Showing posts with label မြန်မာ့သွေး. Show all posts
Showing posts with label မြန်မာ့သွေး. Show all posts

Sunday, January 04, 2015

Happy New Year 2015


ပြက္ခဒိန်နှစ်သစ် ၂၀၁၅ သို့ ရောက်ရှိခဲ့ပြီဖြစ်ပါသည်။
မြန်မာ့သွေး မိတ်ဆွေများအားလုံး နှစ်သစ်တွင် စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာဖြင့် မိမိတို့၏ လုပ်ငန်းဆောင်တာများကို အခက်အခဲမရှိ အဆင်ပြေပြေ အောင်အောင်မြင်မြင် ဆောင်ရွက်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါသည်။

Wednesday, January 22, 2014

တောင်းပန်ရမှာလား၊ နှုတ်ဆက်ရမှာလား


ဘလော့ဂ်နဲ့ကျွန်တော် ဝေးကွာနေခဲ့ရတာ အတော်တောင် ကြာလှပေါ့။
လာဖတ်နေကျ မိတ်ဆွေတွေ စာမျက်နှာမှာ ဘာများ အသစ်တက်မလဲလို့ လာကြည့်ကြမှာပဲလို့ တွေးမိပြီး မကြာခဏလည်း သတိရမိတယ်။
ဒါပေမယ့် ဘလော့ဂ်မှာ စာရေးနေရင် တစ်လောကလုံးကို မေ့သွားတတ်တာဆိုတော့ ခြေဦးမလှည့်ဖြစ်အောင် တမင်ကြိုးစားခဲ့ရတယ်။
မနေ့ညက ဘလော့ဂ်ကို တစ်ခေါက် ၀င်ကြည့်ဖြစ်တယ်။ ဘာပို့စ်မှ မတင်တာ အတော်ကြီး ကြာခဲ့ပြီ ဖြစ်ပေမယ့်လည်း လွန်ခဲ့တဲ့ တစ်လတာ ကာလအတွင်း နေ့စဉ် လာရောက်ကြတဲ့ ပျမ်းမျှ ဧည့်သည် အရေအတွက်ဟာ ၂၅၀ လောက်ရှိနေတာကို အံ့သြတကြီး တွေ့ရတော့ မယုံနိုင်အောင် ဖြစ်မိတယ်။
လာဖတ်ကြတဲ့ ပို့စ်အများစုက ကျွန်တော်အရင်က တင်ပေးခဲ့တဲ့ စာတွေအများစု ဖြစ်ကြတယ်။
ကျွန်တော့်ရဲ့ ကိုယ်ပိုင်ရေးသားချက်တွေ မဟုတ်ကြဘူး။
ဒါလည်း ၀မ်းသာစရာ ကောင်းပါတယ်။ အွန်လိုင်းမှာ တချို့အချက်အလက်တွေကို ရှာချင်၊ သိချင်တဲ့အခါ ကိုယ့်ဘလော့ဂ်မှာ လာတွေ့တယ်လို့ ကောက်ချက်ချမိတယ်။
သူများတွေ (အရင်းနှီးဆုံး မိတ်ဆွေတွေအပါအ၀င်) ဝေဖန်ခဲ့သမျှကို အရေထူထူနဲ့ ခေါင်းခါပြီး စာအုပ်တွေထဲက၊ စာစောင်တွေထဲက ကိုယ်သဘောကျတဲ့၊ ကိုယ်နှစ်သက်တဲ့ စာလေးတွေ တင်ပေးခဲ့ရကျိုး နပ်တယ်လို့ အခုအချိန်မှာ ခံစားရတယ်။
အဲဒီလို တားမြစ်ခဲ့သူတွေကိုလည်း အပြစ်မတင်ပါဘူး။ သူတို့စေတနာကို ကျွန်တော် နားလည်ပါတယ်။
သူတို့က ကျွန်တော့်ဘလော့ဂ်မှာ အခြားစာရေးဆရာတွေ ရေးတဲ့ဟာတွေကို တင်ပေးတာထက် ကျွန်တော့်ရဲ့ ကိုယ်ပိုင်အတွေးအခေါ်၊ ကိုယ်ပိုင်အရေးအသားတွေကိုပဲ တင်စေချင်ကြတာပါ။
ကျွန်တော်ကလည်း ကျွန်တော့်ရည်ရွယ်ချက်နဲ့ ကျွန်တော်မို့ သူတို့ကို ဘာမျှ ရှင်းပြမနေဘဲ နားမလည်ရင် ၀င်မပြောနဲ့လို့ ရန်စကားပြော၊ ကန့်လန့်စကားပြောပြီး ဆက်လုပ်ခဲ့တဲ့ အလုပ်တွေပါ။
အခုတော့ ၀မ်းသာရပါတယ်။ ကျွန်တော်တင်ပေးခဲ့တဲ့ လောကနီတိတို့၊ ကျင့်ဝတ်များတို့၊ စုတုပြုတို့ကို လာဖတ်တဲ့လူတွေ ပုံမှန်ရှိနေတာကို တွေ့ရလို့ပါ။
ဘာပဲဖြစ်ဖြစ် ကျွန်တော့်ဘလော့ဂ်ကို မည်သည့်နည်းလမ်းနှင့်ဖြစ်စေ ရောက်လာခဲ့ကြသူတွေကို ကျေးဇူးတင်ကြောင်း ပြောလိုပါတယ်။
ကိုယ့်ဘလော့ဂ်ကို ဧည့်သည်တွေ အများကြီးလာတာကို ကျွန်တော်လည်း သဘောကျတာ ၀န်ခံပါတယ်။
ကဲ....
ဘလော့ဂ်မှာ ဘာမျှမရေး၊ ဘာမျှမတင်ဘဲ အကြာကြီး ပြစ်ထားခဲ့တဲ့အတွက် မြန်မာ့သွေး မိတ်ဆွေတွေကို တောင်းပန်စကား ပြောရမလား။
ဒါမှမဟုတ်.....
စာတွေ ပုံမှန် ပြန်ရေးနိုင်အောင် ကြိုးစားတော့မှာမို့ ပြန်လည်နှုတ်ခွန်းဆက်ပါတယ်လို့ ပြောရမလား။
အခုတော့....
အားလုံးကို မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သလိုက်ပါတယ်။
ဗိုလ်အောင်ဒင် ပြန်လာပြီ မဟုတ်ပါ။ ကိုဉာဏ် ပြန်လာပါပြီ။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၄ ခုနှစ်၊ ဇန်န၀ါရီလ ၂၃ ရက်၊ ဗုဒ္ဓဟူးနေ့။
ည ၁၀ နာရီ ၀၁ မိနစ်။

Saturday, April 20, 2013

Happy Birthday U Thein Sein!



ကိုယ့်နိုင်ငံက အကြီးအကဲတစ်ယောက်ရဲ့ မွေးနေ့အတွက် မွေးနေ့ဆုတောင်း ပြုလုပ်ခြင်းဟာ ဒါပထမဆုံးပါ။ ကျွန်တော်ဖြတ်သန်းခဲ့တဲ့ သက်တမ်းတစ်လျှောက် ဒီအသက်ဒီအရွယ်အထိ ကိုယ့်နိုင်ငံအကြီးအကဲရဲ့ မွေးနေ့က ဘယ်နေ့ဆိုတာ မသိခဲ့ရဖူးသလို၊ ဘယ်တုန်းကမျှလည်း မွေးနေ့ဆုတောင်း ရေးသားခဲ့ဖူးခြင်း မရှိပါ။ တကယ်လို့ အရင်တုန်းက နိုင်ငံ့ခေါင်းဆောင်တွေရဲ့ မွေးနေ့တွေကို သိခွင့်ရခဲ့ရင်လည်း မွေးနေ့ဆုတောင်းရေးဖို့ စိတ်ကူးမိမည်မဟုတ်ပါ။ အဘယ်ကြောင့်ဆိုသော် သူတို့သည် ကျွန်တော်တို့နှင့် တသီးတခြား ဖြစ်နေခဲ့သောကြောင့် ဖြစ်ပါသည်။ သူတို့အကြောင်းကို တွေးပင်မတွေးရဲသည်အထိ ဖြစ်ခဲ့ရသည်။ ဒါက တစ်ချိန်ကဖြစ်သည်။

ယခုတော့ ထိုသို့မဟုတ်ပြီ။ သမ္မတဦးသိန်းစိန်သည် ကျွန်တော်တို့အတွက် အနီးကပ်ဆုံးမှာရှိနေသည့် အားကိုးအားထားပြုရာ ခေါင်းဆောင်တစ်ဦးပမာ ခံစားမိသည်။ ဦးသိန်းစိန်ဆိုသည်နှင့်၊ သမ္မတကြီးဟုဆိုသည်နှင့် စိတ်ထဲမှာ ရင်းရင်းနှီးနှီး ဖြစ်နေသလို ခံစားရသည်။ ကိုယ့်နိုင်ငံအတွက်၊ ကိုယ့်လူမျိုးတွေအတွက် အားထုတ်ကြိုးပမ်းနေသူပဲ ဟူသည့်စိတ်က မဖိတ်ခေါ်ဘဲ ရောက်လာရသည်။ နိုင်ငံကောင်းဖို့ဆိုတဲ့ အရင်းခံစိတ်နဲ့ မဆုတ်မနစ် ကြိုးပမ်းနေသူအဖြစ် အလိုလိုခံစားမိသည်။ ကူလှော်ပေးမယ့်အစား နောက်ပြန်တွန်းနေသူတွေကြောင့် လိုအပ်တာထက် ပိုပြီးတော့ အပင်ပန်းခံပြီး ဆောင်ရွက်နေရတာကိုလည်း ခံစားသိရှိနေရသည်။ ဒီနိုင်ငံရဲ့ အထွတ်အထိပ်ပုဂ္ဂိုလ်မို့၊ ရာထူးအာဏာ အရှိဆုံးပုဂ္ဂိုလ်မို့ ဦးသိန်းစိန်ဆိုသည့် ပုဂ္ဂိုလ်တစ်ဦးကို ကျွန်တော်တို့တွေ ကြောက်စိတ်မ၀င်မိ၊ ကပ်ဖားရပ်ဖားလုပ်ချင်စိတ် မဖြစ်မိ၊ တသီးတခြားဟု မခံစားမိ....။ ဒါတွေသည် လုပ်ယူလို့ရတဲ့ အချက်တွေဟု ကျွန်တော်မထင်... လုပ်ယူလို့လည်း ရနိုင်မည်မဟုတ်ပေ။ သမ္မတကြီးကိုယ်တိုင် နိုင်ငံနှင့် ပြည်သူအပေါ် မေတ္တာထား၍ မေတ္တာရောင်ပြန် ဟပ်သည်ဟုသာ ကျွန်တော်ယုံကြည်သည်။ သမ္မတကြီး ဆောင်ရွက်နေသည်များသည် ကျွန်တော်တို့ပြည်သူတွေအတွက်၊ ကျွန်တော်တို့နိုင်ငံအတွက်၊ ကျွန်တော်တို့အနာဂတ်အတွက် ဆိုသည်မှာ သံသယဖြစ်ဖွယ် မရှိပါ။ အခြားသူများ မည်သို့ရှိသည်ကို ကျွန်တော်မသိပါ။ ကျွန်တော့်အတွက် သေချာသည်ကတော့ဖြင့် ကျွန်တော်ကိုဉာဏ် ယနေ့အချိန်အထိ တိုင်းပြည်နှင့်လူမျိုး အကျိုးအတွက် သမ္မတကြီး ဦးသိန်းစိန်လောက် မသယ်ပိုးနိုင်သေးပါ၊ မထမ်းရွက်နိုင်သေးပါ၊ မကျေပွန်နိုင်သေးပါ။ ထို့အတွက် သမ္မတကြီး ဦးသိန်းစိန်ကို လေးစားပါသည်၊ အားကျပါသည်၊ ဂုဏ်ယူပါသည်၊ ချီးကျူးပါသည်၊ အလေးအမြတ်ပြုပါသည်။

သမ္မတကြီး ဦးသိန်းစိန်၏ အသက် ၆၈ နှစ်ပြည့် မွေးနေ့အခါသမယတွင် မိသားစုနှင့်အတူ ပျော်ရွှင်ချမ်းမြေ့နိုင်ပါစေ။ မြန်မာနိုင်ငံသူ နိုင်ငံသားများ၏ အကျိုးစီးပွားကို ဆထက်တပိုး သယ်ပိုးဆောင်ရွက်နိုင်ပါစေ။ မြန်မာနိုင်ငံ၏ ဂုဏ်ရောင်ကို ယခုထက် ပိုမိုထွန်းလင်းအောင် အလင်းဆောင်နိုင်ပါစေ။ မြန်မာ့အနာဂတ်ကို ယခုထက် ပိုမိုလှပအောင် ထုဆစ်နိုင်ပါစေ။ သမိုင်းတွင်သော၊ သမိုင်းဝင်သော ကောင်းမြတ်သည့် လုပ်ရပ်များဖြင့် မြန်မာနိုင်ငံသမိုင်းတွင် ကြီးကျယ်မြင့်မြတ်သည့် ပုဂ္ဂိုလ်တစ်ဦးအဖြစ် ကမ္ဗည်းမှတ်တမ်း အတင်ခံနိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။

သမ္မတကြီး ပျော်ရွှင်ပါစေ....။
ပျော်ရွှင်ဖွယ်ရာ မွေးနေ့ဖြစ်ပါစေ ဦးသိန်းစိန်....။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၃ ခုနှစ်၊ ဧပြီလ ၂၀ ရက်၊ စနေနေ့။
ညနေ ၅ နာရီ ၃၆ မိနစ်တွင်ပြီး၏။

Wednesday, April 17, 2013

နှစ်သစ်ကူးချိန်ခါ


ပျော်ရွှင်ဖွယ်ရာ နှစ်သစ်အခါသမယ ဖြစ်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။ မြန်မာနှစ်သစ်ကူး အခါသမယတွင် စိတ်ချမ်းသာ ကိုယ်ကျန်းမာ ရှိကြပါစေကြောင်းနှင့် အလုပ်အကိုင်များအားလုံး အဆင်ပြေကြပါစေကြောင်း ဆန္ဒပြုဆုမွန်ချွေရင့်း့
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၃ ခုနှစ် ဧပြီလ ၁၇ ရက်၊ ဗုဒ္ဓဟူးနေ့။
မြန်မာနှစ်ဆန်းတစ်ရက်နေ့။

Saturday, April 06, 2013

တောင်းပန်လိုပါသည်


အခုရက်ပိုင်း ဘလော့ဂ်မှာ ပို့စ်တွေ မတင်ဖြစ်တဲ့အတွက် လာဖတ်တဲ့ မိတ်ဆွေများကို အားနာပါကြောင်းနှင့် မကြာမီ ပုံမှန်အတိုင်း ပြန်ရေးနိုင်အောင် ကြိုးပမ်းလျက်ရှိပါကြောင်း အသိပေးပြောကြားလိုပါသည်။

Friday, January 04, 2013

(၆၅) နှစ်မြောက် လွတ်လပ်ရေးနေ့



ယနေ့ ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၄ ရက်နေ့တွင် ကျရောက်သော (၆၅) နှစ်မြောက် လွတ်လပ်ရေးနေ့ကို လှိုက်လှဲစွာ ဂုဏ်ပြုကြိုဆိုအပ်ပါသည်။

လွတ်လပ်ရေးရရှိအောင် အားထုတ်ကြိုးပမ်း ဆောင်ရွက်ခဲ့ကြသည့် ဘိုးဘေးဘီဘင် မြန်မာမျိုးချစ်ကြီးများကိုလည်း ကျေးဇူးအောက်မေ့ ကန်တော့အပ်ပါတယ်။

နယ်ချဲ့လက်အောက်မှ လွတ်မြောက်အောင် ကြိုးပမ်းကြံဆောင် တိုက်ပွဲဝင်ခဲ့ကြသည့် မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုခေါင်းဆောင်များ၊ နိုင်ငံရေးသမားများ၊ တိုက်ပွဲဝင်ခဲ့ကြသည့် တပ်မတော်သားများ၊ ထောက်ခံအားပေး ကူညီခဲ့ကြသည့် ပြည်ပနိုင်ငံများ၊ လွတ်လပ်ရေးတိုက်ပွဲဝင်ရန်အတွက် လင်ယောက်ျား၊ ချစ်သောသား၊ အစ်ကိုမောင်ဖွားများကို ဆုံးရှုံးခံခဲ့ကြရသည့် ကျွန်တော်တို့၏ ဘိုးဘေး မြန်မာနိုင်ငံသူ နိုင်ငံသားများအားလုံးကို ဤလွတ်လပ်ရေးနေ့ အခါသမယ၀ယ် အောက်မေ့တသ သတိတရနှင့် ကျေးဇူးတင်စကား ဆိုရပါကြောင်းနှင့် ပြုခဲ့သမျှ ကောင်းမှုကုသိုလ် အစုစုတို့ကို ကွယ်လွန်လေပြီးသော လွတ်လပ်ရေးကြိုးပမ်းမှုတွင် ပါဝင်ခဲ့ကြသူအားလုံးအတွက် အမျှပေးဝေကြောင်းပါ။

(၆၅) နှစ်မြောက် လွတ်လပ်ရေးနေ့မှသည် နောင်နှစ်ပေါင်း ထောင်သောင်းမက ကမ္ဘာတည်သရွေ့ လွတ်လပ်သော မြန်မာနိုင်ငံတော်အဖြစ် တည်တံ့ခိုင်မြဲနိုင်ပါစေကြောင်းနှင့် ထိုသို့ တည်တံ့ခိုင်မြဲစေရန် အတွက်လည်း ကျွန်တော်တို့အားလုံးက လက်ဆင့်ကမ်းအမွေအဖြစ် အဆင့်ဆင့် ထိန်းသိမ်းစောင့်ရှောက် နိုင်ကြပါစေကြောင်း ဆန္ဒပြုအပ်ပါသည်။


အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလ ၄ ရက်၊ သောကြာနေ့။ 

Wednesday, January 02, 2013

Happy New Year 2013!


မြန်မာ့သွေး မိတ်ဆွေများအားလုံး
၂၀၁၃ ခုနှစ်ဆိုတဲ့ နှစ်သစ်အချိန်အခါသမယမှာ စိတ်နှလုံးရွှင်ပြုံးနိုင်ကြပါစေ။
ကျန်းကျန်းမာမာ ပျော်ပျော်ရွှင်ရွှင် ရှိကြပါစေ။
မိသားစုနဲ့အတူ၊ ချစ်သူခင်သူတွေနဲ့အတူ ပျော်ရွှင်ဖွယ်နေ့ရက်များကို ဖြတ်သန်းနိုင်ကြပါစေ။
ကောင်းမွန်မှန်ကန်သည့် အလိုဆန္ဒများအားလုံး ပြည့်ဝကြပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါတယ်။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၂ ရက်၊ ဗုဒ္ဓဟူးနေ့။

Sunday, October 21, 2012

ရယ်ရမှာလား၊ ပြုံးရမှာလား၊ စိတ်တိုရမှာလား၊ ကြည့်လည်းလုပ်ကြပါဦးကွယ်ရို့


(က)
ELEVEN Media Group လည်း ဆူးလှည်းကြီး ဖြစ်မှန်းမသိ ဖြစ်နေပါရော့လား။ အင်တာနက်ပေါ်မှာ ဘာဖြစ်လို့ အလဲဗင်းကို ကစ်နေကြသလဲဆိုတာ ကျွန်တော်သိပ်ပြီးတော့ နားမလည်ခဲ့ဘူး။ အခုမှပဲ နည်းနည်းလေး သဘောပေါက်တော့တယ်။ ဘယ်သူတွေပြောပြော မပြောပြော၊ ဘယ်သူတွေ ပေးပေး မပေးပေး၊ ဂျာနယ်ထဲမှာ စာလုံးဆိုဒ်မျိုးစုံနဲ့ သူတို့ခမျာ ရေးလိုက်ရတာ အမောပဲ။ ဘာတဲ့... ပရိသတ်ကပေးတဲ့ နံပါတ်တစ်တဲ့။ အင်း... အံ့ရော၊ အံ့ရော...။ အခုလည်း အောက်မှာပြထားတဲ့ သတင်းကို ဖတ်ကြည့်ကြပါဦးဗျာ။ သူရေးချင်တဲ့ သတင်းရဲ့ မူလရည်ရွယ်ချက်က ဘာလဲ။ စာဖတ်ပရိသတ်ကို ဘာသတင်းစကား ပါးချင်တာလဲ။ သူရေးတဲ့အထဲမှာလည်းပါတယ်... လူ ၂၀-၂၅ ဦးလောက် ရှိတဲ့အဖွဲ့က လမ်းသရဲဆန်ဆန်၊ ဥပဒေမဲ့လုပ်ရပ် လုပ်ခဲ့တာ မဟုတ်ဘူးလား။ ဘာဖြစ်လို့ အဲဒီအထဲကမှ မဆီမဆိုင် ဆေးတပ်မှာ ဗိုလ်ကြီးအဆင့် တာဝန်ထမ်းဆောင်နေတဲ့လူရဲ့ သားဖြစ်သူလည်း ပါနေတယ်လို့ ရေးရတာလဲ။ စာဖတ်သူတို့လည်း သေသေချာချာ စဉ်းစားကြည့်စေချင်တယ်။ စစ်တပ်မကောင်းကြောင်းရေးရင် ပရိသတ်သဘောကျတဲ့ခေတ်က ကုန်သွားပြီဗျ။ ရေးထားတဲ့ သတင်းကိုလည်း ပြန်ဖတ်ကြည့်ပါဦး... စာဖတ်ပရိသတ်ရဲ့အမြင်မှာ တပ်မတော်နဲ့ ပတ်သက်နေတဲ့ လူတွေဟာ လူရမ်းကားတွေ၊ သူခိုးဂျပိုးတွေလို့ မထင်ထင်အောင် အပုပ်ချသလို ဖြစ်မနေဘူးလား။ ဒီမယ် ELEVEN, ဆေးတပ်ကဗိုလ်ကြီးသားလည်း ဆိုးချင်ဆိုးပါမှာပေါ့ဗျ၊ ဘယ်နယ်ပယ်မှာများ ခြောက်ပစ်ကင်း သဲလဲစင် ရှိလို့လဲဗျ။ ခင်ဗျားတို့ မီဒီယာသမားတွေရော အားလုံးကောင်းကြလို့လား၊ ဂျာနယ်အချင်းချင်း ရန်ဖြစ်ရတာနဲ့၊ ပိုက်ဆံယူပြီး ကြော်ငြာရေးပေးရတာနဲ့၊ ပွဲတက်ပြီး လက်ဆောင်ယူရတာနဲ့၊ ရထားတဲ့ သတင်းတစ်ခုကို ခုတုံးလုပ်ပြီး ငွေညှစ်ရတာနဲ့၊ စတဲ့ကိစ္စတွေ ရှိတာပဲမဟုတ်လား။ နောက်ဆုံးဗျာ... ကျွန်တော်တို့တွေက ဘုရားနဲ့တစ်ဂိုဏ်းထဲထားပြီး ကိုးကွယ်ဆည်းကပ်နေတဲ့ သံဃာတွေထဲမှာတောင် မာတုဂါမတွေနဲ့ မဖွယ်မရာဇာတ်လမ်းတွေ ရှုပ်နေတဲ့လူတွေ၊ ဗေဒင်တွက်၊ ချဲတွက်၊ ဂဏန်းပေး လုပ်နေတဲ့ အယောင်ဆောင်တွေ ရှိနေကြသေးတာပဲ။ ရုပ်ရှင်လောကဆိုရင်တော့ ပြောမနေနဲ့တော့ ဘယ်လိုဇာတ်လမ်းတွေရှိတယ်၊ ဘယ်လိုအရှုပ်တွေ ရှိတယ်ဆိုတာ ခင်ဗျားတို့ ပိုသိမှာပါ။ ပရိသတ်ကပေးတဲ့ နံပါတ်တစ် ဟုတ်မဟုတ်တော့ ကျွန်တော်မသိဘူး။ ကျွန်တော့်အတွက်ကတော့ ဒီနေ့ကစပြီး ELEVEN ဟာ ပရိသတ်ကခေါ်တဲ့ ချီးထုပ်ပဲ။ သိပ်မထုပ်စမ်းပါနဲ့ အလဲဗင်းရယ်... ခင်ဗျားသတင်းတွေက တစ်ပြည်လုံး နံစော်နေပြီဗျ။


( ခ )
ကျွန်တော်တို့ရဲ့ မှူးဇော်ကြီးလည်း ဘာတွေဖြစ်နေသလဲဗျ။ အလုပ်တွေများပြီး typing တောင် မစစ်နိုင်ရှာတော့ဘူး။ ဖတ်မိတဲ့လူတွေကလည်း ပြောပြပြီး ပြင်ခိုင်းတဲ့လူ ရှိဟန်မတူဘူး။ ကြည့်ရတာတော့ တစ်ကိုယ်တော်ပဲ ရေးနေ၊ တင်နေတယ် ထင်ပါရဲ့ဗျာ။ သနားတောင် သနားမိပါသေးရဲ့။ မြန်မာပြည်သမိုင်းမှာတော့ မှူးဇော်လောက် သတင်းထုတ်ပြန်နိုင်တဲ့လူ မရှိလောက်ဘူး ထင်ပါရဲ့ဗျာ။ တစ်နေ့တစ်နေ့ မှူးဇော် ဘာသတင်းတွေ ထုတ်ပြန်မလဲပဲ စောင့်ဖတ်နေရတယ်။ ဟုတ်မဟုတ် မသိပေမယ့် ကျွန်တော်ကြားတာကတော့ ဂျာနယ်တိုက်တွေမှာ မှူးဇော်ရဲ့ Facebook Account ကို စောင့်ကြည့်ဖို့အတွက် သီးသန့်လူတစ်ယောက် ခန့်ထားရသတဲ့။ သတင်းဦး သတင်းထူးတွေ မသိလိုက်မှာစိုးလို့တဲ့။ အံ့ရော.. အံ့ရော...။ မှူးဇော်တို့ အောင်မြင်ချက်ကတော့ အဲလို။ အမှန်အတိုင်း ပြောရရင်တော့ ကျွန်တော်တောင် အခုတလော သမ္မတကြီး ဘာလုပ်နေသလဲဆိုတာ စိတ်မ၀င်စားတော့ဘူး၊ မှူးဇော် ဘာတွေတင်နေသလဲ ဆိုတာကိုပဲ စိတ်ဝင်စားနေမိတယ်။ တစ်ခါတစ်ခါတော့လည်း တွေးမိတယ်ဗျ၊ ဒီလောက်တောင် သတင်းတွေ မြန်ဆန်တိကျ နေရတယ်ဆိုတော့ သမ္မတကြီးများ မှူးဇော်ဆိုတဲ့ နာမည်နဲ့ သတင်းတွေ တင်နေသလားပေါ့။ ဖြစ်တော့ မဖြစ်နိုင်ပါဘူးနော်။ ကဲ... ထားပါဗျာ။ ကျွန်တော်တို့ပြည်သူတွေမှာ အဓိကရည်မှန်းချက် ၉၂ ရပ် ရှိတယ်ဆိုတော့ ကျွန်တော် မျက်လုံးပြူးသွားတယ်ဗျ။ တွေးလည်း တွေးမိတယ်။ ဘုရား... ဘုရား...။ ငါလည်း ပြည်သူတစ်ယောက်ပါပဲ၊ ဒါပေမယ့် ငါ့မှာ ရည်မှန်းချက် ၉၂ ရပ် ရှိသလား၊ မရှိသလားဆိုတာ ငါ့ကိုယ်ငါတောင် မသိရပါလားပေါ့။ တော်တော်လည်း စိတ်တိုသွားမိတယ်၊ ကိုယ့်ကိုယ်ကိုယ်ပြောတာပါ။ ငါဟာ ပြည်သူတစ်ယောက် ဖြစ်နေပါလျက်နဲ့ ကိုယ့်မှာ ရည်မှန်းချက် ၉၂ ရပ် ရှိတာတောင် မသိရပါလား၊ တော်သေးတာပေါ့ သမ္မတကြီးက ငါတို့ရဲ့ ရည်မှန်းချက်တွေကို သိနေတယ်ဆိုတဲ့အကြောင်း မှူးဇော်က ရေးပြထားလို့။ အင်းပေါ့လေ... လူဦးရေ သန်း ၆၀ နီးပါးဆိုတော့ တစ်ယောက်စီ တစ်ယောက်စီရဲ့ ရည်မှန်းချက်တွေကို စုပေါင်းလိုက်ရင် ၉၂ ရပ် ရှိချင်ရှိမှာပေါ့ဗျာ။ မှူးဇော်ရေ... ကြည့်လည်း လုပ်ပါဦးဗျို့။ :D သမ္မတကြီးကို ပြောင်သလိုလည်း ဖြစ်နေပါဦးမယ်။


( ဂ )
အခုနောက်ပိုင်း The VOICE လည်း နည်းနည်းလေး လမ်းလွဲလာတာကို တွေ့ရတယ်။ ဘာတွေဘယ်လို ခံစားချက်တွေနဲ့ လုပ်နေလည်းတော့ မသိနိုင်ဘူး။ စေတနာအမှားလား၊ တမင်တကာ စကားလား ဆိုတာတော့ သူတို့ပဲ သိနိုင်လိမ့်မယ်။ အောက်ကသတင်းကို ရေးထားတဲ့ အရေးအသားကို ဖတ်ကြည့်ပါဦး။ အစိုးရတပ်မတော်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် တဲ့။ ခင်ဗျားတို့ဟာလေ... စစ်အစိုးရနဲ့ပဲ တန်တယ်။ နည်းနည်းလေးမျှ လွတ်လပ်ခွင့်ပေးလို့မရဘူး။ လွတ်လပ်ခွင့်လေး ပေးလိုက်တာနဲ့ ရေးချင်ရာ ရေးတော့တာပဲ။ ငါရေးတဲ့သတင်းဟာ အလယ်ကနေ ရေးထားတာ ဟုတ်ရဲ့လားဆိုတာကို ပြန်စစ်ကြစေချင်တယ်။ အခုအရေးအသားဟာ လုံးဝ အလယ်ကနေ ရေးထားတာ မဟုတ်ဘူး။ ဖတ်ကြည့်တဲ့လူတိုင်း သိနိုင်တယ်။ ဘယ်သူတွေ လက်ခံခံ၊ လက်မခံခံ ကျုပ်ကတော့ ရှင်းတယ်။ ကျုပ်တို့ မြန်မာနိုင်ငံမှာ တပ်မတော်ဆိုတာ တစ်ခုပဲရှိတယ်။ အဲဒါ ကျုပ်ရဲ့ ကိုယ်ပိုင်အယူအဆ မဟုတ်ဘူး။ ဖွဲ့စည်းပုံ အခြေခံဥပဒေရဲ့ အလိုတော်အတိုင်းပဲ။ နိုင်ငံသားတိုင်းဟာ ဖွဲ့စည်းပုံအခြေခံဥပဒေကို လေးစားရမယ်လေဗျာ။ ခင်ဗျားတို့တွေက ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပေးအပ်ထားတဲ့ နိုင်ငံသား အခွင့်အရေးကိုကျတော့ လိုချင်လိုက်တာမှ ငမ်းငမ်းတက်ပဲ။ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ နိုင်ငံသားတွေရဲ့ အခွင့်အရေးတွေကိုပဲ ရေးသားပြဋ္ဌာန်းထားတာ မဟုတ်ဘူးဗျ။ အခြားလိုက်နာရမှာတွေလည်း အများကြီး ရှိသေးတယ်။ ဘယ်နိုင်ငံမှာမှ တပ်မတော် ၂ ခု၊ ၃ ခု မရှိဘူး။ တပ်မတော်ဆိုတာ တစ်ခုတည်းပဲ။ အေး... ဗွိုက်(စ)က ရေးတဲ့အတိုင်း အစိုးရတပ်မတော်ဆိုရင် ကျန်တဲ့တစ်ဖက်ဟာ သူပုန်ပဲ။ အဝေးကြီး မကြည့်ပါနဲ့ဗျာ။ တစ်ကမ္ဘာလုံးက ပြုတ်ကျအောင် ၀ိုင်းလုပ်နေကြတဲ့ ဆီးရီးယားကိုပဲကြည့်။ သမ္မတ အာဆတ်ကို ထောက်ခံတာပဲဖြစ်ဖြစ်၊ သမ္မတက အမိန့်ပေးတဲ့အတွက် ဆီးရီးယားတပ်တွေက လုပ်တာပဲဖြစ်ဖြစ် ဘယ်ကမ္ဘာ့သတင်းဌာနကမှ ဆီးရီးယားတပ်တွေနဲ့ ဘယ်တပ်မတော်လို့ မရေးဘူးဗျ။ ဆီးရီးယားတပ်တွေနဲ့ လက်နက်ကိုင် သူပုန်တွေ ပစ်ကြတယ်၊ ခတ်ကြတယ်၊ တိုက်ကြတယ်၊ ခိုက်ကြတယ် ဒီလိုပဲ ရေးတယ်ဗျ။ လက်နက်ကိုင်သူပုန်တွေကို အမေရိကန်ကိုယ်တိုင်က လက်နက်ခဲယမ်းတွေ၊ ငွေကြေးတွေ ထောက်ပံ့နေတယ်ဆိုတာ တစ်ကမ္ဘာလုံး သိနေတာပဲ။ ဘယ်အမေရိကန် သတင်းဌာနက လက်နက်ကိုင်သူပုန်တွေကို တပ်မတော်လို့ သုံးနှုန်းတာ တွေ့ဖူးသလဲ။ လေ့လာကြည့်ကြပါဦးဗျာ။ အာဆတ်အစိုးရသည် လက်ရှိအစိုးရဖြစ်တဲ့အတွက် အစိုးရတပ်တွေနဲ့ ရင်ဆိုင်တဲ့လူတိုင်းဟာ သူပုန်ပဲဗျ။ အဲဒီတော့ ကျုပ်တို့နိုင်ငံမှာ မြန်မာ့တပ်မတော်ဆိုတာ တစ်ရပ်ပဲရှိတယ်။ ကျုပ်တို့အတွက် တပ်မတော် ၂ ခု၊ ၃ ခု မလိုဘူး။ မြန်မာ့တပ်မတော်ကို ဆန့်ကျင်ပြီး လက်နက်ကိုင်စစ်တိုက်တဲ့ တပ်မတော်သား မဟုတ်သူတိုင်းဟာ လက်နက်ကိုင်သူပုန်ပဲ။ မြန်မာပြည်မှာကျမှပဲ တလေးတစားနဲ့ ကချင်လွတ်လပ်ရေးတပ်မတော်တို့၊ ဘာတို့ လာလုပ်နေသေးတယ်။ အဲဒီလူတွေ အခုလို သက်တမ်းရှည်နေသေးတာ ခင်ဗျားတို့လို မြောက်ပေးနေတဲ့ မီဒီယာတွေ ရှိနေသေးလို့ပဲ။ ကေအိုင်အေလို့ ရေးရင်လည်း အဆင်ပြေနေတာပဲဗျာ။ အဲဒီလိုပြောတော့ စာဖတ်တဲ့လူတွေက ရယ်ကြဦးမယ်။ ကိုဉာဏ်ရယ် မင်းက အတော်ကြောင်တဲ့ကောင်ပဲလို့။ ကေအိုင်အေဆိုတာလည်း အဲဒီအဓိပ္ပါယ်ပဲ မဟုတ်လားလို့ ပြောကြဦးမယ်။ အင်း... ခက်တယ်။ ကျွန်တော်ပြောချင်တာ ဘာလဲဆိုတာ အောက်ကသတင်းမှာ ကျွန်တော် မင်နီတားပြီး ပြထားတဲ့ စာသားတွေကို ၃-၄ ခေါက်လောက်ဖတ်ပြီး တွေးကြည့်စေချင်ပါတယ်။ ဒါဆိုရင် သည်ဗွိုက်(စ)ရဲ့ ဟိုကလိ သည်ကလိ အရေးအသားဟာ ဘာကို ဦးတည်စေသလဲဆိုတာ ရှင်းသွားပါလိမ့်မယ်။ ဒေါက်တာနေ၀င်းမောင်ကို လွမ်းမိတယ်။ ၂-၃ ပတ်ရှိပြီး ဗွိုက်(စ) ကွာလတီ ကျသွားတယ်။ ပေးစာတွေကို အဓိကဖော်ပြတဲ့ ရင်ဖွင့်သံဂျာနယ် ဖြစ်မှန်းမသိ ဖြစ်လာနေပြီ။ ကိုယ့်မူနဲ့ကိုယ် ဘယ်သူ့ကိုမှ မကလိ၊ မငြိဘဲ ရပ်တည်သွားစေချင်ပါတယ်။ ဒါဟာ The VOICE ကို နှစ်ရှည်လများ အားပေးလာတဲ့ ပရိသတ်တစ်ယောက်ရဲ့ ဆန္ဒအစစ်ပါ။


(ဃ)
ဒါလည်း The VOICE ပဲ။ ကျွန်တော်ကိုဉာဏ် ဘာပြောချင်သလဲဆိုတာ အောက်ကသတင်းကိုသာ ဖတ်ကြည့်ပါတော့ဗျာ။ အဲဒီလို သတင်းခေါင်းစဉ် တပ်ပုံမျိုးနဲ့ကတော့ အရင်တုန်းက အယ်ဒီတာကြီးတွေ၊ သတင်းစာဆရာကြီးတွေ သက်ရှိထင်ရှား ရှိနေသေးရင် ဆဲလိုက်မယ့်ဖြစ်ခြင်း။ တကယ့်ကို မလွယ်ပါလားဗျာ။ စာဖတ်တဲ့သူ စိတ်ဝင်စားရင်ပြီးရော... လုပ်ချင်တိုင်းကို လုပ်နေကြတော့တာပဲ။ ခက်တယ်ဗျို့၊ ခက်တယ်။ ကျန်တဲ့ မဏ္ဍိုင် ၃ ခုကို တည့်မတ်ပေးမယ်ဆိုတဲ့ မီဒီယာတွေကိုယ်တိုင်က ယိုင်နဲ့နဲ့၊ ဆွေးတေးတေးနဲ့ ဒီမိုး၊ ဒီရေ၊ ဒီလှေကတော့ ကောင်းကောင်းကြီးလှပြီ။


( င )
မြ၀တီကသတင်းကို ဖတ်ပြီးတဲ့အချိန်မှာ ဘုရားတမိတယ်။ ယာယာတိုရေးကို တစ်ပတ်လုပ်ခ ပေါင် သန်း ၃၀ နဲ့ ချဲလ်ဆီးက ခေါ်မယ်ဆိုတော့ ကိုယ့်မျက်လုံးကိုတောင် ကိုယ်မယုံဘူး။ ဒီနေ့ခေတ်ကြီးမှာ ကစားသမားတစ်ယောက်ရဲ့ အပြောင်းအရွှေ့တောင် သန်း ၃၀ ရှိချင်မှ ရှိတတ်တာမျိုးပါ။ တော်ရုံတန်ရုံ ကစားသမားဆိုရင် ပေါင်း ၈ သန်း၊ ၉ သန်း၊ ၁၅ သန်း ဒီလောက်ပဲ။ အခုဟာက ယာယာတိုရေးကို ပေါင်း သန်း ၃၀ တောင် ပေးခေါ်မယ်ဆိုတော့ သူက သာမန်ဘောလုံးသမားမှ ဟုတ်ရဲ့လားလို့ တွေးမိတယ်။ တရုတ်ဘောလုံးကားထဲကလို ဘောလုံးကန်လိုက်ရင် ဘောလုံးက မီးတွေဘာတွေပွင့်ပြီး ဒုံးကျည်တစ်စင်းလို ပြေးသွားမှာလားလို့ တွေးမိတယ်။ ကျွန်တော်သာ ချဲလ်ဆီးပိုင်ရှင်ဆိုရင်တော့ ငါတို့ပေးနိုင်တာက ဒီလောက်ပဲရှိတယ်၊ ကျန်တာကို မင်းတို့ မြ၀တီကပေး ဆိုပြီးတော့ ကြေညာချက် ထုတ်တယ်။


( စ )
အောက်က သတင်းဓာတ်ပုံကို အရင်ဆုံးကြည့်စေချင်ပါတယ်။ ဗီဒီယိုရိုက်ကွင်းတစ်ခုလို့ မမှတ်လိုက်ပါနဲ့။ ရှေ့နေတွေ ဆန္ဒဖော်ထုတ်တဲ့နေ့က သတင်းဓာတ်ပုံ ယူနေတဲ့ဓာတ်ပုံပါ။ အဲဒီလောက် လိုသလား၊ မလိုသလား ဆိုတာကတော့ ကိုယ့်အတွေးနဲ့ကိုယ်ပေါ့ဗျာ။ အင်း... ခက်တယ်၊ ခက်တယ်။ လုပ်ကြစမ်းဗျာ၊ လုပ်ကြစမ်း။


ကဲ... ဒီတစ်ခေါက်တော့ ဒီမျှနဲ့ တော်ဦးမည်။ အားလုံးပို့သတဲ့ မေတ္တာများကိုလည်း ခံယူလျက်ပါခင်ဗျား။ မြန်မာ့သွေး မိတ်ဆွေများလည်း ကျန်းမာချမ်းသာကြပါစေ။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ ၂၁ ရက်၊ တနင်္ဂနွေနေ့။
ည ၈ နာရီ ၀၅ မိနစ်တွင်ပြီး၏။ 

Wednesday, August 29, 2012

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌသို့ အိတ်ဖွင့်ပေးစာ


သို့
    ဦးခင်အောင်မြင့်
    ဥက္ကဋ္ဌ
    အမျိုးသားလွှတ်တော်

အကြောင်းအရာ။ မှတ်တမ်းမှားတစ်ခုအား ပြန်လည်စိစစ်နိုင်ပါရန်နှင့် ပြုပြင်နိုင်ပါရန် တင်ပြခြင်း

၁။ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးအား စွပ်စွဲပြစ်တင်သည့်အဆိုကို မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၅) မှ ဦးဇော်မြင့်ဖေ က တင်သွင်းခဲ့ပြီး ၂၀၁၂ ခုနှစ် သြဂုတ်လ ၂၈ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် ပထမအကြိမ် အမျိုးသားလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး ၃၄ ရက်မြောက်နေ့တွင် ၎င်းအဆိုအား ဆွေးနွေးခဲ့ကြကြောင်း သတင်းမီဒီယာများမှတစ်ဆင့် ဖတ်ရှုသိရှိခဲ့ရပါသည်။
၂။ အဆိုနှင့်ပတ်သက်၍ လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ ထောက်ခံမဲ ၁၆၃ မဲဖြင့် စွပ်စွဲပြစ်တင်ခြင်းအဆိုကို အတည်ပြုနိုင်ခဲ့ကြောင်းလည်း သိရှိခဲ့ရပါသည်။ ထို့ပြင် ပြည်သူ့လွှတ်တော်သို့ ဥက္ကဋ္ဌကြီး ပေးပို့ခဲ့သည့် သ၀ဏ်လွှာတွင်လည်း နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား စွပ်စွဲပြစ်တင်ခြင်းအဆိုသည် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၁၆၃ ဦး၏ ထောက်ခံဆန္ဒမဲများဖြင့် အတည်ဖြစ်ခဲ့ပါကြောင်း ဖော်ပြပါရှိခဲ့ပါတယ်။
၃။ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌကြီးခင်ဗျား၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၄၁ အရ အမျိုးသားလွှတ်တော်တွင် အများဆုံးရှိရမည့် ကိုယ်စားလှယ်ဦးရေမှာ ၂၂၄ ဦးဖြစ်ပါသည်။ အဆိုပါ ၂၂၄ ဦးတွင် ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ် ၁၆၈ ဦးနှင့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၅၆ ဦးတို့ ပါဝင်ကြတယ်ဆိုတာ ဥက္ကဋ္ဌကြီးအနေနဲ့ သိရှိပြီးဖြစ်ပါတယ်။ သို့သော် စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၂) မှ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ဘိုကြီး (ခ) ဦးအောင်ငွေ ကွယ်လွန်သွားတဲ့အတွက် ကိုယ်စားလှယ် ၁ နေရာ လစ်လပ်လျှက်ရှိပါတယ်။ ထို့ကြောင့် လက်ရှိ အမျိုးသားလွှတ်တော်သို့ တက်ရောက်ခွင့်ရှိတဲ့ လွှတ်တော်ကိုယ်စားလှယ်ဟာ ၂၂၃ ဦးသာ ဖြစ်ပါတယ်။
၎။ လွှတ်တော်အစည်းအဝေး မှတ်တမ်းများအရ အမျိုးသားလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး ၃၄ ရက်မြောက်နေ့သို့ တက်ရောက်တဲ့ လွှတ်တော်ကိုယ်စားလှယ်ဟာ ၂၁၆ ဦး ဖြစ်ပါတယ်။ အစည်းအဝေး ပျက်ကွက်သူက ၇ ဦး ဖြစ်ပါတယ်။ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ် ၅ ဦးနဲ့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၂ ဦး ပျက်ကွက်တယ်လို့ မှတ်တမ်းများအရ သိရှိရပါတယ်။
၅။ ဥက္ကဋ္ဌကြီးခင်ဗျား၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၂၉ (ခ) အရ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌသည် အစည်းအဝေးများတွင် မဲခွဲဆုံးဖြတ်သည့်အခါ ဆန္ဒမဲပေးခြင်း မပြုလုပ်ရပါဘူး။ (ထောက်ခံဆန္ဒမဲနှင့် ကန့်ကွက်ဆန္ဒမဲ အရေအတွက် တူညီနေသည့် အခါများတွင်တော့ အနိုင်မဲပေးခွင့် ရှိပါတယ်။)
၆။ လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးခင်ဗျား၊ ဒီအကြောင်းတွေကို ကျွန်တော်ဘာလို့ ရှင်းပြနေရသလဲဆိုတာ အကြောင်းရှိပါတယ်။ ကျွန်တော်ပြောချင်တဲ့ အကြောင်းအရာကို မရောက်ခင် အခုလို ရှင်းပြနေတာတွေကို နားလည်ခွင့်လွှတ်ပြီး ဖတ်ရှုပေးစေလိုပါတယ်။
၇။ ခုံရုံးဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်များကို စွပ်စွဲပြစ်တင်ခြင်းအဆို အဆုံးအဖြတ်ခံယူတဲ့နေ့က လွှတ်တော်အခြေအနေကို ကျွန်တော်တင်ပြပါရစေ။ ဥက္ကဋ္ဌကြီးအနေနဲ့လည်း အလေးဂရုပြုပြီး ဖတ်စေချင်ပါတယ်။
၈။ ဥက္ကဋ္ဌကြီးခင်ဗျား၊ ကျွန်တော်ဘာကို ဆိုလိုချင်သလဲဆိုတာကို သဘောပေါက်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ ဥက္ကဋ္ဌကြီးမြင်တဲ့အတိုင်း အဆိုကို ထောက်ခံတဲ့လူရယ်၊ မဲပေးခွင့်မရှိတဲ့သူရယ်၊ ကန့်ကွက်တဲ့ တပ်မတော်သားတွေရယ်ကို ပေါင်းလိုက်တဲ့ အရေအတွက်ဟာ အံ့သြစရာကောင်းလောက်အောင် အစည်းအဝေးတက်တဲ့ဦးရေထက် များနေပါရော့လားခင်ဗျာ။
၉။ အခုတင်ပြခဲ့တာတွေဟာ မှားစရာအကြောင်း လုံးဝမရှိပါ။ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် အားလုံးက မတ်တတ်ရပ်ဆန္ဒပြုခြင်း လုံးဝ (လုံးဝ) မရှိခဲ့ဘူးဆိုတာကို အဲဒီနေ့က သတင်းယူတဲ့ ဘယ်သတင်းထောက်ကိုမေးမေး မေးကြည့်နိုင်ပါတယ်။ ဖွဲ့စည်းပုံအရ ရှိရမယ့် တပ်မတော်သားက ၅၆ ဦး၊ ခွင့်ပန်ကြားပြီး ပျက်ကွက်တဲ့သူက ၂ ဦး၊ အဲဒီနေ့က အစည်းအဝေးတက်တဲ့လူက ၅၄ ဦး ဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီးအနေနဲ့လည်း ဆန္ဒမဲပေးလို့ မရတဲ့အတွက် ၁ ဦး၊ အဲဒီတော့ နှစ်ခုပေါင်းလိုက်ရင် ၅၅ ဦးဟာ အဆိုကို ထောက်ခံသူတွေထဲမှာ မပါဝင်တာ အသေအချာပါပဲ။ ဒါဆိုရင် အဲဒီနေ့က အစည်းအဝေးတက်တဲ့လူ ၂၁၆ ဦး ဆိုတော့ အမှန်တကယ် အဆိုကို ထောက်ခံမဲဟာ (၂၁၆-၅၅=၁၆၁) ဖြစ်ရပါမယ်။
၁၀။ ဒါပေမယ့် အားလုံးသိတဲ့အတိုင်း ထောက်ခံမဲ ၁၆၃ မဲ ဆိုတဲ့မှတ်တမ်းဟာ သမိုင်းတွင်သွားခဲ့ပါပြီ။ အမျိုးသားလွှတ်တော်ရဲ့ အမှားတစ်ခု သမိုင်းတွင်သွားခဲ့တာလို့လည်း ဆိုနိုင်ပါတယ်။ မဲ ၂ မဲ ကွာတာဟာ အဆိုအတည်ဖြစ်ဖို့အတွက် လားလားမျှ သက်ရောက်မှု မရှိဘူးဆိုတာ ကျွန်တော်နားလည်ပါတယ်ခင်ဗျား။ ကျွန်တော်ပြောချင်တာလည်း အဲဒီအပိုင်းကို ပြောချင်တာ မဟုတ်ပါဘူး။ လွှတ်တော်ရဲ့ စနစ်မကျမှုနဲ့ ချို့ယွင်းမှုကို ထောက်ပြလိုတာပါ။
၁၁။ ပြည်သူ့လွှတ်တော်ကလည်း အဲဒီအချက်ကို အလေးဂရုပြုကြပုံ မပေါ်ပါဘူး။ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌကြီးက စွပ်စွဲပြစ်တင်တဲ့အဆိုဟာ ကိုယ်စားလှယ် ၁၆၃ ဦးရဲ့ ထောက်ခံမှုနဲ့ အတည်ဖြစ်ခဲ့ကြောင်း သ၀ဏ်လွှာ ပေးပို့တာကို ဒီအတိုင်းပဲ လက်ခံလိုက်ကြတာကို တွေ့ရပါတယ်။ လွှတ်တော်တွေရဲ့ အဓိကလိုရင်းက ခုံရုံးကို စွပ်စွဲပြစ်တင်ရေး၊ ခုံရုံးဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်တွေကို ဖြုတ်ချနိုင်ရေးသာ ဖြစ်နေတာကို ၀မ်းနည်းဖွယ် မြင်တွေ့ရပါတယ်။
၁၂။ ဥက္ကဋ္ဌကြီးခင်ဗျား၊ ဖြစ်နိုင်တဲ့နည်းလမ်းများကို ကျင့်သုံးပြီး ယခုလို လွဲမှားနေတဲ့ အချက်အလက်များကို ပြင်ဆင်သင့်တယ်လို့ အကြံပြုလိုပါတယ်။ သမိုင်းမှာ မှတ်တမ်းအမှားတစ်ခု မကျန်ရစ်ခဲ့စေချင်လို့ပါ။ အခြားသူတွေ သိတာ၊ မသိတာ အပထား၊ ကျွန်တော်ကိုဉာဏ်ကတော့ သိနေပြီဖြစ်တဲ့အတွက် နောင်တစ်ချိန်မှာများ ကြုံကြိုက်လို့ ပြောခွင့်၊ ရေးခွင့်ကြုံရင် ပြောမိ၊ ရေးမိနေမှာ သေချာနေလို့ပါ။
၁၃။ ယခုကဲ့သို့ လွှတ်တော်နှစ်ရပ်ပေါင်းပြီး ခုံရုံးအား စွပ်စွဲပြစ်တင် ဖြုတ်ချနိုင်ရေး ကြိုးပမ်းနေချိန်မျိုးတွင် မိမိတို့ လွှတ်တော်တွေမှာလည်း မျက်ချေးတွေနှင့်ဆိုသည်ကို သတိပြုမိစေလိုခြင်း ဖြစ်ပါသည်။ ဥက္ကဋ္ဌကြီးနှင့်တကွ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များအားလုံး ရွှင်လန်းချမ်းမြေ့စွာဖြင့် နိုင်ငံနှင့် လူမျိုးအကျိုးကို အတ္တစွဲကင်းကင်းဖြင့် ဆောင်ရွက်နိုင်ကြပါစေကြောင်း မေတ္တာပို့သအပ်ပါသည်။
လေးစားစွာဖြင့်
ကိုဉာဏ် (ပန်းလောင်မြေ)
မြန်မာ့သွေးဘလော့ဂ်
၂၀၁၂ ခုနှစ်၊ သြဂုတ်လ ၂၉ ရက်၊ ဗုဒ္ဓဟူးနေ့။
ည ၁၁ နာရီ ၂၅ မိနစ်။ 

Wednesday, August 15, 2012

ကိုဉာဏ် စစ်တွေပြန်ရောက်ပါပြီ


မြန်မာ့သွေးမိတ်ဆွေများခင်ဗျား၊
ကျွန်တော်ကိုဉာဏ် စစ်တွေသို့ ပြန်ရောက်ပါပြီ။ ပြီးခဲ့တဲ့အပတ်အတွင်း ခရီးတွေများခဲ့တာကြောင့် ပို့စ်တွေ မတင်ပေးနိုင်ခဲ့တာကို တောင်းပန်လိုပါတယ်။ ခရီးသွားခဲ့တဲ့ ကာလတစ်လျှောက် တွေးစရာ၊ ရေးစရာတွေ အများသားပေါ့ခင်ဗျာ။ အဆိုတော်ကြီး ဒေါ်မာမာအေးရဲ့ လေသံကိုယူပြီး ပြောရရင်တော့ "ရေးစရာတွေ တစ်ပုံကြီးကျန်သေးတယ်" ပေါ့ခင်ဗျာ။ ကျွန်တော်ကြုံခဲ့သမျှ၊ တွေ့ခဲ့သမျှ၊ တွေးမိသမျှတွေကို ပြန်လည်ရေးသား တင်ပြပေးသွားပါမည်။ အားလုံးပဲ ရွှင်လန်းချမ်းမြေ့ကြပါစေခင်ဗျား။

၂၀၁၂ ခုနှစ်၊ သြဂုတ်လ ၁၅ ရက်၊ ဗုဒ္ဓဟူးနေ့။
ညနေ ၆ နာရီ ၅၄ မိနစ်။

Wednesday, August 08, 2012

တောင်းပန်ပါရစေ


ခေါင်းစဉ်ကိုဖတ်ပြီး ကိုဉာဏ်တစ်ယောက်တော့ ၀ိုင်ဝိုင်းရဲ့သီချင်း ဆိုနေတယ်လို့ မထင်မှတ်လိုက်ပါနဲ့ဗျာ။ ကျွန်တော့်ရဲ့ မြန်မာ့သွေးဘလော့ဂ်ကို စာတွေ၊ သတင်းတွေ ဖတ်ရှုဖို့ အမြဲလာလည်တတ်တဲ့ မိတ်ဆွေတွေကို ကျွန်တော်ကိုဉာဏ်က တောင်းပန်ပါရစေလို့ ခွင့်တောင်းတာပါ။

ကျွန်တော့်ဆရာတစ်ဦးက ပြောဖူးတဲ့စကားတစ်ခွန်းကို ကျွန်တော် အမြဲသတိထားပြီး ဆင်ခြင်ဖြစ်ပါတယ်။ စိတ်ညစ်နေတဲ့အချိန်၊ ၀မ်းသာနေတဲ့အချိန်၊ ဒေါသဖြစ်နေတဲ့အချိန် စတဲ့အချိန်မျိုးတွေမှာ ဆုံးဖြတ်ချက်တွေ မချပါနဲ့တဲ့။ နောက်ဆက်တွဲ ထပ်မှာတာက မင်းက စာရေးချင်တဲ့လူဆိုတော့ အဲဒီလိုအချိန်မျိုးတွေမှာ စာမရေးပါနဲ့တဲ့။ ဟုတ်ကဲ့ ကျွန်တော်ကိုဉာဏ် မှတ်သားခဲ့ရပါတယ်။ လိုက်နာမှုမှာတော့ အားနည်းခဲ့ပါတယ်။ အဲဒါကြောင့်လည်း အချို့သော ပို့စ်တွေမှာ ဒေါသသံတွေ တသင်းသင်း၊ အမျက်မာန်တွေ တ၀င်းဝင်းနဲ့ ဖြစ်ခဲ့ရတာပါ။ သွေးပူနေ၊ သွေးဆူနေတုန်းကတော့ ကျွန်တော့်ကိုယ်ကျွန်တော် ဟုတ်လှချည်၊ တော်လှချည်ရဲ့လို့ ဘ၀င်တွေ မြင့်မိတာပေါ့။ ဒါပေမယ့် သွေးအေးလို့ ပြန်ဖတ်မိတဲ့အခါ ကျွန်တော့်မှာ နောင်တတွေ တသီကြီးနဲ့ စိတ်ညစ်ခဲ့ရတာ အခါခါပါ။

ဒီရက်ပိုင်းတွေမှာတော့ ကျွန်တော့်အတွက် အတော်လေးကို ကသိကအောက်ဖြစ်စရာ ရက်သတ္တပတ်တွေ ဖြစ်ခဲ့ပါတယ်။ လူမှုရေး အခက်အခဲမျိုးစုံနဲ့ ကျွန်တော်ဖြတ်သန်းခဲ့ရတယ်။ အရင်းနှီးဆုံး လူတွေရဲ့ သစ္စာဖောက်မှု၊ အထင်အမြင်လွဲမှုတွေ ခံခဲ့ရတယ်။ ကျွန်တော် အားကြိုးမာန်တက်လုပ်ဖို့ မျှော်လင့်ထားတဲ့ အလုပ်တွေကို စွန့်လွှတ်ခဲ့ရတယ်။ ကိုယ်လုပ်ရင် အကောင်းဆုံးဖြစ်မှာ သိလျက်နဲ့ ခ၀ါမချနိုင်တဲ့ ကျွန်တော့်ရဲ့ မာနတွေကြောင့် ဘေးကနေဘဲ လက်ပိုက်ကြည့်နေဖြစ်တယ်။ နောင်တတော့ မရမိပါဘူး။ သိက္ခာမရှိတဲ့ လူတွေနဲ့ အလုပ်တွဲလုပ်ရမှာထက် ဘာမှမလုပ်ဘဲ ဒီအတိုင်း ငုတ်တုတ်ထိုင်ပြီး အသေခံရတာက ပိုမြတ်တယ်လို့ ကျွန်တော်ခံယူထားတယ်။ နောက်တစ်ခုက ကျွန်တော့်မှာ ချမ်းသာတာဆိုလို့ ဒီမာနတွေပဲ ရှိတာမဟုတ်လား။ မကောင်းမှန်းသိပေမယ့် ပုထုဇဉ်ပီပီ ကျွန်တော် ဖက်တွယ်ထားချင်ပါသေးတယ်။

လိုရင်းကိုပြောရရင် ဒီကာလတွေမှာ ကျွန်တော် စိတ်ညစ်ရ၊ ဒေါသဖြစ်ရ၊ စိတ်တိုရ၊ သောကဖြစ်ရတာတွေ များနေတဲ့အတွက် စာတွေမရေးဖြစ်၊ မတင်ဖြစ်ပါဘူး။ သတင်းတွေဖတ်ပြီး ထပ်ခါထပ်ခါ စိတ်တိုရလို့ သတင်းတွေတောင် သေချာမဖတ်ဖြစ်ဘူး။ အဲဒါကြောင့် ကျွန်တော့်ဘလော့ဂ်ကို စာဖတ်ဖို့ လာလည်ကြသူတွေကို ကျွန်တော် မျက်နှာပူပါတယ်။ အားလည်းနာပါတယ်။

ဒါကြောင့်လည်း ခေါင်းစဉ်မှာကတည်းက ကျွန်တော် တောင်းပန်ပါရစေလို့ အမည်ပေးလိုက်မိတာပါ။ ဟုတ်ကဲ့.... မြန်မာ့သွေးမိတ်ဆွေများအားလုံးကို ကျွန်တော်ကိုဉာဏ် အနူးအညွတ် တောင်းပန်ပါတယ်။ စာတွေ ပြန်ရေးပါ့မယ်၊ ပို့စ်တွေ ပြန်တင်ပါ့မယ်။ စောင့်မျှော်ဖတ်ရှုကြပါဦးခင်ဗျား။

အားလုံးပဲ ရွှင်လန်းချမ်းမြေ့ကြပါစေ.....။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၂ ခုနှစ်၊ သြဂုတ်လ ၈ ရက်၊ ဗုဒ္ဓဟူးနေ့။
ည ၁၁ နာရီ ၀၉ မိနစ်တွင်ပြီး၏။

Saturday, July 21, 2012

ဂျာနယ်စား


ဂျာနယ်ရွှေခေတ်မှာ ကျွန်တော် အပတ်စဉ်ဖတ်ဖြစ်တဲ့ ဂျာနယ်အရေအတွက်က ၂၀ နီးပါးခန့်ရှိသည်။ ငွေအသပြာ၊ ပိုက်ဆံ၊ မန်းနီးဟုခေါ်သည့် ငွေစကြေးစများ အင်မတန် ကုန်ပါသည်။ သို့သော် မတတ်နိုင်ပေ။ ကိုယ်က ဂျာနယ်တွေကို ဘိန်းစွဲသလို စွဲနေတဲ့လူ။ ရတဲ့လခရဲ့ အစိတ်အပိုင်းအချို့က ဂျာနယ်ဖိုးနဲ့ ကုန်ရသည်။ ဒံပေါက်တစ်ပွဲစားဖို့ ၂၀၀၀ လောက်ကုန်မှာကို ကျွန်တော်ကြောက်သည်။ သို့သော် ဂျာနယ်တွေဝယ်ရလျှင်၊ စာအုပ်တွေ ၀ယ်ရလျှင်တော့ အတွန့်အတို၊ အနှမြော လုံးဝမရှိ။ ဒါလည်း ၀ဋ်တစ်ခုဖြစ်မည်ထင်သည်။ ဂျာနယ်တစ်ခုချင်းအလိုက် ကြိုးတွဲထားပြီး တစ်နေ့တစ်ခြား မြင့်လာသည့် ဂျာနယ်အပုံကြီးကို ကြည့်ပြီး ဖြစ်ရသည့် ပီတိ၊ ခံစားရသည့် ကျေနပ်မှုသည် ဘာနဲ့မျှ ဖော်ပြလို့မရ။ ကဲ... ထားတော့။

အခုနောက်ပိုင်း ဂျီအက်စ်အမ်တွေ အင်တာနက်သုံးခွင့်ပေးလိုက်တော့ ကျွန်တော့်ရဲ့ အကုန်အကျအချို့ သက်သာသွားသည်။ ဂျာနယ်အတော်များများကို အင်တာနက်ကနေ ဖတ်ခွင့်ရသည်။ သို့သော် အချို့သော ဂျာနယ်များကိုတော့ တမင်ကို ၀ယ်ဖတ်ဖြစ်သည်။ သိမ်းထားချင်၍ ဖြစ်သည်။ ထို့ပြင် အချို့သော အချို့သော ဂျာနယ်များကို ကွန်ပျူတာထဲတွင် ဖတ်ရသည်နှင့် လက်တွင်ကိုင်ကာ ဖတ်ရသည်တို့ မတူတာလည်း ရှိသည်။ ကွန်ပျူတာရှေ့တွင်ထိုင်ပြီး တောင့်တောင့်ကြီး ဖတ်ရသည်ထက် ဂျာနယ်လေးကိုကိုင်၊ အိပ်ရာပေါ်မှာလှဲ၊ ဖတ်နေရင်း တွေးစရာပါလျှင် ဂျာနယ်ကို အသာဘေးမှာချ၊ တွေးစရာရှိတာတွေ၊ အချို့သော အတွေးတွေကို စာပြန်ရေးဖို့အတွက် မှတ်စုထဲမှာမှတ်၊ အချို့စာသားတွေကို ဂျာနယ်ထဲမှာ မျဉ်းသား၊ ကွင်းခတ် စသဖြင့် လုပ်ရသည်က တကယ့်လောကစည်းစိမ် ဖြစ်သည်။ ကဲ... ထားတော့။

အရင်တုန်းက အချိန်တွေ များသည်။ အခု အချိန်တွေ ရှားသည်။ တစ်နေ့တစ်နေ့ ဘယ်လိုကုန်လွန်သွားမှန်း မသိအောင်ပင် ဖြစ်ရသည်။ အင်တာနက်ဆိုတဲ့ ရွာကြီးထဲကို အလည်သွားမိလျှင် ပိုဆိုးသေးသည်။ လေ့လာစရာမကုန်၊ သင်ယူစရာမခမ်း၊ မှတ်သားစရာမလောက် ဖြစ်ရပါ၏။ ထို့ကြောင့် ဘလော့ဂ်တွင် ပို့စ်တွေ ဟိုးအရင်ကလို အများကြီး မတင်ပေးနိုင်တော့။ အဲဒီအတွက် စိတ်မကောင်း။ ကိုယ်ဖတ်မိသည့် စာတိုပေစလေးတွေထဲမှာ သဘောကျစရာ၊ သိမှတ်စရာ၊ ဆင်ခြင်စရာ၊ တွေးတောစရာလေးများ တွေ့ရလျှင် ဘလော့ဂ်ကို လာဖတ်သည့် မြန်မာ့သွေး မိတ်ဆွေတွေကို ဖတ်စေချင်သည်။ သိစေချင်သည်။ သို့သော်..... အခြေအနေက မပေး။ ကဲ... ထားတော့။

ဂျာနယ်တွေကလည်း သူ့ဟာနဲ့သူ ကောင်းနေကြတာချည်းပဲဖြစ်သည်။ တစ်စောင်လုံး ပြောစရာမရှိအောင် ကောင်းသည့်ဂျာနယ်တော့ အခုထိ တစ်စောင်မှ မတွေ့ခဲဖူး။ သို့သော် သူ့ဂျာနယ်နှင့်သူ ကောင်းတဲ့ဟာလေးတွေ ပါနေတတ်သည်။ အချို့က ဆောင်းပါးတွေ ကောင်းသည်၊ အချို့က သတင်းတွေ ကောင်းသည်၊ အချို့ သတင်းဆောင်းပါးတွေ ကောင်းသည်၊ အချို့က နာမည်ကြီး စာရေးဆရာကြီးများ၏ စာတွေပါသည်၊ အချို့က ကာတွန်းတွေ ကောင်းသည်၊ အချို့က နိုင်ငံရေး သုံးသပ်ချက်တွေ ကောင်းသည်၊ အချို့က တစ်ချိန်တုန်းက အဟောင်းကောင်းတွေ ပြန်ဖော်ပြသည်၊ အချို့က ဖျော်ဖြေရေးကဏ္ဍ စုံလင်သည်၊ အချို့က... စသည် စသည်ဖြင့် သူ့ဟာနှင့်သူ ကောင်းနေကြတာချည်း ဖြစ်သည်။ ကဲ... ထားတော့။

ကျွန်တော် အပတ်စဉ် ဖတ်ဖြစ်သည့် ဂျာနယ်တွေက-
(၁) Weekly Eleven News *
(၂) First Eleven *
(၃) မော်နီတာ
(၄) ဒီလှိုင်း
(၅) ပြည်သူ့ခေတ်
(၆) 7Day News *
(၇) ရန်ကုန်တိုင်းမ်
(၈) Northern Star
(၉) Bi Weekly Eleven News *
(၁၁) Newsweek
(၁၂) Hot News *
(၁၃) Premier Eleven *
(၁၄) လျှပ်တစ်ပြက်
(၁၅) The VOICE Weekly *
(၁၆) Good Health
(၁၇) Street View
အထက်တွင် (*) ပြထားသည့် ဂျာနယ်တွေက အင်တာနက်မှာ ဒေါင်းလုဒ်ချပြီး ဖတ်နိုင်သည့် ဂျာနယ်များ ဖြစ်သည်။ အဲဒီ ဂျာနယ် ထုတ်ဝေသူများကို ကျေးဇူးတင်ပါသည်ခင်ဗျား။ ကဲ... ထားတော့။

အဲဒီလိုတွေ ဂျာနယ်တွေကို ပုံမှန်လိုလို လပေါင်းများစွာ ဖတ်လာတော့ ရလာသည့် အကျိုးကျေးဇူးတွေ ရှိသည်။ ဘာတွေနည်း။ ဟုတ်ကဲ့.... ဘယ်ဂျာနယ်တွေက ပိုကောင်းလာတယ်၊ ဘယ်ဂျာနယ်တွေက အရည်အသွေး ကျသွားတယ်၊ ဘယ်ဂျာနယ်ကတော့ ဘယ်လို လုပ်စားတတ်တယ်၊ ဘယ်ဂျာနယ်ကတော့ ယောင်ဝါးဝါးလုပ်တတ်တယ်၊ ဘယ်ဂျာနယ်ကတော့ သူများဖော်ပြပြီးသား သတင်းတွေ ပြန်ထည့်တတ်တယ်၊ ဘယ်ဂျာနယ်ကတော့ အတင်းဖွနေတယ်၊ ဘယ်ဂျာနယ်ကတော့ ဂျာနယ်အချင်းချင်း ရန်စောင်နေတယ်၊ ဘယ်ဂျာနယ်ကတော့ လိုင်းပူးနေတယ် စသည်ဖြင့် သိလာတာပါပဲ။ ပြောမယုံ ကြုံဖူးမှ သိဆိုသလို သာမန်အားဖြင့်ဆိုရင် အခု ကျွန်တော်ပြောနေတာတွေက အကြားအမြင်ရနေတဲ့ လူမှပဲ သိနိုင်သလိုလို၊ အဲဒီဂျာနယ်တွေမှာ အလုပ်လုပ်နေမှပဲ သိနိုင်သလိုလို ဖြစ်နေပါလိမ့်မယ်။ အငြင်းအခုန် မလုပ်လိုပါ။ အချို့ဂျာနယ်များဆိုလျှင် ဖောင်ပိတ်ခါနီးအထိ ထည့်စရာမရှိ၍ ဘယ်သတင်း၊ ဘယ်စာကို ဖောင်မပြည့်,ပြည့်အောင် ထည့်လိုက်သည် ဆိုတဲ့အထိ တွေးကြည့်လို့ရသွားသည်။ မယုံမရှိနှင့် အဲဒါ ကိုယ်တွေ့။ ကဲ.... ထားတော့။

ဂျာနယ်တွေ အများကြီးထွက်တာကို ကျွန်တော် သဘောကျသည်။ ဘာမဏ္ဍိုင်တွေ၊ ညာမဏ္ဍိုင်တွေ၊ ထိန်းကျောင်းတာတွေ၊ ဗိန်းမောင်းတာတွေ ကျွန်တော်မပြောလို။ ဂျာနယ်တွေ အများကြီးထွက်သည့်အတွက် ကျွန်တော်တို့ လူမျိုးတွေအတွက် စာဖတ်စရာတွေ အများကြီး ရှိလာသည်။ သူ့ဂျာနယ်အလိုက် ကိုယ်အားသန်အားသန်ရာကို ပေးကြလိမ့်မယ်၊ တင်ပြကြလိမ့်မည်။ ထိုအခါ သူ့ပရိသတ်နှင့်သူ အားပေးကြလိမ့်မည်၊ ဖတ်ကြလိမ့်မည်။ စာဖတ်တယ်ဆိုတာ ကောင်းတဲ့အလုပ်ဖြစ်သည်။ ကျွန်တော်တို့ နိုင်ငံမှာရှိတဲ့ လူဦးရေ စုစုပေါင်းရဲ့ တစ်ဝက်လောက်က စာပုံမှန် ဖတ်လျှင်ပင် နောက်ထပ် ၁၀ နှစ်အတွင်းမှာ ကျွန်တော်တို့ မြန်မာနိုင်ငံ စင်ကာပူနိုင်ငံကို ကျော်လွန်နိုင်တယ်ဟု ကျွန်တော် ယုံယုံကြည်ကြည် ပြောရဲသည်။ ခက်တာက ကျွန်တော်တို့ လူမျိုးက အင်မတန် စာဖတ်ပျင်းသည်။ သူပြောငါပြောကို ယုံကြည်ကြတာ များသည်။ ဟိုက အသံလွှင့်၊ ဒီက အသံလွှင့်ကို နားထောင်ချင်ကြသည်။ ဟိုလူ သုံးသပ်၊ ဒီလူ သုံးသပ်ကို သဘောကျသည်။ ကိုယ်တိုင်ကျတော့ စာလည်းမဖတ်ချင်၊ ဆွေးနွေးတာလည်း မလုပ်ချင်၊ သုံးသပ်တာလည်း မလုပ်ချင်နှင့် သိပ်စိတ်ညစ်ဖို့ ကောင်းသည်။ ကဲ... ထားတော့။

တစ်နေ့လုပ်မှ တစ်နေ့စားတဲ့ အလုပ်ကြမ်းသမားကလည်း စာဖတ်ခြင်းသည် သူ့အလုပ် မဟုတ်၊ သူနှင့် မအပ်စပ်ဟု ခံယူသည်။ ထိုဘ၀က မည်သို့ လွတ်မည်နည်း။ ၀န်ထမ်းဆိုသူတွေကလည်း စာမဖတ်ချင်၊ ၀င်စာကိုပင် သေသေချာချာ နားလည်အောင် မဖတ်၊ ခေါင်းစဉ်ကိုကြည့်ပြီး သက်ဆိုင်ရာဌာနကို လွှဲပေးဖို့ပဲ စိတ်ဝင်စားသည်။ အချင်းချင်း အတင်းပြောရင်း ရပ်ကွက်သတင်းတွေကို ဖလှယ်ကြသည်၊ မင်းသား၊ မင်းသမီး အတင်းတွေကို ဖောက်သည်ချသည်။ အလုပ်အတွက် ဘယ်မှာအသုံးဝင်မည်နည်း၊ ခက်ပြီ... အလုပ်အတွက် အသုံးမ၀င်မှတော့ နိုင်ငံအတွက် ပိုဆိုးသည်ပေါ့။ အရာရှိတွေ ကျတော့ရော...။ ပိုဆိုးသည်။ အချိန်မရလို့၊ အလုပ်တွေများလို့၊ လူမှုရေးတွေ ရှိလို့ စာမဖတ်ဖြစ်။ ပြီးရော....။ စားပွဲပေါ် လာတင်သမျှကို အတွင်းရေးမှူးက ဖတ်ပြီးစစ်ဆေးရသည်။ ကျေးဇူးရှင်က လက်မှတ်ပဲ ထိုးသည်။ ပြီးတော့ အတွင်းရေးမှူးကို မေးလိုက်သေးသည်။ စစ်ပြီးပြီလားတဲ့။ ပြန်ဖြေသည်။ ဟုတ်ကဲ့။ ထိုးလိုက်သည် လက်မှတ်။ ကောင်းရော။ အလုပ်ကြမ်းသမားက စာမဖတ်၊ ၀န်ထမ်းက စာမဖတ်၊ အရာရှိကလည်း စာမဖတ်။ သူ့ဟာနဲ့သူ အားလုံးကိုက်နေသည်။ ဟာမိုနီ ဖြစ်နေသည်။ ဟန်ချက်ညီနေသည်။ မကောင်းလော။ ကဲ... ထားတော့။

ဂျာနယ်တွေဘက် ပြန်လှည့်မည်။ သူများ ဒီမိုကရေစီဆိုတော့ အားလုံးဒီမိုကရေစီလိုက်ကြသည်မှာ တစ်မိုးလုံး ဖျောက်ဆိပ်ဟု ဆိုရလောက်သည်။ နိုင်ငံတစ်ခုမှာ ဒီမိုကရေစီချည်းပဲ လိုအပ်တာမဟုတ်။ အခြားသော ဘာသာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စာရိတ္တ၊ ပညာရေး၊ လူငယ်ရေးရာ၊ စသည် စသည်ဖြင့် များစွာရှိသေးသည်။ သို့သော် ဂျာနယ်များ စိတ်မ၀င်စား။ အဲဒါတွေ ရေးလျှင်၊ ထုတ်လျှင်လည်း စောင်ရေတက်မည် မဟုတ်၊ စီးပွားရေးအမြတ်အစွန်း ကောင်းမည်မဟုတ်။ ဒီတော့ ဘာဖြစ်သလဲ။ ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံကို မျက်နှာဖုံး ဖော်ပြရလျှင် အတော်ကြီးကို ဟုတ်နေပြီ။ ဗိုလ်ချုပ်အောင်ဆန်းအကြောင်း ဝေေ၀ဆာဆာ ဖော်ပြရလျှင် အရမ်းကို ကောင်းနေပြီ။ နိုင်ငံရေးပါတီတွေ အစည်းအဝေး လုပ်တာတွေကို ဖော်ပြရလျှင် "အာဂ ငါ့နှယ်၊ ဂျာနယ်ထုတ်ကျိုး နပ်လေစွ" ဟု ထင်မြင်ကြသည်။ ပုဂ္ဂလိက ဆေးရုံတစ်ခုခုကို လူနာရှင်/လူနာ တစ်ယောက်ယောက်က တရားစွဲသည့်သတင်းကို ထည့်ပေးနိုင်လျှင် ဂုဏ်ယူမဆုံး ဖြစ်ကြသည်။ ပြည်သူ့ဘက်က ရပ်တည်သည်တဲ့။ မဆန်းလော။ ဆန္ဒပြသည့် သတင်းကို ဖော်ပြနိုင်လျှင် ကိုယ့်ကိုယ့်ကိုယ် အမေရိကန်က သတင်းစာတွေလောက် ထင်ကြသည်။ ကောင်းလေစွ၊ ကောင်းလေစွ။ ကဲ... ထားတော့။

မြန်မာတွေ နိုင်ငံရေးအသိ ရင့်သန်စေဖို့ ဘာတွေ ဖော်ပြကြသလဲ၊ စာရိတ္တတွေ ကောင်းမွန်အောင် ဘယ်လို လမ်းညွှန်ကြသလဲ၊ ဒုစရိုက်မှုတွေ လျော့နည်းအောင် ဘယ်လိုပညာပေးကြသလဲ၊ ပညာရေးတွေ မြင့်တက်လာအောင် ဘာတွေအကြံပြုကြသလဲ၊ စီးပွားရေးတွေ ချောင်လည်လာအောင် ဘယ်လို နည်းလမ်းတွေ ပြသကြသလဲ၊ ဗဟုသုတတွေ တိုးပွားလာအောင် ဘယ်လိုဖော်ပြပေးကြသလဲ၊ တစ်နိုင်ငံလုံး စာဖတ်ချင်လာအောင် ဘယ်လိုစည်းရုံး ဆောင်ရွက်နေကြသလဲ။ ဂျာနယ်များကို ကျွန်တော်မေးချင်တဲ့ မေးခွန်းတွေထဲက အချို့ရယ်ပါ။ မေးခွန်းများစွာ ကျန်သေးပါသည်။ သြော်... စတုတ္ထမဏ္ဍိုင်လို့ ကိုယ့်ဘာသာကိုယ် ကြွေးကြော်နေကြတဲ့ ကိုရွှေဂျာနယ်တို့က ကျွန်တော့်ကို ပြန်ဖြေကြပါလိမ့်မည်။ အမေး နွားကျောင်းသား၊ အဖြေ ပါမောက္ခ ပေါ့။ ဟုတ်ကဲ့ ကျွန်တော်ကိုဉာဏ် နားလည်ပါသည်။ ကဲ.... ထားတော့။

အခုအချိန်အထိ ဂျာနယ်စောင်ရေကို လျှော့ပြီးတော့ ပုံနှိပ်ဖော်ပြကြတုန်း။
အခုအချိန်အထိ ဂျာနယ်တန်ဖိုးကို လျှော့ရေးပြီး အခွန်ရှောင်ကြတုန်း။
အခုအချိန်အထိ သတင်းတစ်ခုကို ဂျာနယ်အားလုံး ၀ိုင်းရေးကြတုန်း။
အခုအချိန်အထိ အစိုးရဆိုရင် ငါတို့ကို ချုပ်ချယ်နေတဲ့လူတွေလို့ မြင်ကြတုန်း။
အခုအချိန်အထိ သူတို့မကြိုက်တဲ့လူဆိုရင် စာဖတ်ပရိသတ်နဲ့ ရန်တိုက်ပေးတုန်း။
အခုအချိန်အထိ စာနယ်ဇင်းသမား တစ်ယောက်ယောက်ကို ထိရင် ကျီးကန်းတွေလို ၀ိုင်းအာကြတုန်း။
အခုအချိန်အထိ စာလုံးပေါင်းအမှားတွေကို ဝေေ၀ဆာဆာ ရေးနေကြတုန်း။
အခုအချိန်အထိ မြန်မာနာမည်ပေးရင် ဂျာနယ်မဟုတ်ဘူးလို့ ထင်နေကြတုန်း။
အခုအချိန်အထိ အယ်ဒီတာ့ထံပေးစာမှာ သူတို့ဂျာနယ်ကို မကောင်းပြော ဝေဖန်ကြရင် ထည့်မပေးတုန်း။
အခုအချိန်အထိ အစိုးရ အားနည်းချက်တွေအကြောင်း ရေးသမျှပေးစာကို ၀မ်းသာအားရ ဖော်ပြကြတုန်း။
အခုအချိန်အထိ သူတို့ကြိုက်တဲ့လူကို စာဖတ်ပရိသတ် မကြိုက်ကြိုက်အောင် ကြော်ငြာပေးတတ်ကြတုန်း။
အခုအချိန်အထိ ......................။
အခုအချိန်အထိ ...............................။
အခုအချိန်အထိ ........................................။
အခုအချိန်အထိ ..................................................။
အခုအချိန်အထိ ..............................................................။
အခုအချိန်အထိ မဏ္ဍိုင်သုံးရပ်အကြောင်း မကောင်းရေးရတာကို လွပ်လပ်ခွင့်လို့ ထင်နေကြတုန်း။
အခုအချိန်အထိ ...........................................................................။
အခုအချိန်အထိ ...................................................................................။ ကဲ... ထားတော့။

အို... စာဖတ်သူ မြန်မာ့သွေးမိတ်ဆွေ။ တခမ်းတနား၊ တဖွဲ့တနွဲ့ဖြင့် ဤစာကို နိဂုံးမချုပ်လိုတော့ပါ။ ကျွန်တော်ကိုဉာဏ်လည်း ဟုတ်ကဲ့.... 
အခုအချိန်အထိ မကောင်းမြင်စိတ်တွေ များနေတုန်းပါ။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၂ ခုနှစ်၊ ဇူလိုင်လ ၂၁ ရက်၊ စနေနေ့။
ညနေ ၆ နာရီ ၄၁ မိနစ်တွင် ပြီး၏။

စာကြွင်း။ ဘိန်းစွဲနေသော လူများကို ဘိန်းစားဟု ခေါ်တတ်ကြပါသည်။ ကျွန်တော် ကိုဉာဏ်သည် ဂျာနယ်စွဲနေသူတစ်ဦး ဖြစ်ပါသည်။ ထို့ကြောင့် ကျွန်တော့်အား ယနေ့မှစ၍ ဂျာနယ်စားဟု ပြောင်းလဲခေါ်ဝေါ်ကြပါကုန်။

Friday, July 20, 2012

အခါလွန်မိုး


ပို့စ်ခေါင်းစဉ်ကို ဖတ်ပြီးတော့ တစ်ချိန်က ကျော်ကြားလူကြိုက်များခဲ့တဲ့ အဆိုတော် အောင်ရင် (မိုးအောင်ရင် ရဲ့အဖေ) သီဆိုခဲ့တဲ့ သီချင်းတစ်ပုဒ်လို့ မထင်လိုက်ပါနဲ့။

မနေ့က အလုပ်ကိစ္စတွေနဲ့ အတော်ကြီးကို ခေါင်းခြောက်ခဲ့ရပါတယ်။ အဲဒါကြောင့် အာဇာနည်နေ့နဲ့ ပတ်သက်တဲ့ပို့စ်ကို မတင်ခဲ့နိုင်ပါဘူး။ အာဇာနည်နေ့ မရောက်ခင်ကတည်းက ဘာတွေရေးမယ်၊ ဘာတွေတင်ပေးမယ်ဆိုပြီး အခဲကြီး ခဲခဲ့လေသမျှ သဲရေကျခဲ့ရပါတယ်။

ဒါပေမယ့် ဘာပဲဖြစ်ဖြစ် ကျွန်တော်သိပ်ကြိုက်တဲ့ စကားပုံဆိုရိုးစကား တစ်ခုဖြစ်တဲ့ "ဘယ်တော့မှ မဖြစ်တာထက် နောက်ကျတာက ပိုကောင်းတယ်" ဆိုတဲ့အတိုင်း အခါလွန်မိုး ရွာလိုက်ပါတယ်။

၆၅ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားတွင် မြန်မာနိုင်ငံသူ၊ နိုင်ငံသားများနှင့် ထပ်တူ အထူးဝမ်းနည်း ကြေကွဲရပါကြောင်းနှင့် ကျဆုံးလေပြီးသော အာဇာနည်ခါင်းဆောင်ကြီးများကို မိမိပြုခဲ့သမျှ ကုသိုလ်အစုစုကို အမျှပေးဝေပါကြောင်း.....။

၁၉ ဇူလိုင် မမေ့နိုင်။
ဇူလိုင် ၁၉ မျက်ရည်မိုး။
မျက်ရည်သွန်းဖြိုး တစ်ဆယ့်ကိုး။
၁၉ ဇူလိုင် မျက်ရည်ဖြိုင်။
မျက်ရည်ဖြိုင်ဖြိုင် လဇူလိုင်။

ကျဆုံးလေပြီးသော ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြု....

အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၂ ခုနှစ်၊ ဇူလိုင်လ ၂၀ ရက်၊ သောကြာနေ့။
နေ့လည် ၂ နာရီ ၀၇ မိနစ်။

Tuesday, May 15, 2012

ပို့စ်တွေတင်တာ နည်းခဲ့လျှင်ဖြင့်


ကျွန်တော်ကိုဉာဏ် ခရီးလွန်နေပါသည်။ ထို့အတွက် ပို့စ်တင်တာ နည်းပါးနိုင်ပါသည်။ အင်တာနက်သုံးစွဲရန် အခက်အခဲ ရှိပါသည်။ သုံးခွင့်ရသည့် အချိန်လေးများတွင်တော့ အချိန်ပေး၍ ပို့စ်များ တင်ပေးလိုပါသည်။ ပြောချင်သည်များ၊ ဆွေးနွေးတင်ပြလိုသည်များ အများအပြား ရှိနေပါသည်။ ထို့အတွက်လည်း အချိန်အေးအေးဆေးဆေး ပို့စ်များရေးလိုပါသည်။ သို့သော် ယခုတော့ ဖြစ်နိုင်ဦးမည် မထင်သေးပါ။ မရှိသည့် အချိန်ကို ခွဲဝေသုံးစွဲနေရသည့် ကာလတစ်ခုကို ဖြတ်သန်းနေရ၍ ဖြစ်ပါသည်။ အလုပ်တာဝန်ဟု ပြောနိုင်သလို၊ သင်တန်းတစ်ခုဟုလည်း ပြောနိုင်ပါလိမ့်မည်။ လူပင်ပန်းသည် မဆိုနိုင်သော်လည်း စိတ်ပင်ပန်းမှုကတော့ အပြည့်ဖြစ်ပါသည်။ ကျွန်တော့်အတွက် လေ့လာစရာ၊ သင်ယူစရာ၊ မှတ်သားစရာများ နေ့စဉ်နှင့်အမျှ ဖြစ်နေရပါသည်။ ငယ်ငယ်ကတည်းက ကြားဖူးနေကျစကားဖြစ်သည့် “အလုပ်ရှုပ်ပုံများတော့ ယားတာတောင် မကုတ်အားဘူး၊ ထုံးတို့ပြီး နေရာမှတ်ထားရတယ်။ အိမ်ရောက်မှ ပြန်ကုတ်ရတယ်” ဆိုသကဲ့သို့ပင် ယားတာပင် မကုတ်အားပါ။ တင်စားပြောဆိုတာဖြစ်သော်လည်း လက်တွေ့တွင်လည်း ထိုသို့မလုပ်ရရုံတမယ် ပင်ပန်းရပါသည်။ ဟုတ်ကဲ့၊ ရသည့်အချိန်လေးများတွင် တတ်နိုင်သမျှ ပို့စ်များ ရေးနိုင်အောင် ကြိုးစား၍ ရေးသားပါမည်။အင်တာနက်သုံးရန် အခြေအနေပေးသည်နှင့် ပို့စ်များ တင်ပြသွားပါမည်ခင်ဗျား။                                                       

Sunday, January 08, 2012

ပျော်ရွှင်ဖွယ်ရာနှစ်သစ် ၂၀၁၂ ခုနှစ်


နှစ်သစ်အခါသမယတွင် မြန်မာ့သွေးမိတ်ဆွေများအားလုံးနှင့် မြန်မာပြည်သူပြည်သားများအားလုံး ဘေးဘယာ ဝေးကွာနိုင်ကြပါစေ...
စိတ်ဝမ်းနှလုံး ရွှင်ပြုံးနိုင်ကြပါစေ...
ကြားလိုသောစကားများ ကြားကြရပါစေ...
မြင်လိုသော မြင်ကွင်းများ မြင်ကြရပါစေ...
ကြိုးစားသလောက်၊ အစွမ်းရှိသလောက် လုပ်ခွင့်ရကြပါစေ...
ပိုမိုမြင့်မားသော ဘ၀များကို ပိုင်ဆိုင်နိုင်ကြပါစေ...
ကြောင့်ကြခပ်သိမ်း ငြိမ်းကြပါစေ...
ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ...
နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် မိမိစွမ်းသမျှ အုတ်တစ်ချပ်၊ သဲတစ်ပွင့် ပါဝင်ထမ်းရွက်နိုင်ကြပါစေ...
မိသားစုများအတွက်လည်း ချစ်ခင်ကြင်နာမှုများ၊ အချိန်များ ပေးနိုင်ကြပါစေ....
ကောင်းမြတ်သည့် လိုရာဆန္ဒများအားလုံး ပြည့်ဝအောင်မြင်ကြပါစေဟု ဆုမွန်ကောင်း တောင်းအပ်ပါသည်။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
မြန်မာ့သွေးဘလော့ဂ်၊ မြန်မာ့သွေးဂူဂဲလ်ဂရု(ပ)
၂၀၁၂ ခုနှစ်၊ ဇန်န၀ါရီလ ၈ ရက်၊ တနင်္ဂနွေနေ့။
မွန်းလဲ ၁၂ နာရီ ၆ မိနစ်။

စာကြွင်း။ စကားပုံတစ်ခု ကြားဖူးတယ်။ ဘယ်တော့မှ မဖြစ်တာထက်စာရင် နောက်ကျတာက ပိုကောင်းတယ်တဲ့။ ထမင်းရည်ပူလာ လျှာလွှဲပဲဆိုဆို၊ မိုးကြိုးပစ်တာ ထန်းလက်ကာ ဆိုဆို အခုမှပဲ ရေးခွင့်သာတဲ့အတွက် မြန်မာ့သွေးဘလော့ဂ်ရဲ့ နှစ်သစ်ဆုတောင်းကို အခုမှပဲ ရေးလိုက်ပါတယ်နော်။

ဆရာ အောင်ထွဋ်အတွက် ၀မ်းနည်းကြေကွဲရပါသည်



The Voice Weekly ဂျာနယ်က ဆရာအောင်ထွဋ် သေဆုံးသွားပြီဆိုတဲ့ သတင်းကို မိတ်ဆွေတစ်ယောက်က တယ်လီဖုန်းကတစ်ဆင့် အသိပေးလာတဲ့အခါ မယုံနိုင်အောင် ဖြစ်သွားရတယ်။ သတင်းမှားဖြစ်ပါစေ၊ အဲဒီသတင်း မဟုတ်ပါစေနဲ့လို့ ဆန္ဒဖြစ်မိတယ်။ အဲဒီဆန္ဒအတ္တဟာ ဘယ်လောက်အထိ ကြီးမားသွားခဲ့သလဲဆိုရင် သတင်းပေးတဲ့ မိတ်ဆွေကို ပုလိပ်စစ်သလို စစ်ဆေးမိတဲ့အထိ ဖြစ်သွားတဲ့အတွက် မိတ်ဆွေက ဒေါဖောင်းသွားရတဲ့အထိပဲ။ ဟုတ်တော့လည်း ဟုတ်ပါရဲ့။ ကျွန်တော်ကလည်း သေချာလို့လား၊ ဘယ်သူလဲ၊ အောင်ထွဋ်ဟုတ်ရဲ့လား၊ ဒေါက်တာ နေ၀င်းမောင် ဟုတ်ရဲ့လား၊ ဗွိုက်(စ)ဂျာနယ်က ဟုတ်ရဲ့လား၊ မြန်မာအီးဂရက်(စ) တည်ထောင်သူ ဟုတ်ရဲ့လား စသည်ဖြင့် စုံနေတာပါပဲ။ ဖြစ်ချင်တော့ သတင်းပေးတဲ့ မိတ်ဆွေက အောင်ထွဋ်ကို သေချာသိတဲ့သူ မဟုတ်ပါဘူး။ ကျွန်တော်မေးတဲ့ သည်ဗွိုက်(စ) စီအီးအိုလား၊ မြန်မာအီးဂရက်(စ) တည်ထောင်သူလား စတာတွေကို မသိပါဘူး။ သူသိတာက အဲဒီစာရေးဆရာ သေသွားတဲ့အတွက် အင်တာနက်ပေါ်မှာ ဟိုးလေးတကြော် ဟိုကကွန်းမန့်တွေတက်၊ ဒီကကွန်းမန့်တွေတက်၊ ၀မ်းနည်းစကားဆိုကြ၊ စိတ်မကောင်းဖြစ်ကြတာမို့ ထူးထူးဆန်းဆန်းဆိုပြီး သတင်းပေးတာပါ။ နောက်ဆုံးဗျာ အောင်ထွဋ်ဆိုတာ ကျွန်တော် သိပ်သဘောကျတဲ့၊ အမြဲတမ်းစောင့်ဖတ်နေရတဲ့ စာရေးဆရာတစ်ယောက် ဆိုတာကိုတောင် သူက သိရှာတာ မဟုတ်ပါဘူး။ အဲဒီတော့ ကျွန်တော့်ရဲ့ ပုလိပ်စစ် စစ်ဆေးပြီး မယုံသင်္ကာနဲ့ သူ့ကို ပြန်မေးနေတာတွေကို သည်းခံနိုင်ပုံမရပါဘူး။ မယုံရင်လည်း နေတော့၊ ပြောလည်းပြောရသေးတယ် ဆိုပြီးတော့ စိတ်ဆိုးမာန်ဆိုးနဲ့ ဖုန်းချသွားပါတယ်။

အခြားတစ်ယောက်ဆီကို အတည်ပြုမေးမြန်းလိုက်တဲ့အခါမှာ ဒေါက်တာ နေ၀င်းမောင် (ခ) အောင်ထွဋ် သေသွားပြီဆိုတာ သေချာတယ်ဆိုတာကို သိလိုက်ရပါတယ်။ နှလုံးရောဂါနဲ့တဲ့။ လူတိုင်းဟာ သေမျိုးတွေချည်းပါပဲ၊ ကျွန်တော်လည်း တစ်နေ့မှာ မလွတ်စတမ်း သေရမှာပါပဲ၊ စာဖတ်သူလည်း ထိုနည်းအတူပါပဲ။ ဒါပေမယ့် အခုလို နိုင်ငံတော်သစ်ကို ချီတက်နေတဲ့အချိန်မျိုးမှာ ဆရာအောင်ထွဋ်ကို ရှိစေချင်သေးတာတော့ အမှန်ပါပဲ။ သူ့ရဲ့ ပြောင်မြောက်ရဲတင်းလှတဲ့ အတွေးအခေါ်တွေ၊ အယူအဆတွေကို ကျွန်တော် ဖတ်ချင်၊ သိချင်နေမိသေးတယ်။

ပြီးခဲ့တဲ့အပတ်ကပဲ The Voice Weekly ရဲ့ နှစ်သစ်အထူးလက်ဆောင်အဖြစ် ၂၀၁၂ ဟောကိန်းကို ကျွန်တော်တို့ ဖတ်ခဲ့ရသေးတယ်။ အံ့သြဘနန်း ဖြစ်လို့မဆုံး ဖြစ်ရသလို၊ အတွေးရဲတဲ့၊ အရေးရဲတဲ့ ဆရာအောင်ထွဋ်ကို အသိအမှတ် ပြုရပါတယ်။ လွန်ခဲ့တဲ့ တစ်ပတ်ကျော်ကမှ ဂျာနယ်ဆိုင်က မှာပေးထားတဲ့ ဆရာအောင်ထွဋ်ရဲ့ အပြောင်းအလဲအတွက် လူထုလိုသည် ဆိုတဲ့ စာအုပ်ကို ကျွန်တော်ဖတ်နေတာ တစ်ဝက်တောင် မကျိုးသေးပါဘူး။ ပြီးခဲ့တဲ့ လတွေက နိဒါန်းချီခဲ့တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေရဲ့ လူသိမများတဲ့ လျှို့ဝှက်ချက်တွေ၊ ထူးခြားချက်တွေကို နောက်အပတ်တွေမှာ ချရေးပြတော့မယ်ဆိုလို့ စောင့်နေတဲ့ ကျွန်တော့်အတွက် အခုတော့ တကယ့်ကို ဟာတာတာကြီးပါပဲ။

၂၀၀၈ ခုနှစ်မှာ ပြုလုပ်ခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ၊ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲ၊ နောက် ၂၀၁၁ ခုနှစ် လွှတ်တော်နိုင်ငံရေး အခင်းအကျင်း စတဲ့ ကာလတွေအားလုံးမှာ ဆရာအောင်ထွဋ်ဟာ တာဝန်ကျေခဲ့တယ်လို့ ကျွန်တော့်အမြင်ကို ဖော်ထုတ်ပါရစေ။ သူ့စာတွေကို အားလုံးလက်မခံနိုင်ပေမယ့် အားလုံးက စောင့်ဖတ်ခဲ့ရတာကိုတော့ ငြင်းပယ်ကြမယ် မဟုတ်ဘူးလို့ ထင်မိပါတယ်။ လက်ခံဖို့ ခက်ခဲတဲ့ အချက်အလက်တွေ၊ အရေးအသားတွေ၊ အပြောအဆိုတွေ ရှိခဲ့ပေမယ့် ကျွန်တော်တို့အတွက်တော့ ဦးနှောက်မုန်တိုင်း ဆင်ခဲ့ရတာပါပဲ။ အတွေးသစ်၊ အမြင်သစ်၊ ရှုထောင့်သစ်၊ ချဉ်းကပ်ပုံအသစ်တွေနဲ့ ထိတွေ့ခွင့် ရခဲ့ကြတာပါ။ ဆရာအောင်ထွဋ်ဟာ ဘယ်လိုလူမျိုးပါလို့ ညွှန်းဆိုပြစရာ မလိုပါဘူး။ သူရေးခဲ့တဲ့ စာတွေကို ဖတ်ဖူးသူတိုင်း သူ့အကြောင်းကို ကောင်းကောင်းသိကြပါတယ်။ ၂၀၁၀ အကြိုကာလက ရေးခဲ့တဲ့ သူ့စာတွေကို ဖတ်ကြည့်စေချင်ပါတယ်။ အဲဒီအခါမှာ ဒီနေ့ ကျွန်တော်တို့ ကြုံနေရတဲ့ အဖြစ်အပျက်တွေနဲ့ သူရေးတဲ့စာတွေကို နှိုင်းယှဉ်ကြည့်မိပါလိမ့်မယ်။ အဲဒီလို နှိုင်းယှဉ်ကြည့်မိတဲ့အခါမှာတော့ ဘာကြောင့် ကျွန်တော် ဒီလောက်အထိ ဖွဲ့နွဲ့နေရသလဲဆိုတာကို စာဖတ်သူ သဘောပေါက်နိုင်ပါလိမ့်မယ်။ The Voice Weekly ရဲ့ အယ်ဒီတာ့အာဘော် အကုန်နီးနီးကို ၂၀၀၉ ခုနှစ်နဲ့ ၂၀၁၀ ပြည့်နှစ်ကာလတွေက မြန်မာ့သွေးဘလော့ဂ်မှာ ကျွန်တော် တင်ပေးခဲ့ပါတယ်။ အခုထိ ပြန်ဖတ်နိုင်ပါသေးပါတယ်။ နောက်ပိုင်းကျမှသာ အင်တာနက်သုံးစွဲမှု အခက်အခဲကြောင့် ကျွန်တော်မတင်ပေးဖြစ်တော့တာပါ။

ဆရာအောင်ထွဋ်ဟာ သူ့ကလောင်အတွက်သူ တာဝန်ကျေခဲ့သူပါ။ အောင်ထွဋ်ဆိုတဲ့ ကလောင်အမည်ကို တွေ့လိုက်တာနဲ့ စာဖတ်သူကို တစ်ခုခု ပေးတော့မယ်ဆိုတဲ့ အသိတွေ ၀င်လာစေတဲ့အထိ ကလောင်စွမ်းအား ကြီးမားခဲ့သူပါ။ The Voice Weekly ဆိုတဲ့ ဂျာနယ်ကို နိုင်ငံရေးစိတ်ဝင်စားသူတိုင်း ဖတ်ဖြစ်အောင် ဆွဲဆောင်ထားခဲ့တာကလည်း ဆရာအောင်ထွဋ်ရဲ့ အယ်ဒီတာ့အာဘော်နဲ့ ဆောင်းပါးတွေကြောင့်ပါ။ အခုတော့ The Voice Weekly အတွက် စိန်ခေါ်မှုအသစ် စပါပြီ။ အရင်လိုပဲ ဆက်ပြီး ပန်းပန်နိုင်ဦးမလား ဆိုတာကိုတော့ ကျွန်တော်တို့ စောင့်ကြည့်ရမှာပါ။ အရင်လိုပဲ ဆက်လက်ချီတက်နိုင်ပါစေလို့ ဆန္ဒပြုပါတယ်ဗျာ။
 
နိုင်ငံရေး၊ နိုင်ငံ့အရေးအတွက် သန်းငါးဆယ်ကို အနိုင်ပေးပါ... ဆိုတဲ့ အောင်ထွဋ်၊
အပြောင်းအလဲအတွက် လူထုလိုသည်... ဆိုတဲ့ အောင်ထွဋ်၊
ချောတိုင်ဆက်တက်ဦးမယ်... ဆိုတဲ့ အောင်ထွဋ်၊
အရွေ့တစ်ခုအတွက် ကိုယ်တိုင်ယုံယုံကြည်ကြည် တွန်းခဲ့သလို အခြားသူတွေကိုလည်း လက်တွဲခေါ်ခဲ့သူ၊
နိုင်ငံသားတွေလည်း ပန်းတိုင်ရောက်၊ နိုင်ငံတော်လည်း ပန်းတိုင်ရောက်စေချင်ခဲ့တဲ့.... အောင်ထွဋ်၊
အခုတော့ ဆရာအောင်ထွဋ် ပန်းတိုင်တစ်ခုကို ရောက်သွားပြီလို့ ကျွန်တော်ယုံကြည်နေမိပါတယ်။
၂၀၁၂ အတွက် The Voice Weekly ရဲ့ ဟောကိန်းတွေ ဘယ်လောက်အထိ မှန်မလဲဆိုတာကိုတောင် ဆရာ စောင့်မကြည့်သွားနိုင်လိုက်ဘူးနော်။ ၀မ်းနည်းပါတယ်ဗျာ။

ဆရာ အောင်ထွဋ်ရေ… ကျွန်တော်ပြုခဲ့သမျှ ကုသိုလ်ကောင်းမှု အစုစုအတွက် အမျှပေးဝေပါတယ်။ ကောင်းရာမွန်ရာကနေ သာဓုခေါ်ပါဗျာ။

ဝမ်းနည်းစွာဖြင့်
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၂ ခုနှစ်၊ ဇန်န၀ါရီလ ၆ ရက်၊ သောကြာနေ့။
နံနက် ၁၁ နာရီ ၂၉ မိနစ်။

Saturday, August 27, 2011

မိတ်ဆွေများက မေးကြသည်


(၁)
ကျွန်တော်ကိုဉာဏ် မပြောမဆို ဘွားကနဲ ပေါ်လာတဲ့အတွက် မိတ်ဆွေတွေဆီက မေးခွန်းတွေမျိုးစုံ ရရှိပါတယ်။ ဘယ်တွေရောက်နေလဲ၊ ဘာတွေလုပ်နေလဲ၊ အဆင်ပြေရဲ့လား စတဲ့မေးခွန်းတွေနဲ့ အစပျိုးပြီးသကာလ နောက်ဆုံးတော့လည်း သူတို့မေးချင်တဲ့ဆီကို ရောက်သွားတာပါပဲ။ ဟုတ်ကဲ့... ဖြေပါ့မယ်ခင်ဗျား။

(၂)
ကျွန်တော်ကိုဉာဏ် စစ်တွေမှာပဲ ရှိကြောင်းပါခင်ဗျား။ ဘာတွေလုပ်နေလဲဆိုတော့ အစုံပါပဲလို့ ဖြေရမယ်ထင်ပါရဲ့။ ဘာလုပ်နေပါတယ်လို့ သတ်သတ်မှတ်မှတ် ဖြေလို့မရတဲ့အတွက်ပါ။ အဆင်ပြေရဲ့လားဆိုတော့ အားလုံးအဆင်ပြေကြောင်းပါ။ စာဖတ်ဖို့အတွက် အချိန်ရအောင် လုနေရတာရယ်၊ ခလုတ်ဖွင့်လိုက်တိုင်း မီးမလင်းသေးတာရယ်၊ စိတ်ကူးထဲမှာ ပြောချင်တာ၊ ရှာချင်တာ၊ သိချင်တာ တစ်ခုခုပေါ်လာတိုင်း အနီးအနားမှာ အင်တာနက် အလွယ်တကူ သုံးလို့ရတဲ့အခြေအနေမှာ မရှိတာရယ်တွေကလွဲရင် အဆင်ပြေတယ်လို့ ပြောနိုင်ပါတယ်။ ကျန်းမာရေးလည်း ကောင်းပါကြောင်းခင်ဗျား။ မိုးတွေအရမ်းများပြီး ဗွက်ထနေတဲ့အတွက် ဘောလုံးမကန်ရလေတော့ နဂိုကတည်းက ထွက်ချင်နေတဲ့ ဗိုက်ပူပူလေးက အခုတော့ ဗိုက်ပူပူကြီး ဖြစ်နေကြောင်းပါ။ ( သူငယ်ချင်းတွေကတော့ ဒါမှခန့်တာကွလို့ မြှောက်ပေးကြသည်။ မြှောက်ပေးမှန်းသိသော်လည်း ပုထုဇဉ်ပီပီ လက်ဘက်ရည်တိုက်လိုက်ကြောင်းပါ။ ဤကား စကားချပ်)

(၃)
စာတွေဖတ်ဖြစ်သလားဆိုတော့ ဖတ်ဖြစ်ကြောင်းပါ။ တစ်ပတ်တစ်ပတ် နေ့စဉ်ထုတ် ဂျာနယ်များကို ဖတ်ခွင့်ရရေးအတွက် ကြိုးပမ်းရသည်မှာ မလွယ်ကူလှပါ။ ဂျာနယ်အရောင်းဆိုင် (၄)ဆိုင်လောက်သာ ကြီးကြီးမားမားရှိသော အရပ်ဒေသတွင် မိမိဖတ်ချင်သည့်ဂျာနယ်ကို ဖတ်ခွင့်ရအောင် ကြိုးပမ်းရသည့် ဒုက္ခသည် ပြောပြလျှင် ရယ်စရာဖြစ်ပါလိမ့်မည်။ တနင်္လာနေ့ထွက်သော ဂျာနယ်တစ်စောင်ကို အင်္ဂါနေ့တွင် သွားဝယ်လျှင် မရှိတော့ဘူးဟု ဖြေပါလိမ့်မည်။ ထို့အတွက် တနင်္လာနေ့တွင် ၀ီရိယထားပြီး သွားဝယ်ပြန်တော့လည်း မရောက်သေးဘူး၊ မနက်ဖြန်မှရောက်မယ်ဟု ကြုံရတတ်ပြန်ပါသည်။ မနက်ဖြန်သွားပြန်တော့လည်း မိုးရွာနေသည့်အတွက် လေယာဉ်ခရီးစဉ်တွေ မရှိသဖြင့် ဒီအပတ် မပို့တော့ဘူးဟု လုပ်ပြန်တတ်ပါသည်။ ဂျာနယ်အရောင်းဆိုင်က လမ်းထိပ်တွင်ရှိတာ၊ အိမ်ဘေးမှာတင် ရှိတာဆိုလျှင် အကြောင်းမဟုတ်ပါ။ အခုတော့ ကျွန်တော်ကိုဉာဏ် နေသည့်နေရာမှ အဆိုပါဂျာနယ်ဆိုင်များရှိရာ စစ်တွေမြို့ထဲသို့ရောက်ရန် မိနစ် ၄၀ ခန့် ဆိုင်ကယ်ဖြင့် သွားရပါသည်။ အသွားအပြန် ဓာတ်ဆီတစ်ပုလင်း ကုန်သည်ဆိုလျှင်ပင် ဂျာနယ်တစ်စောင်အတွက် ဆင်ဖိုးထက် ချွန်းဖိုးကြီး ဖြစ်ရပါတော့သည်။ သို့သော်လည်း ၀ဋ်ကြီးသူပီပီ မဖတ်ရပြန်လျှင်လည်း မနေနိုင်သည့်အတွက် ရအောင်ရှာရ၊ ၀ယ်ရ၊ ဖတ်ရတာပါပဲခင်ဗျား။

(၄)
အခုလက်ရှိ နိုင်ငံရေးအခြေအနေတွေကို ဘယ်လိုမြင်သလဲဗျဟု မေးလာကြသူတွေကလည်း အများသား။ ထူးတော့မထူးဆန်းပါပေ။ ပြည်သူအများစု စိတ်ဝင်စားနေသည့် အချိန်ပေကိုး။ ကျွန်တော့်မှာ ဖြေစရာတွေ အများကြီးရှိနေပါသည်။ သို့သော် မဖြေချင်သေးပါ။ ထို့ကြောင့် အဆိုပါမေးခွန်း မေးလာသူတိုင်းကို မြန်မာ့သွေးဘလော့ဂ်တွင် တင်ပေးခဲ့ဖူးသော ဆရာမောင်စူးစမ်း၏ ဆောင်းပါးများကို ပြန်လည်ဖတ်ရှုစေလိုကြောင်း ပြောကြားလိုပါသည်။

(၅)
လက်ရှိအစိုးရ၏ ကြိုးပမ်းဆောင်ရွက်နေမှုများကို အသိအမှတ်ပြု ကြိုဆိုပါသည်။ မျှော်လင့်ချက်လည်း ထားပါသည်။ တစ်နှစ်မပြည့်သေးသည့် ကာလတိုလေးအတွင်းတွင် လက်ရှိအစိုးရအပေါ် အချို့သော ဝေဖန်နေမှုများမှာ စိတ်ပျက်စရာဖြစ်ပါသည်။ လက်ရှိအစိုးရသည် သိကြားမင်းဦးဆောင်သည့် အစိုးရမဟုတ်ပါ။ လူသားတစ်ဦးဖြစ်သည့် သမ္မတကြီး ဦးသိန်းစိန် ခေါင်းဆောင်သည့် အစိုးရသာ ဖြစ်ပါသည်။ နတ်တို့ဖန်ဆင်းသည့်အလား အစစအရာရာ ဥုံဖွဆိုတာမျိုးတော့ မမျှော်လင့်သင့်ပါကြောင်း ကျွန်တော်ကိုဉာဏ်က အကြံပြုလိုပါသည်။

(၆)
လက်ရှိအစိုးရက မူဝါဒတွေ၊ စနစ်တွေ ပြောင်းလဲဖို့ လုပ်နေသည်။ သို့သော် လူတန်းစားအသီးသီးတို့က အဆင်သင့်မဖြစ်သေး။ နေရာတိုင်းတွင် လိုအပ်ချက်တွေ ရှိနေဆဲ။ မဖျောက်နိုင်သေးသည့် အကျင့်ဟောင်းတွေ ရှိနေဆဲဖြစ်သည်။ စာရေးက စာရေးအလျောက်၊ ၀န်ထမ်းက ၀န်ထမ်းအလျောက်၊ ကားမောင်းသူက ကားမောင်းသူအလျောက်၊ စပယ်ယာက စပယ်ယာအလျောက်၊ ဈေးရောင်းသူက ဈေးရောင်းသူအလျောက်၊ စီးပွားရေးသမားက စီးပွားရေးသမားအလျောက်၊ ကျောင်းဆရာက ကျောင်းဆရာအလျောက် စသဖြင့် မိမိနှင့်သက်ဆိုင်သည့် နေရာများတွင် အရိုးစွဲနေသည့် အကျင့်ဟောင်းများ၊ အကျင့်ဆိုးများကို ပြုပြင်ပြီး ခေတ်စနစ်နှင့် လိုက်လျောညီထွေသည့် အကျင့်ကောင်းများ မွေးမြူကြဖို့ လိုနေကြပြီ ဖြစ်ပါသည်။ သို့မှသာ တစ်နိုင်ငံလုံး တိုးတက်ဖွံ့ဖြိုးလာမည် ဖြစ်ပါသည်။ အစိုးရပဲ ကောင်းပြီး ကျန်သည့်လူများ မကောင်းလျှင်ရော.... မည်သို့ရှိနိုင်သည်ကို မှန်းဆကြစေလိုပါသည်။

(၇)
အခုများတော့ တော်ပါသေးပြီ။ နောက်များမှ ဆက်ရေးပါဦးမည်ခင်ဗျား။ ကမ္ဘာ့ရွာကြီးထဲတွင် ဟိုသွားဒီသွား လျှောက်သွားခွင့် ပြုကြပါဦးခင်ဗျား။

အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၁ ခုနှစ်၊ သြဂုတ်လ ၂၇ ရက်၊ စနေနေ့။
နေ့လည် ၁ နာရီ ၄၂ မိနစ်တွင်ပြီး၏။

Monday, May 09, 2011

တောင်းပန်ပါရစေ


အင်တာနက်သုံးဖို့ အဆင်မပြေတဲ့အတွက် ဘလော့(ဂ်)မှာ ပို့(စ်)တွေတင်တာ ကျဲသွားတာကို ၀မ်းနည်းစွာနဲ့ တောင်းပန်ပါရစေ။ တင်ပေးစရာတွေ အများကြီးရှိပေမယ့် စိတ်သွားတိုင်း ကိုယ်မပါ ဆိုသလိုဖြစ်နေတော့ အတွေးထဲမှာပဲ တင်ပေးနေဖြစ်တဲ့ ပို့(စ်)တွေက အမြောက်အမြားပါပဲ။ အလျဉ်းသင့်သလို တင်ပေးသွားဖို့ စိတ်ကူးထားကြောင်းပါ။ မကြာမီ...... လာမည်...... မျှော်။

အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၁ခုနှစ် မေလ ၉ ရက်၊ တနင်္လာနေ့။
ညနေ ၄ နာရီ ၂၀ မိနစ်တွင်ပြီး၏။

Tuesday, April 12, 2011

ပျော်ရွှင်ဖွယ်ရာ နှစ်သစ်အခါသမယ ဖြစ်ကြပါစေ


မြန်မာ့ရိုးရာနှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်တွင် ပျော်ရွှင်စွာဆင်နွှဲနိုင်ကြပါစေကြောင်း၊
မြန်မာနှစ်သစ်ကူး အခါသမယတွင် ကောင်းခြင်းမင်္ဂလာများဖြင့် ပြည့်ဝကြပါစေကြောင်း၊
နှစ်ဟောင်းများ အညစ်အကြေးများကို ရေသွန်းလောင်း၍ ဆေးကြောသကဲ့သို့ မိမိတို့၏ မကောင်းသောအကျင့်စရိုက်များ၊ မကောင်းသော စိတ်ဓာတ်များကို ပြုပြင်ပြောင်းလဲနိုင်ကြ၍ လောကအကျိုး၊ လူသားအကျိုးကို သယ်ပိုးထမ်းဆောင်နိုင်သူများ ဖြစ်ကြပါစေကြောင်း၊
အေးချမ်းသာယာသော နှစ်သစ်ကူးအခါသမယတွင် မြန်မာ့သွေးမိတ်ဆွေများအားလုံး စိတ်ဝမ်းနှလုံးရွှင်ပြုံးစွာဖြင့် ကျန်းမာချမ်းသာကြပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါသည်။

ကိုဉာဏ် (ပန်းလောင်မြေ)
မြန်မာ့သွေးအဖွဲ့

Friday, January 28, 2011

ခင်ဗျားတို့ကို ဘယ်လိုပြောရမယ်


ပထမဆုံးအနေနဲ့ ခင်ဗျားတို့ဆိုတဲ့ အသုံးအနှုန်းအတွက် တောင်းပန်ပါရစေ။ ရိုင်းစိုင်းတဲ့သဘော မဟုတ်ရပါဘူး။ အစကတော့ လူကြီးမင်းတို့ကို ဘယ်လိုပြောရမယ်လို့ ရေးမလို့ စဉ်းစားသေးတယ်။ ဒါပေမယ့် အလကားနေရင်း သူများစီးပွားရေးလုပ်ငန်းကို ကြော်ငြာပေးသလို ဖြစ်နေမလား၊ ဒါမှမဟုတ် ကိုဉာဏ်ဆိုတဲ့ ကျွန်တော်ကပဲ ဖုန်းတွေထဲမှာ မမောတမ်းဖြေနေရတဲ့ အော်ပရေတာလေးလို ဖြစ်နေမလား စတဲ့စတဲ့ အတွေးများကြောင့် ခင်ဗျားတို့ ဆိုတဲ့ အသုံးအနှုန်းကိုပဲ သုံးလိုက်ရပါတယ်။ ရင်းနှီးတဲ့သဘောနဲ့ သုံးလိုက်ရပါကြောင်း ဘယ်သူမေးမေး မမေးမေး ဦးစွာရှင်းပြလိုက်ရကြောင်းပါ။ :P

ဒုတိယအနေနဲ့ (ရှင်းပြတာတွေကလည်း များလိုက်တာနော်) ပြောချင်တာကတော့ ခေါင်းစဉ်နာမည်က သီချင်းစာသားတစ်ခုကို ပါးစပ်ထဲမှာ ရုတ်တရက်ပေါ်လာလို့ပါ။ " " အချစ်ကို ဘယ်လိုပြောရမယ် " " ဆိုတဲ့ သီချင်းစာသားလေးပါ။ အဲဒီအဆိုတော်ကြီးကတော့ သူ့အချစ်ကို ဘယ်လိုပြောလိုက်သလဲတော့ ကျွန်တော်မသိပါဘူး။ ကျွန်တော်ကိုဉာဏ်ကတော့ ဘယ်လိုပြောရမှန်းကို မသိတော့ကြောင်းပါ။ အဲဒါကြောင့် သိသလိုပဲ ပြောပါတော့မယ်။ အဲဒါကြောင့်လည်း "ခင်ဗျားတို့ကို ဘယ်လိုပြောရမယ်" ဆိုပြီး ခေါင်းစဉ်တပ်လိုက်ရတာ ဖြစ်ကြောင်းပါခင်ဗျား။

နည်းနည်းသိတဲ့လူတွေကရော၊ များများသိတဲ့လူတွေကရော၊ နည်းနည်းခင်တဲ့လူတွေကရော၊ များများခင်တဲ့လူတွေကရော၊ တစ်ခါတလေမှ တွေ့တတ်တဲ့လူတွေကရော၊ အမြဲတမ်းတွေ့နေတဲ့ လူတွေကရော၊ စိမ်းတဲ့လူတွေကရော၊ ကျက်တဲ့လူတွေကရော စကားပြောဆိုရင်း အလျဉ်းသင့်တဲ့အခါ မေးတတ်ကြတာကတော့ " " မြန်မာ့သွေးဘလော့ဂ်ကို ဖွင့်လို့မရတော့ဘူး " " ဆိုတာပါပဲ။ ဟုတ်ကဲ့ ကျွန်တော်ကိုဉာဏ် ဘာပြန်ဖြေရမှန်းမသိတဲ့ မေးခွန်းပါပဲ။ ဖုန်းနဲ့ပြောတဲ့လူတွေရော၊ လူချင်းပြောတဲ့လူတွေရောကို ပြန်ပြောနိုင်တာကတော့ တစ်ခုပဲရှိပါတယ်။ " " ငါလည်း ဖွင့်လို့မရဘူး။ ဘာဖြစ်တာလဲတော့ ငါလည်းမသိဘူး " " ဆိုတာပါပဲ။ အင်မတန် ထူးဆန်းအံ့သြဖွယ်ကောင်းလေစွ။ :P

စစ်တွေမှာ အင်တာနက်သုံးရတာ အဆင်မပြေဘူးလားလို့ မေးတဲ့လူတွေကို ဘယ်လိုပြန်ဖြေရမလဲ စဉ်းစားလို့မရပါ။ ပြေတယ်ပြောရအောင်လည်း လုပ်ချင်တာလေးတွေကို စိတ်တိုင်းကျ လုပ်လို့မရ၊ မပြေဘူးဆိုရအောင်လည်း အီးမေးလ်လေးတွေဖတ်နိုင်၊ သတင်းလေးတွေရှာနိုင်၊ ဂျီတော့ခ်လေးလည်းသုံးနိုင်ဆိုတော့ ယေဘုယျအဖြေဖြစ်တဲ့ " " အင်း... မဆိုးပါဘူး၊ ဒီလိုပါပဲ " " လို့ ဖြေရတာချည်းပါပဲ။ ဘလော့ဂ်နဲ့တူတာဆိုလို့ ဘာမှကို ဖွင့်လို့မရဘူး။ ကျော်ရခွရအောင်လည်း ကိုယ်က အဲဒီလောက် ကျွမ်းကျင်တာမဟုတ်တော့ ကိုယ်သိတဲ့ (သူများတွေကို မေးထားတဲ့) စာမျက်နှာလေး ၂-၃ ခုလောက် မရတော့ဘူးဆိုရင် ဘာမှမလုပ်တတ်တော့ဘူး။ ဂူဂဲလ်ရှိတာပဲ... ဘာလိုသေးလဲကွာလို့ အပြစ်တင်မစောကြပါနဲ့။ ဂူဂဲလ်က ရှာတွေ့သမျှတွေက ဖွင့်မရတာ များတယ်ခင်ဗျ။ သိတယ်မလား... ဟဲဟဲဟဲ။ သဘောပေါက်ကြမှာပါခင်ဗျာ။

မြန်မာ့သွေးကို လွမ်းတာကတော့ ပြောမနေနဲ့ ဆိုသလိုပါပဲ။ အစားကောင်းလေးများ စားရတဲ့အခါ ကိုယ်ချစ်တဲ့လူကို သတိရတတ်ကြသတဲ့။ ကျွန်တော်ကိုဉာဏ်ကတော့ စာအုပ်ကောင်းလေးများ ဖတ်ရတဲ့အခါ၊ အတွေးလေးတွေများ တွေးမိတဲ့အခါ၊ ကဗျာလေးတွေများ ချရေးမိတဲ့အခါ၊ အမြင်မတော်တာတွေကြောင့် ကလူကျီစယ်လိုက်ချင်တဲ့ အခါမျိုးမှာ မြန်မာ့သွေးဘလော့ဂ်နဲ့ မြန်မာ့သွေးဂရု(ပ်)ကို သိပ်သတိရတာပါပဲဗျာ။ ကိုယ့်မိတ်ဆွေတွေကို ဖောက်သည်ချရ၊ သူတို့အမြင်တွေကို နားထောင်ရ၊ ဖတ်ရ၊ ငြင်းခုန်ရတာ အင်မတန်မှကို ပျော်ဖို့ကောင်းတာ မဟုတ်လားခင်ဗျ။ အခုတော့ဗျာ... သားသမီးကို မွေးထားပြီးတော့ ပစ်ထားရသလို ဖြစ်နေတယ်လေ။

ကဲ... အခုတော့ အင်တာနက်လေးဘာလေး သုံးလို့ရတဲ့နေရာကို ရောက်ရပြန်ပါပြီ။ တစ်နာရီလောက် ကြိုးစားပမ်းစား တတ်သလောက် မှတ်သလောက်နဲ့ ကြိုးစားလိုက်တဲ့အခါ မြန်မာ့သွေးဘလော့ဂ်ကို ပြန်မြင်ရပါပြီ။ [co.cc]မှာတော့ ဘယ်လိုမှကို ဖွင့်လို့မရတော့ဘူး။ အဲဒါကြောင့် [blogspot] ကိုပဲ ပြန်ပြောင်းလိုက်ပါတယ်။ Domain Name တစ်ခုတော့ ၀ယ်မှဖြစ်တော့မယ်။ ကြိုးစားလိုက်ပါဦးမယ်။ အခုပို့စ်ကိုလည်း ပြည်ပက မြန်မာ့သွေး မိတ်ဆွေတွေကတော့ ဖတ်လို့ရမယ်ထင်ပါတယ်။ ပြည်တွင်းကတော့ ကျော်တတ်ခွတတ်သူတွေဆိုရင် ဖတ်ရမယ်ထင်ပါရဲ့။ နားလည်ပေးကြပါဦးဗျာ။ (မြန်မာ့သွေးဘလော့ဂ်လောက် နားလည်ပေးကြပါလို့ ပြောတဲ့ဘလော့ဂ် မရှိလောက်ဘူးထင်ပါရဲ့) :P

ကဲ... အရင်ကအကြောင်းတွေကို ပြန်မပြောတော့ပါဘူး။ ကျွန်တော့်ကို မေးလာခဲ့ရင်လည်း " " ခင်ဗျားတို့ကို ဘယ်လိုပြောရမယ် " " ဆိုတဲ့ ခေါင်းစဉ်လေးကိုပဲ ရွတ်ရတော့မယ်ထင်ပါရဲ့။

လှိုက်လှဲစွာ နှုတ်ဆက်လိုက်ပါတယ်ဗျာ။ မင်္ဂလာပါ မြန်မာ့သွေးမိတ်ဆွေများခင်ဗျား။ ခေတ်သစ်စနစ်သစ်မှာ ခင်ဗျားတို့ရဲ့ ကောင်းမွန်မှန်ကန်သော စိတ်ကူးအိပ်မက်များအားလုံး အကောင်အထည်ပေါ်နိုင်ကြပါစေလို့ ဆုမွန်စကားခြွေရင်း.........။

အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၁ ခုနှစ်၊ ဇန်န၀ါရီလ ၂၈ ရက်၊ သောကြာနေ့။
ညနေ ၄ နာရီ ၅၅ မိနစ်တွင်ပြီး၏။

 
Web Statistics