(၁)
ဇာတ်ကားတွေ၊ သီချင်းတွေ၊ ၀တ္ထုတွေ၊ ကဗျာတွေမှာ လွမ်းရဆွေးရတာနဲ့ ပတ်သက်တာမှန်သမျှ ရေးပြီ၊ ပြောပြီ၊ ဖွဲ့စပ်ပြီဆိုတာနဲ့ မပါမဖြစ် စကားလုံးတစ်လုံးက "အထီးကျန်" ဆိုတာပါပဲ။ အထီးကျန်တယ်လို့ ပြောလိုက်ရင် လူတိုင်းနားလည်ပါတယ်။ အဲဒီစကားလုံးကို ပြောတဲ့သူ၊ ဒါမှမဟုတ် အဲဒီစကားလုံးနဲ့ အညွှန်းခံရသူဟာ အဖော်မဲ့နေတယ်၊ တစ်ဦးတည်းဖြစ်နေတယ်လို့ အဓိပ္ပါယ်ရပါတယ်။
ကျွန်တော်စဉ်းစားနေမိတာက "အထီးကျန်" တယ်ဆိုတာတော့ ဟုတ်ပါပြီ။ ယောက်ျားလေးက ပြောတော့လည်း အထီးကျန်တယ်။ မိန်းကလေးက ပြောတော့လည်း အထီးကျန်တယ်လို့ ဘာဖြစ်လို့ ဖြစ်နေရသလဲ။ ယောက်ျားလေးက အထီးကျန်တယ်လို့ပြောတာ သဘာဝကျတယ်လေ။ မိန်းကလေးက ဘယ်နှယ်ကြောင့် အထီးကျန်ရတာလဲ။ တကယ်ဆိုရင် "အမကျန်"တယ်လို့ မဖြစ်သင့်ဘူးလား။ ကတ်သီးကတ်သတ်စဉ်းစားနေမိတာ ပြောပါတယ်။
ထပ်ပြီးစဉ်းစားမိတာက အဖော်မဲ့နေ၊ တစ်ဦးတည်းဖြစ်နေလို့ လွမ်းဆွေးခံစားရတာကို အထီးကျန်တယ်ဆိုတဲ့ စကားလုံးနဲ့ ဘာကြောင့်များ သတ်မှတ်ခဲ့ရတာလဲဆိုတာပါ။ ဆိုပါတော့ဗျာ… ချစ်ခင်သူတွေနဲ့ ခွဲခွါရတဲ့အခါမျိုးမှာ ယောက်ျားလေးတွေက ပိုမိုခံစားရတတ်လို့လား (သဘောကတော့ ယောက်ျားလေးတွေက အသည်းပိုနုပြီး ပိုခံစားလွယ်လို့လား)၊ ဒါမှမဟုတ် အဲဒီစကားလုံးကို တီထွင်ခဲ့တဲ့လူဟာ ယောက်ျားလေးဖြစ်နေလို့လား ဆိုတာမျိုးပေါ့။
ခင်ဗျားရော.. ဘယ်လိုထင်သလဲဗျ။ တကယ့်ကို ကတ်သီးကတ်သီးကြီးပါဗျာ၊ နော်…။
(၂)
နောက်တစ်ခုလာပြန်ပြီ။ "ချေး" ဆိုတဲ့ စကားလုံးပါ။ "ချေး" ဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပါယ်ကို မြန်မာအဘိဓာန်မှာ သုံးမျိုးပြထားသဗျ။ ပထမတစ်မျိုးက အားလုံးသိတဲ့အတိုင်း မစင်၊ ကျင်ကြီး၊ အညစ်အကြေး ဆိုတဲ့ အဓိပ္ပါယ်ပါ။ လူတွေမပြောချင်၊ မကြားချင်ကြတဲ့ စကားလုံးပေါ့။ ရယ်တော့ရယ်စရာကြီးနော်၊ ဘယ်နှယ့်ဗျာ… နေ့တိုင်း ဒီကိစ္စနဲ့ ကင်းလို့ရတာလည်းမဟုတ်ဘဲနဲ့။ ထားပါတော့။ နောက်အဓိပ္ပါယ်တစ်မျိုးကတော့ သူတစ်ပါးဆီကနေ ငွေကြေး စတာမျိုးကို ခေတ္တယူတာ၊ ဒါမှမဟုတ် သူတစ်ပါးကို ကိုယ်ကနေ ခေတ္တပေးတာမျိုးပါ။ နောက်ဆုံးတတိယတစ်မျိုးကတော့ အပင်တစ်မျိုးရဲ့အမည်ပါတဲ့။ အဲဒီသစ်ပင်က အပင်ကနေ သစ်စေးထွက်ပြီး အသီးကနေ မင်စေးထွက်သတဲ့ဗျ။ ချေးပင်ပေါ့နော်။
ကျွန်တော်တွေးမိတာက ဒီလိုဗျ။ ချေးဆိုတာရဲ့ မူရင်းအဓိပ္ပါယ်ဟာ အညစ်အကြေး၊ မစင်ပေါ့ဗျာ။ လူတွေမလိုချင်တဲ့၊ လူတွေရွံတဲ့၊ မနှစ်မြို့တဲ့ အရာပေါ့ဗျာ။ အဲဒါဆိုရင် ပိုက်ဆံချေးတာတို့၊ ပစ္စည်းချေးတာတို့မှာ ဘာဖြစ်လို့ အဲဒီ"ချေး" ဆိုတဲ့ စကားလုံးကို သုံးရတာလဲ။ ချေးငှားတာဟာ မကောင်းဘူးဆိုတာကို ပြောချင်တာလား။ ပိုက်ဆံချေးတာ၊ ပစ္စည်းချေးတာကို မစင်လိုပဲရွံရှာစေချင်တာလား။ အဲဒါဆိုရင်တော့ ကျွန်တော်တို့ မြန်မာတွေ အတော်ခေတ်မီတယ်လို့ ဆိုရမယ်ဗျ။ ဟုတ်တယ်လေ။ အကြွေးဆိုတာမျိုးက ကောင်းတာမဟုတ်ဘူးလေ။ ဘာကြွေးပဲဖြစ်ဖြစ် မတင်တာအကောင်းဆုံးမဟုတ်လား။ ပိုက်ဆံကြွေး၊ ပစ္စည်းကြွေး၊ ကျေးဇူးကြွေး၊ နောက်ဆုံး သံသရာကြွေးတွေ ကင်းစင်နေတာဟာ အကောင်းဆုံးမဟုတ်ဘူးလား။ အဲဒါကြောင့် ချေးငှားတာတွေကို ချေးဆိုတဲ့ စကားလုံးနဲ့ သုံးထားတာလို့ တွေးကြည့်မိတော့လည်း အဲဒီစကားလုံးကို တီထွင်ခဲ့တဲ့ ရှေးတုန်းက မြန်မာပညာရှိကြီးတွေကို ချီးကျူးမိပြန်ပါရော။
ဒါပေမယ့် ကျွန်တော်ကလည်း ကတ်သီးကတ်သတ်မှ တကယ့်ကို ကတ်သီးကတ်သက်ပါပဲ။ ဒီလိုလေးလည်း စဉ်းစားမိသေးသဗျ။ "ချေး" ဆိုတာမျိုးကို လူတွေမနှစ်သက်၊ မမြတ်နိုးကြပေမယ့် နေ့စဉ်တော့ မလုပ်မဖြစ် လုပ်နေကြရတယ်။ သူနဲ့ပတ်သက်ပြီး ဂရုစိုက်ကြရတယ်လေ။ အဲဒီတော့ အကြွေးဆိုတာမျိုးကိုလည်း မနှစ်မြို့ပေမယ့် မလုပ်မဖြစ်တော့ လုပ်နေရဦးမယ်လို့လေ။
ကျွန်တော်တို့တွေ့ရင် ပြုံးမပြမိပါစေနဲ့ဗျာ။ ခင်ဗျားဆီက တစ်ခုခုချေးမိမှာစိုးလို့ပါ။ မကောင်းတာသိပေမယ့် နေသာထိုင်သာရှိအောင်တော့ မလုပ်မဖြစ်လုပ်နေဖို့ လိုတယ်လေ။ အဲဒါကြောင့်ပါ။
(၃)
ဒီတစ်ခါစဉ်းစားမိတဲ့ စကားလုံးက "ယောက်မ" ပါ။ ကျွန်တော်နဲ့ကြုံတဲ့လူတိုင်းကို ပြောပြဖြစ်၊ ပြင်ပေးဖြစ်ပေမယ့် မထူးပါဘူး။ အချိန်တန်တော့ သူတို့ထင်သလိုပဲ "ယောင်းမ" ကြတာပါပဲ။ "ယောက်ဖ" ဆိုတဲ့ စကားလုံးကို လူတိုင်းမှန်အောင် သုံးတတ်တယ်။ ဘာကိစ္စများ "ယောက်မ" ကျမှ လာမှားနေကြသလဲဆိုတာကို စဉ်းစားလို့မရဘူး။ ရှင်းနေတာပဲလေ။ ယောက်ျားလေးကို ခေါ်ချင်ရင် "ယောက်ဖ"၊ မိန်းကလေးဆိုမှတော့ "ယောက်မ" ပေါ့။ ဟုတ်ဖူးလား။ အဲဒါကိုဗျာ… ဘယ်လောက်ပြင်ပေးပြင်ပေး မရပါဘူး။ ရေးလာလိုက်ရင် "ယောင်းမ" ချည်းပဲ။ ထားပါတော့၊ ကျွန်တော်စဉ်းစားမိတာက အဲဒီစကားလုံးမှားတာကို မဟုတ်ပါဘူး။
ဒီလိုဗျ။ "ယောက်မ" ဆိုတဲ့စကားလုံးအဓိပ္ပါယ်က အစ်ကို ဒါမှမဟုတ် မောင်ရဲ့ မယား။ နောက် လင်ရဲ့အစ်မ ဒါမှမဟုတ် နှမပေါ့။ အဲဒီအထိ ပြဿနာမရှိပါဘူး။ ပြဿနာက အဲဒီစကားလုံး "ယောက်မ" မှာ နောက်ထပ်အဓိပ္ပါယ်တစ်မျိုး ရှိသေးသဗျ။ အားလုံးလည်း သိပြီးသားပါ။ ထမင်းတွေ၊ ဟင်းတွေချက်တဲ့အခါမှာ သုံးတဲ့ပစ္စည်းတစ်မျိုးကိုလည်း "ယောက်မ" လို့ ခေါ်တယ်လေ။ မြို့ကလူတွေအတွက်ကတော့ ဇွန်းဆိုတဲ့စကားလုံးနဲ့သာ ရင်းနှီးနေနိုင်ပေမယ့် အများစုကတော့ "ယောက်မ" ကို ကောင်းကောင်းသိမယ်ထင်ပါတယ်။ အဲဒီတော့ ကျွန်တော်စဉ်းစားမိတယ်။ ဘာဖြစ်လို့များ စောစောက လူကိုခေါ်တဲ့ "ယောက်မ" နဲ့ မီးဖိုချောင်မှာသုံးတဲ့ပစ္စည်း "ယောက်မ" က လာတူနေရသလဲလို့ပေါ့။ မီးဖိုချောင်သုံး "ယောက်မ"ကတော့ မွှေတဲ့နေရာမှာ အင်မတန်အသုံးဝင်သဗျ။ ဒါဆိုရင် လူ"ယောက်မ" ကရော လင်မယားတွေကြား၊ မိသားစုတွေကြားမှာ ၀င်မွှေနေတာကို ဆိုလိုတာများလား။ မဟုတ်သေးပါဘူးဗျာ၊ နော်။ နောက်တစ်ခါရှိသေးတယ်။ "ယောက်မသည် ထမင်း၊ ဟင်းအိုးတို့ကို ဘယ်လောက်ပဲ မွှေနေရပါစေ၊ အရသာကိုမသိ" တဲ့။ ဟင်… အဲဒါဆိုရင် လူ"ယောက်မ"ကရော ဘာအရသာကို မသိတာလည်း မသိဘူး။ တော်ပါပြီဗျာ။ မစဉ်းစားတော့ပါဘူး။ တကယ့်ကို ကတ်သီးကတ်သတ်ကြီးပါ။
စာကြွင်း
မြန်မာစာပေ၊ မြန်မာစကားလုံးများနှင့် ပတ်သက်ပြီးရေးထားတာမဟုတ်ပါဘူး။ အဲဒီလိုရေးဖို့လည်း ကျွန်တော်ဟာ ပြည့်စုံတဲ့လူတစ်ယောက် လုံးဝ(လုံးဝ)ကို မဟုတ်ရပါဘူး။ မြန်မာစာနဲ့ပတ်သက်ရင် က,ကနေ အ,အထိ မမှားအောင် အလွတ်ရွတ်နိုင်၊ အလွတ်ရေးနိုင်တာပဲ ရှိပါတယ်။ စကားလုံးတွေနဲ့ပတ်သက်တာဟာ ပညာရှင်တွေရဲ့အရာဆိုတာလည်း သိပါရဲ့။ အခုရေးမိတာက ကျွန်တော့်ဘာသာ ကတ်သီးကတ်သတ် စဉ်းစားမိတာလေးတွေကို ပြန်လည်ဝေမျှတဲ့ သဘောသက်သက်သာ ဖြစ်ပါကြောင်း။
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ် ဇန်န၀ါရီလ ၂၇ ရက်၊ ဗုဒ္ဓဟူးနေ့။
နေ့လည် ၂ နာရီ ၂၉ မိနစ်တွင်ပြီး၏။
No comments:
Post a Comment