မင်းတုန်းမင်းသည် ၁၂၁၇ ခုနှစ်တွင် ပြင်သစ်နိုင်ငံသို့ သံစေလွှတ်လေသည်။ ၁၂၁၈ ခုနှစ်တွင် မန္တလေးတောင်ခြေ၌ ရတနာပုံမြို့သစ်ကို တည်ထောင်လေသည်။ အင်္ဂလိပ်တို့နှင့် ကူးသန်းရောင်းဝယ်ရေး စာချုပ်တစ်ရပ်ချုပ်ဆိုကာ နေပြည်တော်တွင် အင်္ဂလိပ်အစိုးရကိုယ်စားလှယ်ကို လက်ခံခွင့်ပြုလေသည်။ မင်းတုန်းမင်းတွင် မိဖုရား၊ သားတော်၊ သမီးတော်များ များပြားလှသောကြောင့် နန်းတွင်းရေးပြဿနာများလည်း ရှုပ်ထွေးလေသည်။ ၁၂၂၈ ခုနှစ်တွင် သားတော် မြင်းကွန်းစားနှင့် မြင်းခုံတိုင်စားတို့သည် အိမ်ရှေ့မင်း ကနောင်မင်းသားအား လုပ်ကြံ၍ နန်းတော်ကို စီးနင်းလေသည်။ သို့ရာတွင် အရေးမလှ၍ ရေနန်းစကြာ သင်္ဘောတော်ကို အတင်းယူဆောင်၍ အင်္ဂလိပ်ပိုင်နက်သို့ စုန်ပြေးလေသည်။ ကနောင်မင်းသားမှာ နိုင်ငံထူထောင်ရေးအတွက် အနောက်နိုင်ငံများကို ပညာတော်သင်များစေလွှတ်ကာ လက်နက်စက်ရုံမှအစ စက်ရုံများစွာကို တည်ထောင်လေသည်။ လက်နက်များပြုလုပ်ရာ ရေမြှုပ်ဗုံးအထိ အောင်မြင်သော်လည်း မင်းတုန်းမင်းကြီးက တားမြစ်သဖြင့် မပြုလုပ်ရတော့ဘဲ ရှိခဲ့လေသည်။ ကနောင်မင်း ကွယ်လွန်ရသဖြင့် နိုင်ငံတော်အတွက် တအားဆုတ်ယုတ်ကြလေသည်။
မြင်းကွန်းမြင်းခုံတိုင်အရေး ပြီးသည့်နောက်တွင် ပန်းတိမ်းမင်းသားက ပုန်ကန်ထကြွပြန်လေသည်။ ကသာမင်းသားလည်း ထကြွလေသည်။ မင်းတုန်းမင်းသည် ကနောင်မင်း ကွယ်လွန်သည့်နောက်တွင် သားတော်များ စိတ်ဝမ်းကွဲမည်စိုးသဖြင့် မည်သူ့ကိုမျှ အိမ်ရှေ့အရာမပေးဘဲနေလေရာ မင်းသားတို့လည်း အသီးသီးကြိတ်၍ ကြိုးစားကြံစည်နေကြလေသည်။ ၁၂၄၀ ပြည့်နှစ်တွင် မင်းတုန်းမင်းကြီးသည် မကျန်းမမာရှိလေရာ နန်းလျာရွေးချယ်ရေးမှာ ပြဿနာဖြစ်၍လာလေသည်။ မင်းတုန်းမင်းကြီးသည် သားတော်ကြီးများဖြစ်သော သုံးဆယ်မင်းသား၊ မက္ခရာမင်းသား၊ ညောင်ရမ်းမင်းသားတို့ ထီးနန်းစံလျှင် စိတ်ခက်ထန်သည့်အတိုင်း အင်္ဂလိပ်နှင့် အရေးအခင်းဖြစ်မည်ကို စိုးရိမ်သောကြောင့် ပထမပြန် စာပြန်ပွဲ (၃)ကြိမ် ဖြေဆိုခဲ့သော သားတော် သီပေါမင်းသားကို ရွေးချယ်လိုလေသည်။ သီပေါမင်းမှာ စိတ်ထားနူးညံ့၍ မိမိ ညွှန်ကြားသည့်အတိုင်း လိုက်နာဖွယ်ရှိပေသည်။ ထိုမှတစ်ပါး အင်္ဂလိပ်နိုင်ငံသို့ ရောက်ခဲ့ဖူးသော ကင်းဝန်မင်းကြီးကလည်း အင်္ဂလိပ်စစ်အင်အားကို ခံ့ညားသဖြင့် အင်္ဂလိပ်နှင့် စစ်ဖြစ်ရေးကို စိုးရွံ့၍ မိမိ သြဇာညောင်းနိုင်မည့် မင်းလျာမျိုးကို အလိုရှိသည့်အတိုင်း သီပေါမင်းသားကို သဘောကြိုက်ညီလေသည်။ ဆင်ဖြူမရှင် မိဖုရားကြီးကလည်း မိမိသမီးတော် စုဖုရားလတ်နှင့် ရည်ငံနေသော မင်းသားဖြစ်၍ သမီးတော် မိဖုရားကြီးဖြစ်ရေးကို ရည်မျှော်၍ သီပေါမင်းသားအား နန်းလျာထားသည်ကို ကျေနပ်လေသည်။
ဤသို့အားဖြင့် မင်းတုန်းမင်းကြီး ရောဂါမှသက်သာချိန်တွင် သီပေါမင်းသားအား အိမ်ရှေ့အရာထားကြောင်း ကြေညာလေသည်။ ထို့နောက် မင်းတရားကြီး မကျန်းမာစဉ် မင်းကြီးမသိစေဘဲ မှူးမတ်အချို့နှင့် မိဖုရားကြီး၏ အစီအမံဖြင့် သီပေါမင်းသားအား အနှောင့်အယှက် မပေးနိုင်ရန် မင်းညီမင်းသား လေးဆယ်ကျော်ကို မင်းတရားကြီး ခေါ်ယူဟန်နှင့် လီဆယ်ကာ အကျယ်ချုပ် ဖမ်းဆီးထားလေသည်။ ညောင်ရမ်းမင်းသား၊ ညောင်အုပ်မင်းသားတို့ကား ရိပ်မိ၍ အင်္ဂလိပ်သံအရာရှိအိမ်တွင် ပုန်းခိုပြီးနောက် အောက်မြန်မာနိုင်ငံသို့ စုန်ပြေးလေသည်။
မင်းတုန်းမင်းကြီးကား ၁၂၄၀ ပြည့်နှစ် သီတင်းကျွတ်လတွင် နတ်ရွာစံလေတော့သည်။ မင်းတုန်းမင်းကြီးသည် မှန်နန်းရာဇ၀င်တော်ကို ဆက်လက်ရေးသားစေခြင်း၊ ပိဋကတ်တော်များကို ကျောက်ထက်အက္ခရာတင်၍ ပဉ္စမ သံဂါယနာတင်ခြင်း၊ သတင်းစာ ထုတ်ဝေခွင့်ပြုခြင်း၊ အနောက်နိုင်ငံများသို့ သံစေလွှတ်ခြင်း၊ မှုထမ်းတို့အား လစာရိက္ခာချီးမြှင့်ခြင်း၊ ငွေဒင်္ဂါးသွန်းလုပ်ခြင်း၊ လွတ်လပ်စွာ ကိုးကွယ်မှုကို အားပေးခြင်း၊ သူနာပြုဆေးရုံ၊ သူအိုရုံ စသည်တို့ကို ဖွင့်လှစ်ခြင်း စသည်ဖြင့် ပြည်သူ့အကျိုးကို ဆောင်ရွက်ခဲ့လေသည်။
Photo: Internet (Google Search)
မင်းတုန်းဘက်ကို အသားပေးရေးထားသည်။သူသည် အရည်အချင်းရှိသောဘုရင်မဟုတ်။
ReplyDelete