အရင်နေ့တွေက စိတ်အခန့်မသင့်ခဲ့သမျှ ဒီနေ့မှာတော့ ရေးရတာ တအားကို စိတ်လက်ရွှင်သာဖြစ်ရပါတယ်။ ကြည့်ခဲ့ရတဲ့ ဗီဒီယိုဇာတ်ကားတွေကလည်း ကျေနပ်မှုတွေပေးခဲ့ပါတယ်။ ကျွန်တော်ကြည့်ဖြစ်ခဲ့တာတွေက -
(၁)
ဇာတ်ကားအမည် - အလိုတူ အလိုပါ
ဇာတ်လမ်း၊ ဇာတ်ညွှန်း - မြင့်ဦးဦးမြင့်
ဒါရိုက်တာ - ဟိန်းစိုး
သရုပ်ဆောင်များ - မြင့်မြတ်၊ မိုးပြည့်ပြည့်မောင်၊ စိုးမိုးကြည်၊ ထူးမွန်၊ ထူးသာ၊ ဗေဒါ၊ အေးအေးခိုင်၊ နေလင်း၊ မျောက်ရှုံး၊ အောင်သော်
ဇာတ်လမ်းအကျဉ်း
အချစ်အကြောင်း၊ မိန်းမတွေအကြောင်းကို နောကျေအောင်သိပါတယ်ဆိုတဲ့ လူတစ်ယောက်နဲ့ ချောမောလှပပြီး အင်မတန်အရှက်အကြောက်ကြီးတဲ့ မိန်းကလေးတစ်ဦးတို့ မိဘတွေရဲ့ စီမံမှုအရ အိမ်ထောင်ကျသွားကြပါတယ်။ အဲဒီလိုအိမ်ထောင်ကျပြီးကာမှ ယောက်ျားလုပ်သူက အိမ်ထောင်ရေးနဲ့သက်ဆိုင်တဲ့ ကိစ္စရပ်တွေကို စာတွေ့တွေနဲ့ စမ်းသပ်အကောင်အထည်ဖော်ဖို့လုပ်၊ မိန်းမကလည်း သူငယ်ချင်းဖြစ်သူရဲ့ ကိုယ်တွေ့လမ်းညွှန် အားကိုးတွေနဲ့ ရင်ဆိုင်ဖို့ကြိုးစားရာက တလွဲတွေဖြစ်ရပုံ၊ နားလည်မှုတွေလွဲရပုံကို ရယ်စရာ၊ မောစရာ၊ အသောအမောလေးတွေနဲ့ ရိုက်ပြထားတာပါ။
ဝေဖန်သုံးသပ်ချက်
- ဇာတ်လမ်း၊ ဇာတ်ညွှန်းဖြစ်တဲ့ မြင့်ဦးဦးမြင့်ကိုပဲ အကြိမ်ကြိမ် ချီးကျူးနေမိပါတယ်။ ရေးတတ်ပါပေ့၊ တွေးတတ်ပါပေ့လို့ အော်ရမလိုပါပဲ။ ဇာတ်ကားကိုကြည့်နေရင်းနဲ့ ဆရာမြင့်ဦးဦးမြင့်ရဲ့ စာဖတ်အားကို မြင်လိုက်ရတယ်။ ဇာတ်လမ်းကိုပျိုးနေရင်းနဲ့ ပေးချင်တဲ့အချက်အလက်တွေကို ထည့်ပေးသွားတာ ဆရာမင်းသိင်္ခရဲ့ ၀တ္ထုတွေကိုတောင် ပြေးပြီးသတိရလိုက်မိသေးတယ်။ ဒါပေမယ့် ပါးပါးလေးမဟုတ်ဘဲ နည်းနည်းများ ထူနေသလားလို့ပါ။ ကျွန်တော်ကတော့ သဘောကျပါတယ်။ ဒါပေမယ့် လူတိုင်းတော့ သဘောကျမှာမဟုတ်တာ အသေအချာပါပဲ။ ကျွန်တော်ပြောသလိုပဲ နည်းနည်းလေး ထူသွားတယ်လို့။
- ဇာတ်ကားထဲမှာပြောသမျှကို အတွေးလွန်ရင်တော့ တစ်ခုမှကို ဆင်ဆာမလွတ်ဘူး။ ဒါပေမယ့် ဟိုတစ်နေ့က ကျွန်တော်ရေးခဲ့တဲ့ ခွကျကျမင်္ဂလာည လိုတော့ ပြောင်ပြောင်တင်းတင်းကြီး ဖြစ်လောက်အောင် အဆင့်မနိမ့်ဘူး။ အဲဒါကိုက ဇာတ်ညွှန်းနဲ့ ဒါရိုက်တာရဲ့ အရည်အချင်းပဲ ဖြစ်မယ်ထင်ပါရဲ့။
- မြင့်မြတ်က တအားကို နွဲ့နေသလားလို့ပါ။ သူ့ပုံစံကိုကြည့်ရတာ ဘာလိုနေမှန်းကိုမသိဘူး။ နုတာနဲ့ နွဲ့တာဟာ မတူဘူးဆိုတာ သတိပြုစေချင်ပါတယ်။
- အငိုမင်းသမီးလို့ ကျွန်တော်က နာမည်ပေးထားတဲ့ မိုးပြည့်ပြည့်မောင်ကတော့ ဒီဇာတ်ကားမှ လုံးဝကို မငိုလိုက်ရပါဘူး။ ဒါပေမယ့် သူမဟာ ငိုတာတင်ထူးချွန်တာမဟုတ်ဘဲ အခုလို မြူးမြူးကြွကြွ ဇာတ်ရုပ်တွေမှာလည်း ပီပြင်အောင်သရုပ်ဆောင်နိုင်ကြောင်း တွေ့ရပါတယ်။ သူရတဲ့ဇာတ်ကောင်စရိုက်ကို ဟာကွက်မရှိအောင် သရုပ်ဆောင်သွားနိုင်တယ်လို့ ကျွန်တော်က မြင်ပါတယ်။
- ဇာတ်လမ်းနဲ့ တင်ပြပုံဟာ ပြောစရာမရှိပါဘူး။ ပြောစရာရှိတာက မြင့်မြတ်နေရာမှာ ကျော်ရဲအောင်ဆိုရင် ဒီဇာတ်ကားဟာ ဒီထက်ပိုပြီး ကြွတက်လာမှာ အသေအချာပါပဲ။ အချို့အခန်းတွေဟာ မြင့်မြတ်ရဲ့ သရုပ်ဆောင်မပီပြင်မှုကြောင့် အရသာပျက်သွားရတာကို တွေ့ရပါတယ်။ ဇာတ်ကားက ဆွဲခေါ်လာခဲ့ပြီးကာမှ မြင့်မြတ်က ရယ်ချင်ပြုံးချင်နေတဲ့ မျက်နှာပေးနဲ့ စိတ်တိုပြလိုက်တာကို မြင်လိုက်ရတဲ့အခါ ရင်ထဲကဇာတ်ရှိန်က ပြုတ်ပြုတ်ကျသွားတယ်။
- လူငယ်လေးတွေကတော့ ကြိုက်ကြမှာ အသေအချာပါပဲ။ အထူးသဖြင့် နှုတ်ခမ်းနီမလေးတွေက တခစ်ခစ်နဲ့ သဘောကျလွန်းလို့ ခဏခဏပြန်ရစ်ကြည့်ကြဦးမှာ မြင်ယောင်နေပါတယ်။
ဘာပဲဖြစ်ဖြစ် အချိန်အားလေးမှာ အပျင်းပြေအနေနဲ့ ပျော်ပျော်ရွှင်ရွှင် ပေါ့ပေါ့ပါးပါးလေး ကြည့်ချင်တယ်ဆိုရင်တော့ အပြေးသာသွားငှားလိုက်ပါလို့ တိုက်တွန်းလိုက်ပါရစေ။
သြော်… အဲဒီဇာတ်ကားထဲမှာပါတဲ့ စကားလက်ဆောင်လေးတစ်ခု ပေးလိုက်ပါရစေဦး။ အဲဒီဇာတ်ကားကို ငှားမကြည့်ဖြစ်မယ့်လူတွေအတွက်ပါ။ မိန်းမယူမယ်ဆိုရင် ဒီခြောက်ချက်နဲ့ ချင့်ချိန်ပြီးယူပါတဲ့-
မပိန်လွန်းခြင်း၊
မ၀လွန်းခြင်း၊
မပုလွန်းခြင်း၊
မရှည်လွန်းခြင်း၊
မဖြူလွန်းခြင်း၊
မမည်းလွန်းခြင်း
(ဒီထဲကအချက်အချို့နဲ့ သွားငြိနေတဲ့ မမတို့အတွက်တော့ ဆောရီးပါနော်)
(၂)
ဇာတ်ကားအမည် - မှော်ကဗျာရွှေရုပ်
ဝတ္ထု - ဆုမြတ်မွန်မွန်
ဇာတ်ညွှန်း - ကိုရွှေမိုးသက်
ဒါရိုက်တာ - ကိုဇော် (အရုဏ်ဦး)
သရုပ်ဆောင် - ညီနန္ဒ၊ မေကဗျာ၊ သက်မွန်မြင့်
ဇာတ်လမ်းအကျဉ်း
မှော် ဆိုတာက မိန်းကလေးတိုင်းရဲ့ စိတ်ကူးထဲမှာ ရင်ခုန်နေရတဲ့ အပြောကောင်း၊ ဥစ္စာပေါ၊ ရုပ်ချောတဲ့ လူတစ်ယောက်။ ရည်းစားတွေထည်လဲတွဲတယ်။ ငြီးငွေ့လာရင် အဆက်အသွယ်ဖြတ်လိုက်တယ်။ အချစ်ဆိုတာကို မယုံကြည်တဲ့သူ။ အရာရာကို ဦးနှောက်နဲ့ စဉ်းစားဖြေရှင်းတတ်တဲ့သူ။ ကဗျာ ဆိုတာက အင်မတန်ရိုးသားပြီး ဖြူစင်ရိုးသားတဲ့ မိန်းမချောလေးတစ်ယောက်။ အချစ်ဆိုတာကို ထိတွေ့ခွင့်မရခဲ့တဲ့ မိန်းကလေးတစ်ယောက်ပေါ့။ အဲဒီလိုထိတွေ့ခွင့်မရအောင်လည်း သူ့ရဲ့အချစ်ဆုံး သူငယ်ချင်းဖြစ်တဲ့ ရွှေရုပ်က သူ့ဘေးကနေပြီး အမြဲတမ်းစောင့်ရှောက် ကာကွယ်ခဲ့တာကိုး။ ရွှေရုပ်ကတော့ ဖခင်နဲ့ပတ်သက်ပြီး ရခဲ့တဲ့ စိတ်အနာကြောင့် ယောက်ျားမှန်သမျှဟာ ယုံလို့မရတဲ့ သတ္တ၀ါတွေလို့ မှတ်ထင်ထားတဲ့လူ။ အချစ်ဆိုတာကို ရှိတယ်လို့ကို မထင်တဲ့လူ။ အဲဒီလိုလူသုံးယောက်က အကြောင်းအမျိုးမျိုးကြောင့် တွေ့ဆုံဆက်နွယ် ပတ်သက်ခဲ့ကြတဲ့အခါမှာတော့ မှော်ကဗျာရွှေရုပ် ဆိုတဲ့ ဇာတ်လမ်းလေးဖြစ်လာခဲ့တာပါပဲ။
ဝေဖန်သုံးသပ်ချက်
- ညီနန္ဒရဲ့ သရုပ်ဆောင်မှုတွေ အများကြီးတက်လာတာကို တွေ့လိုက်ရတယ်။ အရင်တုန်းကပုံစံကိုပဲ မျက်စိထဲမှာ မြင်နေတဲ့အတွက် ညီနန္ဒဇာတ်ကားတွေကို ငှားမကြည့်ဖြစ်ခဲ့ဘူး။ အခုဒီကားကို ကြည့်မိတဲ့အခါမှာတော့ သူ့ဇာတ်ကားအဟောင်းတွေကို ပြန်ငှားကြည့်ဖို့ စဉ်းစားနေရပြီ။ အဲဒီလောက်အထိ ညီနန္ဒသရုပ်ဆောင်တာ ပီပြင်သွားခဲ့တယ်။ မှော် ဆိုတဲ့ ဇာတ်ရုပ်ကို အကောင်းဆုံးလုပ်ပြသွားခဲ့တယ်။ ကျွန်တော်သဘောအကျဆုံးက ဇာတ်ကားတွေမှာ မြင်ရတွေ့ရခဲတဲ့ မျက်လုံးနဲ့ စကားပြောတာတွေကို ဒီဇာတ်ကားမှာ မြင်လိုက်ရတာပါပဲ။ ညီနန္ဒရဲ့ မျက်လုံးထဲက စကားလုံးတွေကို မြင်လိုက်ကြားလိုက်ရတယ်။ သင်ပေးနိုင်တဲ့ ဒါရိုက်တာကို အသိအမှတ်ပြုမိပါတယ်။
- ကဗျာ ဆိုတဲ့ဇာတ်ကောင်ဖြစ်တဲ့ မေကဗျာကလည်း သူ့ဇာတ်ရုပ်နဲ့ အံကျပါပဲ။ အပြင်ကပင်ကိုယ်စရိုက်နဲ့များ ကိုက်နေလို့လား၊ ဒါမှမဟုတ် သရုပ်ဆောင်တာ ကောင်းလွန်းလို့လား မသိပါဘူး။ မေကဗျာသရုပ်ဆောင်တာကို သရုပ်ဆောင်တာလို့ မမြင်တော့ဘဲ သူအပြင်မှာလုပ်သမျှကို လိုက်ရိုက်ပြနေသလို ဖြစ်သွားစေခဲ့တယ်။
- သက်မွန်မြင့်ကလည်း သူငယ်ချင်းကို အရမ်းချစ်ပြီး ယောက်ျားတွေကို ခါးခါးသီးသီးဖြစ်တဲ့ ဇာတ်ကောင်ကို အပီပြင်ဆုံး ကြိုးစားသွားပါတယ်။ ဒါပေမယ့် ဘာလိုနေမှန်းမသိတဲ့ တစ်ခုခုကိုတော့ ခံစားနေမိတယ်။ သရုပ်ဆောင်တာ ကောင်းရဲ့သားနဲ့ သက်မွန်မြင့်ကိုကြည့်ရတာ တစ်ခုခုလိုနေသလို ဖြစ်နေတာကို မေးခွန်းထုတ်နေမိတုန်းပဲ။
- ဘာပဲဖြစ်ဖြစ် လူသုံးယောက်တည်းကို အခြေတည်ပြီး ဇာတ်ကားတစ်ကားလုံးကို ဆွဲခေါ်သွားနိုင်အောင် ရေးထားတဲ့ ဆုမြတ်မွန်မွန်ကို ချီးကျူးမိပါတယ်။ ဇာတ်ကားရိုက်ဖို့အတွက် တမင်များရေးထားသလားလို့တောင် တွေးမိသေးတယ်။
သင့်အားလပ်ချိန်မှာ ဗီဒီယိုကြည့်ရင်း ခံစားမှုရသတစ်ခုခု ရချင်တယ်ဆိုရင်တော့ ကြည့်သင့်တဲ့ဇာတ်ကား တစ်ခုဖြစ်ကြောင်း လက်တို့လိုက်ပါရစေ။
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၀၉ ခုနှစ် နိုဝင်ဘာလ ၂၆ ရက်၊ ကြာသပတေးနေ့။
နံနက် ၀ နာရီ ၅၀ မိနစ်တွင် ပြီး၏။
No comments:
Post a Comment