Friday, August 24, 2012

အမေရိကန်တရားရုံးချုပ်အကြောင်း တစ်စေ့တစ်စောင်း


အမေရိကန်နိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေကို စက်တင်ဘာ ၁၇ ရက်နေ့ ၁၇၈၇ ခုနှစ်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရေးညီလာခံက မူကြမ်း ရေးဆွဲခဲ့ပါတယ်။ မတ်လ ၁၄ ရက်နေ့ ၁၇၈၉ ခုနှစ်မှာ စတင်အသက်ဝင်ပါတယ်။ အခြေခံဥပဒေ အခန်း ၃ ပါ ပြဋ္ဌာန်းချက်အရ တရားရုံးချုပ်ကို ဖေဖော်ဝါရီလ ၂ ရက်နေ့ ၁၇၉၀ ခုနှစ်မှ စတင် တည်ထောင်ခဲ့ပါတယ်။ အမေရိကန်အခြေခံဥပဒေအရ တရားရုံးချုပ်ဟာ အမြင့်ဆုံး တရားရေးအဖွဲ့အစည်းဖြစ်ပြီး အခြေခံဥပဒေကို အဓိပ္ပါယ်ဖွင့်ဆို ဆုံးဖြတ်ဖို့အတွက်လည်း တာဝန်ရှိပါတယ်။ တရားရုံးချုပ် တရားသူကြီးများကို သမ္မတက အမည်စာရင်း တင်သွင်းပြီး အထက်လွှတ်တော်က အတည်ပြု ခန့်အပ်ပါတယ်။ သက်တမ်းအကန့်အသတ် မရှိပါဘူး။ အရည်အချင်း ပျက်ယွင်းကြောင်း ပြစ်တင်စွပ်စွဲ ဖယ်ရှားမခံရဘူးဆိုရင် ဆန္ဒရှိသရွေ့ တာဝန်ထမ်းဆောင်လို့ ရပါတယ်။

၁၈၀၃ ခုနှစ်မှာ တရားသူကြီးချုပ် ဂျွန်မာရှယ် ခေါင်းဆောင်တဲ့ တရားရုံးချုပ်က Marbury v. Madison အမှုနဲ့ ပတ်သက်ပြီး ကွန်ဂရက်လွှတ်တော်က ပြဋ္ဌာန်းခဲ့တဲ့ တရားစီရင်ရေးဆိုင်ရာဥပဒေ(၁၇၈၉) ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မကိုက်ညီဘူးလို့ ဆုံးဖြတ်ခဲ့ပါတယ်။

ဒီအမှုဟာ အမေရိကန်အခြေခံဥပဒေ အသက်ဝင်လာပြီးနောက် ပထမဆုံးအဖြစ် တရားစီရင်ရေး၊ ဥပဒေပြုရေးနဲ့ အုပ်ချုပ်ရေးမဏ္ဍိုင်သုံးခုရဲ့ အခန်းကဏ္ဍကို တိတိကျကျ ခွဲခြားသတ်မှတ်ခဲ့တဲ့ စီရင်ချက် ဖြစ်တဲ့အတွက် သမိုင်းဝင်စီရင်ထုံး Landmark Case အဖြစ် မှတ်တမ်းတင်ခဲ့ပါတယ်။ ဒီဆုံးဖြတ်ချက်မှာ တရားသူကြီးချုပ် ဂျွန်မာရှယ်က အခြေခံဥပဒေကို အဓိပ္ပါယ်ဖွင့်ဆိုခြင်းနဲ့ ပတ်သက်ပြီး တရားရုံးချုပ်ရဲ့ ဆုံးဖြတ်ချက်ကို အခုလိုရေးသားခဲ့ပါတယ် -
Congress cannot pass laws that are contrary to the Constitution, and it is the role of the Judicial system to interpret what the Constitution permits.

တရားသူကြီးချုပ် ဂျွန်မာရှယ်ဟာ ၁၈၀၁ ခုနှစ်ကနေ ၁၈၃၅ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့ပြီး အမေရိကန် သမိုင်းမှာ တရားရေးမဏ္ဍိုင်ရဲ့ အခန်းကဏ္ဍကို တိတိကျကျ ပိုင်းခြားသတ်မှတ်ပေးခဲ့သူအဖြစ် ထင်ရှားခဲ့ပါတယ်။ သူ့ကို ရွေးချယ်တာဝန်ပေးခဲ့တဲ့ သမ္မတဂျွန်အဒမ်ကတော့ တရားသူကြီးဂျွန်မာရှယ်ဟာ အမေရိကန်ပြည်သူတွေအတွက် သူပေးခဲ့တဲ့ အကောင်းဆုံး လက်ဆောင်ပါပဲလို့ ပြောခဲ့ပါတယ်။

၁၈၀၃ ခုနှစ် Marbury v. Madison အမှုကနေစပြီး ၂၀၁၀ ပြည့်နှစ်အထိ တရားရုံးချုပ်ဟာ ကွန်ဂရက်လွှတ်တော်က ပြဋ္ဌာန်းတဲ့ ဥပဒေ သို့မဟုတ် ဥပဒေပါ ပြဋ္ဌာန်းချက်အချို့ဟာ အခြေခံဥပဒေနဲ့ မကိုက်ညီဘူးလို့ ဆုံးဖြတ်ခဲ့တာ ၁၆၃ ကြိမ် ရှိပါတယ်။

တရားရုံးချုပ် သမိုင်းတစ်လျှောက်မှာ တရားရုံးချုပ်တစ်ခုလုံးကို ပြစ်တင်စွပ်စွဲပြီး ဖယ်ရှားဖို့ကြိုစားတာ တစ်ကြိမ်မှ မကြုံခဲ့ရပါဘူး။ ၁၈၀၅ တရားရုံးချုပ်တရားသူကြီး Samuel Chase ကိုပဲ တရားစီရင်တဲ့နေရာမှာ ပါတီစွဲနဲ့ လုပ်တယ်ဆိုပြီး ပြစ်တင်စွပ်စွဲဖို့ ဆောင်ရွက်ခဲ့ဖူးပါတယ်။ ဒီစွပ်စွဲချက်ဟာလည်း စစ်ဆေးကြားနာတဲ့ အထက်လွှတ်တော်ရဲ့ ပယ်ချခြင်း ခံခဲ့ရပါတယ်။ အမေရိကန်တရားရုံးချုပ်သမိုင်းမှာ သူဟာ တစ်ဦးတည်းသော ပြစ်တင်စွပ်စွဲပြီး ရာထူးက ဖယ်ရှားဖို့ ကြိုးစားခံရသော တရားရုံးချုပ် တရားသူကြီးလည်း ဖြစ်ပါတယ်။
 
(ဦးရဲထွဋ်ရဲ့ Facebook စာမျက်နှာက ပြန်လည်ကူးယူဖော်ပြပါတယ်။ မနေ့က တင်ပေးခဲ့တဲ့ ဆရာမောင်ဝံသရဲ့ စွပ်စွဲပြစ်တင်မယ်ဆိုတဲ့ကိစ္စ ပြန်စဉ်းစားကြပါဦးနဲ့ ဆက်စပ်ပြီး ဖတ်သင့်တယ်ထင်လို့ ပြန်လည်ဝေမျှလိုက်တာပါ။)

No comments:

Post a Comment

 
Web Statistics