Thursday, May 22, 2008

အနှိုင်းမဲ့ရနံ့-အရှင်ဆန္ဒာဓိက


အနှိုင်းမဲ့ ရနံ့
လောကမှာ ရှိရှိသမျှ ရနံ့အားလုံးထဲမှာ ကိုယ်ကျင့်သီလရနံ့ဟာ အနှိုင်းမဲ့ရနံ့ ဖြစ်ပါတယ်။ ဘာလို့လဲ ဆိုတော့ ကိုယ်ကျင့်သီလရနံ့ထက် ပိုပြီး မွှေးပျံ့ကြိုင်သင်းပါတယ်၊ ပျံ့နှံ့အားကောင်းပါတယ်လို့ နှိုင်းယှဉ်စရာ၊ အစားထိုးစရာ၊ ထပ်တူပြုစရာ တခြားရနံ့ မရှိတော့လို့ပါပဲ။
ကိုယ်ကျင့်သီလ ရနံ့နဲ့ လဲလှယ်သင့်လဲလှယ်ထိုက်တဲ့ တခြားရနံ့ လောကမှာ မရှိတော့တဲ့အတွက် ကိုယ့်ကျင့်သီလရနံ့ဟာ အနှိုင်းမဲ့ရနံ့ ဖြစ်ရပါတယ်။
ရနံ့ဆိုတာ မွှေးပျံ့သင်းကြိုင်တဲ့အနံ့၊ ကောင်းမွန်တဲ့အနံ့ကို ပြောတာပါ။ ပုပ်အက်နံစော်တဲ့အနံ့၊ ဆိုးဝါးတဲ့ အနံ့ကို ရနံ့လို့ ဘယ်သူမှ မပြောပါဘူး။ နမ်းရှူရသူကို စိတ်ဆင်းရဲစေတဲ့ အနံ့၊ ဆိုးကျိုးဖြစ်စေတဲ့ အနံ့ဟာ အနံ့ဆိုတဲ့ နာမည်ပဲရပြီး ရနံ့ဆိုတဲ့ နာမည်ကို မရပါဘူး။ နမ်းရှူရသူကို စိတ်ချမ်းသာစေတဲ့အနံ့၊ ကောင်းကျိုးဖြစ်စေတဲ့ အနံ့ကတော့ အနံ့လို့တောင် သိပ်အခေါ်မခံရဘဲ ရနံ့လို့ပဲ မြတ်နိုးနှစ်သက်စွာ အခေါ် ခံရပါတယ်။
ရနံ့တိုင်းမှာ သူ့ပင်ကိုသဘာဝနဲ့သူ မွှေးပျံ့သင်းကြိုင်တဲ့ဓာတ် ရှိပါတယ်။ ပြီးတော့ ပတ်ဝန်းကျင်ကို သူ့ရဲ့ အမွှေးဓာတ် ပျံ့နှံ့အောင် ဖြန့်တတ်တဲ့သတ္တိရှိပါတယ်။ ဒါပေမယ့် ဘယ်ရနံ့ ဘယ်လောက်ပဲ မွှေးမွှေး လေအောက်ကိုပဲ သက်ရိုးရှိပါတယ်။ လေညာကို တက်ရိုးမရှိပါဘူး။ လေစုန်ကိုပဲ ဆင်းရိုးရှိပါတယ်။ လေဆန်ကို ခွင်းရိုးမရှိပါဘူး။ လေသင့်ရာပဲ မွှေးရိုးရှိပါတယ်။ လေမသင့်ရာကို မွှေးရိုး မရှိပါဘူး။
ကိုယ်ကျင့်သီလဆိုတဲ့ မွှေးရနံ့ကတော့ လေအောက်ကိုလည်း သက်သလို… လေညာကိုလည်း တက်ပါတယ်။ လေစုန်ကိုလည်း ဆင်းသလို… လေဆန်ကိုလည်း ခွင်းပါတယ်။ လေသင့်ရာလည်း မွှေးသလို လေမသင့်ရာလည်း မွှေးပါတယ်။ လေအောက်လေညာ၊ လေစုန်လေဆန်၊ ရှေ့နောက်ဝဲယာ၊ ထက်အောက်ဝန်းကျင်၊ အဆီးအတားမရှိ၊ အကန့်အသတ်မရှိ၊ မွှေးချင်တိုင်းမွှေး၊ ပျံ့နှံ့ချင်တိုင်း ပျံ့နှံ့နိုင်တဲ့ အစွမ်းသတ္တိရှိတဲ့အတွက် ကိုယ်ကျင့်သီလရနံ့ဟာ အနှိုင်းမဲ့ရနံ့ ဖြစ်ပါတယ်။
လောကမှာ မွှေးရနံ့ထွက်တဲ့ အရာဝတ္ထု အမျိုးအစားပေါ်မူတည်ပြီး အမြစ်ရနံ့၊ အနှစ်ရနံ့၊ အပွင့်ရနံ့လို့ ရနံ့ သုံးမျိုးရှိပါတယ်။ အမြစ်ရနံ့အားလုံးထဲမှာ အကျော်မြစ်ရဲ့ ရနံ့ဟာ အမွှေးဆုံး၊ အနှစ်ရနံ့ အားလုံးထဲမှာ စန္ဒကူးနှစ်ရဲ့ ရနံ့ဟာ အမွှေးဆုံး၊ အပွင့်ရနံ့အားလုံးထဲမှာ မြတ်လေးပွင့်ရဲ့ ရနံ့ဟာ အမွှေးဆုံးလို့ လောကလူသားတွေက သတ်မှတ်ထားကြပါတယ်။
တစ်လောကလုံးက အမွှေးဆုံးပါလို့ သတ်မှတ်ထားတဲ့ အဲဒီအမြစ်ရနံ့၊ အနှစ်ရနံ့၊ အပွင့်ရနံ့တွေအားလုံးဟာ ကိုယ်ကျင့်သီလရနံ့ရဲ့ ရှေ့မှောက်မှာတော့ ဒူးထောက်၊ လက်မြောက်ပြီး အရှုံးပေးကြရတာချည်းပါပဲ။ ဘာလို့လဲဆိုတော့ အဲဒီရနံ့တွေက လေညာကို ဆန်ပြီး ပျံ့နှံ့နိုင်စွမ်း မရှိလို့ပါ။
လေညာကို ဆန်တက်ပြီး ပျံ့နှံ့နိုင်စွမ်းရှိတဲ့ ရနံ့က ကိုယ်ကျင့်သီလရနံ့ တစ်မျိုးတည်းရှိတာမို့ ကိုယ်ကျင့် သီလရနံ့ဟာ ပြိုင်ဘက်မရှိ အနှိုင်းမဲ့ ရနံ့ ဖြစ်ရပါတော့တယ်။
သီလရနံ့ဟာ သူချည်းသက်သက်တွင် မွှေးပျံ့သင်းကြိုင်တာ မဟုတ်ပါဘူး။ သူကိန်းဝပ်စိမ့်တည်ရာ ခန္ဓာအစဉ်ကိုလည်း မွှေးပျံ့သင်းကြိုင်စေပါတယ်။ ဆိုလိုတာကတော့ သီလရနံ့ပိုင်ရှင်ရဲ့ ခန္ဓာအစဉ်ဟာ အသုဘသဘောအရ အနံ့အသက် မွှေးချင်မှ မွှေးမယ်။ ဒါပေမယ့် သီလကို ချစ်မြတ်နိုးတဲ့ လူနတ်ဗြဟ္မာ သတ္တ၀ါတိုင်းကတော့ သီလရနံ့ပိုင်ရှင်ရဲ့ ကိုယ်ခန္ဓာရနံ့ကိုလည်း မွှေးရနံ့ပမာ နှစ်သက်မြတ်နိုးစွာ နမ်းရှိုက် ချင်ကြတယ်လို့ ဆိုလိုပါတယ်။
မြတ်စွာဘုရားရှင် အာယုသင်္ခါရလွှတ်တော်မူပြီးတဲ့နောက် သွေးဝမ်းသွန်တဲ့အနာရောဂါ ဖြစ်ခဲ့စဉ်တုန်းက နတ်တို့သနင်း သိကြားမင်းကြီး လူ့ပြည်ဆင်းလာပြီး ဘုရားရှင်ထံပါးမှာ အနီးကပ် ပြုစုစောင့်ရှောက်ခဲ့ ဖူးပါတယ်။ မြတ်စွာဘုရားရှင်က “သင်ဘယ်သူလဲ” လို့ မေးတော့…
“တပည့်တော် သိကြားမင်းပါဘုရား”
“ဒီကို ဘာလာလုပ်တာလဲ”
“မြတ်စွာဘုရားရှင်ကို ဂိလာနပြုစုဖို့ လာတာပါဘုရား”
“ငါ့မှာ ပြုစုမယ့်သူတွေရှိပါတယ်။။ သင်ပြန်ပါတော့။ သူတို့နတ်တွေဟာ လူနံ့ကို လုံးဝ မခံနိုင်ပါဘူး။ ယူဇနာ တစ်ရာလောက်အဝေးမှာရှိတဲ့ လူနံ့ကိုတောင် လည်ပင်းဆွဲထားတဲ့ ခွေးသေကောင်ပုပ်နံ့လို နံစော်ကြတယ်ဆို”
“မြတ်စွာဘုရား၊ အဲဒါက သီလမရှိတဲ့ လူတွေရဲ့ အနံ့ကို ပြောတာပါဘုရား၊ မြတ်စွာဘုရားရှင်တို့လို သီလရှိတဲ့လူတွေရဲ့ အနံ့ကတော့ ကိုယ်နံ့ဆိုတာ အသာထားလို့ ကျင်ကြီးကျင်ငယ်နံ့သည်ပင်လျှင် တပည့်တော်တို့ နတ်တွေအဖို့ မွှေးကြိုင်လွန်းလှပါတယ်ဘုရား”
သိကြားမင်းက မြတ်စွာဘုရားရှင်ကို အဲဒီလို လျှောက်ထားရင်း ပြောပြောဆိုဆို မြတ်စွာဘုရားရှင်ရဲ့ ကျင်ကြီးအိုးကို ခေါင်းပေါ်ရွက်ပြီး သွားသွန်လိုက်ပါတယ်။ အဲဒီလိုနဲ့ မြတ်စွာဘုရားရှင်ကို ပြုစုလုပ်ကျွေး နေလိုက်တာ မြတ်စွာဘုရားရှင် ကျန်းမာတော်မူမှပဲ သိကြားမင်းကြီး နတ်ပြည် ပြန်သွားခဲ့ပါတယ်။
သြော်… သီလရနံ့တို့ မွှေးပျံ့လိုက်ပုံများ၊ ကျင်ကြီးကျင်ငယ်မှာတောင် အနံ့လိုက်ပြီး စွဲရတဲ့အထိပါပဲ။
သီလရှိသူရဲ့ ကိုယ်ခန္ဓာဟာ သေပြီးသွားတာတောင်မှ နံ့သာတုံးလို မွှေးနေပေမယ့် သီလမရှိသူတွေရဲ့ ကိုယ်ခန္ဓာကတော့ မသေခင်ကတည်းက ပုပ်စော်နံနေတာမို့ အသက်ရှင်နေပေမယ့် အလောင်းကောင် မသာပွနဲ့ ဘာမျှမထူးခြားပါဘူး။ ကိုယ်ကျင့်တရား ပျက်ပြားနေတဲ့ သီလမဲ့လူသားတွေဟာ သက်ရှိလူသေ တွေပါပဲ။
“ကိုယ်ကျင့်တရား” လို့ ဆိုတဲ့အတိုင်း “ကိုယ်” နဲ့ “ကျင့်” ရတဲ့တရား ဖြစ်ပါတယ်။ ကိုယ်ဆိုတဲ့အထဲမှာ နှုတ်လည်း ပါပါတယ်။ ကိုယ်နဲ့ မပြုသင့် မပြုထိုက်တဲ့ အပြုအမူတွေကို မပြုမူဘဲ၊ နှုတ်နဲ့ မပြောသင့်၊ မပြောထိုက်တဲ့ အပြောအဆိုတွေကို မပြောဆိုဘဲ ရှောင်ကြဉ်ရတဲ့အကျင့်ကို ကိုယ်ကျင့်လို့ ခေါ်ပါတယ်။ “ကိုယ်ကျင့်” နဲ့ “နှုတ်ကျင့်” ကိုယ်ချင်းတူလို့ ပေါင်းပြီး ကိုယ်ကျင့်လို့ အတိုချုံးထားတာပါ။
“ကိုယ်ကျင့်” အနေနဲ့ ရှောင်ကြဉ်စရာ ကိုယ်အပြုအမူတွေကတော့ အထွတ်အထိပ်အားဖြင့် သူ့အသက် သတ်ခြင်း၊ သူ့ဥစ္စာခိုးခြင်းနဲ့ သူ့ကာမ မှားခြင်းတို့ပါပဲ။ သတ်နေ၊ ခိုးနေ၊ မှားနေတဲ့သူဟာ ကိုယ်ကျင့် မကောင်းတဲ့သူ၊ သီလမရှိတဲ့သူပေါ့။ မသတ်၊ မခိုး၊ မမှားတဲ့သူကတော့ ကိုယ်ကျင့်ကောင်းတဲ့သူ၊ သီလ ရှိတဲ့သူပေါ့။
“သတ်ခြင်း” ဆိုတဲ့အထဲမှာ ညှဉ်းဆဲခြင်း၊ နှိပ်စက်ခြင်း၊ ရက်စက်ခြင်း၊ နာကျင်စေခြင်း၊ ကြင်နာမှုမရှိခြင်း၊ ညှာတာမှု ကင်းမဲ့ခြင်း စတဲ့ ကာယကံ အပြုအမူဆိုး၊ ကာယကံ အပြုအမူကြမ်းအားလုံး ပါဝင်ပါတယ်။ ညှဉ်းဆဲခြင်း စတဲ့ အပြုအမူဆိုး၊ အပြုအမူကြမ်းတွေကို ရှောင်ကြဉ်ပြီး ကြင်နာတဲ့ အပြုအမူကောင်းတွေ၊ ညှာတာတဲ့ အပြုအမူနုတွေ ကျင့်သုံးမှ “မသတ်ခြင်း” ဆိုတဲ့ ကိုယ်ကျင့်သီလနဲ့ ပြည့်စုံနိုင်ပါတယ်။
“ခိုးခြင်း” ဆိုတဲ့အထဲမှာ အလစ်သုတ်ခြင်း၊ အချောင်နှိုက်ခြင်း၊ စာရင်းလိမ်ခြင်း၊ အပျောက်ရိုက်ခြင်း၊ သူတစ်ပါးရဲ့ ရပိုင်ခွင့်ကို ဟန့်တားခြင်း၊ ကိုယ့်ရဲ့ ရပိုင်ခွင့်ကို ပိုယူခြင်း၊ မတန်တဆ ဈေးတင်ခြင်း၊ ရေထိုးခြင်း၊ အလေးခိုးခြင်း၊ ရောနှောခြင်း၊ အတုလုပ်ခြင်း။ ၀တ်လျှော့ခြင်း၊ ဖျံကျခြင်း၊ ဖျောင်ခြင်း၊ ဖျောခြင်း စတဲ့ ရိုက်စားကိစ္စမှန်သမျှ အားလုံး ပါဝင်ပါတယ်။ ကိုယ်ရသင့်တာထက် ပိုရအောင်လုပ်တဲ့ မတရားမှုမှန်သမျှကို ရှောင်ကြဉ်ပြီး မျှတတဲ့ နည်းစနစ်၊ မှန်ကန်တဲ့ တန်ရာတန်ကြေးနဲ့ အလုပ်လုပ်သွားမှ “မခိုးခြင်း” ဆိုတဲ့ ကိုယ်ကျင့်သီလနဲ့ ပြည့်စုံနိုင်ပါတယ်။
“မှားခြင်း” ဆိုတဲ့ အထဲမှာ ကာမဂုဏ်ကိစ္စတွေနဲ့ ပတ်သက်ပြီး မိမိရဲ့ တရားဝင် ကာမပိုင်မဟုတ်သူတွေနဲ့ လွန်ကျူးခြင်း၊ ကြည်နူးခြင်း၊ ပွေ့ဖက်ခြင်း၊ ဖုန်းဆက်ခြင်း၊ တွဲကခြင်း၊ လျှောက်လည်ခြင်း၊ မျက်နှာများခြင်း၊ ရည်းစားပြိုင်ထားခြင်း၊ ရိသဲ့သဲ့ပြောခြင်း၊ အီစီကလီလုပ်ခြင်း စတဲ့ နှာခေါင်းကိစ္စမှန်သမျှ အားလုံး ပါဝင်ပါတယ်။ သဘာဝမကျတဲ့ အာရုံခံစားမှုမှန်သမျှကို ရှောင်ကြဉ်ပြီး စည်းနဲ့ဘောင်နဲ့ ပျော်မွေ့တတ်မှ “မမှားခြင်း” ဆိုတဲ့ ကိုယ်ကျင့်သီလနဲ့ ပြည့်စုံနိုင်ပါတယ်။
“သေရည်သေရက် သောက်သုံးခြင်း” ဟာလည်း “ကာမဂုဏ် မှားယွင်းခြင်း” ဆိုတဲ့ ကာယဒုစရိုက်ထဲမှာ အကျုံးဝင်ပါတယ်။ မူးယစ်ခြင်း၊ မေ့လျော့ခြင်းရဲ့ အကြောင်းဖြစ်တဲ့ အရက်၊ ဘီယာ၊ ဘိန်းဖြူ၊ ဆေးခြောက်၊ စိတ်ကြွဆေးပြား၊ စိတ်ကြွဆေးရည် စတဲ့ မူးယစ်ဆေးဝါးနဲ့ စိတ်ကို ပြောင်းလဲစေတတ်တဲ့ ဆေးဝါးမှန်သမျှကို ရှောင်ကြဉ်မှ “မသောက်ခြင်း” ဆိုတဲ့ ကိုယ်ကျင့်သီလနဲ့ ပြည့်စုံနိုင်ပါတယ်။
“နှုတ်ကျင့်” အနေနဲ့ ရှောင်ကြဉ်စရာ နှုတ်အပြောအဆိုတွေကတော့ မဟုတ်မမှန် လိမ်ညာပြောဆိုခြင်း၊ ချစ်ခင်နေသူအချင်းချင်း စိတ်ဝမ်းကွဲပြားသွားအောင် ကုန်းတိုက်ပြောဆိုခြင်း၊ ရုန့်ရင်းကြမ်းတမ်းတဲ့စကား၊ ရိုင်းစိုင်းယုတ်မာတဲ့စကားများ ပြောဆိုခြင်း၊ အနှစ်သာရမရှိတဲ့စကား၊ အဓိပ္ပါယ်မရှိတဲ့စကား၊ အကျိုးမရှိတဲ့ စကားများ ပြောဆိုခြင်းတို့ပါပဲ။ စာလိုပြောတော့ ၀စီဒုစရိုက်လေးပါးပေါ့။ အနှစ်ချုပ်ကတော့ မုသာဝါဒပါပဲ။
ကိုယ်ပြောလိုက်တဲ့ မုသာဝါဒရဲ့ အနေအထားနဲ့ အကျိုးဆက်ပေါ် မူတည်ပြီး ပိသုဏ၀ါစာ၊ ဖရုသ၀ါစာ၊ သမ္ဖပ္ပလာပတို့ ဆင့်ပွားပေါ်ပေါက်လာရတာပါ။ သူ့စကားကို ကိုယ့်စကားလုပ် ပြောတာ၊ ကိုယ့်စကားကို သူ့စကားလုပ်ပြောတာ၊ ဟိုစကား ဒီပို့တာ၊ ဒီစကား ဟိုပို့တာ၊ ပါးစပ်ထဲတွေ့ရာ ဇာတ်လမ်းဆင်ပြီး ပလီစေ့ခြောက်ချက်လုပ်တာ၊ ဆရာကြီးလေသံနဲ့ အာချောင်တာ၊ ကိုယ့်စိတ်နဲ့နှိုင်း ကိုယ်လိုရာ ဆွဲတွေးပြီး တစ်ဖက်သားကို စွပ်စွဲကဲ့ရဲ့တာ၊ အတင်းပြောတာ၊ အပုပ်ချတာ၊ နာမည်ဖျက်တာ၊ သိက္ခာချတာ၊ ငယ်ကျိုး ငယ်နာ ဖော်တာ။ ဒါတွေအားလုံးဟာ ၀စီဒုစရိုက်လေးပါးထဲမှာ အကျုံးဝင်ပါတယ်။
လူသားတွေ အများဆုံး ကျူးလွန်တဲ့ ၀စီဒုစရိုက်ကတော့ သမ္ဖပ္ပလာပပါပဲ။ သမ္ဖပ္ပလာပ ဆိုတာ အနှစ်မဲ့ စကား၊ အဓိပ္ပါယ်မဲ့စကား၊ အကျိုးမဲ့စကားတွေကို ပြောတာပါ။ မျိုးမအောင်တဲ့ စပါးပိန် စပါးဖျင်းနဲ့ တူတဲ့ စကားလို့ ဆိုလိုပါတယ်။ အရည်မရ အဖတ်မရ အသုံးမကျတဲ့ စကားအားလုံး ပါဝင်ပါတယ်။
“စကား”လို့ ပြောလိုက်ရင် “စာ”လည်း ပါဝင်ပြီးသားပါ။ နှုတ်တစ်ရာ စာတစ်လုံး ဆိုတဲ့အတိုင်း စာဆိုတာလည်း စကားဖြစ်နေလို့ပါပဲ။ ၀စီဒုစရိုက်လေးပါးဟာ စာအဖြစ် ရေးထားရင် စာဒုစရိုက်လေးပါး ဖြစ်သွားပါတယ်။ လိမ်ညာတဲ့စာ၊ ကုန်းတိုက်တဲ့စာ၊ ကြမ်းတမ်းတဲ့စာ၊ အနှစ်မဲ့တဲ့စာတွေဟာ ၀စီဒုစရိုက် စာတွေပါပဲ။ ပြောဆိုသူနဲ့ နားထောင်သူ၊ ရေးသားသူနဲ့ ဖတ်ရှုသူ ရရှိတဲ့ အကုသိုလ်ချင်း အတူတူပါပဲ။ ပြောဆိုသူနဲ့ ရေးသားသူကတော့ စေတနာအပြည့်အ၀နဲ့ ဖန်တီးတာမို့ ပိုအပြစ်ကြီးမှာပါ။ စေတနာအားသန်မှ ဖန်တီးလို့ ရတာကိုး။
ပညာပေးမဟုတ်တဲ့ ဖျော်ဖြေရေးသက်သက် အနုပညာဖန်တီးချက်တွေကို သမ္ဖပ္ပလာပ ၀စီဒုစရိုက်တစ်ခု အနေနဲ့ မရှောင်ကြဉ်နိုင်သေးရင်တောင်မှ “အတင်းပြောခြင်း” ဆိုတဲ့ အင်မတန် စက်ဆုပ်ရွံမုန်းဖွယ်ရာ သမ္ဖပ္ပလာပကိုတော့ သူတော်ကောင်းစိတ်ဓာတ်ရှိသူတိုင်း အထူးဂရုပြု ရှောင်ကြဉ်သင့်လှပါတယ်။။
အတင်းပြောတာ ၀ါသနာပါတဲ့သူတွေက “သူများ ပါးစပ် ငှားပြောတာမဟုတ်ဘူး၊ ကိုယ့်ပါးစပ်နဲ့ကိုယ် ပြောတာ၊ ဘာဖြစ်လဲ။ ဟုတ်လို့ ဟုတ်တယ်ပြောတာ၊ မှန်လို့ မှန်တယ်ပြောတာ… ဘာဖြစ်လဲ” လို့ နှုတ်သီးကောင်းလျှာပါးနဲ့ ရန်စကားပြောတတ်ကြပါတယ်။ ဟုတ်ကဲ့။ ဘာမှ မဖြစ်ပါဘူး။ အကုသိုလ်ဖြစ်ရုံ နဲ့ ငရဲကျရုံလောက်ပါပဲ။
လွတ်လပ်စွာ စွပ်စွဲကဲ့ရဲ့ခွင့်၊ လွတ်လပ်စွာ အတင်းပြောခွင့်ရှိတယ်လို့ ဆိုလာခဲ့ရင် ဟုတ်ပါတယ်၊ ရှိပါတယ်။ ဒါပေမယ့် လွတ်လပ်စွာ စွပ်စွဲကဲ့ရဲ့ခွင့်၊ လွတ်လပ်စွာ အတင်းပြောခွင့်ရဲ့ နောက်မှာ လွတ်လပ်စွာ ငရဲကျခွင့်၊ လွတ်လပ်စွာ အ၀ီစိရောက်ခွင့်လည်း အမြဲကပ်ပါနေတယ် ဆိုတာကိုတော့ မမေ့သင့်ပါဘူး။
အတင်းပြောခြင်းဟာ အပျင်းပြေကစားစရာ မဟုတ်သလို အပန်းဖြေဇိမ်ခံပစ္စည်းလည်း မဟုတ်ပါဘူး။ အတင်းပြောခြင်းဟာ ပြီးပြီးပျောက်ပျောက်ဖြစ်သွားမယ့် အပေါ်ယံ မတော်တဆမှု မဟုတ်တဲ့အတွက် အတင်းပြောတတ်တဲ့သူဟာ ပြောတိုင်းပြောတိုင်း စိတ်ဓာတ်အဆင့် အောက်တန်းကျသွားသလို ကိုယ်ကျင့် သီလ ပျက်စီးနေတဲ့သူပါ။
မဟုတ်မမှန်တဲ့စကားမှန်သမျှ၊ အကျိုးမရှိတဲ့ စကားမှန်သမျှ ရှောင်ကြဉ်ပြီး ဟုတ်မှန်တဲ့စကား၊ အကျိုးရှိတဲ့ စကားကို အခြေအနေ၊ အချိန်အခါနဲ့ လိုက်ဖက်စွာ ချင့်ချိန်ပြောဆိုမှသာ ကိုယ်ကျင့်သီလပြည့်စုံသူ တစ်ယောက် ဖြစ်လာနိုင်ပါတယ်။
ကိုယ်ကျင့်သီလကို ကုသိုလ်တရားအားလုံးရဲ့ နိဒါန်းအစလို့ မြတ်စွာဘုရားရှင်က မိန့်ကြားတော်မူ ထားပါတယ်။ ကိုယ်ကျင့်သီလ ဖြူစင်ရင် အစကောင်းတဲ့အတွက် သမာဓိ၊ ပညာ ဆိုတဲ့ အနှောင်းသေချာ သွားပါပြီ။ ကိုယ်ကျင့်သီလ မည်းညစ်နေရင်တော့ အစမကောင်းတဲ့အတွက် သမာဓိ၊ ပညာ ဆိုတဲ့ အနှောင်းနဲ့ အဝေးကြီး ဝေးသွားပါပြီ။ အနှောင်းနဲ့ နီးစပ်ချင်ရင် အစကောင်းဖို့ ကြိုးစားရပါမယ်။
သီဟိုဠ်ခေတ်တုန်းက အရှင်မဟာသီဝအမည်ရတဲ့ မထေရ်ကြီးတစ်ပါး ရှိခဲ့ဖူးပါတယ်။ တောတောင်ထဲက လိုဏ်ဂူတစ်ခုမှာ “ဒီဝါတွင်းတော့ ရဟန္တာဖြစ်စေရမယ်ဟဲ့” လို့ ကြုံးဝါးပြီး အပြင်းအထန် တရားအားထုတ် ပေမယ့် ၀ါသာကျွတ်သွားတယ်၊ ရဟန္တာမဖြစ်တဲ့အတွက် သီတင်းကျွတ်တိုင်း သီတင်းကျွတ်တိုင်း မျက်ရည်သွင်သွင် စီးကျပြီး ငိုပွဲကြီးဆင်လိုက်ရတာ နှစ်ပေါင်းသုံးဆယ်တိုင်တိုင်ပါပဲ။
အကြိမ်သုံးဆယ်မြောက် အပြင်းထန်ဆုံး ၀မ်းနည်းကြေကွဲပြီး ရှိုက်ကြီးတငင် ငိုကြွေးနေချိန်မှာ နတ်သမီး တစ်ယောက်ကလည်း လိုဏ်ဂူအိုနံဘေး ပြိုင်တူငိုကျွေးလို့ မျက်ရည်ဖော်ညှိလာပြန်ပါတယ်။
“ဒီနားမှာ လာငိုနေတာ ဘယ်သူလဲ”
“တပည့်တော်မ နတ်သမီးပါဘုရား”
“ဘာလို့ ဒီနားလာငိုနေတာလဲ”
“အရှင်ဘုရား ငိုနေတာမြင်လို့၊ ပြီးတော့ ငိုရင် မဂ်ဖိုလ်ရနိုင်မယ်ထင်လို့ နှစ်မဂ်သုံးမဂ်လောက်များ ရမလားဆိုပြီး လာငိုနေတာပါဘုရား”
မထေရ်ကြီးလည်း နတ်သမီးရဲ့ ပြောင်လှောင်ပညာပေးခံရတာကို ရှက်လွန်းလို့ မျက်ရည်တွေ ကပျာကယာ သုတ်ပြီး စိတ်ဆင်းရဲမှု၊ ၀မ်းနည်းမှုကို “စိတ်ဆင်းရဲတယ်၊ စိတ်ဆင်းရဲတယ်” ၊ “၀မ်းနည်းတယ်၊ ၀မ်းနည်းတယ်” လို့ သတိပဋ္ဌာန်နည်းကျ စိတ္တာနုပဿနာ ရှုပွားပယ်ဖျောက်လိုက်ပါတယ်။
စိတ်ဆင်းရဲမှု၊ ၀မ်းနည်းမှု ပြေပျောက်ပြီး စိတ်လက်ပေါ့ပါးသွားတာနဲ့ တစ်ပြိုင်နက် ကောင်းကင်ယံက လမင်းကြီးကို တစ်ချက်လှမ်းမျှော်ကြည့်လိုက်ပါတယ်။ သီတင်းကျွတ်လပြည့်ကျော်တစ်ရက်နေ့ညဆိုတော့ လမင်းကြီကလည်း ပြည့်ပြည့်ဝန်းဝန်းနဲ့ အစွမ်းကုန် ထွန်းလင်းတောက်ပနေတာပေါ့။
“အင်း… ဒီလမင်းကြီးနဲ့ ငါ့ရဲ့ သီလ ဘယ်အရာကများ ပိုပြီး သန့်စင်ပါလိမ့်၊ ဘယ်အရာကများ ပိုပြီး ထွန်းလင်းတောက်ပပါလိမ့်”
“အို…. ငါ့ရဲ့သီလက ပိုပြီး သန့်စင်နေပါလား၊ ငါ့ရဲ့ သီလက ပိုပြီး ထွန်းလင်းတောက်ပနေပါလား၊ လမင်းကြီးက သန့်စင်တယ် ဆိုပေမယ့် သူ့မှာ ယုန်ရေးလက္ခဏာ မှိုင်းပြာပြာ အညစ်အကြေးလေး ရှိနေသေးတယ်လေ၊ အညစ်အကြေး လုံးဝ မကင်းတော့ အပြည့်အ၀ ဘယ်ထွန်းလင်းတောက်ပပါ့မလဲ”
“ငါ့ရဲ့သီလကတော့ ရဟန်းပြုတဲ့အချိန်ကစပြီး ဒီနေ့ ဒီအချိန်အထိ အညစ်အကြေး လုံးဝမရှိ ပကတိ သန့်စင်နေတယ်၊ ညှိုးခြောက်ပြောက်ကျားခြင်းမရှိ ပကတိ စင်းလုံးချော ဖြူစင်နေတယ်၊ အညစ်အကြေး လုံးဝမကင်းတဲ့ လမင်းကြီးထက် အဆပေါင်းများစွာ မနှိုင်းယှဉ်သာအောင် ထွန်းလင်းတောက်ပတာပေါ့”
မထေရ်ကြီးဟာ ကိုယ့်သီလကိုယ် ဆင်ခြင်းရင်း တဖွားဖွားဖြစ်ပေါ်လာတဲ့ ပီတိသောမနဿတွေကို ရှုပွား ပယ်ဖျောက်ပြီး မိမိခန္ဓာရဲ့ ရုပ်တရား၊ နာမ်တရားတွေကို သတိပဋ္ဌာန်နည်းကျ ဆက်ပြီး ၀ိပဿနာ ရှုပွားလိုက်တာ အဲဒီညမှာပဲ ပဋိသမ္ဘိဒါဉာဏ် လေးပါးနဲ့တကွ ရဟန္တာ ဖြစ်တော်မူသွားခဲ့ပါတယ်။
အရှင်မဟာသီဝမထေရ်ကြီး ရဟန္တာဖြစ်သွားတာဟာ သူ့ရဲ့ အကြွင်းမဲ့ဖြူစင်တဲ့ ကိုယ်ကျင့်သီလကို အာရုံပြု ၀မ်းမြောက်ပြီး ပီတိသောမနဿတွေ ဖြစ်ပွားသွားလို့ပါ။ “ငါတို့က ၀ိပဿနာသမား” ဆိုပြီး ကိုယ်ကျင့်သီလကို ပေါ့ပေါ့တန်တန် သဘောထားသူတွေ အလေးအနက် သတိပြုသင့်ပါတယ်။
ကိုယ်ကျင့်သီလဆိုတာ မြေကြီးနဲ့ တူပါတယ်။ ရှင်သန်ကြီးထွား ပြန့်ပွားစည်ပင်နေတဲ့ သစ်ပင်ပန်းပင်မှန်သမျှ မြေကြီးကို တည်မှီပြီးတော့ပဲ ရှင်သန်ကြီးထွား ပြန့်ပွားစည်ပင်လာရပါတယ်။ အားအင်နဲ့ ပြုလုပ်ရတဲ့ အလုပ်ကိစ္စမှန်သမျှ မြေကြီးပေါ်မှာ ရပ်တည်ပြီးတော့ပဲ ပြုလုပ်ရသလို သတိဦးဆောင်တဲ့ သူတော်ကောင်းအလုပ်မှန်သမျှကိုလည်း သီလပေါ်မှာ ရပ်တည်ပြီးတော့ပဲ ပြုလုပ်ရပါတယ်။
သီလတည်းဟူသော မြေကြီးပေါ်မှာ ရပ်တည်ပြီး ပြုလုပ်အားထုတ်တဲ့ သူတော်ကောင်းအလုပ်ကသာ မိမိရည်မှန်းရာ အောင်မြင်မှု အသီးအပွင့်တွေကို ရည်မှန်းတဲ့အတိုင်း သီးပွင့်ဝေဆာစေနိုင်ပါတယ်။
သမထလုပ်ငန်း၊ ၀ိပဿနာလုပ်ငန်းဆိုတာ အသာထားလိုက်ပါဦး၊ အခြေခံအကျဆုံး ဒါနလုပ်ငန်းမှာတောင်မှ သီလမပါရင် လိုရာအကျိုး မပြီးစီးစေနိုင်ပါဘူး။ ဒါနပြုပြီး လောကီ၊ လောကုတ္တရာ လိုရာအကျိုးကို ဆုတောင်းရင် အဲဒီဒါနက မိမိဆုတောင်းကို ပြည့်ဝစေနိုင်ပါတယ်… တဲ့။ ဒါပေမယ့် ဆုတောင်းသူ ဒါနရှင်ဟာ သီလရှိသူ ဖြစ်ရပါမယ်…. တဲ့။ သီလ မရှိရင်တော့ မိမိဆုတောင်းတာ မပြည့်ဝနိုင် ပါဘူး… တဲ့။ မြတ်စွာဘုရားရှင်ကိုယ်တော်တိုင်ရဲ့ မိန့်ကြားထားတော်မူချက် ဖြစ်ပါတယ်။
ကိုယ်ကျင့်သီလဟာ ဒါနရဲ့ အကျိုးပေးကိုလည်း ခိုင်မြဲစေသလို သမာဓိ၊ ပညာရဲ့ စွမ်းရည်ကိုလည်း ထက်မြက်စေပါတယ်။ ကိုယ်ကျင့်သီလ မပါဘဲ အားထုတ်နေတဲ့ ဒါနလုပ်ငန်း၊ သမထ၊ ၀ိပဿနာ လုပ်ငန်းတွေဟာ မဂ်ဖိုလ်နိဗ္ဗာန်ရဲ့ အနီးအနားကို အိပ်မက်ထဲမှာတောင်မှ မရစ်သီနိုင်ပါဘူး။ မဂ်ဖိုလ်နိဗ္ဗာန် အသာထား ကောင်းရာသုဂတိနဲ့တောင် အဝေးကြီးဝေးနေဦးမှာပါပဲ။
အရှင်မဟာသီဝမထေရ်ကြီးရဲ့ သီလဂုဏ်ရည်က ရဟန္တာဖြစ်ရုံနဲ့ မပြီးသေးပါဘူး။ ရဟန္တာဖြစ်ပြီးတဲ့ နောက်မှာလည်း အထူးပေါ်လွင် ထင်ရှားခဲ့ပါတယ်။ သွားခြင်း၊ ရပ်ခြင်း၊ ထိုင်ခြင်း၊ ဣရိယာပုတ်သုံးမျိုးနဲ့ အပြင်းအထန် တရားအားထုတ်ရင်း နှစ်ပေါင်းသုံးဆယ်လုံးလုံး ခြေမဆေးခဲ့တဲ့ ခြေတော်တွေကို ရဟန္တာ ဖြစ်ပြီးတဲ့နောက် ရေဆေးလိုက်ဦးမယ်ဆိုပြီး ခြေဆေးအင်ပျဉ်ခုံပေါ်မှာ ရပ်နေတုန်း နတ်တို့သနင်း သိကြားမင်းကြီး ရောက်လာပါတယ်။
“ဒကာတော် သိကြားမင်း၊ ဘာကိစ္စများပါလိမ့်”
“အရှင်ဘုရားရဲ့ ခြေတော်တွေကို တပည့်တော်များ ဆေးပေးချင်လို့ပါဘုရား”
“အို…. ဘယ်ဖြစ်ပါ့မလဲ ဒကာတော်သိကြားမင်းရယ်၊ တို့ရဲ့ ခြေထောက်တွေက မဆေးမကြောဘဲထားတာ နှစ်ပေါင်းသုံးဆယ်တောင် ရှိနေပြီလေ။ ပြီးတော့ သင်တို့ နတ်တွေဆိုတာက အလိုလိုကမှ လူနံ့ကို ခံနိုင်ကြတာမှ မဟုတ်ဘဲ၊ လူနဲ့ ယူဇနာတစ်ရာလောက် ဝေးတဲ့နေရာမှာ ရပ်နေတာတောင် လည်ပင်းမှာ ခွေးသေကောင်ပုပ် အဆွဲခံထားရသလို သင်တို့နတ်တွေ လူနံ့ကို နံစော်ကြတယ်၊ ရွံရှာကြတယ် မဟုတ်လား၊ နေပါ့စေ၊ မဆေးပါနဲ့၊ တို့ဘာသာတို့ပဲ ဆေးပါ့မယ်ကွယ်”
“အရှင်ဘုရား… လူနံ့ နံတယ်ဆိုတာ ဘာမှ မပြောပလောက်ပါဘူး၊ အခုအရှင်ဘုရားရဲ့ သီလရနံ့ဟာ တပည့်တော်တို့ရဲ့ နတ်ပြည်ခြောက်ထပ်ကိုတောင် ကျော်တက်ပြီးတော့ အထက်ဘ၀ဂ်ထိအောင် သင်းပျံ့ကြိုင်လှိုင်နေပါတယ်ဘုရား၊ သီလရနံ့ထက် သာလွန်မွှေးပျံ့တဲ့ရနံ့ လောကမှာ မရှိပါဘုရား၊ အရှင်ဘုရားရဲ့ မွှေးပျံ့တဲ့ သီလရနံ့ကြောင့်ပဲ တပည့်တော် ခြေတော်ဆေးကုသိုလ်ယူဖို့ အရောက်လာခဲ့ရခြင်း ဖြစ်ပါတယ်ဘုရား”
သိကြားမင်းကြီးဟာ ပြောပြောဆိုဆိုပဲ ဘယ်ဘက်လက်နဲ့ မထေရ်ကြီးရဲ့ ခြေဖမိုးကို ကိုင်ပြီး ညာဘက်လက်နဲ့ ခြေဖ၀ါးတော်ကို စောင်းငဲ့ ပွတ်တိုက်ပေးလိုက်ပါတယ်။ အရှင်မဟာသီဝမထေရ်ကြီးရဲ့ ခြေတော်တွေလည်း ကလေးငယ်လေးတွေရဲ့ ခြေတော်တွေလို နူးညံ့ပျော့အိသွားပါတော့တယ်။
အင်မတန် ညစ်ပတ်နံစော်ပြီး ရွံစရာကောင်းလှတဲ့ လူနံ့ကိုတောင် လွှမ်းမိုးနိုင်တဲ့ သီလရနံ့ကိုမှ အနှိုင်းမဲ့ရနံ့ လို့ မပြောရင် ဘယ်ရနံ့ကိုများ အနှိုင်းမဲ့ရနံ့ လို့ ပြောဦးမှာလဲ။
သီလရနံ့ဟာ မွှေးပျံ့ကြိုင်လှိုင်တဲ့နေရာမှာ အနှိုင်းမဲ့ဖြစ်သလို သီလပျက်အနံ့ဟာလည်း ညစ်ပတ်ပုပ်ဟောင်တဲ့နေရာမှာ အနှိုင်းမဲ့အပုပ်နံ့ပါပဲ။ ဘာလို့လဲဆိုတော့ သီလပျက်သတင်းဟာ လူ့ပြည်၊ နတ်ပြည်သာမက ဗြဟ္မာ့ပြည်တိုင်အောင် ပုပ်ဟောင်ပျံ့နှံ့သွားတတ်လို့ပါပဲ။
မြတ်စွာဘုရားရှင်လက်ထက်တုန်းက အရှင်သုဒိန္န ဆိုတဲ့ ရဟန်းတော်တစ်ပါး ရှိခဲ့ဖူးပါတယ်။ တစ်ဦးတည်းသောသားဖြစ်တဲ့သူဟာ မိဘနှစ်ပါးကို ခုနစ်ရက်တိုင်တိုင် အစာငတ်ခံ ဆန္ဒပြခွင့်တောင်းပြီးမှ သဒ္ဓါတရားအပြည့်အ၀နဲ့ သာသနာ့ဘောင် ၀င်ရောက်လာခဲ့ရသူပါ။ သာသနာ့ဘောင်ရောက်တော့လည်း ဓုတင်အကျင့်တွေကို အတတ်နိုင်ဆုံး ဆောက်တည်ပြီး တရားဘာဝနာ ကျင့်ကြံအားထုတ်နေခဲ့ပါတယ်။
ချမ်းသာကြွယ်ဝတဲ့ မိဘနှစ်ပါးဟာ ပစ္စည်းဥစ္စာနဲ့ ဖြားယောင်းပြီးတော့လည်း လူထွက်ခိုင်းလို့မရ၊ မယားဟောင်းနဲ့ ဖြားယောင်းပြီးတော့လည်း လူထွက်ခိုင်းလို့မရတဲ့ သားဖြစ်သူ သုဒိန္နဆီက နောက်ဆုံး အခွင့်အရေးအဖြစ် အမွေဆက်ခံမယ့် သားမျိုးစေ့ တောင်းကြပါတော့တယ်။
အရှင်သုဒိန္နလည်း တရားဖြောင့်ဖြောင့် အားထုတ်ချင်တဲ့စိတ်နဲ့ နားငြီးသက်သာ ပြီးရောဆိုပြီး ဥတုပန်း ပွင့်နေတဲ့ မယားဟောင်းရဲ့ ခန္ဓာကိုယ်ထဲကို မဟာဝုန်တောကြီးထဲမှာ သုံးကြိမ်တိုင်တိုင် သားမျိုးစေ့ ပေးလိုက်ပါတယ်။ အရှင်သုဒိန္နရဲ့ အဲဒီသတင်းဟာ မဟာဝုန်တောကြီးထဲက ဘုမ္မစိုးနတ်တွေက စပြီး… အဆင့်ဆင့် ပျံ့နှံ့သွားလိုက်တာ နတ်ပြည်၊ ဗြဟ္မာ့ပြည်အနှံ့ အထက်ဘ၀ဂ်တိုင်အောင် ရောက်ရှိသွားပါတယ်။ နတ်ဗြဟ္မာအားလုံးက အကြီးအကျယ် ကဲ့ရဲ့ ရှုတ်ချ အပြစ်ပြောကြပါတယ်။
တကယ်တော့ အရှင်သုဒိန္နဟာ သဒ္ဓါတရား ကြီးမားစွာနဲ့ ရဟန်းပြုလာသူ၊ ဓုတင်တွေဆောင်ပြီး တရားအားထုတ်နေသူ၊ တကယ့် သူတော်ကောင်းကြီးပါ။ ဒါပေမယ့် စဉ်းစားဆင်ခြင်းဉာဏ် ခေါင်းပါးတဲ့ မိမိုက် ဘမိုက် (ပါပမိတ္တ) ရဲ့ စကား နားထောင်မိလိုက်တဲ့အတွက် ကိုယ်ကျင့်သီလပျက်ပြီး သတင်းအပုပ်နံ့ ထွက်ခဲ့ရပါတယ်။ ဒီဘ၀မှာ မဂ်ဖိုလ်ရထိုက်သူ ဖြစ်ပါလျက် သီလပျက်ခြင်းကြောင့် ဖြစ်ရတဲ့ နောင်တတရားတွေနဲ့ စိတ်နှလုံးပူပန်ပြီး အဖိုးတန်ရဟန်းဘ၀ကို အချည်းနှီး အဆုံးသတ်ခဲ့ရပါတယ်။
ကိုယ်ကျင့်သီလ ပျက်စီးရခြင်းရဲ့ အကြောင်းရင်းတွေထဲမှာ ပါပမိတ္တနဲ့ ပေါင်းဖော်ခြင်းဆိုတဲ့ အကြောင်း တရားလည်း တစ်ခုအပါအ၀င် ဖြစ်ပါတယ်။ ပါပမိတ္တဆိုတာ မိတ်ဆွေဆိုး၊ မိတ်ဆွေညံ့၊ မိတ်ဆွေယုတ်၊ မိတ်ဆွေမိုက်ကို ပြောတာပါ။ သက်သက်ညှာညှာ ပြောရရင်တော့ မကောင်းတဲ့မိတ်ဆွေပေါ့။ မိတ်ဆွေတု၊ မိတ်ဆွေမှားပေါ့။ မလုပ်သင့်တာ လုပ်ဖို့ တိုက်တွန်းတဲ့သူ၊ နည်းမှားလမ်းမှား ညွှန်ပြတဲ့သူ၊ ဆုံးဖြတ်ချက် အမှားတွေ ချပေးတဲ့သူဟာ ပါပမိတ္တပါပဲ။ ပါပမိတ္တနဲ့ ပေါင်းရင် သီလပျက်တတ်ပါတယ်။
စာသင်တိုက်ကြီးတစ်ခုက စာသင်သားရဟန်းပျိုတစ်ပါးကို သူ့ရဟန်းဒကာမကြီးတစ်ယောက်က “စာချည်းပဲ ဖိလုပ်မနေနဲ့၊ အဂ္ဂမဟာပဏ္ဍိတစတိုင် ဖမ်းမနေနဲ့၊ လူငယ်ဆိုတာ စိတ်ကို ချုပ်တည်းမထားရဘူး၊ စိတ် လွတ်လွတ်လပ်လပ် နေရတယ်၊ လာ.. ဗီဒီယိုကြည့်ရအောင်” ဆိုပြီး တစ်ခါတစ်ရံ သူ့အိမ်ပင့်လို့ ဗီဒီယိုအခွေ အတင်းကြည့်ခိုင်းပါသတဲ့။
ကွယ်ရာကျတော့ အဲဒီရဟန်းပျိုလေးကို “ဗီဒီယိုကြည့်ပါတယ်၊ ၀ိနည်းလည်း မလေးစားဘူး” ဆိုပြီး အတင်းပြော အပုပ်ချပါသတဲ့။ စာသင်သားဘ၀က လွန်မြောက်ပြီး ဆရာတော်တစ်ပါး ဖြစ်သွားတဲ့အခါ မှာတောင် အဲဒီကိစ္စကို ငယ်ကျိုးငယ်နာတစ်ခုအနေနဲ့ ပါးစပ်အရသာခံ အပုပ်ချနေတုန်းဆိုပဲ။ သြော်… ပါပမိတ္တများ တယ်ကြောက်စရာကောင်းပါလား…။
တချို့ ကိုယ့်ကို ချစ်သလိုလို၊ ကိုယ့်အကျိုးကို လိုလားသလိုလိုနဲ့ ကိုယ့်ရဲ့ သီလကို ဖျက်ဆီးတတ်ပါတယ်။ ကိုယ့်ရှေ့မှာတော့ ပြုံးပြုံးပြုံးပြုံးနဲ့ ပျော်ရွှင်ရယ်မောလို့၊ အလိုတူကျေနပ်လို့။ ကွယ်ရာကျတော့မှ “ပေါင်းကြည့်မှ အကြောင်းသိတယ်” ဆိုပြီး အတင်းပြော၊ အပုပ်ချတတ်ပါတယ်။ ကိုယ့်သတင်းလည်း ပုပ်၊ သူ့ပါးစပ်လည်း ပုပ်၊ ကိုယ်ပုပ်သူပုပ် နှစ်ယောက်လုံး ပုပ်တော့ ဘယ်မှာလာ ကောင်းပါတော့မလဲ။
သီလပျက်အပုပ်နံ့ဟာ “တစ်ခါတစ်ရံ” ဆိုပြီးတော့လည်း ချမ်းသာမပေးပါဘူး။ “စ တာ၊ နောက်တာပါ” ဆိုပြီးတော့လည်း ညှာတာခြင်း မရှိပါဘူး။ “အချင်းချင်းမို့” ဆိုပြီးတော့လည်း နားလည်ခွင့်လွှတ်ခြင်း မရှိပါဘူး။
ကိုယ်ကျင့်သီလနဲ့ ပတ်သက်လာရင် ဘယ်သူ့မှ မယုံကြည်တာ၊ ဘယ်သူ့မှ အားမနာတာ၊ ဘယ်သူ့မှ မလိုက်လျောတာ၊ ဘယ်သူ့မှ မစ မနောက်တာ၊ ဘယ်သူ့မှ မချစ်ခင်တာ အကောင်းဆုံးပါပဲ။ ပါပမိတ္တနဲ့ တွေ့သွားရင် လိုတာထက်ပိုပြီး အပုပ်နံ့ ထွက်သွားပါလိမ့်မယ်။
သီလရနံ့ဟာ အမွှေးပျံ့ဆုံးရနံ့လို့ သီလကို ခေါင်းတပ်ပြီး ဆိုထားပေမယ့် သီလတစ်ခုတည်းတော့ မဟုတ်ပါဘူး။ သတိ၊ သမာဓိ၊ ပညာ စတဲ့ သူတော်ကောင်းတရားတွေအားလုံး ပါဝင်ပါတယ်။ သီလဆိုတာ ကိုယ်ပေါ်၊ နှုတ်ပေါ်မှာ ထင်ရှားလို့ ထင်ထင်ရှားရှားတစ်ခုကို ပဓာနပြု ခေါင်းတပ်ပြီး သီလရနံ့လို့ ဆိုထားတာပါ။
တကယ်တော့ သီလမရှိဘဲနဲ့ သမာဓိ၊ ပညာ မပြည့်စုံနိုင်သလို သမာဓိ၊ ပညာ မရှိဘဲနဲ့လည်း သီလမပြည့်စုံ နိုင်ပါဘူး။ သီလ၊ သမာဓိ၊ ပညာ သိက္ခာသုံးပါးဟာ တစ်ခုနဲ့တစ်ခု အပြန်အလှန် ဆက်စပ်နေပါတယ်။ အဆင့်အမြင့်ဆုံး သီလဟာ ရဟန္တာပုဂ္ဂိုလ်ရဲ့ သီလပါ။ သမာဓိ၊ ပညာ မကျင့်ဘဲနဲ့ ရဟန္တာ မဖြစ်နိုင်ပါဘူး။ ဒါဆို သီလ အကြွင်းမဲ့ ဖြူစင်ချင်ရင် သမာဓိ၊ ပညာအကျင့်တွေကို မဖြစ်မနေ ကျင့်ကိုကျင့်ရမယ်ဆိုတာ သေချာသွားပါတယ်။
“ကိုယ်ကျင့်သီလ အကြွင်းမဲ့ ပြည့်စုံချင်ရင် သတိပဋ္ဌာန်တရား ပွားများရမယ်” လို့ မြတ်စွာဘုရား ကိုယ်တော်တိုင် ဟောကြားတော်မူထားပါတယ်။ ကိုယ်ကျင့်သီလရဲ့ သဘောတရား၊ အကျိုးအပြစ်ကိုလည်း ဆင်ခြင်နှလုံးသွင်းမယ်၊ ကိုယ်ကျင့်သီလ ချိုးဖောက်လိုတဲ့ စိတ်ကိုလည်း သတိပဋ္ဌာန်နည်းကျ ရှုပွားသွားမယ်ဆိုရင် ကိုယ်ကျင့်သီလ ဖြူစင်သူ ဖြစ်လာနိုင်ပါတယ်။
သီလဆိုတာ ကိုယ်နဲ့ နှုတ်ကို စောင့်ထိန်းတာလို့ ဆိုပေမယ့် စိတ်မနိုင်လို့သာ ကိုယ်နှုတ်လွန်ကျူးနေကြတာမို့ စိတ်ကို နိုင်နင်းစေနိုင်ရာမှာ အကောင်းဆုံးနည်းဖြစ်တဲ့ သတိပဋ္ဌာန် ၀ိပဿနာတရားကို သီလဖြူစင်လိုသူတိုင်း ကြိုးကြိုးစားစား ပွားများအားထုတ်ကြဖို့ အထူး အရေးကြီးလှပါတယ်။
တစ်လောကလုံးရဲ့ အနှိုင်းမဲ့ကျေးဇူးရှင်ဖြစ်တဲ့ မြတ်စွာဘုရားရှင်က ကိုယ်ကျင့်သီလရနံ့ဟာ အနှိုင်းမဲ့ရနံ့ ဖြစ်ပါတယ်လို့ “သီလဂန္ဓောအနုတ္တရော” ဆိုတဲ့ စကားတော်နဲ့ ဟောကြားညွှန်ပြထားတာမို့ လူသားတိုင်း လူသားတိုင်း ကိုယ်ကျင့်သီလရနံ့ ဆိုတဲ့ အနှိုင်းမဲ့ရနံ့နဲ့ အကြွင်းမဲ့ပြည့်စုံအောင် ကြိုးစားအားထုတ်နိုင်ကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ် …..။
အပ္ပမာဒေန သမ္ပာဒေထ။
[ အပ္ပမာဒမဂ္ဂဇင်း၊ ဒီဇင်ဘာ၊ ၂၀၀၀။ ]

( ရွှေပါရမီတောရဆရာတော် အရှင်ဆန္ဒာဓိက ၏ အနှိုင်းမဲ့ရနံ့ စာအုပ်မှ ပြန်လည်ကူးယူဖော်ပြ၍ ဓမ္မဒါနပြုပါသည် )

ကူကြစို့ (ကဗျာ)


ကူကြစို့
သူငယ်ချင်း…
--------------မင်းလည်းမြင်သား ငါလည်းကြားပြီ
--------------မြန်မာပြည်တွင် မုန်တိုင်းဝင်၍
--------------သစ်ပင်ပိသေ ရေနစ်သေကြ
--------------အသုဘတွေ မြေမမြှုပ်အား
--------------မိသားစုလိုက် ကပ်ကြီးဆိုက်လျက်
--------------အသက်လုကာ တစ်ရွာလုံးကျွတ်
--------------ဘေးလွတ်ရာပြေး မသေသေးလည်း
--------------ဆေးပြတ်ရေပြတ် အစာငတ်နှင့်
--------------အရပ်ကူဆဲ လူဝိုင်းဆဲမှာ
--------------ရောဂါဖိစီး သက်ကြီးအိုရွယ်
--------------လူမမယ်တို့ ချို့တဲ့ဆုံးပါး
--------------ဒုက္ခများချိန် ငြိမ်ဘိငုတ်တုတ်
--------------မတုန်လှုပ်စွာ ငတေမာပြီးရော
--------------လူညံ့တောမှာ မင်းကိုမင်းသာ
--------------အပါခံရင် ရာဇ၀င်ရိုင်းမည်သူငယ်ချင်း။ ။
-------------------------------------------------အဝေးမြေက မင်းရဲ့ သူငယ်ချင်း
-------------------------------------------------၁၁-၅-၂၀၀၈

( Weekly Eleven Journal အတွဲ ၃၊ အမှတ် ၃၁ မှ ပြန်လည်ကူးယူဖော်ပြပါသည် )

နာဂစ်၏ရိုက်ချက်များ


ဆိုင်ကလုံး မုန်တိုင်းဒဏ်ကြောင့်
သေဆုံး၊ ပျောက်ဆုံးမှုနှင့် ဒဏ်ရာရရှိမှုအခြေအနေ
နေပြည်တော် မေ ၁၆
၂၀၀၈ ခုနှစ် မေ ၂ ရက်နှင့် ၃ ရက် တို့တွင် တိုက်ခတ်ခဲ့သော မုန်တိုင်းဒဏ်ကြောင့် မုန်တိုင်းဖြတ်သန်း ခဲ့သည့် ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်အတွင်းရှိ ဒေသအချို့၌ ပျက်စီးဆုံးရှုံးမှုများ၊ လူသေဆုံး၊ ပျောက်ဆုံးနှင့် ထိခိုက်ဒဏ်ရာရရှိမှုများ ဖြစ်ပေါ်ခဲ့သည်။
မုန်တိုင်းဖြစ်ပေါ်ပြီးနောက် အမျိုးသားသဘာဝဘေး ကာကွယ်စောင့်ရှောက်ရေး ဗဟိုကော်မတီ ဖွဲ့စည်းကာ ကယ်ဆယ်ရေး၊ ရှာဖွေရေးနှင့် အကူအညီပေးရေးလုပ်ငန်းများကို အလျင်အမြန် ကျယ်ကျယ်ပြန့်ပြန့် ထိထိရောက်ရောက် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
တစ်ချိန်တည်းတွင် လူအသေအပျောက်၊ ဒဏ်ရာရနှင့် ပျက်စီးဆုံးရှုံးမှုများကိုလည်း စာရင်းကောက်ယူရေး ဆောင်ရွက်ခဲ့သည်။ သို့ရာတွင် မုန်တိုင်းဒဏ်ကြောင့်လည်းကောင်း၊ ဆိုးရွားသော ရာသီဥတုကြောင့် လည်းကောင်း ကျယ်ပြန့်သောနယ်မြေအတွင်း နှံ့နှံ့စပ်စပ် ရှာဖွေဆောင်ရွက်ခဲ့ရခြင်းကြောင့်လည်းကောင်း မေလ ၁၅ ရက်တွင်မှ အတည်ပြုနိုင်ခဲ့သည်။
စိစစ်အတည်ပြုသောစာရင်းမှာ ၀န်ထမ်း ၁၅၉ ဦး အပါအ၀င် သေဆုံးသူစုစုပေါင်း ၇၇၇၃၈ ဦး၊ ၀န်ထမ်း ၅၈ ဦး အပါအ၀င် ပျောက်ဆုံးသူစုစုပေါင်း ၅၅၉၁၇ ဦးနှင့် ၀န်ထမ်း ၄ ဦး အပါအ၀င် ဒဏ်ရာရသူ စုစုပေါင်း ၁၉၃၅၉ ဦး ဖြစ်ကြောင်း သတင်းရရှိသည်။

(၂၀၀၈ ခုနှစ်၊ မေလ ၁၇ ရက်နေ့ထုတ် ကြေးမုံသတင်းစာ၊ စာမျက်နှာ ၃ မှ ပြန်လည်ကူးယူ ဖော်ပြပါသည်)

သိမှတ်ဖွယ်ရာစကားလုံးများ


သိမှတ်စရာ Vocabulary & Irregular Verbs” ဆိုတဲ့ စာအုပ်လေးကိုရေးသူက U Win Maw (Research) ဖြစ်ပါတယ်။ မြန်မာ့သွေးမိတ်ဆွေများကိုလည်း ပြန်လည်ဝေငှပေးလိုတာကြောင့် အခုလို ပို့စ်ရေးပြီး တင်ပေးလိုက်ပါတယ်။ အဲဒီလို ဝေငှခြင်းရဲ့ အကျိုးကျေးဇူးကတော့ အခုလောလောဆယ်ပဲ အဲဒီ စာလုံးတွေကို ကျွန်တော်တစ်ခေါက်ဖတ်ပြီး၊ ရေးပြီး ဖြစ်သွားတာပါပဲ။ အခုရေးပေးထားတာတွေဟာ အင်္ဂလိပ်စကားကို Native Speaker လိုမျိုး ပြောနိုင်နေကြတဲ့ ပုဂ္ဂိုလ်တွေအတွက် ရည်ရွယ်ထားတာ မဟုတ်ကြောင်း ကြိုတင်ပြောလိုပါတယ်။ အခုမှ လေ့လာနေကြသူတွေ၊ အချိန်မပေးနိုင်လို့ စကားလုံးတွေကို ရှာဖွေဖို့ ခက်ခဲနေသူတွေ၊ ဗဟုသုတအဖြစ် လေ့လာကျက်မှတ်လိုသူတွေအတွက်သာ ရည်ရွယ်ကြောင်းပါခင်ဗျား။

စာရေးကိရိယာနှင့်ဆိုင်သော စကားလုံးများ
STATIONARIES

ကလောင်တံ - pen
ကလစ် - clip
ကညစ် - stylus
ကော် - glue, gum
ကပ်သည့်တိတ်ပြား - scotch tape
ကွန်ပါဗူး - compass box
ခဲတံ - pencil
ခဲဖျက် - eraser, rubber
ခဲတံချွန်စက် - sharpener
ချုပ်စက်၊ တွဲစက် - stapler
ချိတ်တောင့် - stick lac, shellac
စာကူးစက် - duplicator, gestener
စာအုပ် - book
စာရွက်များ - papers
စာရေးစက္ကူ - writing pad
စာကူးစက်သုံး ဖယောင်းစက္ကူ - stencil-paper
စာကူးစက္ကူ - duplicating-paper
စက်ဝိုင်းခြမ်း - protractor
ဆူးတစ်ချောင်းပါပြီး တစ်ဖက်တွင် ခဲတံတပ်ဆင်ရည့် ကွန်ပါဆူး - compasses
ဆူးချွန်နှစ်ချောင်းပါကွန်ပါဆူး - dividers
တံဆိပ်ရိုက်မင်ခွက် - stamp pad
တွယ်အပ် - pin
တြိဂံပုံပေတံ - set-square
နံပါတ်ရိုက်စက် - numbering maching
ပေတံ - ruler
ပုံဆွဲစက္ကူ - drawing paper
ဖယောင်းစက္ကူ - wax paper
ဖောင်တိန် - fountainpen
ဖောက်စက် - punch
ဖိုင် - file
ဖိုင်ကြိုး - strap
ဖိုင်တွဲ - fileholder
မင်ဖျက်ဘောပင် - correction pen
မင်ဖျက်ဆေး - ink-eradicator
မင်အိုး - ink-pot
မင်ခံကြိုးပြား - ribbon
မိတ္တူကူးစက် - photo copier
မှင်ချောင်း - refill
မှင်ခံစက္ကူ - blotting-paper, carbon-paper
မှတ်စုစာအုပ် - notebook
မျဉ်းလုံး - roller
ရောင်စုံခဲတံ - colour pencil, crayon
လက်နှိပ်စက် - type writer
လျှောက်လွှာစက္ကူ - foolscap paper
သားရေကွင်း - elastic band, rubber band
ဘောပင် - ball-pen
လက်နှိပ်စက် - typewriter

Wednesday, May 21, 2008

အောင်မြင်ကြောင်းတရား


အောင်မြင်ကြောင်းတရား
( ချမ်းမြေ့ရိပ်သာ ဆရာတော် အရှင်ဇနကာဘိဝံသ )

- မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ ဖြူအောင် စိတ်ကိုထား၊
- ပြောပြုတွေ့လျှင်၊ သတိယှဉ်၊ ဆင်ခြင်ဉာဏ်ရှေ့သွား၊
- စိတ်ထားဖြောင့်မှန်၊ ခွင့်လွှတ်ရန်၊ သည်းခံမေတ္တာထား၊
- လုံ့လနှင့်ဇွဲ၊ မလျှော့ဘဲ၊ အမြဲတင်းတင်းထား၊
- အရာရာတွင် အသုံးဝင်၊ အောင်မြင်ကြောင်းတရား။

အခုတော့ကျွန်တော့်ကိုလာခေါ်ကြပြီ-ဂျူး


အခုတော့ ကျွန်တော့်ကို လာခေါ်ကြပြီ
ဂျူး

သာမန် လေကြီးမိုးကြီးသည်းထန်သည့်အချိန်များမှာတောင် ကိုယ်နေသည့် ကန်ထရိုက်တိုက်ပြိုကျမှာ ကြောက်လန့် စိုးရိမ်နေခဲ့မိသေးတာ၊ အခုလို မကြုံဖူးသည့် မုန်တိုင်းပြင်းအားအောက်မှာဆိုတော့ ကျွန်မ နေစရာမရှိ စိုးရိမ်တုန်လှုပ်မိပြီ။ ကျွန်မတို့ တိုက်မှာက အုတ်နံရံအင်္ဂတေအကာက နည်းနည်း၊ မှန်တွေက များများ၊ မှန်ဆွဲတံခါးတွေက နံရံအပြည့်နီးပါးမို့ လေတွေက တ၀ုန်းဝုန်း တိုက်ခတ်နေချိန်တွင် မှန်ချပ်တွေနှင့် နီးသည့်နေရာမှာ ကျွန်မ မနေရဲပေ။ ကိုယ့်တိုက်၏ တစ်ဖက်မှာ ပိုမြင့်သော တိုက်ကပ်ရက် ရှိနေပေမယ့် တခြားတစ်ဖက်မှာက လမ်းပဲရှိသည်မို့ ဟာလာဟင်းလင်း အကာအကွယ်မဲ့သလို ခံစားရသည်။ သွပ်တစ်ချပ်ပဲ လာထိလိုက်၊ သွားပြီ။ မုန်တိုင်းတိုက်ခတ်ချိန် ခြောက်နာရီပြည့်ဖို့ ဘယ်လောက် လိုသေးပါလိမ့်။ ည ၁၀ နာရီခွဲကို မုန်တိုင်းအစဟု ကိုယ့်ဟာကိုယ်သတ်မှတ်ပြီး နံနက် ၄ နာရီ ကျော်လျှင်တော့ မုန်တိုင်းအားပျော့သွားလေမလား မျှော်လင့်မိသည်။ ညီမနှင့်တူမက ၀ရန်တာတံခါး လေအရှိန်ဖြင့် တဒုန်းဒုန်း တွန်းကန်နေသည်ကို ပြန်တွန်းကန်ထားရသည်မို့ တစ်ညလုံးနီးပါး ထိုင်လိုက် ထလိုက် မအိပ်ရဲကြပေ။ ကျွန်မကတော့ ဟိုပြေးလိုက် ဒီပြေးလိုက်၊ မှန်တံခါးတွေနား မရဲတရဲကပ်သွားပြီး အပြင်ကို လှမ်းကြည့်လိုက်၊ အော်မြည်ပြီး ပြေးလာသည့်လေသံကို ကြားရလျှင် နောက်ပြန်ဆုတ်လိုက်၊ တကယ်ကိုပဲ နေစရာမရှိခဲ့ပါ။ တစ်အိမ်လုံးမှာ အေးအေးဆေးဆေးရှိသူက ဖေဖေပဲ။ ဒီတိုက်ကို မပြိုပါဘူးဟု အာမခံသည်။ ငလျင်ကြောင့်သာ ပြိုချင်ပြိုမယ်။ မုန်တိုင်းကြောင့်တော့ မပြိုပါဘူးတဲ့။ ကျွန်မကတော့ အခုလို အခြေအနေမျိုးမှာ စဉ်းစားချင့်ချိန်နိုင်စွမ်းတွေ ပျောက်ဆုံးကုန်ခဲ့ပြီ။ သုံးနာရီ၊ လေးနာရီ မုန်တိုင်းအရှိန်က လျော့မသွားသည့်အပြင် ပိုတောင် တိုးလာသေး၏။ ငါးနာရီမှာ တော်တော် အရှိန်ပြင်းထန်လာတော့၏။ မှန်တွေကွဲတော့မှာပဲ၊ တိုက်တော့ ပြိုတော့မှာပဲ။ ဒီလေဟာ ဘယ်လိုနည်းနဲ့မှ တစ်နာရီ ၄၅ မိုင်၊ မိုင် ၅၀ မကပါဘူး။ မိုင် ၈၀ ဒါမှမဟုတ် မိုင် ၁၀၀ ရှိမှာပါ။ ဘယ်အချိန်မှာ တိုက်ကြီး ပြိုလဲသွားမလဲ။ ထိုအချိန်မှာ ကျွန်မအသိစိတ်ထဲမှာ တစ်ခုပဲ လွှမ်းမိုးနေခဲ့၏။ ကျွန်မတို့မိသားစု အန္တရာယ်မှ ကင်းဝေးလိုသည်။ မိုးလင်းပါစေတော့။ မိုးလင်းလျှင်တော့ မုန်တိုင်းအားပျော့သွားလေမလား။
ကျွန်မတို့တိုက် လုံခြုံပါသည်ဟု စိတ်သက်သာရချိန်တွင် လမ်းသွယ်၏ တစ်ဖက်က သုံးထပ်တိုက် ခေါင်မိုးမှ လွင့်ကျသွားသည့် သွပ်ပြားတွေကို အဲသည်တိုက်မှ ၀န်ထမ်းကောင်လေးနှစ်ယောက် ပြေးထွက်ပြီး ကောက်ယူဖို့ကြိုးစားသည်။ ထိုမြင်ကွင်းကိုမြင်ရတော့ သူတို့အတွက် ကျွန်မစိုးရိမ်သွားသည်။ လေက ပြင်းထန်တုန်းပါ။ သူတို့ကောက်ယူမည့် သွပ်ပြားချပ်ကြီးသည် လမ်းမပေါ်မှာ အပြားလိုက်ကပ်နေ တုန်းက သိပ်နေရာမရွေ့ပေမယ့် သူတို့ မယူထောင်လိုက်သောအခါ အားပြင်းသောလေဖြင့် ၀ုန်းကနဲ လွင့်သွားသည်။ သူတို့နှစ်ယောက်စလုံးပါ သုံးလေးလှမ်းလောက် ပါသွားပြီးမှ သူတို့ လွှတ်ချလိုက်၏။ ဖေဖေက ကလေးတွေကို ကရုဏာဒေါသဖြင့် အပြစ်တင်နေ၏။ ဒီမုန်တိုင်းကြားထဲ ထွက်ကောက်ရသလား။ လူပါ ပါသွားနိုင်တယ်။ ဟုတ်ပါရဲ့နော်။ ခဏများ စောင့်လိုက်ပါဦးတော့လား။ သို့သော် ထိုလေပြင်းမိုးပြင်းကြားထဲမှာပင် သွပ်ချပ်တွေ၊ စလောင်းအကျိုးအပဲ့တွေ၊ တီဗီအင်တာနာ အချောင်းအကျိုးတွေကို လိုက်လံကောက်ယူသူကလည်း ရှိသေးသည်။ မျက်နှာချင်းဆိုင်က ဘူတာဝင်းထဲမှ အိမ်ခေါင်မိုးတွေ အကုန်ပြုတ်ထွက်ကုန်သည်ကို လေထဲ၊ မိုးထဲမှာပင် ခေါင်မိုးပေါ်တက်ပြီး မိုးကာ ပလတ်စတစ်တွေဖြင့် ဖာထေးနေသူတွေ ရှိသည်။ တကယ်မငြိမ်သွားသေးသည့် မုန်တိုင်းအောက်မှာမို့ ကျွန်မ သူတို့အတွက် စိတ်ပူပါသည်။ ထိုအချိန်ကျမှ တိုက်ခန်းမဟုတ်သည့် အိမ်တွေက ပိုပြီး ဒဏ်ခံရတာပါလားဟု အသိဝင်လာသည်။ အဲသည့်အခါ ကျွန်မစိုးရိမ်ပူပန်ပေးရမယ့် လူတွေ အာရုံထဲမှာ အစီအရီပေါ်လာပြီး သူတို့အတွက် သောက၀င်လာသည်။ မုန်တိုင်းငြိမ်သက်သွားပေမယ့် လျှပ်စစ်တွေ ပြတ်တောက်ပြီး မီးသွေးမီးဖိုလည်း မမွှေးရဲသေးသည်မို့ အဆင်သင့်စားစရာ ရလိုရငြား ကျွန်မလမ်းထွက်ပြီး ဆိုင်တွေရှာရသည်။ ဖေဖေက ပေါင်မုန့်ရရင် ပြီးရောတဲ့။ အိမ်မှာ လက်ကျန်နို့ဆီနှင့် ပေါင်မုန့်ကို စားမည်ဟုဆိုသည်။ ဘယ်စတိုးဆိုင်မှ မဖွင့်။ ပေါင်မုန့် ၀ယ်နေကျ ညဈေးအနီးက ဆိုင်လည်း ပိတ်ထားသည်။ အေးလေ ဘယ်ဆိုင်ကဖွင့်မှမဖွင့်တာ ဘာအံ့သြစရာ ရှိလဲ။ ညဈေးလမ်းမှ ဗိုလ်သူရလမ်းဘက် ကွေ့ဖို့ကို ပြိုလဲကျနေသည့် သစ်ပင်ကြီးတွေအောက်မှ ဖြတ်ရသည်။ တချို့ဓာတ်ကြိုးလိုင်းတွေကိုကျော်ခါ၊ တချို့ကြိုးလိုင်းတွေ အောက်ကငုံ့ဝင်၊ ဘာဆိုင်မှမဖွင့်။ ထို့နောက် ကျွန်မ၏ရှေ့တွင် ကြီးမားလှသော အစိမ်းရောင်ကြီးတစ်ခုက အုပ်မိုးနေတော့သည်။ တခြားဟုတ်ပါ့မလား။ လူသုံးယောက်ဖက်မှ လက်ချင်းထိမည့် ညောင်ပင်ကြီး အမြစ်မှ ကျွတ်ပြီး တုံးလုံးလဲကျနေခြင်း ဖြစ်သည်။ “သစ်ပင်လဲတာ ဒီလောက်ကြောက်စရာ မကောင်းပါဘူးဗျာ။ အဲဒီသစ်ပင်အောက်မှာ လူပိသွားတာကမှ ကြောက်စရာ။ ခင်ဗျားတို့ မမြင်လိုက်ရဘူး။ ကြက်သီးတောင်ထတယ်။ မနက်ငါးနာရီခွဲကနေ ပိခံလိုက်ရတဲ့လူ၊ ၁၀ နာရီခွဲမှ ဆွဲထုတ်ယူလို့ရတယ်။ မသေမရှင်ဝေဒနာခံစားရတာကို တွေးကြည့်စမ်းပါ”။ အဲလိုကြားလိုက်ရတော့ ကျွန်မမှာ ညောင်ပင် ပင်စည်ကြီးအောက်သို့ ရဲရဲပင် မကြည့်ရဲတော့ပေ။ ဘုရားရေ ငါးနာရီခွဲမှာ ဒီလူဘာဖြစ်လို့ သစ်ပင်နားကို ရောက်လာရတာလဲ။ သေချာသည်ကတော့ တိုက်ခန်းတစ်ခုထဲမှာ မုန်တိုင်းစဲချိန်ကို စောင့်မနေနိုင်တဲ့၊ တစ်နေ့လုပ်တစ်နေ့စားရတဲ့သူ ဖြစ်မှာပါ။ သွပ်ပြား၊ အင်တာနာ၊ စလောင်းအကျိုးအပဲ့တွေ လိုက်ကောက်သူ ဖြစ်မလား။ ဆိုက်ကားတစ်စီး ပိပြားနေသည်ကို မမြင်ချင်ဘဲ ဖြတ်ခနဲ မြင်လိုက်ပြီးပြီမို့ ဆိုက်ကားနင်းသူလား။ ထိုသူအခု ဆေးရုံရောက်ပြီလား။ ကျွန်မအိမ်ပေါ် ပြန်တက်မိသည့်အခါ စိတ်ကလေးပင် ညှိုးငယ်သွားတော့သည်။



မုန်တိုင်းကြောင့် ထိခိုက်နစ်နာသူတွေက ချက်ချင်းကိုပဲ မြင်သာထင်ရှားလာခဲ့သည်။ အိမ်ပြိုကျပြီး ပိခံရသူ၊ သစ်ပင်ပိသူ၊ ဓာတ်တိုင်ပိသူ၊ မိသားစုခြင်ထောင်အမိုးပေါ်ထိ ကြီးမားသော သစ်ကိုင်းကျိုးကြီး ပြုတ်ကျခံရသူ၊ ဒါက ရေနှင့်မနီးလှသည့် ကုန်းပေါ်ဒေသ၊ ရန်ကုန်ဝန်းကျင်မှ ထိခိုက်မှုတွေ၊ မြစ်နှင့် ပင်လယ်နှင့်နီးသော အခြားဒေသတွေမှာတော့ မုန်တိုင်းကြောင့် ရေမျက်နှာပြင်မြင့်ပြီး အိမ်တွေရေထဲ ပါသွားသူတွေ၊ မြစ်ထဲမှာ ကမ်းကပ်ထားသည့် မော်တော်သင်္ဘောတွေမှောက်ပြီး နစ်မြုပ်လို့ ရေနစ်သေဆုံး ရသူတွေ။
“ပေါင်မုန့်မရှိရင် ဒီလူတွေ ကိတ်မုန့်စားပါစေပေါ့” ဟု ပြောခဲ့သည့် ပြင်သစ်မိဖုရား မေဒီအင်တွိုင်းနက်ကို ခါးသက်စွာ ကျွန်မရယ်မောခဲ့ဖူးသည်။ အခုတော့ ကျွန်မကိုယ်တိုင်ပင် အဲဒီစကားမျိုး ပြောမိသွားခဲ့သည်မှာ မေလ ၄ ရက်နေ့မှာပါ။ ဧရာဝတီတိုင်း မြစ်ဆိပ်ကမ်းမှာ ကပ်ထားသည့် မော်တော်၊ သင်္ဘောတွေ မုန်တိုင်းမိပြီး ကလေး၊ လူကြီးအားလုံး ရေနစ်သေဆုံးကုန်ကြသည်ဟု ကြားတော့ “ဟောတော် သူတို့ ဘာဖြစ်လို့ သင်္ဘောထဲမှာ နေနေကြတာလဲ၊ ကမ်းပေါ်တက် အကာအကွယ်အောက်မှာ နေရောပေါ့” ဟု လွှတ်ခနဲ ပြောလိုက်မိသည်။ ကျွန်မအား ထိုသတင်းကို ပြောသည့်တူကလေးက ဒါတောင် မသိရကောင်းလားဟူသော မျက်နှာပေးဖြင့် ရှင်းပြ၏။ “ဆရာမကလည်း ဒီမြို့က သူတို့မြို့မှ မဟုတ်ဘဲ။ သူတို့က သင်္ဘောပေါ်က ခရီးသည်တွေလေ။ ကိုယ်နဲ့ အသိအကျွမ်းမရှိတဲ့မြို့ပေါ်ကို လေပြင်းမုန်တိုင်းကြားထဲတက်ပြီး ဘယ်မှာအကာအကွယ်ရှာရဲမလဲ။ ဘယ်သူကရော တံခါးဖွင့်ပေးမှာလဲ။ သူတို့ သင်္ဘောပေါ်မှာပဲ နေရတာပေါ့” တဲ့။ အင်း အဲဒီလိုလား။ ကျွန်မ စိတ်မသက်သာလိုက်တာ။ ကြည့်မြင်တိုင်ကမ်းနားက မော်တော်သင်္ဘောတွေ မှောက်သူမှောက်၊ နစ်သူနစ်၊ လူတွေ ရေနစ်သည့် သတင်းတွေ။ ဧရာဝတီတိုင်းထဲက မြို့တချို့မှာ သေဆုံးသူတွေ ကိန်းဂဏန်းက တုန်လှုပ်ဖွယ် ကောင်းလှသည်။ ဒါက မုန်တိုင်း၏ တိုက်ရိုက် ချက်ချင်းကျရောက်သည့် ထိခိုက်မှုအန္တရာယ် ဆိုးကျိုးတွေပေါ့။
တဖြည်းဖြည်းနှင့် လေး၊ ငါးရက်လွန်လာသည့် အခါမှာတော့ ကျွန်မ စဉ်းစားဆင်ခြင်နိုင်စွမ်းတွေ ကျွန်မထံ ပြန်ရောက်လာသည်ဟု ခံစားရသည်။ ကိုယ့်ဒုက္ခကိုမှ ဆိုးရွားလှပြီဟု ထင်သည့် သွေးရူးသွေးတန်းစိတ်တွေ ပြယ်သွားပြီကိုး။ လက်တွေ့မှာ ကိုယ့်ထက်ဆိုးရွားသူတွေ အများကြီးကို မြင်လာသည်။ ထမင်းချက်ဖို့ဆန်၊ မီးသွေး၊ ဆီ၊ ဆား မရှိလျှင် မတန်တဆ ဈေးခေါ်သည့် ဆိုင်တွေမှာတောင် ဖြစ်အောင်တော့ ၀ယ်စားနိုင်သည့် အခြေအနေတော့ ရှိသေးသည်။ ဒီကနေ့ အလုပ်မလုပ်ရရင် မနက်ဖြန် စားစရာမရှိသူတွေ၊ ညစာ စားစရာမရှိသူတွေ ဘယ်လိုအသက်ရှင် ရုန်းကန် ကြမှာလဲ။ ငါးထပ်တိုက်ပေါ်မှာ ရေမလာပေမယ့် မိသားစုနည်းလို့ ရှိသမျှရေကို ချွေသုံးပြီး ချက်ပြုတ်လို့ ရသေးသည်။ တကယ်လို့ ပြတ်တောက်သွားလျှင်လည်း မြေညီထပ်တချို့မှာ မီးစက်တွေ ခုတ်မောင်းပြီး အ၀ီစိတွင်းမှ ရေတင်နေရတာ မြင်ရလို့ သွားခပ်လျှင် တစ်ပုံးနှစ်ပုံးတော့ သယ်လို့ရမှာပေါ့။ မီးမလာပေမယ့် မီးစက်နှိုးပြီး အလင်းရောင်ယူလို့ရ၊ ဖုန်းဓာတ်ခဲတွေကို အားသွင်းလို့ ရသည်။ နေစရာအိမ်တောင် ပြိုကျသွားသူတွေ၊ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်း၊ ဇရပ်တွေမှာ ခိုကပ်နေရသူတွေ၊ ချက်ပြုတ်စရာ၊ လျှော်ဖွပ်စရာ ရေ၊ ခြုံစရာစောင်၊ ခြင်ထောင်၊ ဆီး၊ ၀မ်း၊ အညစ်အကြေးစွန့်စရာ အိမ်သာ၊ အညစ်အကြေးစွန့်ပြီး ကိုယ့်ကိုကိုယ် ပြန်သန့်စင်ဖို့ရေ… ဘုရား ဘုရား။ ရေ၀ိုင်းနေသည့် ပလုံစီအိမ်သာတွေ၊ ကျွဲ၊ နွား၊ ခွေး၊ တိရစ္ဆာန်အသေကောင်တွေ၊ လူသေအလောင်းတွေ၊ ရေမျောကမ်းတင် ဖောင်ပုံသဏ္ဍာန်တောင်ဖြစ်နေသည့် လူသေအလောင်းတွေ၊ ထိုရေတွေက ဘယ်လောက်တောင် ညစ်ညမ်းနံစော်နေမလဲ။ အဲသည်ကနေ ဖြစ်လာမည့် ရောဂါတွေကို ကျွန်မကြိုတင်တွေးမိသွားသည်။ သောက်ရေ၊ သုံးရေ၊ ရေသန့်မရသည့်အခါ ရှိသည့်ရေထဲမှာနေ…၊ ရှိသည့်ရေကိုပဲသုံး။ ရလာမှာက ၀မ်းပျက်ရောဂါ။ တစ်ယောက်ရောဂါကနေ သန့်စင်အောင် မလုပ်နိုင်လျှင် နောက်တစ်ယောက်ကိုကူး။ ဒီရေထဲမှာပဲနေ… နောက်တစ်အိမ်၊ နောက်ထပ်တစ်အိမ်၊ တစ်ရပ်ကွက်လုံး… နောက်ထပ်ရပ်ကွက်…။ အမိုးအကာ စောင်မလုံမခြုံလို့ အဆုတ်အအေးမိ ဖျားနာသည့်ရောဂါတွေ…။ ဆေးရုံတွေ လိုအပ်သည်။ ဆေးတွေ လိုသည်။ ရေကို သန့်အောင် လုပ်ပေးသည့် ဆေးပြားတွေလိုသည်။ ၀မ်းပျက်ဝမ်းလျှောသည့် လူနာကို ဆုံးရှုံးသွားသည့်ရေနှင့် ဓာတ်ဆားတွေ ပြန်ဖြည့်ပေးဖို့ ဓာတ်ဆားရည်ဖျော်စရာ ဓာတ်ဆားထုပ်တွေ လိုသည်။ ထို့ပြင် စနစ်တကျ ပြုစုကုသပေးဖို့ ကျွမ်းကျင်ပညာရှင်တွေ လိုသည်။
အမေရိကန်မှာတော့ တက္ကသိုလ်က ပညာရှင်တွေ နာဂစ်မုန်တိုင်းနှင့်ပတ်သက်ပြီး ဦးနှောက်ခြောက်၊ ဆွေးနွေးငြင်းခုံနေကြပြီတဲ့။ လေမုန်တိုင်းသည် အဆင့် ၂ (Category II) ကနေ မြေပြင်နားကပ်တော့မှ အဆင့် ၃ နဲ့ ၄ အဖြစ် (Category III နဲ့ IV အဖြစ်) ရုတ်တရက်ပြောင်းသွားတာ။ အဲဒါကို သူတို့ အဖြေရှာနေကြသည်တဲ့။ ဒါ ဘာကြောင့်လဲ။ ရာသီဥတုပြောင်းလဲမှု (Climate Change) ကြောင့်လား။ အားလုံးစဉ်းစားဆွေးနွေးနေကြသည်ဆိုပဲ။ မြန်မာပြည်ကို ကူညီထောက်ပံ့ဖို့လည်း ကြိုးစားရင်း သိပ္ပံနည်းကျကျ မုန်တိုင်း၏ ထူးခြားမှုကို အဖြေရှာဖို့ ဆွေးနွေးသုတေသနလုပ် ရှာဖွေနေကြသည်တဲ့။ ရှာဖွေကြပါ။ စဉ်းစားစမ်းသပ်ကြပါ။ ဒီလိုမုန်တိုင်းမျိုး မဖြစ်ပေါ်အောင် နိုင်ငံတကာ ပူးပေါင်းကာကွယ်ဖို့ ကြိုးစားနိုင်လျှင် ကောင်းမည်။
ကက်ထရီးနား မုန်တိုင်းက သတင်းအဖြစ်သာ၊ ကိုယ်နှင့်မဆိုင်သလို ရှိခဲ့သည်။ နာဂစ်ကျတော့ ကိုယ့်ကို တိုက်ရိုက်ထိခိုက်လာသည်။ နာမည်ကျော်ဆိုစကား တစ်ခုအတိုင်းပါပဲ။ “ဂျူးတွေကို လာခေါ်သည့်အခါ နာဇီတွေက ကျွန်တော်နှင့်မဆိုင်၊ ကျွန်တော်က ဂျူးမှ မဟုတ်ဘဲ။ သူတို့တွေကို လာခေါ်သည့်အခါ ကျွန်တော်နှင့်မဆိုင် ကျွန်တော်က သူတို့မှ မဟုတ်ဘဲ” ဆိုတဲ့ အဓိပ္ပါယ်ပါ။ အခုတော့ ကျွန်တော့်ကို လာခေါ်ကြပြီ။ တခြားသူ မရှိတော့ဘူး။ ကျွန်တော်ပါပဲ။
အခုမှပဲ ထောက်ပံ့ကယ်ဆယ်ရေးလုပ်ငန်းတွေကို ကိုယ်တိုင် ကြိုးစားရပါတော့မည်။

( ၂၀၀၈ ခုနှစ် မေလ ၁၈ ရက်နေ့ထုတ် “ Bi Weekly Eleven ” ဂျာနယ် အတွဲ ၁၊ အမှတ် ၉ မှ
ပြန်လည်ကူးယူ ဖော်ပြပါသည် )

Friday, May 16, 2008

သူ့မှာတမ်း-မင်းသုဝဏ်


သူ့မှာတမ်း
(မင်းသုဝဏ်)

သူတို့အဆုတ်၊ ထားခဲ့မြှပ်သည့်
ဗုံးငုတ်တိုက်မှား၊ မောင်ပြောက်ကြားကို
ရွာသားရွာလူ၊ မေးကြမြူသည်
အူလူယမ်းငွေ့၊ ထတုန်းတည်း။

အမောင်ပြောက်ကျား၊ ချစ်သူအားကို
ဘာများမှာကြားလိုသနည်း။
ငယ်ကကြင်မြတ်၊ မိသက်မှတ်ကို
ခွင့်လွှတ်ခဲ့ကြောင်း ပြောပါလေ။

အမောင်ပြောက်ကျား၊ မိဘအားကို
ဘာများမှာကြားလိုသနည်း။
မွေးသည့်မိခင်၊ မွေးဖခင်ကို
ဦးတင်ခဲ့ကြောင်း ပြောပါလေ။

အမောင်ပြောက်ကျား၊ တိုင်းပြည်အားကို
ဘာများမှာကြားလိုသနည်း။
ခရီးမတ်တတ်၊ လမ်းခုလတ်တွင်
ကိုယ်လွတ်ရှောင်ခွာ၊ ခွဲရပါ၍
အားနာခဲ့ကြောင်း ပြောပါလေ။

ယမ်းငွေ့အူအူ၊ တလူလူနဲ့
မေးမြူကြတုန်း၊ အနောက်ကုန်းဝယ်
နေလုံးကွယ်လေပြီတကား။ ။

သိမှတ်ဖွယ်ရာစကားလုံးများ


တစ်နေ့က စာအုပ်ဆိုင်သွားရင်း “သိမှတ်စရာ Vocabulary & Irregular Verbs” ဆိုတဲ့ စာအုပ်လေးကို တွေ့လို့ ခဏဖတ်ကြည့်မိပါတယ်။ စာရေးသူက U Win Maw (Research) ဖြစ်ပါတယ်။ အထဲမှာ ရေးထားတာတွေကို လိုက်ဖတ်ကြည့်ရင်း ပြီးပြည့်စုံတဲ့ စာအုပ်မဟုတ်ပေမယ့် အထိုက်အလျောက်တော့ မဆိုးဘူးဆိုပြီး ၀ယ်လာခဲ့ပါတယ်။ ဖတ်ကြည့်တော့လည်း မသိတဲ့စာလုံးတွေက အများကြီးမှ အများကြီး ပါပဲ။ ကိုယ့်ဘာသာ ဘာမှမသိသေးမှန်း အဲဒီစာအုပ်ကိုဖတ်ရင်း စာလုံးတွေကိုကျက်ရင်းနဲ့မှ ပိုပြီး သိလာရပါတယ်။
မြန်မာ့သွေးမိတ်ဆွေများကိုလည်း ပြန်လည်ဝေငှပေးလိုတာကြောင့် အခုလို ပို့စ်ရေးပြီး တင်ပေးလိုက်ပါတယ်။ အဲဒီလို ဝေငှခြင်းရဲ့ အကျိုးကျေးဇူးကတော့ အခုလောလောဆယ်ပဲ အဲဒီ စာလုံးတွေကို ကျွန်တော်တစ်ခေါက်ဖတ်ပြီး၊ ရေးပြီး ဖြစ်သွားတာပါပဲ။ အခုရေးပေးထားတာတွေဟာ အင်္ဂလိပ်စကားကို Native Speaker လိုမျိုး ပြောနိုင်နေကြတဲ့ ပုဂ္ဂိုလ်တွေအတွက် ရည်ရွယ်ထားတာ မဟုတ်ကြောင်း ကြိုတင်ပြောလိုပါတယ်။ အခုမှ လေ့လာနေကြသူတွေ၊ အချိန်မပေးနိုင်လို့ စကားလုံးတွေကို ရှာဖွေဖို့ ခက်ခဲနေသူတွေ၊ ဗဟုသုတအဖြစ် လေ့လာကျက်မှတ်လိုသူတွေအတွက်သာ ရည်ရွယ်ကြောင်းပါခင်ဗျား။

ယောက်ျားအသုံးအဆောင် အ၀တ်အစားများ
Gent’s Wears

ကော်လာအင်္ကျီ - collor
ကင်းပတ်ရှူး - canvass shoe
ကုတ်+ဘောင်းဘီ ၀တ်စုံ - suit
ကုတ်အင်္ကျီ - coat
ကုတ်အင်္ကျီရှည် - long-coat
ကြိုးသိုင်းဖိနပ်၊ ကွင်းထိုးဖိနပ် - sandals
ခေါင်းပေါင်း - turban (Headgear)
ခေါင်းစွပ်ဆွယ်တာအင်္ကျီ - pullover, sweater, jumper
ခါးပတ် - belt (Brace)
ခါးပတ်ခေါင်း - brace
ခါးပြတ်ကုတ်အင်္ကျီ - waist-coat
ခြေအိတ်တို - sock
ခြေအိတ်ရှည် - stocking
ဂျာကင်အင်္ကျီ - jerkin
စွပ်ကျယ်အင်္ကျီ - vest (US - man’s under shirt)
ဆွယ်တာအင်္ကျီ - sweater (US – sweatshirt)
ည၀တ်ရုံ - night gown
ည၀တ်အင်္ကျီ နှင့် ဘောင်းဘီ (ည၀တ်စုံ) – pyjamas ; pajamas
ညှပ်ဖိနပ် - slipper
တိုက်ပုံအင်္ကျီ - Myanmar jacket
ဒူးထိမြင့် ရာဘာဘွတ်ဖိနပ် - wellington, (rubber boots usually knee-high)
ဖိနပ်ကြိုး - shoe lace ; shoestring
ဘောင်းဘီ - trousers ; pants
ဘောင်းဘီတို - short pants ; Y-fronts ; (US – man’s shorts)
ဘောင်းဘီရှည် - long pants
ဘွတ်ဖိနပ် - boot
ဘွတ်ဖိနပ်ရှည် - long-boot
မိုးကာအင်္ကျီ - raincoat
မြင်းစီးဘောင်းဘီ - breeches
ရှူးဖိနပ် - shoe
ရှူးဖိနပ် ဖနောင့်ကော် - shoehorn
ရှပ်အင်္ကျီ - shirt
ရှပ်အင်္ကျီလက် - sleeve
လည်စွပ်သိုးမွှေးထည် - jersey
လက်ရှည်အင်္ကျီ - long sleeve
လက်ဆွဲသေတ္တာ - suit-case
လက်ပတ် - brassard
လက်ဆွဲအိတ် - attache case
လည်စီး - muffler
လည်ပတ်အ၀တ်ရှည် - necktie
လည်ပတ်အ၀တ်တို (ဖဲပြား) – bow
လည်ကတုံး - stiffcolar
လုံချည် - longyi
လျှာထိုးဦးထုပ် - cap
သံခမောက် - helmet
အမျိုးသားဝတ်စုံ - national costume
အတွင်းခံအင်္ကျီ - tunic
အတွင်းခံဘောင်းဘီ - under-wear pants, under-pants, suspender
အင်္ကျီကော်လာ - collar
အင်္ကျီလက်အနား - cuff
အင်္ကျီလက်ကြယ်သီး - cuff-link

မိန်းမအသုံးအဆောင် အ၀တ်အစားများ
Lady’s Wears

ကတ္တီပါဖိနပ် - velvet slipper
ကိုယ်ဝန်ဖုံးအင်္ကျီ - maternity coat
ခုံမြင့်ဒေါက်ဖိနပ် - high heel
ချွေးခံထည် - linen
ခြေအိတ်တို - socks
ခြေအိတ်ရှည် - stocking
ခေါင်းစွပ်အပေါ်အင်္ကျီရှည် - jumper
ချည်ထည် - cotton
ခြေညှပ်ဖိနပ် - slippers
ဂါဝန် - gown
ဂျပန်အမျိုးသမီးဝတ်စုံ - kimono
စကတ် - skirt
ညအိပ်ဝတ်ရုံ - night gown
တို့ပတ်ပုဝါ - puff
တဘက်၊ ခြုံလွှာ - shawl
ထက်ဆင့် (အထက်ဆင်) – top piece
ထမိန်၊ လုံချည် - a loose petticoat longyi
ထဘီ - Myanmar skirt
ပိုးထည် - silk
ပွဲထိုင်ဝတ်လွှာ - evening-gown
ဘရာစီယာ - brassiere ; bra
ဘလောက်(စ)အင်္ကျီ - blouse
ဘော်လီအင်္ကျီ - bodice
မျက်နှာသုတ်ပုဝါ - towel
မင်္ဂလာဆောင်အင်္ကျီရှည် - wedding gown
မင်္ဂလာဆောင်ဇာပုဝါ - veil
မိန်းမသုံးအတွင်းခံ - corset , suspender
မိန်းမအင်္ကျီရှည် - slip
မိန်းကလေးဂါဝန် - frock
မိန်းမအတွင်းခံ ဒူးကျပ်ဘောင်းဘီ - knickers
မြန်မာ့ရိုးရာဝတ်စုံ - traditional myanmar costume
ရင်ဖုံးအင်္ကျီ - vest
ရွှေချည်ထိုးပိုးချည် - brocade
လက်ဆွဲအိတ် - hand bag
လက်ကိုင်ပုဝါ - handkerchief
လက်ကိုင်အိတ် - hand bag
လည်ပင်းစီးပုဝါ - scarf
သိုးမွှေးဆွယ်တာ - fur sweater
အပေါ်အင်္ကျီ - jacket
အမျိုးသမီးဝတ်သောအောက်ခံအင်္ကျီရှည် - chemise
အမျိုးသမီးခုံမြင့်ဖိနပ် - lady shoe
အတွင်းခံဘောင်းဘီတို - underpants
အ၀တ်စ - close
အ၀တ်အထည် - dress
အိန္ဒိယအမျိုးသမီးခြုံထည် - sari

တွေးမိတာလေးတွေ-သာမဏေကျော်


“သာမဏေကျော်” ရေးတဲ့ “တွေးမိတာလေးတွေ” ဆိုတဲ့ စာအုပ်ထဲက ကြိုက်တာလေးတွေကို ရွေးထုတ်ပြီး တင်ပေးလိုက်ပါတယ်။

လက်မ မထောင်သင့်
ကိုယ့်အတွေးဖြင့် ရလာသောအသိသည် ရှား၏၊ နည်း၏။ မိဘ၊ ဆရာ၊ စာပေနှင့် ပတ်ဝန်းကျင်က ပေးသောအသိတို့ကသာ များ၏။ သူတစ်ပါးက ပေးလို့ရလာသော အသိများစွာကို ငါ့အတွေး၊ ငါ့အစွမ်းဖြင့် ရလာသော အသိဟု ထင်ကာ ဘ၀င်မမြင့်သင့်ပါ။ ကိုယ့်ကိုကိုယ် အထင်မကြီးသင့်ပါ။ လက်မ မထောင်သင့်ပါ။ အောက်ခြေ မလွတ်သင့်ပါ။

သော့ နှင့် သေတ္တာ
ကိုယ်သိထားသော အသိကို ကိုယ်သိသလို သူတစ်ပါးသိလာအောင် ပြောပြနိုင်မှ ထိုအသိပညာသည် ကျယ်ပြန့်လာပါမည်။ အသိပညာသည် သော့ခတ်ထားသော ရတနာသေတ္တာနှင့် မတူသင့်ပါ။

တိုင်းပြည်
ပညာရောင် တောက်ပသော တိုင်းပြည်သည် တိုးတက်၏။ ဖွံ့ဖြိုး၏။
ပညာရောင် ညှိုးသော တိုင်းပြည်သည် မတိုးတက်၊ မဖွံ့ဖြိုး။

ကြီး၍ ကြီး၍
အသက် ကြီး၍ကြီး၍လာမှ အသိပညာသည် ကြီး၍ကြီး၍ လာပေ၏။ အသက်မကြီးခင်ကပင် အသိပညာ ကြီးနေလျှင် မည်မျှကောင်းလိုက်လေမည်နည်း။

ကောင်းခဲ့မှ
သားကောင်း သမီးကောင်း ဖြစ်ခဲ့သူသည် မိကောင်း ဘကောင်း ဖြစ်နိုင်၏။
တပည့်ကောင်း ဖြစ်ခဲ့သူသည် ဆရာကောင်း ဖြစ်နိုင်၏။

ဝါသနာ
ကိုယ်ဝါသနာပါသောအလုပ်ကို လုပ်နေရလျှင် ပင်ပန်းပေမယ့် ပင်ပန်းရမှန်းမသိ၊ မောပေမယ့် မောရမှန်း မသိ။ ပျော်၏။ ကြည်နူး၏။ ကျေနပ်၏။

ပတ်ဝန်းကျင်
အပေါင်းအသင်း ပတ်ဝန်းကျင်သည် လူတစ်ယောက်ကို အထက်ရောက်သွားအောင်လည်း မြှင့်တင်ပေးနိုင်၏။ အောက်ရောက်သွားအောင်လည်း ဆွဲချနိုင်ပါ၏။ ထိုမျှလောက်ပင် ပတ်ဝန်းကျင်သည် အရေးပါအရာရောက်လှပါ၏။

သင်မြှင့်မှသာ
သင့်ကျိုးလိုလား၊ လူအများက၊ သင့်အား မြင့်ရာ၊ ထားတုံ ပါလည်း၊ သင့်မှာမမြင့်၊ စိတ်လေလွင့်ကြောင့်၊ အသင့်ဘ၀၊ မနိမ့်ကျသင့်၊ လေလွင့်စိတ်ထား၊ သိတရားဖြင့်၊ ပယ်ရှားသင့်၏။
မမြင့်အတွေး၊ သင်မတွေးသင့်၊
မမြင့်အကြံ၊ သင်မကြံသင့်၊
မမြင့်စိတ်ထား၊ သင်မထားသင့်၊
အတွေးမြင့်မြင့်၊ သင်တွေးသင့်၏၊
အကြံမြင့်မြင့်၊ သင်ကြံသင့်၏၊
စိတ်ထားမြင့်မြင့်၊ သင်ထားသင့်၏။
တွေးကြံမြင့်မြင့်၊ စိတ်မြင့်မြင့်ဖြင့်၊ အသင့်ဘ၀၊ သင်မြှင့်မှသာ၊ ဘ၀နောင်ခါ၊ စဉ်သာယာမည်၊ သေချာမုချ မလွဲတည်း။

အပြုသမား
မိမိဘ၀အတွက်လည်း အပြုသမားသာ ဖြစ်ရမည်၊ အဖျက်သမား မဖြစ်ရ။
သူတစ်ပါးအတွက်လည်း အပြုသမားသာ ဖြစ်ရမည်၊ အဖျက်သမား မဖြစ်ရ။

Thursday, May 15, 2008

သင်ဘာကိုမြင်ပါသလဲ


စီးပွားရေးပညာရှင်တစ်ဦးအား စီးပွားရေးလုပ်ငန်းရှင်တစ်စုက ဟောပြောစေပါသည်။ ပညာရှင်က စက္ကူဖြူ ခပ်ကြီးကြီးတစ်ချပ်ကို ယူလိုက်ပါသည်။ ထိုစက္ကူပေါ်တွင် အမည်းစက်တစ်စက်ရေးပြီး ရှေ့တန်းတွင် ထိုင်နေသူ တစ်ဦးအား ဘာမြင်ပါသလဲဟု မေးပါသည်။
ထိုလူက ချက်ချင်း ဖြေပါသည်။ “အမည်းစက်” ကို မြင်ပါသည်။
ဟောပြောသူက လာရောက်နားထောင်သူတိုင်းအား ထိုမေးခွန်းကိုပင်မေးပါသည်။ လူတိုင်းက “အမည်းစက်” ကို မြင်သည်ဟုသာ ဖြေကြပါသည်။
အေးအေးသာသာ လေးလေးနက်နက်ထားပြီး စီးပွားရေးပညာရှင်က သူမပြောလိုချက်ကို မီးမောင်းထိုးပြပါသည်။
“ဟုတ်ပါတယ်၊ ဒီမှာ အမည်းစက် ငယ်ငယ်လေးရှိပါတယ်။ ဒါပေမယ့် ရှင်တို့တစ်ယောက်မှ စက္ကူဖြူ အချပ်ကြီးကိုတော့ မဖော်ပြကြပါဘူး။ အဲဒါ ကျွန်မ ပြောချင်တဲ့ စကားပါပဲ” ဟု ပြောလိုက်ပါသည်။
Chrisstopher Newsletter

( ဒေါက်တာသိန်းလွင် ၏ စိတ်ကျန်းမာရေး အတွေးစာစုများ မှ ပြန်လည်ကူးယူ ဖော်ပြပါသည် )

Tuesday, May 13, 2008

နာဂစ်မုန်တိုင်း၏ဂယက်


မုန်တိုင်း၏ ဂယက် (သို့မဟုတ်) အသက်ဘေးမှ လွတ်မြောက်လာသူများ၏ အသံများ

ကျွန်တော်က လပွတ္တာမြို့နယ်ထဲမှာ မုန်တိုင်းအပြင်းထန်ဆုံး ခံစားခဲ့ရတဲ့ ပြင်စလူကျေးရွာကပါ။ မုန်တိုင်းလာပြီး ရေက ပေ ၂၀ နဲ့ အထက် တက်လာပါတယ်။ အိမ်တွေလည်ပြိုပျက်ပြီး ရေထဲပါသွားတယ်။ ကျွန်တော်လည်း သမီးနှစ်ယောက်ကိုချီပြီး ရေကူးခဲ့ရတယ်။ အဲဒီမှာ လှိုင်းကပြင်းတော့ သမီးနှစ်ယောက်မှာ တစ်ယောက်သေသွားတယ်။ အဲဒါနဲ့ အဲဒီတစ်ယောက်ကို ရေထဲမှာပဲ လက်လွှတ်ခဲ့ရတယ်။ နောက်တစ်ယောက်ကို ချီပြီး ရေထဲမှာ အကြာကြီးမျောနေတယ်။ သစ်ပင်တစ်ပင်ကိုတွေ့လို့ လှမ်းပြီး ဆွဲထားလိုက်တယ်။ မုန်တိုင်းငြိမ်လို့ လက်ထဲကျန်တဲ့ ကလေးကိုကြည့်တော့ သေဆုံးနေပြန်တယ်။ မိန်းမနဲ့ မိဘတွေက အစကတည်းက မျောသွားတာ တွေ့လိုက်တယ်။ အခုတော့ ကျွန်တော်တစ်ယောက်တည်းပဲ ကျန်တော့တယ်။ ကျန်တဲ့လူတွေလည်း ဒီလိုပါပဲ။ ရွာနဲ့အဝေးကြီးကို လွင့်သွားတယ်။ အဲဒီကတစ်ဆင့် လပွတ္တာကို လမ်းလျှောက်လာတာပါ။ လမ်းမှာ စက်လှေကြုံနဲ့ တွေ့ပြီး ဆက်လိုက်လာတာပါ။ ရွာတွေအားလုံးနီးပါး ရေလွှမ်းခံရလို့ သောက်စရာရေ မရှိတော့ပါဘူး။ စားစရာလည်းမရှိဘူး။ အဲဒီအတွက် အုန်းရည်သောက်တယ်။ အုန်းထိပ်ဖူးအနုလေးတွေကိုစားပြီး အားတင်းနေခဲ့ရသေးတယ်။ ကျန်တဲ့သူတွေလည်း အုန်းရည်သောက်ပြီး အသက်ဆက်ခဲ့ရတယ် ဟု လပွတ္တာမြို့နယ် ပြင်စလူမြို့နယ်ခွဲမှ မုန်တိုင်းဒဏ်မှ လွတ်မြောက်ခဲ့သူတစ်ဦးက ဆိုသည်။

ကျွန်မက သင်္ဃန်းကြီးကျေးရွာက ကျောင်းဆရာမတစ်ဦးပါ။ ရွာကတော်တော်များများကို သေဆုံးခဲ့ကြရပါတယ်။ အနီးအနားရွာလေးတွေကတော့ ပျောက်ထွက်သွားတယ်။ ကျွန်မတို့လည်း ဘုန်းကြီးကျောင်း ခေါင်မိုးပေါ် တက်နေရတယ်။ ခေါင်းပေါ်ကနေ သွပ်တွေ၊ သစ်သားချောင်းတွေ ကျော်ထွက်နေတယ်။ လေထဲမှာပါလာတဲ့ ၀ါးလုံးတွေလည်း လူကိုလာရိုက်တယ်။ အားတင်းပြီး ကိုင်ထားရတယ်။ လှိုင်းကလည်း လာရိုက်တယ်။ မခံနိုင်တဲ့သူဆို လွတ်ထွက်သွားပြီး မုန်တိုင်းထဲ ပါသွားပြန်တယ်။ တစ်ညလုံး မုန်တိုင်းဒဏ်ကို ခံလိုက်ရတယ်။ ကျွန်မတို့ရွာက ပင်လယ်နဲ့ နီးနီးလေး ပဲလေ။ နောက်နေ့ကျတော့လည်း ရွာမှာသောက်စရာ ရေမရှိ၊ စားစရာလည်းမရှိလို့ အုန်းရည်ပဲ သောက်နေရတယ်။ အဲဒီကနေတစ်ဆင့် ဒီကို ကုန်းကြောင်းလျှောက်လာတာ။ လမ်းမှာဆိုရင် သေဆုံးနေသူတွေ အများကြီးတွေ့ခဲ့ရတယ်။ ကျွန်မတို့ရွာမှာလည်း လေးပုံသုံးပုံလောက် သေမယ်လို့ ခန့်မှန်းရတယ်။ ကျွဲတွေလည်းသေတာ မနည်းဘူး။ ကျွန်မတို့နားက ရွေးရွာဆိုရင် ငါးယောက်လောက်ပဲ အသက်ရှင်တာ တွေ့ရတယ် ဟု လပွတ္တာမြို့နယ် သင်္ဃန်းကြီးကျေးရွာမှ ကျောင်းဆရာမတစ်ဦးက ဆိုသည်။

ကျွန်တော်က ရေဝေရွာကပါ။ မေလ ၂ ရက်နေ့ နေ့လည် ၂ နာရီ မုန်တိုင်းစ၀င်တယ်။ မမှောင်ခင်မှာ ကျွန်တော်တို့ရွာပျောက်သွားတယ်။ အားလုံးရေထဲ မျောပါသွားတယ်။ မိုးရေတွေကလည်း ငန်တယ်။ အသားတွေကို ထိရင် အရေပြားလန်ထွက်တယ်။ ကျွန်တော့်ကျောပြင်တစ်ခုလုံး အရေပြားတွေ လန်နေတယ်။ မိုးဒဏ်ကိုလည်းခံရ၊ လေဒဏ်ကလည်းပြင်း၊ လှိုင်းကလည်း အမြင့်ကြီးတွေလာတယ်။ ရေထဲမှာပဲ မျောနေတယ်။ ရေထဲမှာ သစ်ပင်တွေနဲ့ ဆောင့်မိသေးတယ်။ ကျွန်တော်သတိရတော့ ခြုံကြီးပေါ် တင်နေတာ တွေ့ရတယ်။ မုန်တိုင်းစတုန်းက မိသားစုကို လှေပေါ်တင်ထားတာ လှိုင်းက လှေကို အုပ်သွားတာ တွေ့လိုက်ရတယ်။ ကျွန်တော်တစ်ယောက်ပဲ ကျန်တော့တယ်ဗျာ။ တစ်ရွာလုံး၊ တစ်နယ်လုံး ဒီလိုပါပဲ။ မိသားစုလိုက်လွတ်မြောက်တာ မရှိသလောက်ပါပဲ။ ကျွန်တော်လည်း ရေနဲ့မျောသွားတာ ရေဝေရွာကနေ မျောတာ သံကြိုးဝိုင်းရွာရောက်တဲ့အထိပါပဲ။ ကျွန်တော့်အစ်ကိုနှစ်ယောက်ကတော့ ဆုံးပြီ ဟု ရေဝေကျေးရွာမှ အသက်ရှင်လွတ်မြောက်လာသူတစ်ဦးက ပြောပြခဲ့ပါသည်။

ကျွန်တော်တို့က ပြာမလော့မြစ်ကမ်းဘေးက ကနုကမာရွာကပါ။ လွှစာအုပ်စုထဲမှာ ပါတယ်။ မုန်တိုင်းက ၂ နာရီမှာ စ၀င်တယ်။ မုန်တိုင်းတိုက်ပြီး နှစ်နာရီ၊ သုံးနာရီပဲကြာတယ်။ တစ်ရွာလုံး အိမ်တွေကုန်သွားတယ်။ လှိုင်းက ပေ ၂၀ အထက်မှာ ရှိနေတယ်။ ကြေညာထားတာက ၁၂ ပေပဲ တက်မယ်တဲ့။ သေတဲ့အထဲမှာ ကလေးနဲ့ မိန်းမတွေက အများဆုံးပဲ။ ယောက်ျားတွေပဲ ရှင်တာများတယ်။ တစ်ရွာလုံးအော်နေကြတာ ကမ္ဘာပျက်နေသလိုပဲ။ လမ်းမှာတွေ့ရတယ်။ တစ်ချို့က နှစ်ယောက်တွဲ၊ တစ်ချို့က မိသားစုလိုက် ကြိုးနဲ့ တွဲလျက်သေနေတာ တွေ့ရတယ်ဗျာ ဟု လပွတ္တာမြို့နယ် ကနုကမာရွာမှ မုန်တိုင်းဘေးဒဏ်ခံခဲ့ရသူ တစ်ဦးက ရှင်းပြခဲ့သည်။

ကျွန်တော်က မြို့ခံဆရာဝန်တစ်ဦးပါ။ လူပေါင်း သုံးလေးသောင်းလောက် ဒီလိုပဲ နေ့တိုင်း မစင်စွန့်တာက နောက်ဆက်တွဲရောဂါကို ဖိတ်ခေါ်နေသလိုပါပဲ။ ဒါကို သတ်သတ်မှတ်မှတ် လုပ်ပေးဖို့ လိုပါတယ်။ နောက် ရေထဲမှာ အလောင်းတွေကိုလည်း မရှင်းလင်းရသေးတော့ အဲဒီကတစ်ဆင့် ရောဂါဖြစ်ပွားမှာလည်း အရမ်းစိုးရိမ်ပါတယ် ဟု ဒေသခံ ဆရာဝန်တစ်ဦးက ဆိုသည်။

( ၂၀၀၈ ခုနှစ် မေလ ၁၄ ရက်နေ့ထုတ် Weekly Eleven Journal အတွဲ (၃)၊ အမှတ် (၃၀) မှ ပြန်လည် ကူးယူဖော်ပြပါသည် )

နာဂစ်ဆိုတာဘာလဲ?


နာဂစ်ဆိုသည်မှာ အူရဒူဘာသာစကားအရ ဒက်ဖိုဒီလ်ပန်းအား ခေါ်ဝေါ်ခြင်းဖြစ်ပြီး ပါကစ္စတန်နိုင်ငံက ပေးထားသည့်နာမည်ဖြစ်သည်။ အိန္ဒိယမိုးလေ၀သဌာနက မြောက်အိန္ဒိယသမုဒ္ဒရာခြမ်းတွင် ဖြစ်ပွားသော မုန်တိုင်းများအား အမည်ပေးရန် အိန္ဒိယသမုဒ္ဒရာခြမ်းနိုင်ငံ ရှစ်နိုင်ငံမှ တောင်းခံထားသော အမည်များအနက်မှ တစ်ခုဖြစ်သည်။
ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ မော်လဒိုက်၊ မြန်မာ၊ အိုမန်၊ ပါကစ္စတန်၊ ထိုင်း၊ သီရိလင်္ကာနိုင်ငံ ရှစ်နိုင်ငံမှ ပညာရှင်များက အမည်ပေးထားခြင်းဖြစ်သည်။ မုန်တိုင်းအမည် မှည့်ခေါ်ရာတွင် ယင်းနိုင်ငံများကို အက္ခရာစဉ်လိုက်စီ၍ ၎င်းတို့ပေးထားသော အမည်များကို အသုံးပြုခြင်း ဖြစ်သည်။ နောက်ဆုံး မုန်တိုင်း ခြောက်ခုမှာ အော့ဂနီ (ဘင်္ဂလားဒေ့ရှ်)၊ အာကက်ရှ်(အိန္ဒိယ)၊ ဂိုနူး(မော်လဒိုက်)၊ ရေမြင်း(မြန်မာ)၊ စီဒါ(အိုမန်)၊ နာဂစ်(ပါကစ္စတန်)တို့ ဖြစ်ပြီး နောက်လာမည့်မုန်တိုင်းမှာ အက္ခရာစဉ်အရ အလှည့်ကျသော သီရိလင်္ကာနိုင်ငံမှ ပေးထားသည့် အာဘီ ဖြစ်သည်။

( ၂၀၀၈ ခုနှစ် မေလ ၁၄ ရက်နေ့ထုတ် Weekly Eleven Journal အတွဲ (၃)၊ အမှတ် (၃၀) မှ ပြန်လည် ကူးယူဖော်ပြပါသည် )

Monday, May 12, 2008

ချန်ပီယံမန်ယူ



၂၀၀၇-၀၈ ဘောလုံးရာသီ အင်္ဂလန်ပရီးမီးယားလိဂ်ရဲ့ နောက်ဆုံးပွဲစဉ်များကို ၁၁-၅-၂၀၀၈ ရက်နေ့က ယှဉ်ပြိုင်ကစားခဲ့ကြပါတယ်။ ပွဲစဉ်-၃၇ ပြီးတဲ့အထိ ၈၄ မှတ်တူနဲ့ ချန်ပီယံဆုအတွက် အပြိုင်ဖြစ်ခဲ့ကြတဲ့ မန်ယူ အသင်းနဲ့ ချဲလ်ဆီးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ပွဲစဉ်တွေဟာ တစ်ကမ္ဘာလုံးက ဘောလုံးဝါသနာရှင်တွေ အတွက် စောင့်ကြည့်ရင်ခုန်ခဲ့ကြရတဲ့ ပွဲစဉ်တွေဖြစ်ခဲ့သလို တန်းဆင်းဇုန်ကလွတ်မြောက်ဖို့အတွက် ရှိသမျှကို ညှစ်ပြီး ကစားခဲ့ကြတဲ့ အောက်ဆုံးနားက အသင်းတွေရဲ့ ယှဉ်ပြိုင်မှုကလည်း ပရိသတ်တွေကို ဖျော်ဖြေမှုအပြည့် ပေးနိုင်ခဲ့တာကို တွေ့ရပါတယ်။
ဇယားထိပ်ဆုံးကို ဆုပ်ကိုင်ထားခဲ့တဲ့ မန်ယူအသင်းဟာ ၀ီဂန်အသင်းနဲ့ အဝေးကွင်းမှာ သွားရောက်ယှဉ်ပြိုင် ကစားခဲ့ရတာ ဖြစ်ပါတယ်။ သူတို့အတွက် တစ်ခုအားသာတာကတော့ ၀ီဂန်အသင်းကို အနိုင်ကစားနိုင်တာနဲ့ ချဲလ်ဆီးအသင်းရဲ့ ရလဒ်ကို စောင့်စရာမလိုဘဲ ချန်ပီယံဖြစ်ခွင့်ရရှိမှာပဲ ဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းကတော့ အိမ်ကွင်းစတန်းဖို့ဘရစ်မှာ ဘော်လ်တန်ကို လက်ခံကစားခဲ့ရတာဖြစ်ပါတယ်။
မန်ယူနဲ့ ၀ီဂန်နဲ့ပွဲဟာ အင်မတန်စိတ်လှုပ်ရှားဖို့ကောင်းလောက်အောင်ကို ပြိုင်ဆိုင်မှု ပြင်းထန်ခဲ့ကြပါတယ်။ အထူးသဖြင့် ၀ီဂန်အသင်းဟာ အမှတ်မလိုတော့ပေမယ့် ပရော်ဖက်ရှင်နယ်ပီသစွာပဲ သူတို့အသင်းကို အလွယ်တကူအနိုင်ယူပြီး မန်ယူချန်ပီယံဖလားယူသွားတာမျိုး အဖြစ်မခံဘဲ ကစားပြခဲ့ပါတယ်။ အဲဒီပွဲမှာ ကစားသွားခဲ့တဲ့ ၀ီဂန်ရဲ့ ကစားပုံဟာ ချီးကျူးစရာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် အောင်မြင်မှုကို ဆာလောင်နေကြတဲ့ မန်ယူအသင်းသားတွေနဲ့ ပရိသတ်တွေရဲ့ နိုင်လိုစိတ်ကိုတော့ ၀ီဂန်တို့ မယှဉ်နိုင်ခဲ့ပါဘူး။ ပထမပိုင်းမှာ ပင်နယ်တီကတစ်ဆင့် စီရိုနယ်လ်ဒိုက ပရီးမီးယားလိဂ်မှာ သူ့ရဲ့ ၃၁ ဂိုးမြောက်အဖြစ် သွင်းယူပြီး ဦးဆောင်ယှဉ်ပြိုင်ခဲ့ပါတယ်။ အဲဒီအချိန်မှာ ချဲလ်ဆီးအသင်းကတော့ ဘော်လ်တန်နဲ့ ဂိုးမရှိသရေကစားလျက် ရှိပါတယ်။
ဒုတိယပိုင်းမှာ ချဲလ်ဆီးက လူစားဝင်ကစားတဲ့ ရှက်ဖ်ချင်ကိုက ဂိုးသွင်းယူလိုက်တဲ့အတွက် ချန်ပီယံလုပွဲဟာ ပြန်ပြီးအသက်ဝင်လာခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီဖက်မှာ ကန်နေရတဲ့ မန်ယူအသင်းဟာ ၀ီဂန်ရဲ့ တန်ပြန် ထိုးဖောက်တိုက်စစ်ဆင်မှုတွေကြောင့် ဂိုးပေးရလုအခြေအနေတွေ မကြာခဏ ဖြစ်နေခဲ့လို့ပါ။ ကြည့်နေတဲ့ ပရိသတ်တွေအားလုံးဟာလည်း ရင်ခုန်သံအပြည့်နဲ့ အသံတွေတောင် တိတ်နေခဲ့ရပါတယ်။ တစ်ဖက်က ချဲလ်ဆီးက တစ်ဂိုးသွင်းပြီး နိုင်နေပြီဖြစ်တဲ့အတွက် မန်ယူအနေနဲ့ သရေကျလို့မရတော့တဲ့ အခြေအနေဟာ အင်မတန်မှပဲ ပွဲကြည့်ပရိသတ်တွေအတွက် ရင်တမမ ဖြစ်စေခဲ့ရပါတယ်။ မိနစ် ၆၀ ကျော်တဲ့ အချိန်မှာတော့ မန်ယူနည်းပြဖာဂူဆန်ဟာ ကွင်းလယ်က အ၀ါထိထားပြီး ဒိုင်လူကြီးစတိဘန်းနတ်ရဲ့ နောက်ဆုံး အကြိမ်သတိပေးခြင်းကို ခံထားရတဲ့ ပေါလ်စခိုးနေရာမှာ အိုဝင်ဟားဂရေ့စ် နဲ့ ပက်ဂျီဆန် နေရာမှာ မန်ယူအသင်းအတွက် ပွဲအများဆုံးကစားတဲ့စံချိန်တင်မယ့် ရွိုင်ယန်ဂစ်တို့ကို လူစားလဲကစားခဲ့ပါတယ်။ ဖာဂူဆန် ရဲ့ လူစားလဲကစားတာ မှန်ကန်မှုကြောင့် မိနစ် ၈၀ ကျော်မှာ ရွန်းနေ ဖန်တီးပေးတာကတစ်ဆင့် ရွိုင်ယန်ဂစ်က မန်ယူအသင်းကို ချန်ပီယံအဖြစ်သေချာစေမယ့် အနိုင်ဂိုးကို အပိုင်ကန်သွင်းပေးခဲ့ပါတယ်။
မန်ယူအသင်းက ဒုတိယဂိုးသွင်းလိုက်တာနဲ့ တစ်ပြိုင်နက် ချဲလ်ဆီးကွင်းမှာ အားပေးနေကြတဲ့ ပရိသတ်တွေ အားလုံး ငြိမ်ကျသွားပါတယ်။ ရေဒီယိုကနေနားထောင်နေကြတဲ့ ဘောလုံးပွဲကြည့် ချဲလ်ဆီးပရိသတ်ဟာ သူတို့ အသင်း ချန်ပီယံဖြစ်နိုင်သေးတယ်ဆိုတဲ့ မျှော်လင့်ချက်အလင်းရောင် ကုန်ဆုံးသွားပြီဆိုတာကို သိလိုက်ကြပါတယ်။ ဒါပေမယ့် ချန်ပီယံဖြစ်တဲ့ မန်ယူအသင်းနဲ့ အမှတ်တူ ဂိုးကွာခြားချက်အသာကြောင့်သာ ဒုတိယနေရာကို ရလိုက်တယ်ဆိုတဲ့ ဖြေတွေးလေးတွေကို ရင်မှာပိုက်ပြီး သူတို့အသင်းကို အားပေးနေခဲ့ကြပါတယ်။ အံ့သြစရာကောင်းလောက်အောင်ပဲ ပွဲပြီးခါနီး မိနစ်ပိုင်းအလိုမှာ ဘော်လ်တန်အသင်း က ချေပဂိုးတစ်ဂိုး သွင်းယူပြီး ချဲလ်ဆီးအသင်းနဲ့တကွ အားပေးသူပရိသတ်အားလုံးကို ဆွံ့အသွားစေခဲ့ပါတယ်။
ဘော်လ်တန်က ချေပဂိုးသွင်းလိုက်တဲ့အချိန်မှာ မန်ယူနဲ့ ၀ီဂန်ပွဲဟာ မပြီးဆုံးသေးပါဘူး။ ဒါပေမယ့် မန်ယူနည်းပြ ဖာဂူဆန်ဟာ ဘော်လ်တန်ဂိုးသွင်းလိုက်တယ်လို့ သိလိုက်တာနဲ့ တစ်ပြိုင်နက် လက်ဆန့်တန်းပြီး အောင်ပွဲခံခဲ့ ပါတယ်။ မန်ယူအသင်းချန်ပီယံဖြစ်သွားပြီဆိုတာ သေချာသွားခဲ့မှန်း သူသိသွားခဲ့ပါတယ်။
၂၀၀၇-၀၈ အင်္ဂလန်ပရီးမီးယားလိဂ်ရဲ့ ချန်ပီယံအဖြစ် မန်ချက်စတာယူနိုက်တက်အသင်းက ၂-နှစ်ဆက်တိုက် ရရှိသွားခဲ့ပြီဖြစ်ပါတယ်။ မန်ယူနည်းပြ ဖာဂူဆန်အနေနဲ့ ပရီးမီးယားလိဂ် ချန်ပီယံဖလားကို ၁၀ ကြိမ်မြောက် ရရှိတာ ဖြစ်ပြီး၊ မန်ယူအသင်းအနေနဲ့တော့ အင်္ဂလန် အမှတ်ပေးပြိုင်ပွဲ ချန်ပီယံဖလားဆုကို ၁၇ ကြိမ်မြောက် ရရှိခဲ့တာဖြစ်ပါတယ်။ မန်ယူအသင်းထက် တစ်ကြိမ်ပိုပြီး ရထားတဲ့ လီဗာပူးလ် ၁၈ ကြိမ်ပြီးရင် မန်ယူအသင်းဟာ အမှတ်ပေးပြိုင်ပွဲသမိုင်းတစ်လျှောက်မှာ အောင်မြင်မှုအရှိဆုံး အသင်းအဖြစ် ဆက်လက် သမိုင်းမှတ်တမ်း ရေးထိုးနိုင်ခဲ့ပါတယ်။ ပရီးမီးယားလိဂ်အဖြစ် စတင်ကျင်းပခဲ့တဲ့ ပြိုင်ပွဲတွေကိုပဲ တွက်မယ်ဆိုရင်တော့ မန်ယူအသင်းဟာ ပြိုင်ဘက်မရှိ အများဆုံးဗိုလ်စွဲထားနိုင်တဲ့ အသင်းဖြစ်ပါတယ်။
အခြားသော ပွဲစဉ်တွေမှာတော့ အံ့သြစရာ ရလဒ်တွေအများကြီး ထွက်ပေါ်ခဲ့ပါတယ်။
ဒီရာသီကုန်ရင် အသင်းကနေ ထွက်ရတော့မယ်လို့ နာမည်ကြီးနေတဲ့ အဲရစ်ဆင်ရဲ့ မန်စီးတီးအသင်းဟာ အဝေးကွင်းမှာ မစ်ဒယ်ဘရော့အသင်းကို စံချိန်တင်အရှုံးအဖြစ် ၈ ဂိုး ၁ ဂိုး နဲ့ မရှုမလှ ရှုံးနိမ့်ခဲ့ရပါတယ်။
အောက်တန်းဆင်းဖို့ သေချာနေတဲ့ ဒါဘီအသင်းကို ရီးဒင်းအသင်းက ၄ ဂိုး ဂိုးမရှိနဲ့ နိုင်ခဲ့ပေမယ့် တန်းဆင်း ပြိုင်ဖက် ဖူလ်ဟမ်အသင်းက အံ့သြဖွယ်ရာ အဝေးကွင်းမှာ ပို့စ်မောက်ကို အနိုင်ကစားခဲ့တဲ့အတွက် အမှတ်တူ ဂိုးကွာခြားချက်နဲ့ တန်းဆင်းသွားခဲ့ရပါတယ်။
တန်းဆင်းသွားခဲ့ရတဲ့ အသင်း(၃)သင်းကတော့-
(၁) ဒါဘီ
(၂) ဘာမင်ဂမ်
(၃) ရီးဒင်း တို့ပဲ ဖြစ်ပါတယ်။
ချန်ပီယံလိဂ် ၀င်ရောက်ယှဉ်ပြိုင်ခွင့်ရသွားတဲ့အသင်းတွေကတော့
(၁) မန်ယူ
(၂) ချဲလ်ဆီး
(၃) အာစင်နယ်
(၄) လီဗာပူးလ် တို့ ဖြစ်ပါတယ်။
ဘယ်လိုပဲ ဖြစ်ဖြစ် တစ်ကမ္ဘာလုံးက ဘောလုံးပရိသတ်တွေ အပတ်စဉ် စောင့်မျှော်ကြည့်ရှု အားပေးခဲ့ရတဲ့ စိတ်လှုပ်ရှားဖွယ်ရာအပြည့်၊ ပြိုင်ဆိုင်မှုအပြည့်နဲ့ ၂၀၀၇-၀၈ အင်္ဂလန်ပရီးမီးယားလိဂ်ပြိုင်ပွဲကြီးကတော့ ပြီးဆုံး သွားခဲ့ပြီ ဖြစ်ပါတယ်။ ဒီနှစ်မှာ မန်ယူအသင်းဟာ ချန်ပီယံအသင်းအဖြစ် ပေါ်ထွက်ခဲ့ပြီး တောင်ပံကစားသမား စီရိုနယ်လ်ဒိုကလည်း ရှိသမျှသော အကောင်းဆုံးဆုတွေနဲ့ ဂိုးသွင်းအများဆုံးဆုကိုပါ ရရှိသွားခဲ့ပါတယ်။
နောက်နှစ်တွေမှာလည်း ပရီးမီးယားလိဂ်ရဲ့ ပုံစံအတိုင်း ဘယ်သူတွေ ပြိုင်ဆိုင်မှုပြင်းထန်စွာနဲ့ ချန်ပီယံဆုဖလား ကို လက်လှမ်းကြမလဲဆိုတာကို စောင့်ကြည့်ရင်ခုန်ကြရဦးမှာ အသေအချာပါပဲ..............။


ကဗျာတစ်ပုဒ်ပါ


(တောကျောင်းဘုန်းကြီး ရဲ့ ကဗျာတစ်ပုဒ်ပါ။ ခံစားကြည့်ပါဦး)


ပီဠိယက္ခ ဆိုတာ
လူနဲ့သမင်တောင် မခွဲခြားတတ်တဲ့
ခပ်ညံ့ညံ့ မြားပစ်သမားပဲ။

လေးတင်ပွဲတုန်းက
ရာမ ဆိုတဲ့ ကောင်လေးကို သနားလို့
ဝင်မပြိုင်ဘဲ “ပတ်စ်” ပေးခဲ့တာ
အဟုတ်ကြီး ထင်မနေနဲ့။

ခေါင်းပေါ်က ပန်းသီးကို
မှန်အောင် ပစ်နိုင်ရုံကလေးနဲ့
သူ့ကိုယ်သူ
လေးသည်ကျော်ကြီး ၀ီလျံတဲဆိုပါလား
သနားတယ်။

အမယ် ရော်ဘင်ဟုဒ်တဲ့
ဇနပုဒ် တောပုန်းကလေးကများ
ရာရာစစ
တော်ရာမှာ သွားပစ်စမ်းကွယ်။

တကယ်တော့
လောကမှာ လေးစွမ်းအထက်ဆုံးဆိုတဲ့
သိဒ္ဓတ္ထ မင်းသားတောင်
ငယ်နုစဉ်က
ကျုပ်မြားချက်ကိုတော့
လွတ်အောင်မရှောင်နိုင်ခဲ့ပါဘူး။

ဟုတ်ပါ့….
မြားနတ်မောင်ဆိုတာ
ဘယ်တော့မှ အပေါ်ထောင်မပစ်ဘူးလေ။

(မင်းလူ ၏ အလွမ်းသစ် ၀တ္ထုမှ ပြန်လည်ကောက်နုတ်ကူးယူဖော်ပြပါသည်)

လူတွေသည်အာလူးနှင့်တူ၏


“Though Times Never Last, But Though People Do!” စာအုပ် ပြုစုရေးသားသူ ရောဘတ်ရှူးလာ Robert H. Schuller က “လူတွေသည် အာလူးနှင့် တူ၏” ဟု ဆိုလိုက်သည်။
ဘယ်ကိစ္စမှာ တူသနည်း။
ဘယ်အကြောင်းအချက်နှင့် နှီးနွယ်ကာ အာလူးနှင့် လူကို ဆက်စပ်နှိုင်းယှဉ်မှု ပြုလိုက်သနည်း။
ရှင်းပါမည်။
ရှူးလာ အကျွမ်းဝင်သည့် အိုင်ဒါဟိုးဒေသက ယာသမားတွေ အာလူးစိုက်ကြသည်။ အာလူးခင်းတွေ ဖော်ပြီးပြီဆိုလျှင် အတော်ဦးနှောက်ခြောက်စရာ အလုပ်တစ်ခု သူတို့ လုပ်ကြရသည်။ အဲဒါက အာလူးကို အကြီး အလတ် အသေး ရွေးကြရခြင်းဖြစ်သည်။
အာလူးစိုက်ရတာက သူတို့အတွက် အပန်းမကြီး။ အာလူးတစ်လုံးစီကို တစ်ကိုင်ကိုင်လုပ်ကာ ဟိုတောင်းထဲ ထည့်ရမလား၊ ဒီတောင်းထဲထည့်ရမလား စဉ်းစားဝေဖန်နေရတာ သူတို့ကြောက်ကြသည်။ သို့သော် မြို့က ဒိုင်မှာ သွားရောင်းသည့်အခါ အရောရောအနှောနှော ရောင်း၍ မရ။ သုံးမျိုးခွဲသွင်းမှ လက်ခံသည်။ ဈေးကလည်း သုံးမျိုး။ အကြီးဆုံးက ဈေးအကောင်းဆုံး၊ အဲသည်တော့လည်း မလွှဲမရှောင်သာ မြို့ဈေးသို့မသွားမီ အာလူးတွေ အကြီးအလတ်အသေးရွေးကာ အိတ်တွေထဲ သီးခြားစီ ခွဲထည့်သည့်အလုပ်ကို စိတ်ပင်ပန်းခံ၍ သူတို့လုပ်ကြရသည်။
အိုင်ဒါဟိုး ယာသမားများထဲမှာ တစ်ယောက်ကတော့ ထူးခြားသည်။ သူက ခွဲခြားခြင်း၊ အိတ်သွတ်ခြင်းလည်း မရှိ။ သည်အတိုင်း လှည်းနှင့်တိုက်သွားပြီး မြို့ရောက်မှ အိတ်တွေထဲ ခပ်မြန်မြန် ကောက်ထည့်ကာ သွားရောင်းတတ်သည်။ ဒိုင်ကလည်း သူ့အိတ်တွေကို လက်ခံသည်။
သည်ကိစ္စ ကျန်သည့်လူတွေ နားမလည်နိုင်ကြ။ သူ့မှာ ဘယ်လိုထူးခြားဆန်းကြယ်သည့် နည်းလမ်းများ ရှိလေသလဲ သိချင်ကြသည်။
သို့နှင့် မနေနိုင်သည့် တစ်ယောက်က မေးသည့်အခါ သည်ပုဂ္ဂိုလ်က ရှင်းပြသည်။ “ဒါက အလွယ်လေးပါဗျာ၊ မြို့တက်တော့မယ်ဆိုရင် ကျွန်တော့်အာလူးတွေအားလုံး လှည်းထဲ သွန်ထည့်လိုက်တာပဲဗျ။ ပြီးရင် မြို့ကိုသွားတဲ့လမ်းတွေထဲမှာ ဘယ်လမ်းအကြမ်းဆုံးလဲရွေးပြီး အဲဒီ လမ်းအတိုင်း မောင်းတာပဲ။ ကျွန်တော့်ယာခင်းနဲ့ မြို့နဲ့က ရှစ်မိုင်ဝေးတော့ လမ်းတစ်လျှောက်မှာ လှုပ်ရင်း ယမ်းရင်း အသေးဆုံး အာလူးတွေက တဖြည်းဖြည်း အောက်ဆုံးထိ ဆင်းသွား၊ အလယ်အလတ်တွေက အလယ်မှာနေပြီး၊ အကြီးဆုံးတွေက ထိပ်ဆုံးတက်လာတာပဲ” ဟူ၍။
မြို့ရောက်သည့်အခါ အာလူးတွေက အကြီးအလတ်အသေး သုံးလွှာဆင့်ထားသလို ဖြစ်နေတော့ တစ်လွှာစီ ကဲ့ပြီး အိတ်တွေထဲ ထည့်လိုက်သည့်အခါ တစ်လုံးချင်း ရွေးထားသူများနှင့် ဘာမှ မကွာခြားတော့ပေ။
ကျမ်းပြုဆရာ ရှူးလာက အိုင်ဒါဟိုးယာသမား၏ အာလူးအရွယ်အစားခွဲခြားသည့် နည်းလမ်းကို ကြည့်ကာ လူတွေ၏ အဖြစ်သည်လည်း အာလူးများနှင့် တူပေတာပဲဟု သွားမြင်သည်။
ခရောင်းလမ်းမှာ ဒလကြမ်း မောင်းလိုက်သည့်အခါ လှည်းထဲမှ အသေးဆုံး အညံ့ဆုံး အာလူးတွေ အောက်ဆုံးရောက်ကာ အကြီးဆုံး၊ အကောင်းဆုံးတွေက ထိပ်ဆုံးတက်လာသကဲ့သို့၊ အခက်အခဲတွေ အကျပ်အတည်းတွေ လောကဓံလှိုင်းဂယက်တွေကြား ကာလအတန်ကြာ ဖြတ်သန်းပြီးသည့်အခါ၌ ခံနိုင်ရည်နည်းသည့် အရည်အချင်းနည်းသည့် လူညံ့လူဖျင်းတွေသည် ဘ၀အဆင့် ကျမှန်းမသိကျကာ အောက်ဆုံးအထိ ထိုးဆင်းသွားကြပြီး၊ ခံနိုင်ရည်ရှိ အရည်အချင်းရှိသည့် လူတော်လူကောင်းတွေ ထိပ်ဆုံးတန်း တက်လာတတ်ခြင်းမှာလည်း လူ့လောက ဓမ္မတာသဘောသာ ဖြစ်သည်ဟု ရှူးလာက ကောက်ချက်စကား ဆိုခဲ့ခြင်း ဖြစ်ပါသည်။
(ဆရာဖေမြင့် ၏ စာဖတ်သမား၏မှတ်စုများ စာအုပ်မှ ပြန်လည်ကူးယူဖော်ပြပါသည်)

Friday, May 02, 2008

လွတ်လပ်စွာ မဲပေးကြပါစို့


“ဆန္ဒခံယူပွဲ” ဆိုတဲ့ ပို့စ်တွေနဲ့ ပတ်သက်ပြီး အသံတွေမျိုးစုံ ကြားရပါတယ်။ အများအားဖြင့်တော့ သိကြတဲ့အတိုင်း ချီးကျူးထောပနာ ပြုကြတာပေါ့ဗျာ။ တချို့ ချီးကျူးသံစဉ်တွေဆိုရင် မြန်မာလူမျိုး တစ်ယောက်က ပြောတာမှ ဟုတ်ပါလေစလို့ သံသယဖြစ်ရအောင်ကို အပြောအဆို အင်မတန် ယဉ်ကျေး ကြတာကလား။ ကျွန်တော်က ဘယ်သူတစ်ဦးတစ်ယောက်ကိုမှ နာမည်တပ်ပြီး မပုတ်ခတ်ထားသလို ဘယ်သူ့ကိုမှလည်း နာစေဟဲ့ဆိုပြီး ရေးထားတာမဟုတ်ပါဘူး။ ကျွန်တော်သိထားသလောက်နဲ့ ကျွန်တော် ဉာဏ်မီသလောက်ကို အမှန်မသိတဲ့လူတွေကို သိစေချင်တဲ့သဘောသက်သက်နဲ့ ပြန်လည်ဖြန့်ဝေ ဖောက်သည်ချတဲ့အဆင့်ပဲ ရှိပါတယ်။ ဒါပေမယ့် ကျွန်တော်ရေးတာတွေက အချို့အချို့တွေကို တည့်တည့် ထိမှန်ပုံရပါတယ်။ ကျွန်တော့်ကို ချီးကျူးတဲ့ သံစဉ်တွေဖတ်ပြီး သူ့ကို သနားစိတ်တောင် ၀င်မိပါသေးတယ်။ သြော် သူ့ခမျာ ငါရေးထားတာကို ဖတ်ပြီး အတော်ကို အကုသိုလ်တွေများနေရပါလား၊ စိတ်တွေတိုနေရ ပါလား ဆိုပြီးပေါ့။ ပြောလိုက်ရင်တော့ ခင်ဗျားတို့က ဒီမိုကရေစီတို့၊ လူ့အခွင့်အရေးတို့၊ ဒိုင်ယာလော့ခ်တို့ စတဲ့ နိုင်ငံရေးနဲ့ဆိုင်တဲ့ စကားလုံးမှန်သမျှကို ပါးစပ်က ကြက်တူရွေးစာကျက်ထားသလို ပြောတော့တာ ပါပဲ။ အဲဒီစကားလုံးတွေရဲ့ အဓိပ္ပါယ်ကို တကယ်ရော နားလည်ရဲ့လား၊ သိရဲ့လား ဆိုတာကတော့ စောစောကပြောတဲ့ လူတွေကို ကြည့်ပြီး ကျွန်တော် တော်တော်လေး သဘောပေါက်သွားပါတယ်။ ကျွန်တော်ရေးခဲ့တဲ့ အကြောင်းအရာတွေထဲမှာ လိမ်လည်တာ၊ လှည့်စားထားတာ၊ စည်းရုံးနေတာ တစ်ခုမှ မပါသလို ဘာအရောင်မှလည်း မပါတာ သေချာပါတယ်။ ရှိတဲ့အဖြစ်မှန်ကို ရှိတဲ့အတိုင်း ပြောတာကို ဘယ်လိုဖြစ်ပြီး မခံမရပ်နိုင် ဖြစ်နေရသလဲဆိုတာကို စဉ်းစားလို့မရပါ။
တစ်ယောက်က မေးပါတယ်။ ခင်ဗျား ဒါတွေရေးတော့ ဘာအကျိုးအမြတ်ရသလဲတဲ့။ ကျွန်တော် သဘောပေါက်သွားတယ်။ မှန်ပါတယ်။ အင်တာနက်ပေါ်မှာ ဗုတ်နိုး ၊ နိုးဗုတ် လို့ ရေးနေတဲ့လူတွေက အကျိုးတစ်စုံတစ်ရာကြောင့် ရေးနေကြတာပါ။ သူတို့က ဗုတ်နိုး များများအော်နိုင်လေ သူတို့အတွက် အကျိုးများလေကိုး။ အချို့ကတော့ ပြောကောင်းပြောပါလိမ့်မယ်။ ငါတို့မှာ ဘာအကျိုးအမြတ်မှ မရှိဘူးကွ။ ငါတို့ဘာသာ ရေးချင်လို့၊ ပြောချင်လို့ကို ပြောတာလို့။ သူ့အတွက်ကတော့ ဟုတ်ချင်ဟုတ်ပါလိမ့်မယ်။ ဒါပေမယ့် အဲဒီလိုတွေ ရေးချင်၊ ပြောချင်၊ ကန့်ကွက်ချင်အောင် မြှောက်ပေးနေတဲ့လူတွေအတွက်ကတော့ နောက်ကွယ်ကနေ ပြုံးပြုံးကြီးနဲ့ ကျေနပ်နေကြမှာ အသေအချာပါပဲ။ စောစောက စကားကို ပြန်ဆက်ရရင် ကျွန်တော်ဘာကြောင့် ရေးနေရသလဲဆိုတဲ့ ကိစ္စပါ။ ကျွန်တော်ပြောခဲ့သလိုပါပဲ။ ဘာမှမသိတဲ့ လူတွေရဲ့ ၀ါဒဖြန့် သတင်းဖြန့်နေတဲ့ အမှားတွေကို လူအများ ဟုတ်သယောင်ယောင် မထင်စေချင်တဲ့အတွက် ကျွန်တော်သိထားတဲ့အတိုင်း ပြန်လည်ဝေငှတာပါလို့လေ။ ကျွန်တော့်ခံယူချက်ကတော့ဗျာ ကိုယ့်ပတ်ဝန်းကျင်ကလူတွေ အမှားကြီးသိနေတာကို ကျွန်တော်က အမှန်ကို သိနေပါလျက် ဘာမှ မပြောဘဲနေတယ်ဆိုတာ လူ့တာဝန်ကို ကျေပွန်အောင် မထမ်းဆောင်ဘူးလို့ မြင်ပါတယ်။ ကိုယ်သိနေတဲ့ အကြောင်းအရာကို ပြောပြရပါမယ်။ ဝေငှရပါမယ်။ တကယ်လို့ ကိုယ်သိနေတဲ့ အကြောင်းအရာ၊ ကိုယ်လက်ခံထားတဲ့ အကြောင်းအရာဟာ မှားနေတယ်ဆိုရင်လည်း အခြားလူတွေက ထောက်ပြ၊ ဆွေးနွေး အကြံပြုတာကို လက်ခံပြီး ပြင်ဆင်ရမယ်လေ။ ဒါကြောင့်လည်း ကျွန်တော် ထည့်ရေးခဲ့ပါတယ်။ ကျွန်တော်ရေးထားတဲ့ပို့စ်တွေထဲမှာ မှားနေတာ၊ လွဲချော်နေတာတွေ ပါရင် ကျွန်တော့်ကို ပြန်လည် ဆွေးနွေးပေးပါလို့။ သေချာတာကတော့ ကျွန်တော်ရေးနေတာတွေဟာ ဒီနေ့ အင်တာနက်ပေါ်မှာ အများစုရေးနေကြသလို ဟိုဘလော့ဂ်က ကူးရေး၊ ဒီဘလော့ဂ်ကို ညွှန်း၊ ဒီစာမျက်နှာကို ကိုးကား စတဲ့ မရေရာ မသေချာမှုတွေနဲ့ ရေးထားတာမဟုတ်ဘူးဆိုတာပါပဲ။ ကျွန်တော်ကိုယ်တိုင် လေ့လာထား၊ ဖတ်ထား၊ မှတ်ထား၊ စဉ်းစားထားတဲ့ အကြောင်းအရာတွေသာ ဖြစ်ပါတယ်။ ကျွန်တော်မသိတဲ့ အကြောင်း အရာတစ်ရပ်ရှိရင် နားလည်တဲ့၊ သိတဲ့လူကို လိုက်မေးပါတယ်။ အခု ဆန္ဒခံယူပွဲကို တကယ်လက်တွေ့ အကောင်အထည်ဖော်လုပ်ဆောင်နေရတဲ့ လူတွေကို အနီးကပ် လိုက်မေးပါတယ်။ မြို့နယ် အသီးသီးမှာ ပြုလုပ်တဲ့ ဆန္ဒခံယူပွဲဆိုင်ရာ ရှင်းလင်းပွဲတွေ၊ သရုပ်ပြပွဲတွေကို လိုက်ကြည့်၊ လိုက်မှတ်သားပြီးမှ ရေးထားတာ ဖြစ်ပါတယ်။
အခုလည်း လူအများ လွဲမှားစွာသိနေကြတဲ့ အကြောင်းအရာတစ်ခုကို ရှင်းပြချင်လို့ ဒီပို့စ်ကို ရေးရခြင်း ဖြစ်ပါတယ်။ ဒီနေရာမှာ တစ်ခုဘ၀င်မကျ ဖြစ်ရတာက စောစောကပြောသလို လွဲမှားစွာ သိတယ်ဆိုတဲ့ လူအများစုဟာ နိုင်ငံရပ်ခြားမှာ ပညာသင်နေကြသူတွေ၊ အလုပ်လုပ်နေကြသူတွေ၊ အကြောင်းအမျိုးမျိုးကြောင့် နေထိုင်ကြသူတွေ ဖြစ်နေတာပါပဲ။ မြန်မာပြည်ရဲ့ အစွန်အဖျား ကျေးလက်က စာမတတ်တဲ့လူတစ်ယောက်က ဘာမှမသိဘူးဆိုတာကို နားလည်ပေးလို့ ရပါတယ်။ အခုတော့ ပါးစပ်ဖျားက တစ်နေကုန် ဂလိုဘယ်လိုက်ဇေးရှင်းတို့၊ အီးတို့၊ အင်ဖော်မေးရှင်းတို့၊ နည်းပညာတို့ စတဲ့ စကားလုံးတွေကို ရေလဲသုံးနေတဲ့လူတွေက အသိမှားနေကြတာဟာ တွေးကြည့်ရင် အင်မတန် ရှက်စရာ ကောင်းပါတယ်။
ဒါဟာ ဘာကြောင့် ဖြစ်ရသလဲလို့ ဆန်းစစ်ကြည့်တော့ သူတို့ဟာ ရလာတဲ့ သတင်းမှန်သမျှကို ကိုယ်ပိုင် ဦးနှောက်နဲ့ မစဉ်းစား မဆုံးဖြတ်၊ မဝေဖန်ကြလို့ပဲ ဖြစ်ပါတယ်။ ဘီဘီစီက လွှင့်တာမလို့၊ ဗွီအိုအေ ကလွှင့်တာမလို့၊ အာအက်ဖ်အေ က အော်နေတာမလို့၊ ဘယ်ဘလော့ဂ်ဂါက ရေးထားတာမလို့ စတဲ့ ခေါင်းစဉ်တွေအောက်မှာ မှားသည်မှန်သည်ကို မဝေခွဲကြတော့ပါဘူး။ ဒီအကြောင်းအရာဟာ ဒီလို ဖြစ်နိုင်ရဲ့လား၊ ဒီလို ဟုတ်ရဲ့လား၊ ဘာကြောင့် သူက ဒီလိုဆိုရတာလဲ။ တကယ့်အမှန်မှာရော အဲဒီလို ပဲလား။ နောက်ဆုံး ကိုယ်က အချိန်မပေးနိုင်လို့ မဝေခွဲနိုင်ဘူးထားပါတော့။ ကိုယ့်ဘာသာ နေလိုက်ပါတော့လား။ ဘာကြောင့်များ ကိုယ်ကလည်း မသိဘဲ သူများလုပ်သမျှကို မကောင်းလိုက်ပြော နေရတာလဲ။ မညှာတမ်းဝေဖန်ရရင်တော့ နိုင်ငံခြားရောက်နေတဲ့ မြန်မာအများစုဟာ ကိုယ့်ပတ်ဝန်းကျင်က ကျွဲ လို့ ဖတ်နေကြတဲ့အတွက် သူတို့ပါလိုက်ပြီး အလိုက်သင့် ကျွဲလို့ ဖတ်နေကြတာဖြစ်ပါတယ်။ အများစုက ကျွဲလို့ ဖတ်နေတာကို ကိုယ်က ဤ လို့ ဖတ်လိုက်ရင် ကြည့်လာမယ့် မျက်လုံးတွေ၊ ပြောလာမယ့် စကားလုံးတွေကို မခံချင်ကြလို့ ဒီလိုဖြစ်ရတယ်လို့ ကျွန်တော်က ဆိုချင်ပါတယ်။ ဟုတ်၏ မဟုတ်၏ ဆိုတာကတော့ စာဖတ်သူ ကိုယ်တိုင်ပဲ အသိဆုံး ဖြစ်မှာပါ။ ဗုတ်နိုး အော်နေတဲ့ ပတ်ဝန်းကျင်မှာ ကိုယ်က ဗုတ်ရက်စ် မလုပ်ရဲတာ သူ့အပြစ်လို့ ကျွန်တော်မပြောပါဘူး။ ဒါပေမယ့် အမှန်တရားအတွက် အသက်ကိုတောင် စွန့်သွားတဲ့ လူတွေတော့ တမလွန်ကနေ မသိပါစေနဲ့လို့ ကျိတ်ပြီး ဆုတောင်းပေါ့ဗျာ။
ကဲ ပြောချင်တာကို ဆက်ပါမယ်။ အခုဆက်ပြောနေကြတာက။ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲမှာ လူတိုင်း ထောက်ခံမဲပေးရမယ်။ ကန့်ကွက်မဲပေးရင် အရေးယူခံရမယ်ဆိုတဲ့ ကောလဟာလပါပဲ။ စောစောက ကျွန်တော်ပြောခဲ့သလို ဘာမှမသိတဲ့လူတွေက သတင်းလွှင့်တာကို ဘာမှ မသိတဲ့ လူ့ငတုံး တွေက အဟုတ်မှတ်ပြီး ပြန်ပြောကြတဲ့ စကားဖြစ်ပါတယ်။ ကျွန်တော်ပြောတာ ရိုင်းချင်ရိုင်းနေပါလိမ့်မယ်။ ဒါပေမယ့် အဲဒီလို ရိုင်းရိုင်းပြောသင့်နေပြီထင်လို့ပါ။ ဘယ်နှယ့်ဗျာ။ ကိုယ်ကလည်း ဘာမှမသိဘူး။ သိအောင်လည်း မလုပ်ဘဲနဲ့ သူများယောင်တိုင်း လိုက်ယောင်နေမှတော့ အဲဒီလူဟာ ဘယ်လိုမှကို အဆင့်အတန်းရှိတဲ့လူ မဖြစ်နိုင်တော့ပါဘူး။ ပြီးတော့ သိတဲ့လူကပြောတာကို သူက ဘာမှမသိဘဲ အတိုက်အခံလုပ်ပြီး ပြန်တောင် ငြင်းလိုက်သေးတယ်။ အတော်ရယ်ရတဲ့လူတွေပါပဲ။
စကားတွေက သိုင်းဝိုင်းနေရတာ အတော်ကြာပါတယ်။ ဘယ်သူတွေက ဘယ်လိုတွေ ပြောနေတယ် ဘယ်ဟာတွေက မှားနေတယ်ဆိုတာကို ပြောရရင်တော့ ဆုံးမှာမဟုတ်ဘူးဗျ။ ဒီတော့ ကျွန်တော်သိသမျှကိုပဲ ချရေးပြပါ့မယ်။ အဲဒီလို ရေးထားတာတွေနဲ့ မညီတဲ့ ပြောဆိုမှု၊ သတင်းလွှင့်မှုတွေ အားလုံးဟာ မှားနေတယ်လို့ သိစေချင်ပါတယ်။ ကျွန်တော်ရေးထားတာကရော မှန်ပါတယ်လို့ ဘယ်သူက ပြောသလဲလို့ မမေးပါနဲ့။ စာဖတ်သူ မယုံရင် တကယ့်လက်တွေ့ လုပ်နေတဲ့လူတွေ၊ နားလည်တဲ့ ပညာရှင် တွေကို မေးကြည့်ပါ။ အဲဒီအတိုင်း လုပ်နေတာဟုတ်ရဲ့လားလို့။ ကျွန်တော်ပြောနေတာ အခုဆန္ဒခံယူပွဲကို တကယ်လက်တွေ့ အကောင်အထည်ဖော်နေတဲ့လူတွေ၊ လက်ရှိအခြေအနေကို တကယ်နားလည်တဲ့ ပညာရှင်တွေကို ပြောတာဖြစ်ပါတယ်။ စစ်တပ်လုပ်တာမှန်သမျှ ကန့်ကွက်မယ်ဆိုတဲ့ ဒေါ်လာရရုံ အော်နေတဲ့ နိုင်ငံရေးဝေလေလေ ဆရာတွေကို ပြောတာမဟုတ်ကြောင်း ကြိုပြောပါရစေ။ သူတို့ကို မေးလို့ကတော့ ဂေါ်ဇီလာကြီးမြင်နေတာတောင် အိမ်မြှောင်ပါလို့ အရှက်မရှိပြောမယ့် လူတွေပါ။

ဆန္ဒမဲပေးခွင့် ရှိသူများက ဒီလိုလူတွေ ဖြစ်ပါတယ်-
(၁) အသက်(၁၈)နှစ် ပြည့်ပြီးသည့် နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူများနှင့် ယာယီ သက်သေခံလက်မှတ် ကိုယ်ဆောင်ထားသူများ။
(၂) ပြည်ထောင်စုမြန်မာနိုင်ငံ၏ သံတမန်များ၊ သံအဖွဲ့ဝင်များ၊ ကောင်စစ်အဖွဲ့ဝင်များနှင့် ယင်းတို့နှင့် အတူနေထိုင်သော မိသားစုဝင်များ။
(၃) ဆန္ဒခံယူပွဲ ကျင်းပသည့်နေ့ရက်တွင် ဒေသ၏ပြင်ပသို့ တာဝန်ဖြင့် ရောက်ရှိနေသော တပ်မတော် ကြည်းရေလေ တပ်ဖွဲ့ဝင်များ၊ ယင်းတို့နှင့် လိုက်ပါနေထိုင်သော မိသားစုဝင်များ။
(၄) မြန်မာနိုင်ငံ၏ ပြင်ပတွင် အလုပ်ဝတ္တရားဆောင်ရွက်ရန် အစိုးရက ခန့်ထားခြင်း ခံရသူများနှင့် ယင်းတို့နှင့် အတူနေထိုင်သော မိသားစုဝင်များ။
(၅) နိုင်ငံခြားသို့ ရောက်ရှိနေသော အစိုးရပညာတော်သင်များနှင့် ယင်းတို့နှင့် အတူနေထိုင်သော မိသားစုဝင်များ။
(၆) အစိုးရ၏ ခွင့်ပြုချက်ဖြင့် နိုင်ငံခြားတွင် ရောက်ရှိနေသော အခြားပုဂ္ဂိုလ်များ။
(၇) တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်၊ သိပ္ပံ နှင့် ကျောင်းအသီးသီးတွင် ပညာသင်ကြားနေသော ကျောင်းသူကျောင်းသားများ။
(၈) ဆေးရုံတွင် တက်ရောက်ကုသနေသူများနှင့် တာဝန်ကျနေသော ၀န်ထမ်းများ။
(၉) အစိုးရဌာန၊ အဖွဲ့အစည်းတစ်ခုခု၏ တာဝန်ပေးချက်အရ မိမိတို့၏ အခြေစိုက်စခန်းမှခွဲခွာ၍ အခြား ဒေသရှိ လုပ်ငန်းခွင်၌ ရောက်ရှိနေသူများ။
(၁၀) ရဲစခန်းနှင့် အကျဉ်းထောင်များရှိ အချုပ်သားများ။

ဆန္ဒမဲပေးခြင်းပြုလုပ်ရမယ့် စည်းကမ်းချက်တွေနဲ့ ဆန္ဒခံယူပွဲကျင်းပမယ့် အချိန်သတ်မှတ်ချက် တွေက အောက်ပါအတိုင်း ဖြစ်ပါတယ်-
(၁) ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပသည့်နေ့ရက်တွင် မဲရုံများကို နံနက် ၆ နာရီမှ ညနေ ၄ နာရီအထိ ဖွင့်လှစ်ထားရှိမည်။ (မဲစာရင်းပါ ဆန္ဒမဲပေးခွင့်ရှိသူအားလုံး ဆန္ဒမဲပေးပြီးပါက ညနေ ၄ နာရီထက် စော၍ မဲရုံကို ပိတ်နိုင်သည်)
(၂) ညနေ ၄ နာရီထိုးပြီးနောက် မဲရုံမပိတ်မီ မဲရုံမှူးသည် မိမိမဲရုံပရိဝုဏ်အတွင်း၌ ရောက်ရှိနေသူများ အနက် ဆန္ဒမဲမပေးရသေးသူရှိပါက ထိုသူများအား ဆန္ဒမဲပေးချိန်ကျော်လွန်ပြီးဖြစ်စေကာမူ ဆန္ဒမဲ ပေးခွင့် ပြုမည်။
(၃) ဆန္ဒမဲပေးသူသည် ဆန္ဒမဲပေးရာတွင် ဆန္ဒမဲလက်မှတ်ပေါ်ရှိ သတ်မှတ်ထားသောနေရာ၌ ထောက်ခံလျှင် အမှန် (Â) အမှတ်အသားကိုလည်းကောင်း၊ ကန့်ကွက်လျှင် ကြက်ခြေခတ် (â) အမှတ်အသားကိုလည်းကောင်း ရေးခြင်းဖြင့် မိမိ၏ ဆန္ဒကို ဖော်ပြရမည်။
(၄) ဆန္ဒမဲပေးခွင့်ရှိသူတစ်ဦးသည် ဆန္ဒခံယူပွဲကျင်းပသည့်နေ့ရက်တွင် မိမိနေထိုင်သော ဆန္ဒခံယူပွဲဒေသမှ ကျော်လွန်၍ ခရီးဝေးသွားလာရန် ရှိပါက ကြိုတင်ဆန္ဒမဲလက်မှတ်ထုတ်ယူ၍ လက်မှတ်ရေးထိုးခြင်း (သို့မဟုတ်) လက်ဗွေပုံစံနှိပ်ခြင်းဖြင့် ကြိုတင်မဲပေးနိုင်သည်။
(၅) ကြိုတင်ဆန္ဒမဲလက်မှတ်နှင့် ဆန္ဒမဲလက်မှတ်များတွင် လျှို့ဝှက်မဲပေးစနစ်ကို ထိခိုက်စေမည့် အမှတ်အသားများ ပါသည်ဟု ဆန္ဒမဲပေးခွင့်ရှိသူက ယူဆပါက ပြန်လည်လဲလှယ်နိုင်သည်။
(၆) ကြိုတင်ဆန္ဒမဲလက်မှတ် ထုတ်ယူသူသည် ယင်းဆန္ဒမဲလက်မှတ်တွင် ဆန္ဒပြုပြီးနောက် စာအိတ်ကို အလုံပိတ်၍ ချက်ချင်း ပြန်အပ်ရမည်။

ဒါတွေကတော့ ဆန္ဒခံယူပွဲနဲ့ ပတ်သက်လို့ မဲပေးပိုင်ခွင့်ရှိသူတွေ၊ မဲပေးရမယ့် စည်းကမ်းတွေ ဖြစ်ပါတယ်။ အခုပြောနေကြသလို အားလုံးထောက်ခံမဲ ပေးရမယ်။ ကန့်ကွက်ရင် ဘာဖြစ်မယ် ညာဖြစ်မယ် ဆိုပြီး ၀ါဒဖြန့်နေတာတွေဟာ အခြေအမြစ်ရှိမရှိ၊ ဖြစ်နိုင်မဖြစ်နိုင် ကြည့်ကြရအောင်ပါ။ ပထမဆုံး အခု ပြုလုပ်မယ့် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲရဲ့ မဲပေးပုံစနစ်ကို ပြောလိုပါတယ်။ အခုလုပ်မယ့် ဆန္ဒခံယူပွဲဟာ မဲပုံတစ်ပုံးတည်းထားရှိပြီး လျှို့ဝှက်မဲပေးစနစ်နဲ့ မဲပေးရမယ့် ဆန္ဒခံယူပွဲ ဖြစ်ပါတယ်။ အဲဒီလို စာတစ်တန် ပေတစ်တန်နဲ့ပြောတော့ နည်းနည်းရှုပ်နေသလို ဖြစ်နေပါလိမ့်မယ်။ တကယ်လုပ်ရမယ့် အစီအစဉ်တွေကို ပြောပြပါ့မယ်။ ဒါဆိုရင် ဘယ်လိုဆိုတာကို ချက်ချင်းသဘောပေါက်ပြီး ရှင်းသွားပါလိမ့်မယ်။
အောက်မှာ ဆန္ဒမဲလက်မှတ် နမူနာပုံစံတွေကို ဖော်ပြထားပါတယ်။ အဲဒါတွေကို အရင်ကြည့်ကြ ရအောင်ပါ။ သေချာကြည့်စေလိုပါတယ်။ သဘောပေါက်တဲ့လူဆိုရင် ဆန္ဒမဲလက်မှတ်ကို ကြည့်တာနဲ့ အခု ရေဒီယိုတွေမှာ၊ အင်တာနက်ပေါ်မှာ အော်နေကြတဲ့ ကောလဟာလတွေဟာ အခြေအမြစ်မရှိဘဲ “ငါ့စကား နွားရ” ပြောချင်ရာကို အဆင့်အတန်းမရှိ ပြောနေကြ၊ မျက်စိမှိတ်ပြီး အော်နေကြတယ်ဆိုတာ သိသွားပါလိမ့်မယ်။
ဒါကတော့ ဆန္ဒမဲလက်မှတ်ရဲ့ ရှေ့ပိုင်း ပုံစံ ပါ-

ဆန္ဒမဲလက်မှတ် နောက်ဖက်ခြမ်းပုံစံကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်-


ကဲ မြင်ကြတဲ့အတိုင်းပါပဲ။ ဆန္ဒမဲလက်မှတ်မှာ ဘာများထူးထူးခြားခြား ပါလို့လဲဗျာ။ အင်မတန်မှကို ရိုးရှင်းပြီး လွယ်ကူတဲ့ စနစ်ပါ။ ရှေ့ခြမ်းက လွတ်နေတဲ့ ကွက်လပ်ဖြူနေရာမှာ ထောက်ခံရင် အမှန် အမှတ် အသားကို ရေးခြစ်မယ်။ ကန့်ကွက်ရန် ကြက်ခြေခတ်ကို ခြစ်လိုက်ရုံပါပဲ။ ဘာမှ ထူးပြီး လုပ်စရာ စဉ်းစား စရာ မပါပါဘူး။ ဗုတ်နိုးဆရာကြီးတွေ ပြောနေကြသလို ဘာနာမည်မှ၊ ဘာမှတ်ပုံတင်နံပါတ်မှ ရေးစရာ မလိုပါဘူး။ အပေါ်က စည်းကမ်းချက်ထဲက နံပါတ်(၅)မှာလည်း ပါနေပြီးသားပါ။ ဆန္ဒမဲပေးသူဟာ သူပေးမယ့် ဆန္ဒမဲကို အမှတ်အသားတစ်ခုခု လုပ်ထားတယ်ထင်ရင်၊ သံသယရှိရင် အသစ်လဲလှယ်ပေးဖို့ တောင်းခံခွင့် ရှိတယ်လို့ အတိအလင်း ရေးထားပါတယ်။ ကဲ တစ်လက်စတည်းပဲ မဲရုံပုံစံကိုပါ နည်းနည်းလေး အကြမ်းဖျင်း ပြောပြလိုက်ချင်ပါတယ်။ ဒါမှလည်း အရေမရ အဖတ်မရပြောနေတဲ့ သတင်းမှားတွေဟာ အလိုလိုရှင်းသွားမှာ ဖြစ်ပါတယ်။ ပြောရင်းနဲ့ ဘယ်သတင်းမှားတွေဟာ ဘယ်အချက်ကြောင့် မဟုတ်ဘူးဆိုတာ၊ မမှန်ဘူးဆိုတာကို ကျွန်တော် တစ်ခါတည်း ရှင်းပြသွားပါမယ်။
ပထမဆုံး မဲရုံအပြင်အဆင်ပေါ့။ မြန်မာပြည်က လူတွေကတော့ နေ့စဉ်နေ့တိုင်း ပညာပေး ဇာတ်လမ်းတွေ၊ သီချင်းတွေ၊ သတင်းစာတွေကို မြင်နေ၊ တွေ့နေ၊ ဖတ်နေရတဲ့အတွက် မဲရုံပုံစံတွေ၊ မဲပေပုံတွေနဲ့ ရင်းနှီးပြီးသား ဖြစ်နေပါပြီ။ ပြည်ပရောက် ကိုရွှေမြန်မာများမှာတော့ မြန်မာပြည်က သတင်းကြည့်ရင် မိုးကြိုးပစ်မယ်၊ မြန်မာပြည်က သတင်းစာဖတ်ရင် ဘုရားစူးမယ်၊ မြန်မာပြည်က ပြောတာမှန်သမျှဟာ လိမ်နေတာလို့ ခံယူထားတဲ့အတွက် အမှန်ကိုမမြင်နိုင်၊ အမှားကိုသာ ကိုးကွယ်ရာ ဖြစ်နေကြတာပါ။ ဘီဘီစီတို့ ဗွီအိုအေ တို့ဆိုတာကလည်း သူတို့ရဲ့ ဆရာပထွေးကြီးတွေ အလိုကျ ဒါအော်ဆိုရင် အော်ပေးရ၊ ကြေညာပေးရတာပဲ ရှိပါတယ်။ ဘာမှလည်းသိကြတဲ့လူတွေ မဟုတ်ပါဘူး။ သူတို့မှာ မြန်မာနဲ့တူတာဆိုလို့ မြန်မာလို ပြောတတ်တာပဲ ရှိပါတော့တယ်။ ကျန်တာကတော့ သိတဲ့အတိုင်း ပါပဲ။ သူများနိုင်ငံမှာ နေတယ်၊ သူများနိုင်ငံရဲ့ အထောက်အပံ့ကို ယူတယ်၊ သူများ နိုင်ငံရဲ့ သစ္စာတော်ကို နာခံတယ်၊ သူများနိုင်ငံသားတွေရဲ့ ဆန္ဒအတိုင်း အလုပ်လုပ်ရတယ်။ ဒါပါပဲ။ သူတို့တွေ အော်နေကြသလို မြန်မာပြည်မှာ ဘာတွေဖြစ်နေတယ်၊ ဘာတွေလုပ်နေတယ်ဆိုတာကို သူတို့ တကယ် မသိပါဘူး။ ထားပါတော့။ စကားက ဘေးရောက်သွားပါတယ်။
မဲရုံဖွဲ့စည်းပုံကို အရင်ပြောပြပါမယ်။ ကျွန်တော်က နယ်မြို့တစ်ခုကဆိုတော့ ကျွန်တော် မေးမြန်းလို့ရတဲ့လူက နယ်ကလူပဲ ဖြစ်တဲ့အတွက် နယ်မြို့တစ်ခုအတွက် ဆန္ဒမဲရုံပုံစံပဲ ဖြစ်ပါတယ်။ သူပြောတာကတော့ အခြားမြို့တွေကလည်း ဒီပုံစံပါပဲတဲ့။ ထူးပြီး ကွဲပြားတာ မရှိပါဘူးတော့။ ဒီလိုဆိုတော့ အခုပြောပြတဲ့ မဲရုံပုံစံဟာ အခြေခံပုံစံဖြစ်တယ်ဆိုတာကို ပြောလိုပါတယ်။ တော်ကြာမှ မြန်မာ့သွေးက ပြောတာက ဒီလိုပုံစံပဲ။ ဘယ်မြို့မှာတော့ ဒီလိုလည်း မဟုတ်ဘူး လုပ်နေကြမှာ စိုးလို့ပါ။ သိတဲ့အတိုင်းပဲ နိုင်ငံရေးသမားဆိုတာကလည်း ထောက်ပြစရာမရှိရင် စာလုံးပေါင်းမှားတာကိုတောင် ကုလသမဂ္ဂကို တင်ရမယ့် ကိစ္စလောက်ဖြစ်အောင် ပြောတတ်၊ လုပ်တတ်ကြတာမဟုတ်လား။
ဆန္ဒမဲပေးမယ့် နယ်မြေဒေသကိုလိုက်ပြီး လူတစ်ထောင်ကို မဲတစ်ပုံးနှုန်းနဲ့ တွက်ချက်ပြီး ထားရှိကြပါတယ်။ ဆိုလိုတာက မဲပေးမယ့်လူဦးရေ ၉၀၀ ရှိတယ်ဆိုရင် အဆိုင်းတစ်ဆိုင်း(မဲပုံးတစ်ခု)ပဲ ထားတယ်ဆိုတဲ့ သဘောပါ။ မဲပေးမယ့် လူဦးရေက မဲဆန္ဒနယ်မှာ ၁၂၀၀ ရှိတယ်ဆိုရင် အဆိုင်းနှစ်ဆိုင်း (မဲပုံး နှစ်ခု) ပေါ့။ ဒါဆိုရင် မဲပုံး ထားရှိပုံကို ရှင်းသွားမယ်ထင်ပါတယ်။
မဲရုံမှာမှာ ရှိရမယ့် မဲရုံအဖွဲ့ဝင်တွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်-
(က) မဲဆန္ဒရှင်ဦးရေ ၁၀၀၀ အထိ ရှိသော မဲရုံအတွက် -
(၁) မဲရုံမှူး (၁)ဦး
(၂) မဲစာရင်းစစ်ဆေးသူ (၁)ဦး
(၃) ဆန္ဒမဲလက်မှတ်ထုတ်ပေးသူ (၁)ဦး
(၄) လုံခြုံရေး သို့မဟုတ် မဲရုံအကူ (၂)ဦး
ပေါင်း (၅)ဦး ဖြစ်ပါတယ်။
(ခ) မဲဆန္ဒရှင်ဦးရေ ၁၀၀၁ မှ ၂၀၀၀ အထိ ရှိသော မဲရုံအတွက်ကတော့-
(၁) မဲရုံမှူး (၁)ဦး
(၂) မဲစာရင်းစစ်ဆေးသူ (၂)ဦး
(၃) ဆန္ဒမဲလက်မှတ်ထုတ်ပေးသူ (၂)ဦး
(၄) လုံခြုံရေး သို့မဟုတ် မဲရုံအကူ (၂)ဦး
ပေါင်း (၇)ဦး ဖြစ်ပါတယ်။
(ဂ) မဲဆန္ဒရှင်ဦးရေ ၂၀၀၁ မှ ၃၀၀၀ အထိ ရှိသော မဲရုံအတွက်ကတော့-
(၁) မဲရုံမှူး (၁)ဦး
(၂) မဲစာရင်းစစ်ဆေးသူ (၃)ဦး
(၃) ဆန္ဒမဲလက်မှတ်ထုတ်ပေးသူ (၃)ဦး
(၄) လုံခြုံရေး သို့မဟုတ် မဲရုံအကူ (၃)ဦး
ပေါင်း (၁၀)ဦး ဖြစ်ပါတယ်။
မဲရုံမှူးကတော့ မဲရုံတစ်ခုလုံးအတွက် တာဝန်အပြည့်အ၀ရှိသူ ဖြစ်ပါတယ်။ အခါအားလျော်စွာ ဆန္ဒမဲ ပေးပြီးသူ လူဦးရေနဲ့၊ ထုတ်ပေးထားတဲ့ မဲလက်မှတ်စာရင်း ကိုက်ညီရဲ့လား စစ်ဆေးတာတွေ၊ ဆန္ဒမဲ ပေးသူများ အေးချမ်းစွာ အဆင်ပြေပြေ ဆန္ဒမဲပေးနိုင်ဖို့ ကြီးကြပ်ရတာတွေကို တာဝန်ယူရပါတယ်။ မဲစာရင်းစစ်ဆေးသူကတော့ ဆန္ဒမဲပေးဖို့ စာရင်းပေးထားတဲ့ လူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေဟာ မဲစာရင်းပါ ကိုယ်ရေးအချက်များနဲ့ စစ်ဆေးရတဲ့လူ ဖြစ်ပါတယ်။ မကိုက်ညီလျှင်သော်လည်းကောင်း၊ အခြားသူတစ်ဦးဦး၏ ကိုယ်စား ဆန္ဒမဲလာရောက်ပေးလျှင်သော်လည်းကောင်း၊ သူတစ်ပါး ဟန်ဆောင်၍ ဆန္ဒမဲလက်မှတ် လာရောက်တောင်းဆိုကြောင်း စိစစ်တွေ့ရှိလျှင်သော်လည်းကောင်း၊ မဲဆန္ဒရှင် အမှန်မဟုတ်ဟု သံသယရှိလျှင်သော်လည်းကောင်း မဲရုံမှူးကို ချက်ချင်းတင်ပြရမှာဖြစ်ပါတယ်။ မှန်ကန်တယ်ဆိုရင် မဲစာရင်းစာအုပ်ထဲမှာ သက်ဆိုင်သူ၏ အမည်တည့်တည့်နေရာမှာ လက်မှတ်ထိုးခိုင်းရပါမယ် (သို့မဟုတ်) ဆန္ဒမဲပေးမယ့်သူဟာ စာမတတ်ဘူးဆိုရင် လက်မှတ်မထိုးဘဲ လက်ဗွေနှိပ်ပြီး မှတ်တမ်းယူမှာ ဖြစ်ပါတယ်။ သူစစ်ဆေးပြီးလို့ မှန်ကန်တယ်။ ဆန္ဒမဲပေးခွင့်ရှိသူ မှန်တယ်ဆိုရင် မဲလက်မှတ် ထုတ်ပေးသူက မဲလက်မှတ်တစ်စောင် ထုတ်ပေးရပါတယ်။
ဆန္ဒမဲပေးဖို့ မဲလက်မှတ်ရပြီဆိုရင် ဆန္ဒပြုခန်းဆိုတာ ရှိပါတယ်။ အခန်းဟာ အလုံပိတ်အခန်း ဖြစ်ပါတယ်။ ဆန္ဒပြုသူဟာ ဆန္ဒမဲလက်မှတ်ပေါ်မှာ ဘာအမှတ်အသားပြုလုပ်တယ်ဆိုတာကို အပြင်ကနေ (လုံးဝ) မမြင်ရပါဘူး။ ခန်းစီးနဲ့ ကာထားပါတယ်။ စားပွဲတစ်လုံးရှိပါတယ်။ ဘောလ်ပင်တွေကို ကြိုးနဲ့ချည်ပြီး ချိတ်ပေးထားပါတယ်။ အဲဒီအခန်းထဲမှာ အပေါ်က နမူနာ ဖော်ပြခဲ့တဲ့ ဆန္ဒမဲ လက်မှတ်ပေါ်မှာ မိမိဆန္ဒပြုမယ့်အတိုင်း အမှန် အမှတ်အသားသော်လည်းကောင်း၊ ကြက်ခြေခတ် သော်လည်းကောင်း ရေးခြစ်ရပါမယ်။ ပြီးရင် မဲလက်မှတ်ကို ဒီအတိုင်း ယူလာလို့ မရပါဘူး။ ကိုယ့်ဘာသာ နှစ်ခေါက် ခေါက်လိုက်ရမှာ ဖြစ်ပါတယ်။ သဘောက ကိုယ်ဘာမဲပေးထားတယ်ဆိုတာကို ဘယ်သူမှ မမြင်ရအောင် ဖြစ်ပါတယ်။ အဲဒီခေါက်ထားတဲ့ မဲလက်မှတ်ကို ကိုင်ပြီး ဆန္ဒပြုခန်းကနေ ပြန်ထွက်လာရ ပါမယ်။ ပြီးရင် မဲပုံးထဲကို ထည့်လိုက်ရမှာဖြစ်ပါတယ်။ အဲဒီမှာပဲ မဲဆန္ဒပေးခြင်း ပြီးဆုံးပြီဖြစ်ပါတယ်။ ဒီလို မဲဆန္ဒပေးတဲ့နေရာမှာ ဘယ်သူကများ သူဘာမဲပေးခဲ့တယ်ဆိုတာကို ဘယ်လိုလုပ် သိနိုင်ပါ့မလဲဗျာ။ မဲစာရွက်ပေါ်မှာ သူကြိုက်တဲ့ အမှတ်အသားကို ရေးခြစ်တယ်။ ပြီးတော့ စာရွက်ကိုခေါက်ပြီး မဲပုံးထဲကို သူ့ဘာသာ သူသွားထည့်ရတယ်။
မဲရုံအတွင်းကို ၀င်ရောက်ခြင်း၊ မဲလက်မှတ်ယူခြင်းကစပြီး နောက်ဆုံး မဲပုံးထဲကို မဲထည့်ပြီး ပြန်ထွက်သွားတဲ့အထိ လုပ်ဆောင်ရမယ့် လုပ်ငန်းစဉ်ကို ပုံနဲ့တကွ အောက်မှာ ကြည့်နိုင်ပါတယ်-

ပြောရရင်တော့ ကိုယ့်ရဲ့ဆန္ဒအမှန်ကို မည်သူ့ကိုမျှ ငဲ့ကွက်စရာမရှိ၊ နောက်ဆံတင်းစရာမရှိဘဲ လွတ်လပ်စွာ ဆန္ဒမဲပေးတဲ့ စနစ်ဆိုတာပါပဲ။ မုသားလက်သုတ်စားနေတဲ့ သူတွေပြောနေသလို မထောက်ခံတဲ့လူတွေကို ဘာလုပ်မယ် ညာလုပ်မယ်ဆိုတော့။ ဘယ်သူက ထောက်ခံတယ်၊ ဘယ်သူက ကန့်ကွက်တယ်ဆိုတာကို ဘယ်လိုလုပ်ပြီး သိမလဲလို့ မေးလိုက်ချင်ပါတယ်။ ကဲ ပြောကြပါဦး နိုင်ငံရေး သမားဆိုတဲ့ ပုဂ္ဂိုလ်ကြီးတွေရဲ့။ ခင်ဗျားတို့က ဘာတွေကို ဘယ်လိုကြောက်ပြီး လျှောက်အော်နေကြတာလဲ ဒီလောက်ရှင်းနေတဲ့ စနစ်ကို သို့လောသို့လော ဖြစ်အောင် မလုပ်ကြပါနဲ့ဗျာ။ ခင်ဗျားတို့ မင်းသားကြီး မလုပ်ရလို့ ပတ်မကြီးကို ထိုးခွဲတာက ကိစ္စမရှိဘူးဗျ။ မြန်မာပြည်သူပြည်သားတွေက ခင်ဗျားတို့လို ပါးစပ်ကနေ အော်ရုံအော်နေကြတာမဟုတ်ဘူးဗျ။ စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီနိုင်ငံတော်ဆီကို ဦးတည် လျှောက်လှမ်းဖို့ တကယ်အားသန်နေကြပြီဗျ။ ကြိုပြီးတော့ ပြောလိုက်ပါဦးမယ်။ အခုသာ ဗုတ်နိုးတို့၊ နိုးဗုတ်တို့ ခင်ဗျားတို့အော်နေတာ။ အခုဆန္ဒခံယူပွဲက မြန်မာပြည်သူတွေရဲ့ အုံးအုံးကြွက်ကြွက် တစ်ခဲနက် ထောက်ခံမှုကြောင့် အောင်အောင်မြင်မြင်ပြီးသွားမှာ သေချာတယ်။ သိကြားမင်းကြီး နားကင်းနဲ့ ဆင်းဖျက်တောင် မပျက်ဘူးဆိုသလိုပေါ့ဗျာ။ အဲဒီလို အောင်အောင်မြင်မြင်ပြီးသွားလို့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို အတည်ပြု၊ ၂၀၁၀ မှာ ရွေးကောက်ပွဲလုပ်တဲ့အခါကျရင် ဗုတ်နိုးလို့ အော်ခဲ့ကြတဲ့ ခင်ဗျားတို့ နိုင်ငံရေးသမားဆိုတဲ့ လူတွေကပဲ အာပေါင်အာရင်းသန်သန်နဲ့ လိမ်ညာဖြီးဖြန်းပြီး လူထုကို မဲဆွယ်ကြဦးမယ်။ တရားတွေဟောကြဦးမယ်။ ခင်ဗျားတို့ လုပ်ခဲ့၊ ကြိုးစားခဲ့လို့ပဲ အခုလို ရွေးကောက်ပွဲကြီး ဖြစ်လာသယောင် ပြောကြဦးမယ်။ နေရာရဖို့အတွက် ခင်ဗျားတို့ အချင်းချင်း အဝေမတည့် ဖြစ်ကြဦးမယ်။ မတော်တဲ့လူချင်း ဆရာလုပ်ကြဦးမယ်။ ငယ်ကျိုးငယ်နာတွေ ဖော်ကြဦးမယ်။ ကြားထဲက မြန်မာ ပြည်သူတွေ အတွက်တော့ ကြိုပြီး ရင်လေးမိတယ်ဗျာ။ အဲဒီကျရင် ကျွန်တော်ကတော့ ဗုတ်နိုး လုပ်ခဲ့တာပါ ဆိုပြီး ရဲရဲဝံ့ဝံ့ပြောရဲတဲ့လူ ဘယ်နှယောက်ရှိမလဲဆိုတာကို ကျွန်တော် စောင့်ကြည့်လိုက်ပါဦးမယ်။
ကဲ စာဖတ်သူတွေကို ပြောချင်တာကတော့ ဆန္ဒမဲပေးတာကို ဘာမှ သံသယ မဖြစ်ပါနဲ့။ မိမိ စိတ်ဆန္ဒအတိုင်း ယုံကြည်တဲ့အတိုင်း ထောက်ခံနိုင်၊ ကန့်ကွက်နိုင်ပါတယ်။ ထောက်ခံတယ်၊ ကန့်ကွက်တယ် ဆိုတာကို မိမိကိုယ်တိုင်ကလွဲရင် ဘယ်သူမှ မသိဘူးဆိုတာကို သိထားစေချင်ပါတယ်။ ဟိုပြောဒီပြောပြောနေကြသလို မထောက်ခံရင် ဘာဖြစ်မယ် ညာဖြစ်မယ်ဆိုတာတွေကို နားမယောင် ပါနဲ့။ ဆန္ဒမဲပေးခွင့်ဟာ မိမိရဲ့ အခွင့်အရေးဖြစ်ပါတယ်။ အဲဒီအခွင့်အရေးကို လက်လွတ်မခံပါနဲ့။
သြော် ဒါနဲ့ ကျွန်တော်မေ့နေလို့။ တစ်ယောက်က မေးပါတယ်။ ကျွန်တော်က ဘာကြောင့် ထောက်ခံဖို့ လိုက်ပြီး ပြောနေရေးနေရတာလဲတဲ့။ ဘယ်သူက တာဝန်ပေးလို့လဲ၊ ဘယ်အဖွဲ့ကလဲတဲ့။ ကျွန်တော်က အေးအေးဆေးဆေးပဲ ပြန်ပြောလိုက်ပါတယ်။ ကျွန်တော်ရေးခဲ့သမျှတွေထဲမှာ ဗုတ်ရက်စ် ပေးပါလို့ တစ်ခွန်းမှ၊ တစ်လုံးမှ မပါ ပါဘူးလို့။ ကျွန်တော်က အပြင်မှာ ဖြစ်နေတဲ့၊ လုပ်နေတဲ့ တကယ့် အဖြစ်မှန်တွေကို သိစေချင်တဲ့ ဆန္ဒသက်သက်နဲ့ ရေးပေးတာဖြစ်ပါကြောင်း။ ဘယ်သူကမှလည်း မင်းဒါကို ရေးရမယ်ဆိုတဲ့ စေခိုင်းချက်မရှိပါဘူး။ အပေါ်မှာ ကျွန်တော်ပြောခဲ့သလို အမှားကို အမှန်ထင်နေသူတွေ အတွက် တကယ့်အမှန်ကို သိစေချင်တဲ့ စေတနာသက်သက်နဲ့ ရေးသားရခြင်းဖြစ်ပါတယ်။ ဗုတ်ရက်စ် ပေးပါ။ ဗုတ်နိုး ပေးပါဆိုတာကို ကျွန်တော် ပြောခွင့်မရှိပါဘူး။ ဒါဟာ မြန်မာပြည်သူပြည်သားတိုင်းရဲ့ ကိုယ်ပိုင် အခွင့်အရေးဖြစ်ပါတယ်။ သဘောကျရင် ထောက်ခံပါလိမ့်မယ်။ သဘောမကျရင် ကန့်ကွက် ပါလိမ့်မယ်။ ဒါပေမယ့် အဲဒီလို ထောက်ခံဖို့၊ ကန့်ကွက်ဖို့အတွက်တော့ မိမိမှာ မှန်ကန်တဲ့ အသိပညာ။ ဗဟု သုတတော့ ရှိဖို့လိုပါတယ်။ သူများ နိုး လို့ ကိုယ် နိုး လိုက်တယ်ဆိုရင်တော့ သူများနှာခေါင်းပေါက်နဲ့ အသက်ရှူသလို ဖြစ်ပါလိမ့်မယ်။ ဒါကြောင့် လေ့လာပါ။ မသိရင် မေးမြန်းပါ။ ပြီးမှ ဆုံးဖြတ်ပါ။
အခြားလူတွေအတွက်တော့ ကျွန်တော်မသိပါဘူး။ ကျွန်တော်ကတော့ အခုအတည်ပြုမယ့် ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းဟာ ယနေ့ မြန်မာနိုင်ငံတော်၊ မြန်မာပြည်သူပြည်သား၊ ရေမြေတောတောင် သဘာဝတွေနဲ့ အကိုက်ညီဆုံးလို့ ယုံကြည်ပါတယ်။ ဘယ်နိုင်ငံက ဖွဲ့စည်းပုံအတိုင်း မဟုတ်လို့ မကောင်းဘူးလို့ ပြောနေတဲ့လူတွေကို ပြောချင်တာကတော့ “ လူကောင်သေးသေးပုပုလေးကို XXXL Size ဂျင်းဘောင်းဘီတစ်ထည်ပေးပြီး ၀တ်ခိုင်းကြည့်လိုက်ပါ ” လို့ အကြံပေးချင်တာပါပဲ။ သေချာတာကတော့ ကျွန်တော်တို့ မြန်မာတွေအတွက် စည်းကမ်းပြည့်ဝသော ဒီမိုကရေစီနိုင်ငံတော်ကြီးဟာ အခုဆိုရင် ပိုပြီး နီးကပ်လာပြီဖြစ်ပါတယ်။ အဲဒီလို နီးကပ်လာနေတဲ့အခွင့်အရေးကို အသုံးမချဘဲ ဝေးသထက်ဝေးအောင် လုပ်နေကြမယ်ဆိုရင် ဒီခရီးဟာ ဘယ်တော့မှ ဆုံးတော့မှာ မဟုတ်ပါဘူး။ ၂၀၁၀ ရွေးကောက်ပွဲဆိုတဲ့ ရှေ့ပန်းတိုင်ကို သွားဖို့အတွက် လမ်းဟာ ဗုတ်နိုး လား၊ ဗုတ်ရက်စ် လားဆိုတာကို စာဖတ်သူကိုယ်တိုင် ဖြေကြည့်ပါ။ ဒါဆိုရင် ရှေ့တိုးမလား၊ နောက်ဆုတ်မလားဆိုတာကို စာဖတ်သူကိုယ်တိုင် သိလာပါလိမ့်မယ်။
ကျွန်တော်ကတော့ ဒီမိုကရေစီပန်းတိုင်ကို မရောက်ရောက်အောင် အခြားသော မြန်မာပြည်သူ တွေနဲ့အတူ အတူတကွ ချီတက်သွားမှာဖြစ်ပါတယ်။
စာဖတ်သူလည်း ဒီမိုကရေစီ ပန်းတိုင်ကို အရောက်လှမ်းချင်မယ်လို့ ယုံကြည်မိပါကြောင်း။

အယ်ဒီတာ
မြန်မာ့သွေးအဖွဲ့

 
Web Statistics