Monday, September 16, 2013

ကျွန်တော်ကြိုက်သော ပုံပြင်များ (၂၂)


သစ်သားခြံစည်းရိုးပေါ်မှာ စာကလေး ထိုင်နေတယ်။ အောက်မှာ ကြက်မတစ်ကောင် ရင်ကော့ပြီး ဟိုလျှောက်သည်လျှောက် လုပ်နေတယ်။ စာကလေး မေးတယ်။

လမ်းလျှောက်ပြီး အစာလိုက်ကောက်စားနေရတာ နင် မငြီးငွေ့ဘူးလား။ ညည်းကိုကြည့်ရတာ ပျံတောင် မပျံတတ်တော့ဘူး ထင်တယ်။

ဒီလို အပြောခံရတော့ ကြက်မ စိတ်တိုသွားတယ်။ ပျံတတ်တယ်၊ ကြည့် ဆိုပြီး ရှိသမျှအားနဲ့ အတောင်နှစ်ဖက်ကို ခတ်လိုက်တာ ခြံစည်းရိုးပေါ် ရောက်သွားတယ်။

အခု ဘေးက စာကလေးကို ကြက်မ ပြန်မေးတယ်။

နင်ရော တစ်ချိန်လုံး ပျံနေ ခုန်နေရတာ မငြီးငွေ့ဘူးလား။ ငါနဲ့ ကြက်ခြံမှာ လိုက်နေပါလား။ အချိန်တန်ရင် အစာခွက်မှာ အိမ်ရှင်မ အစာလာချတာပဲ၊ ယူစားလိုက်ရုံပဲ။ ဘာအပူအပင်မှ မရှိဘူး။

အဲဒီလို ပြောနေတဲ့အချိန်မှာပဲ လေပြင်းတိုက်လာတယ်။ ခြံစည်းရိုးပေါ် ဆက်ပြီးရပ်နေနိုင်အောင် ကြက်မ ကြိုးစားရှာတယ်။ မရဘူး။ သူ့ကိုယ်သူ မထိန်းနိုင်ဘဲ အောက်ကို ကျသွားတယ်။ စာကလေးကတော့ အတောင်တွေကိုဖြန့်ပြီး အမြင့်ကို ပျံတက်လိုက်တယ်။ တစ်ပတ်လောက် ၀ဲလိုက်ပြီး စောစောက ခြံစည်းရိုးပေါ် ပြန်နားတယ်။ အောက်က ကြက်မကိုကြည့်ပြီး သူပြောတယ်။

နင်ဟာ အကောင်လည်းကြီးတယ်၊ အားလည်းကောင်းတယ်။ ဒါပေမယ့် သူများကျွေးတဲ့ အစာကိုပဲ အားကိုးနေတယ်။ ပျံတဲ့အခါမှာလည်း နင် ခြံစည်းရိုးကို အမှီပြုရတယ်။ ငါကတော့ ကိုယ်တောင်ပံကိုပဲ အားကိုးတယ်။ တခြား ဘယ်သူ့ကိုမှ အားမကိုးဘူး။

အဲသလိုပြောပြီး စာကလေးဟာ အဝေးကို ပျံသွားပါလေရောတဲ့။

[မောင်ကောင်းထိုက်၊ ငရဲတံခါး နိဗ္ဗာန်တံခါးနှင့် အခြားဇာတ်လမ်းများ မှ]

No comments:

Post a Comment

 
Web Statistics