Sunday, November 22, 2009

ကြည့်ဖြစ်ခဲ့သော မြန်မာဗီဒီယိုဇာတ်ကားများ


ဒီရက်ပိုင်းကတော့ မြန်မာကားတွေကြည့်ရတာ သိပ်အဆင်မပြေပါဘူးဗျာ။ ဘယ်လိုဖြစ်တယ်မသိဘူး။ ကြည့်သမျှကားတိုင်းနီးပါးကို စိတ်တိုင်းမကျဘူးဖြစ်နေတယ်။ ထွက်တဲ့ဇာတ်ကားအများကြီးထဲကမှ မင်းသားရွေး၊ မင်းသမီးရွေး၊ ဒါရိုက်တာရွေးနဲ့ စိတ်တိုင်းကျဖြစ်မယ်ထင်တဲ့ဟာကို ရွေးပြီးကြည့်တာပါပဲ။ ကဲပါ… ကျွန်တော်ကြည့်ပြီးသမျှကို ပြန်ရေးပြထားပါတယ်။

(၁)
ဇာတ်ကားအမည် - ချွန်းမိုက်
ဇာတ်လမ်းနှင့် ဒါရိုက်တာ - ၀င်းထွန်းထွန်း ၏ အနုပညာပြချက်
ဇာတ်ညွှန်း - မြင့်ဦးဦးမြင့်
သရုပ်ဆောင်များ - မိုးအောင်ရင်၊ ရဲအောင်၊ မင်းဟိဏ်း၊ တင့်တင့်ထွန်း၊ မိုးပြည့်ပြည့်မောင်

ဇာတ်လမ်းအကျဉ်း
ချွန်းဆိုတဲ့ ကလေးကိုမွေးတဲ့နေ့မှာပဲ ယောက်ျားက ကုန်ကားမောင်းရင်း လူတိုက်မိလို့ လူသေ၊ ကားပေါ်မှာ ပါလာတဲ့ မူးယစ်ဆေးဝါးတွေကို ခိုးပြီးသယ်လာတဲ့ စပယ်ယာကလည်းသေသွားတဲ့အတွက် ထောင်ကျသွားခဲ့ရတယ်။ မီးမထွက်ခင်မှာပဲ မိခင်ဖြစ်သူကလည်း သေသွားခဲ့ရပြန်တယ်။ အဲဒီလိုတွေ ကြုံတွေ့ခဲ့ရတဲ့အတွက် စိတ်ကစဥ့်ကလျားဖြစ်သွားပြီး ရူးသွားတဲ့အမျိုးသမီးတစ်ယောက်ကို အဓိကဇာတ်လမ်းတည်ထားတာပါ။ အဲဒီဇာတ်ကောင်စရိုက်ကို တင့်တင့်ထွန်းက သရုပ်ဆောင်ပါတယ်။ အရူးမနဲ့ တစ်ရွာလုံးပြဿနာဖြစ်ရာက နောက်ဆုံးမှာ အရူးမကို စုန်းမအဖြစ် ယိုးစွပ်ကြပြီး သားအမိနှစ်ယောက်လုံးကို ရွာပြင်ထုတ်ထားတဲ့အထိ ဖြစ်သွားပါတယ်။ ရွာမှာ မကောင်းတာတစ်ခုခု ဘာပဲဖြစ်ဖြစ် အရူးမလုပ်တာ၊ စုန်းအတတ်ပညာနဲ့ ပြုစားတာလို့ စွပ်စွဲခဲ့ကြတယ်။ ရွာပြင်က တဲမှာနေတာကိုပဲ မနေနိုင်မထိုင်နိုင် လာရောက်စော်ကားပြောဆိုတဲ့လူကို ချွန်းတစ်ယောက် သတ်မိရာက သားအမိနှစ်ယောက် ထွက်ပြေးကြပါတယ်။ ချွန်းရဲ့အဖေထောင်ကလွတ်လာတဲ့နေ့မှာပဲ ချွန်းလည်းရွာသားတစ်ယောက်ရဲ့ ဓားချက်ကြောင့် သေဆုံးသွားခဲ့ရတဲ့အကြောင်းပါ။

ဝေဖန်သုံးသပ်ချက်
ပြောရမှာတော့ အားနာပါတယ်။ ဒါပေမယ့် အမြင်အတိုင်းပြောပါ့မယ်။ ဒါရိုက်တာ ၀င်းထွန်းထွန်းကို အဆင့်မီဒါရိုက်တာတစ်ယောက်အဖြစ် ကျွန်တော်သတ်မှတ်ထားပါတယ်။ သူ့ရဲ့ဇာတ်ကားအများစုဟာ ဇာတ်အိမ်ခိုင်ခိုင်နဲ့ ကြေကွဲဝမ်းနည်းဖွယ်တွေ များတတ်ပါတယ်။ နင့်နေအောင်ခံစားရတဲ့ ဇာတ်ကားတွေကို ရိုက်တတ်တဲ့ဒါရိုက်တာအဖြစ် ကျွန်တော်က သတ်မှတ်ထားပါတယ်။ အထူးသဖြင့် လူတစ်ဦးတစ်ယောက်ရဲ့ စရိုက်ကိုအဓိကပုံဖော်တဲ့ ဇာတ်လမ်းတွေဆိုရင် အရမ်းကိုကောင်းတတ်ပါတယ်။ ဒါပေမယ့် ဒီဇာတ်ကားမှာတော့ သူ့ဇာတ်လမ်းကို သူရိုက်ထားပေမယ့် အရင်ဇာတ်လမ်းတွေကို လုံးဝကို မမီပါဘူး။ အဆင့်မရှိဘူးလို့ ပြောချင်ပါတယ်။ တင့်တင့်ထွန်းရဲ့ဇာတ်ရုပ်ကိုတော့ အကောင်းဆုံးပီပြင်အောင် ရိုက်ကူးပြနိုင်တာကို အသိအမှတ်ပြုပါတယ်။ ဒါပေမယ့် အခြားသောဇာတ်ဆောင်တွေအားလုံးက ဒီဇာတ်ကားမှာ ကြွမလာဘဲ ငုပ်နေကြတာတွေ့ရပါတယ်။ တင့်တင့်ထွန်းတစ်ယောက်တည်းက ဇာတ်လမ်းကိုဆွဲခေါ်နေရတဲ့ပုံစံ ဖြစ်သွားပါတယ်။ ဇာတ်ကားနာမည်တောင် ပေးထားရတဲ့ ချွန်းဆိုတဲ့ ဇာတ်ကောင်ကလည်း မိုးအောင်ရင်နဲ့ မလိုက်ဖက်ပါဘူး။ အဲဒါကြောင့်လည်း ချွန်းဇာတ်မဟုတ်ဘဲ အရူးမတင့်တင့်ထွန်းရဲ့ဇာတ် ဖြစ်သွားရပါတယ်။

အစကတော့ ရေးမလို့ပါပဲ။ ဒါပေမယ့် မရေးတော့ပါဘူး။ ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်တယ်လို့ ထင်သွားရင် မကောင်းပါဘူး။ ဗီဒီယိုကြည့်နေတဲ့ ပရိသတ်တွေ မညံ့ဘူးဆိုတာလောက်တော့ ပြောချင်တဲ့အတွက် ဇာတ်ကားလေးတွေ ညွှန်းလိုက်ပါရစေ။ ဒီ ချွန်းမိုက် ဇာတ်ကားကိုကြည့်ရင်းနဲ့ ကျွန်တော့်ခေါင်းထဲမှာ ပြန်ပေါ်လာတဲ့ ဇာတ်ကားလေးတွေပါ။ ကြောင်းတူသံကွဲလေးတွေ ဆိုပါတော့။ ဒီဇာတ်ကားတွေပါ-
(က) ရွာ - ရဲတိုက်၊ မို့မို့မြင့်အောင်
(ခ) အစွဲ၏နောက်ကွယ် - ပြေတီဦး၊ ခိုင်သင်းကြည်၊ ဇူးဇူးမောင်
(ဂ) နောက်တစ်ကားက ဇာတ်ကားနာမည်မမှတ်မိပါ။ မင်းမော်ကွန်းနဲ့ စိုးမိုးကြည်နဲ့ ဇာတ်လမ်းပါ။ အင်းလေးမှာ ရိုက်ထားတာတော့ မှတ်မိနေပါတယ်။
ပြောခဲ့တဲ့ဇာတ်ကားတွေနဲ့ တစ်ကားလုံးထပ်တူတော့ တူနေတာမျိုးမဟုတ်ပါဘူး။ ဒါပေမယ့် ဟိုတစ်ပိုင်းက ချွတ်စွပ်တူလိုက်၊ ဒီတစ်ပိုင်းက ချွတ်စွပ်တူလိုက်နဲ့ အံ့သြစရာကြီးပါ။

ပျော်စရာမကောင်းတဲ့ဇာတ်ကားပါ။ ကြည့်မယ်ဆိုရင်တော့ အချိန်ပေးရကျိုးနပ်မယ် မထင်ပါဘူး။ ကျွန်တော့်အမြင်ပါ။

(၂)
ဇာတ်ကားအမည် - အာဠာဝကဗဟိန်း
ဇာတ်လမ်း - မိုးကျော် (M.K.A)
ဇာတ်ညွှန်း -
ဒါရိုက်တာ - ကိုဇော် (အရုဏ်ဦး)
သရုပ်ဆောင်များ - ကျော်ရဲအောင်၊ မင်းရာဇာ၊ ထူးခန့်ကျော်၊ စိုးမြတ်သူဇာ၊ ထူးမွန်၊ ဦးပေါ်လေး၊ ကြင်ဝှက်
ကလေးသရုပ်ဆောင် - အိစိကွေး

ဇာတ်လမ်းအကျဉ်း
အမေဆုံးတဲ့အတွက် စိတ်ကြမ်း၊ လူကြမ်း၊ စရိုက်ကြမ်းနဲ့ ဖခင်နဲ့ အစ်ကိုကြီး၊ အစ်မကြီးရှိရာကို လိုက်လာတဲ့ မြို့ကပညာတတ် ဘဆွေတို့လင်မယားနဲ့ သူတို့ရဲ့သားကလေးတို့ ကြုံရပုံအခက်အခဲတွေ၊ ရင်နာစရာဖြစ်ရပ်တွေကို ရိုက်ပြထားတာပါ။ ဗဟိန်းဆိုတာက အစ်ကိုအကြီးဆုံး။ စိတ်ကြမ်း၊ လူကြမ်းကြီး။ ဖခင်ကိုယ်တိုင်က အာဠာဝကဘွဲ့ ပေးထားတဲ့လူ။ ညီဖြစ်သူဘဆွေရဲ့သားကို သူ့နေရာကို အမွေဆက်ခံဖို့အတွက် ရည်ရွယ်ပြီး ပညာတွေသင်ပေး၊ မိခင်ဖြစ်သူကို နည်းအမျိုးမျိုးနဲ့ ဘေးကိုဖယ်ထုတ်လုပ်တဲ့အကြောင်းကို ရိုက်ပြထားတာပါ။

ဝေဖန်သုံးသပ်ချက်
မင်းရာဇာ ၀တ်စားထားတာတွေက သူတို့ရည်ညွှန်းတဲ့ကာလနဲ့ လုံးဝကို မအပ်စပ်တဲ့ဟာတွေပါ။ ပြောတဲ့အချိန်ကတစ်မျိုး ၀တ်ထားတာက ဒီနေ့ခေတ်အ၀တ်အစားဆိုတော့ ခံစားသာကြည့်ပါတော့ဗျာ။

ဇာတ်ကားနာမည်ဖတ်ပြီးတာနဲ့ အာဠာဝကဗဟိန်းဆိုတာ ဘယ်လိုလူပါလိမ့်၊ သူ့အကြောင်းက ဘာတွေထူးခြားလို့လဲ စိတ်ဝင်တစားနဲ့ ကြည့်မယ်လူတွေကိုတော့ အများကြီးမမျှော်မှန်းထားဖို့ ပြောပါရစေ။ ဇာတ်ကားနာမည်နဲ့ တကယ့်ဇာတ်ကားက ဘာမှကို မဆိုင်ပါဘူး။ ဗဟိန်းအကြောင်းကို ရိုက်ပြချင်တာမှ မဟုတ်ဘဲ။ အယူဝါဒအစွဲတစ်ရပ်ကို ချွတ်ချင်တဲ့ဇာတ်လို့ပဲ မြင်မိပါတယ်။

ဇာတ်ကားထဲမှာ ပြောတဲ့စကားတွေထဲမှာ ထူးမွန်သေခါနီးမှာ သူ့အစ်ကိုကြီးဗဟိန်းကို ပြောသွားတဲ့ဒိုင်ယာလော့ခ်ကိုတော့ သဘောကျသွားမိတယ်။ မှတ်မိသလောက် ပြန်ပြောရရင် - ``အစ်ကိုကြီးရယ် ခံယူချက်၊ မာနအလွဲတွေကြောင့် အမေလည်း သေခဲ့ရပြီ၊ ညီမလေးလည်း ဘ၀ပျက်ခဲ့ရပြီးပြီ။ အခုလည်း အစ်ကိုကြီး အရမ်းချစ်တယ်ဆိုတဲ့ တူလေးကို ဒီအမွေဆိုးကြီးတွေ ပေးဦးမလို့လားဟင်`` ဆိုတဲ့ စကားပါ။ အတွေးတွေပွားမိပါတယ်။

ရိုက်ချင်ရာရိုက်ပြ၊ ပြောချင်တဲ့စကားလုံးတွေကို ပြောဖို့အတွက် ဇာတ်ကားစစချင်းမှာ ``ရောင်စုံသောင်းကျန်းသူများ ထကြွသောင်းကျန်းနေသည့်ကာလ``ဆိုပြီး စာတန်းထိုးပြလိုက်တာကိုတော့ ဇာတ်လမ်းရေးသူနဲ့ ဇာတ်ညွှန်းရေးဆရာရဲ့ ပညာလို့မှတ်ယူရင်း သဘောကျနေမိပါတယ်။

ဒီဇာတ်ကားမှာ အကြွဆုံးဇာတ်ကောင်က အာဠာဝကဗဟိန်းဆိုတဲ့ ကျော်ရဲအောင်မဟုတ်ဘဲ ဗဟိန်းရဲ့အဖေလုပ်တဲ့ ဦးပေါ်လေး ဖြစ်ပါတယ်။ အတော်လေးကို သရုပ်ပီပြင်အောင် သရုပ်ဆောင်သွားတာ ချီးကျူးမိပါတယ်။ နောက်ထပ် ချီးကျူးရမယ့် တစ်ယောက်ကတော့ ကြင်ဝှက် ဖြစ်ပါတယ်။ ဗဟိန်းတို့နဲ့အပြိုင် မတည့်တဲ့အုပ်စုရဲ့ ခေါင်းဆောင်လုပ်တဲ့လူပေါ့။ သူတို့နှစ်ယောက်ကြောင့် ဇာတ်ဟာကြွတက်လာတယ်လို့ ထင်မိပါတယ်။

ကျော်ရဲအောင်ဇာတ်ကားမို့ ကြည့်ချင်တဲ့လူတွေအတွက် အရင်ဇာတ်ကားတွေလို အနု၊ အလှ၊ အချစ်ဇာတ်လမ်း မဟုတ်ကြောင်း သတိပေးလိုပါတယ်။ ကိုဇော်(အရုဏ်ဦး)ရိုက်ပြီး ကျော်ရဲအောင်နဲ့ စိုးမြတ်သူဇာကို တွဲပေးထားပေမယ့် ဟာသဇာတ်လမ်းလည်း မဟုတ်ကြောင်းပါ။ နောက်ပြီးတော့ ကျော်ရဲအောင်နဲ့ စိုးမြတ်သူဇာဟာ လုံးဝမတည့်တဲ့ ဇာတ်ကောင်နှစ်ခုပါ။ ဇာတ်ကားစပါပြီဆိုကတည်းက စိုးမြတ်သူဇာက ဗဟိန်းရဲ့ညီ ဗဆွေ(မင်းရာဇာ)ရဲ့ မိန်းမပါ။ ကလေးတစ်ယောက်အမေဆိုပါတော့။

အကောင်းကြီးမဟုတ်ရင်တောင် ကြည့်မယ်ဆိုရင် ကြည့်သင့်တဲ့ကားလို့ အားမပါတပါနဲ့ ဆိုချင်ပါတယ်။

(၃)
ဇာတ်ကားအမည် - ခွကျကျမင်္ဂလာည
ဝတ္ထု - ခင်စောမျိုး
ဇာတ်ညွှန်း - လှဝင်း (အေ၀မ်း)
ဒါရိုက်တာ - ခင်စောမျိုး (အဖေ့ပညာ)
သရုပ်ဆောင်များ - မင်းရာဇာ၊ ခိုင်သင်းကြည်၊ မေတ္တာ၊ ၀င်းနိုင်(အနုပညာ)၊ တိမ်ညွန့်၊ ဇင်မျိုး၊ မောင်မောင်မျိုးသန့်၊ ဒေါ်နွဲ့နွဲ့စန်း၊ တက္ကသိုလ်ဂွမ်းပုံ၊ မျိုးမျိုးခိုင်

ဇာတ်လမ်းအကျဉ်း
မင်္ဂလာဆောင်ပြီးပေမယ့် ကာလအတန်ကြာတဲ့အထိ လင်မယားအရာမမြောက်အောင် ယောက်ဖဖြစ်သူ အခြောက်က အကွက်ကျကျ စီစဉ်တာကို ခံကြရတဲ့ လူငယ်လင်မယားနှစ်ယောက်အကြောင်းပါ။

ဝေဖန်သုံးသပ်ချက်
ဘာမှကို မဝေဖန်ချင်ဘူး။ ဒါပေမယ့် ပြောတော့ပြောဦးမယ်။ သူတို့တောင် ရိုက်ပြထားရဲသေးတာပဲ။ ကျွန်တော်က ပိုက်ဆံလည်းအကုန်ခံရတယ်၊ အချိန်လည်းပေးခဲ့ရတယ်။ အဲဒါနဲ့တန်အောင်တော့ ပြန်ပြောပြရဦးမယ်။ ဒါမှ အခြားလူတွေ ကျွန်တော့်လို မခံရမှာ။

တစ်ကားလုံးမှာပါသမျှ သရုပ်ဆောင်အားလုံး မိုက်ရိုင်းတယ်။ ပြောတဲ့စကားအားလုံးက အောက်ပိုင်းမလွတ်ဘူး။ ဆိုးဝါးလိုက်တာဗျာ။ မြန်မာကားမှ ဟုတ်ရဲ့လားလို့ သံသယဖြစ်မိတယ်။

ဒေါ်နွဲ့နွဲ့စန်း၊ ဦးဝင်းနိုင်၊ ဦးတိမ်ညွန့်တို့ဟာ သူတို့အသက်အရွယ်ကိုမှ အားမနာဗျာ။ အဲဒီလိုစကားလုံးတွေ ပြောထွက်တာကို အံ့သြမိပါရဲ့။ ပိုက်ဆံရပြီးရောဆိုပြီး တွေ့ရာဇာတ်ကားကို ရိုက်နေရင်တော့ အလားအလာကောင်းလိမ့်မယ်လို့ မထင်မိကြောင်းပါ။

ဆင်ဆာချပေးလိုက်တဲ့လူတွေကလည်း ဘယ်လိုလုပ်ပြီး ချပေးလိုက်သလဲဆိုတာ နားမလည်နိုင်ဘူး။ မဟုတ်တဲ့ဟာတွေကျရင်တော့ ဆင်ဆာဖြတ်တယ်။ ဒီဇာတ်ကားကျတော့ ဘာတွေများ ရသပေး၊ သုတပေးလို့ ဆင်ဆာပေးလိုက်သလဲဆိုတာ မျက်နှာချင်းဆိုင် မေးလိုက်ချင်တယ်။

ဇာတ်လမ်းက ဘာမှအဓိပ္ပါယ်မရှိတဲ့ဇာတ်။ အဲဒီလိုအဖြစ်အပျက် အပြင်မှာ ရှိစရာအကြောင်းကို မရှိဘူး။ တကတဲ… မပြောလိုက်ချင်ဘူး။ အင်း…. မပြောချင်ဘူးဆိုတာ မပြောချင်ဘူးပေါ့ဗျာ။

ယောက်ဖက အခြောက်၊ မိန်းမက တောင်ငူပဲလှော်၊ ယောက္ခမဖြစ်သူက စကားဆယ်ခွန်းပြောရင် ရှစ်ခွန်းက အ၀ါရောင်၊ သူငယ်ချင်းတွေ (ယောက်ျားလေးရော၊ မိန်းကလေးရော)က ရှူဆေးဘူးတွေ၊ အင်း… ပြောရရင်တော့ အတော်ကြီးကို ပြောင်မြောက်တဲ့ ဂန္ထ၀င်ဇာတ်လမ်းတစ်ခုပါပဲ။

မင်းသားဆိုတဲ့ကောင်က ၀တ်ထားစားထားတာ ပုံမလာပန်းမလာ။ သရုပ်ဆောင်ရတဲ့ ဇာတ်ကောင်စရိုက်ကတစ်မျိုး၊ ၀တ်စားတာကတစ်မျိုး၊ ဒီကြားထဲ ဗိုက်ပေါ်အောင်က စတိုင်လ်ထုတ်ပြီး ၀တ်သေးတယ်။ သူ့ကိုယ်သူ အတော်လှတယ်ထင်နေလား မသိဘူး။

အားမနာတမ်းပြောရရင် အိမ်မှာငှားပြီး မောင်နဲ့နှမ၊ သားနဲ့အမိ ဘယ်လိုမှကို အတူတူကြည့်လို့မရတဲ့ ဇာတ်လမ်းပါ။ ကြည့်ပြီးတဲ့လူတွေက ဒါလေးများအဆန်းလုပ်လို့ဆိုပြီး မထူးဆန်းရင်လည်း ကျွန်တော်က အကဲပိုနေတယ်လို့ မှတ်လိုက်ပါ။

ဇာတ်ကားထဲမှာ သူတို့တွေပြောတဲ့ ဒိုင်ယာလော့ခ်တွေကို မှတ်မိသလောက် နမူနာပြောပြမယ်။ ဖတ်ကြည့်ပါလား။
- တော်က ဘာကိစ္စ တော်သလင်းထနေရတာလဲ။
- ဟဲ့သားရေ... အမေတော့ မနိုင်တော့ဘူး၊ မင်းညီမကို လာပြောဦး၊ ဒီမှာ တောင်ငူပဲလှော်ဖြစ်နေတယ်။
- သွားပါပြီအစ်ကိုရယ် ဒီညတော့ အလဟဿ ဖြစ်ပါပြီ။
- ထမင်းငါးပါးကန်စားထားတယ်၊ ကြက်ဥလည်းငါးလုံးတောင် သောက်ထားတယ်။ ကိုယ်အားရှိပါတယ်။
- ပစ္စည်းကအလတ်ကြီးရှိသေးတယ်။ တရိုတသေသုံးရင် တစ်သက်လုံး သုံးလို့ရသေးတယ်။
- မနေ့က ညည်းတို့မင်္ဂလာဦးညမလား၊ အဆင်ပြေလား၊ ပြောပြပါလားဟင်။
- အိပ်ရေးပျက်လို့လားမသိဘူး၊ မာတောင်နေတာပဲ၊ စမ်းကြည့်ပါလား။
ကဲ... တော်ပါပြီဗျာ။ "ယိုသူမရှက်၊ မြင်သူရှက်"ဆိုတဲ့ မြန်မာစကားပုံကို တီထွင်ခဲ့တဲ့လူကို သက်ရှိထင်ရှားသာ ရှိနေသေးရင် ပြေးပြီးကန်တော့လိုက်ချင်ပါရဲ့။

ကျွန်တော့်ညီမတွေ၊ သမီးတွေကိုဆိုရင်တော့ မကြည့်ဖို့လုံးဝကို တားမြစ်မယ့်ဇာတ်ကားပါ။

စာကြွင်း
အဆင်မပြေတာတွေများနေတဲ့အတွက် စာတွေထဲမှာ ဒေါသသံတွေ ပဲ့တင်ထပ်နေခဲ့ရင် တောင်းပန်ပါတယ်ဗျာ။ အခုတလော ဘယ်လိုဖြစ်နေသလဲမသိဘူး။ ကျွန်တော်ကပဲ တစ်ခုခုကို စိတ်အလိုမကျဖြစ်နေတာလား။ ကြည့်မိတဲ့ဇာတ်ကားတွေကကိုပဲ အသုံးမကျဖြစ်နေတာလား မသိတော့ပါဘူး။

ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၀၉ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက်၊ တနင်္ဂနွေနေ့။
နံနက် ၂ နာရီ ၃၀ မိနစ်တွင်ပြီး၏။

No comments:

Post a Comment

 
Web Statistics