Saturday, August 27, 2011

မိတ်ဆွေများက မေးကြသည်


(၁)
ကျွန်တော်ကိုဉာဏ် မပြောမဆို ဘွားကနဲ ပေါ်လာတဲ့အတွက် မိတ်ဆွေတွေဆီက မေးခွန်းတွေမျိုးစုံ ရရှိပါတယ်။ ဘယ်တွေရောက်နေလဲ၊ ဘာတွေလုပ်နေလဲ၊ အဆင်ပြေရဲ့လား စတဲ့မေးခွန်းတွေနဲ့ အစပျိုးပြီးသကာလ နောက်ဆုံးတော့လည်း သူတို့မေးချင်တဲ့ဆီကို ရောက်သွားတာပါပဲ။ ဟုတ်ကဲ့... ဖြေပါ့မယ်ခင်ဗျား။

(၂)
ကျွန်တော်ကိုဉာဏ် စစ်တွေမှာပဲ ရှိကြောင်းပါခင်ဗျား။ ဘာတွေလုပ်နေလဲဆိုတော့ အစုံပါပဲလို့ ဖြေရမယ်ထင်ပါရဲ့။ ဘာလုပ်နေပါတယ်လို့ သတ်သတ်မှတ်မှတ် ဖြေလို့မရတဲ့အတွက်ပါ။ အဆင်ပြေရဲ့လားဆိုတော့ အားလုံးအဆင်ပြေကြောင်းပါ။ စာဖတ်ဖို့အတွက် အချိန်ရအောင် လုနေရတာရယ်၊ ခလုတ်ဖွင့်လိုက်တိုင်း မီးမလင်းသေးတာရယ်၊ စိတ်ကူးထဲမှာ ပြောချင်တာ၊ ရှာချင်တာ၊ သိချင်တာ တစ်ခုခုပေါ်လာတိုင်း အနီးအနားမှာ အင်တာနက် အလွယ်တကူ သုံးလို့ရတဲ့အခြေအနေမှာ မရှိတာရယ်တွေကလွဲရင် အဆင်ပြေတယ်လို့ ပြောနိုင်ပါတယ်။ ကျန်းမာရေးလည်း ကောင်းပါကြောင်းခင်ဗျား။ မိုးတွေအရမ်းများပြီး ဗွက်ထနေတဲ့အတွက် ဘောလုံးမကန်ရလေတော့ နဂိုကတည်းက ထွက်ချင်နေတဲ့ ဗိုက်ပူပူလေးက အခုတော့ ဗိုက်ပူပူကြီး ဖြစ်နေကြောင်းပါ။ ( သူငယ်ချင်းတွေကတော့ ဒါမှခန့်တာကွလို့ မြှောက်ပေးကြသည်။ မြှောက်ပေးမှန်းသိသော်လည်း ပုထုဇဉ်ပီပီ လက်ဘက်ရည်တိုက်လိုက်ကြောင်းပါ။ ဤကား စကားချပ်)

(၃)
စာတွေဖတ်ဖြစ်သလားဆိုတော့ ဖတ်ဖြစ်ကြောင်းပါ။ တစ်ပတ်တစ်ပတ် နေ့စဉ်ထုတ် ဂျာနယ်များကို ဖတ်ခွင့်ရရေးအတွက် ကြိုးပမ်းရသည်မှာ မလွယ်ကူလှပါ။ ဂျာနယ်အရောင်းဆိုင် (၄)ဆိုင်လောက်သာ ကြီးကြီးမားမားရှိသော အရပ်ဒေသတွင် မိမိဖတ်ချင်သည့်ဂျာနယ်ကို ဖတ်ခွင့်ရအောင် ကြိုးပမ်းရသည့် ဒုက္ခသည် ပြောပြလျှင် ရယ်စရာဖြစ်ပါလိမ့်မည်။ တနင်္လာနေ့ထွက်သော ဂျာနယ်တစ်စောင်ကို အင်္ဂါနေ့တွင် သွားဝယ်လျှင် မရှိတော့ဘူးဟု ဖြေပါလိမ့်မည်။ ထို့အတွက် တနင်္လာနေ့တွင် ၀ီရိယထားပြီး သွားဝယ်ပြန်တော့လည်း မရောက်သေးဘူး၊ မနက်ဖြန်မှရောက်မယ်ဟု ကြုံရတတ်ပြန်ပါသည်။ မနက်ဖြန်သွားပြန်တော့လည်း မိုးရွာနေသည့်အတွက် လေယာဉ်ခရီးစဉ်တွေ မရှိသဖြင့် ဒီအပတ် မပို့တော့ဘူးဟု လုပ်ပြန်တတ်ပါသည်။ ဂျာနယ်အရောင်းဆိုင်က လမ်းထိပ်တွင်ရှိတာ၊ အိမ်ဘေးမှာတင် ရှိတာဆိုလျှင် အကြောင်းမဟုတ်ပါ။ အခုတော့ ကျွန်တော်ကိုဉာဏ် နေသည့်နေရာမှ အဆိုပါဂျာနယ်ဆိုင်များရှိရာ စစ်တွေမြို့ထဲသို့ရောက်ရန် မိနစ် ၄၀ ခန့် ဆိုင်ကယ်ဖြင့် သွားရပါသည်။ အသွားအပြန် ဓာတ်ဆီတစ်ပုလင်း ကုန်သည်ဆိုလျှင်ပင် ဂျာနယ်တစ်စောင်အတွက် ဆင်ဖိုးထက် ချွန်းဖိုးကြီး ဖြစ်ရပါတော့သည်။ သို့သော်လည်း ၀ဋ်ကြီးသူပီပီ မဖတ်ရပြန်လျှင်လည်း မနေနိုင်သည့်အတွက် ရအောင်ရှာရ၊ ၀ယ်ရ၊ ဖတ်ရတာပါပဲခင်ဗျား။

(၄)
အခုလက်ရှိ နိုင်ငံရေးအခြေအနေတွေကို ဘယ်လိုမြင်သလဲဗျဟု မေးလာကြသူတွေကလည်း အများသား။ ထူးတော့မထူးဆန်းပါပေ။ ပြည်သူအများစု စိတ်ဝင်စားနေသည့် အချိန်ပေကိုး။ ကျွန်တော့်မှာ ဖြေစရာတွေ အများကြီးရှိနေပါသည်။ သို့သော် မဖြေချင်သေးပါ။ ထို့ကြောင့် အဆိုပါမေးခွန်း မေးလာသူတိုင်းကို မြန်မာ့သွေးဘလော့ဂ်တွင် တင်ပေးခဲ့ဖူးသော ဆရာမောင်စူးစမ်း၏ ဆောင်းပါးများကို ပြန်လည်ဖတ်ရှုစေလိုကြောင်း ပြောကြားလိုပါသည်။

(၅)
လက်ရှိအစိုးရ၏ ကြိုးပမ်းဆောင်ရွက်နေမှုများကို အသိအမှတ်ပြု ကြိုဆိုပါသည်။ မျှော်လင့်ချက်လည်း ထားပါသည်။ တစ်နှစ်မပြည့်သေးသည့် ကာလတိုလေးအတွင်းတွင် လက်ရှိအစိုးရအပေါ် အချို့သော ဝေဖန်နေမှုများမှာ စိတ်ပျက်စရာဖြစ်ပါသည်။ လက်ရှိအစိုးရသည် သိကြားမင်းဦးဆောင်သည့် အစိုးရမဟုတ်ပါ။ လူသားတစ်ဦးဖြစ်သည့် သမ္မတကြီး ဦးသိန်းစိန် ခေါင်းဆောင်သည့် အစိုးရသာ ဖြစ်ပါသည်။ နတ်တို့ဖန်ဆင်းသည့်အလား အစစအရာရာ ဥုံဖွဆိုတာမျိုးတော့ မမျှော်လင့်သင့်ပါကြောင်း ကျွန်တော်ကိုဉာဏ်က အကြံပြုလိုပါသည်။

(၆)
လက်ရှိအစိုးရက မူဝါဒတွေ၊ စနစ်တွေ ပြောင်းလဲဖို့ လုပ်နေသည်။ သို့သော် လူတန်းစားအသီးသီးတို့က အဆင်သင့်မဖြစ်သေး။ နေရာတိုင်းတွင် လိုအပ်ချက်တွေ ရှိနေဆဲ။ မဖျောက်နိုင်သေးသည့် အကျင့်ဟောင်းတွေ ရှိနေဆဲဖြစ်သည်။ စာရေးက စာရေးအလျောက်၊ ၀န်ထမ်းက ၀န်ထမ်းအလျောက်၊ ကားမောင်းသူက ကားမောင်းသူအလျောက်၊ စပယ်ယာက စပယ်ယာအလျောက်၊ ဈေးရောင်းသူက ဈေးရောင်းသူအလျောက်၊ စီးပွားရေးသမားက စီးပွားရေးသမားအလျောက်၊ ကျောင်းဆရာက ကျောင်းဆရာအလျောက် စသဖြင့် မိမိနှင့်သက်ဆိုင်သည့် နေရာများတွင် အရိုးစွဲနေသည့် အကျင့်ဟောင်းများ၊ အကျင့်ဆိုးများကို ပြုပြင်ပြီး ခေတ်စနစ်နှင့် လိုက်လျောညီထွေသည့် အကျင့်ကောင်းများ မွေးမြူကြဖို့ လိုနေကြပြီ ဖြစ်ပါသည်။ သို့မှသာ တစ်နိုင်ငံလုံး တိုးတက်ဖွံ့ဖြိုးလာမည် ဖြစ်ပါသည်။ အစိုးရပဲ ကောင်းပြီး ကျန်သည့်လူများ မကောင်းလျှင်ရော.... မည်သို့ရှိနိုင်သည်ကို မှန်းဆကြစေလိုပါသည်။

(၇)
အခုများတော့ တော်ပါသေးပြီ။ နောက်များမှ ဆက်ရေးပါဦးမည်ခင်ဗျား။ ကမ္ဘာ့ရွာကြီးထဲတွင် ဟိုသွားဒီသွား လျှောက်သွားခွင့် ပြုကြပါဦးခင်ဗျား။

အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၁ ခုနှစ်၊ သြဂုတ်လ ၂၇ ရက်၊ စနေနေ့။
နေ့လည် ၁ နာရီ ၄၂ မိနစ်တွင်ပြီး၏။

Wednesday, August 24, 2011

ဟိုရောက် ဒီရောက် ဟိုစပ်စပ် ဒီစပ်စပ် ဟိုမစပ် ဒီမစပ် ဟိုမရောက် ဒီမရောက်


(၁)
မြန်မာ့သွေးမိတ်ဆွေများ ကျန်းခံ့သာလို့ မာပါစခင်ဗျား။ ကျွန်တော်ကိုဉာဏ် တစ်ကျော့ပြန် ပေါ်လာရကြောင်းပါခင်ဗျာ။ သရဲခြောက်တာ မဟုတ်ရပါ။ အမှန်တကယ် ကိုဉာဏ်အစစ်အမှန် ဖြစ်ကြောင်းပါခင်ဗျ။ အားလုံးပဲ စိတ်ရွှင်လန်းစွာဖြင့် ကျန်းမာချမ်းသာကြပါစေကြောင်း ဆုမွန်ကောင်း တောင်းလိုက်ရကြောင်းပါ။

(၂)
ဒီနေ့တော့ ကမ္ဘာ့ရွာကြီးထဲကို အလည်တစ်ခေါက် ပြန်ရောက်ရကြောင်းပါ။ အမယ်လေး... ကျွန်တော်ကိုဉာဏ်ဖြင့် မျက်စိတွေလည်ပြီး မနည်းကို သွားလာနေရကြောင်းပါဗျာ။ ကျွန်တော်မရောက်ဖြစ်တဲ့ အချိန်အတောအတွင်းမှာ ကမ္ဘာ့ရွာကြီး ပြောင်းလဲနေလိုက်ပုံများဖြင့် ပြောကိုမပြောချင်တော့ပေါင်ဗျာ။ တောသားမြို့ရောက် ဆိုတဲ့စကားအတိုင်း ပြောရမယ်ဆိုရင်တော့ ကိုဉာဏ်ရွာရောက် ဖြစ်နေတော့တာပေါ့။ ဟိုဟာတွေကလည်း အထူးအဆန်းတွေဖြစ်၊ ဒီဟာတွေကလည်း အထူးအဆန်းတွေဖြစ်နဲ့ပေါ့ခင်ဗျာ။ ဟိုဟာလေးလည်း ၀င်ကြည့်ချင်၊ ဒီဟာလေးလည်း ၀င်ကြည့်ချင်နဲ့ ငယ်ငယ်ကသာဆိုရင် ဘေးမှာရှိနေတဲ့ အဖေ၊ အမေတွေက ခေါင်းကို ဒေါက်ကနဲ ခေါက်ကြမှာ အသေအချာပေါ့ဗျာ။ ဘာပဲပြောပြော အခုတော့ ကမ္ဘာ့ရွာကြီးထဲကို အလည်ရောက်နေရတာကို ကျွန်တော်ကိုဉာဏ် ပျော်ရွှင်ကျေနပ်နေကြောင်းပါ ခင်ဗျ။

(၃)
ကမ္ဘာ့ရွာထဲရောက်တာနဲ့ ပထမဆုံး စဖွင့်မိတာက မြန်မာ့သွေးဘလော့ဂ်ပေါ့ခင်ဗျာ။ စီဘောက်မှာ ရေးထားတာလေးတွေကို လိုက်ဖတ်ပြီး ကျေနပ်ပီတိဖြစ်ရပါဘိဗျာ။ ရေးထားတဲ့သူတွေရော၊ မရေးဖြစ်သော်လည်း အဲဒီစာတွေကို လာဖတ်တဲ့လူတွေကိုရော ကျေးဇူးတင်ကြောင်းပါခင်ဗျ။ ကျွန်တော်ကိုဉာဏ် ပျော်ရွှင်ရသလို ခင်ဗျားတို့လည်း ပျော်ရွှင်ကြပါစေလို့ ဆုမွန်ကောင်း တောင်းပေးပါသဗျာ။

(၄)
ကွန်းမန့်တွေကိုလည်း ဖတ်ရပါ့ခင်ဗျာ။ ကျေးဇူးတင်လို့ မဆုံးပါ။ အများကြီးမဟုတ်ပေမယ့် ကျွန်တော့်ဘလော့ဂ်ကို ပုံမှန်ဖတ်နေတဲ့လူတွေ ရှိနေတယ်ဆိုတဲ့အတွက် ၀မ်းသာရပါတယ်။ တကယ့်ကို ၀မ်းသာရကြောင်းပါခင်ဗျာ။

(၅)
မြန်မာ့သွေးမိတ်ဆွေများအတွက် ပို့စ်အသစ်များ တင်ပေးနိုင်ရန် ကျွန်တော်ကိုဉာဏ် ကြိုးစားလျက်ရှိပါကြောင်း ပြောကြားရင်းနဲ့ ပြန်လည်နှုတ်ခွန်းဆက်သလိုက်ရကြောင်းပါခင်ဗျာ။

မင်္ဂလာပါ
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၁ ခုနှစ်၊ သြဂုတ်လ ၂၄ ရက်၊ ဗုဒ္ဓဟူးနေ့။
ညနေ ၄ နာရီ ၅၇ မိနစ်။

 
Web Statistics