အခုတော့ ကျွန်တော့်ကို လာခေါ်ကြပြီ
ဂျူး
ဂျူး
သာမန် လေကြီးမိုးကြီးသည်းထန်သည့်အချိန်များမှာတောင် ကိုယ်နေသည့် ကန်ထရိုက်တိုက်ပြိုကျမှာ ကြောက်လန့် စိုးရိမ်နေခဲ့မိသေးတာ၊ အခုလို မကြုံဖူးသည့် မုန်တိုင်းပြင်းအားအောက်မှာဆိုတော့ ကျွန်မ နေစရာမရှိ စိုးရိမ်တုန်လှုပ်မိပြီ။ ကျွန်မတို့ တိုက်မှာက အုတ်နံရံအင်္ဂတေအကာက နည်းနည်း၊ မှန်တွေက များများ၊ မှန်ဆွဲတံခါးတွေက နံရံအပြည့်နီးပါးမို့ လေတွေက တ၀ုန်းဝုန်း တိုက်ခတ်နေချိန်တွင် မှန်ချပ်တွေနှင့် နီးသည့်နေရာမှာ ကျွန်မ မနေရဲပေ။ ကိုယ့်တိုက်၏ တစ်ဖက်မှာ ပိုမြင့်သော တိုက်ကပ်ရက် ရှိနေပေမယ့် တခြားတစ်ဖက်မှာက လမ်းပဲရှိသည်မို့ ဟာလာဟင်းလင်း အကာအကွယ်မဲ့သလို ခံစားရသည်။ သွပ်တစ်ချပ်ပဲ လာထိလိုက်၊ သွားပြီ။ မုန်တိုင်းတိုက်ခတ်ချိန် ခြောက်နာရီပြည့်ဖို့ ဘယ်လောက် လိုသေးပါလိမ့်။ ည ၁၀ နာရီခွဲကို မုန်တိုင်းအစဟု ကိုယ့်ဟာကိုယ်သတ်မှတ်ပြီး နံနက် ၄ နာရီ ကျော်လျှင်တော့ မုန်တိုင်းအားပျော့သွားလေမလား မျှော်လင့်မိသည်။ ညီမနှင့်တူမက ၀ရန်တာတံခါး လေအရှိန်ဖြင့် တဒုန်းဒုန်း တွန်းကန်နေသည်ကို ပြန်တွန်းကန်ထားရသည်မို့ တစ်ညလုံးနီးပါး ထိုင်လိုက် ထလိုက် မအိပ်ရဲကြပေ။ ကျွန်မကတော့ ဟိုပြေးလိုက် ဒီပြေးလိုက်၊ မှန်တံခါးတွေနား မရဲတရဲကပ်သွားပြီး အပြင်ကို လှမ်းကြည့်လိုက်၊ အော်မြည်ပြီး ပြေးလာသည့်လေသံကို ကြားရလျှင် နောက်ပြန်ဆုတ်လိုက်၊ တကယ်ကိုပဲ နေစရာမရှိခဲ့ပါ။ တစ်အိမ်လုံးမှာ အေးအေးဆေးဆေးရှိသူက ဖေဖေပဲ။ ဒီတိုက်ကို မပြိုပါဘူးဟု အာမခံသည်။ ငလျင်ကြောင့်သာ ပြိုချင်ပြိုမယ်။ မုန်တိုင်းကြောင့်တော့ မပြိုပါဘူးတဲ့။ ကျွန်မကတော့ အခုလို အခြေအနေမျိုးမှာ စဉ်းစားချင့်ချိန်နိုင်စွမ်းတွေ ပျောက်ဆုံးကုန်ခဲ့ပြီ။ သုံးနာရီ၊ လေးနာရီ မုန်တိုင်းအရှိန်က လျော့မသွားသည့်အပြင် ပိုတောင် တိုးလာသေး၏။ ငါးနာရီမှာ တော်တော် အရှိန်ပြင်းထန်လာတော့၏။ မှန်တွေကွဲတော့မှာပဲ၊ တိုက်တော့ ပြိုတော့မှာပဲ။ ဒီလေဟာ ဘယ်လိုနည်းနဲ့မှ တစ်နာရီ ၄၅ မိုင်၊ မိုင် ၅၀ မကပါဘူး။ မိုင် ၈၀ ဒါမှမဟုတ် မိုင် ၁၀၀ ရှိမှာပါ။ ဘယ်အချိန်မှာ တိုက်ကြီး ပြိုလဲသွားမလဲ။ ထိုအချိန်မှာ ကျွန်မအသိစိတ်ထဲမှာ တစ်ခုပဲ လွှမ်းမိုးနေခဲ့၏။ ကျွန်မတို့မိသားစု အန္တရာယ်မှ ကင်းဝေးလိုသည်။ မိုးလင်းပါစေတော့။ မိုးလင်းလျှင်တော့ မုန်တိုင်းအားပျော့သွားလေမလား။
ကျွန်မတို့တိုက် လုံခြုံပါသည်ဟု စိတ်သက်သာရချိန်တွင် လမ်းသွယ်၏ တစ်ဖက်က သုံးထပ်တိုက် ခေါင်မိုးမှ လွင့်ကျသွားသည့် သွပ်ပြားတွေကို အဲသည်တိုက်မှ ၀န်ထမ်းကောင်လေးနှစ်ယောက် ပြေးထွက်ပြီး ကောက်ယူဖို့ကြိုးစားသည်။ ထိုမြင်ကွင်းကိုမြင်ရတော့ သူတို့အတွက် ကျွန်မစိုးရိမ်သွားသည်။ လေက ပြင်းထန်တုန်းပါ။ သူတို့ကောက်ယူမည့် သွပ်ပြားချပ်ကြီးသည် လမ်းမပေါ်မှာ အပြားလိုက်ကပ်နေ တုန်းက သိပ်နေရာမရွေ့ပေမယ့် သူတို့ မယူထောင်လိုက်သောအခါ အားပြင်းသောလေဖြင့် ၀ုန်းကနဲ လွင့်သွားသည်။ သူတို့နှစ်ယောက်စလုံးပါ သုံးလေးလှမ်းလောက် ပါသွားပြီးမှ သူတို့ လွှတ်ချလိုက်၏။ ဖေဖေက ကလေးတွေကို ကရုဏာဒေါသဖြင့် အပြစ်တင်နေ၏။ ဒီမုန်တိုင်းကြားထဲ ထွက်ကောက်ရသလား။ လူပါ ပါသွားနိုင်တယ်။ ဟုတ်ပါရဲ့နော်။ ခဏများ စောင့်လိုက်ပါဦးတော့လား။ သို့သော် ထိုလေပြင်းမိုးပြင်းကြားထဲမှာပင် သွပ်ချပ်တွေ၊ စလောင်းအကျိုးအပဲ့တွေ၊ တီဗီအင်တာနာ အချောင်းအကျိုးတွေကို လိုက်လံကောက်ယူသူကလည်း ရှိသေးသည်။ မျက်နှာချင်းဆိုင်က ဘူတာဝင်းထဲမှ အိမ်ခေါင်မိုးတွေ အကုန်ပြုတ်ထွက်ကုန်သည်ကို လေထဲ၊ မိုးထဲမှာပင် ခေါင်မိုးပေါ်တက်ပြီး မိုးကာ ပလတ်စတစ်တွေဖြင့် ဖာထေးနေသူတွေ ရှိသည်။ တကယ်မငြိမ်သွားသေးသည့် မုန်တိုင်းအောက်မှာမို့ ကျွန်မ သူတို့အတွက် စိတ်ပူပါသည်။ ထိုအချိန်ကျမှ တိုက်ခန်းမဟုတ်သည့် အိမ်တွေက ပိုပြီး ဒဏ်ခံရတာပါလားဟု အသိဝင်လာသည်။ အဲသည့်အခါ ကျွန်မစိုးရိမ်ပူပန်ပေးရမယ့် လူတွေ အာရုံထဲမှာ အစီအရီပေါ်လာပြီး သူတို့အတွက် သောက၀င်လာသည်။ မုန်တိုင်းငြိမ်သက်သွားပေမယ့် လျှပ်စစ်တွေ ပြတ်တောက်ပြီး မီးသွေးမီးဖိုလည်း မမွှေးရဲသေးသည်မို့ အဆင်သင့်စားစရာ ရလိုရငြား ကျွန်မလမ်းထွက်ပြီး ဆိုင်တွေရှာရသည်။ ဖေဖေက ပေါင်မုန့်ရရင် ပြီးရောတဲ့။ အိမ်မှာ လက်ကျန်နို့ဆီနှင့် ပေါင်မုန့်ကို စားမည်ဟုဆိုသည်။ ဘယ်စတိုးဆိုင်မှ မဖွင့်။ ပေါင်မုန့် ၀ယ်နေကျ ညဈေးအနီးက ဆိုင်လည်း ပိတ်ထားသည်။ အေးလေ ဘယ်ဆိုင်ကဖွင့်မှမဖွင့်တာ ဘာအံ့သြစရာ ရှိလဲ။ ညဈေးလမ်းမှ ဗိုလ်သူရလမ်းဘက် ကွေ့ဖို့ကို ပြိုလဲကျနေသည့် သစ်ပင်ကြီးတွေအောက်မှ ဖြတ်ရသည်။ တချို့ဓာတ်ကြိုးလိုင်းတွေကိုကျော်ခါ၊ တချို့ကြိုးလိုင်းတွေ အောက်ကငုံ့ဝင်၊ ဘာဆိုင်မှမဖွင့်။ ထို့နောက် ကျွန်မ၏ရှေ့တွင် ကြီးမားလှသော အစိမ်းရောင်ကြီးတစ်ခုက အုပ်မိုးနေတော့သည်။ တခြားဟုတ်ပါ့မလား။ လူသုံးယောက်ဖက်မှ လက်ချင်းထိမည့် ညောင်ပင်ကြီး အမြစ်မှ ကျွတ်ပြီး တုံးလုံးလဲကျနေခြင်း ဖြစ်သည်။ “သစ်ပင်လဲတာ ဒီလောက်ကြောက်စရာ မကောင်းပါဘူးဗျာ။ အဲဒီသစ်ပင်အောက်မှာ လူပိသွားတာကမှ ကြောက်စရာ။ ခင်ဗျားတို့ မမြင်လိုက်ရဘူး။ ကြက်သီးတောင်ထတယ်။ မနက်ငါးနာရီခွဲကနေ ပိခံလိုက်ရတဲ့လူ၊ ၁၀ နာရီခွဲမှ ဆွဲထုတ်ယူလို့ရတယ်။ မသေမရှင်ဝေဒနာခံစားရတာကို တွေးကြည့်စမ်းပါ”။ အဲလိုကြားလိုက်ရတော့ ကျွန်မမှာ ညောင်ပင် ပင်စည်ကြီးအောက်သို့ ရဲရဲပင် မကြည့်ရဲတော့ပေ။ ဘုရားရေ ငါးနာရီခွဲမှာ ဒီလူဘာဖြစ်လို့ သစ်ပင်နားကို ရောက်လာရတာလဲ။ သေချာသည်ကတော့ တိုက်ခန်းတစ်ခုထဲမှာ မုန်တိုင်းစဲချိန်ကို စောင့်မနေနိုင်တဲ့၊ တစ်နေ့လုပ်တစ်နေ့စားရတဲ့သူ ဖြစ်မှာပါ။ သွပ်ပြား၊ အင်တာနာ၊ စလောင်းအကျိုးအပဲ့တွေ လိုက်ကောက်သူ ဖြစ်မလား။ ဆိုက်ကားတစ်စီး ပိပြားနေသည်ကို မမြင်ချင်ဘဲ ဖြတ်ခနဲ မြင်လိုက်ပြီးပြီမို့ ဆိုက်ကားနင်းသူလား။ ထိုသူအခု ဆေးရုံရောက်ပြီလား။ ကျွန်မအိမ်ပေါ် ပြန်တက်မိသည့်အခါ စိတ်ကလေးပင် ညှိုးငယ်သွားတော့သည်။
မုန်တိုင်းကြောင့် ထိခိုက်နစ်နာသူတွေက ချက်ချင်းကိုပဲ မြင်သာထင်ရှားလာခဲ့သည်။ အိမ်ပြိုကျပြီး ပိခံရသူ၊ သစ်ပင်ပိသူ၊ ဓာတ်တိုင်ပိသူ၊ မိသားစုခြင်ထောင်အမိုးပေါ်ထိ ကြီးမားသော သစ်ကိုင်းကျိုးကြီး ပြုတ်ကျခံရသူ၊ ဒါက ရေနှင့်မနီးလှသည့် ကုန်းပေါ်ဒေသ၊ ရန်ကုန်ဝန်းကျင်မှ ထိခိုက်မှုတွေ၊ မြစ်နှင့် ပင်လယ်နှင့်နီးသော အခြားဒေသတွေမှာတော့ မုန်တိုင်းကြောင့် ရေမျက်နှာပြင်မြင့်ပြီး အိမ်တွေရေထဲ ပါသွားသူတွေ၊ မြစ်ထဲမှာ ကမ်းကပ်ထားသည့် မော်တော်သင်္ဘောတွေမှောက်ပြီး နစ်မြုပ်လို့ ရေနစ်သေဆုံး ရသူတွေ။
“ပေါင်မုန့်မရှိရင် ဒီလူတွေ ကိတ်မုန့်စားပါစေပေါ့” ဟု ပြောခဲ့သည့် ပြင်သစ်မိဖုရား မေဒီအင်တွိုင်းနက်ကို ခါးသက်စွာ ကျွန်မရယ်မောခဲ့ဖူးသည်။ အခုတော့ ကျွန်မကိုယ်တိုင်ပင် အဲဒီစကားမျိုး ပြောမိသွားခဲ့သည်မှာ မေလ ၄ ရက်နေ့မှာပါ။ ဧရာဝတီတိုင်း မြစ်ဆိပ်ကမ်းမှာ ကပ်ထားသည့် မော်တော်၊ သင်္ဘောတွေ မုန်တိုင်းမိပြီး ကလေး၊ လူကြီးအားလုံး ရေနစ်သေဆုံးကုန်ကြသည်ဟု ကြားတော့ “ဟောတော် သူတို့ ဘာဖြစ်လို့ သင်္ဘောထဲမှာ နေနေကြတာလဲ၊ ကမ်းပေါ်တက် အကာအကွယ်အောက်မှာ နေရောပေါ့” ဟု လွှတ်ခနဲ ပြောလိုက်မိသည်။ ကျွန်မအား ထိုသတင်းကို ပြောသည့်တူကလေးက ဒါတောင် မသိရကောင်းလားဟူသော မျက်နှာပေးဖြင့် ရှင်းပြ၏။ “ဆရာမကလည်း ဒီမြို့က သူတို့မြို့မှ မဟုတ်ဘဲ။ သူတို့က သင်္ဘောပေါ်က ခရီးသည်တွေလေ။ ကိုယ်နဲ့ အသိအကျွမ်းမရှိတဲ့မြို့ပေါ်ကို လေပြင်းမုန်တိုင်းကြားထဲတက်ပြီး ဘယ်မှာအကာအကွယ်ရှာရဲမလဲ။ ဘယ်သူကရော တံခါးဖွင့်ပေးမှာလဲ။ သူတို့ သင်္ဘောပေါ်မှာပဲ နေရတာပေါ့” တဲ့။ အင်း အဲဒီလိုလား။ ကျွန်မ စိတ်မသက်သာလိုက်တာ။ ကြည့်မြင်တိုင်ကမ်းနားက မော်တော်သင်္ဘောတွေ မှောက်သူမှောက်၊ နစ်သူနစ်၊ လူတွေ ရေနစ်သည့် သတင်းတွေ။ ဧရာဝတီတိုင်းထဲက မြို့တချို့မှာ သေဆုံးသူတွေ ကိန်းဂဏန်းက တုန်လှုပ်ဖွယ် ကောင်းလှသည်။ ဒါက မုန်တိုင်း၏ တိုက်ရိုက် ချက်ချင်းကျရောက်သည့် ထိခိုက်မှုအန္တရာယ် ဆိုးကျိုးတွေပေါ့။
တဖြည်းဖြည်းနှင့် လေး၊ ငါးရက်လွန်လာသည့် အခါမှာတော့ ကျွန်မ စဉ်းစားဆင်ခြင်နိုင်စွမ်းတွေ ကျွန်မထံ ပြန်ရောက်လာသည်ဟု ခံစားရသည်။ ကိုယ့်ဒုက္ခကိုမှ ဆိုးရွားလှပြီဟု ထင်သည့် သွေးရူးသွေးတန်းစိတ်တွေ ပြယ်သွားပြီကိုး။ လက်တွေ့မှာ ကိုယ့်ထက်ဆိုးရွားသူတွေ အများကြီးကို မြင်လာသည်။ ထမင်းချက်ဖို့ဆန်၊ မီးသွေး၊ ဆီ၊ ဆား မရှိလျှင် မတန်တဆ ဈေးခေါ်သည့် ဆိုင်တွေမှာတောင် ဖြစ်အောင်တော့ ၀ယ်စားနိုင်သည့် အခြေအနေတော့ ရှိသေးသည်။ ဒီကနေ့ အလုပ်မလုပ်ရရင် မနက်ဖြန် စားစရာမရှိသူတွေ၊ ညစာ စားစရာမရှိသူတွေ ဘယ်လိုအသက်ရှင် ရုန်းကန် ကြမှာလဲ။ ငါးထပ်တိုက်ပေါ်မှာ ရေမလာပေမယ့် မိသားစုနည်းလို့ ရှိသမျှရေကို ချွေသုံးပြီး ချက်ပြုတ်လို့ ရသေးသည်။ တကယ်လို့ ပြတ်တောက်သွားလျှင်လည်း မြေညီထပ်တချို့မှာ မီးစက်တွေ ခုတ်မောင်းပြီး အ၀ီစိတွင်းမှ ရေတင်နေရတာ မြင်ရလို့ သွားခပ်လျှင် တစ်ပုံးနှစ်ပုံးတော့ သယ်လို့ရမှာပေါ့။ မီးမလာပေမယ့် မီးစက်နှိုးပြီး အလင်းရောင်ယူလို့ရ၊ ဖုန်းဓာတ်ခဲတွေကို အားသွင်းလို့ ရသည်။ နေစရာအိမ်တောင် ပြိုကျသွားသူတွေ၊ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်း၊ ဇရပ်တွေမှာ ခိုကပ်နေရသူတွေ၊ ချက်ပြုတ်စရာ၊ လျှော်ဖွပ်စရာ ရေ၊ ခြုံစရာစောင်၊ ခြင်ထောင်၊ ဆီး၊ ၀မ်း၊ အညစ်အကြေးစွန့်စရာ အိမ်သာ၊ အညစ်အကြေးစွန့်ပြီး ကိုယ့်ကိုကိုယ် ပြန်သန့်စင်ဖို့ရေ… ဘုရား ဘုရား။ ရေ၀ိုင်းနေသည့် ပလုံစီအိမ်သာတွေ၊ ကျွဲ၊ နွား၊ ခွေး၊ တိရစ္ဆာန်အသေကောင်တွေ၊ လူသေအလောင်းတွေ၊ ရေမျောကမ်းတင် ဖောင်ပုံသဏ္ဍာန်တောင်ဖြစ်နေသည့် လူသေအလောင်းတွေ၊ ထိုရေတွေက ဘယ်လောက်တောင် ညစ်ညမ်းနံစော်နေမလဲ။ အဲသည်ကနေ ဖြစ်လာမည့် ရောဂါတွေကို ကျွန်မကြိုတင်တွေးမိသွားသည်။ သောက်ရေ၊ သုံးရေ၊ ရေသန့်မရသည့်အခါ ရှိသည့်ရေထဲမှာနေ…၊ ရှိသည့်ရေကိုပဲသုံး။ ရလာမှာက ၀မ်းပျက်ရောဂါ။ တစ်ယောက်ရောဂါကနေ သန့်စင်အောင် မလုပ်နိုင်လျှင် နောက်တစ်ယောက်ကိုကူး။ ဒီရေထဲမှာပဲနေ… နောက်တစ်အိမ်၊ နောက်ထပ်တစ်အိမ်၊ တစ်ရပ်ကွက်လုံး… နောက်ထပ်ရပ်ကွက်…။ အမိုးအကာ စောင်မလုံမခြုံလို့ အဆုတ်အအေးမိ ဖျားနာသည့်ရောဂါတွေ…။ ဆေးရုံတွေ လိုအပ်သည်။ ဆေးတွေ လိုသည်။ ရေကို သန့်အောင် လုပ်ပေးသည့် ဆေးပြားတွေလိုသည်။ ၀မ်းပျက်ဝမ်းလျှောသည့် လူနာကို ဆုံးရှုံးသွားသည့်ရေနှင့် ဓာတ်ဆားတွေ ပြန်ဖြည့်ပေးဖို့ ဓာတ်ဆားရည်ဖျော်စရာ ဓာတ်ဆားထုပ်တွေ လိုသည်။ ထို့ပြင် စနစ်တကျ ပြုစုကုသပေးဖို့ ကျွမ်းကျင်ပညာရှင်တွေ လိုသည်။
အမေရိကန်မှာတော့ တက္ကသိုလ်က ပညာရှင်တွေ နာဂစ်မုန်တိုင်းနှင့်ပတ်သက်ပြီး ဦးနှောက်ခြောက်၊ ဆွေးနွေးငြင်းခုံနေကြပြီတဲ့။ လေမုန်တိုင်းသည် အဆင့် ၂ (Category II) ကနေ မြေပြင်နားကပ်တော့မှ အဆင့် ၃ နဲ့ ၄ အဖြစ် (Category III နဲ့ IV အဖြစ်) ရုတ်တရက်ပြောင်းသွားတာ။ အဲဒါကို သူတို့ အဖြေရှာနေကြသည်တဲ့။ ဒါ ဘာကြောင့်လဲ။ ရာသီဥတုပြောင်းလဲမှု (Climate Change) ကြောင့်လား။ အားလုံးစဉ်းစားဆွေးနွေးနေကြသည်ဆိုပဲ။ မြန်မာပြည်ကို ကူညီထောက်ပံ့ဖို့လည်း ကြိုးစားရင်း သိပ္ပံနည်းကျကျ မုန်တိုင်း၏ ထူးခြားမှုကို အဖြေရှာဖို့ ဆွေးနွေးသုတေသနလုပ် ရှာဖွေနေကြသည်တဲ့။ ရှာဖွေကြပါ။ စဉ်းစားစမ်းသပ်ကြပါ။ ဒီလိုမုန်တိုင်းမျိုး မဖြစ်ပေါ်အောင် နိုင်ငံတကာ ပူးပေါင်းကာကွယ်ဖို့ ကြိုးစားနိုင်လျှင် ကောင်းမည်။
ကက်ထရီးနား မုန်တိုင်းက သတင်းအဖြစ်သာ၊ ကိုယ်နှင့်မဆိုင်သလို ရှိခဲ့သည်။ နာဂစ်ကျတော့ ကိုယ့်ကို တိုက်ရိုက်ထိခိုက်လာသည်။ နာမည်ကျော်ဆိုစကား တစ်ခုအတိုင်းပါပဲ။ “ဂျူးတွေကို လာခေါ်သည့်အခါ နာဇီတွေက ကျွန်တော်နှင့်မဆိုင်၊ ကျွန်တော်က ဂျူးမှ မဟုတ်ဘဲ။ သူတို့တွေကို လာခေါ်သည့်အခါ ကျွန်တော်နှင့်မဆိုင် ကျွန်တော်က သူတို့မှ မဟုတ်ဘဲ” ဆိုတဲ့ အဓိပ္ပါယ်ပါ။ အခုတော့ ကျွန်တော့်ကို လာခေါ်ကြပြီ။ တခြားသူ မရှိတော့ဘူး။ ကျွန်တော်ပါပဲ။
အခုမှပဲ ထောက်ပံ့ကယ်ဆယ်ရေးလုပ်ငန်းတွေကို ကိုယ်တိုင် ကြိုးစားရပါတော့မည်။
( ၂၀၀၈ ခုနှစ် မေလ ၁၈ ရက်နေ့ထုတ် “ Bi Weekly Eleven ” ဂျာနယ် အတွဲ ၁၊ အမှတ် ၉ မှ
ပြန်လည်ကူးယူ ဖော်ပြပါသည် )
ပြန်လည်ကူးယူ ဖော်ပြပါသည် )
No comments:
Post a Comment