ဒီအပတ်ထုတ် Weekly Eleven ဂျာနယ် အတွဲ (၅)၊ အမှတ် (၇) ထဲမှာပါတဲ့ ကာတွန်းတစ်ခုကို ကျွန်တော်အတော်လေးကို စိတ်ဝင်စားနေမိတယ်။ ကျွန်တော်ပြောခဲ့ဖူးသလိုပါပဲ ဒီနေ့ခေတ်ဂျာနယ်တွေမှာ ကာတွန်းမပါတဲ့စာစောင် မရှိသလောက်ကို ဖြစ်နေပါပြီ။ ကာတွန်းတွေကလည်း အတော်လေးကို ကောင်းလာတာတွေ့ရပါတယ်။ ခေတ်ကို နည်းအမျိုးမျိုးနဲ့ ထင်ဟပ်၊ သရော်နေကြတဲ့ ကာတွန်းတွေချည်းပါပဲ။ ကျွန်တော်သဘောအကျဆုံးက သာမန်ဖတ်တဲ့အခါမှာ သာမန်ပဲပြုံးစရာ၊ ရယ်စရာဖြစ်ပြီး အတွေးဆန့်လိုက်ရင်တော့ အများကြီးတွေးလို့ ရတဲ့ သရော်ကာတွန်းတွေပါ။ ဟိုလူ့ကိုပြောသလို ဒီလူ့ကိုပြောသလိုလို ဖြစ်အောင်ရေးတဲ့ ကာတွန်းတွေဆိုပါတော့။ တိုက်ရိုက်ကြီးမဟုတ်ဘဲ မြှုပ်ကွက်၊ လှည့်ကွက်ကလေးတွေနဲ့ မီးမောင်းထိုးပြတဲ့ ကာတွန်းတွေပေါ့ဗျာ။
ဒီလောက်ကြီးအထိ ပြောနေရတာက အကြောင်းရှိပါတယ်။ ကာတွန်းတွေကို ကြည့်တဲ့အခါ သာမန်ပေးချင်တာကို အရင်ဆုံးခံစားပါတယ်။ သာမန်ပဲရယ်စရာရှိရင် ရယ်လိုက်ပါတယ်။ ပြုံးစရာရှိရင် ပြုံးလိုက်ပါတယ်။ ပြီးတော့မှ ကာတွန်းဆရာမှာ အခြားပြောချင်တဲ့ အကြောင်းအရာ၊ ပေးချင်တဲ့ message ရှိသေးလားဆိုတာကို ထပ်ပြီးတွေးယူပါတယ်။ အများအားဖြင့်တော့ အဲဒီလို မြှုပ်ကွက်ကလေးတွေနဲ့ပေးတဲ့ ကာတွန်းတွေများပါတယ်။ အင်မတန်မှကို သဘောကျတာပေါ့။ ပြောရရင် နှစ်ခါရယ်ရတာပေါ့ဗျာ။ သာမန်လူတစ်ယောက်အတွက်ကတော့ တစ်ခါပဲ ရယ်ရပါလိမ့်မယ်။ အဲဒါကို နားလည်ပါတယ်။ လမ်းဘေးမှာ ကွမ်းယာရောင်းနေတဲ့လူ ကြည့်တဲ့အခါ သာမန်ရေးထားတဲ့ဟာသကိုပဲ ရယ်မောပါလိမ့်မယ်။ ဒါပေမယ့် တက္ကသိုလ်က ပါမောက္ခကြီးဖတ်ရင်တော့ သာမန်ဖတ်ရုံမဟုတ်ဘဲ တွေးမှာအသေအချာပါပဲ။ ပြထားတာကို လူတိုင်းမြင်ပေးမယ့် အဲဒီလိုမြှုပ်ထားတာကိုတော့ လူတိုင်းမသိနိုင်ဘူးဆိုတာကို ပြောချင်တာပါ။ အဲဒါကိုကလည်း ကာတွန်းရေးဆရာရဲ့ ပညာဖြစ်ပါတယ်။
အောက်က ကာတွန်းလေးကို ကြည့်လိုက်ပါဦး။ ပြီးမှ ဆက်ပြောကြတာပေါ့။ ကျွန်တော်ဖတ်ခဲ့ပြီးတာ တစ်ပတ်ခန့် ရှိပြီဖြစ်ပေမယ့် ကျွန်တော့်တစ်ယောက်တည်းအမြင်ဆိုရင် မှားသွားမှာစိုးတဲ့အတွက် အခြားလူတွေကိုပါ လိုက်မေးမြန်း၊ ဆွေးနွေးပြီးမှ ဒီစာကို ရေးပါတယ်။ သာမန်ပဲကြည့်တတ်သူတွေကိုလည်း ပြပြီးပါပြီ။ ဒီအတိုင်းဖတ်တာ ဘာမှကို မရယ်ရပါဘူး။ နားလည်းမလည်ပါဘူးတဲ့။ တွေးတတ်တဲ့လူတွေကတော့ အမျိုးမျိုးပြောကြတာပါပဲ။ နောက်ဆုံး ကာတွန်းထဲက ဇာတ်ကောင်တွေရဲ့ လက်အနေအထား၊ မျက်နှာအမူအရာက၊ နောက်ခံပြထားတဲ့ တိုက်ခန်းမြင့်ပုံစံကအစ ထည့်သွင်းစဉ်းစားပြီးတော့ကို ဆွေးနွေးငြင်းခုံကြတာပါ။ နောက်ဆုံး ကျွန်တော်က ကျွန်တော်ယူဆထားတဲ့ နားလည်ထားတဲ့ အတွေးကို သူတို့ကို တင်ပြပါတယ်။ သူတို့အတော်ကြာအောင် စဉ်းစားပြီးမှ လက်ခံတယ်လို့ ပြောကြပါတယ်။ ဒါပေမယ့် တစ်မျိုးတည်းတော့ မဟုတ်ပါဘူး။ ကျွန်တော့်နားလည်တာနဲ့အတူ အခြားတစ်ယောက် အဓိပ္ပါယ်ဖွင့်တာကိုလည်း သဘောကျတဲ့အတွက် နှစ်မျိုးပူးတွဲ လက်ခံလိုက်ကြပါတယ်။ ဒီကာတွန်းပါ -
Plus ဆိုတဲ့စာလုံးကို "ပလပ်" လို့တော့ ဘယ်သူကမှ အသံမထွက်ဘူးထင်ပါတယ်ဗျာ။ သာမန်ဖတ်တဲ့အချိန်မှာ နားလည်အောင် မရေးထားတာဟာ ဒီကာတွန်းရဲ့ အားနည်းချက်လို့ မြင်မိပါတယ်။ ကျွန်တော်ကိုယ်၌က အမြင်မရှိတာ အတွေးချော်နေတာလည်း ဖြစ်ကောင်းဖြစ်နေနိုင်ပါတယ်။ အဲဒီအတွက် ကျွန်တော်သိချင်တာက မူလသာမန်ဖတ်တဲ့အချိန်မှာ နားလည်စေချင်တဲ့ ဆိုလိုရင်းက ဘာလဲဆိုတာပါ။ ဆင့်ပွားတွေးတာတွေကတော့ ကြိုက်သလိုတွေးနိုင်တာပါပဲ။ ကျွန်တော်တို့လည်း တွေးခဲ့ပြီးပါပြီ။
အလကားနေရင်း ဘာဖြစ်လို့ဒီစာကို ရေးရသလဲဆိုတာကို သိတဲ့လူတွေကတော့ ကျွန်တော့်ကို နားလည်နိုင်ကြပါလိမ့်မယ်။ အချိန်ကုန်ခံပြီး ဒီကာတွန်းလေးကို ဇာချဲ့နေသေးတယ်လို့ ရှုံ့ချလာရင်လည်း လက်ခံဖို့အသင့်ပါပဲ။ ကျွန်တော်ပြောချင်တာကို ကျွန်တော်နားလည်သလို ကျွန်တော့်လိုပဲ နားလည်တဲ့လူတွေအတွက် သီးသန့်ရေးတဲ့စာလို့ ကျွန်တော်ဆိုချင်ပါတယ်။
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၀၉ ခုနှစ် နိုဝင်ဘာလ ၂၇ ရက်၊ သောကြာနေ့။
နံနက် ၇ နာရီ ၄၀ မိနစ်တွင် ပြီး၏။
No comments:
Post a Comment