(ယခင်ပို့စ် "ပထမပုဂံခေတ်"မှ အဆက်)
၅၁။ ဥဇနာမင်း (၆၁၁-၆၁၆)
ကျစွာမင်း နတ်ရွာစံလျှင် သားတော်ဥဇနာက ထီးနန်းစိုးစံလေသည်။ ထိုမင်းသည် မြစ်သာရွာသူ ပန်းပွတ်သည်၏ သမီးတစ်ဦးကို မိဖုရားမြှောက်သဖြင့် သားတော် မင်းခွေးချေးကို ဖွားမြင်လေသည်။ မင်းကြီးသည် ဒလသို့စုန်၍ ဆင်ဖမ်းရာတွင် ဆင်ထိ၍ နတ်ရွာစံရလေသည်။
၅၂။ နရသီဟပတေ့မင်း (၆၁၆-၆၄၉)
ဥဇနာမင်း နတ်ရွာစံလျှင် သားတော်ကြီး သီဟသူက နန်းတက်ရန်ဖြစ်သော်လည်း သီဟသူသည် ခက်ထန်ကြမ်းတမ်းသဖြင့် မှူးမတ်တို့က ညီတော် မင်းခွေးချေးဘက်မှ ကူညီကြသဖြင့် မင်းခွေးချေး ထီးနန်းရလေသည်။ နရသီဟပတေ့ ဘွဲ့ဖြင့် နန်းတက်သော် အမတ်ကြီး ရာဇသင်္ကြံအား လျစ်လျူရှု၍ ထားလေသည်။ မိဖုရားစော လျှောက်ထားမှ ချီးမြှင့်မြဲ ချီးမြှင့်လေသည်။ ထိုမင်းလက်ထက် မစ္ဆဂီရိနှင့် မုတ္တမတို့ တော်လှန်ရာ နှိမ်နင်းရလေသည်။ နရသီဟပတေ့တွင် မိဖုရားငယ်ငါးပါးရှိရာ မိဖုရားစောနန်းမှ ပုသိမ်စား ဥဇနာကို ဖွားမြင်၍ ရှင်ဖားမှ ဒလစားကျော်စွာကို ဖွားမြင်ပြီး၊ ရှင်မောက်မှ ပြည်စား သီဟသူကို ဖွားမြင်လေသည်။ ရှင်ရွှေမှ သမီးတော် စောဦးကို ဖွားမြင်လေသည်။
နရသီဟပတေ့မင်းသည်လည်း စိတ်ခက်ထန်၍ ကာမဂုံ ကြူးလေသည်။ ၆၃၀ ပြည့်နှစ်တွင် မင်္ဂလာစေတီကိုတည်ရာ ကောလာဟလကြောင့် ရပ်ဆိုင်းထားပြီးမှ ပံ့သုကူထေရ်၏ တိုက်တွန်းချက်အရ ဆက်လက်တည်လေသည်။ ထိုမင်းလက်ထက်တွင် တာတာဘုရင် ကုဗလိုင်ခန် (ဥတည်မင်း)က ယူနန်မြို့ဝန်အား မြန်မာတို့ထံမှ လက်ဆောင်ပဏ္ဏာ တောင်းခံရန်နှင့် တရုတ်ကုန်သည်တို့အား ကောက်ခံမြဲထက် ပို၍ကောက်ခံသော အခွန်တော်အရေးကိုဆွေးနွေးရန် သံစေလွှတ်လေသည်။ နရသီဟပတေ့မင်းက ကောင်းစွာလက်မခံဘဲ တရုတ်တာတာသံတို့ကို သတ်ဖြတ်ကြလေသည်နှင့် တာတာမြင်းသည်တို့သည် ချီလာ၍ ငဆောင်ချမ်းအရပ်တွင် မြန်မာဆင်တပ်နှင့် တိုက်ခိုက်ကြလေသည်။ မြန်မာတပ်များ အရေးနိမ့်၍ အဆင့်ဆင့် ခုခံရလေသည်။ နရသီဟပတေ့မင်းကား စစ်ကိုလည်း မတိုက်လို၊ တရုတ်တာတာ သံတို့နှင့်လည်း အရေးပျူငှာ ရင်မဆိုင်လိုသဖြင့် ပုသိမ်သို့ ခေတ္တတိမ်းရှောင် စုံဆင်းလေသည်။ တရုတ်တာတာတပ်လည်း ပုဂံကိုဖျက်ဆီး၍ ပြည်မြို့အောက် တရုတ်မော်အထိ လိုက်လံပြီးနောက် စားရေရိက္ခာ ရှားပါးသည်နှင့် ပြန်ကြလေသည်။
နရသီဟပတေ့မင်းလည်း ၅ လခန့်ကြာလျှင် တာတာတို့ပြန်ပြီဖြစ်၍ ပုဂံသို့ဆန်တက်ရာ ငယ်စဉ်က ကျီစားသည်ကို အငြိုထားသော သားတော်ပြည်စား သီဟသူက လုပ်ကြံသဖြင့် နတ်ရွာစံလေသည်။ ရာဇ၀င်၌ တရုတ်ပြေးမင်းဟု ထင်ရှားလေသည်။ သီဟသူသည် ပုသိမ်သို့ချီ၍ နောင်တော် ဥဇနာကိုလည်း လုပ်ကြံသတ်ဖြတ်လေသည်။ သို့ရာတွင် ပဲခူးမှ ထောင်ထားသော ငပမွန်ကို နှိမ်နင်းရာ၌ လေးအငင်လွန်ကာ မိမိကိုယ်မိမိပင် မြားထိမှန်၍ သီဟသူ အနိစ္စရောက်ရလေသည်။
နရသီဟပတေ့မင်း နတ်ရွာစံလျှင် ပုဂံနေပြည်တော်လည်း တာတာတို့ ဖျက်ဆီး၍ အတော်အတန် ပျက်စီးခဲ့ရသည့်ပြင်၊ ပြည်တွင်းရေး၌လည်း မညီမညွတ် ဖြစ်ရလေသည်။ မစ္ဆဂီရိကလည်းကောင်း၊ ပဲခူးမုတ္တမတို့ကလည်းကောင်း၊ တနင်္သာရီကလည်းကောင်း အသီးသီး ထောင်ထားခြားနားကြလေသည်။ ယွန်းပြည် (ဇင်းမယ်)၊ ဂုံပြည် (ကျိုင်းတုံ)၊ လူးပြည် (ကျိုင်းရုံး) တို့ကလည်း ခြားနားကြလေတော့သည်။ နရသီဟပတေ့မင်းကြီးသည် ရှမ်းပြည်ဘိန္နကမြို့မှ ထွက်ပြေးလာသော စော်ဘွား၏သားနှင့် မြင်းစိုင်းသူကြွယ် သမီးတို့မှ ဖွားမြင်သော ရှမ်းသွေးပါ အသင်္ခယာ၊ ရာဇသင်္ကြံနှင့် သီဟသူတို့ကို ကောက်ယူမွေးစားထားခဲ့လေသည်။ ထိုသူတို့ကိုလည်း အရေးပေးမြှောက်စားထားခဲ့လေသည်။
၅၃။ ကျော်စွာမင်း (၅၉၆-၆၆၂)
နရသီဟပတေ့မင်း နတ်ရွာစံပြီးနောက်တွင်ကား ကျန်ရှိသော ဒလစားကျော်စွာကပင် ပုဂံမြို့ကို အုပ်ကွပ်နေရလေသည်။ ထိုမင်းလက်ထက်တွင် အသင်္ခယာအား မြင်းစိုင်းကိုလည်းကောင်း၊ ရာဇသင်္ကြံအား မက္ခရာကိုလည်းကောင်း၊ သီဟသူအား ပင်လယ်ကိုလည်းကောင်း အသီးသီးစားစေလေရာ ကာလကြာလျှင် ရှမ်းညီနောင်မင်းတို့သည် အင်အားခိုင်ဖြီးလာလေသည်။ တစ်ခါသော် မိဖုရားစောသည် မိမိအား အတိုင်အပင်မရှိသည်ကို စိတ်နာ၍ ရှမ်းမင်းတို့အား ကူပံ့မြှောက်ပင့်လေရာ ရှမ်းညီနောင်တို့က ကျော်စွာမင်းအား ဂူကျောင်းရေစက်ချဟန်ပြု၍ ဖိတ်ကြားပြီး ဖမ်းဆီးကာ သင်္ကန်းဝတ်စေ၍ အကျယ်ချုပ်ထားလျက် မိမိတို့မြို့အသီးသီးတွင် မင်းပြုကြလေသည်။
၅၄။ စောနစ်မင်း (၆၆၂-၆၉၃)
ပုဂံမင်းကို နန်းချလေသော် သားတော်ကြီး စောနစ်က ပုဂံတွင် ဆက်လက်နန်းတက် စိုးစံလေသည်။ သို့ရာတွင် ရှမ်းညီနောင်တို့အား ချီတက်နှိမ်နင်းခြင်း မပြုပေ။ ရှမ်းညီနောင်တို့ကလည်း ပုဂံနန်းနေပြည်တော် တိမ်ကောလာပြီဖြစ်၍ အင်အားလည်း နည်းပါးသည်ဖြစ်ရာ မိမိတို့မြို့ပြတွင်သာ ထူထောင်ချဲ့ထွင်၍ စိုးစံနေကြလေသည်။ ပုဂံနှင့် မြင်းစိုင်းတို့သည် နန်းပြိုင်သဖွယ် ဖြစ်နေလေသည်။ သို့ရာတွင် စောနစ်မင်းသည် မိမိ ခမည်းတော်အား နန်းချသူတို့ကို နှိမ်နင်းရန် ကြိတ်၍ကြံစည်လျက် တရုတ် ဥတည်မင်းကို အကူအညီတောင်းရာ ပုဂံနန်းရိုးကိုသာ နန်းတင်မည်ဟု တရုတ်တပ်များ မြင်စိုင်းအထိ ချီလာလေသည်။ ရှမ်းညီနောင်တို့လည်း နန်းကျကျော်စွာမင်း ဦးခေါင်းကိုဖြတ်၍ နန်းရိုးမရှိပြီဟု ပြလေသောကြောင့် တရုတ်စစ်သည်တို့ ပြန်ကြလေသည်။
၅၅။ စောမွန်နစ်မင်း (၆၉၃-၇၃၀)
ပုဂံတွင် စောနစ်မင်း နတ်ရွာစံလေသော် သားတော် စောမွန်နစ်သည် ထီးနန်းကို ဆက်ခံပြန်လေသည်။ သို့ရာတွင် ထိုအချိန်၌ ပုဂံသည် စည်ပင်ခြင်းမရှိတော့ပေ။ စောနစ်မင်းနှင့် မင်းပြိုင်ပြုခဲ့သော ရှမ်းညီနောင်တို့အနက် မက္ခရာမှ သင်္ခယာမှာ ၅ နှစ်ရှိလျှင် ကွယ်လွန်ပြီး၊ မြင်စိုင်းမှ ရာဇသင်္ကြံမှာလည်း ၁၂ နှစ်ရှိလျှင် ကွယ်လွန်သဖြင့် သီဟသူသည် ပင်လယ်မြို့မှ ရွှေ့ပြောင်း၍ အင်းဝအောက်တွင် ၆၇၄ ခုနှစ်၌ ပင်းယကို တည်ထောင်လေသည်။ ထို့ပြင် စစ်ကိုင်းမြို့ကိုလည်း ထူထောင်၍ အိမ်နိမ့်တွင် ဖွားမြင်သော သားတော် အသင်္ခယာစောယွန်းကို ပေးလေသည်။ ထို့ကြောင့် စောမွန်နစ်မင်း ပုဂံတွင် စိုးစံနေချိန်၌ ပင်းယနှင့် စစ်ကိုင်းတွင်လည်း သီးခြားမင်းပြိုင်များ အုပ်ချုပ်နေပြီဖြစ်လေသည်။ စောနစ်မင်း လက်ထက်တွင် ပုဂံ၌ ထူးခြားထင်ရှားသောအကြောင်း မပေါ်ပေါက်ခဲ့ရုံမျှမက ထိုမင်းသည် အင်းဝသတိုးမင်းဖျား စကုသို့ ချီတက်ရာ၌ လက်နက်ချ ခိုဝင်လိုက်သဖြင့် ပုဂံမင်းဆက် လုံးဝပြတ်၍သွားကာ ပုဂံ၏ခေတ်လည်း တစ်ခန်းရပ်သွားခဲ့လေသည်။
ဤတွင် ပင်းယ၌ စိုးစံနေသော တစ်စီးရှင်ဘွဲ့ခံ သီဟသူနှင့် ထိုမင်း၏ အဆက်အနွယ်တို့က မည်ကဲ့သို့ မင်းဆက်ထူထောင်ခဲ့ကြသည်ကို မြင်ကွင်းပြောင်းလွှဲ၍ ရှုကြည့်လေ့လာရန်သာ ရှိပေတော့သည်။ ပင်းယသည် ပုဂံလုံးဝပျက်မှ စတင်သည်မဟုတ်ဘဲ၊ ပုဂံမှေးမှိန်ချိန်၌ အရှိန်ယူ၍ စည်ပင်လာရသည်ဖြစ်ရာ ပုဂံနောက်ဆုံးမင်း နန်းစွန့်သောအချိန်တွင် သက်တမ်းမရှည်လှသော ပင်းယသည်လည်း တစ်မျိုးတစ်ဖုံ ကြမ္မာဆောင်ခဲ့လေပြီ ဖြစ်လေသည်။ မည်သို့ပင်ဖြစ်စေ ပုဂံနရသီဟပတေ့မင်း နတ်ရွာမစံမီ ၆၆၂ ခုနှစ်ကတည်းက သီးခြား ထီးနန်းပြိုင်၍ အားပျိုးခဲ့သော ပင်းယမင်းတို့၏ ရာဇ၀င်အကြောင်းကို အတန်ငယ် နောက်သို့ပြန်၍ လေ့လာပြီးလျှင် ပုဂံ လုံးဝဆိတ်သုဉ်းချိန်၏ နောက်ပိုင်းရာဇ၀င်အကြောင်းကို ဆက်လက်ကောက်ယူကြရပေမည်။
မှတ်ချက်
ဆရာလှသမိန် ၏ မြန်မာရာဇ၀င်အကျဉ်း စာအုပ်မှ ပြန်လည်ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။ မြန်မာစကား၊ မြန်မာစာကို ပြောဆိုရေးသားအသုံးပြုနေသည့် မြန်မာလူမျိုးတစ်ယောက်အနေဖြင့် မြန်မာပြည်တွင်မှ မဟုတ်ဘဲ မည်သည့်နေရာဒေသတွင် ရောက်ရှိအခြေချနေထိုင်နေသည်ဖြစ်စေ မြန်မာ့အကြောင်း၊ မြန်မာ့ရာဇ၀င်ကို သိသင့်သည်ဟု ယူဆသည့်အတွက် ပြန်လည်ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။
Sunday, November 22, 2009
ဥဇနာ၊ နရသီဟပတေ့၊ ကျော်စွာ၊ စောနစ်၊ စောမွန်နစ်
Posted by Ko Nyan Posted Time 3:14 PM
Labels Brief History of Myanmar, Myanmar, စာအုပ်မှတ်စုများ, မြန်မာ-Myanmar
Subscribe to:
Post Comments (Atom)
No comments:
Post a Comment