၁၃-၇-၂၀၀၇ ရက်နေ့ထုတ် လျှပ်တစ်ပြက်ဂျာနယ်ကို တစ်နေ့ကဖတ်ဖြစ်ပါတယ်။ အဲဒီမှာ အောက်က ကဗျာလေးကိုဖတ်မိတာပါ။ ပထမတစ်ခေါက်တော့ ဂျာနယ်ထဲမှာပါတဲ့အတွက် ဖတ်မိတာပါ။ ဖတ်ရင်းနဲ့ အတော် ကလေး သဘောကျမိပါတယ်။ နောက်တစ်ခေါက်ထပ်ဖတ်ပါတယ်။ ဖတ်ရင်းနဲ့ အတော် သဘောကျမိတဲ့အတွက် မှတ်စုစာအုပ်ထဲမှာ ကူးယူထားလိုက်ပါတယ်။ ဘလော့ဂ်မှာတင်မယ်တင်မယ်နဲ့ အချိန်လည်းမရ၊ လူကလည်း ပျင်းနေတာနဲ့ အခုမှပဲ တင်ပေးဖြစ်ပါတယ်။ ကြိုက်လိမ့်မယ်လို့ ထင်ပါတယ်။ ကဗျာဆရာမ မအိ ရဲ့ လက်ရာပါ။ ကဗျာခေါင်းစဉ်က ``မိလက္ခူ ညည်းချင်း´´
မျိုးကြီးဆွေကြီးမဟုတ်
သူကြွယ့်သမီးမဖြစ်
ပညာတတ် မပီ
မိရိုးဖလာ အလယ်အလတ်တန်းစား
လောကဓံနဲ့ ညားမှတော့
ဆင်နင်းယပ်တောင်သဖွယ် အခါခါပြားပေါ့။
၁၂၆ ကျပ်စား
၁၂၆ ကျပ်စားနဲ့ပဲ ဖူးစာဆုံ
ဒုက္ခတစ်စုံလုံး လိုင်စင်ရ
ပါရမီလမ်းခွဲမှ တစ်ဆင့်
ဟိမ၀န္တာ မြေး၊ မြစ်၊ တီ၊ ကျွတ်အထိ
ဆင်းရဲချမ်းသာ အဓိက မကျလှ
ယုံကြည်မှုပဓာန တံခွန်ထူ
``သူလိုလူ´´ မှတ်ခဲ့သကိုး
အဆက်မပြတ်
စက္ကန့်တံလို လျင်မြန်ရွေ့လျား
ဖ၀ါးခြေထပ် တံလျှပ်ချိုချို
ပျော်လိုနေရဲ တောထဲငုံ့လျှိုး
ချုံတိုးအိပ်စက် အိပ်မက်မက်ချင်
ကျောက်ခဲရေညှစ် ချွေးပွင့်သွေးစက်
ကိုယ့်အသက်... သူ့လက်ထဲ
သူ့အသက်.. ကိုယ့်လက်ထဲ
အနေဆင်းရဲ.. အစားဆင်းရဲ
နှင်းပုလဲဝတ်ရုံ ခပ်ထူထူဖုံး
အသည်းမာဆုံး အချိန်။
တိမ်တွေက ကျွန်မရဲ့ စာသင်ကျောင်းလေးအောက်မှာ
တောင်တွေက ကျွန်မရဲ့ ဖ၀ါးအောက်မှာ
သစ်တော်ပင်၊ သစ်ကြားပင်၊ သစ်စိမ့်ပင်၊ ၀က်သစ်ချပင်၊ လက်ဖက်ခင်း၊ တောင်ကတုံး၊ တောင်စောင်း
တောအုပ်၊ လျှိုမြောင်၊ ချောက်ကြား
ကိုစိမ်းကားတို့နဲ့ တူတူပုန်းတမ်းကစား
အိန္ဒိယဇာတ်လမ်းထဲက လပ်ဖ်ဆင်းန် မဟုတ်ဘူးနော်
ခုနေပြောတော့ ပုံပြင်တစ်ပုဒ်။
ရေးချင်လို့ ရေးတယ်။
ရွတ်ချင်လို့ ရွတ်တယ်။
သည်အရွယ် သည်ဘဝ
သည်အချိန်အခါကျမှ
သည်အခွင့်အရေးလောက်မျှ မရရင်
ဂိုဏ်းဖွဲ့…
အသိုင်းအ၀ိုင်းချဲ့…
စာမျက်နှာတွေပေါ် ရိုင်းနေလိုက်ကြတာ မရှက်
ရွာပျောက် ကမ်းပျောက် လယ်ပျောက် နွားပျောက်
ဆွေပျောက် မျိုးပျောက် အိုးပျောက် အိမ်ပျောက်
ပန်းတိုင်ရောက် ရန်သူပျောက် ချစ်သူပျောက် မုန်းသူပျောက်
တစ်ယောက်နဲ့တစ်ယောက်
ကောသလအိပ်မက် (၁၆)ချက်
ဘယ်နှချက် ထပ်တိုးရင် ကောင်းမလဲလေ…
အဖေတို့ အမေတို့ ပြောပါများ
ဗြဟ္မစိုရ်တရား ထွန်းကာတဲ့မြေ….ဆို။ ။
No comments:
Post a Comment