Friday, August 24, 2012

ပညာဟူသည် မြတ်ရွှေအိုး - ဒေါက်တာ မြင့်မြင့်ခင်


- - - - - - - 
အဲဒီလို ကံကြမ္မာဆိုးကြီးကို ကြုံလိုက်ရလို့ နစ်နာမှုတွေ နာကြည်းရမှုတွေ မပြောချင်လောက်အောင် များခဲ့ပေမယ့် အဆိုးဝါးဆုံး တစ်ခုကတော့ ပညာရေးစနစ်ကို အဖတ်ဆယ်မရလောက်အောင် ဖျက်ဆီးပစ်ခဲ့ခြင်းပဲ ဖြစ်တယ်။ ဒါကတော့ "အမှောင်ခေတ်" လူတွေအတွက်မကဘဲ နောင်လာနောက်သား လူငယ်တွေရဲ့ အနာဂတ်၊ တိုင်းပြည်ရဲ့ အနာဂတ်ကိုပါ အကြီးအကျယ် ထိခိုက်စေတဲ့ ရာဇ၀တ်မှုကို ကျူးလွန်လိုက်တာလို့ ခေါ်နိုင်ပါတယ်။

- - - - - 
ဒါပေမယ့် ကျွန်မအမြင်မှာတော့ ပညာဆိုတာ ကျောင်းပြီးသူတစ်ယောက်ဟာ ကျောင်းပြီးပြီးချင်း တကယ့်ဘ၀ လက်တွေ့ဘ၀ကို တန်းဝင်သွားနိုင်ပြီး အဲဒီမှာ ကြုံဆုံရမယ့် ပြဿနာပေါင်းကို ကောင်းကောင်း ရင်ဆိုင်နိုင်ပြီး ချောချောမွေ့မွေ့ လုပ်တတ်ကိုင်တတ် ရှိရမယ်။ ဒီအခြေအနေမျိုးရောက်အောင် တိုင်းပြည်ရဲ့ ပညာရေးစနစ်က တာဝန်ယူရမယ်။ အခု ပညာရေးစနစ်က ဒီလိုအခြေမျိုးကို လုံးဝ လုံးဝ မပေးနိုင်ပါဘူး။ ဒါကို ကျောင်းထွက်ပြီးပြီးချင်း လူတွေကို အသုံးပြုရသူတွေ အသိဆုံးပါ။ အလုပ်လာလျှောက်လို့ လူရွေးပွဲကို (အင်တာဗျူး) တစ်ခါလောက် ၀င်မေးကြည့်စမ်းပါ။ ဘာကိုဆိုတာလဲဆိုတာ သိလာပါလိမ့်မယ်။ အားလုံးကို ကျောင်းက ထုလုပ်ပေးထားတဲ့ ပုံစံကတော့ အဖြည့်ခံတွေချည်း ဖြစ်နေပါတယ်။ အလွတ် ကျက်ထားတာ (အင်တာဗျူးအတွက် အလွတ်ကျက်စရာလည်း ရှိသတဲ့) မပါလျှင်တော့ ကြောင်တောင်တောင် ကြည့်နေတော့မှာပဲ။ ကမ္ဘာ့ရေးရာ စတဲ့ ဗဟုသုတမျိုးကို မေးမယ် မကြံနဲ့။ မေးသူရော ဖြေရမယ့်သူရော အလွန် စိတ်ဓာတ်ကျသွားပါလိမ့်မယ်။ လက်ရှိ ပညာရေးစနစ်က ၂ နဲ့ ၂ ပေါင်းလို့ ၄ မဖြစ်တဲ့ လူတွေကို မွေးထုတ်ပေးနေတာပါ။

- - - - -
ကျွန်မကို တစ်နေ့က နိုင်ငံခြားရေဒီယို အဖွဲ့တစ်ဖွဲ့က အင်တာဗျူးလုပ်တယ်။ "ဆရာမကြီးက ပညာရေးစနစ်မျိုးစုံကို တွေ့ခဲ့သူဆိုတော့ ဘယ်စနစ်ကို အကြိုက်ဆုံးလဲ" တဲ့၊ ကျွန်မက "ကိုလိုနီပညာရေးစနစ်ကို အကြိုက်ဆုံး" လို့ ဖြေလိုက်တယ်။ "ဘာကြောင့်လဲ" လို့ ဆက်မေးတယ်။ "အဲဒီစနစ်က ကျွန်မဦးနှောက်ကို သုံးခွင့်ပြုလို့" လို့ ပြန်ဖြေလိုက်ပါတယ်။ ကိုလိုနီစနစ်က ကျွန်မ သင်ခဲ့ရတဲ့ စနစ်ပါ။ အကြိုက်ဆုံးလို့ ပြောတာပါ။ အကောင်းဆုံးလို့ မဆိုလိုပါဘူး။ အခုခေတ် မဆလခေတ်မှာ အစပြုတဲ့ ပညာရေးစနစ်ကိုတော့ ကျွန်မက အတိုကောက် "ဒီလို ပညာရေး" လို့ အမည် မှည့်ပေးလိုက်ပါတယ်။ "ဒီလို သင်မယ် ဒီလိုကျက်၊ ဒီလို မေးမယ် ဒီလိုဖြေ၊ ဒီလိုအောင်"။

- - - - - - -
မြန်မာ့ပညာရေးဟာ ဘာကြောင့် ဒီလောက် နုံချာနေတဲ့ အကြောင်းကို ဆန်းစစ်မယ်ဆိုလျှင် တွေ့ရတာက စာသင်ရာမှာ နှုတ်တိုက် အာဂုံဆောင်ခြင်းကို တရားလွန် အားပေးနေတာက ပညာရေးစနစ်ရဲ့ အဆိုးဝါးဆုံးသော အမည်းမှတ်ကြီး ဖြစ်တယ်။ ဒီအာဂုံဆောင်ခြင်း ဆိုတာက ဟိုရှေးပဝေသဏီကတည်းက တရုတ်ပြည်က မင်းဆက်တွေက ပြုလုပ်ခဲ့တဲ့ အရာရှိစာမေးပွဲက စခဲ့တာပါ။ အာရှတစ်ခွင် ပျံ့နှံ့သွားခဲ့လို့ အခုတိုင် ကျင့်သုံးနေတဲ့ အကျင့်ဆိုးတစ်မျိုး ဖြစ်တယ်။ ဒီစနစ်ကို တိုးတက်တဲ့ အိမ်နီးနားချင်း အာရှတိုင်းပြည်တွေက စွန့်ပစ်ခဲ့ပြီး ခေတ်မီ သင်ကြားရေးစနစ်နဲ့ အစားထိုးခဲ့ပေမယ့် မြန်မာမှာတော့ ရှိနေသေးရုံမကသေးဘူး ပိုပြီး ပြင်းပြင်းထန်ထန် တရားလွန် တရားမဲ့ ကျင့်သုံးနေကြတာ။ အချိန်အားဖြင့်ကတော့ မဆလခေတ်က စတယ်လို့ ပြောနိုင်မယ် ထင်ပါတယ်။ တဖြည်းဖြည်း ဆိုးသထက် ဆိုးလာလိုက်တာ အခုလို အထက်က ပုံစံလို ယုံကြည်နိုင်ဖွယ်ရာ အရုပ်ဆိုးလွန်းလှတဲ့ ပုံပျက်ကြီး ဖြစ်လာရတာ။

ပညာရေးစနစ်ဖြစ်စေ သင်တန်းတစ်ခုဖြစ်စေ သူ့ရဲ့ သင်ရိုးညွှန်းတမ်းနဲ့ သင်ရိုးမာတိကာကို လေ့လာလျှင် ဘယ်လိုရည်မှန်းချက်ကို ဦးတည်နေတယ်ဆိုတာ ခန့်မှန်းလို့ ရနိုင်ပါတယ်။ စင်စစ်မှာတော့ သင်ကြားရမယ့် အဓိကကဏ္ဍတွေက အသိပညာ (knowledge) အတတ် (skill) နဲ့ သဘောထားခံယူချက် (attitude) တို့ ဖြစ်ပါတယ်။ ဒီအပိုင်း သုံးပိုင်းဟာ မျှတမှု ရှိရပါမယ်။ မြန်မာ့ပညာရေးစနစ်ကတော့ ပထမပိုင်းကိုသာ တာစူပြီး အဓိပ္ပါယ်မရှိစွာ ဖိလုပ်နေပြီး အခြားကဏ္ဍနှစ်ခုကိုတော့ လုံးဝ ပစ်ပယ်ထားတာ။ အသိပညာ (knowledge) ဆိုတာမှာလည်း မြန်မာကျောင်းတွေက သင်ပေးတဲ့ အသိပညာက အောက်ဆုံးအဆင့်ပါ။ အလွတ်ကျက်ထားတာကို ပြန်အံထုတ်တာ (factual recall)။ ဒါထက် အဆင့်မြင့်တဲ့ ရရှိထားတဲ့ အချက်တွေကိုပဲ အခြား အသိတွေနဲ့ ပေါင်းစပ်ပြီး ဆင်ခြင်မှုဆိုတဲ့ အပိုင်းမျိုး မပါပါဘူး။ (factual recall) ကတော့ အနှစ်သာရ မပါတဲ့ အသိမျိုးပါ။

ဒါ့ပြင် ကျက်မှတ်သူ ကျောင်းသားတွေကလည်း ဒါတွေကို ဦးနှောက်ထဲ ကြာကြာ မထားပါဘူး။ မေ့သွားတာပါပဲ။ နောက်ဆုံးတော့ ဘာမှ မကျန်တော့ပါဘူး။ ဒီလို ဗလာ ပညာရေးပါ။ အတန်းတင် စာစစ် စာမေးပွဲကြီးတို့မှာလည်း အထက်က ပြောခဲ့တဲ့ "ဒီလိုမေးမယ် ဒီလိုဖြေ" ဆိုတော့ ကျက်အားကောင်းဖို့ပဲ လိုတာ။

- - - - - -
ဒီလောက် ဆိုးလွန်းလှတဲ့ အခြေအနေကိုရောက်အောင် ပို့ပေးလိုက်တဲ့ အကြောင်းတွေ၊ လူတွေ၊ တရားခံတွေက ဘာတွေလဲ၊ ဘယ်သူတွေလဲ။

၁။ ပထမတရားခံကတော့ စနစ်နဲ့ ဒီစနစ်ရဲ့ ဖန်တီးရှင် အစိုးရ။
အရေးပါပုံမှာ တစ်ဆင့်နိမ့်ပေမယ့် နောက် ထည့်သွင်း စဉ်းစားရမှာတွေကတော့ -
၂။ စနစ်အတွင်းက လူတွေဖြစ်မယ်၊ ဆရာ၊ ကျောင်းသားနဲ့ အခြား အာဏာရှိ ပုဂ္ဂိုလ်များ။ နောက်ဆုံးကတော့ အလွန်အရေးကြီးပြီး အခုခေတ် မြန်မာမှာ ရစရာ မရှိအောင် ပျက်စီးယိုယွင်းသွားပြီဖြစ်တဲ့
၃။ ကောင်းသော စာသင်ဝန်းကျင် (learning environment) ဖြစ်တယ်။

၁။ အချိန်အားဖြင့် ပြောရလျှင်တော့ စနစ်ပျက်စီးတာက စစ်အစိုးရက စတာပဲ၊ အထူးသဖြင့် မဆလခေတ်ပေါ့။ ဆိုရှယ်လစ် ပညာရေးဆိုတာက ခေတ်နောက်ကျတဲ့ ပညာရေးဆိုတာ အခုတော့ အထူးပြောနေစရာ မလိုတဲ့ အဖြစ်ပါ။ ကမ္ဘာသိ လူတိုင်း အသိပါ။ ဒီထဲ တိုင်းပြည်ကို ဘယ်သူမှ ပြင်ပကို မထွက်နိုင်အောင် ပိတ်ထားလိုက်တော့ ဘယ်လိုမှ တိုးတက်ရာ တိုးတက်ကြောင်းက မရှိတော့ဘူး။ ဆရာတွေလည်း ပြင်ပမှာ ဘာဖြစ်နေတယ်ဆိုတာ မသိရဘူး။ ကြာတော့ အကုန်လုံး ပုံတုံးပုံအတွေ ဖြစ်ကုန်ကြတာ။ ခေတ်အလိုက် ပြုပြင်စရာတွေ အသစ်ဖန်တီးစရာတွေ မလုပ်နိုင်ခဲ့ဘူး။ စိတ်ပျက်လက်ပျက်ဖြစ်ပြီး စိတ်ဓာတ် (morale) ကျတာမို့ လက်လျှော့လိုက်ကြတယ်။ ဘာကိုမှ ဆက်မလုပ်ချင်တော့ဘဲ "အဟောသိကံ ဒဿန" မလုပ် မရှုပ် မပြုတ်ကိုပဲ လက်ခံလိုက်တယ်။ နည်းနည်း စိတ်ဓာတ်ကြွသူ၊ အသက်ငယ်သူတွေ ပြင်ပမှာ ဆွေမျိုးစတဲ့ အဆက်အနွယ် ရှိသူတွေကတော့ ထွက်သွားကြတာပဲ။ သူတို့တချို့လည်း အထူး အောင်မြင်ကြပါတယ်။ ကျွန်မရဲ့ ကျောင်းသားတွေထဲမှာ ဒီလို ပြင်ပရောက်ပြီး ထူးချွန်စွာ အောင်မြင်သူတွေကို ထောက်ပြနိုင်ပါတယ်။

၁၉၉၀ နောက်ပိုင်း အထူးသဖြင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ မရှိဘဲ စစ်ဘက်သက်သက်က အုပ်ချုပ်တဲ့ အစိုးရ (stratocracy) မှာတော့ ပညာရေးစနစ် မည်မည်ရရ မရှိပါဘူး။ ယခင်ရှိတဲ့အတိုင်း ဆက်စေခဲ့တယ်။ ခေတ်မှ တောင်းဆိုလာတဲ့ တိုးတက်မှု ပြုပြင်ပြောင်းလဲမှု ဆိုတာတွေကို စဉ်းစားမပေးနိုင်ပါဘူး။ ရပ်ဆိုင်းနေရတဲ့ ကာလကလည်း မနည်းဘူး။ ပေါင်း အနှစ် ၂၀ ကျော် ကြာသွားတယ်။ ကျွန်မ အခုပြောနေတဲ့ သင်ကြားရေးဝန်ကျင်ဆိုတာနဲ့ တိုက်ရိုက်ပတ်သက်နေတဲ့ အရေးပါတဲ့ ဥပမာတစ်ခု ပြပါမယ်။ ကျောင်းသားတွေ အထူးသဖြင့် တက္ကသိုလ် ကျောင်းသားတွေဟာ ဆူပူသောင်းကျန်းမှုမှာ ရှေ့တန်းက ပါနေတာကို တားမြစ်ချင်တာနဲ့ ကျောင်းသားတွေကို လူစုခွဲချင်တဲ့ သဘောနဲ့ ကောလိပ်တွေ တက္ကသိုလ်တွေကိုလည်း ပထ၀ီ ရေမြေခြားအောင် လုပ်ပစ်တယ်။ ကျောင်းသားတွေ၊ မိဘတွေ၊ ဘယ်သူတွေ ဘာဖြစ်မယ်ဆိုတာ ထည့်တွက်တာ မဟုတ်ဘူး။ ဒီတော့ ကျောင်းသားတွေဟာ ကျောင်းသားရဲ့ ဂုဏ်သိက္ခာနဲ့ လျော်ညီစွာ မနေနိုင်တော့ဘူး။ အဲဒီအရွယ်ဆိုတာက အနာဂတ်ဘ၀အတွက် ပြင်ဆင်နေရတဲ့ အချိန်ကာလ ဖြစ်တယ်။ စာမေးပွဲအတွက် သိစရာ အကြောင်းအချက်အလက်တွေကို မြိုချနေရုံနဲ့ မပြီးပါဘူး။ လူမှုရေး လူမှုဆက်ဆံရေး လူနေမှုဘ၀နဲ့ နှီးနွယ်နေတဲ့ အတတ်အသိ အတွေ့အကြုံတွေ ဆည်းပူးရမယ့် အချိန်ကာလပါ။ ဘ၀ထက်ဆုံး ခင်မင်ရင်းနှီး တန်ဖိုးထားတဲ့ မိတ်ဆွေတွေကို ဒီအချိန်မှာ တွေ့ကြရတာပါ။

(ပြည်သူ့ခေတ်ဂျာနယ်၊ အတွဲ-၃၊ အမှတ်-၁၀၈ မှ ပြန်လည်ထုတ်နုတ်ကူးယူဖော်ပြပါသည်။)

ကျွန်တော့်စာကြွင်း
အစအဆုံးရေးပြီး တင်ပေးချင်တာပါ။ အချိန်အခက်အခဲကြောင့်  ဘယ်လိုမှ စာရိုက်ဖို့ အဆင်မပြေတဲ့အတွက် ထုတ်နုတ်တင်ပြလိုက်ပါတယ်။ ဆရာမကြီးရဲ့ အရေးအသား ပြောင်မြောက်မှုတွေကို ဖတ်ပြီးတော့ ကြက်သီးတောင် ထမိပါတယ်။ ဆရာမကြီးရဲ့ အသက်အရွယ်မှာ ကျွန်တော်ကိုဉာဏ် ဒီလို ပညာမာန၊ ဒီလိုပညာမာန်၊ ဒီလိုပညာသံတွေ ရှိနိုင်ပါ့မလားလို့ တွေးကြည့်နေမိပါတယ်။ တိုင်းပြည်အတွက် ယူကျုံးမရဖြစ်နေတဲ့ အသံတွေနဲ့ ဆရာမကြီးရဲ့ စကားလုံးအချို့ကို ဘလော့ဂ်မိတ်ဆွေတွေ တွေးဆဆင်ခြင်နိုင်အောင် ပြန်လည်ဝေမျှလိုက်ပါတယ်။

1 comment:

  1. i had been through in Socialist Sys and education.
    but it was better than the period 1988 to now.
    Very sorry for our generation! what can we do?

    ReplyDelete

 
Web Statistics