Showing posts with label ကိုယ်တွေ့. Show all posts
Showing posts with label ကိုယ်တွေ့. Show all posts

Thursday, September 26, 2013

လျှပ်တစ်ပြက် ရန်ကုန်


(က)
ရန်ကုန်လို့ ပြောလိုက်တာနဲ့ အားလုံးက နှာခေါင်းရှုံ့သွားကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ ယာဉ်ကြောပိတ်ဆို့မှုနဲ့ မိုးတွင်းကာလ အခက်အခဲတွေကြောင့်ပါ။ ကျန်တာတွေကို ကျွန်တော်သေသေချာချာ မသိသလို၊ ပြောလည်းမပြောချင်ပါဘူး။ ကိုယ်တွေ့ကြုံရတဲ့ အခက်အခဲ တစ်ခုကတော့ ချိန်းဆိုထားတဲ့ နေရာတွေကို အချိန်မီ ရောက်ဖို့အတွက် ၂ နာရီလောက် ကြိုတင်ပြီး ထွက်နေရတာပါပဲ။ အချိန် ၂ နာရီဆိုတာ အမှန်တကယ် အလုပ်လုပ်မယ်ဆိုရင် ဘယ်လောက်အဖိုးတန်သလဲဆိုတာ အားလုံးအသိပါ။ အခုတော့ အဲဒီအချိန်တွေကို လမ်းတွေပေါ်မှာ၊ တက္ကစီတွေပေါ်မှာ၊ ဘတ်(စ်)ကားတွေပေါ်မှာ၊ ဖယ်ရီတွေပေါ်မှာ အလဟဿ ဖြုန်းတီးပစ်လိုက်ကြရတယ်။ ရန်ကုန်မှာ နေထိုင်လုပ်ကိုင် ရှင်သန်ရပ်တည် နေကြသူတွေဟာ နေ့စဉ်နဲ့အမျှ ယာဉ်ကြောပိတ်ဆို့မှု ပြဿနာတွေကြားမှာ အချိန်တွေ၊ စိတ်ရှည်မှုတွေ၊ သည်းခံမှုတွေ၊ နားလည်မှုတွေကို စတေးပစ်နေကြရတာ အင်မတန်မှကို နှမြောဖို့ကောင်းလှပါတယ်။

(ခ)
ဘတ်(စ်)ကားစီးဖို့ ဘယ်လိုမှကို သတ္တိမွေးလို့ မရတဲ့အတွက် တက္ကစီငှားစီးပြီး MICT ထဲကို သွားခဲ့ပါတယ်။ အဲဒီနေရာကို မရောက်ခင် ဖြတ်သန်းခဲ့ရတဲ့ လမ်းကွေ့တစ်နေရာကို ကျွန်တော်ဖြင့် အခုစာရိုက်နေရင်းနဲ့ ပြန်မြင်ယောင်နေမိတယ်။ အိမ်စီး၊ တက္ကစီ၊ ဖယ်ရီ စသဖြင့် ကားအမျိုးမျိုး အထွေထွေဟာ လှေငယ်လေးတွေအလား ရေပြင်ကျယ်ကြီးထဲမှာ ကူးခတ်ခုတ်မောင်းနေကြတာ၊ ရုံးသွားတာ ဖြစ်ပုံရတဲ့ အမျိုးသား၊ အမျိုးသမီးအချို့ဟာ ထီးလေးတွေဆောင်း၊ ထမင်းချိုင့်လေးတွေမပြီး သူတို့ပေါင်လယ်လောက်ရှိတဲ့ ရေပြင်ကျယ်ကြီးကို တစ်စက်ကလေးမျှ ဂရုမစိုက်ဘဲ ဖြတ်သွားနေကြတာကို မြင်ခဲ့ရတာ ကျွန်တော်ဖြင့် အံ့သြလွန်းလို့ တွေ့တဲ့လူတိုင်း၊ ကြုံတဲ့လူတိုင်းကို ပြန်ပြောဖြစ်ပါတယ်။ ခက်တာက ရန်ကုန်မှာ ဘယ်သူကမျှ ကျွန်တော်ပြောတာကို အထူးအဆန်း မဖြစ်ကြဘူး။ သူတို့ရဲ့ နေ့စဉ်လူနေမှုဘ၀မှာ ဒီလိုအရာတွေဟာ ဘာမျှမဆန်းတော့တဲ့ သာမန်ကိစ္စရပ်လေးတွေ ဖြစ်ကုန်ကြတယ်။ မြို့ရောက်တဲ့ တောသားကျွန်တော်က အဲဒီရေထဲကနေ ကားဖြတ်တော့ လန့်ဖြန့်ပြီး ခြေထောက်ကလေးကို ကြွလိုက်မိတယ်။ တက္ကစီမောင်းတဲ့လူက အကင်းပါးတယ်။ ရေမ၀င်ပါဘူးဆရာ တဲ့။ ပြတင်းပေါက်ကနေ ခေါင်းထွက်ကြည့်လိုက်တော့ ရေတွေက ကားတစ်ဝက်လောက်မှာ ဘောင်ဘင်ခတ်လို့။

(ဂ)
ကျွန်တော်သာ ရန်ကုန်တိုင်းဒေသကြီး အစိုးရဆိုရင် ကျန်တာတွေကို လုပ်တာမလုပ်တာ အပထား။ အရင်ဦးဆုံး ယာဉ်ကြောပိတ်ဆို့မှု ပြဿနာနဲ့ မိုးနည်းနည်းရွာတာနဲ့ ရန်ကုန်မြို့ကြီး ရေထဲမျောတဲ့ ကိစ္စရပ်ကို ဖြေရှင်းမိမှာ အမှန်ပဲ။ ဘာမှ ထွေထွေထူးထူး စည်းရုံးစရာမလိုပါဘူး။ ရန်ကုန်မြို့ကြီးကို မိုးရွာရင် ရေလုံးဝမမြုပ်အောင်၊ ဘယ်မီးပွိုင့်ကိုမျှ ယာဉ်ကြောပိတ်ဆို့မှု ၃မိနစ်ထက်ပိုပြီး မကြာစေရအောင် ဆောင်ရွက်မှာပါပဲ။ အော်... လက်တွေ့မဟုတ်ဘူးနော်၊ ကျွန်တော် စိတ်ကူးမိတာလေးတွေ ပြောတာပါ။ လက်တွေ့လုပ်နေသူတွေက ဒါတွေမသိဘဲ နေမှာမဟုတ်ပါဘူး။ မသိချင်ယောင် ဆောင်တာလည်း မဖြစ်နိုင်ပါဘူး။ အကြောင်းတစ်ခုခု ရှိလို့ဖြစ်မယ်ထင်ပါတယ်။

(ဃ)
ရန်ကုန်မှာ အခုအချိန်အထိ ကျွန်တော်နဲ့ သဟဇာတ မဖြစ်တာက ဈေးဝယ်ရတာပါပဲ။ အရောင်းစာရေးမတွေကို ဆိုင်ရှင်တွေ၊ မန်နေဂျာတွေက ဘယ်လိုများ လေ့ကျင့်ပေးထားလဲ မသိပါဘူး။ ဆိုင်ခန်းထဲကို ၀င်လိုက်တာနဲ့ သူတို့မျက်စိထဲမှာ ဈေးဝယ်လို့ မြင်ပုံမရဘူး။ အလစ်သမားတွေပဲ ၀င်လာသလိုလို၊ အကြမ်းဖက်သမားတွေပဲ ရောက်လာသလိုလို မျက်နှာပေးတွေနဲ့ ဟိုဟာမေးလည်း မဖြေချင်၊ ဒီဟာမေးလည်း နှာခေါင်းရှုံ့နဲ့ ကိုယ့်ဘာသာကိုယ်တောင် သံသယဖြစ်မိတဲ့ အထိပါပဲ။ ဆိုင်ရှင် သို့မဟုတ် မန်နေဂျာများ ရှိလို့ကတော့ ၀င်လာတဲ့ဈေးသည်ကို ထန်းလျက်ခဲလို ၀ိုင်းလျှက်ကြတာပါပဲ။ တစ်ခုခုကို ကိုင်လိုက်တိုင်း ဈေးနှုန်းအရင်စပြောတာဟာ ရန်ကုန်စတိုလ်ပဲ ထင်ပါရဲ့ဗျာ။ အဲဒီလို ပြောလိုက်တော့လည်း ကိုယ်မ၀ယ်နိုင်တဲ့ ဈေးနှုန်းဆိုရင် ကိုင်ကြည့်မနေနဲ့လို့ သွယ်ဝိုက်ပြီး သတိပေးပြီးသား ဖြစ်တာပေါ့။ မယ်မင်းကြီးမများ ကျန်းမာချမ်းသာကြပါစေ။

(င)
မြင်တွေ့ရသမျှ လူအားလုံးဟာ စိတ်ပျက်အားငယ်မှုကို မြိုသိပ်ပြီး ဘ၀ရည်မှန်းချက်တွေအတွက် သူတို့ရဲ့ စိတ်ခံစားချက်တွေကို လမ်းခင်းထားကြပုံ ရပါတယ်။ ဘယ်လောက်ပဲ အခက်အခဲတွေ ရှိနေပါစေ... အားလုံးဟာ ရန်ကုန်မြေကို မက်မောတွယ်တာ နေကြတုန်းပါပဲ။ ရန်ကုန်ဟာ အားလုံးအတွက် စိန်ခေါ်မှုတွေ၊ အခွင့်အလမ်းတွေကို တစ်ပွေ့တစ်ဝိုက်ကြီးနဲ့ အမြဲရင်ဖွင့်ထားဆဲ ဖြစ်နေပုံရပါတယ်။

ရန်ကုန် ကျန်းမာပါစေ...
ရန်ကုန် သန့်ရှင်းပါစေ....
ရန်ကုန် ဘေးကင်းပါစေ....
ရန်ကုန် ရန်ကင်းပါစေ....
ရန်ကုန် မေတ္တာလွှမ်းခြုံနိုင်ပါစေ....။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၃ ခုနှစ်၊ စက်တင်ဘာလ ၂၆ ရက်၊ ကြာသပတေးနေ့။
နံနက် ၁ နာရီ ၅၄ မိနစ်တွင်ပြီး၏။

Friday, July 19, 2013

Azarni Day


The New Light of Myanmar သတင်းစာရဲ့ မျက်နှာဖုံးမှာ ဖော်ပြထားတဲ့ အသုံးအနှုန်းလေးကို သဘောကျလွန်းလို့ ပြန်လည်ဝေမျှပါတယ်။ ကျွန်တော်ကိုဉာဏ် ဘာမျှ မပြောလိုပါ။ ပညာရှင်တို့၏ အရာသာဖြစ်ကြောင်း နှလုံးသွင်းပါသည်။ ပညာရှင်များသာ ဆက်လက်ငြင်းခုန်ကြပါကုန်။ ကျွန်တော့်မိတ်ဆွေ တစ်ယောက်ကတော့ ပြောရှာပါသည်။ R Zarni လို့ မရေးတဲ့အတွက် ကျေးဇူးတင်မဆုံး ဖြစ်ရပါတယ်။ သူပြောသလို R Zarni Day ဆိုရင်တော့ ဥသြမဆွဲဘဲ ×× ညနေခင်းရဲ့ လေပြည်ထဲမှာ ×× မင်းဆံနွယ်တွေ တောင်ပံဖြန့်တဲ့အခါ ×× ပန်းပွင့်လေးတွေ ရှက်သွေးဖြာ ×× ကျေးငှက်ကလေးတွေ တေးမဆိုတော့ပါ ××  စသဖြင့် "ဂန္ထ၀င် ဆည်းဆာ" တွေဘာတွေ တစ်နိုင်ငံလုံး ဟဲနေရပါဦးမယ်။ ပြန်ကြားရေးဝန်ကြီးဌာနက တရားဝင်ထုတ်ဝေတဲ့ သတင်းစာက အရေးအသားဖြစ်တာမို့ နောင်များကြုံကြိုက်လို့ အာဇာနည်နေ့လို့ ရေးစရာရှိရင် Azarni Day လို့ပဲ ရေးပါတော့မယ်။ အားလုံးအတွက် အလွယ်တကူဖြစ်အောင် လုပ်ပေးတဲ့အတွက် ကျေးဇူးပါခင်ဗျား။ :D

Tuesday, May 21, 2013

မျောက်နှင့်လင်းယုန် ငိုပွဲဆင်၍ အမှိုက်ကောက်သူများ သင်္ကန်းဝတ်ပြီး ပြည်နယ်တောင်းသတဲ့လား


(က)
မျောက်ကလေးက လက်အငြိမ်မနေဘဲ ဟိုပစ်ဒီပစ် လျှောက်လုပ်တယ်။ လင်းယုန်ကြီးကလည်း ပါးစပ်က ပြောတော့သာ သံခင်းတမန်ခင်း၊ လက်တွေ့ကျတော့ ဒီလကုန်မှာ တိုက်ချင်းပစ် ပစ်ပြဦးမတဲ့။ အိမ်နီးချင်း ငှက်ကျားကလည်း မျောက်ကလေး အငြိမ်မနေတာသာ ကြည့်မရတယ်။ သူကိုယ်တိုင်ကျတော့ လင်းယုန်နဲ့ပေါင်းပြီး အတူပျံရတာနဲ့၊ အတူလေ့ကျင့်ရတာနဲ့၊ အတူရေငုပ်ရတာနဲ့....။ မျောက်ကလေး ဆွေ့ဆွေ့ခုန်မယ်ဆိုလည်း ခုန်လောက်ပါတယ်။ လင်းယုန်ကြီးရဲ့ ရန်သူတော်ဟောင်းကြီး ၀က်ဝံကြီးက အမျိုးတူ မျောက်ကလေးကို ဟန်ပြလောက်ပဲ အပြစ်တင်တယ်။ နဂါးကြီးကတော့ အကောင်းအဆိုး သိပ်ပြီးတော့ မပြောလှဘူး။ ဒါပေမယ့် မျောက်ကလေးအရေးမှာ ၀က်ဝံနဲ့ နဂါး သင့်သင့်မြတ်မြတ် ဖြစ်နေတာကတော့ အမှန်ပဲ။ မျောက်ကလေးရဲ့ရန်ဘက် ကြိုးကြာလေးခမျာလည်း မျောက်ကလေးကိုကြောက်ရ၊ လင်းယုန်နဲ့သင့်မြတ်အောင်လုပ်ရ၊ နဂါးကြီးနဲ့ ပဋိပက္ခတွေကလည်း သောင်တင်ရေမကျ။ အခုနောက်ဆုံး မျောက်ကလေး ဆော့လိုက်တဲ့ ခဲ ၄ လုံးကြောင့် ကမ္ဘာ့ရွာကြီးတစ်ခုလုံး အုတ်အော်သောင်းနင်း၊ စိုးရိမ်တကြီး၊ စိတ်ဝင်တစား ဖြစ်ခဲ့ကြရတယ်။ မျောက်ကလေးက အစာရဖို့ လက်ဆော့တာလား၊ တမင်ရန်စတာလား၊ ဘယ်သူမှ မသိနိုင်။ အနီးကပ်နေရတဲ့ ငှက်ကျားတို့ခမျာ မလုံခြုံ၊ မအေးချမ်းနိုင်တော့။ ကဲ... မျောက်ကလေးလက်ချက်နဲ့ လင်းယုန်ကြီးပဲ ကားယားကျမလား။ လင်းယုန်ကပဲ မျောက်ကလေးကို လက်သည်းနဲ့ ကုတ်သွားနိုင်မလား ဆိုတာကတော့ ဆက်လက်စောင့်ကြည့်ရုံမှတစ်ပါး။

(ခ)
ငိုတာတွေ သိပ်ခေတ်စားနေပါ့လား။ ကိုဉာဏ်တောင် ငိုချင်စိတ်တွေ ပေါက်သွားမိတယ်။ သူ့ဟာသူ ငိုတဲ့ကိစ္စကို ကိုရွှေမြန်မာတွေ ဘာသာပြန်ကောင်းလိုက်ပုံက ဖတ်ရသူရင်ထဲ နင့်ခနဲဖြစ်ပြီး မျက်ရည်တွေ ပေါက်ပေါက်ကျသွားရတယ်။ တစ်ချိန်က လက်ခုပ်လက်ဝါးတီးပြီး အားပေးခဲ့ရတဲ့၊ သူ့ရဲ့ဟန်ပန်၊ သူ့ရဲ့ ကစားဟန်တွေကို အသည်းစွဲနှစ်ကြိုက်ခဲ့ရတဲ့ ပရိသတ်တစ်ဦးအနေနဲ့ ကျွန်တော်လည်း စိတ်မကောင်းဖြစ်မိပါတယ်။ မြက်ခင်းစိမ်းစိမ်းတွေပေါ်မှာ သူ့ကို ကျွန်တော်တို့ မြင်တွေ့ခွင့်မရှိတော့ဘူး။ မြေပုံညွှန်းပေးပြီး ကန်လိုက်သလား အောက်မေ့ရတဲ့ တိကျတဲ့ သူ့ရဲ့ဖြတ်တင်ဘောတွေကို ထပ်မံပြီး မြင်တွေ့ခွင့်မရှိတော့ဘူး၊ ဒီဇိုင်းအမျိုးမျိုးပြောင်းပြီး မင်းသားရှုံးလောက်တဲ့ သူ့ရဲ့ကွင်းတွင်းပုံရိပ်တွေလည်း မြင်ရတော့မှာ မဟုတ်ပါဘူး။ သားသမီးတွေ တပြုံကြီးနဲ့ ပျော်ရွှင်ပါစေလို့ပဲ ဆုတောင်းပေးလိုက်ပါရဲ့။

(ဂ)
အမှိုက်ကောက်ခွင့်မရတာကို ဘာကိစ္စ ရေးကြီးခွင်ကျယ်လုပ်ပြီး ရှဥ့်အ၀ှာကို အနာလုပ်နေကြသလဲ။ ကြားရတဲ့၊ ဖတ်ရတဲ့ သတင်းလေးအပေါ် သူများတွေ မှတ်ချက်ပြုတာတွေ၊ ဝေဖန်တာတွေလောက်ကို နားထောင်ပြီး ကိုယ်တိုင်စဉ်းစားသုံးသပ်မှုမရှိဘဲ ဝေလေလေ လိုက်လုပ်တဲ့လူ သိပ်များတယ်။ ကျွန်တော်ကိုဉာဏ်ဆိုတဲ့ ခပ်ညံ့ညံ့ကောင်ကလည်း ကျုပ်ကို အကြောင်းတစ်ခုခုပြပြီး မုန်းတဲ့လူတွေကို လေးစားတတ်တဲ့လူမျိုး။ အဲဒီအကြောင်းပြချက်က ဆီလျော်တာ၊ မဆီလျော်တာကို ကျုပ်က စိတ်ကိုမ၀င်စားတာ။ အဲဒါက တစ်ဖက်လူရဲ့ ကိစ္စကိုး။ အဲ... သူများမုန်းလို့ ကျုပ်ကို လိုက်မုန်းတဲ့လူများတော့ ရွံလွန်းလို့ တံတွေးတောင် လှည့်မထွေးချင်ဘူး။ ကိုယ်ပိုင်ဆုံးဖြတ်ချက်၊ ကိုယ်ပိုင်ခံယူချက်မဟုတ်ဘဲ သူများနှာခေါင်းပေါက်နဲ့ အသက်ရှူနေတဲ့လူတွေကို သိပ်မုန်းသပေါ့ဗျာ။ အမှိုက်ကောက်ခွင့်မရတာကို ဝေဖန်ကြတဲ့လူတွေကို မေးချင်တယ်။ သူများပြောတဲ့အတိုင်း ဝေလေလေ လိုက်ပြောတာလား၊ ကိုယ်တိုင်စဉ်းစားသုံးသပ်ပြီး ခံယူချက်အတိုင်း ဝေဖန်တာလား။ ဒီမယ်... ဦးကျော်သူ၊ ခင်ဗျားသာ အမှိုက်ကိစ္စကို တကယ်စေတနာရှိရင် ဘယ်သူ့ကိုမှ ပြောစရာမလိုဘူး၊ ဘယ်သူ့ဆီကိုမှလည်း စာတင်စရာမလိုဘူး၊ ဘယ်သူ့ခွင့်ပြုချက်မှလည်း ရှိစရာမလိုဘူး။ ကျုပ်တို့ အဘိုးတွေ၊ အဘွားတွေ၊ အဘေးတွေ၊ အဖေတွေ၊ အမေတွေ လက်ထက်ကတည်းက လမ်းပေါ်မှာ အမြင်မတော်တဲ့အမှိုက် ဒီလိုပဲ ကောက်ပြီး သင့်လျော်ရာကို ပစ်ခဲ့ကြတာပဲ မဟုတ်လား။ အခုမှပဲ အမှိုက်ကောက်တာကို အခမ်းအနားကြီး တစ်ခုလိုလုပ်၊ မီဒီယာတွေထက်မှာဖော်ပြ၊ နာမည်ကြီးလူတွေစု၊ အမလေးဗျာ... သေသွားတဲ့ ကျုပ်တို့ရဲ့ ဘိုးဘေးတွေ တမလွန်ကနေ ဒီသတင်းကြားရင် အူတက်ပြီး နှစ်ခါပြန် ထပ်သေကြကုန်ပါဦးမယ်။ ခင်ဗျားတို့ဟာက အမှိုက်ကောက်ချင်တာက နည်းနည်း၊ လူစုစုနဲ့ အင်အားပြချင်တာ၊ လှုပ်ရှားမှုလုပ်ပြချင်တာ၊ လူအာရုံစိုက်ခံချင်တာ၊ သူရဲကောင်းအထင်ခံချင်တာ၊ လက်ရှိအစိုးရကို ကျရာနေရာကနေ အုတ်တစ်ချပ် သဲတစ်ပွင့်အနေနဲ့ နှောင့်ယှက်ချင်တာ၊ အခက်ရစေချင်တာက ပိုနေတယ်လို့ ထင်တာပဲဗျာ။ ဦးကျော်သူတစ်ယောက် လမ်းလျှောက်ရင်း လမ်းပေါ်မှာတွေ့တဲ့ အမှိုက်တွေကိုကောက်၊ အမှိုက်ပုံးထဲမှာ လွှင့်ပစ်လိုက်လို့ တစ်ယောက်ယောက်က အရေးယူတယ်ဆိုရင် ခင်ဗျားအစား ကျုပ်အရေးယူခံမယ်ဗျာ။ ကျုပ်တို့လည်း ဒီလိုပဲ လမ်းပေါ်မှာ အမြင်မတော်တဲ့ အမှိုက်တွေ့ရင်၊ သစ်ကိုင်းခြောက်တွေ့ရင်၊ ခွေးသေကောင်တွေ့ရင် တတ်နိုင်သလောက် ဖယ်ရှားပစ်နေတာပါပဲ။ ဘယ်သူကမျှ ကျုပ်ကိုလာပြီး ခွင့်ပြုချက်မရဘဲ အမှိုက်ကောက်တယ်လို့ ပုဒ်မမတပ်ပါဘူး။ တစ်ခုတော့ ရှိတာပေါ့လေ။ ကျုပ်က ဘာအရောင်မှမပါဘဲ လုပ်ခဲ့တာကိုး။ ငယ်ငယ်ကတည်းက သဘောကျခဲ့ရတဲ့ မင်းသားတစ်ယောက်အနေနဲ့ အများကြီး ချစ်ခင်တယ်၊ လေးစားတယ်၊ သဘောကျတယ်။ နာရေးကူညီမှုအသင်းကို ဦးဆောင်သူတစ်ဦးအနေနဲ့ လုံးဝကို လေးစားတယ်၊ ဦးညွတ်တယ်၊ အားကျတယ်၊ သာဓုခေါ်တယ်၊ ချီးကျူးတယ်။ ကျွန်တော် အဲဒီလိုအလုပ်ကို မလုပ်ဝံ့ပါဘူး၊ မလုပ်ရဲသေးပါဘူး၊ မလုပ်နိုင်သေးပါဘူး။ ၀န်ခံပါတယ်။ သို့သော် ပရဟိတဘန်းပြပြီး နိုင်ငံရေးလှုံ့ဆော်တာလိုလို၊ အရောင်ဆိုးတာလိုလို လုပ်လာရင်တော့ ဆောရီးပဲ ဦးကျော်သူ။ ဝေဖန်စရာရှိတာ ဝေဖန်ရမှာပဲ။ ကောင်းမွန်တဲ့ ပရဟိတအလုပ်တွေနဲ့ပဲ ကုသိုလ်တွေယူစမ်းပါလို့ အကြံပေးပါရစေ ဦးကျော်သူ။ ကိုယ့်အမှိုက်ကိုယ်တောင် စနစ်တကျ မစွန့်ပစ်တတ်ဘဲ၊ လမ်းပေါ်မှာ အမှိုက်တွေ့ရင်တောင် အသိစိတ်နဲ့ မကောက်တတ်ဘဲ၊ လူအများကြီးစုပြီးမှ၊ ဆိုင်းဘုတ်ထောင်ပြီးမှ၊ ဂျာနယ်ထက်မှာသတင်းပါမှ၊ ဓာတ်ပုံတွေတဖျတ်ဖျတ်ရိုက်မှ အမှိုက်ကောက်တတ်တဲ့လူတွေကို ကျွန်တော်ကိုဉာဏ်က ထွေးပြီးသား တံတွေးထက်တောင် ရွံပါသေးသဗျာ။

(ဃ)
ဟိုသင်္ကန်းဝတ်ကလည်း အင်တာနက်မှာ သူ့အကြောင်းကို အမြဲတမ်းပြောစေချင်သလား မပြောတတ်ဘူး။ တစ်နေ့တစ်မျိုး လုံးဝကို မရိုးရဘူး။ သင်္ကန်းမ၀တ်ခိုင်းဘဲ တောင်ရှည်ပုဆိုး၊ တိုက်ပုံ၊ ခေါင်းပေါင်း ၀တ်ဆင်ပေးပြီး သမ္မတသာ တစ်ခါတည်း ခန့်လိုက်ချင်တော့တယ်။ သူများတွေ ကုလားနဲ့ပေါင်းရင် အဲဒါ ဆွဲဆောင်ခံရတာ၊ စည်းရုံးခံရတာ၊ ကိုယ်ခံအားမကောင်းတာ။ သူကိုယ်တိုင် ကုလားတွေနဲ့ ဖက်လဲတကင်း နေတယ်ဆိုတာ ပညာရှင်ပီသတာ၊ သံခင်းတမန်ခင်း ကျွမ်းကျင်တာ၊ လိုအပ်လို့လုပ်နေတာ၊ ဒီလိုမျိုးလား။ တင်သမျှသတင်းကလည်း မှုခင်းသတင်းဂျာနယ်တောင် လက်မှိုင်ချရလောက်တယ်။ သမ္မတကြီးဆီကိုတောင် သူ့ဆီလောက် တိုင်စာရောက်မယ်မထင်ဘူး။ အင်း... ကိုယ်တော်... ကိုယ်တော်... ကုလားတွေကို မြန်မာတွေလက်ခံတာ၊ လက်မခံတာတော့ တပည့်တော် သေချာမသိဘူး။ ကိုယ်တော့်ကိုကြည့်ပြီး ဗုဒ္ဓဘာသာကို အခြားလူတွေ အထင်အမြင်သေးကြရင်တော့ အင်း..... ရင်လေးဖွယ်ပါပဲဘုရား...။

(င)
ဝတွေက ပြည်နယ်တောင်းတယ်တဲ့။ တောင်းပေ့စေပေါ့။ တောင်းတာက သူတို့အလုပ်ပဲ။ မကျေနပ်ရင် အခြားတိုင်းရင်းသားတွေလည်း လိုက်တောင်းကြပေါ့။ တောင်းဆိုပိုင်ခွင့်ရှိပါတယ်။ ဖြစ်တာမဖြစ်တာကတော့ အဲဒီဒေသမှာနေတဲ့ ပြည်သူတွေနဲ့ဆိုင်တယ်။ ဘာကြောင့်လဲဆိုတော့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၅၃ မှာ ပြဋ္ဌာန်းထားချက်တွေအရကိုး။ အခုဗျာ... ၀က ကိုယ်ပိုင်ပြည်နယ်အဖြစ် ထူထောင်ချင်တယ်မလား။ ရှမ်းပြည်နယ်မှာရှိတဲ့ ပြည်သူတွေရဲ့ အရေးကိစ္စဗျ။ ကျန်တဲ့ တိုင်းဒေသကြီးတွေ၊ ပြည်နယ်တွေက ပြည်သူတွေမှာ ဆုံးဖြတ်ပိုင်ခွင့်မရှိဘူး။ ဒီလိုပြောလို့ မကျေနပ်ရင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်ဖတ်၊ ပြန်လေ့လာပေါ့။ ရှမ်းတွေကိုယ်တိုင်က လိုလိုလားလား ၀ပြည်နယ် ဖြစ်သင့်ပါတယ်ဆိုပြီး ဆန္ဒမဲပေးခဲ့ကြရင်တောင် ကိစ္စက မပြီးသေးဘူးဗျ။ ရှမ်းပြည်နယ်လွှတ်တော်မှာ ထပ်ပြီးတော့ မဲခွဲဆုံးဖြတ်ရဦးမယ်။ အဲဒီလို ဆုံးဖြတ်တဲ့အခါ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်းရဲ့ လေးပုံသုံးပုံနှင့်အထက် ထောက်ခံဆန္ဒမဲရမှ သမ္မတက ပြင်ပေးမှာဗျ။ သေသေချာချာပြန်ဖတ်ကြည့်ပါဦး လေးပုံသုံးပုံနှင့်အထက်။ ကျွန်တော်ပြောပါတယ်ဗျာ... သူများယောင်တိုင်း လိုက်မယောင်ပါနဲ့လို့။ ရှင်းရှင်းလင်းလင်း တဲ့(ဒဲ့)ပြောရမလားဗျ။ ကြိုက်တဲ့ပြည်နယ်၊ တိုင်းဒေသကြီးအတွင်းမှာရှိတဲ့ ကြိုက်တဲ့လူတွေက ကိုယ်ပိုင်ပြည်နယ်တောင်းကြ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မဖြစ်သင့်ဘူးလို့ထင်ရင် (သဘောကတော့ ကာချုပ်သဘောမတူရင်) အဲဒီကိစ္စ ဖြစ်လာစရာအကြောင်း တစ်စက်မျှကို မရှိဘူးဗျို့။ လေးပုံသုံးပုံနှင့်အထက်ဆိုတာ တပ်မတော်သားကိုယ်စားလှယ် တစ်ဦးဖြစ်စေ ထောက်ခံဖို့ လိုအပ်တယ်လို့ ဆိုလိုတာဖြစ်ကြောင်း ကျွန်တော်ကိုဉာဏ်တော့ နားလည်မိပါသဗျို့။ တချို့ကိစ္စတွေမှာ ဂျာနယ်တွေဖွတိုင်း၊ ငါးစာချတဲ့လူတွေ မျှားတိုင်း သိပ်ပြီးတော့ လှုပ်လှုပ်ရှားရှား မဖြစ်စမ်းပါနဲ့ဗျာ။ ဒီခေတ်က ပညာခေတ်ဗျ။ အရာရာကို ပညာနဲ့စဉ်းစား၊ ပညာနဲ့ဆင်ခြင်၊ ပညာနဲ့...........။ ကျွန်တော့်သဘောလား။ ပြောစရာအကြောင်း တစ်စက်မျှကို မရှိဘူး။ ကျွန်တော်က ရှမ်းတိုင်းရင်းသားမဟုတ်သလို၊ ရှမ်းပြည်နယ်မှာလည်း နေတဲ့လူ မဟုတ်ဘူး။ အဲဒီတော့ နှာစေးနေလိုက်တာ ပိုမကောင်းဘူးလား။

စာကြွင်း
ခေါင်းစဉ်ကတော့ ဘယ်ရယ်မဟုတ်ဘူး။ စိတ်ရူးပေါက်ပြီး ပေးလိုက်တာ။ ဂျာနယ်တွေ အဖတ်များတော့ ခေါင်းစဉ်နဲ့ လုပ်စားတတ်ကြတာကို ဂုဏ်ပြုတဲ့အနေနဲ့ပေါ့။ အဓိပ္ပါယ်ရှိတာ၊ မရှိတာ၊ ဆီလျော်တာ၊ မဆီလျော်တာ အသာထား။ လောလောဆယ် ကျွန်တော်ရေးတဲ့ပို့စ်ကို လူစိတ်ဝင်စားပြီး ပေါက်ဖို့က အဓိက မဟုတ်လား။ ခက်တာက ကျွန်တော်က အကြော်လည်းမကြော်တတ်၊ လဲလဲလဲလဲလဲဆိုပြီး သီချင်းလည်း မဆိုတတ်၊ ဆိုင်းမပါဗုံမပါနဲ့ ရိုင်းရိုင်းစိုင်းစိုင်း ဆဲဆိုတာကို သီချင်းလုပ်ပြီးလည်း မဆိုတတ်။ အဲဒီတော့ ကျွန်တော် မတောက်တခေါက်တတ်တဲ့ ရေးသားနည်းလေးတွေနဲ့ ပေါက်အောင်လုပ်ရတာကို နားလည်ပေးဗျာ။ နားမလည်ပေးရင်လည်း ကိစ္စမရှိပါဘူး။ ကျွန်တော်က ခွင့်လွှတ်ပါတယ်။

အမှတ်တရ 
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၃ ခုနှစ်၊ မေလ ၂၁ ရက်၊ အင်္ဂါနေ့။
မွန်းလွဲ ၂ နာရီ ၅၄ မိနစ်တွင်ပြီး၏။

Saturday, April 27, 2013

ကျွန်တော်ကိုဉာဏ် ခရီးလွန်နေပါသည်



(က)
အခုရက်ပိုင်း ကျွန်တော်ကိုဉာဏ် ပို့စ်တွေ ပုံမှန် တင်ဖြစ်လိမ့်မည် မဟုတ်ပါ။ အလုပ်တာဝန်အရ ခရီးသွားနေရပါသည်။ ခရီးမသွားခင်ကတည်းက တင်လိုသည့် ပို့စ်များကို ကြိုတင်ရေးသားခြင်း ပြုလုပ်ရန် စီစဉ်ထားခဲ့သော်လည်း အဆင်မပြေသည့်အတွက် လောကနီတိ တစ်ခုတည်းကိုသာ ပုံမှန် နေ့စဉ်ပို့စ် တက်နိုင်အောင် ဆောင်ရွက်နိုင်ခဲ့ပါသည်။ ထို့အတွက်လည်း အမြဲတစေ လာရောက်ဖတ်ရှု အားပေးကြသည့် မိတ်ဆွေများကို အားနာရပါသည်။

(ခ)
အလုပ်တာဝန်အရ မန္တလေးနှင့် ပြင်ဦးလွင်မြို့များသို့ သွားနေရပါသည်။ ဆိုင်ကယ်တွေ သိပ်များလွန်းတဲ့ မန္တလေးကို အံ့သြရသလို စိတ်လည်းရှုပ်ရပါသည်။ ၆ လမ်းသွား၊ ၈ လမ်းသွား၊ ၁၀ လမ်းသွား၊ ၁၂ လမ်းသွား စသည့်စသည့် လမ်းမကြီးများရှိသည့် နေပြည်တော်လို နေရာကနေ ယနေ့ထက်တိုင် ၄ လမ်းသွားထက် မပိုသေးသည့် မန္တလေးလိုမြို့ကြီးကို ရောက်လာတော့ အတော်ကြီးကို စိတ်ကျဉ်းကြပ်သွားရသည်။ ကားမောင်းတဲ့ ဒရိုင်ဘာကတော့ ဘယ်လိုစိတ်ခံစားမှုနဲ့ မောင်းနှင်သည်မသိ။ ဘေးကနေ ထိုင်လိုက်ရသည့် ကျွန်တော်ကတော့ ဘုရားဘုရားဟု မပြတ်တမ်း တနေရသည်။ ဟိုနားက ဆိုင်ကယ်တွေ ထွက်လာလိုက်၊ ဒီရှေ့က ဆိုင်ကယ်က ဖြတ်မောင်းလိုက်ဖြင့် အသည်းယားစရာ ကောင်းလှသည်။ သို့သော် လဘက်ရည်ဆိုင်တွေ ထိုင်ရတာကတော့ တကယ့်ထိပ်တန်း ဖီလင်ပင်။ ဘယ်မြို့မှာမှ မရနိုင်သည့် လဘက်ရည်ဆိုင် အငွေ့အသက်တွေကို မန္တလေးမှာသာ ရနိုင်သည်ဟု ကျွန်တော်ထင်သည်။ ကျွန်တော့် အစွဲအလန်းကြောင့်လည်း ဖြစ်နိုင်ပါသည်။ လဘက်ရည်ဆိုင်ကောင်တာမှာ ထိုင်နေသည့် ပုဂ္ဂိုလ်တွေက ပါးစပ်က တတွတ်တွတ်နှင့် စက်သေနတ်ပစ်သလို အော်ဟစ်ညွှန်ကြားနေတာက ကျွန်တော့်အတွက် သံစဉ်တစ်ခုပင်။ တွေးမိတာတစ်ခုက မန္တလေးမြို့တွင် ဘယ်အချိန်မှများ ဘတ်စ်ကားလိုင်းတွေ ခေတ်စားမလဲ ဆိုတာဖြစ်သည်။ ရန်ကုန်ကဲ့သို့ ယာဉ်လိုင်းများသာ မန်းတွင် တွင်ကျယ်လာမည်ဆိုပါက အရမ်းအန္ဆရာယ်များပြီး ပျားပန်းခတ်မျှ များပြားလှသည့် ဆိုင်ကယ်တွေကိစ္စ ပြေလည်သွားမည်ဟု ထင်မိသည်။ ဒါက မမီ့တမီ ဉာဏ်လေးဖြင့် တွေးမိတာဖြစ်သည်။ ဘာပဲဖြစ်ဖြစ် မန္တလေးကို ကျွန်တော်ချစ်သည်။ တက်ခဲ့ဖူးသည့် မန္တလေး ဂျီတီအိုင်ကို အလွမ်းပြေ သွားကြည့်ဖြစ်သည်။ ကျောင်းဝန်းကျင်တစ်ခုလုံး ဆိုင်ခန်းတွေ ပြည့်နေတာ တွေ့ရသည်။ ကျောင်းဆင်းချိန် ညနေတိုင်း ၀င်ကြည့်ဖြစ်သည့် ဗထူးကွင်းကလည်း ထိုနည်း၎င်းပင်။ ဆိုင်ခန်းတွေ ပတ်လည်နှင့် ၀င်ပေါက်ဘယ်နားမှာလဲလို့ အတော်ရှာယူရသည်။ တစ်ချိန်က မန္တလေးနေ့ရက်များကို လွမ်းမိပါသည်။ ကိုအငဲရဲ့ မန္တလေးညများတမ်းချင်း သီချင်းကို စိတ်ထဲမှာ ဆိုလိုက်မိသည်။ ××× လွမ်းမိတယ် ဟိုတုန်းက မန္တလေးညရေ ×××

(ဂ)
ပြင်ဦးလွင်ကိုတက်တော့ အသိသာဆုံး ခံစားမိတာက ရာသီဥတု အပြောင်းအလဲဖြစ်သည်။ ပြင်စာကိုကျော်သည်နှင့် လေအေးလေးတွေက ပွေ့ဖက်ဆီးကြိုကြသည်။ နေပြည်တော်မှာ မြင်ရခဲသည့် သစ်ကြီးဝါးကြီး၊ သစ်ပင်ဝါးပင်၊ တောအုပ်တောတန်းများကို တ၀ကြီးမြင်ရသည်။ ပြင်ဦးလွင်သည် အရင်ကထက် ပိုပူလာတာတော့ အသေအချာပင်။ သို့သော် မိတ်ဆွေဟောင်းများ၊ နေရာဟောင်းများက ကျွန်တော့်စိတ်ပျော်ရွှင်မှုများအတွက် ပြည့်စုံစေခဲ့သည်။ စိတ်အညစ်ရဆုံးက အင်တာနက်ကွန်နက်ရှင်း လုံးဝ အဆင်မပြေခြင်းပင်။ စစ်တွေမှာတုန်းက ဖုန်းလိုင်းက အင်တာနက်နှင့်ပင် အွန်လိုင်းမှတဆင့် ညစဉ် ဗီဒီယိုကြည့်နိုင်ခဲ့သည်။ နေပြည်တော်မှာ ကြိုက်တဲ့ အင်တာနက်စာမျက်နှာကို ဖုန်းအင်တာနက်နဲ့ ဖွင့်ကြည့်လို့ရသည်။ ပြင်ဦးလွင်လည်းရောက်ရော ဖုန်းပြောဖို့အတွက်ပင် လိုင်းမိသည့်နေရာကို ရှာယူရသည်။ လားရှိုးအထွက် ဒီဇင်ဘာဆိုင်လောက်ရောက်ရင် ဖုန်းလိုင်းက သိပ်မမိချင်တော့။ အခုကျွန်တော်တည်းနေသည့် ညံတောအ၀ိုင်းအနီးမှာ ဖုန်းအင်တာနက်လိုင်းက ဘာပြောရမှန်း မသိရလောက်အောင် စုတ်ပြတ်လှသည်။ ရောက်ကတည်းက အင်တာနက်သုံးဖို့ ကြံစဉ်တာ မအောင်မြင်။ လဘက်ရည်ဆိုင် အများစုက Wi-Fi Free လုပ်ပေးထားတာကို တွေ့ရသည်။ ကျွန်တော့်မှာ ညဘက် လဘက်ရည်ဆိုင်ထိုင်မှ အင်တာနက် သုံးရသည်။ သတင်းတွေဖတ်ရသည်။ လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်တာကိုပင် လွှတ်ပြီးနောက်နေ့မှ သိရသည်။ ဘာပဲဖြစ်ဖြစ် ညစဉ်ညတိုင်း မိတ်ဆွေဟောင်းတွေနဲ့ လဘက်ရည်ဆိုင်မှာ အာလူးဖုတ်ရတာ ထပ်တိုးရသည့် အမှတ်တရများပင်။

(ဃ)
ကျွန်တော့်မိတ်ဆွေတွေ အများစုက တွေ့တိုင်းမေးတတ်သည့် မေးခွန်းရှိသည်။ ၂၀၁၅ ကို ဘယ်လိုမြင်သလဲတဲ့။ ၂၀၁၅ မှာ ဘာတွေဖြစ်လာမလဲတဲ့။ ကျွန်တော်ကိုဉာဏ် ဘာကောင်မျှ မဟုတ်ပါဟု ပြောသော်လည်း သူတို့က မကျေနပ်ချင်ကြ။ တစ်ခုခု ဖြေစေချင်သည်။ တစ်ခုခု ဆွေးနွေးစေချင်သည်။ ထို့အတွက် ကျွန်တော့်ရင်ထဲမှာ တကယ်ရှိတဲ့အတိုင်း သူတို့ကို ပြောဖြစ်သည်။ မြန်မာ့နိုင်ငံရေးသည် ပုံစံခွက် အတိအကျမရှိ၊ ခန့်မှန်းရခက်ခဲသည်၊ လူတိုင်းက သူ့အမြင်နှင့်သူ ကြိုက်သလို ခန့်မှန်းနိုင်သည်။ အဆိုပါ ခန့်မှန်းချက်များ အားလုံးကလည်း ဖြစ်နိုင်တာတွေချည်း ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် မြန်မာ့နိုင်ငံရေးသည် ထင်သလောက် မရှင်းလင်း၊ မလွယ်ကူသောကြောင့် ဖြစ်ပါသည်။ ၂၀၁၅ ခုနှစ် မြန်မာ့နိုင်ငံရေး အခြေအနေက အနာဂတ် မြန်မာ့နိုင်ငံရေးကို ပုံဖော်သွားလိမ့်မည်ဟု ကျွန်တော်က သုံးသပ်သည်။ သို့သော် ၂၀၁၅ တွင် ဘာတွေဖြစ်လာမည်ကို ကျွန်တော်သေသေချာချာ မသိပါ။ ခန့်မှန်းခြင်းလည်း မပြုလုပ်နိုင်ပါ။ စိုးတထိတ်ထိတ်ဖြင့် စောင့်ကြည့်နေသည်ဟုသာ ဖြေချင်ပါသည်။ အထူးသဖြင့် လက်ရှိအာဏာရနှင့် အတိုက်အခံ ပါတီများမှ ခေါင်းဆောင်များအနေဖြင့် နိုင်ငံရေးပါးဝသော၊ အမြော်အမြင်ရှိသော၊ အရှည်ကိုမြင်သော၊ အနာဂတ်ကိုဦးတည်သော ခေါင်းဆောင်တွေ ဖြစ်ဖို့လိုသည်ဟု ယုံကြည်သည်။ ပြည်ခိုင်ဖြိုးပါတီနှင့် အန်အယ်လ်ဒီပါတီ ခေါင်းဆောင်ပိုင်းတွေ ဘယ်လိုခံယူမလဲ၊ စီစဉ်မလဲ ဆိုတာက ၂၀၁၅ ၏ အသက်ဖြစ်သည်ဟု သုံးသပ်လိုပါသည်။

(င)
ဂျာနယ်တွေ မဖတ်ဖြစ်၊ သတင်းတွေ မကြည့်ဖြစ်၊ သတင်းတွေ မဖတ်ဖြစ်၊ ဖဘမသုံးဖြစ်၊ ဘလော့ဂ်မရေးဖြစ်သည့် ကျွန်တော်ကိုဉာဏ် မကြာမီ ဘလော့ဂ်ပို့စ်တွေ ပြန်တင်နိုင်ပါလိမ့်မည်။ စာတွေ ပြန်ရေးနိုင်ပါလိမ့်မည်။ ဒီကြားထဲ ပို့စ်တွေ မတင်ဖြစ်တာကိုတော့ နားလည်ပေးကြစေလိုကြောင်း တောင်းပန်လိုက်ပါသည်။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၃ ခုနှစ်၊ ဧပြီလ ၂၇ ရက်၊ စနေနေ့။
နံနက် ၁ နာရီ ၁၁ မိနစ်တွင်ပြီး၏။
ခေတ္တ - ပြင်ဦးလွင်

Tuesday, February 19, 2013

ရယ်မိ ပြုံးမိသော ကျွန်တော့်ကိုယ်တွေ့များ


ပြီးခဲ့တဲ့ ရုံးပိတ်ရက် ၂ ရက်က ကိစ္စတစ်ခုကြောင့် ခရီးထွက်ဖြစ်ခဲ့ပါတယ်။ ရန်ကုန်ကို သွားခဲ့တာပါ။ ခရီးမသွားရတာ ၆ လနီးပါး ရှိခဲ့ပြီဆိုတော့ အခုလို သွားခဲ့ရတာဟာ ကျွန်တော့်အတွက် အပြောင်းအလဲတစ်ခု ဖြစ်စေခဲ့သလို အလုပ်တွေနဲ့ ပိနေခဲ့ရတဲ့ ဦးနှောက်ကိုလည်း အနားပေးလိုက်နိုင်ပါတယ်။ အတော်တန်တဲ့ ခရီးလို့ ပြောရမှာပါပဲ။ အတွေးသစ်၊ အမြင်သစ်တွေ ရခဲ့သလို၊ အတွေ့အကြုံသစ်တွေလည်း ရခဲ့ပါတယ်။ အဆိုတော်ကြီး (ဒေါ်)မာမာအေး လေသံနဲ့ ပြောရမယ်ဆိုရင်တော့ ပြောစရာတွေလည်း တစ်ပုံကြီးရှိသေးတယ်ပေါ့ဗျာ။ အခုတော့ ကျွန်တော်ကြုံခဲ့ရတာတွေထဲက ရယ်စရာ၊ မောစရာလေးတွေကို ပြောပြပါရစေ။ ရယ်စရာနောက်မှာ ပါနေတဲ့ မောစရာလေးတွေကိုတော့ မရှင်းပြတော့ပါဘူး။ ရယ်ရင်းနဲ့ စာဖတ်သူတွေကပဲ စဉ်းစားဆင်ခြင် နိုင်ကြလိမ့်မယ်လို့ ယုံကြည်ကြောင်းပါ။

(က)
တော်ဝင်စင်တာမှာဖွင့်ထားတဲ့ မြန်မာနိုင်ငံမှာအကြီးဆုံး စာအုပ်ဆိုင်ဆိုတဲ့ TAB-BOOK CENTRE ကို သွားခဲ့တုန်းက ကြုံခဲ့ရတာပါ။

စာအုပ်တွေကို ကြည့်ရင်း၊ ဖတ်ရင်း၊ မြည်းရင်း၊ ကြိုက်တဲ့စာအုပ်တွေ့ရင် ခြင်းထဲထည့်ရွေးရင်းနဲ့ ဟိုကြည့် ဒီကြည့်ပေါ့ဗျာ။ အဲဒီလိုနဲ့ ကျွန်တော်လိုချင်တဲ့ စာရေးဆရာအချို့ကို ကျွန်တော်ရှာမတွေ့ပါဘူး။ စာအုပ်ဆိုင်က ကျန်းမာရေး၊ ဟာသ၊ ၀တ္ထု၊ အတ္ထုပ္ပတ္တိ၊ ကွန်ပျူတာ၊ နိုင်ငံရေး စသည်ဖြင့် သူ့ကဏ္ဍနဲ့သူ ခွဲထားတာမို့ ရှိမယ်ထင်တဲ့ အကန့်တွေမှာ ကျွန်တော်လိုက်ရှာသော်လည်း မတွေ့ဘူးပေါ့ဗျာ။ အဲဒါနဲ့ ကျွန်တော်က ဆိုင်ဝန်ထမ်းကို မေးလိုက်ပါတယ်။

ညီလေးရေ... ဂျက် (ကွမ်းခြံကုန်း) စာအုပ်တွေ ဘယ်နားမှာရှိလဲ။
ဟုတ်ကဲ့ အစ်ကို... ခဏလေးနော်။
နာမည်တစ်ခု လှမ်းအော်ပြီး ဒီအစ်ကို့ကို ဂျက်(ကွမ်းခြံကုန်း) စာအုပ်တွေ ပြလိုက်ပါလို့ လှမ်းပြောပါတယ်။
အဲဒီ နာမည်အခေါ်ခံရတဲ့ ကောင်လေးဆီကို ကျွန်တော်သွားလိုက်ပါတယ်။
သူက ကျွန်တော့်ကို စာအုပ်တန်းတစ်ခုကြား ခေါ်သွားပါတယ်။ ပြီးတော့ ကျွန်တော့်ကို မေးပါတယ်။
အစ်ကို... ဂျက် (ကွမ်းခြံကုန်း) ရဲ့ ဘယ်ဝတ္ထုကို လိုချင်သလဲတဲ့။
ကျွန်တော်ကြောင်သွားတယ်။ ဆရာကြီးဂျက် ဘယ်တုန်းကများ ဒီနာမည်နဲ့ ၀တ္ထုရေးလိုက်ပါလိမ့်ပေါ့။ ကျွန်တော်မသိတာလည်း ဖြစ်နိုင်တာကိုး။ အဲဒါနဲ့ သူတို့ခွဲထားတဲ့ အကန့်ကို ကြည့်လိုက်တော့ ၀တ္ထုများတဲ့။ သေရော... သေဟဲ့ နန္ဒိယလို့ပဲ အော်လိုက်ချင်တယ်ဗျာ။ တကယ်ပါပဲ။ ကျွန်တော့်စိတ်ထဲမှာ ခဏလေးအတွင်းမှာ ဖြစ်နေတဲ့အရာတွေပါ။ တကယ့်လက်တွေ့ကတော့ မေးတဲ့ဝန်ထမ်းလေးကို..
အေးကွာ ညီလေးရာ ရှိတဲ့စာအုပ်လေးတွေ ပြပေးပါ
ဟုတ်ကဲ့ အစ်ကို
ရော့ အစ်ကို ဆိုပြီး ဂျက် (ကွမ်းခြံကုန်း) ရဲ့ စာအုပ်တွေကို ထုတ်ပြပါတယ်။ စာအုပ်တွေဆိုပေမယ့် ၃ အုပ်တည်းရယ်ပါ။ တစ်အုပ်က ကျွန်တော်ဝယ်ထားပြီးသားမို့ ပြန်ပေးလိုက်တယ်။ ကျန် ၂ အုပ်အနက် တစ်အုပ်က ဖတ်ပြီးသား။ ပြင်ဦးလွင်မှာတုန်းက ငှားဖတ်ဖူးတယ်။ ဒါပေမယ့် အပိုင်မရှိတဲ့အတွက် ၀ယ်ဖို့ ယူလိုက်ပါတယ်။ နောက်တစ်အုပ်ကတော့ ကျွန်တော်လိုချင်သော စာအုပ်အစစ်။ ၀ယ်လာဖြစ်တဲ့ စာအုပ်တွေက -
(၁) ကူးတို့ဆိပ်က မှို့အိတ်
(၂) လွမ်းလို့ရယ်တဲ့ မကုန်နိုင်တယ်
ကဲ... ကျွန်တော်ကိုဉာဏ် အဲဒီဝတ္ထုစာအုပ်များကို ဖတ်လိုက်ပါဦးမယ်ခင်ဗျား၊ အဲ... ဟုတ်ပေါင်၊ ယောင်လို့ပါဗျာ၊ ဆရာကြီးဂျက်ရဲ့ သရော်သော၊ ကလိသော စာများကို ဖတ်လိုက်ပါဦးမယ်။ စာဖတ်သူတို့ရော ဆရာကြီးဂျက်ရဲ့ ၀တ္ထုတွေ ဖတ်ဖူးကြသလားဗျ။ ဆရာမောင်သာချိုသာ ဒီဟာသကို ဖတ်မိရင်တော့ သူ့ကိုယ်သူ ၀တ္ထုရေးဆရာဆိုပြီး ဂုဏ်ယူနေဦးမလား မပြောတတ်ဘူး။

(ခ)
ဒါကလည်း တော်ဝင်စင်တာက အဲဒီစာအုပ်ဆိုင်မှာပါပဲ။ ဖတ်ကြည့်ပါဦးဗျာ။

ဟိုးအရင်ကတော့ စိတ်ကူးရှိပေမယ့် စာအုပ်ဆိုင်ကို လာတဲ့ရည်ရွယ်ချက်ထဲမှာ အခုပြောမယ့် စာအုပ်တွေ ၀ယ်ဖို့အစီအစဉ် မပါပါဘူး။ ဒါပေမယ့် စာအုပ်တန်းတွေကို လိုက်ကြည့်ရင်းနဲ့ အဲဒီစာအုပ်တွေကို အမှတ်မထင် တွေ့လိုက်တဲ့အခါ ကျွန်တော်မေ့နေတဲ့ မှတ်ဉာဏ်က ချက်ချင်းပဲ ပြန်ပေါ်လာပါတယ်။ ဟုတ်ပါရဲ့ ကျွန်တော်အဲဒီစာအုပ်တွေ ၀ယ်ဖို့၊ သိမ်းဖို့ တေးထားတာ အတော်ကြာနေပြီပဲ။ ဒါပေမယ့် အဲဒီနေ့က ၀ယ်ဖြစ်ခြင်းရဲ့ အဓိကရည်ရွယ်ချက်က အိမ်က အဖေနဲ့အမေကို ပို့ပေးချင်တဲ့ စိတ်ကပိုကြီးပါတယ်။ သူတို့တွေက ကျွန်တော့်ထက် အဲဒီစာအုပ်ကို ပိုပြီးတော့ စိတ်ဝင်စားကြမှာ အသေအချာမို့ပါ။ စာအုပ်ကလည်း အမှတ် (၁) နဲ့ အမှတ် (၂) နှစ်အုပ်ပါ။ အမှတ် (၁) ကိုတော့ ပြင်ဦးလွင်မှာ အစ်ကိုကြီးတစ်ယောက်ဆီက ငှားဖတ်ဖူးပါတယ်။ ငှားဖတ်တယ်ဆိုတာထက် အဲဒီအစ်ကိုကြီးက ကျွန်တော့်လက်ထဲကို ဆိုက်ဆိုက်မြိုက်မြိုက် ထည့်ပေးလို့ ဖတ်ခဲ့ရတယ် ဆိုပါတော့။ လက်ကမလွှတ်တမ်း ဖတ်မိတဲ့ စာအုပ်တစ်အုပ်ပါ။ အစအဆုံးပြီးမှပဲ အဲဒီစာအုပ်ကို လက်ကချမိတဲ့အထိ ဖြစ်ရတဲ့ စာအုပ်ပါ။ အခြားမဟုတ်ပါဘူး။ ဆရာ မောင်မိုးသူ ရဲ့ လွမ်းတော်မူဖို့ စာကိုစီတယ် ဖြစ်ပါတယ်။ ဖတ်ဖူးတဲ့လူတွေက အထွေအထူး ညွှန်းစရာမရှိပေမယ့် မဖတ်ဖူးသေးတဲ့ လူတွေအတွက် အမြည်းပြောရရင် ကွယ်လွန်သွားရှာပြီဖြစ်တဲ့ အနုပညာသည်များနဲ့ ဆရာမောင်မိုးသူတို့ တရင်းတနှီး ပြောဆိုဆက်ဆံ ပေါင်းသင်းခဲ့တာတွေကို ရေးသားထားတဲ့ စာအုပ်ပါ။ မဖတ်ဖူးသူတွေကို ဖတ်ဖြစ်အောင် ဖတ်ကြည့်ကြဖို့ တိုက်တွန်းချင်ပါတယ်။ အင်မတန်မှ စိတ်ဝင်စားစရာကောင်းတဲ့ စာအုပ်တစ်အုပ်ပါ။ သမိုင်းအမွေတစ်ခု ဖြစ်လာမယ့် စာအုပ်တစ်အုပ်လို့လည်း ကျွန်တော်က မြင်မိပါတယ်။ ကျွန်တော်ကြုံခဲ့ရတာက ဒီလိုပါ။

မောင်မိုးသူရဲ့ လွမ်းတော်မူဖို့ စာကိုစီတယ် စာအုပ်ကိုတွေ့တော့ ကျွန်တော် အတော်ပျော်သွားပါတယ်။ အဲဒါနဲ့ အမှတ် (၁) ရော၊ (၂) ရော နှစ်အုပ်လုံးကို ခြင်းထဲထည့်လိုက်ပါတယ်။ စာအုပ် ၂ အုပ်လုံးက ပုံစံတူ၊ ဆိုဒ်တူ ဖြစ်ပါတယ်။ ကျွန်တော်က ခြင်းထဲကို ထည့်ထားလိုက်ပြီး အခြားစာအုပ်တွေကို ကြည့်နေတုန်း ကျွန်တော်နဲ့အတူ လိုက်လာတဲ့ သူငယ်ချင်းက မေးရှာပါတယ်။

ဟေ့ကောင် ဉာဏ်ကြီး ဒီစာအုပ်က တစ်မျိုးတည်းကို ၂ အုပ်တောင် ဖြစ်နေပါလားကွ၊ ဘာလုပ်ဖို့လဲ
သြော်.. တစ်အုပ်တည်း မဟုတ်ဘူးကွ၊ အမှတ် (၁) နဲ့ (၂) နှစ်အုပ်ကွ
သြော်...
အဲဒီစာအုပ်တွေ သိပ်ကောင်းတယ်ကွ၊ မင်းကြုံတဲ့အခါ ဖတ်ကြည့်...
ဟုတ်လား၊ အမှတ် (၃) ရော မထွက်သေးဘူးလား
ဟေ... အာ....၊ မင်းကလည်းကွာ... ဒီစာအုပ်က အနုပညာလောကထဲက ကွယ်လွန်သွားတဲ့ လူတွေအကြောင်းကို ရေးထားတာကွ၊ မင်းပြောတဲ့ပုံနဲ့ဆို စာအုပ်တစ်အုပ်စာ အနုပညာသည်တွေ ထပ်သေပေးရမလိုပဲ

သူငယ်ချင်း ဘာမျှစကားပြန် မရတော့။ ကျွန်တော်လည်း ထိုသို့ ပြန်ပြောလိုက်ရသည့်အတွက် အားနာမိပါသည်။ သို့သော် အခြားလူတွေနဲ့ သွားတဲ့အချိန်မှာများ ကျွန်တော့်သူငယ်ချင်းက ထိုသို့ပြောလိုက်လျှင် ကျွန်တော့်လို ပြန်ရှင်းမပြဘဲ ဟားလိုက်မှဖြင့် ဟူသောစိတ်အတွေး ၀င်သွားမိသဖြင့် သေသေချာချာ ပြန်ရှင်းပြလိုက်ခြင်းရယ်ပါ။ သူရှက်ကောင်း ရှက်သွားပါလိမ့်မည်။ သို့သော် ဤစာကို ဖတ်မိလျှင် သူရှက်နေတာတွေ ပျောက်စေချင်ပါသည်။ ဒါ ရှက်စရာ မဟုတ်ပါ။ အဲဒီသူငယ်ချင်းမှာ ကျွန်တော့်ထက်တော်တဲ့ အချက်တွေ အများကြီးရှိပါသည်။ ဒါက ကိုယ့်စိတ်ဝင်စားမှုနှင့်ကိုယ်မို့ ဖြစ်သွားရခြင်းရယ်ပါ။ ကျွန်တော်ကတော့ဖြင့် လွမ်းတော်မူဖို့ စာကိုစီတယ်-၃ ကိုရေးဖို့ ဆရာမောင်မိုးသူ နောက်ထပ် နှစ်ပေါင်းရာကျော် စုဆောင်းစေချင်ပါသေးသည်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ချစ်တဲ့ အနုပညာရှင်တွေကို မသေစေချင်သေးပါ။ ထို့ကြောင့် လွမ်းတော်မူဖို့ စာကိုစီတယ်-၃ ကို ကျွန်တော်ကိုဉာဏ် မမျှော်ပါခင်ဗျား။

(ဂ)
တော်ဝင်စင်တာ စာအုပ်ဆိုင်မှာကြုံခဲ့ရတဲ့ အဖြစ်အပျက်ပဲ ဖြစ်ပါသည်။ ခံစားကြည့်ပါဦး။

နိုင်ငံရေးခေါင်းစဉ်အောက်က စာအုပ်တွေကို စိတ်ကြိုက်တစ်ဝကြီး စာမြည်းဖတ်ဖြစ်သည်။ ဟိုစာအုပ်က နည်းနည်း၊ ဒီစာအုပ်က နည်းနည်းပေါ့။ စာအုပ်စင်က လူတစ်ရပ်နီးပါးမြင့်သည်။ သေသေချာချာ မရေတွက်ခဲ့မိ၍ မမှတ်မိသော်လည်း အဆင့် ၅ ဆင့်ခန့် ရှိမည်ထင်သည်။ အပေါ် ၃ ဆင့်လောက်အထိက အေးအေးဆေးဆေး မတ်တတ်ရပ်ရင်း လှမ်းယူလိုက်၊ ဖတ်လိုက် လုပ်လို့ရသည်။ ဟိုးအောက်က ၂ ဆင့်ကျတော့ အဲဒီလို လှမ်းယူဖို့ အဆင်မပြေလှ။ အဲဒီတော့ ကျွန်တော်ကတော့ စာအုပ်ခြင်းကို ဘေးမှာချ၊ စောင့်ကြောင့်ထိုင်ပြီး စာအုပ်တစ်အုပ်ချင်းကို ပြူးတူးပြဲတဲဖြင့် တစ်အုပ်ပြီးတစ်အုပ် ဟိုနှိုက်ဒီနှိုက်လုပ်၍ ဖတ်လေတော့သည်။ ဆိုင်ဝန်းထမ်းလေးတွေ တစ်နေရာတည်းမှာ နာရီဝက်လောက် မထတမ်း ဖတ်နေသည်မို့ တစ်မျိုးထင်သွားသည် ထင်ပါရဲ့။ ကျွန်တော့်ဘေးမှာ မယောင်မလည်နဲ့ ဟိုကြည့်ဒီကြည့် ကြည့်ကြသည်။ သိပ်တော့ မကြိုက်လှပေမယ့် သူတို့ကို သိပ်ပြီးတော့ ဂရုမစိုက်အား။ ကိုယ့်အာရုံတွေက စာအုပ်တွေထဲ ရောက်နေတာကိုး။ အတော်ကြာကြာ ဖတ်ပြီးတော့ ကျွန်တော်မတ်တတ်ရပ်ပြီး ဘယ်စာအုပ်ကို ရွေးရမလဲ၊ ၀ယ်ရမလဲ စဉ်းစားရသည်။ စာအုပ်တွေက အကုန်လုံး လိုချင်စရာတွေချည်းကိုး။ အောင်ထွဋ်ရဲ့နာမည်နဲ့ စာအုပ်လေးတစ်အုပ်ကို မြင်လိုက်ရ၍ လှမ်းကိုင်ကြည့်မိသည်။ ကျော်မင်းဆွေတို့ ဘော်ချက်ထားသောစာအုပ် (ကျွန်တော်က အဲဒီလိုပဲ နာမည်ပေးထားသည်၊ ဘာကြောင့်လဲဆိုတာ အကြောင်းသိများ သိပါလိမ့်မည်) ဖြစ်သည်။ အလိုလိုပြုံးမိပြီး ခေါင်းတဆတ်ဆတ် ညိတ်လိုက်မိသည်။ အဲဒါကို ဆိုင်ဝန်ထမ်းကောင်လေးက ဘယ်လို သဘောပေါက်သွားသည် မသိချေ။ ကျွန်တော့်နား ကပ်လာသည်။ ထို့နောက် သူလုပ်နေကျအလုပ်ကို လုပ်ရှာပါသည်။

အစ်ကို အဲဒီစာအုပ်က ကောင်းတယ်၊ ထွက်တာ မကြာသေးဘူးခင်ဗျ။
သြော်... အေးအေး၊ ကိုယ့်မှာ သူ့ရှေ့ကထွက်တဲ့ စာအုပ် ၂ အုပ် ၀ယ်ထားပြီးပြီကွ။ အားလုံးဖတ်ပြီးသားတွေ။
ဟာ... အစ်ကိုကလည်း ဒီစာအုပ်က အခုမှ အသစ်ထွက်တာခင်ဗျ။ အဲဒီစာရေးဆရာကလည်း လူကြိုက်များတယ်ဗျ။
ကျွန်တော်သူ့ကို တအံ့တသြ ကြည့်မိတယ်။
ညီလေးက ဆရာအောင်ထွဋ်ကို ကြိုက်တယ်လား။
အဲလိုတော့ မဟုတ်ပါဘူး အစ်ကိုရယ်၊ ၀ယ်တဲ့လူတွေလာရင် ခဏခဏ မေးတတ်လို့ မှတ်ထားတာပါ။ သူက စာအုပ်လည်း ထွက်တာနည်းတယ်ခင်ဗျ။ သူများတွေလို အများကြီးလည်း မထွက်ဘူး။ ဒါက နောက်ဆုံးထွက်ထားတဲ့ စာအုပ်အသစ်ပါ။

ကျွန်တော်သဘောပေါက်လိုက်ပါသည်။ အဲဒီဝန်ထမ်းသည် ဆရာအောင်ထွဋ်ဆိုတာ ဘယ်သူမှန်းလည်း မသိ၊ အောင်ထွဋ်ရေးတဲ့ ဘယ်စာအုပ်ကိုမှလည်း မဖတ်ဖူး၊ ယုတ်စွအဆုံး အဲဒီစာရေးဆရာဟာ အခု လူ့လောကမှာ မရှိတော့ဘူးဆိုတာကိုပါ သိထားခြင်းမရှိတဲ့ လူငယ်ပါ။ အဲဒါကြောင့် ကျွန်တော်က ဖတ်ပြီးသားတွေလို့ ပြောတာကို မယုံမကြည်နဲ့ စာအုပ်သစ်လို့ အတင်းညွှန်းနေခြင်း ဖြစ်ပါလိမ့်မည်။ သူ ကျွန်တော့်ကို ညွှန်းတဲ့စာအုပ်က "နိုင်ငံတည်ဆောက်ရေး၊ ဒီမိုကရေစီအသွင်ကူးပြောင်းရေးနှင့် ချောတိုင်တက်သူများ" ဖြစ်ပါသည်။ ကျွန်တော်ဝယ်ထားပြီး ကိုယ်ပိုင်ရှိသော စာအုပ် ၂ အုပ်ကတော့ -
(၁) နိုင်ငံရေး၊ နိုင်ငံ့အရေးနှင့် သန်း ၅၀ ကို အနိုင်ပေးပါ
(၂) အပြောင်းအလဲအတွက် လူထုလိုသည်

အဲဒီဝန်ထမ်းလေးနဲ့ တွေ့ပြီးတဲ့အချိန်မှာ တွေးမိတာတစ်ခုက ဆရာအောင်ထွဋ်များ တမလွန်ကနေ စာအုပ်တွေရေးပြီး လှမ်းပို့နေသလားဆိုတာပါ။ ဆရာအောင်ထွဋ်ခမျာ မြန်မာ့နိုင်ငံရေးအတွက် နောက်ဆံတတင်းတင်းနဲ့ သေသွားခဲ့ရှာသလားလို့ တွေးမိပြန်တော့ ရင်ထဲမှာ မကောင်းပြန်ဘူး။

(ဃ)
အခုပြောမှာကတော့ တော်ဝင်စင်တာကနေ ပြန်အထွက်မှာ ကြုံခဲ့တဲ့ အဖြစ်အပျက်ပါ။ ဖတ်ကြည့်ပါဦးနော်။

ဝယ်ချင်တာဝယ်ပြီး ပြန်ထွက်လာတော့ အပေါက်မှာ မြင်လိုက်ရတာက လူငယ်မင်းသမီးသစ်လေး ၀ါဆိုမိုးဦးပါ။ အင်တာနက်ဘော်ဒါတွေနဲ့ ရင်းနှီးပြီးသားမို့ အထူးအထွေ မိတ်ဆက်ပေးဖို့ လိုမယ်မထင်ပါဘူး။ အဲဒီနေ့က ၀ါဆိုမိုးဦးဟာ အင်တာနက်က ဓာတ်ပုံတွေထက်တောင် လန်းသေးတယ်ဗျာ။ အလန်းလွန်နေတော့ ကျွန်တော်ကိုဉာဏ်ဖြင့် မျက်စိတွေတောင်ရှက်တယ်။ အကြာကြီးမကြည့်ရဲပေမယ့် မကြည့်ဘဲတော့လည်း မနေနိုင်ဘူးလေ။ ခိုးခိုးပြီး ကြည့်ရတာပေါ့။ ကြည့်စေချင်လို့မှ ၀တ်ထားတဲ့ဟာကို ကျွန်တော်တို့က မကြည့်ဘူးဆိုရင် လူမှုရေး မသိတတ်သလို ဖြစ်မယ်မဟုတ်လား။ သူတောင် အများပြည်သူ ဒီလောက်စည်းကားတဲ့ နေရာကို တာဇံနီးနီးဝတ်ပြီး လာရဲသေးတာ ကျွန်တော်တို့က ဘဇာကြောင့် မကြည့်ရဲရမှာတုန်း မဟုတ်ဘူးလား။ ထားပါတော့... ပြောချင်တာက အဲဒါမဟုတ်။ ၀ါဆိုမိုးဦးရယ်၊ သူနဲ့ ဘာတော်မှန်းမသိသော အမျိုးသမီး အန်တီကြီးတစ်ဦးရယ် တော်ဝင်စင်တာထဲ ၀င်လာကြသည်။ လုံခြုံရေးအရ စစ်ဆေးသည့် အပေါက်ကို ဖြတ်ရ၀င်ရသည်။ ၀ါဆိုမိုးဦးက ပုံမှန်လမ်းလျှောက်သလို လျှောက်ပြီးတော့ ၀င်သွားလိုက်သည်။ နောက်ကအန်တီကြီးကသာ လက်ကိုင်အိတ်ကို ဖွင့်ပြရ၊ အသံမြည်တာကို ထုတ်ပြရနှင့် အတော်အလုပ်များသွားပုံရသည်။ ကျွန်တော့်သူငယ်ချင်းနှင့် အတူပါလာသော သူ့ညီ အငယ်ဆုံးလေး အသက် ၂၀ က မှတ်ချက်ဝင်ပေးလိုက်တော့ ကျွန်တော့်မှာ မပြုံးဘဲ အသံထွက်ပြီးတော့ကို ရယ်မိပါတော့သည်။

ကျွန်တော်သာ လုံခြုံရေးဆိုရင် ၀ါဆိုမိုးဦးကို အဲဒီစစ်တဲ့ အခန်းထဲကနေ ဖြတ်ခိုင်းမနေပါဘူးဗျာ။ သူ့တစ်ကိုယ်လုံးမှာ ကြီးကြီးမားမား ပါတဲ့ပစ္စည်းဆိုလို့ နေကာမျက်မှန်တစ်ခုပဲ ရှိတဲ့ဟာပဲတဲ့။

ဟုတ်ပေသား၊ သူပြောကာမှ ပြန်တွေးကြည့်မိသည်။ တစ်ကိုယ်လုံးမှာ အင်္ကျီဆိုတာကလည်း ပါးလှပ်ပြီး အဖြစ်ဝတ်ထားရုံသာ၊ ဘောင်းဘီအတိုဆိုတာကလည်း ယောက်ျားလေးတွေဝတ်တဲ့ အတွင်းခံဘောင်းဘီကမှ နည်းနည်းကြီးဦးမည်။ အဲဒီ အင်္ကျီရယ်၊ ဘောင်းဘီရယ်ကလွဲရင် ကျန်တာက မိမွေးတိုင်း၊ ဖမွေးတိုင်းနီးနီး ဖြစ်သည်။ ဟုတ်ပ... ဒီလိုလူတစ်ယောက်ကို ဘာများ မသင်္ကာဖြစ်ပြီး စစ်ဆေးနေရသေးလဲဗျာ။ အသက် ၂၀ ပေးလိုက်တဲ့ မှတ်ချက်က အသက် ၃၀ ကျော် ကိုဉာဏ်အတွက် တွေးမဆုံး၊ ပြုံးမဆုံး၊ ဟားမဆုံးပါဗျာ။ လုံခြုံရေးဝန်ထမ်းများ အလုပ်ရှုပ်သက်သာစေသော အမျိုးသမီးငယ်လေးများ အလုံးအရင်းနဲ့ ပေါ်ထွက်လာပါစေလို့ ဆုတောင်းလိုက်ရရင်တော့ မကောင်းရှိရော့မယ်... ဟင်း။

ဒီမျှနှင့် တော်ပါရစေဦးဗျာ။ ရယ်မောပျော်ရွှင်ဖွယ်ရာတွေကို ခံစားနိုင်ကြပါစေ။ ကျွန်တော့်အတွက် အူလှိုက်သည်းလှိုက် ရယ်ပွဲဖွဲ့ခဲ့ရတဲ့ အဖြစ်အပျက်တွေ ဖြစ်ပေမယ့် အရေးအသား မပြေပြစ်မှု၊ ပုံဖော်နိုင်ခြင်း အားနည်းမှုတို့ကြောင့် မရယ်ရခဲ့ရင် တောင်းပန်ပါတယ်ဗျာ။ ခေါင်းစဉ်မှာ ရယ်မိ ပြုံးမိသောလို့ ပေးထားပြီး မရယ်မပြုံးရရင် ကျွန်တော်ကိုဉာဏ် ညံ့လို့ပါ။ အားလုံးပဲ ပျော်ရွှင်ကြပါစေ။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၁၉ ရက်၊ အင်္ဂါနေ့။
နံနက် ၁၁ နာရီ ၀၇ မိနစ်တွင်ပြီး၏။

Tuesday, February 05, 2013

တစ်ပတ်စာပြောစရာ သောင်းပြောင်းထွေလာ (ဇန် ၂၈ - ဖေ ၃)




(က)
မြန်မာနိုင်ငံက ပေးရမယ့်ကြွေးမြီတွေကို လျှော်ပေးတဲ့ကိစ္စ
လောကမှာ အကဲ့ရဲ့လွတ်သောသူမရှိလို့ မြတ်ဗုဒ္ဓမိန့်ခဲ့တဲ့စကားဟာ ဒီနေ့အထိမှန်နေဆဲ… နောင်လည်း မှန်နေဦးမည်သာ။ ကျွန်တော့်အစ်ကိုဝမ်းကွဲတစ်ယောက် အသံနေအသံထားနဲ့ ပြောတတ်တဲ့ စကားတစ်ခွန်းကိုလည်း သတိရမိပြီး ပြုံးမိပါရဲ့။ ဒီမယ်... မောင်ဉာဏ်ရ… လူဆိုတဲ့အမျိုးက သိကြားမင်း ဖန်ဆင်းပေးတဲ့ နွားကိုတောင်မှ ချိုလေးက နည်းနည်းကားသလိုပဲနော်၊ မျက်လုံးက နည်းနည်းများ စောင်းနေသလားလို့၊ အမြီးက နည်းနည်းသေးနေတယ် ထင်တယ်ဗျလို့ လုပ်တတ်တဲ့လူတွေကွ။ အင်း… အဲဒီတော့လည်း အခုလက်ရှိအစိုးရ ဘာလုပ်လုပ် အပြစ်ပြောမှာပဲ၊ ဝေဖန်မှာပဲ ဆိုတဲ့အတိုက်အခံတွေနဲ့ အတိုက်အခံတွေ ဘာလုပ်လုပ် အကောင်းမပြောဘူးဆိုတဲ့ အစိုးရကို ထောက်ခံသူတွေအကြား ဘယ်တော့မှလည်း သင်ပုန်းချေနိုင်မှာ မဟုတ်သလို၊ ဘယ်တော့မှလည်း သံသယစိတ် ပျောက်မှာမဟုတ်ပါဘူး။ မင်ဒဲလားတစ်ယောက် မြန်မာပြည်မှာ လူလာမဖြစ်တာ အတော်ကံကောင်းတယ်လို့ ကျွန်တော်ကိုဉာဏ်က သတ်မှတ်တယ်။ အဲဒီလူကြီးလည်း တောင်အာဖရိကမှာမို့ပေါ့ မြန်မာပြည်မှာဆိုရင်တော့ ဘယ်ပြောကောင်းမလဲ… ဟားဟားဟား။ ပြောချင်တာက မင်ဒဲလားလည်း မဟုတ်ဘူး၊ တောင်အာဖရိကလည်း မဟုတ်ဘူး။ မြန်မာနိုင်ငံက ပေးဆပ်ဖို့တာဝန်ရှိတဲ့ ချေးငွေတွေကိစ္စ ဦးသိန်းစိန်အစိုးရက ဆောင်ရွက်နေတာတွေကို ဒီအပတ်ထဲမှာ စိတ်ဝင်စားစရာ အကောင်းဆုံးအဖြစ် သတ်မှတ်လိုက်ပါတယ်။ ဘယ်လောက်ပမာဏ လျှော်ပေးတယ်၊ ဘယ်လောက်ကျန်သေးတယ် ဆိုတာက တစ်ပိုင်းပါ။ ကျွန်တော့်အတွက်ကတော့ ကိုယ့်နိုင်ငံက ဆပ်စရာအကြွေး ဘယ်လောက်ရှိတယ်၊ ဘယ်သူတွေကို ဘယ်လောက်ပေးရမယ်၊ ဘယ်နှစ်ကတည်းက ယူထားတာ၊ စတဲ့ စတဲ့ ဘယ်တုန်းကမျှ သိခွင့်မရခဲ့တာတွေကို သိရတဲ့အတွက် ပြည်သူတစ်ဦးအနေနဲ့ ကျေနပ်တယ်။ ပြီးတော့ အစိုးရဟာ သူလုပ်စရာရှိတာတွေကို တစ်ဆင့်ချင်း လုပ်သွားနေတယ်လို့ ခံစားရတယ်။ ဒီမိုကရေစီသက်တမ်း ၃ နှစ်တောင် မပြည့်သေးတဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီကို တွင်တွင်အော်ပြီး နေရာတကာ အန်ကယ်ဆမ်ရဲ့ပေတံ၊ အယ်လီဇဘတ်ရဲ့ပေကြိုးနဲ့ လိုက်တိုင်းနေတာကိုတော့ မျက်စိစပါးမွှေး အတော်ဆူးသဗျ။ သူတို့က မြန်မာနိုင်ငံမှာ လူဖြစ်ရတာ နာတယ်ထင်သေးသတဲ့။ အံ့ရော.. ကျွန်တော်ကလည်း ပြန်ပြောလိုက်ချင်သေးတယ်၊ ဒင်းတို့တွေနဲ့အတူ မြန်မာပြည်မှာ လူလာဖြစ်ရတာ နာလိုက်တာဗျာ။ တိုင်းပြည်က ငါ့အတွက် ဘာလုပ်ပေးမလဲ ဆိုတဲ့ပေတံကို လက်မှာကိုင်ပြီး ဘေးထိုင်ဘုပြော နေတဲ့သူတွေခမျာ တိုင်းပြည်အတွက် ငါဘာလုပ်ပေးရမလဲ ဆိုတဲ့စကားကို ကြားဖူးပုံမရဘူး။ ကဲ… ထားပါတော့ဗျာ… ပြောချင်တာကတစ်ခြား၊ ပြောမိတာတွေကတစ်လွဲ ဖြစ်နေပြန်ပါပြီ။ လွဲနေကျမို့ ထုံးစံအတိုင်း သည်းခံလော့ဒကာပေါ့ဗျာ။ ဘာပဲပြောပြော အကြွေးကင်းတာ ကောင်းတယ်မဟုတ်လား။ ဦးသိန်းစိန်အစိုးရကို အသိအမှတ် ပြုလိုက်ပါတယ်ဗျာ။

( ခ )
ဖွလို့ကောင်းသွားခဲ့ပြန်တဲ့ ဆိုင်ကယ်ဓာတ်ပုံ
၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၂၈ ရက်နေ့ထုတ် သတင်းစာတွေမှာ ဖော်ပြခဲ့တဲ့ “မြစ်ကြီးနား-ပူတာအို ကားလမ်းပေါ်၌ KIA အဖွဲ့က မိုင်းဆွဲတိုက်ခိုက်၊ အပြစ်မဲ့အရပ်သား ၁ ဦး သေဆုံး” ဆိုတဲ့သတင်းမှာ ဖော်ပြထားတဲ့ သတင်းဓာတ်ပုံဟာ ဟဲဟိုလေဆိပ်အနီးမှာ ပျက်ကျခဲ့တဲ့ AirBagan လေယာဉ်ပျက်ကျမှုဖြစ်စဉ်မှာ သေဆုံးခဲ့ရတဲ့ ဦးပြားရဲ့ဆိုင်ကယ် ဖြစ်နေတဲ့အတွက် ပြောစရာပေါင်း သောင်းခြောက်ထောင် ဖြစ်သွားခဲ့ရပါတယ်။ ဒါပေမယ့် ဇန်န၀ါရီလ ၃၁ ရက်နေ့ထုတ် သတင်းစာများမှာ အဲဒီကိစ္စနဲ့ပတ်သက်ပြီး တရားဝင် ပြန်လည်တောင်းပန်ခဲ့တာကို ဖတ်ခဲ့ရပါတယ်။ မှားတာ မကောင်းပေမယ့်၊ မှားတဲ့အတွက် ပြန်တောင်းပန်တာကို လက်ခံရပါမယ်။ ဘယ်တုန်းကမျှ ဘယ်သူ့ကိုမျှ မတောင်းပန်ခဲ့ဖူးတဲ့ သတင်းစာတွေက အခုလို စာဖတ်သူတွေကို တလေးတစား တောင်းပန်တာဟာ အပြောင်းအလဲ မဟုတ်ဘူးလားလို့ ကျွန်တော်ကမေးရင် ကိုဉာဏ်ဆိုတဲ့ကောင်က ကြံ့ဖွံ့အလံရှူးပါကွာလို့ ပြောဦးမလား မသိပါဘူးဗျာ။ အစုလိုက်အပြုံလိုက် သေစေနိုင်တဲ့ လက်နက်တွေ ရှိပါတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အီရတ်ကို ၀င်ဗျင်းလိုက်လို့ ဟိုနိုင်ငံခမျာ စိစိညက်ကျေသွားတာ မှတ်မိကြဦးမယ်ထင်ပါရဲ့။ အဲဒီအမှားအတွက် အမေရိကန်ရဲ့ တာဝန်ယူမှုက တစ်ခွန်းတည်း မဟုတ်လား။ သူတို့မှားသွားပါတယ်… ဆောရီး တဲ့။ အဲဒါထက်စာရင် ဒီဓာတ်ပုံမှားတာလောက်က စာမဖွဲ့လောက်ဘူး ထင်ပါရဲ့ဗျာ။

( ဂ )
အမိန့်အမှတ် ၂/၈၈ ကို ပယ်ဖျက်သည့် အမိန့်ထုတ်ပြန်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံး
(အမိန့်အမှတ်၊ ၃/၂၀၁၃)
၁၃၇၄ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၂ ရက်
(၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလ ၂၈ ရက်)
အမိန့်အမှတ် ၂/၈၈ ကို ပယ်ဖျက်သည့်အမိန့်
၁၉၈၈ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက် နေ့စွဲပါ အမိန့်အမှတ် ၂/၈၈ သည် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၄၇ နှင့် ဆန့်ကျင်ပါသဖြင့် ယင်းအမိန့်ကို ပယ်ဖျက်လိုက်သည်။
(ပုံ) သိန်းစိန်
နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

အရင်တုန်းကထုတ်ပြန်ခဲ့တဲ့ အမိန့်တွေကို ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မကိုက်ညီလို့ ပယ်ဖျက်တာ၊ ရုပ်သိမ်းတာဟာ ကောင်းတဲ့အလုပ်ပါပဲ။ ခက်တာက ရုပ်သိမ်းလိုက်တဲ့ ဥပဒေက ဘာအကြောင်းအရာလဲ၊ ဘယ်လိုပြဋ္ဌာန်းခဲ့တာလဲ ဆိုတာကို သေသေချာချာ မသိရတာပါပဲ။ အင်း… တစ်ခါတစ်လေကျတော့လည်း မသိတာဘဲ ကောင်းပါတယ်လေ။ အခုတော့ သိသင့်တယ်ထင်လို့ ဖော်ပြလိုက်ပါတယ်။ တစ်ချို့တွေက တကယ်မသိဘဲ ဟိုလိုလို၊ ဒီလိုလို လျှောက်ပြောနေတာကို မျက်စိစပါးမွှေး စူးလွန်းလို့ပါ။


(ဃ)
ဇေယျာသီရိ တပ်မတော်အားကစားကွင်းဖွင့်ပွဲ
မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် ဆီးဂိမ်းအတွက် ကြိုတင်ရင်ခုန်ရင်းနဲ့ ကြည့်ဖြစ်ခဲ့တဲ့ အခမ်းအနားတစ်ခုဆိုတာ ၀န်ခံပါရစေ။ ဘာဆိုင်လို့တုန်းဟလို့ အပြစ်တင်မစောပါနဲ့ဗျာ။ မကြာခင်မှာ ကျင်းပတော့မယ့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကြီးကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပတော့မယ်ဆိုပေမယ့် ကျွန်တော့်အနေနဲ့ စိုးရိမ်မိတာ အမှန်ပါပဲ။ ဒီနေ့ခေတ်ကာလမှာ အားကစားပြိုင်ပွဲတွေရဲ့ ဖွင့်ပွဲ၊ ပိတ်ပွဲတွေဟာ ဘယ်လောက်ခမ်းနားတယ်၊ ဘယ်လောက်ရင်သပ်ရှုမော ဖြစ်ရစေတယ်ဆိုတာ စာဖတ်သူတွေ အသိဖြစ်ပါတယ်။ ကိုယ့်နိုင်ငံအခြေအနေကို အမှန်အတိုင်း သုံးသပ်လိုက်တော့ အားမရမိတာအမှန်။ တကယ်တော့လည်း ကျွန်တော်က အလကားနေရင်း ဘေးကနေ စိတ်စောနေတာ ဖြစ်ကောင်းဖြစ်နိုင်သည်။ လှုံ့ဆော်ရေးသီချင်းတွေက မသေမသပ်၊ ပုံစံဟောင်းထဲက ခွဲမထွက်နိုင်သေး။ ပြီးတော့ နိုင်ငံတကာကို ဆွဲဆောင်ဖို့ဝေးစွ၊ ကိုယ့်ပြည်တွင်းမှာတောင် လူတိုင်းသိတဲ့ သီချင်းတွေ မဖြစ်သေး။ မြန်မာတွေမေးကြည့်လို့ ၁၀ ယောက်မှာ ၈ ယောက်လောက်က ဆီးဂိမ်းကို ဘယ်လထဲလုပ်မှာ သိကြသေးတာမဟုတ်။ သူပြောငါပြောနှင့် အိမ်ရှင်လုပ်မှာပဲ သိကြသေးသည်။ အဲဒီလောက်တောင် မသိသေးဘူးဆိုမှဖြင့် ဘာအားကစားနည်းတွေပါမည်၊ ဘယ်သူတွေလာမည် မြန်မာက ဆုဘယ်လောက်ရဖို့ မှန်းထားသည် ဆိုတာကတော့ ဝေးသေးသည်ဟု ဆိုရမည်ပင်။ အမှန်အတိုင်းပြောရလျှင် ကိုယ့်နိုင်ငံက အိမ်ရှင်အဖြစ် လုပ်မယ့်ပွဲကို မျက်နှာမငယ်စေချင်၊ ဂုဏ်မငယ်စေချင်၊ တစ်နိုင်ငံလုံးက ပြည်သူတွေက မျက်နှာကောင်းရအောင် လုပ်မှသာဖြစ်လိမ့်မည်။ သြော်… ပြောရင်းနဲ့ စကားတွေက ဘေးရောက်သွားပြန်ချေပြီ။ လိုရင်းဆက်ရလျှင် ဇေယျာသီရိတပ်မတော်အားကစားကွင်း ဖွင့်ပွဲအခမ်းအနားကို ကြည့်ပြီးတဲ့အချိန်မှာ အနည်းငယ်တော့ စိတ်အေးသွားသည်ဟု ဆိုရမည်ပင်။ လက်ခံနိုင်သည့် အဆင့်အတန်းတစ်ခုကို မြင်ခဲ့ရသည်။ တင်ဆက်ပုံအစီအစဉ်တွေ မဆန်းသစ်ဘဲ ခေါက်ရိုးကျိုးနေတာကလွဲရင် အတော်ကောင်းသည်ဟု ဆိုနိုင်သည်။ သေချာတာတစ်ချက်ကတော့ လုပ်သွားတဲ့အခမ်းအနားအတွက် အစီအစဉ်တွေ လှလှပပဖြစ်ဖို့ ပညာရှင်ငှားရမ်းပြီး လုပ်ခြင်းမဟုတ်တာဖြစ်သည်။ ဒီနေရာမှာ အသေးစိတ်ရှင်းပြနေရလျှင် အဲဒီအကြောင်းနဲ့ပဲ ကျမ်းတစ်စောင် ဖြစ်သွားနိုင်သည်။ အဲဒီလောက် ပြောစရာမလိုဘူးဟု ကျွန်တော်ယုံသည်။ ကျွန်တော်ကိုဉာဏ် ပြောချင်သည့်အကြောင်းအရာကို အခုစာဖတ်နေသူက ပြောစလိုမလိုအောင် သိနေပြီးသားဟု မြင်ပါသည်။ အခုပြီးသွားတဲ့ ဇေယျာသီရိအားကစားဖွင့်ပွဲကနေ သင်ခန်းစာတွေ အများကြီးရလိုက်မည်ဟု ယုံကြည်မိကြောင်းပါခင်ဗျား။

( င )
ကျွန်တော်မပျော်ခဲ့ရတဲ့ သြစတြေးလျအိုးပင်းတင်းနစ်ပြိုင်ပွဲ
အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲမှာ ဘီလာရုစ်က အဇာရန်ကာက တရုတ်တင်းနစ်မယ် လီနာကို အနိုင်ရသွားတယ်။ ပွဲစဉ် အဆင့်ဆင့်မှာ လက်စွမ်းပြပြီး တည်တည်ငြိမ်ငြိမ် ကစားလာခဲ့တဲ့ လီနာကို ကျွန်တော်ဖြင့် အားပေးလိုက်ရတာ အမောဆိုပါတော့ဗျာ။ အာရှစိတ်က ၉၀ ရာခိုင်နှုန်းလောက် ပါတာကို မငြင်းပါဘူး။ ကိုယ့်အာရှဒေသက အားကစားသမားတစ်ဦးကို အနိုင်ရစေချင်ခဲ့တယ်။ ဗိုလ်စွဲစေချင်ခဲ့တယ်။ ဒါပေမယ့် ကျွန်တော့်ဆန္ဒ မပြည့်ဝခဲ့ရဘူး။ လီနာကတော့ နောက်နှစ်မှာ ပြန်တွေ့မယ်လို့ ပရိသတ်တွေကို ပြောသွားခဲ့ပါရဲ့။ ဒီစာကိုရေးဖို့အတွက် အတော်လေးကို စဉ်းစားခဲ့ရတယ်။ တော်တော်ကြာ လီနာကို အားပေးတဲ့အတွက် ကိုဉာဏ်ဆိုတဲ့လူဟာ တရုတ်အားပေးတစ်ယောက်လို့ အပြောခံရမှာလည်း ကြောက်ရသေးတာကိုး။ ဒီခေတ်ကြီးက အင်မတန်မှကို တံဆိပ်ကပ်တာကို ၀ါသနာပါသကိုး။ တစ်ချို့ဆို လူကသာတစ်ယောက်တည်း၊ အကပ်ခံထားရတဲ့ တံဆိပ်တွေဆိုတာ နည်းတာမှတ်လို့။ အမျိုးသားတစ်ဦးချင်း ပြိုင်ပွဲမှာတော့ ဂျိုကိုဗစ်က အင်ဒီမာရေးကို အနိုင်ရပြီး ဗိုလ်စွဲသွားခဲ့တယ်။ ဖက်ဒဲရာကို ဗိုလ်လုပွဲမှာမြင်ချင်တဲ့ ကျွန်တော့်ဆန္ဒတွေ မပြည့်ဝခဲ့တာကိုလည်း ၀န်ခံပါရဲ့ဗျာ။ ဒီနှစ် သြစတြေးလျအိုးပင်းဟာ ကျွန်တော့်အတွက်တော့ ပျော်စရာမကောင်းတဲ့ ပြိုင်ပွဲတစ်ရပ်ပါပဲဗျာ။

( စ )
သမ္မတကြီးရဲ့ ရေဒီယိုမိန့်ခွန်း
ဘာမျှမပြောခဲ့တဲ့ ကာလတုန်းကလည်း ဘာမျှမပြောလို့တဲ့၊ အခု ပြောတဲ့အခါကျတော့လည်း သမ္မတကြီးက ပြောတာများလွန်းတယ်တဲ့။ အင်း… ဘယ်လိုပြောရမလဲပေါ့နော်။ ဘယ်လိုမှ မပြောတော့ပါဘူးဗျာ။ ဦးသိန်းစိန်ကိုက အပြောခံဖို့အတွက် မြန်မာနိုင်ငံမှာ သမ္မတဖြစ်လာရတာပါလို့ပဲ ပြောချင်ပါတယ်။ နှစ်ပေါင်းဘယ်လောက်ကြာ မြိုသိပ်ခဲ့ရ၊ ဖုံးထားခဲ့ရတာတွေကို အတိုးချပြီး အခုမှ ဦးသိန်းစိန်ကို ၀ိုင်းပြောနေကြသလဲဆိုတာ စဉ်းစားလို့မရဘူး။ တရားမျှတမှု ရှိရဲ့လားလို့လည်း တွေးနေမိတယ်။ ဆိုးမွေကောင်းမွေကို ဆက်ခံရတယ်ဆိုတာ မှန်ပေမယ့်လည်း နေရာတကာ၊ အကြောင်းကိစ္စအားလုံးမှာ ဦးသိန်းစိန်အစိုးရက တာဝန်ရှိတယ်လို့ လက်ညှိုးထိုးနေတာကတော့ သိပ်မဟန်ဘူး ထင်ပါတယ်။ ဦးသိန်းစိန်ဟာ ပြုပြင်ပြောင်းလဲရေး တကယ်လုပ်နေတယ်ဆိုတာ အားလုံးလက်ခံနေကြတာပဲ။ ဘာဖြစ်လို့ မပံ့ပိုးဘဲ၊ မ၀န်းရံဘဲ ၀ိုင်းဆော်နေကြတာလဲ။ နိုင်ငံကို ရှေ့ကနေ ဦးဆောင်ပြီး ဆွဲတင်နေတဲ့ လူတစ်ယောက်ကို အတူကူပြီး မဆွဲနိုင်ရင်တောင် နောက်ကနေ၀ိုင်းတွန်း၊ ဘေးကနေ၀ိုင်းထိန်း လုပ်ပေးသင့်ကြတယ်လို့ မထင်မိကြဘူးလားလို့ မေးချင်ပါတယ်။ တစ်သက်လုံးက ရှိနေသမျှ မကောင်းတဲ့အချက်တွေကို ဦးသိန်းစိန်မှာချည်းပဲ တာဝန်ရှိတယ်ဆိုရင်တော့ ထူးအိမ်သင်သီချင်းသာ အော်ဆိုလိုက်ချင်တယ်ဗျာ။ “နည်းနည်းလေးတော့ လွဲနေတယ်” လို့။ ကျွန်တော်တို့နိုင်ငံအနေနဲ့ မကြာသေးတဲ့ ကာလတွေဆီက ပြည်ပကနေ ထိုးနှက်တိုက်ခိုက်တာတွေကို အလူးအလဲ ခံခဲ့ရဖူးတယ်။ လူပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေ၊ နိုင်ငံတွေက တိုက်ခိုက်ခဲ့ကြတယ်၊ ဖယ်ကြဉ်ခဲ့ကြတယ်၊ စွက်ဖက်ခဲ့ကြတယ်။ ဟော… အခုတော့ ဒီမိုကရေစီခေတ်ကို လျှောက်လှမ်းပြီလည်းဆိုရော ပြည်တွင်းက တစ်စခန်းထကြတယ်။ အရင်တုန်းက မလုပ်ခဲ့ရလို့ အခုလုပ်တယ်ကွာ ဆိုတဲ့စိတ်ဓာတ်တွေနဲ့တော့ အင်း… ကျွန်တော်တို့နိုင်ငံလား… ဗိုလ်ချုပ်ပြောခဲ့တဲ့ စကားလိုပဲ ဖြစ်နေဦးမယ်လို့ ဆိုလိုက်ချင်သဗျာ။
သမ္မတကြီးရဲ့ ရေဒီယိုမိန့်ခွန်းကို ဒီနေရာမှာ ဖတ်ပါ။

(ဆ)
အထွေထွေအရပ်ရပ်
ဒီသတင်းတွေလည်း ဖတ်ခဲ့ရ၊ ကြားခဲ့ရသဗျို့။
  • အဲပုဂံပျက်ကြရခြင်းရဲ့ အဓိကအကြောင်းရင်းဟာ လေယာဉ်ကွင်းကို ဆင်းသက်ချိန်မှာ လေယာဉ်မှူးရဲ့ ဆုံးဖြတ်ချက် မှားယွင်းမှုကြောင့် ဖြစ်တယ်တဲ့။
  • အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် သူ့ရဲ့ရာထူးကနေ နုတ်ထွက်သွားခဲ့တာကို သတိပြုဖွယ် သတင်းတစ်ပုဒ်အနေနဲ့ ဖတ်ခဲ့မှတ်ခဲ့ပါတယ်။ (ဒီနေရာမှာ ပြောချင်တာတစ်ခုကတော့ သတင်းစာတွေက အမျိုးသမီးကို ရည်ညွှန်တဲ့နေရာမှာ ဘာဖြစ်လို့ “သူမ” ဆိုတဲ့ အသုံးအနှုန်းကို သုံးကြသလဲဆိုတာပါပဲ။ မြန်မာစာကို မြတ်နိုးသူတစ်ဦးအနေနဲ့ လုံးဝကို လက်မခံပါဘူး။ အခြားစာစောင်တွေမှာ ဘယ်လိုရေးရေး၊ ဘယ်လိုစာလုံးပေါင်းပေါင်း အကြောင်းမဟုတ်ပေမယ့် နိုင်ငံပိုင် သတင်းစာတွေမှာတော့ မှန်မှန်ကန်ကန် သုံးစေချင်တယ်လို့ ဝေဖန်ချင်ပါရဲ့။ မြန်မာအဘိဓာန်မှာ ဖော်ပြထားတာကို ရေးပြပါရစေ။ “သူ၊ န-တစ်စုံတစ်ဦးကို ရည်ညွှန်းသောစကားလုံး။” တဲ့။ ဟောရင်းနဲ့သာ ပျံလွန်တော်မူမယ်ဆိုသလို ဆရာမောင်ခင်မင်လည်း ပြောရင်းနဲ့သာ သေသွားမယ်၊ မှားနေတဲ့လူတွေကတော့ ပြင်ကြမယ်မထင်ပါဘူး။ သူမ၏ နိုင်ငံခြားရေးဝန်ကြီးရာထူးနေရာကို…. တဲ့။ ကောင်းရော။)
  • ကေအိုင်အိုနဲ့ ဆွေးနွေးပွဲတွေ စတင်ဆောင်ရွက်နိုင်ဖို့ ကြိုးပမ်းနေတဲ့အကြောင်း သတင်းထုတ်ပြန်ရေးအဖွဲ့က သတင်းထုတ်ပြန်ခဲ့တာကိုလည်း ဖတ်ခဲ့ရကြောင်းပါ။
  • လွှတ်တော်တွေစပြီဆိုကတည်းက တပြောတည်းအပြောခံနေရတဲ့ ချင်းပြည်နယ်က ဆရာဝန်တွေကိစ္စကို ပြည်ထောင်စု ရာထူးဝန်အဖွဲ့က သတင်းထုတ်ပြန်လိုက်ပုံလေးကို သိပ်သဘောကျမိသဗျ။ အရင်လွှတ်တော် မှတ်တမ်းတွေ ပြန်ဖတ်တဲ့ အချိန်မှာလည်း ကျွန်တော်မကြာခဏ ဖတ်ခဲ့ရပါတယ်။ ချင်းပြည်နယ်က ကိုယ်စားလှယ်တွေက တစ်ခုခု မေးခွန်းမေးတိုင်း၊ အဆိုတင်တိုင်း သူတို့ပြည်နယ်မှာ ဆရာဝန်မရှိတာကိုပဲ ပြောကြတယ်၊ တောင်းကြတယ်။ ဘယ်အကြိမ်တုန်းကလည်း မမှတ်မိပေမယ့် ကျန်းမာရေးဝန်ကြီး ပြန်ဖြေတာကို ဖတ်ခဲ့ရဖူးတယ်။ သူပြောတာက အတိအကျမှ တကယ့်ကိုအတိအကျ၊ ချင်းတိုင်းရင်းသားဆရာဝန် ဒီနေ့အထိ ဘယ်နှဦးရှိတယ်၊ ဘယ်သူတွေကတော့ ချင်းပြည်နယ်မှာ တာဝန်ထမ်းဆောင်နေတယ်၊ ကျန်တဲ့လူတွေကတော့ ချင်းပြည်နယ်ကို မသွားချင်ကြဘူးလို့ ဆန္ဒပြုတယ်တဲ့။ အဲဒါ ချင်းတိုင်းရင်းသား ဆရာဝန်တွေနော်။ အခုလည်း ရာထူးဝန်အဖွဲ့ ချင်းပြည်နယ်အတွက် ဘယ်သူတွေကို ခန့်အပ်ပေးထားတယ်ဆိုတာ သတင်းစာထဲမှာ တိုင်းသိပြည်သိကို လုပ်ချလိုက်တယ်ဗျာ။ အင်း… ဘယ်ဆရာဝန်တွေ ဘယ်လိုဖြစ်ဦးမယ်တော့ ကြိုမပြောတတ်ပေါင်။ ချင်းတောင်လတ်ငြိမ်းဆိုတာ တကယ်ရှိခဲ့တယ်လို့ ဆရာလင်္ကာရည်ကျော်ကတော့ ပြောတာပဲ။ ကြိုးကြာတောင်ပံခတ်သံထဲက ဒေါက်တာလတ်ငြိမ်းတွေ ချင်းပြည်နယ်ကို ရောက်ကြပါစေလို့ ကျွန်တော်တို့ ဆုတောင်းပေးကြရအောင်ပါ။ (ဒေသခံ ချင်းတိုင်းရင်းသားတွေ ဆရာဝန်တွေအပေါ်မှာ ဘယ်လိုဆက်ဆံသလဲ ဆိုတာတွေနဲ့ ပတ်သက်တဲ့ ကျွန်တော့်သူငယ်ချင်း ဆရာဝန်တွေရဲ့ ပြောစကားတွေကိုတော့ ဒီနေရာမှာ မတင်ပြလိုတော့ပါဘူး။ တစ်ခွန်းပဲ ပြောချင်တာက ဘယ်အရာမဆို အကြောင်းနဲ့ အကျိုးဟာ ဆက်စပ်နေတယ် ဆိုတာပါပဲ။)
  • စကားပြောစွမ်းရည် ပြသခဲ့ကြလို့ အများပြည်သူကြားမှာ ဝေဖန်ပြောဆိုစရာ ဖြစ်ခဲ့ရတဲ့သူတွေရဲ့ သတင်းတွေကလည်း အခုရက်ပိုင်း တသင်းသင်းပါပဲလားခင်ဗျ။ "ကျွန်မခွေးလေးလို..." ဆိုတဲ့စကားက မပွဘဲ "ထမင်းတစ်နပ်လျှော့စားရမယ်" ဆိုတာရယ်၊ "ရွှေလက်နဲ့ခေါ်တုန်းလာပါ" ဆိုတာရယ် "လေယာဉ်တွေဝယ်ထားတာ..." ဆိုတာရယ်တွေက ထပွနေလေတော့ မျက်စိတောင် အတော်လည်သွားတယ်။ ခင်ဗျားတို့ မြန်မာတွေကလည်း အံ့သြစရာကြီးပါဗျာ...။ ဘာတွေမှန်းကို မသိပါဘူး။ :D
  • ဒေါ်အောင်ဆန်းစုကြည် ကိုရီးယားနိုင်ငံကို အလည်အပတ်ခရီး သွားခဲ့တာကိုလည်း ဖတ်မှတ်ခဲ့ရပါတယ်။
  • ဒေါ်အောင်ဆန်းစုကြည် ကြီးမှူးကျင်းပသောဆိုတဲ့ စာလုံးတွေအကြီးကြီးရေးပြီး ဒေါ်အောင်ဆန်းစုကြည် လုံးဝမတက်ခဲ့တဲ့ ရုပ်ရှင်ပွဲတော်ယောင်ယောင်၊ ဘာယောင်ယောင်ပွဲလည်း ပြီးသွားပြီလို့ ဖတ်ခဲ့ရသဗျ။ ကိုယ်နဲ့ဆိုင်ဆိုင် မဆိုင်ဆိုင် ၀င်ပြီးတော့ စွက်ဖက်တဲ့နေရာမှာတော့ အမေရိကန်သွေး အပြည့်ပဲလို့ အဲဒီလူတွေကို မှတ်ချက်ပေးလိုက်ချင်ပါရဲ့ဗျာ။ ရုပ်ရှင်လည်းပါချင်၊ ဂီတလည်းမလွတ်၊ စာပေလည်းမောင်ပိုင်စီး၊ ပညာရေးလည်းမကျန်၊ ကျန်းမာရေးလည်း၊ အခြားဟာတွေလည်း စဉ်းစားသာကြည့်တော့။ ကျွန်တော်ကတော့ အဲဒီအမျိုးသမီးကို အန်တီဆမ် လို့တောင် ပြောင်းခေါ်လိုက်ချင်သေးတယ်။ ဂုဏောအနန္တောတွေ အတွက်တော့ ကြိုက်ကြမည်မထင်။ တတ်နိုင်ဘူးလေ... ပြောရေးရှိက ပြောအပ်လှ၏ကိုး။ :D
  • ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ပြန်လည်ဖွဲ့စည်းဖို့အတွက် ပြည်သူ့လွှတ်တော်က ခုံရုံးအဖွဲ့ဝင် ၃ ဦး အမည်စာရင်းကို တင်သွင်းလိုက်ပါပြီ။ ကျန်တဲ့ ၂ ခုကတော့ ငြိမ်နေတုန်းပဲ။ ဘာတွေဆက်ဖြစ်မလဲ စိတ်လှုပ်ရှားစွာဖြင့် စောင့်ကြည့်နေမိကြောင်းပါ။
  • လွှတ်တော်တွေသက်တမ်း ၂ နှစ်ပြည့်သွားပြီ။ အကောင်းဆုံးလုပ်ဆောင်ချက်များဖြင့် ဆက်လက် ချီတက်နိုင်ပါစေဟု ဆုမွန်ဆန္ဒပြုလိုက်ပါတယ်။ နောက်ထပ် ၃ နှစ်မှာ ပြီးခဲ့တဲ့ ကာလတွေထက် ပိုမို ကောင်းမွန်တဲ့ ဥပဒေတွေပြုနိုင်လိမ့်မယ်လို့ မျှော်လင့်လျက်ပါဗျာ။
  • ဦးဆန်းဆင့်ကို သာသနာရေးဝန်ကြီး ခန့်အပ်မယ့်အကြောင်း သမ္မတက လွှတ်တော်ကို အမည်စာရင်း ပေးပို့တယ်။ လွှတ်တော်က ကန့်ကွက်မယ့်လူ မရှိတဲ့အတွက် အတည်ပြုတယ်။ ကိုယ်စားလှယ်တစ်ယောက်က ပြန်စဉ်းစားသင့်တယ်လို့ ထပြောတယ်။ လွှတ်တော်နာယကကလည်း ပြတ်တယ်၊ ပြန်စဉ်းစားတာဟာ သမ္မတအလုပ်တဲ့၊ လွှတ်တော်အလုပ်က နာမည်ပေးပို့တာကို အတည်ပြုတယ်၊ မပြုဘူး ဆုံးဖြတ်ဖို့ပဲတဲ့။ ကဲ... ကောင်းရော။ ဦးဆန်းဆင့်လည်း ဒီအပတ်ထဲမှာ အတော်ဟော့သွားသည်။ ကျွန်တော်ကတော့ ကျေနပ်သည်။ ပုဂ္ဂိုလ်ရေးမဟုတ်၊ အလုပ်ကို အလုပ်နဲ့တူအောင် ကြိုးစားခြင်းရဲ့ရလဒ်၊ စေတနာထားပြီး အလုပ်လုပ်ခြင်းရဲ့ အကျိုးကျေးဇူး၊ တာဝန်ကျေပွန်ခြင်းရဲ့ ဆုလာဘ်တို့ကို သက်သေပြသကဲ့သို့ ဖြစ်နေ၍ ဖြစ်သည်။ သင်ခန်းစာယူမိသည်။ ကျေးဇူးပါ ဦးဆန်းဆင့်။ ကျေးဇူးပါလွှတ်တော်၊ ကျေးဇူးပါသမ္မတ၊ ကျေးဇူးပါ ဧရာဝတီတိုင်းသားများ။ 


ဒီအပတ်တော့ ဒီမျှနှင့် တော်ကြဦးစို့ဗျာ။ သူငယ်ချင်းတစ်ယောက်က ဟိုတစ်နေ့က ဖုန်းဆက်တော့ ပြောရှာတယ်။ “မင်းရဲ့ တစ်ပတ်စာသောက်တင်းတွေက ဖတ်လို့ကောင်းတယ်ကွ” တဲ့။ ပြောမနာ ဆိုမနာ ဘော်ဘော်ချင်းတွေမို့ ခပ်ရိုင်းရိုင်း အားပေးစကားကိုပဲ အားဆေးလို့ သတ်မှတ်လိုက်ပါတယ်။ နောက်အပတ်များမှ ထပ်ပြီးတော့ ………………..။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်၊ အင်္ဂါနေ့။
ည ၁၀ နာရီ ၃၅ မိနစ်တွင်ပြီး၏။

Tuesday, January 29, 2013

တစ်ပတ်စာပြောစရာ သောင်းပြောင်းထွေလာ (ဇန် ၂၁ - ၂၇)



(က)
လိုင်ဇာအထိ လမ်းလျှောက်ကြသူများ
ဘယ်သူက ဘယ်လိုစိတ်ကူးပေါက်ပြီး ဉာဏ်ကွန့်မြူးလိုက်ကြတယ် မသိပါဘူး။ ရန်ကုန်ကနေ လိုင်ဇာအထိ လမ်းလျှောက်ကြမတဲ့။ သူတို့ရည်ရွယ်ချက်က ဘယ်လိုဆိုတာ မသိပေမယ့် ကျွန်တော်ကတော့ ဘေးလူတစ်ယောက် အမြင်ကိုပြောရရင် အားအားလျားလျား ဟိုဒင်းကို သန်းရှာနေကြတာလို့ပဲ မြင်ပါတယ်။ အဲဒါကိုပဲ ကိုရွှေဂျာနယ်တွေက ရောင်းကောင်းရင်ပြီးရော ရေးလိုက်ကြတာများ တကယ့်ကို လွတ်လပ်ရေးတိုက်ပွဲ ၀င်ကြမယ့်အတိုင်းပါပဲ။ အစိုးရကို အတိုက်အခံတွေ အမြဲတမ်းဖိအားပေး ပြောတတ်တဲ့ စကားတစ်ခွန်းရှိပါတယ်။ ပြည်သူ့အသံကို နားထောင်ပါ၊ ပြည်သူ့လိုအင်အတိုင်း ဆောင်ရွက်ပါတဲ့။ အဲဒါဆိုရင် အခုလမ်းလျှောက်မယ် ဆိုတဲ့လူတွေကရော ပြည်သူတွေရဲ့ ဆန္ဒအတိုင်း လျှောက်တာလား၊ ပြည်သူတွေက ဒီလိုလုပ်ပါလို့ ခိုင်းလို့လား။ အခုလို လျှောက်တဲ့အတွက် ပြည်သူတွေအဖို့ ဘာအကျိုးရှိမလဲ။ မြင်တဲ့အတိုင်းပြောရရင်တော့ အဲဒီလမ်းလျှောက်တဲ့လူတွေ ဖြတ်သွားတဲ့အခါတိုင်း အနေအစား ပျက်တာပါပဲ။ မြို့လယ်လမ်းမမှာ ရုံးရုံးစုစုနဲ့ သွားလာရခက်ကုန်ရော။ ပတ်ဝန်းကျင်ကိုလည်း အထိတ်တလန့် ဖြစ်စေပြန်ရော။ မြို့နယ်အသီးသီးက တာဝန်ရှိသူတွေကိုလည်း အလုပ်ရှုပ်စေ၊ စိတ်ညစ်စေပြန်ရော။ ကဲ... ဘယ်မှာလဲ အကျိုးကျေးဇူး။ သြော်... တစ်ခုတော့ ရှိသဗျ။ အဲဒီပွဲကို စီစဉ်တဲ့လူတွေကတော့ အကျိုးရှိပေမပေါ့။ ဒင်းတို့က နိုင်ငံရေးအမြတ်ထုတ်ဖို့ ရည်ရွယ်တာမို့ အမြတ်ထွက်တယ်ပဲ ပြောရမလား။ အနည်းဆုံးတော့ ပိုက်ဆံရပြီးရော ဂျာနယ်တွေမှာ ဖော်ပြခြင်း ခံကြရသကိုး။ အခုလို လမ်းလျှောက်တဲ့အတွက် နိုင်ငံအတွက် ဘယ်ကဏ္ဍတွေမှာ အကျိုးဖြစ်ထွန်းစေခဲ့သလဲ၊ နိုင်ငံ့စွမ်းအားကို ဘယ်လောက်မြင့်တက်စေခဲ့သလဲ၊ နိုင်ငံရေးအပြောင်းအလဲတွေ ဖြစ်စေခဲ့သလား၊ သူတို့တွေပြောတဲ့ ကချင်ပြည်နယ်စစ်ကြီးကရော ရပ်သွားရောလား၊ သူတို့တွေ လမ်းလျှောက်လိုက်တဲ့အတွက် မြန်မာတစ်ပြည်လုံး ငြိမ်းချမ်းသာယာသွားရောလား။ တကယ့်ကို ရူးတဲ့လူတွေပါပဲဗျာ။ အဲဒီလူတွေကို မြို့နယ် ၈ ခုက အမှုဖွင့်ထားတယ်လို့ သတင်းတွေးမှာ ဖတ်ရတယ်။ ကောင်းလေစွတကား။ ဥပဒေကို မလိုက်နာသူတို့အား ဥပဒေအတိုင်း ဆောင်ရွက်ခြင်းသည် ဘာမျှသနားစရာ မရှိပါချေ။ ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေဆိုတာ စာအုပ်စင်ပေါ်မှာ အလှပြထားလို့ရအောင် ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြဋ္ဌာန်းပေးထားတာ မဟုတ်ပါဘူးဗျ။ လိုက်နာဆောင်ရွက်နိုင်အောင် ရေးဆွဲပြဋ္ဌာန်းပေးထားတာပါ။ ငါတို့လုပ်ချင်တာကို ဥပဒေရောဘာရော နားမလည်ဘူး၊ လုပ်ချင်လို့ လုပ်တယ်ကွာဆိုရင်တော့ ဥပဒေကလည်း ကျောသားရင်သား မခွဲခြားဘဲ အရေးယူတာတွေ၊ အပြစ်ပေးတာတွေ လုပ်ပါလိမ့်မယ်။ အဲဒီအချိန်ကျရင်သာ အသပြာဂျာနယ်တွေက ဟိုရေးဒီရေး၊ တောင်ဖွမြောက်ဖွ မလုပ်ကြနဲ့ပေါ့ဗျာ။ နောက်ထပ်ပြောချင်တာတစ်ခုက အဲဒီလို လမ်းလျှောက်တဲ့အထဲမှာ လူတွေကတော့ သူ့ဟာသူရူးကြတာ ထားပါတော့။ သင်္ကန်းဝတ်ထားတဲ့ ကိုယ်တော်တွေက ဘာလိုက်လုပ်ကြတာတုန်း။ ဆွမ်းခံကြွနေတယ်များ အောက်မေ့နေကြသလား မသိပါဘူးဗျာ။ နောက်ဆိုရင်တော့ မြန်မာအဘိဓာန်မှာ စကားလုံးအဓိပ္ပါယ်ဖွင့်ဆိုချက်ကို ထပ်ဖြည့်ရတော့မယ်။ "ဘုန်းကြီး/ဖုန်းဂျီး/န-ရဟန်းတော်၊ သင်္ကန်းဝတ်ထားသော ပုဂ္ဂိုလ်၊ ဆန္ဒဖော်ထုတ်ပွဲ၊ စီတန်းလှည့်လည်ပွဲများတွင် အမြဲတစေ ရှေ့ဆုံးမှပါတတ်သော ဆန္ဒပြသူများ၊ ဆိုင်းဘုတ်ကိုင်၍ ဆန္ဒဖော်ထုတ်လေ့ရှိသော သင်္ကန်းဝတ်များ၊ နိုင်ငံရေးတွင် အထူးတလည် ကျွမ်းကျင်စိတ်ဝင်စားသည့် ပုဂ္ဂိုလ်များ" ဆိုပြီး ဖြစ်သွားပါလိမ့်မယ်။ သံသရာမှလွတ်မြောက်ရာ လွတ်မြောက်ကြောင်းကို ကိုယ်တိုင်ကျင့်ကြံသလို၊ ဒါယကာ၊ ဒါယိကာမများကိုလည်း သွန်သင်ဆုံးမ တရားပြသနေကြတဲ့ သံဃာစစ်၊ သံဃာမှန်များကို စော်ကားသလို ဖြစ်သွားခဲ့ရင် ကျွန်တော်ကိုဉာဏ်က ဒီနေရာကနေ ခြေသုတ်ပုဆိုး မြွေစွယ်ကျိုးသို့ လက်အုပ်ချီမိုး ရှိခိုးကန်တော့ တောင်းပန်အပ်ပါတယ်ဘုရား။ နိုင်ငံရေးယောင်ယောင် ဘာယောင်ယောင် လုပ်နေတဲ့ သင်္ကန်းဝတ်များကိုတော့ ထာဝရကန်တော့ဆွမ်းပါဗျာ။ ကျွန်တော့်အယူအဆကို ထပ်ပြောပါရစေ၊ နိုင်ငံရေးလုပ်ချင်ရင် သင်္ကန်းချွတ်၊ တိုက်ပုံဝတ်၊ ပြောချင်ရာပြော၊ လုပ်ချင်ရာလုပ်စမ်းဗျာ။ အခုတော့ ဘာသာခြား၊ လူမျိုးခြားတွေအတွက် ပြောစရာဖြစ်စမ်းလှတယ်ဗျာ။

(ခ)
ဦးသိန်းစိန်ကို ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ပေးတယ်
ထိုင်းနိုင်ငံတက္ကသိုလ်တစ်ခုက သမ္မတကြီး ဦးသိန်းစိန်ကို ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ ပေးအပ်ခဲ့ပါတယ်။ မြန်မာပြည်အတွက် ဘာတွေထူးခြားသွားပါသလဲ။ ကျွန်တော့်အမြင်ကတော့ ဘာမျှမထူးခြားပါဘူး။ ထူးခြားစရာလည်း အကြောင်းမှ မရှိတာပဲဗျာ။ ဟုတ်တယ်မလား။ မြန်မာပြည်မှာ တစ်ခုခုလုပ်စေချင်လို့၊ တစ်ခုခုအတွက် ရည်ရွယ်ပြီး ပေးတာဆိုရင်တော့ တစ်မျိုးပေါ့။ အခုဟာက သမ္မတကြီးရဲ့ လုပ်ဆောင်ချက်တွေ၊ အားထုတ်ကြိုးပမ်းမှုတွေကို အသိအမှတ်ပြုတဲ့အတွက် ပုဂ္ဂိုလ်ရေးအရ ပေးတာလို့ပဲ ခံယူပါတယ်။ ပြောရရင်တော့ ဒီဆုကို ရတဲ့အတွက် ဘာမျှပြန်လုပ်ပေးစရာ မလိုပါဘူး။ လုပ်ခဲ့တာတွေအတွက် ဂုဏ်ပြုတဲ့အနေနဲ့ ပေးတာသာဖြစ်ပါတယ်။ အဲဒီအတွက် နိုင်ငံအတွက်ရော၊ အဖွဲ့အစည်းအတွက်ပါ အနှောင်အဖွဲ့ကင်းပါတယ်။ ဒီထက်ပြောရရင်တော့ အခုပေးတဲ့ ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ဟာ ဦးသိန်းစိန်အတွက် ဆိုတာထက် ပေးအပ်တဲ့ တက္ကသိုလ်ရဲ့ ဂုဏ်သိက္ခာအတွက် ရည်ရွယ်တာဆို ပိုမှန်မယ်ထင်ပါတယ်။ သူတို့ပေးတဲ့ ဒေါက်တာဘွဲ့ကြောင့် ဦးသိန်းစိန် ထူးထွေပြီး ဂုဏ်တက်သွားစရာလို့ မမြင်ပါဘူး။ ဒါပေမယ့် တစ်ကမ္ဘာလုံးက လက်ခံပြီး အလေးထားစောင့်ကြည့်နေတဲ့ သမ္မတကြီးဦးသိန်းစိန်ကို အခုလို ဒေါက်တာဘွဲ့ ပေးအပ်လိုက်တဲ့အတွက်တော့ သူတို့တက္ကသိုလ်အဖို့ ဂုဏ်တက်သွားခဲ့တာ အမှန်ပါပဲ။ အလကားနေရင်း လျှောက်ပြီးဝေဖန်နေကြတဲ့ သူတွေကိုလည်း ကျွန်တော်ကိုဉာဏ်က ဂုဏ်ထူးဆောင်ဘွဲ့ပေးရင် ကောင်းမလားလို့ စဉ်းစားနေပါတယ်။ သူတို့ခမျာ ဦးသိန်းစိန်အစိုးရ ဘာပဲလုပ်လုပ်၊ ဘာပဲဖြစ်ဖြစ် ငုတ်တုတ်ထိုင်ပြီး မကောင်းပြောနေရတာဆိုတော့ ဂုဏ်ထူးဆောင် အတိုက်အခံဘွဲ့ ပေးလိုက်မှထင်ပါရဲ့ဗျာ။ နောက်တစ်ခုပြောစရာ ကျန်သေးသဗျ။ ဝေဖန်တဲ့လူတွေက မဆီမဆိုင် ကချင်ပြည်နယ်မှာ စစ်ပွဲတွေ ဖြစ်နေပါလျက်နဲ့ ဒေါက်တာဘွဲ့ ပေးရမလားဆိုပြီး မေးငေါ့ကြတဲ့ ကိစ္စပါပဲ။ ဆိုင်တာမဆိုင်တာကတော့ စာဖတ်သူသာ စဉ်းစားကြည့်တော့ဗျို့။ မိချောင်းမင်းကို ရေခင်းမပြချင်တော့ဘူး။ :D

(ဂ)
ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌအဖြစ် ရွေးချယ်ထားခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီမညီ
ဟားဟားဟား၊ အတော်ရယ်စရာ ကောင်းတဲ့လူတွေပဲဗျ။ အဲဒီမေးခွန်း၊ သို့မဟုတ် အဆို၊ သို့မဟုတ် လျှောက်လဲချက်ကို ဘယ်သူက ဆုံးဖြတ်ပေးမှာလဲ။ ဘာလဲ... လွှတ်တော်က ကိုယ့်ဘာသာကိုယ်မေး၊ ကိုယ့်ဘာသာကိုယဖြေ၊ ကိုယ့်ဘာသာကိုယ်ဆုံးဖြတ် လုပ်ကြဦးမလို့လား။ သေချာတာကတော့ လောလောဆယ် အဲဒီလို ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အငြင်းပွားမှုတွေအတွက် ဆုံးဖြတ်ပေးမယ့် အခြေခံဥပဒေခုံရုံး မရှိဘူးဗျ။ လွှတ်တော်တွေက ရည်ရွယ်ချက်ရှိရှိ လုပ်ပစ်လိုက်လို့ ခုံရုံးတစ်ဖွဲ့လုံး နုတ်ထွက်သွားတာကြာပေါ့။ ဥပဒေစကားနဲ့ ပြောရမယ်ဆိုရင်တော့ အခုအချိန်မှာ အခြေခံဥပဒေကို လက်တစ်လုံးခြားလုပ်ပြီး လုပ်ချင်ရာလုပ်လို့ရတဲ့ ကာလလို့ပဲ ပြောရမယ်ထင်တယ်။ ကိုယ်လုပ်ချင်တာလုပ်၊ ပြီးရင် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဒီလိုလုပ်လို့ ရပါတယ်ဆိုပြီး လိုရာဆွဲပြောပေါ့ဗျာ။ မှန်တယ် မှားတယ်ဆိုတာကို ဆုံးဖြတ်ပေးမယ့်လူ မရှိဘူးလေ။ အဲဒီလို အခြေခံဥပဒေဆိုင်ရာ ကိစ္စတွေကိုလည်း ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးကလွဲရင် ဘယ်သူကမျှ ဆုံးဖြတ်ပေးလို့ မရဘူးဗျ။ အဲဒါတွေကို တွေးမိတိုင်း လွှတ်တော်.... လွှတ်တော်... ဆိုပြီး ကျွန်တော်ကိုဉာဏ်တော့ မေတ္တာတွေ အခါခါ ပို့သမိတယ်။ အခုလည်း ခုံရုံးကို ပြန်ဖွဲ့ဖို့အတွက် အဲဒီနေရာတွေမှာ တာဝန်ထမ်းဆောင်ချင်တဲ့ ဥပဒေပညာရှင်တွေမှ ရှိသေးရဲ့လားလို့ သံသယဖြစ်မိတယ်။ လွှတ်တော်နဲ့ မပြေလည်ရင် ခုံရုံးကနေ အချိန်မရွေး ပြုတ်သွားနိုင်တော့ ကျွန်တော်သာ ဥပဒေပညာရှင်ဆိုရင် လုံးဝ မလုပ်ဘူးဗျ။ ရုပ်သေးရုပ် ခုံရုံးမှာ တာဝန်ထမ်းဆောင်ရမှာထက် ကိုယ့်ဘာသာကိုယ် စာအုပ်ဖတ်ပြီး အိမ်မှာအိပ်နေရတာက ပိုမကောင်းဘူးလားဗျာ။ ဒီအကြောင်းအရာနဲ့ ပတ်သက်လို့ နိဂုံးချုပ်ရရင်တော့ သမ္မတကြီး ဦးသိန်းစိန်ကို ပါတီဥက္ကဋ္ဌအဖြစ် ခန့်အပ်ထားတာဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ညီမညီဆိုတာ အခုလောလောဆယ်တော့ မသိချင်ပါသေးနဲ့ဦးလို့ လွှတ်တော်ကိုယ်စားလှယ်ကြီးကို ပြောပါရစေခင်ဗျား။

(ဃ)
လွှတ်တော်မှာတင်တဲ့အဆိုတွေ
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးက အစိုးရကို ချောင်ပိတ်မိစေမယ့် မေးခွန်းတွေ၊ အဆိုတွေ မတင်ကြဖို့ လမ်းညွှန်တဲ့ကိစ္စကို ထုံးစံအတိုင်း ဖွချင်သူများ၊ ဖွလွန်းသူများ၊ မဖွရမနေနိုင်သူများက အကဲဆတ်ကြပြန်ပါရောလား။ ဆိတ်ဖွားကိစ္စတုန်းက မတားဘဲ အခုမှ ဘာလို့တားရတာလဲလို့ မေးငေါ့သူကလည်း မေးငေါ့ကြတယ်။ ကျွန်တော့်သဘောလား... အင်း... မသိဘူးဗျ။ ဦးရွှေမန်းမှာလည်း သူ့အကြောင်းနဲ့သူ ရှိလို့ဖြစ်မှာပေါ့ဗျာ။ သူက အပေါ်ကလူဆိုတော့ ကျွန်တော်တို့တွေထက် အများကြီး ပိုမြင်တယ်လေ။ မေးခွန်းတွေ၊ အဆိုတွေရဲ့ လားရာ၊ ရွယ်ရာ၊ တည်ရာကို သိနေလို့ဖြစ်မှာပေါ့။ ဒေါက်တာဆိတ်ဖွား ကိစ္စကတော့ အင်း... ဘယ်လိုပြောရမလဲပေါ့နော်... အင်း... အဲဒီလိုပါပဲ။ တင်ချင်လို့တင်တယ်၊ ခွင့်ပြုသင့်တယ်ထင်လို့ ခွင့်ပြုတယ်... စုံစမ်းသင့်တယ်ထင်လို့ စုံစမ်းတယ်... အဲဒီလိုပဲ ဖြစ်မယ်ထင်ပါတယ်။ ဗျာ... သူတို့လွှတ်တော်ကို တစ်ခုခုဝေဖန်လို့ လျှာလွှဲတာဟုတ်လား... အဲဒါတော့ ကျွန်တော်မသိပါဘူးဗျာ... တကယ်ကို မသိရတာပါ။ အရပ်ထဲမှာပြောနေကြတဲ့ ကျန်တဲ့ဥပဒေတွေကိုတော့ အာပေါင်အာရင်းသန်သန် ဆွေးနွေးငြင်းခုန် ထောက်ခံကန့်ကွက် လုပ်နေကြပြီးတော့ ကိုယ်စားလှယ်တွေကို ကိုယ်စားလှယ်အဖြစ်က ပြန်ရုပ်သိမ်းနိုင်တဲ့ ဥပဒေကိုတော့ အခုအချိန်အထိ လေသံတောင်မဟဘဲ အမေ့ခံနေတယ်ဆိုတာနဲ့ မဆိုင်ဘူးလို့ ထင်တာပဲခင်ဗျ။ အင်း... ဆိုင်ချင်လည်း ဆိုင်မှာပေါ့ခင်ဗျာ။ ကျွန်တော်ကိုဉာဏ်က ဘာမျှသိပ်မသိလို့ပါခင်ဗျ။ ဒါပေမယ့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီး ပြောတဲ့စကားကိုတော့ ကျွန်တော်ကိုဉာဏ် ထောက်ခံတယ်ခင်ဗျ။ မှန်တယ်... လွှတ်တော်ဆိုတာ အုပ်ချုပ်ရေးပိုင်းကို အပြန်အလှန် ထိန်းညှိဖို့သာဖြစ်တယ်။ အုပ်ချုပ်ရေးပိုင်းကို ချောင်ပိတ်ပြီး ရိုက်ဖို့မဟုတ်ဘူးဗျ။ ကျွန်တော်ကိုဉာဏ် ကလေးအတွေး တွေးမိတာတစ်ခု ရှိတယ်ဗျ။ လွှတ်တော်တွေက သူတို့လုပ်ပိုင်ခွင့်ရှိတဲ့ ဥပဒေတွေနဲ့ ပါဝါပြတယ်ဆိုတော့ သူတို့တွေလည်း ဥပဒေနဲ့အညီ အပြည့်အ၀ လိုက်နာတဲ့ နိုင်ငံသားတွေ ဟုတ်ရဲ့လားဆိုတာပါပဲ။ အရေးယူအပြစ်ပေးတာက အုပ်ချုပ်ရေးပိုင်းက လုပ်တာမဟုတ်လား။ ကိုယ်ပိုင်လုပ်ငန်းတွေမှာ အခွန်မဆောင်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ကိုယ်စားလှယ်ဆိုတဲ့ ရာထူးအာဏာကို အသုံးချပြီး အခွင့်ထူးခံ လုပ်နေတာတွေ၊ စတဲ့စတဲ့ ဥပဒေနဲ့ မညီတဲ့ နေထိုင်ပြုမူမှုတွေအတွက် အုပ်ချုပ်ရေးပိုင်းက မျက်စိဒေါက်ထောက်ကြည့်ပြီး အရေးယူမယ်ဆိုရင်တော့ အင်း... ပွဲကတော့ ကြည့်လှပြီ။

(င)
လစာတိုး၊ မတိုးကိစ္စ
မလုပ်ကြပါနဲ့ကွယ်ရို့။ အဲဒီကိစ္စကို သိပ်ပြီးတော့ ကျယ်ကျယ်လောင်လောင် မလုပ်ကြပါနဲ့။ ကျွန်တော်လည်း လခစား ၀န်ထမ်းပါပဲဗျာ။ ဒါပေမယ့် လစာတိုးတယ်ဆိုတဲ့ အသံကို ကြားရမှာ အတော်ကြောက်လာတယ်ဗျ။ ဘယ့်နှယ်ဗျာ လစာကဖြင့် တိုးမယ်မကြံသေးဘူး၊ ဈေးနှုန်းတွေက တက်ဖို့အသင့်၊ ခရာမှုတ်တာစောင့်နေတဲ့ အပြေးပြိုင်ပွဲဝင်တွေလိုပဲ။ အင်း အခုလို စိတ်ဓာတ်တွေ၊ အခုလို လုပ်ရပ်တွေနဲ့ဆိုရင်တော့ တာဝန်ရှိသူတွေအတွက်ကတော့ တကယ့်ကို အကျဉ်းအကြပ်ပဲဗျို့။ ပြီးခဲ့တဲ့နှစ်က လာမယ့်ဘဏ္ဍာရေးနှစ်မှာ လစာတွေ တိုးပေးနိုင်ဖို့ ဆောင်ရွက်သွားမယ်လို့ ကြားလိုက်မိသလိုပါပဲ။ အင်း... ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ်အတွက် ရေးဆွဲမယ့် ဘတ်ဂျက်ဥပဒေကိုပဲ စောင့်ကြည့်ရတော့မှာပဲ။ လစာတိုးတာတော့ လိုချင်တယ်ဗျာ.. ဒါ အမှန်အတိုင်းပဲ။ ဒါပေမယ့် ကိုယ်တွေတိုးမယ့် လစာကြောင့် ကုန်ဈေးနှုန်းတွေ မတန်တဆ တက်သွားမှာကိုတော့ မလိုလားဘူး။ စိတ်ညစ်စရာကြီးဗျာ... တကယ်ပါပဲ။

(စ)
အထည်ချုပ်လုပ်ငန်းတွေ အော်ဒါရနေပြီ
အမေရိကန်က မြန်မာအထည်ချုပ်စက်ရုံတွေဆီကို အော်ဒါစတင်မှာယူနေပြီလို့ အလဲဗင်းကရေးတဲ့သတင်းကို ကြိုဆိုလိုက်ပါတယ်။ မြန်မာ့အ၀တ်အထည်တွေ နိုင်ငံတကာကို ပြန်လည်ထိုးဖောက်နိုင်ပါစေ။ အော်ဒါတွေ အများကြီးရပြီး အထည်ချုပ်စက်ရုံသစ်တွေ အများကြီး ထပ်မံတည်ထောင်နိုင်ပါစေ။ မြန်မာနိုင်ငံသားတွေအတွက် အလုပ်အကိုင် အခွင့်အလမ်းသစ်တွေ အများကြီးပေါ်လာပါစေ။ ကမ္ဘာပေါ်မှာ အရည်အသွေး အကောင်းဆုံးသော အ၀တ်အထည်တွေကို မြန်မာနိုင်ငံကနေ ထုတ်လုပ်နိုင်ပါစေလို့ ဆန္ဒပြုလိုက်ပါတယ်ဗျာ။

(ဆ)
ဦးလှဆွေ
ပုဂ္ဂိုလ်ချင်း မရင်းနှီးသလို၊ အမျိုးလည်း မတော်ပါဘူးဗျာ။ ဂုဏ်ထူးဆောင် ဝေဖန်ရေးသမားတွေကို ကြောက်တဲ့အတွက် ကျွန်တော်ကိုဉာဏ် ကြိုတင်ပြီး စကားပလ္လင် ခံထားရတာပါ။ ဒီတစ်ပတ်အတွက် Man of the Week ကတော့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ကြီး ဦးလှဆွေ ပါပဲဗျာ။ ပေါက်ဖော်လုပ်ရာ ကျနေမှာစိုးပေမယ့် တကယ်လုပ်ဖြစ်ခဲ့တာမို့ လိပ်ပြာသန့်သန့်နဲ့ ပြောပါရစေဦး။ Sky Net ရဲ့ လွှတ်တော်လိုင်းကို ဖွင့်ကြည့်နေတုန်း ကချင်ပြည်နယ် ကိစ္စနဲ့ပတ်သက်ပြီး ဆွေးနွေးနေကြတာကို ကြည့်ခွင့်ရခဲ့တယ်။ အဲဒီအချိန်မှာ လွှတ်တော်ဥက္ကဋ္ဌကြီး ဦးခင်အောင်မြင့်က ဦးလှဆွေ ဆွေးနွေးနိုင်ပါပြီဆိုတော့ ကျွန်တော့်မှာ အတော်ကို အလုပ်များသွားရတယ်။ ဖုန်းကိုယူ၊ Recording စနစ်ကိုပြောင်း၊ တီဗီရှေ့မှာချ၊ တီဗီကိုအသံကျယ် တစ်ဆက်တည်း လုပ်လိုက်ရတယ်။ ကိုယ့်ဇောနဲ့ကိုယ်ဆိုတော့ ပတ်ဝန်းကျင်ကို သတိမေ့သွားတယ်။ ကိုယ့်ထိုင်ခုံမှာ ကိုယ်ပြန်ထိုင်တဲ့ အချိန်ကျတော့ ဘေးက လုပ်ဖော်ကိုင်ဖက်တွေက မျက်လုံးအပြူးသားနဲ့ ကြည့်နေတယ်။ မေးမလို့ ပါးစပ်ပြင်နေတာမြင်တော့ ကျွန်တော့်မှာ အလျင်အမြန် စကားမပြောဖို့ လက်ဟန်ခြေဟန်နဲ့ ရှူး... တိုးတိုး လုပ်လိုက်ရတယ်။ ဒီလူဆွေးနွေးတာ ကောင်းလိမ့်မယ်လို့ ပြောလိုက်မိတယ်။ သိပ်တော့ စိတ်မ၀င်စားကြဘူး။ ကျွန်တော့်အတွက်ကတော့ အတော်ကို တန်သွားတယ်လို့ ပြောရမယ်။ လက်ခံသင့်တာတွေပါသလို၊ ကျွန်တော်လက်သင့်မခံတာတွေလည်း ပါပါတယ်။ ဒါပေမယ့် ဦးလှဆွေရဲ့ တွေးပုံ၊ ပြောပုံ၊ ချဉ်းကပ်ပုံ၊ နားထောင်တဲ့လူကို စွဲဆောင်ပုံတွေကို ကျွန်တော်က သဘောကျမိတာပါ။ လွှတ်တော်သတင်းဆိုတာက အမှန်အတိုင်းပြောရရင် ဘောလုံးပွဲလောက်၊ တင်းနစ်ပွဲလောက် စိတ်ဝင်စားစရာ မကောင်းဘူးဗျ။ ဒါပေမယ့် ဦးလှဆွေတို့ကျတော့ အဲဒီလိုမဖြစ်အောင် ပြောတတ်တယ်။ သူဆွေးနွေးနေတဲ့အချိန်မှာ ပရိသတ်ရဲ့အာရုံဟာ သူ့ဆီမှာပဲရှိနေအောင် သူပြောတတ်တယ်။ အဲဒီ အရည်အချင်းကို ကျွန်တော်အကြိုက်ဆုံးပဲ။ နောက်ထပ်ကြိုက်တာက ဘယ်သူနဲ့မှ မတူတတ်တဲ့ သူ့ရဲ့ ချဉ်းကပ်ပုံပဲ။ သူ့အမြင်တွေဟာ အခြားလူတွေနဲ့ မတူကွဲပြားနေတတ်တာကို ကျွန်တော် သတိထားမိတယ်။ ဒီကချင်ကိစ္စ တစ်ခုတည်းတင် မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ အစည်းအဝေးတွေမှာ သူမေးခဲ့၊ ဆွေးနွေးခဲ့တဲ့ အကြောင်းအရာတွေဟာလည်း စိတ်ဝင်စားဖို့ ကောင်းတယ်ဆိုတာ ဖတ်ဖူးသူတိုင်း၊ နားထောင်ဖူးသူတိုင်း သိကြပါတယ်။ အခုလိုတွေ ရေးနေလေတော့ ဦးလှဆွေကို သိဒ္ဓိတင်နေတယ်လို့ မထင်လိုက်ပါနဲ့ဗျို့။ ကြိုက်တဲ့အချက်တွေမို့ ကြိုက်တယ်လို့ ပြောရတာပါ။ သူ့မှာ ကျွန်တော်မကြိုက်တဲ့ အချက်တွေလည်း အများကြီး ရှိသေးပါသဗျ။ အခုလောလောဆယ်တော့ ဦးလှဆွေဟာ သတင်းလူသား ဖြစ်နေလေရဲ့ဗျို့။ VOA တို့၊ RFA တို့အတွက် သူပြောခဲ့တဲ့ စကားတွေက ကိုးကားစရာတွေ ဖြစ်နေတုန်းပဲ။ ကျွန်တော် အသံဖမ်းထားတဲ့ ဖိုင်ကို ပြန်တင်ပေးဖို့ စီစဉ်လျက်ရှိကြောင်းပါ။ ကြားထဲမှာ အခြားလူတွေရဲ့ စကားပြောသံတွေ ပါနေတဲ့အတွက် အဲဒီအသံတွေကို ဖယ်နိုင်တဲ့ Software တစ်ခု လိုက်ရှာနေဆဲ ရှိသေးကြောင်းပါခင်ဗျား။ "ရွှေလက်နဲ့ ခေါ်တုန်းကိုလာပါ... Bullet လွှတ်လိုက်တာကို မလိုချင်ပါနဲ့" ဆိုတာကတော့ ဒီအပတ်အတွက် လူပြောအများဆုံး စကားတစ်ခွန်းဖြစ်ကြောင်းပါခင်ဗျား။

တစ်ပတ်စာပို့စ် နောက်ကျတဲ့အတွက်နဲ့ ဒီအပတ်မှာ အခက်အခဲအချို့ကြောင့် ပြည့်ပြည့်စုံစုံ မရေးလိုက်နိုင်တာကို ခွင့်လွှတ်ပေးကြပါကုန်။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၂၉ ရက်၊ အင်္ဂါနေ့။
ညနေ ၇ နာရီ ၁၂ မိနစ်တွင်ပြီး၏။ 

Wednesday, January 23, 2013

တစ်ပတ်စာပြောစရာ သောင်းပြောင်းထွေလာ (ဇန် ၁၄ - ၂၀)



(က)
ဦးသိန်းစိန်အစိုးရ နှင့် ICRC
သမ္မတဦးသိန်းစိန်ကို အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (အိုင်စီအာစီ) ဥက္ကဋ္ဌ နေပြည်တော်မှာ လာတွေ့တဲ့သတင်းနဲ့ ဒီပို့စ်ကို ဖွင့်လိုက်ပါတယ်။ ဦးသိန်းစိန် သမ္မတဖြစ်ပြီးကတည်းက လာလိုက်ကြတဲ့ ဧည့်သည်တွေဆိုတာ နည်းတာမှမဟုတ်တာ။ အဲဒါကိုများ ကျွန်တော်ကိုဉာဏ်က အိုင်စီအာစီနဲ့တွေ့တာကို ရေးကြီးခွင်ကျယ် လုပ်နေရသလဲလို့ မတွေးကြပါနဲ့ဗျာ။ ကျွန်တော့်အတွက်ကဖြင့် ထူးခြားနေတယ်လို့ ထင်မိလို့ပါ။ စာဖတ်သူတို့ သိတဲ့အတိုင်းပဲ အိုင်စီအာစီဆိုတာ ကျွန်တော်တို့တွေအတွက် ထူးခြားလှတဲ့ အဖွဲ့အစည်း မဟုတ်ပါဘူး။ ယခင်အစိုးရလက်ထက်တုန်းက အိုင်စီအာစီဆိုတာ မြန်မာပြည်ကို ချောင်းပေါက်အောင် လာခဲ့သူပေါ့။ အဖွဲ့ရဲ့ ရည်ရွယ်ချက်တွေက ကောင်းပေမယ့် သူလည်း တခြားအဖွဲ့အစည်းတွေလိုပဲ ဒီပုတ်ထဲက ဒီပဲမို့ သိပ်ပြီးတော့ ကြည့်မရတာ အမှန်ပါပဲ။ နိုင်ငံကြီးတွေဆီက အလှူငွေဒေါ်လာတွေ မြိုးမြိုးမြက်မြက်ရအောင် ဘယ်နိုင်ငံမှာ ဘယ်လိုလုပ်ရမယ်ဆိုတာ သိနေတဲ့အဖွဲ့ကြီးလို့ပဲ ကျွန်တော်က မှတ်ထားမိတယ်ဗျာ။ ကျွန်တော့်သူငယ်ချင်းတစ်ယောက် ပြောတဲ့စကားလေးဆိုရင် ဒီနေ့အထိ ကျွန်တော့်နားထဲက မထွက်သေးဘူး။ လွန်ခဲ့တဲ့ ၃ နှစ်လောက်က ပြောခဲ့တဲ့စကားလေးပါ။ "အိုင်စီအာစီဆိုတာ တခြားနိုင်ငံတွေမှာ ဘာလုပ်လဲတော့ ငါမသိဘူး၊ မြန်မာပြည်လာရင်တော့ ထောင်တွေသွားပြီး သူတို့စာရင်းမှတ်လာတဲ့ ထောင်သားတွေကို သွားတွေ့တဲ့ အဖွဲ့အစည်းကွ" တဲ့။ အဲဒီတုန်းက သူငယ်ချင်းပြောတဲ့ အချိန်မှာ ကျွန်တော်အတော်လေးကို ရယ်ခဲ့မိတာ သတိရမိပါတယ်။ ကျွန်တော်မတွေးမိတဲ့ အတွေးကို သူတွေးတတ်တဲ့အတွက် သူ့ကိုလည်း အံ့သြတကြီးနဲ့ ကြည့်မိပါတယ်။ သေချာစဉ်းစားကြည့်တော့လည်း သူပြောတာ ဟုတ်နေတာပါပဲ။ ပြည်ပကနေ လေတိုက်ပွဲ ဆင်နွှဲခဲ့ကြတဲ့ တစ်ခေတ်အခါဆီက သံချပ်တွေထဲမှာတောင် ထည့်ရေးခဲ့၊ ထည့်စပ်ခဲ့ရတဲ့ အိုင်စီအာစီက အခုလည်း မြန်မာပြည်ကိုလာပြီး ဘာတွေလုပ်ဦးမလဲဆိုတာ စောင့်ကြည့်သေးတာပေါ့ဗျာ။ အင်းစိန်ထောင်တို့၊ မန္တလေးထောင်တို့ စတဲ့ ထောင်တွေကိုလည်း ထောင်ပေါင်းစုံလှည့်လည်ရေး လုပ်ဦးမလားဆိုတာ စိတ်ဝင်စားစရာပါ။ စာဖတ်တဲ့လူတွေတော့ မသိဘူး။ ကျွန်တော်ကိုဉာဏ်ကဖြင့် အခုရေးနေရင်းနဲ့ကို ကျွန်တော့်သူငယ်ချင်း ပြောခဲ့တဲ့စကားတွေကို ပြန်တွေးမိပြီး ရယ်နေမိတယ်ဗျာ။ :D

(ခ)
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ခရီးစဉ်များ
ကာချုပ်ကြီး စင်ကာပူနဲ့ မလေးရှားကို သွားတဲ့သတင်းကိုလည်း ပြီးခဲ့တဲ့အပတ်အတွင်း သတိထားမိပါတယ်။ သတင်းစာမှာ ဖတ်ရသလောက်၊ ရုပ်မြင်သံကြားမှာ ကြည့်ရသလောက်ကတော့ အထွေအထူး ဘာကြောင့်သွားရတယ်ဆိုတာ ပြောလို့မရပါဘူး။ ချစ်ကြည်ရေးခရီးသက်သက် သွားတာလို့ပဲ ကောက်ချက်ချရမှာပါပဲ။ ဒီနေရာမှာ ကျွန်တော်တစ်ခု ဘ၀င်မကျတာက ကာချုပ်ခရီးစဉ်နဲ့ပတ်သက်လို့ ကျွန်တော်တို့ပြည်တွင်းမှာကတော့ ထုံးစံအတိုင်း သိုသိုသိပ်သိပ် လျှို့လျှို့ဝှက်ဝှက်မို့ မပြောလိုပါဘူး။ တပ်နဲ့ပတ်သက်တဲ့ သတင်းဆိုတာ မြန်မာပြည်မှာတော့ ဘော်လီဝတ်ပြီး၊ အတွင်းခံဝတ်ထားတာချည်းပါပဲ။ ထူးဆန်းတာက ကာချုပ်သွားခဲ့တဲ့ နိုင်ငံတွေကလည်း ခရီးစဉ်နဲ့ပတ်သက်ပြီး သေသေချာချာ ထုတ်ပြန်ခြင်း မပြုကြတာပါပဲ။ အခုဖြစ်နေတာက သတင်းစာမှာပါသလောက်ကိုပဲ ကျွန်တော်တို့တွေ သိခွင့်ရှိ၊ လေ့လာခွင့် ရှိတာပါပဲ။ ဘယ်ကိုသွားတယ်၊ ဘယ်သူနဲ့တွေ့တယ်၊ ဘာတွေကြည့်တယ်၊ ဒီလောက်ပဲ။ ဘာပဲဖြစ်ဖြစ် အာဆီယံဒေသတွင်း နိုင်ငံတွေက တပ်မတော်အသီးသီးနဲ့ ဆက်ဆံရေးကောင်းတွေ တည်ဆောက်ခြင်းဟာ မလွဲမသွေ လိုအပ်ချက်တစ်ခု ဖြစ်တယ်လို့ အကောင်းဘက်က တွေးမိပါတယ်။ သြော်... ထူးခြားတာ နောက်တစ်ခုကတော့ အခြားနိုင်ငံတွေ ရောက်တဲ့အချိန်မှာ ကာချုပ်ဟာ ဘယ်ရီဦးထုပ် (Beret Cap) ကို ၀တ်ဆင်ခဲ့တာပါပဲ။ ကျွန်တော်တို့ တစ်ခါမျှ မမြင်ဘူးသေးတဲ့ မြန်မာ့တပ်မတော်က ကာချုပ်တစ်ယောက်ရဲ့ ၀တ်စားဆင်ယင်မှုပါ။

( ဂ )
ဆီးဂိမ်းနှင့် Wi Fi
ကျွန်တော်တို့မြန်မာတွေမှာလည်း ခက်တော့လည်း ခက်တယ်ဗျာ။ သနားစရာကောင်းတယ်ပဲ ပြောရမလား၊ သောက်မြင်ကတ်လောက်အောင် တုံးလွန်းတယ်လို့ ပြောရမလား၊ ဘာပြောရမှန်းကို မသိတော့ပါဘူးဗျာ။ သတင်းစာတွေမှာ ဟိုးလေးတကြော် ထည့်သွင်းဖော်ပြနေတဲ့ (ဂုဏ်ယူစွာနဲ့) သတင်းတစ်ပုဒ်ကို ပြောပြပါရစေ။ "(၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ကျင်းပချိန်တွင် မြန်မာနိုင်ငံ၌ Wi Fi သုံးစွဲနိုင်ရန် စီစဉ်လျက်ရှိသည်" တဲ့။ အဲဒါ သတင်းစာထဲမှာ ရေးထားတဲ့အတိုင်း ပြန်ရေးပြထားတာပါ။ ကိုယ့်နိုင်ငံမှာ အိမ်ရှင်လုပ်မယ့်ပွဲကို မတတ်သာလို့ လုပ်ပေးရမယ့် ပုံစံမျိုးနဲ့တော့ ဟုတ်နေပြီလို့ပဲ ပြောချင်ပါတယ်။ ကျွန်တော်တို့အစိုးရအတွက် Wi Fi စီစဉ်ပေးရတယ်ဆိုတာ တကယ့်ကို အခက်အခဲကြီးတစ်ရပ် ဖြစ်နေတဲ့ပုံစံပါပဲ။ ကျွန်တော်မြင်မိတာကတော့ အဲဒီအချိန်ကျရင် အခုလို ကွန်နက်ရှင်း ပုံစံမျိုးနဲ့ကတော့ မြန်မာ့သိက္ခာကတော့ အာဆီယံနိုင်ငံတွေကြားမှာ ကောင်းကောင်းကို ကျရဦးမယ်လို့ တွေးမိပါတယ်။ ဓာတ်ပုံပို့လည်းမရ၊ ဗီဒီယိုဖိုင်တင်လည်းမရ ဆိုရင်တော့ဖြင့် အင်း...... ကြိုတင်ပြီးတော့သာ မျက်နှာအုပ်ဖို့အတွက် ကုလားမတွေရဲ့ ပုဝါတွေ ၀ယ်ထားရမလိုပါပဲ။ ကျွန်တော်တို့နိုင်ငံမှာ e-Government, e-Office, e-Visa စတဲ့စကားလုံးတွေကို သတင်းစာတွေထဲမှာ၊ ရုပ်မြင်သံကြားမှာ မကြာခဏ ကြားခဲ့ရဖူးပါတယ်။ အခုတော့ အဲဒီစကားလုံးတွေနဲ့ ပတ်သက်ပြီး သံသယရှိလာပါတယ်။ အစိုးရအဖွဲ့ဝင် ၀န်ကြီးတွေဟာ အဲဒီစနစ်တွေကို တကယ်ရော နားလည်ကြရဲ့လား၊ သိကြရဲ့လား၊ သုံးဖူးကြရဲ့လားဆိုတာကို ကျွန်တော် တကယ်ကို သံသယဖြစ်နေပါပြီ။ သတင်းစာထဲမှာ စိတ်ဝင်စားစရာ အချက်အလက်တစ်ခု ပါသေးတယ်ဗျ။ မြန်မာနိုင်ငံ၌ အင်တာနက်နှင့် မိုဘိုင်းဖုန်းသုံးစွဲသူ လေးသိန်းခန့်ရှိတယ် ဆိုတာပါပဲ။ အဲဒီလေးသိန်းထဲမှာ ကိုဉာဏ်ဆိုတဲ့ကောင် ပါနေတဲ့အတွက် ကိုယ့်ဘာသာကိုယ်တောင် ဂုဏ်ယူမိသေးတော့တယ်။ တစ်လက်စတည်း မြန်မာပြည်လူဦးရေ သန်း ၆၀ နီးပါးနဲ့ တွက်ကြည့်မိတော့ ငါဆိုတဲ့ကောင်က မြန်မာပြည်မှာ အခွင့်ထူးခံများ ဖြစ်နေသလားလို့ တွေးမိပြန်ပါတယ်။ ဟုတ်တယ်လေ ကျွန်တော့်လို အင်တာနက် မသုံးနိုင်တဲ့လူ၊ မိုဘိုင်းဖုန်း မကိုင်နိုင်တဲ့လူက သန်း ၅၀ ကျော် (တော်တော်ကြီးကျော်၊ ပိုးစိုးပက်စက်ကျော်) ရှိနေသေးတယ်ဆိုတော့ ကျွန်တော်ဆိုတဲ့ကောင်ကလည်း အခွင့်ထူးခံပဲပေါ့ဗျာ။ :D ဆီးဂိမ်းနဲ့ ၀ိုင်ဖိုင် ဘာတွေဆက်ဖြစ်မယ်ဆိုတာ ဆက်လက်ရှုစားကြတာပေါ့ခင်ဗျာ။

(ဃ)
နာရေးကြော်ငြာ စာမျက်နှာ
အထူးအထွေတော့ ပြောစရာမရှိပါဘူး။ အရင်က မမြင်မတွေ့တာ ကြာပြီဖြစ်တဲ့ အသုံးအနှုန်းတွေကို ပြန်လည် မြင်တွေ့ဖတ်ရှုရတဲ့အတွက် စိတ်ထဲမှာ တစ်မျိုးဖြစ်ရလို့ပါ။ ပြောချင်တာက တစ်ခုတည်းပါပဲ။ "တာဝန်ထမ်းဆောင်နေစဉ် ရုတ်တရက် ကွယ်လွန်သွားပါသဖြင့်" "တိုင်းပြည်တာဝန်ထမ်းဆောင်ရင်း ကွယ်လွန်သွားပြီဖြစ်ကြောင်း" ဆိုတဲ့ အသုံးအနှုန်းတွေ ပြန်ဖတ်ရတဲ့အကြောင်းပါ။ နောက်ဆိုရင် ဘယ်နေ့၊ ဘယ်ရက်က၊ ဘယ်နေရာအနီးတွင် မော်တော်ယာဉ် မတော်တဆမှုကြောင့် ရုတ်တရက်ကွယ်လွန်သွားပါသဖြင့် ဆိုတဲ့အသုံးအနှုန်းတွေ ပြန်ဖတ်ရတော့မလားလို့ တွေးမိပါတယ်။ ကျွန်တော်တို့မြန်မာတွေ ဘယ်လိုပဲသေသေ အားလုံးကို တစ်ပြေးညီတည်း ကွယ်လွန်သွားပါသဖြင့် ဖြစ်ခဲ့တာ အတော်ကြာခဲ့ပြီရော။

( င )
၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၁၅ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာပါ သတင်းဖော်ပြပုံ
သိပ်သဘောကျတယ် :D :D :D


( စ )
ဥပဒေတွေ ရုပ်သိမ်း၊ ပြဋ္ဌာန်းမှု
ဒီဥပဒေတွေ ရုပ်သိမ်းတာ၊ ပြဋ္ဌာန်းတာကို မှတ်သားထားမိတယ်။
  1. နိုင်ငံတော်တာဝန်ကို တည်ငြိမ်အေးချမ်းစွာ စနစ်တကျ လွှဲပြောင်းပေးရေးနှင့် အမျိုးသားညီလာခံလုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်ရေးတို့ကို နှောင့်ယှက်ဆန့်ကျင်ခြင်းမှ ကာကွယ်သည့်ဥပဒေကို ရုပ်သိမ်းသည့်ဥပဒေ (ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၁/၂၀၁၃၊ ၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလ ၁၅ ရက်)
  2. တိုင်းရင်းဆေးကောင်စီဥပဒေကို ပြင်ဆင်သည့်ဥပဒေ (ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၂/၂၀၁၃၊ ၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလ ၁၅ ရက်)


(ဆ)
ဝန်ကြီး ၂ ဦး ရာထူးမှ နုတ်ထွက်မှု
နုတ်ထွက်သွားတာက ဆက်သွယ်ရေးနဲ့ သတင်းအချက်အလက်နည်းပညာဝန်ကြီး ဦးသိန်းထွန်းနဲ့ သာသနာရေးဝန်ကြီး သူရဦးမြင့်မောင်။ (သမ္မတရုံးအမိန့်အမှတ် ၂/၂၀၁၃၊ ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၁၆ ရက်)။ ဒီနေ့အထိ ဟိုးလေးတကြော်နဲ့ ပြောမဆုံးပေါင် တောသုံးထောင် ဖြစ်နေသေးတဲ့ အကြောင်းအရာတစ်ခု ဖြစ်ပါတယ်။ ဘာဖြစ်လို့ နုတ်ထွက်တာလဲ၊ သူတို့သဘောနဲ့သူတို့ဆိုတာ တကယ်ပဲလား၊ သမ္မတကြီးရဲ့ အမိန့်ကို မနာခံလို့ဆိုတာ ဟုတ်သလား၊ အကျင့်ပျက်ခြစားမှုတွေ၊ လာဘ်ပေးလာဘ်ယူမှုတွေ ကျူးလွန်ခဲ့တယ်ဆိုတာ မှန်သလား၊ သူတို့ကို အခု အထူးစုံစမ်းစစ်ဆေးရေး (စစစ)က စစ်နေတယ်ဆိုတာ တကယ်ပဲလား၊ ဒေါက်တာစိုင်းမောက်ခမ်းတို့ ကော်မတီက ဒီကိစ္စကို ကိုင်တွယ်ဆောင်ရွက်ခဲ့တယ်ဆိုတာ ဟုတ်သလား၊ တကယ်လို့ လာဘ်ပေးလာဘ်ယူမှုတွေ ကျူးလွန်ခဲ့တယ်ဆိုတာ ပေါ်ပေါက်ခဲ့ရင် ဘယ်လိုဆက်ပြီး ဆောင်ရွက်မှာလဲ၊ ပိုင်ဆိုင်မှုတွေကို သိမ်းဆည်းမှာလား၊ ထောင်ချမှာလား၊ သူတို့နေရာမှာ ဘယ်သူ့ကို အစားထိုးခန့်အပ်မှာလဲ၊ ဆက်သွယ်ရေးဝန်ကြီး ပြောင်းသွားပြီဆိုတော့ ဖုန်းကတ်တွေ အလကားနီးနီး၊ ဒါမှမဟုတ် တစ်သောင်းလောက်နဲ့ ရတော့မလား၊ ဖုန်းပြောခတွေ ဈေးနှုန်းလျှော့ချပေးတော့မလား၊ ..........လား၊ ............လား။ ကဲ... ဒါတောင် ၀န်ကြီး ၂ ဦးပဲ နုတ်ထွက်လို့နော်။ မဟုတ်လို့ကတော့ ဟွန်း... ဘယ်ပြောကောင်းလိုက်မလဲ။ ကျွန်တော်ကိုဉာဏ်မှာ မေးစရာတွေ အများကြီးကျန်သေးတယ်ဗျ။

( ဇ )
Sister Cities
ရန်ကုန်မြို့သည် နိုင်ငံတကာမြို့တော်များနှင့် ချစ်ကြည်ရေး ညီအစ်မမြို့များ ဆောင်ရွက်လျက်ရှိရာ စုစုပေါင်း ပြည်ပနိုင်ငံမြို့တော် ၅ ခုနှင့် ညီအစ်မဖွဲ့ထားကြောင်း ကျွန်တော်ကိုဉာဏ် ဖတ်ရှုလိုက်ရပါတယ်။ ရန်ကုန်ရဲ့ ညီအစ်မတွေကတော့ -
(၁) ယန်ကျိုးမြို့၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ။
(၂) ကူမင်းမြို့၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ။
(၃) နန်နင်းမြို့၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ။
(၄) ဟိုချီမင်းမြို့။ ဗီယက်နမ်နိုင်ငံ။
(၅) ဘူဆန်မြို့၊ ကိုရီးယားသမ္မတနိုင်ငံ။
ညီအစ်မမြို့တော် သတ်မှတ်ဆောင်ရွက်ခြင်းရဲ့ အကျိုးအပြစ်တွေဟာ ဘာတွေလဲဆိုတာ ကျွန်တော် မသိသေးပါဘူး။ လေ့လာရပါဦးမယ်။ အခုလောလောဆယ်တော့ ကိုယ့်နိုင်ငံက ရန်ကုန်ရဲ့ ညီအစ်မတွေကို သိထားသင့်တယ်ထင်လို့ ရေးလိုက်တာပါ။ ကြည့်ရတာတော့ ရန်ကုန်ဟာ ညီအစ်မတွေထဲမှာ အချူချာဆုံးနဲ့ ရုပ်အဆိုးဆုံး ထင်တာပါပဲ။ စာဖတ်သူရော ဘယ်လိုသဘောရသလဲဗျ။ ဘယ်သူအချောဆုံးလဲ ထင်သလဲ။ အစ်မကြီး နံပါတ် (၁) လား၊ နံပါတ် (၄) လား၊ ဒါမှမဟုတ် နံပါတ် (၅) လား။ :D

( စ် )
ဦးသိန်းစိန် နှင့် လားရှိုးသိန်းအောင်
ဇန်န၀ါရီလ ၂၀ ရက်နေ့က နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်က ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တွင် အရပ်ဘက်လူ့အဖွဲ့အစည်း ၈၀ ကျော်နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ ထိုနေ့တွင်ပင် လားရှိုးသိန်းအောင်၏ တစ်ကိုယ်တော်ဖျော်ဖြေပွဲကို ရန်ကုန်မြို့၌ ပြုလုပ်ခဲ့သည်။ တွေးနေမိတာက သမ္မတကြီး ဦးသိန်းစိန်လည်း အစိုးရအဖွဲ့တွင် တစ်ကိုယ်တော် ဖျော်ဖြေပွဲတွေပဲ လုပ်နေရသလားဟူသည့် အတွေး။ ပရိသတ်လက်ခုပ်သံတွေကြားမှာ လားရှိုးသိန်းအောင်တစ်ယောက် သီချင်းစုံကို ဘာသာစကားမျိုးစုံနှင့် မမောနိုင်မပန်းနိုင် ဖျော်ဖြေသွားတာ ကျေနပ်စရာပင်။ ဒါပေမယ့် လည်ချောင်းတွေ ဘယ်လောက်နာသွားသလဲ၊ ဘယ်နှရက်လောက် အဲဒီဒဏ်တွေ ခံရမလဲဆိုတာ ပွဲပြီးတဲ့အချိန်မှာ ကျွန်တော်တို့ မတွေးတော့ပေ။ ဒါဆိုရင် သမ္မတကြီးသည်ရော...။

(ည)
မြန်မာပြည်တွင် လွှတ်တော်၏ စုံစမ်းစစ်ဆေးခြင်းခံရမည့် ပထမဆုံးဘလော့ဂ်ဂါကြီး ဒေါက်တာဆိတ်ဖွား
ပြီးခဲ့သည့် အပတ်အတွင်း အင်တာနက်ပေါ်မှာ၊ လက်ဘက်ရည်ဆိုင်မှာ၊ ရုံးဌာနတွေမှာ၊ လွှတ်တော်ထဲမှာ ခေတ်အစားဆုံး၊ လူပြောအများဆုံး၊ ပေါ်ပြူလာအဖြစ်ဆုံး စကားလုံးတစ်လုံး ပေါ်ထွက်လာခဲ့ချေသည်။ အခြားမဟုတ်။ ဒေါက်တာဆိတ်ဖွား ဖြစ်သည်။ ဝေဖန်မှုတွေ သောသောညံခဲ့သည်။ သြဘာသံတွေ ဘ၀ဂ်လျှံခဲ့သည်။ အလုပ်မရှိ ဟိုဟာလုပ်တယ်လို့ ပြောတဲ့လူက ပြောကြသည်။ အချို့ကလည်း အလုပ်မရှိ ကြောင်ရေချိုးလုပ်တာဟု ဆိုကြပြန်သည်။ တချို့ကတော့ ဟိုဟာကို အနာလုပ်တာဟု ပြစ်တင်ကြပြန်သည်။ ဘယ်သူတွေ ဘယ်လိုပဲပြောပြော ဒေါက်တာဆိတ်ဖွားကတော့ မြန်မာကျော်သွားခဲ့သည်။ လက်ရှိအချိန်တွင် ကိုယ်ဝန်ဆောင်ထားကြသည့် မိခင်လောင်းများအနေဖြင့် မွေးလာသည့် သားယောက်ျားလေးကို ဆိတ်ဖွားဟု အမည်ပေးလျှင် ကောင်းလေမည်လားဟု တွေးနေကြမည်လား မပြောတတ်။ ဒေါက်တာဆိတ်ဖွားက နှစ်ဘ၀လုံး အောင်မြင်သည်ဟု ပြောရမည်ထင်သည်။ ပထမဘ၀က မင်းသိင်္ခ၏ ဒေါက်တာဆိတ်ဖွားဘ၀။ ဒုတိယဘ၀က ဘလော့ဂ်ပေါ်က ဒေါက်တာဆိတ်ဖွားဘ၀။ နောက်ထပ် ဘယ်ဘ၀နဲ့ ဒေါက်တာဆိတ်ဖွား ထပ်ပေါ်လာဦးမလဲဆိုတာ စောင့်ကြည့်ချင်သေးသည်။ နိုင်ငံခြားကကောင်တွေလိုသာ အရူးထရဲလျှင် ကျွန်တော်ကိုဉာဏ် လမ်းပေါ်ထွက်ပြီး အော်ပစ်လိုက်ချင်သည်။ "အဲဒါ ငါတို့မြန်မာ့လွှတ်တော်ကွ" လို့။ :D (နှစ်ရှည်လများ ဘလော့ဂ်ရေးလာသည့် ကိုညီလင်းဆက်တို့၊ မနိုင်းနိုင်းစနေတို့ကို မနေ့တစ်နေ့ကမှ ပေါ်လာတဲ့ ဒေါက်တာဆိတ်ဖွားက ကျော်တက်သွားတာကတော့ ကိုညီလင်းဆက်လေသံနဲ့ ပြောရရင်တော့ နာသကွာ :D)

စာကြွင်း။ တစ်ပတ်စာကို တနင်္ဂနွေနေ့တိုင်း ရေးဖြစ်၊ တင်ဖြစ်အောင် တေးထားပေမယ့် အချိန်အခက်အခဲကြောင့် ဒီအပတ်မှာ အဆင်မပြေခဲ့ပါဘူး။ အဲဒါကြောင့် ဒီနေ့မှပဲ တင်ပေးရတာကို နားလည်ပေးကြပါကုန်။ 
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလ ၂၃ ရက်၊ ဗုဒ္ဓဟူးနေ့။
နံနက် ၁ နာရီ ၅၄ မိနစ်တွင်ပြီး၏။

Monday, January 14, 2013

တစ်ပတ်စာပြောစရာ သောင်းပြောင်းထွေလာ (ဇန် ၇ - ၁၃)



(က)
လာဘ်ပေးလာဘ်ယူကော်မတီ
ဒုတိယသမ္မတဒေါက်စိုင်းမောက်ခမ်း၊ ဒုတိယဗိုလ်ချုပ်ကြီးကိုကို၊ ဦးသိန်းညွန့်၊ ဦးစိုးမောင်၊ ဦးစိုးသိန်း၊ ဦးတင်နိုင်သိန်း၊ ဒေါက်တာထွန်းရှင်၊ ဦးသန်းကျော်၊ ဦးလှထွန်း တို့ ၉ ဦးပါဝင်တဲ့ လာဘ်ပေးလာဘ်ယူမှု အရေးယူဆောင်ရွက်ရေးကော်မတီ ဖွဲ့စည်းခဲ့တာဟာ ပြောစရာတွေ များလွန်းလှပါတယ်။ တစ်အချက်၊ ဒီကော်မတီဟာ တကယ်ပဲ အဲဒီကိစ္စတွေကို တိုက်ဖျက်မှာလား။ ပါဝင်ဖွဲ့စည်းထားတာတွေက သမ္မတရုံးကို မူတည်ပြီး ဖွဲ့ထားတယ်လို့ တွက်ဆရပါတယ်။ သမ္မတရုံးနဲ့ လွတ်ကင်းတယ်ပြောရမလား၊ သမ္မတရုံးက မဟုတ်သူလို့ ဆိုရမလား၊ ထားပါတော့ဗျာ၊ အဲဒီလို ပါတာဆိုလို့ ပြည်ထဲရေးဝန်ကြီး တစ်ဦးတည်းသာ ရှိပါတယ်။ နှစ်အချက်၊ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ကျွန်တော့်အမြင်ကတော့ ဒီကော်မတီဟာ အလုပ်ဖြစ်နိုင်စရာ မရှိဘူးလို့ ထင်မိပါတယ်။ နမူနာပြောရရင် ဒေါက်တာစိုင်းမောက်ခမ်းရဲ့ ပိုင်ဆိုင်မှု ဘယ်လောက်ရှိတယ်ဆိုတာ ကျွန်တော်တို့ မသိရဘူး။ အခု ဒုတိယသမ္မတသက်တမ်း ၂ နှစ်လောက်အတွင်းမှာ သူ့ရဲ့ ပိုင်ဆိုင်မှုက ဘယ်လောက်ထပ်တိုးသွားသလဲ ကျွန်တော်တို့ မသိဘူး။ အဲဒီလိုပဲ ဦးစိုးသိန်းမှာ ဘယ်လောက်ပိုင်ဆိုင်မှု ရှိသလဲဆိုတာ ကျွန်တော်တို့ မသိဘူး။ စက်မှုဝန်ကြီး ဖြစ်ခဲ့တဲ့ကာလမှာ၊ မြန်မာ့စက်မှုဖွံ့ဖြိုးတိုးတက်ရေး ဥက္ကဋ္ဌ လုပ်ခဲ့တဲ့ကာလမှာ သူဘယ်လောက် ပိုင်ဆိုင်မှု ထပ်တိုးခဲ့တယ်ဆိုတာ ကျွန်တော်တို့ မသိဘူး။ ရန်ကုန်မှာရှိတဲ့ နိုင်ငံပိုင်အဆောက်အအုံတွေနဲ့ မြေဧကပေါင်းများစွာ လေလံပစ်ခဲ့တဲ့ကိစ္စတွေ၊ ကားတင်သွင်းခွင့်ကိစ္စတွေ၊ ရန်ကုန်က ခုံးကျော်တံတား ကိစ္စတွေမှာ ဦးစိုးသိန်းအနေနဲ့ ဘာအပေးအယူမှ မရှိဘဲ လုပ်ခဲ့ပါတယ်လို့ ဘယ်သူက အာမခံပေးမလဲ။ ကဲ.. အဲဒါတွေ ထားပါတော့ဗျာ... ဒီကော်မတီက ညွှန်ချုပ်တစ်ယောက်ယောက်၊ ဒါမှမဟုတ် ဒုဝန်ကြီး တစ်ယောက်ယောက်၊ ဒါမှမဟုတ် ၀န်ကြီးတစ်ယောက်ယောက်ကို လာဘ်ပေးလာဘ်ယူ လုပ်ပါတယ်ဆိုပြီး စစ်ဆေးတွေ့ရှိပါပြီတဲ့။ ဘာဆက်လုပ်မှာလဲ။ အဲဒီလူကရော အသာတကြည်ပဲ ဟုတ်ပါတယ် ကျွန်တော်အဲဒီလို လုပ်ခဲ့ပါတယ်ဆိုပြီး ထွက်သွားမှာလား။ မတော်လို့များ အဲဒီလူက ခင်ဗျားတို့ ကော်မတီထဲက ဘယ်သူဘယ်သူကတော့ ဘယ်ကိစ္စ ဘယ်ကိစ္စတွေမှာ ဘယ်လို မသမာမှုတွေ လုပ်ခဲ့ပါတယ်လို့ ပြောခဲ့ရင်ရော ဘယ်လိုဆက်ဖြစ်ကြမှာလဲ။ ကျွန်တော်အခုလို ပြောနေခြင်းသည် ပုဂ္ဂိုလ်ရေးအရ ပြောဆိုနေခြင်း လုံးဝမရှိပါ။ ကော်မတီထဲတွင် ကျွန်တော်နှင့် သက်တူရွယ်တူ ပြိုင်ဘက်တစ်ဦးမျှ မပါရှိပါ။ ထို့အတူ ၎င်းတို့ထဲမှ တစ်ဦးဦးကြောင့် ကျွန်တော့်မိသားစု ဆွေမျိုးအ၀ိုင်းအ၀န်းမှ တစ်ဦးတစ်ယောက်မျှလည်း နစ်နာခဲ့ဖူးခြင်း မရှိပါ။ ကော်မတီကို အမှန်တကယ် အသက်ဝင်စေချင်၍ ဖြစ်ပါသည်။ နောက်တစ်ချက်က လွှတ်တော်တွေက အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေကြမ်းကို ရေးဆွဲပြဋ္ဌာန်းနိုင်ရန် စီစဉ်ထားပြီး ဖြစ်တယ်လို့ သိရှိရပါသည်။ ထိုဥပဒေသာ အမှန်တကယ် ထွက်လာမည်ဆိုလျှင် ယခုကော်မတီသည် ထိုအချိန်တွင် အလကားသက်သက် အပိုဖြစ်သွားမည်ဖြစ်သည်။ ဒါတွေက ကျွန်တော်စဉ်းစားမိသလောက် ရေးပြမိခြင်းပါ။ ဘာပဲပြောပြော အခုဖွဲ့ထားတဲ့ကော်မတီ ဘာလုပ်မလဲဆိုတာတော့ ကျွန်တော်အင်မတန် စိတ်ဝင်စားပါသည်။ တော်တော်ကြာ ဒီကော်မတီသည် ကျွန်တော်ခေါင်းစဉ်တပ်ထားသလို ဖြစ်သွားလျှင်ဖြင့် ကျော်မကောင်း၊ ကြားမကောင်း ဖြစ်မှာကို စိုးရိမ်မိပါသည်။ ပေါ့စေလို၍ ကြောင်ရုပ်ထိုးလိုက်ကာမှ ဆေးအတွက်ဖြင့် မလေးစေလိုပါ။ ငယ်ငယ်ကတည်းက ကြားဖူးနေကျ ဟာသတစ်ခုကို သတိရမိပါသည်။ ရပ်ကွက်ထဲမှာ စာရိတ္တမဏ္ဍိုင် မြှင့်တင်ရေး အစည်းအဝေး ပြုလုပ်သည်တဲ့။ အစည်းအဝေးအပြီး ပြန်ထွက်လာတော့ ဖိနပ် ၂ ရံ ပျောက်သွားသည်တဲ့။ ကဲ... မခက်ချေဘူးလား။ နောက်ထပ် သတိရမိပြန်ပါသည်။ ကာတွန်းတစ်ကွက် ဖြစ်ပါသည်။ အောက်တွင် ရှုစားအတွေးပွားကြပါကုန်။


( ခ )
သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူခန့်အပ်၊ Eleven ၏ ဖွချက်
နိုင်ငံတော်သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦး ခန့်အပ်တယ်ဆိုတာ နိုင်ငံရေးလောကမှာ ဘာမျှ ထူးဆန်းတဲ့အကြောင်းအရာ မဟုတ်ပါဘူး။ နိုင်ငံတိုင်းမှာ အဲဒီလိုမျိုး ခန့်အပ်ထားကြတာချည်းပါပဲ။ နိုင်ငံတကာသတင်းတွေဖတ်ရင် ပြောရေးဆိုခွင့်ရှိသူ ဆိုတဲ့အသုံးအနှုန်းဆိုတာ မမြင်ချင်အဆုံး၊ မဖတ်ချင်အဆုံး မြင်ရဖတ်ရတဲ့ စကားလုံးပါ။ ပြောရမယ်ဆိုရင် ကျွန်တော်တို့နိုင်ငံမှာ အခုလို ခန့်အပ်တာဟာ အင်မတန်မှတောင် နောက်ကျနေတယ်လို့တောင် ပြောနိုင်ပါတယ်။ တစ်ခုခုဆိုတာနဲ့ သမ္မတဆီပဲ တိုက်ရိုက်မေး၊ သမ္မတကပဲ တိုက်ရိုက်ဖြေ ဖြစ်နေတာက အတော်ကြာပါပြီ။ အားလုံးသိတဲ့အတိုင်း မကြာသေးမီ အချိန်ကာလတွေအတွင်းကတော့ နိုင်ငံတကာ သတင်းစာမျက်နှာတွေမှာ သမ္မတရုံးက ပြောရေးဆိုခွင့်ရှိသူဆိုပြီး မှူးဇော်ရဲ့ ဖဘက သတင်းတွေ၊ စကားတွေ၊ ထုတ်ပြန်ချက်တွေကို ကိုးကားဖော်ပြခဲ့ကြပါတယ်။ ဒါပေမယ့် တရားဝင် ခန့်အပ်ထားတဲ့ ပြောရေးဆိုခွင့်ရှိသူ မဟုတ်တဲ့အပြင် မှူးဇော်ဟာ ဘာလဲဆိုတာကိုတောင် ကျွန်တော်တို့ သိခွင့်မရခဲ့ကြပါဘူး။ သမ္မတကြီးကပဲ နားလည်မှုနဲ့ လွှတ်ပေးထားတာလား၊ သူ့ဟာသူပဲ ၀ါသနာအရ လုပ်ချင်ရာလုပ်နေတာလား၊ သမ္မတရုံးရဲ့ ဖွဲ့စည်းပုံအရပဲ သူ့ရဲ့ ညွှန်ကြားရေးမှူးတာဝန်ဟာ အဲဒီအလုပ် လုပ်ရမယ့် ဌာနကလားဆိုတာ ဘာဆိုဘာမျှကို မသိခဲ့တာပါ။ ဒါပေမယ့် သူ့ရဲ့အရေးအသားတွေ၊ ထုတ်ပြန်ချက်တွေ၊ ဖြေရှင်းချက်တွေဟာ မီဒီယာသမားတွေအတွက် အတော်ကြီးကို လှုပ်လှုပ်ခတ်ခတ် ဖြစ်ခဲ့တာတော့ အမှန်ပါပဲ။ အခုတော့လည်း ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ်ကို သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူအဖြစ် တရားဝင် ခန့်အပ်ခဲ့ပါပြီ။ ကြိုဆိုလိုက်ပါတယ်။ ဒါပေမယ့် သမ္မတကြီးရဲ့ ပြောရေးဆိုခွင့်ရှိသူအဖြစ် ဘာတွေလုပ်မလဲ ဆိုတာကတော့ စိတ်ဝင်စားစရာပါ။ သူ့မှာ ဒုဝန်ကြီးတာဝန် ရှိနေသေးတာ ဖြစ်တဲ့အတွက် ဘယ်အလုပ်ကိုမျှ ဖိဖိစီးစီး မလုပ်နိုင်မှာတော့ သေချာပါတယ်။ ပြန်ကြားရေးဘက်ကို လျှော့ပေးလိုက်ပြီး ပြောရေးဆိုခွင့်ဘက်ကို အာရုံစိုက်မလား၊ ဒါမှမဟုတ် သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူအဖြစ် ပီပြင်အောင် ထမ်းဆောင်မလား ဆိုတာဟာ ပဟေဠိပါပဲ။ ကျွန်တော့်အမြင်ကတော့ ပြောရေးဆိုခွင့် ဆိုတဲ့ရာထူးကို သိပ်ပြီးတော့ ပီပြင်အောင် ထမ်းဆောင်နိုင်လိမ့်မယ်လို့ မထင်မိပါဘူး။ သမ္မတကြီးရဲ့ ပြောရေးဆိုခွင့်ရှိသူကို သီးခြားပုဂ္ဂိုလ်တစ်ဦးကိုပဲ ခန့်အပ်သင့်တယ်လို့ မြင်ပါတယ်။ သမ္မတကြီးဘေးမှာ အချိန်ပြည့်ရှိနိုင်မယ့်၊ တာဝန်ထမ်းဆောင်နိုင်မယ့်လူ ဖြစ်သင့်တယ်လို့ ထင်တာပါပဲ။ ဒါတွေကတစ်ပိုင်းပါ။ ကျွန်တော့်မှာ ပြောစရာက ရှိနေပါသေးတယ်။ ပြောရေးဆိုခွင့်ရှိသူ ခန့်အပ်လိုက်တော့ မီဒီယာတွေက ထုံးစံအတိုင်း သတင်းတွေ ရေးသားဖော်ပြကြတာပေါ့လေ။ အဲဒီအထဲမှာမှ ကျေးဇူးရှင် ELEVEN မီဒီယာက သတင်းဖော်ပြပုံလေးက သိပ်သဘောကျလွန်းလို့ ဆဲချင်စရာတောင် ကောင်းသေးတော့တယ်။ ပြောရေးဆိုခွင့်ရှိသူဆိုတာ ၀န်ကြီးကိုပဲ ခန့်အပ်ရမယ်၊ ၀န်ကြီးကိုကျော်ပြီး ဒုဝန်ကြီးကို ခန့်အပ်တာဟာ ၀န်ကြီးကို စော်ကားတာ၊ ချောင်ထိုးတာ၊ သုံးမရလို့ မသုံးတာလို့ သူတို့တွေ ထင်နေရှာတယ်ထင်ပါရဲ့။ သမ္မတကြီး ပြောပြောနေတဲ့ အပြောင်းအလဲကို မလိုက်ပါဘဲ ခေတ်နောက်ပြန်ဆွဲသူတွေ ဆိုတဲ့အထဲမှာ ELEVEN က ထိပ်ဆုံးကဆိုတာ အခုမှပဲ သိခွင့်ရတော့တယ်။ အဲဒီလို အတွေးအခေါ်၊ အဲဒီလို ဖွချက်နဲ့ကတော့ ကုန်းဘောင်ခေတ်ထဲကိုသာ ပြန်သွားပါတော့လို့သာ ပြောလိုက်ပါရစေ။


( ဂ )
ရုပ်မြင်သံကြား သတင်းထုတ်လွှင့်ချိန်များ ပြောင်းလဲ
ပြည်တွင်းသတင်း ထုတ်လွှင့်ချိန်များ အောက်ပါအတိုင်း ဖြစ်သွားပါပြီခင်ဗျား -
(၁) ညနေ ၆း၀၀ မှ ၆း၁၅    အထိ
(၂) ည     ၇း၀၀ မှ ၇း၁၀    အထိ
(၃) ည     ၈း၀၀ မှ ၈း၁၅    အထိ
(၄) ည   ၁၀း၀၀ မှ ၁၀း၃၀  အထိ
ဇန်န၀ါရီလ ၉ ရက်နေ့ကစပြီး ပြောင်းလဲထုတ်လွှင့်နေတာ ဖြစ်ပါတယ်။ ကြေညာချက်ထဲမှာ သတိထားမိတာက (သတိထားမိအောင်လည်း သူတို့က သေသေချာချာ ရေးထားတာမို့ပါ) အများပြည်သူ ၀န်ဆောင်မှု အသံလွှင့်ဌာန ဆိုတဲ့စကားလုံးရယ်၊ ပြည်သူဗဟိုပြုမူဝါဒ ဆိုတဲ့စကားလုံးရယ်ပါ။ အဲဒီ စကားနှစ်လုံးဟာ ၀န်ကြီးဌာနအတွက် ပြောရတာ၊ ရေးရတာ သိပ်လှသလို၊ ဖတ်ရတာလည်း သိပ်သဘောကျစရာပါပဲ။ ဒါပေမယ့် အဲဒီလို တကယ်ဖြစ်နိုင်သလား၊ မဖြစ်နိုင်ဘူးလား ဆိုတာကတော့ မေးခွန်းထုတ်စရာပါ။ အဲဒီစကားလုံး နှစ်လုံးဟာ ဘယ်လိုအဓိပ္ပါယ်ရှိတယ်၊ အဲလိုတကယ်ဖြစ်အောင် ဘယ်လိုဖြစ်လို့ လိုအပ်တယ်ဆိုတာကတော့ ပညာရှင်တွေ ပြောကြဆိုကြပါလိမ့်မယ်။ ကျွန်တော်ကိုဉာဏ်ရဲ့ အရာမဟုတ်ဘူးလို့ နားလည်ပါတယ်။ ဘာပဲဖြစ်ဖြစ် ကောင်းမယ်ထင်တဲ့ အစီအစဉ်တွေ ပြောင်းလဲဆောင်ရွက်နေတာကို ကြိုဆိုလိုက်ပါတယ်ဗျာ။ မကောင်းဘူးဆိုတော့လည်း ထပ်ပြင်ကြတာပေါ့ဗျာ။ အဓိကကတော့ ပြည်သူတွေ လက်ခံလာအောင်၊ ပြည်သူတွေ သဘောကျအောင် လုပ်ဖို့ပဲ မဟုတ်ပါလား။ သြော်... ဒီနေရာမှာ တစ်လက်စတည်း လျှာရှည်လိုက်ပါရစေဦး။ ရုပ်မြင်သံကြားကနေ သတင်းတွေလွှင့်၊ အကျိုးပြုသီချင်းတွေ ထပ်ခါထပ်ခါဆိုပြ၊ ကြွေးကြော်သံတွေ ခဏခဏပြ၊ အကျိုးပြုဇာတ်ကားကြီးတွေ ခဏခဏ ရိုက်ပြနေမှ ၀ါဒဖြန့်တာ မဟုတ်ဘူးဆိုတာပါ။ သိပြီးသားတွေမို့ အကျယ်မချဲ့တော့ဘဲ လိုရင်းကိုပဲ ပြောချင်တာကတော့ ဟောလီးဝုဒ်က ရိုက်နေတဲ့ ဇာတ်ကားတွေဟာ အမေရိကန်ရဲ့ ကမ္ဘာလုံးချီတဲ့ ၀ါဒဖြန့်ချိရေး ယန္တယားတွေဆိုတာပါပဲ။ မြန်မာတွေက အတုံးလိုက် အတစ်လိုက် ၀ါဒဖြန့်တယ်၊ စည်းရုံးတယ်၊ စိတ်ဓာတ်စစ်ဆင်ရေးလုပ်တယ်။ အမေရိကန်တွေကတော့ ပညာနဲ့ ပါးပါးလေး၊ ပါးပါးလေး ထည့်သွားတာပါပဲ။ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ဆက်လက်အောင်မြင်ပါစေဗျာ။ ပြည်သူကြိုက် ၀န်ဆောင်မှုဌာန ဖြစ်ပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။

(ဃ)
ညှို့မဂ္ဂဇင်း ထုတ်ဝေခွင့်ပိတ်ပင်။ အခြားဂျာနယ် ၆ စောင်အား ခေါ်ယူသတိပေး
ဒါပဲလေ... ဒီလိုပဲ ဖြစ်ရမှာပေါ့။ မြန်မာ့မီဒီယာမှာ ဒါမျိုးဖြစ်တာကတော့ ဘာမျှ မဆန်းပါဘူး။ သေချာတစ်ခုကို အရင်ပြောပါရစေ။ ညှို့မဂ္ဂဇင်း အပိတ်ခံလိုက်ရတာကို ၀မ်းနည်းကြောင်း ဖော်ပြတဲ့ဂျာနယ် တစ်ခုမျှ မရှိဘူး၊ ဘယ်စာနယ်ဇင်းသမားကမှလည်း အခုလို အပိတ်ပင်ခံရတဲ့အတွက် အရင်ကလို ဟိုလေးတကြော် ဆန္ဒဖော်ထုတ်တာ၊ အင်္ကျီဆင်တူဝတ်တာ၊ ဦးထုပ်ဆင်တူဆောင်းတာ၊ အားအားလျားလျား လမ်းလျှောက်တာ၊ လက်မှတ်လိုက်ထိုးခိုင်းတာ မရှိကြဘူး။ မြန်မာ့မီဒီယာလောက တစ်ခုလုံးသည် ညှို့မဂ္ဂဇင်းကို သဘောမကျလို့ ကျွန်တော်ကိုဉာဏ် ညီမျှခြင်း ထုတ်လိုက်ပါတယ်ခင်ဗျား။ မူလ လျှောက်ထားစဉ်တုန်းက ဖက်ရှင်မဂ္ဂဇင်းအဖြစ် လျှောက်ထားခဲ့တာလို့ သိရပါတယ်။ ဒါပေမယ့် တကယ် ထုတ်ဝေတဲ့အချိန်ကတော့ လိင်ပညာပေး မဂ္ဂဇင်းအဖြစ် ထုတ်ဝေခဲ့သတဲ့။ (ကျွန်တော့်အမြင်ကတော့ လိင်ပညာပေးမဟုတ်ပါ။ လိင်လှုံ့ဆော်ရေးပါ။) မူလလျှာက်ထားတာနဲ့ တကယ်ထုတ်တာ သိပ်တော့ မလွဲပါဘူးနော်။ တစ်ခုဘာတွေးမိလဲဆိုတော့ အဲဒီမဂ္ဂဇင်းထုတ်ဝေသူနဲ့ အယ်ဒီတာတွေဟာ ရုပ်သေးပွဲတွေမှာ "အခုရှုစားရမှာကတော့ မင်းသားကပါခင်ဗျား" ဆိုပြီး တကယ်ထွက်လာတော့ ဘီလူးရုပ်ကြီး ထွက်ကသလိုမျိုး ဖြစ်နေတယ် ဆိုတာပါပဲ။ အခုတော့လည်း သူ့လမ်းသူ သွားရှာပြီးလို့ အောက်မေ့မိပါတယ်။ ဒါ့အပြင် မူလလျှောက်ထားစဉ်က ခွင့်ပြုချက်နဲ့ မကိုက်ညီတဲ့ ဂျာနယ် ၆ စောင်ကိုလည်း ခေါ်ယူသတိပေးမှုတွေ ပြုလုပ်ခဲ့ပါသတဲ့ဗျာ။ အဲဒီ ၆ စောင်ကတော့
(၁) ကြော်ငြာကမ္ဘာ
(၂) မြနန္ဒာ
(၃) သွေးသစ်
(၄) Media One
(၅) The Farmer
(၆) High Speed Car
ကျွန်တော်ကိုဉာဏ်ကလည်း အတော်ကို တုံးလွန်းပါတယ်ဗျာ။ အဲဒီဂျာနယ် ၆ စောင်ကို ဖတ်ဖူးဖို့ဝေးစွ ကျွန်တော်ကြားတောင် မကြားဖူးဘူးခင်ဗျ။ အဲဒီတော့ ဘယ်လိုတွေ မူလအကြောင်းအရာတွေနဲ့ သွေဖီပြီး ရေးသားဖော်ပြခဲ့တယ်ဆိုတာ ကျွန်တော်မပြောနိုင်တဲ့အတွက် ၀မ်းနည်းမိကြောင်းပါ။ အခုလို ခေါ်ယူသတိပေးမှပဲ အဲဒီလိုနာမည်နဲ့ ဂျာနယ်တွေ ရှိမှန်းသိရတော့တယ်။ မြန်မာ့ဂျာနယ်လောကကြီး ဒီထက် စည်ပင်ပါစေဗျာ။

( င )
ဒေါ်စုက ကချင်ကိစ္စ ၀င်ပါချင်ပြန်ပြီတဲ့
ဒေါ်အောင်ဆန်းစုကြည်က ကချင်ကိစ္စကို ၀င်ပါချင်တယ်လို့ သတင်းတွေဖတ်ရပါတယ်။ အလကားနေရင်း အဲဒီအမျိုးသမီးကို မဝေဖန်ချင်ပေမယ့် သိပ်တော့ အလုပ်မဟုတ်ဘူးလို့ ထင်မိတယ်။ ဘယ့်နှယ်ဗျာ... ဟိုနေရာလည်းပါချင်၊ ဒီနေရာလည်းပါချင်၊ ဘယ်လိုဖြစ်ပြီး ဖိုးပါချင် ဖြစ်နေရတာတုန်းဗျ။ အရင်တုန်းက အဲဒီလိုအလုပ်ကို ၈၈ မျိုးဆက်တွေပဲ လုပ်တယ်လို့ ထင်ခဲ့မိတာ။ အခုမှပဲ ဒေါ်စုကလည်း အဲဒီလို တစ်ဂိုဏ်းတည်းဆိုတာ တဖြည်းဖြည်း သိလာတော့တယ်။ ကျွန်တော်က အလကားနေရင်း တိုက်ခိုက်နေတာ မဟုတ်ဘူးဗျ။ ဆိုပါတော့ဗျာ... သူ့မှာ အခုတကယ်လုပ်နေရတဲ့ တရားဝင်အလုပ်တွေ အများကြီးရှိတယ်။ ဥပမာပြောရအောင် လွှတ်တော်ကိုယ်စားလှယ်အလုပ်၊ နောက် တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးကော်မတီ ဥက္ကဋ္ဌ၊ လက်ပံတောင်းတောင်ကိစ္စ စုံစမ်းစစ်ဆေးရေးကော်မရှင် ဥက္ကဋ္ဌ။ အဲဒီ အလုပ်တွေနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ပြည်သူတွေ စိတ်တိုင်းကျလောက်တဲ့ ရလဒ်တစ်ခုခု ဘယ်နေရာကများ ပြနိုင်သလဲဗျာ။ စကားသိပ်များများ ပြောတဲ့လူတွေထဲမှာ ဒေါ်စု ထိပ်ဆုံးကပါတယ်။ စကားပြောမယ်ဆိုတာချည်းပဲ။ သူပြောသမျှထဲမှာ ဘယ်သူမှ မပြောဖူးတဲ့၊ ဘယ်သူမှ မသိသေးတဲ့စကား ဘယ်နှခွန်းများ ပါသလဲဗျာ။ ပြောတယ်ဆိုတာ သိပ်လွယ်တဲ့ အလုပ်ပါဗျာ။ ဆေးလိပ်သောက်တာ ကျန်းမာရေးကို ထိခိုက်နိုင်တယ်လို့ လူတိုင်းပြောတတ်တယ်ဗျ။ ဒါပေမယ့် ဆရာဝန်တွေကိုယ်တိုင် ဆေးလိပ်သောက်တယ်။ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဒေါ်ခင်ကြည် ဒီမိဘနှစ်ပါးကနေ အတူတူ တစ်ဝမ်းတည်းမွေးထားတဲ့ မောင်နှမချင်းတောင် မတည့်ဘဲနဲ့ ကချင်ကိစ္စကို ၀င်ပါချင်တယ်၊ ဆောင်ရွက်ချင်တယ်ဆိုတော့ ကျွန်တော်ကိုဉာဏ်ကဖြင့် မပြုံးဘဲ ၀ါးလုံးကွဲသာ ရယ်လိုက်ချင်တယ်လို့ ပြောပါရစေခင်ဗျာ။

( စ )
ဂျီအက်စ်အမ် ဖုန်းကို ဈေးနှုန်းလျှော့ချမယ့်ကိစ္စ
စာဖတ်သူတွေက ကျွန်တော့်ထက် သိပြီးသားလူတွေမို့ ဘာမျှမပြောလိုတော့ပါဘူး။ မြန်မာ့ဆက်သွယ်ရေးက တာဝန်ရှိသူတွေကိုသာ မေးချင်တော့တယ်။ ခင်ဗျားတို့တစ်တွေ ပြည်သူတွေဆီကနေ ဟိုလိုတစ်မျိုး၊ ဒီလိုတစ်မျိုး၊ အမျိုးမျိုးသော နည်းလမ်းတွေနဲ့ ဖုန်းကတ်ပြပြီး ဓားပြတိုက်နေတာ မရပ်ကြသေးဘူးလား။ တစ်ဘ၀ တစ်ခန္ဓာနဲ့ပဲ ပြီးသွားမှာဆိုရင်တော့ တစ်မျိုးပေါ့လေ။ ဘ၀တွေ၊ သံသရာတွေ ရှိဦးမယ်ဆိုရင်တော့ ဆက်သွယ်ရေးက တာဝန်ရှိသူတွေ နောင်ဘ၀ကျရင် လူတောင် ဖြစ်ကြပါ့မလားလို့ တွေးမိပြီး သူတို့ကို သနားမိလိုက်ပါဘိတော့တယ်။ ဆက်သွယ်ရေး လုပ်ငန်းဆိုတာ အမြတ်တင်ရမယ့်၊ ပိုက်ဆံရှာရမယ့် လုပ်ငန်းထက်စာရင် အများပြည်သူအတွက် အဆင်ပြေအောင် ဆောင်ရွက်ပေးရမယ့် ၀န်ဆောင်မှုလုပ်ငန်းတစ်ခုဆိုတာ နားလည်သင့်ပြီ ထင်တာပဲဗျာ။ ဘယ်လောက်ပဲ ဈေးတွေလျှော့ပေးလျှော့ပေး သတ်မှတ်လိုက်တဲ့ တန်ဖိုးဟာ လူတန်းစားတစ်ရပ်ရပ်ကို လက်လှမ်းမမီ ဖြစ်မှာမျိုးကို မလိုလားတော့ဘူး။ မြန်မာနိုင်ငံသားတိုင်း ဖုန်းကိုင်ချင်တဲ့ ဆန္ဒရှိသူတိုင်း ဖုန်းကိုင်နိုင်ခွင့် ရှိကိုရှိရမယ်။ ဒါ ၂၁ ရာစုခေတ်ဗျ။ ဖုန်းကို အဆောင်အယောင် တစ်ခုအနေနဲ့ သတ်မှတ်သဘောထားပြီး ထိန်းချုပ်ရမယ့်ခေတ် မဟုတ်တော့ဘူး။ ဖုန်းကတ်ကိုတောင် အမြတ်တင်ပြီး ရောင်းနေသေးတဲ့ အစိုးရနဲ့တော့ သူများတိုင်းပြည်တွေကို အမီလိုက်ဖို့ မပြောနဲ့ မှန်ပြောင်းနဲ့ လှမ်းကြည့်ရင်တောင် မြင်ရမှာမဟုတ်ဘူး။ ကျွန်တော်သာ လာဘ်ပေးလာဘ်ယူ တိုက်ဖျက်ရေးကော်မတီမှာ ပါတယ်ဆိုရင် ဆက်သွယ်ရေးဝန်ကြီးဌာနကို အရင်ဆုံး စစ်ဆေးရေးလုပ်မယ်။ PCO တွေ ပေးထားတဲ့ကိစ္စ၊ ဖုန်းကတ်တွေ ထုတ်ရောင်းဖို့လုပ်တိုင်း ခွဲတမ်းချတဲ့ကိစ္စ၊ ပြည်ပဆက်သွယ်ရေး ကုမ္ပဏီတွေနဲ့ စာချုပ်တွေ ချုပ်တဲ့ကိစ္စ၊ စတဲ့စတဲ့ ကိစ္စတွေမှာ ဘာတွေဖြစ်နေတယ်ဆိုတာ ဆက်သွယ်ရေးက သန့်ရှင်းရေးဝန်ထမ်းကို မေးရင်တောင်မှ သိတဲ့ဟာတွေပါဗျာ။ အဲဒါကို နှာစေးပြနေရင်တော့ ကျွန်တော်ကိုဉာဏ် မျက်စိမှိတ်လို့ ပါးစပ်ပိတ် နေလိုက်ပါပြီဗျာ။

( ဇ )
လွှတ်တော်တွေ ပြန်စပြီ
ဟုတ်သည်... လွှတ်တော်အစည်းအဝေးတွေ ပြန်စချေပြီ။ ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့၏ ဆဋ္ဌမပုံမှန်အစည်းအဝေးတွေ ဖြစ်သည်။ လွှတ်တော်တွေ တစ်ကြိမ်ထက်တစ်ကြိမ် အပြောတွေ ပိုကောင်းလာတာကိုတော့ လက်ခံရမည်။ ခက်တာက လက်တွေ့ဘ၀ထဲမှာ လွှတ်တော်ကဥပဒေတွေ၊ မေးခွန်းတွေ၊ အဆိုတွေက ထင်သလောက် အကျိုးမသက်ရောက်သေးတာ ဖြစ်သည်။ အချို့နေရာတွေမှာ လိုက်လုပ်ရမယ့် ကာယကံရှင်တွေ လူးသာလွန့်သာ လုပ်နိုင်လောက်မှာကိုပဲ လွှတ်တော်တွေက တိုက်တွန်းသင့်သည်။ အခုတော့ ငါက ဥပဒေပြုအမတ်ပဲ၊ သင်းတို့က အုပ်ချုပ်ရေးကကောင်တွေ၊ ပြည်သူနဲ့ အုပ်ချုပ်ရေးနဲ့ ထိပ်တိုက်တွေ့ပစေကွ ဆိုတာမျိုးတွေ မြင်နေကြားနေရတာ သိပ်မကောင်းလှ။ နိုင်ငံတည်ဆောက်ရေးအတွက် လွှတ်တော်တစ်ခုတည်းက လုပ်နိုင်ခြင်းမရှိသည်ကို လက်ခံဖို့လိုသည်။ အားလုံး ညီညီညွတ်ညွတ်၊ တစ်စိတ်တစ်ဝမ်းတည်း (ဤနေရာတွင် တစ်ညီတစ်ညွတ်တည်းသည် တိုင်းပြည်ကောင်းကျိုး၊ ပြည်သူပြည်သားများ ကောင်းကျိုးကို ရည်ညွှန်းပါသည်။ တိုင်းပြည်ကောင်းကျိုးဟု ခုတုံးလုပ်ပြီး ပညာရှင်ဆန်ဆန် ဦးချိုအားကိုး၊ အဆိပ်အားကိုး ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုများကို မဆိုလိုပါ) တက်ညီလက်ညီ ဆောင်ရွက်ကြမှ တိုးတက်မှုတွေကို မြင်ရမှာဖြစ်သည်။ ထိုသို့မဟုတ်ဘဲ "ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်တွင် အဆင့်အမြင့်ဆုံး အဖွဲ့အစည်း" ဆိုသည့် မဟုတ်သည့် မာနတွေ၊ အားပြိုင်မှုတွေနဲ့ ခါးတောင်းကျိုက်တစ်ခြား၊ ဖင်တစ်ခြား ဖြစ်နေဦးမည်သာ ဖြစ်ပါသည်။ အခုတော့ လွှတ်တော်သတင်းတွေ စောင့်ကြည့်၊ သတင်းစာတွေ စောင့်ဖတ်ရဦးမည်။ ထုံးစံအတိုင်း မြင်တာတွေ ထောက်ပြဝေဖန်ရဦးမည်။ လွှတ်တော်ကချည်းပဲ သူများကို ထိန်းနေတာမျိုး မဖြစ်စေချင်။ ဘေးကနေ သူတို့ကိုလည်း ၀င်ထိန်းမှရမည်။ ထိုသို့ပြောသည့်အတွက် စာဖတ်သူများ မဆိုထားနှင့် ကိုယ့်ကိုယ်ကိုယ်တောင် ရယ်ချင်မိသည်။ မတတ်နိုင်၊ သူတို့တွေ သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ၊ ကျွန်တော်ကတော့ မြင်တာတွေကို ဝေဖန်နေဦးမည်သာ ဖြစ်သည်။ ခက်တာက ဂျာနယ်တွေက လွှတ်တော်နှင့် အုပ်ချုပ်ရေးပိုင်းကို မရမက ရန်တိုက်ပေးနေခြင်းဖြစ်သည်။ သတင်းဖန်တီးခြင်းဟု အမည်တပ်ချင်သည်။ ပြည်ထောင်စုအဆင့်ချင်း ငြိကြ၊ ကလိကြလျှင် သတင်းက ပိုထူးသည် မဟုတ်ပါလား။ သတိနှင့်စောင့်ကြည့် ဝေဖန်ပြပါဦးမည်။

( စ် )
ဗြိတိန်တွေ၊ အမေရိကန်တွေ၊ ပြီးရင်ဘာတွေ လာဦးမလဲ
ဗြိတိန်တွေ မြန်မာပြည်ကို ရောက်လာကြပြန်ပြီ။ ဒုတိယကမ္ဘာစစ်တုန်းက မြှုပ်နှံထားခဲ့တဲ့ တိုက်လေယာဉ်တွေကို ပြန်တူးဖော်ဖို့တဲ့။ အဲဒါတွေကို ပြန်တူးဖော်ပြီးရင် ဘာလုပ်ကြမှာလဲ။ ဘယ်လို ပြန်သယ်ကြမှာလဲ။ အခုလို လာတူးဖော်တဲ့အတွက် မြန်မာအစိုးရနဲ့ ဘာသဘောတူညီမှုတွေ ရှိသလဲ။ ဘယ်နှယ့်ဗျာ... ဟုတ်တော့ မဟုတ်သေးဘူး ထင်ပါရဲ့။ တစ်ချိန်တုန်းက ကိုယ့်နိုင်ငံကိုလာပြီး ကျွန်ပြုတာ၊ ကိုယ့်ရေမြေသယံဇာတတွေ၊ အဖိုးထိုက် အဖိုးတန် ဘိုးဘွားအမွေတွေကို အပိုင်စီးတာ၊ ခိုးထုတ်တာ၊ ယူသွားတာကိုလည်း ခံခဲ့ရသေးတယ်။ အခုကျတော့ အဲဒီတုန်းက လေယာဉ်တွေကို ပြန်တူးဖော်ချင်သတဲ့။ တစ်ခါတစ်ခါကျတော့လည်း ကျွန်တော်စဉ်းစားကြည့်တယ်။ ကျွန်တော်တို့ မြန်မာတွေကပဲ အင်မတန်ကို ခွင့်လွှတ်သည်းခံစိတ် ကြီးမားကြတာလား၊ အမှတ်သည်းခြေ မရှိကြတာလား၊ နာရကောင်းမှန်း မသိတာလားဆိုတာကိုပါ။ အခုလို ကိစ္စမျိုးဟာ တရုတ်၊ ဒါမှမဟုတ် ဂျပန်၊ ဒါမှမဟုတ် ကိုရီးယားမှာ ဆိုရင်တော့ဖြင့် ဇာတ်လမ်းက တကယ့်ကိုလှပြီ။ ဆန္ဒပြလိုက်ကြမယ့်ဖြစ်ခြင်း၊ ဆူပူလိုက်ကြမယ့်ဖြစ်ခြင်း၊ ကန့်ကွက်လိုက်ကြမယ့်ဖြစ်ခြင်း၊ ပြောကိုမပြောချင်တော့ပါဘူး။ အခုတော့ ဘယ်အဖွဲ့အစည်းကမှ ဒီလို တူးဖော်တာကို ကန့်ကွက်တယ်၊ သဘောမတူဘူး၊ စသည်ဖြင့် ကန့်ကွက်တာ၊ ဆန္ဒဖော်ထုတ်တာ၊ စီတန်းလှည့်လည်တာ မတွေ့မိဘူးခင်ဗျ။ ကျွန်တော့်စိတ်ကူးအရဖြင့် လေယာဉ်တစ်စင်းတွေ့တိုင်း ကျေးရွာတစ်ရွာမှာ စာသင်ကျောင်းတစ်ကျောင်း ဆောက်ပေးမယ်ဆိုရင် အတော်ကောင်းမှာပဲလို့ တွေးနေမိတယ်။ နောက်တစ်ခု စိုးရိမ်မိတာက အဲဒီ ကုလားဖြူတွေကို သိပ်မယုံတာပါပဲ။ လေယာဉ်တွေ တူးဖော်တယ်ဆိုပြီး သူတို့မြှုပ်ခဲ့တဲ့ ရွှေငွေလက်ဝတ်ရတနာတွေကို တိတ်တဆိတ် လာတူးတာဆိုရင် ဘယ်နှယ့်လုပ်မလဲပေါ့။ မဖြစ်နိုင်ဘူးလို့ မပြောနိုင်ပါ။ အင်္ဂလိပ်ဆီက ဇန်န၀ါရီလ ၄ ရက်နေ့မှာ လွတ်လပ်ရေး ရတယ်ဆိုတာ ကလေးကအစ သေခါနီးအဆုံး အကုန်သိတယ်။ ဒါပေမယ့် မြန်မာ့နန်းစဉ် ရတနာတွေ ဘယ်လောက်ပမာဏများများ သိမ်းယူခံခဲ့ရသလဲဆိုတာ ဘယ်သူမှ မသိပါဘူး။ တစ်ချိန်က မြန်မာ့နန်းတွင်းဟာ ဘယ်လောက်ချမ်းသာ သလဲဆိုတာ ဘယ်သူမှ အတိအကျ မသိလို့ပါပဲ။ အားမနာတမ်း ပြောရမယ်ဆိုရင် အခုလက်ရှိ ကျွန်တော်တို့နိုင်ငံက ပြတိုက်တွေထဲမှာ ပြသထားတဲ့ ကုန်းဘောင်ခေတ် ပစ္စည်းတွေဆိုတာ သမိုင်းတန်ဖိုးအရလွဲရင် သောက်ဖိုးမတန်တာတွေချည်းပဲ။ သဘောမတူသူတွေ ရှိခဲ့ရင် မြန်မာ့ပြတိုက်တွေမှာရှိတဲ့ ပစ္စည်းတွေစာရင်းနဲ့ အင်္ဂလန်က ပြတိုက်တွေမှာရှိတဲ့၊ အင်္ဂလိပ် သူဌေးကြီးတွေရဲ့ အိမ်ဧည့်ခန်းတွေမှာရှိတဲ့ မြန်မာ့အမွေအနှစ်တွေ စာရင်းကို တိုက်ဆိုင်စစ်ဆေး ကြည့်စေချင်တယ်။ အခုလည်း လေယာဉ်လာတူးတဲ့ အင်္ဂလိပ်တွေကို သတိထားစောင့်ကြည့်စေချင်တယ်။ ကျွန်တော်ကတော့ မောင့်ဘတ်တန်တို့အမျိုးတွေကို သိပ်မယုံဘူးဗျို့။ နောက်တစ်ခုကတော့ အင်္ဂလန်တွေနဲ့အပြိုင် အမေရိကန်တွေကလည်း မြန်မာပြည်မြောက်ပိုင်းမှာ ကျဆုံးခဲ့တဲ့ အမေရိကန်တပ်ဖွဲ့ဝင်တွေရဲ့ ရုပ်အလောင်းတွေကို ပြန်ရှာမတဲ့။ တိုက်ပဲတိုက်ဆိုင်လွန်းတယ်ဗျာ။ အင်္ဂလန်နဲ့အပြိုင် ရှာကြပေါ့ဗျာ။ ကျွန်တော်လည်း ကြံကြံဖန်ဖန် စဉ်းစားကြည့်မိတယ်။ ကင်းဝန်မင်းကြီးတို့ သွားခဲ့တဲ့ နိုင်ငံခြားတိုင်းပြည်တွေကို ရှာဖွေရေးအဖွဲ့တွေ စေလွှတ်ပြီး ကင်ဝန်မင်းကြီး ကျန်ရစ်ခဲ့တဲ့ ခေါင်းပေါင်းတို့၊ ရေလဲတော်တို့၊ ကွမ်းအစ်တို့၊ ဆေးလိပ်တိုတို့ သွားရှာခိုင်းရင် မကောင်းလားလို့။ အခုတော့ ကိုယ့်မြေပေါ်မှာ စိတ်ကြိုက်တူးကြ၊ ဆွကြ၊ ဖွကြ၊ ရှာကြစေဗျား။ (ဒါနဲ့ စကားမစပ်... ရခိုင်မှာရောက်နေတဲ့ ဘင်္ဂလီကုလားတွေကများ သူတို့တွေဟာ တစ်ချိန်က သူတို့ဘေးဘိုးတွေ လယ်လုပ်ခဲ့တဲ့ တူရွင်းတွေ၊ ပေါက်ပြားတွေ၊ တံစဉ်တွေကို လာရှာတာပါလို့ ပြောခဲ့ရင် ဘယ့်နှယ်လုပ်ကြမလဲဗျာ။ :D )

(ည)
Times မဂ္ဂဇင်းနှင့် ဦးသိန်းစိန်
တစ်ခါတစ်ခါတော့လည်း ခက်တယ်။ ကာယကံရှင်ကဖြင့် ဘာမျှကို မပြောရပါဘဲ ဘေးကလူတွေက ဖြစ်နေကြတာ သိပ်ရယ်ဖို့ကောင်းတယ်။ ကလေးမွေးတဲ့ မီးနေသည်က ဘာမျှမဖြစ်ဘဲ ဘေးကလူက အား... အီး... အမလေး အမေရဲ့... နာလိုက်တာတော့... လို့ အော်နေသလိုမျိုး ဖြစ်နေတယ်လို့ ခံစားရတယ်။ တိုင်းမ်မဂ္ဂဇင်းမှာ ဖော်ပြခံရတာ နိဗ္ဗာန်ရောက်တာ မှတ်လို့ဗျာ။ ဖြစ်နေလိုက်ကြတာများ...။ အန်တီရော၊ ပရိုရော နှစ်ဖက်စလုံးဟာ တကယ့်ကို သည်းသည်းလှုပ်တွေချည်းပါပဲ။ အလကားနေရင်း အရည်မရ အဖတ်မရ ဟိုဟာကို သန်းရှာသလို ဖြစ်နေကြတယ်။


( ဋ )
လက်ပံတောင်းတောင်စီမံကိန်း စုံစမ်းစစ်ဆေးရေးကော်မရှင်ကို စိန်ခေါ်သူရှိပြီ
လက်ပံတောင်းတောင်စီမံကိန်းနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ အစီရင်ခံစာက စီမံကိန်းဟာ ဆက်လုပ်သင့်ပါတယ်လို့ ဆုံးဖြတ်ခဲ့ရင် ကန့်ကွက်ဆန္ဒပြမှုတွေ ဆက်လုပ်သွားမယ်လို့ မီဒီယာတွေဝိုင်းဝန်ပြီး သိဒ္ဓိတင်ပေးထားတဲ့ သူရဲကောင်းမကြီး ဒေါ်သွဲ့သွဲ့ဝင်းက ပြောခဲ့သတဲ့။ ကမ္ဘာကျော် ၀က်မှေးရွာသူကြီးက အဲဒီလိုပြောနေတာကို ဒေါ်စုဂုဏော အနန္တောဆိုတဲ့ ဘယ်နောက်လိုက်နောက်ပါကမျှ နာရကောင်းမှန်းမသိ၊ တုံ့ပြန်ရကောင်းမှန်းမသိ၊ ကဲ... မကောင်းကြချေဘူးလား။ ပိုဆိုးတာက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကော်မရှင်ထဲမှာ ပါဝင်နေတဲ့ ရွာခံဆိုတဲ့ လူကြီးကိုယ်တိုင်က စီမံကိန်းရပ်ရမယ်ဆိုတဲ့ အဖြေမထွက်ရင် ကန့်ကွက်ဆန္ဒပြမှုတွေ ဆက်လုပ်မယ်လို့ ပြောနေတာပါပဲ။ ဘိုဖြူရဲ့ လေသံလေးနဲ့ သီချင်းလေးတောင် ညည်းလိုက်ချင်သေးရဲ့ဗျာ။ ကဲ... အခုတော့ ဘာပြောမလဲ။

( ဌ )
သတ္တုတွင်းဝန်ကြီးဌာနက The VOICE Weekly ကို ကျေအေးပေးလိုက်ပြီ
The VOICE နဲ့ သတ္တုတွင်းဝန်ကြီးဌာနတို့ ကာလအတော်ကြာ အမှုရင်ဆိုင်နေခဲ့ကြတာကို သတ္တုတွင်း ၀န်ကြီးဌာနက ကျေအေးပေးလိုက်ပြီလို့ သိရပါတယ်။ နောက်ထပ် အမှုရင်ဆိုင်ရမယ့် အလုပ်တွေ ဆက်မလုပ်ပါနဲ့လို့ပဲ VOICE ကို တိုက်တွန်းချင်တော့တာပါပဲ။ ဆရာအောင်ထွဋ် သေဆုံးသွားခြင်းနဲ့အတူ သည်ဗွိုက်(စ်)လည်း ကျဆုံးသွားပြီလို့ ခံစားနေရပါပြီ။ ကျွန်တော့်ရဲ့ မဖတ်မဖြစ် ဂျာနယ်စာရင်းမှာ သည်ဗွိုက်(စ်) မပါတာ ရက်သတ္တပတ် အတော်ကြာခဲ့ပါပြီ။ သွားလေသူကို အသေမဖြောင့်အောင် လုပ်တဲ့လူတွေအဖြစ် ဆရာကျော်မင်းဆွေတို့ကို ကျွန်တော် မှတ်တမ်းတင်လိုက်ပါတယ်။ နိုင်ငံရေး ဂျာနယ်ကောင်းတစ်စောင် လျော့ပါးသွားတဲ့အတွက်တော့ စိတ်မကောင်းဖြစ်မိကြောင်းပါ။ အများကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ကိုယ့်မူနဲု့ကိုယ် ရပ်တည်ခဲ့တဲ့ အချိန်တုန်းက ထောက်ခံသူတွေရော၊ ကန့်ကွက်သူတွေကပါ ဂရုတစိုက် စောင့်ဖတ်ခဲ့ရတယ်ဆိုတာ ကိုကျော်မင်းဆွေ မေ့သွားတယ်ထင်ပါရဲ့။ အခုတော့ ဟိုယောင်ယောင် ဒီယောင်ယောင်နဲ့ ဂျာနယ်ရဲ့ မူဝါဒက ဘာမှန်းတောင် မသိတော့ဘူး။ ကေအိုင်အေဂျာနယ်လိုလို၊ အမှုပွဲစား ဂျာနယ်လိုလို၊ အယ်ဒီတာ့ထံပေးစာ ဂျာနယ်လိုလိုနဲ့ ဘာမှန်းကို မသိတော့ဘူး။ ဘောလုံးစကား၊ လက်ဝှေ့စကားနဲ့ ပြောရမယ်ဆိုရင်တော့ သည်ဗွိုက်(စ်) ပြန်လာနိုင်မလားဆိုတာ စောင့်ကြည့်ရမှာပေါ့ဗျာ။

( ဍ )
ကချင်ကိစ္စ
ဒီပို့စ်ကို ရေးပြီးတဲ့အချိန်မှာ ကျွန်တော်လုပ်မယ့် အလုပ်တွေကို ပြောပါ့မယ်။ အမေရိကန်မှာ လက်နက်ကိုင်ဆောင်ခွင့်ကို အလုံးစုံပိတ်ပင်ဖို့အတွက် ကျွန်တော်ဆန္ဒပြပါ့မယ်။ ဆီးရီးယားသမ္မတ အာဆတ် ရာထူးကနေ နုတ်ထွက်ပေးဖို့အတွက် ကျွန်တော်ပိုစတာတိုက်ပွဲ ဆင်နွှဲပါ့မယ်။ မြောက်ကိုရီးယားက နျူကလီးယားစမ်းသပ် ဖောက်ခွဲမှု လုပ်မယ့်ကိစ္စကို ကျွန်တော်ကန့်ကွက်တဲ့အကြောင်း ကြေညာချက်ထုတ်ပါ့မယ်။ အိန္ဒိယမှာ လူမဆန်စွာ မုဒိန်းကျင့်ခံရလို့ သေဆုံးသွားရတဲ့ အမျိုးသမီးလေးအတွက် ၀မ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် ကျွန်တော့်အခန်းကို ၂ မိနစ်ကြာ မီးပိတ်ထားပါမယ်။ အီဂျစ်သမ္မတဟောင်း မူဘာရက်ကို ထောင်ဒဏ်တစ်သက် ချမှတ်ထားတာဟာ မတရားတဲ့အကြောင်း သူငယ်ချင်းတွေကို ပြောပါ့မယ်။ အဲဒါတွေ အားလုံးကို ကျွန်တော်ကိုဉာဏ် ထိုင်ရာမထဘဲ ကွန်ပျူတာရှေ့မှာ လုပ်မှာဖြစ်ပါတယ်။ နောက်ပိုင်း ဒီထက်အဆင့်မြင့်လာရင် အင်တာနက်ကနေတစ်ဆင့် ဆန္ဒပြတာတို့၊ ကွန်ပျူတာမှောက်တာတို့ (သပိတ်မှောက်တာ မဟုတ်ပါ) လုပ်ပါ့မယ်။ ဒီလိုတွေ ဘာကြောင့်ရေးတယ်ဆိုတာ ကျွန်တော့်ရဲ့ စာဖတ်သူတွေက ချက်ချင်းသိလိမ့်မယ်လို့ ယုံကြည်ပါတယ်။ ရယ်တော့ မရယ်ကြပါနဲ့ဗျာ။ နည်းနည်းတော့ ကြောင်တောင်တောင် နိုင်ပေမယ့် ကျွန်တော်မှ အဲဒီနေရာတွေကို တကယ်သွားပြီး အလုပ်ဖြစ်အောင်မှ မလုပ်နိုင်တာပဲ။ အဲဒါကြောင့်ပါ။ အမယ်... အားတော့ မငယ်ရဘူးခင်ဗျ၊ အဲဒီလိုမျိုး ထိုင်ရာမထ၊ နေရပ်မခွာဘဲ လှုပ်ရှားမှုတွေလုပ်တာ ကျွန်တော်က နောက်တောင် ကျနေသေးသဗျ။ ကချင်ပြည်နယ်အရေး ဆူးလေရှေ့မှာ လမ်းလျှောက်ရတာနဲ့၊ စားသောက်ဆိုင်မှာ ဘီယာစုပ်ရင်း ဆွေးနွေးရတာနဲ့၊ ရုံးခန်းထဲမှာ လက်နှိပ်စက်စာရေး ထိုင်ရိုက်ခိုင်းပြီး ကြေညာချက် ထုတ်ရတာနဲ့၊ နိုင်ငံရေးလှုပ်ရှားမှုတွေဆိုတာ အဲဒီလိုလည်း လုပ်လို့ရတယ်ဆိုတာ ကျွန်တော်မှတ်သားမိပါတယ်။ ကဲ... စာဖတ်ပရိသတ်ကြီးရေ.. သူများတွေလိုပဲ ခေတ်မီသွားအောင် နည်းနည်းလောက် အော်လိုက်ကြရအောင်ဗျာ...
ကချင်စစ်ပွဲ အခုရပ်
ကချင်စစ်ပွဲ အခုရပ်
ကချင်စစ်ပွဲ အခုရပ်
နေဦးဗျ... အခုရပ်ဆိုတော့ ဘယ်သူ့ကို ရပ်ခိုင်းတာတုန်း။ စောစောကပဲ လူစီးရထားကို ကေအိုင်အေက ဗုံးခွဲလို့ ရထားတွဲပျက်စီးတာ၊ လူတွေထိခိုက်ဒဏ်ရာရတာ၊ ရထားခရီးစဉ်တွေ ရပ်ဆိုင်းတာ ဖြစ်ကုန်ဆိုပဲ။ နောက်တစ်ခုက စစ်တပ်ကသာ တကယ်ပဲ တစ်ဖက်သတ် စစ်တိုက်နေတာဆိုရင် မြန်မာပြည်ထဲမှာ လက်နက်ကိုင်ပြီး တော်လှန်ရေးလုပ်တာ ကချင်တစ်ခုတည်း ရှိသလားဗျ။ စစ်တပ်ဆိုတဲ့ဟာကြီးက ဘာဖြစ်လို့ ကရင်တွေကိုကျတော့ ခန်းမထဲခေါ်ပြီး ဖက်လဲတကင်းလုပ်၊ နွေးနွေးထွေးထွေးကြို ရှိရသလဲဆိုတာ စဉ်းစားစရာ မကောင်းဘူးလား။ တပ်မတော်က လက်နက်ကိုင်အဖွဲ့အစည်း အားလုံးကို ငြိမ်းချမ်းရေး ကမ်းလှမ်းခဲ့တဲ့ နေရာမှာ ကေအိုင်အေကို ခြွင်းချက်နဲ့ မထားခဲ့ပါဘူးဗျာ။ အားလုံးကို ကမ်းလှမ်းခဲ့တာပါ။ သူ့သဘောသူဆောင်ပြီး လုပ်ချင်ရာ လုပ်နေတာကို စစ်တပ်က ဒီအတိုင်း အလှကြည့်မနေတာ သဘာဝကျတယ်လို့ ထင်ပါတယ်ဗျာ။ နောက်တစ်ခု ပြောစရာရှိသေးသဗျ။ ကေအိုင်အေက ရထားတွေကို မိုင်းထောင်ရအောင် အဲဒီရထားတွေပေါ်မှာ စစ်သားတွေ၊ စစ်ဗိုလ်ချုပ်တွေ ပါလို့လားဗျ။ မေးကြည့်ကြစမ်းပါဦး။ နလပိန်းတုန်း ပြည်သူတွေ ရှိနေသေးတဲ့ နိုင်ငံမို့ အမှန်ကို မမြင်နိုင်တာ။ ရှင်းရှင်းပြောရရင် ဒါတွေဟာ အကြမ်းဖက်လုပ်ရပ်တွေပဲ။ ကေအိုင်အေဆိုတာ အကြမ်းဖက် အဖွဲ့အစည်းပဲ။ ပြည်သူတွေ၊ ရထားတွဲတွေ၊ တံတားတွေ၊ လျှပ်စစ်ဓာတ်အားပေးစက်ရုံတွေ ဒါတွေကို မိုင်းထောင်ဖျက်ဆီးတဲ့ လူတွေကိုမှ အကြမ်းဖက်သမားလို့ မခေါ်ရင် ဘယ်သူ့ကို ခေါ်မှာတုန်းဗျ။ ကျုပ်က VOICE မဟုတ်လေတော့ ကေအိုင်အေကို ကချင်လွတ်မြောက်ရေး တပ်မတော်လေးဘာလေးနဲ့ လုံးဝ (လုံးဝ) မခေါ်နိုင်ဘူး။ ကျုပ်အတွက်ကတော့ ကေအိုင်အေဆိုတာ မြန်မာပြည်ရဲ့ အယ်ကေဒါပဲ။ ကျုပ်အမှန်တကယ် ရင်ထဲကနေ အော်ချင်နေတဲ့ဟာရှိတယ်။ အော်ပါရစေ...
မိုင်းထောင်လူသတ်လုပ်နေတဲ့ ကေအိုင်အေရဲ့လုပ်ရပ် ချက်ချင်းရပ်

သဘောထားမတိုက်ဆိုင်တာများ ရှိခဲ့ရင်၊ ရိုင်းရိုင်းစိုင်းစိုင်း စကားလုံးတွေများ ပါသွားခဲ့ရင် ကျွန်တော်ကိုဉာဏ်က လွန်တာရှိ ၀န္ဒာမိပါနော်။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလ ၁၄ ရက်၊ တနင်္လာနေ့။
နံနက် ၁ နာရီ ၀၅ မိနစ်တွင်ပြီး၏။ 

 
Web Statistics