အင်းဝတွင် သတိုးမင်းဖျားမှစ၍ မဟာဓမ္မရာဇာဓိပတိ ဟံသာဝတီပါ မင်းအထိ မင်းပေါင်း ၂၉ ဆက် အုပ်စိုးခဲ့လေသည်။ သို့ရာတွင် အင်းဝခေတ်သည် ဟံသာဝတီပါမင်းအထိ မင်းဆက်တစ်စဉ်တည်း စိုးမိုးအုပ်ချုပ်နိုင်သည်မဟုတ်ဘဲ မှေးမှိန်တိမ်ငုတ်လျက် တောင်ငူ၊ ဟံသာဝတီတို့နှင့် ခေတ်ပြိုင် ကြုံတွေ့ရပေသေးသည်။ ရာဇ၀င်မှာ မင်းတို့စိုးစံရာ ဒေသကိုလိုက်၍ ရှုခင်းပြောင်းလဲသည်ဖြစ်ရာ တကောင်း၊ သရေခေတ္တရာ၊ ပုဂံ၊ စစ်ကိုင်း၊ ပင်းယတို့မှသည် အင်းဝသို့ ပြောင်းလဲလာခဲ့ရပြန်လေသည်။
၁။ သတိုးမင်းဖျား (၇၂၆-၇၂၉)
သတိုးမင်းဖျားသည် အင်းဝကို တည်ထောင်ပြီးနောက် နိုင်ငံတော်ကို စည်းရုံးရပြန်လေသည်။ စကုစား ထောင်ထားသည်ကို နှစ်ကြိမ်တိုင်တိုင် နှိမ်နင်းတိုက်ခိုက်ရလေသည်။ ငနွယ်ကုန်းစား ဘယကျော်သူ ဖျက်ဆီးလာသည်ကိုလည်း နှိမ်နင်းရလေသည်။ သတ္တိကောင်း ငတက်ဖြားကို မြှောက်စား၍ တောင်တွင်းကြီးကို တိုက်ခိုက်စေလေသည်။ သတိုးမင်းဖျားသည် စကုသို့ချီတက်ရင်း ကျောက်ရောဂါစွဲကပ်သဖြင့် အသက်ကုန်မည်ကိုသိ၍ စောဥမ္မာကို သူတစ်ပါးယူမည်စိုးသဖြင့် တွင်းသင်းမှူး ငနုကို ချော့မော့၍ စေလွှတ်သတ်ဖြတ်စေလေသည်။ စောဥမ္မာလည်း ငနုကိုချော့မော့၍ အင်းဝနန်းတွင် တစ်လခန့် သင့်နေပြီးမှ စစ်ကိုင်းဘက်သို့ ကူးလေသည်။
၂။ မင်းကြီး စွာစော်ကဲ (၇၂၉-၇၆၂)
သတိုးမင်းဖျား နတ်ရွာစံလျှင် မှူးမတ်အပေါင်းတို့က စုဝေးတိုင်ပင်၍ ရမည်းသင်းစား သီလ၀အား မင်းပြုရန် တောင်းပန်ကြလေသည်။ သို့ရာတွင် ထီးနန်းမစံလိုသဖြင့် မင်း၏ ယောက်ဖတော်သူ အမြင့်မြို့စား တရဖျာ့အား မင်းကြီးစွာစော်ကဲ အမည်ဖြင့် မင်းမြှောက်ကြလေသည်။ မင်းကြီးစွာစော်ကဲမှာ နရသီဟပတေ့မင်း၏ သားတော် ပြည်စားသီဟသူနှင့် ပြော့ရှမ်းသင်္ခဗိုလ်၏ သမီးတို့ စုံဖက်ရာမှာ ဖွားမြင်သော သမီးတော် ရှင်မြတ်လှနှင့် ပုဂံကျော်စွာမင်း၏သားတော် သရက်မင်းရှင်စောတို့မှ ဖွားမြင်သော သားတော်ဖြစ်လေသည်။
မင်းကြီးစွာစော်ကဲသည် မိတ္ထီလာကန်ကို ဆည်ဖို့တော်မူလေသည်။ အမတ်ပညာရှိ ဘိုးရာဇာကိုလည်း ချီးမြှောက်လေသည်။ ထိုမင်းလက်ထက်တွင် ဟံသာဝတီမွန်ဘုရင် ဆင်ဖြူရှင်ဗညားဦးနှင့် ချစ်ကြည်စွာ မဟာမိတ်ပြုလေသည်။
မွန်တို့၏နိုင်ငံသည် အနော်ရထာမင်း လက်ထက်တွင် ပျက်သုဉ်းခဲ့ပြီးနောက် တစ်စတစ်စ အင်အားပြန်လည်စည်းရုံး၍ မြောင်းမြတွင်လည်းကောင်း၊ ဟံသာဝတီတွင်လည်းကောင်း၊ မုတ္တမတွင်လည်းကောင်း မြို့ပြပြန်လည်စိုက်တည်လာခဲ့ရာ အင်းဝခေတ်တွင် မွန်တို့သည် ဟံသာဝတီ၌ အင်အားခိုင်ဖြီးလာ၍ မြန်မာတို့နှင့် စစ်ပြိုင်ဘက် ဖြစ်လာခဲ့ပြန်လေသည်။ မင်းကြီးစွာစော်ကဲသည် နယ်စွန်နယ်ဖျားတို့တွင် ငြိမ်ဝပ်ပိပြားအောင် အားထုတ်ရန်လိုသဖြင့် ကလေးနှင့် မိုးညှင်းကိုလည်းကောင်း ချီတက်ရလေသည်။ ထိုသို့ ချီတက်ရာတွင် ကန်စွန်းနိမ့်ရွာသူ မိဘေဇာကို ကောက်ယူလေရာ သားတော် မင်းဆွေကို ဖွားမြင်လေသည်။ ထိုမိဖုရားမှ သာေးတာ် ရှင်သိဒ္ဓတ်နှင့် သမီးတော် ရှင်မြတ်လှတို့ကိုလည်း ဖွားမြင်လေသည်။ ထိုမင်းလက်ထက် ဦးရီးတော် စောမွန်ကြီးကို ရခိုင်သို့ စေလွှတ်လေသည်။ ၇၄၂ ခုနှစ်တွင် စောမွန်ကြီး အနိစ္စရောက်သဖြင့် ကျွန်ရင်း စောမည်းကို ရခိုင်သို့ စေလွှတ်ပြန်ရာတွင်ကား ပြည်သူတို့နှင့် ဆန့်ကျင်သဖြင့် မခံမရပ်နိုင်ဖြစ်၍ ဆူပူခွာထွက်လေတော့သည်။
မင်းကြီးစွာစော်ကဲလက်ထက်တွင်ပင် မြောင်းမြစား မွန်လောက်ဖျား လှည့်ပတ်သောကြောင့် ဟံသာဝတီသို့ ချီတက်လေရာ သားတော်ကြီး တရာ့ဖျားနှင့် သားတော်ငယ် ပြင်စည်စား မင်းဆွေတို့ ပါရှိ၍ ၇၄၈ ခုနှစ်တွင် ပန်းကျော်၊ လှိုင်နှင့် မှော်ဘီမြို့များတွင် မွန်ရာဇာဓိရာဇ်၏ တပ်များနှင့် တိုက်ခိုက်ရလေသည်။ မိုးကျချိန်နီးလျှင် ဆုတ်ခွာပြန်၍ ၇၄၉ ခုနှစ်တွင် တစ်ကြိမ်ချီတက်ကာ ဒဂုံ၊ ဒလ၊ မှော်ဘီမြို့များတွင် စစ်ဖက်ပြိုင်ကြပြန်လေသည်။ ၇၅၂ ခုနှစ်တွင် ရာဇဓိရာဇ်က ဂူလွှတ်မြို့ကို တိုက်လာသဖြင့် မင်းကြီးစွာစော်ကဲ၏ တပ်များလည်း ချီတက်ရပြန်လေသည်။ ထို့နောက် မွန်မြန်မာနှစ်ဖက် သုံ့ပန်းလဲလှယ်ကာ စစ်ပြေငြိမ်းခဲ့ကြပြန်လေသည်။
၃။ ဆင်ဖြူရှင် တရာ့ဖျား (၇၆၂-၇၆၃)
မင်းကြီးစွာစော်ကဲ နတ်ရွာစံသော် သားတော်ကြီး ဆင်ဖြူရှင်တရာ့ဖျားသည် ထီးနန်းဆက်ခံလေသည်။ သို့ရာတွင် တောကစားထွက်ရာမှ စိတ်ဖောက်ပြန်ခဲ့လေရာ တကောင်းစား ငနောက်ဆံ လုပ်ကြံသဖြင့် နတ်ရွာစံရလေသည်။ ငနောက်ဆံကိုလည်း မှူးမတ်တို့ တိုက်ခိုက်၍ အနိစ္စရောက်ရလေသည်။
Monday, November 30, 2009
အင်းဝခေတ်
Posted by Ko Nyan Posted Time 12:53 AM
Labels Brief History of Myanmar
Subscribe to:
Post Comments (Atom)
No comments:
Post a Comment