Showing posts with label အဆိုအမိန့်များ-Motto. Show all posts
Showing posts with label အဆိုအမိန့်များ-Motto. Show all posts

Wednesday, August 22, 2012

သတင်းစာလွတ်လပ်ခွင့်ဆိုင်ရာ တွေးမိတွေးရာ


ငါမကောင်းရင် ငါ့ကိုရေး၊
ငါ့မိဖုရားတွေမကောင်းရင် မိဖုရားတွေကိုရေး၊
ငါ့သားသမီးတွေမကောင်းရင် သားသမီးတွေကိုရေး၊
တရားသူကြီးမကောင်းရင် တရားသူကြီးကိုရေး၊
မြို့ဝန်မကောင်းရင် မြို့ဝန်ကိုရေး၊
ရဲမက်တွေမကောင်းရင် ရဲမက်တွေကိုရေး၊ 
အဲဒီအတွက် မင်းတို့ သတင်းစာတွေမှာ အပြစ်မရှိစေရ၊
နန်းတော်တွင်းသို့ သတင်းစာတိုက်က မည်သူမဆို အဆီးအတားမရှိ ၀င်ထွက်စေ

အထက်ပါ စကားစုကို ပြောခဲ့သူက မင်းတုန်းမင်းတရားကြီး ဖြစ်ပါတယ်။ (ကျွန်တော်ဘာသာ ဖြည့်ပေးလိုက်တဲ့ စာသားတွေလည်း ပါပါတယ်။ ဤကား စကားချပ်) သတင်းစာသမားတိုင်းလိုလို၊ ဂျာနစ်လစ်တိုင်းလိုလိုက သူတို့အတွက် အသုံးချစရာ တစ်ခုခုရှိတိုင်း ယူသုံးတတ်တဲ့ စကားစုလည်း ဖြစ်ပါတယ်။ သတင်းသမားတွေ တစ်ခုခုဖြစ်တိုင်း မင်းတုန်းမင်းကြီးခမြာ ကန့်လန့်ကန့်လန့်နဲ့ အမြဲပါနေတော့တာပဲ။ တစ်ခါတစ်ခါကျရင် အစိုးရဘက်ကနေ တွေးကြည့်မိတယ်။ သူတို့တွေအနေနဲ့ အဲဒီစကားတွေကို ကြားရတိုင်း မင်းတုန်းမင်းကြီးနှယ် ဘယ်နှယ့်ကြောင့် ဒီလိုပြောခဲ့ပါလိမ့်ဆိုပြီး မင်းကြီးအပေါ် စိတ်တွေဘာတွေများ ဆိုးနေကြမလားမသိပါဘူး။ ကျွန်တော်က လျှောက်တွေးမိတာပါ။ တက္ကသိုလ်သင်္ချာမှာ အင်မတန်ခက်တဲ့ ပုစ္ဆာတွေကို တွက်ရတဲ့အခါတိုင်း ရှေးတုန်းက သင်္ချာပညာရှင်တွေကို မေတ္တာတွေ ပို့ခဲ့သလိုပဲ ဖြစ်မယ်ထင်ပါတယ်။ သင်္ချာပညာရှင်တွေများ အားအာလျားလျား အလုပ်မရှိ အလုပ်ရှာပြီး လျှောက်တွက်သွားကြတယ်။ သူတို့လုပ်ခဲ့တဲ့ အကျိုးဆက်ကြောင့် အခုတော့ ငါတို့တွေ ပျားတုပ်နေပြီ ဆိုတာမျိုးပေါ့။ အင်း... မင်းတုန်းမင်းကြီးလည်း အဲဒီလို ပြောတဲ့အချိန်တုန်းက ဘယ်လိုနိုင်ငံရေး ဖိအားတွေနဲ့ ရင်ဆိုင်ခဲ့ရလို့ အထက်ပါ စကားနဲ့ သတင်းစာတွေကို နှစ်သိမ့်ခဲ့ရသလဲဆိုတာကို တွေးနေမိတယ်။ တစ်ဆက်တည်း အဲဒီစကားကို ယူသုံးတဲ့ လူတိုင်းကိုလည်း အံ့သြမိတယ်။ စကားပြောတယ်ဆိုတာ ဘာခက်တာမှတ်လို့၊ မင်းတုန်းမင်းကြီးရဲ့ စကားအတိုင်း အဲဒီခေတ်က သတင်းစာလွတ်လပ်ခွင့် တကယ်ရှိခဲ့သလား ဆိုတာကို ပြောတဲ့သူတိုင်း လေ့လာဖူးကြရဲ့လားလို့ တွေးနေမိတယ်။

အပေါ်ဆုံးမှာ ပြောခဲ့တဲ့ မင်းတုန်းမင်းကြီးရဲ့ စကားနဲ့ ပတ်သက်ပြီး ဟာသနွယ်တဲ့ မူကွဲတွေလည်း အများကြီးရှိတယ်။ သိပြီးသားဖြစ်ကြမယ်လို့ ယုံကြည်ပါတယ်။ ဒါပေမယ့် မသိသေးသူတွေအတွက် ဝေမျှပါရစေဦး။

အထက်ပါအတိုင်း မင်းတုန်းမင်းကြီးက ပြောတဲ့အချိန်ကပေါ့။ ဒီလိုဗျ။ "ငါမကောင်းရင် ငါ့ကိုရေး၊ ငါ့မိဖုရားတွေ မကောင်းရင် မိဖုရားတွေကိုရေး၊ ငါ့သားသမီးတွေ မကောင်းရင် သားသမီးတွေကိုရေး၊ အေး.. ဒါပေမယ့် သတင်းစာထဲတော့ ပါမလာစေနဲ့" တဲ့။ ကဲ... ကောင်းရော။ ဟုတ်တော့လည်း ဟုတ်သားပဲ။ ရေးဖို့ပဲ လွတ်လပ်ခွင့်ပေးတာလေ။ ဖော်ပြတာကတော့ လွတ်လပ်ချင်မှ လွတ်လပ်မှာပေါ့ဗျာ။ ကျွန်တော်တို့လည်း ဒီနေ့ အင်မတန် လွတ်လပ်နေတာပဲ မဟုတ်လား။ ကိုယ်မကြိုက်တဲ့လူကို လွတ်လွတ်လပ်လပ် ဝေဖန်ခွင့်၊ ဆဲဆိုခွင့်၊ ရှုံ့ချခွင့် ကျွန်တော်တို့ အားလုံးမှာ ရှိနေတာပဲ မဟုတ်ဘူးလား။ အဲ... တစ်ခုပဲ ရှိတာက ကျွန်တော်တို့ အဲလိုလုပ်တာတွေကို ဘယ်သူမှ မသိတာပါပဲ။

နောက်ထပ် မူကွဲတစ်ခုက ဒီလိုပါ။ မင်းတုန်းမင်းကြီးက ပြောသတဲ့။ "ငါမကောင်းရင် ငါ့ကိုရေး၊ ငါ့မိဖုရားတွေ မကောင်းရင် မိဖုရားတွေကိုရေး၊ ငါ့သားသမီးတွေ မကောင်းရင် သားသမီးတွေကိုရေး၊ မြို့ဝန်မကောင်းရင် မြို့ဝန်ကိုရေး၊ တရားသူကြီးတွေ မကောင်းရင် တရားသူကြီးတွေကိုရေး"။ အဲဒီအချိန်မှာ ဟိုးနောက်နားကနေ ခစားနေတဲ့ မင်းမှုထမ်းတစ်ယောက်ရဲ့ မေးမြန်းလျှောက်တင်သံ တိုးတိုးလေး ထွက်လာတယ် "အရှင်မင်းကြီး၊ သတင်းစာတွေ မကောင်းရင်ရောဘုရား" တဲ့။ စဉ်းစားစရာ ဖြစ်ပါတယ်။ မှန်ပါတယ်၊ သတင်းစာတွေ မကောင်းရင်ရော ဘယ်သူတွေက ရေးရမှာလဲ၊ ဘယ်လိုတွေ အရေးယူကြမှာလဲ။ အချင်းချင်း ထိန်းကြပါလိမ့်မယ်လို့ မပြောကြပါနဲ့ဗျာ။ အချင်းချင်း ရန်ဖြစ်ကြမှာပဲ ရှိပါတယ်။

ကျွန်တော်တွေးမိတာတွေ ပြောပါရစေ။ 
တည်ဆဲဥပဒေတွေ ရှိပြီးသားလို့ ပြောမယ့်လူတွေ ရှိပါတယ်။ ဟုတ်ကဲ့... စတုတ္ထမဏ္ဍိုင်ဆိုတဲ့ ကျေးဇူးရှင်တွေဟာ သူများကိုသာ ဥပဒေအထက်မှာ နေတယ်၊ ဘာဖြစ်တယ်၊ ညာဖြစ်တယ် ပြောတတ်ကြတာခင်ဗျ။ သူတို့ကိုယ်တိုင်ကတော့ ဥပဒေရဲ့ အထက်မှာ မတ်တတ်ရပ်ရုံတင် မဟုတ်ဘူး၊ ဖင်ခုထိုင်ပြီး သူများကို ထောက်ပြချင်တဲ့ သူတွေခင်ဗျ။ သူတို့ ပြောဆိုရေးသားတာတွေဟာ ဥပဒေနဲ့ မညီဘူးထင်တဲ့အတွက် တရားစွဲရင်လည်း သူတို့မကြိုက်ဘူး၊ အရေးယူရင်လည်း မခံနိုင်ဘူး။ ဒါဆိုရင် သူတို့ ဘာပြောပြော၊ ဘာရေးရေး လွှတ်ပေးရမှာလားဗျ။ တရားရုံးမှာ တရားစွဲတဲ့ ကိစ္စဟာ ဘာမှ ထူးဆန်းတဲ့ကိစ္စ မဟုတ်ပါဘူး။ တကယ်ဆိုရင် အမှုရင်ဆိုင်တယ်ဆိုတာ မမှန်တဲ့လူကသာ ကြောက်ရမှာမျိုးပါ။ ရင်ဆိုင်တာဟာ ချက်ချင်း ထောင်ချတာ၊ ဆုံးဖြတ်ချက်ချတာမှ မဟုတ်တာပဲ။ တရားရုံးမှာ ရှင်းရမှာပဲပေါ့။ အဲဒါကို ကျီးကန်းတွေ ၀ိုင်းအာသလိုအာကြ၊ သူများတွေက ဥပဒေနဲ့အညီ လျှောက်လွှာတင်ပြီး စည်းကမ်းတကျ ဆန္ဒဖော်ထုတ်ကြတဲ့ အချိန်မှာ မီဒီယာသမားဆိုတဲ့ ဥပဒေအထက်က လူသူတော်ကောင်းကြီးတွေက လှုံ့ဆော်ရေး အင်္ကျီတွေဝတ်၊ တံဆိပ်အမျိုးမျိုး၊ စာသားအမျိုးမျိုးနဲ့ ဦးထုပ်တွေဆောင်း၊ စာရွက်စာတမ်းတွေကိုင်၊ လူတန်းရှည်ကြီး တရုံးရုံးနဲ့ တွေ့တဲ့လူကို လက်မှတ်ထိုးခိုင်း၊ ဟော... ရဲကမေးတော့ သူတို့တွေ ဆန္ဒဖော်ထုတ်တာ မဟုတ်ပါဘူးတဲ့၊ ဘတ်စ်ကားစီးကြတာပါတဲ့၊ လုပ်ပုံက၊ လုပ်ပုံက၊ အင်တာနက်မှာ သတင်းပြန်ရေးတော့ကျတော့ သူတို့တွေကပဲ မီဒီယာလောကကြီး တစ်ခုလုံးအတွက် ကယ်တင်ရှင်တွေလိုလို၊ သူတို့လှုပ်ရှားတဲ့အတွက်ပဲ ဂျာနယ်တွေ ပြန်ထုတ်ခွင့်ရသလိုလိုနဲ့ နာမည်ကောင်းယူပြီး ရေးသားလိုက်တာများ ဓာတ်ပုံတွေ ဝေေ၀ဆာဆာ၊ အရေးအသားတွေ ပလီပလာနဲ့ တကယ့်ကို အံ့သြစရာပါပဲဗျာ။ ဥပဒေနဲ့အညီ မလုပ်တတ် မကိုင်တတ်ဘဲ လက်တစ်လုံးခြား လုပ်တတ်တဲ့ သူတို့တွေက ကျန်တဲ့ မဏ္ဍိုင်သုံးခုကို ထိန်းသိမ်းမယ်ဆိုတော့ ကျွန်တော်ကိုဉာဏ်ဖြင့် ဘာပြောရမှန်းတောင် မသိအောင်ပါပဲဗျာ။ စိတ်ရှိတိုင်းသာ လုပ်ကြပါတော့လို့သာ အော်လိုက်ချင်ပါတယ်။

အခုတော့ စာပေစိစစ်ရေးလုပ်ငန်းစဉ်ကို ရပ်နားလိုက်ပါပြီတဲ့။ အစစ်ဆေး၊ အမေးမြန်းမရှိ ရေးသားထားသော စာပေများကို ကျွန်တော်တို့ ဖတ်ရှုကြရတော့မည်။ ထို့အတွက် ယုံကြည်မှု လိုအပ်လာသည်။ တစ်ချိန်ကတော့ ဂျာနယ်ထဲမှာပါတဲ့ သတင်းတစ်ပုဒ်ဟာ မမှန်ကန်ရင် စာပေစိစစ်ရေးက ထည့်ခွင့်မပြုတာကို သိတဲ့အတွက် ဆုံးဖြတ်ရတာ လွယ်ကူပါတယ်။ အခုတော့ ကိုယ်ရေးချင်တဲ့သတင်းကို ကိုယ့်ဘာသာကိုယ်ရေးပြီး ဂျာနယ်တွေမှာ ဖော်ပြကြမှာ ဖြစ်တဲ့အတွက် ချင့်ယုံကြဖို့ပဲ ရှိပါတော့တယ်။ သိက္ခာရှိတဲ့ဂျာနယ် ဘယ်လောက်ရှိသလဲဆိုတာ သိခွင့်ရမယ့် အခွင့်အလမ်းလို့ပဲ မြင်မိပါတယ်။ ပရိသတ်ကို အပေါစားစည်းရုံးရေးတွေနဲ့ စည်းရုံးဖို့ အရှက်ဖုံးရုံ အ၀တ်အစားနဲ့ မြန်မာ့အမျိုးကောင်းသမီးတို့ရဲ့ ပေါင်တံလေးတွေ၊ ရင်သားလေးတွေ၊ ဗိုက်သားလေးတွေ၊ မြူဆွယ်မှုတွေကိုလည်း တ၀ကြီး ခံစားကြရတော့မယ်လို့ ကြိုတင်တွေးမိပြီး ဂလုဆိုတဲ့ အသံမြည်အောင် တံတွေးတွေ မြိုချလိုက်မိပါတယ်။

ကျွန်တော်ကိုဉာဏ်က ၀န်ထမ်းဖြစ်နေတော့ ခက်သားဗျာ။ ကျွန်တော်လည်း ကော်မတီတစ်ခု ဒါမှမဟုတ် သမဂ္ဂတစ်ခု ထူထောင်ရင်ကောင်းမလားလို့ စဉ်းစားနေမိတယ်။ ဥက္ကဋ္ဌက ကျွန်တော်ပေါ့ဗျာ။ မြန်မာ့သွေးဘလော့ဂ်ရဲ့ အမာခံပရိသတ်တွေက အဖွဲ့ဝင်တွေပေါ့၊ ကွန်းမန့်တွေ အများဆုံးရေးတဲ့လူကို အတွင်းရေးမှူး ခန့်မယ်ဗျာ။ နာမည်ကို ဘယ်လိုပေးမလဲဆိုတော့ ဂျာနယ်ဖတ်သူများ၏ အခွင့်အရေးကာကွယ်ရေးသမဂ္ဂ ပေါ့ဗျာ။ ဘာတွေလုပ်မလဲဆိုတော့ ပိုက်ဆံအကုန်အကျခံပြီး ၀ယ်ဖတ်ရတဲ့ ဂျာနယ်တွေမှာ မတော်တရော်တွေတွေ့ရင်၊ သူများဂျာနယ်မှာ ဖော်ပြပြီးသားသတင်းကို မျက်နှာပြောင်တိုက်ပြီး ပြန်ဖော်ပြရင်၊ အရည်မရ အဖတ်မရ သူတို့ဂျာနယ်ချင်း ရန်ဖြစ်တာကို စာမျက်နှာတွေ အများကြီးနဲ့ရေးပြီး စာဖတ်ပရိသတ်ကို စော်ကားရင်၊ မျက်နှာဖုံးမှာ စာလုံးမည်းကြီးတွေနဲ့ အထူးသတင်းဆိုပြီး ကိုယ်ရေးချင်ရာရေး နောက်အပတ်ကျမှ အမှားပြင်ဆင်ချက်ဆိုပြီး လူမသိ သူမသိနေရာမှာ မှိန်မှိန်လေး ထည့်ပေးရင်၊ စာဖတ်ပရိသတ်ကို အပေါစားစည်းရုံးရေးတွေနဲ့ မော်ဒယ်လ်လေးတွေရဲ့ ဟိုပေါ်ဒီပေါ် ဓာတ်ပုံတွေနဲ့ ဖြားယောင်းရင် စသဖြင့်ပေါ့ဗျာ။ ဂျာနယ်ဖတ်သူများ၏ အခွင့်အရေးကာကွယ်ရေး သမဂ္ဂအနေနဲ့ တီရှပ်တွေဝတ်ပြီး လမ်းပေါ်ထွက် ဆန္ဒဖော်ထုတ်တာတွေ၊ စာဖတ်သူတွေဆီကနေ လက်မှတ်တွေ လိုက်တောင်းခံတာတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေဆီကို စာတင်ပြတာတွေ၊ သမ္မတကြီးဆီကို တိုက်ရိုက်စာရေးတာတွေ၊ ဂျာနယ်တိုက်ကို ချက်ချင်းပိတ်ဖို့ ဆန္ဒဖော်ထုတ်တာတွေ၊ စီးပွားရှာ ဂျာနယ်လစ်များ အလိုမရှိကမ့်ပိန်းလုပ်တာတွေ၊ စသည်ဖြင့်ပေါ့ဗျာ... လုပ်ချင်တယ်ဗျ။ ဘယ်လိုလဲ၊ ကောင်းရဲ့မဟုတ်လားဗျ။

မီဒီယာသမားတွေ လွတ်လွတ်လပ်လပ် ပြောဆိုရေးသားခွင့်ရတာ ၀မ်းသာပါတယ်။ တကယ်ဝမ်းသာပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ နိုင်ငံမှာ သိက္ခာရှိတဲ့၊ စတုတ္ထမဏ္ဍိုင်ပီသတဲ့၊ ကိုယ်ရေးတာကို ကိုယ်တာဝန်ယူရဲတဲ့၊ အမှန်တရားကိုပဲ မူဝါဒအဖြစ် ကိုင်စွဲထားတဲ့၊ ဘက်လိုက်မှုကင်းတဲ့၊ ပါတီစွဲကင်းတဲ့၊ အစွဲအမျိုးမျိုးကင်းတဲ့၊ သူငယ်နာကင်းတဲ့ သတင်းမီဒီယာတွေ ရှားနေသေးတဲ့အတွက် တိုင်းပြည်ထူထောင်စ အခုလိုအချိန်မျိုးမှာ ဆေးအတွက်လေးမှာကို စိုးရိမ်မိတယ်ဗျာ။ ကြောင်ရုပ်လည်း အသက်ဝင်၊ ဆေးစွမ်းလည်း တကယ်ပြရင်တော့ သားရွှေအိုးထမ်းလာတာ မြင်ရသလို ၀မ်းမြောက်ဝမ်းသာ ကြိုရမှာပ။ ဟုတ်ဘူးလား။

ဒီမျှနှင့် နားခွင့်ပြုပါ။ နောက်များမှ ဆက်ကြပါဦးမည်။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၂ ခုနှစ်၊ သြဂုတ်လ ၂၂ ရက်၊ ဗုဒ္ဓဟူးနေ့။
မွန်းလွဲ ၃ နာရီ ၁၂ မိနစ်တွင်ပြီး၏။ 

ခက်ခက်ခဲခဲသဘောမှန်ကိုရှာ၍ကြည့်


  • သူတော်ကောင်းစကားကို ပြောတတ်သော်လည်း သူတော်ကောင်းအကျင့်ကို မကျင့်တတ်။
  • စာကို ဖတ်တတ်သော်လည်း စာသဘောကို သိအောင်မကြိုးစား။
  • သူတစ်ပါးက လိမ်ညာမှာကို ကြောက်သော်လည်း မိမိကိုယ်မိမိ လိမ်ညာနေတာမကြောက်။
  • သူတစ်ပါးကို သနားဖို့တတ်သော်လည်း မိမိကိုယ်ကိုယ် သနားဖို့မတတ်။
  • မိမိကိုယ်ကိုယ် အကျဉ်းထောင်ကျမှာကို ကြောက်၏၊ စိတ်အကျဉ်းထောင်ကျနေသည်ကို မသိ။
  • လွတ်လပ်မှုကို လူတိုင်းလိုလား၏၊ မိမိစိတ်မှာ လွတ်လပ်သူဖြစ်အောင် မကြိုးစား။
  • သူများအထင်ကြီးဖို့ကို လိုလား၏၊ မိမိကိုယ်ကိုယ် လေးစားရမှန်းမသိ။
  • သူတစ်ပါးမှားသည်ကို မြင်၏၊ မိမိမှားသည်ကို မမြင်။
  • သူတစ်ပါးကို ဆုံးမဖို့တတ်၏၊ မိမိကိုယ်မိမိ ဆုံးမဖို့မတတ်။
  • သူများမကောင်းပြောမှာကို မကြောက်နှင့်၊ မိမိစိတ်မှာ မကောင်းဖြစ်မှာကိုသာကြောက်။
  • ငွေကြေး ဆင်းရဲမှာကို မကြောက်နဲ့၊ အသိဉာဏ်ဆင်းရဲမှာကိုကြောက်။
  • ဥစ္စာပစ္စည်း ဆင်းရဲလို့ သူတော်ကောင်း အပြစ်မမြင်၊ အသိဉာဏ်ဆင်းရဲမှ သူတော်ကောင်း အပြစ်မြင်သည်။
  • ကုသိုလ်လိုချင်၍ အလှူလုပ်၏၊ အကုသိုလ်ကို မရှောင်ကြဉ်၍ အလှူမဖြစ်။
  • နတ်ပြည်ကို ရောက်ချင်၍ ကောင်းမှုကိုပြု၏၊ အကုသိုလ်ဖြစ်သည်ကို နားမလည်၍ အပါယ်ကိုလား၏။
  • ဘုရားကို ရိုသေလေးစား၏၊ ဘုရားစကားကို နားထောင်ရမှန်းမသိ။
  • နိဗ္ဗာန်ကို လိုချင်၏၊ ဘုရားသွားရာလမ်းသို့ လိုက်ရမှာကြောက်၏။
  • သူတော်ကောင်းတရားကို သိချင်၍ တရားနာ၏၊ လူမိုက်တို့၏ အကျင့်ကို မရှောင်၍ တရားနှင့်ဝေး၏။
  • ဗုဒ္ဓဘာသာကို မကောင်းပြောလျှင် မုန်း၏၊ ဗုဒ္ဓတားမြစ်ထားသောတရားကို နေ့စဉ်ပြုလုပ်၏။
  • တိုင်းပြည်ကို ကောင်းစေချင်၏၊ မိမိအိမ်မှာမိမိ ကောင်းအောင်နေဖို့ထိုင်ဖို့ မတတ်။
  • ရပ်ရွာများ အေးချမ်းသာယာစေချင်၏၊ ရပ်ရွာအကျိုးကို ဆောင်ရွက်လိုစိတ် လုံးဝမရှိ။
  • ကျန်းမာရေးကောင်းစေချင်၏၊ ကျန်းမာအောင် နေထိုင်စားသောက်ဖို့ မတတ်၊။
  • အသက်အရွယ်က တဖြည်းဖြည်း ကြီးလာ၏၊ အသိဉာဏ်က တဖြည်းဖြည်း ကြီးမလာ၊ လောဘ၊ ဒေါသသာ တဖြည်းဖြည်း ကြီးထွားလာသည်။
  • ကိုယ့်အမှားကို မမြင်ဘဲ သူတစ်ပါးအမှားကိုကြည့်ပြီး အပြစ်တင်နေတာ အကျိုးမရှိ၊ မကောင်းမှုကို မိမိမှစ၍ သိလျှင်သိချင်း ရပ်ပါ၊ မှန်ကန်သော အသိဉာဏ်သည် တန်ဖိုးမဖြတ်နိုင်၊ အမြင်မှန်၊ အတွေးမှန်၊ အလုပ်မှန်မှသာ လူ့ဘ၀၌ အဆင်ပြေနိုင်သည်၊ သိပြီးတော့ မလုပ်ရင် မသိသေးလို့ပါ၊ နည်းနည်းသိ နည်းနညည်းလုပ်၊ များများသိ များများလုပ်ပါ။
  • လူတွေ ဒုက္ခများနေတဲ့အချိန်မှာ ငြိမ်းချမ်းရေးနှင့် သင့်မြတ်ရေးဟာ မရှိမဖြစ် လိုအပ်တယ်၊ ကမ္ဘာကြီး ငြိမ်းချမ်းဖို့အတွက် ကိုယ်တိုင် ငြိမ်းချမ်းရမယ်၊ တစ်ဦးချင်း တာဝန်ယူရမယ်၊ တစ်ဦးချင်း တာဝန်ယူမှုမရှိဘဲ ကမ္ဘာကြီး ငြိမ်းချမ်းမှု မရနိုင်။
  • တန်ဖိုးရှိသော အလုပ်ကို ပြုလုပ်ရခြင်းသည် ကောင်း၏၊ တန်ဖိုးမရှိသော အလုပ်ကို ရှောင်ကြဉ်ခြင်းက ပို၍ ကောင်း၏။
  • သူတော်ကောင်းနှင့် ပေါင်းရတာ ကောင်း၏၊ သူယုတ်မာနှင့် မပေါင်းရတာက ပို၍ ကောင်း၏။
  • ဤလောကကြီးထဲမှာ လူကောင်းများ ဆရာဖြစ်သလို လူမိုက်လည်း ဆရာဖြစ်နိုင်သည်။
  • လူကောင်းသည် ကောင်းတာကို သင်၏၊ လူမိုက်သည် မကောင်းတာကို သင်၏၊ သင်သည် ကြိုက်တာကို သင်နိုင်သည်။
  • အမှောင်ထု ဖုံးလွှမ်းနေတဲ့အချိန်မှာ အလင်းရောင်လိုအပ်တယ်၊ အမှားများနေတဲ့အချိန်မှာ အမှန်ဆိုတာ လိုအပ်တယ်၊ အစဉ်အလာက အရေးမကြီး၊ အမှန်တရားက အရေးကြီးပါတယ်။
  • တရားကို ဟောသူလည်း များ၏၊ နာသူလည်း များ၏၊ မတရားကို ဟောသူလည်း မရှိ၊ နာသူလည်း မရှိ၊ ထို့ကြောင့် မတရားကိုသိသူ အလွန်နည်းပါး၏။ တရားကိုသိလျှင် အေးချမ်း၏၊ မတရားကို မသိလျှင် မအေးချမ်းနိုင်၊ လောကကြီး ပျက်စီးမှာကို ကြောက်၏၊ လောကကြီးကို ၀ိုင်းပြီး လူတိုင်းလိုလို ဖျက်နေကြ၏၊ လောကကို မိမိအတွက် အသုံးချ၏၊ မိမိကို လောကအတွက် အသုံးချဖို့ ၀န်လေး၏၊ လောကကြီးကို မိမိက မစောင့်ထိန်းလျှင် လောကကြီးကလည်း မိမိကို စောင့်ထိန်းလိမ့်မည်မဟုတ်။
  • မကြားဟန်ဆောင်နေသူလောက် နားပင်းသူ မရှိ။
  • မမြင်ဟန်ဆောင်နေသူလောက် မျက်စိကန်းသူ မရှိ။
  • သိဟန်ဆောင်နေသူလောက် မသိသူ မရှိ။
  • အို ရခိုင်သူ ရခိုင်သားအပေါင်းရို့ မကြာခင် လောကကြီး ပျက်စီးလိမ့်မည်၊ အချိန်မီ ၀ိုင်းဝန်းထိန်းသိမ်းကတ်ပါ၊ ဤလောကကြီးအတွင်းမှာ မှီတင်းနေထိုင်ကြသော လူတိုင်းမှာ တာဝန်ရှိပါသည်။
  • တရားစခန်းကိုဝင်၍ တရားရှာကြ၏၊ ခန္ဓာထဲကိုဝင်၍ တရားမရှာကြ၊ တရားစခန်းက သင်ပြသော စကားကို နားလည်နိုင်၏၊ ခန္ဓာကသင်ပြသော စကားကို နားမလည်နိုင်။
  • မိမိကိုယ်မိမိ သိပြီးဟုထင်၍ တပည့်များကိုရှာကြီး တရားဟော၏၊ တပည့်များသောဆရာ ဖြစ်နိုင်၏၊ ဆရာများများရှာ၍ တရားမနာသဖြင့် ဆရာများသောတပည့် မဖြစ်နိုင်၊ ဆရာများ၍ အပြစ်မရှိ တပည့်များက အပြစ်ရှိသည်၊ ဆရာများ၍ သားမသေ၊ ဆရာမှားမှ သားသေမည်၊ တပည့်များမှာထက် တပည့်မှားမှာကို ကြောက်ပါ။
  • တရားသည် စာအုပ်ထဲမှာ မရှိ ဉာဏ်ထဲမှာရှိ၏၊ စာကိုသင်၍ ရ၏၊ တရားကို သင်၍ မရ၊ ဉာဏ်နှင့်ကျင့်မှ ရမည်၊ စာသည် တရားမဟုတ်၊ တရားသည် စာမဟုတ် စာကပညတ်၊ တရားက ပရမတ်၊ ပရမတ်ကို မသိလျှင် ပညတ်က ဖိထားမည်၊ ပညတ်ကို မြင်နိုင်၏၊ ပရမတ်ကို မမြင်နိုင်၊ မြင်နိုင်တာက မရှိ၊ မမြင်နိုင်တာက ရှိ၏၊ ရှိတာကိုမမြင်၊ မရှိတာကို မြင်၏၊ လူတိုင်း လူတိုင်း မရှိသော ပညတ်နှင့် အချိန်ကုန် ခံနေကြ၏။ အမှန်ရှိသော ပရမတ်ကို ထုတ်ဖော်၍ ပြောသူမရှိ၊ ထို့ကြောင့် ပရမတ်ကို ထုတ်ဖော်၍ ပြခဲ့သော ဗုဒ္ဓ၏ တရားနှင့် တဖြည်းဖြည်း ဝေးလေ၏။
  • ဤအဆင့်ကို နားမလည်လျှင်၊ သဘောမပေါက်လျှင် အပင်ပန်းမခံနှင့်၊ သဘောပေါက်အောင် ဆရာကောင်းကို ချဉ်းကပ်၍ ဉာဏ်နား ဉာဏ်မျက်စိကို ဖွင့်၍ကြည့်မှ အမှားအမှန်ကို မြင်နိုင်သည်။


"ပါရမီရှိသူတိုင်း လေ့လာဖတ်ရှု ကူးယူပွားများနိုင်ကြပါစေ"

ဆရာကြီး ဦးသာထွန်းလှ ဆရာမကြီး ဒေါ်သောင်းရင်
သား မောင်ဉာဏ်လင်းထွန်း ဓမ္မဒါန
ကျောက်ခုတ်ရွာ၊ မင်းပြားမြို့နယ်။ 


တစ်နေ့က ကျွန်တော့်ထံသို့ အမျိုးသားတစ်ဦး ရောက်လာ၏။ သူ့ကိုယ်သူ မိတ်ဆက်၏။ ရန်ကုန်တက္ကသိုလ်မှ ဘွဲ့ရခဲ့သူဖြစ်ကြောင်းနှင့် သမဆိုင် မန်နေဂျာအဖြစ် ဆောင်ရွက်ခဲ့ဖူးကြောင်းလည်း ထည့်သွင်းပြောကြား၏။ ကျွန်ုပ်ကိုလည်း အမည်နာမ၊ နေရပ်လိပ်စာ၊ အသက် စသည်တို့ မေးမြန်း၏။ အတန်ကြာ စကားစမြည် ပြောဆိုပြီးနောက် အဆိုပါ ပုဂ္ဂိုလ်က ကျွန်ုပ်အား ဘုရားဆင်းတုတော်တစ်ဆူအား ဖူးမြော်ရန်အတွက် ဖိတ်ခေါ်၏။ တန်ခိုးကြီး ဆင်းတုတော်ဖြစ်ကြောင်းနှင့် ဆုတောင်းပြည့်ကြောင်း၊ ရှားပါးရှေးဟောင်း ဆင်းတုတော်ဖြစ်ကြောင်း ပြောပြလေ၏။ သူ၏ အပြောအရ အဆိုပါ ဆင်းတုတော်သည် ဘုန်းတော်ကြီးကျောင်းတစ်ခုတွင် ရှိ၏။ အခန်းတစ်ခုထဲတွင် ထိန်းသိမ်းထားသည်ဟု သိရ၏။ ကျွန်တော်လည်း သူပြောသမျှကို နားထောင်ရင်း ဤသူသည် အဘယ့်ကြောင့်များ ကျွန်ုပ်ထံသို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာရသလဲဟူသည့် မေးခွန်းကို ကိုယ့်ဘာသာကိုယ် ဖြေကြည့်နေမိ၏။ သူကလည်း သူ့ကို မယုံမကြည် ဖြစ်နေမှာစိုးသည့်အတွက်လား၊ သို့တည်းမဟုတ် အခြားအကြောင်းကြောင့်လား မသိ၊ သူ၏ မှတ်ပုံတင်ကိုပါ ထုတ်ပြ၏။ ကျွန်ုပ်အနေဖြင့် ရဲလည်းမဟုတ်၊ လ၀ကလည်းမဟုတ်ပါဘဲ ကြည့်ချင်ယောင် ဆောင်လိုက်ရ၏။ အချုပ်ပြောရလျှင် သူက ဘုရားဖူးရန် ဖိတ်၏၊ ကျွန်ုပ်ကလည်း လက်ခံလိုက်ပါ၏။ နောက်တစ်နေ့ နေ့ခင်းပိုင်းတွင် လာခေါ်မည်ဟုဆိုကာ သူပြန်သွား၏။ နောက်တစ်နေ့တွင် ကျွန်ုပ်ပြင်ဆင်၍ သူ့ကို စောင့်နေ၏။ သူပေါ်မလာချေ။ မလာဖြစ်တော့ဟုသာ စိတ်မှာ မှတ်ထားလိုက်၏။ ညနေပိုင်းရောက်သောအခါ ထိုသူ ပေါ်လာပြန်၏။ မနေ့က မလာဖြစ်သဖြင့် တောင်းပန်၏။ ထို့နောက် ဘုရားဖူးရန် ခေါ်ပြန်၏။ သူလာသည့်အချိန်က ကျွန်ုပ်အနေဖြင့် အလုပ်များနေသဖြင့် မလိုက်နိုင်သေးကြောင်း ပြောလိုက်၏။ သူကလည်း နက်ဖြန်နေ့လည် လာခေါ်မည့်အကြောင်း ပြောလေ၏။ ထို့နောက် သူ၏ လွယ်အိတ်ထဲမှ စာရွက်တစ်ရွက် ထုတ်လိုက်၏။ ခင်ဗျားနဲ့ ကျွန်တော်နဲ့က ပဋ္ဌာန်းဆက်ပါတယ်နဲ့ တူပါတယ်ဟု ကျွန်တော်နားမလည်သော စကားများကိုလည်း ပြောပြန်၏။ ဘာမျှ ပြန်မပြောဘဲ နားထောင်နေမိ၏။ ထို့နောက် သူပြသော စာရွက်ကို ကြည့်ခိုင်းပါ၏။ ဓမ္မဒါန စာရွက်တစ်ခု ဖြစ်ပါ၏။ ကျွန်တော့်ကို အဆိုပါစာရွက်ပေး၍ ဖတ်ကြည့်ပါ၊ သူနက်ဖြန်မှ ပြန်ယူပါမည်ဟု ပြောလေ၏။ ကျွန်ုပ်လည်း ဘာမျှမပြောဘဲ ယူထားလိုက်ပါ၏။ ထို့နောက် သူပြန်သွား၏။ ကျွန်ုပ်အနေဖြင့် ထိုစာရွက်ကို သာမန်ကာလျှံကာသာ ဖတ်ဖြစ်၏။ စားပွဲပေါ်တွင် ဒီအတိုင်း တင်ထားလိုက်၏။ စောစောက စားပွဲပေါ်မှ ပစ္စည်းပစ္စယများကို ရှင်းလင်းရင်း အဆိုပါ စာရွက်ကို ကောက်ဖတ်မိ၏။ စိတ်ဝင်စားစရာ ကောင်းပါ၏။ ဘာအဓိပ္ပါယ်နှင့် ဤစာရွက်ကို ဖတ်ခိုင်းရသလဲ ဆိုတာကိုလည်း မစဉ်းစားနိုင် ဖြစ်မိ၏။ အဆိုပါ စာရွက်တွင် ပါသည်များကား အထက်တွင် ကျွန်တော်တင်ပြခဲ့သည်များ ဖြစ်ကြချေ၏။ ယနေ့လည်း အဆိုပါပုဂ္ဂိုလ်အား ကျွန်ုပ် စောင့်ဆိုင်းလျက် ရှိပါသည်။ သူနှင့်အတူ ဘုရားဆင်းတုတော်အား လိုက်လံဖူးမြော်ပါဦးမည်။ ထို့နောက် အဆိုပါ ဆင်းတုတော်၏ ပုံတော်အား ဓာတ်ပုံရိုက်ယူ၍ တင်ပြပါမည်။

Thursday, July 12, 2012

သမ္မတကြီး ဦးသိန်းစိန်၏ သမိုင်းဝင်စကား


ရိုဟင်ဂျာလို့ပဲခေါ်ခေါ်၊ ဘင်္ဂါလီလို့ပဲပြောပြော၊ ကျွန်တော်တို့နိုင်ငံရဲ့ အနောက်ပိုင်းကနေ ခိုးဝင်လာပြီး ကျွန်တော်တို့နိုင်ငံရဲ့ လုံခြုံရေးအခြေအနေကို ခြိမ်းခြောက်ရုံသာမက ကျွန်တော်တို့ရဲ့ ညီအစ်ကို မောင်နှမတွေဖြစ်တဲ့ ရခိုင်တိုင်းရင်းသားတွေကို စော်ကားခဲ့ကြသူတွေနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ရဲ့ သမ္မတကြီးက ပြတ်ပြတ်သားသား ရဲရဲရင့်ရင့် ဒီလို ပြောလိုက်ပါပြီဗျာ။ သမိုင်းဝင်စကားမို့ ကျွန်တော့်ရဲ့ မြန်မာ့သွေးဘလော့ဂ်မှာ မှတ်တမ်းတင်ထားလိုက်ပါတယ်။ မှန်ကန်ပြီး ရဲရင့်ပြတ်သားတဲ့ သမ္မတကြီးကို လှိုက်လှိုက်လှဲလှဲ ချီးကျူးဂုဏ်ပြုလိုက်ပါတယ်။ သမ္မတကြီး ကျန်းမာချမ်းသာပါစေ။ နိုင်ငံ့အကျိုးကို ဆထက်တပိုး ထမ်းဆောင်နိုင်ပါစေ။


စာကြွင်း။ သမ္မတကြီးရဲ့ ပြောစကားကို နိုင်ငံတော်သမ္မတရုံးရဲ့ အင်တာနက်စာမျက်နှာမှ ကိုးကားပါတယ်။ ဒါပေမယ့် ဖော်ပြထားတဲ့အတိုင်း စာဆန်ဆန် မဟုတ်ဘဲ စကားပြောဟန်ဖြစ်အောင် ကျွန်တော်က ပြန်ပြင်ပြီး ရေးသားထားပါတယ်။ အကြောင်းအရာပိုင်း၊ အနှစ်သာရပိုင်းနဲ့ ပတ်သက်လို့ လုံးဝ ပြောင်းလဲခြင်းမရှိပါဘူး။ မှားယွင်းချွတ်ချော်နေတာတွေများ တွေ့ခဲ့ရင် မမေ့မလျော့ ကျွန်တော့်ကို ပြောပြဝေဖန်ကြစေလိုပါတယ်။ ကျွန်တော်ပြန်ပြင်ပေးပါ့မယ်။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၂ ခုနှစ်၊ ဇူလိုင်လ ၁၂ ရက်၊ ကြာသပတေးနေ့။
ည ၁၁ နာရီ ၃၇ မိနစ်တွင်ပြီး၏။

Thursday, February 17, 2011

နိုင်ငံရေးစကား၊ နိုင်ငံရေးအဆိုအမိန့်


ခေါင်းဆောင်မှုရဲ့ တာဝန်က နောက်ထပ် ခေါင်းဆောင်တွေ မွေးထုတ်ဖို့ ဖြစ်တယ်။
နောက်လိုက်တွေ မွေးဖို့ မဟုတ်ဘူး။
ရာ့ဖ်နေဒါ

လူမိုက်တွေဟာ သူတို့နိုင်ငံအတွက်နဲ့ပဲ ကျေနပ်တတ်တယ်။ ဒီတော့ သူတို့ဟာ အခြားသူတွေရဲ့ ကျေးကျွန်ဖြစ်နေတာကို မသိကြတော့ဘူး။ လူတော်တွေကတော့ သူတို့နိုင်ငံကို ချီးမွမ်းပြီး အခြားနိုင်ငံတွေနဲ့ ကျေနပ်နေကြတယ်။ သူတို့ဟာ ပိုပြီး ကြီးကျယ်လာနိုင်တဲ့ ရန်သူတွေ များလာတာကို မသိကြဘူး။ ပညာရှိတွေကတော့ နိုင်ငံတကာရဲ့ ကောင်းတာတွေကို ချီးမွမ်းတယ်။ သူတို့ဟာ ကောင်းမွန်ပြည့်ဝခြင်းကို ရှာဖွေနေကြတယ်။ ရန်လိုမှုကိုတော့ ရှောင်ကြဉ်ကြတယ်။
ချားလ်လက်စ်အက်ကရာ

ခေတ်ကိုပြောင်းသည်မှာ ၀ါဒများမဟုတ်။ ပုဂ္ဂိုလ်များသာ ဖြစ်သည်။
အော်စကာဝိုင်လ်

[ ဟိန်းဇေ ၏ သူတို့ပြောသည့် နိုင်ငံရေး စာအုပ်မှ ]

Sunday, February 13, 2011

မှတ်မှတ်သားသား နိုင်ငံရေး အဆိုအမိန့်များ


ဒီမိုကရေစီကို ဤအတိုင်းထား၍ မရနိုင်။ ထက်မြက်သော ခေါင်းဆောင်တစ်ဦးက ရှေ့ဆောင်ရမည်။ ထိုသူကသာ ထိုးထွင်းတတ်သော အသိဉာဏ်နှင့် လမ်းမှန်ကို ရှေ့ဆောင်နိုင်မည်။ အစိုးရကောင်းဆိုသည်မှာ အသိဉာဏ် ပြည့်ဝသည့် အစိုးရသာ ဖြစ်ရမည်။ အသိဉာဏ် ကင်းမဲ့သော လူထုထဲ၌ အစိုးရကောင်း ရှာမတွေ့နိုင်။
သောမတ်စ်ကာလိုင်း

အစိုးရအဖွဲ့အစည်းတစ်ခု ဖြစ်လာရင် တွေဝေနေလို့ မရတော့ဘူး။ မူဝါဒတစ်ခုကို ရွေးချယ်ထားပြီးပြီဆိုတာနဲ့ ဘယ်တွေညာတွေ လှည့်ကြည့်မနေတော့ဘဲ ရှေ့တည့်တည့်ကိုသာ တိုးသွားလိုက်ပေတော့။
အော်တိုဗွန်ဘစ်မတ်စ်

ကောင်းသောအစိုးရ၏ လက်အောက်၌ နေထိုင်ရသော လူမျိုးသည် လွတ်လပ်ရေးကို ရှာရန်မလိုပေ။ ကောင်းသောအစိုးရထက် အဘယ်မှာ မွန်မြတ်သော လွတ်လပ်ရေးရှိအံ့နည်း။
ဆာဝါလတာရလေး

[ဟိန်းဇေ ၏ သူတို့ပြောသည့် နိုင်ငံရေး စာအုပ်မှ]

Friday, February 11, 2011

မှတ်မှတ်သားသား နိုင်ငံရေး အဆိုအမိန့်များ


လွတ်လပ်ခြင်း၊ အတန်းအစား မခွဲခြားခြင်း၊ သွေးရင်းသားရင်းစိတ်ထားခြင်းသည် ဒီမိုကရေစီ၏ အဓိက အင်္ဂါများ ဖြစ်သည်။ ထို့ကြောင့် ထိုအင်္ဂါများကို ကြီးပွားအောင် ကျင့်နိုင်သော တိုင်းပြည်များတွင် အုပ်ချုပ်နည်းသည် အပ်သွားချည်ပါ ဒီမိုကရေစီအုပ်ချုပ်နည်း ဖြစ်လာသည်။
ဆွန်ယက်ဆင်

တိုင်းသူပြည်သား လူအများတို့၏ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာရေးကို ဆောင်ရွက်ပေးရန်အလုပ်သည် ကောင်းမွန်သော အစိုးရတစ်ရပ်၏ အခြေခံတာဝန်ဝတ္တရားကြီးပင် ဖြစ်သည်။
အရစ္စတိုတယ်လ်

ဒီမိုကရေစီ ဆိုသည်မှာ အရည်အချင်းမပြည့်သော သူများအနေဖြင့် လုပ်ကိုင်ဆောင်ရွက်နိုင်မည် မဟုတ်။ အသိဉာဏ်ကင်းမဲ့သူ ပြည်သူတို့သည် သင့်လျော်သော အုပ်ချုပ်သူကို ရွေးနိုင်မည်မဟုတ်။ သို့သော် အနာဂတ်အတွက် ဒီမိုကရေစီ တိုးတက်မှုကို မျှော်မှန်းရေးကိုမူ မိမိက ယုံကြည်သည်။
ဂျက်ဖာဆင်

[ဟိန်းဇေ ၏ သူတို့ပြောသည့် နိုင်ငံရေး စာအုပ်မှ]

Tuesday, October 19, 2010

မှတ်မှတ်သားသား အဆိုအမိန့်များ - Quote of the day


luduseinwinquote.png

ပုတ္တောဝါဒ ဆုံးမစာ (အဘက သားကို ဆုံးမခန်း)


(၁)
"ပန်း၏ပမာ"၊ ဤလင်္ကာတွင်၊ မာတာပိတ၊ ဆိုဆုံးမသား၊ ထိုစကားကို၊ မှတ်သားကုန်ကြ၊ မိန့်လိုက်ပြအံ့၊ မွေးဘလက်ရုံး၊ မြပန်းကုံးသို့၊ နှလုံးဝမ်းက၊ ချစ်နိုးလှသည်၊ သားလှရွှေတောင်၊ ဘသည်းခေါင်၊ နားထောင်၍သာ၊ စေ့စေ့နာလော့၊ မိရာဘရည်၊ တည်မည်အကြောင်း၊ ကောင်းသားကျင့်ဝတ်၊ စာအတတ်ကို၊ သားမြတ်ယခု၊ တတ်ကြောင်းပြုလော့၊ ဗဟုသုတ၊ မရှိကမူ၊ နောင်တဆယ်ကြိမ်၊ ညှိုးပိန်မျက်နှာ၊ ပွဲမှာမ၀င်၊ ပြင်မှာမရောက်၊ တောမှာမျောက်သို့၊ ခြေထောက်လက်စုံ၊ ရှိပါတုံလျက်၊ လူပျက်လူနှမ်း၊ လူပေါက်ပန်းနှင့် လူသွမ်းလူပေါ့၊ ထဲသော့သော့ဟု၊ ကဲ့ရဲ့ပြုလိမ့်။ ညီပုရှက်မည်ထင်၏တည်း။
(၂)
"ထို့ကြောင့်သားထွေး"၊ ငယ်ထွေးလေးက၊ လူရေးလူရာ၊ ရှိစိမ့်ငှာဟု၊ ကျောင်းမှာမြဲနေ၊ စာပေသင်သင်၊ သို့လျှင်သို့ဖတ်၊ သို့မှတ်သို့ရေး၊ သို့မေးသို့ဖြေ၊ သို့နေသို့ထိုင်၊ သို့ကိုင်သို့ကြွ၊ သို့ကွသို့ကုန်း၊ သို့သုံးသို့စွဲ၊ သို့လဲသို့ထား၊ သို့စားသို့သောက်၊ သို့လျှောက်သို့ဆို၊ သို့ကိုသို့ကျင့်၊ သို့နှင့်သို့လျှိုး၊ သို့ရှိခိုးဟု၊ မြတ်နိုးလှစွာ၊ ညီ့ဆရာက၊ မိန့်သမျှကို၊ ညီလှမင်းရွှေ၊ မမေ့စေနှင့်၊ စေ့ရေမွေးဘ၊ မှာသမျှကို၊ ညီလှရွှေနား၊ ချပ်ခါထား၍။ သည်းဖျားမှတ်စေချင်၏တည်း။
(၃)
"သည်းဖျားမှတ်စိမ့်"၊ တဖန်မိန့်အံ့၊ နှစ်သိမ့်ဝမ်းသာ၊ ညီနားနာလော့၊ လူရွာလျှပ်ပေါ်၊ ရွှင်မြူးပျော်သည်၊ သူတော် မဟုတ်၊ လူယုတ်သူသောင်း၊ လူဗူးတောင်းနှင့်၊ မကောင်းမှုများ၊ နေ့တိုင်းပွားသည်၊ သောက်စားယစ်ဝ၊ လူ့ဗာလက၊ စသည်လူတွင်၊ လူလေဖင်နှင့်၊ ပျော်ရွှင်စကား၊ လူမိုက်များတို့၊ ပေါင်းညားရံခါ၊ နီးယှဉ်လာလည်း၊ ဝေးစွာသားလှ၊ ခွါနိုင်မှတည့်၊ သားလှကိုယ်ကျိုး၊ စုံပြည့်ဖြိုးလိမ့်၊ ကြိုးလေသားလှ၊ မှာသမျှကို၊ မချမြေ၀ယ်၊ အပယ်နှင့်ကား၊ ဘစကားကို၊ ရွှင်အားရ၍။ သားလှမှတ်စေချင်၏တည်း။

Friday, October 08, 2010

မှတ်မှတ်သားသား အဆိုအမိန့်များ - Quotes of the day


uhlaquote.png

johanadamsquote.png

လူဝတ်ကြောင်တို့အတွက် နံနက်ခင်းသြ၀ါဒများ - မဟာဂန္ဓာရုံဆရာတော်


လိုက်လို့ မမီနိုင်အောင်
ပတိရူပဒေသ၀ါသ = ကိုယ်နဲ့ သင့်ရာဒေသမှာ နေရမယ်။
ပုဗ္ဗေ စ ကတပုညတာ = ရှေးကောင်းမှုကံလည်း ပါရမယ်။
အတ္တသမ္မာပဏိဓိ = ကိုယ် စိတ် နှလုံး ရိုးသားဖြောင့်မတ်ရမယ်။
သဒ္ဓမ္မဿဝန = သူတော်ကောင်းတရားလည်း နာကြားရမယ်။
အဲဒီ စက်လေးပါးနဲ့ ပြည့်စုံရင် ဘယ်သူမျှ လိုက်လို့မမီနိုင်အောင် ပြည့်စုံတိုးတက်နိုင်တယ်။

လုံ့လ ၀ီရိယတွေနဲ့ ပံ့ပိုးကူညီ
ဆရာသမား အကြီးအကဲလုပ်တဲ့သူတွေဆိုတာ ပညာရေး၊ ကျန်းမာရေး၊ နေစရာ ထိုင်စရာ၊ စားစရာ ပြည့်စုံအောင် လုပ်ပြီးတဲ့အပြင် ၀ီရိယဆိုတာလည်း အမြဲရှိနေရပါတယ်။ အကျိုးပေးကြမယ့် ရှေးကံဟောင်းတွေ ပါလာကြပေမယ့် ဒီဘ၀မှာ လုံ့လ၀ီရိယတွေနဲ့ ပံ့ပိုးကူညီကြရပါသေးတယ်။ အဲဒီလို ဒီဘ၀မှာ လုံ့လ၀ီရိယတွေနဲ့ ဆက်ပြီး မပံ့ပိုး မကြိုးစားဘူးဆိုရင်တော့ အရှိန်တွေဟာ တဖြည်းဖြည်းနဲ့ ကျမှန်းမသိ ကျဆင်း ကျဆင်းလာကြတော့တာပဲ။ ဒါကြောင့် ၀ီရိယကတော့ အမြဲတမ်း ရှိနေကြရမှာပဲ။ ဘယ်တော့မျှ မလျှော့နဲ့၊ ၀ီရိယကို မလျှော့နဲ့၊ စိတ်ဓာတ်ကိုလည်း မလျှော့နဲ့။

ရေမသောက်ရတဲ့ မျက်နှာ
မေတ္တာစိတ် ကင်းမဲ့တဲ့ သူတွေကျတော့ ရေမသောက်ရတဲ့ မျက်နှာတွေလို စိုစိုဖတ်ဖတ် မရှိကြဘူး။ ခြောက်ကပ်ကပ်တွေပဲ အမြဲတမ်း သားရေး သမီးရေး၊ စီးပွားရေး၊ လောကရေးတွေနဲ့ ရှုပ်ထွေးပြီး ပူလောင်နေရတတ်ကြတယ်။

Thursday, October 07, 2010

မှတ်မှတ်သားသား အဆိုအမိန့်များ - Quotes of the day


georgebernardshawquote.png

jamesthurberquote.png

လူဝတ်ကြောင်တို့အတွက် နံနက်ခင်းသြ၀ါဒများ - မဟာဂန္ဓာရုံဆရာတော်


အာပေါက်အောင် တောင်း မရဘူး
တို့မြန်မာလူမျိုးတွေက ဆုတောင်းတယ်ပြီးလေ့တယ်။ ဖြစ်ချင်တာကို ထိုင်ပြီး ဆုတောင်းနေတော့တာပဲ။ အကြောင်းဖြစ်တဲ့ အလုပ်ကိုတော့ မလုပ်ဘဲနဲ့ အကျိုးရချင်ပြီးတော့ ဆုတောင်းနေလို့ ဖြစ်မလား၊ အာပေါက်အောင် တောင်း မရဘူး။ ဥပမာ မန္တလေးကနေ ရန်ကုန်ကို သွားချင်တယ်ဆိုပါတော့။ "ရန်ကုန်ကို ရောက်ရပါလို၏" ဟု တစ်သက်လုံး ထိုင်ပြီး ဆုတောင်း၊ အာပေါက်အောင် တောင်း၊ မရဘူး။ ငွေမရှိရင် မရောက်နိုင်ဘူး။ ဒီတော့ ရောက်နိုင်တဲ့အကြောင်းရင်း ငွေကို ရအောင် အားထုတ်ကြရလိမ့်မယ်။ အကျိုးကို လိုချင်ရင် အဲဒီ အကျိုးကို ရနိုင်တဲ့ အကြောင်းရင်းကို အားထုတ်ရမှာပေါ့။ အကြောင်းရင်းကို မလုပ်ဘဲနဲ့ ထိုင်ပြီး ဆုတောင်းနေလို့ကတော့ ဘယ်တော့မျှ အကျိုးမရနိုင်ဘူး မှတ်ပါ။

ကိုယ်က ကောင်းနေရင်
လူတွေဆိုတာ သူများကိုမပြောနဲ့၊ ကိုယ့်ကိုယ်ကိုယ်တောင် လှည့်စားချင်ကြတယ်။ သတိထားဖို့က ပတ်ဝန်းကျင်ဆိုတာ ကိုယ်က ကောင်းနေရင် အကောင်းဘက်ကို လိုက်လာတတ်တယ်။ ကိုယ်က မကောင်းဘူးဆိုရင်တော့ သူကလည်း မကောင်းတဲ့အထဲ ဆွဲချတော့တာပဲ။

ကြွားလိုတဲ့စိတ်နဲ့တော့ မပြောရဘူးပေါ့
လောကကြီးထဲမှာ ကိုယ့်ဂုဏ်ကို ထုတ်ဖော်ပြီးတော့ မပြောရဘူးလို့ ဆိုကြတယ်။ တစ်သမတ်တည်း ပုံသေကားကျ မှတ်ရမယ်လို့တော့ မဟုတ်ပါဘူး။ ဒီစကားဟာ မပြောမဖြစ် ပြောလိုက်မှ အကျိုးစီးပွားဖြစ်မယ့် ကိစ္စဆိုရင် ပြောရပါတယ်။ ကြွားလိုတဲ့စိတ်နဲ့တော့ မပြောရဘူးပေါ့။

 
Web Statistics