Friday, September 06, 2013

ဖျက်ဆီးဖို့ထက် ပိုအရေးကြီးတဲ့အရာ


ဒီနေ့ အချိန်အားလေးရတဲ့အတွက် နေ့စဉ်သတင်းစာတွေကို အကြွေးနဲ့ အတိုးချပြီး ဖတ်ဖြစ်ပါတယ်။ နေ့စဉ်သတင်းစာကို ပို့တဲ့လူက တစ်ရက်နောက်ကျပြီး ပို့ပါတယ်။ ဖတ်တဲ့ကျွန်တော်က တစ်ပတ်တစ်ခါပဲ စုပြီးတော့ ဖတ်နိုင်ပါတယ်။ သတင်းစာတွေ ဖတ်နေရင်းနဲ့ သတင်းလေးတစ်ပုဒ်ကို အမှတ်ထင်ထင် ဖြစ်သွားပါတယ်။ အခြားမဟုတ်ပါ။ ဖမ်းဆီးရမိတဲ့ ဆင်ဆာမဲ့ ဗီဒီယိုခွေတွေကို ဖျက်ဆီးတဲ့ အခမ်းအနား လုပ်တဲ့သတင်း ဖြစ်ပါတယ်။ ဓာတ်ပုံလေးပါ ပါလေတော့ သတင်းကိုဖတ်ရတာ အသက်ဝင်ပါတယ်။ အောက်မှာ စီဒီခွေတွေ အများကြီးနဲ့ အပေါ်ကနေ လမ်းကြိတ်စက်နဲ့ တက်ကြိတ်နေတဲ့ပုံ ဖြစ်ပါတယ်။

လမ်းကြိတ်စက်နဲ့ကြိတ်၊ မီးတွေရှို့
အားလုံးသိဖူး၊ မြင်ဖူး၊ တွေ့ဖူးတဲ့ မြင်ကွင်းတွေ ဖြစ်ပါတယ်။ ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေကို မြန်မာနိုင်ငံမှာ မကြာခဏဆိုသလို ဖျက်ဆီးတဲ့ အခမ်းအနားတွေ လုပ်ကြပါတယ်။ ကျွန်တော်တို့နိုင်ငံလောက် မူးယစ်ဆေးဝါး မိတဲ့နိုင်ငံ၊ ဖျက်ဆီးတဲ့နိုင်ငံ ရှိမှရှိရဲ့လားလို့လည်း တစ်ခါတစ်လေ မေးခွန်းထုတ်မိပါတယ်။ ဒီလောက်ဖမ်းဆီး ဖျက်ဆီးနေတဲ့ ကြားထဲကမှ ဘာဖြစ်လို့များ မူးယစ်ဆေးဝါး အမှုအခင်းတွေ၊ မူးယစ်ဆေးဝါး ပြဿနာတွေက ဒီနေ့အထိ ယုတ်လျော့သွားခြင်းမရှိဘဲ ပိုပိုပြီး တိုးလာရပါသလဲခင်ဗျာ။

စီဒီတွေကို ဖျက်ဆီးပြန်ပြီ
အခုလည်း တရားမ၀င်အခွေတွေကို ဖျက်ဆီးတယ်ဆိုပြီး လုပ်ကြပြန်ပါပြီ။ ဖတ်မိတဲ့သတင်းအရ အခွေပေါင်း နည်းတာမဟုတ်ပါဘူး။ အခွေပေါင်း နှစ်သိန်းနီးပါးတဲ့။ ဇာတ်ကားခွေ ဈေးနှုန်းနဲ့ မတွက်ချက်ဘဲ စီဒီအလွတ် ဈေးနှုန်းနဲ့ပဲ တွက်ဆကြည့်စေချင်ပါတယ်။ စီဒီ/ဒီဗီဒီ တစ်ချပ်ကို ၁၀၀ ကျပ် နဲ့ပဲ တွက်မယ်ဆိုရင်တောင် တန်ဖိုးပေါင်း ဘယ်လောက်ရှိမလဲ။ စဉ်းစားသာကြည့်။ အခွေတွေကို ဖျက်တဲ့တန်ဖိုးနဲ့ အခမ်းအနားလုပ်ဖို့ ကုန်ကျငွေ ဘယ်ဟာက ပိုများသလဲ ဆိုတာကိုတောင် စိတ်ဝင်စားစရာ ကောင်းသေးတော့တယ်။

အခြားဖျက်ဆီးမှုများ
ဆိုးဆေးတွေ ခေတ်ထတုန်းကလည်း ဖျက်ဆီးကြတာပဲ၊ နို့မှုန့်တွေ ပြဿနာတက်တော့လည်း ဖျက်ဆီးကြတာပဲ၊ မှတ်ပုံမတင်ဘဲ ၀င်လာတဲ့ ဆေးဝါးအတုတွေလည်း ဖျက်ဆီးကြတာပဲ။ ပြောရမယ်ဆိုရင် ဥပဒေနဲ့မညီလို့ ဖျက်ဆီးရတဲ့ ကိစ္စရပ်ပေါင်းက မနည်းမနောပါပဲ။ ပြောမကုန်အောင် ရှိမှာပါပဲ။

ရပ်သွားသလား၊ လျော့သွားသလား၊ တန့်သွားသလား
ကျွန်တော်တို့တွေ အခုလို ဖျက်ဆီးမှုတွေ လုပ်တဲ့အတွက် အဲဒီလုပ်ငန်းတွေဟာ ရပ်တန့်သွားပါသလား။ မူးယစ်ဆေးတွေကို မီးရှို့လိုက်ရုံနဲ့ မူးယစ်ဆေးဝါး ပြဿနာ ချုပ်ငြိမ်းသွားပါသလား။ မူးယစ်ဆေးဝါး သုံးစွဲမှု ပပျောက်သွားပါသလား။ နို့မှုန့်တွေကို ဖျက်ဆီးပစ်ရုံနဲ့ နောက်ထပ် နို့မှုန့်အတုတွေ ထွက်မလာတော့ဘူးလား။ ဆေးဝါးအတုတွေကို ဖျက်ဆီးပစ်ရုံနဲ့ လူသားတွေအားလုံး ဆေးဝါးတုတွေ ဘေးကနေ ကင်းဝေးသွားပါသလား။ ဆင်ဆာမဲ့ အခွေတွေကို လမ်းကြိတ်စက်နဲ့ ဖျက်ဆီးလုပ်ရုံနဲ့ တရားမ၀င် အခွေကူးတဲ့ ကိစ္စတွေ ရပ်တန့်သွားပါသလား။

ဖျက်ဆီးဖို့ထက် ပိုအရေးကြီးတဲ့အရာ
ကျွန်တော်တို့တွေ အလေးထားပြီး လုပ်သင့်တာက တရားမ၀င် လုပ်ကိုင်ဆောင်ရွက်နေတာတွေကို ဖမ်းဆီး၊ အရေးယူ၊ ဖမ်းမိပစ္စည်းတွေကို ဖျက်ဆီး၊ ဒါတွေ မဟုတ်ပါဘူး။ အဲဒါတွေကို လုပ်ကိုင်ဆောင်ရွက်နေတဲ့ လူတွေရဲ့ စိတ်ဓာတ်တွေကို ပြုပြင်ရမှာပါ။ သေချာတာကတော့ လူတိုင်း လူတိုင်းဟာ သမ္မာအာဇီဝနဲ့ အဆင်ပြေမယ်ဆိုရင် မတော်တရားတွေကို လုပ်ချင်ကြမယ် မဟုတ်ပါဘူး။ အတ္တအရမ်းကြီးလွန်းတဲ့၊ လောဘအရမ်းကြီးလွန်းတဲ့ လူတွေဆိုရင်တော့ တစ်မျိုးပေါ့လေ။ ဒီလုပ်ငန်းတွေကို ဘာဖြစ်လို့ လုပ်ကိုင်ရသလဲ ဆိုတာကို အရင်ဆုံး ဆန်းစစ်ရပါတယ်။ အဖြေရှာရပါမယ်။ လုပ်နေတဲ့လူတွေကို ဒီလို လုပ်ခြင်းရဲ့ အပြစ်တွေ၊ ဆိုးကျိုးတွေ၊ သက်ရောက်မှုတွေကို နားလည်အောင် စည်းရုံးလှုံ့ဆော်ရပါမယ်။ တစ်ဖက်ကလည်း သုံးစွဲတဲ့လူတွေကို ဒါမျိုးတွေ မသုံးကြဖို့ ပညာပေးဖို့၊ စည်းရုံးဖို့လိုသလို ဒါတွေ မသုံးဘဲ အဆင်အပြေဆုံး ဖြစ်နိုင်မယ့် နည်းလမ်းတွေကိုလည်း ဆောင်ရွက်ပေးနိုင်ရပါမယ်။ တစ်ခုခုနဲ့ အစားထိုးစရာ မရှိဘဲ ဒါကြီးကိုပဲ ပပျောက်အောင် လုပ်မယ်ဆိုရင်လည်း မဖြစ်နိုင်ပါဘူး။ မူရင်း ဗီစီဒီခွေက တစ်ထောင်၊ တစ်ထောင့်ငါးရာနဲ့ ရောင်းနေချိန်မှာ လမ်းဘေးက တရားမ၀င်ကူးရောင်းတဲ့ အခွေတစ်ခွေက နှစ်ရာ၊ သုံးရာဆိုရင် တစ်ရက်ဝင်ငွေ ၃၀၀၀ ၀န်းကျင်လောက်ပဲရှိတဲ့ လူတစ်ယောက်က ဘယ်ဟာကို ၀ယ်ဖို့စဉ်းစားမလဲ တွေးကြည့်နိုင်ပါတယ်။ မြန်မာတွေက ပေါပေါလောလော သိပ်ကြိုက်တယ်လို့တော့ မပြောကြပါနဲ့။ အင်တာနက်ပေါ်မှာ လိုက်လေ့လာကြည့်ပါဦး။ ဘယ်နိုင်ငံခြားသားကရော သီချင်းမှန်သမျှကို ပိုက်ဆံပေးပြီး ၀ယ်ပါသလဲ။ အွန်လိုင်းပေါ်မှာ Free Download ဆိုတဲ့ စာမျက်နှာတွေဟာ ဘယ်လောက် မျက်နှာပွင့်သလဲဆိုတာ စာဖတ်သူများ နားလည်ပါတယ်။ ဒါကြောင့် တဆိတ်ရှိ ဟိုဟာဖျက်ပြ၊ ဒီဟာဖျက်ပြ၊ အခမ်းအနားလုပ်၊ ဓာတ်ပုံရိုက်၊ သတင်းဖော်ပြ၊ ဒါတွေပဲ လုပ်နေကြရုံနဲ့ တရားမ၀င်ဆိုတာတွေ၊ ဆင်ဆာမဲ့ဆိုတာတွေ ပပျောက်သွားမှာ မဟုတ်ဘူးလို့ ထင်မြင်မိကြောင်းပါ။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၃ ခုနှစ်၊ စက်တင်ဘာလ ၆ ရက်၊ သောကြာနေ့။
ည ၁၀ နာရီ ၄၁ မိနစ်တွင်ပြီး၏။

No comments:

Post a Comment

 
Web Statistics