Friday, August 31, 2007

လပေါ်က တစ်ရက်ဆိုတာ


လပေါ်က တစ်ရက်ဆိုတာ ဘယ်လောက်ကြာသလဲ ???

တကယ်လို့ အာကာသယဉ်က သင့်ကို လပေါ်သို့ အလည်ခေါ်သွားမယ်ဆိုရင် ခင်ဗျား လပေါ်ရောက်တဲ့အချိန်မှာ ဆင်းသက်တဲ့ နေရာဟာ ညအမှောင်စတင်ချိန်ဆိုရင် ခင်ဗျားဟာ လပေါ်မှာ ရှည်ကြာတဲ့ အချိန်တစ်ခုကို ဖြတ်သန်းပြီးမှ နေကို မြင်တွေ့ရလိမ့်မယ်။ ဒီအချိန်ပိုင်းဟာ ကမ္ဘာပေါ်က ၁၅ ရက်လောက် ရှိတယ်။

ဒါဖြင့် လပေါ်က တစ်နေ့ဟာ ဘယ်လောက် ကြာပါသလဲ။ နက္ခတ္တဗေဒ ပညာရှင်များက ကျွန်ုပ်တို့ကို ဒီလို ပြန်ပြော ပြတယ်။ လပေါ်က တစ်ရက်ဟာ ကမ္ဘာပေါ်က ၂၉ ရက်ခွဲ နဲ့ ညီမျှတယ်။

ကမ္ဘာ မိမိဘာသာ လည်ပတ်ခြင်းက နေ့နဲ့ည တစ်လှည့်စီ ဖြစ်ပေါ်စေတယ်။ ၄င်းရဲ့ နေကို မျက်နှာမူတဲ့ဘက်ဟာ နေ့ဖြစ်ပြီး နေကို ကျောခိုင်းတဲ့ဘက်ဟာ ညဖြစ်တယ်။ တစ်လှည့်စီ တစ်ကြိမ်ဖြစ်ရင် ကျွန်တော်တို့ ကမ္ဘာပေါ်က တစ်နေ့ပါပဲ။

လဟာလည်း မိမိဘာသာ လည်ပတ်နေတယ်။ နေကို မျက်နှာမူရင် နေ့၊ နေကို ကျောခိုင်းရင် ည။ လ မိမိဘာသာ လည်ပတ်တာဟာ ကမ္ဘာထက် အများကြီးနှေးတယ်။ ကမ္ဘာပေါ်က ၂၇.၃ ရက်နဲ့ ညီမျှတယ်။ ဒါကြောင့် လပေါ်က တစ်ရက်ဟာ ကမ္ဘာပေါ်က တစ်ရက်ထက် ရှည်တယ်။

လ မိမိဘာသာ တစ်ပတ်လည်ပတ်ရင် ကမ္ဘာပေါ်က ၂၇.၃ ရက် ဖြစ်တယ်ဆိုရင် လပေါ်က တစ်ရက်ဟာ ကမ္ဘာပေါ်က ၂၉ ရက်ခွဲနဲ့ ညီမျှပြီး ဘာကြောင့် ၂၇.၃ ရက် မဟုတ်တာလဲ။

စင်စစ် လဟာ မိမိဘာသာ လည်ပတ်ရင်း ကမ္ဘာကို ပတ်ပြီး လည်ပတ်နေသေးတယ်။ ၄င်းက မိမိဘာသာ တစ်ပတ်လည်တာနဲ့ ကမ္ဘာကို တစ်ပတ်ပတ်တဲ့ အချိန်ဟာ ညီမျှတယ်။ ကမ္ဘာကတော့ နေကို ပတ်နေဆဲပဲ ရှိသေးတယ်။ လဟာ တစ်ပတ်ပတ်မိပြီးနောက် ကမ္ဘာဟာလည်း နေကို ပတ်တဲ့ လမ်းကြောင်းပေါ်မှာ အကွာအဝေး တစ်ခုထိ ရောက်နေပြီ။ ဒါကြောင့် လက နေဘက်လှည့်နေတဲ့ အမှတ်ဟာ နေကို တည့်တည့်မျက်နှာမူမနေသေး ဘူး။ နောက်ထပ် ဒီဂရီ တစ်ခု ပတ်မိမှ နေကို တည့်တည့် မျက်နှာမူနိုင်မယ်။ ဒီအချိန်ပိုင်းဟာ ၂.၂၅ ရက် လိုတယ်။ ၂၇.၃ ရက်ကို ၂.၂၅ ရက် ပေါင်းရင် ၂၉ ရက်ခွဲလောက် ကြာတယ်မဟုတ်လား။

( ချွမ်ဟိုကျင်း )

( ကြည်ကြည်မာ ပြန်ဆိုသည့် အဘယ်ကြောင့်တစ်သိန်း စာအုပ်မှ )


ဖွဲ့စည်းပုံအခြေခံဥပဒေ


အားလုံးသိသင့်တယ်ထင်လို့ တင်ပေးလိုက်ပါတယ်။ ဒါပေမယ့် အကုန်လုံးမပါပါဘူး။ စိတ်ဝင်စားမယ် ထင်တဲ့ဟာ လေးတွေကိုပဲ ရွေးပြီးထုတ်နှုတ်ပေးထားတာဖြစ်ပါကြောင်း…။

-

အခန်း (၂)

နိုင်ငံတော် ဖွဲ့စည်းတည်ဆောက်ပုံ

၁။ နိုင်ငံတော်ကို ပြည်ထောင်စုစနစ်ဖြင့် ဖွဲ့စည်းတည်ဆောက်သည်။

၂။ နိုင်ငံတော်ကို အောက်ပါ တိုင်းဒေသကြီး (Region) (၇)ခု၊ ပြည်နယ် (State) (၇)ပြည်နယ်နှင့် ပြည်ထောင်စု နယ်မြေများဖြင့် ပိုင်းခြားသတ်မှတ်သည်-

- ကချင်ပြည်နယ်၊

- ကယားပြည်နယ်၊

- ကရင်ပြည်နယ်၊

- ချင်းပြည်နယ်၊

- စစ်ကိုင်းတိုင်းဒေသကြီး၊

- တနင်္သာရီတိုင်းဒေသကြီး၊

- ပဲခူးတိုင်းဒေသကြီး၊

- မကွေးတိုင်းဒေသကြီး၊

- မန္တလေးတိုင်းဒေသကြီး၊

- မွန်ပြည်နယ်၊

- ရခိုင်ပြည်နယ်၊

- ရန်ကုန်တိုင်းဒေသကြီး၊

- ရှမ်းပြည်နယ်၊

- ဧရာဝတီတိုင်းဒေသကြီး၊

- ပြည်ထောင်စုနယ်မြေများ။

၃။ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့သည် အဆင့်အတန်း တူညီကြသည်။

၎။ တိုင်းဒေသကြီးတစ်ခုခု၏ အမည်ကို ဖြစ်စေ၊ ပြည်နယ်တစ်နယ်နယ်၏ အမည်ကိုဖြစ်စေ ပြောင်းလဲသတ်မှတ် လိုလျှင် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အတွင်း နေထိုင်ကြသည့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသော နိုင်ငံသားများ၏ ဆန္ဒရယူပြီး ဥပဒေပြဌာန်းခြင်းဖြင့် ပြောင်းလဲသတ်မှတ်မည်။

ပြည်ထောင်စုနယ်မြေများ သတ်မှတ်ခြင်း။

၅။ (က) နိုင်ငံတော်၏ မြို့တော်ဖြစ်သည့် နေပြည်တော်ကို နိုင်ငံတော်သမ္မတ၏ တိုက်ရိုက်အုပ်ချုပ်မှုအောက်တွင် ထားရှိသည့် ပြည်ထောင်စုနယ်မြေအဖြစ် သတ်မှတ်သည်။

(ခ) နိုင်ငံတော် ကာကွယ်ရေး၊ လုံခြုံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေးစသည့်တို့နှင့် စပ်လျဉ်းပြီး ထူးခြားသော အခြေအနေရှိသည့် နယ်မြေများကို ပြည်ထောင်စုနယ်မြေအဖြစ် သတ်မှတ်ရန် လိုအပ်လျှင် ဥပဒေပြဌာန်းပြီး နိုင်ငံတော်သမ္မတ၏ တိုက်ရိုက်အုပ်ချုပ်မှုအောက်တွင် ထားရှိသည့် ပြည်ထောင်စုနယ်မြေအဖြစ် သတ်မှတ်နိုင်သည်။

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသသတ်မှတ်ခြင်း။

၁၂။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများကို အောက်ပါအတိုင်း သတ်မှတ်သည်-

(က) စစ်ကိုင်းတိုင်းရှိ လေရှီးမြို့နယ်၊ လဟယ်မြို့နယ် နှင့် နန်းယွန်းမြို့နယ်တို့ကို စုစည်းပြီး နာဂ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊

(ခ) ရှမ်းပြည်နယ်ရှိ ရွာငံမြို့နယ်နှင့် ပင်းတယမြို့နယ်တို့ကို စုစည်းပြီး ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊

(ဂ) ရှမ်းပြည်နယ်ရှိ ဟိုပုန်းမြို့နယ်၊ ဆီဆိုင်မြို့နယ်နှင့် ပင်လောင်းမြို့နယ်တို့ကို စုစည်းပြီး ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊

(ဃ) ရှမ်းပြည်နယ်ရှိ နမ့်ဆန်မြို့နယ်နှင့် မန်တုံမြို့နယ်တို့ကို စုစည်းပြီး ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊

(င) ရှမ်းပြည်နယ်ရှိ ကုန်းကြမ်းမြို့နယ်နှင့် လောက်ကိုင်မြို့နယ်တို့ကို စုစည်းပြီး ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊

(စ) ရှမ်းပြည်နယ်ရှိ ဟိုပန်မြို့နယ်၊ မိုင်းမောမြို့နယ်၊ ပန်ဝိုင်မြို့နယ်၊ နားဖန်းမြို့နယ်၊ မက်မန်းမြို့နယ်နှင့် ပန်ဆန်း (ပန်းခမ်း) မြို့နယ် ခြောက်မြို့နယ်တို့ကို ခရိုင် နှစ်ခရိုင်ဖွဲ့ပြီး `၀´ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း။

-

( ၂၀၀၇ ခုနှစ်၊ သြဂုတ်လ ၂၈ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာ မှ ကောက်နုတ်ဖော်ပြပါသည် )

ဖွဲ့စည်းပုံအခြေခံဥပဒေ


အားလုံးသိသင့်တယ်ထင်လို့ တင်ပေးလိုက်ပါတယ်။ ဒါပေမယ့် အကုန်လုံးမပါပါဘူး။ စိတ်ဝင်စားမယ် ထင်တဲ့ဟာ လေးတွေကိုပဲ ရွေးပြီးထုတ်နှုတ်ပေးထားတာဖြစ်ပါကြောင်း…။

-

အခန်း (၁)

နိုင်ငံတော် အခြေခံမူများ

၁။ နိုင်ငံတော်နှင့် စပ်လျဉ်းသည့် အခြေခံရမည့်မူများ-

(က) မြန်မာနိုင်ငံသည် အချုပ်အခြာအာဏာပိုင် လွတ်လပ်သည့်နိုင်ငံဖြစ်သည်၊

(ခ) နိုင်ငံတော်ကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဟု ခေါ်တွင်မည်၊

(ဂ) နိုင်ငံတော်သည် တိုင်းရင်းသားလူမျိုးပေါင်းစုံတို့ စုပေါင်းနေထိုင်ကြသော နိုင်ငံဖြစ်သည်၊

(ဃ) နိုင်ငံတော်၏ အချုပ်အခြာအာဏာသည် နိုင်ငံသားများထံမှ ဆင်းသက်ပြီး နိုင်ငံတော်တစ်ဝန်းလုံးမှာ တည်သည်၊

(င) နိုင်ငံတော်၏ မြေထု၊ ရေထု၊ လေထုပါဝင်သော နယ်နိမိတ်သည် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ အတည် ဖြစ်သည့်နေ့တွင် တည်ရှိသည့်အတိုင်း ဖြစ်သည်။

၂။ နိုင်ငံတော်၏ ဦးတည်ချက်နှင့် စပ်လျဉ်းသည့် အခြေခံရမည့်မူများ-

နိုင်ငံတော်သည်-

(က) ပြည်ထောင်စုမပြိုကွဲရေး၊

(ခ) တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊

(ဂ) အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး၊

(ဃ) စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ် ထွန်းကားရေး၊

(င) နိုင်ငံတော်၌ တရားမျှတခြင်း၊ လွတ်လပ်ခြင်းနှင့် ညီမျှခြင်းတည်းဟူသော လောကပါလတရားများ ပိုမိုထွန်းကားရေး၊

(စ) နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းဆောင်နိုင်ရေးတို့ကို အစဉ်တစိုက် ဦးတည်သည်။

၂၉။ နိုင်ငံခြားရေးနှင့်စပ်လျဉ်းသည့် အခြေခံရမည့်မူများ-

(က) နိုင်ငံတော်သည် လွတ်လပ်၍ တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေးဝါဒကို ကျင့်သုံးသည်။ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက် ပေါင်းဖက်ဆက်ဆံရေးကို ရှေးရှုသည်။ နိုင်ငံအချင်းချင်း ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူများကို စောင့်ထိန်းသည်၊

(ခ) နိုင်ငံတော်သည် မည်သည့်နိုင်ငံကိုမျှ စတင်ကျူးကျော်တိုက်ခိုက်ခြင်းမပြု၊

(ဂ) နိုင်ငံတော်အတွင်း မည်သည့် နိုင်ငံခြားတပ်ဖွဲ့ကိုမျှ တပ်ချခွင့်မပြု။

၃၀။ ပြစ်မှုပြစ်ဒဏ်နှင့် စပ်လျဥ်းသည့် အခြေခံရမည့်မူများ-

(က) မည်သည့်ပြစ်မှုဆိုင်ရာဥပဒေမျှ နောက်ကြောင်းပြန် အာဏာသက်ရောက်စေရန် ပြဌာန်းခွင့် မရှိ၊

(ခ) လူ့သိက္ခာ ညှိုးနွမ်းသေးသိမ်စေသည့်ပြစ်ဒဏ် ပြဌာန်းခွင့်မရှိ။

-

( ၂၀၀၇ ခုနှစ်၊ သြဂုတ်လ ၂၈ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာ မှ ကောက်နုတ်ဖော်ပြပါသည် )

Thursday, August 30, 2007

မာဒေးကားဗိုလ်လုပွဲရောက် မြန်မာ(၂၀၀၇)


မာဒေးကား ဖလား (၂၀၀၇) နှင့် မြန်မာအသင်း

မလေးရှား ၃း ၁ မြန်မာ

---

သူငယ်ချင်း ကျော်ခိုင်ရေ…

မာဒေးကားဖလားပွဲကတော့ ပြီးသွားပြန်ပြီနော်။ အားလုံးသိတဲ့အတိုင်းပဲ မြန်မာအသင်း ရှုံးသွားတယ်လေ။ ဘောလုံးကန်တဲ့နေရာမှာ အရှုံးအနိုင်ဆိုတာ ရှိစမြဲမို့ စိတ်မကောင်းတာကလွဲရင် ရလာတဲ့အရှုံးကို လက်ခံရပါမယ်။ ဒါပေမယ့် အခုပြီးသွားတဲ့ ဖိုင်နယ်မှာ မြန်မာအသင်းဟာ ဘောလုံးတင်မဟုတ်ဘူး၊ ဂုဏ်သိက္ခာပါ ရှုံးသွားခဲ့ပါတယ်။ မင်းလည်း မနေ့က ဘောလုံးပွဲကြည့်ရင်း ငါ့လိုပဲ အံတကျိတ်ကျိတ် ဖြစ်နေမယ်လို့ ငါထင်ပါတယ်။ ဟုတ်တယ် သူငယ်ချင်းရေ မြန်မာအသင်းလုပ်ပုံက ငါတို့ မြန်မာတွေဟာ အရှုံးကို လုံးဝရင်မဆိုင်ရဲတဲ့၊ ရှုံးပြီဆိုရင် တကယ့်ကို ကလေးဆိုးကြီးတွေလို လုပ်တတ်တဲ့ လူမျိုးတွေလို့ အခြားလူမျိုးတွေ ထင်သွားတော့မှာပဲဆိုတဲ့စိတ်နဲ့ အတော်ကို ဘ၀င်မကျဖြစ်ရ၊ စိတ်တိုရတာပေါ့ကွာ။

သူငယ်ချင်းလည်း ကြည့်ခဲ့ရပေမယ့် ဘောလုံးပွဲလေးကို နည်းနည်းပြန်ပြောပြချင်သေးတယ်ကွ။ မင်းသိတဲ့အတိုင်း ပထမပိုင်းမှာ မြန်မာအသင်းဟာ တစ်ဂိုးအရှုံးနဲ့ ကစားခဲ့ရတယ်။ ၁၂ မိနစ်မှာ အသွင်းခံထားရတဲ့ဂိုးကို ပထမပိုင်း တစ်ခုလုံးမှာ ပြန်မချေပနိုင်ခဲ့ဘူး။ ဒါပေမယ့် ဒုတိယပိုင်းဆိုတာကြီး ရှိနေသေးတဲ့အတွက် အားလုံးရင်ထဲမှာ အဲဒီ ရလဒ်ကို ဘာမှ အလေးအနက်ထားကြလိမ့်မယ်မဟုတ်ဘူးဆိုတာကို ငါသေချာကို သိနေတယ်။ ဟုတ်တယ် သူငယ်ချင်း ငါလည်း အဲဒီလိုပဲ မျှော်လင့်ခဲ့တာပါပဲ။ ငါတို့မြန်မာဟာ ဒုတိယပိုင်းမှာ ချေပဂိုးသွင်း ပြီးရင် အနိုင်ဂိုးတွေဆက်သွင်းပြီး ဖလားကို ရအောင်ယူမယ်လို့ ငါတို့အားလုံးက မျှော်လင့်ခဲ့ကြတာလေ။

ပထမပိုင်းတစ်ပိုင်းလုံးမှာ မြန်မာအသင်းကစားတာ ပြောစရာမရှိဘူးလို့ ပြောလို့မရပေမယ့် အများအားဖြင့်တော့ လက်ခံလို့ရတဲ့အဆင့်မှာရှိပါတယ်။ အရင်တုန်းက ကစားခဲ့တဲ့ ကစားကွက်တွေ၊ နေရာယူပုံတွေနဲ့ နှိုင်းယှဉ်လိုက် ရင် အများကြီး တိုးတက်လာတယ်ဆိုတာကို ကွက်ကွက်ကွင်းကွင်းကို မြင်သာပါတယ်။ အပေးအယူတွေလည်း အတော်ကို ကောင်းလာတယ်။ အရင်က ငါတို့ အမြဲတမ်းကန်လာခဲ့တဲ့ ကန်တင်ပြေး စနစ်ကနေ အခု မြန်မာ အသင်းကို နည်းပြနေတဲ့ မားကို့စ် လက်ထက်မှာ ဘရာဇီးလ်ဟန် အပေးအယူ၊ အချိတ်အဆက်၊ ကစားပုံလေးတွေ နဲ့ အစားထိုးလာတာကို မြင်ရတာ အားရစရာပါ။ ရောက်ချင်ရာရောက် ကန်တင်နေတဲ့ မြန်မာဘောလုံးသမားလေး တွေက အခုဆိုရင် လူဖွင့်ကစားတာတို့၊ ကစားကွက်ဖော်တာတို့၊ အပေးအယူလှလှပပကစားတာတို့ကို မြင်ရတော့ အတော်ကို သဘောကျမိတယ်။ ဒါပေမယ့် သူငယ်ချင်းသိတဲ့အတိုင်းပဲ ဘောလုံးပြိုင်ပွဲဆိုတာက လက်ဝှေ့ပွဲတွေ မှာလို သရေကျရင် ဒိုင်လူကြီးတွေက အမှတ်နဲ့ ဆုံးဖြတ်တာမျိုးမဟုတ်လေတော့ ဘယ်လောက်ပဲ ကစားကွက် ကောင်းကောင်း၊ ဘောလုံးပိုင်ဆိုင်မှု များများ နောက်ဆုံးမှာ ဂိုးများများ သွင်းထားတဲ့အသင်းက အနိုင်ရတာပဲ မဟုတ်လား။ ငါတို့မြန်မာအသင်းရှေ့တန်းလူတွေ ဂိုးမသွင်းနိုင်ခဲ့ကြဘူး။ ဂိုးသွင်းခွင့်မရအောင် မလေးရှားက ပိတ်ဆို့ကစားလို့ဆိုတဲ့ အကြောင်းပြချက်ကလည်း ဘောလုံးမှာ မှန်ကန်တဲ့ဆင်ခြေမဟုတ်ပြန်ဘူးကွာ။ အထူး သဖြင့် Goal Luck မရှိတဲ့ ရန်ပိုင်ကို အားကိုးနေတာဟာ ငါတို့မြန်မာအသင်းရဲ့ အားနည်းချက်တစ်ခုလို့ ငါတော့ မြင်မိတာပါပဲ။ ပထမပိုင်းတစ်ခုလုံးမှာ ရန်ပိုင်ဟာ ထိရောက်တဲ့ ခြိမ်းခြောက်မှုဆိုလို့ တစ်ခုမှ မလုပ်နိုင်ခဲ့ဘူး။ ပိုပြီး စိတ်တိုဖို့ ကောင်းတာက သူ့ဆီကို ဘောလုံးပေးတဲ့အခါတိုင်းမှာ တစ်ပုံစံတည်း နောက်ကို ပြန်ပြီးပေးတဲ့ ကစားဟန်ကိုပါပဲ။ သူဟာ ရှေ့တန်းလူတစ်ဦး၊ ဂိုးသွင်းရမယ့်လူတစ်ဦးဖြစ်ပါလျက်နဲ့ တစ်ဖက်နောက်တန်းတွေကို လိမ်ခေါက်ပြီး ကျော်ယူမယ်၊ Skill ပြပြီး လှည့်ထွက်မယ်၊ အတင်းတိုးပြီး အခြားလူတွေအတွက် နေရာလွတ်တွေ ဖြစ်အောင် လုပ်ပေးမယ်လို့ စိတ်ကူးရှိခဲ့ရင်တောင် တစ်ခုမှကို လုပ်မပြနိုင်ခဲ့တာ မင်းလည်း ကြည့်ခဲ့ရမှာပါ။

ငါတို့ မြန်မာရှေ့တန်းအကြောင်းပြောတော့ တစ်ဖက်အသင်းက ရှေ့တန်းကစားသမားနဲ့ နှိုင်းယှဉ်ကြည့်မိတယ်။ မလေးရှားက နံပါတ် ၁၈ ဟာ မနေ့ကပွဲမှာတော့ Man of the Match ပါပဲ။ သူ့ကို မထိန်းနိုင်တာဟာ မြန်မာအသင်းရဲ့ ရှုံးရခြင်း အကြောင်းခံပဲဖြစ်မယ်လို့ ငါတော့ ထင်မိတယ်ကွာ။ မလေးရှားအသင်းဟာ အိမ်ရှင် အသင်းဆိုပေမယ့် အုပ်စုတွင်းမှာ ရှုံးထားတဲ့ရှုံးကြွေး၊ မြန်မာအသင်းရဲ့ သမိုင်းဂုဏ်တွေကြောင့် အတော်ကို ဂရုစိုက်ပြီး ကစားခဲ့တာကို တွေ့ရတယ်။ အဲဒီအကျိုးကိုလည်း သူတို့တွေ ခံစားခဲ့ရပြီလေကွာ။ မြန်မာအသင်း ကစားသင့်တဲ့ ခံစစ်ကစားပြီး Counter ကနေတစ်ဆင့် ဂိုးသွင်းခွင့်တွေရအောင် ကစားတဲ့ကစားကွက်ကို သူတို့ အသင်းက ပိုင်ပိုင်နိုင်နိုင် ကစားသွားနိုင်ခဲ့တယ်။ မြန်မာအသင်းဟာ ငါတို့သေချာပေါက်နိုင်မှာပဲဆိုတဲ့ စိတ်နဲ့အတူ အနည်းငယ်တော့ ပေါ့လျော့ပြီးကစားခဲ့တယ်၊ အနည်းငယ် ဘ၀င်မြင့်ပြီးကစားခဲ့တယ်လို့ ငါထင်မိတာပါပဲကွာ။ အဲဒီအတွက် ခံစားရတဲ့ အကျိုးကတော့အတော်ကို ခါးသီးတယ်ဆိုတာ မင်းလည်းအသိပါပဲကွာ။

သူများအသင်းကို အထင်ကြီးတာလည်းမဟုတ်ဘူး၊ နှိမ်ချတာလည်း မဟုတ်ဘူးကွာ။ ငါပြောချင်သေးတယ်။ မနေ့က ကစားခဲ့တဲ့ ကစားကွက်အရ မလေးရှားအသင်းကစားတာဟာ ဘာမှ စွဲမက်ဖို့မကောင်းတာကို တွေ့ရပါတယ်။ ငါက မြန်မာအသင်းဖက်ကနေပြီး မြန်မာမျက်စိနဲ့ ကြည့်လို့လဲ ဖြစ်ချင်ဖြစ်မှာပေါ့ကွာ။ သူတို့ ကစားကွက်ဟာ ၁-၉-၁ ကစားကွက်လို့ ပြောရလောက်အောင်ကို ခံစစ်ကို ကစားခဲ့ကြတယ်။ ဒါပေမယ့် သူတို့ အတွက် ကံကောင်းတာက သူတို့ထားခဲ့ ရှေ့ဆုံးက ၁ ဟာ မြန်မာတွေပြောတဲ့စကားနဲ့ပြောရရင် စစ်သည် တစ်သိန်းအားနဲ့ ညီတယ်ဆိုသလိုပါပဲ။ အဲဒီ နံပါတ် ၁၈ တစ်ယောက်တည်းနဲ့ မြန်မာနောက်တန်းတစ်ခုလုံးကို ကျော်ဖြတ်သွားခဲ့ပါတယ်။ ဂိုးတွေသွင်းပြခဲ့ပါတယ်။ ရန်ပိုင်အနေနဲ့ အဲဒီ နံပါတ် ၁၈ ကန်တာကို ပြန်ပြန်ကြည့်ပြီး ရှေ့တန်းဆိုတာ ဒီလိုပါလားဆိုပြီး သင်ခန်းစာတွေ ယူသင့်ပါတယ်။ အဲဒီလိုတွေ မြင်ရတော့ ငါတို့ ကြည့်ခဲ့၊ မြင်ခဲ့၊ အားပေးခဲ့ရတဲ့ မျိုးလှိုင်ဝင်းတို့၊ သန်းတိုးအောင်တို့၊ တင်မြင့်အောင်တို့၊ ၀င်းအောင်တို့၊ စိုးနိုင်တို့ကို လွမ်းမိတယ်ကွာ။ နောက်တစ်ခု ချီးကျူးဖို့ကောင်းတာက မလေးရှားကစားသမားတွေဟာ ရလာတဲ့ ဘောလုံးတွေကို အဲဒီ နံပါတ် ၁၈ ဆီကို ရောက်အောင် ပေးပို့နိုင်တာပါပဲ။

သူငယ်ချင်း ကျော်ခိုင်ရေ… ဒုတိယပိုင်းမှာလည်း ငါတို့တွေကသာ မျှော်လင့်ထားတယ်။ မြန်မာအသင်းကတော့ သိတဲ့အတိုင်းပဲ ကစားကွက်တက်လာတာကလွဲလို့ ဂိုးပေါက်ပျောက်နေခဲ့တုန်းပဲကွာ။ ဟိုအချိန်သွင်းနိုးနိုး၊ ဒီအချိန် သွင်းနိုးနိုး ငါတို့တွေက ရင်တခုန်ခုန်နဲ့စောင့်၊ တကယ်ထပ်သွင်းသွားတာက မလေးရှား။ ကောင်းရောပေါ့ကွာ။ မင်းရော၊ ငါရော၊ မြန်မာပရိသတ်တွေ အားလုံးရော အဲဒီအချိန်မှာ ဘယ်လိုတွေ ခံစားနေရမလဲဆိုတာ ဗေဒင် မေးစရာမလိုပါဘူးကွာ။ ပဉ္စမအကြိမ် ချန်ပီယံဖြစ်မယ့် အခွင့်အရေးတစ်ခုတော့ ဆုံးရှုံးသွားခဲ့ပြီ ဆိုတာကို တတိယဂိုး ပေးလိုက်ရတဲ့အချိန်မှာ ငါသိလိုက်တယ်။

ကိုယ့်အသင်း မနိုင်တော့တဲ့အတွက် စိတ်မကောင်းစွာ ထိုင်ကြည့်ဖို့ပဲ ရှိတော့တာပေါ့ကွာ။ ဒါပေမယ့် ငါတို့ ထင်မှတ်မထားတဲ့ အဖြစ်အပျက်တွေက ဖြစ်လာခဲ့တယ်လေ။ မြန်မာအသင်းဟာ ၃ ဂိုးပေးလိုက်ရတဲ့နောက် ဘယ်လို ဖြစ်သွားတယ်မသိဘူး။ ကစားကွက်က ဖရိုဖရဲ၊ ကန်တာက တောရောက်တောင်ရောက်၊ ပိုဆိုးတာက ကြမ်းကြမ်းတမ်းတမ်း ကစားခဲ့တာပါပဲ။ ကိုယ်ရှုံးထားတဲ့ ဂိုးတွေကို ပြန်ချေပမယ်လို့ အားမထုတ်ဘဲ တစ်ဖက် ကစားတွေ နာကျင်အောင်၊ ဒေါသဖြစ်အောင် မလိုအပ်ဘဲ အတင်းဝင်၊ အတင်းဖျက်၊ ပြစ်ဒဏ်ဘောတွေ လုပ်နေကြတာဟာ အတော်ကို အရုပ်ဆိုး အကျည်းတန်တယ်ကွာ။ အဲဒီနေရာမှာ တလက်စတည်း အသင်း အုပ်ချုပ်သူတွေကို ငါဝေဖန်ချင်တယ်။ ကိုယ့်အသင်းကို မထိန်းနိုင်ကြတာလား၊ ဒီအတိုင်းကို လွှတ်ပေးထားတာ လား၊ သူတို့ကိုယ်တိုင်ကကို အရှုံးကို ရင်မဆိုင်ရဲကြတာလားဆိုတာကိုပါ။ နောက်ပြီး ဆိုးဝါးတာတစ်ခုက မြန်မာအသင်းက နောက်ခံလူဟာ အနီကဒ် ထိလို့ ကွင်းပြင်ထွက်လာတော့ ဦးကြည်လွင်က လာခေါ်တာကို ကောင်းကောင်းမွန်မွန်မလိုက်ဘဲ ပခုံးပေါ်တင်ထားတဲ့လက်ကို ပုတ်ချတာပါပဲ။ ကင်မရာကလည်း အဲဒီအချိန်မှာ သူ့ကို ရိုက်ပြနေတော့ ထင်ထင်ရှားရှားကြီးကို မြင်လိုက်ရတာပါ။ ဦးကြည်လွင်ဟာ သူတို့ကို သင်ပေးနေတဲ့ နည်းပြဆရာဖြစ်သလို၊ သူတို့တွေ အားကျခဲ့ရတဲ့ မြန်မာ့လက်ရွေးစင် ကစားသမားဟောင်းကြီးပါ။ အဲဒီ ကစား သမားရဲ့ စိတ်ကို ဘယ်လိုမှကို ခန့်မှန်းလို့ မရပါဘူး။ ဒါဟာ နဂိုကတည်းက အလိုလိုက်ခဲ့တဲ့ ဆရာတွေကြောင့် လား၊ ကစားသမားတွေကိုယ်တိုင်ကကို ယဉ်ကျေးမှုမရှိတဲ့အတွက်လားဆိုတာတော့ ကာယကံရှင်တွေ ကိုယ်တိုင်ပဲ သိမှာပါ။

ဒုတိယပိုင်း ရဲ့ မိနစ် ၃၀ လောက်ကတော့ မြန်မာအသင်းအနေနဲ့ ရှက်ဖွယ်လိလိ အဖြစ်အပျက်တွေကို ဖန်တီး နေတာနဲ့ပဲ အချိန်ကုန်ခဲ့တယ်လို့ ပြောရမှာပါပဲကွာ။ သူများရသွားရင် ကြမ်းကြမ်းတမ်းတမ်း ဖျက်ထုတ်တယ်။ ပြစ်ဒဏ်ဘောတွေပေးရရင် ဒိုင်လူကြီးကို ပြန်ပြောတယ်၊ တစ်ဖက်ကစားသမားကို မခံချင်အောင်တွေ ပြောတယ်၊ အမူအရာအားဖြင့် ရန်လိုတဲ့အပြုအမူတွေပြတယ် စတဲ့လုပ်ရပ်တွေဟာ ကျွန်တော်တို့ မြန်မာအသင်းအတွက် ဘယ်မှာလာပြီး အပေါင်းလက္ခဏာ ဆောင်နိုင်ပါတော့မလဲ။ သူတို့လောက် မြန်မာ့လက်ရွေးစင်အဖြစ် ကန်ကြတာလဲ သူတို့ပဲ ရှိတယ်။ သူတို့လောက် မတိုးတက်တာ၊ မရင့်ကျက်တာလည်း သူတို့ပဲ ရှိမယ် ထင်ပါရဲ့ကွာ။ တစ်ဖက်မလေးရှားအသင်းရဲ့ ကစားကွက်ထဲကို တန်းတန်းကြီးကို လိုက်ဝင်သွားကြတော့တာပဲ။ မလေးရှားအသင်းဟာ နိုင်နေတဲ့အသင်း ဖြစ်တဲ့အတွက် အချိန်ဆွဲတာတွေ၊ လက်ပစ်ဘောတွေကို မပစ်ဘဲ လူလွှဲနေတာတွေ၊ မလိုအပ်ဘဲ မြက်ခင်းပြင်ကို ဟိုနင်းဒီနင်းလုပ်နေတာတွေ၊ ဘောလုံးကို အကြာကြီး တည်နေတာတွေ လုပ်မှာပါပဲ။ ဒါဟာ ဘောလုံးလောကမှာ ဘာမှ မထူးဆန်းတဲ့ အလုပ်တွေပါ။ ဒီအပေါ်မှာ စိတ်တိုနေဖို့၊ အဲဒါတွေကို ကြမ်းတမ်းမှုတွေနဲ့ တုန့်ပြန်ဖို့ မလိုပါဘူး။ ကိုယ်ရှုံးနေတဲ့ ဂိုးတွေကို ချေပနိုင်အောင် ကြိုစားရမယ့်အစား လူချကစားဖို့ကိုပဲ အာရုံထဲမှာ ရှိနေတော့ ဘယ်လိုလုပ်ပြီး ဂိုးသွင်းနိုင်ပါတော့မလဲကွာ။ ကိုယ့်အသင်း အနိုင်ရနေတဲ့အချိန်တွေမှာလည်း ကိုယ်တွေဆိုရင် ဒီလိုပဲ အချိန်ဆွဲတာတွေ၊ မကြာကြာအောင် လုပ်တာတွေ လုပ်ကြမှာပါပဲ။ ဒါကို နားမလည်ဘဲ ခံစားချက်ကို ရှေ့တန်းတင်ပြီး လုပ်ချင်ရာတွေ လုပ်ကြတော့ မြန်မာအသင်းဟာ အမဲစက်တစ်စက် ထပ်ပြီး ရေးခြစ်မိတာက လွဲလို့ တခြားဘာမှ ရမလာပါဘူး။ စင်ကာပူမှာ ခြစ်ခဲ့တဲ့အမဲစက်တောင် မပျက်သေးဘူး၊ နောက်ထပ်အမဲစက်တစ်စက်က ထပ်ပြီး ရေးမိပြန်ပြီလေ။ မြန်မာတွေ ဟာ ဒီလိုပဲ ရှုံးရင် လူချတတ်တယ်၊ ညစ်တတ်တယ်၊ ကြမ်းတမ်းတယ်လို့ ပြောလာမယ့် စကားတွေကို ကျွန်တော်တို့တစ်တွေ လက်ခံကြရုံပဲ ရှိတော့တာပေါ့ဗျာ။ ကိုယ့်အသင်းကလည်း အဲဒီလို အပြောခံရအောင်ကို လုပ်ခဲ့ကြတာကိုး။

ကျော်ခိုင်ရေ…စာလည်း အတော်ရှည်သွားပြီကွ။ ငါလည်း ကိုယ့်မြန်မာအသင်း အောင်မြင်မှုရတာတွေကိုပဲ ပြောချင်တာပါကွာ။ ဒါပေမယ့် မြန်မာအသင်းကလည်း အကောင်းပြောစရာထက် အဆိုးပြောစရာများအောင်ကို လုပ်ကြတယ်ကွာ။ အရင်တစ်ခါ ဖိတ်ခေါ်ပြိုင်ပွဲ ဗထူးမှာ လုပ်တုန်းက ကိုယ့်မြန်မာနှစ်သင်း ဗိုလ်လုပွဲရောက်အောင် လုပ်ပြီး ကစားသွားကတည်းက အစာမကြေတဲ့ ငါဟာ အခုမာဒေးကားဗိုလ်လုပွဲကို ကြည့်ပြီးတဲ့အချိန်မှာ စည်းကမ်းဆိုတဲ့ စကားလုံး၊ ဂုဏ်သိက္ခာဆိုတဲ့ စကားလုံးကို သူတို့တွေ ဘယ်လိုနားလည်သလဲလို့ မေးချင်လိုက်တာမှ ပါးစပ်ကို ယားနေတာပါပဲကွာ။ ဘောလုံးပွဲတစ်ပွဲဟာ သူ့နိုင်ငံရဲ့ အဆင့်အတန်း၊ သူ့နိုင်ငံရဲ့ စိတ်ဓာတ်၊ သူ့နိုင်ငံရဲ့ စည်းကမ်းတွေကို ဖော်ကြူးနေတယ်လို့ ငါကပြောရင် မင်းက ကြီးကြီ။ကျယ်ကျယ်ကွာလို့ ပြောဦးမှာပါ။
နိဂုံးချုပ်အနေနဲ့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က လူတွေကို ငါတစ်ခုတော့ မေးချင်တယ်ကွာ။ ``မြန်မာနိုင်ငံမှာ ဘောလုံးသမား ဒီလောက်ရှားသလားလို့။´´ အချိန်တန်ရင် ငါတို့ပဲ ကန်ရမှာပါဆိုတဲ့စိတ်နဲ့ ကစားနေကြတဲ့ ကစားသမားတွေရဲ့ အထင်တွေ မှန်နေသရွေ့တော့ မြန်မာ့ဘောလုံးလောကကြီး တိုးတက်လာဖို့ မမြင်ပါကြောင်း သူငယ်ချင်း ကျော်ခိုင်ရေ…။ ကျန်းမာပါစေကွာ…။

မင်းရဲ့

ကိုဉာဏ် (ပန်းလောင်မြေ)

Saturday, August 25, 2007

ကွန်ပျူတာတွင် မြန်မာဝင်းဒိုး သုံးနိုင်တော့မည်လော




မနေ့က သတင်းစာထဲမှာဖတ်လိုက်ရတဲ့ သတင်းတစ်ပုဒ်ပါ။ မိုင်မြန်မာယူနီကုတ်စနစ် ဒုတိယမျိုးဆက် မိတ်ဆက်ပွဲ သတင်းလေးပါ။ အစကတော့ သတင်းရဲ့ဆိုလိုချက်ကို ကိုယ်နားလည်သလို ပြန်ပြောပြဖို့ပါ။ ဒါပေမယ့် အခုတော့ အဲဒီသတင်းအတိုင်းပဲ ကူးယူဖော်ပြပေးလိုက်ပါတယ်။ ကျွန်တော်တို့ ဘလော့ဂ်တွေအများစုမှာ သုံးနေကြတာက ဇော်ဂျီပဲဖြစ်မယ်လို့ ထင်ပါတယ်။ မိုင်မြန်မာယူနီကုတ်ကို ကျွန်တော်မသုံးဖူးပါဘူး။ အဲဒီအတွက် ပြောဆိုဝေဖန်ဖို့ ကျွန်တော့်မှာ အခြေအနေ၊ အခြေခံမရှိပါ။ ဒါပေမယ့် ၀င်းဒိုးတစ်ခုလုံးကို မြန်မာလို သုံးလို့ရမယ်ဆိုတာကိုတော့ အတော်ကို စိတ်ဝင်စားပါတယ်။ မျှော်လည်းမျှော်လင့်မိပါတယ်။ ကိုယ်တိုင်မလုပ်နိုင်ပေမယ့် လုပ်နေတဲ့လူတွေကို ချီးကျူးပါတယ်။ MS Word, MS Excel တို့အကြောင်းတွေကို မြန်မာလို ဘာသာပြန်ပြီး ရှင်းပြရင်တောင်မှ အချို့ စာလုံးတွေကို မြန်မာလိုသုံးနှုံးဖို့ အများကြီးခက်ခဲနေတဲ့အတွက် အင်္ဂလိပ်လိုပဲ မပြောင်းဘဲသုံးနေရတာတွေ ရှိပါတယ်။ အဲဒီအတွက် မိုင်မြန်မာဝင်းဒိုးဟာ ဘယ်လိုများ စွမ်းဆောင်နိုင်မလဲဆိုတာကို စိတ်ဝင်စားစွာနဲ့ စောင့်မျှော်နေမိပါကြောင်း….။

-

ကွန်ပျူတာအသီးသီးတွင် အသုံးပြုနိုင်သော မိုင်မြန်မာယူနီကုတ်စနစ် ဒုတိယမျိုးဆက် (MyMyanmar Unicode System Second Generation) နှင့် ကွန်ပျူတာတစ်ခုလုံးကို မြန်မာဘာသာဖြင့် အသုံးပြုနိုင်မည့် မိုင်ဝင်းဒိုးစ် (My Windows) စနစ်တို့ စမ်းသပ်အသုံးပြုနိုင်ရန် စတင်မိတ်ဆက်တင်ပြပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ တက္ကသိုလ်များလှိုင်နယ်မြေရှိ မြန်မာအင်ဖိုတက် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ ………………………….. တက်ရောက်ကြသည်။

မိုင်မြန်မာယူနီကုတ်စနစ်ကိုတီထွင်သူ မောင်ထူးမြင့်နောင် က မိုင်မြန်မာယူနီကုတ်စနစ် ဒုတိယမျိုးဆက် ဆက်လက်တီထွင်ရသည့် အကြောင်းရင်းနှင့် မိုင်မြန်မာယူနီကုတ်စနစ်နှင့် စွမ်းဆောင်ရည်များအကြောင်း ဆက်လက် ရှင်းလင်းတင်ပြသည်။

မိုင်မြန်မာယူနီကုတ်စနစ် ဒုတိယမျိုးဆက်သည် ယူနီကုတ်ကွန်ဆိုဒီယံက ၂၀၀၇ ခုနှစ် ဧပြီလက သတ်မှတ် အတည်ပြုခဲ့သော ယူနီကုတ်စံသတ်မှတ်ချက် ၅ ဒသမ ၁ နှင့်အညီ တီထွင်ထားသောစနစ် ဖြစ်သည်။ Myanmar2 font အပါအ၀င် အဆိုပါ စံသတ်မှတ်ချက်ကို လိုက်နာသော ယူနီကုတ်မြန်မာ font များအားလုံး အသုံးပြုနိုင်မည့် My Input ခေါ် ကွန်ပျူတာအတွင်း သတင်းအချက်အလက်များ ရိုက်သွင်းသည့်စနစ် တစ်ပါတည်းပါရှိသည်။ My Input သည် မြန်မာဘာသာစကားအပြင် အခြားတိုင်းရင်းသားဘာသာစကားများဖြစ်သည့် ကရင်၊ မွန်၊ ရှမ်း ဘာသာစကားများအတွက်ပါ ယူနီကုတ်စနစ်နှင့်အညီ အသုံးပြုနိုင်စေရန် ဆောင်ရွက်ထားသည့် input method editor စနစ်တစ်ခုဖြစ်သည်။ ထို့ပြင် မိုင်မြန်မာယူနီကုတ်စနစ်သည် ကွန်ပျူတာပေါ်တွင်သာမက မိုဘိုင်းလ်ဖုန်းများ ပီဒီအေများ၊ အီလက်ထရွန်းနစ်အဘိဓာန်များ၊ တီဗွီ၊ ဗွီစီဒီ၊ ဒီဗွီဒီဖွင့်စက်များ အစရှိသည့် အခြားအီလက်ထရောနစ် ပစ္စည်းများတွင်လည်း အသုံးပြုနိုင်သည်။

ထို့နောက် မောင်ထိန်လင်းထူး က ကွန်ပျူတာစနစ်တစ်ခုလုံးကို မြန်မာဘာသာဖြင့် အသုံးပြုနိုင်မည့် My Windows စနစ်နှင့် ပတ်သက်၍ ဆက်လက်ရှင်းလင်းတင်ပြသည်။ မိုင်ဝင်းဒိုးစ်စနစ်သည် ယနေ့ကွန်ပျူတာ အများစုတွင် အသုံးပြုနေကြသော Windows XP စနစ်တစ်ခုလုံးအား မြန်မာဘာသာဖြင့် ပြောင်းလဲအသုံးပြုနိုင် စေရန် တီထွင်ထားသော စနစ်ဖြစ်သည်။ Windows တွင် ပါဝင်သော menu များ၊ command များကို မြန်မာဘာသာဖြင့် တိုက်ရိုက်အသုံးပြုနိုင်ပြီး ကွန်ပျူတာအတွင်းရှိ ဖိုင်အမည်များကို မြန်မာဘာသာဖြင့် အမည် ပေးခြင်း၊ ရှာဖွေခြင်းများ ပြုလုပ်နိုင်မည်ဖြစ်သည်။ ထို့ပြင် အင်တာနက် အသုံးပြုခြင်း၊ အီးမေးလ်ပေးပို့ခြင်းများကို လည်း မြန်မာဘာသာဖြင့်ပင် တိုက်ရိုက်ပေးပို့နိုင်၊ လက်ခံနိုင်၊ အသုံးပြုနိုင်တော့မည်ဖြစ်သည်။

ယနေ့ ရှင်းလင်းတင်ပြသော မိုင်မြန်မာယူနီကုတ်စနစ်နှင့် မိုင်ဝင်းဒိုးစ် စနစ်များကို အသုံးပြု၍ ကွန်ပျူတာ တစ်ခုလုံးကို မြန်မာစာဖြင့် အသုံးပြုနိုင်တော့မည် ဖြစ်သည်။ ဘာသာစကား အခက်အခဲကြောင့် ကွန်ပျူတာ အသုံးပြုမှုအခက်အခဲ ရှိနေမှုများ လျော့နည်းသွားစေပြီး မြန်မာစာတတ်သူတိုင်း ကွန်ပျူတာကို အသုံးပြုနိုင်မည် ဖြစ်သဖြင့် အနာဂတ်အိုင်တီဖွံ့ဖြိုးတိုးတက်မှုအတွက် များစွာအထောက်အကူဖြစ်စေမည်ဖြစ်သည်။ မိုင်မြန်မာ ယူနီကုတ်စနစ် ဒုတိယမျိုးဆက်နှင့် မိုင်ဝင်းဒိုးစ် စနစ်များကို လာမည့် အောက်တိုဘာလတွင် အများပြည်သူတို့ အသုံးပြုနိုင်ရန်အတွက် ထုတ်လုပ်ဖြန့်ချိမည်ဖြစ်ကြောင်း သိရှိရသည်။ မိုင်မြန်မာယူနီကုတ်စနစ်၊ မိုင်ဝင်ဒိုးစ်စနစ် များ နှင့် ပတ်သက်၍ အသေးစိတ်သိရှိလိုသည်များရှိပါက www.mymyanmar.net သို့ ၀င်ရောက်ကြည့်ရှု လေ့လာနိုင်သည်။

ယနေ့ မိတ်ဆက်တင်ပြသော မိုင်မြန်မာယူနီကုတ်စနစ် ဒုတိယမျိုးဆက်နှင့် မိုင်ဝင်းဒိုးစ်စနစ်များကို တီထွင် အကောင်အထည်ဖော်ခဲ့သော မောင်ထူးမြင့်နောင် နှင့် မောင်ထိန်လင်းထူး တို့သည် ရန်ကုန်ကွန်ပျူတာ တက္ကသိုလ်တွင် ဂုဏ်ထူးတန်းနှင့် နောက်ဆုံးနှစ်များတွင် တက်ရောက်ပညာသင်ကြားနေသူများ ဖြစ်ကြသည်။ မောင်ထူးမြင့်နောင် သည် မိုင်မြန်မာယူနီကုတ်စနစ်ကို ကွန်ပျူတာတက္ကသိုလ် ပထမနှစ်ကတည်းက အောင်မြင်စွာ တီထွင်ခဲ့ပြီး မိုဘိုင်းလ်ဖုန်းများပေါ်တွင် အသုံးပြုနိုင်သော မြန်မာစာစနစ်ကိုလည်း ၂၀၀၆ ခုနှစ်တွင် တီထွင်ခဲ့သူ တစ်ဦး ဖြစ်ကြောင်း သိရှိရသည်။

မြန်မာ့သွေး အီးမေးလ်များ


မြန်မာ့သွေးအဖွဲ့မှ ပေးပို့သော နေ့စဉ်အီးမေးလ်များ ရယူလိုပါက

ဘလော့ဂ်မှာ ကျွန်တော်တို့က Vote လုပ်စေချင်တဲ့အတွက် Poll လေးတစ်ခု တင်ပေးထားပါတယ်။ မြန်မာ့သွေး အီးမေးလ်များအပေါ် သဘောထားကို စစ်တမ်းကောက်ခြင်းဖြစ်ပါသည်။ တစ်နေ့ကအီးမေးလ်ဖြင့် မေးလာပါသည်။ မြန်မာ့သွေးအီးမေးလ်ဆိုသည်မှာအဘယ်နည်း။ ဘယ်လိုယူရမလဲ။ သူတို့ယူချင်ပါတယ်ဟု။ သူကတော့ အင်္ဂလိပ်လိုရေးခြင်းဖြစ်ပါသည်။ အခုဟာက မြန်မာလို ဆီလျော်အောင်ပြန်ပြောပြရခြင်းဖြစ်ပါသည်။ ထို့အတွက် မြန်မာ့သွေး အီးမေးလ်များ ရယူပုံကို အနည်းငယ်မျှ ပြောပြလိုပါသည်။

ပြောပြမည်ဆိုသော်လည်း ဘယ်ကစပြောရမှန်းမသိပါ။ သိပြီးလူတွေအတွက်ကတော့ တကယ့်ကို ကလေးကလား ဖြစ်နေပါလိမ့်မည်။ သို့သော် မသိသူများအတွက်သက်သက် ရည်ရွယ်ပြီး ပြောပြခြင်းဖြစ်ကြောင်း ကြိုတင် ပြောကြားလိုပါသည်။ သိပြီးသူများအတွက်ကတော့ ရာဟုဂရုပ် တစ်ခုခုမှ အီးမေးလ်လိုချင်လျှင် ထိုဂရုပ်သို့သွား၊ ရာဟုအကောင့်ဖြင့် ဆက်သွယ်၊ ပြီးလျှင် အီးမေးလ်များကို မည်သို့မည်ပုံ ရယူမည်ဆိုသည်ကို ရွေးချယ်၊ ဒါဆိုလျှင် ပြီးပါသည်။ မသိသူများအတွက်၊ ရာဟုကို သုံးလို့ မရသူများအတွက်၊ ရာဟုအီးမေးလ်အကောင့် မရှိသူများအတွက် ကတော့ အခက်အခဲတစ်ခု ဖြစ်ပါသည်။

အလွယ်ဆုံးနည်းလမ်းတစ်ခုကို ပြောပြပါမည်။ စမ်းသပ်ပြီးဖြစ်ပါသည်။ ကျွန်တော်တို့အတွက်တော့ အဆင်ပြေပြေ အလုပ်လုပ်ပါသည်။ ဘာရာဟုအကောင့်မှ ရှိရန်မလိုပါ။ ဘာပုံစံမှလည်း ဖြည့်ရန်မလိုပါ။ အီးမေးလ်လေးတစ်စောင် ပေးပို့ရန်သာဖြစ်ပါသည်။

-

အဆင့် (၁)။ မြန်မာ့သွေးမှပေးပို့သည့် အီးမေးလ်များကို လက်ခံရယူလိုသည့် အီးမေးလ်လိပ်စာတစ်ခုကို ဆုံးဖြတ်ပါ။ မြန်မာ့သွေးမှပေးပို့သော အီးမေးလ်အားလုံးသည် ထိုမေးလ်အကောင့်၏ Inbox အတွင်းသို့ ရောက်ရှိပါလိမ့်မည်။ မိမိ၏ အီးမေးလ်ကို Sign In လုပ်ပါ။ ထို့နောက် အီးမေးလ်တစ်စောင် Compose/Send ရန် ပြုလုပ်ပါ။ ပေးပို့ရမည့် To လိပ်စာနေရာတွင် myanmarthway-subscribe@yahoogroups.com ဟု ရေးပါ။ ထို့နောက် Send ခလုတ်ကိုနှိပ်ပါ။ (အချို့အီးမေးလ်ဝန်ဆောင်မှုများသည် Empty Message ဖြစ်နေသည်ဟူသည့် Error ကို ပြန်ပေးတတ်ပါသည်။ ထို့အတွက် အကြောင်းအရာနေရာတွင် မည်သည့်စာလုံးကို မဆို ရိုက်နိုင်ပါသည်။ ဥပမာ - A, B, Email, Group, Name, စသဖြင့် စာလုံးလေးတစ်လုံးရေးသားလျှင်ပင် ရပါသည်။
-

အဆင့် (၂)။ အချိန်အနည်းငယ်အကြာတွင် သင်၏ အီးမေးလ် Inbox ထဲသို့ “Please confirm your request to join myanmarthway” ဆိုသောအကြောင်းအရာခေါင်းစဉ်ဖြင့် အီးမေးလ်တစ်စောင် ရောက်ရှိပါ လိမ့်မည်။ အဆိုပါမေးလ်ကိုဖွင့်ပါ။ အဆိုပါမေးလ်ထဲတွင် အောက်ပါအတိုင်း တွေ့မြင်ဖတ်ရှုရပါလိမ့်မည်-


အဆင့် (၃)။ ထိုမေးလ်ထဲတွင် မြန်မာ့သွေးအဖွဲ့ဝင်အဖြစ်ဝင်ရောက်ရန် နည်းလမ်းနှစ်သွယ်တွေ့ရမည် ဖြစ်ပါသည်။ ပထမနည်းလမ်းသည် ရာဟုအကောင့်ရှိသူများ၊ ရာဟုသုံးစွဲရန် အဆင်ပြေသည့်သူများအတွက်တော့ အသုံးဝင်ပါသည်။ သို့သော် ရာဟုမေးလ်အကောင့်မရှိသူများ၊ ရာဟုဝင်ရောက်သုံးစွဲရန် အဆင်မပြေသူများ အတွက်မူ ဒုတိယနည်းလမ်းကိုသာ အသုံးပြုစေလိုပါသည်။ ထို့ပြင်ဒုတိယနည်းလမ်း၏ အားသာချက်မှာ အဖွဲ့မှ ပေးပို့သော အီးမေးလ်များကို မိမိနှစ်သက်ရာ အီးမေးလ်အကောင့်၏ Inbox ထဲသို့ ရောက်ရှိစေနိုင်ခြင်းဖြစ်ပါသည်။
-
အဆင့် (၄)။ အဆိုပါရရှိသော အီးမေးလ်အား Reply လုပ်ခြင်းဖြင့် မြန်မာ့သွေးအဖွဲ့သို့ ၀င်ရောက်ပြီး ဖြစ်ပါလိမ့် မည်။ မကြာမီ မြန်မာ့သွေးမှ ကြိုဆိုပါကြောင်း အီးမေးလ်နှင့်အတူ နေ့စဉ်ပေးပို့လျက်ရှိသော အီးမေးလ်များကို လက်ခံရရှိပါလိမ့်မည်။ ထို့အတူ မိတ်ဆွေအနေဖြင့် မြန်မာ့သွေးမှ အခြားမိတ်ဆွေများအားလုံးကို ဝေငှပေးဝေ လိုသည်များ၊ ဝေငှခံစားစေလိုသည်များရှိပါက အဖွဲ့သို့ အီးမေးလ်ပေးပို့ခြင်း၊ Forward ပြုလုပ်ခြင်းများ ပြုလုပ်နိုင် ပါသည်။ myanmarthway@yahoogroups.com သို့ လိပ်မူရန် ဖြစ်ပါသည်။
-
အဆင့် (၅)။ အကယ်၍ အထက်ပါအတိုင်း ပြုလုပ်သော်ငြားလည်း အဆင်မပြေရှိလာခဲ့အံ့။ မြန်မာ့သွေး အယ်ဒီတာ ထံသို့ အီးမေးလ်ပေးပို့၍ အကူအညီတောင်းခံနိုင်ပါသည်။ myanmarthway@gmail.com သို့ လိပ်မူ၍ အီးမေးလ်ရေးသားနိုင်ပါသည်။
-
မြန်မာ့သွေးမိတ်ဆွေအားလုံး အဆင်ပြေလိမ့်မည်ဟု ယူဆပါသည်။ မြန်မာ့သွေးအဖွဲ့မှ မြန်မာမိတ်ဆွေများ အားလုံးအား ကြိုဆိုပါသည်။ မြန်မာ့သွေးအဖွဲ့သည် မြန်မာမိတ်ဆွေအားလုံးအတွက် ဖြစ်ပါသည်။ စိတ်နှလုံး ရွှင်လန်းနိုင်ကြပါစေ….။

Wednesday, August 22, 2007

မာဒေးကားအနိုင်အရှုံးများ


မာဒေးကားဖလား ဘောလုံးပြိုင်ပွဲ ရလဒ်များ

****

**

*

၂၀-၈-၂၀၀၇ မြန်မာ ၁ - ၀ လီဆိုသို

၂၀-၈-၂၀၀၇ မလေးရှား ၂ - ၀ လာအို

၂၁-၈-၂၀၀၇ စင်ကာပူ ၄ - ၂ ဇင်ဘာဘွေ

၂၁-၈-၂၀၀၇ ဘင်္ဂလားဒေ့ရှ် ၀ - ၁ အင်ဒိုနီးရှား

၂၂-၈-၂၀၀၇ လီဆိုသို ၃ - ၁ လာအို

၂၂-၈-၂၀၀၇ မလေးရှား ၁ - ၂ မြန်မာ

၂၃-၈-၂၀၀၇ စင်ကာပူ - ၁ ဘင်္ဂလားဒေ့ရှ်

၂၃-၈-၂၀၀၇ အင်ဒိုနီးရှား ၁ - ၂ ဇင်ဘာဘွေ

၂၅-၈-၂၀၀၇ စင်ကာပူ ၂ - ၀ အင်ဒိုနီးရှား

၂၅-၈-၂၀၀၇ ဘင်္ဂလားဒေ့ရှ် - ၂ ဇင်ဘာဘွေ

၂၅-၈-၂၀၀၇ မလေးရှား ၄ - ၀ လီဆိုသို

၂၅-၈-၂၀၀၇ မြန်မာ - ၀ လာအို

၂၇-၈-၂၀၀၇ ဆီမီးဖိုင်နယ်(၁)---- မြန်မာ ၃ - ၁ ဇင်ဘာဘွေ

၂၇-၈-၂၀၀၇ ဆီမီးဖိုင်နယ်(၂)---- မလေးရှား ၃ - ၁ စင်ကာပူ

၂၉-၈-၂၀၀၇ ဗိုလ်လုပွဲ ...... မလေးရှား ၃ - ၁ မြန်မာ

*

**

***

၂၀၀၇ ခုနှစ်၊ မာဒေးကားဖလားဘောလုံးပြိုင်ပွဲချန်ပီယံအသင်းမှာ (မလေးရှား) ဖြစ်ပါသည်။

မိလက္ခူညည်းချင်း - မအိ



၁၃-၇-၂၀၀၇ ရက်နေ့ထုတ် လျှပ်တစ်ပြက်ဂျာနယ်ကို တစ်နေ့ကဖတ်ဖြစ်ပါတယ်။ အဲဒီမှာ အောက်က ကဗျာလေးကိုဖတ်မိတာပါ။ ပထမတစ်ခေါက်တော့ ဂျာနယ်ထဲမှာပါတဲ့အတွက် ဖတ်မိတာပါ။ ဖတ်ရင်းနဲ့ အတော် ကလေး သဘောကျမိပါတယ်။ နောက်တစ်ခေါက်ထပ်ဖတ်ပါတယ်။ ဖတ်ရင်းနဲ့ အတော် သဘောကျမိတဲ့အတွက် မှတ်စုစာအုပ်ထဲမှာ ကူးယူထားလိုက်ပါတယ်။ ဘလော့ဂ်မှာတင်မယ်တင်မယ်နဲ့ အချိန်လည်းမရ၊ လူကလည်း ပျင်းနေတာနဲ့ အခုမှပဲ တင်ပေးဖြစ်ပါတယ်။ ကြိုက်လိမ့်မယ်လို့ ထင်ပါတယ်။ ကဗျာဆရာမ မအိ ရဲ့ လက်ရာပါ။ ကဗျာခေါင်းစဉ်က ``မိလက္ခူ ညည်းချင်း´´

မျိုးကြီးဆွေကြီးမဟုတ်

သူကြွယ့်သမီးမဖြစ်

ပညာတတ် မပီ

မိရိုးဖလာ အလယ်အလတ်တန်းစား

လောကဓံနဲ့ ညားမှတော့

ဆင်နင်းယပ်တောင်သဖွယ် အခါခါပြားပေါ့။

*

၁၂၆ ကျပ်စား

၁၂၆ ကျပ်စားနဲ့ပဲ ဖူးစာဆုံ

ဒုက္ခတစ်စုံလုံး လိုင်စင်ရ

ပါရမီလမ်းခွဲမှ တစ်ဆင့်

ဟိမ၀န္တာ မြေး၊ မြစ်၊ တီ၊ ကျွတ်အထိ

*

ဆင်းရဲချမ်းသာ အဓိက မကျလှ

ယုံကြည်မှုပဓာန တံခွန်ထူ

``သူလိုလူ´´ မှတ်ခဲ့သကိုး

*

အဆက်မပြတ်

စက္ကန့်တံလို လျင်မြန်ရွေ့လျား

ဖ၀ါးခြေထပ် တံလျှပ်ချိုချို

ပျော်လိုနေရဲ တောထဲငုံ့လျှိုး

ချုံတိုးအိပ်စက် အိပ်မက်မက်ချင်

*

ကျောက်ခဲရေညှစ် ချွေးပွင့်သွေးစက်

ကိုယ့်အသက်... သူ့လက်ထဲ

သူ့အသက်.. ကိုယ့်လက်ထဲ

အနေဆင်းရဲ.. အစားဆင်းရဲ

နှင်းပုလဲဝတ်ရုံ ခပ်ထူထူဖုံး

အသည်းမာဆုံး အချိန်။

*

တိမ်တွေက ကျွန်မရဲ့ စာသင်ကျောင်းလေးအောက်မှာ

တောင်တွေက ကျွန်မရဲ့ ဖ၀ါးအောက်မှာ

သစ်တော်ပင်၊ သစ်ကြားပင်၊ သစ်စိမ့်ပင်၊ ၀က်သစ်ချပင်၊ လက်ဖက်ခင်း၊ တောင်ကတုံး၊ တောင်စောင်း

တောအုပ်၊ လျှိုမြောင်၊ ချောက်ကြား

ကိုစိမ်းကားတို့နဲ့ တူတူပုန်းတမ်းကစား

အိန္ဒိယဇာတ်လမ်းထဲက လပ်ဖ်ဆင်းန် မဟုတ်ဘူးနော်

ခုနေပြောတော့ ပုံပြင်တစ်ပုဒ်။

*

ရေးချင်လို့ ရေးတယ်။

ရွတ်ချင်လို့ ရွတ်တယ်။

သည်အရွယ် သည်ဘဝ

သည်အချိန်အခါကျမှ

သည်အခွင့်အရေးလောက်မျှ မရရင်

*

ဂိုဏ်းဖွဲ့…

အသိုင်းအ၀ိုင်းချဲ့…

စာမျက်နှာတွေပေါ် ရိုင်းနေလိုက်ကြတာ မရှက်

*

ရွာပျောက် ကမ်းပျောက် လယ်ပျောက် နွားပျောက်

ဆွေပျောက် မျိုးပျောက် အိုးပျောက် အိမ်ပျောက်

ပန်းတိုင်ရောက် ရန်သူပျောက် ချစ်သူပျောက် မုန်းသူပျောက်

တစ်ယောက်နဲ့တစ်ယောက်

*

ကောသလအိပ်မက် (၁၆)ချက်

ဘယ်နှချက် ထပ်တိုးရင် ကောင်းမလဲလေ…

အဖေတို့ အမေတို့ ပြောပါများ

ဗြဟ္မစိုရ်တရား ထွန်းကာတဲ့မြေ….ဆို။

ပုံတူမျိုးပွားမှုများနှင့် လူသားတို့၏ ကျန်းမာရေး




တစ်နေ့က သတင်းစာဖတ်တော့ နိုင်ငံတကာသတင်းကဏ္ဍမှာ ထူးထူးခြားခြား သတင်းလေးတစ်ပုဒ်ကို သွားဖတ်မိပါတယ်။ ဂျပန်မှာရှိတဲ့ တက္ကသိုလ်တစ်ခုက ဇီဝပညာရှင်တွေဟာ ၀က်သတ္တ၀ါ ပုံတူမျိုးပွားမှုကို စတုတ္ထမျိုးဆက် အထိ ပြုလုပ်နိုင်ပြီဆိုတဲ့အကြောင်းပါပဲ။ အရင်ကတော့ အမေရိကန် ပညာရှင်တွေဟာ ဓာတ်ခွဲခန်းသုံး ကြွက်ကို မျိုးဆက်ခြောက်ခုအထိ မျိုးပွားနိုင်ခဲ့ကြပါတယ်။ ဒါပေမယ့် အဲဒီ ဓာတ်ခွဲခန်းသုံးကြွက်ရဲ့ ကိုယ်အင်္ဂါများဟာ လူသားများရဲ့ ကိုယ်အင်္ဂါများနဲ့ နီးစပ်မှုမရှိတဲ့အတွက် နည်းပညာအောင်မြင်မှုအရ သက်သက်သာ ပြောဆိုနိုင်ခဲ့ပါတယ်။ အခု ဂျပန်က ပြုလုပ်နိုင်ခဲ့တဲ့ အောင်မြင်မှုရဲ့ အကျိုးရလဒ်က ၀က်ရဲ့ ကိုယ်အင်္ဂါများဟာ လူနဲ့နီးစပ်တဲ့အတွက် လူတွေရဲ့ ကျန်းမာရေးကဏ္ဍတွေမှာ အစားထိုးကုသမှုတွေ ပြုလုပ်တဲ့အခါ အသုံးဝင်လာမယ်လို့ ဆိုပါတယ်။ သူတို့ ဥပမာပေးထားတာက ၀က်ရဲ့ ပန်ကရိအင်္ဂါကိုသုံးပြီး လူသားတွင် အစားထိုးကုသပေးခြင်းဖြင့် ဆီးချိုဝေဒနာရှင်များကို ရောဂါပျောက်ကင်းအောင် ကုသ အသုံးပြုနိုင်ပါတယ်တဲ့။ တကယ့်ကို စိတ်ဝင်စားစရာကောင်းပြီး အောင်မြင်ခဲ့ရင် တော်တော့်ကို အသုံးဝင်မယ့်ကိစ္စကြီးပါ။ တစ်ဆက်တည်း ဆက်တွေးမိတာက လူတွေရဲ့ အသိလွန်၊ အတတ်လွန်မှုဟာ ဘယ်အချိန်မှာ ပြန်ပြီး ဒုက္ခပေးမလဲဆိုတာပါပဲ……။ အခုထိတော့ လူတွေဟာ မိမိစိတ်ကူးမိသမျှကို ဖြစ်အောင် အကောင်အထည်ဖော်နိုင်ခဲ့တာချည်းပါပဲ။ ချီးကျူးရမှာလား…. ရင်ထိတ်ရမှာလားဆိုတာတော့…..။

မာဒေးကားပွဲအကြိုစကားလုံးများ


မာဒေးကားဖလား နှင့် မြန်မာ

မြန်မာတွေက မာဒေးကားမှာတော့ အစဉ်အလာကောင်းတွေ ရှိထားတယ်။ အဲဒီအတွက်လည်း ဒေသတွင်း ပြိုင်ဘက်တွေက မာဒေးကားမှာဆိုရင် မြန်မာကို အလေးထားကြတယ်။ ဘယ်လောက်ပဲ ခြေစွမ်းတွေ ကျနေပါစေ မာဒေးကားဖလားဆိုရင် မြန်မာအသင်းက ရေကုန်ရေခန်း ကြိုးစားတတ်တဲ့ အကျင့်ရှိတယ်။ ငါတို့က ဒီဖလားကို ခဏခဏ ယူနေကျဆိုတဲ့ စိတ်က သူတို့ရင်ထဲမှာ လွှမ်းမိုးထားကြတယ်။ အဲဒါကပဲ အချိန်တန်ရင် အောင်လိုစိတ် ဖြစ်သွားတယ်။ အဲဒီ တိုက်ပွဲဝင်စိတ်ဓာတ်ရှိနေရင် ဘယ်အသင်းကိုမှ ကြောက်စရာ မရှိတော့ဘူး။ အနိုင်ဆိုတာ လက်တစ်ကမ်းမှာပါပဲ။

ပြောချင်တာက မြန်မာပရိသတ်တွေအကြောင်းပါ။ အခု ဘယ်နေရာဖြစ်ဖြစ် မာဒေးကားအကြောင်းပြောနေကြပြီ။ လက်ရှိချန်ပီယံအသင်းကွ။ ဒီနှစ်လည်း ပိုတောင်ကောင်းလာသေးတာ။ ဖလားကို ရမှာပါ။ ဘရာဇီးလ် နည်းပြကြီး ရဲ့ ကြပ်မတ်နည်းပြမှုအောက်မှာ မြန်မာအသင်း အတော်ကို တိုးတက်လာတယ်ဆိုတဲ့ ဂျာနယ်တွေအပေါ်က သတင်းတွေကလည်း ပရိသတ်ကို စိတ်လှုပ်ရှားစေတာကိုး။ ကိုယ့်နိုင်ငံအသင်းကို ကန်တိုင်းနိုင်စေချင်တာ နိုင်ငံသားတိုင်းရဲ့ မျိုးချစ်စိတ်လို့ ကျွန်တော်တော့ ထင်တာပဲ။ ကိုယ့်လူမျိုးကို မချစ်ရင် ဘယ်ကလာပြီး ကိုယ့်အသင်းကို အားပေးတော့မလဲ။ တစ်ချို့ကပြောတယ်။ ဘောလုံးကိုအားပေးတာ နိုင်တဲ့အသင်းကို အားပေးကြတဲ့လူက များပါတယ်တဲ့။ အောင်မြင်မှုရှိတဲ့အသင်း၊ နာမည်ကြီးဘောလုံးသမားတွေ ကစားတဲ့ အသင်းကို အားပေးကြတာတဲ့။ အခြားကလပ်တွေတို့၊ ပြိုင်ပွဲတွေကို ကြည့်တာဆိုရင်တော့ မှန်မှာပေါ့။ ကိုယ့်နိုင်ငံ အသင်းဆိုရင်တော့ မမှန်တော့ဘူးဗျ။ ကိုယ့်နိုင်ငံအသင်းမှာ ဘယ်သူတွေပဲ ကန်ကန် အင်္ကျီရင်ဘတ်မှာ မြန်မာနိုင်ငံတော်အလံ တံဆိပ်တပ်ပြီး ကန်ကြတဲ့လူအားလုံးဟာ ငါတို့ မြန်မာနိုင်ငံကို၊ ငါတို့မြန်မာလူမျိုးကို ကိုယ်စားပြုပြီး ကန်နေကြတာဆိုပြီး မျိုးချစ်စိတ်အပြည့်နဲ့ အားပေးကြတာပါ။ ရှုံးနိမ့်တဲ့အခါ ဆဲကြ၊ ဆိုကြ၊ ဝေဖန် ကြတာဟာ မြန်မာအသင်းကို နာစေချင်လို့ မဟုတ်ပါဘူး။ ကိုယ့်အသင်းကို အမြဲတမ်းနိုင်စေချင်တဲ့အတွက်ပါ။ ဒါပေမယ့် နိုင်ချင်လို့အားပေးတာမဟုတ်ဘူး။ အားပေးရင်းနဲ့ကို ကိုယ့်အသင်းကို နိုင်ချင်တာ။ ဘရာဇီးလ်နဲ့ မြန်မာ ကန်ရင်တော့ ကိုယ့်မြန်မာအသင်းကို အားပေးကြမှာပဲ မဟုတ်ဘူးလားဗျာ။ သေချာပေါက်နိုင်တဲ့အသင်းကို အားပေးချင်မှတော့ ဘရာဇီးလ်အလံတွေကိုပဲ ဝှေ့ယမ်းပြီး အားပေးတော့မှာပေါ့။ ဟုတ်ပါတယ်နော။

ကဲ မြန်မာအသင်းရဲ့ အုပ်စုအနေအထားလေးကို ကြည့်ရအောင်။ အုပ်စုကို မကြည့်ခင် ဒီနှစ် မာဒေးကားဖလားကို ဖိတ်ခေါ်ထားတဲ့အသင်းတွေကို ဆန်းစစ်လိုက်ရအောင်။ ဒီနှစ်မှာ အရှေ့တောင်အာရှက ၅ သင်း၊ အာဖရိက က ၂ သင်း၊ တောင်အာရှက ၁ သင်း၊ စုစုပေါင်း ၈ သင်းနဲ့ ယှဉ်ပြိုင်ကစားရမှာပါ။ အာဖရိကအသင်းတွေဟာ အသင်းကြီးတွေ မဟုတ်တဲ့အတွက် နာမည်တောင် စိမ်းနေနိုင်ပါတယ်။ ဒါပေမယ့် သက်လုံနဲ့ ခွန်အားကောင်းတဲ့ အဲဒီအသင်းတွေနဲ့ ကစားရတာ အတော်ခက်ခဲမယ်လို့ မြင်မိပါတယ်။ မြန်မာတွေအတွက် တကယ့်ကို အထူး အခွင့်အရေးပါပဲ။ အတွေ့အကြုံများစွာ ရမယ့် ပြိုင်ပွဲပါ။ ဒါပေမယ့် ဒေသတွင်း အသင်းကြီးတစ်သင်းဖြစ်တဲ့ ထိုင်းအသင်းကို စာရင်းမှာ မတွေ့ရဘူး။ မလေးရှားက မဖိတ်တာလား။ ထိုင်းကပဲ မကန်ဘဲ ငြင်းပယ်ထားတာလား တော့မသိပါဘူး။

အုပ်စု (က) - မြန်မာ၊ မလေးရှား၊ လီဆိုသို၊ လာအို။

အုပ်စု (ခ) - အင်ဒိုနီးရှား၊ စင်ကာပူ၊ ဇင်ဘာဘွေ၊ ဘင်္ဂလားဒေ့ရှ်။

မြန်မာအသင်းက စစချင်းပွဲမှာ အာဖရိကအသင်း လီဆိုသိုနဲ့ တွေ့မှာပါ။ ပြီးရင် မလေးရှား၊ နောက်ဆုံးပွဲကျမှ လာအိုနဲ့ပါ။ ပွဲစဉ်ကတော့ အတော်ကို ကောင်းမွန်တယ်လို့ ပြောလို့ရပါတယ်။

ကဲဗျာ…ရှုံးမှာနိုင်မှာတွေကို နောက်ထား။ အခုလောလောဆယ်တော့ ကိုယ့်မြန်မာအသင်းကို အားပေးဖို့သာ ပြင်ထားပေတော့။ နိုင်ရင် ပျော်ရ၊ ဂုဏ်ယူရသလို၊ ရှုံးတော့လည်း ထုံးစံအတိုင်း ကစားကွင်းတို့၊ ဒိုင်လူကြီးတို့၊ ရာသီဥတုတို့ကို အပြစ်ပုံချကြတာပေါ့ဗျာ။ မဟုတ်ဘူးလား။

မြန်မာအသင်း အောင်ပွဲဆင်နိုင်ပါစေဟု….။

Wednesday, August 08, 2007

U-20 ဘောလုံးပွဲ(၂၀၀၇)


အာစီယံ ယူ-၂၀ ဘောလုံးပြိုင်ပွဲ - ASEAN U-20 Championship
-
ဆီမီးဖိုင်နယ်ပွဲစဉ်များ
ဗီယက်နမ် ၃ - ၁ မြန်မာ
မလေးရှား ၂ - ၁ ထိုင်း

တတိယနေရာလုပွဲ (9-8-2007)
ထိုင်း ၂ - ၀ မြန်မာ

ဗိုလ်လုပွဲ (9-8-2007)
ဗီယက်နမ် ၁ - ၀ မလေးရှား
-
၂၀၀၇ ခုနှစ် အာစီယံ ယူ-၂၀ ဘောလုံးပြိုင်ပွဲ ချန်ပီယံအသင်း - ဗီယက်နမ်

 
Web Statistics