(၁)
ဇာတ်ကားအမည် - နေ့ပြန်တိုး
ဇာတ်လမ်း - အောင်မြင့်သန်း(ဆီဒိုးနား)
ဇာတ်ညွှန်း - ဇောင်းထက်ဇော်
ဒါရိုက်တာ - မိုးကြိုး
သရုပ်ဆောင်များ - သူထူးစံ၊ ထွန်းအိန္ဒြာဗို၊ မေသက်ခိုင်၊ ဇော်ဦး၊ အောင်လွင်၊ ငှက်ပျော်ကြော်၊ မတူး၊ ဂွမ်းပုံကြီး
ဇာတ်လမ်းအကျဉ်း
စိုးကြီး(သူထူးစံ)က လက်မရွံ့လူမိုက်။ ကြေးစားလူမိုက်လုပ်ပြီး ပိုက်ဆံရှာနေတဲ့လူ။ သူ့နယ်မှာတော့ ဘယ်သူမှ မလှန်ရဲဘူး။ ပိုက်ဆံသာပေးရင် အကွဲရိုက်ပေးရမလား၊ အကျိုးရိုက်ပေးရမလား၊ ဆေးရုံတက်ရအောင်လား၊ မှတ်လောက်သားလောက်ရုံပဲလားဆိုပြီး လုပ်ပေးရမည့် အမျိုးအစားအလိုက် ပိုက်ဆံပေးရတဲ့လူ။ လူမိုက်ဆိုတဲ့ နာမည်တစ်လုံးနဲ့ နေသူပေါ့။ မနိုင် (ထွန်းအိန္ဒြာဗို)ကတော့ နေ့ပြန်တိုး ချေးစားတဲ့လူ။ ပိုက်ဆံချေးတဲ့နေရာမှာ ရက်ရောသလားမမေးနဲ့။ အေး… ပြန်ပေးဖို့အချိန်ကျရင်လည်း မှန်အောင်သာပေး။ မဟုတ်လို့ကတော့ ပါးရိုက်ခံရပြီသာမှတ်ပေတော့။ အဲဒီလို သူ့အစွယ်နဲ့သူ ဒိတ်ဒိတ်ကြဲနှစ်ယောက် ဆုံတွေ့သွားကြတဲ့အခါ….။
ဝေဖန်သုံးသပ်ချက်
ပထမဆုံးအနေနဲ့ ဇာတ်လမ်းမှာ အပီပြင်ဆုံး သရုပ်ဆောင်သွားတဲ့လူတွေကို ချီးကျူးချင်တယ်။ နေ့ပြန်တိုးချေးစားတဲ့ မနိုင် ဆိုတဲ့ ဇာတ်ရုပ်လုပ်တဲ့ ထွန်းအိန္ဒြာဗို၊ စိုးကြီးရဲ့ညီမအဖြစ် သရုပ်ဆောင်တဲ့ မေသက်ခိုင်၊ စိုးကြီးသူငယ်ချင်းအဖြစ် သရုပ်ဆောင်တဲ့ ငှက်ပျောကြော် တို့ပါ။ စိုးကြီးအဖြစ် သရုပ်ဆောင်တဲ့ သူထူးစံကို မထည့်ရတာက ဒီလိုပါ။ သူသရုပ်ဆောင်တာ မကောင်းဘူးလို့တော့ မဟုတ်ပါဘူး။ ဒါပေမယ့် ဒီထက်ပိုကောင်းအောင် လုပ်လို့ရတယ်ဆိုတာတော့ သေချာတယ်။ တချို့အခန်းတွေမှာ တကယ့်ကို ပြောစရာမရှိအောင် သရုပ်ဆောင်နိုင်ပေမယ့် အချို့နေရာတွေကျတော့လည်း ဘယ်လိုကြီးမှန်းမသိ ဖြစ်နေတာတွေ တွေ့နေရတယ်။
ဇာတ်လမ်းက ကောင်းပါတယ်။ ဒါပေမယ့် ဒီထက်ပိုကောင်းတဲ့ လှည့်ကွက်ကလေးတွေသုံးရင် ပိုပြီးကောင်းနိုင်သေးတဲ့ ဇာတ်လမ်းပါ။
နေ့ပြန်တိုးလို့ ဇာတ်ကားနာမည်တပ်ထားပေမယ့် အဓိကပေးချင်တဲ့ message က အဲဒီနာမည်နဲ့ မဆိုင်ဘူးလို့ ယူဆမိပါတယ်။ အခြားနာမည်တစ်ခုများ ပေးသင့်သလားလို့ပါ။
မိသားစုချစ်ခြင်းမေတ္တာဖွဲ့ဇာတ်လမ်းလို့တောင် ပြောရမလားမသိပါဘူး။
ဘာပဲပြောပြော အရည်မရ၊ အဖတ်မရ ဇာတ်ကားတွေထက်စာရင်တော့ ကြည့်သင့်တဲ့ဇာတ်ကားလေးပါ။ မိသားစုလည်း ကြည့်နိုင်ပါတယ်။
တစ်ခုတော့ သတိပေးပါရစေ။ ဗီဒီယိုကြည့်တဲ့အခါ စိတ်ရောကိုယ်ပါနှစ်ပြီး ခံစားချက်အပြည့်နဲ့ မျောပါစီးမျောတတ်တယ်ဆိုရင်တော့ လက်ကိုင်ပုဝါတစ်ထည် အသင့်ဆောင်ထားပြီး ကြည့်ဖို့တိုက်တွန်းလိုတာပါ။ ရင်ဘတ်ကိုလာထိတဲ့ ဇာတ်ဝင်ခန်းလေးတွေ အတော်များများ ပါနေလို့ပါ။
(၂)
ဇာတ်လမ်းအမည် - ကျွန်မရဲ့ ပုခုံးထက်မှာ လိပ်ပြာလေးတွေ နားခဲ့ဖူးတယ်
ဝတ္ထု - ပုညခင်
ဇာတ်ညွှန်း - စိုးသီဟ
ဒါရိုက်တာ - ၀ိုင်း
သရုပ်ဆောင်များ - ပြေတီဦး၊ သက်မွန်မြင့်၊ မေကဗျာ၊ ရဲမွန်၊ ပွင့်
ဇာတ်လမ်းအကျဉ်း
ကျော်ရသ ဆိုတဲ့ကောင်က ပုံမှန်မဟုတ်တဲ့ လူတစ်မျိုး။ လှတဲ့မိန်းမတွေဆိုရင် စိတ်မ၀င်စားဘူး။ ဘယ်သူကမှ အရေးမလုပ်တဲ့ အရုပ်ဆိုးသူတွေ၊ အားနည်းတဲ့သူတွေဆိုရင်တော့ အစစအရာရာ ကူညီတယ်။ သူငယ်ချင်းအဖြစ်ပေါင်းတယ်။ သူနဲ့အင်မတန်တည့်တယ်ဆိုပါတော့။ မေကြော့ရှင်းကတော့ ကျောင်းမှာအလှဆုံးဆိုတဲ့ အမျိုးသမီးတစ်ယောက်ပေါ့။ သူ့အလှကြောင့် လိုချင်သူတွေ ၀ိုင်းဝိုင်းလည်နေတဲ့ နှင်းဆီပွင့်လှလှလေးတစ်ပွင့် ဆိုပါတော့။ သူ့အတွက် အရူးအမူးဖြစ်နေကြတဲ့ ယောက်ျားတွေအပေါ်မှာ မိန်းမမာယာအပြည့်သုံးပြီး သူရွှေ့ချင်တဲ့အကွက်ကို ရွှေ့နေတဲ့လူဆိုပါတော့။ အသားမည်းမည်း၊ သွားခေါခေါ၊ နှာခေါင်းမလှမပနဲ့ ညိုချောဆိုတဲ့ ကောင်မလေးက မေကြော့ရှင်းရဲ့ သူငယ်ချင်း။ စိတ်သဘောထား ဖြူစင်ရိုးသားတဲ့ လူတကာရဲ့ အပစ်ပယ်ခံ မိန်းကလေးတစ်ယောက်ဆိုပါတော့။ သူတို့သုံးယောက် တွေ့ဆုံကြတဲ့အခါ ဘာတွေဖြစ်မလဲဆိုတာကို ပုညခင်က အလှပဆုံးနဲ့ အကောင်းဆုံးပုံဖော်ထားတဲ့ ၀တ္ထုတစ်ပုဒ်ကို ပြန်ရိုက်ထားတာပါ။
ဝေဖန်သုံးသပ်ချက်
သိပ်မလုပ်ချင်ဘူး။ အားပါးတရ လေးခွေတွဲကြီးတောင် ကြည့်ခဲ့ရတဲ့ ဇာတ်ကားဖြစ်ပေမယ့် လေမရှည်တော့ဘဲ နည်းနည်းပါးပါးပဲပြောတော့မယ်။
ညိုချော(မေကဗျာ)ရဲ့ နှာခေါင်းကို အခုပုံစံမဟုတ်ဘဲ အခြားပုံစံတစ်မျိုးဆိုရင် အတော်ကောင်းမှာပဲဗျာ။ အခုဟာက တအားကြီးကို သိသာလွန်းနေတယ်။ ရုပ်ဆိုးအောင်လုပ်ထားတာဖြစ်ပေမယ့် အခုဟာက နည်းနည်းပိုလွန်းနေသလားလို့ပါ။ သွားခေါထားတာကတော့ အိုကေပါ။
သက်မွန်မြင့်ကလည်း သူကျရာဇာတ်ရုပ်ကို အကောင်းဆုံးလို့ဆိုလို့ရအောင် သရုပ်ဆောင်သွားပါတယ်။ ရှေ့ပိုင်းအခန်းတွေမှာ သိပ်ပြီးစိတ်တိုင်းမကျပေမယ့် နောက်ပိုင်းအခန်းတွေမှာ အတော်လေးကို ပီပြင်အောင် သရုပ်ဆောင်သွားတဲ့အတွက် ရှေ့မှာရှိခဲ့တဲ့ လိုအပ်ချက်လေးတွေကို အလဲထိုးသွားခဲ့ပါတယ်။
ပြေတီဦးကတော့ သူ့ဟန်အတိုင်းပါပဲ။ တည်တည်ငြိမ်ငြိမ်နဲ့ လိုသလိုသရုပ်ဆောင်သွားတာ တွေ့ရပါတယ်။
မတူညီတဲ့ ဇာတ်ကောင်သုံးကောင်ရဲ့စရိုက်တွေကို ကြည့်နေတဲ့လူရဲ့ ရင်ထဲရောက်လာအောင် ထည့်ပေးနိုင်တဲ့ ဒါရိုက်တာကို ချီးကျူးပါတယ်။
သက်မွန်မြင့်နဲ့ မေကဗျာ နှစ်ယောက်စလုံးဟာ မတူညီတဲ့ စရိုက်နှစ်မျိုးစလုံးကို အပိုအလိုမရှိ သရုပ်ဆောင်သွားနိုင်တာ တွေ့ရပါတယ်။ အဓိကကတော့ သူတို့မျက်လုံးတွေဟာ ပီပြင်လွန်းတဲ့အတွက် သူတို့ဘယ်လိုဇာတ်ကောင်စရိုက်ကို သရုပ်ဖော်နေတယ်ဆိုတာကို ကြည့်နေသူက အလိုလိုကို သိလာစေပါတယ်။ ကိုယ်တိုင်ကြည့်တဲ့အခါ သတိထားကြည့်စေလိုပါတယ်။
ကျော်ရသရဲ့ သူငယ်ချင်းတွေလုပ်တဲ့ နှစ်ယောက်လည်း ဒီဇာတ်ကားမှာ တကယ့်ကို လျှော့တွက်လို့မရတဲ့ အခန်းကဏ္ဍကပါပဲ။ ပါတဲ့အခန်းနည်းပေမယ့် ပါတဲ့အခန်းတိုင်းဟာ သူတို့ရဲ့ ပံ့ပိုးမှုနဲ့ ကြွလာတာကို မြင်ရပါတယ်။
အထူးသဖြင့် ပုညခင်ရဲ့ ၀တ္ထုကို ဇာတ်ညွှန်းပြန်ခွဲတဲ့ စိုးသီဟကို ခေတ်နဲ့အညီ ဒိုင်ယာလော့ခ်တွေအတွက် အသိအမှတ်ပြုမိပါတယ်။
ဇာတ်ကားအသိမ်းမှာ အောက်ကစာသားလေးတွေနဲ့ ကြည့်နေတဲ့လူတွေကို နှုတ်ဆက်သွားပါသေးတယ်-
ကောင်းကင်ပေါ်မှာလည်း
မကြွေချင်ဘဲ ကြွေခဲ့ရတဲ့
ကြယ်တွေ အများကြီးရှိသလို
ဒီလိုပါပဲ
လူ့ဘ၀မှာလည်း…………..
စာကြွင်း
ဟိုတစ်နေ့ကရေးခဲ့သလို အခုတလော ကြည့်သမျှ ဗီဒီယိုဇာတ်ကားတွေက အဆင်မပြေဖြစ်နေလေတော့ ဒီဇာတ်ကားကိုလည်း စိတ်တထင့်ထင့်နဲ့ ကြည့်ခဲ့ရပေမယ့် ပြီးသွားတဲ့အချိန်ကျမှ သက်ပြင်းချနိုင်တဲ့အထိ တစ်ခုခုပေးနိုင်ခဲ့တဲ့ဇာတ်ကား ဖြစ်ခဲ့တဲ့အတွက် ကျေနပ်သွားပါတယ်။ ဟုတ်ကဲ့… ကျွန်တော့်ရင်ထဲမှာလည်း ပျော်ရွှင်ကျေနပ်မှုလေးတွေ ရခဲ့ဖူးပါတယ်။
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၀၉ ခုနှစ် နိုဝင်ဘာလ ၂၄ ရက်၊ အင်္ဂါနေ့။
နံနက် ၁ နာရီ ၃၈ မိနစ်တွင် ပြီး၏။
No comments:
Post a Comment