါင်းဆောင်တွေက အလွန်အကျွံ တောင်းဆိုတာတွေ လက်ခံလိုက်ရင် တပ်က ၀င်ပါနိုင်တယ်။

အခုတပ်က အခြေခံဥပဒေ ဖျက်ပစ်၊ အသစ်ပြန်ဆွဲ ဆိုတာမျိုးကို လက်ခံလက်မခံ မသေချာဘူး။ လက်ရှိ ခေါင်းဆောင်တွေက လက်မခံဖို့ များတယ်။ ဒါပေမယ့် ကံသေကံမ ပြောမရဘူး။ ဘာလို့လဲ ဆိုတော့ ကျနော်သတိပြုမိတာ တခုရှိတယ်။ လွှတ်တော် ခေါင်းဆောင်တွေရော၊ အစိုးရအဖွဲ့က ခေါင်းဆောင်တွေရော တော်တော်များများဟာ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေမှာ ဦးဆောင်မှု ရချင်တယ်။ တနည်းပြောရရင် ဒီမိုကရေစီ ချန်ပီယံ ဖြစ်ချင်နေကြတယ်။

အဲဒီစိတ်က လွန်ကဲသွားလို့ရှိရင် လိုက်လျောမှုတွေ များသွားနိုင်တယ်။ လိုက်လျောမှုတွေ များသွားရင်တော့ တပ်ကလည်း အခြေခံဥပဒေ စောင့်ရှောက်ရေးနဲ့ ဒို့တာဝန်အရေး ၃ ပါး ထိပါးလာတဲ့ဘက် ရောက်သွားနိုင်တယ်။ အဲဒီလို ရောက်သွားရင် တော့ စစ်တပ် ပါလာနိုင်တယ်။ မရောက်သရွေ့ကတော့ မပါနိုင်ဘူး။ ဒါကြောင့်မိုလို့ အာဏာသိမ်းမလား၊ မသိမ်းဘူးလား ဆိုတာ ကံသေကံမ ပြောလို့မရဘူး။ ဘက်ပေါင်းစုံ ကြည့်ဖို့လိုမယ်။ အထူးသဖြင့် ရယ်ဒီကယ် ထောင်ခြောက်ထဲကို လိမ့်မကျဖို့ အရေးကြီးတယ်။

မေး။     ။အခု အသံပိုကျယ်လာတဲ့ ဖက်ဒရယ်ကိစ္စမှာ ၃ မျိုးလောက် ကွဲနေတာကို တွေ့ရတယ်။ လွှတ်တော်မှာ ပြောတဲ့ ဖက်ဒရယ်က ဗဟိုချုပ်ကိုင်မှု လျော့ပြီး တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေကို လုပ်ပိုင်ခွင့် ပိုပေးရင် ရပြီပေါ့၊ ဦးခွန်ထွန်းဦး ပြောတဲ့ ဖက်ဒရယ်က လူမျိုးစုကို အခြေခံတဲ့ ဖက်ဒရယ်မျိုး၊ ဗမာတိုင်းရင်းသား အတွက် ဗမာ ပြည်ထောင်စု ဆိုတာမျိုး၊ ဒေါ်အောင်ဆန်းစုကြည်တို့ ပြောတာက အမေရိကန်ပုံစံ ဖက်ဒရယ် ဖြစ်နေတော့ ဘယ်လိုစနစ်မျိုးက နိုင်ငံအတွက် လိုက်လျောညီထွေမှု ရှိမလဲ။
ဖြေ။     ။ သီအိုရီ သဘောအရ ဖက်ဒရယ်ဆိုတာက တမျိုးပဲရှိတယ်။ ဗဟိုနဲ့ ဒေသအစိုးရကြားမှာ အာဏာခွဲဝေ ကျင့်သုံး ခြင်းပဲ။ Power Sharing ပေါ့။ တိတိကျကျပြောရရင် Power Sharing တင်မကဘူး၊ Taxes Sharing ပါတယ်။ Resource Sharing ပါတယ်။ ဒါဟာ ဖက်ဒရယ်ပဲ။ အဲဒီအပေါ်မှာ မူကွဲဖြစ်သွားတာက၊ တချို့က ပထ၀ီအရ ခွဲတာရှိတယ်။ အမေရိကားက ပထ၀ီအရ ခွဲတာ။ တချို့က လူမျိုး အခြေခံပြီး ခွဲတာ ရှိတယ်၊ အိန္ဒိယလို ဟာမျိုး၊ ဗမာလိုဟာမျိုး။ ကျနော်တို့က ၄၇ အခြေခံ ဥပဒေ စတည်ကတည်းက လူမျိုးကို အခြေခံခွဲလာတော့ အခုမှ ပထ၀ီအရ ပြောင်းခွဲလို့ မရနိုင်တော့ဘူး။ အဲဒီတော့ အမေရိကန်နဲ့ ပုံတူ ကူးချလို့ မရဘူး။

နောက်တချက်က ဦးခွန်ထွန်းဦးတို့ တင်နေတာ အရင် ရှမ်းမူပါ၊ ရှမ်းမူကို ပြန်ပြောရင် ဆန့်ကျင်ဘက် အင်အားစု နှစ်ခုပေါင်းပြီး ရှမ်းမူဆိုတာပေါ်လာတာ။ တခုက ရပလ၊ ရပလဆိုတာ တောင်ကြီး ဦးထွန်းမြင့်တို့ ပါတယ်။ ရပလက လက်ဝဲနွှယ်တယ်။ ရှမ်းမူ မပေါ်ခင် ဦးထွန်းမြင့်ရဲ့ စာတမ်းမှာ ခွဲထွက်လိုက ခွဲထွက်ခွင့်ဆိုတဲ့ အချက်တချက် ပါတယ်။ ဒါက စတာလင်ရဲ့ Self Determination က လာတာ၊ လက်ဝဲအယူအဆက လာတာ။ ဒါပေမယ့် စော်ဘွားတွေ၊ စပ်ခွန်ချိုတို့တင်တဲ့ဟာ ကျတော့ အဲဒါ မပါဘူး။ စပ်ခွန်ချိုတို့က အဲဒီကာလက Western Train ပဲ။ ဗမာပြည်မှာ အင်္ဂလန်သွား စာသင်နိုင်တာ သူတို့ပဲ ရှိတယ်။ ဗိုလ်ချုပ်အောင်ဆန်း တို့တောင် ရန်ကုန်တက္ကသိုလ်ပဲ တက်နိုင်တာ။ သူတို့က လက်ဝဲသမား မဟုတ်တဲ့အတွက် ခွဲထွက်ရေး မပါဘူး။ ဒါပေမယ့် သူတို့တင်တဲ့ ရှမ်းမူက ဘယ်ကလာလဲ ဆိုတော့ အမေရိကန် ဖွဲ့စည်းပုံရဲ့ ကနဦး ကာလပေါ့။ အခုလက်ရှိ အမေရိကန် ဖွဲ့စည်းပုံ မဟုတ်ဘူးနော်။ အမေရိကန် ဖွဲ့စည်းပုံ အခြေခံ ဥပဒေက နှစ်ပေါင်း ၂၀၀ ကျော်ပြီ။

စတည်ခါစက အမေရိကန်ဟာ ဖက်ဒရယ် စစ်စစ်လို့ ပြောရခက်တယ်။ ဖက်ဒရယ်နဲ့ ကွန်ဖက်ဒရေးရှင်းနဲ့ ပေါင်းထားတာ။ အဲဒီတုန်းက တောင်ပိုင်း ပြည်နယ်တွေက ကွန်ဖက်ဒရေးရှင်းလို့ ခေါ်တဲ့ လျော့ရဲတဲ့ ဖွဲ့စည်းပုံနဲ့ သွားချင်တယ်။ အမေရိကန် မြောက်ပိုင်း ကတာ့ ဖက်ဒရယ် စစ်စစ်နဲ့ သွားချင်တယ်။ အမေရိကန် ကွန်စတီကျူးရှင်း ဆိုတာ ဖက်ဒရယ်လစ် ပေပါနဲ့ အင်တီ ဖက်ဒရယ်လစ် ပေပါ နှစ်ခုပေါင်းပြီးမှ ဖြစ်လာတာ။ အမေရိကန်ရဲ့ ကနဦး ကွန်စတီကျူးရှင်းမှာ ပြည်နယ်တွေရဲ့ လုပ်ပိုင်ခွင့်ကို တော်တော်များများ ပေးထားတာ ရှိတယ်။ အားနည်းချက် တခုလို့လည်း ပြောနိုင်တယ်။ အဲဒီ အားနည်းချက်ကြောင့် နောက်ဆုံး ပြည်တွင်းစစ်ကြီး အထိ ဖြစ်ခဲ့ရတယ်။ ပြည်တွင်းစစ် နောက်ပိုင်းကနေ ဆင့်ကဲဆင့်ကဲနဲ့ ဒီနေ့ အမေရိကန်ဟာ ဗဟို အစိုးရ လုပ်ပိုင်ခွင့်ကို ပိုပေးထားတဲ့ Centralize Federalism ဘက် ရောက်လာတယ်။ ရှမ်းမူမှာ ပါတဲ့ဟာက ဒီနေ့ အမေရိကန် ကွန်စတီကျူးရှင်း မဟုတ်ဘူး။ ကနဦးက အမေရိကန် ကွန်စတီကျူးရှင်း။

မြန်မာပြည်မှာ လက်တွေ့ ကျင့်သုံးဖို့ကျတော့ စဉ်းစားစရာတွေ အများကြီးရှိတယ်။ ဦးထွန်းမြင့်တို့နဲ့ ရှမ်းမူ ပေါင်းလိုက်တော့ ခွဲထွက်ရေး ပြုတ်သွားတယ်။ သို့သော် အမေရိကန်ရဲ့ ကနဦး ကွန်စတီးကျူးရှင်းမှာ ပါတဲ့ ပြည်နယ်တွေကို အလွန်အကျွံ လုပ်ပိုင်ခွင့် ပေးတဲ့ဟာက အမွေခံ ပါလာတယ်။ ဒါကြောင့်လည်း အဲဒီတုန်းက နိုင်ငံရေးပါတီတွေ ဖြစ်တဲ့ ပမညတ ရော၊ ပထစ ရော၊ ဖဆပလ ရောက ဘယ်လို ဝေဖန်လဲဆိုတော့ ဒီအတိုင်းသွားရင် ဖက်ဒရေးရှင်းကို ကျော်ပြီးတော့ ကွန်ဖီဒရေးရှင်း ဖြစ်သွား နိုင်တယ်တဲ့၊ တချိန်မှာ ကွန်ဖီဒရေးရှင်းကို ကျော်လိုက်ရင် ဘော်ကန်နိုက်ဇေးရှင်း ဖြစ်သွားနိုင်တယ်ပေါ့။ ဘော်ကန်နိုက်ဇေးရှင်း ဆိုတာ အစိတ်စိတ် အမွှာမွှာ ပြိုကွဲမှုဆိုတဲ့ အဓိပ္ပာယ်ရတယ်။

ဒီနေ့ ဖက်ဒရယ်နဲ့ ပတ်သက်ပြီး တောင်းဆိုချက်က သီးခြားပြည်နယ်၊ သီးခြားအစိုးရ၊ သီးခြားတပ် ဆိုတာမျိုး ကြားနေရတယ်။ အဲဒီအတိုင်း ဖြစ်ရင် ပြဿနာ ရှိနိုင်တယ်။ ခုနက တပ်နဲ့ သွားညိနိုင်တယ်။ အန္တရာယ်ရှိတယ်။ အဲဒီတော့ ဦးခွန်ထွန်းဦးတို့ တောင်းတာကို နားလည်တယ်၊ ဒါပေမယ့် ရှမ်းမူ အခြေခံထားတော့ ကျနော် တဦးချင်းအတွက် ကျတော့ ရှမ်းမူ အခြေခံက Decentralize ဘက်ကို ကဲတယ်လို့ မြင်တယ်။ စိတ်ရှည်ရှည်နဲ့ အများကြီး ညှိကြဖို့ လိုလိမ့်မယ်။ ဘေးထွက်ဆိုးကျိုးတွေ မတိုးအောင်လည်း သတိကြီးကြီးထားဖို့ လိုမယ်ထင်တယ်။

တချို့ပြောနေကြသလို ပထ၀ီအရ ခွဲရမယ် ဆိုရင်တော့ လက်တွေ့ မကျဘူး။ ဒေါ်အောင်ဆန်းစုကြည် ပြောနေတဲ့ အမေရိကန်ပုံစံ ဖက်ဒရေးရှင်းကတော့ ဘာပြောမှန်း မသေချာဘူး။ ကနဦး အမေရိကန် ကွန်စတီကျူးရှင်းကို ပြောတာလား၊ ဒီနေ့ ဟာကို ပြောတာလား။ ဒီနေ့ဟာဆိုရင်တော့ ကျနော်တို့နိုင်ငံနဲ့ အထိုက်အလျောက် ကိုက်ညီနိုင်တယ်။

မေး။     ။အခုအစိုးရက ရှေ့လပေါင်း ၃၀ မှာသူတို့ ဘာတွေလုပ်နိုင်ခဲ့လဲ၊ နောက် လပေါင်း ၃၀ မှာ ဘာတွေလုပ်ဖို့ လိုလဲ။ ပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်တွေက မြန်လား၊ နှေးနေလား။
ဖြေ။     ။ သူတို့ တတ်နိုင်သလောက်တော့ လုပ်ခဲ့တာပဲ။ လပေါင်း ၃၀ ကို ပြန်ကြည့်ရင် သူတို့ လုပ်နိုင်တယ်။ လုပ်တော့ ၃ ခု တပြိုင်တည်း လုပ်တယ်။ နံပါတ်တစ်က နိုင်ငံရေး ပြုပြင်ပြောင်းလဲရေး၊ အများကြီး ရှေ့ရောက်နေတယ်။ အတော်ကြီးကို လုပ်လိုက် နိုင်တယ်။ ကျနော်တို့ မျှော်လင့်တာထက် အများကြီး ပိုတယ်။ ကျနော်တဦးတည်းအရ ပြောရင် မြန်လွန်းတယ်လို့ ထင်တယ်။ မြန်တာကောင်းလားဆိုတော့ မြန်တာကောင်းတယ်၊ လူကြိုက်တယ်။ ဒါပေမယ့် မကောင်းတာက အဲဒီမြန်တဲ့ Speed ကို ထိန်းနိုင်မယ့် Organ မရှိရင် ဒုက္ခရောက်နိုင်တယ်။ Institutionalization လိုတယ်။ အဲဒါကမလွယ်ဘူး။ အထူးသဖြင့် ပညာရေချိန် နိမ့်တဲ့ တိုင်းပြည်မှာ ပိုကြာနိုင်တယ်။ Institutionalization ဘာမှမရှိတဲ့ အချိန်မှာ Libralization အရှိန်မြင့်လိုက်တော့ ဘေးထွက်ဆိုးကျိုးတွေ အများကြီး ပေါ်လာတယ်။ ဒီကနေ့ စိန်ခေါ်မှုတွေက ဒီကနေလာမှာ။

နံပါတ်နှစ်က စီးပွားရေး ပြုပြင်ပြောင်းလဲမှုက နိုင်ငံရေးနဲ့ ယှဉ်ရင် အတော်နှေးတယ်။ ဘာကြောင့် နှေးလဲဆိုတော့ အကုန်လုံး လွှမ်းခြုံနိုင်တဲ့ Master Plan လုံးဝမတွေ့ဘူး။ အမှန်က အဲဒီ Master Plan ကြီး အောက်မှာမှ မြေယာ ပေါ်လစီ၊ Industrial ပေါ်လစီ စသဖြင့် ပေါ်လစီခွဲတွေနဲ့ သွားရင် တခုနဲ့ တခုဟန်ချက် ညီတာပေါ့။ အခုတော့ ဆန်စင်ရာ ကျည်ပွေ့လိုက်သလို ဟိုရောက် ဒီရောက် ဖြစ်ကုန်လိမ့်မယ်။ အဲဒီအတွက် အပြစ်ပြောဖို့ မလိုဘူး။ မြန်မာပြည်မှာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့က အကန့်အသတ်တွေ၊ အဟန့်အတားတွေ သိပ်များတယ်။ ဦးသိန်းစိန်အစိုးရမှ မဟုတ်ဘူး။ ဘယ်အစိုးရ တက်တက် စီးပွားရေး ကတော့ အပြောင်းအလဲ သိပ်မမြန်နိုင်ဘူး။

တတိယ လုပ်ငန်းစဉ်ကတော့ ပြည်တွင်းငြိမ်းချမ်းရေး ပြန်လည် တည်ဆောက်တာ။ အများကြီး အရှိန်ရနေပြီ။ အစိုးရ အဆက်ဆက် လုပ်ခဲ့တဲ့ အထဲမှာတော့ အထိရောက်ဆုံးလို့ ပြောနိုင်တယ်။ သို့ပေမယ့် ရှေ့ဆက်တိုးဖို့ နည်းနည်း ခက်နေတယ်။ ရှေ့ဆက်ဖို့ ဘာခက်နေလဲ ဆိုတော့ ဖွဲ့စည်းပုံ ပြင်ရေးမှာ ပြည်တွင်းစစ် ရပ်စဲရေးနဲ့ သွားငြိနေတဲ့ အချက်တွေ ပါတယ်။ အဲဒါဘာလဲ ဆိုတော့ ဇယား ၁၊ ၂ အခြေခံပေါ်မှာ ဒါကိုဆွေးနွေးပြီး ပြင်နိုင်ရင်ကောင်းတယ်။ Taxes Sharing လည်း ဇယား ၅ မှာ ပြန်ဆွေးနွေးဖို့ လိုတယ်။ မပါသေးတဲ့ Resource Sharing ဖြည့်ပေးနိုင်ရင် ကောင်းတယ်။ အဲဒါတွေ ဆွေးနွေး နိုင်ခဲ့ရင်တော့ ပြည်တွင်းငြိမ်းချမ်းရေးက အဖြေတခု ရကောင်း ရနိုင်ပါတယ်။ သို့သော်လည်း ဒီနေရာမှာလည်း အဟောင်းဖျက် အသစ်ရေး ဆိုရင်တော့ အဖြေရမှာ မဟုတ်ဘူး။ အခုက အဲဒီအဆင့် မရောက်သေးဘူးဗျ။ အပစ်အခတ် ရပ်စဲရေး ဖြစ်ဖို့ကို KIA နဲ့ ပြဿနာ ရှိနေတယ်။ ဒါက ပြီးခဲ့တဲ့ လ ၃၀ လုပ်ခဲ့တာနဲ့ ရှေ့ကြုံရနိုင်တဲ့ အခက်အခဲကို ပြောတာ။

မေး။  ။အခုနောက်ဆုံး သိချင်တာက သမ္မတ ဦးသိန်းစိန် လက်ထက်ရောက်မှ သိသာလာတဲ့ ပြဿနာပေါ့။ အဲဒါက ဘာသာရေး လူမျိုးရေး ပဋိပက္ခတွေ အကြောင်းပါ။ ဒီကြားထဲ မရိုးသားတဲ့သူတွေက ကောလာဟလတွေ ထုတ်တယ်။ လူတွေက ဒေါသတွေထွက်ကြ။ လိုအပ်တာထက် ပိုတုန့်ပြန်ကြတယ်။ အစိုးရကလည်း ကောင်းကောင်း မကိုင်တွယ်နိုင် သေးဘူး။ မိတ္ထီလာ ဖြစ်စဉ်မှာဆိုရင် ရဲတွေရပ်ကြည့်နေတဲ့ ဗီဒီယိုတွေ ထွက်လာတယ်။ အမျိုးသားရေးဟာ အာဏာရှင်တွေရဲ့ နောက်ဆုံး ခံတပ် ဖြစ်လာပြီလား။ ဒီဖြစ်စဉ်တွေက ရိုးသားမှုကော ရှိရဲ့လား။
ဖြေ။    ။ရခိုင်ပြဿနာက သမိုင်းနဲ့လည်း ဆိုင်တယ်၊ ပထ၀ီနိုင်ငံရေးနဲ့လည်း ဆိုင်တယ်။ အခုမှ ပေါ်လာတာ မဟုတ်ဘူး။ ပြောရရင်တော့ အကျယ်ကြီးပဲ။ အင်တာဗျူး တစ်ခုနဲ့တင် မလုံလောက်ဘူး။ သို့သော် ပြဿနာက အခုဖြစ်နေပြီ။ ဖြစ်လည်း ဖြစ်မှာပဲ။ ဖြစ်တာက သဘာဝကျတယ်။ ဖြစ်ရင် ရခိုင်ပြဿနာကို Local မှာ ထိန်းနိုင်ခဲ့ရင် ကောင်းတယ်။ ဒါပေမယ့် မထိန်းနိုင်ခဲ့ဘူး။ ရခိုင်ပြဿနာက သမိုင်းဇစ်မြစ်နဲ့ဆိုင်တဲ့ ပထ၀ီ နိုင်ငံရေး ပြဿနာ။ အဲဒီပြဿနာကို လူ့အခွင့်အရေးနဲ့ ရောထွေးလို့မရဘူး၊ ဘာသာရေးနဲ့ ရောထွေးလို့လည်း မရဘူး။ ဒါပေမယ့် တဘက်က ရည်ရွယ်ချက်ရှိရှိနဲ့ ဘာသာရေး ဖြစ်အောင် လုပ်တာမျိုးတွေ ရှိနေတယ်။ ဘယ်သူဆိုတာတော့ အထောက်အထား မရှိလို့ မပြောနိုင်ဘူး။ ကိုယ့်ဘက်က ဖြစ်သင့်တာက ဘာသာရေးနဲ့ ဘာမှမဆိုင်ဘူး ဆိုတာမျိုး ဖြစ်အောင် လုပ်ရမယ်။ ဒီကိစ္စ တည့်တည့်ပြောရင် နယ်မြေ ပြဿနာပဲ။ ဘာသာရေးနဲ့ မဆိုင်ဘူး။ ဘာသာရေးဖြစ်အောင် လုပ်တာကိုက မရိုးသားဘူးလို့ ပြောလို့ရတယ်။

ဆရာတော် ဦးဝီရသူတို့ ဘာတို့ ကိစ္စတွေကိုတော့ ကျနော်က ဗုဒ္ဓဘာသာဖြစ်လို့ သိပ်မဝေဖန်ချင်ဘူး။ သတိတခုတော့ ပေးချင်တယ်၊ ဘာသာရေးနဲ့ နိုင်ငံရေး ရောထွေး မကျင့်သုံးမိစေဖို့ပါ။ ခင်ဗျားတို့ ပြောတဲ့ မိတ္ထီလာမှာ ရဲတွေက ရပ်ကြည့် နေတယ်ဆိုတာ ကျနော်ကြားတဲ့ သတင်းက တမျိုး၊ ခင်ဗျားပြောတဲ့ သတင်းက အနောက် မီဒီယာတွေက ဖွတာ။ အနောက် မီဒီယာတွေ မရိုးသားဘူး။ မလေးရှားမှာ ကျနော်တို့ အသတ်ခံရတာ၊ မုဒိန်းအကျင့် ခံရတာတွေကျတော့ ရည်ရွယ်ချက် ရှိရှိ မှိန်ထားတယ်။

မိတ္ထီလာ ကိစ္စဆို ကျနော်ကြားတာက သိပ်ပြီးတော့ သွေးပူနေတဲ့ လူတွေက ဆိုင်တဆိုင်ကို မီးရှို့မယ် လုပ်တယ်၊ အဲဒီတော့ ရဲကထိန်းတယ်၊ ထိန်းလို့မရတော့ နောက်ဆုံး ခွင့်ပြုလိုက်ရတယ်။ ဒါပေမယ့် တခြားဟာ မလောင်စေနဲ့လို့ဆိုပြီး အဲဒါကို ရပ်ကြည့် နေရတယ်။ အဲဒီဓာတ်ပုံတွေကို ရည်ညွှန်းပြီးတော့ သတင်း တမျိုးလုပ်လိုက်တယ်လို့ ကြားတယ်။ ဘယ်ဟာ အမှန်ဆိုတာတော့ မသိဘူး။ ပွင့်ပွင့်လင်းလင်း ပြောရရင် အစိုးရက ရည်ရွယ်ချက်ရှိရှိ လွှတ်ပေးတယ်ဆိုတဲ့ စွပ်စွဲချက် ကိုတော့ ကျနော် လက်မခံဘူး။

လူမျိုးရေး အဓိကရုဏ်း ဆိုတာ အာဏာရှင်တွေရဲ့ လုပ်ကွက်ဆိုတဲ့ အယူအဆ ရှိကြတယ်။ အခါခပ်သိမ်း မမှန်ပါဘူး။ အခု လောလောဆယ် မဖြစ်နိုင်ဘူး။ အစိုးရက ဘယ်တုန်းကမှ မရဘူးတဲ့ နိုင်ငံတကာ ထောက်ခံမှု ရနေတဲ့ အချိန်မှာ ကိုယ်ရပြီးသား ထောက်ခံမှုကို ဆုံးရှုံးအောင် မလုပ်ဘူး။ ကျနော်ကတော့ အစိုးရရဲ့ ပယောဂ မပါဘူးလို့ ထင်တယ်။ ပြီးတော့ ကျနော်တို့ အတိုက်အခံ တချို့က ပြဿနာဆိုးဆိုးဝါးဝါး မဖြစ်ခင်က အစိုးရမပါနဲ့၊ စစ်တပ် မပါနဲ့ဆိုတဲ့ အသံတွေနဲ့ ဟန့်တယ်၊ စစ်တပ်က မပါဘဲနေတဲ့ အခါကျတော့ စစ်တပ်ကို လုံခြုံရေး တာဝန်ယူတာ ညံ့တယ်လို့ ဝေဖန်တယ်။ အဲဒါက အစိုးရဆိုရင် ဆဲရမယ် ဆိုတဲ့ သမားရိုးကျ အမြင်က လာတယ်။ ဒါက Radical လမ်းကြောင်းက လာတဲ့ဟာ။ အစိုးရ ပယောဂ ပါတယ် ဆိုတာ လက်မခံပေမယ့် ဒီပြဿနာက ပယောဂတော့ သေချာပေါက် ပါတယ်။ ဘယ်သူတွေ ဆိုတာတော့ အထောက်အထား မရှိလို့ လက်လွတ်စပယ် မပြောချင်ဘူး။ သေချာတာကတော့ ဗမာပြည်ရဲ့ အလွန်ကောင်းမွန်တဲ့ အပြောင်းအလဲကို မလိုလားတဲ့ အင်အားစုတွေရဲ့ ပရောဂ ပါနိုင်တယ်၊ နောက်တခုက နိုင်ငံတကာ အကြမ်းဖက်မှု ပယောဂ ပါနိုင်တယ်။ နိုင်ငံတကာ အကြမ်းဖက်မှုက ၂၁ ရာစု အစောပိုင်းမှာ အဓိက ထားတာက ဖွံ့ဖြိုးပြီး နိုင်ငံတွေ၊ အခုသူတို့ ပစ်မှတ် ပြောင်းလာတယ်။ နိုင်ငံကြီးတွေမှာ အကြမ်းဖက်မှုတွေ လုပ်ဖို့ သူတို့ မတတ်နိုင်တော့ဘူး။ ကျနော်တို့လို ဖွံ့ဖြိုးဆဲ နိုင်ငံတွေ ဘက်ကို Target ရွေးလာတယ်။

ဖွံ့ဖြိုးဆဲ နိုင်ငံတွေမှာမှ သူတို့ပိုကြိုက်တာက အစိုးရနဲ့ ပြည်သူအကြားမှာ ယုံကြည်မှု ပျောက်နေတဲ့ Fail State တွေ။ အဲဒီ Concept က စဉ်းစားရင် နိုင်ငံတကာ အကြမ်းဖက်မှု ပယောက ပါကောင်း ပါနိုင်တယ်။ ဒီပြဿနာက တော်တော် ရှုပ်ထွေးတယ်၊ တော်တော် သိမ်မွေ့တယ်၊ လက်လွတ်စပယ် လုပ်လို့မရဘူး၊ ကျနော်တို့ သတိကြီးကြီး ထားရမယ်။ ကျနော်တို့က ဒီကိစ္စကို ဘာသာရေး ပြဿနာအနေနဲ့ တုန့်ပြန် လိုက်ရင် တစ်ဘက်က အကြိုက်ဖြစ်သွားမယ်။ အမှန်က ဘာသာရေး ပြဿနာ မဟုတ်ဘူး၊ နယ်မြေ ပြဿနာ၊ ပထ၀ီနိုင်ငံရေး ပြဿနာ။

[ဧရာဝတီ အင်တာနက်စာမျက်နှာမှ ပြန်လည်ကူးယူဖော်ပြပါသည်]

Monday, September 16, 2013

ကျွန်တော်ကြိုက်သော ပုံပြင်များ (၂၂)


သစ်သားခြံစည်းရိုးပေါ်မှာ စာကလေး ထိုင်နေတယ်။ အောက်မှာ ကြက်မတစ်ကောင် ရင်ကော့ပြီး ဟိုလျှောက်သည်လျှောက် လုပ်နေတယ်။ စာကလေး မေးတယ်။

လမ်းလျှောက်ပြီး အစာလိုက်ကောက်စားနေရတာ နင် မငြီးငွေ့ဘူးလား။ ညည်းကိုကြည့်ရတာ ပျံတောင် မပျံတတ်တော့ဘူး ထင်တယ်။

ဒီလို အပြောခံရတော့ ကြက်မ စိတ်တိုသွားတယ်။ ပျံတတ်တယ်၊ ကြည့် ဆိုပြီး ရှိသမျှအားနဲ့ အတောင်နှစ်ဖက်ကို ခတ်လိုက်တာ ခြံစည်းရိုးပေါ် ရောက်သွားတယ်။

အခု ဘေးက စာကလေးကို ကြက်မ ပြန်မေးတယ်။

နင်ရော တစ်ချိန်လုံး ပျံနေ ခုန်နေရတာ မငြီးငွေ့ဘူးလား။ ငါနဲ့ ကြက်ခြံမှာ လိုက်နေပါလား။ အချိန်တန်ရင် အစာခွက်မှာ အိမ်ရှင်မ အစာလာချတာပဲ၊ ယူစားလိုက်ရုံပဲ။ ဘာအပူအပင်မှ မရှိဘူး။

အဲဒီလို ပြောနေတဲ့အချိန်မှာပဲ လေပြင်းတိုက်လာတယ်။ ခြံစည်းရိုးပေါ် ဆက်ပြီးရပ်နေနိုင်အောင် ကြက်မ ကြိုးစားရှာတယ်။ မရဘူး။ သူ့ကိုယ်သူ မထိန်းနိုင်ဘဲ အောက်ကို ကျသွားတယ်။ စာကလေးကတော့ အတောင်တွေကိုဖြန့်ပြီး အမြင့်ကို ပျံတက်လိုက်တယ်။ တစ်ပတ်လောက် ၀ဲလိုက်ပြီး စောစောက ခြံစည်းရိုးပေါ် ပြန်နားတယ်။ အောက်က ကြက်မကိုကြည့်ပြီး သူပြောတယ်။

နင်ဟာ အကောင်လည်းကြီးတယ်၊ အားလည်းကောင်းတယ်။ ဒါပေမယ့် သူများကျွေးတဲ့ အစာကိုပဲ အားကိုးနေတယ်။ ပျံတဲ့အခါမှာလည်း နင် ခြံစည်းရိုးကို အမှီပြုရတယ်။ ငါကတော့ ကိုယ်တောင်ပံကိုပဲ အားကိုးတယ်။ တခြား ဘယ်သူ့ကိုမှ အားမကိုးဘူး။

အဲသလိုပြောပြီး စာကလေးဟာ အဝေးကို ပျံသွားပါလေရောတဲ့။

[မောင်ကောင်းထိုက်၊ ငရဲတံခါး နိဗ္ဗာန်တံခါးနှင့် အခြားဇာတ်လမ်းများ မှ]

Thursday, September 12, 2013

မှတ်တမ်းတင်ထားချင်သည့် ဟိုးလေးတကြော်များ


သိပြီး၊ ဖတ်ပြီး၊ မြင်ဖူး၊ တွေ့ဖူးသောသူ အများစုဖြစ်မည်ဟု ယုံကြည်ပါသည်။ ကျွန်တော့်မိတ်ဆွေများ အတွက်ဆိုသည်ထက် ကျွန်တော့်ဘလော့ဂ်တွင် မှတ်တမ်းတစ်ခုအနေဖြင့် သိမ်းဆည်းထားလိုသည့် ရည်ရွယ်ချက်က ပိုများပါကြောင်း ၀န်ခံလိုပါသည်။ အင်တာနက်ပေါ်မှာ ဟိုးလေးတကြော် ဖြစ်ခဲ့သမျှတွေထဲက ကျွန်တော်စိတ်ဝင်စားသည်များကို ပြန်လည်တင်ထားခြင်းသာ...။

(က)
လတ်တလော အင်တာနက်ပေါ်တွင် လူအများ လက်ဆင့်ကမ်း ဖြန့်ဝေပြောဆိုဝေဖန်မှု အများဆုံး အကြောင်းအရာတစ်ခုဟု ဆိုရပါမည်။ လိုရင်းကတော့ မြန်မာနိုင်ငံက ကမ္ဘာ့ဘဏ်သို့ ပေးဆပ်ရမည့် အကြွေးက ၁ ဘီလီယံနီးပါး ရှိသည်ဟုဆိုသည်။ အဆိုပါအကြွေးကို ကမ္ဘာ့ဘဏ်က လျှော်ပစ်လိုသော်လည်း မြန်မာနိုင်ငံမှ နိုင်ငံခြားဘဏ်များသို့ အပ်နှံထားတဲ့ ငွေစာရင်း ငါးခုဟာ စုစုပေါင်းတန်ဖိုး အမေရိကန်ဒေါ်လာ ၁၁ ဘီလီယံနီးပါး ရှိနေတဲ့အတွက် မြန်မာနိုင်ငံရဲ့ အကြွေးတွေကို လျှော်ပစ်ခြင်း မပြုလုပ်နိုင်ကြောင်း သိရှိရပါတယ်။ အခုအချိန်မှာ အားလုံးက စိတ်ဝင်တစား ဖြစ်နေတာကတော့ မြန်မာနိုင်ငံက အကောင့်ငါးခုဟာ ဘယ်သူတွေပိုင်ဆိုင်တဲ့ အကောင့်တွေလဲ ဆိုတာပါပဲ။ ဘယ်သူ့နာမည်နဲ့ လုပ်ထားတဲ့အကောင့်တွေလဲ၊ ဘယ်လိုရပေါက်ရလမ်း တွေကနေ အဲဒီငွေတွေ ရခဲ့သလဲဆိုတာ စိတ်ဝင်စားစရာပါ။ ဆက်လက်ကြားသိရမယ့် သတင်းတွေကို စောင့်မျှော်ဖတ်ရှု နားထောင်ရုံမှတစ်ပါး အခုတော့.....။

(ခ)
အထက်ကဓာတ်ပုံမှာ မြင်တွေ့ရသူကတော့ Lisa Sparks ဆိုတဲ့ အမျိုးသမီးပါပဲ။ ဘာဖြစ်လို့ သူ့ကို တကူးတက မှတ်တမ်းတင်ရသလဲဆိုတော့ အဲဒီအမျိုးသမီးဟာ ထူးထူးခြားခြား မည်သူမျှ စိတ်ကူးယဉ်ခြင်းငှာ မစွမ်းဆောင်နိုင်တဲ့ တစ်ရက်အတွင်းမှာ အမျိုးသားပေါင်း ၉၁၉ ဦးနဲ့ အတူအိပ်ခဲ့လို့ ဖြစ်ပါတယ်။ အဲဒီလို အိပ်စက်မှုဟာ စံချိန်မှတ်တမ်းသစ်တစ်ရပ် ဖြစ်ခဲ့တယ်လို့လည်း ဆိုပါတယ်။ ထူးခြားတာ၊ ဆန်းသစ်တာ၊ ဖောက်ထွက်တာတွေကို ကြိုဆိုပေမယ့် အခုလိုမျိုး လုပ်ရပ်တွေကိုတော့ ကျွန်တော်ကိုဉာဏ် လိုက်လို့မမီတဲ့၊ ဉာဏ်မမီတဲ့ အကြောင်းအရာတစ်ခုအဖြစ် စာရင်းသွင်းလိုက်ကြောင်းပါ။ ကျွန်တော်တို့ မြန်မာအမျိုးသမီးတွေမှာ အဲဒီလို စိတ်ကူးစိတ်သန်းတွေ မရှိတာနဲ့တင် ဂုဏ်ယူလှပါပြီ။ သူ့လိုလည်း စံချိန်တွေ မချိုးကြစေချင်ပါ။ :D

(ဂ)
နယ်မြို့တစ်ခုက ဆီးဂိမ်းလှုံ့ဆော်ရေးပိုစတာဟာ လှုံ့ဆော်ရာမရောက်ဘဲ လှုံ့ရှော်ရာ ရောက်သွားတဲ့ အတွက် ပြောဆိုဝေဖန်စရာ ဖြစ်နေရပြန်ပါတယ်။ မြန်မာနိုင်ငံက အလံအရောင်တွေကို ကိုယ်စားပြုပြီး ဒီဇိုင်းရေးဆွဲရာမှာ ပုံမှာမြင်ရတဲ့အတိုင်း အရောင်တွေ အထက်အောက် ပြောင်းပြန်ဖြစ်နေတာကို ဝေဖန်မှုတွေ ပြုလုပ်ခဲ့ကြခြင်း ဖြစ်ပါတယ်။ မှားတဲ့အခါလည်း မှားပေမပေါ့လို့ စိတ်ထဲမှာ မှတ်သားမိပါတယ်။

(ဃ)
ပုံထဲမှာမြင်ရတဲ့ ရှေ့ဆုံးက ခါးတောင်ကျိုက်နဲ့ ပုဂ္ဂိုလ်ဟာ အခြားမဟုတ်ပါ။ ပဲခူးတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဉာဏ်ဝင်း ဖြစ်ပါတယ်။ ပဲခူးဒေသအတွင်း ရေကြီးမှုတွေ ဖြစ်ပေါ်တဲ့ဒေသတွေကို သွားရောက်စစ်ဆေး ကြည့်ရှုနေတဲ့ပုံ ဖြစ်ပါတယ်။ မှတ်တမ်းတင်ချင်တာက ဒီဓာတ်ပုံ မဟုတ်ပါဘူး။ ဒီဓာတ်ပုံက ကျွန်တော်ပြောချင်တဲ့ ဓာတ်ပုံထွက်ပေါ်ပြီး တစ်ရက်လောက်ကြာမှ ထွက်လာတဲ့ဓာတ်ပုံပါ။ သူ့အရင် ထွက်ခဲ့တဲ့ဓာတ်ပုံမှာ ၀န်ကြီးချုပ်ဟာ လှေသစ်ကြီးတစ်စင်းပေါ်မှာ ထိုင်နေပြီး ကျန်တဲ့လူတွေက ဘေးကနေ လမ်းလျှောက်နေတဲ့ပုံ ဖြစ်ပါတယ်။ အင်တာနက်ပေါ်မှာ ဘာပြောကောင်းလိုက်မလဲ။ ပြန်လည်ဝေမျှပြီး ဝေဖန်လိုက်ကြတာ ရစရာကို မရှိပါဘူး။ အချို့ဆိုရင် ထိုင်းဝန်ကြီးချုပ် ယင်လတ်ရှင်နာဝပ် ရေကြီးတဲ့ဒေသတွေကို လိုက်စစ်နေတဲ့ဓာတ်ပုံနဲ့ တွဲဖက်ဖော်ပြ ခဲ့ကြပါတယ်။ ရေကြီးတာကို လိုက်ကြည့်တဲ့ ၀န်ကြီးချုပ်က ရေစိုမှာကြောက်ပြီး လှေပေါ်ကနေ သွားတယ်ဆိုပြီး ဝေဖန်တဲ့စာတွေဟာ ဖတ်လို့တောင် မကုန်ပါဘူး။ အဲဒီလို ပက်ပက်စက်စက် ပြောဆိုရေးသား နေကြတုန်းမှာပဲ နောက်တစ်နေ့မှာ အပေါ်ကဓာတ်ပုံ ထွက်ပေါ်လာပြီး လူတွေ ဝေဖန်နေကြတဲ့ ဓာတ်ပုံဟာ ၀န်ကြီးချုပ် လှေစီးပြီး လိုက်စစ်တာမဟုတ်ဘဲ ရေကြီးတဲ့ဒေသတွေကို ထောက်ပံ့ပေးမယ့် လှေသစ်တွေကို စစ်ဆေးကြည့်ရှုတာ ဖြစ်တဲ့အကြောင်း ဖြေရှင်းချက်တွေ ထွက်ပေါ်လာပါတယ်။ ဘာပဲဖြစ်ဖြစ် အဲဒီဓာတ်ပုံ ပျံ့နှံ့ခဲ့တဲ့ နှစ်ရက်၊ သုံးရက်လောက် ဖေ့စ်ဘုတ် တစ်ခွင်လုံး ရေထဲမှာ ခါးတောင်းကျိုက်ပြီး လျှောက်သွားနေခဲ့ကြတာ အသေအချာပါပဲ။ ပွဲဆူစေခဲ့တဲ့ ဓာတ်ပုံကတော့ အောက်မှာ ဖော်ပြထားတဲ့ဓာတ်ပုံ ဖြစ်ကြောင်းပါခင်ဗျာ။


(င)
အင်တာနက်သုံးစွဲသူ မြန်မာတွေ အားလုံးနီးပါး သိပြီးသားမို့ အထူးအထွေ မိတ်ဆက်ပေးဖို့ လိုမယ်မထင်ပါဘူး။ ဓာတ်ပုံထဲမှာ မြင်ရတဲ့ အမျိုးသမီးငယ်က ခင်ဝင့်ပါ ဖြစ်ပါတယ်။ ဘီလာရုစ်နိုင်ငံမှာ ကျင်းပပြုလုပ်ခဲ့တဲ့ Miss Supranational 2013 ပြိုင်ပွဲမှာ ဆန်ကာတင်အဆင့် ၂၀ ဦးထဲကို ၀င်ရောက်နိုင်ခဲ့ပြီး အဆင့် ၁၃ ရရှိခဲ့တဲ့ မြန်မာ့ဂုဏ်ဆောင် အလှမယ်တစ်ဦးပါ။ ဒါ့အပြင် အွန်လိုင်းကတစ်ဆင့် ပိုက်ဆံပေးပြီး မဲပေးယှဉ်ပြိုင်ရတဲ့ Miss Internet ဆုကိုလည်း ရရှိခဲ့ပါတယ်။ အခြားဆုတွေအဖြစ် Most beautiful girl in the world, People choice award, Face of Miss Supranational 2013 တွေကိုလည်း ရရှိခဲ့တယ်လို့ သိရပါတယ်။ ခင်ဝင့်ပါကို မှတ်တမ်းတင်ချင်တာထက် အွန်လိုင်းက မြန်မာတွေရဲ့ သည်းသည်းလှုပ်မှုနဲ့ စည်းရုံးမှုကို မှတ်တမ်းတင်ချင်တာက ပိုပါတယ်။ ပိုက်ဆံပေးပြီးမှ မဲပေးလို့ရတဲ့စနစ်ကို မြန်မာအလှမယ် အနိုင်ရအောင် မဲပေးခဲ့ကြတဲ့ ရွှေမြန်မာတွေရဲ့ စိတ်ဓာတ်ကို ကျွန်တော်က တအံ့တသြနဲ့ မှတ်တမ်းတင်ပါတယ်။ နန်းခင်ဇေယျာနဲ့ ခင်ဝင့်ဝါဟာ မြန်မာ့အင်တာနက်သမိုင်းမှာ မပါအဖြစ် မှတ်တမ်းတင်ရမယ့် သမိုင်းဇာတ်ကောင်တွေပါ။

(စ)
ခင်ဝင့်ပါအကြောင်း ပြောပြီးတဲ့သကာလ တစ်ဆက်တည်းဆိုသလိုပဲ ကျွန်တော့်ရင်ထဲကို ဒိုင်းကနဲ လာဆောင့်ခဲ့တဲ့ ကာတွန်းတစ်ကွက်ကိုလည်း မှတ်တမ်းတင်လိုက်ပါတယ်။ ကြည့်မိဖတ်မိသူတိုင်း နားလည်နေတဲ့ အကြောင်းအရာတစ်ခုကို ကျွန်တော်က ဘာမျှ ဆရာလုပ်စရာမလိုဟု ယူဆပါသည်။ စာဖတ်သူတို့ကိုယ်တိုင် ခံစားကြပါကုန်။

(ဆ)
ဒီအတိုင်းကြည့်ရင်တော့ ဓာတ်ပုံက ဘာလဲဟလို့ မေးစရာရှိပါတယ်။ ဟုတ်ကဲ့... သူ့အကြောင်းနဲ့သူ အဆက်အစပ်နဲ့ဆိုတော့လည်း အဲဒီလို မဖြစ်ပါဘူးခင်ဗျ။ မျက်နှာလည်းမပါ၊ လူလည်းမမြင်ရတဲ့ ဓာတ်ပုံတစ်ခုကို ဘာဖြစ်လို့ မှတ်တမ်းတင်ရသလဲဆိုတော့ ဒီလိုပါခင်ဗျ။ အခုမြင်နေရတဲ့ ဓာတ်ပုံဟာ အမေရိကန် အထက်လွှတ်တော်အတွင်း ဆီးရီးယားအရေးနဲ့ပတ်သက်ပြီး ကြားနာစစ်ဆေးမှု ပြုလုပ်နေစဉ် လွှတ်တော်အမတ်တစ်ဦးဖြစ်တဲ့ ဂျွန်မက်ကိန်းက သူ့ရဲ့ iPhone နဲ့ ပိုကာဖဲ ကစားနေတဲ့ပုံ ဖြစ်ပါတယ်။ အခြားသူတွေရဲ့ အမြင်တွေ၊ ဝေဖန်မှုတွေ အမျိုးမျိုးရှိသလို စာဖတ်သူအနေနဲ့လည်း လွတ်လပ်စွာ သဘောကွဲလွဲ ဝေဖန်နိုင်ကြောင်းပါ။ မှတ်တမ်းတစ်ခုအနေနဲ့ ထည့်သွင်းသိမ်းဆည်းခြင်းပါ။

(ဇ)
ဆရာအော်ပီကျယ်ရဲ့ ကာတွန်းဟာ ရှင်းပြစရာမလိုလောက်အောင် ထိထိမိမိရှိတယ်၊ ပြောင်မြောက်တယ် ဆိုတာ သံသယမရှိပါဘူး။ မြင်တတ်ပါပေ့ ဆရာရယ်လို့ ပြောရမလား၊ တွေးတတ်ပါပေ့ ဆရာရယ်လို့ ချီးကျူးရမလား၊ ကွက်တိဒက်ထိပဲဗျာလို့ ကြုံးဝါးရမလား ကဲ... ကြိုက်တဲ့လူကို မျက်စိထဲမြင်ပြီး ကြိုက်သလိုသာ ခံစားကြပါကုန်။

(စ်)
Miley Cyrus ရဲ့ Wrecking Ball ဆိုတဲ့ MTV ဗီဒီယိုဖိုင်ကို စက်တင်ဘာလ ၉ ရက်နေ့က YouTube မှာ လွှင့်တင်ခဲ့ရာမှာ ဒီနေ့အထိ ၄ ရက်တာကာလအတွင်း အဲဒီဗီဒီယိုဖိုင်ကို ကြည့်ရှုသူပေါင်း ၅၆ သန်း ကျော်သွားပါပြီ။ အံ့သြစရာ အရေအတွက်ဖြစ်ပါတယ်။ တစ်ဆက်တည်း အံ့သြစရာကောင်းတာကတော့ အဲဒီဗီဒီယိုဖိုင်ကို သဘောကျနှစ်သက်ကြောင်း Like လုပ်သူ အရေအတွက်ဟာ ၅ သိန်းကျော်ရှိပြီး သဘောမကျကြောင်း Dislike လုပ်ထားသူ အရေအတွက်ဟာ ၂ သိန်း ၈ သောင်းကျော် ရှိနေတာပါပဲ။ အဲဒီဗီဒီယိုဖိုင်ရဲ့အောက်မှာ ရေးထားကြတဲ့ ကွန်းမန့်ပေါင်းက ၃ သိန်း ၇ သောင်းကျော် ရှိပါတယ်။ အချို့က ကြိုဆိုကြသလို၊ အချို့ကလည်း ဒီလိုမျိုး အရှက်မဲ့ရမလား၊ ဖော်မှချွတ်မှ နာမည်ကြီးတော့မှာလားဆိုပြီး ဝေဖန်အပြစ်တင်ကြတာတွေ ရှိကြပါတယ်။ ဘာပဲဖြစ်ဖြစ် ဒါဟာ ပွင့်လင်းပါတယ်ဆိုတဲ့ သူတို့နိုင်ငံမှာလည်း ယဉ်ကျေးမှုပေတံ၊ အရှက်ပေတံနဲ့ တိုင်းတာတဲ့လူတွေ ဒုနဲ့ဒေး ရှိနေတယ်ဆိုတာကို ပြသနေတာဖြစ်တယ်လို့ ယူဆပါတယ်။ ဘာပဲပြောပြော အခုလတ်တလောကတော့ Miley Cyrus တစ်ယောက် သူမှသူ သတင်းလူသား ဖြစ်နေတော့တာပါပဲ။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၃ ခုနှစ်၊ စက်တင်ဘာလ ၁၂ ရက်၊ ကြာသပတေးနေ့။
မွန်းလွဲ ၁ နာရီ ၄၆ မိနစ်တွင်ပြီး၏။

ပိုက်ဆံရှိလျှင် လူရာဝင်


နီစ ကုလံ နိပ္ပည ၀ါ၊
နိရူပံ နိဗလံ သမံ။
ဣမံ ကာလံ ဆုတ္တကာလံ၊
ဓနမေ၀ ၀ိသေသကံ။

ယောက်ျားဖြစ်စေ မိန်းမဖြစ်စေ အမျိုးက ယုတ်နိမ့်၏။
လက်မှုပညာ နှုတ်မှုပညာ ဘာမျှမရှိ။
အဆင်းက မလှ မပ။
ကာယစွမ်းအား၊ ဉာဏစွမ်းအား ဘာမျှမရှိ။
သို့ရာတွင် ဤသို့သော ဆုတ်ကပ်ကြီးတွင်ကား ပစ္စည်းဥစ္စာသာလျှင် ပဓာနဖြစ်နေ၍ ထိုကဲ့သို့သော လူမျိုးသည်ပင် အရေးပါအရာရောက်၍ နေပေတော့သည်။

Wednesday, September 11, 2013

လူတော်လူကောင်းဝါဒ


န ၀ဒန္တိ ဧ၀ံ ဓိရာ၊
ဝါယမိံသု သဗ္ဗကမ္မေ။
န စေ သိဇ္ဈတိ တံ ကမ္မံ၊
အဖလံ ဧ၀ ကိံ ဒေါသော။

ပညာရှိတို့သည်ကား ဤသို့ မဆိုကြကုန်။
ဆောင်ရွက်စရာ ကိစ္စ ပေါ်ပေါက်လာတိုင်း အားတက်သရော လုပ်ကြကုန်၏။
အကယ်၍ ထိုအလုပ်ကိစ္စက အကျိုးမဖြစ်ထွန်းခဲ့သော် အကျိုးမရရုံကလွဲ၍ ဘာအပြစ်ရှိမည်နည်း။

Tuesday, September 10, 2013

ကျွန်တော်နားမလည်သော နိုင်ငံရေးများ


(တစ်)
မြန်မာ့နိုင်ငံရေးမှာ အစိုးရအဖွဲ့ အဆက်ဆက်ဟာ အတိုက်အခံတွေကို သတိထားစောင့်ကြည့်ရမယ့် အန္တရာယ်တွေအဖြစ်သာ မြင်ခဲ့တာကို သတိထားမိပါတယ်။ ကိုယ်နဲ့ အယူအဆ၊ အတွေးအမြင် မတူညီတာနဲ့ပဲ ရန်/ငါ ခွဲခြားတယ်ဆိုတာ ကောင်းတဲ့လုပ်ရပ် မဟုတ်ဘူးဆိုတာ အားလုံးအသိပါ။ အဲ... အဲဒီလို ခံခဲ့ရတဲ့ အတိုက်အခံတွေကရော ဘယ်အစိုးရပဲတက်တက် အကောင်းမပြောတာ ဘာကြောင့်လဲ။ အမြဲတမ်း မှန်ကန်နေတဲ့လူဆိုတာ မရှိပါဘူး။ အမှားရှိမှာပါပဲ။ အစိုးရဆိုတာလည်း လူတွေနဲ့ ဖွဲ့စည်းထားတဲ့ ယန္တရားတစ်ခု ဖြစ်တဲ့အတွက် အမှားကင်းစရာ အကြောင်းမရှိပါဘူး။ မှားတာတွေကိုချည်း လိုက်လုပ်နေတဲ့ အစိုးရရယ်လို့လည်း ရှိမယ်မထင်ပါဘူး။ အဲဒီလို အခြေအနေမျိုးမှာ အတိုက်အခံတွေဟာ အစိုးရရဲ့ ကောင်းကွက်တွေကို ဘယ်တော့မျှ ချီးကျူးလေ့မရှိဘဲ လစ်ကွက်၊ ဟာကွက်၊ ပျော့ကွက်ကိုပဲ လိုက်ရှာပြီး ဝေဖန်တိုက်ခိုက်တတ်ပါတယ်။ သင့်၊ မသင့် ဝေဖန်စဉ်းစားကြဖို့ပါ။ အစိုးရနဲ့ အတိုက်အခံဆိုတာ ရောမခေတ်ကလို သူမသေ-ကိုယ်သေ၊ ကိုယ်မသေ-သူသေ ဓားချင်းယှဉ်ခုတ်နေရတဲ့ ပြိုင်ဘက်တွေမှ မဟုတ်တာပဲဗျာ။ နိုင်ငံရေးလုပ်တဲ့နေရာမှာ တစ်ဖက်လူကို ဘယ်တော့မျှ မချီးကျူးရဘူး ဆိုတဲ့သီအိုရီကို ဘယ်ပညာရှင် ဖော်ထုတ်သွားသလဲဆိုတာ ကျွန်တော်မသိဘူး၊ အဲဒီသီအိုရီကို ယနေ့အထိ မြန်မာ့နိုင်ငံရေးဖြစ်စဉ်မှာ ပါဝင်ပတ်သက်နေသူတွေ အသုံးပြုနေကြသလဲဆိုတာ ကျွန်တော်ကိုဉာဏ် နားမလည်နိုင်ဘူး။

(နှစ်)
လူငယ်ထုအကြား ရေပန်းအစားဆုံး ဥပမာလေးနဲ့ ပြောချင်ပါတယ်။ iPhone တစ်လုံး ဆိုပါစို့ဗျာ။ Apple ထုတ်ကုန်တစ်ခုဖြစ်တဲ့ iPhone ဘယ်လိုကောင်းတယ်၊ ဘာတွေကောင်းတယ်ဆိုတာ အားလုံးအသိမို့ အထူးအထွေ ရေခင်းပြမနေပါဘူး။ ပြောချင်တာက ဘယ်လောက်ပဲကောင်းကောင်း အဲဒီ iPhone မှာ ချို့ယွင်းချက်၊ အားနည်းချက်၊ ဆိုးကျိုးတွေဆိုတာ အမြဲတမ်းရှိတယ်ဗျ။ iPhone, iPad ဘယ်လောက်ကောင်းတယ်ဆိုပြီး ချီးကျူးစရာဖြစ်သလို အဲဒီပစ္စည်းတွေရဲ့ ဟာပေါက်၊ ယိုပေါက်၊ အားနည်းချက်တွေလည်း ရှိတယ်ဆိုတာကို အင်တာနက်မှာ ရှာကြည့်ရင် မမြင်ချင်တဆုံးပါဗျာ။ ကျွန်တော်တို့ နိုင်ငံရေးမှာလည်း ထိုနည်းတူပါပဲ။ အတိုက်အခံလုပ်သူတွေရဲ့ အားနည်းချက်ကို ဝေဖန်ရဲတဲ့လူ၊ ထောက်ပြရဲတဲ့လူ မရှိလှပါဘူး။ ရှိတယ်ဆိုတဲ့ လူတွေကလည်း ပေါ်ပေါ်ထင်ထင် မဟုတ်ပါဘူး။ ပုဆိုးခြုံထဲက လက်သီးပုန်းပြရုံ အဆင့်ပါပဲ။ ဘယ်ဂျာနယ်၊ သတင်းစာကမှလည်း အဲဒီလို မဖော်ပြရဲပါဘူး။ တစ်ယောက်လောက် ဥပမာပြောရရင် ဒေါ်အောင်ဆန်းစုကြည် ပါပဲ။ ဒေါ်စုကြည် ဘာပဲလုပ်လုပ် အားလုံးကောင်းတယ်၊ အားလုံးလေးစားစရာပဲလို့ ထောက်ခံနေကြသူတွေကို မေးချင်ပါတယ်။ ဒေါ်စုကြည်မှာ ဘာအမှားမျှ မရှိဘူးလား၊ ဘာချို့ယွင်းချက်မျှ မရှိဘူးလား၊ ဘာတစ်ခုမျှ ဝေဖန်စရာမရှိတဲ့ ခြောက်ပစ်ကင်း သဲလဲစင်လား။ အရင်တပ်မတော်အစိုးရ လက်ထက်တစ်လျှောက်လုံး မီဒီယာတွေ ရေးသားတတ်တဲ့ အသုံးအနှုန်းတစ်ခု ရှိပါတယ်။ ဘာတဲ့.... အနားမှာ မှန်လှပါဘုရားတွေချည်းပဲ ရှိနေရင် အကြီးအကဲလုပ်သူဟာ တကယ့်ဘ၀မှန်ကို မသိနိုင်တော့ဘူးဆို။ အခုလည်း ဒေါ်စုလုပ်သမျှ ဘုရားဟောလို ဖြစ်နေတာဟာ အရမ်းကို အန္တရာယ်ကြီးပါတယ်။ ဒေါ်စုဘာပြောပြော မဝေဖန်ရဲဘူး ဆိုတာဟာ ကိုယ့်ရဲ့အားနည်းမှု၊ ကိုယ့်ရဲ့ယုံကြည်စိတ် နည်းပါးမှုကို ပြသနေတယ်လို့ မြင်ပါတယ်။ အခုအချိန်မှာ ဒေါ်စုလုပ်သမျှ တင့်တယ်နေသေးလေတော့ ဘာပြဿနာမျှ မရှိသေးပါဘူး။ နောင်တစ်ချိန်မှာတော့ အဲဒီကိစ္စဟာ တကယ့်ကို မီးတောက်ကြီး ဖြစ်လာနိုင်တာကို မမေ့ပါနဲ့။ ကျွန်တော်တို့ လူမျိုးတွေက ခွင့်လွှတ်မေ့ပျောက်ဖို့လွယ်၊ ချစ်ဖို့လွယ်သလို မုန်းပြီ၊ စိတ်နာပြီဆိုရင်လည်း တစ်သက်လုံး သားစဉ်မြေးဆက်တိုင်အောင် အဲဒီအမုန်းကို အမွေပေးသွားတတ်တဲ့ လူမျိုးတွေပါ။ ပြောချင်တာက ပုဂ္ဂိုလ်ရေးအရ ဝေဖန်မှုမပြုဘူးဆိုရင်တောင် ဒေါ်စုလုပ်နေတဲ့ လုပ်ငန်းတွေ၊ လမ်းစဉ်တွေနဲ့ပတ်သက်ပြီး ဝေဖန်ထိန်းမတ်ကြဖို့ လိုအပ်ပါတယ်။ အဲဒီလို ဝေဖန်သုံးသပ်ချင်သူတွေလည်း ရှိနေတာကို အချို့သောစာတွေမှာ မြင်ရဖတ်ရပါတယ်။ ဒါပေမယ့် အဲဒီလိုစာ ရေးတဲ့လူတိုင်းကို တံဆိပ်ကပ်နေကြလေတော့ သူတို့ခမြာလည်း နောက်ထပ်နောက်ထပ်တွေ မဝေဖန် မထောက်ပြတော့ဘဲ အဖျားရှူးသွားတာသာ များကြပါတယ်။ အခု ကျွန်တော်ရေးတဲ့စာဟာ ဒေါ်စုခရေဇီတွေအတွက် သဘောကျစရာ မဟုတ်မှာ အသေအချာပါပဲ။ သို့သော် နောင်နှစ်အနည်းငယ်အတွင်းမှာ ကျွန်တော်စိုးရိမ် ခဲ့သလိုမျိုး ဖြစ်လာမယ်ဆိုရင် ရင်လေးစရာပါ။ ကျွန်တော်တို့ မြန်မာတွေဟာ တစ်စုံတစ်ယောက်ကို ချစ်ပြီဆိုရင် မျက်စိတ်မှိတ်ပြီးတော့ ချစ်ကြတော့တာပါပဲ။ ပညာနဲ့ချစ်တယ်ဆိုတဲ့ အဓိပ္ပါယ်ကို သိအောင် ဘာကြောင့်မကြိုးစားကြသလဲဆိုတာ ကျွန်တော်နားမလည်နိုင်ဘူး။

(သုံး)
စာနယ်ဇင်းကောင်စီ (ယာယီ) ကို အချို့သော မီဒီယာတွေက ကန့်ကွက်ကြတာ၊ ပေါ်တင်ပဲ ဝေဖန်ကြတာ၊ အတိအလင်းပဲ အမဲဖျက်ကြတာကို တ၀ကြီး ဖတ်ခဲ့ရပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ ဖွဲ့လိုက်တဲ့ အဖွဲ့ဆိုတာ နည်းတာမဟုတ်ပါဘူး။ ဟိုအဖွဲ့၊ ဒီအဖွဲ့ စသဖြင့် မှိုလိုပေါက်အောင် ဖွဲ့ကြပါတယ်။ ဒါပေမယ့် ဘယ်အဖွဲ့ကမျှ သူတို့ဟာ သက်ဆိုင်ရာနယ်ပယ်ကို ကိုယ်စားပြုတယ်ဆိုတာမျိုး မတွေ့ဖူးသေးပါဘူး။ ရုပ်ရှင်လည်း ရုပ်ရှင်မို့၊ သဘင်လည်း သဘင်မို့၊ အင်ဂျင်နီယာလည်း အင်ဂျင်နီယာမို့၊ စီးပွားရေးအဖွဲ့ကလည်း စီးပွားရေးအဖွဲ့မို့၊ စာပေကလည်း စာပေမို့၊ တကယ့်ကို မလွယ်ပါဘူးဗျာ။ နိုင်ငံရေးလုပ်တဲ့ ကျောင်းသားဆိုတာလည်း ဘယ်နှဖွဲ့မှန်း မသိဘူး။ ပြီးတော့ အချင်းချင်း မတည့်ဘူး။ စာနယ်ဇင်းကလည်း သတင်းထောက်အဖွဲ့ရော၊ ထုတ်ဝေသူအဖွဲ့ရော၊ ဂျာနယ်လစ်အဖွဲ့ရော စသဖြင့် စုံနေအောင် အဖွဲ့တွေဖွဲ့တယ်၊ ဒါပေမယ့် တစ်ဖွဲ့နဲ့တစ်ဖွဲ့ မတည့်ပြန်ဘူး။ မြန်မာတွေဟာ နှစ်ယောက်ရှိရင် သုံးဖွဲ့ကွဲတယ်ဆိုတဲ့ ဟာသဟာ တဘောင် ဖြစ်လာတော့မလားဆိုတာ စိုးရိမ်စရာကောင်းတယ်။ အဖွဲ့တွေကို အပြစ်တင်တာ မဟုတ်ပေမယ့် ကျွန်တော်တို့ မြန်မာတွေဟာ ခေါင်းဆောင်လုပ်ချင်သူချည်း များနေသလားလို့ ထင်မိတာကတော့ အသေအချာပါပဲ။ နောက်လိုက်ကောင်း ဆိုတာကို ဘယ်လိုများ နားလည်ထားကြသလဲဆိုတာ ကျွန်တော် တွေးမရကြောင်းပါ။ စာနယ်ဇင်းသမားအားလုံးကို ကိုယ်စားပြုတဲ့ အဖွဲ့ဆိုတာ ဘယ်လိုအဖွဲ့မျိုးများလဲဗျာ။ ကျွန်တော်ကတော့ နားမလည်နိုင်ကြောင်းပါ။

(လေး)
မြန်မာနိုင်ငံမှာ နိုင်ငံရေးမနွှယ်သေးတဲ့ ကျော်ကြားသူတွေဆိုလို့ အားကစားသမားတွေပဲ ကျန်တော့တယ်လို့ ကျွန်တော်ထင်တယ်။ ရုပ်ရှင်သမားတွေကလည်း နိုင်ငံရေးအရောင်တွေအပြည့်၊ ဂီတသမားတွေကလည်း နိုင်ငံထဲကို ခုန်ချကြတယ်၊ လူရွှင်တော်တွေကလည်း နိုင်ငံရေးကို ပေါ်တင်လုပ်တယ်၊ နောက်ဆုံး ကျွန်တော်တို့ မြန်မာတွေ ဘယ်လောက်အထိ အသုံးမကျသလဲဆိုရင် သူ့ဟာသူ အေးအေးချမ်းချမ်း ပညာသင်ကြားရမယ့် ကျောင်းသူကျောင်းသားတွေကိုတောင် နိုင်ငံရေးဇာတ် သွင်းလာကြတယ်။ ဗိုလ်ချုပ်အောင်ဆန်းတို့ဟာ ကျောင်းသားဘ၀နဲ့ နိုင်ငံရေးလုပ်ခဲ့တာလို့ ပြောတဲ့လူတွေဆိုရင် ကျွန်တော်က တံတွေးလှည့်မထွေးချင်လောက်အောင် ရွံတယ်။ အဲဒီစကားဟာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက သူ့ကျွန်ဘ၀မှာ ရှိနေစဉ်ကတော့ မှန်ကောင်းမှန်လိမ့်မယ်။ ဒီနေ့လို ပညာကိုရှေ့တန်းတင်ပြီး ဦးနှောက်ကို ခါးတောင်းကျိုက်ရမယ့် ခေတ်ကာလမှာ ကျောင်းသားတွေကို လမ်းပေါ်ရောက်လာအောင်၊ နိုင်ငံရေးအရောင် သန်းလာအောင် လုပ်သူမှန်သမျှဟာ သမိုင်းရဲ့ တရားခံတွေပဲ။ မြန်မာတစ်ပြည်လုံးက ကျောင်းသားတွေအကုန်လုံး အခုချက်ချင်း လမ်းပေါ်ထွက်လာတော့ရော၊ ပါတီတစ်ခုခုကို အပြတ်အသတ် ထောက်ခံတော့ရော မြန်မာပြည်ဟာ အခြားတိုင်းပြည်တွေကို မီမယ်ထင်သလားဗျ။ ပြောကြစမ်းပါဦး။ အခြားနိုင်ငံတွေရဲ့ နောက်မှာကျန်နေခဲ့တယ်ဆိုတာ ဘာတွေကျန်ခဲ့တာကို ပြောတာတုန်း။ ဒီမိုကရေစီ မရတာတစ်ခုတည်း ပြောတာလားဗျ။ နောက်ဆုံး ဘာမျှမသိသေးတဲ့ ၃ နှစ် ၄ နှစ် အရွယ် ကလေးတွေကိုတောင် မဟုတ်ကဟုတ်က နိုင်ငံရေးပါတီ တံဆိပ်တွေကပ်ပေး၊ အလံတွေယမ်းခိုင်း လုပ်နေကြတာဟာ တိုင်းပြည်ကောင်းအောင် လုပ်နေတာလား၊ လမ်းမှားရောက်အောင် ပို့နေတာလားဆိုတာ စဉ်းစားသင့်ကြတယ်။ စဉ်းစားသင့်ကြတယ်လို့ ပြောသာပြောရပေမယ့် ကျွန်တော်တို့ လူမျိုးတွေကလည်း ပညာဉာဏ်ကို ချောင်ထိုးထားတတ်ကြတဲ့ သူတွေဆိုတော့ သိပ်တော့ မမျှော်လင့်ပါဘူးလေ။ ကျွန်တော့်ဆွေမျိုးတွေထဲမှာကို ပေါက်ကရနိုင်ငံရေးကို စိတ်ဝင်စားသူတွေ အများကြီးရှိတယ်။ အဲဒီထဲက ဘကြီးတစ်ယောက်အကြောင်း ပြောပြချင်တယ်။ ကိုယ်တိုင်က ရပ်ကွက်ထဲမှာ သာရေးနာရေးရှိရင်တောင် ဘယ်နေရာကမျှ ကူညီတာ၊ ထောက်ပံ့တာ မလုပ်ဘဲ နိုင်ငံရေးခေါင်းဆောင်တစ်ဦးရဲ့ မိန့်ခွန်းတွေကို တစ်နေ့တစ်နေ့ အိမ်မှာ အကျယ်ကြီးဖွင့်ပြီး ဒီမိုကရေစီဘက်တော်သား လုပ်ပြရတာ အမောပါပဲ။ ပြီးတော့ ပြောသေးတယ်... ဒေါ်စု သမ္မတမဖြစ်မချင်း ငါတို့နိုင်ငံ တိုးတက်မှာ မဟုတ်ဘူးတဲ့။ သေလိုက်ပါ့လားဗျာ။ ဘကြီးဆိုတော့ အဲလိုတော့ ဘယ်ပြောရဲမလဲ။ ဒါပေမယ့် ပြောတော့ပြောရတယ်၊ ဒေါ်စုတက်မှမဟုတ်ဘူး၊ သိကြားမင်းဆင်းလာပြီး သမ္မတလုပ်ရင်လည်း ဘကြီးလိုလူတွေ များနေရင် ဘယ်တော့မှ တိုးတက်မှာမဟုတ်ဘူးလို့။ ကျွန်တော့်ကို ဒီနေ့အထိ စကားမပြောတော့ဘူး။ သူမကြိုက်တာ ပြောမိတာကြောင့် ဆွေမျိုးအရင်းကိုတောင် စကားမပြောတော့တဲ့လူက ဒီမိုကရေစီဘက်တော်သားဆိုတော့ ရင်လေးမိပါသေးသဗျာ။ အားကစားပြိုင်ပွဲတွေမှာ အနိုင်ရတဲ့အခါ နိုင်ငံရေးဆန်တဲ့ အောင်ပွဲခံမှုတွေ၊ အမှတ်တရစကား ပြောတဲ့အခါ နိုင်ငံရေးစကား မပြောတော့တာ အားကစားသမားတွေပဲ ရှိတော့တယ်။ အဲဒါကိုသာ ဆက်ထိန်းထားရင် နောင်တစ်ချိန်မှာ လူထုအချစ်ဆုံး ပုဂ္ဂိုလ်တွေဟာ အားကစားသမားတွေ ဖြစ်လာလိမ့်မယ်။ မယုံရင် စောင့်ကြည့်။ ဘယ်သူဘယ်ဝါ မခွဲခြားဘဲ အားလုံးအတွက် ဘုံရပ်တည်ပေးတာလောက် ကြီးကျယ်တဲ့လူ ရှိဦးမလားဗျာ။ မာသာထရီဇာ၊ ဟင်နရီဒူးနန့်၊ နိုက်တင်ဂေးလ် စတဲ့ မဟာလူသားတွေကို စံနမူနာ ယူကြသင့်တယ်။ ဘာသာတိုင်း၊ လူမျိုးတိုင်းက သူတို့ကိုချစ်တယ်။ ဘာကြောင့်လဲ ???? ဒီနေ့မြန်မာ့နိုင်ငံရေးမှာ မျက်မိနောက်အောင် ပါလာတဲ့ ဆိတ်လစိ မင်းသားတွေ၊ ဆိတ်လစိ မင်းသမီးတွေ၊ ဆတ်လစိ အဆိုတော်တွေ၊ ဆိတ်လစိ လူရွှင်တော်တွေကို ကျွန်တော်ကိုဉာဏ် ကောင်းကောင်းနားလည်တယ်။ နားမလည်တာက သူတို့ရဲ့ ရင်ထဲမှာ ဘယ်လိုခံယူချက်တွေ ရှိနေလဲဆိုတာပဲ။

(ငါး)
ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေး ကော်မရှင်ဆိုတာကြီးကို ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်းပေးထားတာ တိုင်းသိပြည်သိပါ။ ဒါပေမယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကလည်း အခြေခံဥပဒေ ပြင်ဆင်ရေးကော်မတီဆိုပြီး ထပ်ဖွဲ့တယ်။ ပြီးတော့ တိုင်းရင်းသားပါတီတွေနဲ့လည်း ပူးပေါင်းတယ်။ အပတ်စဉ်တွေ့ဆုံ ညှိနှိုင်းပြီး ပြင်ဆင်ရမယ့် အချက်တွေကို လွှတ်တော်ကို တင်ပြသွားမယ်လို့ ပြောဆိုတာကို ဂျာနယ်တွေမှာ ဖတ်ရတယ်။ အဲဒါကရော ဘာနိုင်ငံရေးလဲဗျ။ ကျွန်တော် နားမလည်ဘူး။

(ခြောက်)
ဆီးရီးယားကို စစ်တိုက်ဖို့ကိစ္စအတွက် အမေရိကန်မှာ သမ္မတရော၊ နိုင်ငံခြားရေးဝန်ကြီးပါ အသည်းအသန် ကြိုးစားနေတာ အားလုံးအသိမို့ ရှင်းပြမနေချင်ပါ။ လွှတ်တော်က သဘောတူညီချက် လိုချင်တဲ့အတွက် ဂျွန်ကယ်ရီခမြာ ရှင်းပြလိုက်ရတာ ဖတ်ဖတ်မောပဲ။ ကျုပ်တို့နိုင်ငံမှာတော့ နိုင်ငံရေးက တစ်မျိုးဗျ။ စာနယ်ဇင်းဥပဒေဆွဲရင် စာနယ်ဇင်းသမားတွေက သူတို့ဘာသာသူတို့ အဲဒီဥပဒေကို ရေးချင်တယ်။ ကျန်းမာရေးဥပဒေဆွဲရင် ကျန်းမာရေးဝန်ထမ်းတွေက အဲဒီဥပဒေကို သူတို့ဘာသာသူတို့ ရေးချင်တယ်။ စီးပွားရေးနဲ့ပတ်သက်တဲ့ ဥပဒေဆိုရင် စီးပွားရေးသမားတွေက သူတို့ပြောတဲ့အတိုင်း ရေးစေချင်ကြတယ်။ ဒီလောက်လွဲတဲ့နိုင်ငံ ရှိပါဦးမလားဗျာ။ ကျုပ်တို့နိုင်ငံလိုသာဆို ဆီးရီးယားကို စစ်တိုက်ဖို့ကိစ္စ အိုဘားမားဟာ စစ်သားတွေကို မဲဆွယ်ရမလို ဖြစ်မနေဘူးလား။ အဖွဲ့အစည်းဆိုင်ရာ ဥပဒေဆွဲရင် အဖွဲ့အစည်းတွေက သူတို့ကို ချုပ်ချယ်တယ်၊ ကန့်သတ်တယ်၊ မတရားဘူး အော်ကြပြန်တယ်။ တော်တော်တော့ ရယ်စရာ ကောင်းတယ်ဗျ။ လွှတ်တော်ကိုယ်စားလှယ်တွေကလည်း အဲဒါကို မပြောရဲကြဘူး။ ပြောရမှာပေါ့ဗျ။ ဥပဒေတွေ ရေးဆွဲတာ လွှတ်တော်အမတ်တွေရဲ့ အလုပ်ပဲ။ အပြင်ကလူတွေ ပြောတဲ့အတိုင်း ဥပဒေရေးရမယ်ဆိုရင် ဘာကိစ္စ လွှတ်တော်ထဲမှာ ၀င်ထိုင်နေသေးလဲ။ အခုအမတ်တွေ ဥပဒေရေးဆွဲတာကို မကြိုက်တဲ့လူတွေ အမတ်ဖြစ်အောင် ရွေးကောက်ပွဲတွေ ပြိုင်ကြပေါ့။ အနိုင်ရအောင် လုပ်ကြပေါ့။ အဲဒီတော့မှ ဥပဒေတွေ ရေးကြပေါ့။ အခုတော့ ခွီးမှပဲ.... ဘာဥပဒေမှကို ကျေကျေနပ်နပ်နဲ့ အတည်ပြုလိုက်ရတယ်ဆိုတာ မရှိသေးဘူး။ ဥပဒေတွေသာ ပြဋ္ဌာန်းထားတယ်၊ ဘယ်သူကမျှလည်း မလိုက်နာကြဘူး။ ဝေးဝေးမကြည့်နဲ့ ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေကိုပဲကြည့်။ အဲဒီဥပဒေ ရှိပြီးသားပဲ။ ချိုးဖောက်တဲ့လူတွေကို အဲဒီဥပဒေနဲ့ အရေးယူပေါ့။ အခုတော့ ဟိုဂျာနယ်က လိုက်ကာလိုက်၊ ဒီဂျာနယ်က လိုက်ကာလိုက်၊ ဟိုအဖွဲ့အစည်းက လက်မခံ၊ ဒီအဖွဲ့အစည်းက လက်မခံနဲ့... အဲဒီဥပဒေဟာ ဘာအသုံးကျသေးသတုန်း။ အဲဒီဥပဒေကို အတည်ပြုပြဋ္ဌာန်းလိုက်တဲ့ ပြည်ထောင်စုလွှတ်တော်ကရော ဘယ်နှပြား တန်သေးသတုန်း။ ဥပဒေကသာ အတည်ဖြစ်နေတယ် အဲဒီဥပဒေအတိုင်း ဘယ်သူ့ကိုမျှ အရေးယူလို့ မရဘူး၊ ဘယ်သူ့ကိုမျှ တားမြစ်လို့ မရဘူးတဲ့။ အံ့ရောပဲ..။ အဲဒါမျိုးတွေကျ လွှတ်တော်က စိတ်မ၀င်စားဘူး။ အားအားရှိရင် အုပ်ချုပ်ရေးပိုင်းကို စားမာန်ခုတ်ဖို့ပဲသိတယ်။ ကျုပ်တို့နိုင်ငံရဲ့ နိုင်ငံရေးလောကကို ကျုပ်ဆိုတဲ့ ကိုဉာဏ်ဖြင့် နားကိုမလည်နိုင်တော့ကြောင်းပါ။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၃ ခုနှစ်၊ စက်တင်ဘာလ ၁၀ ရက်၊ အင်္ဂါနေ့။
မွန်းလွဲ ၁၂ နာရီ ၁၄ မိနစ်တွင်ပြီး၏။

လူညံ့ဝါဒ


ဟီနာနံ ဂစ္ဆတေ ၀ိတ္တံ၊
ဝီရာနံ စ သန္တကတ္တံ။
ဝဒန္တိ စ ဟီနာ ဇနာ၊
ပုဗ္ဗကမ္မပ္ပဓာနာတိ။

လုံ့လ၀ီရိယချို့တဲ့သော သူတို့၏ ဥစ္စာသည် လုံ့လ၀ီရိယရှိသူတို့၏ ဥစ္စာ ဖြစ်လာတတ်၏။
လုံ့လ၀ီရိယချို့တဲ့သူတို့သည် ရှေးဘ၀က ကံသာလျှင် ပဓာနဟူ၍ ရှေးကံကိုသာ ပုံချထားကြကုန်၏။

Monday, September 09, 2013

ပျက်စီးခြင်းအကြောင်း လေးမျိုး


အသဇ္ဈာယ မလာ မန္တာ၊
အနုဋ္ဌာန မလံ ဃရာ။
မလံ ၀ဏ္ဏဿ ကောသဇ္ဇံ၊
ပမာဒေါ ရက္ခတော မလံ။

ကျက်ထားသော စာတို့သည် နေ့စဉ် စာမပြန်ဘဲထားသော် မေ့ပျောက်ကုန်၏။
အိမ်ထောင်တစ်ခုသည် ထကြွလုံ့လမရှိဘဲ ပေါ့ပေါ့ဆဆနေသော် ပျက်စီး၏။
ရုပ်ရေအဆင်း လှပသူသည် အပျင်းထူသော် ပျက်စီး၏။
ဣနြေ္ဒကို စောင့်စည်းထိန်းရသော ရဟန်းသည် သတိမေ့လျော့တတ်သော် ပျက်စီး၏။

Sunday, September 08, 2013

အီလစ်စစ်တမ်း ဗဟုအနာဂတ်နှင့် ၂၀၁၅ ပဟေဠိ၊ ကျော်ဝင်း


စကားပလ္လင်
စာရေးသူ သက်ဝင်ယုံကြည်ခဲ့ဖူးသော လက်ဝဲအိုင်ဒီအိုလိုဂျီက“သမိုင်းကို လူထုကဖန်တီးသည်” ဟု ခံယူပါသည်။ သို့တစေ အဆိုပါ လက်ဝဲအိုင်ဒီအိုလိုဂျီကို လမ်းညွှန်သဘောတရားအဖြစ် ခံယူသည်ဆိုသော နိုင်ငံကြီးများတွင်မူ သက်ဆိုင်ရာ လူထုမှာ သမိုင်းကို ဖန်တီးဖို့နေနေသာသာ ဘာတွေဖြစ်လို့ ဖြစ်မှန်းပင် သိခွင့်မရ။ ပေါလစ်ဗျူရိုတစ်စု (ထို့ထက်ဆိုရလျှင်) Strongman တစ်ယောက်လောက်ကသာ သူတို့စိတ်ကြိုက်သမိုင်းကို သူတို့လိုသလို ပုံဖော်သွားကြသည်ကိုသာ တွေ့ရသည်။

ရေရှည်တွင် သမိုင်းခေတ်များ၏ အကောင်းအဆိုးကို လူထုယုံကြည်မှုဖြင့် သတ်မှတ်အကဲဖြတ်သွားရမည် ဖြစ်သည့်တိုင် အရေးကြီးသော သမိုင်းအလှည့်အပြောင်းများကိုကား လူထုမဟုတ်၊ လူတစ်စုကသာ ဖန်တီးပုံဖော်သွားလေသလား စဉ်းစားဖို့ရှိလာသည်။ ဆိုကြပါစို့ elite သမိုင်း။ ဤနေရာတွင်လည်း elite ဆိုသောစကားလုံး ဘာသာပြန်နှင့် ပတ်သက်၍ ပြဿနာရှိသည်။ မြန်မာလက်ဝဲသမားများက ဤဝေါဟာရကို “လူ့မလိုင်”၊ “ရေပေါ်ဆီ” စသဖြင့် မလိုလားသော အဓိပ္ပာယ်ဖြင့် ဘာသာပြန်ကြသည်။ အခါခပ်သိမ်း မှန်လိမ့်မည်မထင်ပါ။ အဘိဓာန်ဖွင့်ဆိုချက်အရ elite ဆိုသည်မှာ လူမှုအုပ်စုတစ်ခုအတွင်း သူများထက် ခေါင်းတစ်လုံးပိုမြင့်သူဟု ယေဘုယျ အနက်ထွက်သည်။ ဓနအင်အားသာလျှင် business elite ၊ လုပ်ပိုင်ခွင့် အာဏာသာလျှင် powerelite၊ နိုင်ငံရေးသြဇာပိုသာလျှင် political elite စသဖြင့် သုံးနှုန်းကြသည်။

တစ်ဆက်တည်းဆိုရလျှင် ဤဝေါဟာရမှာ ပြင်သစ်မှ မွေးစားယူရသည်ဖြစ်၍ တော်တော်များများ နှုတ်ကျိုးနေသလို “အီလိုက်”ဟူ၍ကား အသံမထွက်။ “အီလိ(ထ)” ဟု အသံထွက်ရမည်ဟု “ဒင်နီယာယ်ဂျုန်း အသံထွက် အဘိဓာန်” က ညွှန်းသည်။ စာရေးသူကတော့ မြန်မာ့နားနှင့် စွဲလောက်မည်ထင်သော “အီလစ်” ဟူ၍သာ အသံဖလှယ်လိုက်ပါသည်။ ဘာသာဗေဒ ၀ံသာနုများ နားကလောလည်း မတတ်နိုင်။ ကျစ်လျစ်တိကျသော မြန်မာဝေါဟာရ မရှာတတ်၍ “အီလစ်” လိုက်ရပါကြောင်း...။ ဤကား ယခုစာစုအတွက် စကားပလ္လင်...။

အီလစ်စစ်တမ်း
ယခုလောလောဆယ် မြန်မာ့နိုင်ငံရေးတွင် “ပါဝါအီလစ်”နှင့် “နိုင်ငံရေးအီလစ်”တို့သာ အဆုံးအဖြတ်နေရာတွင် ရှိနေသေးသည်ဟု ယူဆရပါသည်။ စီးပွားရေး၊ ဖွံ့ဖြိုးမှုအဆင့်နိမ့်ပါးဆဲရှိလေရာ “ဘိဇနက်အီလစ်”များမှာ အရေးမပါလှသေး။ နိုင်ငံရေးပါတီများမှာလည်း အင်စတီကျူးရှင်း သဘောထက် လူပုဂ္ဂိုလ်ပုံရိပ်ကပိုကြီးနေရာ “အီလစ်”သဘောပြောဖို့ခက်မည်ထင်သည်။ သို့ အတွက် “ပါဝါအီလစ်”နှင့် “နိုင်ငံရေးအီလစ်” နှစ်မျိုးကိုသာ အဓိကစစ်တမ်းထုတ်ကြည့်လိုသည်။

“ပါဝါအီလစ်”ဆိုရာတွင် အစုသုံးစု ထပ်မံခွဲနိုင်ပါလိမ့်မည်။ အုပ်ချုပ်ရေးအာဏာ (အစိုးရ) ဥပဒေပြုရေးအာဏာ (လွှတ်တော်)နှင့် လက်နက်ကိုင်တပ်ဖွဲ့များ(တပ်မတော်)တို့ကို ကိုယ်စား ပြုကြသည့် အီလစ်များဖြစ်သည်။ ယခင်အစိုးရကာလအထိတော့ အဆိုပါအီလစ်သုံးစုလုံးမှာ တစ်ခုတည်းသောအဖွဲ့အစည်းဆိုင်ရာ သစ္စာခံမှုဖြင့် စည်းနှောင်ထားနိုင်ခဲ့သည်ဖြစ်၍ တစ်စုတစ်စည်း တည်းသဘောဆောင်သည်။ ယခု ဤအနေအထားယိုယွင်းလာသည်။ အထူးသဖြင့် အစိုးရအီလစ်နှင့် လွှတ်တော်အီလစ်ကြား ပွတ်တိုက်မှုများရှိလာသည်။ ဤသို့သောပွတ်တိုက်မှုများမှာ အပြောင်းအလဲကာလ၏ သဘာဝကျသောအခြင်းအရာများဟုဆိုရသည့်တိုင် အချိန်မီ ဘရိတ် မအုပ်နိုင်လျှင်မူ ပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်တစ်ခုလုံးအတွက်ပါ အန္တရာယ်ရှိနိုင်သည်။

အီလစ် တစ်ခုခုသော်လည်းကောင်း၊ နှစ် ခုစလုံးသော်လည်းကောင်း အီလစ်အနေအထားမှ စုတေသွားနိုင်စရာပင်ရှိသည်။ တပ်မတော်သည်ကား အခိုင်အမာဆုံးအီလစ်ဟု ဆိုရပါလိမ့်မည်။ မြန်မာ့နိုင်ငံရေး၏ အဆုံးအဖြတ်အခန်းတွင် ရှိနေဆဲဖြစ်သည်။ ယနေ့တပ်မတော်တွင် ယခင်မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီနှင့် ရှိခဲ့ဖူးသော တုပ်နှောင်မှုမျိုး မည်သည့် နိုင်ငံရေးပါတီနှင့်မှ ရှိဟန်မတူတော့။ ဤအချက်ကမူ လွတ်လပ်သော ပရော်ဖက်ရှင်နယ် အင်စတီကျူးရှင်း ဖြစ်လာရေးအတွက် ကောင်းသောအလားအလာဟု ဆိုချင်သည်။

ပါဝါအီလစ်မဟုတ်သော နောက်ထပ်အရေးကြီးသည့်တစ်ခုမှာ နိုင်ငံရေးအီလစ်ပင်ဖြစ်သည်။လူပုဂ္ဂိုလ်အရ ဒီမိုကရေစီ သင်္ကေတလိုဖြစ်နေ၍ ဒီမိုကရေစီအီလစ်ဟူ၍လည်း ဆိုနိုင်သည်။ နိုင်ငံတကာထောက်ခံမှုရော၊ ပြည်တွင်းလူထု၏ ယုံကြည်မှုကိုပါ ရယူထားနိုင်သည့် အားသာချက်ရှိသည်။ သို့တစေ၊ နိုင်ငံရေးအီလစ်မှ ပါဝါအီလစ် ဖြစ်စေရေးအတွက်မူ အခြေခံဥပဒေဆိုင်ရာ အတားအဆီးတစ်ခု ရှိနေဆဲဖြစ်သည်။ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲနောက်ပိုင်း နိုင်ငံရေးအီလစ်နှင့် ပါဝါအီလစ်များကြား ဆက်ဆံရေးလမ်း ပွင့်လာသည်မှာကား ပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်အတွက် အလားအလာကောင်းဟု ဆိုနိုင်ပါလိမ့်မည်။ သို့တိုင်အောင် အရေးအကြီးဆုံးတပ်မတော်အီလစ်နှင့်မူ ထင်သာမြင်သာရှိသော ဆက်ဆံရေးမျိုး မတွေ့ရသေးပါချေ။ သတိကြီးကြီး ထားရမည့်အချက်မှာ မြန်မာ့နိုင်ငံရေးဓလေ့တွင် ယခုထက်တိုင် စွဲခိုင်နေဆဲ ရယ်ဒီကယ် အင်အားစုများနှင့် စည်းခြားထားနိုင်ဖို့ဖြစ်သည်။ ဤသို့မဟုတ်ပါက လက်ရှိလစ်ဘရယ် ရေစီးကြောင်းသည်ပင် ရယ်ဒီကယ်ဝဲဂယက်ထဲ နစ်မြုပ်သွားနိုင်သည်။ ဤအတိုင်း ဖြစ်လာခဲ့လျှင် နိုင်ငံရေးအီလစ်အတွက်ရော တိုင်းပြည်ကံကြမ္မာပါ ကတိမ်းကပါး ဖြစ်ကောင်းဖြစ်သွားနိုင်စရာ ရှိသည်။

ဗဟုအနာဂတ်
အစဉ်အလာ လွှမ်းမိုးတွင်ကျယ်ခဲ့သော သမားရိုးကျ စဉ်းစားနည်းအရမူ မိမိလိုလားနှစ်သက်ရာ စံနှုန်းတစ်ခုခုဖြင့် တစ်ခုတည်းသော အနာဂတ်ကို ပုံဖော်ကြည့်လေ့ရှိသည်။ အဆိုပါ တစ်ခုတည်းသော အနာဂတ်ကိုပင် ပစ်မှတ်ထား၍ “မုချအောင်ရမည်”ဟု မာန်သွင်းခဲ့ကြသည်။ “မုချများ၏ ကျဆုံးချိန်”ဟု ဆိုရလောက်အောင် မရေရာ မသေချာမှုများ တင်းကျမ်းပြည့်နေသည့် ၂၁ ရာစုတွင် ဤနည်းဖြင့် ဘယ်လိုမျှ အလုပ်မဖြစ်နိုင်တော့ပါ။

အနာဂတ္တိဆရာ အယ်(လ) ဗင်းတော်ဖလာကမူ အနာဂတ်ကို “ဧကသဘော”မကြည့်။ “ဗဟုသဘော” ဖြင့် ချဉ်းကပ်သည်။ “ဗဟုအနာဂတ်” ဟု ဆိုပါသည်။ သူ့အလိုအရ “ဖြစ်နိုင်ခြေအများဆုံးအနာဂတ်” (possible future) “ဖြစ်ကောင်းဖြစ်လာနိုင်သည့် အနာဂတ်” (probable future) နှင့် “ဖြစ်သင့်ဖြစ်ထိုက်သည့် အနာဂတ်” (preferable future) ဟူ၍ သုံးမျိုးသုံးစားခွဲပြီး သရုပ်ခွဲစိစစ်ရမည်ဟုဆိုသည်။

မဟာဗျူဟာ ချမှတ်ရေးဆွဲသူ တစ်ယောက်အနေနှင့် “ဖြစ်သင့်ဖြစ်ထိုက်သည့်အနာဂတ်” ကို အဓိက“မစ်ရှင်”ထားရမည် ဖြစ်သည့်တိုင် “ဖြစ်နိုင်ခြေအများဆုံး အနာဂတ်” ကို လုံးဝပစ်ပယ်လို့မရ။ ဤသည်ကို ပကတိအရှိအဖြစ်ယူ၍ “မစ်ရှင်ခွဲ” (sub-mission) များ အဆင့်ဆင့် ချမှတ်ရမည်ဟု ပြောသည်။ အကယ်၍များ “ဖြစ်ကောင်းဖြစ်လာနိုင်သည့် အနာဂတ်” မှာ အဆိုးဆုံး ရှုမြင်ကွင်းဖြစ်နေလျှင် ဤသည်ကို သတိကြီးစွာဖြင့် ရှောင်ကွင်းနိုင်ရမည်ဟု ညွှန်းပါသည်။

၂၀၁၅ ပဟေဠိ
ဆိုခဲ့ပါ ဗဟုအနာဂတ်အမြင်ဖြင့် (စာရေးသူဉာဏ်မီသလောက်) ၂၀၁၅ ပဟေဠိကို အဖြေညှိကြည့်ပါမည်။ ဆိုခဲ့ပြီးသော မြန်မာ့ပါဝါအီလစ်များနှင့် နိုင်ငံရေးအီလစ်တို့ကြား ဆက်ဆံရေးများ ဆွေးနွေးညှိနှိုင်းမှုများနှင့် မျှတသော အပေးအယူ လုပ်နိုင်စွမ်းတို့အပေါ် မူတည်ပြီး ၂၀၁၅ ရှုမြင်ကွင်းကို မှန်းဆကြည့်ပါမည်။ ယခုလို...။

၁။ သမ္မတကြီး၏ ယခုချိန်ထိ နောက်ဆုံးမိန့်ခွန်းတွင် ညွှန်းဆိုထားသည့် “သဘောထား၊ မတူညီသူများ အတူလက်တွဲ ဆောင်ရွက်နိုင်မည့် နိုင်ငံရေးယဉ်ကျေးမှုသစ်” ထွန်းကားရာ ရှုမြင်ကွင်း။ ဤယဉ်ကျေးမှုမျိုးသာ အမှန်တကယ် ထွန်းကားနိုင်လျှင် မြန်မာ့ဒီမိုကရေစီရေးမှာ စိတ်ချရသည့် အဆင့်တစ်ခုသို့ အသေအချာ ရောက်ရှိသွားပါလိမ့်မည်။ တော်ဖလာ ညွှန်းသော “ဖြစ်သင့်ဖြစ်ထိုက်သည့် အနာဂတ်” ဖြစ်ပါသည်။

၂။ ဆိုခဲ့ပါ နိုင်ငံရေးယဉ်ကျေးမှုသစ်မျိုး အစပျိုးလာပြီဖြစ်သည့်တိုင် လုံလောက်စွာ မထွန်းကားသေးသော ရှုမြင်ကွင်း...။ ဤအတိုင်းဆိုလျှင် မြန်မာ့ဒီမိုကရေစီရေးမှာ ယခုလက်ရှိအတိုင်းပင် ရှေ့မတိုးနောက်မဆုတ် အီလည်လိုက်နေ ပါလိမ့်ဦးမည်။ လတ်တလော အခင်းအကျင်းများအရ တော်ဖလာညွှန်းသော “ဖြစ်နိုင်ခြေအများဆုံးအနာဂတ်” ဖြစ်လိမ့်မည် ထင်သည်။

၃။ သန္ဓေတည်စ နိုင်ငံရေးယဉ်ကျေးမှုသစ်မှာ အစဉ်အလာ ရယ်ဒီကယ်ရေစီးထဲ မျောပါပျက်ပြယ်သွားလောက်သည့် ရှုမြင်ကွင်း။ ဤအတိုင်းဆိုလျှင် မြန်မာ့ဒီမိုကရေစီရေးမှာ နောက်ပြန်လှိုင်းထိနိုင်သည့် အန္တရာယ်ရှိသည်။ တော်ဖလာညွှန်းသော “ဖြစ်ကောင်းဖြစ်လာနိုင်သည့် အနာဂတ်” ဖြစ်သလို အဆိုးဝါးဆုံး ရှုမြင်ကွင်းလည်းဖြစ်သည်။

မြန်မာ့အီလစ်များအနေနှင့် ရှုမြင်ကွင်း (၁)ကို ဦးတည်ကြိုးပမ်းကြစေလိုသည်။ အကြောင်းကြောင်းကြောင့် ဤရှုမြင်ကွင်းကို မရောက်နိုင်သေးလျှင်သော်မှ ရှုမြင်ကွင်း (၃) နှင့် မကြုံရအောင် ၀ိုင်းဝန်းထိန်းသိမ်းပေးကြဖို့ မေတ္တာရပ်ခံအပ်ပါသည်။ စာရေးသူတစ်ဦးချင်း အနေနှင့်ဆိုလျှင်မူ ရှုမြင်ကွင်း (၂) လောက်နှင့်ပင် သေပျော်ပါပြီ။ ရှုမြင်ကွင်း (၁) ကိုမူ သားသမီးများအတွက် ချန်ထားခဲ့ပါတော့မည်။

တိုင်းကျိုးပြည်ကျိုး ဆောင်သူများ


ကဿကော ၀ါဏိဇော မစ္စော၊
သမဏော သုတသီလ၀ါ။
တေသု ၀ိပုလဇာတေသု၊
ရဋ္ဌံပိ ၀ိပုလံ သိယာ။

လယ်သမားများ
ကုန်သည်များ
မင်းမှုထမ်းများ
အကြားအမြင်များ၍ အကျင့်သီလရှိသော ရဟန်းများ
ဤပုဂ္ဂိုလ်လေးမျိုးတို့ တိုးတက် ပြန့်ပွားသော် တိုင်းပြည်လည်း တိုးတက်ပြန့်ပွားရာ၏။

Saturday, September 07, 2013

အဆစ်တိုင်းချိုသော ကြံ


ပဗ္ဗေ ပဗ္ဗေ ကမေနုစ္ဆု၊
ဝသေသရသ၀ါဂ္ဂတော။
တထာ သုမေတ္တိကော သာဓု၊
ဝိပရိတော ၀ ဒုဇ္ဇနော။

ကြံသည် အဖျားမှစ၍ အဆစ်တိုင်း အဆစ်တိုင်း အရသာတို့၌ တိုး၍လာ၏။
မိတ်ကောင်း ဆွေကောင်းဖြစ်သော သူတော်ကောင်းသည် ထိုကြံနှင့်တူ၏။
သူယုတ်သည်ကား သူတော်ကောင်းနှင့် ဆန့်ကျင်ဖက်ပါပေတည်း။

Friday, September 06, 2013

ဖျက်ဆီးဖို့ထက် ပိုအရေးကြီးတဲ့အရာ


ဒီနေ့ အချိန်အားလေးရတဲ့အတွက် နေ့စဉ်သတင်းစာတွေကို အကြွေးနဲ့ အတိုးချပြီး ဖတ်ဖြစ်ပါတယ်။ နေ့စဉ်သတင်းစာကို ပို့တဲ့လူက တစ်ရက်နောက်ကျပြီး ပို့ပါတယ်။ ဖတ်တဲ့ကျွန်တော်က တစ်ပတ်တစ်ခါပဲ စုပြီးတော့ ဖတ်နိုင်ပါတယ်။ သတင်းစာတွေ ဖတ်နေရင်းနဲ့ သတင်းလေးတစ်ပုဒ်ကို အမှတ်ထင်ထင် ဖြစ်သွားပါတယ်။ အခြားမဟုတ်ပါ။ ဖမ်းဆီးရမိတဲ့ ဆင်ဆာမဲ့ ဗီဒီယိုခွေတွေကို ဖျက်ဆီးတဲ့ အခမ်းအနား လုပ်တဲ့သတင်း ဖြစ်ပါတယ်။ ဓာတ်ပုံလေးပါ ပါလေတော့ သတင်းကိုဖတ်ရတာ အသက်ဝင်ပါတယ်။ အောက်မှာ စီဒီခွေတွေ အများကြီးနဲ့ အပေါ်ကနေ လမ်းကြိတ်စက်နဲ့ တက်ကြိတ်နေတဲ့ပုံ ဖြစ်ပါတယ်။

လမ်းကြိတ်စက်နဲ့ကြိတ်၊ မီးတွေရှို့
အားလုံးသိဖူး၊ မြင်ဖူး၊ တွေ့ဖူးတဲ့ မြင်ကွင်းတွေ ဖြစ်ပါတယ်။ ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေကို မြန်မာနိုင်ငံမှာ မကြာခဏဆိုသလို ဖျက်ဆီးတဲ့ အခမ်းအနားတွေ လုပ်ကြပါတယ်။ ကျွန်တော်တို့နိုင်ငံလောက် မူးယစ်ဆေးဝါး မိတဲ့နိုင်ငံ၊ ဖျက်ဆီးတဲ့နိုင်ငံ ရှိမှရှိရဲ့လားလို့လည်း တစ်ခါတစ်လေ မေးခွန်းထုတ်မိပါတယ်။ ဒီလောက်ဖမ်းဆီး ဖျက်ဆီးနေတဲ့ ကြားထဲကမှ ဘာဖြစ်လို့များ မူးယစ်ဆေးဝါး အမှုအခင်းတွေ၊ မူးယစ်ဆေးဝါး ပြဿနာတွေက ဒီနေ့အထိ ယုတ်လျော့သွားခြင်းမရှိဘဲ ပိုပိုပြီး တိုးလာရပါသလဲခင်ဗျာ။

စီဒီတွေကို ဖျက်ဆီးပြန်ပြီ
အခုလည်း တရားမ၀င်အခွေတွေကို ဖျက်ဆီးတယ်ဆိုပြီး လုပ်ကြပြန်ပါပြီ။ ဖတ်မိတဲ့သတင်းအရ အခွေပေါင်း နည်းတာမဟုတ်ပါဘူး။ အခွေပေါင်း နှစ်သိန်းနီးပါးတဲ့။ ဇာတ်ကားခွေ ဈေးနှုန်းနဲ့ မတွက်ချက်ဘဲ စီဒီအလွတ် ဈေးနှုန်းနဲ့ပဲ တွက်ဆကြည့်စေချင်ပါတယ်။ စီဒီ/ဒီဗီဒီ တစ်ချပ်ကို ၁၀၀ ကျပ် နဲ့ပဲ တွက်မယ်ဆိုရင်တောင် တန်ဖိုးပေါင်း ဘယ်လောက်ရှိမလဲ။ စဉ်းစားသာကြည့်။ အခွေတွေကို ဖျက်တဲ့တန်ဖိုးနဲ့ အခမ်းအနားလုပ်ဖို့ ကုန်ကျငွေ ဘယ်ဟာက ပိုများသလဲ ဆိုတာကိုတောင် စိတ်ဝင်စားစရာ ကောင်းသေးတော့တယ်။

အခြားဖျက်ဆီးမှုများ
ဆိုးဆေးတွေ ခေတ်ထတုန်းကလည်း ဖျက်ဆီးကြတာပဲ၊ နို့မှုန့်တွေ ပြဿနာတက်တော့လည်း ဖျက်ဆီးကြတာပဲ၊ မှတ်ပုံမတင်ဘဲ ၀င်လာတဲ့ ဆေးဝါးအတုတွေလည်း ဖျက်ဆီးကြတာပဲ။ ပြောရမယ်ဆိုရင် ဥပဒေနဲ့မညီလို့ ဖျက်ဆီးရတဲ့ ကိစ္စရပ်ပေါင်းက မနည်းမနောပါပဲ။ ပြောမကုန်အောင် ရှိမှာပါပဲ။

ရပ်သွားသလား၊ လျော့သွားသလား၊ တန့်သွားသလား
ကျွန်တော်တို့တွေ အခုလို ဖျက်ဆီးမှုတွေ လုပ်တဲ့အတွက် အဲဒီလုပ်ငန်းတွေဟာ ရပ်တန့်သွားပါသလား။ မူးယစ်ဆေးတွေကို မီးရှို့လိုက်ရုံနဲ့ မူးယစ်ဆေးဝါး ပြဿနာ ချုပ်ငြိမ်းသွားပါသလား။ မူးယစ်ဆေးဝါး သုံးစွဲမှု ပပျောက်သွားပါသလား။ နို့မှုန့်တွေကို ဖျက်ဆီးပစ်ရုံနဲ့ နောက်ထပ် နို့မှုန့်အတုတွေ ထွက်မလာတော့ဘူးလား။ ဆေးဝါးအတုတွေကို ဖျက်ဆီးပစ်ရုံနဲ့ လူသားတွေအားလုံး ဆေးဝါးတုတွေ ဘေးကနေ ကင်းဝေးသွားပါသလား။ ဆင်ဆာမဲ့ အခွေတွေကို လမ်းကြိတ်စက်နဲ့ ဖျက်ဆီးလုပ်ရုံနဲ့ တရားမ၀င် အခွေကူးတဲ့ ကိစ္စတွေ ရပ်တန့်သွားပါသလား။

ဖျက်ဆီးဖို့ထက် ပိုအရေးကြီးတဲ့အရာ
ကျွန်တော်တို့တွေ အလေးထားပြီး လုပ်သင့်တာက တရားမ၀င် လုပ်ကိုင်ဆောင်ရွက်နေတာတွေကို ဖမ်းဆီး၊ အရေးယူ၊ ဖမ်းမိပစ္စည်းတွေကို ဖျက်ဆီး၊ ဒါတွေ မဟုတ်ပါဘူး။ အဲဒါတွေကို လုပ်ကိုင်ဆောင်ရွက်နေတဲ့ လူတွေရဲ့ စိတ်ဓာတ်တွေကို ပြုပြင်ရမှာပါ။ သေချာတာကတော့ လူတိုင်း လူတိုင်းဟာ သမ္မာအာဇီဝနဲ့ အဆင်ပြေမယ်ဆိုရင် မတော်တရားတွေကို လုပ်ချင်ကြမယ် မဟုတ်ပါဘူး။ အတ္တအရမ်းကြီးလွန်းတဲ့၊ လောဘအရမ်းကြီးလွန်းတဲ့ လူတွေဆိုရင်တော့ တစ်မျိုးပေါ့လေ။ ဒီလုပ်ငန်းတွေကို ဘာဖြစ်လို့ လုပ်ကိုင်ရသလဲ ဆိုတာကို အရင်ဆုံး ဆန်းစစ်ရပါတယ်။ အဖြေရှာရပါမယ်။ လုပ်နေတဲ့လူတွေကို ဒီလို လုပ်ခြင်းရဲ့ အပြစ်တွေ၊ ဆိုးကျိုးတွေ၊ သက်ရောက်မှုတွေကို နားလည်အောင် စည်းရုံးလှုံ့ဆော်ရပါမယ်။ တစ်ဖက်ကလည်း သုံးစွဲတဲ့လူတွေကို ဒါမျိုးတွေ မသုံးကြဖို့ ပညာပေးဖို့၊ စည်းရုံးဖို့လိုသလို ဒါတွေ မသုံးဘဲ အဆင်အပြေဆုံး ဖြစ်နိုင်မယ့် နည်းလမ်းတွေကိုလည်း ဆောင်ရွက်ပေးနိုင်ရပါမယ်။ တစ်ခုခုနဲ့ အစားထိုးစရာ မရှိဘဲ ဒါကြီးကိုပဲ ပပျောက်အောင် လုပ်မယ်ဆိုရင်လည်း မဖြစ်နိုင်ပါဘူး။ မူရင်း ဗီစီဒီခွေက တစ်ထောင်၊ တစ်ထောင့်ငါးရာနဲ့ ရောင်းနေချိန်မှာ လမ်းဘေးက တရားမ၀င်ကူးရောင်းတဲ့ အခွေတစ်ခွေက နှစ်ရာ၊ သုံးရာဆိုရင် တစ်ရက်ဝင်ငွေ ၃၀၀၀ ၀န်းကျင်လောက်ပဲရှိတဲ့ လူတစ်ယောက်က ဘယ်ဟာကို ၀ယ်ဖို့စဉ်းစားမလဲ တွေးကြည့်နိုင်ပါတယ်။ မြန်မာတွေက ပေါပေါလောလော သိပ်ကြိုက်တယ်လို့တော့ မပြောကြပါနဲ့။ အင်တာနက်ပေါ်မှာ လိုက်လေ့လာကြည့်ပါဦး။ ဘယ်နိုင်ငံခြားသားကရော သီချင်းမှန်သမျှကို ပိုက်ဆံပေးပြီး ၀ယ်ပါသလဲ။ အွန်လိုင်းပေါ်မှာ Free Download ဆိုတဲ့ စာမျက်နှာတွေဟာ ဘယ်လောက် မျက်နှာပွင့်သလဲဆိုတာ စာဖတ်သူများ နားလည်ပါတယ်။ ဒါကြောင့် တဆိတ်ရှိ ဟိုဟာဖျက်ပြ၊ ဒီဟာဖျက်ပြ၊ အခမ်းအနားလုပ်၊ ဓာတ်ပုံရိုက်၊ သတင်းဖော်ပြ၊ ဒါတွေပဲ လုပ်နေကြရုံနဲ့ တရားမ၀င်ဆိုတာတွေ၊ ဆင်ဆာမဲ့ဆိုတာတွေ ပပျောက်သွားမှာ မဟုတ်ဘူးလို့ ထင်မြင်မိကြောင်းပါ။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၃ ခုနှစ်၊ စက်တင်ဘာလ ၆ ရက်၊ သောကြာနေ့။
ည ၁၀ နာရီ ၄၁ မိနစ်တွင်ပြီး၏။

နှစ်ဆ၊ လေးဆ၊ ခြောက်ဆ၊ ရှစ်ဆ


ဒွိဂုဏော ထီနမာဟာရော၊
ဗုဒ္ဓိစာပိ စတုဂ္ဂုဏော။
ဆဂ္ဂုဏော ဟောတိ ၀ါယာမော၊
ကာမောတွဋ္ဌဂုဏော ဘဝေ။

မိန်းမတို့သည် ယောက်ျားတို့ထက် နှစ်ဆ အစာစားနိုင်၏။
ဉာဏ်စေစား၍ လုပ်ကိုင်ရာ၌ လေးဆသာ၏။
အလုပ်လုပ်ရာ၌ ခြောက်ဆသာ၏။
ကာမဂုဏ်ကို ခုံမင်တပ်မက်ရာ၌ ရှစ်ဆသာ၏။

Thursday, September 05, 2013

ကျွန်တော်တွေးမြင်သမျှ ဆီးရီးယားအကြောင်း


ခင်မင်တဲ့ သူငယ်ချင်းအချို့ တိုက်တွန်းတဲ့အတွက် ဒီပို့စ်ကို ရေးသားရခြင်းဖြစ်ကြောင်း ဦးစွာဝန်ခံလိုပါသည်။ နိုင်ငံတကာသတင်းများကို အင်တာနက်ရှိ မြန်မာစာမျက်နှာ အများစု၌ ဖတ်ရှုနိုင်သည်ဖြစ်ရာ အများအားဖြင့် ရေးသားလေ့မရှိပါ။ သို့သော် သူငယ်ချင်းများမေးသည့် မေးခွန်းအချို့က ပို့စ်ရေးရန် လုံလောက်သည့် အကြောင်းပြချက် ဖြစ်သည်ဟု ခံယူသဖြင့် ဤစာကို ရေးပါသည်။ သူငယ်ချင်းများ ကျေနပ်ကြပါကုန်။ :D

ပြီးခဲ့တဲ့လအတွင်း ဆီးရီးယားအစိုးရက အရပ်သားတွေကို ဓာတုလက်နက်တွေ အသုံးပြုပြီး တိုက်ခိုက်ခဲ့တယ်လို့ အနောက်နိုင်ငံတွေက စွပ်စွဲကြတယ်။ နိုင်ငံတကာ မီဒီယာတွေမှာလည်း အဲဒါနဲ့ ပတ်သက်တဲ့ ပြကွက်တွေကို ထပ်ခါထပ်ခါ ထုတ်လွှင့်ပြသတယ်။ ကိုယ်လိုရာကို ဆွဲနိုင်ဖို့အတွက် ပြလို့ကောင်းမယ့် အခင်းအကျင်းတွေကို ရွေးချယ်ပြသတတ်တာ အနောက်မီဒီယာတွေရဲ့ ကျွမ်းကျင်မှုပါပဲ။ ကလေးတွေ ငိုယိုပြီး ပြေးလွှားနေတာ၊ ကလေးသူငယ်တွေ အတုံးအရုံး ဆန့်ငင်ဆန့်ငင် ဖြစ်နေကြတာ၊ ဒဏ်ရာရတဲ့ လူတွေထဲကမှ သွေးတရွှဲရွှဲနဲ့လူတွေကို ဟိုချီဒီထမ်းလုပ်ပြီး ပြေးလွှားကြတာ စသည်ဖြင့်ပေါ့။

အမေရိကန်အစိုးရက အာဆတ်အစိုးရကို စစ်ရေးအရ အပြစ်ပေးမှ ရတော့မယ်လို့ သုံးသပ်တယ်။ ဓာတုလက်နက်တွေ သုံးတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ပေါ့။ အီရတ်အဖြစ်အပျက်ကို တကျော့ပြန် တွေးမိသွားစေတယ်။ အဲဒီတုန်းကလည်း သတင်းအတိအကျ ပြောတာပါပဲ။ ဖျက်အားပြင်း အစုလိုက် အပြုံလိုက် သေစေနိုင်တဲ့ လက်နက်တွေ အီရတ်နိုင်ငံ ဘယ်နေရာမှာ ရှိတယ်ဆိုပြီးတော့ပေါ့။

ဗြိတိန်ဝန်ကြီးချုပ်က အမေရိကန်နဲ့အတူ စစ်တိုက်ချင်တယ်။ ဒါပေမယ့် လွှတ်တော်မှာ မဲခွဲတော့ ၀န်ကြီးချုပ် ရှုံးသွားတယ်။ အဲဒီအတွက် ဆီးရီးယားကိုတိုက်ရင် ဗြိတိန် မပါနိုင်တော့ဘူး။ ၀န်ကြီးချုပ် ကင်မရွန်း အတော်ကြီးကို အထိနာသွားတယ်။ လူငယ်ပြော ပြောရရင် အောက်သွားတယ်ပေါ့ဗျာ။ ဗြိတိန်ကာကွယ်ရေး ၀န်ကြီးကလည်း စစ်တိုက်မယ့်ကိစ္စကို လွှတ်တော်ကို တင်ရမလားဆိုပြီး ကင်မရွန်းကို အတော်ဖုသွားတယ်။

ဗြိတိန်က အဲဒီလိုဖြစ်သွားတော့ အိုဘားမား တစ်ချက်တွေသွားတယ်။ အမေရိကန်နိုင်ငံရဲ့ အခြေခံဥပဒေအရ ကွန်ဂရက်က သဘောတူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ သမ္မတမှာ စစ်တိုက်ခွင့် ရှိတယ်။ ဒါပေမယ့် အိုဘားမားက နိုင်ငံရေးပါးဝတယ်။ နိုင်ငံတကာကလည်း မထောက်ခံ၊ သူ့နိုင်ငံကလည်း မထောက်ခံတာမျိုး အဖြစ်မခံဘူး။ နိုင်ငံတကာပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ သူကတော့ တိုက်မှာပဲ၊ တိုက်မှာပဲ ဆိုပြီးတော့ ဆုံးဖြတ်ထားပြီးသား။ ခက်တာက ဆီးရီးယားဘက်ကနေ ရုရှားက အပြည့်အ၀ ရှိနေတာပဲ။ အဲဒီပြဿနာက အရေးအကြီးဆုံး။ အခြေအနေက ထိလွယ်ရှလွယ်။ အဲဒီတော့ ကွန်ဂရက်ရဲ့ ထောက်ခံချက်နဲ့ တိုက်ပါတယ်ဆိုတဲ့ အခြေအနေမျိုးရောက်အောင် အိုဘားမား ပြင်ဆင်တယ်။

ရုရှားသမ္မတ ပူတင်ကတော့ ပြတ်သားတယ်။ ဆီးရီးယားကို စစ်ရေးအရ ဖြေရှင်းမှာကို သူမလိုလားဘူး။ အထူးသဖြင့် ဓာတုလက်နက်တွေ အသုံးပြုတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို သူက လုံးဝလက်မခံဘူး။ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေး အဖွဲ့တွေရဲ့ တွေ့ရှိချက်တောင် ထွက်မလာသေးဘဲ အမေရိကန်တွေက အတိအကျ ပြောနေကြတာကို ပူတင်က ဟာသလုပ်တယ်။ ပူတင်ကတော့ ပြတ်ပြတ်သားသားပဲ အမေရိကန်က စစ်ရေးအရ တိုက်မှာကို လုံးဝသဘောမတူဘူး။ ဒါပဲ။

အမေရိကန်နဲ့အတူ စစ်တိုက်ချင်တဲ့ ပြင်သစ်ကြီးလည်း လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ရဦးမယ်။ ဘယ်လိုရလဒ် ထွက်လာမယ်ဆိုတာ စိတ်ဝင်စားစရာကောင်းတယ်။ ကျွန်တော့်အထင်တော့ ပြင်သစ်လွှတ်တော်ကလည်း သဘောတူလိမ့်မယ် မထင်ဘူး။ နောက်ဆုံးသိရသမျှကတော့ ပြင်သစ်လွှတ်တော်ဟာ အမေရိကန် ကွန်ဂရက်ရဲ့ ဆီးရီးယားအရေး ဆုံးဖြတ်ချက် အပြီးအပြတ် မထွက်မလာမချင်း သူတို့ရဲ့ မဲခွဲဆုံးဖြတ်မှုကို ဆိုင်းငံ့ထားတယ် ဆိုတာပါပဲ။

ဂျာမနီက အဓိပတိကြီးကလည်း ဆီးရီးယားကိစ္စမှာ ၀င်မပါဘူးလို့ ဒဲ့ပြောတယ်။ လာမယ့်ရွေးကောက်ပွဲမှာ သူနဲ့ ယှဉ်ပြိုင်ရမယ့် အဓိကပြိုင်ဘက်ကလည်း တစ်ထပ်တည်းပဲ။ အဲဒီတော့ ဂျာမနီကလည်း အမေရိကန် လုပ်ချင်ရင် ကြိုက်တာလုပ် သူတို့တော့မပါဘူးပေါ့။

အမြဲတမ်းပုလင်းတူဗူးစို့ ဖြစ်ခဲ့တဲ့လူတွေတောင် အဲဒီလို ဖြစ်နေကြတာ အခြားနိုင်ငံတွေကတော့ ပြောမနေနဲ့တော့။

ကျွန်တော်ဖတ်မိတဲ့ သတင်းတွေထဲက သြစတြေးလျ အတိုက်အခံခေါင်းဆောင် Tony Abbott ပြောတာလေးကို သိပ်သဘောကျတယ်။ သူပြောတာလေးကို ဖတ်ကြည့်ပါဦး။
The Syria conflict is not goodies versus baddies, it is baddies versus baddies.

ကဲ... ဖတ်မိသမျှ ဆီးရီးယားသတင်းတွေကို ပြောပြီးပြီဆိုတော့ ကျွန်တော့်ကို မေးထားတဲ့ အကြောင်းအရာတွေကို ပြောပါရစေ။

ပထမဆုံးမေးခွန်းဖြစ်တဲ့ အမေရိကန်က ဘာဖြစ်လို့ ဆီးရီးယားကို စစ်တိုက်ချင်ရတာလဲ။
ကျွန်တော့်အမြင်ဖြစ်ကြောင်း ဦးစွာတင်ပြလိုပါသည်။ ဟုတ်ကဲ့... အိုဘားမား အစိုးရရဲ့ နိုင်ငံရေးလှည့်ကွက် တစ်ခုအဖြစ် အသုံးချချင်တဲ့အတွက် ဆီးရီးယားဟာ မြေစာပင်ဖြစ်တော့မယ်လို့ ကျွန်တော်ကိုဉာဏ် သုံးသပ်ပါတယ်။ ဘာကြောင့်လဲဆိုတာကို ကျွန်တော်တို့နိုင်ငံမှာ ဖြစ်ခဲ့ဖူးတဲ့၊ အခြားနိုင်ငံတွေမှာလည်း ဖြစ်ခဲ့ဖူးတဲ့ ဖြစ်စဉ်ဖြစ်ရပ်တွေကို နှိုင်းယှဉ်ချိန်ထိုးပြီး စဉ်းစားမိတာမို့ပါ။ အခုအချိန်မှာ အားလုံးဟာ ဆီးရီးယားအရေးနဲ့ နပန်းလုံးနေကြပါတယ်။ အမေရိကန်အစိုးရ အထူးသဖြင့် အိုဘားမား လိုချင်တာလည်း ဒီအချက်ပါပဲ။ ဆီးရီးယားအပေါ်ကို အားလုံးက အာရုံရောက်နေမှသာ အမေရိကန်အပေါ် ကျရောက်နေတဲ့ ဖိအားတွေ သက်သာမှာဖြစ်ပါတယ်။ တစ်နည်းပြောရရင် ဒါဟာ နိုင်ငံရေးလမ်းလွှဲနည်း တစ်ခုပါပဲ။ သာမန်အချိန်မှာသာဆိုရင် ကုလသမဂ္ဂကိုတောင် အမေရိကန်အစိုးရက အလစ်မပေးဘဲ အချက်အလက်တွေ ခိုးယူခဲ့တယ်၊ သူလျှိုလုပ်ခဲ့တယ်ဆိုတဲ့ ကိစ္စရပ်ဟာ တကယ့်ကို ဟိုးလေးတကြော် အရှက်ကွဲမယ့် အဖြစ်ရယ်ပါ။ ထို့အတူပဲ ဥရောပသမဂ္ဂ၊ ဥရောပနိုင်ငံတွေ၊ အမေရိကန်နဲ့ လည်ပင်းဖက်ပြီး ပေါင်းနေကြတဲ့ မဟာမိတ်နိုင်ငံတွေ၊ တောင်အမေရိကတိုက်က စီးပွားဖက်နိုင်ငံတွေ စတဲ့စတဲ့ နိုင်ငံအကုန်လုံးကို အမေရိကန် ထောက်လှမ်းရေးအေဂျင်စီတွေက အချက်အလက်တွေ ခိုးယူစုဆောင်းခဲ့တယ်၊ သူလျှိုလုပ်ခဲ့တယ်ဆိုတာ ဘယ်လောက်များ ကြီးမားလိုက်တဲ့ ဖိအားလည်းဆိုတာ စဉ်းစားသာကြည့်ပါတော့။ ပိုဆိုးတာက NSA ရဲ့ လုပ်ရပ်တွေကို သမ္မတအိုဘားမားကိုယ်တိုင် သိရှိနေခဲ့တာပဲ ဖြစ်ပါတယ်။ သိလျက်နဲ့ မတားခဲ့တာဆိုတော့ ရှင်းရှင်းပြောရရင် သူကိုယ်တိုင် အဲဒီလို လုပ်တာကို လိုလားတယ်၊ အားပေးတယ်၊ သဘောတူတယ်ပေါ့ဗျာ။ ဒီအတွက် အမေရိကန်ကို အားကိုးကြတဲ့၊ အမေရိကန်နဲ့ ပူးပေါင်းကြတဲ့ နိုင်ငံတွေအနေနဲ့ ဘယ်လောက်များ အခံရခက်မလဲ၊ ဘယ်လောက်များ ဒေါသထွက်မလဲ ရှင်းပြစရာ လိုမယ်မထင်ပါဘူး။ အဲဒီလို ဖိအားတွေ ရှိနေချိန်မှာ အချိန်ကိုက်ဆိုသလိုပဲ ဆီးရီးယားမှာ ဓာတုလက်နက်တွေ သုံးတယ်ဆိုပြီး အစိုးရဘက်နဲ့ အတိုက်အခံဘက်က အပြန်အလှန် စွပ်စွဲပြစ်တင်တာတွေ လုပ်လာကြတယ်။ သတင်းစထွက်တာက အတိုက်အခံတွေ ဓာတုလက်နက် သုံးတယ်ဆိုတဲ့ အထောက်အထား တွေ့ရတယ်ဆိုတာပါ။ နောက်ပိုင်းမှာ အမေရိကန်ဝင်ပါလာပြီး အာဆတ်အစိုးရဘက်က ဓာတုလက်နက်နဲ့ နှိမ်နင်းတယ်တွေ ဖြစ်လာတယ်။ ဒီလောက်ဆိုရင် အိုဘားမားအစိုးရရဲ့ ဆီးရီးယားကို တိုက်ချင်တဲ့ရည်ရွယ်ချက်နဲ့ ပတ်သက်တဲ့ ကျွန်တော့်အမြင်ကို ဆ၀ါးနိုင်မယ်လို့ ထင်ပါတယ်။

အမေရိကန်အထက်လွှတ်တော်က ဆီးရီးယားကိုတိုက်ဖို့ သဘောတူလိုက်ပြီဆိုတာ ဟုတ်သလားဆိုတဲ့ ဒုတိယမေးခွန်းနဲ့ ပတ်သက်ပြီး ပြောချင်ပါတယ်။
နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီဟာ ဆီးရီးယားကို စစ်တိုက်မယ့် ကိစ္စနဲ့ ပတ်သက်ပြီး လွှတ်တော်ရဲ့ ကြားနာမှုကို ဖြေရှင်းခဲ့ရပါတယ်။ လွှတ်တော်ကလည်း ပြင်းပြင်းထန်ထန်ပဲ စစ်ဆေးမေးမြန်းတာတွေ၊ ကန့်ကွက်တာတွေ လုပ်ပါတယ်။ ဒါပေမယ့် အိုဘားမားရဲ့ မဖြစ်မနေ စစ်တိုက်ချင်စိတ်ဟာ သူတို့သဘောမတူလည်း တိုက်တော့မယ်ဆိုတာ သိနေပုံပါပဲ။ အဲဒီတော့ အဓိကပါတီကြီး နှစ်ခုလုံးက ကိုယ်စားလှယ်တွေက ဆီးရီးယားကို စစ်တိုက်လို့ရမယ့် ဥပဒေကြမ်းတစ်ခုကို ရေးဆွဲကြပါတယ်။ ဥပဒေကြမ်းရ အမေရိကန်အနေနဲ့ ဆီးရီးယားကို စစ်တိုက်မယ်ဆိုရင် မြေပြင်တပ်တွေနဲ့ တိုက်ခွင့်မရှိပါဘူး။ သဘောကတော့ ဆီးရီးယားနိုင်ငံပိုင်နက်ထဲကို အမေရိကန်တပ်ဖွဲ့တွေ ၀င်ရောက်တပ်စွဲတာတွေ၊ ၀င်ရောက်တိုက်ခိုက်တာတွေ လုပ်လို့မရဘူးလို့ နားလည်ရပါတယ်။ ပြီးတော့ ရက် ၉၀ အတွင်း တိုက်ရမယ်လို့ ကန့်သတ်ထားတယ်လို့လည်း သတင်းတွေမှာ ဖတ်ရပါတယ်။ အဲဒီဥပဒေကြမ်းဟာ ဘယ်လို ဖြစ်လာဦးမလဲဆိုတာ စောင့်ကြည့်ရပါမယ်။

တတိယမေးခွန်းက စိတ်ဝင်စားစရာပါ။ မေးလည်းမေးသင့်ပါတယ်။ ဖြေလည်းဖြေချင်ပါတယ်။ မြန်မာနိုင်ငံကရော အဲဒီလို စစ်တိုက်ချင်ရင် တိုက်လို့မရဘူးလားတဲ့။ သမ္မတဦးသိန်းစိန်မှာ စစ်တိုက်နိုင်တဲ့ ပါဝါရှိသလားတဲ့။
ဒီနေရာမှာ ကျွန်တော်က ဖွဲ့စည်းပုံအခြေခံဥပဒေထဲက ပြဋ္ဌာန်းချက် ပုဒ်မ ၂ ခုကို ထုတ်နုတ်ပြီး တင်ပြချင်ပါတယ်။ စာဖတ်သူများပဲ စဉ်းစားသုံးသပ်ကြပါကုန်။
ပုဒ်မ ၄၂ (က) နိုင်ငံတော်သည် မည်သည့်နိုင်ငံကိုမျှ စတင်ကျူးကျော် တိုက်ခိုက်ခြင်းမပြု။
ပုဒ်မ ၂၁၃ (ဂ) နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက်ဖြင့်သာ စစ်ကြေညာနိုင်သည်၊ စစ်ပြေငြိမ်းနိုင်သည်။

အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၃ ခုနှစ်၊ စက်တင်ဘာလ ၅ ရက်၊ ကြာသပတေးနေ့။
မွန်းလွဲ ၁၂ နာရီ ၁၄ မိနစ်တွင်ပြီး၏။

မရှက်သင့်ရာ အခါလေးမျိုး


ဓန ဓည ပယောဂေသု၊
တထာ ၀ိဒျာဂမေသု စ။
ဒူတေသု အပစာရေသု၊
စဇ္ဇာ လဇ္ဇာ တဒါ ဘဝေ။

ဥစ္စာစပါး ရောင်းဝယ်သော အခါတို့၌လည်းကောင်း၊
အတတ်ပညာ သင်ယူသော အခါ၌လည်းကောင်း၊
သံတမန်လုပ်ငန်းတာဝန်များ ထမ်းဆောင်ရသောအခါ၌လည်းကောင်း၊
မေထုန်မှီဝဲသောအခါ၌လည်းကောင်း အရှက်တရားကို စွန့်ပယ်ထားရာ၏။

Wednesday, September 04, 2013

ဖွဲ့စည်းပုံအခြေခံဥပဒေ နှင်းဆီခိုင်


ဖွဲ့စည်းပုံအခြေခံဥပဒေအကြောင်း အတော်ပြောလာကြတာကို တွေ့ရပါသည်။ နိုင်ငံအတွက် အင်မတန်မှ အရေးကြီးသည့် ဥပဒေတစ်ခုအကြောင်း အများပြည်သူ စိတ်ဝင်တစား ပြောဆိုဆွေးနွေးလာခြင်းအပေါ် ကြိုဆိုအပ်ပါသည်။ ၀မ်းမြောက်ရပါသည်။ သို့သော် သူများပြောလို့ လိုက်ပြောနေသူ၊ သူများဝေဖန်လို့ လိုက်ဝေဖန်နေသူ၊ သူများစိတ်ဝင်စားလို့ စိတ်ဝင်စားဟန် လိုက်လုပ်နေသူ၊ စသူတို့ များပြားနေသည်ကို ၀မ်းနည်းဖွယ် တွေ့မြင်ရပါသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရမည်ဟု ကျယ်ကျယ်လောင်လောင် ပြောနေကြပါသည်။ အခြေခံဥပဒေကို အမှန်တကယ် ဖတ်ရှုလေ့လာပြီး တတ်သိနားလည်သဖြင့် ပြင်ဆင်ရမည်ဟု ပြောနေသူများ ရှိသကဲ့သို့ သူများယောင်လို့ လိုက်ယောင်နေသူများ၊ ခါတော်မီ လုပ်စားနေသူများလည်း ရှိနေကြပါသေးသည်။ ဘာပဲဖြစ်ဖြစ် ဖွဲ့စည်းပုံ အခြေခံဥပဒေသည် နိုင်ငံအတွက် အလေးထားပြောဆို ဆွေးနွေးရမည့် ဥပဒေတစ်ခုဖြစ်ကြောင်း အများပြည်သူ နားလည်လာကြသည်ဟု မှတ်ယူရင်း ၀မ်းမြောက်ရပါသည်။

ဘာတွေ စလုပ်သင့်သနည်း
ပထမဆုံး တိုက်တွန်းလိုသည်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေ စာအုပ်တစ်အုပ် မဖြစ်မနေ ၀ယ်ယူစေချင်တာ ဖြစ်ပါသည်။ စာအုပ်အကြီးက တစ်အုပ်လျှင် ၂၀၀၀ ကျပ်ဝန်းကျင် ပေးရပါသည်။ တစ်မြို့နှင့်တစ်မြို့ ဈေးနှုန်းမတူညီပါ။ ရောင်းချသည့် ဈေးဆိုင်အပေါ် မူတည်၍ ဈေးနှုန်းအနည်းအများ ကွာခြားသည်ကို တွေ့ရပါသည်။ စာအုပ်အသေးကတော့ ပြန်ကြားရေးဆိုင်များတွင် ၅၀၀ ကျပ်နှုန်းဖြင့် ၀ယ်ယူရရှိနိုင်ပြီး ပြင်ပဆိုင်များတွင်တော့ ၆၀၀ ကျပ်ဝန်းကျင်ဖြင့် ရောင်းချသည်ကို တွေ့ရပါသည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လေ့လာသုံးသပ် ဝေဖန်လိုသူများအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေစာအုပ် မိမိနှင့်အတူ အလွယ်တကူ မရှိပါဘဲ မည်ကဲ့သို့ လေ့လာသုံးသပ်ပါမည်နည်း။ စာကြည့်တိုက်များသို့ သွားဖတ်ခြင်း၊ ငှားရမ်းဖတ်ရှုခြင်းများက သင့်လျော်မှုမရှိဟု မြင်မိပါသည်။ ဒါက သာမန်ပြည်သူတွေအတွက် အကြံပြုချက် ဖြစ်ပါသည်။ လျှပ်စစ်မီးပုံမှန်ရပြီး ကွန်ပျူတာ သို့မဟုတ် PDF စာအုပ်ဖတ်နိုင်သော အီလက်ထရောနစ် ပစ္စည်းတစ်ခုခု သုံးစွဲနေသူတွေအတွက်ဆိုရင် ဖွဲ့စည်းပုံအခြေခံဥပဒေ PDF ဖိုင်တစ်ခုကို မိမိစက်ထဲတွင် ရှိနေအောင် လုပ်ဆောင်ထားသင့်ပါသည်။ ဘောလုံးကန်ချင်သူ တစ်ဦးအတွက် ဘောလုံးတစ်လုံးရှိဖို့ မရှိမဖြစ် လိုအပ်သကဲ့သို့ ဖွဲ့စည်းပုံအခြေခံဥပဒေကို လေ့လာလိုသူ ဝေဖန်သုံးသပ်လိုသူ တစ်ဦးအတွက်လည်း အခြေခံဥပဒေ စာအုပ်တစ်အုပ်သည် မရှိမဖြစ် လိုအပ်သည်ဟု ကျွန်တော်ကိုဉာဏ် ယုံကြည်ပါသည်။

အစအဆုံး ဖတ်စေချင်ပါသည်
ဖွဲ့စည်းပုံအခြေခံဥပဒေကို မိမိစိတ်ဝင်စားသည့် အပိုင်းများသာမဟုတ်ဘဲ တစ်အုပ်လုံးကုန်အောင် ဖတ်ကြဖို့လည်း အလေးထား တိုက်တွန်းလိုပါသည်။ ပထမတစ်ခေါက် ပြီးဖို့အဓိကဖတ်ချင်ဖတ်၊ ဒုတိယတစ်ခေါက် နည်းနည်းမှတ်မိအောင်ဖတ်၊ တတိယတစ်ခေါက် စိတ်ဝင်စားမိသည်များကို မှတ်စုမှတ်၍ဖတ်၊ စတုတ္ထအခေါက်၊ ပဉ္စမအခေါက်၊ စသည်တို့တွင်မူ မိမိအတွက် စိတ်ဝင်စားသည်များကို ဆင်ခြင်သုံးသပ်ခြင်း၊ မှတ်စုရေးခြင်းတို့ လုပ်ဆောင်သင့်ပါသည်။ ဒါက အကြံပြုချက်မျှသာ ဖြစ်ပါသည်။ ထိုကဲ့သို့ မဖြစ်မနေ လုပ်ဆောင်ရမည်ဟု မဆိုလိုပါ။ မိမိ၏ စိတ်ဝင်စားမှု၊ မိမိ၏ အသိဉာဏ်ပညာ၊ မိမိ၏ တွေးခေါ်မြော်မြင်နိုင်စွမ်း၊ မိမိ၏ ၀မ်းစာပြည့်ဝမှု၊ မိမိ၏ ဥပဒေသဘောတရားတို့နှင့် အကျွမ်းတ၀င် ရှိမှုတို့အပေါ်မူတည်၍ တစ်ဦးနှင့်တစ်ဦး လေ့လာပုံချင်း၊ ချဉ်းကပ်ပုံချင်း တူညီနိုင်လိမ့်မည် မဟုတ်ကြောင်းကို ကျွန်တော်ကိုဉာဏ် နားလည်ပါသည်။ နောက်တစ်ချက် အခြေခံဥပဒေကို အစအဆုံး ဖတ်စေချင်သည့် ရည်ရွယ်ချက်တစ်ခုကတော့ ဥပဒေတစ်ခုလုံး၏ အချိတ်အဆက်နှင့် ၀ိညာဉ်တို့ကို သိမြင်စေချင် သောကြောင့် ဖြစ်ပါသည်။ အချို့သော ပြဋ္ဌာန်းချက်များသည် စံနှုန်းတစ်ခုခုဖြင့် တိုင်းတာမည်ဆိုပါက အပြစ်ဆိုဖွယ်ရှိသော်လည်း အဆိုပါပြဋ္ဌာန်းချက်များ၏ နောက်ကွယ်က စိတ်ရင်းစေတနာနှင့် ၀ိညာဉ်ကို အခြားပြဋ္ဌာန်းချက်များနှင့် တွဲဖက်ရှုမြင်လျက် မြင်အောင်ကြည့်နိုင်ပါလျှင် လက်ခံနိုင်သည်များလည်း ရှိနေသောကြောင့် ဖြစ်ပါသည်။

ဆက်စပ်ဖတ်သင့်တာတွေလည်းဖတ်ပါ
ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဟု ပြောဆိုနေကြသူများအနက် အများစုသည် မိမိတို့၏ စိတ်ခံစားချက် အပေါ်တွင် မှီတည်၍ ပြောဆိုနေကြသည်ကို တွေ့မြင်ရပါသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေသည် နိုင်ငံသားအားလုံး ကာကွယ်စောင့်ရှောက် လိုက်နာစောင့်ထိန်းရန် ရေးဆွဲထားသည် မှန်သော်လည်း တစ်ဦးတစ်ယောက်ချင်းစီ၏ စိတ်ခံစားချက်များကို အလုံးစုံဖြည့်ဆည်းပေးရန် ရေးဆွဲထားသည် မဟုတ်ကြောင်းကိုမူ နားလည်သင့်ပါသည်။ အများစုက လက်ခံနိုင်ခြင်း မရှိလျှင်တော့ စဉ်းစားသင့်ပါသည်။ သို့သော် ထိုသို့စဉ်းစားရာတွင်ပင် လက်ခံနိုင်သည့် အများစုမဟုတ်သူများ အတွက်လည်း ထည့်သွင်းစဉ်းစားရပါမည်။ အားလုံးက တညီတညွတ်တည်း ဆိုလျှင်မူ အထူးပြောဖွယ် မရှိပါချေ။ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ပတ်သက်၍ အခြားသောဆက်စပ် စာအုပ်စာတမ်းများ၊ ဆောင်းပါးများကိုလည်း ရှာဖွေ ဖတ်ရှု လေ့လာ သုံးသပ်သင့်ပါသည်။ သို့မှသာ အခြားသော ပညာရှင်များ၊ အခြားသော ပုဂ္ဂိုလ်များ၏ အမြင်အတွေး၊ အယူအဆများကို သိရှိနိုင်မည်ဖြစ်ပါသည်။ ကျွန်တော်ညွှန်းဆိုချင်သည့် စာအုပ်အနည်းငယ် ရှိပါသည် -
(၁) ကမ္ဘာ့နိုင်ငံများ၏ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးများ
(၂) ဖွဲ့စည်းပုံအခြေခံဥပဒေကို ဘယ်လိုပြင်ကြမှာလဲ၊ မောင်ကိုနီ (တရားရုံးချုပ်ရှေ့နေ)
(၃) ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအတွင်းက ပြင်ဆင်ရန်နှင့် ပယ်ဖျက်ရန်ဥပဒေများ၊ ဦးမျိုး (ဥပဒေ)
(၄) အမေရိကန်ကွန်ဂရက်အကြောင်း သိကောင်းစရာအချို့နှင့် အမေရိကန် ဖွဲ့စည်းပုံဆိုင်ရာ ဆောင်းပါးများ၊ အေးမောင်ကျော်
(၅) ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ (၁၉၄၇ ခုနှစ်)
(၆) ဖွဲ့စည်းပုံအခြေခံဥပဒေ (၁၉၇၄ ခုနှစ်)

သတိပြုသင့်တဲ့အန္တရာယ်
ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရေးနဲ့အတူ အခုတလော ကျယ်ကျယ်ပြန်ပြန့် ကြားလာရတာကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေ အသစ်ရေးဆွဲရေး ဖြစ်ပါတယ်။ အင်မတန်မှ အန္တရာယ်များတဲ့ စိတ်ကူးအကြံအစည်မို့ စဉ်းစဉ်းစားစား၊ ချင့်ချင့်ချိန်ချိန်၊ ဆင်ဆင်ခြင်ခြင် ပြောကြလုပ်ကြဖို့ တောင်းပန်လိုပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ အသစ်ရေးဆွဲတာကို ဘာဖြစ်လို့ တစ္ဆေခြောက်ခံရသလို ကြောက်နေရသလဲလို့ မေးမယ့်လူတွေကို ဖြေပါ့မယ်။ လက်ရှိနိုင်ငံရေး အခြေအနေအရ အခြေခံဥပဒေကို အသစ်ပြန်လည် ရေးဆွဲမယ်ဆိုရင် ဖြစ်လာနိုင်တဲ့ ပဋိပက္ခတွေနဲ့ အကြပ်အတည်းတွေဟာ မတွေးဝံ့လောက်အောင်မို့ပါလို့ ဖြေပါ့မယ်။ အစိုးရိမ်လွန်တာ ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် လက်ရှိဖြစ်ပျက်နေတဲ့ အခြေအနေတွေ၊ အနေအထားတွေနဲ့ နှိုင်းယှဉ်ဆင်ခြင် သုံးသပ်ကြည့်မယ်ဆိုရင် ရေးရေးဖြစ်စေ မြင်သာလိမ့်မယ်လို့ ယုံကြည်ပါတယ်။ သာမန်ဥပဒေ တစ်ခုကိုတောင် ဟိုးလေးတကြော်၊ အုတ်အော်သောင်းနင်း၊ ပြန်လှန်စွပ်စွဲ၊ စေ့စပ်မရ၊ ညှိနှိုင်းမရ၊ လက်ခံမရ ဖြစ်နေကြသေးတာ။ အခြေခံဥပဒေကိုသာ ဒီမိုကရေစီနည်းကျ ရေးဆွဲလို့ကတော့ ကျွန်တော်တို့နိုင်ငံမှာ နှစ်ပေါင်း ၅၀ လောက် ရေးဆွဲရလိမ့်မယ်လို့ ကျွန်တော်ကိုဉာဏ် မြင်မိပါတယ်။ နှစ်ပေါင်း ၅၀ ဆိုတာ တင်စားပြောဆိုတာလို့ ဆိုကောင်းဆိုနိုင်ပေမယ့် တကယ်လို့များ နှစ်အနည်းငယ်အတွင်း ရေးဆွဲအတည်ပြုနိုင်ခဲ့မယ် ဆိုရင်တောင် အလိုဆန္ဒ မပြည့်သူတွေရဲ့ အန္တရာယ်ကို ရင်ဆိုင်ရမှာ အသေအချာပါ။ ကျွန်တော်ကိုဉာဏ် ဆိုတဲ့လူကလည်း အစိုးရိမ် ပိုတတ်သူမို့ ပြင်ဆင်ရေး... ပြင်ဆင်ရေး တို့၊ ရေးဆွဲရေး... ရေးဆွဲရေး တို့ ဆိုတဲ့အသံတွေကို မူရင်းအတိုင်း မကြားရဘဲ ဒို့အရေး... ဒို့အရေး.... ဆိုပြီး လက်သီးလက်မောင်း တန်းနေတာ တွေကိုသာ မြင်နေကြားနေမိပါတယ်။

ဆရာအောင်ထွဋ် အသေစောတယ်
အရင်တုန်းက ဖွဲ့စည်းပုံအခြေခံဥပဒေ အသစ်ရေးဆွဲဖို့ မပြောနဲ့၊ ပြင်ဆင်ရေးကိုတောင် ရဲရဲမပြောရဲတဲ့ လူတွေက အခုကျမှ ဖွဲ့စည်းပုံအခြေခံဥပဒေ တစ်ခုလုံးကို ရစရာမရှိအောင် ပြောနေတာကတော့ အနည်းငယ် ထူးဆန်းလို့ နေပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပတ်သက်လို့ ရဲရဲဝံ့ဝံ့၊ ပွင့်ပွင့်လင်းလင်း ပြောဆိုရေးသားရဲတာ ဆရာအောင်ထွဋ် တစ်ယောက်ကိုပဲ ကျွန်တော်မြင်ခဲ့မိပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ပြီးပြည့်စုံမှုမရှိကြောင်း၊ အားနည်းချက်တွေရှိကြောင်း ဆရာအောင်ထွဋ် ပွင့်ပွင့်လင်းလင်းပဲ ပြောပါတယ်။ အခုမှ ထအော်တဲ့လူတွေကို သနားမိပါသေးတယ်။ ဒါပေမယ့် ဆရာအောင်ထွဋ်ရဲ့ ပညာရှင်သုံးသပ်မှုက ဒီလောက်နဲ့ ရပ်မသွားပါဘူး။ ဖွဲ့စည်းပုံအခြေခံဥပဒေကို သက်တမ်းနုနုလေးမှာ ဟိုပြင်ဒီပြင်၊ ဟိုဖြုတ်ဒီဖြုတ်၊ ဟိုရေးဒီရေး မလုပ်ကြဖို့လည်း စိုးရိမ်ကြီးစွာ သတိပေးခဲ့ပါတယ်။ အမှန်အတိုင်းပြောရရင် အဲဒီတုန်းကတော့ ဆရာအောင်ထွဋ် ဘာဖြစ်လို့ အစိုးရိမ်ကြီးသလဲဆိုတာ ကျွန်တော် အပြည့်အ၀ နားမလည်ခဲ့တာ အမှန်ပါ။ အခုတော့ လက်ငင်းကြုံနေရတဲ့ ဖြစ်စဉ်ဖြစ်ရပ်တွေကြားမှာ ဆရာအောင်ထွဋ် ဘာကိုစိုးရိမ်ခဲ့သလဲဆိုတာ ခပ်ရေးရေး မြင်လာပါပြီ။ မပီဝိုးတ၀ါး ဖြစ်ပေမယ့် အလေးအနက် စိုးရိမ်မိတာကတော့ ပြောစရာမရှိပါ။ ဆရာအောင်ထွဋ် ရှိတုန်းကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပတ်သက်လို့ စိတ်ဝင်တစား မရှိကြတဲ့လူတွေ အခုမှ အသံကောင်းဟစ်နေတာ၊ ခါတော်မီလုပ်နေတာကို မြင်ရကြားရတော့ ဆရာအောင်ထွဋ်ရယ် အသေစောလိုက်တာလို့ပဲ တမ်းတမိပါတယ်။

ဝင်း-၀င်း-၀င်း-၀င်း-၀င်း
တပ်ထားတဲ့ခေါင်းစဉ်ဟာ ကြောင်တောင်တောင်နိုင်ပါတယ်။ ဟုတ်ပါတယ်.... ၀င်း-၀င်း သီအိုရီကို စာဖတ်သူတို့ အားလုံး နောကြေနေအောင် သိထားကြပြီးသားပါ။ ဒါပေမယ့် ကျွန်တော်ဆိုလိုချင်တာက ကျွန်တော်တို့မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေဟာ ၀င်း-၀င်း နဲ့တင် မပြီးနိုင်ဘူးဆိုတာပါပဲ။ လက်ရှိအချိန်မှာ ကျွန်တော်တို့နိုင်ငံရေးကို ဘယ်သူတွေက ထိန်းကျောင်းနေသလဲဆိုတာ ဖြေဆိုဖို့ အင်မတန်မှ ခက်ခဲလှပါတယ်။ ကျွန်တော့်ရဲ့ ပညာဉာဏ် နည်းပါးမှုကြောင့်လည်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ သူများနိုင်ငံတွေမှာ အစိုးရနဲ့ အတိုက်အခံဟာ အဓိက အုပ်စုတွေပါ။ ကျွန်တော်တို့ဆီမှာကတော့ ဘယ်သူက အစိုးရလဲ၊ ဘယ်သူက အတိုက်အခံလဲ ဆိုတာကိုတောင် ကွဲကွဲပြားပြား မရှိလှပါဘူး။ အစိုးရအတွင်းမှာလည်း အချင်းချင်း အတိုက်အခံတွေဖြစ်၊ အတိုက်အခံလို့ အမည်တပ်ကြသူတွေထဲမှာလည်း အကွဲကွဲအပြားပြားဖြစ်၊ အခြားသော အဖွဲ့အစည်းတွေ၊ ပုဂ္ဂိုလ်တွေဆိုတာကလည်း သူ့ရပ်တည်မှုနဲ့သူ အင်ကြီးအားကြီး၊ ဘယ်သူ့လက်ထဲမှာ ဘာပါဝါရှိနေသလဲ ဆိုတာကိုတောင် ကျွန်တော်ကိုဉာဏ်ဖြင့် ဝေခွဲမရ၊ စိတ်ဖြာမရ၊ ခွဲခြားမရပါဗျာ။ အဲဒီတော့ ဒီနိုင်ငံမှာ ဘာပဲလုပ်လုပ် ၀င်း-၀င်း လောက်နဲ့ မရပါဘူး။ အနည်းဆုံးတော့ ၀င်း-၀င်း-၀င်း-၀င်း-၀င်း-၀င်း ဖြစ်မှရမှာပါ။ လက်ရှိနိုင်ငံရေးနယ်ပယ်မှာ ကျင်လည်လှုပ်ရှား မောင်းနှင်နေကြသူတွေအားလုံး သတိကြီးစွာ ထားကြစေလိုကြောင်းနှင့် တစ်ခုခု လုပ်မယ်ကြံတိုင်း မြန်မာပြည်သူများ၏ မျက်နှာကို မြင်ကြပါမည့်အကြောင်း တောင်းပန်လိုက်ရပါတယ်။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၃ ခုနှစ်၊ စက်တင်ဘာလ ၄ ရက်၊ ဗုဒ္ဓဟူးနေ့
ညနေ ၆ နာရီ ၄၀ မိနစ်တွင်ပြီး၏။

 
Web Statistics