Thursday, August 30, 2012

ခုံရုံးကိစ္စသည် ပြည်သူ့အသံ၊ ပြည်သူ့ဆန္ဒ၊ ပြည်သူ့မျှော်လင့်ချက် မဟုတ်ပါ


ပြဿနာ၏ ပစ္စုပ္ပန်အခြေအနေ
အားလုံးသိပြီးဖြစ်တဲ့အတိုင်း ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံး ဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်တွေကို လွှတ်တော်တွေက စွပ်စွဲပြစ်တင်မှုတွေ ပြုလုပ်ကြတာ ဖြစ်ပါတယ်။ အငြင်းပွားတုန်းကတော့ ပြည်သူ့လွှတ်တော်နဲ့ အချေအတင် ဖြစ်ကြတာပါ။ ဒါပေမယ့်လို့ တကယ့်တကယ် ခုံရုံးကို စွပ်စွဲပြစ်တင်ဖို့ အဆိုတင်တော့ အမျိုးသားလွှတ်တော်က လုပ်လိုက်ပါတယ်။ ဒါကလည်း အကြောင်းရှိပါတယ်။ ပြည်သူ့လွှတ်တော်က စွပ်စွဲပြစ်တင်ကြောင်း အဆိုတင်သွင်းလိုက်ရင် စုံစမ်းစစ်ဆေးရေးအဖွဲ့ကို အမျိုးသားလွှတ်တော်က ဖွဲ့ရမှာကိုး။ သူရဦးရွှေမန်း ဦးဆောင်တဲ့ ပြည်သူ့လွှတ်တော်အဖွဲ့က အဲဒီလိုမျိုးဖြစ်မှာကို မလိုလားပါဘူး။ ရှင်းရှင်းပြောရရင်တော့ အမျိုးသားလွှတ်တော်ကို မယုံကြည်ပါဘူး။ ပြည်သူ့လွှတ်တော်မှာ စွပ်စွဲပြစ်တင်ကြောင်း အဆိုတင်သွင်းပြီး အမျိုးသားလွှတ်တော်မှာ စုံစမ်းစစ်ဆေးခိုင်းလိုက်ကာမှ အပြစ်မရှိပါဘူးဆိုတဲ့ ရလဒ်ထွက်လာမှာကို ပြည်သူ့လွှတ်တော်အဖွဲ့တွေ သိပ်ကြောက်ပါတယ်။ ဘာကြောင့်ဖြစ်ရတာလဲဆိုတဲ့ အကြောင်းပြချက်တွေ မနည်းမနော ရှိပါတယ်။ နမူနာတချို့ ထုတ်ပြပါ့မယ်။

လွှတ်တော်နှစ်ရပ် မတူညီသည့် ဥပမာအချို့ 
ခုံရုံးကို စွပ်စွဲပြစ်တင်ဖို့အတွက် သည်းသည်းလှုပ် ဖြစ်နေကြသူတွေ၊ ဒေါသတကြီး ဖြစ်နေကြသူတွေ၊ တဆတ်ဆတ်တုန်ပြီး မကျေနိုင်မချမ်းနိုင် ဖြစ်နေကြသူတွေကိုကြည့်ရင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေ အများစုဖြစ်တာကို တွေ့ရပါလိမ့်မယ်။ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ထဲက အဲဒီကိစ္စအပေါ် အရူးအမူးဖြစ်တာဆိုလို့ အမြဲတမ်း အတိုက်အခံ လုပ်ချင်နေတဲ့ ဒေါက်တာအေးမောင် တစ်ယောက်ပဲ ရှိပါတယ်။ နောက်တစ်ချက်ကတော့ လွှတ်တော်နှစ်ရပ်ကြားက ကတ္တီပါရန်ညှိုးတွေ ဖြစ်ပါတယ်။ အားလုံးသိပြီးဖြစ်တဲ့အတိုင်း ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်တို့ဟာ သိပ်ပြီးတော့ အစေးကပ်လှတာ မဟုတ်ပါဘူး။ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်တို့သည် အဆင့်အတန်းချင်း တူညီကြသည်လို့ အတိအလင်း ပြဋ္ဌာန်းထားပါတယ်။ သို့သော်လည်း တကယ့်လက်တွေ့တွင်တော့ ထိုသို့မဟုတ်ပါချေ။ လွှတ်တော်နှစ်ရပ်၏ အင်အားချိန်ခွင်လျှာသည် ညီမျှမှုမရှိပါချေ။ ၄၄၀ ဦးသော ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသည့် ပြည်သူ့လွှတ်တော်သည် ၂၂၄ ဦးဖြင့် ဖွဲ့စည်းထားသည့် အမျိုးသားလွှတ်တော်အပေါ် ဒီမိုကရေစီနည်းကျ ဗိုလ်ကျအနိုင်ယူခဲ့ကြောင်း ပညာရှင်အများ သိရှိကြပြီး ဖြစ်ပါသည်။ ဥပဒေကြမ်းများ ဆွေးနွေးပြင်ဆင် ဖြည့်စွက်ကြရာတွင် လွှတ်တော်နှစ်ရပ် သဘောကွဲလွဲခဲ့သည့် အချိန်တိုင်း ပြည်သူ့လွှတ်တော်က ဒီမိုကရေစီနည်းကျ အနိုင်ယူခဲ့သည်ကို နိုင်ငံရေးလေ့လာသူတိုင်း သိရှိကြပြီး ဖြစ်ပါသည်။ ထို့ပြင် လွှတ်တော်နှစ်ရပ်တွင် အမျိုးသားလွှတ်တော်သည် ပို၍ တည်ငြိမ်ရင့်ကျက်သည်ကို တွေ့ရပါသည်။ သို့သော် ယခင်အစိုးရလက်ထက်မှ အကြီးအကဲအများစုက ပြည်သူ့လွှတ်တော်တွင် ရောက်ရှိနေသည့်အတွက် ၎င်းတို့အနေဖြင့် အမျိုးသားလွှတ်တော်ကို မတူမတန်သလို သဘောထားခြင်း၊ အဖြည့်ခံသက်သက်သာ သဘောထားခြင်းများကို လွှတ်တော်မှတ်တမ်းများရှိ သူတို့၏ ဆွေးနွေးပြောဆိုမှုများက သက်သေခံပြီး ဖြစ်ပါသည်။ ထို့ကြောင့် အကယ်၍များ ယခုခုံရုံးကိစ္စကို အမျိုးသားလွှတ်တော်ကများ စုံစမ်းစစ်ဆေးခဲ့လျှင် စွပ်စွဲပြစ်တင်မှုသည် မှန်ကန်မှုမရှိကြောင်း ဆုံးဖြတ်ခဲ့ပါက ပြည်သူ့လွှတ်တော်အဖို့ ဘယ်လိုမှ ကျေနပ်နိုင်လိမ့်မည် မဟုတ်ချေ။ ယခုတော့ သူတို့စိတ်ကြိုက် အခွင့်အရေးကို သူတို့ကိုယ်တိုင် ဖန်တီးနိုင်ခွင့် ရှိသွားခဲ့ပြီ ဖြစ်ပါသည်။

သမိုင်းမှာ ဥပမာတွေ များစွာရှိတယ်
ကျွန်တော်တို့ မြန်မာ့နိုင်ငံရေးသမိုင်းကို လေ့လာကြည့်လျှင် တစ်ဝက်လောက်က အကွဲအပြဲ ဇာတ်လမ်းများသာ ဖြစ်ကြသည်ကို စာဖတ်သူများ သိရှိကြပြီး ဖြစ်ပါလိမ့်မည်။ စင်ကာပူက ကျောင်းတစ်ခု၏ မြန်မာကျောင်းသားများ သင်္ကြန်အငြိမ့်တစ်ခုမှ သံချပ်တစ်ခုကို ပြန်သတိရမိပါသည်။ သုံးယောက်ရှိရင် လေးဖွဲ့ကွဲတာ တို့မြန်မာ ပါတဲ့။ ဟုတ်ကဲ့၊ ကျွန်တော်တို့လူမျိုးသည် အဖွဲ့အစည်းနှင့် နေလို့မရသည့် လူမျိုးများ ဖြစ်နေချေပြီလားဟု စိတ်ပူမိပါသည်၊ စိုးရိမ်မိပါသည်။ ဘာအသင်းဖွဲ့ဖွဲ့ ကွဲကြ၊ ပြဲကြတာ အစဉ်အလာတစ်ခုကဲ့သို့ပင် ဖြစ်နေလေပြီလားဟုလည်း သံသယဖြစ်နေမိပါသည်။ ဒီမိုကရေစီခေတ်ကို ကူးပြောင်းတာ ၂ နှစ်ပင် မပြည့်သေးပါ။ အကွဲအပြဲ ဇာတ်လမ်းတွေက မနည်းမနော ကြားခဲ့ကြရပြီး ဖြစ်ပါသည်။ လွှတ်တော်နှစ်ရပ် သဘောကွဲလွဲသည်။ အစိုးရအဖွဲ့နှင့် သဘောကွဲလွဲသည်။ သမ္မတကြီးနှင့် သဘောကွဲလွဲသည်။ ဟော... အခုတစ်ခါ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးနှင့် ကွဲကြပြဲကြ ပြန်လေပြီ။ ယခင် အစိုးရလက်ထက်ကတည်းက အတူလက်တွဲ၍ အလုပ်လုပ်ခဲ့ကြသူများ ဖြစ်ကြပါသည်။ တစ်နည်းပြောရလျှင် ယနေ့လို အချိန်အခါကို ရောက်ရှိဖို့အတွက် အတူတူ လျှောက်လှမ်းခဲ့ကြသူများ ဖြစ်ကြပါသည်။ ညှိညှိနှိုင်းနှိုင်း၊ တိုင်တိုင်ပင်ပင်၊ ဆွေးဆွေးနွေးနွေး၊ အေးအေးဆေးဆေး၊ သပ်သပ်ရပ်ရပ် လုပ်ခဲ့လျှင်ဖြင့် ယခုကဲ့သို့ ဖြစ်လာနိုင်စရာပင် မရှိပါ။ အခုတော့ အပြန်အလှန် ထိန်းကျောင်းမှုကို အကြောင်းပြု၍ တွေ့သမျှလူကို ရန်လိုက်လုပ်နေသည်နှင့် တူနေတော့သည်။ ကျွန်တော်တို့၏ ခေတ်သစ် ဒီမိုကရေစီသမိုင်းကို ယခင်သမိုင်းများကဲ့သို့ အကွဲအပြဲမှတ်တမ်း မရေးထိုးလိုပါ။ စဉ်းစားဆင်ခြင်၍ ဆောင်ရွက်ကြစေလိုပါသည်။

ပြည်သူတွေ စိတ်ဝမ်းကွဲရပြီ
လွှတ်တော်တွေ၊ အစိုးရတွေ၊ တရားစီရင်ရေးတွေ ကွဲကြပြဲကြ၊ ငြိကြထိကြ၊ ဆော်ကြနှက်ကြ၊ အော်ကြဟစ်ကြ ဖြစ်ကြတာက အကြောင်းမဟုတ်။ ကြားထဲက ပြည်သူတွေကပါ စိတ်ဝမ်းကွဲမှုတွေ ဖြစ်လာရသည်ကတော့ ကောင်းသည့်လက္ခဏာမဟုတ်ချေ။ မြစ်ဆုံအရေးတွင် သမ္မတကြီး၏ မှန်ကန်သည့် ဆုံးဖြတ်ချက်နှင့်အတူ သွေးစည်းညီညွတ်ခဲ့ကြသည့် မြန်မာပြည်သူလူထု၊ ရခိုင်အရေးတွင် သမ္မတကြီး၏ သတ္တိရှိရှိ၊ ပြောင်ပြောင်မြောက်မြောက် ပြောကြားခဲ့သည့် စကားသံနှင့်အတူ စည်းလုံးခဲ့ကြသော မြန်မာပြည်သူလူထု၊ အခုတော့ ခုံရုံးကိစ္စကြောင့် စိတ်ဝမ်းတွေ ကွဲစပြုကြရလေပြီ။ ပြဿနာဖြစ်ကြသူတွေရဲ့ နောက်ကွယ်က ဖြစ်ရပ်များက မည်သို့ရှိသည် မသိရ။ သို့သော် ပြည်သူတွေကတော့ ကိုယ့်အတွေး၊ ကိုယ့်အမြင်နှင့်ကိုယ် သူလည်းသူ့အတွေး၊ ကိုယ်လည်းကိုယ့်အတွေးဖြင့် ငြင်းခုန်ကြရ၊ ရန်ဖြစ်ကြရ၊ စကားများရ၊ စိတ်ဝမ်းကွဲရ ဖြစ်ကုန်ရပါသည်။ ငါကခုံရုံး၊ ငါကလွှတ်တော် စသည်ဖြင့် ငြင်းခုန်ရန်ဖြစ်ကြရသည်မှာ သန့်ရှင်းတည်မြဲကိုပင် ပြေးမြင်မိပါသေးတော့သည်။

ဒီမိုကရေစီ အနိုင်ကျင့်မှု
ကျွန်တော်မကြာခဏ ရေးသားတင်ပြခဲ့သလို လွှတ်တော်များသည် ဖွဲ့စည်းပုံအခြေခံဥပဒေက ပေးအပ်ထားသည့် အခွင့်ထူးများကို ခံစားရရှိနေပါလျက် အဘယ်ကြောင့် ရန်တစစ၊ မာန်တ၀င့်ဝင့် ဖြစ်နေရသည်ကို ကျွန်တော်နားမလည်နိုင်ပါ။ အခြားသော မဏ္ဍိုင်နှစ်ရပ်နှင့် နှိုင်းစာလျှင် ဥပဒေပြုရေးမဏ္ဍိုင်သည် အခွင့်ထူးခံ ဖြစ်ပါသည်။ အခြားသော မဏ္ဍိုင်များနှင့် မတူညီသည့် အခွင့်အရေးများကို ဖွဲ့စည်းပုံအခြေခံဥပဒေက လွှတ်တော်များအား အပ်နှင်းထားပါသည်။ ထိုအချက်ကို လွှတ်တော်များကလည်း သိရှိကြပါသည်။ သိသောကြောင့်လည်း ယခုကဲ့သို့ မောက်မောက်မာမာ ဖြစ်နေကြတာ ဖြစ်လိမ့်မည်ဟု သုံးသပ်မိပါသည်။ ဦးချိုရှိသည့် သတ္တ၀ါသည် ဦးချိုကို အားကိုးသကဲ့သို့ လွှတ်တော်များကလည်း သူတို့မှာရှိသည့် အဆိပ်ကို သူတို့အားကိုးကြချေပြီ။ တစ်နည်းဆိုရလျှင် ဒီမိုကရေစီနည်းကျ အနိုင်ကျင့်မှုကို ကျူးလွန်ဖို့ အသင့်ဖြစ်ကြချေပြီဟု ကျွန်တော်ကိုဉာဏ် သုံးသပ်လိုပါသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာ
ဥပဒေရှုထောင့်၊ ပညာရှင်ရှုထောင့်မှ မည်သို့ပင် ငြင်းခုန်နေကြသည်ဖြစ်စေ ကျွန်တော်မပြောလိုပါ။ ကျွန်တော်ပြောလိုသည်က ဖွဲ့စည်းပုံအခြေခံဥပဒေသည် မြန်မာနိုင်ငံရှိ ဥပဒေအားလုံး၏ မူလရင်းမြစ် ဖြစ်ပါသည်။ မည်သည့် ဥပဒေကမျှ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကျော်လွန်ခြင်း၊ လွှမ်းမိုးခြင်း မပြုရပါ။ ဥပဒေတစ်ခုခု၏ ပြဋ္ဌာန်းချက်တစ်ခုခုသည် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် ကွဲလွဲလျှင် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်အတိုင်း လိုက်နာရမည်ကို ကိုယ်စားလှယ်များ အားလုံးအသိ ဖြစ်ပါသည်။ ထိုသို့သိပါလျက် ဘယ်ဥပဒေကြောင့်၊ ညာဥပဒေကြောင့်ဟု မျက်စိစုံမှိတ်ကာ အော်နေလျှင်တော့ တစ်ခုခု လွဲမှားနေပြီဟု ဆိုချင်ပါသည်။

နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံး
ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီညွတ်ခြင်း ရှိ၊ မရှိကိုသာ ဆုံးဖြတ်မည် ဖြစ်ပါသည်။ အခြားဥပဒေများကို သူတို့ ဂရုစိုက်လိမ့်မည် မဟုတ်ပါ။ ခုံရုံး၏ အမည်ကပင် ရှင်းလင်းပြီး ဖြစ်ပါသည်။ ဆိုပါစို့၊ ဥပဒေတစ်ခုတွင် အကြောင်းအရာတစ်ခုကို A ဟု ပြဋ္ဌာန်းလိုက်သည်၊ ဖွဲ့စည်းပုံအခြေခံဥပဒေတွင်လည်း ထိုအကြောင်းအရာသည် A ဖြစ်ရမည်ဟု အဓိပ္ပါယ်ထွက်လျှင် ထိုအရာသည် ပြဿနာမဟုတ်ပါ။ သို့သော် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် B ဟု အဓိပ္ပါယ်ထွက်နေလျှင်တော့ ထိုအချက်သည် ပြဿနာဖြစ်ပါသည်။ ဥပဒေများသည် ဖွဲ့စည်းပုံအခြေခံဥပဒေမှ သွေဖည်ခြင်းငှာ၊ ကျော်လွန်ခြင်းငှာ မဖြစ်နိုင်ပါ။ ယခုကိစ္စက ထိုသို့ ရှင်းရှင်းလင်းလင်း မဟုတ်ပါ။ လွှတ်တော်များက A ဟု ပြဋ္ဌာန်းလိုက်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ထိုသို့ပြဋ္ဌာန်းရမည်ဟု ဖော်ပြထားခြင်းမရှိ။ ထို့အတွက် ခုံရုံးက ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ထိုသို့ မပြဋ္ဌာန်းထားသည့်အတွက် A ဟု ပြဋ္ဌာန်းခြင်းသည် အခြေခံဥပဒေနှင့် မညီညွတ်ဟု ဆုံးဖြတ်လိုက်သည်။ ဒါကို လွှတ်တော်တွေက မကျေနပ်ချေ။ သမ္မတကြီးဆီ အကူအညီတောင်းတော့ သမ္မတကြီး၏ အဖြေကလည်း ရှင်းပါသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် A ဟု ပြဋ္ဌာန်းထားခြင်းတော့မရှိ၊ သို့သော် အခြေခံဥပဒေတွင် ခုံရုံး၏ ဆုံးဖြတ်ချက်သည် အပြီးအပြတ် ဖြစ်သည်ဟု ရေးသားထားသဖြင့် လိုက်နာကြရမည်၊ အကယ်၍ လွှတ်တော်များက ဖြစ်စေချင်သည့်အတိုင်း A ဟု ပြဋ္ဌာန်းလိုပါက ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်လိုက်ပါ။ ထိုသို့ ပြင်ဆင်ခွင့်ကလည်း လွှတ်တော်များတွင်သာ ရှိနေသည် မဟုတ်ပါလား။ ထိုကဲ့သို့သာ ဖွဲ့စည်းပုံအခြေခံဥပဒေထဲတွင် ထိုအချက်သည် A ဖြစ်သည်ဟု ပြဋ္ဌာန်းလိုက်လျှင် ခုံရုံးကလည်း ထိုအချက်သည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ကိုက်ညီသည်ဟု ဆုံးဖြတ်မည်မှာ အသေအချာ ဖြစ်ပါသည်။ လွယ်လွယ်လေးကို ရှုပ်အောင်လုပ်နေကြခြင်းသာ ဖြစ်ပါသည်။

ခုံရုံးပြုတ်သွားရင် ဘာဖြစ်မလဲ
ထိုမေးခွန်းကို လွှတ်တော်ကိုယ်စားလှယ်များကိုသာ မေးမြန်းလိုပါသည်။ သူတို့ ယခုလုပ်နေသည့် စွပ်စွဲပြစ်တင်မှု အောင်မြင်သွား၍ ခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ရာထူးမှ ရပ်စဲသွားကြပါလျှင် လွှတ်တော်တွေအတွက် ဘာအမြတ်ထွက်မည်လဲ။ ဂုဏ်သိက္ခာ ပြန်ဆည်နိုင်သည်ဟု ပြောကြဦးမည်လား။ ထိုသို့မဟုတ် ငါတို့လွှတ်တော်တွေကို လာမစမ်းနဲ့၊ ဒီလိုမျိုး ဖြစ်သွားမယ်ဟု အခြားသူများကို အမောက်ထောင်ပြချင်တာလား၊ ကျွန်တော် မဝေခွဲတတ်ပါ။ ယခု ဖြစ်နေသည့် အဓိကပြဿနာမှာ လွှတ်တော်အသီးသီးက ဖွဲ့စည်းသည့် ကော်မတီ၊ ကော်မရှင်များသည် ပြည်ထောင်စုအဆင့် ဟုတ်၊ မဟုတ် ဆိုသည့်အချက် ဖြစ်ပါသည်။ လွှတ်တော်တွေက ပြည်ထောင်စုအဆင့် ဖြစ်ချင်သည်။ ဒါပဲဖြစ်သည်။ ခုံရုံးတစ်ခုလုံး ရာထူးမှ ရပ်စဲသွားလျှင် လွှတ်တော်များက ဖွဲ့စည်းသည့် ကော်မတီများ၊ ကော်မရှင်များ ပြည်ထောင်စုအဆင့် ဖြစ်သွားမည်လားဟု ကျွန်တော်မေးချင်ပါသည်။ မဖြစ်ပါ၊ မဖြစ်ရေးချ မဖြစ်ပါခင်ဗျား။ ဖွဲ့စည်းပုံအခြေခံဥပဒေကို မပြင်ဆင်သရွေ့ ထိုဆုံးဖြတ်ချက်သည် အတည်ဖြစ်နေမည် ဖြစ်ပါသည်ခင်ဗျား။ ထိုအခါကျမှ အဲဒါဆိုလည်း ဖွဲ့စည်းပုံကို ပြင်ကြတာပေါ့ဟု မလုပ်ကြပါနှင့် လွှတ်တော်များခင်ဗျား။ အစကတည်းက အဲဒီလို မလုပ်ဘဲ လမ်းချော်ပြီး သူများတွေပြုတ်အောင် အရင်လုပ်ခဲ့ပြီးမှ ဒီလို လုပ်ရင်တော့ ငါတို့လိုချင်တာရတယ်ဟု မျက်နှာပြောင် မတိုက်ကြပါနဲ့ဟု ကြိုတင် တောင်းပန်လိုပါသည်။ ခုံရုံးပြုတ်သည်၊ မပြုတ်သည်က မသေချာသေး၊ အခုလောလောဆယ် သေချာသည်ကတော့ နှစ်ဖက်လုံးအတွက် ရှုံး-ရှုံး (lose-lose) ဖြစ်နေပါသည်။

ခုံရုံးဆုံးဖြတ်ခဲ့သမျှ
ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးကို အဓိပ္ပါယ်ဖွင့်ဆိုပေးဖို့ တောင်းဆိုတာ ဒါက ပထမဆုံးအကြိမ် မဟုတ်ပါဘူး။ ရှေ့မှာလည်း တင်သွင်းလွှာတွေ ရှိခဲ့ပါတယ်။ အခုဖြစ်နေတာနဲ့ အနီးစပ်ဆုံး ပြဆိုလို့ရအောင် နီးစပ်တဲ့ဥပမာကိုပဲ ထုတ်နုတ်ပြပါ့မယ်။ တိုင်းရင်းသားလူမျိုးရေးရာ ၀န်ကြီးတွေဟာ သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးများနဲ့ အဆင့်တူညီခြင်း ရှိ၊ မရှိ ဒေါက်တာအေးမောင် ပါ ၂၃ ဦး ရဲ့ တင်သွင်းလွှာကို ကြည့်ကြရအောင်ပါ။ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးက တိုင်းရင်းသားလူမျိုးရေးရာ ၀န်ကြီးတွေဟာ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးတွေပဲ ဖြစ်တဲ့အကြောင်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့် ပုဂ္ဂိုလ်များ၏ ချီးမြှင့်ငွေ၊ စရိတ်နှင့် အဆောင်အယောင်များဆိုင်ရာ ဥပဒေတွင် ခွဲခြားပြဋ္ဌာန်းထားခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီညွတ်မှု မရှိကြောင်း ဆုံးဖြတ်ခဲ့ပါတယ်။ ဒါဟာ သမိုင်းဝင် ဆုံးဖြတ်ချက်တစ်ခုလည်း ဖြစ်ခဲ့ပါတယ်။

သမ္မတကြီးက ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ခုံရုံးကို လေးစားတယ်
အမှန်အတိုင်း သုံးသပ်ရရင် အဲဒီဆုံးဖြတ်ချက်ကို သမ္မတကြီးခေါင်းဆောင်တဲ့ အုပ်ချုပ်ရေးပိုင်းက ကျေနပ်မှု မရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးတွေနဲ့ တိုင်းရင်းသားလူမျိုး ၀န်ကြီးတွေမှာ မတူခြားနားမှုတွေ အများကြီး ရှိနေလို့ပါ။ စာဖတ်သူတွေလည်း သိရှိနားလည်ပြီး ဖြစ်ကြမယ် ထင်ပါတယ်။ အဲဒီအတွက် သမ္မတကြီးက အဲဒီဆုံးဖြတ်ချက်ကို ပြန်လည်သုံးသပ်ပေးဖို့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးကို တင်သွင်းလွှာ တင်ခဲ့ပါတယ်။ ဒါပေမယ့် ခုံရုံးက ဖွဲ့စည်းပုံအခြေခံဥပဒေမှာ တိုင်းရင်းသားလူမျိုးရေးရာ ၀န်ကြီးတွေဟာလည်း တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးတွေ ဖြစ်တယ်လို့ ပါရှိတဲ့အတွက် ဆုံးဖြတ်ချက်ဟာ အတည်ဖြစ်တဲ့အကြောင်းနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ခုံရုံးရဲ့ ဆုံးဖြတ်ချက်ဟာ အပြီးအပြတ် အတည်ဖြစ်တဲ့အတွက် သမ္မတရဲ့ တင်သွင်းမှုကို ပလပ်လိုက်ကြောင်း ဆုံးဖြတ်ခဲ့ပါတယ်။ ဒါကိုကြည့်ရင် ခုံရုံးရဲ့ သူတို့အလုပ်အပေါ်မှာ အလေးထားမှုနဲ့ သမ္မတကြီးရဲ့ ခုံရုံးနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအပေါ် လေးစားမှုကို ကွက်ကွက်ကွင်းကွင်း မြင်နိုင်ပါတယ်။ အဲဒီတုန်းကသာ သမ္မတကြီးက ဒီဆုံးဖြတ်ချက်ဟာ ဘာဖြစ်တယ်၊ ညာဖြစ်တယ်ဆိုပြီး စွပ်စွဲပြစ်တင်တာတွေ ဘာတွေများ လုပ်ခဲ့ရင်တော့ အခုကိစ္စကို မပြောလိုပါဘူးဗျာ။ အဲဒီအချိန်တုန်းကတော့ ဒေါက်တာအေးမောင်တို့တစ်တွေ ပျော်တပြုံးပြုံးနဲ့ ဖြစ်နေခဲ့ကြပြီး အခုလို သူတို့တွေရဲ့ ကော်မတီတွေဟာ ပြည်ထောင်စုအဆင့် မဟုတ်ပါဘူးဆိုတော့မှ မျောက်မီးခဲကိုင် ဆိုသလို ဆွေ့ဆွေ့ခုန်နေတာကတော့ တယ်ပြီးတော့ သဘာဝကျလှတယ် မထင်မိပါဘူး။

ပြည်ထောင်စုအဆင့် ဘာကြောင့်ဖြစ်ချင်တာလဲ
လွှတ်တော်တွေက သူတို့ဟာ အဆောင်အယောင်တွေ၊ ချီးမြှင့်ငွေတွေကို မလိုချင်ပါဘူး၊ အပြန်အလှန် ထိန်းညှိဖို့အတွက်ပဲ ပြည်ထောင်စုအဆင့် ဖြစ်ချင်တာပါတဲ့။ အခြားသူတွေရဲ့ သဘောထားကို ကျွန်တော်မပြောလိုပါဘူး။ ကျွန်တော်ကတော့ မယုံရေးချမယုံပေါင်။ ပြတ်ပြတ်သားသား ပြောရရင်တော့ ကိုယ်စားလှယ် အများစုကို လုံးဝ (လုံးဝ)ကို အယုံအကြည် မရှိကြောင်းပါခင်ဗျား။ ဘာကြောင့်လဲဆိုတော့ ကျွန်တော့်မျက်စိရှေ့မှာတင် လွှတ်တော်ကိုယ်စားလှယ် ဆိုတဲ့လူတွေက ကားလက်မှတ်မရလို့ လက်မှတ်ရောင်းတဲ့လူကို ခြိမ်းခြောက်တာတို့၊ မြို့နယ်တွေမှာလုပ်တဲ့ အခမ်းအနားတွေမှာ သူတို့ကို မဖိတ်လို့၊ တချို့လည်း သူတို့ကို နေရာကောင်းမပေးလို့ ရန်လုပ်တာတို့၊ အထက်ကိုတိုင်တာတို့၊ ၀န်ကြီးဌာနတွေကနေ လျှောက်လွှာတင်လို့ ရသမျှကို ကိုယ်စားလှယ်ဆိုတဲ့ နာမည်ကို အသုံးပြုပြီး အခွင့်အရေးယူနေတာတို့၊ ရပ်ကွက်တွေ၊ မြို့နယ်တွေရဲ့ အုပ်ချုပ်ရေးတွေမှာ ၀င်ရောက်စွက်ဖက်တာတို့၊ ခြိမ်းခြောက်ပြောဆိုတာတို့ကို မမြင်ချင်အဆုံး မြင်တွေ့ကြားသိနေရတာမို့ပါ။ ကိုယ်စားလှယ်တွေ ဘယ်လောက်ခြေလှမ်းသွက်တယ်ဆိုတာ သိချင်သပဆိုရင်တော့ နေပြည်တော်မှာ ကိုယ့်မိတ်ဆွေတွေများ ရှိခဲ့ရင် စက်မှုဝန်ကြီးဌာနတို့၊ သစ်တောဝန်ကြီးဌာနတို့၊ စီးပွား/ကူးသန်းဝန်ကြီးဌာနတို့၊ ဆက်သွယ်ရေးဌာနတို့မှာရှိတဲ့ သူတွေကိုသာ မေးကြည့်ကြပါဗျာ။ ပြည်သူ့အသံ လွှတ်တော်အသံ၊ ပြည်သူ့ဆန္ဒ လွှတ်တော်ဆန္ဒဆိုပြီး အော်နေကြပေမယ့် အခွင့်အရေးဆိုရင်တော့ ပြည်သူတွေထက် ပိုယူချင်တာ မငြင်းနိုင်တဲ့အချက်ပါ။

သမ္မတကြီးကို သူရဦးရွှေမန်း ဘာပြောခဲ့ဖူးသလဲ
သမ္မတကြီးက လွှတ်တော်တွေက ဖွဲ့စည်းတဲ့ ကော်မတီတွေ၊ ကော်မရှင်တွေဟာ ပြည်ထောင်စုအဆင့်သာ ဖြစ်မယ်ဆိုရင် သူတို့ကို ပြည်ထောင်စုအဆင့် အဆောင်အယောင်တွေ၊ စရိတ်တွေ၊ ချီးမြှင့်မှုတွေ လုပ်ပေးရတော့မှာ ဖြစ်တဲ့အတွက် သိလိုခြင်းကြောင့် မေးမြန်းခြင်းလည်း ဖြစ်နိုင်ပါတယ်။ နိုင်ငံက ဆင်းရဲနေတဲ့အချိန်မှာ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်တွေအတွက် ဘဏ္ဍာတွေ အများကြီးသုံးရမှာကို စိုးရိမ်တာလည်း ဖြစ်နိုင်ပါတယ်။ နောက်တစ်ချက်က ကော်မတီဝင်တွေ၊ ကော်မရှင်ဝင်တွေဟာ ပြည်ထောင်စုအဆင့်ဆိုရင် သူတို့ကို ပြည်ထောင်စုအဆင့်နဲ့ ထိုက်တန်တဲ့ ချီးမြှင့်မှုတွေ လုပ်ပေးချင်တာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင် ဆိုရင်တော့ သူနဲ့ထိုက်တန်တဲ့ လစာ၊ စရိတ်၊ အဆောင်အယောင်ကို စီစဉ်ပေးရမှာ အစိုးရရဲ့ တာဝန်ပါပဲ။ ဒီအချက်ကလည်း သမ္မတကြီးကို အပြစ်တင်ဖို့ မဟုတ်ပါဘူး။ အဲဒီဇာတ်လမ်းကို စခဲ့တာကလည်း လွှတ်တော်တွေကပါပဲ။ အခြားလူ မဟုတ်ပါဘူး။ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးကိုယ်တိုင် စခဲ့တဲ့ ဇာတ်လမ်းပါ။ ဘယ်လိုလဲဆိုတော့ တတိယပုံမှန်အစည်းအဝေးမှာ သူရဦးရွှေမန်းက အစိုးရအဖွဲ့ကို ထောက်ပြဝေဖန်ခဲ့တဲ့ စကားတွေ ရှိပါတယ်။ အဲဒါကတော့ သမ္မတကြီးခေါင်းဆောင်တဲ့ အစိုးရအဖွဲ့ဝင် ၀န်ကြီးတွေ၊ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်တွေဟာ ဥပဒေပါ သတ်မှတ်လစာတွေကို မယူဘဲ ယခင်အစိုးရဟောင်း လက်ထက်က လစာနှုန်းထားများအတိုင်းသာ ခံစားနေကြတာဟာ ဥပဒေနဲ့ မညီညွတ်ကြောင်း ထောက်ပြဝေဖန်ခဲ့တာ ဖြစ်ပါတယ်။ (တစ်ဆက်တည်း ပင်စင်လစာတွေ တိုးပေးတာဟာ ဥပဒေနဲ့ မညီညွတ်တဲ့အကြောင်း၊ ၀န်ထမ်းတွေကို သုံးသောင်းကျပ် ထပ်ဆောင်းပေးတာဟာ ဥပဒေနဲ့ မညီညွတ်တဲ့အကြောင်း ပြောခဲ့တာကို စာဖတ်သူများ မှတ်မိကြမယ်လို့ ထင်ပါတယ်။) အဲဒီတော့ သမ္မတကြီးက နိုင်ငံ့အခြေအနေအရ အစိုးရအဖွဲ့ဟာ ဥပဒေပါ လစာနှုန်းထားအတိုင်း ခံစားခြင်းမပြုပါဘူး ဆိုတာကို ဦးရွှေမန်းက ဥပဒေနဲ့မညီဘူး၊ ကိုယ့်သဘောနဲ့ကိုယ် အဲဒီလို လစာတွေ မယူတာဟာ ဥပဒေကို ချိုးဖောက်တာဖြစ်တယ်လို့ ဝေဖန်ခဲ့တာကို စာဖတ်သူများ သိထားကြစေလိုပါတယ်။ အခုလည်း အဲဒီအတိုင်း ဖြစ်လာပါပြီ။ သူပြောသလိုသာဆိုရင် လွှတ်တော်တွေက ဖွဲ့စည်းတဲ့ ကော်မတီတွေ၊ ကော်မရှင်တွေဟာ ပြည်ထောင်စုအဆင့်ဖြစ်ပါလျက်နဲ့ အဆောင်အယောင်တွေ၊ လစာတွေ၊ စရိတ်တွေ မခံစားဘူး၊ အပြန်အလှန် ထိန်းညှိဖို့အတွက်သာ ဖြစ်ပါတယ်ဆိုရင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီး ပြောခဲ့တဲ့စကားတွေနဲ့ ရှေ့နောက် ကိုက်ညီပါရဲ့လားလို့ နှိုင်းဆဆင်ခြင် စဉ်းစားတွေးဆ ကြည့်စေချင်ပါတယ်။

ဒါတွေကို ဘယ်သူလုပ်မှာလဲ
  • ကချင်ပြည်နယ်မှာ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ကိစ္စ၊ ဒုက္ခသည်တွေကိစ္စ၊ ပညာရေး၊ ကျန်းမာရေးတွေ ချို့တဲ့နေတဲ့ကိစ္စ။
  • အခုလတ်တလောမှာ ထိလွယ်ရှလွယ် အဖြစ်ဆုံး၊ အမှားမခံဆုံး အရေးကိစ္စဖြစ်တဲ့ ရခိုင်ပြည်နယ်အရေး။
  • မြန်မာနိုင်ငံတစ်ဝန်းလုံးမှာ ရေကြီးမှုကြောင့် တောင်သူတွေ ဘ၀တွေပျက်ကုန်တဲ့ကိစ္စ။
  • ရန်ကုန်မြို့ကြီးမှာ ရှိတဲ့လမ်းနဲ့ သွားနေတဲ့ကား မမျှတတဲ့ကိစ္စ။
  • နိုင်ငံခြားက ရင်းနှီးမြှုပ်နှံမှုတွေ မ၀င်ရောက်မီ၊ ၂၀၁၅ ခုနှစ် အာဆီယံအခွန်ကင်းလွတ်ဇုန် မစတင်မီ ပြည်တွင်းတိုင်းရင်းသား လုပ်ငန်းရှင်တွေကို ကာကွယ်ပေးနိုင်မယ့် ဥပဒေတွေ ပြဋ္ဌာန်းဖို့ကိစ္စ။
  • ခေတ်မမီတော့တဲ့ ရာပေါင်းများစွာသော ဥပဒေတွေကို ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်၊ ရုပ်သိမ်းဖို့ ကိစ္စ။
  • တကြော်ကြော် အော်နေကြတဲ့ မီဒီယာဥပဒေ အလျင်အမြန် ပေါ်ထွက်လာဖို့ကိစ္စ။


အလုပ်မဟုတ်တာကို အလုပ် မလုပ်ကြပါနဲ့
လွှတ်တော်ဥက္ကဋ္ဌများနဲ့ ကိုယ်စားလှယ်များခင်ဗျား၊ အပြန်အလှန် ထိန်းကျောင်းမှုတွေ အခုအချိန်မှာ မပြုလုပ်သေးရင်တောင် အခြားသော ဥပဒေပြုစရာ၊ ဆောင်ရွက်စရာ ကိစ္စရပ်တွေ များစွာ (များစွာ) ရှိနေပါတယ်။ အထူးသဖြင့် ရခိုင်ဒေသအရေးကို လူကြီးမင်းတို့ အရေးတယူပြုပြီး စဉ်းစားဆွေးနွေး ဆုံးဖြတ်ကြစေချင်ပါတယ်။ အခုတော့ လူကြီးမင်းတို့ လွှတ်တော်တွေက ရခိုင်အရေးကို မထိ၊ မတို့ဘဲ နှုတ်ဆိတ်နေလိုက်ပုံများ တကယ့်ကို ၀ါတော် ၆၀ ရ ဆရာတော်ကြီးတွေ လွှတ်တော်တက်နေတဲ့ အတိုင်းပါပဲ။ ရခိုင်အရေးဟာ အချိန်ကြာလာတာနဲ့အမျှ တအီအီနဲ့ မဖြစ်သင့်တာတွေ ဖြစ်လာနိုင်တဲ့ အနေအထား ဖြစ်ပါတယ်။ စောစောစီးစီး ပြတ်ပြတ်သားသား လုပ်ကိုင်ဆောင်ရွက်ထားမှ သင့်လျော်မယ်လို့ မြင်မိပါတယ်။ ကချင်အရေးကလည်း အတော်ကြီးကို ကြာညောင်းနေပါပြီ။ ကိုယ်စားလှယ်ကြီးတွေအနေနဲ့ အဲဒီအရေးကိုလည်း အရေးတယူ ပြုသင့်ပါတယ်။ အစိုးရဖက်ကရော၊ လက်နက်ကိုင်တွေဖက်ကပါ လက်ခံနိုင်မယ့် အဖြေတစ်ခု၊ နည်းလမ်းတစ်ခုကို လူကြီးမင်းတို့ လွှတ်တော်တွေမှာ စဉ်းစားဆွေးနွေး ဆောင်ရွက်သင့်ကြတယ်လို့ မြင်မိပါတယ်။ လတ်တလော ရေကြီးမှုကြောင့် တောင်သူတွေ ဘ၀ပျက်ကုန်ရတာကိုလည်း လူကြီးမင်းတို့ လွှတ်တော်တွေ ဘာမှမပြောဘဲ ငြိမ်နေတာဟာ စိတ်ပျက်ဖို့ ကောင်းပါတယ်။ အဲဒီကိစ္စဟာ အစိုးရကိစ္စလို့ လူကြီးမင်းတို့က ခံယူထားကြသလားလို့ ကျွန်တော်စဉ်းစားမိပါတယ်။ ပြည်သူ့အသံ လွှတ်တော်အသံ၊ ပြည်သူ့ဆန္ဒ လွှတ်တော်ဆန္ဒ၊ ပြည်သူတို့ မျှော်လင့်ချက် လွှတ်တော်က ဖော်ဆောင်ရွက် ဆိုတဲ့ ဆိုင်းဘုတ်ကြီးကို လွှတ်တော်သတင်းတွေ မလာခင် ရုပ်မြင်သံကြားမှာ အမြဲတမ်း ကျွန်တော်တို့တွေ မြင်ရဖတ်ရပါတယ်။ အခုတော့ အလုပ်မဟုတ်တာတွေကို အလုပ်လုပ်ပြီး ကိုယ်စားလှယ်များအသံ လွှတ်တော်အသံ၊ ကိုယ်စားလှယ်များဆန္ဒ လွှတ်တော်ဆန္ဒ၊ ကိုယ်စားလှယ်များမျှော်လင့်ချက် လွှတ်တော်က ဖော်ဆောင်ရွက် ဖြစ်နေကြပြီလို့ ကျွန်တော်က ဝေဖန်ထောက်ပြလိုပါတယ်။ ဘယ်ပြည်သူတွေကမှ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးကို စွပ်စွဲပြစ်တင်တာတွေ၊ နုတ်ထွက်ခိုင်းတာတွေ မလုပ်ခိုင်းပါဘူးခင်ဗျာ။ ပြည်သူတွေက နိုင်ငံရေးတည်ငြိမ်မှုရှိရှိနဲ့ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်တာကို လိုချင်ကြတာပါ။ အချင်းချင်း ရန်ဖြစ်နေတာကို ပြည်သူတွေ မမြင်ချင်ကြတာ သေချာပါတယ်။ ဒါကို လွှတ်တော်ကိုယ်စားလှယ်ကြီးများ နားလည်ပေးကြဖို့ တောင်းပန်လိုက်ပါတယ်။

လွန်တာရှိက ၀န္ဒာမိပါ....။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၂ ခုနှစ်၊ သြဂုတ်လ ၃၀ ရက်၊ ကြာသပတေးနေ့။
ည ၁၀ နာရီ ၀၆ မိနစ်တွင်ပြီး၏။ 

ဖတ်မိကြားမိသမျှ ခုံရုံးကိစ္စ


(က) 
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်တွေကို စွပ်စွဲပြစ်တင်တဲ့ အဆိုကို အမျိုးသားလွှတ်တော် စတုတ္ထပုံမှန်အစည်းဝေး ၃၄ ရက်မြောက်နေ့မှာ အတည်ပြုခဲ့ပါတယ်။

(ခ)
ပြည်သူ့လွှတ်တော်က အဆိုပါ စွပ်စွဲချက်ကို စုံစမ်းစစ်ဆေးဖို့အတွက် လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာကို ဥက္ကဋ္ဌအဖြစ် ခန့်အပ်ပြီး အဖွဲ့ဝင် ၁၅ ဦးပါဝင်တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်းခဲ့ပါတယ်။

(ဂ)
လွှတ်တော်များအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဆုံးဖြတ်ခဲ့သော အခြေခံဥပဒေခုံရုံး၏ ဆုံးဖြတ်ချက်ကို မလိုက်နာသည့်အပြင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်သည့် လုပ်ငန်းများကိုပါ ဆောင်ရွက်လာသဖြင့် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးက ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ စာချွန်တော် လျှောက်ထားခဲ့ကြောင်း သိရှိရပါသည်။

(ဃ) 
လွှတ်တော်ကိုယ်စားလှယ်များသည် ပြည်သူလူထုက တိုက်ရိုက်ရွေးချယ် တင်မြှောက်ထားသူများ ဖြစ်ကြကြောင်း၊ အစိုးရအဖွဲ့ဝင် ၀န်ကြီးများ၊ ရှေ့နေချုပ်၊ စာရင်းစစ်ချုပ်၊ ပြည်ထောင်စုတရားလွှတ်တော် တရားသူကြီးများ စသည်တို့မှာ နိုင်ငံတော်သမ္မတက အမည်စာရင်းတင်သွင်းပြီး ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက်ဖြင့် ခန့်အပ်ခံထားရသူများ ဖြစ်ကြကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတအပါအ၀င် အဆိုပါပုဂ္ဂိုလ်များအားလုံးအား စွပ်စွဲပြစ်တင်ခြင်း ပြုလုပ်နိုင်ရာ ပြည်ထောင်စုတရားလွှတ်တော် အနေဖြင့် အခြေခံဥပဒေဆိုင်ရာ ခုံရုံးအား စွပ်စွဲပြစ်တင်သည့် ကိစ္စတွင် ၀င်ရောက်ဟန့်တားမိပါက အခြေခံဥပဒေကို ဖောက်ဖျက်ခြင်း၊ ဥပဒေပြုရေးတွင် အမြင့်ဆုံး အဖွဲ့အစည်းဖြစ်သော ပြည်ထောင်စုလွှတ်တော်၏ လုပ်ပိုင်ခွင့်ကို ကန့်သတ်ခြင်းများကြောင့် ပြည်ထောင်စုတရားလွှတ်တော်အား ထပ်မံစွပ်စွဲပြစ်တင်မှု ပြုလုပ်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များက ပြောကြားသည်ဟူ၍ The VOICE စာမျက်နှာတွင် ဖော်ပြထားသော သတင်းကိုလည်း ဖတ်ရှုခဲ့ရပါသည်။

(င) 
၂၀၁၂ ခုနှစ်၊ သြဂုတ်လ ၃၀ ရက်၊ ကြာသပတေးနေ့ (ယနေ့) ထုတ် သတင်းစာများတွင် လွှတ်တော်ကိုယ်စားလှယ် တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်းကို ဖော်ပြခဲ့သည်ကို တွေ့ရှိရပါသည်။ ထို့ပြင် အဆိုပါဥပဒေကြမ်း၏ အောက်ဆုံး၌ ပြည်သူအများ သိရှိလေ့လာ အကြံပြုနိုင်ရေးအတွက် ဖော်ပြခြင်း ဖြစ်ပါသည် ဟူ၍ မှတ်ချက်ရေးသားထားသည်ကို တွေ့ရှိရပါသည်။

Wednesday, August 29, 2012

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌသို့ အိတ်ဖွင့်ပေးစာ


သို့
    ဦးခင်အောင်မြင့်
    ဥက္ကဋ္ဌ
    အမျိုးသားလွှတ်တော်

အကြောင်းအရာ။ မှတ်တမ်းမှားတစ်ခုအား ပြန်လည်စိစစ်နိုင်ပါရန်နှင့် ပြုပြင်နိုင်ပါရန် တင်ပြခြင်း

၁။ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးအား စွပ်စွဲပြစ်တင်သည့်အဆိုကို မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၅) မှ ဦးဇော်မြင့်ဖေ က တင်သွင်းခဲ့ပြီး ၂၀၁၂ ခုနှစ် သြဂုတ်လ ၂၈ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် ပထမအကြိမ် အမျိုးသားလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး ၃၄ ရက်မြောက်နေ့တွင် ၎င်းအဆိုအား ဆွေးနွေးခဲ့ကြကြောင်း သတင်းမီဒီယာများမှတစ်ဆင့် ဖတ်ရှုသိရှိခဲ့ရပါသည်။
၂။ အဆိုနှင့်ပတ်သက်၍ လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ ထောက်ခံမဲ ၁၆၃ မဲဖြင့် စွပ်စွဲပြစ်တင်ခြင်းအဆိုကို အတည်ပြုနိုင်ခဲ့ကြောင်းလည်း သိရှိခဲ့ရပါသည်။ ထို့ပြင် ပြည်သူ့လွှတ်တော်သို့ ဥက္ကဋ္ဌကြီး ပေးပို့ခဲ့သည့် သ၀ဏ်လွှာတွင်လည်း နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား စွပ်စွဲပြစ်တင်ခြင်းအဆိုသည် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၁၆၃ ဦး၏ ထောက်ခံဆန္ဒမဲများဖြင့် အတည်ဖြစ်ခဲ့ပါကြောင်း ဖော်ပြပါရှိခဲ့ပါတယ်။
၃။ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌကြီးခင်ဗျား၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၄၁ အရ အမျိုးသားလွှတ်တော်တွင် အများဆုံးရှိရမည့် ကိုယ်စားလှယ်ဦးရေမှာ ၂၂၄ ဦးဖြစ်ပါသည်။ အဆိုပါ ၂၂၄ ဦးတွင် ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ် ၁၆၈ ဦးနှင့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၅၆ ဦးတို့ ပါဝင်ကြတယ်ဆိုတာ ဥက္ကဋ္ဌကြီးအနေနဲ့ သိရှိပြီးဖြစ်ပါတယ်။ သို့သော် စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၂) မှ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ဘိုကြီး (ခ) ဦးအောင်ငွေ ကွယ်လွန်သွားတဲ့အတွက် ကိုယ်စားလှယ် ၁ နေရာ လစ်လပ်လျှက်ရှိပါတယ်။ ထို့ကြောင့် လက်ရှိ အမျိုးသားလွှတ်တော်သို့ တက်ရောက်ခွင့်ရှိတဲ့ လွှတ်တော်ကိုယ်စားလှယ်ဟာ ၂၂၃ ဦးသာ ဖြစ်ပါတယ်။
၎။ လွှတ်တော်အစည်းအဝေး မှတ်တမ်းများအရ အမျိုးသားလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး ၃၄ ရက်မြောက်နေ့သို့ တက်ရောက်တဲ့ လွှတ်တော်ကိုယ်စားလှယ်ဟာ ၂၁၆ ဦး ဖြစ်ပါတယ်။ အစည်းအဝေး ပျက်ကွက်သူက ၇ ဦး ဖြစ်ပါတယ်။ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ် ၅ ဦးနဲ့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၂ ဦး ပျက်ကွက်တယ်လို့ မှတ်တမ်းများအရ သိရှိရပါတယ်။
၅။ ဥက္ကဋ္ဌကြီးခင်ဗျား၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၂၉ (ခ) အရ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌသည် အစည်းအဝေးများတွင် မဲခွဲဆုံးဖြတ်သည့်အခါ ဆန္ဒမဲပေးခြင်း မပြုလုပ်ရပါဘူး။ (ထောက်ခံဆန္ဒမဲနှင့် ကန့်ကွက်ဆန္ဒမဲ အရေအတွက် တူညီနေသည့် အခါများတွင်တော့ အနိုင်မဲပေးခွင့် ရှိပါတယ်။)
၆။ လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးခင်ဗျား၊ ဒီအကြောင်းတွေကို ကျွန်တော်ဘာလို့ ရှင်းပြနေရသလဲဆိုတာ အကြောင်းရှိပါတယ်။ ကျွန်တော်ပြောချင်တဲ့ အကြောင်းအရာကို မရောက်ခင် အခုလို ရှင်းပြနေတာတွေကို နားလည်ခွင့်လွှတ်ပြီး ဖတ်ရှုပေးစေလိုပါတယ်။
၇။ ခုံရုံးဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်များကို စွပ်စွဲပြစ်တင်ခြင်းအဆို အဆုံးအဖြတ်ခံယူတဲ့နေ့က လွှတ်တော်အခြေအနေကို ကျွန်တော်တင်ပြပါရစေ။ ဥက္ကဋ္ဌကြီးအနေနဲ့လည်း အလေးဂရုပြုပြီး ဖတ်စေချင်ပါတယ်။
၈။ ဥက္ကဋ္ဌကြီးခင်ဗျား၊ ကျွန်တော်ဘာကို ဆိုလိုချင်သလဲဆိုတာကို သဘောပေါက်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ ဥက္ကဋ္ဌကြီးမြင်တဲ့အတိုင်း အဆိုကို ထောက်ခံတဲ့လူရယ်၊ မဲပေးခွင့်မရှိတဲ့သူရယ်၊ ကန့်ကွက်တဲ့ တပ်မတော်သားတွေရယ်ကို ပေါင်းလိုက်တဲ့ အရေအတွက်ဟာ အံ့သြစရာကောင်းလောက်အောင် အစည်းအဝေးတက်တဲ့ဦးရေထက် များနေပါရော့လားခင်ဗျာ။
၉။ အခုတင်ပြခဲ့တာတွေဟာ မှားစရာအကြောင်း လုံးဝမရှိပါ။ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် အားလုံးက မတ်တတ်ရပ်ဆန္ဒပြုခြင်း လုံးဝ (လုံးဝ) မရှိခဲ့ဘူးဆိုတာကို အဲဒီနေ့က သတင်းယူတဲ့ ဘယ်သတင်းထောက်ကိုမေးမေး မေးကြည့်နိုင်ပါတယ်။ ဖွဲ့စည်းပုံအရ ရှိရမယ့် တပ်မတော်သားက ၅၆ ဦး၊ ခွင့်ပန်ကြားပြီး ပျက်ကွက်တဲ့သူက ၂ ဦး၊ အဲဒီနေ့က အစည်းအဝေးတက်တဲ့လူက ၅၄ ဦး ဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီးအနေနဲ့လည်း ဆန္ဒမဲပေးလို့ မရတဲ့အတွက် ၁ ဦး၊ အဲဒီတော့ နှစ်ခုပေါင်းလိုက်ရင် ၅၅ ဦးဟာ အဆိုကို ထောက်ခံသူတွေထဲမှာ မပါဝင်တာ အသေအချာပါပဲ။ ဒါဆိုရင် အဲဒီနေ့က အစည်းအဝေးတက်တဲ့လူ ၂၁၆ ဦး ဆိုတော့ အမှန်တကယ် အဆိုကို ထောက်ခံမဲဟာ (၂၁၆-၅၅=၁၆၁) ဖြစ်ရပါမယ်။
၁၀။ ဒါပေမယ့် အားလုံးသိတဲ့အတိုင်း ထောက်ခံမဲ ၁၆၃ မဲ ဆိုတဲ့မှတ်တမ်းဟာ သမိုင်းတွင်သွားခဲ့ပါပြီ။ အမျိုးသားလွှတ်တော်ရဲ့ အမှားတစ်ခု သမိုင်းတွင်သွားခဲ့တာလို့လည်း ဆိုနိုင်ပါတယ်။ မဲ ၂ မဲ ကွာတာဟာ အဆိုအတည်ဖြစ်ဖို့အတွက် လားလားမျှ သက်ရောက်မှု မရှိဘူးဆိုတာ ကျွန်တော်နားလည်ပါတယ်ခင်ဗျား။ ကျွန်တော်ပြောချင်တာလည်း အဲဒီအပိုင်းကို ပြောချင်တာ မဟုတ်ပါဘူး။ လွှတ်တော်ရဲ့ စနစ်မကျမှုနဲ့ ချို့ယွင်းမှုကို ထောက်ပြလိုတာပါ။
၁၁။ ပြည်သူ့လွှတ်တော်ကလည်း အဲဒီအချက်ကို အလေးဂရုပြုကြပုံ မပေါ်ပါဘူး။ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌကြီးက စွပ်စွဲပြစ်တင်တဲ့အဆိုဟာ ကိုယ်စားလှယ် ၁၆၃ ဦးရဲ့ ထောက်ခံမှုနဲ့ အတည်ဖြစ်ခဲ့ကြောင်း သ၀ဏ်လွှာ ပေးပို့တာကို ဒီအတိုင်းပဲ လက်ခံလိုက်ကြတာကို တွေ့ရပါတယ်။ လွှတ်တော်တွေရဲ့ အဓိကလိုရင်းက ခုံရုံးကို စွပ်စွဲပြစ်တင်ရေး၊ ခုံရုံးဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်တွေကို ဖြုတ်ချနိုင်ရေးသာ ဖြစ်နေတာကို ၀မ်းနည်းဖွယ် မြင်တွေ့ရပါတယ်။
၁၂။ ဥက္ကဋ္ဌကြီးခင်ဗျား၊ ဖြစ်နိုင်တဲ့နည်းလမ်းများကို ကျင့်သုံးပြီး ယခုလို လွဲမှားနေတဲ့ အချက်အလက်များကို ပြင်ဆင်သင့်တယ်လို့ အကြံပြုလိုပါတယ်။ သမိုင်းမှာ မှတ်တမ်းအမှားတစ်ခု မကျန်ရစ်ခဲ့စေချင်လို့ပါ။ အခြားသူတွေ သိတာ၊ မသိတာ အပထား၊ ကျွန်တော်ကိုဉာဏ်ကတော့ သိနေပြီဖြစ်တဲ့အတွက် နောင်တစ်ချိန်မှာများ ကြုံကြိုက်လို့ ပြောခွင့်၊ ရေးခွင့်ကြုံရင် ပြောမိ၊ ရေးမိနေမှာ သေချာနေလို့ပါ။
၁၃။ ယခုကဲ့သို့ လွှတ်တော်နှစ်ရပ်ပေါင်းပြီး ခုံရုံးအား စွပ်စွဲပြစ်တင် ဖြုတ်ချနိုင်ရေး ကြိုးပမ်းနေချိန်မျိုးတွင် မိမိတို့ လွှတ်တော်တွေမှာလည်း မျက်ချေးတွေနှင့်ဆိုသည်ကို သတိပြုမိစေလိုခြင်း ဖြစ်ပါသည်။ ဥက္ကဋ္ဌကြီးနှင့်တကွ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များအားလုံး ရွှင်လန်းချမ်းမြေ့စွာဖြင့် နိုင်ငံနှင့် လူမျိုးအကျိုးကို အတ္တစွဲကင်းကင်းဖြင့် ဆောင်ရွက်နိုင်ကြပါစေကြောင်း မေတ္တာပို့သအပ်ပါသည်။
လေးစားစွာဖြင့်
ကိုဉာဏ် (ပန်းလောင်မြေ)
မြန်မာ့သွေးဘလော့ဂ်
၂၀၁၂ ခုနှစ်၊ သြဂုတ်လ ၂၉ ရက်၊ ဗုဒ္ဓဟူးနေ့။
ည ၁၁ နာရီ ၂၅ မိနစ်။ 

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးအား စွပ်စွဲပြစ်တင်ခြင်း


မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၅) မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဇော်မြင့်ဖေ က "ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား ဖွဲ့စည်းပုံအခြေခံဥပဒေ ပြဋ္ဌာန်းချက်များကို ဖောက်ဖျက်ကျူးလွန်ခြင်း၊ ဥပဒေအရ ပေးအပ်သော တာဝန်များကို ကျေပွန်စွာ မထမ်းဆောင်ခြင်းတို့အရ စွပ်စွဲပြစ်တင်ကြောင်း" အဆိုကို အမျိုးသားလွှတ်တော်တွင် တင်သွင်းခဲ့ပါသည်။

၎င်းအဆိုအား ၂၀၁၂ ခုနှစ် သြဂုတ်လ ၂၈ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည့် ပထမအကြိမ် အမျိုးသားလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး ၃၄ ရက်မြောက်နေ့တွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၁၆ ဦးက ဆွေးနွေးခဲ့ကြပါသည်။ အဆိုပါဆွေးနွေးမှုများတွင် တပ်မတော်သားကိုယ်စားလှယ် ၆ ဦးလည်း ပါဝင်ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။ ပါဝင်ဆွေးနွေးခဲ့ကြသူများမှာ -
(၁) ဒေါက်တာ အေးမောင်၊ ရခိုင် (၁)
(၂) ဦးဘရန်ရှောင်၊ ကချင် (၃)
(၃) ဒုတိယဗိုလ်မှူးကြီး ဇော်မိုး
(၄) ဒုတိယဗိုလ်မှူးကြီး ဇော်သန်းထိုက်
(၅) ဦးစိုင်းသန့်ဇင်၊ ရှမ်း (၄)
(၆) ဦးဇုန်လှယ်ထန်း၊ ချင်း (၂)
(၇) ဗိုလ်မှူးကြီး ခင်စိုး
(၈) ဗိုလ်မှူး နေမျိုးကျော်
(၉) ဒေါက်တာ ဗညားအောင်မိုး၊ မွန် (၇)
(၁၀) ဒေါ်ခင်ဝိုင်းကြည်၊ ရန်ကုန် (၁)
(၁၁) ဗိုလ်မှူး မျိုးထွန်းအောင်
(၁၂) ဦးတင်မြ၊ စစ်ကိုင် (၇)
(၁၃) ဦးနေ၀င်းထွန်း၊ ရှမ်း (၉)
(၁၄) ဗိုလ်မှူး ကျော်နိုင်ဌေး
(၁၅) ဦးဖုန်းမြင့်အောင်၊ ရန်ကုန် (၃)
(၁၆) ဦးခင်မောင်ရီ၊ ဧရာဝတီ (၆)

ကိုယ်စားလှယ်များ၏ ဆွေးနွေးမှုများအပြီးတွင် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌက အဆိုနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပါသည်။ အဆိုပါ ရှင်းလင်းပြောကြားချက်မှာ အောက်ပါအတိုင်း ဖြစ်ပါသည် -

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌ၏ အမျိုးသားလွှတ်တော်အစည်းအဝေးတွင် ရှင်းလင်းပြောကြားချက် 
ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၁)၊ နိုင်ငံတော်အခြေခံမူများ ပုဒ်မ ၁၁ တွင် နိုင်ငံတော်အချုပ်အခြာအာဏာ၏ ခက်မသုံးဖြာဖြစ်သည့် ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာနှင့် တရားစီရင်ရေးအာဏာတို့ကို ပိုင်းခြားကျင့်သုံးစွဲရန် အတိအလင်း ပြဋ္ဌာန်းခဲ့ပြီး ဖြစ်ပါတယ်။ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးသည် တရားစီရင်ရေးကဏ္ဍတွင် ပါဝင်ပြီး တရားရုံးတစ်ရုံး ဖြစ်သည်နှင့်အညီ တင်သွင်းလွှာများကို ဥပဒေနှင့်အညီ စီရင်ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ ဆုံးဖြတ်ချက်သည် အပြီးအပြတ် အတည်ဖြစ်ကြောင်း ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၂၄ နှင့် ခုံရုံးဥပဒေ ပုဒ်မ ၂၃ တွင် အတိအလင်း ပြဋ္ဌာန်းထားပြီး ဖြစ်ပါတယ်။ ခုံရုံး၏ ဆုံးဖြတ်ချက်များသည် သက်ဆိုင်ရာအစိုးရဌာန၊ အဖွဲ့အစည်းနှင့် ပုဂ္ဂိုလ်များသို့လည်းကောင်း၊ သက်ဆိုင်ရာနေရာဒေသ အသီးသီးသို့လည်းကောင်း အာဏာသက်ရောက်စေရမည်ဟု ခုံရုံးဥပဒေ ပုဒ်မ ၂၅ တွင် ပြဋ္ဌာန်းထားပါသည်။ နိုင်ငံတော်သမ္မတသည် ခုံရုံး၏ အဆုံးအဖြတ်ကို ကိုယ်တိုင်လိုက်နာပြီး အဖွဲ့အစည်းအားလုံးကလည်း လိုက်နာဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်သို့ သ၀ဏ်လွှာ ပေးပို့ခဲ့ခြင်းက သမိုင်းမှတ်တမ်းတစ်ခု ဖြစ်ခဲ့ပါတယ်။

ယခုကိစ္စမှာ ဥပဒေပြုရေးကဏ္ဍက တရားစီရင်ရေးကို လွှမ်းမိုးစွက်ဖက်ခြင်းဖြစ်ကြောင်း ထင်ရှားပေါ်လွင်နေပါတယ်။ ဒါဟာ Rule of Law ကို ပျက်စီးစေခြင်း အကြောင်းအရင်းတစ်ရပ် ဖြစ်ပါတယ်။ တရားစီရင်ရေး၏ ဆုံးဖြတ်ချက်ကို ဥပဒေပြုအမတ်များက အမှန်အမှား မဲခွဲဆုံးဖြတ်ချက်သည် ကမ္ဘာမှာ အစဉ်အလာ မရှိခဲ့ပါ။ တရားရုံး၏ စီရင်ခွင့်ကို ပြင်ပမှ မဲခွဲ၍ ဆုံးဖြတ်ခြင်းသည် အခြေခံဥပဒေနှင့် တည်ဆဲဥပဒေများကို မျက်ကွယ်ပြုခြင်း ဖြစ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေကို မလိုက်နာဘဲ အတိအလင်း ချိုးဖောက်ခြင်းဖြစ်ကြောင်း ပြောကြားလိုပါတယ်။ Constitutional Institution ကို ပျက်စီးအောင် ဖျက်စီးခြင်းလည်း ဖြစ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပစ်ပယ်၍ လွှတ်တော်ကိုယ်စားလှယ်များ၏ လိုအင်ဆန္ဒကို ဆောင်ရွက်နေခြင်း ဖြစ်ပါတယ်။ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲဖြင့် ပြည်သူလူထု ၉၂.၄၈ % ၏ ထောက်ခံမှုဖြင့် အတည်ပြုထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေကို တန်ဖိုးမဲ့အောင် ဆောင်ရွက်နေကြခြင်း ဖြစ်ပါတယ်။ ယခု လွှတ်တော်၏ ဆောင်ရွက်ချက်များသည် သမိုင်းမှတ်တမ်းအဖြစ် တည်ရှိနေမှာ ဖြစ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် မညီသော အဆိုရှင်၏ အဆိုကို ကန့်ကွက်ကြောင်း တင်ပြအပ်ပါတယ်။
- - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - 

ထို့နောက် အဆိုပါအဆိုနှင့်ပတ်သက်၍ လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ ထောက်ခံမဲ ၁၆၃ မဲ ရရှိခဲ့သဖြင့် အဆိုအား အတည်ပြုကြောင်း ဆုံးဖြတ်ခဲ့သည်။ (စွပ်စွဲပြစ်တင်မှုအဆို အတည်ပြုရန်အတွက် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် သုံးပုံနှစ်ပုံ၏ ထောက်ခံမှု လိုအပ်ပါသည်။ အမျိုးသားလွှတ်တော်တွင် ဖွဲ့စည်းပုံအရ ကိုယ်စားလှယ်စုစုပေါင်း ၂၂၄ ဦးရှိရာ၊ သုံးပုံနှစ်ပုံအင်အားမှာ ၁၄၉ ဦး ဖြစ်ပါသည်။ ယခု ထောက်ခံမဲ ၁၆၃ မဲ ရရှိခဲ့သည့်အတွက် အဆိုအား အတည်ပြုနိုင်ခဲ့ခြင်း ဖြစ်ပါသည်။)

စွပ်စွဲပြစ်တင်ခြင်းအဆိုအား အမျိုးသားလွှတ်တော်တွင် အတည်ပြုခဲ့သည့်အတွက် ပြည်သူ့လွှတ်တော်က ဆက်လက်ဆောင်ရွက်နိုင်ရန်အတွက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ပြည်သူ့လွှတ်တော်သို့ သ၀ဏ်လွှာ ပေးပို့ခဲ့ပါသည်။ ပြည်သူ့လွှတ်တော်ကလည်း ဖွဲ့စည်းပုံအခြေခံဥပဒေပါ လုပ်ငန်းစဉ်အရ အဆိုပါ စွပ်စွဲပြစ်တင်မှုအား မှန်ကန်မှု ရှိ၊ မရှိ စစ်ဆေးနိုင်ရန်အတွက် စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ၂၀၁၂ ခုနှစ် သြဂုတ်လ ၂၉ ရက်၊ ဗုဒ္ဓဟူးနေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် ပထမအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး ၃၅ ရက်မြောက်နေ့တွင် ဖွဲ့စည်းခဲ့ပါသည်။ အဆိုပါ စုံစမ်းစစ်ဆေးရေးအဖွဲ့ အဖွဲ့ဝင်များမှာ -
(၁) ဦးနန္ဒကျော်စွာ (ဥက္ကဋ္ဌ)
(၂) ဦးတီခွန်မြတ် (အဖွဲ့ဝင်)
(၃) သူရ ဦးအောင်ကို (အဖွဲ့ဝင်)
(၄) ဒေါက်တာ စိုးရင် (အဖွဲ့ဝင်)
(၅) ဦးသောင်း (အဖွဲ့ဝင်)
(၆) ဦးဝင်းထိန် (အဖွဲ့ဝင်)
(၇) ဦးဝင်းမြင့် (အဖွဲ့ဝင်)
(၈) ဒေါ်ဒွဲဘူ (အဖွဲ့ဝင်)
(၉) ဦးမောင်မောင်ဦး (အဖွဲ့ဝင်)
(၁၀) ဒေါ်နန်းဝါနု (အဖွဲ့ဝင်)
(၁၁) ဦးဘရှိန် (အဖွဲ့ဝင်)
(၁၂) ဒေါ်မိမြင့်သန်း (အဖွဲ့ဝင်)
(၁၃) ဒေါ်တင်နွယ်ဦး (အဖွဲ့ဝင်)
(၁၄) ဒေါ်နန်းစေအွာ (အဖွဲ့ဝင်)
(၁၅) ဦးစိုးဝင်း (အဖွဲ့ဝင်) တို့ ဖြစ်ကြပါသည်။

အထက်ပါ စုံစမ်းစစ်ဆေးရေးအဖွဲ့အနေဖြင့် ၃၅ ရက်မြောက်နေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးများ ပြီးသည့်အချိန်မှစ၍ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ကြမည်ဖြစ်ကြောင်း သိရှိရပါသည်။

UN နဲ့ INGO ၀န်ထမ်း ၃ ဦးကို ပြစ်ဒဏ်မှ လွတ်ငြိမ်းသက်သာခွင့် ပြုလိုက်ပြီ


ရခိုင်ပြည်နယ်အတွင်း ဆူပူမှုဖြစ်ပွားခဲ့ရာတွင် ပါဝင်ပတ်သက်ခဲ့ခြင်းကြောင့် ထောင်ဒဏ်ကျခံနေရသော ကုလသမဂ္ဂနှင့် နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ ၀န်ထမ်း ၃ ဦးအား နိုင်ငံတော်သမ္မတကြီးက ၎င်းတို့၏ ပြစ်ဒဏ်များကို လျှော့ပေါ့၍ လွတ်ငြိမ်းသက်သာခွင့် ပြုလိုက်ကြောင်း နိုင်ငံတော်သမ္မတရုံး၏ အင်တာနက်စာမျက်နှာတွင် ဖော်ပြထားပါသည်။

နိုင်ငံတော်သမ္မတကြီးက ပြစ်ဒဏ်မှ လွတ်ငြိမ်းသက်သာခွင့် ပြုလိုက်သူများမှာ

ဦးကာယက်စ် (ခ) ခင်ရွှေ (အဘ) ဦးအဒူစလင်
ကုလသမဂ္ဂစားနပ်ရိက္ခာအစီအစဉ် (WFP) ၀န်ထမ်း၊
မောင်တောမြို့နယ်အတွင်း ဆူပူမှုဖြစ်ပွားရာတွင် ပါဝင်ပတ်သက်မှု၊ နိုင်ငံတော်အကြည်ညိုပျက်အောင် ပြောဆိုမှု၊
တစ်ပေါင်းတည်း ထောင်ဒဏ် ၂ နှစ် ချမှတ်ခံရသူ။

ဦးအဏ၀ါဆာဒဏ် (ခ) ခင်မောင် (အဘ) ဦးအဒူစလင်
ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၀န်ထမ်း၊
မောင်တောမြို့နယ်အတွင်း ဆူပူမှုဖြစ်ပွားရာတွင် ပါဝင်ပတ်သက်မှု၊ နိုင်ငံတော်အကြည်ညိုပျက်အောင် ပြောဆိုမှု၊ တရားမ၀င် နိုင်ငံခြားငွေ လက်ဝယ်တွေ့ရှိမှု၊
စုစုပေါင်း ထောင်ဒဏ် ၃ နှစ် ချမှတ်ခံရသူ။

မချိုလေးမာ (ခ) ချိုမာ (အဘ) ဦးဘဖြူ (ခ) တီအာရူဝါး
ရပ်ရွာလူထု ဖွံ့ဖြိုးရေးစီမံချက် (CSSEP) ၀န်ထမ်း၊
မောင်တောမြို့အရေးအခင်း ဖြစ်ပေါ်အောင် ဆူပူလှုံ့ဆော်ရာတွင် ပါဝင်ပတ်သက်မှု၊ အိမ်တစ်အိမ်အား မီးရှို့ရန် လောင်စာထားရှိမှုနှင့် မီးရှို့မှု၊ တရားမ၀င်နိုင်ငံခြားငွေ လက်ဝယ်တွေ့ရှိမှု၊
စုစုပေါင်း ထောင်ဒဏ် ၆ နှစ် ချမှတ်ခံရသူ 

ပြည်ထောင်စုဝန်ကြီး ၂ ပါးနဲ့ ပြည်ထောင်စုစာရင်းစစ်ချုပ် နားပြီ


ပြည်ထောင်စုဝန်ကြီးများဖြစ်သည့် 
(၁) ဦးခင်မောင်မြင့်၊ ဆောက်လုပ်ရေးဝန်ကြီးဌာန
(၂) ဦးဇော်မင်း၊ အမှတ် (၁) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန တို့အား ရာထူးမှ နုတ်ထွက်ခွင့်ပြုလိုက်ကြောင်း နိုင်ငံတော်သမ္မတရုံး၏ ၂၀၁၂ ခုနှစ်၊ သြဂုတ်လ ၂၈ ရက်စွဲပါ အမိန့်အမှတ် (၂၃/၂၀၁၂) ဖြင့် နိုင်ငံတော်သမ္မတ လက်မှတ်ရေးထိုး၍ ထုတ်ပြန်ကြေညာခဲ့သည်။

ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးလွန်းမောင် အား ရာထူးမှ နုတ်ထွက်ခွင့်ပြုလိုက်ကြောင်း နိုင်ငံတော်သမ္မရုံး၏ ၂၀၁၂ ခုနှစ်၊ သြဂုတ်လ ၂၈ ရက်စွဲပါ၊ အမိန့်အမှတ် (၂၄/၂၀၁၂) ဖြင့် နိုင်ငံတော်သမ္မတ လက်မှတ်ရေးထိုး၍ ထုတ်ပြန်ကြေညာခဲ့သည်။

Tuesday, August 28, 2012

ဝန်ကြီးအပြောင်းအလဲများနှင့် ကျွန်တော့်အတွေးများ


(က) 
ဝန်ကြီးအပြောင်းအလဲတွေ လုပ်မယ်ဆိုပြီး အချိန်အကြာကြီးကတည်းက သတင်းတွေ၊ ကောလာဟလတွေ ထွက်နေခဲ့ပေမယ့် အခုမှပဲ အဲဒီသတင်းဟာ အမှန်ဆိုတာ သေချာသွားခဲ့ပါတယ်။ ကျွန်တော်ရေးခဲ့ဖူးသလိုပါပဲ။ ဒီလိုမျိုး အပြောင်းအလဲတွေ ရှိလာနိုင်တဲ့အကြောင်း The VOICE က ရေးကတည်းက ဒီသတင်းဟာ ဘယ်ကမှ ထွက်တာမဟုတ်ဘူး။ ဒီရပ်ဝန်းကပဲ၊ ဒီအသိုင်းအ၀န်းကပဲ ထွက်တာဆိုတာကိုပေါ့။ ကိုယ့်တာ ကိုယ်လုံအောင် မကာနိုင်ဘဲ ထွက်လာတဲ့ သတင်းကို လိုက်ပိတ်နေတာမျိုးကတော့ သိပ်တော့ မဟန်ဘူးထင်ပါတယ်ဗျာ။ ထားပါတော့.... အဲဒါကလည်း ပြီးသွားပြီပဲ။ ကျွန်တော်ကတော့ အခုအချိန်မှာ အလုပ်ချင်ဆုံး အလုပ်တစ်ခုကို ပြောပါဆိုရင် The VOICE ဂျာနယ်ရုံးခန်းထဲမှာ သွားထိုင်ပြီး အယ်ဒီတာတွေ၊ သတင်းထောက်တွေရဲ့ မျက်နှာတွေကို ထိုင်ကြည့်ချင်တာပါဗျာ။ ကဲ... လိုရင်းက ဒါမဟုတ်တော့ ဒီမှာပဲ ရပ်ပါမယ်။ ပြည်ထောင်စုဝန်ကြီးတွေကိုလည်း ၀န်ကြီးဌာနတွေ ပြောင်းလဲပြီး တာဝန်တွေ ပေးလိုက်ပြီပဲ။ သူတို့တွေ ဘယ်လိုဆက်လုပ်ကြမလဲဆိုတာ စောင့်ကြည့်ကြရမှာပေါ့။

(ခ)
လူတစ်ယောက်နဲ့တစ်ယောက်ဟာ ခံယူချက်ချင်း၊ မူဝါဒချင်း၊ အတွေးအမြင်ချင်း၊ သဘောထားချင်း မတူဘူးဆိုတာ အားလုံးအသိ ဖြစ်ပါတယ်။ သူများတွေကို မကြည့်ပါနဲ့။ ကိုယ့်ဘာသာကိုယ်ပဲ ကျွန်တော်တို့တွေ ပြန်မေးကြည့်ရအောင်ပါ။ မနေ့က ဒီလိုတွေးပေမယ့် ဒီနေ့တော့ ဟိုလိုတွေးမိချင် တွေးမိနိုင်တာမျိုးကိုး။ ကိုယ့်ဘာသာကိုယ်တောင် အချိန်နဲ့အမျှ ပြောင်းလဲနေတာ ဖြစ်တဲ့အတွက် သူများတွေလည်း ထို့အတူပဲဆိုတာ ဗေဒင်မေးစရာ မလိုပါဘူးဗျာ။ ကျွန်တော်ပြောချင်တာက ပြည်ထောင်စုဝန်ကြီးတွေ အပြောင်းအလဲဆိုတာဟာ အဲဒီဝန်ကြီးဆိုတဲ့ လူတွေပြောင်းလဲသွားခြင်း သက်သက်သာ မဟုတ်ဘူးဆိုတာကိုပါ။ လူတွေပြောင်းသွားတာ ဖြစ်တဲ့အတွက် မူတွေလည်း လိုက်ပြောင်းတော့မယ်။ သဘောထားတွေလည်း ပြောင်းတော့မယ်။ လုပ်နည်းလုပ်ဟန်တွေလည်း ပြောင်းတော့မယ်။ ဘေးကနေ ရပ်ကြည့်နေတဲ့ ကျွန်တော်တို့လို သာမန်ပွဲကြည့် ပရိသတ်တွေအတွက် သိသိသာသာကြီး အကျိုးသက်ရောက်မှု ရှိချင်မှ ရှိပါလိမ့်မယ်။ ၀န်ကြီးဌာနတွေ၊ အဲဒီလူတွေနဲ့ ထိတွေ့ဆက်ဆံ အလုပ်လုပ်နေတဲ့ လူတွေအဖို့တော့ တကယ့်ကို စိတ်ဝင်စားစရာ၊ စိတ်လှုပ်ရှားစရာပေါ့ဗျာ။ ကျွန်တော်တို့မှာ ဒီမိုကရေစီခေတ်ကိုသာ ရောက်နေပြီလို့ ဆိုရတယ်။ ၀န်ကြီးတစ်ပါးရဲ့ ပါးစပ်ကထွက်တဲ့ စကားတစ်ခွန်းကလည်း လူနေမှုဘ၀တွေကို ပြောင်းလဲစေနိုင်တာမျိုး ဖြစ်နေသေးတာကိုး။ ဒီဝန်ကြီးဌာနနဲ့ ပတ်သက်ဆက်ဆံပြီး ဒီအလုပ်လုပ်ချင်ရင် ဒီလိုတွေ၊ ဒီလိုတွေ လုပ်ရတယ်ဆိုတဲ့ ပုံသေကားချ သမားရိုးကျ လုပ်ငန်းစဉ်ကိုသာ လုပ်ရမယ်ဆိုရင်တော့ ဘယ်သူပဲ ၀န်ကြီးတက်လုပ်လုပ် ဘာအရေးတုန်းဗျ။ အခုဟာက ၀န်ကြီးတစ်ပါးက ဒီမူဆိုရင် အခြားတစ်ယောက်က အခြားမူ ရှိနေသေးတာကိုး။ ဒီဝန်ကြီးတုန်းက ဒီလိုလုပ်ဖို့ လိုပါတယ်ဆိုတဲ့ မူကလည်း နောက်ဝန်ကြီးကျရင် လိုချင်မှ လိုတော့တာကိုးဗျ။ တစ်နည်းအားဖြင့် ပြည်ထောင်စုဝန်ကြီးတွေရဲ့ အပြောင်းအလဲဟာ နိုင်ငံအတွက်၊ အတိုင်းအတာ တစ်ခုအထိသော ပြည်သူတွေအတွက်လည်း အထိုက်အလျောက်တော့ သက်ဆိုင်နေတာ အမှန်ပါပဲ။ အခုပြောင်းလဲလိုက်တဲ့ ၀န်ကြီးဌာနနဲ့ ၀န်ကြီးတွေဆိုရင်လည်း ပြည်သူတွေအတွက် တကယ့်ကို အရေးပါတဲ့ ၀န်ကြီးဌာနတွေ အများကြီးပါနေပါတယ်။ အဲဒီတော့ လူတွေတော့ ပြောင်းပြီ၊ မူတွေရော ဘယ်လို ပြောင်းမလဲဆိုတာသာ ကျွန်တော်တို့ စောင့်ကြည့်ရမှာပေါ့ဗျာ။

( ဂ)
ပြည်ထောင်စုဝန်ကြီးတွေ အပြောင်းအလဲအရ ဖြစ်ပေါ်လာတာတွေထဲမှာ လတ်တလော စိတ်ဝင်စားစရာ အကောင်းဆုံးကတော့ သမ္မတရုံးဝန်ကြီးဌာနပါပဲ။ ဘာကြောင့်တွေ၊ ဘာတွေဆိုတာ မပြောခင် အခုဖြစ်သွားတဲ့ သမ္မတရုံးဝန်ကြီးဌာနရဲ့ ပြည်ထောင်စုဝန်ကြီးတွေကို ကြည့်ရအောင်ပါ။
(၁) ဦးသိန်းညွန့်
(၂) ဦးစိုးမောင်
(၃) ဦးစိုးသိန်း
(၄) ဦးအောင်မင်း
(၅) ဦးလှထွန်း
(၆) ဦးတင်နိုင်သိန်း
ကဲ... အဲဒီ ၆ ဦးဟာ သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးတွေ ဖြစ်ကြပါတယ်ဗျာ။ သမ္မတရုံးဟာ ၀န်ကြီး ၆ ဦးခန့်ရလောက်အောင် လိုအပ်သလားဆိုတာ စဉ်းစားစရာပါ။ လွှတ်တော်တွေက အဲဒီအချက်ကို မေးခွန်း မေးမြန်းသင့်ပါတယ်။ ဒါက ပထမအချက်ပါ။ ဒုတိယအချက်က သမ္မတရုံးဝန်ကြီးဌာနဟာ ၀န်ကြီးများဒုက္ခသည်စခန်းလား ဆိုတဲ့အချက်ပါ။ ကျွန်တော်သိသလောက်ကတော့ သမ္မတရုံးဝန်ကြီးဌာနအတွက် ၀န်ကြီး ၂ ဦးဆိုရင် လုံလောက်ပါတယ်။ သမ္မတကြီးရဲ့ သွားနေတဲ့ မူဝါဒတွေနဲ့ မကိုက်ညီသူတွေ၊ ကိုယ့်သဘောနဲ့ကိုယ် ထင်ရာစိုင်းနေတဲ့ ပြည်ထောင်စုဝန်ကြီးတွေကို တာဝန်ကနေ ရပ်စဲပြီး အနားယူခိုင်းဖို့အတွက် သူတို့ရဲ့ ဂုဏ်သိက္ခာကိုငဲ့ပြီး၊ မျက်နှာတွေကိုထောက်ပြီး သမ္မတရုံးဝန်ကြီးဌာနကို ဒုက္ခသည်စခန်း ဖွင့်လိုက်တယ်လို့ပဲ ကျွန်တော်ကမြင်ပါတယ်။ အကြောင်းပြချက်ကတော့ ယခင်စက်မှုဝန်ကြီး ဦးကျော်စွာခိုင်ကိုလည်း ကျန်းမာရေးအရ အနားမယူခင် ၀န်ကြီးအဖြစ်က မထုတ်ပယ်ချင်တဲ့အတွက် သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်ခဲ့ဖူးလို့ပါ။ ဦးကျော်စွာခိုင်ဟာ သမ္မတရုံးနဲ့ ပတ်သက်တဲ့အလုပ် ဘာတွေများ လုပ်ခဲ့သလဲဆိုတာ သိတဲ့လူတွေက ဖြေပေးစေချင်ပါတယ်။ ကျွန်တော်ကတော့ ဘာမျှလုပ်ခဲ့တယ်လို့ မကြားမသိမိပါဘူး။ လူတွေအများစုက ဦးစိုးသိန်းတို့၊ ဦးအောင်မင်းတို့ကို ပြုပြင်ပြောင်းလဲရေး သမားကြီးတွေလို့ တံဆိပ်ကပ်ကြပါတယ်။ အခြားအကြောင်းတွေ ကျွန်တော်မသိပါ။ မဝေဖန်လိုပါ။ သို့သော် ရန်ကုန်မြို့သို့ရောက်တိုင်း အဆိုပါဝန်ကြီးနှစ်ပါးကို မေတ္တာတွေ အခါခါပို့မိတာတော့ အမှန်ပါပဲ။ သူတို့ရိုက်ချက် ဘယ်လောက်ပြင်းတယ်ဆိုတာ ရန်ကုန်မှာနေတဲ့လူတွေက ပိုသိပါတယ်။ အဲလောက်ပဲ ပြောချင်ပါတယ်။ ဦးစိုးသိန်းအကြောင်း သိချင်ရင်တော့ စက်မှုဝန်ကြီးဌာနက ၀န်ထမ်းတွေကိုသာ နီးစပ်ရာအချင်းချင်း လက်တို့ပြီး မေးကြည့်စေချင်ပါတယ်။ မဆိုးတော့လည်း မဆိုးပါဘူး။ သမ္မတရုံးဝန်ကြီးရာထူး ပေးထားပြီး ငြိမ်းချမ်းရေးကိစ္စတွေမှာ ဟိုစပ်စပ် ဒီစပ်စပ် လုပ်ခိုင်းလိုက်ရင်လည်း အလုပ်လက်မဲ့တော့ မဖြစ်ပါဘူး။ ဒါမှမဟုတ် ပြည်တွင်းငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနဆိုပြီး ၀န်ကြီးဌာနအသစ်တစ်ခု ဖွဲ့ပေးပြီး သူတို့ကို တာဝန်ပေးရင်လည်း အဆင်ပြေမယ်ထင်ပါတယ်။ လိုရင်းကိုပြောရရင် သမ္မတရုံးဝန်ကြီးဌာနမှာ ပြည်ထောင်စုဝန်ကြီး ၆ ဦးခန့်ထားတာကို ကျွန်တော်ကိုဉာဏ် လုံးဝ (လုံးဝ) ကန့်ကွက်ပါတယ်။ နောက်လူတွေအတွက် အတုယူမှားစေမယ့် အစဉ်အလာတွေကို အစမပျိုးခဲ့ပါနဲ့ သမ္မတကြီးခင်ဗျား။ သမ္မတကြီးရဲ့ သွားနေတဲ့လမ်းကြောင်းမှာ ကန့်လန့်ခံနေတဲ့ လူတွေကို ကားပေါ်ဆွဲမတင်ပါနဲ့။ ရဲရဲဝံ့ဝံ့ပဲ လမ်းဘေးကို ကန်ချခဲ့ပါ။ ကန့်လန့်ခံနေတဲ့ လူတိုင်းကိုသာ ကားပေါ်ဆွဲတင်ပြီး ခရီးဆက်နေရင်တော့ ၀န်လေးပြီး ခရီးတွင်မှာ မဟုတ်ပါဘူး လေးစားအပ်တဲ့ သမ္မတကြီးခင်ဗျား။

(ဃ)
ပြည်ထောင်စုဝန်ကြီးတွေကို ဌာနတွေ ပြောင်းလဲတာဝန်ပေးလိုက်ပြီးဆိုတဲ့ သတင်းကို ဖတ်ရတဲ့အချိန်မှာ ကျွန်တော်ကိုဉာဏ် လုပ်ရတဲ့ အလုပ်တစ်ခုကတော့ ၀န်ကြီးဌာနတွေကို ပြန်စဉ်ပြီး စိစစ်ရတာပါပဲ။ ဘယ်သူတွေက ဘယ်ကိုချိန်းတယ်၊ ဘယ်သူတွေက ဘယ်ကိုရောက်တယ် စသဖြင့် စိစစ်ပြီးတဲ့အချိန်မှာတော့  ပြည်ထောင်စုဝန်ကြီးတွေ မရှိတဲ့ ၀န်ကြီးဌာနတွေ အောက်ပါအတိုင်း ထွက်လာပါတယ်ခင်ဗျာ -
(၁) ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန
(၂) အမျိုးသားစီမံကိန်းနှင့်စီပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန
(၃) လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန
(၄) အလုပ်သမားဝန်ကြီးဌာန
(၅) ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန
(၆) ရထားပို့ဆောင်ရေးဝန်ကြီးဌာန
(၇) ယဉ်ကျေးမှုဝန်ကြီးဌာန
(၈) သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန

(င)
ဝန်ကြီးမရှိတဲ့ ဌာနတွေအတွက် ပြည်ထောင်စုဝန်ကြီးအသစ်တွေ ခန့်အပ်ဖို့အတွက် သမ္မတဟာ ပြည်ထောင်စုလွှတ်တော်ကို အမည်စာရင်း ပေးပို့ပါလိမ့်မယ်။ လက်ရှိဝန်ကြီးတွေကို ၀န်ကြီးဌာနတွေ ပြောင်းလဲပြီးပြီ ဖြစ်တဲ့အတွက် သေချာတာကတော့ အခုခန့်မယ့် ၀န်ကြီးတွေဟာ ပြည်ထောင်စုဝန်ကြီး အသစ်စက်စက်တွေပါ။ ဆိုလိုတာက လက်ရှိဝန်ကြီးတွေထဲကနေ လွတ်နေတဲ့ ၀န်ကြီးဌာနတွေမှာ တာဝန်ယူရမယ့်လူ မရှိတော့ဘူးဆိုတာပါ။ သမ္မတက ပြည်ထောင်စုလွှတ်တော်ကို အမည်စာရင်းပေးပို့ပြီး လွှတ်တော်က ကန့်ကွက်စရာ မရှိရင် ၀န်ကြီးတွေအဖြစ် ခန့်အပ်ပါလိမ့်မယ်။ ဘယ်သူတွေ ဖြစ်လာနိုင်တယ်ဆိုတာ စိတ်ဝင်စားစရာပါ။ ဘာကြောင့်လဲဆိုတဲ့ ကျွန်တော့်အတွေးတွေကို အောက်မှာ ဖော်ပြထားပါတယ်။

(စ)
ကျွန်တော်စိတ်အ၀င်စားဆုံးကတော့ အခု ပြန်ကြားရေးဝန်ကြီးအဖြစ် တာဝန်ယူနေရပြီဖြစ်တဲ့ ဦးအောင်ကြည် ယခင်က တာဝန်ယူခဲ့ရတဲ့ အလုပ်သမားဝန်ကြီးဌာနနဲ့ လူ/ကယ်/ပြန် ၀န်ကြီးဌာန နှစ်ခုတွဲပြီး တာဝန်ယူရတဲ့ ရာထူးနေရာပါ။ ကျွန်တော့်အတွေးအရဆိုရင် အဲဒီနေရာကို ခန့်အပ်ဖို့အတွက် အသင့်လျော်ဆုံး ပုဂ္ဂိုလ်ကတော့ ဒေါ်အောင်ဆန်းစုကြည်ပါပဲ။ ဒါမှလည်း သူဘယ်လောက် အလုပ်လုပ်နိုင်သလဲဆိုတာ ကျွန်တော်တို့ သိခွင့်ရမှာ ဖြစ်ပါတယ်။ ပြီးတော့ သူလုပ်ရင်လုပ်သလောက် မြန်မာပြည်သူတွေ အကျိုးခံစားရမယ့် ရာထူးနေရာဖြစ်ပါတယ်။ နိုင်ငံတကာနဲ့ ဆက်ဆံပြီး အလုပ်လုပ်ရတဲ့ နေရာလည်း ဖြစ်နေပါတယ်။ အတော်ကြီးကို စိတ်ဝင်စားဖို့ကောင်းတဲ့ ရာထူးနေရာပါပဲဗျာ။ ပြည်ထောင်စုဝန်ကြီးအတွက် ပြည့်စုံရမယ့် အရည်အချင်းတွေကို ဖတ်ကြည့်တော့လည်း ဒေါ်အောင်ဆန်းစုကြည်အတွက် ငြိလောက်တဲ့အချက် မတွေ့ရပါဘူး။ နိုင်ငံတကာကလည်း လုပ်စေချင်၊ နိုင်ငံအတွက်လည်း မျက်နှာပန်းလှစေမယ့် ကိစ္စမို့ ကျွန်တော်ကတော့ ကိုယ့်ဘာသာကိုယ် တွေးရင်းနဲ့တောင် ပြုံးနေမိပါသေးသဗျာ။ စာဖတ်သူတွေကလည်း ကျွန်တော်ကိုဉာဏ်ကို မပြုံးကြပါနဲ့ဗျ။ ဘယ်လိုဖြစ်တာလဲလို့လည်း အငေါ်မတူးကြပါနဲ့။ သမ္မတကြီးက ပြောထားတယ်မဟုတ်လား။ မတူတာတွေ ဘေးဖယ်ထားပြီး တူတာတွေမှာ လက်တွဲလုပ်ရမယ်တဲ့။ အခုအချိန်မှာ အရေးအကြီးဆုံးက ကျွန်တော်တို့ရဲ့ စိတ်ခံစားချက်တွေ၊ အတ္တတွေမဟုတ်ဘူးခင်ဗျ၊ နိုင်ငံအမြန်ဆုံး ဖွံ့ဖြိုးတိုးတက်ဖို့၊ အလုပ်အကိုင် အခွင့်အလမ်းတွေ ပေါများလာဖို့၊ နိုင်ငံမှာ အလုပ်လက်မဲ့ဦးရေ အနည်းဆုံး ဖြစ်စေဖို့၊ လူတိုင်း သင့်တင့်တဲ့ ၀င်ငွေရရှိစေဖို့၊ စတဲ့စတဲ့ အချက်တွေဖြစ်တယ်ဗျာ။ ကျွန်တော်တို့နိုင်ငံကို ဒုက္ခသည်နိုင်ငံတစ်ခုလို ကမ္ဘာက ဆက်ဆံနေကြတာကို မြင်တွေ့ကြားသိနေရတိုင်း ကျွန်တော် မခံစားနိုင်ဘူးဗျ။ အဲဒါကြောင့်ပါ။

(ဆ)
နောက်ထပ်တစ်ခုကတော့ လစ်လပ်နေတဲ့ ၀န်ကြီးဌာနတွေနေရာမှာ ပညာရှင်တွေ ၀င်လာမယ်လို့ ကျွန်တော်တွေးနေမိတာပါပဲ။ ဥပမာအားဖြင့် အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနတို့၊ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနတို့၊ သိပ္ပံနှင့်နည်းပညာ ၀န်ကြီးဌာနတို့ဟာ တကယ့်ပညာရှင်တွေကို ခန့်အပ်တာဝန်ပေးပြီး ဆောင်ရွက်စေသင့်တဲ့ ဌာနတွေဖြစ်ပါတယ်။ လူတော်တွေ အဲဒီဌာနတွေကို ရောက်လာပါစေလို့ပဲ ဆန္ဒပြုမိပါတယ်။ စောင့်ကြည့်ကြတာပေါ့ခင်ဗျာ။

(ဇ)
လူတွေကတော့ ပြောင်းလဲခဲ့ပါပြီ။ တိုင်းပြည်အတွက်၊ လူထုအတွက်၊ သမိုင်းအတွက် ကောင်းမွန်မှုတွေ ဖန်တီးနိုင်ဖို့၊ အမွေပေးခဲ့နိုင်ဖို့ မူတွေလည်း ပြောင်းကြစေချင်ပါတယ်။ အခုအပြောင်းအလဲဟာ တိုင်းပြည်အတွက် ပိုမိုအဖိုးတန်တဲ့ နေရာတစ်ခုကိုရောက်အောင် တွန်းတင်ပေးနိုင်တဲ့ အားအင်တစ်ခု ဖြစ်ပါစေလို့ပဲ ဆန္ဒပြုရင်း .................။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၂ ခုနှစ်၊ သြဂုတ်လ ၂၈ ရက်၊ အင်္ဂါနေ့။
မွန်းလွဲ ၁ နာရီ ၃၁ မိနစ်တွင်ပြီး၏။

အသစ်ခန့်အပ်လိုက်သော ဒုတိယ၀န်ကြီးများ


(၁) ရဲချုပ် ကျော်ကျော်ထွန်း၊ ပြည်ထဲရေးဝန်ကြီးဌာန
(၂) ဦးပိုက်ထွေး၊ ပြန်ကြားရေးဝန်ကြီးဌာန
(၃) ဦးသန်းဆွေ၊ ယဉ်ကျေးမှုဝန်ကြီးဌာန
(၄) ဦးအောင်သိမ်း၊ သမ္မတရုံးဝန်ကြီးဌာန
(၅) ဒေါက်တာလင်းအောင်၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန
(၆) ဦးဆက်အောင်၊ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန
(၇) ဒေါက်တာ ဒေါ်ခင်စန်းရီ၊ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန
(၈) ဒေါ်စုစုလှိုင်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန
(၉) ဦးသောင်းတင်၊ ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန
(၁၀) ဦးထင်အောင်၊ စွမ်းအင်ဝန်ကြီးဌာန
(၁၁) ဗိုလ်မှူးချုပ် ၀င်းမြင့်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန
(၁၂) ဦးအေးမြင့်မောင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန
(၁၃) ဒေါက်တာ ဒေါ်သက်သက်ဇင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန
(၁၄) ဦးသောင်းထိုက်၊ အားကစားဝန်ကြီးဌာန
(၁၅) ဒေါက်တာ ဒေါ်သိန်းသိန်းဌေး၊ ကျန်းမာရေးဝန်ကြီးဌာန

အထက်ပါ ဒုတိယ၀န်ကြီးများအား နိုင်ငံတော်သမ္မတရုံး၏ ၂၀၁၂ ခုနှစ်၊ သြဂုတ်လ ၂၇ ရက်စွဲပါ အမိန့်အမှတ် (၂၁/၂၀၁၂) ဖြင့် သမ္မတက လက်မှတ်ရေးထိုး၍ ခန့်အပ်ခဲ့ခြင်း ဖြစ်ပါသည်။ 

ပြည်ထောင်စုဝန်ကြီးများ အပြောင်းအလဲ


(၁) ဦးစိုးသိန်း (သမ္မတရုံးဝန်ကြီးဌာန) (ယခင် စက်မှုဝန်ကြီးဌာန)
(၂) ဦးအောင်မင်း (သမ္မတရုံးဝန်ကြီးဌာန) (ယခင် ရထားပို့ဆောင်ရေးဝန်ကြီးဌာန)
(၃) ဦးလှထွန်း (သမ္မတရုံးဝန်ကြီးဌာန) (ယခင် ဘဏ္ဍာ/အခွန်ဝန်ကြီးဌာန) 
(၄) ဦးတင်နိုင်သိန်း (သမ္မတရုံးဝန်ကြီးဌာန) (ယခင် စီမံ/စီးပွားဝန်ကြီးဌာန)
(၅) ဦးအောင်ကြည် (ပြန်ကြားရေးဝန်ကြီးဌာန) (ယခင် အလုပ်သမားဝန်ကြီးဌာန၊ လူ/ကယ်/ပြန် ၀န်ကြီးဌာန)
(၆) ဦးကျော်ဆန်း (သမ၀ါယမ၀န်ကြီးဌာန) (ယခင် ပြန်ကြားရေးဝန်ကြီးဌာန၊ ယဉ်ကျေးမှုဝန်ကြီးဌာန)
(၇) ဦးအုန်းမြင့် (မွေးမြူရေးနှင့်ရေလုပ်ငန်းဝန်ကြီးဌာန) (ယခင် သမ၀ါယမ၀န်ကြီးဌာန၊ မွေး/ရေ ၀န်ကြီးဌာန)
(၈) ဦးအေးမြင့် (စက်မှုဝန်ကြီးဌာန) (ယခင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန)
(၉) ဦးတင့်ဆန်း (အားကစားဝန်ကြီးဌာန) (ယခင် ဟိုတယ်/ခရီးဝန်ကြီးဌာန၊ အားကစားဝန်ကြီးဌာန)

နိုင်ငံတော်သမ္မတရုံး၏ ၂၀၁၂ ခုနှစ်၊ သြဂုတ်လ ၂၇ ရက်စွဲပါ အမိန့်အမှတ် (၂၂/၂၀၁၂) ဖြင့် သမ္မတက လက်မှတ်ရေးထိုး၍ ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်ပါသည်။

Sunday, August 26, 2012

ပြုံးမိသည်၊ ရယ်မိသည်၊ တွေးမိသည်၊ ရေးမိသည်


ကာတွန်းတစ်ကွက်ကောင်းရင် ဝေဖန်ရေးဆောင်းပါးတစ်ပုဒ်လောက် ထိရောက်တယ်လို့ ကျွန်တော့်သူငယ်ချင်းတစ်ယောက်က ပြောဖူးပါတယ်။ ကျွန်တော် အပြည့်အ၀ လက်ခံပါတယ်။ ဆောင်းပါးဆိုတာမျိုးက သိုင်းဝိုင်းပြီး အချက်အလက်ပြည့်စုံအောင် ဆိုလိုတဲ့အဓိပ္ပါယ်ကိုရောက်အောင် ဆွဲခေါ်သွားရတာမျိုးပါ။ ကာတွန်းကတော့ လိုရင်းကို ထိထိမိမိ တစ်ချက်တည်း ပစ်လိုက်တာနဲ့ ပွဲသိမ်းတာမျိုးပါ။ ကျွန်တော့်သူငယ်ချင်း ဆက်ပြောတာက ကာတွန်းနဲ့ သရော်တယ်၊ ဝေဖန်တယ်ဆိုတိုင်းလည်း ကောင်းတာမဟုတ်ဘူးကွ။ ဖတ်တဲ့လူအနေနဲ့ ဟိုလိုလို ဒီလိုလို တွေးသွားအောင် ရေးနိုင်မှ အဆင့်ရှိတာကွလို့ ဆက်ပြောပါတယ်။ ကျွန်တော်က သူဆက်ပြောလို့ရအောင် စကားထောက်ပေးတော့ ဆက်ပြောပါတယ်။ ဖတ်တဲ့လူက ကာတွန်းကို ဖတ်ပြီးတဲ့အချိန်မှာ တွေးစရာတွေ တသီကြီး ကျန်ခဲ့ရမယ်။ သာမန်ဖတ်ရင် သာမန်အဓိပ္ပါယ်ပဲ ထွက်ပြီး အခြားတစ်ဖက်က လှည့်တွေးရင် အခြားအဓိပ္ပါယ်တစ်ခု ထွက်ရမယ်ကွလို့ ဆက်ပြောပါတယ်။ ဟုတ်ကဲ့ပါပေါ့။ ကဲ... စကားတွေပျိုးနေရတာက ဘာရယ်မဟုတ်ပါဘူး။ ကျွန်တော်သဘောကျတဲ့ ကာတွန်းလေးတွေ တင်ပေးချင်လို့ စကားချီးတွေ လုပ်နေရတာပါ။ ကာတွန်းကို တစ်ခါတည်း တင်ပေးလိုက်ရင်လည်း ရပါတယ်။ ကိုဉာဏ်ရဲ့ ထုံးစံအတိုင်း နည်းနည်းလေးတော့ လေရှည်ချင်သေးတာကိုးခင်ဗျ။ ကဲ... ကာတွန်းများကို ခံစားနိုင်ကြပါပြီခင်ဗျာ။ ကာတွန်းတွေရဲ့ အောက်မှာတော့ ကျွန်တော်တွေးမိတာလေးတွေကို ဖော်ပြထားပါသေးတယ်။ တိုက်ဆိုင်သည်ဖြစ်စေ၊ သဘောတူသည်ဖြစ်စေ၊ တစ်ထပ်တည်းကျသည်ဖြစ်စေ (တစ်ခုမှ သဘောမတူတာမပါဘူး၊း) ) သည်းခံဖတ်ရှု ပေးကြပါဦးခင်ဗျ။ ပျော်ရွှင်ဖွယ်ရာ အားလပ်ရက်လေး ဖြစ်ကြပါစေ။

(၁)
အထူးအထွေ ရှင်းပြဖို့မလိုတဲ့ အကြောင်းအရာတစ်ခုပါ။ ကျွန်တော်ကိုဉာဏ်လည်း အဆိုးမြင်ဝါဒီတစ်ပိုင်း ဖြစ်နေပြီဆိုတော့ မပြောတော့ပါဘူးဗျာ။ ငါးပွက်ရာ ငါးစာချတယ်လို့ ကျွန်တော်က ပြောရင်လည်း အဲဒီလူတွေက ပြန်ပြောဦးမယ်။ မိုးရွာတုန်း ရေခံတာပါလို့။ ဟုတ်ကဲ့ပါခင်ဗျ... မိုးရွာတုန်း ရေခံတာပဲဖြစ်ဖြစ်၊ လသာတုန်း ဗိုင်းငင်တာပဲဖြစ်ဖြစ် ကိုယ့်စီးပွားရေး ကိုယ်လုပ်တာဖြစ်တဲ့အတွက် ကျွန်တော်ကိုဉာဏ် ဘာမျှ မပြောလိုပါခင်ဗျား။ ဒါပေမယ့် စာအုပ်တွေကိုတော့ ဈေးနှုန်းလေး သက်သက်သာသာနဲ့ ထုတ်ဝေကြဖို့ မေတ္တာရပ်ခံလိုပါတယ်။ နိုင်ငံရေးစာအုပ်တစ်အုပ်ရဲ့ ပျမ်းမျှဈေးနှုန်းဟာ သုံးထောင်နဲ့ ငါးထောင်ကြားမှာ ရှိပါတယ်။ ဒီပိုက်ဆံပမာဏဟာ သာမန်လူတန်းတစ်ရပ်အတွက် အတော့်ကို စဉ်းစားရတဲ့ ငွေကြေးပါ။ မြို့နေလူတန်းစားတွေက ၀ယ်ဖတ်နိုင်ကြပေမယ့် နယ်မြို့တွေမှာရှိတဲ့ လူငယ်တွေအတွက်ကျတော့ အလှမ်းမီတဲ့ ဈေးနှုန်းမဟုတ်ပါဘူး။ ပြီးတော့ နိုင်ငံရေးစာအုပ်ဆိုတာကလည်း တစ်အုပ်လောက် ဖတ်ရုံနဲ့ အားလုံးကို သိသွားနိုင်တာမျိုး မဟုတ်ပါဘူး။ ဆက်စပ်ဖတ်ရှုရမှာတွေ၊ အခြားသော ဖတ်စရာတွေနဲ့ ရှိသေးတာပါ။ စာအုပ်တစ်အုပ်ကို သုံးထောင်ပဲထား၊ သာမန်လခစားတစ်ယောက်က တစ်လကို တစ်အုပ် ၀ယ်ဖတ်တယ်ပဲဆိုဦးတော့။ ဒီနေ့လို ခေတ်ကြီးထဲမှာ တစ်လကို စာတစ်အုပ် ဖတ်ရုံနဲ့ ဘယ်လိုမျှ လူတောတိုးလို့ ရနိုင်မှာ မဟုတ်ပါဘူး။ တစ်ပတ်တစ်ပတ်ကို စာအုပ်ပေါင်းများစွာ၊ ဂျာနယ်ပေါင်းများစွာ ထွက်နေတဲ့ ဒီနေ့လို အချိန်မျိုးမှာ မြန်မာတွေ အလွယ်တကူ ဖတ်လို့ရတဲ့ ဈေးနှုန်းနဲ့ စာအုပ်ဈေးတွေ မဖြစ်သေးတာ ၀မ်းနည်းစရာပါ။ ပြည်သူတွေကို နိုင်ငံရေးအသိ မရှိဘူးတို့၊ အသံလွှင့်ဌာနတွေက ပြောတာကိုပဲ ယုံမနေကြနဲ့တို့ မပြောကြပါနဲ့ဦး။ ပြည်သူတွေ ကိုယ့်ဘာသာကိုယ်ဖတ်ပြီး ကိုယ့်ဘာသာကိုယ် စဉ်းစားဆုံးဖြတ်လို့ရအောင် အရင်းအမြစ်တွေဖြစ်တဲ့ စာအုပ်စာစောင်တွေကိုပဲ လူတိုင်းအလွယ်တကူ ဖတ်နိုင်တဲ့ ဈေးနှုန်းရောက်အောင် (စာအုပ်တွေ၊ ဂျာနယ်တွေရဲ့ ပုံနှိပ်မှတ်တမ်းမှာ ဖော်ပြထားတဲ့ ဈေးနှုန်းနှင့်ဆိုလျှင် သင့်လျော်မည်ထင်၏) ကြိုးစားကြပါဦးလို့ စီးပွားရေးလုပ်ငန်းရှင်များနဲ့ ထုတ်ဝေသူများကို တိုက်တွန်းလိုက်ပါရစေ။

(၂)
ဒီမိုကရေစီခေတ်ကို ကူးပြောင်းစ ယနေ့ကာလမှာ အတော်ကြီးကို ဟော့ဖြစ်တဲ့ အကြောင်းအရာပါပဲ။ ကျွန်တော်တို့ရဲ့ သမ္မတကြီးက တက်လာကတည်းက ကောင်းမွန်သောအုပ်ချုပ်မှု၊ သန့်ရှင်းသောအစိုးရဖြစ်အောင် လုပ်ကိုင်ဆောင်ရွက်သွားမယ်လို့ အတိအလင်း မိန့်ခွန်းပြောကြားပြီး ဖြစ်ပါတယ်။ ဒါကလည်း အကြောင်းရှိပါတယ်။ ခေတ်အဆက်ဆက်မှာ အောက်ခြေအဆင့်ကစပြီး ဟိုးအထက်အမြင့်ဆုံးအထိ တာဝန်ရှိသူတွေရဲ့ သတင်းမွှေးတွေက ရှိခဲ့တာကိုး။ တကယ်ပိုင်တာ မပိုင်တာ မပြောနဲ့ ကောလာဟလထွက်တဲ့ ကိန်းဂဏန်းပမာဏတွေကို ပြောရင်ပဲ ကျွန်တော့်မှာ အံ့သြလွန်းလို့ မူးမိုက်မတတ်ပါပဲ။ ကျွန်တော်တို့နိုင်ငံဟာ အဆင်းရဲဆုံးနိုင်ငံလို့လည်း ပြောကြသေးတယ်။ ဒီကြားထဲက ဒီလူတွေက ဘယ်လိုဖြစ်ပြီး ဒီလောက်ချမ်းသာနေကြတာလဲဆိုတာ စဉ်းစားဖို့ လုံးဝဉာဏ်မမီခဲ့ဘူး။ နောက်တော့မှ စဉ်းစားကြည့်မိတယ်... စာရေးက လဘက်ရည်ဖိုးတောင်းမယ်၊ ရုံးအုပ်က ထမင်းဖိုးတောင်းမယ်၊ မန်နေဂျာက တစ်ပုလင်းဖိုးတောင်းမယ်၊ သူ့အထက်ကလူက ..........တောင်းမယ်၊ သူတို့အထက်ကလူက .........တောင်းမယ်၊ သူတို့အထက်... သူတို့အထက်.... သူတို့အထက်.... အင်း ဒီလိုနဲ့ တက်သွားလိုက်တော့ တိုက်တောင်းတာတွေ၊ မြေကွက်တောင်းတာတွေ၊ ကားတောင်းတာတွေ၊ ရှယ်ယာတောင်းတာတွေ၊ တစ်ဆင်စာတောင်းတာတွေ၊ ဘဏ်စာရင်းမှာ ထည့်ခိုင်းတာတွေ၊ စသည်ဖြင့်ပေါ့လေ ရှိနိုင်တယ်လို့ တွေးမိပါတယ်။ (ကျွန်တော်တွေးကြည့်မိတာတွေပါ၊ လက်တွေ့မှာ အဲဒီလို တကယ်လုပ်မလုပ် ကျွန်တော်ကိုဉာဏ် တကယ်မသိပါဘူးနော်၊ စိတ်ကူးသက်သက်ပါ) တစ်ခုတော့ ဖြေတွေးတွေးလို့ ရပါတယ်။ ဂုဏ်ယူမယ်ဆိုပြီး ဂုဏ်ယူစရာပေါ့။ တချို့က ပြောတတ်ကြတယ်လေ။ ခေတ်ပျက်ကြီးတို့၊ ဆုတ်ကပ်တို့ စသည်ဖြင့်ပေါ့။ ကျွန်တော်တို့နိုင်ငံကတော့ ဘယ်လောက်ပဲ ခေတ်မီတိုးတက်တယ်၊ နိုင်ငံခြားယဉ်ကျေးမှုတွေ ၀င်လာတယ်၊ ရိုးရာဓလေ့စရိုက်တွေ ကွယ်ပျောက်တယ်ပဲပြောပြော လူကြီးသူမတွေ၊ ကိုယ့်ထက်ကြီးတဲ့သူတွေကို ဂါရ၀ပြုတဲ့ဓလေ့၊ သိတတ်တဲ့ဓလေ့၊ ချဉ်းကပ်တဲ့ဓလေ့ (ခြင်းကပ်ခြင်း မဟုတ်ပါ) ကတော့ မပျောက်မပျက်ဘဲ ယနေ့တိုင် ထိန်းသိမ်းထားနိုင်ဆဲပါလားဆိုပြီး ကျွန်တော်ကိုဉာဏ်ဖြင့် အသားလွတ်ကြီး ဂုဏ်ယူမိကြောင်းပါခင်ဗျား။

(၃)
စာပေစိစစ်ရေးက ကြိုတင်စိစစ်ဖြတ်တောက်တဲ့ လုပ်ငန်းတွေကို မလုပ်တော့ဘဲ ထုတ်တင်စနစ်ကို ပြောင်းပေးလိုက်ပြီ ဖြစ်ပေမယ့် အများစုက မယုံမရဲနဲ့ စောင့်ကြည့်နေဆဲ၊ ထိန်းထိန်းသိမ်းသိမ်း လုပ်နေဆဲ အချိန်အခါမျိုးမှာ တကယ့်ကို ကွက်တိကျတဲ့ ကာတွန်းတစ်ကွက်ပါပဲ။ ရေးကြည့်ပါလားဆိုတော့ ကျွန်တော်ကိုဉာဏ်က အရင်အပတ်ကထုတ်တဲ့ ပြည်သူ့ခေတ်ဂျာနယ်ထဲက ဆရာမကြီး ဒေါက်တာမြင့်မြင့်ခင်ရဲ့ ဆောင်းပါးကို ညွှန်းဆိုချင်သဗျ။ ကျွန်တော့်ဘလော့ဂ်မှာလည်း တင်ပေးထားပါတယ်။ ပညာဟူသည် မြတ်ရွှေအိုး ဆိုတဲ့အမည်နဲ့ပါ။ ဖတ်ပြီးတဲ့သူတွေကတော့ သိလောက်ပါတယ်။ အဲဒီထက်ရေးရရင်တော့ နာမည်တပ်ပြီး ဆဲတဲ့ဟာကို ဂျာနယ်ထဲမှာရေးဖို့ပဲ ကျန်ပါတော့တယ်။ ဒီနေရာမှာ ကျွန်တော်ကိုဉာဏ် တွေးမိတာက စာနယ်ဇင်းတွေအနေနဲ့ လွတ်လပ်ခွင့် မရှိဘူး၊ လွတ်လွတ်လပ်လပ်  မရေးရဘူးဆိုတာ ဘာကိုပြောတာလဲလို့ တစ်ခါတစ်ခါ တွေးမရပါဘူး။ ဆိုလိုတာက သူတို့တွေက ဘယ်လိုရေးချင်တာလဲ။ လွတ်လပ်စွာရေးသားခွင့် ဆိုတာကို သူတို့တွေက ဘယ်လိုအဓိပ္ပါယ် ဖွင့်ဆိုသလဲဆိုတာကို သိချင်ပါတယ်။ ဒီနေ့အထိတော့ ကျွန်တော်ကိုဉာဏ်ကပဲ ထုံလွန်းအလွန်းတာလား မသိပါဘူး။ လွတ်လွတ်လပ်လပ် ရေးတယ်ဆိုတာ ဒီလိုဒီလို ရေးတာကွဆိုပြီး ရှင်းပြတာမျိုးကို မဖတ်ဖူးသေးပါဘူး။ သူများအတွင်းရေးကို ပုတ်သင်ဥပေါ်အောင် ဖော်ထုတ်ရေးသားမှ လွတ်လပ်စွာ ရေးသားခွင့်လို့ ဆိုလိုတာလားလို့လည်း မကြာမကြာ တွေးမိပါတယ်။ ကျွန်တော်တို့တွေက ခေတ်ကြီးကို ပြင်ချင်ကြတာမဟုတ်လား၊ ကောင်းမွန်တဲ့၊ တရားမျှတတဲ့ ခေတ်တစ်ခုကို ဖန်တီးချင်ကြတာ မဟုတ်လား။ အခုဖြစ်နေတဲ့ တစ်ချို့သော ကိစ္စတွေက ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုဆန်ဆန်၊ လက်သီးပုန်းထိုးခြင်းဆန်ဆန်၊ ရန်တိုက်ပေးခြင်းဆန်ဆန်၊ အပုပ်ချခြင်းဆန်ဆန် ဖြစ်နေတယ်လို့ မြင်မိပါတယ်။ မီဒီယာတွေကို ဝေဖန်တာနဲ့ ပတ်သက်လို့လည်း ကျွန်တော့်ဆီကို အီးမေးလ်တွေနဲ့ ကောင်းချီးပေးကြသူတွေ၊ မေတ္တာပို့ကြသူတွေ ရှိပါတယ်။ ဟုတ်ကဲ့.... ကျွန်တော်စာတွေကို စွဲစွဲမြဲမြဲ ဖတ်ဖြစ်တဲ့ အချိန်ကတည်းကစပြီး ယနေ့အချိန်အထိ မပြောင်းမလဲဘဲ ရှိနေတဲ့ ခံယူချက်တစ်ခုကတော့ ဓားသွားထက် ကလောင်သွားထက်တယ် ဆိုတာပဲဖြစ်ပါတယ်။ နောင်လည်း ပြောင်းလဲသွားမှာ မဟုတ်ပါဘူး။ ဒါဆိုရင် ကျွန်တော်ကိုဉာဏ်ဟာ ဘယ်လိုလူလဲ၊ ဘယ်သူ့ဘက်ကလည်းဆိုတာ သိလောက်မယ် ထင်ပါရဲ့ဗျာ။

(၄)
ကျွန်တော်အင်မတန်မှ သဘောကျမိတဲ့ ကာတွန်းလေးပါ။ ဒီနေ့အထိလည်း ကျွန်တော်နားမလည်နိုင်သေးတဲ့ အချက်က လမ်းပြင်နေသည် ဆိုတဲ့ ဆိုင်းဘုတ်ထောင်ပြီး လမ်းပေါ်မှာ ကျောက်ခဲတွေဖြည့် ကတ္တရာလောင်းပြီး အခုထိ ဘာလို့ဖြစ်နေသလဲဆိုတာပါပဲ။ လွှတ်တော်မှတ်တမ်းမှာ ဖတ်ဖူးတာလေးတစ်ခုကို ပြန်သတိရမိပါတယ်။ နာမည်ကြီး လွှတ်တော်ကိုယ်စားလှယ် တစ်ဦးဖြစ်တဲ့ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၁၂)က ဦးလှဆွေက သူ့ဒေသမှာ လမ်းတွေမကောင်းလို့ ပြင်ပေးဖို့ပြောရင်းနဲ့ စိတ်အချဉ်ပေါက်ပြီး ပြောလိုက်တယ်နဲ့ တူပါတယ်။ အဲဒီမှတ်တမ်းကိုဖတ်ပြီး ကျွန်တော့်မှာ ရယ်လိုက်ရတာ အူတွေကို နာလို့ဆိုသလိုပါပဲ။ မျက်စေ့ထဲမှာလည်း ကွက်ကွက်ထင်ထင်ကြီး မြင်မိတာကိုး။ ဦးလှဆွေက လမ်းပြင်တယ်ဆိုတာကလည်း ဘုရားစူးလမ်းပြင်ကြတာပါ၊ ကျောက်ခဲလေး နည်းနည်းပါးပါးခင်း၊ အပေါ်ကနေ လမ်းကြိတ်စက်နဲ့ကြိတ်၊ ပြီးတော့ အပြေးအမြန်ဆုံးလူကို ကတ္တရာပုံးဆွဲပြီး ပြေးခိုင်းတာပါတဲ့။ ကဲ.... မျက်စေ့ထဲသာ မြင်ယောင်ကြည့်ပါတော့ဗျာ။ အခု ကျွန်တော့်ရုံးရှေ့မှာ လမ်းဖာနေကြတယ် (အဲ..ဆောရီးဗျာ၊ လမ်းပြင်နေကြတယ်)။ မေးကြည့်တော့ စည်ပင်က ၀န်ထမ်းတွေလည်း မဟုတ်ဘူး။ စပ်စုကြည့်တော့ ကန်ထရိုက်ပေးပြီး လုပ်ခိုင်းတာတဲ့။ ကျွန်တော်သဘောပေါက်သွားတယ်။ ဟိုးအပေါ်မှာ တင်ပြခဲ့တဲ့ ကာတွန်းနဲ့ ဆက်စပ်မိသွားပြီဗျ။ ဆက်တွေးကြည့်တယ်။ သေချာတာကတော့ စည်ပင်ကပြင်ရတာဆိုပါစို့၊ သေချာကတော့ စည်ပင်ဟာ ကန်ထရိုက်ကို လမ်းပြင်ဖို့အတွက် သူရထားတဲ့ ဘတ်ဂျက်အတိုင်း ပေးမှာမဟုတ်ဘူး ဆိုတာပါပဲ။ သဘောမတူသူတွေ ရှိရင်လည်း ခွင့်လွှတ်ဗျာ။ :P ဆိုလိုတာက ဒီလမ်းပြင်ဖို့ ဘတ်ဂျက်က သိန်းတစ်ရာရထားရင် သူက ကန်ထရိုက်ကို သိန်းတစ်ရာပေးပြီး ခိုင်းမှာမဟုတ်တာ သေချာတယ်။ အဲဒါကိုပြောတာ။ ကန်ထရိုက်ကလည်း သူယူထားတဲ့ တန်ဖိုးအတိုင်း အဲဒီလမ်းကို ခင်းမှာမဟုတ်တာ သေချာတယ်ဗျ။ ဆိုလိုတာက သိန်း ၈၀ နဲ့ယူပြီး ကန်ထရိုက်က လုပ်တယ်ဆိုရင် အဲဒီလမ်းကို သူက သိန်း ၆၀ ဖိုးလောက်ပဲ ခင်းနိုင်တယ်ဗျ။ ဒါမှ သူ့အတွက် ကျန်မှာကိုး။ သိန်း ၆၀ ဖိုးတော့ မကပါဘူးကွာလို့ ပြောသူတွေရှိရင်လည်း ကျွန်တော့်ကို ခွင့်လွှတ်ဗျာ။ ကဲ... အဲဒီလမ်းက ကောင်းနိုင်ပါဦးမလား စဉ်းစားကြည့်ကြပေါ့ဗျာ။ အဲဒီလိုသာဆိုရင် (ကာတွန်းကြောင့်ပြောတာနော်) ကျွန်တော်တို့မြန်မာပြည်မှာ ရှိသမျှလမ်းတွေဟာ ဖာလမ်းတွေချည်းပဲဗျ။ မင်းဘယ်လမ်းမှာ နေသလဲဆိုရင် ကျွန်တော်ကတော့ ဖာလမ်းမှာ နေတယ်ခင်ဗျလို့ ဖြေလိုက်မယ်လို့ စဉ်းစားမိတယ်။ ဒါပေမယ့် သေချာတွေးကြည့်တော့ သိပ်တော့မနိပ်လှပါဘူးဗျာ။ ခင်ဗျားတို့ရော ဘယ်လမ်းမှာနေသလဲဗျ။ အဟီး။ စိတ်မဆိုးပါနဲ့ဗျာ။

(၅)
ဘာပြောရမှန်းတောင် မသိတော့တဲ့ ကာတွန်းတစ်ကွက်ပါပဲ။ မပြုံးဘဲ ၀ါးလုံးကွဲရယ် ဆိုသလိုမျိုးတော့ ဖြစ်နေပြီထင်ပါရဲ့။ ဒီကာတွန်းကိုတော့ ကျွန်တော်ကိုဉာဏ် တကူးတကန့် ရှင်းပြဖို့ လိုမယ်မထင်ဘူးလို့ ဆိုချင်ပါရဲ့။ ခေတ်အခြေအနေအရ ဘယ်လိုတွေ ဖြစ်နေတယ်ဆိုတာ စာဖတ်သူတွေက ပိုသိပါတယ်။ အငြိမ့်ထဲက လူရွှင်တော်တွေ နောက်သလိုသာ နောက်လိုက်ချင်တော့တယ်။ အဲဒီကာတွန်းလည်း ဖတ်ပြီးရော ကျွန်တော်ကိုဉာဏ်က လူရွှင်တော်လေသံနဲ့ အူဝဲ... အူဝဲ.... အူဝဲ.... လို့ပဲ အော်လိုက်မိပါတယ်ဗျာ။ ပြုံးပျော်ရွှင်မြူးနိုင်ကြပါစေ။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၂ ခုနှစ်၊ သြဂုတ်လ ၂၆ ရက်၊ တနင်္ဂနွေနေ့။
ည ၈ နာရီ ၀၅ မိနစ်တွင်ပြီး၏။ 

Saturday, August 25, 2012

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ ဆုံးဖြတ်ချက်နှင့် ပတ်သက်၍ သဘောထားအမြင်များ



ဦးကျော်ဝင်း (မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ၊ စာရေးဆရာ)
ကျွန်တော် ဉာဏ်မီသလောက်ပြောရရင် အခုကိစ္စက နှစ်မျိုးဖြစ်နိုင်မယ် ထင်တယ်။ ပထမအချက်ကတော့ အခြေခံဥပဒေအပေါ် နားလည်ချက်။ ဒါကို ရိုးရိုးသားသား မတူကြတာလည်း ဖြစ်နိုင်ပါတယ်။ ဒုတိယအချက်ကတော့ ကျွန်တော်တို့ မသိနိုင်၊ သိခွင့်မရှိတဲ့ နောက်ကွယ်က အကြောင်းရင်းတစ်ချို့ ရှိကောင်းရှိနိုင်တယ်။ ပြောရရင် လွှတ်တော်နဲ့ အစိုးရအဖွဲ့ အားပြိုင်မှုမျိုးလားပေါ့။

ပထမအချက် ဖြစ်နိုင်ခြေက အခြေခံဥပဒေကို ရိုးရိုးသားသား နားလည်ချက် မတူတာဆိုရင် ညှိနှိုင်းလို့ရမယ် ထင်ပါတယ်။ အထူးသဖြင့် ၂၀၀၈ အခြေခံဥပဒေကို ရေးဆွဲခဲ့သူတွေကို သက်ရှိထင်ရှား ရှိနေတဲ့ ခုလိုချိန်မှာ မူလအဓိပ္ပာယ် ပြန်ဖော်ဖို့က သိပ်ခက်မယ် မထင်ဘူး။ မူလအဓိပ္ပာယ်ကိုက လက်တွေ့အလုပ်လုပ်ရာမှာ အခက်အခဲ ဖြစ်သလိုရှိနေရင် ပြင်သင့်ပြင်ရမှာပါ။

ဒုတိယဖြစ်နိုင်ခြေ အားပြိုင်မှုဆိုရင်တော့ ဖြေရှင်းရခက်လိမ့်မယ်။ အားပြိုင်မှု ဘရိတ်ပေါက်ပြီး ပဋိပက္ခအသွင် ရောက်သွားရင် နုနယ်တဲ့ ဒီမိုကရေစီအတွက် အန္တရာယ်ကြီးတယ်။ ဒါကို နှစ်ဖက်စလုံး ထိန်းမှဖြစ်မယ်၊ ထိန်းကြပါလို့လည်း နိုင်ငံသားတစ်ယောက်အနေနဲ့ မေတ္တာရပ်ခံချင်ပါတယ်။ အာဏာသုံးရင် တစ်နည်းပြောရရင် မဏ္ဍိုင်သုံးခုဟာ အပြန်အလှန် ထိန်းကျောင်းဖို့ လိုသလို ညီညွတ်ဖို့လည်း လိုမယ်ထင်တယ်။

ကမ္ဘာကရော မြန်မာကပါ အသိအမှတ်ပြု လက်ခံနေတဲ့ ကျွန်တော်တို့နိုင်ငံရဲ့ အပြောင်းအလဲမှာ ဦးသိန်းစိန်တို့၊ သူရဦးရွှေမန်းတို့ဆိုတာ ထင်ရှားတဲ့ ပြုပြင်ပြောင်းလဲရေး ခေါင်းဆောင်တွေပါ။ လူပုဂ္ဂိုလ်အရပြောရရင် သူတို့နှစ်ယောက် ညီညွတ်ရေး၊ အဖွဲ့အစည်းအရ ပြောရရင် အစိုးရနဲ့လွှတ်တော် ပူးပေါင်းဆောင်ရွက်မှုဟာ ဒီကနေ့ အပြောင်းအလဲရဲ့ သော့ချက်လို့ ထင်ပါတယ်။

သမ္မတ ဦးသိန်းစိန်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနဲ့ လူထုအများစု အသိအမှတ်ပြု လက်ခံထားတဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ညီညီညွတ်ညွတ် လက်တွဲဆောင်ရွက်သွားကြရင် အခက်အခဲအားလုံး ဖြတ်ကျော်ပြီး လိုရာခရီးကို အေးအေးညောင်းညောင်း ဆက်နိုင်မယ် ထင်တာပဲ။ အဲဒီတိုင်းပဲ ဖြစ်စေချင်ပါတယ်။


ဦးသိန်းညွန့် (ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)
ကျွန်တော်နားလည်တာက ပြည်ထောင်စုအဆင့်ဆိုတဲ့ ဝေါဟာရကို ဖွင့်ဆိုတဲ့နေရာမှာ အရေးကြီးဆုံးအချက်က ဖွဲ့စည်းပုံအခြေခံ ဥပဒေပိုင်းဆိုင်ရာ ပဋိပက္ခပေါ့။ လက်တွေ့ကျကျ စဉ်းစားတာက နိုင်ငံတော်သမ္မတ သ၀ဏ်လွှာ၊ လွှတ်တော်ဥက္ကဋ္ဌ သ၀ဏ်လွှာ ဒီနှစ်ခုကို နှိုင်းယှဉ်ကြည့်ရင် ကျွန်တော်တို့လွှတ်တော်က ယူထားတာက လွှတ်တော်လုပ်ငန်းတွေ လုပ်တဲ့အခါမှာ ထိထိရောက်ရောက် လုပ်နိုင်ဖို့အတွက် သက်ဆိုင်ရာဝန်ကြီးတွေ၊ ဒုတိယ၀န်ကြီးတွေကို ခေါ်ယူမေးမြန်း စုံစမ်းတဲ့အခါမှာ ပြည်ထောင်စုအဆင့်ဆိုတာ ရှိတယ်။ အဲဒီတော့ ကျွန်တော်ပြောချင်တာက ဒီဘက်က လိုချင်တာ လုပ်ပိုင်ခွင့်။ သမ္မတရဲ့ သ၀ဏ်လွှာကို ကြည့်လိုက်တဲ့အခါကျတော့ ခံစားခွင့်၊ ခံစားပိုင်ခွင့်တွေ ဖြစ်လာတဲ့အတွက် ဒီဟာတွေပေးရမှာကို သမ္မတဘက်ကလည်း တွက်ချက်ပြီးတော့ သူ့ရဲ့ စိုးရိမ်ပူပန်မှုကို ဖော်ပြတာ။

အဲဒီတော့ ကျွန်တော့်အမြင် ပြောရရင် ဒီနှစ်ခုကို ညှိလိုက်ဖို့ လိုတယ်။ လွှတ်တော်က လိုလားတဲ့ ပြည်ထောင်စုအဆင့်သည် လုပ်ပိုင်ခွင့်ပဲ ဖြစ်တယ်ဆိုတာကို တစ်နည်းနည်းနဲ့ ဘောင်ခတ်လိုက်ပေါ့။ အဲဒါဆို သမ္မတကြီးပြောချင်တဲ့ ခံစားပိုင်ခွင့် ဆိုတဲ့ဟာမျိုးလည်း မရှိတော့ဘူး၊ အလုပ်ဖြစ်သွားပြီ။ အခုလို ဒီမိုကရေစီ အသွင်ကူးပြောင်းတဲ့ အရှိန်မြင့်နေတဲ့ အချိန်မျိုးမှာ ဒီပြဿနာကြောင့် နှေးကွေးမှာ မလိုလားဘူး။

ဦးခင်မောင်ဆွေ (အမျိုးသားဒီမိုကရေစီအင်အားစုပါတီ NDF ဥက္ကဋ္ဌ)
ဒီပြဿနာက ဘယ်အရာကိုမှ ယတိပြတ် ပြောလို့မရဘူး။ အခြေခံဥပဒေမှာ ပါတာနဲ့ ပြည်ထောင်စုလွှတ်တော်မှာ ပြဋ္ဌာန်းထားတာတွေက ဘာကိုမှ ပြတ်ပြတ်သားသား ရှင်းရှင်းလင်းလင်း အဖြေပေးမထားဘူး။ အငြင်းပွားစရာ ဖြစ်နေတယ်။ မှီငြမ်းစရာ မရှိလို့ ၀ိဝါဒ ကွဲနေတာကိုး။ ဥပဒေပြုရေးအာဏာကတော့ အားလုံးလွှမ်းခြုံပြီး ရှင်းလင်းအောင် လုပ်လို့ရတာပေါ့။ အပြန်အလှန် ထိန်းကျောင်းဖေးမပြီး ညီညီညွတ်ညွတ်နဲ့သွားရင် ပိုအဆင်ပြေမယ်လို့ ထင်တယ်။

ကျွန်တော်တို့ ၁၀ ပါတီနဲ့ နိုင်ငံတော်သမ္မတကြီးနဲ့ တွေ့တုန်းကလည်း ပြောခဲ့ပါတယ်။ အုပ်ချုပ်ရေးအာဏာနဲ့ ဥပဒေပြုရေးအာဏာ ညီညီညွတ်ညွတ်သွားရင် နိုင်ငံအတွက် ပိုကောင်းမယ်ဆိုတာ ကျွန်တော်တို့ ပြောခဲ့တယ်။ အဲဒီလို ညီညွတ်နေမှ ၂၀၁၀ ရွေးကောက်ပွဲနဲ့အတူ ပေါ်လာတဲ့ မြန်မာ့နိုင်ငံရေး အပြောင်းအလဲက ပိုသိမ်မွေ့ပြီး ပြေလည်နိုင်မယ်ထင်တယ်လို့ ပြောခဲ့တယ်။

ဒီကိစ္စက သမ္မတကြီးကနေ ရှေ့နေချုပ်ကတစ်ဆင့် တင်တဲ့ကိစ္စကို ပြန်ရုပ်ရင် အနည်းငယ် ပြေလည်လောက်တယ်။ အဲဒါမှ ခက်ခဲနေတယ်ဆိုရင် ခံစားချက်တွေ ပုဂ္ဂိုလ်ရေးဖယ်ရှားပြီး ဒီမိုကရေစီကျင့်စဉ်အရ ထိန်းကျောင်းဖေးမပြီး ညီညီညွတ်ညွတ်နဲ့ သွားသင့်တယ်။

မနေ့ကလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတနဲ့ တွေ့တယ်လို့ ကြားပါတယ်။ ဒီပြဿနာကို ဒေါ်အောင်ဆန်းစုကြည် တတ်နိုင်သလောက် ၀င်ရောက်ညှိနှိုင်းပေးနိုင်ရင် အကောင်းဆုံး ဖြစ်လာမယ် ထင်တယ်။ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌရယ်၊ သမ္မတရယ်၊ ဒေါ်အောင်ဆန်းစုကြည်ရယ် ၀ိုင်းဝန်းဖြေရှင်းလိုက်ရင် ပြေလည်သွားလိမ့်မယ်လို့ ထင်တယ်။

ဒေါက်တာ အေးမောင် (အမျိုးသားလွှတ်တော်ကိုယ်စားလှယ်)
ခုံရုံးရဲ့ သုံးသပ်ချက်ကို ခုံရုံးကပဲ ဆုံးဖြတ်ရလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ ခုံရုံးကို ဖွဲ့စည်းတာလည်း ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်းတာ။ ခုံရုံးမှာ ပါသင့်ပါအပ်တဲ့ ခုံရုံးအဖွဲ့ဝင်တွေရဲ့ အရည်အချင်းကိုလည်း သတ်မှတ်ထားတာ ရှိတယ်။ ခုံရုံးကို ဘာကြောင့် ဖွဲ့စည်းသလဲဆိုတော့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက် ထိန်းသိမ်းဖို့ အဓိပ္ပာယ်ဖွင့်ဆိုတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ ပုဒ်မ တစ်ခုချင်းကို အကျွမ်းဝင်ကြတဲ့ ပုဂ္ဂိုလ်တွေက အင်မတန် နည်းတယ်ဗျ။ ခုံရုံးမှာပါတဲ့ ပုဂ္ဂိုလ်တွေက (မနှိုင်းကောင်းပါဘူး) တိပိဋက အာဂုံဆောင်နိုင်တဲ့ ပုဂ္ဂိုလ်တွေလို ဆိုရင်တော့ မေးနိုင်ထောက်နိုင်တာပေါ့။ ဒီပုဂ္ဂိုလ်တွေကိုက ဒီဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ တစ်ခုချင်းပေါ်မှာ ကျွမ်းကျွမ်းကျင်ကျင် အဓိပ္ပာယ်ဖွင့်နိုင်တဲ့ အရည်အချင်း ပြည့်ပြီလား၊ သူတို့ကိုယ်သူတို့ သုံးသပ်ရလိမ့်မယ်။ ၂၀၀၈ ဖွဲ့စည်းပုံက တကယ်တမ်း သူတို့ရေးခဲ့တဲ့ ဖွဲ့စည်းပုံ မဟုတ်ဘူး။

ဦးအောင်တိုးဆိုရင် ကျွန်တော်မပြောဘူး။ အဲဒါကြောင့် သူတို့သည် အဓိပ္ပာယ် ဖွင့်ဆိုတဲ့အခါမှာ မမှားပါဘူးလို့ ပြောလို့မရဘူး။ ဒီဖွဲ့စည်းပုံအခြေခံဥပဒေက ဘာကို ရည်ရွယ်သလဲ။ ဒေါက်တိုင်ကြီး သုံးခု၊ မဏ္ဍိုင်ကြီး သုံးခု Check and Balance ပုံသဏ္ဌာန်ကို သွားချင်တာ။ ဒါမျိုးဖြစ်ဖို့ ဖန်တီးထားတဲ့ ပုဒ်မတွေ အများကြီးရှိတယ်။ ဥပမာ-ပုဒ် ၂၁၇၊ သူ့ရဲ့အတိုင်းအတာ၊ အာဏာစက်တွေ ရှိတယ်။ အုပ်ချုပ်ရေးလမ်းကြောင်းကတော့ ဟိုတုန်းကသွားသလို သွားချင်တာပဲ။ ဒါလည်း ဓမ္မတာ သဘာဝကျတာပဲ။ သူတို့က မပြောင်းလဲလိုဘူးလေ။ ခုပြောင်းလဲလိုတဲ့ စနစ်ကို တီထွင်တာမို့လို့ ဒီဖွဲ့စည်းပုံအခြေခံဥပဒေ ဖြစ်လာတာ။ ဖွဲ့စည်းပုံအခြေခံဥပဒေက ပုဒ်မတစ်ခုချင်းမှာ သီးသန့်စီ ပေးထားတာ ရှိတယ်။ အဲဒီတော့ တကယ်တမ်း အဓိပ္ပာယ် ကျွမ်းကျွမ်းကျင်ကျင် ဖွင့်နိုင်တဲ့ ပုဂ္ဂိုလ်တွေရှိဖို့ အခြေခံဥပဒေဆိုင်ရာ ခုံရုံးမှာ လိုအပ်တယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ တစ်ခုချင်းစီရဲ့အဓိပ္ပာယ်ကြွယ်ဝမှုကို ဖွင့်ဆိုနိုင်မှ ပြည်သူရော၊ အစိုးရရော၊ လွှတ်တော်တို့ရော မျှဝေခံစားနိုင်မှာ ဖြစ်တယ်။ ဒါကြောင့် အရည်အချင်း ပြည့်ဝတဲ့ ပုဂ္ဂိုလ်တွေ လိုတယ်။ ဒေါသ၊ ဆန္ဒစွဲ မပါရဘူး။

စွပ်စွဲပြစ်တင်မှု လုပ်ရမှာပေါ့။ လုပ်ရမယ့်တာဝန်က ပြည်သူတွေက ပေးထားတာ။ လွှတ်တော်ကိုရောက်တဲ့ ပုဂ္ဂိုလ်တိုင်းက တည့်မတ်ပေးရမယ်။ ဒါပေမယ့် လုပ်ချင်မှလည်း လုပ်ဖြစ်မယ်။ တာဝန်သိသိနဲ့ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေက ညှိနှိုင်းနိုင်မယ်ဆိုရင် ခုံရုံးက သူ့ဟာသူ နုတ်ထွက်သွားမှာ။ အဲဒါ အကောင်းဆုံးပဲ။

ဒေါ်ခင်ဝိုင်းကြည် (အမျိုးသားလွှတ်တော်ကိုယ်စားလှယ်)
တင်မယ်လို့ ကြားပေမယ့် တကယ်တမ်း ညှိလိုက်တဲ့အခါ တစ်မျိုးဖြစ်ချင် ဖြစ်သွားနိုင်တယ်လေ။ အခုအချိန်ထိတော့ Confirm (အတည်) မဖြစ်သေးဘူး။ အန်တီ့သဘောထားက အန်တီတို့နိုင်ငံမှာ တစ်ယောက်နဲ့တစ်ယောက် Trust (ယုံကြည်မှု) လိုတယ်။ Unity လိုတယ်။ နောက် Negotiation (ညှိနှိုင်းစေ့စပ်မှု) လိုတယ်။ နောက်ကျတော့မှ Peace တို့၊ Development တို့က လာမှာ။ Procedure (အဆင့်)တွေက အဲလိုရှိတယ်ဆိုတော့ အန်တီက စိတ်ရင်းအတိုင်း အကုန်လုံး Negatiate လုပ်တယ်။ ဆွေးနွေးတယ်။ ညှိနှိုင်းတယ်။ အဆင်ပြေတယ်။ အမြဲတမ်း အဲဒါမျိုးကိုပဲ လိုချင်တယ်။ လိုချင်တာဆိုတော့ တကယ်လို့သာ တစ်ဖက်နဲ့တစ်ဖက် ညှိနှိုင်းတိုင်ပင်လို့ အဆင်ပြေသွားတယ်ဆိုရင် အန်တီတို့က အရမ်းဝမ်းသာတယ်ပေါ့။ ပေါင်းလုပ်ကြရမယ့် သူတွေပဲလေ။ ဒါပေမဲ့ တစ်ခုရှိတာက ဥပဒေရဲ့အထက်မှာ ဘယ်သူမှ မရှိရဘူးလေ။ အဲဒီကျတော့ ဥပဒေပြုနေတဲ့သူတွေရဲ့ Role နဲ့ အဆင့်ကတော့ တစ်စုံတစ်ရာ အတိုင်းအတာ တစ်ခုအထိ Responsible (တာဝန်)ကျတဲ့ အဆင့်တစ်ခု ရှိရမယ်။ အဲဒီတော့ အန်တီပြောတဲ့ စကားလုံးတွေက ဘယ်ကို ဦးတည်နေသလဲ။ ဘယ်လို အဓိပ္ပာယ်ရှိတယ်ဆိုတာ သိမှာပဲ။

ဦးရဲထွန်း (ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)
အကောင်းဆုံး ဖြစ်တာကတော့ နိုင်ငံတော်သမ္မတက နိုင်ငံတော်အဆင့် အဖွဲ့အစည်းဆိုတာနဲ့ ပတ်သက်ပြီးတော့ ဒီခုံရုံးကို ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ဘယ်လိုဆိုထားသလဲ ဆိုပြီးတော့ အဓိပ္ပာယ်ဖွင့်ခိုင်းတာ။ အဲဒီတော့ ဖွဲ့စည်းပုံအခြေခံ ဥပဒေခုံရုံးကလည်း ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဆိုသည်မှာ ဆိုပြီးတော့ အဓိပ္ပာယ်ဖွင့်ရုံပဲ သူ့မှာ တာဝန်ရှိတယ်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေခုံရုံးက ဒီဟာတွေ ညီမညီဆိုတာ ဘယ်ဟာတွေပဲ လုပ်ခွင့်ရှိသလဲဆိုတော့ ကျွန်တော်တို့ နောက်လွှတ်တော်မှာပြုမယ့် ဥပဒေတွေကျတော့မှသာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ညီမညီ ဆိုတာကို လုပ်ရမယ့် တာဝန်ရှိတာ။ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ လက်ထက်က ပြုခဲ့တဲ့ ဥပဒေတွေရော အင်္ဂလိပ်လက်ထက်က ပြုခဲ့တဲ့ ဥပဒေတွေရော ညီမညီဆိုတာ သုံးသပ်ဖို့ သူ့ထဲမှာ မဖော်ပြထားဘူး။ အဲဒါက ဖွဲ့စည်းပုံ အခြေခံဥပဒေထဲမှာလည်း မပါဘူး။ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံး ဥပဒေထဲမှာလည်း မပါဘူး။

အဲဒီတော့ နိုင်ငံတော်သမ္မတက ပေးလိုက်တဲ့ တာဝန်ကတော့ ဥပဒေနဲ့ညီတယ်။ ဘယ်လိုပဲ ပြန်ပြီး ဖြေသင့်တာလဲဆိုရင် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဆိုသည်မှာ ပြည်ထောင်စု အစိုးရအဖွဲ့၊ ရွေးကောက်ပွဲကော်မရှင်၊ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံး စသဖြင့်ပေါ့လေ အတိအကျ ဖော်ပြပြီးတော့ ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်တို့က ဖွဲ့စည်းတဲ့ ကော်မတီ၊ ကော်မရှင်နဲ့ အဖွဲ့များဟာ ပြည်ထောင်စုအဆင့် ဥပဒေပြု အဖွဲ့အစည်းများ ဖြစ်တယ်လို့ အဓိပ္ပာယ် ကောက်ယူနိုင်ပါတယ်လို့ပြောရင် အဲဒါ နှစ်ဖက်စလုံးအတွက် ကောင်းတယ်။ အဲဒါက နိုင်ငံတော်သမ္မတကြီး လိုချင်တဲ့ အဖြေလည်း ရသွားတယ်။ ကျွန်တော်တို့ကိုလည်း ဒီအဆင့် အမှန်အတိုင်းပဲ။ ကျွန်တော်တို့က လိုချင်လို့ ပြဋ္ဌာန်းတဲ့ဟာ မဟုတ်ဘူး။ ဒါပေမဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပါတာတော့ မဟုတ်ဘူး။ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီရဲ့ ဥပဒေတွေထဲမှာ အတိအကျ ပါပြီးသား။

သူတို့က အဲဒီဥပဒေတွေကို လေ့လာသုံးသပ်ခွင့် မရှိတဲ့အတွက်ကြောင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေထဲမှာပါတဲ့ စာသားကိုပဲ လုပ်ရင် လုံလောက်ပြီ။ ထပ်မကွန့်နဲ့။ ထပ်ကွန့်ရင် သူ့ကို ပေးအပ်မထားတဲ့ တာဝန်ကို ထမ်းဆောင်လိုက်တာ ဖြစ်တဲ့အတွက် သူ့ရဲ့ ဆုံးဖြတ်ချက်ဟာလည်း ဥပဒေနဲ့ မညီတော့ဘူး၊ အာဏာမသက်ရောက်တဲ့ အတွက်ကြောင့် ကျွန်တော်တို့ ပြည်သူ့လွှတ်တော်က ခုံရုံးရဲ့ ဆုံးဖြတ်ချက်နောက်ပိုင်းမှ ဖွဲ့စည်းတဲ့ ဒေါ်အောင်ဆန်းစုကြည် ပါဝင်တဲ့ တရားစီရင်ရေးနဲ့ ဥပဒေစိုးမိုးရေး ကော်မတီကို ပြည်ထောင်စု အဖွဲ့အစည်း ဖြစ်သည်လို့ ရေးထည့်ပေးတာလည်း မမှားဘူး။ မှန်တယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ရဲ့ဆုံးဖြတ်ချက်က အာဏာ မသက်ရောက်လို့။

အဲဒီရဲ့ Concept ပေါ့။ အဲဒါကို ယူပြီးတော့ နိုင်ငံတော်သမ္မတ၊ လွှတ်တော်ဥက္ကဋ္ဌများ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ခုံရုံးဥက္ကဋ္ဌနဲ့ အဖွဲ့ရယ် ဒါကို ဆွေးနွေးတိုင်ပင်လိုက်ရင် ဘာမှ လုပ်စရာ မလိုဘဲနဲ့ ကျွန်တော်တို့လည်း သူတို့ကို ဖြုတ်စရာမလို၊ သူတို့လည်း နုတ်ထွက်စရာ မလို၊ ဆုံးဖြတ်ချက်က အလိုအလျောက် ပြယ်သွားပြီ ဆိုပြီးတော့ လုပ်လို့ရတယ်။

(The VOICE Weekly ဂျာနယ်၊ အတွဲ ၈၊ အမှတ် ၃၄၊ စာမျက်နှာ ၂၂၊ ၂၃ မှ ပြန်လည်ကူးယူဖော်ပြပါသည်။) 

Friday, August 24, 2012

အမေရိကန်တရားရုံးချုပ်အကြောင်း တစ်စေ့တစ်စောင်း


အမေရိကန်နိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေကို စက်တင်ဘာ ၁၇ ရက်နေ့ ၁၇၈၇ ခုနှစ်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရေးညီလာခံက မူကြမ်း ရေးဆွဲခဲ့ပါတယ်။ မတ်လ ၁၄ ရက်နေ့ ၁၇၈၉ ခုနှစ်မှာ စတင်အသက်ဝင်ပါတယ်။ အခြေခံဥပဒေ အခန်း ၃ ပါ ပြဋ္ဌာန်းချက်အရ တရားရုံးချုပ်ကို ဖေဖော်ဝါရီလ ၂ ရက်နေ့ ၁၇၉၀ ခုနှစ်မှ စတင် တည်ထောင်ခဲ့ပါတယ်။ အမေရိကန်အခြေခံဥပဒေအရ တရားရုံးချုပ်ဟာ အမြင့်ဆုံး တရားရေးအဖွဲ့အစည်းဖြစ်ပြီး အခြေခံဥပဒေကို အဓိပ္ပါယ်ဖွင့်ဆို ဆုံးဖြတ်ဖို့အတွက်လည်း တာဝန်ရှိပါတယ်။ တရားရုံးချုပ် တရားသူကြီးများကို သမ္မတက အမည်စာရင်း တင်သွင်းပြီး အထက်လွှတ်တော်က အတည်ပြု ခန့်အပ်ပါတယ်။ သက်တမ်းအကန့်အသတ် မရှိပါဘူး။ အရည်အချင်း ပျက်ယွင်းကြောင်း ပြစ်တင်စွပ်စွဲ ဖယ်ရှားမခံရဘူးဆိုရင် ဆန္ဒရှိသရွေ့ တာဝန်ထမ်းဆောင်လို့ ရပါတယ်။

၁၈၀၃ ခုနှစ်မှာ တရားသူကြီးချုပ် ဂျွန်မာရှယ် ခေါင်းဆောင်တဲ့ တရားရုံးချုပ်က Marbury v. Madison အမှုနဲ့ ပတ်သက်ပြီး ကွန်ဂရက်လွှတ်တော်က ပြဋ္ဌာန်းခဲ့တဲ့ တရားစီရင်ရေးဆိုင်ရာဥပဒေ(၁၇၈၉) ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မကိုက်ညီဘူးလို့ ဆုံးဖြတ်ခဲ့ပါတယ်။

ဒီအမှုဟာ အမေရိကန်အခြေခံဥပဒေ အသက်ဝင်လာပြီးနောက် ပထမဆုံးအဖြစ် တရားစီရင်ရေး၊ ဥပဒေပြုရေးနဲ့ အုပ်ချုပ်ရေးမဏ္ဍိုင်သုံးခုရဲ့ အခန်းကဏ္ဍကို တိတိကျကျ ခွဲခြားသတ်မှတ်ခဲ့တဲ့ စီရင်ချက် ဖြစ်တဲ့အတွက် သမိုင်းဝင်စီရင်ထုံး Landmark Case အဖြစ် မှတ်တမ်းတင်ခဲ့ပါတယ်။ ဒီဆုံးဖြတ်ချက်မှာ တရားသူကြီးချုပ် ဂျွန်မာရှယ်က အခြေခံဥပဒေကို အဓိပ္ပါယ်ဖွင့်ဆိုခြင်းနဲ့ ပတ်သက်ပြီး တရားရုံးချုပ်ရဲ့ ဆုံးဖြတ်ချက်ကို အခုလိုရေးသားခဲ့ပါတယ် -
Congress cannot pass laws that are contrary to the Constitution, and it is the role of the Judicial system to interpret what the Constitution permits.

တရားသူကြီးချုပ် ဂျွန်မာရှယ်ဟာ ၁၈၀၁ ခုနှစ်ကနေ ၁၈၃၅ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့ပြီး အမေရိကန် သမိုင်းမှာ တရားရေးမဏ္ဍိုင်ရဲ့ အခန်းကဏ္ဍကို တိတိကျကျ ပိုင်းခြားသတ်မှတ်ပေးခဲ့သူအဖြစ် ထင်ရှားခဲ့ပါတယ်။ သူ့ကို ရွေးချယ်တာဝန်ပေးခဲ့တဲ့ သမ္မတဂျွန်အဒမ်ကတော့ တရားသူကြီးဂျွန်မာရှယ်ဟာ အမေရိကန်ပြည်သူတွေအတွက် သူပေးခဲ့တဲ့ အကောင်းဆုံး လက်ဆောင်ပါပဲလို့ ပြောခဲ့ပါတယ်။

၁၈၀၃ ခုနှစ် Marbury v. Madison အမှုကနေစပြီး ၂၀၁၀ ပြည့်နှစ်အထိ တရားရုံးချုပ်ဟာ ကွန်ဂရက်လွှတ်တော်က ပြဋ္ဌာန်းတဲ့ ဥပဒေ သို့မဟုတ် ဥပဒေပါ ပြဋ္ဌာန်းချက်အချို့ဟာ အခြေခံဥပဒေနဲ့ မကိုက်ညီဘူးလို့ ဆုံးဖြတ်ခဲ့တာ ၁၆၃ ကြိမ် ရှိပါတယ်။

တရားရုံးချုပ် သမိုင်းတစ်လျှောက်မှာ တရားရုံးချုပ်တစ်ခုလုံးကို ပြစ်တင်စွပ်စွဲပြီး ဖယ်ရှားဖို့ကြိုစားတာ တစ်ကြိမ်မှ မကြုံခဲ့ရပါဘူး။ ၁၈၀၅ တရားရုံးချုပ်တရားသူကြီး Samuel Chase ကိုပဲ တရားစီရင်တဲ့နေရာမှာ ပါတီစွဲနဲ့ လုပ်တယ်ဆိုပြီး ပြစ်တင်စွပ်စွဲဖို့ ဆောင်ရွက်ခဲ့ဖူးပါတယ်။ ဒီစွပ်စွဲချက်ဟာလည်း စစ်ဆေးကြားနာတဲ့ အထက်လွှတ်တော်ရဲ့ ပယ်ချခြင်း ခံခဲ့ရပါတယ်။ အမေရိကန်တရားရုံးချုပ်သမိုင်းမှာ သူဟာ တစ်ဦးတည်းသော ပြစ်တင်စွပ်စွဲပြီး ရာထူးက ဖယ်ရှားဖို့ ကြိုးစားခံရသော တရားရုံးချုပ် တရားသူကြီးလည်း ဖြစ်ပါတယ်။
 
(ဦးရဲထွဋ်ရဲ့ Facebook စာမျက်နှာက ပြန်လည်ကူးယူဖော်ပြပါတယ်။ မနေ့က တင်ပေးခဲ့တဲ့ ဆရာမောင်ဝံသရဲ့ စွပ်စွဲပြစ်တင်မယ်ဆိုတဲ့ကိစ္စ ပြန်စဉ်းစားကြပါဦးနဲ့ ဆက်စပ်ပြီး ဖတ်သင့်တယ်ထင်လို့ ပြန်လည်ဝေမျှလိုက်တာပါ။)

ပညာဟူသည် မြတ်ရွှေအိုး - ဒေါက်တာ မြင့်မြင့်ခင်


- - - - - - - 
အဲဒီလို ကံကြမ္မာဆိုးကြီးကို ကြုံလိုက်ရလို့ နစ်နာမှုတွေ နာကြည်းရမှုတွေ မပြောချင်လောက်အောင် များခဲ့ပေမယ့် အဆိုးဝါးဆုံး တစ်ခုကတော့ ပညာရေးစနစ်ကို အဖတ်ဆယ်မရလောက်အောင် ဖျက်ဆီးပစ်ခဲ့ခြင်းပဲ ဖြစ်တယ်။ ဒါကတော့ "အမှောင်ခေတ်" လူတွေအတွက်မကဘဲ နောင်လာနောက်သား လူငယ်တွေရဲ့ အနာဂတ်၊ တိုင်းပြည်ရဲ့ အနာဂတ်ကိုပါ အကြီးအကျယ် ထိခိုက်စေတဲ့ ရာဇ၀တ်မှုကို ကျူးလွန်လိုက်တာလို့ ခေါ်နိုင်ပါတယ်။

- - - - - 
ဒါပေမယ့် ကျွန်မအမြင်မှာတော့ ပညာဆိုတာ ကျောင်းပြီးသူတစ်ယောက်ဟာ ကျောင်းပြီးပြီးချင်း တကယ့်ဘ၀ လက်တွေ့ဘ၀ကို တန်းဝင်သွားနိုင်ပြီး အဲဒီမှာ ကြုံဆုံရမယ့် ပြဿနာပေါင်းကို ကောင်းကောင်း ရင်ဆိုင်နိုင်ပြီး ချောချောမွေ့မွေ့ လုပ်တတ်ကိုင်တတ် ရှိရမယ်။ ဒီအခြေအနေမျိုးရောက်အောင် တိုင်းပြည်ရဲ့ ပညာရေးစနစ်က တာဝန်ယူရမယ်။ အခု ပညာရေးစနစ်က ဒီလိုအခြေမျိုးကို လုံးဝ လုံးဝ မပေးနိုင်ပါဘူး။ ဒါကို ကျောင်းထွက်ပြီးပြီးချင်း လူတွေကို အသုံးပြုရသူတွေ အသိဆုံးပါ။ အလုပ်လာလျှောက်လို့ လူရွေးပွဲကို (အင်တာဗျူး) တစ်ခါလောက် ၀င်မေးကြည့်စမ်းပါ။ ဘာကိုဆိုတာလဲဆိုတာ သိလာပါလိမ့်မယ်။ အားလုံးကို ကျောင်းက ထုလုပ်ပေးထားတဲ့ ပုံစံကတော့ အဖြည့်ခံတွေချည်း ဖြစ်နေပါတယ်။ အလွတ် ကျက်ထားတာ (အင်တာဗျူးအတွက် အလွတ်ကျက်စရာလည်း ရှိသတဲ့) မပါလျှင်တော့ ကြောင်တောင်တောင် ကြည့်နေတော့မှာပဲ။ ကမ္ဘာ့ရေးရာ စတဲ့ ဗဟုသုတမျိုးကို မေးမယ် မကြံနဲ့။ မေးသူရော ဖြေရမယ့်သူရော အလွန် စိတ်ဓာတ်ကျသွားပါလိမ့်မယ်။ လက်ရှိ ပညာရေးစနစ်က ၂ နဲ့ ၂ ပေါင်းလို့ ၄ မဖြစ်တဲ့ လူတွေကို မွေးထုတ်ပေးနေတာပါ။

- - - - -
ကျွန်မကို တစ်နေ့က နိုင်ငံခြားရေဒီယို အဖွဲ့တစ်ဖွဲ့က အင်တာဗျူးလုပ်တယ်။ "ဆရာမကြီးက ပညာရေးစနစ်မျိုးစုံကို တွေ့ခဲ့သူဆိုတော့ ဘယ်စနစ်ကို အကြိုက်ဆုံးလဲ" တဲ့၊ ကျွန်မက "ကိုလိုနီပညာရေးစနစ်ကို အကြိုက်ဆုံး" လို့ ဖြေလိုက်တယ်။ "ဘာကြောင့်လဲ" လို့ ဆက်မေးတယ်။ "အဲဒီစနစ်က ကျွန်မဦးနှောက်ကို သုံးခွင့်ပြုလို့" လို့ ပြန်ဖြေလိုက်ပါတယ်။ ကိုလိုနီစနစ်က ကျွန်မ သင်ခဲ့ရတဲ့ စနစ်ပါ။ အကြိုက်ဆုံးလို့ ပြောတာပါ။ အကောင်းဆုံးလို့ မဆိုလိုပါဘူး။ အခုခေတ် မဆလခေတ်မှာ အစပြုတဲ့ ပညာရေးစနစ်ကိုတော့ ကျွန်မက အတိုကောက် "ဒီလို ပညာရေး" လို့ အမည် မှည့်ပေးလိုက်ပါတယ်။ "ဒီလို သင်မယ် ဒီလိုကျက်၊ ဒီလို မေးမယ် ဒီလိုဖြေ၊ ဒီလိုအောင်"။

- - - - - - -
မြန်မာ့ပညာရေးဟာ ဘာကြောင့် ဒီလောက် နုံချာနေတဲ့ အကြောင်းကို ဆန်းစစ်မယ်ဆိုလျှင် တွေ့ရတာက စာသင်ရာမှာ နှုတ်တိုက် အာဂုံဆောင်ခြင်းကို တရားလွန် အားပေးနေတာက ပညာရေးစနစ်ရဲ့ အဆိုးဝါးဆုံးသော အမည်းမှတ်ကြီး ဖြစ်တယ်။ ဒီအာဂုံဆောင်ခြင်း ဆိုတာက ဟိုရှေးပဝေသဏီကတည်းက တရုတ်ပြည်က မင်းဆက်တွေက ပြုလုပ်ခဲ့တဲ့ အရာရှိစာမေးပွဲက စခဲ့တာပါ။ အာရှတစ်ခွင် ပျံ့နှံ့သွားခဲ့လို့ အခုတိုင် ကျင့်သုံးနေတဲ့ အကျင့်ဆိုးတစ်မျိုး ဖြစ်တယ်။ ဒီစနစ်ကို တိုးတက်တဲ့ အိမ်နီးနားချင်း အာရှတိုင်းပြည်တွေက စွန့်ပစ်ခဲ့ပြီး ခေတ်မီ သင်ကြားရေးစနစ်နဲ့ အစားထိုးခဲ့ပေမယ့် မြန်မာမှာတော့ ရှိနေသေးရုံမကသေးဘူး ပိုပြီး ပြင်းပြင်းထန်ထန် တရားလွန် တရားမဲ့ ကျင့်သုံးနေကြတာ။ အချိန်အားဖြင့်ကတော့ မဆလခေတ်က စတယ်လို့ ပြောနိုင်မယ် ထင်ပါတယ်။ တဖြည်းဖြည်း ဆိုးသထက် ဆိုးလာလိုက်တာ အခုလို အထက်က ပုံစံလို ယုံကြည်နိုင်ဖွယ်ရာ အရုပ်ဆိုးလွန်းလှတဲ့ ပုံပျက်ကြီး ဖြစ်လာရတာ။

ပညာရေးစနစ်ဖြစ်စေ သင်တန်းတစ်ခုဖြစ်စေ သူ့ရဲ့ သင်ရိုးညွှန်းတမ်းနဲ့ သင်ရိုးမာတိကာကို လေ့လာလျှင် ဘယ်လိုရည်မှန်းချက်ကို ဦးတည်နေတယ်ဆိုတာ ခန့်မှန်းလို့ ရနိုင်ပါတယ်။ စင်စစ်မှာတော့ သင်ကြားရမယ့် အဓိကကဏ္ဍတွေက အသိပညာ (knowledge) အတတ် (skill) နဲ့ သဘောထားခံယူချက် (attitude) တို့ ဖြစ်ပါတယ်။ ဒီအပိုင်း သုံးပိုင်းဟာ မျှတမှု ရှိရပါမယ်။ မြန်မာ့ပညာရေးစနစ်ကတော့ ပထမပိုင်းကိုသာ တာစူပြီး အဓိပ္ပါယ်မရှိစွာ ဖိလုပ်နေပြီး အခြားကဏ္ဍနှစ်ခုကိုတော့ လုံးဝ ပစ်ပယ်ထားတာ။ အသိပညာ (knowledge) ဆိုတာမှာလည်း မြန်မာကျောင်းတွေက သင်ပေးတဲ့ အသိပညာက အောက်ဆုံးအဆင့်ပါ။ အလွတ်ကျက်ထားတာကို ပြန်အံထုတ်တာ (factual recall)။ ဒါထက် အဆင့်မြင့်တဲ့ ရရှိထားတဲ့ အချက်တွေကိုပဲ အခြား အသိတွေနဲ့ ပေါင်းစပ်ပြီး ဆင်ခြင်မှုဆိုတဲ့ အပိုင်းမျိုး မပါပါဘူး။ (factual recall) ကတော့ အနှစ်သာရ မပါတဲ့ အသိမျိုးပါ။

ဒါ့ပြင် ကျက်မှတ်သူ ကျောင်းသားတွေကလည်း ဒါတွေကို ဦးနှောက်ထဲ ကြာကြာ မထားပါဘူး။ မေ့သွားတာပါပဲ။ နောက်ဆုံးတော့ ဘာမှ မကျန်တော့ပါဘူး။ ဒီလို ဗလာ ပညာရေးပါ။ အတန်းတင် စာစစ် စာမေးပွဲကြီးတို့မှာလည်း အထက်က ပြောခဲ့တဲ့ "ဒီလိုမေးမယ် ဒီလိုဖြေ" ဆိုတော့ ကျက်အားကောင်းဖို့ပဲ လိုတာ။

- - - - - -
ဒီလောက် ဆိုးလွန်းလှတဲ့ အခြေအနေကိုရောက်အောင် ပို့ပေးလိုက်တဲ့ အကြောင်းတွေ၊ လူတွေ၊ တရားခံတွေက ဘာတွေလဲ၊ ဘယ်သူတွေလဲ။

၁။ ပထမတရားခံကတော့ စနစ်နဲ့ ဒီစနစ်ရဲ့ ဖန်တီးရှင် အစိုးရ။
အရေးပါပုံမှာ တစ်ဆင့်နိမ့်ပေမယ့် နောက် ထည့်သွင်း စဉ်းစားရမှာတွေကတော့ -
၂။ စနစ်အတွင်းက လူတွေဖြစ်မယ်၊ ဆရာ၊ ကျောင်းသားနဲ့ အခြား အာဏာရှိ ပုဂ္ဂိုလ်များ။ နောက်ဆုံးကတော့ အလွန်အရေးကြီးပြီး အခုခေတ် မြန်မာမှာ ရစရာ မရှိအောင် ပျက်စီးယိုယွင်းသွားပြီဖြစ်တဲ့
၃။ ကောင်းသော စာသင်ဝန်းကျင် (learning environment) ဖြစ်တယ်။

၁။ အချိန်အားဖြင့် ပြောရလျှင်တော့ စနစ်ပျက်စီးတာက စစ်အစိုးရက စတာပဲ၊ အထူးသဖြင့် မဆလခေတ်ပေါ့။ ဆိုရှယ်လစ် ပညာရေးဆိုတာက ခေတ်နောက်ကျတဲ့ ပညာရေးဆိုတာ အခုတော့ အထူးပြောနေစရာ မလိုတဲ့ အဖြစ်ပါ။ ကမ္ဘာသိ လူတိုင်း အသိပါ။ ဒီထဲ တိုင်းပြည်ကို ဘယ်သူမှ ပြင်ပကို မထွက်နိုင်အောင် ပိတ်ထားလိုက်တော့ ဘယ်လိုမှ တိုးတက်ရာ တိုးတက်ကြောင်းက မရှိတော့ဘူး။ ဆရာတွေလည်း ပြင်ပမှာ ဘာဖြစ်နေတယ်ဆိုတာ မသိရဘူး။ ကြာတော့ အကုန်လုံး ပုံတုံးပုံအတွေ ဖြစ်ကုန်ကြတာ။ ခေတ်အလိုက် ပြုပြင်စရာတွေ အသစ်ဖန်တီးစရာတွေ မလုပ်နိုင်ခဲ့ဘူး။ စိတ်ပျက်လက်ပျက်ဖြစ်ပြီး စိတ်ဓာတ် (morale) ကျတာမို့ လက်လျှော့လိုက်ကြတယ်။ ဘာကိုမှ ဆက်မလုပ်ချင်တော့ဘဲ "အဟောသိကံ ဒဿန" မလုပ် မရှုပ် မပြုတ်ကိုပဲ လက်ခံလိုက်တယ်။ နည်းနည်း စိတ်ဓာတ်ကြွသူ၊ အသက်ငယ်သူတွေ ပြင်ပမှာ ဆွေမျိုးစတဲ့ အဆက်အနွယ် ရှိသူတွေကတော့ ထွက်သွားကြတာပဲ။ သူတို့တချို့လည်း အထူး အောင်မြင်ကြပါတယ်။ ကျွန်မရဲ့ ကျောင်းသားတွေထဲမှာ ဒီလို ပြင်ပရောက်ပြီး ထူးချွန်စွာ အောင်မြင်သူတွေကို ထောက်ပြနိုင်ပါတယ်။

၁၉၉၀ နောက်ပိုင်း အထူးသဖြင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ မရှိဘဲ စစ်ဘက်သက်သက်က အုပ်ချုပ်တဲ့ အစိုးရ (stratocracy) မှာတော့ ပညာရေးစနစ် မည်မည်ရရ မရှိပါဘူး။ ယခင်ရှိတဲ့အတိုင်း ဆက်စေခဲ့တယ်။ ခေတ်မှ တောင်းဆိုလာတဲ့ တိုးတက်မှု ပြုပြင်ပြောင်းလဲမှု ဆိုတာတွေကို စဉ်းစားမပေးနိုင်ပါဘူး။ ရပ်ဆိုင်းနေရတဲ့ ကာလကလည်း မနည်းဘူး။ ပေါင်း အနှစ် ၂၀ ကျော် ကြာသွားတယ်။ ကျွန်မ အခုပြောနေတဲ့ သင်ကြားရေးဝန်ကျင်ဆိုတာနဲ့ တိုက်ရိုက်ပတ်သက်နေတဲ့ အရေးပါတဲ့ ဥပမာတစ်ခု ပြပါမယ်။ ကျောင်းသားတွေ အထူးသဖြင့် တက္ကသိုလ် ကျောင်းသားတွေဟာ ဆူပူသောင်းကျန်းမှုမှာ ရှေ့တန်းက ပါနေတာကို တားမြစ်ချင်တာနဲ့ ကျောင်းသားတွေကို လူစုခွဲချင်တဲ့ သဘောနဲ့ ကောလိပ်တွေ တက္ကသိုလ်တွေကိုလည်း ပထ၀ီ ရေမြေခြားအောင် လုပ်ပစ်တယ်။ ကျောင်းသားတွေ၊ မိဘတွေ၊ ဘယ်သူတွေ ဘာဖြစ်မယ်ဆိုတာ ထည့်တွက်တာ မဟုတ်ဘူး။ ဒီတော့ ကျောင်းသားတွေဟာ ကျောင်းသားရဲ့ ဂုဏ်သိက္ခာနဲ့ လျော်ညီစွာ မနေနိုင်တော့ဘူး။ အဲဒီအရွယ်ဆိုတာက အနာဂတ်ဘ၀အတွက် ပြင်ဆင်နေရတဲ့ အချိန်ကာလ ဖြစ်တယ်။ စာမေးပွဲအတွက် သိစရာ အကြောင်းအချက်အလက်တွေကို မြိုချနေရုံနဲ့ မပြီးပါဘူး။ လူမှုရေး လူမှုဆက်ဆံရေး လူနေမှုဘ၀နဲ့ နှီးနွယ်နေတဲ့ အတတ်အသိ အတွေ့အကြုံတွေ ဆည်းပူးရမယ့် အချိန်ကာလပါ။ ဘ၀ထက်ဆုံး ခင်မင်ရင်းနှီး တန်ဖိုးထားတဲ့ မိတ်ဆွေတွေကို ဒီအချိန်မှာ တွေ့ကြရတာပါ။

(ပြည်သူ့ခေတ်ဂျာနယ်၊ အတွဲ-၃၊ အမှတ်-၁၀၈ မှ ပြန်လည်ထုတ်နုတ်ကူးယူဖော်ပြပါသည်။)

ကျွန်တော့်စာကြွင်း
အစအဆုံးရေးပြီး တင်ပေးချင်တာပါ။ အချိန်အခက်အခဲကြောင့်  ဘယ်လိုမှ စာရိုက်ဖို့ အဆင်မပြေတဲ့အတွက် ထုတ်နုတ်တင်ပြလိုက်ပါတယ်။ ဆရာမကြီးရဲ့ အရေးအသား ပြောင်မြောက်မှုတွေကို ဖတ်ပြီးတော့ ကြက်သီးတောင် ထမိပါတယ်။ ဆရာမကြီးရဲ့ အသက်အရွယ်မှာ ကျွန်တော်ကိုဉာဏ် ဒီလို ပညာမာန၊ ဒီလိုပညာမာန်၊ ဒီလိုပညာသံတွေ ရှိနိုင်ပါ့မလားလို့ တွေးကြည့်နေမိပါတယ်။ တိုင်းပြည်အတွက် ယူကျုံးမရဖြစ်နေတဲ့ အသံတွေနဲ့ ဆရာမကြီးရဲ့ စကားလုံးအချို့ကို ဘလော့ဂ်မိတ်ဆွေတွေ တွေးဆဆင်ခြင်နိုင်အောင် ပြန်လည်ဝေမျှလိုက်ပါတယ်။

Thursday, August 23, 2012

စွပ်စွဲပြစ်တင်မယ်ဆိုတဲ့ကိစ္စ ပြန်စဉ်းစားကြပါဦး - မောင်ဝံသ



အခြေခံဥပဒေခုံရုံးကို စွပ်စွဲပြစ်တင်မယ့်ကိစ္စ စဉ်းစဉ်းစဉ်းစားစားလုပ်ကြရင် ကောင်းမယ်ထင်ပါတယ်။ အမေရိကန်နိုင်ငံမှာ ၂၀၀၀ ပြည့်နှစ်နောက်ပိုင်းမှာ တရားလွှတ်တော်ချုပ်က လွှတ်တော်ဥပဒေတွေကို အခြေခံဥပဒေနဲ့ မညီဘူးလို့ ဆုံးဖြတ်ခဲ့တဲ့အမှု တစ်ဒါဇင်ကျော် ရှိတဲ့အကြောင်း မိတ်ဆွေတစ်ယောက်က လှမ်းပြောတယ်။  တရားလွှတ်တော်ချုပ်က လွှတ်တော်ဥပဒေတွေကို အခြေခံဥပဒေနဲ့ မညီဘူးလို့ ဆုံးဖြတ်လိုက်ရင် လွှတ်တော်က နာခံခဲ့ပါတယ်။ အခုလိုကိစ္စက နိုင်ငံရဲ့ institution များအတွက် အတော်အန္တရာယ်ကြီးတယ်လို့ ထင်ပါတယ်လို့ မိတ်ဆွေကပြောတော့ အစစ်ပေါ့ဗျာလို့ ပြောမိတယ်။ အခုတော့ စိတ်ပူမိလို့ သတင်းစာဆရာ တစ်ယောက်အနေနဲ့ သဘောထားအမြင်ကို တင်ပြရင်း တားလို့ရရင် တားနိုင်ဖို့ ကြိုးစားတာပါ။ ဆန္ဒမစောကြပါနဲ့လို့ လွှတ်တော်ကိုယ်စားလှယ်ကြီးများကို ပန်ကြားချင်ပါတယ်။ ကျွန်တော့်မိတ်ဆွေက ၀န်ထမ်းကြီး တစ်ယောက်ဆိုတော့ ကျွန်တော့်လိုတော့ မိမိထင်မြင်ချက်ကို ပွင့်ပွင့်လင်းလင်း မပြောနိုင်ရှာဘူး။ သူပြောပုံလေးက စိတ်မကောင်းစရာ။  အင်္ဂလိပ်စကားမှာ Train Wreck symptom ဆိုတာ ရှိပါတယ်။ ရထားစီးခရီးသည်တွေ ရထားတိုက်တော့မှာ မြင်နေပေမယ့် ဘာမှလုပ်လို့မရတဲ့ အဖြစ်ပေါ့ဗျာတဲ့။ ကျွန်တော်ကတော့ တိုက်မိတော့မယ့် ရထားနှစ်စင်းရှေ့ ခုန်ဝင်ပြီး မီးနီပြဖို့ ကြိုးစားကြည့်တာပေါ့ ခင်ဗျာ။ သို့မဟုတ် ရှန်တိန်လုပ်ဖို့ ကြိုးစားကြည့်တာပေါ့ခင်ဗျာ။ ဒီကိစ္စမျိုးမှာ အသင့်တော်ဆုံးကတော့ အခြေခံဥပဒေကို ပြင်ဆင်ဖို့ပဲလို့ ထင်ပါတယ်။ စွပ်စွဲပြစ်တင်တယ်ဆိုတာ တိုင်းပြည်ကြီး ချောက်ထဲကျအောင်လုပ်တဲ့ အမှုမျိုးအတွက်သာ ဖြစ်သင့်ပါတယ်။ အဖွဲ့တစ်ခုကို အဖွဲ့တစ်ခုက စွပ်စွဲပြစ်တင်၊ အရေးယူ ဖယ်ရှားတာမျိုးထက် ပြေပြေလည်လည် ညှိနှိုင်းဖြေရှင်းတဲ့ နည်းလမ်းကို ရွေးတာက တိုင်းပြည်အတွက် အစဉ်အလာကောင်း ဖြစ်ပါလိမ့်မယ်။
(ပြည်သူ့ခေတ်ဂျာနယ်က နောက်အပတ် အင်္ဂါ ဗုဒ္ဓဟူးမှ ထွက်မှာဆိုတော့ စောစောလေး ဖတ်နိုင်အောင် ကျွန်တော့် FaceBook မှာ တင်လိုက်တာပါ)


(ပြည်သူ့ခေတ်ရဲ့ Facebook စာမျက်နှာကနေ ပြန်လည်ကူးယူ ဖော်ပြထားတာပါ) 

Wednesday, August 22, 2012

သတင်းစာလွတ်လပ်ခွင့်ဆိုင်ရာ တွေးမိတွေးရာ


ငါမကောင်းရင် ငါ့ကိုရေး၊
ငါ့မိဖုရားတွေမကောင်းရင် မိဖုရားတွေကိုရေး၊
ငါ့သားသမီးတွေမကောင်းရင် သားသမီးတွေကိုရေး၊
တရားသူကြီးမကောင်းရင် တရားသူကြီးကိုရေး၊
မြို့ဝန်မကောင်းရင် မြို့ဝန်ကိုရေး၊
ရဲမက်တွေမကောင်းရင် ရဲမက်တွေကိုရေး၊ 
အဲဒီအတွက် မင်းတို့ သတင်းစာတွေမှာ အပြစ်မရှိစေရ၊
နန်းတော်တွင်းသို့ သတင်းစာတိုက်က မည်သူမဆို အဆီးအတားမရှိ ၀င်ထွက်စေ

အထက်ပါ စကားစုကို ပြောခဲ့သူက မင်းတုန်းမင်းတရားကြီး ဖြစ်ပါတယ်။ (ကျွန်တော်ဘာသာ ဖြည့်ပေးလိုက်တဲ့ စာသားတွေလည်း ပါပါတယ်။ ဤကား စကားချပ်) သတင်းစာသမားတိုင်းလိုလို၊ ဂျာနစ်လစ်တိုင်းလိုလိုက သူတို့အတွက် အသုံးချစရာ တစ်ခုခုရှိတိုင်း ယူသုံးတတ်တဲ့ စကားစုလည်း ဖြစ်ပါတယ်။ သတင်းသမားတွေ တစ်ခုခုဖြစ်တိုင်း မင်းတုန်းမင်းကြီးခမြာ ကန့်လန့်ကန့်လန့်နဲ့ အမြဲပါနေတော့တာပဲ။ တစ်ခါတစ်ခါကျရင် အစိုးရဘက်ကနေ တွေးကြည့်မိတယ်။ သူတို့တွေအနေနဲ့ အဲဒီစကားတွေကို ကြားရတိုင်း မင်းတုန်းမင်းကြီးနှယ် ဘယ်နှယ့်ကြောင့် ဒီလိုပြောခဲ့ပါလိမ့်ဆိုပြီး မင်းကြီးအပေါ် စိတ်တွေဘာတွေများ ဆိုးနေကြမလားမသိပါဘူး။ ကျွန်တော်က လျှောက်တွေးမိတာပါ။ တက္ကသိုလ်သင်္ချာမှာ အင်မတန်ခက်တဲ့ ပုစ္ဆာတွေကို တွက်ရတဲ့အခါတိုင်း ရှေးတုန်းက သင်္ချာပညာရှင်တွေကို မေတ္တာတွေ ပို့ခဲ့သလိုပဲ ဖြစ်မယ်ထင်ပါတယ်။ သင်္ချာပညာရှင်တွေများ အားအာလျားလျား အလုပ်မရှိ အလုပ်ရှာပြီး လျှောက်တွက်သွားကြတယ်။ သူတို့လုပ်ခဲ့တဲ့ အကျိုးဆက်ကြောင့် အခုတော့ ငါတို့တွေ ပျားတုပ်နေပြီ ဆိုတာမျိုးပေါ့။ အင်း... မင်းတုန်းမင်းကြီးလည်း အဲဒီလို ပြောတဲ့အချိန်တုန်းက ဘယ်လိုနိုင်ငံရေး ဖိအားတွေနဲ့ ရင်ဆိုင်ခဲ့ရလို့ အထက်ပါ စကားနဲ့ သတင်းစာတွေကို နှစ်သိမ့်ခဲ့ရသလဲဆိုတာကို တွေးနေမိတယ်။ တစ်ဆက်တည်း အဲဒီစကားကို ယူသုံးတဲ့ လူတိုင်းကိုလည်း အံ့သြမိတယ်။ စကားပြောတယ်ဆိုတာ ဘာခက်တာမှတ်လို့၊ မင်းတုန်းမင်းကြီးရဲ့ စကားအတိုင်း အဲဒီခေတ်က သတင်းစာလွတ်လပ်ခွင့် တကယ်ရှိခဲ့သလား ဆိုတာကို ပြောတဲ့သူတိုင်း လေ့လာဖူးကြရဲ့လားလို့ တွေးနေမိတယ်။

အပေါ်ဆုံးမှာ ပြောခဲ့တဲ့ မင်းတုန်းမင်းကြီးရဲ့ စကားနဲ့ ပတ်သက်ပြီး ဟာသနွယ်တဲ့ မူကွဲတွေလည်း အများကြီးရှိတယ်။ သိပြီးသားဖြစ်ကြမယ်လို့ ယုံကြည်ပါတယ်။ ဒါပေမယ့် မသိသေးသူတွေအတွက် ဝေမျှပါရစေဦး။

အထက်ပါအတိုင်း မင်းတုန်းမင်းကြီးက ပြောတဲ့အချိန်ကပေါ့။ ဒီလိုဗျ။ "ငါမကောင်းရင် ငါ့ကိုရေး၊ ငါ့မိဖုရားတွေ မကောင်းရင် မိဖုရားတွေကိုရေး၊ ငါ့သားသမီးတွေ မကောင်းရင် သားသမီးတွေကိုရေး၊ အေး.. ဒါပေမယ့် သတင်းစာထဲတော့ ပါမလာစေနဲ့" တဲ့။ ကဲ... ကောင်းရော။ ဟုတ်တော့လည်း ဟုတ်သားပဲ။ ရေးဖို့ပဲ လွတ်လပ်ခွင့်ပေးတာလေ။ ဖော်ပြတာကတော့ လွတ်လပ်ချင်မှ လွတ်လပ်မှာပေါ့ဗျာ။ ကျွန်တော်တို့လည်း ဒီနေ့ အင်မတန် လွတ်လပ်နေတာပဲ မဟုတ်လား။ ကိုယ်မကြိုက်တဲ့လူကို လွတ်လွတ်လပ်လပ် ဝေဖန်ခွင့်၊ ဆဲဆိုခွင့်၊ ရှုံ့ချခွင့် ကျွန်တော်တို့ အားလုံးမှာ ရှိနေတာပဲ မဟုတ်ဘူးလား။ အဲ... တစ်ခုပဲ ရှိတာက ကျွန်တော်တို့ အဲလိုလုပ်တာတွေကို ဘယ်သူမှ မသိတာပါပဲ။

နောက်ထပ် မူကွဲတစ်ခုက ဒီလိုပါ။ မင်းတုန်းမင်းကြီးက ပြောသတဲ့။ "ငါမကောင်းရင် ငါ့ကိုရေး၊ ငါ့မိဖုရားတွေ မကောင်းရင် မိဖုရားတွေကိုရေး၊ ငါ့သားသမီးတွေ မကောင်းရင် သားသမီးတွေကိုရေး၊ မြို့ဝန်မကောင်းရင် မြို့ဝန်ကိုရေး၊ တရားသူကြီးတွေ မကောင်းရင် တရားသူကြီးတွေကိုရေး"။ အဲဒီအချိန်မှာ ဟိုးနောက်နားကနေ ခစားနေတဲ့ မင်းမှုထမ်းတစ်ယောက်ရဲ့ မေးမြန်းလျှောက်တင်သံ တိုးတိုးလေး ထွက်လာတယ် "အရှင်မင်းကြီး၊ သတင်းစာတွေ မကောင်းရင်ရောဘုရား" တဲ့။ စဉ်းစားစရာ ဖြစ်ပါတယ်။ မှန်ပါတယ်၊ သတင်းစာတွေ မကောင်းရင်ရော ဘယ်သူတွေက ရေးရမှာလဲ၊ ဘယ်လိုတွေ အရေးယူကြမှာလဲ။ အချင်းချင်း ထိန်းကြပါလိမ့်မယ်လို့ မပြောကြပါနဲ့ဗျာ။ အချင်းချင်း ရန်ဖြစ်ကြမှာပဲ ရှိပါတယ်။

ကျွန်တော်တွေးမိတာတွေ ပြောပါရစေ။ 
တည်ဆဲဥပဒေတွေ ရှိပြီးသားလို့ ပြောမယ့်လူတွေ ရှိပါတယ်။ ဟုတ်ကဲ့... စတုတ္ထမဏ္ဍိုင်ဆိုတဲ့ ကျေးဇူးရှင်တွေဟာ သူများကိုသာ ဥပဒေအထက်မှာ နေတယ်၊ ဘာဖြစ်တယ်၊ ညာဖြစ်တယ် ပြောတတ်ကြတာခင်ဗျ။ သူတို့ကိုယ်တိုင်ကတော့ ဥပဒေရဲ့ အထက်မှာ မတ်တတ်ရပ်ရုံတင် မဟုတ်ဘူး၊ ဖင်ခုထိုင်ပြီး သူများကို ထောက်ပြချင်တဲ့ သူတွေခင်ဗျ။ သူတို့ ပြောဆိုရေးသားတာတွေဟာ ဥပဒေနဲ့ မညီဘူးထင်တဲ့အတွက် တရားစွဲရင်လည်း သူတို့မကြိုက်ဘူး၊ အရေးယူရင်လည်း မခံနိုင်ဘူး။ ဒါဆိုရင် သူတို့ ဘာပြောပြော၊ ဘာရေးရေး လွှတ်ပေးရမှာလားဗျ။ တရားရုံးမှာ တရားစွဲတဲ့ ကိစ္စဟာ ဘာမှ ထူးဆန်းတဲ့ကိစ္စ မဟုတ်ပါဘူး။ တကယ်ဆိုရင် အမှုရင်ဆိုင်တယ်ဆိုတာ မမှန်တဲ့လူကသာ ကြောက်ရမှာမျိုးပါ။ ရင်ဆိုင်တာဟာ ချက်ချင်း ထောင်ချတာ၊ ဆုံးဖြတ်ချက်ချတာမှ မဟုတ်တာပဲ။ တရားရုံးမှာ ရှင်းရမှာပဲပေါ့။ အဲဒါကို ကျီးကန်းတွေ ၀ိုင်းအာသလိုအာကြ၊ သူများတွေက ဥပဒေနဲ့အညီ လျှောက်လွှာတင်ပြီး စည်းကမ်းတကျ ဆန္ဒဖော်ထုတ်ကြတဲ့ အချိန်မှာ မီဒီယာသမားဆိုတဲ့ ဥပဒေအထက်က လူသူတော်ကောင်းကြီးတွေက လှုံ့ဆော်ရေး အင်္ကျီတွေဝတ်၊ တံဆိပ်အမျိုးမျိုး၊ စာသားအမျိုးမျိုးနဲ့ ဦးထုပ်တွေဆောင်း၊ စာရွက်စာတမ်းတွေကိုင်၊ လူတန်းရှည်ကြီး တရုံးရုံးနဲ့ တွေ့တဲ့လူကို လက်မှတ်ထိုးခိုင်း၊ ဟော... ရဲကမေးတော့ သူတို့တွေ ဆန္ဒဖော်ထုတ်တာ မဟုတ်ပါဘူးတဲ့၊ ဘတ်စ်ကားစီးကြတာပါတဲ့၊ လုပ်ပုံက၊ လုပ်ပုံက၊ အင်တာနက်မှာ သတင်းပြန်ရေးတော့ကျတော့ သူတို့တွေကပဲ မီဒီယာလောကကြီး တစ်ခုလုံးအတွက် ကယ်တင်ရှင်တွေလိုလို၊ သူတို့လှုပ်ရှားတဲ့အတွက်ပဲ ဂျာနယ်တွေ ပြန်ထုတ်ခွင့်ရသလိုလိုနဲ့ နာမည်ကောင်းယူပြီး ရေးသားလိုက်တာများ ဓာတ်ပုံတွေ ဝေေ၀ဆာဆာ၊ အရေးအသားတွေ ပလီပလာနဲ့ တကယ့်ကို အံ့သြစရာပါပဲဗျာ။ ဥပဒေနဲ့အညီ မလုပ်တတ် မကိုင်တတ်ဘဲ လက်တစ်လုံးခြား လုပ်တတ်တဲ့ သူတို့တွေက ကျန်တဲ့ မဏ္ဍိုင်သုံးခုကို ထိန်းသိမ်းမယ်ဆိုတော့ ကျွန်တော်ကိုဉာဏ်ဖြင့် ဘာပြောရမှန်းတောင် မသိအောင်ပါပဲဗျာ။ စိတ်ရှိတိုင်းသာ လုပ်ကြပါတော့လို့သာ အော်လိုက်ချင်ပါတယ်။

အခုတော့ စာပေစိစစ်ရေးလုပ်ငန်းစဉ်ကို ရပ်နားလိုက်ပါပြီတဲ့။ အစစ်ဆေး၊ အမေးမြန်းမရှိ ရေးသားထားသော စာပေများကို ကျွန်တော်တို့ ဖတ်ရှုကြရတော့မည်။ ထို့အတွက် ယုံကြည်မှု လိုအပ်လာသည်။ တစ်ချိန်ကတော့ ဂျာနယ်ထဲမှာပါတဲ့ သတင်းတစ်ပုဒ်ဟာ မမှန်ကန်ရင် စာပေစိစစ်ရေးက ထည့်ခွင့်မပြုတာကို သိတဲ့အတွက် ဆုံးဖြတ်ရတာ လွယ်ကူပါတယ်။ အခုတော့ ကိုယ်ရေးချင်တဲ့သတင်းကို ကိုယ့်ဘာသာကိုယ်ရေးပြီး ဂျာနယ်တွေမှာ ဖော်ပြကြမှာ ဖြစ်တဲ့အတွက် ချင့်ယုံကြဖို့ပဲ ရှိပါတော့တယ်။ သိက္ခာရှိတဲ့ဂျာနယ် ဘယ်လောက်ရှိသလဲဆိုတာ သိခွင့်ရမယ့် အခွင့်အလမ်းလို့ပဲ မြင်မိပါတယ်။ ပရိသတ်ကို အပေါစားစည်းရုံးရေးတွေနဲ့ စည်းရုံးဖို့ အရှက်ဖုံးရုံ အ၀တ်အစားနဲ့ မြန်မာ့အမျိုးကောင်းသမီးတို့ရဲ့ ပေါင်တံလေးတွေ၊ ရင်သားလေးတွေ၊ ဗိုက်သားလေးတွေ၊ မြူဆွယ်မှုတွေကိုလည်း တ၀ကြီး ခံစားကြရတော့မယ်လို့ ကြိုတင်တွေးမိပြီး ဂလုဆိုတဲ့ အသံမြည်အောင် တံတွေးတွေ မြိုချလိုက်မိပါတယ်။

ကျွန်တော်ကိုဉာဏ်က ၀န်ထမ်းဖြစ်နေတော့ ခက်သားဗျာ။ ကျွန်တော်လည်း ကော်မတီတစ်ခု ဒါမှမဟုတ် သမဂ္ဂတစ်ခု ထူထောင်ရင်ကောင်းမလားလို့ စဉ်းစားနေမိတယ်။ ဥက္ကဋ္ဌက ကျွန်တော်ပေါ့ဗျာ။ မြန်မာ့သွေးဘလော့ဂ်ရဲ့ အမာခံပရိသတ်တွေက အဖွဲ့ဝင်တွေပေါ့၊ ကွန်းမန့်တွေ အများဆုံးရေးတဲ့လူကို အတွင်းရေးမှူး ခန့်မယ်ဗျာ။ နာမည်ကို ဘယ်လိုပေးမလဲဆိုတော့ ဂျာနယ်ဖတ်သူများ၏ အခွင့်အရေးကာကွယ်ရေးသမဂ္ဂ ပေါ့ဗျာ။ ဘာတွေလုပ်မလဲဆိုတော့ ပိုက်ဆံအကုန်အကျခံပြီး ၀ယ်ဖတ်ရတဲ့ ဂျာနယ်တွေမှာ မတော်တရော်တွေတွေ့ရင်၊ သူများဂျာနယ်မှာ ဖော်ပြပြီးသားသတင်းကို မျက်နှာပြောင်တိုက်ပြီး ပြန်ဖော်ပြရင်၊ အရည်မရ အဖတ်မရ သူတို့ဂျာနယ်ချင်း ရန်ဖြစ်တာကို စာမျက်နှာတွေ အများကြီးနဲ့ရေးပြီး စာဖတ်ပရိသတ်ကို စော်ကားရင်၊ မျက်နှာဖုံးမှာ စာလုံးမည်းကြီးတွေနဲ့ အထူးသတင်းဆိုပြီး ကိုယ်ရေးချင်ရာရေး နောက်အပတ်ကျမှ အမှားပြင်ဆင်ချက်ဆိုပြီး လူမသိ သူမသိနေရာမှာ မှိန်မှိန်လေး ထည့်ပေးရင်၊ စာဖတ်ပရိသတ်ကို အပေါစားစည်းရုံးရေးတွေနဲ့ မော်ဒယ်လ်လေးတွေရဲ့ ဟိုပေါ်ဒီပေါ် ဓာတ်ပုံတွေနဲ့ ဖြားယောင်းရင် စသဖြင့်ပေါ့ဗျာ။ ဂျာနယ်ဖတ်သူများ၏ အခွင့်အရေးကာကွယ်ရေး သမဂ္ဂအနေနဲ့ တီရှပ်တွေဝတ်ပြီး လမ်းပေါ်ထွက် ဆန္ဒဖော်ထုတ်တာတွေ၊ စာဖတ်သူတွေဆီကနေ လက်မှတ်တွေ လိုက်တောင်းခံတာတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေဆီကို စာတင်ပြတာတွေ၊ သမ္မတကြီးဆီကို တိုက်ရိုက်စာရေးတာတွေ၊ ဂျာနယ်တိုက်ကို ချက်ချင်းပိတ်ဖို့ ဆန္ဒဖော်ထုတ်တာတွေ၊ စီးပွားရှာ ဂျာနယ်လစ်များ အလိုမရှိကမ့်ပိန်းလုပ်တာတွေ၊ စသည်ဖြင့်ပေါ့ဗျာ... လုပ်ချင်တယ်ဗျ။ ဘယ်လိုလဲ၊ ကောင်းရဲ့မဟုတ်လားဗျ။

မီဒီယာသမားတွေ လွတ်လွတ်လပ်လပ် ပြောဆိုရေးသားခွင့်ရတာ ၀မ်းသာပါတယ်။ တကယ်ဝမ်းသာပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ နိုင်ငံမှာ သိက္ခာရှိတဲ့၊ စတုတ္ထမဏ္ဍိုင်ပီသတဲ့၊ ကိုယ်ရေးတာကို ကိုယ်တာဝန်ယူရဲတဲ့၊ အမှန်တရားကိုပဲ မူဝါဒအဖြစ် ကိုင်စွဲထားတဲ့၊ ဘက်လိုက်မှုကင်းတဲ့၊ ပါတီစွဲကင်းတဲ့၊ အစွဲအမျိုးမျိုးကင်းတဲ့၊ သူငယ်နာကင်းတဲ့ သတင်းမီဒီယာတွေ ရှားနေသေးတဲ့အတွက် တိုင်းပြည်ထူထောင်စ အခုလိုအချိန်မျိုးမှာ ဆေးအတွက်လေးမှာကို စိုးရိမ်မိတယ်ဗျာ။ ကြောင်ရုပ်လည်း အသက်ဝင်၊ ဆေးစွမ်းလည်း တကယ်ပြရင်တော့ သားရွှေအိုးထမ်းလာတာ မြင်ရသလို ၀မ်းမြောက်ဝမ်းသာ ကြိုရမှာပ။ ဟုတ်ဘူးလား။

ဒီမျှနှင့် နားခွင့်ပြုပါ။ နောက်များမှ ဆက်ကြပါဦးမည်။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၂ ခုနှစ်၊ သြဂုတ်လ ၂၂ ရက်၊ ဗုဒ္ဓဟူးနေ့။
မွန်းလွဲ ၃ နာရီ ၁၂ မိနစ်တွင်ပြီး၏။ 

ခက်ခက်ခဲခဲသဘောမှန်ကိုရှာ၍ကြည့်


  • သူတော်ကောင်းစကားကို ပြောတတ်သော်လည်း သူတော်ကောင်းအကျင့်ကို မကျင့်တတ်။
  • စာကို ဖတ်တတ်သော်လည်း စာသဘောကို သိအောင်မကြိုးစား။
  • သူတစ်ပါးက လိမ်ညာမှာကို ကြောက်သော်လည်း မိမိကိုယ်မိမိ လိမ်ညာနေတာမကြောက်။
  • သူတစ်ပါးကို သနားဖို့တတ်သော်လည်း မိမိကိုယ်ကိုယ် သနားဖို့မတတ်။
  • မိမိကိုယ်ကိုယ် အကျဉ်းထောင်ကျမှာကို ကြောက်၏၊ စိတ်အကျဉ်းထောင်ကျနေသည်ကို မသိ။
  • လွတ်လပ်မှုကို လူတိုင်းလိုလား၏၊ မိမိစိတ်မှာ လွတ်လပ်သူဖြစ်အောင် မကြိုးစား။
  • သူများအထင်ကြီးဖို့ကို လိုလား၏၊ မိမိကိုယ်ကိုယ် လေးစားရမှန်းမသိ။
  • သူတစ်ပါးမှားသည်ကို မြင်၏၊ မိမိမှားသည်ကို မမြင်။
  • သူတစ်ပါးကို ဆုံးမဖို့တတ်၏၊ မိမိကိုယ်မိမိ ဆုံးမဖို့မတတ်။
  • သူများမကောင်းပြောမှာကို မကြောက်နှင့်၊ မိမိစိတ်မှာ မကောင်းဖြစ်မှာကိုသာကြောက်။
  • ငွေကြေး ဆင်းရဲမှာကို မကြောက်နဲ့၊ အသိဉာဏ်ဆင်းရဲမှာကိုကြောက်။
  • ဥစ္စာပစ္စည်း ဆင်းရဲလို့ သူတော်ကောင်း အပြစ်မမြင်၊ အသိဉာဏ်ဆင်းရဲမှ သူတော်ကောင်း အပြစ်မြင်သည်။
  • ကုသိုလ်လိုချင်၍ အလှူလုပ်၏၊ အကုသိုလ်ကို မရှောင်ကြဉ်၍ အလှူမဖြစ်။
  • နတ်ပြည်ကို ရောက်ချင်၍ ကောင်းမှုကိုပြု၏၊ အကုသိုလ်ဖြစ်သည်ကို နားမလည်၍ အပါယ်ကိုလား၏။
  • ဘုရားကို ရိုသေလေးစား၏၊ ဘုရားစကားကို နားထောင်ရမှန်းမသိ။
  • နိဗ္ဗာန်ကို လိုချင်၏၊ ဘုရားသွားရာလမ်းသို့ လိုက်ရမှာကြောက်၏။
  • သူတော်ကောင်းတရားကို သိချင်၍ တရားနာ၏၊ လူမိုက်တို့၏ အကျင့်ကို မရှောင်၍ တရားနှင့်ဝေး၏။
  • ဗုဒ္ဓဘာသာကို မကောင်းပြောလျှင် မုန်း၏၊ ဗုဒ္ဓတားမြစ်ထားသောတရားကို နေ့စဉ်ပြုလုပ်၏။
  • တိုင်းပြည်ကို ကောင်းစေချင်၏၊ မိမိအိမ်မှာမိမိ ကောင်းအောင်နေဖို့ထိုင်ဖို့ မတတ်။
  • ရပ်ရွာများ အေးချမ်းသာယာစေချင်၏၊ ရပ်ရွာအကျိုးကို ဆောင်ရွက်လိုစိတ် လုံးဝမရှိ။
  • ကျန်းမာရေးကောင်းစေချင်၏၊ ကျန်းမာအောင် နေထိုင်စားသောက်ဖို့ မတတ်၊။
  • အသက်အရွယ်က တဖြည်းဖြည်း ကြီးလာ၏၊ အသိဉာဏ်က တဖြည်းဖြည်း ကြီးမလာ၊ လောဘ၊ ဒေါသသာ တဖြည်းဖြည်း ကြီးထွားလာသည်။
  • ကိုယ့်အမှားကို မမြင်ဘဲ သူတစ်ပါးအမှားကိုကြည့်ပြီး အပြစ်တင်နေတာ အကျိုးမရှိ၊ မကောင်းမှုကို မိမိမှစ၍ သိလျှင်သိချင်း ရပ်ပါ၊ မှန်ကန်သော အသိဉာဏ်သည် တန်ဖိုးမဖြတ်နိုင်၊ အမြင်မှန်၊ အတွေးမှန်၊ အလုပ်မှန်မှသာ လူ့ဘ၀၌ အဆင်ပြေနိုင်သည်၊ သိပြီးတော့ မလုပ်ရင် မသိသေးလို့ပါ၊ နည်းနည်းသိ နည်းနညည်းလုပ်၊ များများသိ များများလုပ်ပါ။
  • လူတွေ ဒုက္ခများနေတဲ့အချိန်မှာ ငြိမ်းချမ်းရေးနှင့် သင့်မြတ်ရေးဟာ မရှိမဖြစ် လိုအပ်တယ်၊ ကမ္ဘာကြီး ငြိမ်းချမ်းဖို့အတွက် ကိုယ်တိုင် ငြိမ်းချမ်းရမယ်၊ တစ်ဦးချင်း တာဝန်ယူရမယ်၊ တစ်ဦးချင်း တာဝန်ယူမှုမရှိဘဲ ကမ္ဘာကြီး ငြိမ်းချမ်းမှု မရနိုင်။
  • တန်ဖိုးရှိသော အလုပ်ကို ပြုလုပ်ရခြင်းသည် ကောင်း၏၊ တန်ဖိုးမရှိသော အလုပ်ကို ရှောင်ကြဉ်ခြင်းက ပို၍ ကောင်း၏။
  • သူတော်ကောင်းနှင့် ပေါင်းရတာ ကောင်း၏၊ သူယုတ်မာနှင့် မပေါင်းရတာက ပို၍ ကောင်း၏။
  • ဤလောကကြီးထဲမှာ လူကောင်းများ ဆရာဖြစ်သလို လူမိုက်လည်း ဆရာဖြစ်နိုင်သည်။
  • လူကောင်းသည် ကောင်းတာကို သင်၏၊ လူမိုက်သည် မကောင်းတာကို သင်၏၊ သင်သည် ကြိုက်တာကို သင်နိုင်သည်။
  • အမှောင်ထု ဖုံးလွှမ်းနေတဲ့အချိန်မှာ အလင်းရောင်လိုအပ်တယ်၊ အမှားများနေတဲ့အချိန်မှာ အမှန်ဆိုတာ လိုအပ်တယ်၊ အစဉ်အလာက အရေးမကြီး၊ အမှန်တရားက အရေးကြီးပါတယ်။
  • တရားကို ဟောသူလည်း များ၏၊ နာသူလည်း များ၏၊ မတရားကို ဟောသူလည်း မရှိ၊ နာသူလည်း မရှိ၊ ထို့ကြောင့် မတရားကိုသိသူ အလွန်နည်းပါး၏။ တရားကိုသိလျှင် အေးချမ်း၏၊ မတရားကို မသိလျှင် မအေးချမ်းနိုင်၊ လောကကြီး ပျက်စီးမှာကို ကြောက်၏၊ လောကကြီးကို ၀ိုင်းပြီး လူတိုင်းလိုလို ဖျက်နေကြ၏၊ လောကကို မိမိအတွက် အသုံးချ၏၊ မိမိကို လောကအတွက် အသုံးချဖို့ ၀န်လေး၏၊ လောကကြီးကို မိမိက မစောင့်ထိန်းလျှင် လောကကြီးကလည်း မိမိကို စောင့်ထိန်းလိမ့်မည်မဟုတ်။
  • မကြားဟန်ဆောင်နေသူလောက် နားပင်းသူ မရှိ။
  • မမြင်ဟန်ဆောင်နေသူလောက် မျက်စိကန်းသူ မရှိ။
  • သိဟန်ဆောင်နေသူလောက် မသိသူ မရှိ။
  • အို ရခိုင်သူ ရခိုင်သားအပေါင်းရို့ မကြာခင် လောကကြီး ပျက်စီးလိမ့်မည်၊ အချိန်မီ ၀ိုင်းဝန်းထိန်းသိမ်းကတ်ပါ၊ ဤလောကကြီးအတွင်းမှာ မှီတင်းနေထိုင်ကြသော လူတိုင်းမှာ တာဝန်ရှိပါသည်။
  • တရားစခန်းကိုဝင်၍ တရားရှာကြ၏၊ ခန္ဓာထဲကိုဝင်၍ တရားမရှာကြ၊ တရားစခန်းက သင်ပြသော စကားကို နားလည်နိုင်၏၊ ခန္ဓာကသင်ပြသော စကားကို နားမလည်နိုင်။
  • မိမိကိုယ်မိမိ သိပြီးဟုထင်၍ တပည့်များကိုရှာကြီး တရားဟော၏၊ တပည့်များသောဆရာ ဖြစ်နိုင်၏၊ ဆရာများများရှာ၍ တရားမနာသဖြင့် ဆရာများသောတပည့် မဖြစ်နိုင်၊ ဆရာများ၍ အပြစ်မရှိ တပည့်များက အပြစ်ရှိသည်၊ ဆရာများ၍ သားမသေ၊ ဆရာမှားမှ သားသေမည်၊ တပည့်များမှာထက် တပည့်မှားမှာကို ကြောက်ပါ။
  • တရားသည် စာအုပ်ထဲမှာ မရှိ ဉာဏ်ထဲမှာရှိ၏၊ စာကိုသင်၍ ရ၏၊ တရားကို သင်၍ မရ၊ ဉာဏ်နှင့်ကျင့်မှ ရမည်၊ စာသည် တရားမဟုတ်၊ တရားသည် စာမဟုတ် စာကပညတ်၊ တရားက ပရမတ်၊ ပရမတ်ကို မသိလျှင် ပညတ်က ဖိထားမည်၊ ပညတ်ကို မြင်နိုင်၏၊ ပရမတ်ကို မမြင်နိုင်၊ မြင်နိုင်တာက မရှိ၊ မမြင်နိုင်တာက ရှိ၏၊ ရှိတာကိုမမြင်၊ မရှိတာကို မြင်၏၊ လူတိုင်း လူတိုင်း မရှိသော ပညတ်နှင့် အချိန်ကုန် ခံနေကြ၏။ အမှန်ရှိသော ပရမတ်ကို ထုတ်ဖော်၍ ပြောသူမရှိ၊ ထို့ကြောင့် ပရမတ်ကို ထုတ်ဖော်၍ ပြခဲ့သော ဗုဒ္ဓ၏ တရားနှင့် တဖြည်းဖြည်း ဝေးလေ၏။
  • ဤအဆင့်ကို နားမလည်လျှင်၊ သဘောမပေါက်လျှင် အပင်ပန်းမခံနှင့်၊ သဘောပေါက်အောင် ဆရာကောင်းကို ချဉ်းကပ်၍ ဉာဏ်နား ဉာဏ်မျက်စိကို ဖွင့်၍ကြည့်မှ အမှားအမှန်ကို မြင်နိုင်သည်။


"ပါရမီရှိသူတိုင်း လေ့လာဖတ်ရှု ကူးယူပွားများနိုင်ကြပါစေ"

ဆရာကြီး ဦးသာထွန်းလှ ဆရာမကြီး ဒေါ်သောင်းရင်
သား မောင်ဉာဏ်လင်းထွန်း ဓမ္မဒါန
ကျောက်ခုတ်ရွာ၊ မင်းပြားမြို့နယ်။ 


တစ်နေ့က ကျွန်တော့်ထံသို့ အမျိုးသားတစ်ဦး ရောက်လာ၏။ သူ့ကိုယ်သူ မိတ်ဆက်၏။ ရန်ကုန်တက္ကသိုလ်မှ ဘွဲ့ရခဲ့သူဖြစ်ကြောင်းနှင့် သမဆိုင် မန်နေဂျာအဖြစ် ဆောင်ရွက်ခဲ့ဖူးကြောင်းလည်း ထည့်သွင်းပြောကြား၏။ ကျွန်ုပ်ကိုလည်း အမည်နာမ၊ နေရပ်လိပ်စာ၊ အသက် စသည်တို့ မေးမြန်း၏။ အတန်ကြာ စကားစမြည် ပြောဆိုပြီးနောက် အဆိုပါ ပုဂ္ဂိုလ်က ကျွန်ုပ်အား ဘုရားဆင်းတုတော်တစ်ဆူအား ဖူးမြော်ရန်အတွက် ဖိတ်ခေါ်၏။ တန်ခိုးကြီး ဆင်းတုတော်ဖြစ်ကြောင်းနှင့် ဆုတောင်းပြည့်ကြောင်း၊ ရှားပါးရှေးဟောင်း ဆင်းတုတော်ဖြစ်ကြောင်း ပြောပြလေ၏။ သူ၏ အပြောအရ အဆိုပါ ဆင်းတုတော်သည် ဘုန်းတော်ကြီးကျောင်းတစ်ခုတွင် ရှိ၏။ အခန်းတစ်ခုထဲတွင် ထိန်းသိမ်းထားသည်ဟု သိရ၏။ ကျွန်တော်လည်း သူပြောသမျှကို နားထောင်ရင်း ဤသူသည် အဘယ့်ကြောင့်များ ကျွန်ုပ်ထံသို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာရသလဲဟူသည့် မေးခွန်းကို ကိုယ့်ဘာသာကိုယ် ဖြေကြည့်နေမိ၏။ သူကလည်း သူ့ကို မယုံမကြည် ဖြစ်နေမှာစိုးသည့်အတွက်လား၊ သို့တည်းမဟုတ် အခြားအကြောင်းကြောင့်လား မသိ၊ သူ၏ မှတ်ပုံတင်ကိုပါ ထုတ်ပြ၏။ ကျွန်ုပ်အနေဖြင့် ရဲလည်းမဟုတ်၊ လ၀ကလည်းမဟုတ်ပါဘဲ ကြည့်ချင်ယောင် ဆောင်လိုက်ရ၏။ အချုပ်ပြောရလျှင် သူက ဘုရားဖူးရန် ဖိတ်၏၊ ကျွန်ုပ်ကလည်း လက်ခံလိုက်ပါ၏။ နောက်တစ်နေ့ နေ့ခင်းပိုင်းတွင် လာခေါ်မည်ဟုဆိုကာ သူပြန်သွား၏။ နောက်တစ်နေ့တွင် ကျွန်ုပ်ပြင်ဆင်၍ သူ့ကို စောင့်နေ၏။ သူပေါ်မလာချေ။ မလာဖြစ်တော့ဟုသာ စိတ်မှာ မှတ်ထားလိုက်၏။ ညနေပိုင်းရောက်သောအခါ ထိုသူ ပေါ်လာပြန်၏။ မနေ့က မလာဖြစ်သဖြင့် တောင်းပန်၏။ ထို့နောက် ဘုရားဖူးရန် ခေါ်ပြန်၏။ သူလာသည့်အချိန်က ကျွန်ုပ်အနေဖြင့် အလုပ်များနေသဖြင့် မလိုက်နိုင်သေးကြောင်း ပြောလိုက်၏။ သူကလည်း နက်ဖြန်နေ့လည် လာခေါ်မည့်အကြောင်း ပြောလေ၏။ ထို့နောက် သူ၏ လွယ်အိတ်ထဲမှ စာရွက်တစ်ရွက် ထုတ်လိုက်၏။ ခင်ဗျားနဲ့ ကျွန်တော်နဲ့က ပဋ္ဌာန်းဆက်ပါတယ်နဲ့ တူပါတယ်ဟု ကျွန်တော်နားမလည်သော စကားများကိုလည်း ပြောပြန်၏။ ဘာမျှ ပြန်မပြောဘဲ နားထောင်နေမိ၏။ ထို့နောက် သူပြသော စာရွက်ကို ကြည့်ခိုင်းပါ၏။ ဓမ္မဒါန စာရွက်တစ်ခု ဖြစ်ပါ၏။ ကျွန်တော့်ကို အဆိုပါစာရွက်ပေး၍ ဖတ်ကြည့်ပါ၊ သူနက်ဖြန်မှ ပြန်ယူပါမည်ဟု ပြောလေ၏။ ကျွန်ုပ်လည်း ဘာမျှမပြောဘဲ ယူထားလိုက်ပါ၏။ ထို့နောက် သူပြန်သွား၏။ ကျွန်ုပ်အနေဖြင့် ထိုစာရွက်ကို သာမန်ကာလျှံကာသာ ဖတ်ဖြစ်၏။ စားပွဲပေါ်တွင် ဒီအတိုင်း တင်ထားလိုက်၏။ စောစောက စားပွဲပေါ်မှ ပစ္စည်းပစ္စယများကို ရှင်းလင်းရင်း အဆိုပါ စာရွက်ကို ကောက်ဖတ်မိ၏။ စိတ်ဝင်စားစရာ ကောင်းပါ၏။ ဘာအဓိပ္ပါယ်နှင့် ဤစာရွက်ကို ဖတ်ခိုင်းရသလဲ ဆိုတာကိုလည်း မစဉ်းစားနိုင် ဖြစ်မိ၏။ အဆိုပါ စာရွက်တွင် ပါသည်များကား အထက်တွင် ကျွန်တော်တင်ပြခဲ့သည်များ ဖြစ်ကြချေ၏။ ယနေ့လည်း အဆိုပါပုဂ္ဂိုလ်အား ကျွန်ုပ် စောင့်ဆိုင်းလျက် ရှိပါသည်။ သူနှင့်အတူ ဘုရားဆင်းတုတော်အား လိုက်လံဖူးမြော်ပါဦးမည်။ ထို့နောက် အဆိုပါ ဆင်းတုတော်၏ ပုံတော်အား ဓာတ်ပုံရိုက်ယူ၍ တင်ပြပါမည်။

 
Web Statistics