နှစ်ပေါင်းနှစ်ဆယ်အစိတ်လောက် ကျောင်းဆရာလုပ်ခဲ့သူဖြစ်တော့ ပညာကို အင်မတန်မှကို တန်ဖိုးထားပါတယ်။ ပညာရပ်နယ်ပယ် တစ်ခုခုမှာ ထူးချွန်သူ ပညာရှင်များကိုလည်း အလွန်လေးစားပါတယ်။ ကိုယ်တိုင်လည်း အသက် ၇၀ တန်း ရောက်နေပြီဖြစ်ပေမယ့် ကွန်ပျူတာရှေ့ချပြီး သိသင့်သိထိုက်တဲ့ ပညာမှန်သမျှ ရှာဖွေလေ့လာ ဆည်းပူးနေဆဲ ဖြစ်တယ်။
လူပြောမသန် လူသန်မပြော
ပညာရပ်တွေနောက်လိုက်ပြီး လေ့လာရင်း လေ့လာရင်းက ကွန်ပျူတာနဲ့ မျက်စိမခွါနိုင်အောင်အထိ ဖြစ်သွားခဲ့တယ်။ ပညာဆိုတာ ဘာပညာမဆို လေ့လာလို့ဆုံးတယ်ဆိုတာ မရှိပါလားလို့ တွေးရင်းနဲ့ မနည်းရပ်ပစ်ရတယ်။ မျက်စိက စကားပြောလာတယ်။ ကွန်ပျူတာဖန်သားပြင်က စာတွေ မဖတ်နိုင်တော့ ကြာကြာဖတ်နိုင်တဲ့ ပုံနှိပ်စာအုပ်တွေထဲက စာတွေဖတ်ပြီး လေ့လာရတယ်။ ဘယ်သူတွေ ဘာပြောပြော စာအုပ်လောက်ကောင်းတာတော့ မရှိသေးပါဘူး။ မီးမလာလည်း ခေတ်ပေါ် LED မီးအိမ်တွေနဲ့ ဖတ်လို့ရတယ်။ ခါးညောင်းလာရင် အိပ်ရာထဲ လှဲရင်းဖတ်နိုင်တယ်။ ဖတ်လိုက် လေ့လာလိုက် လုပ်ရင်းနဲ့ ပညာရပ်တွေနဲ့ ပညာရှင်တွေကို တန်ဖိုးထားသထက် ပိုထားလာခဲ့ရတယ်။ ပညာရှင် စစ်စစ်တွေရဲ့ စရိုက်များကိုလည်း ပိုပြီး သိနားလည်လာခဲ့ရတယ်။ ပညာရှင်ဆိုတာ "လူပြောမသန် လူသန်မပြော" ဆိုတဲ့ စကားအတိုင်း ပါးစပ်က ဟောင်ဖွာဟောင်ဖွာ ပြောလေ့မရှိဘဲ သူ့အလုပ်ကိုသာသူ ကိုယ်ရောစိတ်ပါနှစ်ပြီး လုပ်နေသူပါလားလို့ နားလည်သွားတယ်။ ဘယ်ပညာရှင်မှ သူ့ကိုယ်သူ ပြီးပြည့်စုံတဲ့ ပညာရှင်ဖြစ်ပြီ ဆက်လေ့လာစရာကုန်ပြီ သူများကို ဆရာလုပ်လို့ရပြီလို့ သဘောမထားကြတာကိုလည်း သိရှိခဲ့ရတယ်။
မဟာဘုတ်တိုင် ထူတတ်ရုံနဲ့
ဆိုကရေးတီး၊ အာခေမီးဒီးစ်၊ ကော့ပါးနီးကပ်၊ ဒါဝင်၊ အိုင်းစတိုင်း၊ ကားလမတ်၊ အိန်ဂျယ်၊ မော်စီတုံး၊ ဘာထရန်ရပ်ဆယ် အစရှိတဲ့ ပညာရှင်ကြီးများအကြောင်းတွေ လေ့လာဖတ်ရှုလေလေ တစ်နေ့တစ်ခြား ပိုပြီး ကြည်ညိုလေးစားလာလေလေ ဖြစ်တာနဲ့ တစ်ချိန်တည်းမှာပဲ စာမျိုးစုံ ဖတ်ရှုလေ့လာရင်းနဲ့ တွေ့ရှိလာရတဲ့ အတုအယောင် ပညာရှင်ဆိုတာတွေကိုလည်း တော်တော်မျက်စိနောက်ခဲ့ရပါတယ်။ ပညာရပ်နယ်ပယ်မှာလည်း မဟာဘုတ်တိုင် ထူတတ်ရုံနဲ့ ဗေဒင်ဆရာလုပ်သူ၊ လျက်ဆားတစ်ဖုံဖော်တတ်ရုံနဲ့ ဆေးဆရာလုပ်သူတွေကို ဘာသာရပ်တစ်ခုလောက် "ခရီးသွားလမ်းကြုံ" လေ့လာဖူးရုံလောက်နဲ့ ကိုယ့်ကိုယ်ကိုယ် ဆရာကြီးတစ်ဆူလောက်ထင်ပြီး မသိမတတ် နားမလည်သူတွေကို ဆရာလုပ် ၀င့်ပါနေတာမျိုးတွေလည်း ရှိပါတယ်။ တကယ်တော့ သနားစရာလည်း,ကောင်း၊ ရယ်စရာလည်း,ကောင်းတဲ့ လူစားမျိုးတွေ ဖြစ်ကြပါတယ်။ လူများစုကြီးက ၀ိုင်းဟားနေတယ် ဆိုတာကိုတောင် မသိနိုင်လောက်အောင် ဖြစ်နေရှာကြတယ်။
လူရည်လည်သူတွေ
ဒီလူမျိုးတွေဟာ အများအားဖြင့် ဘွဲ့လေး တစ်ခုတစ်လေ ရရုံလောက်၊ စာလေးပေလေး တတ်ထားတဲ့ မြို့ကြီးသား လူလည်တွေ ဖြစ်ကြတယ်။ ဘယ်ခေတ်ရောက်ရောက် အာဏာပါဝါ လက်ကိုင်ရှိသူတွေကို မျက်နှာချိုသွေးပြီး ကိုယ်ကျိုးရှာတတ်တယ်။ ကိုယ့်ကို စောင့်မကြည့်ရှုနေသူ အာဏာပါဝါ လက်မဲ့ဖြစ်သွားပြီဆိုရင် မျက်နှာပြောင်ပြောင်နဲ့ ကျောခိုင်းပစ်လိုက်ပြီး သခင်သစ်ဆီ ပြေးကပ်တော့တယ်။ စာလေးဘာလေး တတ်ထားပြီး လူရည်လည်သူဆိုတော့ ချိန်ခွင်လျှာ ဘယ်ဘက်ထွက်တယ်ဆိုတာ ကောင်းကောင်းသိတယ်။ ဒါကြောင့် ခေတ်တွေ ဘယ်လောက်ပြောင်းပြောင်း အဲဒီလူစားမျိုးတွေက အပေါ်ဆုံးလွှာမှာချည်း ဝေ့လည် ဝေ့လည်နဲ့ တွယ်ကပ်နေနိုင်ကြတယ်။ ဒါကြောင့် ရေပေါ်ဆီလူတန်းစားတွေလို့ ဒီလူမျိုးတွေကို ခေါ်ကြတယ်။ လူအထင်ကြီးအောင် ပြောရရင်တော့ "အီလစ်" (elite) တွေပေါ့။
ပစ်တိုင်းထောင်ရုပ် ကြိုးရှုပ်
ဒီနေ့ ကမ္ဘာကြီးတစ်ခုလုံးကို "ပစ်တိုင်းထောင်ရုပ် ကြိုးရှုပ်" သလိုဖြစ်အောင် လုပ်နေသူများဟာ အဲဒီလို ကိုယ့်ဟာကိုယ် မဟာပညာကျော်တံဆိပ် ရင်ဘတ်တပ်ထားတဲ့ "အီလစ်" တွေပဲ ဖြစ်တယ်။ အီရတ်စစ်ဆင်ရေး ဗျူဟာတွေ ရေးဆွဲခဲ့ကြသူတွေဟာ ကောလင်းပါဝဲလို စစ်ဗိုလ်ချုပ်တွေ မဟုတ်ဘူး။ ဒုသမ္မတ ဒစ်ချင်နီလို၊ ကာကွယ်ရေးဝန်ကြီး ၀ိုင်းဘာဂါလို "အီလစ်" တွေဖြစ်ကြတယ်။ အဲဒီတော့ ဗီယက်နမ်စစ်ပွဲမှာ "ခွက်ခွက်လန်" အောင် ရှုံးခဲ့သလို အီရတ်ကလည်း ဆုတ်ခွါထွက်ပြေးခဲ့ရတာပဲ မဟုတ်လား။ အခု အာဖဂန် စစ်ပွဲမှာလည်း အိမ်ဖြူတော်က ငှားထားတဲ့ ကာကွယ်ရေးစနစ်ပါရဂူတို့၊ နိုင်ငံခြားရေးမူဝါဒ စပယ်ရှယ်ကျွမ်းကျင်သူတို့ဆိုတဲ့ "အီလစ်" တွေက ဗျူဟာတွေ ရေးဆွဲချမှတ်ပေးနေကြတာပါပဲ။ လက်တွေ့အားဖြင့်တော့ အာဖဂန်နစ္စတန်မှာလည်း ဗီယက်နမ်စစ်ပွဲတုန်းကအတိုင်း စစ်တပ်အင်အားတွေ ထပ်တိုးလို့ကို မပြီးနိုင်တော့ပါဘူး။ ဘယ်လောက်ထပ်ပို့ပို့ နောက်ဆုံးမှာ အီရတ်က ဆုတ်ခွါပြေးရသလို၊ ဗီယက်နမ်က "ဒရောသောပါး" ထွက်ပြေးခဲ့ရသလို၊ အာဖဂန်နစ္စတန်ကလည်း ဆုတ်ခွါပြေးရမှာပါပဲ။
ကြွက်မိဖို့ အဓိက
"အီလစ်" နဲ့ ပညာရှင် စစ်စစ်ဆိုတာ မတူပါဘူး။ တောင်ဝင်ရိုးစွန်းနဲ့ မြောက်ဝင်ရိုးစွန်းလောက်ကို ကွာခြားပါတယ်။ ပညာရှင်စစ်စစ်ဆိုတာ ဆိုကရေးတီးတို့၊ ကော်ပါးနီးကပ်တို့လို ကိုယ့်ပညာရပ်နဲ့ ပတ်သက်လာရင် "ဆတ်ဆတ်ထိ" ခံတာ မဟုတ်ဘူး။ ကိုယ့်ပညာရဲ့ ဂုဏ်သိက္ခာနဲ့ ကိုယ့်ဂုဏ်သိက္ခာကို အသက်နဲ့လဲပြီးတောင် ကာကွယ်ကြတာဖြစ်တယ်။ "အီလစ်" တွေကတော့ ရာထူးနဲ့ ပိုက်ဆံကလွဲပြီး ဘာမှကြည့်တာ မဟုတ်ဘူး။ ရာထူးနဲ့ ပိုက်ဆံရှိရင် ဂုဏ်ရှိတာပဲလို့ ယူဆသူတွေ ဖြစ်ကြတယ်။ သိက္ခာတို့ အရှက်တို့ဆိုတာကို နားလည်တာ မဟုတ်ဘူး။ ဒီတော့ ရာထူးနဲ့ ပိုက်ဆံရဖို့ ဘာမဆို လုပ်ရဲကြတယ်။ "ကြောင်ဖြူတာ မည်းတာ အရေးမကြီးဘူး။ ကြွက်မိဖို့သာ လိုရင်းပဲ" ဆိုတဲ့ အဘိဓမ္မာကို ကြွေးကြော်ကြတာ အဲဒီလို "အီလစ်" တွေပေါ့။
ဂျာနယ်လစ်က ပညာရှင်မဟုတ်ဘူး
ခေတ်လူငယ်တွေကို ပညာတန်ဖိုးထားသူတွေ ဖြစ်စေချင်တယ်။ ပညာရှင်များကို လေးစားရိုကျိုးစေချင်တယ်။ ဟောင်ဖွာဟောင်ဖွာ ပြောသံတွေကြားတိုင်း "ရောယောင် နောက်လိုက်" မဖြစ်ကြစေချင်ဘူး။ ပညာရှင်ဆိုတာ ဟိုစပ်စပ် ဒီစပ်စပ်နဲ့ Something of everything သိသူမျိုးကို ခေါ်တာမဟုတ်ဘူး။ အဲဒီလို နေရာတကာ နည်းနည်းစီ သိထားရတာက ကျွန်တော်တို့လို ဂျာနယ်လစ်မျိုးကို ပြောတာ။ ဂျာနယ်လစ်က ပညာရှင်မဟုတ်ပါဘူး။ ပညာရှင်စစ်စစ်ဆိုတာက ပညာရပ်တစ်ခုတည်းကို အသေးစိတ်နှံ့နှံ့စပ်စပ် ပိုင်ပိုင်နိုင်နိုင် တတ်သိနားလည်သူ ဖြစ်တယ်။ Everything of Something ကိုသိသူ ဖြစ်တယ်။ လူတွေကို ဆိုကရေးတီးတို့၊ ကော့ပါးနီးကပ်တို့လို ပညာရှင်မျိုးကို အားကျအတုယူစေချင်တယ်။ တတ်ယောင်ကားသမား အီလစ်တွေရဲ့ လူတွင်ကျယ် လုပ်ပုံတွေကို အတုမယူစေချင်ဘူး။ လူငယ်တွေက အနာဂတ်နိုင်ငံတော်ကို တည်ဆောက်မှာ ဖြစ်လို့ပဲ။
Wednesday, January 27, 2010
ဟိုစပ်စပ်ဒီစပ်စပ်သာသိတဲ့ ဂျာနယ်လစ်ကျွန်တော် - လူထုစိန်ဝင်း
(True News ဂျာနယ် အတွဲ ၂ အမှတ် ၂၄ မှ ပြန်လည်ကူးယူဖော်ပြပါသည်)
Posted by Ko Nyan Posted Time 3:01 PM
Labels စာအုပ်မှတ်စုများ, ဆောင်းပါး-Article
Subscribe to:
Post Comments (Atom)
No comments:
Post a Comment