Showing posts with label news. Show all posts
Showing posts with label news. Show all posts

Sunday, March 29, 2015

ရင်နာစေတဲ့ ဓာတ်ပုံတစ်ပုံ



အသက် ၄ နှစ် အရွယ်သာရှိသေးတဲ့ ဆီးရီးယားကလေးငယ်တစ်ဦးပါ။ ဓာတ်ပုံသတင်းထောက်တစ်ဦးက သူ့ကို ဓာတ်ပုံရိုက်ဖို့အတွက် အနားကပ်သွားပြီး ကင်မရာနဲ့ ချိန်လိုက်တဲ့အခါ အခုဓာတ်ပုံထဲမှာ မြင်ရတဲ့အတိုင်း သူ့လက်ကလေးတွေကို ခေါင်းပေါ်တင်ပြီး လက်မြောက်လိုက်ပါတယ်တဲ့။ သူ့စိတ်ထဲမှာ ကင်မရာကို လက်နက်တစ်ခုခုလို့ ထင်မှတ်သွားပုံရပါတယ်။ နေ့စဉ်နဲ့အမျှ သေနတ်သံ ဗုံးသံတွေကြားမှာ ရှင်သန်ကြီးပြင်း နေထိုင်နေရတဲ့ ကလေးငယ်တစ်ဦးရဲ့ စိတ်ထဲမှာ ဘာတွေများ ခံစားနေရပါလိမ့်။ သူ့ကိုချိန်ထားတဲ့ ကင်မရာကို သေနတ်ထင်မှတ်ပြီး သူ့ကို နာကျင်အောင်မလုပ်ဖို့၊ မပစ်ဖို့၊ မသတ်ဖို့ တောင်းပန်တိုးလျှိုး အညံ့ခံနေတဲ့ အသနားခံနေတဲ့ မျက်ဝန်းလေးတွေကို မြင်ရတာ ကျွန်တော်တို့ရင်ကို နာကျင်စေပါတယ်။ စစ်ပွဲတွေကြောင့် အပြစ်မဲ့တဲ့ ဖြူစင်တဲ့ ကလေးငယ်ပေါင်း ဘယ်လောက်များများ အခုလိုမျိုး ခံစားနေကြရသလဲဆိုတာ ကျွန်တော်တို့တွေ စဉ်းစားသင့်ကြပါပြီ။ လူလားမမြောက်သေးတဲ့ ကလေးငယ်တွေရဲ့ စိတ်ထဲမှာ အနာတရ ဖြစ်နေတာ၊ အရာရာကို မလုံခြုံဘူးလို့ ခံစားနေရတာတွေဟာ ကျွန်တော်တို့ လူ့လောကကြီးအတွက် ကောင်းမွန်တဲ့အရာ မဟုတ်ဘူးလို့ ထင်မြင်မိပါတယ်။ ကမ္ဘာပေါ်က စစ်ပွဲတွေ လျှော့ပါးပါစေ၊ ပပျောက်ပါစေ....။ ကလေးငယ်လေးတွေအားလုံး လွတ်လွတ်လပ်လပ် အေးအေးချမ်းချမ်း ပျော်ပျော်ရွှင်ရွှင်နဲ့ ရှင်သန်ကြီးထွားနိုင်ကြပါစေ။

Thursday, September 05, 2013

ကျွန်တော်တွေးမြင်သမျှ ဆီးရီးယားအကြောင်း


ခင်မင်တဲ့ သူငယ်ချင်းအချို့ တိုက်တွန်းတဲ့အတွက် ဒီပို့စ်ကို ရေးသားရခြင်းဖြစ်ကြောင်း ဦးစွာဝန်ခံလိုပါသည်။ နိုင်ငံတကာသတင်းများကို အင်တာနက်ရှိ မြန်မာစာမျက်နှာ အများစု၌ ဖတ်ရှုနိုင်သည်ဖြစ်ရာ အများအားဖြင့် ရေးသားလေ့မရှိပါ။ သို့သော် သူငယ်ချင်းများမေးသည့် မေးခွန်းအချို့က ပို့စ်ရေးရန် လုံလောက်သည့် အကြောင်းပြချက် ဖြစ်သည်ဟု ခံယူသဖြင့် ဤစာကို ရေးပါသည်။ သူငယ်ချင်းများ ကျေနပ်ကြပါကုန်။ :D

ပြီးခဲ့တဲ့လအတွင်း ဆီးရီးယားအစိုးရက အရပ်သားတွေကို ဓာတုလက်နက်တွေ အသုံးပြုပြီး တိုက်ခိုက်ခဲ့တယ်လို့ အနောက်နိုင်ငံတွေက စွပ်စွဲကြတယ်။ နိုင်ငံတကာ မီဒီယာတွေမှာလည်း အဲဒါနဲ့ ပတ်သက်တဲ့ ပြကွက်တွေကို ထပ်ခါထပ်ခါ ထုတ်လွှင့်ပြသတယ်။ ကိုယ်လိုရာကို ဆွဲနိုင်ဖို့အတွက် ပြလို့ကောင်းမယ့် အခင်းအကျင်းတွေကို ရွေးချယ်ပြသတတ်တာ အနောက်မီဒီယာတွေရဲ့ ကျွမ်းကျင်မှုပါပဲ။ ကလေးတွေ ငိုယိုပြီး ပြေးလွှားနေတာ၊ ကလေးသူငယ်တွေ အတုံးအရုံး ဆန့်ငင်ဆန့်ငင် ဖြစ်နေကြတာ၊ ဒဏ်ရာရတဲ့ လူတွေထဲကမှ သွေးတရွှဲရွှဲနဲ့လူတွေကို ဟိုချီဒီထမ်းလုပ်ပြီး ပြေးလွှားကြတာ စသည်ဖြင့်ပေါ့။

အမေရိကန်အစိုးရက အာဆတ်အစိုးရကို စစ်ရေးအရ အပြစ်ပေးမှ ရတော့မယ်လို့ သုံးသပ်တယ်။ ဓာတုလက်နက်တွေ သုံးတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ပေါ့။ အီရတ်အဖြစ်အပျက်ကို တကျော့ပြန် တွေးမိသွားစေတယ်။ အဲဒီတုန်းကလည်း သတင်းအတိအကျ ပြောတာပါပဲ။ ဖျက်အားပြင်း အစုလိုက် အပြုံလိုက် သေစေနိုင်တဲ့ လက်နက်တွေ အီရတ်နိုင်ငံ ဘယ်နေရာမှာ ရှိတယ်ဆိုပြီးတော့ပေါ့။

ဗြိတိန်ဝန်ကြီးချုပ်က အမေရိကန်နဲ့အတူ စစ်တိုက်ချင်တယ်။ ဒါပေမယ့် လွှတ်တော်မှာ မဲခွဲတော့ ၀န်ကြီးချုပ် ရှုံးသွားတယ်။ အဲဒီအတွက် ဆီးရီးယားကိုတိုက်ရင် ဗြိတိန် မပါနိုင်တော့ဘူး။ ၀န်ကြီးချုပ် ကင်မရွန်း အတော်ကြီးကို အထိနာသွားတယ်။ လူငယ်ပြော ပြောရရင် အောက်သွားတယ်ပေါ့ဗျာ။ ဗြိတိန်ကာကွယ်ရေး ၀န်ကြီးကလည်း စစ်တိုက်မယ့်ကိစ္စကို လွှတ်တော်ကို တင်ရမလားဆိုပြီး ကင်မရွန်းကို အတော်ဖုသွားတယ်။

ဗြိတိန်က အဲဒီလိုဖြစ်သွားတော့ အိုဘားမား တစ်ချက်တွေသွားတယ်။ အမေရိကန်နိုင်ငံရဲ့ အခြေခံဥပဒေအရ ကွန်ဂရက်က သဘောတူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ သမ္မတမှာ စစ်တိုက်ခွင့် ရှိတယ်။ ဒါပေမယ့် အိုဘားမားက နိုင်ငံရေးပါးဝတယ်။ နိုင်ငံတကာကလည်း မထောက်ခံ၊ သူ့နိုင်ငံကလည်း မထောက်ခံတာမျိုး အဖြစ်မခံဘူး။ နိုင်ငံတကာပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ သူကတော့ တိုက်မှာပဲ၊ တိုက်မှာပဲ ဆိုပြီးတော့ ဆုံးဖြတ်ထားပြီးသား။ ခက်တာက ဆီးရီးယားဘက်ကနေ ရုရှားက အပြည့်အ၀ ရှိနေတာပဲ။ အဲဒီပြဿနာက အရေးအကြီးဆုံး။ အခြေအနေက ထိလွယ်ရှလွယ်။ အဲဒီတော့ ကွန်ဂရက်ရဲ့ ထောက်ခံချက်နဲ့ တိုက်ပါတယ်ဆိုတဲ့ အခြေအနေမျိုးရောက်အောင် အိုဘားမား ပြင်ဆင်တယ်။

ရုရှားသမ္မတ ပူတင်ကတော့ ပြတ်သားတယ်။ ဆီးရီးယားကို စစ်ရေးအရ ဖြေရှင်းမှာကို သူမလိုလားဘူး။ အထူးသဖြင့် ဓာတုလက်နက်တွေ အသုံးပြုတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို သူက လုံးဝလက်မခံဘူး။ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေး အဖွဲ့တွေရဲ့ တွေ့ရှိချက်တောင် ထွက်မလာသေးဘဲ အမေရိကန်တွေက အတိအကျ ပြောနေကြတာကို ပူတင်က ဟာသလုပ်တယ်။ ပူတင်ကတော့ ပြတ်ပြတ်သားသားပဲ အမေရိကန်က စစ်ရေးအရ တိုက်မှာကို လုံးဝသဘောမတူဘူး။ ဒါပဲ။

အမေရိကန်နဲ့အတူ စစ်တိုက်ချင်တဲ့ ပြင်သစ်ကြီးလည်း လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ရဦးမယ်။ ဘယ်လိုရလဒ် ထွက်လာမယ်ဆိုတာ စိတ်ဝင်စားစရာကောင်းတယ်။ ကျွန်တော့်အထင်တော့ ပြင်သစ်လွှတ်တော်ကလည်း သဘောတူလိမ့်မယ် မထင်ဘူး။ နောက်ဆုံးသိရသမျှကတော့ ပြင်သစ်လွှတ်တော်ဟာ အမေရိကန် ကွန်ဂရက်ရဲ့ ဆီးရီးယားအရေး ဆုံးဖြတ်ချက် အပြီးအပြတ် မထွက်မလာမချင်း သူတို့ရဲ့ မဲခွဲဆုံးဖြတ်မှုကို ဆိုင်းငံ့ထားတယ် ဆိုတာပါပဲ။

ဂျာမနီက အဓိပတိကြီးကလည်း ဆီးရီးယားကိစ္စမှာ ၀င်မပါဘူးလို့ ဒဲ့ပြောတယ်။ လာမယ့်ရွေးကောက်ပွဲမှာ သူနဲ့ ယှဉ်ပြိုင်ရမယ့် အဓိကပြိုင်ဘက်ကလည်း တစ်ထပ်တည်းပဲ။ အဲဒီတော့ ဂျာမနီကလည်း အမေရိကန် လုပ်ချင်ရင် ကြိုက်တာလုပ် သူတို့တော့မပါဘူးပေါ့။

အမြဲတမ်းပုလင်းတူဗူးစို့ ဖြစ်ခဲ့တဲ့လူတွေတောင် အဲဒီလို ဖြစ်နေကြတာ အခြားနိုင်ငံတွေကတော့ ပြောမနေနဲ့တော့။

ကျွန်တော်ဖတ်မိတဲ့ သတင်းတွေထဲက သြစတြေးလျ အတိုက်အခံခေါင်းဆောင် Tony Abbott ပြောတာလေးကို သိပ်သဘောကျတယ်။ သူပြောတာလေးကို ဖတ်ကြည့်ပါဦး။
The Syria conflict is not goodies versus baddies, it is baddies versus baddies.

ကဲ... ဖတ်မိသမျှ ဆီးရီးယားသတင်းတွေကို ပြောပြီးပြီဆိုတော့ ကျွန်တော့်ကို မေးထားတဲ့ အကြောင်းအရာတွေကို ပြောပါရစေ။

ပထမဆုံးမေးခွန်းဖြစ်တဲ့ အမေရိကန်က ဘာဖြစ်လို့ ဆီးရီးယားကို စစ်တိုက်ချင်ရတာလဲ။
ကျွန်တော့်အမြင်ဖြစ်ကြောင်း ဦးစွာတင်ပြလိုပါသည်။ ဟုတ်ကဲ့... အိုဘားမား အစိုးရရဲ့ နိုင်ငံရေးလှည့်ကွက် တစ်ခုအဖြစ် အသုံးချချင်တဲ့အတွက် ဆီးရီးယားဟာ မြေစာပင်ဖြစ်တော့မယ်လို့ ကျွန်တော်ကိုဉာဏ် သုံးသပ်ပါတယ်။ ဘာကြောင့်လဲဆိုတာကို ကျွန်တော်တို့နိုင်ငံမှာ ဖြစ်ခဲ့ဖူးတဲ့၊ အခြားနိုင်ငံတွေမှာလည်း ဖြစ်ခဲ့ဖူးတဲ့ ဖြစ်စဉ်ဖြစ်ရပ်တွေကို နှိုင်းယှဉ်ချိန်ထိုးပြီး စဉ်းစားမိတာမို့ပါ။ အခုအချိန်မှာ အားလုံးဟာ ဆီးရီးယားအရေးနဲ့ နပန်းလုံးနေကြပါတယ်။ အမေရိကန်အစိုးရ အထူးသဖြင့် အိုဘားမား လိုချင်တာလည်း ဒီအချက်ပါပဲ။ ဆီးရီးယားအပေါ်ကို အားလုံးက အာရုံရောက်နေမှသာ အမေရိကန်အပေါ် ကျရောက်နေတဲ့ ဖိအားတွေ သက်သာမှာဖြစ်ပါတယ်။ တစ်နည်းပြောရရင် ဒါဟာ နိုင်ငံရေးလမ်းလွှဲနည်း တစ်ခုပါပဲ။ သာမန်အချိန်မှာသာဆိုရင် ကုလသမဂ္ဂကိုတောင် အမေရိကန်အစိုးရက အလစ်မပေးဘဲ အချက်အလက်တွေ ခိုးယူခဲ့တယ်၊ သူလျှိုလုပ်ခဲ့တယ်ဆိုတဲ့ ကိစ္စရပ်ဟာ တကယ့်ကို ဟိုးလေးတကြော် အရှက်ကွဲမယ့် အဖြစ်ရယ်ပါ။ ထို့အတူပဲ ဥရောပသမဂ္ဂ၊ ဥရောပနိုင်ငံတွေ၊ အမေရိကန်နဲ့ လည်ပင်းဖက်ပြီး ပေါင်းနေကြတဲ့ မဟာမိတ်နိုင်ငံတွေ၊ တောင်အမေရိကတိုက်က စီးပွားဖက်နိုင်ငံတွေ စတဲ့စတဲ့ နိုင်ငံအကုန်လုံးကို အမေရိကန် ထောက်လှမ်းရေးအေဂျင်စီတွေက အချက်အလက်တွေ ခိုးယူစုဆောင်းခဲ့တယ်၊ သူလျှိုလုပ်ခဲ့တယ်ဆိုတာ ဘယ်လောက်များ ကြီးမားလိုက်တဲ့ ဖိအားလည်းဆိုတာ စဉ်းစားသာကြည့်ပါတော့။ ပိုဆိုးတာက NSA ရဲ့ လုပ်ရပ်တွေကို သမ္မတအိုဘားမားကိုယ်တိုင် သိရှိနေခဲ့တာပဲ ဖြစ်ပါတယ်။ သိလျက်နဲ့ မတားခဲ့တာဆိုတော့ ရှင်းရှင်းပြောရရင် သူကိုယ်တိုင် အဲဒီလို လုပ်တာကို လိုလားတယ်၊ အားပေးတယ်၊ သဘောတူတယ်ပေါ့ဗျာ။ ဒီအတွက် အမေရိကန်ကို အားကိုးကြတဲ့၊ အမေရိကန်နဲ့ ပူးပေါင်းကြတဲ့ နိုင်ငံတွေအနေနဲ့ ဘယ်လောက်များ အခံရခက်မလဲ၊ ဘယ်လောက်များ ဒေါသထွက်မလဲ ရှင်းပြစရာ လိုမယ်မထင်ပါဘူး။ အဲဒီလို ဖိအားတွေ ရှိနေချိန်မှာ အချိန်ကိုက်ဆိုသလိုပဲ ဆီးရီးယားမှာ ဓာတုလက်နက်တွေ သုံးတယ်ဆိုပြီး အစိုးရဘက်နဲ့ အတိုက်အခံဘက်က အပြန်အလှန် စွပ်စွဲပြစ်တင်တာတွေ လုပ်လာကြတယ်။ သတင်းစထွက်တာက အတိုက်အခံတွေ ဓာတုလက်နက် သုံးတယ်ဆိုတဲ့ အထောက်အထား တွေ့ရတယ်ဆိုတာပါ။ နောက်ပိုင်းမှာ အမေရိကန်ဝင်ပါလာပြီး အာဆတ်အစိုးရဘက်က ဓာတုလက်နက်နဲ့ နှိမ်နင်းတယ်တွေ ဖြစ်လာတယ်။ ဒီလောက်ဆိုရင် အိုဘားမားအစိုးရရဲ့ ဆီးရီးယားကို တိုက်ချင်တဲ့ရည်ရွယ်ချက်နဲ့ ပတ်သက်တဲ့ ကျွန်တော့်အမြင်ကို ဆ၀ါးနိုင်မယ်လို့ ထင်ပါတယ်။

အမေရိကန်အထက်လွှတ်တော်က ဆီးရီးယားကိုတိုက်ဖို့ သဘောတူလိုက်ပြီဆိုတာ ဟုတ်သလားဆိုတဲ့ ဒုတိယမေးခွန်းနဲ့ ပတ်သက်ပြီး ပြောချင်ပါတယ်။
နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီဟာ ဆီးရီးယားကို စစ်တိုက်မယ့် ကိစ္စနဲ့ ပတ်သက်ပြီး လွှတ်တော်ရဲ့ ကြားနာမှုကို ဖြေရှင်းခဲ့ရပါတယ်။ လွှတ်တော်ကလည်း ပြင်းပြင်းထန်ထန်ပဲ စစ်ဆေးမေးမြန်းတာတွေ၊ ကန့်ကွက်တာတွေ လုပ်ပါတယ်။ ဒါပေမယ့် အိုဘားမားရဲ့ မဖြစ်မနေ စစ်တိုက်ချင်စိတ်ဟာ သူတို့သဘောမတူလည်း တိုက်တော့မယ်ဆိုတာ သိနေပုံပါပဲ။ အဲဒီတော့ အဓိကပါတီကြီး နှစ်ခုလုံးက ကိုယ်စားလှယ်တွေက ဆီးရီးယားကို စစ်တိုက်လို့ရမယ့် ဥပဒေကြမ်းတစ်ခုကို ရေးဆွဲကြပါတယ်။ ဥပဒေကြမ်းရ အမေရိကန်အနေနဲ့ ဆီးရီးယားကို စစ်တိုက်မယ်ဆိုရင် မြေပြင်တပ်တွေနဲ့ တိုက်ခွင့်မရှိပါဘူး။ သဘောကတော့ ဆီးရီးယားနိုင်ငံပိုင်နက်ထဲကို အမေရိကန်တပ်ဖွဲ့တွေ ၀င်ရောက်တပ်စွဲတာတွေ၊ ၀င်ရောက်တိုက်ခိုက်တာတွေ လုပ်လို့မရဘူးလို့ နားလည်ရပါတယ်။ ပြီးတော့ ရက် ၉၀ အတွင်း တိုက်ရမယ်လို့ ကန့်သတ်ထားတယ်လို့လည်း သတင်းတွေမှာ ဖတ်ရပါတယ်။ အဲဒီဥပဒေကြမ်းဟာ ဘယ်လို ဖြစ်လာဦးမလဲဆိုတာ စောင့်ကြည့်ရပါမယ်။

တတိယမေးခွန်းက စိတ်ဝင်စားစရာပါ။ မေးလည်းမေးသင့်ပါတယ်။ ဖြေလည်းဖြေချင်ပါတယ်။ မြန်မာနိုင်ငံကရော အဲဒီလို စစ်တိုက်ချင်ရင် တိုက်လို့မရဘူးလားတဲ့။ သမ္မတဦးသိန်းစိန်မှာ စစ်တိုက်နိုင်တဲ့ ပါဝါရှိသလားတဲ့။
ဒီနေရာမှာ ကျွန်တော်က ဖွဲ့စည်းပုံအခြေခံဥပဒေထဲက ပြဋ္ဌာန်းချက် ပုဒ်မ ၂ ခုကို ထုတ်နုတ်ပြီး တင်ပြချင်ပါတယ်။ စာဖတ်သူများပဲ စဉ်းစားသုံးသပ်ကြပါကုန်။
ပုဒ်မ ၄၂ (က) နိုင်ငံတော်သည် မည်သည့်နိုင်ငံကိုမျှ စတင်ကျူးကျော် တိုက်ခိုက်ခြင်းမပြု။
ပုဒ်မ ၂၁၃ (ဂ) နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက်ဖြင့်သာ စစ်ကြေညာနိုင်သည်၊ စစ်ပြေငြိမ်းနိုင်သည်။

အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၃ ခုနှစ်၊ စက်တင်ဘာလ ၅ ရက်၊ ကြာသပတေးနေ့။
မွန်းလွဲ ၁၂ နာရီ ၁၄ မိနစ်တွင်ပြီး၏။

Friday, July 19, 2013

Azarni Day


The New Light of Myanmar သတင်းစာရဲ့ မျက်နှာဖုံးမှာ ဖော်ပြထားတဲ့ အသုံးအနှုန်းလေးကို သဘောကျလွန်းလို့ ပြန်လည်ဝေမျှပါတယ်။ ကျွန်တော်ကိုဉာဏ် ဘာမျှ မပြောလိုပါ။ ပညာရှင်တို့၏ အရာသာဖြစ်ကြောင်း နှလုံးသွင်းပါသည်။ ပညာရှင်များသာ ဆက်လက်ငြင်းခုန်ကြပါကုန်။ ကျွန်တော့်မိတ်ဆွေ တစ်ယောက်ကတော့ ပြောရှာပါသည်။ R Zarni လို့ မရေးတဲ့အတွက် ကျေးဇူးတင်မဆုံး ဖြစ်ရပါတယ်။ သူပြောသလို R Zarni Day ဆိုရင်တော့ ဥသြမဆွဲဘဲ ×× ညနေခင်းရဲ့ လေပြည်ထဲမှာ ×× မင်းဆံနွယ်တွေ တောင်ပံဖြန့်တဲ့အခါ ×× ပန်းပွင့်လေးတွေ ရှက်သွေးဖြာ ×× ကျေးငှက်ကလေးတွေ တေးမဆိုတော့ပါ ××  စသဖြင့် "ဂန္ထ၀င် ဆည်းဆာ" တွေဘာတွေ တစ်နိုင်ငံလုံး ဟဲနေရပါဦးမယ်။ ပြန်ကြားရေးဝန်ကြီးဌာနက တရားဝင်ထုတ်ဝေတဲ့ သတင်းစာက အရေးအသားဖြစ်တာမို့ နောင်များကြုံကြိုက်လို့ အာဇာနည်နေ့လို့ ရေးစရာရှိရင် Azarni Day လို့ပဲ ရေးပါတော့မယ်။ အားလုံးအတွက် အလွယ်တကူဖြစ်အောင် လုပ်ပေးတဲ့အတွက် ကျေးဇူးပါခင်ဗျား။ :D

Friday, July 12, 2013

နိုင်ငံတကာသတင်းတွေ ပြောပါရစေဦး


လုပ်ချင်တဲ့အလုပ်ကို လုပ်ချင်စိတ်ပေါ်တဲ့အချိန်မှာ လုပ်ခွင့်မရှိခြင်းဟာလည်း ဆင်းရဲခြင်းတစ်မျိုးဆိုတာ တွေးမိတယ်။ အခုရက်ပိုင်း အချိန်အခက်အခဲကြောင့် တင်ချင်တဲ့ပို့စ်တွေ မတင်နိုင်ဘူး၊ စာတွေဖတ်ပြီး သဘောကျတဲ့ဟာတွေ ပြန်ဝေမျှချင်တာ အခွင့်မသာခဲ့ဘူး၊ ရေးချင်တဲ့စာတွေ မရေးနိုင်ခဲ့ဘူး။ စိတ်သွားတိုင်း ကိုယ်မပါနိုင်ဘူးဆိုတာ ဒါမျိုးထင်ပါရဲ့။ ဖြစ်ချင်တော့ အခုရက်ပိုင်းအတွင်း ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေကလည်း များမှများ။ အခုရေးမယ့် အကြောင်းအရာတွေကလည်း အထူးအဆန်းတော့ မဟုတ်ပါလေ။ မိတ်ဆွေတွေအားလုံး သိပြီးကြားပြီး နိုင်ငံတကာသတင်းတွေရယ်ပါ။ ကျွန်တော့်အနေနဲ့ မှတ်တမ်းတစ်ခုအနေနဲ့ ပြန်လည်ရေးသားလိုရင်းက အဓိကပါ။

အက်(ဒ်)၀ပ်စနိုဒန် (သို့မဟုတ်) အိုဘားမားကို မျက်နှာပျက်စေခဲ့သူ
အမေရိကန်ထောက်လှမ်းရေးအဖွဲ့အစည်းတွေရဲ့ လုပ်ငန်းဆိုင်ရာ လျှို့ဝှက်ချက်တွေကို ဖွင့်ထုတ်ခဲ့တဲ့ စနိုဒန်ဆိုတဲ့ လူငယ်တစ်ဦးအကြောင်းက အခုအချိန်ထိ ပြောမဆုံးပေါင် ဖြစ်နေရတုန်းပါပဲ။ တစ်ချိန်က အမေရိကန် အမျိုးသားလုံခြုံရေးအေဂျင်စီ(NSA)ရဲ့ ကန်ထရိုက်တာနဲ့ စီအိုင်အေ၀န်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ စနိုဒန်က အမေရိကန်အစိုးရရဲ့ လျှို့ဝှက်ထောက်လှမ်းရေး အစီအစဉ်တွေနဲ့ ပတ်သက်ပြီး ဖော်ထုတ်ခဲ့တာမို့ အိုဘားမားအစိုးရအတွက် မျက်နှာပျက်စရာ ဖြစ်ခဲ့ရပါတယ်။ အမေရိကန်နိုင်ငံသားတွေ အပါအ၀င် ပြည်ပနိုင်ငံသားတွေရဲ့ ဖုန်းပြောဆိုမှုတွေ၊ အင်တာနက်အသုံးပြုမှုတွေကို တိတ်တဆိတ် ကြားဖြတ်ခိုးယူပြီး အချက်အလက်တွေ စုဆောင်းခဲ့တဲ့ အမေရိကန်အစိုးရရဲ့ လုပ်ရပ်ဟာ စနိုဒန်ကြောင့် ဘူးပေါ်သလို ပေါ်သွားခဲ့ရပါတယ်။ တာဝန်ရှိသူတွေကတော့ အဲဒီလို လျှို့ဝှက်ထောက်လှမ်းခဲ့တဲ့ အစီအစဉ်တွေကြောင့် အကြမ်းဖက်မှု အချို့ကို ကြိုတင်တားဆီးနိုင်ခဲ့တယ်လို့ အကြောင်းပြခဲ့ပါတယ်။ ဒါပေမယ့် ဝေဖန်သူတွေနဲ့ ကန့်ကွက်သူတွေကတော့ အဲဒီလို ကြိုတင်တားဆီးနိုင်ခဲ့တယ်ဆိုတာ ပြောပလောက်တဲ့ ပမာဏမဟုတ်သလို၊ အချက်အလက် ခိုင်မာမှုလည်း မရှိဘူးလို့ ပြောဆိုကြပါတယ်။ စနိုဒန် နောက်ဆုံးမွှေးခဲ့တဲ့ မီးပွားကတော့ အမေရိကန်အစိုးရအနေနဲ့ ဥရောပသမဂ္ဂဌာနချုပ်နဲ့ အမေရိကန် ပြည်ထောင်စုမှာရှိတဲ့ ဥရောပသမဂ္ဂရုံးတွေကို ပစ်မှတ်ထားပြီး အချက်အလက်တွေ လျှို့ဝှက်စုဆောင်းတာ လုပ်ခဲ့တယ်ဆိုတာပါပဲ။ အဲဒီဖွင့်ထုတ်မှုကြောင့် အမေရိကန်နဲ့ အီးယူနိုင်ငံတွေအကြား ဆက်ဆံရေးအက်ကြောင်း ဖြစ်ခဲ့ရပါတယ်။ အိုဘားမားအနေနဲ့လည်း အီးယူခေါင်းဆောင်တွေရဲ့ ယုံကြည်မှုကို ဆုံးရှုံးခဲ့ရပါတယ်။ စနိုဒန်အနေနဲ့ သူ့ရဲ့ဖွင့်ထုတ်မှုတွေကို ဂါးဒီးယန်းသတင်းစာမှာ ဖော်ပြခြင်းမပြုမီ မေလကတည်းက ဟောင်ကောင်ကို ထွက်ခွာသွားခဲ့ပါတယ်။ နောက်တော့ ဟောင်ကောင်ကနေ ရုရှားနိုင်ငံကို လေကြောင်းခရီးနဲ့ ထွက်ခွာခဲ့ပြီး မော်စကိုမြို့က လေဆိပ်တစ်ခုရဲ့ transit ဧရိယာမှာ သောင်တင်နေခဲ့ပါတယ်။ အဲဒီနောက် စနိုဒန်အနေနဲ့ နိုင်ငံပေါင်း ၂၀ ကျော်ထံကို နိုင်ငံရေးခိုလှုံခွင့်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ အချို့နိုင်ငံတွေက ပြတ်ပြတ်သားသား ငြင်းဆန်ခဲ့ကြသလို အချို့ကလည်း စဉ်းစားမှုတွေ ပြုလုပ်လျက်ရှိကြပါတယ်။ ရုရှားသမ္မတ ဗလာဒီမာပူတင်ကတော့ စနိုဒန်အနေနဲ့ လျှို့ဝှက်အချက်အလက်တွေ ဖွင့်ထုတ်တာကို ရပ်ဆိုင်းမယ်ဆိုရင် ရုရှားနိုင်ငံမှာ ဆန္ဒရှိသရွေ့ နေနိုင်ကြောင်း ပြောကြားခဲ့ပါတယ်။ အခုနောက်ဆုံး ဗင်နီဇွဲလားနိုင်ငံကလည်း စနိုဒန်ကို နိုင်ငံရေးခိုလှုံခွင့်ပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ စနိုဒန်အနေနဲ့ အမေရိကန်အစိုးရရဲ့ ဘယ်လိုလျှို့ဝှက်ချက်တွေကို ဆက်လက်ဖွင့်ချသွားမလဲဆိုတာ စိတ်ဝင်စားစရာပါ။ အမေရိကန်အနေနဲ့လည်း စနိုဒန်အရေးကို ဘယ်လိုကိုင်တွယ်မလဲဆိုတာ စောင့်ကြည့်ရမှာပါ။ အခုလောလောဆယ်တော့ အက်(ဒ်)၀ပ်စနိုဒန်ဟာ ပေါ်ပြူလာအဖြစ်ဆုံး သတင်းလူသား ဖြစ်နေဆဲပါပဲ။ စနိုဒန်ဆိုတဲ့ ငှက်ကလေး ဘယ်နိုင်ငံမှာ ခိုနားမလဲ ဆိုတာကတော့.......။

အာရပ်နွေဦး တိမ်ဖုံးချိန်
အီဂျစ်နိုင်ငံမှာ သမ္မတမော်စီကို ရာထူးကဖယ်ရှားလိုက်ပြီး စစ်တပ်က အာဏာသိမ်းခဲ့ပါတယ်။ သမ္မတမော်စီအစိုးရနဲ့ မွတ်စလင်ဘရားသားဟုဒ်ကို မကျေနပ်တဲ့ ဆန္ဒပြမှုတွေ တိုးပွားလာမှုအပေါ် ပြေလည်အောင် ဖြေရှင်းဖို့အတွက် စစ်တပ်က သမ္မတမော်စီကို ၄၈ နာရီ အချိန်ရမယ်လို့ ရာဇသံပေးခဲ့တာပါ။ အဲဒီရာဇသံကို မော်စီက လက်မခံဘဲ ပယ်ချခဲ့ပြီး နိုင်ငံတွင်းအခြေအနေတွေကို သူ့နည်းသူဟန်နဲ့သူ ဖြေရှင်းမယ်လို့ တုံ့ပြန်ခဲ့ပါတယ်။ ဒါပေမယ့် နိုင်ငံအတွင်း ဆန္ဒပြမှုတွေကတော့ လျော့မသွားခဲ့ပါဘူး။ အီဂျစ်စစ်တပ်ကလည်း သူတို့ပေးထားတဲ့ အချိန်ပြည့်တဲ့ရက်မှာပဲ မော်စီကို ရာထူးကနေဖယ်ရှားပြီး ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးရဲ့ အကြီးအကဲကို ကြားဖြတ်သမ္မတအဖြစ် ခန့်အပ်ခဲ့ပါတယ်။ သမ္မတမော်စီနဲ့ အစိုးရခေါင်းဆောင် အချို့ကိုတော့ ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။ ဘန်ကီမွန်းအပါအ၀င် နိုင်ငံတကာခေါင်းဆောင်တွေက အီဂျစ်မှာ စစ်တပ်က အာဏာသိမ်းမှု ပြုလုပ်ခဲ့တာနဲ့ ပတ်သက်ပြီး စိုးရိမ်စကား ပြောကြားခဲ့ကြပါတယ်။ မိုဟာမက်မော်စီဟာ အီဂျစ်ပြည်သူတွေက ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ ပထမဆုံး ရွေးကောက်ခံသမ္မတ ဖြစ်တဲ့အကြောင်း အဓိကထား ပြောဆိုကြပါတယ်။ ဒါပေမယ့် ဘယ်နိုင်ငံကမျှ အီဂျစ်စစ်တပ်ရဲ့ အာဏာသိမ်းမှုဟာ မှားယွင်းကြောင်း ပြစ်တင်ဝေဖန်မှု မပြုကြပါဘူး။ မော်စီကို သမ္မတရာထူးက ဖြုတ်ချပြီး စစ်တပ်က အာဏာသိမ်းခဲ့တဲ့နေ့မှာ အီဂျစ်နိုင်ငံတစ်ဝန်း အောင်ပွဲခံမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ယခုအခါ မော်စီကို စစ်တန်းလျားတစ်ခုမှာ ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ သိရပါတယ်။ မော်စီနဲ့ မွတ်စလင်ဘရားသားဟုဒ်ကို ထောက်ခံသူတွေနဲ့ ဆန့်ကျင်ကန့်ကွက်သူတွေအကြား အပြန်အလှန် တိုက်ခိုက်မှုတွေ ဖြစ်ပွားနေပါတယ်။ ရွေးကောက်ခံ သမ္မတတစ်ဦးကို ရာထူးကဖယ်ရှားပြီး စစ်တပ်က အာဏာသိမ်းတာဟာ ဒီမိုကရေစီ ရှုထောင့်အရ၊ စံနှုန်းအရဆိုရင်တော့ မကောင်းဘူးပေါ့ဗျာ။ သို့သော် အီဂျစ်နိုင်ငံတွင်းမှာ ဖြစ်ပွားနေတဲ့ အခြေအနေတွေဟာ သာမန်ကောက်ချက်ချရုံနဲ့ မလုံလောက်ပါဘူး၊ အပေါ်ယံသုံးသပ်ရုံနဲ့ နားမလည်နိုင်ပါဘူး။ အီဂျစ်စစ်တပ်ဟာ သမိုင်းစဉ်တစ်လျှောက်လုံး အီဂျစ်နိုင်ငံရေးမှာ ပါလာခဲ့တယ်ဆိုတာ ပြန်လေ့လာကြစေလိုပါတယ်။ အခုဖြစ်စဉ်မှာလည်း စစ်တပ်က အာဏာသိမ်းတာထက် မော်စီဆက်ရှိနေရင် ဖြစ်ပေါ်လာမယ့် ပဋိပက္ခနဲ့ မီးပွားက ပိုကြီးနေပြီး စိုးရိမ်စရာ ကောင်းနေတာမို့ ရှုထောင့်နှစ်ခုကြား အားပြိုင်နေကြဆဲပါ။ နိုင်ငံ့အနာဂတ်နဲ့ ဒီမိုကရေစီစံနှုန်း နှစ်ခုအနက် အီဂျစ်စစ်တပ် ရွေးချယ်သွားခဲ့တာက အမှန်တရားလား ဆိုတာကတော့ စောင့်ကြည့်ဖို့လိုပါဦးမယ်...။

ဗုဒ္ဓဂယာနှင့် ခေတ်သစ်မာရ်နတ်များ
ဗုဒ္ဓဘာသာဝင်တို့ အထွတ်အမြတ်ထားရာ၊ အလေးအမြတ်ပြုရာ နေရာတစ်ခုဖြစ်တဲ့၊ ကမ္ဘာ့အမွေအနှစ် နေရာအဖြစ် အသိအမှတ်ပြုထားတဲ့ ဗုဒ္ဓဂယာမှာ ဇူလိုင်လ ၇ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ဗုံးပေါက်ကွဲမှုတွေကြောင့် လူအများအကြား ပြောစရာဖြစ်ခဲ့ရပါတယ်။ ဘာသာရေးတွေကို ဘေးဖယ်ထားပြီး ယဉ်ကျေးမှုအမွေအနှစ် နေရာတစ်ခု၊ သမိုင်းအမွေအနှစ် နေရာတစ်ခုအနေနဲ့ စဉ်းစားမယ်ဆိုရင်တောင် မလုပ်သင့်တဲ့ အလုပ်ဖြစ်ပါတယ်။ ကျွန်တော်က ဗုဒ္ဓဘာသာဝင်မို့ ဒီလိုပြောနေတာ မဟုတ်ပါဘူး။ ဂျေရုစလင်က အခြားဘာသာတွေရဲ့ ဘာသာရေးဆိုင်ရာ အထွတ်အမြတ်နေရာ၊ မက္ကာက ဘာသာရေးအထွတ်အမြတ်နေရာ စတဲ့စတဲ့ အခြားဘာသာတွေရဲ့ နေရာတွေမှာ အကြမ်းဖက်မှု လုပ်မယ်ဆိုရင်လည်း ဒီလိုပဲ ပြောမှာဖြစ်ပါတယ်။ အခုတော့ ဗုဒ္ဓဂယာမှာရှိတဲ့ မဟာဗောဓိညောင်ပင်တော်နဲ့ အနီးတစ်ဝိုက်မှာ ဖြစ်ပွားခဲ့တဲ့ ဗုံးပေါက်ကွဲမှုတွေကြောင့် ဗုဒ္ဓဘာသာ နိုင်ငံတွေနဲ့ အိန္ဒိယနိုင်ငံအကြား မျက်နှာပျက်စရာ ဖြစ်ခဲ့ရပါတယ်။ ဗုံးခွဲမှုနဲ့ပတ်သက်ပြီး သံသယရှိသူတွေကို ဖမ်းဆီးထားတယ် ဆိုပေမယ့် သူတို့တွေကို ဖမ်းဆီးရုံ၊ အပြစ်ပေးရုံနဲ့ အကြမ်းဖက်မှုတွေ ပပျောက်သွားမှာ မဟုတ်ပါဘူး။ ဘာသာအားလုံးက ငြိမ်းချမ်းရေးကို မျက်မှောက်ပြုနိုင်ပါမှ၊ မေတ္တာတရားကို လက်ကိုင်ထားနိုင်ပါမှ ဒီလို ဖြစ်ရပ်တွေက ကင်းလွတ်နိုင်မှာပါ။

အထွေထွေ
တူရကီမှာ ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့က နှိမ်နင်းတာနဲ့ပတ်သက်ပြီး မကျေလည်မှုတွေ ရှိနေဆဲ။ သြစတြေးလျဝန်ကြီးချုပ်အဖြစ် ဂျူလီယာဂီးလက်အစား ကီဗင်ရုဒ် ဖြစ်လာတယ်။ အိမ်နီးချင်း ထိုင်းနိုင်ငံမှာလည်း ရင်လပ်ရှင်နာဝပ်က ပထမဆုံးသော အမျိုးသမီး ကာကွယ်ရေးဝန်ကြီး ဖြစ်လာခဲ့တယ်။ အိုဘားမားက အာဖရိကတိုက်ခရီးစဉ် သွားခဲ့တယ်။ ထင်သလောက် မအောင်မြင်ဘူး။ ကန့်ကွက်ဆန္ဒပြမှုတွေနဲ့ ရင်ဆိုင်ခဲ့ရတယ်။ တောင်အာဖရိကခေါင်းဆောင်ဟောင်း နယ်(လ်)ဆင်မင်ဒဲလား ကျန်းမာရေးအခြေအနေ မကောင်းလှဘူး။ အိုဘားမားက သူ့ခရီးစဉ်အတွင်း မင်ဒဲလားကို ထိန်းသိမ်းထားခဲ့ဖူးတဲ့ အကျဉ်းထောင်ကို သွားရောက်လည်ပတ် ကြည့်ရှုခဲ့တယ်။ ဘရာဇီးလ်မှာ တိုက်ကြီးများ ဖလားနဲ့အပြိုင် ဆန္ဒပြပွဲတွေ ဖြစ်ပွားခဲ့တယ်။ နိုင်ဂျီးရီးယားက သတင်းက ပြန်ပြောချင်စရာတောင် မရှိဘူး။ စာသင်ကျောင်းကိုဝင်စီး၊ ကလေးသူငယ်တွေကို အရှင်လတ်လတ် မီးရှို့သတ်တဲ့ကောင်တွေ ဘ၀တိုင်း မငြိမ်းချမ်းကြပါစေနဲ့။ လူပြန်မဖြစ်ကြပါစေနဲ့။

ဘန်ကီမွန်းခမျာလည်း အီဂျစ်ကို စိတ်ပူကြောင်းပြောရ၊ မာလီအတွက် စိတ်ပူရ၊ ယူဂန်ဒါအတွက် အားပေးရ၊ ကိုရီးယားကျွန်းဆွယ်အတွက် ရတက်မအေးရ၊ အာရပ်-အစ္စရေးအတွက်လည်း မျှော်ကြည့်ရနဲ့ အတော်သနားစရာ ကောင်းပါတယ်။ ကမ္ဘာ့သတင်းတွေဖတ်ပြီး ပျော်ရွှင်ရတာမရှိဘဲ တောက်တခတ်ခတ်၊ လက်သီးတဆုပ်ဆုပ် ဖြစ်ရတဲ့ ကျွန်တော်ကိုဉာဏ်ကတော့ မနေနိုင်မထိုင်နိုင် ဟိုရေးဒီရေးနဲ့ အိပ်ရေးတွေ ပျက်ရတာ သာလို့တောင် သနားစရာကောင်းသေးတော့တယ်။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၃ ခုနှစ်၊ ဇူလိုင်လ ၁၂ ရက်၊ သောကြာနေ့။
နံနက် ၀၀ နာရီ ၂၅ မိနစ်တွင်ပြီး၏။

Wednesday, July 03, 2013

ဗိုလ်ချုပ်ကို အားနာတယ် - ခင်မောင်ညို (ဘောဂဗေဒ)


ကျွန်တော့်ခမျာ၊ ထမင်းလေး တစ်လုတ်နှစ်လုတ်အတွက် စာလေးဘာလေးရေး၊ အယ်ဒီတာလေးဘာလေး လုပ်မိပါတယ်၊ အရေးထဲ ဗိုလ်ချုပ်အောင်ဆန်းလောင်းလျာ၊ အယ်ဒီတာလို ဖြစ်ချင်နေသလား မသိဘူးဆိုတဲ့ စွပ်စွဲချက်က ထပ်တိုးလာ။ ဘယ့်နှယ်ဗျာ မိုးကြိုးပစ်မှာ ကြောက်ပါတယ်၊ ကျွန်တော်ဒီလောက်ထိ ဘယ်မိုက်မဲပါ့မလဲ။

အခြေအနေချင်းကလည်း တခြားစီပါ၊ ဗိုလ်ချုပ်က အင်္ဂလိပ်အစိုးရကို ဆန့်ကျင်တာ၊ ကျွန်တော်က ဘယ်သူ့မှ ဆန်ကျင်ရဲတာမဟုတ်။ တစ်ယောက်ယောက်ကို အားနာလို့ အကာအကွယ်ပေးတာမျိုးလည်း မလုပ်နိုင်၊ ကိုယ့်ကိုယ်ကိုတောင် မကာကွယ်နိုင်၊

ဂျာနယ်ထဲ ထည့်မိတဲ့ ဆောင်းပါးက ဘယ်သူမှ မထိခိုက်၊ ဘယ်သူမှလည်း ဂရုမစိုက်၊ ဗိုလ်ချုပ်နဲ့ ဦးညိုမြတို့လို တက္ကသိုလ်တစ်ခုလုံး လှုပ်သွားဖို့ဆိုတာ အသာထား၊ အိမ်က တက္ကသိုလ်ဆရာမနဲ့ တက္ကသိုလ်ကျောင်းသူတောင် မဖတ်မိ။ ဒါပေမယ့် စွဲချက်ကျတော့၊ အဲဒီဆောင်းပါးနဲ့ မပတ်သက်၊ ဆောင်းပါးရေးတဲ့သူရဲ့ တခြားဆောင်းပါးကို အကြောင်းပြုပြီး စွဲချက်တပ်ခံရတဲ့ဘ၀ ရောက်တာပါ။ ဒါကြောင့် အရေးယူခံရမယ့် ကိန်းလဲမမြင်၊ ဟီးရိုးလည်းမဖြစ်ချင်၊ ကိုယ့် အရေးယူလည်း ဘယ်သူမှ ဂရုစိုက်မှာမဟုတ်။

ပြီးတော့ (ဗိုလ်ချုပ်)က သိလျက်နဲ့မဖော်တာ၊ ကိုယ်ကဖြင့် အယ်ဒီချာဆိုတော့ သိကိုမသိတာ၊ ဒါပေမယ့် ကိုယ်သိတယ်လို့ စွတ်ပြီးအထင်ကြီးနေကြတော့၊ ကိုယ့်ကိုမဲမှန်း သိပေမယ့်၊ ခပ်တည်တည်နဲ့ မကြောက်ချင်ယောင် ဆောင်နေရတာ။ ကိုယ်နဲ့ ရင်ဆိုင်ရတဲ့သူကလည်း အင်တာနက်မှာ ရှာမတွေ့ဘူးဆိုတာနဲ့ ရှာမတွေ့ရင် ကိုယ်ရေးတယ် ဖြစ်တော့မယ်ဆိုပြီး၊ မနည်းလိုက်ရှာရတာ။ တွေ့လို့တော်သေးရဲ့၊ ဖြုတ်များချထားရင် ကိုယ်ဒုက္ခရောက်ဦးမယ်။

အံ့သြစရာကောင်းတာက မသိပါဘူးဆိုတဲ့သူကို ၀ိုင်း သဲသဲ မည်းမည်း ဖြစ်နေပြီး၊ သိပါတယ်ဆိုတဲ့ သူတွေက ဘာမျှ သက်သေမပြနိုင်ဘူးတဲ့။ သိတဲ့သူတွေတောင် သက်သေမပြနိုင်တဲ့ကိစ္စ၊ မသိပါဘူးလို့ ပြောတဲ့သူက၊ ဘယ်လိုလုပ် ဖော်ထုတ်ရမှာလဲ ပြောကြပါဦး။

ကိုယ့် ပုံနှိပ်ဂျာနယ်မှာ ထည့်လိုက်မိတဲ့ စာရေးသူရဲ့ တခြားဆောင်းပါးအတွက်၊ ကိုယ့်မှာ တာဝန် ဘယ်လိုရှိတယ်ဆိုတော့ ကိုယ့်ဉာဏ်နဲ့တော့၊ ဘယ်လိုမှ စဉ်းစားမရပါဘူး။ ကြည့်ရတာတော့၊ အစကတည်းက စီရင်ချက် ချထားပြီးသားထင်ပါရဲ့။

ကြုံတုန်းပြောပါရစေ၊ ဗိုလ်ချုပ်နဲ့ ဖြစ်ဖြစ်၊ ဗိုလ်ချုပ်သမီးနဲ့ ဖြစ်ဖြစ်၊ ယှဉ်ရလောက်အောင် မမိုက်မဲပါကြောင်း။

၂.၇.၂၀၁၃

Thursday, May 16, 2013

ရေပန်းအစားဆုံး သတင်းများ၊ ဓာတ်ပုံများ


(က)
အင်တာနက်ကြီးတစ်ခုလုံးကို ဆင်းရဲအောင်လုပ်နိုင်ခဲ့သူ

အပြင်ကမုန့်တွေ ၀ယ်မစားဖြစ်ပါဘူး... အိမ်မှာရောင်းတဲ့ အကြော်လေးရယ်... ရေနွေးကြမ်း ပူပူလေးရယ်... စားရင်းသောက်ရင်း စိတ်ကူးလေးယဉ်ရင်းနဲ့...
မီမီတို့အိမ်က ထမင်းစားဝိုင်းလေးမှာ အမှတ်တရပေါ့...
အိမ်ကဆင်းရဲတော့ မီမီကိုကြည့်ပြီး မျက်နှာရှုံ့သွားကြမှာပဲနော်....


ကျွန်တော်တို့မြန်မာတွေရဲ့ အင်တာနက်ရပ်ဝန်းဟာ အင်မတန်မှကို အပျင်းပြေရပါတယ်။ ကျွန်တော်မှတ်မိသလောက် အင်တာနက်ပေါ်မှာ ပြောဖို့၊ ဆိုဖို့၊ ဆဲဖို့၊ ဖြဲဖို့၊ ဖွဖို့၊ ဆွဖို့ အကြောင်းအရာ မရှိဘူးဆိုတဲ့ရက် မရှိသလောက်ပါပဲ။ အကြောင်းအရာ တစ်ခုမဟုတ်တစ်ခု အမြဲလိုလို ရေပန်းစားပြီး ပြောစရာ ဖြစ်နေတတ်ပါတယ်။ အကြောင်းအရာတွေကလည်း တစ်မျိုးပြီးတစ်မျိုး မရိုးရပါဘူး။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ဘာသာရေး၊ အနုပညာ၊ ပုဂ္ဂိုလ်ရေး စသည်စသည်ဖြင့် နယ်ပယ်စုံလှပါတယ်။ တချို့တွေက အရည်မရ၊ အဖတ်မရတွေ ဖြစ်ကောင်းဖြစ်နေနိုင်ပေမယ့် လူအမျိုးမျိုးရဲ့ အမြင်အမျိုးမျိုး၊ အတွေးအမျိုးမျိုးကို ဖတ်ခွင့်ရတာဟာ စိတ်ဝင်စားဖို့ အကောင်းဆုံးပါ။ တစ်ဦးချင်းကိုယ်စီ ဘယ်လောက်တောင် အမြင်မတူတာတွေ ရှိသလဲဆိုတာ သိချင်ရင် အင်တာနက်ပေါ်မှာ ကွန်းမန့်တွေ လိုက်ဖတ်ပါလို့တောင် ညွှန်းရမယ်ထင်ပါရဲ့။

အခုလည်း မြန်မာ Facebook ရပ်ဝန်းကြီး တစ်ခုလုံးကို လှုပ်ခတ်သွားအောင် လုပ်ဆောင်နိုင်ခဲ့တဲ့ အမျိုးသမီးငယ်တစ်ဦး ပေါ်ထွန်းလာပြန်ပါပြီ။ အားလုံးနီးပါး သိပြီးသား ဖြစ်ကြပါလိမ့်မယ်။ သို့သော် မှတ်တမ်းတစ်ခုအနေနဲ့လည်းကောင်း၊ မသိသေးတဲ့လူတွေ သိစေခြင်းငှာလည်းကောင်း သူနဲ့ မိတ်ဆက်ပေးပါရစေ။ သူကတော့ နန်းမီမီမိုးစက် ပါတဲ့။ နစ်ကီ တစ်ယောက် မြန်မာကျော် ဖြစ်ပြီးတဲ့နောက် အခုလောလောဆယ်မှာ မြန်မာအင်တာနက်သုံးသူတွေအတွက် ပြောစရာအဖြစ်ဆုံး Internet Celebrity ဆိုပါတော့။ သူ့အကြောင်းနဲ့ပတ်သက်ပြီး အမျိုးမျိုးသော သမိုင်းတွေကို အင်တာနက်ပေါ်မှာ အလွယ်တကူပဲ ရှာဖွေဖတ်ရှုနိုင်ပါတယ်။ နန်းမီမီမိုးစက်ဆိုတာ အင်တာနက်သုံးဖို့အတွက် သီးသန့်ပေးထားတဲ့ နာမည်ဝှက်တစ်ခု ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ ဓာတ်ပုံပြိုင်ပွဲတစ်ခုမှာ ၀င်ရောက်ယှဉ်ပြိုင်ဖူးတဲ့ နာမည်က အခြားတစ်မျိုး ဖြစ်နေလို့ပါ။ အဲဒီလိုပါပဲ... သူ့ရဲ့ ဘ၀ဇာတ်ကြောင်းနဲ့ ပတ်သက်လို့လည်း အမျိုးမျိုးပြောကြဆိုကြပါတယ်။ ဘာပဲဖြစ်ဖြစ် သေချာတာကတော့ အင်တာနက်ပေါ်မှာ ဆင်းရဲခြင်းစကားလုံးတွေ လှိုင်လှိုင်ဝေအောင် စွမ်းအောင်နိုင်ခဲ့သူလေးပါ။ နစ်ကီက အင်တာနက်တစ်ခုလုံး လဲလဲလဲလဲလဲလဲလဲ ဖြစ်သွားအောင် လုပ်ပစ်ခဲ့သလို၊ နန်းမီမီမိုးစက်ကလည်း အင်တာနက်တစ်ခုလုံး အကြော်သည်ဖြစ်အောင်၊ ဆင်းရဲသားဖြစ်အောင် လုပ်ပစ်ခဲ့ပါတယ်။ ကျွန်တော့်အနေနဲ့ မှတ်ချက်ပြုစရာ ဘာစကားမျှ မရှိပါဘူး။ သူ့ဟာသူ လူမှုကွန်ရက်မှာ သူရေးချင်သမျှ ရေးထားတာကို ဝေဖန်လောက်အောင် လုပ်ဖို့မလိုဘူးလို့ ယူဆလို့ပါ။ သို့သော် အင်တာနက်သုံးသူတွေအကြားမှာ လှုပ်ခတ်သွားအောင် လုပ်နိုင်တာကိုတော့ အသိအမှတ်ပြုပါတယ်။ မှတ်တမ်းတင်ထားလိုက်ပါတယ်ဗျာ။

(ခ)
လေးပစ်သူ ဘုရားကျွန်တော် ဖြစ်ခဲ့ရလေသူ
ဝါရင့်ဇာတ်ပို့သရုပ်ဆောင် ဇော်ဝင်းနိုင်တစ်ယောက် အမှတ်တမဲ့၊ သို့မဟုတ် အမှတ်တရ ဓာတ်ပုံတစ်ခုကြောင့် အင်တာနက်ပေါ်မှာ မေတ္တာတွေ အပြည့်အ၀ ခံယူလို့ နေပါရောလား။ ရုပ်ရှင်၊ သို့မဟုတ် ဗီဒီယို ရိုက်ကွင်းတစ်ခုမှာ အမှတ်တရအဖြစ် ရိုက်ကူးထားမှန်း အသိသာကြီးပါ။ သို့သော် အဲဒီဓာတ်ပုံက အင်တာနက်ပေါ် ရောက်သွားတဲ့အခါမှာ ဇော်ဝင်းနိုင်တစ်ယောက် သမိုင်းတရားခံ ဖြစ်သွားရှာပါရောလား။ ဇာတ်ဝင်ခန်းထဲမှာ အသုံးပြုဖို့ပဲဖြစ်ဖြစ်၊ တမင်ရည်ရွယ်တာပဲဖြစ်ဖြစ် ဒီဓာတ်ပုံဟာလည်း အင်တာနက်ပေါ်မှာ အပေါက်ဆုံးပုံတစ်ပုံ ဖြစ်ခဲ့တာပါပဲ။ တကယ်နစ်နာလို့၊ တကယ်ကို ဆန္ဒဖော်ထုတ်တဲ့လူတွေကို မပြောလိုပါဘူး။ သို့သော် ဒီနေ့မြန်မာနိုင်ငံမှာ ဆန္ဒပြပွဲ အငှားလိုက်တဲ့လူ မရှိပါဘူးလို့ ဘယ်သူက အာမခံလို့လဲ။ လူတိုင်းသိနေတဲ့ ကိစ္စရပ်တစ်ခုကို ဘာဖြစ်လို့ အပြောမခံနိုင်၊ အဝေဖန်မခံနိုင် ဖြစ်နေရသလဲဆိုတာ နားကိုမလည်နိုင်ဘူး။ ဆန္ဒပြပွဲတွေကို စော်ကားတာ၊ ဝေဖန်တာ၊ သရော်တာဟာ ဒီမိုကရေစီကို စော်ကားတာလို့ ခံယူထားတဲ့လူတွေကို ပြောစရာစကား မရှိပါဘူး။ ဖော်ကာ ရယ်သလိုပဲ ရယ်လိုက်ချင်တယ်။ ဟားဟားဟားဟား။ နစ်ကီ့လေသံလေးနဲ့လည်း ပြောလိုက်ချင်သေးတယ်။ ခင်ဗျားတို့ သိပ်ရူးတာပဲပဲပဲပဲပဲပဲပဲပဲပဲပဲပဲပဲပဲ...။ :D

(ဂ)
နာမည်ကြီးတွေနဲ့ တွေ့ခွင့်ရခဲ့တဲ့ ဖူးဖူး
မီးလောင်ခံထားရတဲ့ ကလေးလေးက နာမည်ကြီးတွေနဲ့ တွေ့ချင်တယ်လို့ ပြောတဲ့အတွက် နန်းခင်ဇေယျာတို့၊ စိုင်းစိုင်းခမ်းလှိုင်တို့ သွားတွေ့ကြပြီး အားပေးစကားပြောကြတာ၊ လက်ဆောင်ပစ္စည်းတွေ ပေးကြတာ၊ ထောက်ပံ့ကူညီမှုတွေ ပြုလုပ်ကြတာကို မြင်ရတွေ့ရတဲ့အတွက် ၀မ်းသာဂုဏ်ယူမိပါတယ်။ သို့သော်လည်း မြန်မာအင်တာနက်လောကရဲ့ ထုံးစံအတိုင်းပေါ့လေ... ကလေးကို ခုတုံးလုပ်ပြီး အဲဒီနာမည်ကြီးတွေက သူတို့ကိုယ်သူတို့ Promotion လုပ်နေကြတယ်လို့ မြင်နေတဲ့သူတွေ၊ ကလေးပုံကို ဖော်ပြလိုက်တဲ့အတွက် နောင်တစ်ချိန်မှာ အဲဒီကလေးက ဘယ်လိုလုပ်မလဲဆိုပြီး ဝေဖန်တဲ့လူနဲ့၊ ကလေးကို ခုတုံးလုပ်ပြီး သူ့မိသားစုက လုပ်စားနေကြတယ်လို့ အမနာပ ပြောတဲ့လူနဲ့၊ အို... စုံလို့ စုံလို့ပါပဲ။ စိုင်းစိုင်းတို့၊ နန်းခင်ဇေယျာတို့က သိမသိတော့ မသိဘူး။ ကျွန်တော့်မှာတော့ အင်တာနက်ပေါ်က စာစုတွေ၊ ကွန်းမန့်တွေကို လိုက်ဖတ်ပြီး အတော်ကြီးကို အံ့သြရတယ်။ သြော်... တို့မြန်မာတွေများ တယ်တွေး၊ တယ်ပြောတတ်ပါလား ဆိုပြီးတော့ပေါ့။ တော်သေးတာပေါ့... ဖူးဖူးလေးက ကလေးဆိုတော့ ရုပ်ရှင်တို့၊ ဗီဒီယိုတို့လောက်ပဲ စိတ်ဝင်စားသေးတယ် ထင်ပါရဲ့။ တော်ကြာနေ.. ဖူးဖူးက ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ချင်ပါတယ်ဆိုရင်တော့ ဇာတ်လမ်းက လှလိုက်မယ့်ဖြစ်ခြင်း။ ဟားဟားဟားဟား... တွေးကြည့်ရင်းနဲ့တောင် အတော်သဘောကျမိတယ်။ ကျွန်တော်သာ ဖူးဖူးရဲ့ ဦးလေးဆိုရင် အဲဒီလို တကယ်မြှောက်ပေးလိုက်ပါတယ်။ အင်တာနက်ပေါ်မှာ ပြောစရာအကြောင်းအရာတစ်ခု ထပ်ရတာပေါ့ဗျာ။ မဟုတ်ဘူးလား။ အခု အဲဒီကလေးကို ဓာတ်ပုံအရိုက်မခံတော့ဘူးတို့၊ ဧည့်တွေ့ခွင့် မပေးတော့ဘူးတို့ သတင်းတွေ ထွက်နေတာကိုလည်း ဖတ်ရတယ်။ ကလေးကလည်း အသက်သာ ငယ်ငယ်လေး ရှိသေးတယ်၊ သတင်းထုတ်ပြန်ရေးအဖွဲ့တို့၊ ပြောရေးဆိုခွင့်ရှိသူတို့နဲ့ အတော်တော့ ဘုန်းကြီးတဲ့ကလေးပဲ။ အမယ်.. အဲဒီလိုတွေသာ သတင်းထွက်ပေမယ့် နောက်ဆက်တွဲပါလာတဲ့ စကားရပ်တွေ ရှိသေးတယ်ဗျ။ ဓာတ်ပုံအရိုက်မခံဘူး၊ ဧည့်တွေ့မခံဘူး၊ သို့သော် ထောက်ပံ့ကူညီမှုတွေတော့ လုပ်လို့ရပါတယ်တဲ့။ အဟမ်း... ထားလိုက်ပါတော့ဗျာ...။ အလကားနေရင်း ကျွန်တော်ကိုဉာဏ် မြို့မေတ္တာကို မခံယူတော့ပါဘူး။ :D

(ဃ)
အရှိန်အ၀ါမသေးတဲ့ တစ်ကျော့ပြန်မင်းသားကြီး
တစ်ချိန်တုန်းက အစိုးရအဖွဲ့မှာ ၀န်ကြီးချုပ်အဆင့်အထိ တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်က သူ့အိမ်မှာ အနုပညာပန်းဥယျာဉ် တည်ထောင်လိုက်တဲ့ သတင်းကလည်း ဟော်လေတကြိုး ဟိုးလေးတကြော် ဖြစ်လို့နေပြန်ပါရောလား။ ရယ်စရာတော့ အကောင်းသားဗျ။ ၀ဋ်လည်တယ်လို့ပဲ ပြောရမလား မသိပါဘူး။ တစ်ချိန်တုန်းက အရာရာကို၊ လူတိုင်းကို မသင်္ကာစိတ်နဲ့ ကြည့်ရှုရတဲ့တာဝန်ကို ထမ်းဆောင်ရတဲ့ လူတစ်ယောက်ဟာ အခုတော့ သူလုပ်သမျှကို လူတိုင်းက သံသယစိတ်၊ မသင်္ကာစိတ်နဲ့ ပြန်ကြည့်တာကို ခံနေရရှာတယ်။ ဦးခင်ညွန့် စကားတစ်ခွန်းပြောရင် အဲဒီစကားတစ်ခွန်းကို အဓိပ္ပါယ်တွေ ဖွင့်ကြတယ်၊ စိုးရိမ်စိတ်တွေ ဖြစ်ကြတယ်။ ဟော... အခု အနုပညာပန်းဥယျာဉ် ဖွင့်ပြန်တော့လည်း တွေးတတ်လိုက်ကြတာများ FBI တို့၊ CIA တို့က စုံထောက်တွေတောင် ထိုင်ကန်တော့ရလောက်တယ်။ ကွန်းမန့်တွေကို လိုက်ဖတ်ကြည့်.... ကျွန်တော်တို့ မတွေးမိတဲ့ အကြောင်းအရာတွေချည်းပဲ။ ကျွန်တော်ဖြင့် လေးစားလွန်းလို့ ဘယ်သူမှန်းမသိတဲ့ အဲဒီကွန်းမန့်ရေးသူတွေကို အကြိမ်ကြိမ်အခါခါ ဦးညွတ်မိသားခင်ဗျ။ ကျွန်တော်သာ သမ္မတဆိုရင် အဲဒီလူတွေကို လုံခြုံရေးဆိုင်ရာ အကြံပေးအဖွဲ့အဖြစ် အကုန်ခန့်ပစ်လိုက်မယ်။ ဘယ်... ထောင့်ကိုစေ့နေတာပဲ၊ ဘယ်နေရာမှာမျှ ဟာကွက်မရှိဘူး။ မြန်မာနိုင်ငံရဲတပ်ဖွဲ့တောင် အဲဒီလောက် စဉ်းစားမိရဲ့လား မသိဘူး။ ကျွန်တော့်ဘလော့ဂ်ကို ဖတ်သူတွေထဲမှာ ရဲတပ်ဖွဲ့ကလူတွေများ ပါခဲ့ရင် ကွန်းမန့်တွေ လိုက်ရှာဖတ်စမ်းပါလို့ အကြံပေးပါရစေ။ အင်တာနက်ပေါ်မှာ ဆားပုလင်း(နှင်းမောင်)တွေ၊ အိုင်အို(မင်းအောင်)တွေ အများသားခင်ဗျ။ လိုအပ်ရင် ရဲတပ်ဖွဲ့မှာ အကြံပေးခေါ်လို့ရတယ်။ ဧရာဝတီနဲ့ အင်တာဗျူးမှာတော့ ဦးခင်ညွန့်တစ်ယောက် အတော်ကြီးကို ပြတ်ပြတ်သားသား ပြောလိုက်တယ်ဗျ။ သူလည်း ဟိုအထင်ခံရ၊ ဒီအထင်ခံရဒဏ်ကို မခံနိုင်ရှာတော့ဘူး ထင်ပါရဲ့ဗျာ။ နိုင်ငံရေးလုံးဝမလုပ်ဘူးလို့ ၃ ကြိမ်၊ ၃ ခါတိတိ ဖြေသွားပါသတဲ့။ စိုးရိမ်လွန်းသူများ၊ စိုးရိမ်နေသူများ စိတ်သက်သာရာ ရလောက်ပြီထင်ပါရဲ့။ :D

(င)
ဦးသိန်းစိန်ကို ပြောပေးပါ
ရန်ကုန်စည်ပင်နဲ့ လမ်းဘေးဈေးသည်ဆိုတာ ကြောင်နဲ့ကြွက်၊ ခွေးနဲ့ကြောင်၊ မြွေနဲ့ဖား၊ ကျားနဲ့ဆင်၊ လင်နဲ့မယား ဖြစ်ပါတယ်။ ကြက်ဥနဲ့ ကြက်မ ဘယ်ကစသလဲဆိုတာကို သုတေသန လုပ်တာကမျှ လွယ်လိမ့်ဦးမယ်။ ရန်ကုန်စည်ပင်နဲ့ လမ်းဘေးဈေးသည်ရဲ့ ပြဿနာကို ဘယ်လိုပြေလည်အောင် ဖြေရှင်းမလဲဆိုတာကတော့ ဘန်ကီမွန်းလည်း တတ်နိုင်မယ်မထင်ဘူး။ ဟင်နရီကစ်ဆင်းဂျားလည်း စွမ်းနိုင်မယ်မထင်ဘူး။ ရောင်း၊ ဖမ်း၊ ပြေး၊ လွတ်၊ ရောင်း၊ ပေး၊ လွှတ် စတဲ့ သံသရာနဲ့ပဲ လည်နေဦးမှာပါပဲ။ လမ်းဘေးဈေးသည်ဆိုလို့ သွားတော့ အထင်မသေးနဲ့ဗျို့၊ ကျုပ်တို့ တောမြို့လေးက စတိုးဆိုင်ထက်၊ စားသောက်ဆိုင်ထက် အများကြီးသာတယ်၊ အများကြီးစုံတယ်။ ကဲ... အခုလည်း လမ်းဘေးဈေးသည်တွေရဲ့ ဆန္ဒဖော်ထုတ်မှုကို ရှုစားကြပါဦး။ သဘောကျမှာ အသေအချာပါဗျာ။ တမင်ရေးထားတာလား၊ ဘာလားဆိုတာတော့ ကျွန်တော်ကိုဉာဏ် သေချာမသိဘူး။ ဒါပေမယ့် လူစိတ်ဝင်စားအောင် ရေးတတ်တာကိုတော့ အမှတ်ပေးလိုက်တယ်ဗျာ။ သမ္မတကြီးနဲ့ နီးစပ်သူများရှိရင် ပြောပေးလိုက်ကြပါဦး။ :D

(စ)
မရိုးနိုင်တဲ့ စပိုင်ဇာတ်လမ်း
အမေရိကန်စီအိုင်အေက စပိုင်ကိုကိုက ရုရှားနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးမှာ အမှုထမ်းရင်းနဲ့ စပိုင်အလုပ် လုပ်ပါသတဲ့။ ဖြစ်ချင်တော့ ကျေးဇူးရှင် စီအိုင်အေစပိုင်က ရုရှားတစ်ယောက်ကို စည်းရုံးသိမ်းသွင်းပါသတဲ့။ ဖြစ်ချင်တော့ သူစည်းရုံးတဲ့ ရုရှားက ရုရှားတန်ပြန်ထောက်လှမ်းရေး ဖြစ်နေပါလေရော။ အဲဒီတော့... ကွိပြီပေါ့ဗျာ။ အမေရိကန် စီအိုင်အေဆိုရင် မှော်ဆရာလောက် ထင်မှတ်နေသူတွေအတွက် အံ့သြစရာ ဖြစ်နေမှာပါပဲ။ ရုရှားကလည်း မြွေမြွေချင်း ခြေမြင်သပေါ့ဗျာ။ သူတို့လုပ်တဲ့ နည်းလမ်းတွေနဲ့ သူတို့ကို လာလုပ်လို့ ဘယ်ရလိမ့်မလဲ။ ကဲ... အမေရိကန်ငပွကြီးက ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး ဘယ်လိုမျိုး လိမ်လည်လီဆယ်ပြီး ငြင်းချက်ထုတ်ဦးမလဲဆိုတာ စိတ်ဝင်စားမိပါတယ်။ တစ်ခု တွေးကြည့်မိတယ်။ အဲဒီ အမေရိကန်ငနဲသာ မြန်မာထောက်လှမ်းရေး ဆိုလို့ကတော့ ကြည့်လှပြီ။ တစ်ကမ္ဘာလုံး အုတ်အော်သောင်းနင်း ဖြစ်သွားနိုင်သလို အဲဒီသူလျှိုကို ပြည်နှင်ဒဏ်ပေးရင်လည်း မြန်မာပြည်က ပြန်ပြီးတော့ လက်ခံပါ့မလားလို့ သံသယဖြစ်မိတယ်။ အမေရိကန်ကတော့ သူတို့သူသျှိုကို အခမ်းအနားနဲ့များ ကြိုဆိုဦးမလား မပြောတတ်ဘူး။ ဒါမှမဟုတ် အဲဒီလောက်တောင် အသုံးမကျရကောင်းလားဆိုပြီး .........။

(ဆ)
အနီရောင်မှော်ဆရာ၏ နိဂုံးအောင်ပွဲ
ဘောလုံးလောကမှာ မသိသူမရှိအောင် ထင်ရှားကျော်ကြားခဲ့တဲ့ မှော်ဆရာတစ်ယောက် သူ့ရဲ့ နိဂုံးကို အနိုင်နဲ့ပိုင်းပြီး လှလှပပ အဆုံးသတ်သွားခဲ့ပါပြီ။ ဒီနှစ်ဘောလုံးရာသီရဲ့ နောက်ဆုံးအိမ်ကွင်းပွဲစဉ်အဖြစ် ကစားခဲ့တဲ့ပွဲမှာ သူ့ရဲ့ သူရဲနီတပ်သားတွေက အနိုင်ရလဒ်နဲ့ မှော်ဆရာကို ဂုဏ်ပြုခဲ့ကြပါတယ်။ အင်္ဂလန် ပရီးမီးယားလိဂ်မှာ သက်တမ်းအရှည်ဆုံးနည်းပြ၊ ဆုဖလားအများဆုံး ယူပေးနိုင်ခဲ့တဲ့နည်းပြအဖြစ် အနိုင်နဲ့ပိုင်းပြီး ဘောလုံးနည်းပြကနေ အနားယူပြီး ဂန္ထ၀င်တစ်ဦးဘ၀ကို ခံယူသွားခဲ့ပါပြီ။ မန်ယူအသင်းကို အားပေးတဲ့သူတွေတင် မဟုတ်ဘဲ အခြားပရိသတ်တွေရဲ့ လေးစားမှုကိုပါ ရယူထားနိုင်ခဲ့တဲ့ နည်းပြတစ်ဦးကို ကျွန်တော်တို့တွေ အမြဲတမ်း အမှတ်ရနေမှာ အသေအချာပါပဲ။ ဖာဂူဆန် ကျန်းမာပါစေ... ပျော်ရွှင်ပါစေ... အသက်ရှည်ပါစေ....။

(ဇ)
အသက်အတွက် အနှမြောမရှိ ဖြတ်ထုတ်ပစ်ဝံ့သူ
အသက်အန္တရာယ်ကို ထိခိုက်စေမယ့် ကင်ဆာရောဂါကနေ ကြိုတင်ကာကွယ်တဲ့အနေနဲ့ ရင်သားတွေကို ဖြတ်ထုတ်လိုက်တယ်ဆိုတဲ့ ဂျိုလီတစ်ယောက်လည်း ပြောစရာအဖြစ်ဆုံး နာမည်ကျော်တစ်ဦး ဖြစ်နေပါလေရဲ့။ ကျွန်တော်တို့မြန်မာတွေကလည်း သိပ်ခေတ်မီတယ်ဗျ။ ဘရက်ပစ်နဲ့ထပ်တူ ၀မ်းနည်းကြေကွဲရတဲ့လူနဲ့၊ နှမြောတသစွာနဲ့ ၀မ်းနည်းပူဆွေးကြသူနဲ့၊ အတုကပိုကောင်းမှာပေါ့ဆိုပြီး မျှော်တလင့်လင့် ဖြစ်နေတဲ့သူနဲ့ စုံနေတာပါပဲ။ အင်း... ဂျိုလီဖက်ရှင်ဆိုပြီး နာမည်ကြီးဦးတော့မယ် ထင်ပါရဲ့။ ကျွန်တော်တို့ဆီက မော်ဒယ်တွေ၊ မင်းသမီးငယ်တွေလည်း အားကျမခံ ကျွန်မလည်း ကင်ဆာရောဂါကြောက်လို့ ဖြတ်ထုတ်ပစ်မယ်လို့ ဘယ်သူကများ ပထမဆုံး ထုတ်ဖော်ပြောကြား လာလေမလဲလို့ စောင့်မျှော်နေမိကြောင်းပါ။ :D တောက်... နာမည်ကြီးတဲ့လူများ ဘာလုပ်လုပ် ပြောစရာကို ဖြစ်နေတော့တာကိုး။ အင်း... ဒါလည်း သူ့ကုသိုလ်ပဲ ဆိုရမှာပ...။

စာကြွင်း
ဖတ်ရသမျှ၊ မှတ်ထားသမျှကို ခံစားမိသလို ရေးသားလိုက်ပါသည်။ သဘောတော်မငြိ၍ စိတ်ငြိုငြင်စရာ ဖြစ်ခဲ့လျှင်ဖြင့် ခွင့်လွှတ်သနား မေတ္တာထားကြစေလိုကြောင်း ကျွန်တော်ကိုဉာဏ် တောင်းပန်လိုက်ပါသည်။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၃ ခုနှစ်၊ မေလ ၁၆ ရက်၊ ကြာသပတေးနေ့။
မွန်းလွဲ ၁ နာရီ ၄၁ မိနစ်တွင်ပြီး၏။

Friday, March 15, 2013

လတ်တလော ကျွန်တော်စိတ်ဝင်စားသော သတင်းများ


( က )
နိုင်ငံ့ဝန်ထမ်းတွေရဲ့ လစာကို ကျပ် ၂ သောင်းစီ တိုးပေးမယ့်အကြောင်း ဘဏ္ဍာ/အခွန် ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့တဲ့ကိစ္စ။ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် တိုးမှာဖြစ်တဲ့အတွက် လာမည့် ဧပြီလမှ လစာနှုန်းထားသစ်များကို ခံစားရရှိမှာ ဖြစ်ပါတယ်။ ၀မ်းသာရမှာလား၊ စိုးရိမ်ရမှာလား ကုန်ဈေးနှုန်းရယ်...။ :D

( ခ )
ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ပွဲစဉ်တွေ မဲနှိုက်ပြီးသွားပြီ။ အိပ်ရေးပျက်မယ့်ရက်တွေ များဦးမှာပေါ့လေ။
၁။ မာလာဂါ (စပိန်)            နှင့်      ဒေါ့မွန် (ဂျာမနီ)
၂။ ရီးရဲလ်မက်ဒရစ် (စပိန်)    နှင့်      ဂါလာတာစာရေး (တူရကီ)
၃။ ပီအက်(စ်)ဂျီ (ပြင်သစ်)    နှင့်      ဘာစီလိုနာ (စပိန်)
၎။ ဘိုင်ယန်မြူးနစ် (ဂျာမနီ)  နှင့်       ဂျူဗင်တပ်(စ်) (အီတလီ)

( ဂ )
ယူရိုပါလိဂ် ကွာတားဖိုင်နယ်ပွဲစဉ်တွေ မဲနှိုက်ပြီးသွားပြီ။
၁။ ချဲလ်ဆီး (အင်္ဂလန်)      နှင့်     ရူဘင်ကာဇန် (ရုရှား)
၂။ စပါးစ် (အင်္ဂလန်)         နှင့်     ဘေဆယ် (ဆွစ်ဇာလန်)
၃။ ဖီနာဘာချီ (တူရကီ)     နှင့်     လာဇီယို (အီတလီ)
၎။ ဘင်ဖီကာ (ပေါ်တူဂီ)    နှင့်     နယူးကာဆယ် (အင်္ဂလန်)

(ဃ)
မြန်မာဘောလုံးအသင်း (အမျိုးသား) မတ်လအတွက် ဖီဖာရဲ့အဆင့်သတ်မှတ်ချက် အံ့သြလောက်အောင် တက်လာတယ်။ ယုံနိုင်စရာတောင် မရှိဘူး။ အရှေ့တောင်အာရှနိုင်ငံတွေထဲမှာ စတုတ္ထဖြစ်လာတယ်။ အံ့ရောပဲ။ (ရှေ့ကနံပါတ်တွေက အရှေ့တောင်အာရှ အဆင့်ဖြစ်ပြီး ကွင်းစကွင်းပိတ်ထဲက နံပါတ်တွေကတော့ ကမ္ဘာ့အဆင့်တွေပါ) မြန်မာအသင်းကို အားပေးရတာများ.. တကယ်ပါပဲ... ဖီဖာရဲ့အဆင့် အခုလို ခုန်တက်လာတာကိုတောင် ရဲရဲကြီး မပျော်ရဲတဲ့ဘ၀။ ငါတို့အသင်းက အဲဒီလောက် ဟုတ်မှဟုတ်ရဲ့လား ဆိုတဲ့စိတ်က အလိုလို ပေါ်ပေါ်လာတာ အတော်ခက်တယ်။
၁။ ဗီယက်နမ်         (၁၂၉)
၂။ ထိုင်း               (၁၃၅)
၃။ ဖိလစ်ပိုင်          (၁၄၅)
၎။ မြန်မာ             (၁၅၅)
၅။ စင်ကာပူ          (၁၆၂)
၆။ မလေးရှား         (၁၆၄)
၇။အင်ဒိုနီးရှား        (၁၆၆)
၈။ လာအို             (၁၆၈)
၉။ ကမ္ဘောဒီးယား    (၁၈၅)
၁၀။ ဘရူနိုင်း         (၁၈၆)
၁၁။ အရှေ့တီမော  (၁၈၆)

( င )
လက်ပံတောင်းတောင်စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ အစီရင်ခံစာနဲ့ပတ်သက်လို့ ဆန္ဒပြမှုတွေ၊ ကန့်ကွက်မှုတွေရဲ့ နောက်ကွယ်မှာ ကြိုးကိုင်သူရှိတယ်လို့ သတင်းထွက်လာတဲ့ကိစ္စ။ အသံဖိုင်ကို နားထောင်ကြည့်ရင် ဆက်တွေးစရာတွေ အများကြီး။ ဒီနေရာမှာ နားထောင်ပါ။
https://soundcloud.com/htut-naung/hf7qiwzgikmj

( စ )
၁၅-၃-၂၀၁၃ (သောကြာနေ့) ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး၊ ၂၈ ရက်မြောက်နေ့မှာ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို လေ့လာသုံးသပ်ရေးကော်မတီ၊ ကော်မရှင်များ ဖွဲ့စည်းဆောင်ရွက်ရေးအတွက် ပြည်သူ့လွှတ်တော်နှင့် ပြည်ထောင်စုလွှတ်တော်သို့ တိုက်တွန်းကြောင်း အရေးကြီးအဆိုကို သူရဦးအေးမြင့် (၀က်လက်မဲဆန္ဒနယ်) က တင်သွင်းခဲ့တာ ပြည်သူ့လွှတ်တော်က ကန့်ကွက်သူမရှိ အတည်ပြုခဲ့ပါတယ်။ ဘာတွေဆက်လုပ်ကြမှာလဲ... စောင့်ကြည့်ရသေးတာပ။ မြန်မာ့နိုင်ငံရေးဟာ အတော်လေးတော့ စိတ်ဝင်စားဖို့ ကောင်းလာတာ တွေ့ရပါတယ်။ မီဒီယာတွေက ပြောတော့လည်း မကြိုက်ဘူး။ ကိုယ်ရေးတာကိုယ် ပြန်ဖတ်ရဲ့လားတောင် သံသယဖြစ်မိတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်တော့မည်တို့၊ ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဖို့ ပြည်သူ့လွှတ်တော်က သဘောတူပြီတို့၊ ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် ကော်မတီ၊ ကော်မရှင်များ ဖွဲ့စည်းမည် စတဲ့စတဲ့ မဟုတ်တမ်းတရားတွေနဲ့ စာဖတ်သူတွေကို အယူမှားတွေ ဖြစ်အောင် လုပ်ကြပါတယ်။ စာဖတ်သူတွေထဲမှာ ဖတ်သမျှကို မှန်၏မှား၏၊ ဖြစ်နိုင်၏မဖြစ်နိုင်၏ ကိုယ့်ဘာသာကိုယ် ဝေဖန်ပိုင်းခြား ဆင်ခြင်နိုင်တဲ့လူ ရှိသလို မီဒီယာဆိုတာ ငါတို့ထက် သိတာပဲ၊ သူတို့က အသက်မွေးဝမ်းကျောင်း အနေနဲ့ လုပ်ကိုင်နေကြတာပဲလို့ မျက်စိမှိတ်ပြီး ယုံကြည်သူတွေလည်း ရှိပါတယ်။ ပြောရမယ်ဆိုရင် အဲဒီလို လူတွေကတောင် ပိုများပါသေးတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ဘယ်လိုပြင်ရမယ်ဆိုတာ စာဖတ်သူကို အသိပညာ မပေးဘဲ မဖြစ်နိုင်တဲ့ ကိစ္စရပ်တစ်ခုကို အတင်းပုံသွင်းပြီး လှုံ့ဆော်နေတာမျိုးကတော့ မီဒီယာ မပီသဘူးလို့ ထင်မြင်မိတာပါပဲ။

(ဆ)
ဧပြီလ ၁ ရက်နေ့မှာ GSM ဆင်းကတ်တစ်ခုကို ၂၀၀၀ ကျပ်၊ WCDMA ဆင်းကတ်တစ်ခုကို ၅၀၀၀ ကျပ် နှုန်းနဲ့ ရောင်းချပေးသွားမှာ ဖြစ်တယ်လို့ ဆက်သွယ်ရေး ဒုတိယ၀န်ကြီးက ပြောခဲ့တယ်လို့ သတင်းတွေ လှိုင်နေပါရောလား။ ဦးစိုးသိန်းလိုမျိုး အခုတစ်မျိုး၊ တော်ကြာတစ်မျိုး ထပ်မဖြစ်ပါစေနဲ့လို့ မြန်မာပြည်သူတွေ အားလုံးရဲ့ကိုယ်စား ဆန္ဒပြုလိုက်ပါတယ်။ April Fool မဟုတ်ဘဲ တကယ်ပဲ အဲဒီဈေးနဲ့ ရောင်းတော့မှာဆိုရင်တော့ Welcome ပါလို့ ပြောလိုက်ပါရစေဗျာ။ ကျေးဇူးတော့ အတင်မခံချင်နဲ့ဗျာ။ ဒါ ကျေးဇူးအတင်ခံချင်စိတ် မွေးရမယ့် ကိစ္စမဟုတ်ဘူး။ အခုမှ လုပ်ပေးနိုင်တာ၊ ရောင်းပေးနိုင်တာကို ရှက်တောင် ရှက်ရမယ့်ကိစ္စ။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၃ ခုနှစ်၊ မတ်လ ၁၅ ရက်၊ သောကြာနေ့။
ည ၁၁ နာရီ ၄၅ မိနစ်တွင်ပြီး၏။

Tuesday, December 11, 2012

ဂုဏ်ယူစွာဖြင့် ဖော်ပြသည်ဆိုသော်လည်း....


(၁)


၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၉ ရက်နေ့က မြန်မာနေရှင်နယ်လိဂ် အင်တာနက်စာမျက်နှာမှာ တင်ထားခဲ့တဲ့ သတင်းပါ။ မြန်မာအမျိုးသမီး ယူ-၁၉ အသင်း အာရှခြေစစ်ပွဲအောင်တဲ့အကြောင်း ရေးထားတာပါ။ အဲဒီသတင်းကြောင့် ကျွန်တော်တို့တွေ ၀မ်းသာခဲ့ရပါတယ်။ ကိုယ့်မြန်မာအမျိုးသမီးအသင်း အာရှအဆင့်ကို ၀င်ပြိုင်ခွင့်ရတာ တကယ့်ကို ဂုဏ်ယူစရာပါပဲ။ နာမည်ကြီးအသင်းတွေဖြစ်တဲ့ တရုတ်၊ ဂျပန်၊ ကိုရီးယား စတဲ့ အသင်းတွေနဲ့ ကန်ခွင့်ရမှာဟာ တကယ့်ကို မယုံနိုင်စရာပါပဲ။ ချီးကျူးဂုဏ်ပြုလိုက်ပါတယ်။

(၂)


AFC Website မှာ ဖော်ပြထားတဲ့ မြန်မာအမျိုးသမီးအသင်း ထိုင်းအသင်းကို အနိုင်ရပြီး အာရှခြေစစ်ပွဲ အောင်မြင်သွားတဲ့ သတင်းပါ။

(၃)


ဒါကတော့ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာရဲ့ မျက်နှာဖုံးမှာ ဖော်ပြခဲ့တဲ့ မြန်မာအမျိုးသမီး ယူ-၁၉ အသင်း အာရှခြေစစ်ပွဲ အောင်မြင်ခဲ့တဲ့ သတင်းပါ။ ဒီလိုမျိုး သတင်းစာရဲ့ မျက်နှာဖုံးမှာ ဖော်ပြတယ်ဆိုကတည်းက ကျွန်တော်တို့နိုင်ငံက အကြီးအကဲတွေ (အနည်းဆုံးတော့ ပြန်ကြားရေးဝန်ကြီးဌာနက တာဝန်ရှိသူတွေပေါ့) ဟာ မြန်မာအမျိုးသမီး အသင်းနဲ့ ပတ်သက်ပြီး ဘယ်လောက်တောင် ဂုဏ်ယူတယ်၊ အလေးထားတယ်ဆိုတာ သိသာလှပါတယ်။ ဒါဟာ ဖြစ်လည်း ဖြစ်သင့်တဲ့ ကိစ္စပါပဲ။ ကိုယ့်အသင်းကို ကိုယ်တွေကမှ အခုလို ဂုဏ်မပြုရင် ဘယ်သူက ဂုဏ်ပြုကြမလဲဗျာ။ မဟုတ်ဘူးလား။ သို့သော်.... ခက်တာက... သတင်းမှာ ဖော်ပြထားတဲ့ အကြောင်းအရာက ပြောစရာဖြစ်နေတာပါပဲ။ ပွဲချိန် ၆၇ မိနစ်မှာ သွင်းယူတဲ့ဂိုးဟာ မြန်မာ့အလင်းက ရေးတဲ့အချိန်ကျမှ ဘယ်လိုဖြစ်ပြီး ပထမပိုင်းမှာ သွင်းတဲ့ဂိုး ဖြစ်သွားရတယ် မသိပါဘူးဗျာ။ မဖြစ်စလောက်လို့ ဆိုပေမယ့်လို့ လုံးဝ မဖြစ်သင့်တဲ့ အမှားလို့ ကျွန်တော်ကတော့ မြင်ပါတယ်။ သတင်းစာမှာ ရေးထားတဲ့ သတင်းဟာ ဘာမျှ ရှည်လျားလှတာ မဟုတ်ပါဘူး။ စာကြောင်းလေး ၄ ကြောင်းလောက်နဲ့ ရေးထားတဲ့သတင်းမှာ မမှားသင့်တဲ့အမှားကို မှားတယ်လို့ပဲ ကျွန်တော်မြင်ပါတယ်။ သတင်းရေးတဲ့လူဟာ ဘောလုံးအကြောင်းကို နားမလည်လို့သော်လည်းကောင်း၊ သူများပြောတဲ့ သတင်းကို သေသေချာချာမသိဘဲ ရေးတာသော်လည်းကောင်း၊ မှားယွင်းဖော်ပြထားတဲ့ သတင်းရင်းမြစ် တစ်ခုခုကို ကူးယူဖော်ပြခဲ့တာသော်လည်းကောင်း တစ်ခုခု ဖြစ်လိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်။ ပြုပြင်ပြောင်းလဲရေးတွေ လုပ်နေတယ်ဆိုတာ အသွင်အပြင်ကိုပဲ ပြင်ရတာမဟုတ်ဘဲ အခြားပြင်စရာတွေလည်း ရှိနေသေးတယ်ဆိုတာကို ထောက်ပြလိုတဲ့ ရည်ရွယ်ချက်သက်သက်နဲ့ ဒီပို့စ်ကို ရေးပါတယ်၊ တင်ပါတယ်။ ပြောရရင်တော့ မြန်မာသတင်းစာတွေကို ကောင်းစေချင်လို့ပါ။ အမှားကင်းစေချင်လို့ပါ။ တွေ့တဲ့လူကို တွေ့တဲ့သတင်း ရေးခိုင်းလို့မရဘူးဆိုတာ သတင်းစာတိုက်က တာဝန်ရှိသူတွေ သဘောပေါက်သင့်တဲ့အချိန် ရောက်နေပါပြီ။ အင်တာနက်ကနေ သတင်းတွေကိုဖတ်ပြီး ရေးတတ်ရုံ၊ အင်္ဂလိပ်သတင်းတွေဖတ်ပြီး ဘာသာပြန်တတ်ရုံနဲ့ ရေးခိုင်းလို့မရဘူးဆိုတာ နားလည်သင့်နေပါပြီဗျာ။ အမှားပြင်ဆင်ချက် ပြန်ထည့်ပေးမလားဆိုတာ နက်ဖြန်ထွက်မယ့် သတင်းစာမှာပဲ စောင့်ဖတ်ကြည့်လိုက်ပါဦးမယ်။ အမှားပြင်ဆင်ချက် ထည့်ပေးခဲ့ရင်တော့ ကျွန်တော်ပြန်ပြီး ဖော်ပြပေးပါဦးမယ်။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်၊ အင်္ဂါနေ့။
နံနက် ၃ နာရီ ၀၁ မိနစ်တွင်ပြီး၏။ 

Monday, November 19, 2012

ဘားရက်အိုဘားမားကို ကြိုဆိုပါ၏


အမေရိကန်သမ္မတ ဘားရက်အိုဘားမား မြန်မာနိုင်ငံသို့လာရောက်မယ့် သမိုင်းဝင်ခရီးစဉ်ကို ကြိုဆိုလိုက်ပါတယ်ဗျာ။ မြန်မာ့မြေပေါ်မှာ စိတ်ကြည်ကြည်လင်လင်၊ ပျော်ပျော်ရွှင်ရွှင်နဲ့ မြန်မာ့အလှ၊ မြန်မာ့သဘာဝတွေကို ခံစားနိုင်ပါစေလို့ ဆုတောင်းပါတယ်။ ဒါ့အပြင် မြန်မာ့အရေးနဲ့ ပတ်သက်လို့ အမှန်အတိုင်း မြင်နိုင်ပါစေကြောင်းနဲ့ အပြုသဘောဆောင်သည့် ဆင်ခြင်သုံးသပ်မှုများဖြင့် မြန်မာ့ဒီမိုကရေစီရေစီးကို ပိုမိုအားသန်အောင် ကူညီနိုင်ပါစေကြောင်း ဆန္ဒပြုလိုက်ကြောင်းပါ...။


ပြောစရာများလွန်းလှတဲ့ အိုဘားမားရဲ့ မြန်မာခရီးစဉ်
ကျွန်တော့်မှာ အချိန်ရှားပါးမှုကြောင့် လက်ယားအောင် ရေးချင်နေခဲ့ပေမယ့် မရေးဖြစ်ခဲ့ဘူး။ ဒီနေ့တော့ မနေနိုင်တော့လို့ အိပ်ချိန်တွေကိုရင်းပြီး ရအောင်ရေးလိုက်ပါတယ်။ အိုဘားမားလာမယ်လို့ ကောလာဟလတွေ ထွက်ပါပြီဆိုကလည်းက ကြားလိုက်ရတဲ့ အသံတွေဆိုတာ တကယ့်ကို စုံစီနဖာပါပဲ။ အဲဒီအထဲမှာ ကျွန်တော်စိတ်အ၀င်စားဆုံးက အိုဘားမားဟာ မြန်မာပြည်ကို မလာသင့်သေးဘူး ဆိုတာပါပဲ။ ကျွန်တော်ကိုဉာဏ်ကတော့ ဒုက္ခပါပဲဗျာလို့ပဲ တ,မိပါတယ်။ ဘယ့်နှယ်ကြောင့် သူ့ဟာသူ လာမယ့်ကိစ္စကို မလာသင့်ဘူးတို့၊ အချိန်မကျသေးဘူးတို့၊ အချိန်ကောင်းမဟုတ်ဘူးတို့၊ စောလွန်းတယ်လို့ ဖြစ်နေကြရတာတုန်းဗျ။ အမှန်အတိုင်း ပြောရရင်တော့ ကျွန်တော်ကိုဉာဏ်ကတော့ အဲဒီလိုပြောတဲ့လူတွေကို နားမလည်ပေါင်ဗျာ။ နားလည်တာတစ်ခုကတော့ မြန်မာတွေနားလည်တဲ့ နိုင်ငံရေးဆိုတာ တစ်မျိုးပါလား ဆိုတာပါပဲ။ အိုဘားမား မလာအောင် ကန့်ကွက်တာလည်း နိုင်ငံရေးပဲတဲ့။ ခက်ချေပြီဗျို့၊ ခက်ချေပြီ။ တော်ပါပြီဗျာ... သူများအကြောင်းပြောရတာ အသက်တိုတယ်။ စိတ်တိုရတာကိုးဗျ။ ကျွန်တော်ကိုဉာဏ်ရဲ့ အသက်တွေကို အလကားနေရင်း ကန့်လန့်တိုက်နေတဲ့ လူတွေအတွက်တော့ အတိုမခံတော့ပါဘူး။

ကိုဉာဏ်အမြင်၊ ကိုဉာဏ်အတွေး
ဟုတ်ကဲ့... ကျွန်တော့်အမြင်ကတော့ အမေရိကန်သမ္မတ ဘားရက်အိုဘားမား မြန်မာနိုင်ငံသို့ လာခြင်းကို လုံးဝ(လုံးဝ) ပိုးစိုးပက်စက် ကြိုဆိုပါတယ်ခင်ဗျား။ အိမ်သာလို့ ဧည့်လာတယ်လို့ပဲ မှတ်ပါတယ်ဗျာ။ မြန်မာနိုင်ငံဟာ အခြားနိုင်ငံတွေလိုပဲ လွတ်လပ်တဲ့ အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်ခုပါ။ ကမ္ဘာ့အလယ်မှာ သူ့ဂုဏ်သိက္ခာနဲ့သူ ရပ်တည်နေတဲ့ နိုင်ငံတစ်ခုပါ။ သူများနိုင်ငံကို စစ်ပြုနေတဲ့၊ ရန်ရှာနေတဲ့ နိုင်ငံမဟုတ်ပါဘူး။ အာဖဂန်နစ္စတန်လို၊ ပါကစ္စတန်လို အကြမ်းဖက်သမားတွေ ပြည့်နှက်နေတဲ့ နိုင်ငံတစ်ခု မဟုတ်ပါဘူး။ သမ္မတကြီးဦးသိန်းစိန် ဦးဆောင်ပြီး ဒီမိုကရေစီလမ်းကြောင်းပေါ်မှာ နိုင်ငံဖွံ့ဖြိုးတိုးတက်အောင် ကြိုးစားနေတဲ့ နိုင်ငံတစ်ခုပါ။ ယဉ်ကျေးမှုအစဉ်အလာကြီးမားတဲ့၊ သိပ်ကိုမြင့်မြတ်တဲ့ ဗုဒ္ဓရဲ့ အဆုံးအမတွေအောက်မှာ ကြီးပြင်းလာတဲ့ နိုင်ငံသားတွေနေထိုင်တဲ့၊ သဘာဝတရားတွေနဲ့ သိပ်ကိုလှပတဲ့၊ ပထ၀ီနိုင်ငံရေးအရ သိပ်ကိုအချက်အခြာကျတဲ့ နေရာမှာရှိနေတဲ့ နိုင်ငံတစ်ခုပါ။ အဲဒီလိုနိုင်ငံကို အမေရိကန်သမ္မတတစ်ဦး လာတယ်ဆိုတာ ဘာများထူးဆန်းလို့လဲဗျာ။

ဂုဏ်ယူရမှာ ဘယ်သူလဲ 
ကျွန်တော့်သဘောဆိုရင်တော့ အခုခရီးစဉ်မှာ တကယ်တမ်း ဂုဏ်ယူရမှာက ကျွန်တော်တို့ မဟုတ်ပါဘူး။ မြန်မာပြည်ကို လာရောက်ခွင့်ရတဲ့၊ လာရောက်ခြေချခွင့်ရတဲ့၊ မြန်မာ့လေကို ရှူရှိုက်ခွင့်ရတဲ့၊ မြန်မာ့ရေကို သောက်သုံးခွင့်ရတဲ့၊ မြန်မာပြည်သူတွေနဲ့ ထိတွေ့ခွင့်ရတဲ့ အိုဘားမားကသာ ဂုဏ်ယူရမှာပါ။ ဗိုလ်ချုပ်အောင်ဆန်းလို၊ ဦးသန့်လို လူတော်တွေထွက်တဲ့နိုင်ငံ၊ ကမ္ဘာကျော် ပတ္တမြားတွေ၊ ကျောက်စိမ်းတွေ ထွက်တဲ့နိုင်ငံ၊ တစ်ကမ္ဘာလုံးက ငမ်းငမ်းတက်ဖြစ်နေကြတဲ့ ရေနံတွေ၊ သဘာဝဓာတ်ငွေ့တွေ ထွက်တဲ့နိုင်ငံ၊ ဗုဒ္ဓဘာသာနဲ့ပတ်သက်ရင် ကမ္ဘာပေါ်မှာ အင်အားအကောင်းဆုံး ကျန်ရှိနေတဲ့ တစ်ခုတည်းသောနိုင်ငံ၊ ဧရာဝတီ၊ ချင်းတွင်း၊ စစ်တောင်းစတဲ့ သဘာဝတရားရဲ့ အဖိုးမဖြတ်နိုင်တဲ့ လက်ဆောင်တွေပိုင်ဆိုင်ထားတဲ့ နိုင်ငံ၊ အစွန်းထွက်တောင်မရှိတဲ့ လူဦးရေပမာဏနဲ့ နယ်မြေဧရိယာကြီးမားလွန်းတဲ့၊ လူဦးရေများလွန်းတဲ့ နိုင်ငံကြီးနှစ်ခုကြားမှာ အမျိုး၊ ဘာသာ၊ သာသနာ၊ စာပေ၊ ယဉ်ကျေးမှုတွေ မပျောက်ပျက်အောင် ထိန်းသိမ်းရပ်တည် နေနိုင်တဲ့တိုင်းပြည်၊ ............။ ကဲ... ဒီလောက် ဂုဏ်ယူဖွယ်ရာတွေနဲ့ ပြည့်နှက်နေတဲ့ တိုင်းပြည်ကို ခြေချခွင့်ရတဲ့ အိုဘားမားဆိုတဲ့ လူသားတစ်ဦးဟာ ဘယ်လောက်များ ကံကောင်းလိုက်သလဲဆိုတာ စာဖတ်သူပဲ စဉ်းစားကြည့်ပါတော့ဗျာ။ အိုဘားမား စိတ်အ၀င်စားဆုံးဖြစ်မယ့် အချက်တစ်ချက် ကျန်ပါသေးတယ်။ ကမ္ဘာပေါ်မှာ ဘယ်နိုင်ငံမှာမှ မရှိသေးတဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းမှု ဖြစ်စဉ်ကို အသိမ်မွေ့၊ အညင်သာဆုံး ပြုလုပ်နိုင်ခဲ့တဲ့ တိုင်းပြည်ဗျ။ ဒီတစ်ချက်တည်းနဲ့တင် မြန်မာပြည်ကိုလာပြီး ဂုဏ်ပြုသင့်တယ်လို့ မထင်ဘူးလားခင်ဗျ။

သတိပြုမိတာတွေ
အလည်အပတ်ခရီးစဉ် မဟုတ်လို့ထင်ပါရဲ့၊ သတင်းစာတွေမှာ အိုဘားမားအကြောင်း ဖော်ပြတာကို မတွေ့ရပါဘူး။ ပုံမှန်အားဖြင့် နိုင်ငံခြားတိုင်းပြည်တစ်ခုခုက ခေါင်းဆောင်တစ်ဦးဦး လာတယ်ဆိုရင် သတင်းစာတွေမှာ အဲဒီခေါင်းဆောင်ရဲ့ ကိုယ်ရေးအကျဉ်းကို ဖော်ပြလေ့ရှိလို့ပါ။ အခုတော့ အိုဘားမားအကြောင်းကို သတင်းစာမှာ ဖော်ပြထားတာ မတွေ့ရကြောင်းပါ။ နောက်တစ်ချက်ကတော့ လုံခြုံရေးပိုင်းဆိုင်ရာကို အရမ်းဂရုစိုက်နေတာ တွေ့ရတာပါပဲ။ စူပါပါဝါနိုင်ငံတစ်ခုရဲ့ အရှင်သခင် ဆိုတော့လည်း ဒီလောက်တော့ လုပ်ရမှာပေါ့လို့ပဲ တွေးမိပါတယ်။ ကျွန်တော်တို့ဆီက အတိုက်အခံတွေလိုမျိုး ပိုကိုပိုလွန်းတယ်လို့တော့ မမြင်မိပါဘူး။ သူ့နိုင်ငံသားတွေရဲ့ သူတို့သမ္မတအပေါ်မှာ တန်ဖိုးထားမှုလို့ပဲ မြင်ပါတယ်။ အဲဒီလိုနိုင်ငံသားတွေကို အုပ်ချုပ်ခွင့်ရတဲ့ အိုဘားမားအတွက်လည်း ဂုဏ်ယူရပါတယ်။ အစိုးရရဲ့ တရားဝင်သတင်းဌာနတွေ အားလုံးဟာ အိုဘားမား ဘယ်မှာတည်းမယ်၊ ဘယ်သူနဲ့တွေ့မယ်၊ ဘယ်အချိန်ရောက်မယ်၊ ဘယ်အချိန်ပြန်မယ်၊ ဘယ်ကိုသွားမယ်ဆိုတာကို သေသေချာချာ မထုတ်ပြန်တာကို သတိပြုမိပါတယ်။ လုံခြုံရေးအရ သတင်းထိန်းချုပ်ထားတယ်လို့ပဲ မြင်မိပါတယ်။ (မှူးဇော်ကြီးကို သတိရမိတော့ ပြုံးမိပါတယ်။ သူ့ခမျာ ဘယ်လောက်တောင် ရေးချင်နေရှာမလဲလို့ တွေးမိပြီး ခပ်တိုးတိုးရယ်မိပါရဲ့။ :D ) အိုဘားမားလာတဲ့အတွက် လောလောဆယ် အကျိုးအရှိဆုံးလူတွေကတော့ ဆေးဆိုးပန်းရိုက်လုပ်ငန်းတွေနဲ့ မီဒီယာတွေပဲ ဖြစ်လိမ့်မယ်ထင်ပါရဲ့။ အလံတွေ၊ အင်္ကျီတွေ၊ ပိုစတာတွေဆိုတာ ပလူကိုပျံနေတာပါပဲ။ အင်း... ငါးစာတွေ ချထားလိုက်ကြဦးကွ။ အင်တာနက်ပေါ်မှာကတော့ အရည်မရ အဖတ်မရ အိုဘားမားလာသင့်တယ်၊ မလာသင့်ဘူး ငြင်းခုန်နေကြလေရဲ့။ ဟိုဟိုဒီဒီ မငြင်းတဲ့လူတွေကလည်း အားအားလျားလျား အမေရိကန်သမ္မတစီးတဲ့ ကားအကြောင်းတို့၊ လေယာဉ်အကြောင်းတို့၊ ကိုယ်ရံတော်တပ်ဖွဲ့အကြောင်းတို့ ပြောနေလိုက်ကြတာများ အံ့သြဖို့တောင်ကောင်းတယ်။ ငါတို့မြန်မာတွေလည်း တစ်နေ့တစ်နေ့ မပျင်းရပါလားလို့ တွေးမိတော့ မဆိုးပါဘူးလို့ ကောက်ချက်ချမိပါတယ်။

သူတို့နှစ်ဦးနဲ့တွေ့မယ်
အမေရိကန်သမ္မတအိုဘားမားရဲ့ မြန်မာပြည်ခရီးစဉ်မှာ မြန်မာသမ္မတ ဦးသိန်းစိန်နဲ့တွေ့ပါမယ်။ နောက်ပြီးရင် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ပါမယ်။ နိုင်ငံတကာ သတင်းစာမျက်နှာတွေမှာ သတင်းဖော်ပြထားတဲ့အတိုင်း ပြောပြတာပါ။ ဘယ်နေရာတွေကို လည်ပတ်ဦးမယ် ဆိုတာကိုတော့ ဖော်ပြထားတာ မတွေ့ရပါဘူး။ ရွှေတိဂုံစေတီတော်ကို သွားဖူးမလားလို့ ကျွန်တော်ကတော့ တွေးမိပါတယ်။ ရန်ကုန်မှာလည်း အထင်ကရ သွားစရာ၊ သွားလို့ကောင်းတာ အဲဒီနေရာပဲ ရှိတယ်လို့ မြင်မိလို့ပါ။ ထိုင်းနိုင်ငံမှာတော့ ဗုဒ္ဓဘာသာ ဘုရားကျောင်းတစ်ခုကို သွားခဲ့ပါတယ်။

သတင်းစာရှင်းလင်းပွဲလုပ်ခဲ့ရင်
ကိုယ့်ဆီက ကမ္ဘာကျော် မြန်မာသတင်းထောက်တွေ ပါးစပ်ထဲရှိသမျှ ဘာတွေမေးမလဲလို့ တွေးကြည့်နေမိပါတယ်။ စဉ်းစားမိသလောက်ကတော့.....
(၁) ပိတ်ဆို့မှုတွေ ရုပ်သိမ်းပေးတာ စောလွန်းတယ်လို့ မထင်မိဘူးလား။
(၂) မြန်မာပြည်ကို မလာသင့်သေးဘူးလို့ ဝေဖန်နေကြပါလျက် ဘာဖြစ်လို့ လာခဲ့တာပါလဲ။
(၃) သမ္မတကြီး ဦးသိန်းစိန်အပေါ် ဘယ်လိုမြင်ပါသလဲ။
(၄) ဒေါ်အောင်ဆန်းစုကြည်အပေါ် ဘယ်လိုမြင်ပါသလဲ။
(၅) ဒေါ်အောင်ဆန်းစုကြည် သမ္မတလုပ်မယ်ဆိုရင် အိုဘားမားအနေနဲ့ ဘယ်လိုသဘောရပါသလဲ။
(၆) ရခိုင်မှာဖြစ်နေတာတွေနဲ့ပတ်သက်ပြီး အမေရိကန်က ၀င်ရောက်ဖြေရှင်းပေးဖို့ ရှိမလား။
(၇) မြန်မာ-တရုတ် ဆက်ဆံရေးအပေါ် ဘယ်လိုမြင်ပါသလဲ။
(၈) လူကြီးမင်းရဲ့အဘိုးဖြစ်သူ မြန်မာပြည်မှာ တာဝန်ထမ်းဆောင်ခဲ့ဖူးတာ သိပါသလား။
(၉) မြန်မာ့ဒီမိုကရေစီအတွက် အမေရိကန်က ဘယ်လိုအကူအညီတွေ ပေးသွားမှာပါလဲ။ 
(၁၀) အိုဘားမားအနေနဲ့ မြန်မာပြည်သူတွေကို ပေးချင်တဲ့ သတင်းစကားက ဘာများဖြစ်မလဲ။
(၁၁) အီရန်ကို စစ်တိုက်မလား သိချင်ပါတယ်။

ကဲ... ကျွန်တော်ကတော့ ထီထိုးလိုက်ပါပြီ။ မနက်ဖြန်၊ သဘက်ခါထွက်တဲ့ ဂျာနယ်တွေဖတ်ပြီး ထီတိုက်လိုက်ပါဦးမယ်။ ပျော်စရာတော့ အကောင်းသားခင်ဗျ။

ကြိုဆိုပါတယ် အိုဘားမား
အမေရိကန်ပြည်ထောင်စုသမ္မတ ဘားရက်အိုဘားမားရဲ့ မြန်မာနိုင်ငံသို့လာရောက်မယ့် သမိုင်းဝင်ခရီးစဉ်ကို လှိုက်လှဲစွာ ကြိုဆိုလိုက်ကြောင်းပါ။ အပြောင်းအလဲတွေအတွက် အားသွန်ကြိုးပမ်း ဆောင်ရွက်နေတဲ့ သမ္မတကြီးဦးသိန်းစိန်နဲ့ မြန်မာပြည်သူတွေကို ဂုဏ်ပြုတဲ့ခရီးစဉ်လို့ပဲ မှတ်ယူပါတယ်ခင်ဗျား။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ ၁၉ ရက်၊ တနင်္လာနေ့။
နံနက် ၃ နာရီ ၂၁ မိနစ်တွင်ပြီး၏။ 

Monday, September 03, 2012

သတင်းတွေနောက်ကို လိုက်ခဲ့တယ်၊ ကျွန်တော် မောရတယ်


နိဒါန်း 
စက္ကန့်ပိုင်းလောက်ပဲဖြစ်ဖြစ် ကွန်ပျူတာကို ပိတ်လိုက်တာနဲ့ သတင်းအချို့ကို သင်လက်လွတ်သွားမှာ သေချာနေပါပြီ။ မနက်ပိုင်းကပဲ အင်တာနက်စာမျက်နှာတွေမှာ သတင်းတွေ လိုက်ဖတ်တုန်းက ဘာမှထွေထွေထူးထူး မတွေ့ခဲ့ရသော်လည်း နေ့လည်ပိုင်း အင်တာနက်ပြန်သုံးတဲ့အချိန်မှာ သတင်းတွေက နည်းတာမဟုတ်ပါဘူး။ ဟူးးးးးးးးးးးးးး အတော်ကြီးကို စိတ်မောသွားတယ်၊ ဒီနေ့ခေတ်ကြီးမှာ သတင်းတွေနောက်ကိုသာ လိုက်နေရရင် လိုက်တဲ့လူသာ မောသွားမယ်။ သတင်းကတော့ ကုန်မယ်မထင်ပါဘူး။ ကိုယ်တွေနဲ့ တိုက်ရိုက်သက်ဆိုင်တဲ့ သတင်းတွေ ရှိသလို၊ တိုက်ရိုက်ပတ်သက်ခြင်း မရှိဘဲ သိသင့်တဲ့ သတင်းတွေလည်း ရှိတာပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ် အခုလိုမျိုး သတင်းတွေကို စက္ကန့်ပိုင်းအတွင်း၊ မိနစ်ပိုင်းအတွင်း သိခွင့်ရလာတာကပဲ ကျွန်တော်တို့နိုင်ငံရဲ့ တိုးတက်လာတဲ့ အပြောင်းအလဲတစ်ခု၊ အရွေ့တစ်ခုလို့ ကျွန်တော်ကိုဉာဏ်က မှတ်ချက်ချချင်ပါတယ်။ ကျွန်တော်ဖတ်မိသမျှ သတင်းတွေကို စုစည်းတင်ပေးလိုက်ပါတယ်။ အားလုံးတော့ သတင်းအသစ်တွေ ဖြစ်ချင်မှ ဖြစ်ပါလိမ့်မယ်။ စာဖတ်သူတွေ သိပြီးဖတ်ပြီးသား သတင်းတွေများ ပါနေခဲ့ရင်လည်း နားလည်ပေးကြပါဦး။ အချို့သော ကျွန်တော့်ခံစားချက်များကိုလည်း သည်းခံဖတ်ရှုပေးကြပါဦးခင်ဗျာ။

(က)
ကာကွယ်ရေးဝန်ကြီးဌာန၀န်ကြီးအဖြစ် ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင် ကို ပြောင်းလဲခန့်အပ်လိုကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က နိုင်ငံတော်သမ္မတထံကို အကြောင်းကြားခဲ့တယ်လို့ သိရပါတယ်။ အဲဒီအတွက် နိုင်ငံတော်သမ္မတက ပြည်ထောင်စုလွှတ်တော် နာယကထံကို သ၀ဏ်လွှာ ပေးပို့ခဲ့တယ်လို့ သတင်းတွေမှာ ဖတ်ရပါတယ်။ လက်ရှိ ကာကွယ်ရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေသူ ဒုတိယဗိုလ်ချုပ်ကြီး လှမင်းကိုတော့ တပ်မတော်မှာ စစ်ဘက်ဆိုင်ရာ တာဝန်များကို ပြန်လည်ထမ်းဆောင်စေမှာ ဖြစ်တယ်လို့လည်း သတင်းတွေမှာ ဖတ်ရပါတယ်။

(ခ)
ရာထူးမှ နုတ်ထွက်သွားသဖြင့် လစ်လပ်နေသော ပြည်ထောင်စုစာရင်းစစ်ချုပ် ရာထူးနေရာတွင် လက်ရှိ သတ္တုတွင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေသော ဦးသိန်းထိုက်ကို ခန့်အပ်လိုကြောင်း နိုင်ငံတော်သမ္မတက ပြည်ထောင်စုလွှတ်တော်နာယကထံ သ၀ဏ်လွှာ ပေးပို့ခဲ့တယ်လို့ သိရှိရပါတယ်။ ဦးသိန်းထိုက်သည် ယခင်က တပ်မတော်စစ်ဆေးရေး အရာရှိချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဖြစ်ကြောင်းလည်း သတင်းတွေမှာ ဖတ်ရှုရပါတယ်။

(ဂ)
ယခင်က အမှတ် (၁) လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန၊ အမှတ် (၂) လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနဟူ၍ ၀န်ကြီးဌာန ၂ ခုခွဲ၍ ဖွဲ့စည်းထားခဲ့သော်လည်း ယခုအခါ အဆိုပါ ၀န်ကြီးဌာန ၂ ခုကို ပေါင်းစည်း၍ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအဖြစ် ပြောင်းလဲဖွဲ့စည်းလိုကြောင်း နိုင်ငံတော်သမ္မတက ပြည်ထောင်စုလွှတ်တော် နာယကထံ သ၀ဏ်လွှာ ပေးပို့ထားတယ်လို့ သိရှိရပါတယ်။

(ဃ)
ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌနဲ့အဖွဲ့ဝင်တွေကို စွပ်စွဲပြစ်တင်ကြောင်း အဆိုအား အမျိုးသားလွှတ်တော်မှာ အတည်ပြုခဲ့တဲ့အတွက် ပြည်သူ့လွှတ်တော်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းပြီး စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ရမှာဖြစ်ပါတယ်။ သို့သော် မူလဖွဲ့စည်းထားတဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့မှာ ပါဝင်တဲ့ ဥက္ကဋ္ဌဖြစ်သူ ဦးနန္ဒကျော်စွာနဲ့ အဖွဲ့ဝင်တွေဟာ အမှုမှာ ပါဝင်ပတ်သက်နေသူတွေဖြစ်ခြင်း၊ စွပ်စွဲပြစ်တင်ဖို့ လက်မှတ်ရေးထိုး တောင်းဆိုခဲ့ကြသူများဖြစ်ခြင်း၊ လွှတ်တော်တွေမှာ တက်ကြွစွာ အဆိုတင်သွင်းခြင်း၊ ဆွေးနွေးခြင်း ပြုလုပ်ခဲ့ကြသူများ ဖြစ်ခြင်းတို့ကြောင်း ၎င်းတို့သာ စုံစမ်းစစ်ဆေးပါက တရားမျှတမှုရှိမည်ဟု မယူဆပါသဖြင့် ကန့်ကွက်ပါကြောင်း ခုံရုံးက ကန့်ကွက်စာ ပေးပို့ခဲ့တယ်လို့ သိရှိရပါတယ်။ အဲဒီအတွက် စုံစမ်းစစ်ဆေးရေးအဖွဲ့ ဥက္ကဋ္ဌအဖြစ် ဦးနန္ဒကျော်စွာ အစား အမ်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဆွေ ကို ဥက္ကဋ္ဌအဖြစ် ပြောင်းလဲတာဝန်ပေးအပ်လိုက်ပြီး စုံစမ်းစစ်ဆေးမှုများ စတင်ပြုလုပ်နေပြီဖြစ်ကြောင်း သတင်းများမှာ ဖတ်ရှုရပါတယ်။

(င)
မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိနေတဲ့ မိုးသီးဇွန်နဲ့ ပြည်တော်ပြန်အချို့ဟာ ယနေ့ ရန်ကုန်မြို့မှာ သတင်းစာရှင်းလင်းပွဲတစ်ခု ပြုလုပ်ခဲ့တယ်လို့ အင်တာနက်သတင်းတွေမှာ ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြထားတာကို ဖတ်ရှုရပါတယ်။

(စ)
ရခိုင်ပြည်နယ် အရေးကိစ္စနဲ့ပတ်သက်ပြီး သမ္မတကြီးကို ထောက်ခံကြောင်းနှင့် ကွင်တားနားကို ကန့်ကွက်ကြောင်း ဆန္ဒဖော်ထုတ်ပွဲကို မန္တလေးမြို့မှာ စက်တင်ဘာ ၂ ရက်နေ့မှ ၄ ရက်နေ့အထိ ကျင်းပပြုလုပ်ရန် အရှင်ဝီရသူဆိုသည့် သံဃာတစ်ပါးက လျှောက်ထားခဲ့ရာ သက်ဆိုင်ရာက ခွင့်ပြုပေးခဲ့ပါတယ်။ သို့သော် စက်တင်ဘာ ၂ ရက်နေ့ ဆန္ဒဖော်ထုတ်ပွဲတွင် ခွင့်ပြုထားသည့် ပမာဏထက် အဆမတန် များပြားစွာ ပါဝင်လှုပ်ရှားခဲ့ကြသဖြင့် ဦးဆောင်လျှောက်ထားခဲ့သူ အရှင်ဝီရသူအား တာဝန်ရှိသူများက ခေါ်ယူဆွေးနွေးရာ မိမိသဘောဖြင့်မိမိ လာရောက်ပူးပေါင်းသူများအတွက် တာဝန်မယူနိုင်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်ဟု သိရှိရပါသည်။ မလိုလားအပ်သော နောက်ဆက်တွဲ ပြဿနာများ မဖြစ်ပေါ်စေရန်အတွက် သက်ဆိုင်ရာက ခွင့်ပြုပေးထားခဲ့သည့် ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ခွင့်အား ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ပြန်လည်ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။ သို့သော် အရှင်ဝီရသူဦးဆောင်သည့် ဆန္ဒဖော်ထုတ်သူများသည် အဆိုပါ တားမြစ်ချက်အား လိုက်နာခြင်းမရှိဘဲ ယနေ့တွင် ဆန္ဒဖော်ထုတ်မှုများ ဆက်လက်ပြုလုပ်ခဲ့ကြောင်း စိတ်မကောင်းစွာဖြင့် သတင်းများ ဖတ်ရှုရပါသည်။ (မြန်မာ့နိုင်ငံရေးကို နောက်ပြန်ဆွဲနေသူများသည် မည်သူတို့ဖြစ်ကြောင်း ပြည်သူတို့က ရှင်းရှင်းလင်းလင်း သိသင့်သည့် အချိန်တစ်ခုသို့ ရောက်ရှိနေပြီဟု ကျွန်တော်က ဖြည့်စွက်ပြောလိုပါသည်။ ယခုအချိန်သည် ဒီမိုကရေစီရရှိရေးအတွက် တိုက်ပွဲဝင်ရမည့် အချိန်မဟုတ်သည်ကတော့ သေချာပါသည်။)

(ဆ)
မြန်မာ့ရုပ်ရှင်ထူးချွန်ဆုများကို ယခင်ကကဲ့သို့ ပြန်ကြားရေးဝန်ကြီးဌာနက စိစစ်ရွေးချယ် ဆုချီးမြှင့်မည် မဟုတ်တော့ဘဲ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက ရွေးချယ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သတင်းများ ဖတ်ရှုရပါသည်။ အတော်ကြီးကို ပွဲဆူဦးမည့် အနေအထားဟု သုံးသပ်မိပါသည်။ လူလိုနတ်လို ဖြစ်ကြပါစေဟုသာ ဆုတောင်းပါသည်။ ၂၀၁၃ ခုနှစ်ရောက်လျှင်တော့ တတ်သိပညာရှင်များဖြင့် ဘုတ်အဖွဲ့ ဖွဲ့စည်းကာ ရွေးချယ်သွားမည်ဟု နောက်ဆက်တွဲ ဖတ်ရှုရသည့်အတွက်တော့ သက်ပြင်းတစ်ဝက် ချလိုက်မိပါသည်။

(ဇ)
ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန ဒုတိယ၀န်ကြီးအဖြစ် ဦးသောင်းတင် ကို ခန့်အပ်လိုက်ကြောင်း သမ္မတရုံးစာမျက်နှာတွင် ဖတ်ရှုခဲ့ရပါသည်။ ဦးသောင်းတင်သည် ဒုတိယ၀န်ကြီးအဖြစ် ခန့်အပ်ခြင်းမခံရမီ ရက်ပိုင်းအတွင်းကပင် အလုပ်ရုံဆွေးနွေးပွဲတစ်ခု၌ ဖုံးကတ်တွေကို ဈေးလျှော့ရမှာမဟုတ်ကြောင်း၊ အလကားပေးရမှာဖြစ်ကြောင်း၊ အခြားနိုင်ငံများကဲ့သို့ ဖုန်းကတ်ပေးချိန်တွင် အချိန်တစ်ခုအထိ အခမဲ့ပြောဆိုနိုင်သည်အထိ ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း ပြောဆိုခဲ့ပါသေးသည်။ ထို့ကြောင့် သာမန်လက်လုပ်လက်စားများနှင့် လစာနည်း ၀န်ထမ်းများအနေဖြင့် ဒုတိယ၀န်ကြီးသစ် ဦးသောင်းတင်အား မျှော်လင့်တကြီးဖြင့် စောင့်ကြည့်နေကြကြောင်း သိရှိရပါသည်။

(စ်)
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ပုသိမ်မြို့သို့ ရေဘေးကယ်ဆယ်ရေး ကူညီမှုအတွက် ခရီးသွားရောက်ခဲ့ကြောင်း သတင်းစာမျက်နှာများတွင် ဓာတ်ပုံများ ဝေေ၀ဆာဆာဖြင့် အကျယ်တ၀င့် တခမ်းတနား ဖော်ပြကြတာကို ဖတ်ရှုတွေ့မြင်ရပါသည်။ ဒုက္ခရောက်နေသူများကို တတ်နိုင်သလောက် ကူညီသည်ကို သာဓုခေါ်မိပါသည်။ သို့သော် ဒေါ်အောင်ဆန်းစုကြည်၏ ပုသိမ်ခရီးစဉ် အဓိကရည်ရွယ်ချက်နှင့် ပါတီတွင်း ပြဿနာများ သွားရောက်ဖြေရှင်းသည့် သတင်းကိုမူ သတင်းမီဒီယာများ အားလုံးက တညီတညွတ်တည်း နှာစေးနေကြသည်မှာ အဘယ်ကြောင့်နည်း ဆိုသည်ကိုမူ ကျွန်တော်ကိုဉာဏ် နားလည်နိုင်ခြင်း မရှိပါ။ စတုတ္ထမဏ္ဍိုင်သည် စတုတ္ထမဏ္ဍိုင် ပီသသင့်သည်ဟုတော့ ကျွန်တော်မြင်မိပါသည်။ ယခုကဲ့သို့ သတင်းဖော်ပြရန် ပျက်ကွက်ခြင်းသည် ပြည်သူကို အမှောင်ချခြင်းတစ်မျိုးဟုသာ ကျွန်တော်ကိုဉာဏ် မြင်မိပါသည်။ မီဒီယာများ သတိပြုစေနိုင်ဖို့ စေတနာဖြင့် ထောက်ပြဝေဖန်ခြင်းရယ်ပါ။ အနာပေါ်တုတ်ကျ၍ ခပ်စပ်စပ်လေး ဖြစ်သွားခဲ့ပါလျှင် တောင်းပန်လိုက်ပါသည်။

(ည)
ပြည်ထောင်စုဝန်ကြီးဌာနတစ်ခုလျှင် ပြည်ထောင်စုဝန်ကြီး တစ်ဦးစီဖြင့် ခန့်အပ်တာဝန်ပေးအပ်သွားရန် နိုင်ငံတော်သမ္မတက သ၀ဏ်လွှာပေးပို့ခဲ့သည်ဟု သိရသည့်အတွက် ၀မ်းမြောက်ဝမ်းသာ ဖြစ်မိပါသည်။ ဟုတ်ကဲ့၊ ကျွန်တော်တို့ ၀န်ကြီးများသည် စူပါမင်းများ မဟုတ်ကြသည်ကို သမ္မတကြီး ကောင်းစွာ သိရှိသွားပြီဟု ယုံကြည်မိပါသည်။ လူတစ်ယောက်၏ ဦးနှောက်သည် အလုပ်ဘယ်နှခုကို တစ်ပြိုင်နက်တည်း အကောင်းဆုံးဖြစ်အောင် စဉ်းစားနိုင်မလဲဟူသည့် မေးခွန်းကို သမ္မတကြီး ဖြေနိုင်ခဲ့ပြီဟု ကျွန်တော်နားလည်လိုက်ပါသည်။

ဒီမျှနှင့် နားဦးမည်။ သတင်းတွေက မကုန်သေး။ ရှိသမျှသတင်းများ ရေးသားလျှင်လည်း ကျွန်တော်ကိုဉာဏ် ထမင်းပင် စားရမည်မဟုတ်ချေ။ မြန်မာ့သွေးမိတ်ဆွေများ ရွှင်လန်းချမ်းမြေ့ကြပါစေ။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ ၃ ရက်၊ တနင်္လာနေ့။
ညနေ ၆ နာရီ ၁၇ မိနစ်တွင်ပြီး၏။ 

Thursday, August 30, 2012

ဖတ်မိကြားမိသမျှ ခုံရုံးကိစ္စ


(က) 
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်တွေကို စွပ်စွဲပြစ်တင်တဲ့ အဆိုကို အမျိုးသားလွှတ်တော် စတုတ္ထပုံမှန်အစည်းဝေး ၃၄ ရက်မြောက်နေ့မှာ အတည်ပြုခဲ့ပါတယ်။

(ခ)
ပြည်သူ့လွှတ်တော်က အဆိုပါ စွပ်စွဲချက်ကို စုံစမ်းစစ်ဆေးဖို့အတွက် လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာကို ဥက္ကဋ္ဌအဖြစ် ခန့်အပ်ပြီး အဖွဲ့ဝင် ၁၅ ဦးပါဝင်တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်းခဲ့ပါတယ်။

(ဂ)
လွှတ်တော်များအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဆုံးဖြတ်ခဲ့သော အခြေခံဥပဒေခုံရုံး၏ ဆုံးဖြတ်ချက်ကို မလိုက်နာသည့်အပြင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်သည့် လုပ်ငန်းများကိုပါ ဆောင်ရွက်လာသဖြင့် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးက ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ စာချွန်တော် လျှောက်ထားခဲ့ကြောင်း သိရှိရပါသည်။

(ဃ) 
လွှတ်တော်ကိုယ်စားလှယ်များသည် ပြည်သူလူထုက တိုက်ရိုက်ရွေးချယ် တင်မြှောက်ထားသူများ ဖြစ်ကြကြောင်း၊ အစိုးရအဖွဲ့ဝင် ၀န်ကြီးများ၊ ရှေ့နေချုပ်၊ စာရင်းစစ်ချုပ်၊ ပြည်ထောင်စုတရားလွှတ်တော် တရားသူကြီးများ စသည်တို့မှာ နိုင်ငံတော်သမ္မတက အမည်စာရင်းတင်သွင်းပြီး ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက်ဖြင့် ခန့်အပ်ခံထားရသူများ ဖြစ်ကြကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတအပါအ၀င် အဆိုပါပုဂ္ဂိုလ်များအားလုံးအား စွပ်စွဲပြစ်တင်ခြင်း ပြုလုပ်နိုင်ရာ ပြည်ထောင်စုတရားလွှတ်တော် အနေဖြင့် အခြေခံဥပဒေဆိုင်ရာ ခုံရုံးအား စွပ်စွဲပြစ်တင်သည့် ကိစ္စတွင် ၀င်ရောက်ဟန့်တားမိပါက အခြေခံဥပဒေကို ဖောက်ဖျက်ခြင်း၊ ဥပဒေပြုရေးတွင် အမြင့်ဆုံး အဖွဲ့အစည်းဖြစ်သော ပြည်ထောင်စုလွှတ်တော်၏ လုပ်ပိုင်ခွင့်ကို ကန့်သတ်ခြင်းများကြောင့် ပြည်ထောင်စုတရားလွှတ်တော်အား ထပ်မံစွပ်စွဲပြစ်တင်မှု ပြုလုပ်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များက ပြောကြားသည်ဟူ၍ The VOICE စာမျက်နှာတွင် ဖော်ပြထားသော သတင်းကိုလည်း ဖတ်ရှုခဲ့ရပါသည်။

(င) 
၂၀၁၂ ခုနှစ်၊ သြဂုတ်လ ၃၀ ရက်၊ ကြာသပတေးနေ့ (ယနေ့) ထုတ် သတင်းစာများတွင် လွှတ်တော်ကိုယ်စားလှယ် တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်းကို ဖော်ပြခဲ့သည်ကို တွေ့ရှိရပါသည်။ ထို့ပြင် အဆိုပါဥပဒေကြမ်း၏ အောက်ဆုံး၌ ပြည်သူအများ သိရှိလေ့လာ အကြံပြုနိုင်ရေးအတွက် ဖော်ပြခြင်း ဖြစ်ပါသည် ဟူ၍ မှတ်ချက်ရေးသားထားသည်ကို တွေ့ရှိရပါသည်။

Wednesday, August 29, 2012

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌသို့ အိတ်ဖွင့်ပေးစာ


သို့
    ဦးခင်အောင်မြင့်
    ဥက္ကဋ္ဌ
    အမျိုးသားလွှတ်တော်

အကြောင်းအရာ။ မှတ်တမ်းမှားတစ်ခုအား ပြန်လည်စိစစ်နိုင်ပါရန်နှင့် ပြုပြင်နိုင်ပါရန် တင်ပြခြင်း

၁။ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးအား စွပ်စွဲပြစ်တင်သည့်အဆိုကို မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၅) မှ ဦးဇော်မြင့်ဖေ က တင်သွင်းခဲ့ပြီး ၂၀၁၂ ခုနှစ် သြဂုတ်လ ၂၈ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် ပထမအကြိမ် အမျိုးသားလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး ၃၄ ရက်မြောက်နေ့တွင် ၎င်းအဆိုအား ဆွေးနွေးခဲ့ကြကြောင်း သတင်းမီဒီယာများမှတစ်ဆင့် ဖတ်ရှုသိရှိခဲ့ရပါသည်။
၂။ အဆိုနှင့်ပတ်သက်၍ လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ ထောက်ခံမဲ ၁၆၃ မဲဖြင့် စွပ်စွဲပြစ်တင်ခြင်းအဆိုကို အတည်ပြုနိုင်ခဲ့ကြောင်းလည်း သိရှိခဲ့ရပါသည်။ ထို့ပြင် ပြည်သူ့လွှတ်တော်သို့ ဥက္ကဋ္ဌကြီး ပေးပို့ခဲ့သည့် သ၀ဏ်လွှာတွင်လည်း နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား စွပ်စွဲပြစ်တင်ခြင်းအဆိုသည် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၁၆၃ ဦး၏ ထောက်ခံဆန္ဒမဲများဖြင့် အတည်ဖြစ်ခဲ့ပါကြောင်း ဖော်ပြပါရှိခဲ့ပါတယ်။
၃။ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌကြီးခင်ဗျား၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၄၁ အရ အမျိုးသားလွှတ်တော်တွင် အများဆုံးရှိရမည့် ကိုယ်စားလှယ်ဦးရေမှာ ၂၂၄ ဦးဖြစ်ပါသည်။ အဆိုပါ ၂၂၄ ဦးတွင် ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ် ၁၆၈ ဦးနှင့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၅၆ ဦးတို့ ပါဝင်ကြတယ်ဆိုတာ ဥက္ကဋ္ဌကြီးအနေနဲ့ သိရှိပြီးဖြစ်ပါတယ်။ သို့သော် စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၂) မှ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ဘိုကြီး (ခ) ဦးအောင်ငွေ ကွယ်လွန်သွားတဲ့အတွက် ကိုယ်စားလှယ် ၁ နေရာ လစ်လပ်လျှက်ရှိပါတယ်။ ထို့ကြောင့် လက်ရှိ အမျိုးသားလွှတ်တော်သို့ တက်ရောက်ခွင့်ရှိတဲ့ လွှတ်တော်ကိုယ်စားလှယ်ဟာ ၂၂၃ ဦးသာ ဖြစ်ပါတယ်။
၎။ လွှတ်တော်အစည်းအဝေး မှတ်တမ်းများအရ အမျိုးသားလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး ၃၄ ရက်မြောက်နေ့သို့ တက်ရောက်တဲ့ လွှတ်တော်ကိုယ်စားလှယ်ဟာ ၂၁၆ ဦး ဖြစ်ပါတယ်။ အစည်းအဝေး ပျက်ကွက်သူက ၇ ဦး ဖြစ်ပါတယ်။ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ် ၅ ဦးနဲ့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၂ ဦး ပျက်ကွက်တယ်လို့ မှတ်တမ်းများအရ သိရှိရပါတယ်။
၅။ ဥက္ကဋ္ဌကြီးခင်ဗျား၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၂၉ (ခ) အရ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌသည် အစည်းအဝေးများတွင် မဲခွဲဆုံးဖြတ်သည့်အခါ ဆန္ဒမဲပေးခြင်း မပြုလုပ်ရပါဘူး။ (ထောက်ခံဆန္ဒမဲနှင့် ကန့်ကွက်ဆန္ဒမဲ အရေအတွက် တူညီနေသည့် အခါများတွင်တော့ အနိုင်မဲပေးခွင့် ရှိပါတယ်။)
၆။ လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးခင်ဗျား၊ ဒီအကြောင်းတွေကို ကျွန်တော်ဘာလို့ ရှင်းပြနေရသလဲဆိုတာ အကြောင်းရှိပါတယ်။ ကျွန်တော်ပြောချင်တဲ့ အကြောင်းအရာကို မရောက်ခင် အခုလို ရှင်းပြနေတာတွေကို နားလည်ခွင့်လွှတ်ပြီး ဖတ်ရှုပေးစေလိုပါတယ်။
၇။ ခုံရုံးဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်များကို စွပ်စွဲပြစ်တင်ခြင်းအဆို အဆုံးအဖြတ်ခံယူတဲ့နေ့က လွှတ်တော်အခြေအနေကို ကျွန်တော်တင်ပြပါရစေ။ ဥက္ကဋ္ဌကြီးအနေနဲ့လည်း အလေးဂရုပြုပြီး ဖတ်စေချင်ပါတယ်။
၈။ ဥက္ကဋ္ဌကြီးခင်ဗျား၊ ကျွန်တော်ဘာကို ဆိုလိုချင်သလဲဆိုတာကို သဘောပေါက်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ ဥက္ကဋ္ဌကြီးမြင်တဲ့အတိုင်း အဆိုကို ထောက်ခံတဲ့လူရယ်၊ မဲပေးခွင့်မရှိတဲ့သူရယ်၊ ကန့်ကွက်တဲ့ တပ်မတော်သားတွေရယ်ကို ပေါင်းလိုက်တဲ့ အရေအတွက်ဟာ အံ့သြစရာကောင်းလောက်အောင် အစည်းအဝေးတက်တဲ့ဦးရေထက် များနေပါရော့လားခင်ဗျာ။
၉။ အခုတင်ပြခဲ့တာတွေဟာ မှားစရာအကြောင်း လုံးဝမရှိပါ။ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် အားလုံးက မတ်တတ်ရပ်ဆန္ဒပြုခြင်း လုံးဝ (လုံးဝ) မရှိခဲ့ဘူးဆိုတာကို အဲဒီနေ့က သတင်းယူတဲ့ ဘယ်သတင်းထောက်ကိုမေးမေး မေးကြည့်နိုင်ပါတယ်။ ဖွဲ့စည်းပုံအရ ရှိရမယ့် တပ်မတော်သားက ၅၆ ဦး၊ ခွင့်ပန်ကြားပြီး ပျက်ကွက်တဲ့သူက ၂ ဦး၊ အဲဒီနေ့က အစည်းအဝေးတက်တဲ့လူက ၅၄ ဦး ဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီးအနေနဲ့လည်း ဆန္ဒမဲပေးလို့ မရတဲ့အတွက် ၁ ဦး၊ အဲဒီတော့ နှစ်ခုပေါင်းလိုက်ရင် ၅၅ ဦးဟာ အဆိုကို ထောက်ခံသူတွေထဲမှာ မပါဝင်တာ အသေအချာပါပဲ။ ဒါဆိုရင် အဲဒီနေ့က အစည်းအဝေးတက်တဲ့လူ ၂၁၆ ဦး ဆိုတော့ အမှန်တကယ် အဆိုကို ထောက်ခံမဲဟာ (၂၁၆-၅၅=၁၆၁) ဖြစ်ရပါမယ်။
၁၀။ ဒါပေမယ့် အားလုံးသိတဲ့အတိုင်း ထောက်ခံမဲ ၁၆၃ မဲ ဆိုတဲ့မှတ်တမ်းဟာ သမိုင်းတွင်သွားခဲ့ပါပြီ။ အမျိုးသားလွှတ်တော်ရဲ့ အမှားတစ်ခု သမိုင်းတွင်သွားခဲ့တာလို့လည်း ဆိုနိုင်ပါတယ်။ မဲ ၂ မဲ ကွာတာဟာ အဆိုအတည်ဖြစ်ဖို့အတွက် လားလားမျှ သက်ရောက်မှု မရှိဘူးဆိုတာ ကျွန်တော်နားလည်ပါတယ်ခင်ဗျား။ ကျွန်တော်ပြောချင်တာလည်း အဲဒီအပိုင်းကို ပြောချင်တာ မဟုတ်ပါဘူး။ လွှတ်တော်ရဲ့ စနစ်မကျမှုနဲ့ ချို့ယွင်းမှုကို ထောက်ပြလိုတာပါ။
၁၁။ ပြည်သူ့လွှတ်တော်ကလည်း အဲဒီအချက်ကို အလေးဂရုပြုကြပုံ မပေါ်ပါဘူး။ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌကြီးက စွပ်စွဲပြစ်တင်တဲ့အဆိုဟာ ကိုယ်စားလှယ် ၁၆၃ ဦးရဲ့ ထောက်ခံမှုနဲ့ အတည်ဖြစ်ခဲ့ကြောင်း သ၀ဏ်လွှာ ပေးပို့တာကို ဒီအတိုင်းပဲ လက်ခံလိုက်ကြတာကို တွေ့ရပါတယ်။ လွှတ်တော်တွေရဲ့ အဓိကလိုရင်းက ခုံရုံးကို စွပ်စွဲပြစ်တင်ရေး၊ ခုံရုံးဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်တွေကို ဖြုတ်ချနိုင်ရေးသာ ဖြစ်နေတာကို ၀မ်းနည်းဖွယ် မြင်တွေ့ရပါတယ်။
၁၂။ ဥက္ကဋ္ဌကြီးခင်ဗျား၊ ဖြစ်နိုင်တဲ့နည်းလမ်းများကို ကျင့်သုံးပြီး ယခုလို လွဲမှားနေတဲ့ အချက်အလက်များကို ပြင်ဆင်သင့်တယ်လို့ အကြံပြုလိုပါတယ်။ သမိုင်းမှာ မှတ်တမ်းအမှားတစ်ခု မကျန်ရစ်ခဲ့စေချင်လို့ပါ။ အခြားသူတွေ သိတာ၊ မသိတာ အပထား၊ ကျွန်တော်ကိုဉာဏ်ကတော့ သိနေပြီဖြစ်တဲ့အတွက် နောင်တစ်ချိန်မှာများ ကြုံကြိုက်လို့ ပြောခွင့်၊ ရေးခွင့်ကြုံရင် ပြောမိ၊ ရေးမိနေမှာ သေချာနေလို့ပါ။
၁၃။ ယခုကဲ့သို့ လွှတ်တော်နှစ်ရပ်ပေါင်းပြီး ခုံရုံးအား စွပ်စွဲပြစ်တင် ဖြုတ်ချနိုင်ရေး ကြိုးပမ်းနေချိန်မျိုးတွင် မိမိတို့ လွှတ်တော်တွေမှာလည်း မျက်ချေးတွေနှင့်ဆိုသည်ကို သတိပြုမိစေလိုခြင်း ဖြစ်ပါသည်။ ဥက္ကဋ္ဌကြီးနှင့်တကွ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များအားလုံး ရွှင်လန်းချမ်းမြေ့စွာဖြင့် နိုင်ငံနှင့် လူမျိုးအကျိုးကို အတ္တစွဲကင်းကင်းဖြင့် ဆောင်ရွက်နိုင်ကြပါစေကြောင်း မေတ္တာပို့သအပ်ပါသည်။
လေးစားစွာဖြင့်
ကိုဉာဏ် (ပန်းလောင်မြေ)
မြန်မာ့သွေးဘလော့ဂ်
၂၀၁၂ ခုနှစ်၊ သြဂုတ်လ ၂၉ ရက်၊ ဗုဒ္ဓဟူးနေ့။
ည ၁၁ နာရီ ၂၅ မိနစ်။ 

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးအား စွပ်စွဲပြစ်တင်ခြင်း


မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၅) မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဇော်မြင့်ဖေ က "ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား ဖွဲ့စည်းပုံအခြေခံဥပဒေ ပြဋ္ဌာန်းချက်များကို ဖောက်ဖျက်ကျူးလွန်ခြင်း၊ ဥပဒေအရ ပေးအပ်သော တာဝန်များကို ကျေပွန်စွာ မထမ်းဆောင်ခြင်းတို့အရ စွပ်စွဲပြစ်တင်ကြောင်း" အဆိုကို အမျိုးသားလွှတ်တော်တွင် တင်သွင်းခဲ့ပါသည်။

၎င်းအဆိုအား ၂၀၁၂ ခုနှစ် သြဂုတ်လ ၂၈ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည့် ပထမအကြိမ် အမျိုးသားလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး ၃၄ ရက်မြောက်နေ့တွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၁၆ ဦးက ဆွေးနွေးခဲ့ကြပါသည်။ အဆိုပါဆွေးနွေးမှုများတွင် တပ်မတော်သားကိုယ်စားလှယ် ၆ ဦးလည်း ပါဝင်ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။ ပါဝင်ဆွေးနွေးခဲ့ကြသူများမှာ -
(၁) ဒေါက်တာ အေးမောင်၊ ရခိုင် (၁)
(၂) ဦးဘရန်ရှောင်၊ ကချင် (၃)
(၃) ဒုတိယဗိုလ်မှူးကြီး ဇော်မိုး
(၄) ဒုတိယဗိုလ်မှူးကြီး ဇော်သန်းထိုက်
(၅) ဦးစိုင်းသန့်ဇင်၊ ရှမ်း (၄)
(၆) ဦးဇုန်လှယ်ထန်း၊ ချင်း (၂)
(၇) ဗိုလ်မှူးကြီး ခင်စိုး
(၈) ဗိုလ်မှူး နေမျိုးကျော်
(၉) ဒေါက်တာ ဗညားအောင်မိုး၊ မွန် (၇)
(၁၀) ဒေါ်ခင်ဝိုင်းကြည်၊ ရန်ကုန် (၁)
(၁၁) ဗိုလ်မှူး မျိုးထွန်းအောင်
(၁၂) ဦးတင်မြ၊ စစ်ကိုင် (၇)
(၁၃) ဦးနေ၀င်းထွန်း၊ ရှမ်း (၉)
(၁၄) ဗိုလ်မှူး ကျော်နိုင်ဌေး
(၁၅) ဦးဖုန်းမြင့်အောင်၊ ရန်ကုန် (၃)
(၁၆) ဦးခင်မောင်ရီ၊ ဧရာဝတီ (၆)

ကိုယ်စားလှယ်များ၏ ဆွေးနွေးမှုများအပြီးတွင် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌက အဆိုနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပါသည်။ အဆိုပါ ရှင်းလင်းပြောကြားချက်မှာ အောက်ပါအတိုင်း ဖြစ်ပါသည် -

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌ၏ အမျိုးသားလွှတ်တော်အစည်းအဝေးတွင် ရှင်းလင်းပြောကြားချက် 
ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၁)၊ နိုင်ငံတော်အခြေခံမူများ ပုဒ်မ ၁၁ တွင် နိုင်ငံတော်အချုပ်အခြာအာဏာ၏ ခက်မသုံးဖြာဖြစ်သည့် ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာနှင့် တရားစီရင်ရေးအာဏာတို့ကို ပိုင်းခြားကျင့်သုံးစွဲရန် အတိအလင်း ပြဋ္ဌာန်းခဲ့ပြီး ဖြစ်ပါတယ်။ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးသည် တရားစီရင်ရေးကဏ္ဍတွင် ပါဝင်ပြီး တရားရုံးတစ်ရုံး ဖြစ်သည်နှင့်အညီ တင်သွင်းလွှာများကို ဥပဒေနှင့်အညီ စီရင်ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ ဆုံးဖြတ်ချက်သည် အပြီးအပြတ် အတည်ဖြစ်ကြောင်း ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၂၄ နှင့် ခုံရုံးဥပဒေ ပုဒ်မ ၂၃ တွင် အတိအလင်း ပြဋ္ဌာန်းထားပြီး ဖြစ်ပါတယ်။ ခုံရုံး၏ ဆုံးဖြတ်ချက်များသည် သက်ဆိုင်ရာအစိုးရဌာန၊ အဖွဲ့အစည်းနှင့် ပုဂ္ဂိုလ်များသို့လည်းကောင်း၊ သက်ဆိုင်ရာနေရာဒေသ အသီးသီးသို့လည်းကောင်း အာဏာသက်ရောက်စေရမည်ဟု ခုံရုံးဥပဒေ ပုဒ်မ ၂၅ တွင် ပြဋ္ဌာန်းထားပါသည်။ နိုင်ငံတော်သမ္မတသည် ခုံရုံး၏ အဆုံးအဖြတ်ကို ကိုယ်တိုင်လိုက်နာပြီး အဖွဲ့အစည်းအားလုံးကလည်း လိုက်နာဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်သို့ သ၀ဏ်လွှာ ပေးပို့ခဲ့ခြင်းက သမိုင်းမှတ်တမ်းတစ်ခု ဖြစ်ခဲ့ပါတယ်။

ယခုကိစ္စမှာ ဥပဒေပြုရေးကဏ္ဍက တရားစီရင်ရေးကို လွှမ်းမိုးစွက်ဖက်ခြင်းဖြစ်ကြောင်း ထင်ရှားပေါ်လွင်နေပါတယ်။ ဒါဟာ Rule of Law ကို ပျက်စီးစေခြင်း အကြောင်းအရင်းတစ်ရပ် ဖြစ်ပါတယ်။ တရားစီရင်ရေး၏ ဆုံးဖြတ်ချက်ကို ဥပဒေပြုအမတ်များက အမှန်အမှား မဲခွဲဆုံးဖြတ်ချက်သည် ကမ္ဘာမှာ အစဉ်အလာ မရှိခဲ့ပါ။ တရားရုံး၏ စီရင်ခွင့်ကို ပြင်ပမှ မဲခွဲ၍ ဆုံးဖြတ်ခြင်းသည် အခြေခံဥပဒေနှင့် တည်ဆဲဥပဒေများကို မျက်ကွယ်ပြုခြင်း ဖြစ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေကို မလိုက်နာဘဲ အတိအလင်း ချိုးဖောက်ခြင်းဖြစ်ကြောင်း ပြောကြားလိုပါတယ်။ Constitutional Institution ကို ပျက်စီးအောင် ဖျက်စီးခြင်းလည်း ဖြစ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပစ်ပယ်၍ လွှတ်တော်ကိုယ်စားလှယ်များ၏ လိုအင်ဆန္ဒကို ဆောင်ရွက်နေခြင်း ဖြစ်ပါတယ်။ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲဖြင့် ပြည်သူလူထု ၉၂.၄၈ % ၏ ထောက်ခံမှုဖြင့် အတည်ပြုထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေကို တန်ဖိုးမဲ့အောင် ဆောင်ရွက်နေကြခြင်း ဖြစ်ပါတယ်။ ယခု လွှတ်တော်၏ ဆောင်ရွက်ချက်များသည် သမိုင်းမှတ်တမ်းအဖြစ် တည်ရှိနေမှာ ဖြစ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် မညီသော အဆိုရှင်၏ အဆိုကို ကန့်ကွက်ကြောင်း တင်ပြအပ်ပါတယ်။
- - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - 

ထို့နောက် အဆိုပါအဆိုနှင့်ပတ်သက်၍ လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ ထောက်ခံမဲ ၁၆၃ မဲ ရရှိခဲ့သဖြင့် အဆိုအား အတည်ပြုကြောင်း ဆုံးဖြတ်ခဲ့သည်။ (စွပ်စွဲပြစ်တင်မှုအဆို အတည်ပြုရန်အတွက် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် သုံးပုံနှစ်ပုံ၏ ထောက်ခံမှု လိုအပ်ပါသည်။ အမျိုးသားလွှတ်တော်တွင် ဖွဲ့စည်းပုံအရ ကိုယ်စားလှယ်စုစုပေါင်း ၂၂၄ ဦးရှိရာ၊ သုံးပုံနှစ်ပုံအင်အားမှာ ၁၄၉ ဦး ဖြစ်ပါသည်။ ယခု ထောက်ခံမဲ ၁၆၃ မဲ ရရှိခဲ့သည့်အတွက် အဆိုအား အတည်ပြုနိုင်ခဲ့ခြင်း ဖြစ်ပါသည်။)

စွပ်စွဲပြစ်တင်ခြင်းအဆိုအား အမျိုးသားလွှတ်တော်တွင် အတည်ပြုခဲ့သည့်အတွက် ပြည်သူ့လွှတ်တော်က ဆက်လက်ဆောင်ရွက်နိုင်ရန်အတွက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ပြည်သူ့လွှတ်တော်သို့ သ၀ဏ်လွှာ ပေးပို့ခဲ့ပါသည်။ ပြည်သူ့လွှတ်တော်ကလည်း ဖွဲ့စည်းပုံအခြေခံဥပဒေပါ လုပ်ငန်းစဉ်အရ အဆိုပါ စွပ်စွဲပြစ်တင်မှုအား မှန်ကန်မှု ရှိ၊ မရှိ စစ်ဆေးနိုင်ရန်အတွက် စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ၂၀၁၂ ခုနှစ် သြဂုတ်လ ၂၉ ရက်၊ ဗုဒ္ဓဟူးနေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် ပထမအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး ၃၅ ရက်မြောက်နေ့တွင် ဖွဲ့စည်းခဲ့ပါသည်။ အဆိုပါ စုံစမ်းစစ်ဆေးရေးအဖွဲ့ အဖွဲ့ဝင်များမှာ -
(၁) ဦးနန္ဒကျော်စွာ (ဥက္ကဋ္ဌ)
(၂) ဦးတီခွန်မြတ် (အဖွဲ့ဝင်)
(၃) သူရ ဦးအောင်ကို (အဖွဲ့ဝင်)
(၄) ဒေါက်တာ စိုးရင် (အဖွဲ့ဝင်)
(၅) ဦးသောင်း (အဖွဲ့ဝင်)
(၆) ဦးဝင်းထိန် (အဖွဲ့ဝင်)
(၇) ဦးဝင်းမြင့် (အဖွဲ့ဝင်)
(၈) ဒေါ်ဒွဲဘူ (အဖွဲ့ဝင်)
(၉) ဦးမောင်မောင်ဦး (အဖွဲ့ဝင်)
(၁၀) ဒေါ်နန်းဝါနု (အဖွဲ့ဝင်)
(၁၁) ဦးဘရှိန် (အဖွဲ့ဝင်)
(၁၂) ဒေါ်မိမြင့်သန်း (အဖွဲ့ဝင်)
(၁၃) ဒေါ်တင်နွယ်ဦး (အဖွဲ့ဝင်)
(၁၄) ဒေါ်နန်းစေအွာ (အဖွဲ့ဝင်)
(၁၅) ဦးစိုးဝင်း (အဖွဲ့ဝင်) တို့ ဖြစ်ကြပါသည်။

အထက်ပါ စုံစမ်းစစ်ဆေးရေးအဖွဲ့အနေဖြင့် ၃၅ ရက်မြောက်နေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးများ ပြီးသည့်အချိန်မှစ၍ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ကြမည်ဖြစ်ကြောင်း သိရှိရပါသည်။

UN နဲ့ INGO ၀န်ထမ်း ၃ ဦးကို ပြစ်ဒဏ်မှ လွတ်ငြိမ်းသက်သာခွင့် ပြုလိုက်ပြီ


ရခိုင်ပြည်နယ်အတွင်း ဆူပူမှုဖြစ်ပွားခဲ့ရာတွင် ပါဝင်ပတ်သက်ခဲ့ခြင်းကြောင့် ထောင်ဒဏ်ကျခံနေရသော ကုလသမဂ္ဂနှင့် နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ ၀န်ထမ်း ၃ ဦးအား နိုင်ငံတော်သမ္မတကြီးက ၎င်းတို့၏ ပြစ်ဒဏ်များကို လျှော့ပေါ့၍ လွတ်ငြိမ်းသက်သာခွင့် ပြုလိုက်ကြောင်း နိုင်ငံတော်သမ္မတရုံး၏ အင်တာနက်စာမျက်နှာတွင် ဖော်ပြထားပါသည်။

နိုင်ငံတော်သမ္မတကြီးက ပြစ်ဒဏ်မှ လွတ်ငြိမ်းသက်သာခွင့် ပြုလိုက်သူများမှာ

ဦးကာယက်စ် (ခ) ခင်ရွှေ (အဘ) ဦးအဒူစလင်
ကုလသမဂ္ဂစားနပ်ရိက္ခာအစီအစဉ် (WFP) ၀န်ထမ်း၊
မောင်တောမြို့နယ်အတွင်း ဆူပူမှုဖြစ်ပွားရာတွင် ပါဝင်ပတ်သက်မှု၊ နိုင်ငံတော်အကြည်ညိုပျက်အောင် ပြောဆိုမှု၊
တစ်ပေါင်းတည်း ထောင်ဒဏ် ၂ နှစ် ချမှတ်ခံရသူ။

ဦးအဏ၀ါဆာဒဏ် (ခ) ခင်မောင် (အဘ) ဦးအဒူစလင်
ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၀န်ထမ်း၊
မောင်တောမြို့နယ်အတွင်း ဆူပူမှုဖြစ်ပွားရာတွင် ပါဝင်ပတ်သက်မှု၊ နိုင်ငံတော်အကြည်ညိုပျက်အောင် ပြောဆိုမှု၊ တရားမ၀င် နိုင်ငံခြားငွေ လက်ဝယ်တွေ့ရှိမှု၊
စုစုပေါင်း ထောင်ဒဏ် ၃ နှစ် ချမှတ်ခံရသူ။

မချိုလေးမာ (ခ) ချိုမာ (အဘ) ဦးဘဖြူ (ခ) တီအာရူဝါး
ရပ်ရွာလူထု ဖွံ့ဖြိုးရေးစီမံချက် (CSSEP) ၀န်ထမ်း၊
မောင်တောမြို့အရေးအခင်း ဖြစ်ပေါ်အောင် ဆူပူလှုံ့ဆော်ရာတွင် ပါဝင်ပတ်သက်မှု၊ အိမ်တစ်အိမ်အား မီးရှို့ရန် လောင်စာထားရှိမှုနှင့် မီးရှို့မှု၊ တရားမ၀င်နိုင်ငံခြားငွေ လက်ဝယ်တွေ့ရှိမှု၊
စုစုပေါင်း ထောင်ဒဏ် ၆ နှစ် ချမှတ်ခံရသူ 

ပြည်ထောင်စုဝန်ကြီး ၂ ပါးနဲ့ ပြည်ထောင်စုစာရင်းစစ်ချုပ် နားပြီ


ပြည်ထောင်စုဝန်ကြီးများဖြစ်သည့် 
(၁) ဦးခင်မောင်မြင့်၊ ဆောက်လုပ်ရေးဝန်ကြီးဌာန
(၂) ဦးဇော်မင်း၊ အမှတ် (၁) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန တို့အား ရာထူးမှ နုတ်ထွက်ခွင့်ပြုလိုက်ကြောင်း နိုင်ငံတော်သမ္မတရုံး၏ ၂၀၁၂ ခုနှစ်၊ သြဂုတ်လ ၂၈ ရက်စွဲပါ အမိန့်အမှတ် (၂၃/၂၀၁၂) ဖြင့် နိုင်ငံတော်သမ္မတ လက်မှတ်ရေးထိုး၍ ထုတ်ပြန်ကြေညာခဲ့သည်။

ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးလွန်းမောင် အား ရာထူးမှ နုတ်ထွက်ခွင့်ပြုလိုက်ကြောင်း နိုင်ငံတော်သမ္မရုံး၏ ၂၀၁၂ ခုနှစ်၊ သြဂုတ်လ ၂၈ ရက်စွဲပါ၊ အမိန့်အမှတ် (၂၄/၂၀၁၂) ဖြင့် နိုင်ငံတော်သမ္မတ လက်မှတ်ရေးထိုး၍ ထုတ်ပြန်ကြေညာခဲ့သည်။

Tuesday, August 28, 2012

ဝန်ကြီးအပြောင်းအလဲများနှင့် ကျွန်တော့်အတွေးများ


(က) 
ဝန်ကြီးအပြောင်းအလဲတွေ လုပ်မယ်ဆိုပြီး အချိန်အကြာကြီးကတည်းက သတင်းတွေ၊ ကောလာဟလတွေ ထွက်နေခဲ့ပေမယ့် အခုမှပဲ အဲဒီသတင်းဟာ အမှန်ဆိုတာ သေချာသွားခဲ့ပါတယ်။ ကျွန်တော်ရေးခဲ့ဖူးသလိုပါပဲ။ ဒီလိုမျိုး အပြောင်းအလဲတွေ ရှိလာနိုင်တဲ့အကြောင်း The VOICE က ရေးကတည်းက ဒီသတင်းဟာ ဘယ်ကမှ ထွက်တာမဟုတ်ဘူး။ ဒီရပ်ဝန်းကပဲ၊ ဒီအသိုင်းအ၀န်းကပဲ ထွက်တာဆိုတာကိုပေါ့။ ကိုယ့်တာ ကိုယ်လုံအောင် မကာနိုင်ဘဲ ထွက်လာတဲ့ သတင်းကို လိုက်ပိတ်နေတာမျိုးကတော့ သိပ်တော့ မဟန်ဘူးထင်ပါတယ်ဗျာ။ ထားပါတော့.... အဲဒါကလည်း ပြီးသွားပြီပဲ။ ကျွန်တော်ကတော့ အခုအချိန်မှာ အလုပ်ချင်ဆုံး အလုပ်တစ်ခုကို ပြောပါဆိုရင် The VOICE ဂျာနယ်ရုံးခန်းထဲမှာ သွားထိုင်ပြီး အယ်ဒီတာတွေ၊ သတင်းထောက်တွေရဲ့ မျက်နှာတွေကို ထိုင်ကြည့်ချင်တာပါဗျာ။ ကဲ... လိုရင်းက ဒါမဟုတ်တော့ ဒီမှာပဲ ရပ်ပါမယ်။ ပြည်ထောင်စုဝန်ကြီးတွေကိုလည်း ၀န်ကြီးဌာနတွေ ပြောင်းလဲပြီး တာဝန်တွေ ပေးလိုက်ပြီပဲ။ သူတို့တွေ ဘယ်လိုဆက်လုပ်ကြမလဲဆိုတာ စောင့်ကြည့်ကြရမှာပေါ့။

(ခ)
လူတစ်ယောက်နဲ့တစ်ယောက်ဟာ ခံယူချက်ချင်း၊ မူဝါဒချင်း၊ အတွေးအမြင်ချင်း၊ သဘောထားချင်း မတူဘူးဆိုတာ အားလုံးအသိ ဖြစ်ပါတယ်။ သူများတွေကို မကြည့်ပါနဲ့။ ကိုယ့်ဘာသာကိုယ်ပဲ ကျွန်တော်တို့တွေ ပြန်မေးကြည့်ရအောင်ပါ။ မနေ့က ဒီလိုတွေးပေမယ့် ဒီနေ့တော့ ဟိုလိုတွေးမိချင် တွေးမိနိုင်တာမျိုးကိုး။ ကိုယ့်ဘာသာကိုယ်တောင် အချိန်နဲ့အမျှ ပြောင်းလဲနေတာ ဖြစ်တဲ့အတွက် သူများတွေလည်း ထို့အတူပဲဆိုတာ ဗေဒင်မေးစရာ မလိုပါဘူးဗျာ။ ကျွန်တော်ပြောချင်တာက ပြည်ထောင်စုဝန်ကြီးတွေ အပြောင်းအလဲဆိုတာဟာ အဲဒီဝန်ကြီးဆိုတဲ့ လူတွေပြောင်းလဲသွားခြင်း သက်သက်သာ မဟုတ်ဘူးဆိုတာကိုပါ။ လူတွေပြောင်းသွားတာ ဖြစ်တဲ့အတွက် မူတွေလည်း လိုက်ပြောင်းတော့မယ်။ သဘောထားတွေလည်း ပြောင်းတော့မယ်။ လုပ်နည်းလုပ်ဟန်တွေလည်း ပြောင်းတော့မယ်။ ဘေးကနေ ရပ်ကြည့်နေတဲ့ ကျွန်တော်တို့လို သာမန်ပွဲကြည့် ပရိသတ်တွေအတွက် သိသိသာသာကြီး အကျိုးသက်ရောက်မှု ရှိချင်မှ ရှိပါလိမ့်မယ်။ ၀န်ကြီးဌာနတွေ၊ အဲဒီလူတွေနဲ့ ထိတွေ့ဆက်ဆံ အလုပ်လုပ်နေတဲ့ လူတွေအဖို့တော့ တကယ့်ကို စိတ်ဝင်စားစရာ၊ စိတ်လှုပ်ရှားစရာပေါ့ဗျာ။ ကျွန်တော်တို့မှာ ဒီမိုကရေစီခေတ်ကိုသာ ရောက်နေပြီလို့ ဆိုရတယ်။ ၀န်ကြီးတစ်ပါးရဲ့ ပါးစပ်ကထွက်တဲ့ စကားတစ်ခွန်းကလည်း လူနေမှုဘ၀တွေကို ပြောင်းလဲစေနိုင်တာမျိုး ဖြစ်နေသေးတာကိုး။ ဒီဝန်ကြီးဌာနနဲ့ ပတ်သက်ဆက်ဆံပြီး ဒီအလုပ်လုပ်ချင်ရင် ဒီလိုတွေ၊ ဒီလိုတွေ လုပ်ရတယ်ဆိုတဲ့ ပုံသေကားချ သမားရိုးကျ လုပ်ငန်းစဉ်ကိုသာ လုပ်ရမယ်ဆိုရင်တော့ ဘယ်သူပဲ ၀န်ကြီးတက်လုပ်လုပ် ဘာအရေးတုန်းဗျ။ အခုဟာက ၀န်ကြီးတစ်ပါးက ဒီမူဆိုရင် အခြားတစ်ယောက်က အခြားမူ ရှိနေသေးတာကိုး။ ဒီဝန်ကြီးတုန်းက ဒီလိုလုပ်ဖို့ လိုပါတယ်ဆိုတဲ့ မူကလည်း နောက်ဝန်ကြီးကျရင် လိုချင်မှ လိုတော့တာကိုးဗျ။ တစ်နည်းအားဖြင့် ပြည်ထောင်စုဝန်ကြီးတွေရဲ့ အပြောင်းအလဲဟာ နိုင်ငံအတွက်၊ အတိုင်းအတာ တစ်ခုအထိသော ပြည်သူတွေအတွက်လည်း အထိုက်အလျောက်တော့ သက်ဆိုင်နေတာ အမှန်ပါပဲ။ အခုပြောင်းလဲလိုက်တဲ့ ၀န်ကြီးဌာနနဲ့ ၀န်ကြီးတွေဆိုရင်လည်း ပြည်သူတွေအတွက် တကယ့်ကို အရေးပါတဲ့ ၀န်ကြီးဌာနတွေ အများကြီးပါနေပါတယ်။ အဲဒီတော့ လူတွေတော့ ပြောင်းပြီ၊ မူတွေရော ဘယ်လို ပြောင်းမလဲဆိုတာသာ ကျွန်တော်တို့ စောင့်ကြည့်ရမှာပေါ့ဗျာ။

( ဂ)
ပြည်ထောင်စုဝန်ကြီးတွေ အပြောင်းအလဲအရ ဖြစ်ပေါ်လာတာတွေထဲမှာ လတ်တလော စိတ်ဝင်စားစရာ အကောင်းဆုံးကတော့ သမ္မတရုံးဝန်ကြီးဌာနပါပဲ။ ဘာကြောင့်တွေ၊ ဘာတွေဆိုတာ မပြောခင် အခုဖြစ်သွားတဲ့ သမ္မတရုံးဝန်ကြီးဌာနရဲ့ ပြည်ထောင်စုဝန်ကြီးတွေကို ကြည့်ရအောင်ပါ။
(၁) ဦးသိန်းညွန့်
(၂) ဦးစိုးမောင်
(၃) ဦးစိုးသိန်း
(၄) ဦးအောင်မင်း
(၅) ဦးလှထွန်း
(၆) ဦးတင်နိုင်သိန်း
ကဲ... အဲဒီ ၆ ဦးဟာ သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးတွေ ဖြစ်ကြပါတယ်ဗျာ။ သမ္မတရုံးဟာ ၀န်ကြီး ၆ ဦးခန့်ရလောက်အောင် လိုအပ်သလားဆိုတာ စဉ်းစားစရာပါ။ လွှတ်တော်တွေက အဲဒီအချက်ကို မေးခွန်း မေးမြန်းသင့်ပါတယ်။ ဒါက ပထမအချက်ပါ။ ဒုတိယအချက်က သမ္မတရုံးဝန်ကြီးဌာနဟာ ၀န်ကြီးများဒုက္ခသည်စခန်းလား ဆိုတဲ့အချက်ပါ။ ကျွန်တော်သိသလောက်ကတော့ သမ္မတရုံးဝန်ကြီးဌာနအတွက် ၀န်ကြီး ၂ ဦးဆိုရင် လုံလောက်ပါတယ်။ သမ္မတကြီးရဲ့ သွားနေတဲ့ မူဝါဒတွေနဲ့ မကိုက်ညီသူတွေ၊ ကိုယ့်သဘောနဲ့ကိုယ် ထင်ရာစိုင်းနေတဲ့ ပြည်ထောင်စုဝန်ကြီးတွေကို တာဝန်ကနေ ရပ်စဲပြီး အနားယူခိုင်းဖို့အတွက် သူတို့ရဲ့ ဂုဏ်သိက္ခာကိုငဲ့ပြီး၊ မျက်နှာတွေကိုထောက်ပြီး သမ္မတရုံးဝန်ကြီးဌာနကို ဒုက္ခသည်စခန်း ဖွင့်လိုက်တယ်လို့ပဲ ကျွန်တော်ကမြင်ပါတယ်။ အကြောင်းပြချက်ကတော့ ယခင်စက်မှုဝန်ကြီး ဦးကျော်စွာခိုင်ကိုလည်း ကျန်းမာရေးအရ အနားမယူခင် ၀န်ကြီးအဖြစ်က မထုတ်ပယ်ချင်တဲ့အတွက် သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်ခဲ့ဖူးလို့ပါ။ ဦးကျော်စွာခိုင်ဟာ သမ္မတရုံးနဲ့ ပတ်သက်တဲ့အလုပ် ဘာတွေများ လုပ်ခဲ့သလဲဆိုတာ သိတဲ့လူတွေက ဖြေပေးစေချင်ပါတယ်။ ကျွန်တော်ကတော့ ဘာမျှလုပ်ခဲ့တယ်လို့ မကြားမသိမိပါဘူး။ လူတွေအများစုက ဦးစိုးသိန်းတို့၊ ဦးအောင်မင်းတို့ကို ပြုပြင်ပြောင်းလဲရေး သမားကြီးတွေလို့ တံဆိပ်ကပ်ကြပါတယ်။ အခြားအကြောင်းတွေ ကျွန်တော်မသိပါ။ မဝေဖန်လိုပါ။ သို့သော် ရန်ကုန်မြို့သို့ရောက်တိုင်း အဆိုပါဝန်ကြီးနှစ်ပါးကို မေတ္တာတွေ အခါခါပို့မိတာတော့ အမှန်ပါပဲ။ သူတို့ရိုက်ချက် ဘယ်လောက်ပြင်းတယ်ဆိုတာ ရန်ကုန်မှာနေတဲ့လူတွေက ပိုသိပါတယ်။ အဲလောက်ပဲ ပြောချင်ပါတယ်။ ဦးစိုးသိန်းအကြောင်း သိချင်ရင်တော့ စက်မှုဝန်ကြီးဌာနက ၀န်ထမ်းတွေကိုသာ နီးစပ်ရာအချင်းချင်း လက်တို့ပြီး မေးကြည့်စေချင်ပါတယ်။ မဆိုးတော့လည်း မဆိုးပါဘူး။ သမ္မတရုံးဝန်ကြီးရာထူး ပေးထားပြီး ငြိမ်းချမ်းရေးကိစ္စတွေမှာ ဟိုစပ်စပ် ဒီစပ်စပ် လုပ်ခိုင်းလိုက်ရင်လည်း အလုပ်လက်မဲ့တော့ မဖြစ်ပါဘူး။ ဒါမှမဟုတ် ပြည်တွင်းငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနဆိုပြီး ၀န်ကြီးဌာနအသစ်တစ်ခု ဖွဲ့ပေးပြီး သူတို့ကို တာဝန်ပေးရင်လည်း အဆင်ပြေမယ်ထင်ပါတယ်။ လိုရင်းကိုပြောရရင် သမ္မတရုံးဝန်ကြီးဌာနမှာ ပြည်ထောင်စုဝန်ကြီး ၆ ဦးခန့်ထားတာကို ကျွန်တော်ကိုဉာဏ် လုံးဝ (လုံးဝ) ကန့်ကွက်ပါတယ်။ နောက်လူတွေအတွက် အတုယူမှားစေမယ့် အစဉ်အလာတွေကို အစမပျိုးခဲ့ပါနဲ့ သမ္မတကြီးခင်ဗျား။ သမ္မတကြီးရဲ့ သွားနေတဲ့လမ်းကြောင်းမှာ ကန့်လန့်ခံနေတဲ့ လူတွေကို ကားပေါ်ဆွဲမတင်ပါနဲ့။ ရဲရဲဝံ့ဝံ့ပဲ လမ်းဘေးကို ကန်ချခဲ့ပါ။ ကန့်လန့်ခံနေတဲ့ လူတိုင်းကိုသာ ကားပေါ်ဆွဲတင်ပြီး ခရီးဆက်နေရင်တော့ ၀န်လေးပြီး ခရီးတွင်မှာ မဟုတ်ပါဘူး လေးစားအပ်တဲ့ သမ္မတကြီးခင်ဗျား။

(ဃ)
ပြည်ထောင်စုဝန်ကြီးတွေကို ဌာနတွေ ပြောင်းလဲတာဝန်ပေးလိုက်ပြီးဆိုတဲ့ သတင်းကို ဖတ်ရတဲ့အချိန်မှာ ကျွန်တော်ကိုဉာဏ် လုပ်ရတဲ့ အလုပ်တစ်ခုကတော့ ၀န်ကြီးဌာနတွေကို ပြန်စဉ်ပြီး စိစစ်ရတာပါပဲ။ ဘယ်သူတွေက ဘယ်ကိုချိန်းတယ်၊ ဘယ်သူတွေက ဘယ်ကိုရောက်တယ် စသဖြင့် စိစစ်ပြီးတဲ့အချိန်မှာတော့  ပြည်ထောင်စုဝန်ကြီးတွေ မရှိတဲ့ ၀န်ကြီးဌာနတွေ အောက်ပါအတိုင်း ထွက်လာပါတယ်ခင်ဗျာ -
(၁) ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန
(၂) အမျိုးသားစီမံကိန်းနှင့်စီပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန
(၃) လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန
(၄) အလုပ်သမားဝန်ကြီးဌာန
(၅) ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန
(၆) ရထားပို့ဆောင်ရေးဝန်ကြီးဌာန
(၇) ယဉ်ကျေးမှုဝန်ကြီးဌာန
(၈) သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန

(င)
ဝန်ကြီးမရှိတဲ့ ဌာနတွေအတွက် ပြည်ထောင်စုဝန်ကြီးအသစ်တွေ ခန့်အပ်ဖို့အတွက် သမ္မတဟာ ပြည်ထောင်စုလွှတ်တော်ကို အမည်စာရင်း ပေးပို့ပါလိမ့်မယ်။ လက်ရှိဝန်ကြီးတွေကို ၀န်ကြီးဌာနတွေ ပြောင်းလဲပြီးပြီ ဖြစ်တဲ့အတွက် သေချာတာကတော့ အခုခန့်မယ့် ၀န်ကြီးတွေဟာ ပြည်ထောင်စုဝန်ကြီး အသစ်စက်စက်တွေပါ။ ဆိုလိုတာက လက်ရှိဝန်ကြီးတွေထဲကနေ လွတ်နေတဲ့ ၀န်ကြီးဌာနတွေမှာ တာဝန်ယူရမယ့်လူ မရှိတော့ဘူးဆိုတာပါ။ သမ္မတက ပြည်ထောင်စုလွှတ်တော်ကို အမည်စာရင်းပေးပို့ပြီး လွှတ်တော်က ကန့်ကွက်စရာ မရှိရင် ၀န်ကြီးတွေအဖြစ် ခန့်အပ်ပါလိမ့်မယ်။ ဘယ်သူတွေ ဖြစ်လာနိုင်တယ်ဆိုတာ စိတ်ဝင်စားစရာပါ။ ဘာကြောင့်လဲဆိုတဲ့ ကျွန်တော့်အတွေးတွေကို အောက်မှာ ဖော်ပြထားပါတယ်။

(စ)
ကျွန်တော်စိတ်အ၀င်စားဆုံးကတော့ အခု ပြန်ကြားရေးဝန်ကြီးအဖြစ် တာဝန်ယူနေရပြီဖြစ်တဲ့ ဦးအောင်ကြည် ယခင်က တာဝန်ယူခဲ့ရတဲ့ အလုပ်သမားဝန်ကြီးဌာနနဲ့ လူ/ကယ်/ပြန် ၀န်ကြီးဌာန နှစ်ခုတွဲပြီး တာဝန်ယူရတဲ့ ရာထူးနေရာပါ။ ကျွန်တော့်အတွေးအရဆိုရင် အဲဒီနေရာကို ခန့်အပ်ဖို့အတွက် အသင့်လျော်ဆုံး ပုဂ္ဂိုလ်ကတော့ ဒေါ်အောင်ဆန်းစုကြည်ပါပဲ။ ဒါမှလည်း သူဘယ်လောက် အလုပ်လုပ်နိုင်သလဲဆိုတာ ကျွန်တော်တို့ သိခွင့်ရမှာ ဖြစ်ပါတယ်။ ပြီးတော့ သူလုပ်ရင်လုပ်သလောက် မြန်မာပြည်သူတွေ အကျိုးခံစားရမယ့် ရာထူးနေရာဖြစ်ပါတယ်။ နိုင်ငံတကာနဲ့ ဆက်ဆံပြီး အလုပ်လုပ်ရတဲ့ နေရာလည်း ဖြစ်နေပါတယ်။ အတော်ကြီးကို စိတ်ဝင်စားဖို့ကောင်းတဲ့ ရာထူးနေရာပါပဲဗျာ။ ပြည်ထောင်စုဝန်ကြီးအတွက် ပြည့်စုံရမယ့် အရည်အချင်းတွေကို ဖတ်ကြည့်တော့လည်း ဒေါ်အောင်ဆန်းစုကြည်အတွက် ငြိလောက်တဲ့အချက် မတွေ့ရပါဘူး။ နိုင်ငံတကာကလည်း လုပ်စေချင်၊ နိုင်ငံအတွက်လည်း မျက်နှာပန်းလှစေမယ့် ကိစ္စမို့ ကျွန်တော်ကတော့ ကိုယ့်ဘာသာကိုယ် တွေးရင်းနဲ့တောင် ပြုံးနေမိပါသေးသဗျာ။ စာဖတ်သူတွေကလည်း ကျွန်တော်ကိုဉာဏ်ကို မပြုံးကြပါနဲ့ဗျ။ ဘယ်လိုဖြစ်တာလဲလို့လည်း အငေါ်မတူးကြပါနဲ့။ သမ္မတကြီးက ပြောထားတယ်မဟုတ်လား။ မတူတာတွေ ဘေးဖယ်ထားပြီး တူတာတွေမှာ လက်တွဲလုပ်ရမယ်တဲ့။ အခုအချိန်မှာ အရေးအကြီးဆုံးက ကျွန်တော်တို့ရဲ့ စိတ်ခံစားချက်တွေ၊ အတ္တတွေမဟုတ်ဘူးခင်ဗျ၊ နိုင်ငံအမြန်ဆုံး ဖွံ့ဖြိုးတိုးတက်ဖို့၊ အလုပ်အကိုင် အခွင့်အလမ်းတွေ ပေါများလာဖို့၊ နိုင်ငံမှာ အလုပ်လက်မဲ့ဦးရေ အနည်းဆုံး ဖြစ်စေဖို့၊ လူတိုင်း သင့်တင့်တဲ့ ၀င်ငွေရရှိစေဖို့၊ စတဲ့စတဲ့ အချက်တွေဖြစ်တယ်ဗျာ။ ကျွန်တော်တို့နိုင်ငံကို ဒုက္ခသည်နိုင်ငံတစ်ခုလို ကမ္ဘာက ဆက်ဆံနေကြတာကို မြင်တွေ့ကြားသိနေရတိုင်း ကျွန်တော် မခံစားနိုင်ဘူးဗျ။ အဲဒါကြောင့်ပါ။

(ဆ)
နောက်ထပ်တစ်ခုကတော့ လစ်လပ်နေတဲ့ ၀န်ကြီးဌာနတွေနေရာမှာ ပညာရှင်တွေ ၀င်လာမယ်လို့ ကျွန်တော်တွေးနေမိတာပါပဲ။ ဥပမာအားဖြင့် အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနတို့၊ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနတို့၊ သိပ္ပံနှင့်နည်းပညာ ၀န်ကြီးဌာနတို့ဟာ တကယ့်ပညာရှင်တွေကို ခန့်အပ်တာဝန်ပေးပြီး ဆောင်ရွက်စေသင့်တဲ့ ဌာနတွေဖြစ်ပါတယ်။ လူတော်တွေ အဲဒီဌာနတွေကို ရောက်လာပါစေလို့ပဲ ဆန္ဒပြုမိပါတယ်။ စောင့်ကြည့်ကြတာပေါ့ခင်ဗျာ။

(ဇ)
လူတွေကတော့ ပြောင်းလဲခဲ့ပါပြီ။ တိုင်းပြည်အတွက်၊ လူထုအတွက်၊ သမိုင်းအတွက် ကောင်းမွန်မှုတွေ ဖန်တီးနိုင်ဖို့၊ အမွေပေးခဲ့နိုင်ဖို့ မူတွေလည်း ပြောင်းကြစေချင်ပါတယ်။ အခုအပြောင်းအလဲဟာ တိုင်းပြည်အတွက် ပိုမိုအဖိုးတန်တဲ့ နေရာတစ်ခုကိုရောက်အောင် တွန်းတင်ပေးနိုင်တဲ့ အားအင်တစ်ခု ဖြစ်ပါစေလို့ပဲ ဆန္ဒပြုရင်း .................။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၂ ခုနှစ်၊ သြဂုတ်လ ၂၈ ရက်၊ အင်္ဂါနေ့။
မွန်းလွဲ ၁ နာရီ ၃၁ မိနစ်တွင်ပြီး၏။

 
Web Statistics