သီပေါမင်းလက်ထက်တွင် အောက်မြန်မာနိုင်ငံ၌ အင်္ဂလိပ်အုပ်ချုပ်ရေးမှာ စနစ်ကောင်းမွန် တိုးတက်လျက်ရှိပြီ ဖြစ်သဖြင့် မြန်မာ့ရှေးရိုးစဉ်လာ အုပ်ချုပ်ရေးစနစ်ကိုလည်း ခေတ်မီအောင် ပြုပြင်ရန် လိုအပ်လာပြီဖြစ်သောကြောင့် နိုင်ငံတော်တွင် အုပ်ချုပ်ရေးဌာန ၁၄ ရပ်ခွဲခြား၍ အုပ်ချုပ်ရေး စနစ်သစ်ကို တီထွင်ပြဋ္ဌာန်းလေသည်။ ဌာနတစ်ခုစီတွင် မင်းကြီးတစ်ခုစီအား တာဝန်ယူစေ၍ ထိုမင်းကြီးတို့သည် တောင်ဥယျာဉ်တွင် စည်းဝေးတိုင်ပင်ကာ နိုင်ငံအကျိုးကို ဆောင်ရွက်ကြရလေသည်။
သီပေါမင်းလက်ထက် ၁၂၄၂ ခုနှစ်တွင် အင်္ဂလိပ်တို့နှင့် မဟာမိတ် ခိုင်မြဲစေရန် အင်္ဂလိပ်နိုင်ငံသို့ သံအဖွဲ့စေလွှတ်ရာ နယ်ခြားတွင် အပေးအယူ ပြန်လည်ဆွေးနွေးရုံမျှဖြင့် ဆက်လက်သွားခွင့်မရဘဲ ရှိလေသည်။ ၁၂၄၃ ခုနှစ်တွင်လည်း အင်္ဂလန်သို့မရောက်ဘဲ အိန္ဒိယဘုရင်ခံချုပ်ထံမှသာ ပြန်လာခဲ့ရလေသည်။ ၁၂၄၅ ခုနှစ်တွင် မြို့သစ်၊ မြို့စား မင်းကြီး မဟာဇေယျသင်္ကြံကို အမှူးထား၍ ပြင်သစ်ပြည်၊ အီတလီပြည်များသို့ သံစေလွှတ်၍ ပြင်သစ်နှင့် စာချုပ်ချုပ်ဆိုလေသည်။
အင်္ဂလိပ်တို့သည် မြန်မာနိုင်ငံကို သိမ်းပိုက်ရန် ကြံရွယ်ရင်းရှိသည့်အတိုင်း အကွက်ကို ရှာကြံလျက်သာ ရှိလေသည်။ မြန်မာနိုင်ငံသည် ပြင်သစ်စသော အင်္ဂလိပ်နှင့် ပြိုင်ဘက်နိုင်ငံများနှင့် မဟာမိတ်ဖွဲ့သည်ကို မလိုလားချေ။ မြန်မာနိုင်ငံမှ အခွင့်အရေးရရန် ရှိသမျှကို နယ်ချဲ့သူ အချင်းချင်းတွင် အခြားသူက လက်ဦးမည်ကို စိုးရွံ့လေသည်။ ထို့ကြောင့် မြန်မာနိုင်ငံ ပြည်ထဲရေးတွင် အမျိုးမျိုး သူလျှိုထားရှိ၍ တတ်နိုင်သမျှ စွက်ဖက်ခြေရှုပ်လျက် ရှိလေသည်။ ပြည်တွင်းရေး ရှုပ်ထွေးမညီညွတ်မှုကို အခွင့်ကောင်းယူရန် ကြံစည်၍ မှူးမတ်တို့ စိတ်ဝမ်းကွဲပြားအောင်လည်း မြှောက်ပင့်ဆွဲဆောင်ခြင်း ပြုလေသည်။ တစ်နည်းနည်းနှင့် အင်္ဂလိပ်တို့ ရန်စစ်ပြုမည်ကား သေချာနေပေသည်။
မှူးမတ်တို့ အတွင်း၌လည်း ဂိုဏ်းအသီးသီးကွဲလျက် ရှိလေသည်။ အင်္ဂလိပ်နှင့် စစ်မဖြစ်လိုဘဲ နိုင်ငံတော်ကို ခေတ်မီအောင် ပြုပြင်လိုသော ကင်းဝန်အုပ်စု၊ အင်္ဂလိပ်ကို ခုခံလိုသော တိုင်တားအုပ်စုဟူ၍ ကွဲပြားနေလေသည်။ သို့ရာတွင် ကင်းဝန်မင်းကြီးမှာ သီပေါမင်း၏ အထင်လွဲခြင်းခံရသဖြင့် အခွင့်သြဇာ ကင်းမဲ့နေလေသည်။ ထိုအချိန်၌ အင်္ဂလိပ်တို့မှာ မြန်မာနိုင်ငံကို ပြင်သစ်ထက် လက်ဦးအောင်သိမ်းယူမှ ဖြစ်တော့မည်ဟု တစ်ပြည်လုံးကို သိမ်းပိုက်ရန် အခွင့်ရှာလျက်ရှိလေရာ ၁၂၄၇ ခုနှစ်တွင် အင်္ဂလိပ် ဘုံဘေဘားမား သစ်ကုမ္ပဏီက သစ်လုံး ၈ သောင်း ထုတ်ယူလျက် သုံးသောင်းသာ စာရင်းလိမ်ပြသဖြင့် မြန်မာလွှတ်တော်က အပြစ်ကျူးလွန်သော ကုမ္ပဏီကို ဒဏ်တပ်ရိုက်ရာ အမှုအခင်း ကြန့်ကြာအောင် အင်္ဂလိပ်အစိုးရက ၀င်ရောက်စွက်ဖက်လေတော့သည်။ မြန်မာအစိုးရက ကုမ္ပဏီပိုင် သစ်တောဘဏ္ဍာနှင့် ဆင်များကိုသိမ်းရာ အင်္ဂလိပ်အစိုးရက အမှုအတွက်သာမက နေပြည်တော်တွင် အင်္ဂလိပ်အရေးပိုင်အတွက် အုတ်ဝင်းကာ၍ အစောင့်အရှောက် စစ်သားတစ်ထောင်နှင့် တိုက်သင်္ဘော ချထားခွင့်ရရန်ပါ တောင်းဆိုလာလေတော့သည်။ ထိုမျှမက အင်္ဂလိပ်အစိုးရ သဘောမတူဘဲ မည်သည့်နိုင်ငံနှင့်မျှ မဆက်ဆံရန်ကိုပါ တောင်းဆိုလေသည်။ ဤတောင်းဆိုချက်များအရ အင်္ဂလိပ်သည် မြန်မာတို့ မခံမရပ်နိုင်ဘဲ စစ်ဖြစ်ရလေအောင် တမင်အကြောင်းရှာ ရန်စသည်မှာ ထင်ရှားလေသည်။
မြန်မာတို့က စစ်မဖြစ်လိုသဖြင့် ဒဏ်ငွေကို မတပ်ရိုက်တော့ကြောင်း လျှော့ပေးသော်လည်း အင်္ဂလိပ်တို့က မိမိတို့ တစ်ဖက်စီးနင်း လိုလားသမျှ အပြည့်အ၀ လိုက်လျောရမည်ဟု သဘောထားကာ စစ်ချီတက်လေတော့သည်။ စင်စစ်သော်ကား မြန်မာတို့က မည်မျှလိုက်လျောစေကာမူ မလိုက်လျောနိုင်အောင် ထပ်ဆင့်တောင်းဆိုကာ စစ်တိုက်ဖြစ်အောင် တိုက်မည်မှာကား သေချာပေသည်။
အင်္ဂလိပ်တို့က စစ်ချီတက်လာသော်လည်း မြန်မာတို့က ကြိုတင်မျှော်လင့်ခြင်း မရှိသဖြင့် အပြင်းအထန် ခုခံတိုက်ဖျက်ခြင်းမပြုဘဲ နေကြပေသည်။ ထိုမျှမက အင်္ဂလိပ်တပ်များ အင်းဝတောင်ဘက် ရွာသစ်ကြီးအရောက်တွင် မြန်မာတို့က တောင်းဆိုချက်အားလုံး ခွင့်ပြုကြောင်းကို လျှော့ပေါ့စွာ စာရေးပေးပို့သေးသည်။ သို့ရာတွင် အင်္ဂလိပ်စစ်ဗိုလ်က အိန္ဒိယဘုရင်ခံချုပ် အမိန့်အရ မန္တလေးအရောက် ချီတက်ရမည်ဖြစ်ကြောင်း မိမိတို့လိုလားချက်ကို လိုက်လျောက မဟာမိတ်စာချုပ် ထပ်မံချုပ်ဆိုနိုင်ကြောင်းဖြင့် မလိမ့်တပတ် ပြန်ကြားလေသည်။ ထို့ကြောင့်လည်း အင်္ဂလိပ်စစ်သင်္ဘောကို ပစ်ခတ်ခုခံခြင်းမပြုရန် ကင်းဝန်မင်းကြီးက မြန်မာတပ်များအား ဆင့်ဆိုလေသည်။ ထိုမှတစ်ပါး အင်္ဂလိပ်တို့သည် သီပေါမင်းကို အလိုမကျတော့သည့် ကင်းဝန်အုပ်စု၏ အလိုကျ အင်္ဂလိပ်တို့လက်အောက်သို့ ထွက်ပြေးသော မင်းသားကို ပြန်၍နန်းတင်ပေးရန် ချီတက်လာခြင်းဖြစ်သည်ဟု သတင်းလွှင့်ကာ စစ်သင်္ဘောဦးတွင် မြန်မာတစ်ယောက်ကို မင်းညီမင်းသားဟန် ၀တ်စားဆင်ယင်၍ ခေါ်ဆောင်လာခဲ့လေသည်။ ဤသို့အားဖြင့် ပရိယာယ်ဆင်လေသောကြောင့် အင်္ဂလိပ်တပ်များကို ခုခံခြင်းမပြုမိသည်မှာလည်း အကြောင်းတစ်ရပ် ဖြစ်လေသည်။
မည်သို့ပင်ဖြစ်စေ အင်္ဂလိပ်စစ်သင်္ဘောသည် မန္တလေးနေပြည်တော်သို့ ချောမောစွာ ရောက်ရှိလာခဲ့လေသည်။ ၁၂၄၇ ခုနှစ်၊ တန်ဆောင်မုန်းလဆုတ် ၈ ရက်နေ့တွင်ကား သီပေါဘုရင်၊ သမီးတော်များနှင့် မှူးမတ်အချို့ကို ခေါ်ဆောင်လေတော့သည်။ ပထမတွင် သီပေါမင်းကို တိုင်ပင်လျှင် စာချုပ်ရန်အတွက် ဥယျာဉ်တော်သို့ ပင့်ဆောင်သည်ဟု ထင်မှတ်လေသည်။ ထို့နောက် သင်္ဘောဆိပ် သင်္ဘောပေါ်သို့ ရောက်ရပြန်လေသည်။ ထို့နောက်တွင် အင်္ဂလိပ်ပိုင် ရန်ကုန်မြို့အထိ တင်ဆောင်ဆွေးနွေးလိမ့်မည်ဟု အထင်ရှိခဲ့ရာမှ နောက်ဆုံး မဒရပ်နှင့် ရတနာဂီရိသို့ ခေါ်ဆောင်သွား၍ အကျယ်ချုပ် ချုပ်ထားလေတော့သည်။ ၁၂၄၇ ခုနှစ်၊ နတ်တော်လဆုတ် ၁၁ ရက်၊ ၁၈၈၆ ခုနှစ်၊ ဇန်န၀ါရီလ ၁ ရက်နေ့တွင် မြန်မာနိုင်ငံကို အင်္ဂလိပ်နိုင်ငံတော်အဖြစ် ကြေညာလိုက်လေသည်။
အယူအဆကွဲကာ အမျိုးမျိုး သွေးကွဲခဲ့ကြသော နန်းတွင်းဂိုဏ်းတို့လည်း အားလုံး သူ့ကျွန်ဖြစ်ရခြင်းဖြင့် အဆုံးသတ်ခဲ့ရလေသည်။ အင်္ဂလိပ်တို့၏ ရန်စစ်လည်း တစ်ပြည်ထောင်လုံး သိမ်းပိုက်လိုက်ပြီးမှပင် အလုံးစုံ ကျေနပ်မှု ရရှိသွားခဲ့လေသည်။ စည်းလုံးမှုပျက်ကာ ရန်သူ၏ ပရိယာယ်ကို တိုးဝင်ခဲ့မိခြင်းကြောင့် မင်းနှင့်တိုင်းပြည်ပါ သူ့ကျွန်ဖြစ်ခဲ့ကြရလေသည်။
သို့ရာတွင် မြန်မာနှင့် အင်္ဂလိပ်တိုက်ပွဲမှာ ဤတွင် ပြီးဆုံးခဲ့သည်မဟုတ်ပေ။ ဘုရင်နှင့် မိဖုရား အဖမ်းအဆီးခံရ၍ ထယ်ထယ်ဝင့်ဝင့် ပြန်လည်စစ်ကြေညာနိုင်ခြင်း မရှိသော်လည်း မျိုးချစ်မြန်မာ့တပ်သားများ၊ မျိုးချစ်မြန်မာများနှင့် မျိုးချစ်တိုင်းရင်းသားတို့မှာ အလွယ်နှင့် အလျှော့ပေး လက်နက်ချကြသည် မဟုတ်ပေ။ သူ့ကျွန်ဖြစ်ရသည်ထက် သေသော်မှတည့် သြော်… ကောင်း၏ ဟူသော စကားအတိုင်း မိမိ အစုအစည်းနှင့် ၀င်လာသော အင်္ဂလိပ်တို့ကို ခုခံတိုက်ဖျက်လျက်သာရှိပေရာ အင်္ဂလိပ်တို့သည် ကြေညာရုံသာကြေညာ၍ နိုင်ငံကိုကား လက်တွေ့အားဖြင့် မသိမ်းပိုက်နိုင်ဘဲ ရှိနေရလေသည်။
အင်္ဂလိပ်-မြန်မာ ဒုတိယစစ်အပြီး အောက်မြန်မာနိုင်ငံကို အင်္ဂလိပ်တို့ သိမ်းယူခဲ့စဉ်ကတည်းကပင် သူ့ကျွန်မခံလိုသော သာယာဝတီနယ်မှ ဗိုလ်ခေါင်းကြီး၊ ဗိုလ်ခေါင်းကလေးစသော မျိုးချစ်များက အင်္ဂလိပ်များကို နှစ်ပေါင်းများစွာ ဒုက္ခပေးခဲ့ပေသည်။ ထိုဒုတိယစစ်ပွဲ အတွင်းကပင်လျှင် မဟာနေမျိုးနှင့် ရှမ်းစော်ဘွားများသည် ၀က်ထီးကန်တွင် အင်္ဂလိပ်တပ်များကို မရှုမလှ ဖြစ်စေခဲ့ပေသေးသည်။ နတ်ရှင့်ရွေးဗိုလ်၊ ဗိုလ်သာပုံ၊ ဗိုလ်သာဦး၊ ဗိုလ်ကျော်ဇံလှ၊ ဗိုလ်မြတ်ထွန်း စသော မျိုးချစ်အများကလည်း အင်္ဂလိပ်ကို တော်လှန်ခဲ့ကြပေသည်။ အင်္ဂလိပ်နှင့် နောက်ဆုံး စစ်ပြီးငြိမ်းသွားသည့်နောက်တွင်လည်း သူ့ကျွန်မခံသော တော်လှန်မှုများမှာ နှစ်စဉ်နှစ်ဆက် မပြတ်မလပ်ပင် ပေါ်ပေါက်ခဲ့ပေသည်။ ဗိုလ်ရွှေနှင့် ဦးလှော်ဆိုသူတို့ကား ရွှေလွှတ်တော်မှ လက်နက်ချရန် အမိန့်ကိုပင် ဖီဆန်ကာ ပြန်လှန်တိုက်ခိုက်ခဲ့ပေသည်။ ပုဂံမှ ဗိုလ်ချို၊ ပုပ္ပါးမှ ဗိုလ်နက်ကျော်၊ ၀န်းသိုစော်ဘွား ဦးအောင်မြတ်၊ ရွှေဘိုမှ ထိပ်တင်မှတ်၊ ကျောက်ဆည်မှ ဗိုလ်သာကျန်း၊ ဆင်ဖြူကျွန်းမှ ဦးဥတ္တမ၊ ၀ဲလောင်မှ ဗိုလ်ရာညွန့်၊ ကျွန်းခင်းကြီးမှ ဗိုလ်လှကျော်၊ မင်းတုန်းမှ ဗိုလ်ရွဲ၊ ဆီးပင်ကြီးမှ မြင်စိုင်းမင်းသား၊ ရှိမ္ဗကားမှ ဗိုလ်ရိုင်း၊ နတ်မောက်မှ ဗိုလ်မင်းရောင် စသည်ဖြင့် များလှစွာသော မျိုးချစ်များက အင်္ဂလိပ်အား ဆက်လက်တော်လှန်ခဲ့သည့်ပြင် ချင်းအမျိုးသား၊ လူရှိုင်းအမျိုးသားနှင့် ကချင်အမျိုးသားများကလည်း အင်္ဂလိပ်တပ်များကို ခုခံတိုက်ခိုက်ကြသည်သာ ဖြစ်လေသည်။
အင်္ဂလိပ်အစိုးရသည် မြန်မာနိုင်ငံကို ပရိယာယ်နှင့် သိမ်းပိုက်ရန် လွယ်ကူသလောက် ငြိမ်ဝပ်အောင် ထိန်းသိမ်းရသည်မှာ မလွယ်ကူပေ။ လက်ရွေးစင်တပ်သား လေးသောင်းမှ ငါးသောင်းအထိ အသုံးပြု၍ ခေတ်မီအမြောက်၊ သေနတ်တို့ဖြင့် တိုက်ခိုက်နှိမ်နင်းသည့်တိုင်အောင် ငါးနှစ်ကျော်မျှ အကြီးအကျယ် အပင်တပန်း တိုက်ခဲ့ရလေသည်။ တော်လှန်သူများမှာ အဆက်အသွယ်မရှိဘဲ အစိပ်စိပ်ကွဲ၍ ရရာလက်နက် တုတ်၊ ဓားတို့ကို အားကိုးတော်လှန်ရသည် ဖြစ်သောကြောင့်သာ နောက်ဆုံး အင်္ဂလိပ်တို့ နှိမ်နင်းနိုင်ခြင်း ဖြစ်လေသည်။ သို့တိုင်အောင် ၁၂၅၇ ခုနှစ်အထိ အသေးအဖွဲ တော်လှန်လှုပ်ရှားမှုများ ပေါ်ပေါက်ခဲ့ပေသည်။
Photo: Internet (Google Search)
ကျန်းမာပါစေမင်္ဂလာပါခင်ဗျာ
ReplyDeleteအင်တာနက်ထဲကနေသီပေါမင်းကိုလိုက်ရှာရင်းနဲ့ တွေ့ တာပါခင်ဗျာ-
ရောက်တော့အတော်အကျိုးရှိပါတယ်-
သီပေါမင်း နန်းတော် နှစ်တရာပြည့်တော့မယ်ဗျ-
၁၃ နိုဝင်ဘာလ ၂၀၁၀