Wednesday, February 24, 2010

တတိယအမျိုးအစား ဒီမိုကရေစီနှင့် ကောင်တာဝိတ် - မောင်စူးစမ်း


သုံးမျိုးနှင့်
အတည်ပြု ပြဋ္ဌာန်းထားသော ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဤဥပဒေနှင့်အညီ ၂၀၁၀ ပြည့်နှစ်၌ ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲသည် မြန်မာနိုင်ငံအတွက် တတိယအမျိုးအစား ဒီမိုကရေစီ (Democracy of Third Kind) ဖြစ်ပါလိမ့်မည်။ လွတ်လပ်ရေးရပြီး သမိုင်းကို မှန်းကြည့်လျှင် မြန်မာ့ဒီမိုကရေစီသည် သုံးမျိုးဖြတ်သန်းရမည်။ ၎င်းတို့မှာ-
(၁) ပါလီမန်ဒီမိုကရေစီ
(၂) ဆိုရှယ်လစ်ဒီမိုကရေစီ နှင့်
(၃) တပ်မတော်စပွန်ဆာ ဒီမိုကရေစီ တို့ဟူ၍ ဖြစ်သည်။

ဤဒီမိုကရေစီ သုံးမျိုးစလုံးတွင် ရွေးကောက်ပွဲတို့သည် အခရာကျသည်။ ရွေးကောက်ပွဲသည် ဒီမိုကရေစီ၏ မျဉ်းစုံပေါင်းဆုံရာနေရာ ဖြစ်သည်။ ဤသို့ မျဉ်းစုံပေါင်းဆုံရာနေရာ၌ မြန်မာ့လူ့အဖွဲ့အစည်း၏ အနေအထားသည် အခြားနိုင်ငံတို့ထက်စာလျှင် ကံကောင်းသော အချက်တစ်ချက်ရှိရာ မြန်မာ့လူ့အဖွဲ့အစည်းသည် လူမျိုးရေးအစွန်းရောက်သူနှင့် ဘာသာရေးအစွန်းရောက်သူတို့ နည်းပါးသော ယဉ်ကျေးမှုရှိနေသည့် အချက်ဖြစ်သည်။

တည်ငြိမ်မှုကို ဦးထိပ်ထား
မြန်မာ့ယဉ်ကျေးမှုသည် သည်းခံစိတ်၊ မေတ္တာတရားစိတ်ကြီးမား၍ ဘာသာရေးအစွန်းရောက်မှု၊ လူမျိုးရေးအစွန်းရောက်မှု မဆိုသလောက် နည်းပါးသည်။ ဘာသာရေး မတူသူချင်း၊ လူမျိုးမတူသူချင်း၊ ဆွေးမျိုးရင်းချာလို ဖွဲ့စည်းနေထိုင်သော ဓလေ့ထုံးစံသည် မြန်မာ့ဒီမိုကရေစီအတွက် ချစ်စရာကောင်းသည့် အခွင့်သာသော အချက်ဖြစ်သည်။ အချို့နိုင်ငံတို့သည် ဘာသာရေး၊ လူမျိုးရေး အယူသည်းမှုတို့ကြောင့် ရွေးကောက်ပွဲတို့ကို မတည်မငြိမ် ဖြစ်ရသည်။ ရွေးကောက်ပွဲအပြီးကာလသည် မတည်ငြိမ်မှုတို့ဖြင့် ရင်ဆိုင်ကြရသည်။

ဤလိုရှုခင်းမျိုး မျှော်လင့်ရန်အကြောင်းနှင့် အခြေအနေလည်း မပေါ်သည့်အတွက် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲသည် အလားအလာကောင်းသည်ဟု ယူဆနိုင်သည်။ မြန်မာ့ယဉ်ကျေးမှု၏ လစ်ဘရယ်ကျမှုသည် အဖိုးတန်နေသည်။ သို့ဖြစ်လျှင် ရွေးကောက်ပွဲမတိုင်မီကာလနှင့် ရွေးကောက်ပွဲအပြီး ကာလမည်သော ကာလနှစ်ပါး မည်သည့်အချက်ကို ရည်မှန်းချက်ထားသင့်သနည်းဟု မေးစရာပေါ်သည်။ အခြားနိုင်ငံတို့၏ အတွေ့အကြုံကို သင်ခန်းစာယူ၍ ယနေ့ဖြစ်ထွန်းနေသော ပထ၀ီနိုင်ငံရေးကို ထောက်ထားကာ နိုင်ငံရေးပညာရှင်တို့က တည်ငြိမ်မှု Stability ကို အဓိကထားကြည့်သည်။ အစိုးရတို့သည်လည်းကောင်း၊ နိုင်ငံရေးပါတီတို့သည်လည်းကောင်း၊ အခြေခံတာဝန်တစ်ရပ်အဖြစ် တည်ငြိမ်မှု ထိန်းသိမ်းရေးကို ဦးစားပေးရန်လိုသည်။

နိုင်ငံရေးပါတီတို့သည် ယခင်ရွေးကောက်ပွဲတို့နှင့် မတူဘဲ တာဝန်ရှိရှိ စဉ်းစားရန်လိုလာသည်။ တာဝန်မဲ့မဆင်မခြင် စဉ်းစားမှု Reckless မဖြစ်ရန် အထူးလိုသည်။

သူ့အရပ်နှင့် သူ့ဇာတ်
နိုင်ငံရေးပါတီတို့၌ အဆင်မခြင်ဖြစ်မှု အတိုင်းအတာလည်း နိုင်ငံရေးကို ရေရှည် ဘယ်လောက်ဆန့်ကြည့်သနည်း ဆိုသောအချက်ပေါ်တွင် မူတည်ပါလိမ့်မည်။ တစ်နည်းပြောလျှင် နိုင်ငံရေးကို မဟာဗျူဟာရှုထောင့် Strategic Perspective ဖြင့် ရှုမြင်နိုင်သည့် အတိုင်းအတာနှင့် စွမ်းရည်ပေါ်တွင် မူတည်ပါလိမ့်မည်။ ရေတို၊ ပေါ်ပင်၊ ကာလပေါ်တို့သည် တတိယအမျိုးအစား ဒီမိုကရေစီတွင် နေရာရနိုင်လိမ့်မည်မဟုတ်ဟု တွက်ဆရသည်။

ထို့အပြင် ရွေးကောက်ပွဲပြိုင်ဘက်တို့သည် ယခင်ရွေးကောက်ပွဲတို့လို ဟုတ်တော့မည်မဟုတ်ပေ။ ကွင်းထဲအခြေချပြီးသား အင်အားစုတို့နှင့် ယှဉ်ပြိုင်ရဖွယ်ရှိ၍ ပို၍ခက်ခဲစရာရှိသည်။ ရွေးကောက်ပွဲသည် ယခင်ကလို ၀ါဒတိုက်ပွဲလည်း ဖြစ်နိုင်စရာအကြောင်းမရှိ။ အိုင်ဒီအိုလိုဂျီချင်း ယှဉ်ပြိုင်ပွဲလည်း ဟုတ်မည်မဟုတ်။ ပေါ်လစီချင်း၊ လုပ်ငန်းစဉ်ပရိုဂရမ်ချင်း ယှဉ်ပြိုင်မှုသာ ဖြစ်ဖို့များမည်။ ဤအတွက် အနာဂတ်ကို သာလွန်ကောင်းမွန်စွာ သုံးသပ်နိုင်ရမည်။

လာမည့်ရွေးကောက်ပွဲသည် တတိယအမျိုးအစား ဒီမိုကရေစီဖြစ်ဖွယ်ရှိ၍ ယူနီဗာဆယ်ဆိုသောစံနှင့် မူတို့ဖြင့် ချိန်ထိုးကြည့်ရန်လည်း လိုအပ်မည်မဟုတ်ပေ။ "သူ့အရပ်နှင့် သူ့ဇာတ်" Local Narrative အဖြစ် ရှုမြင်ရမည်။ အကြွင်းမရှိ အလုံးစုံမှန်သည်ဆိုသော ယူနီဗာဆယ်မူတွေ မျက်မှောက်ခေတ်၌ ယိုင်လဲနေသည်ကို သတိချပ်အပ်သည်။

ကောင်တာဝိတ်
တတိယအမျိုးအစား ဒီမိုကရေစီတွင် အထိန်းနှစ်မျိုး ပါဝင်သည်။ ပထမအထိန်းသည် သမားရိုးကျအထိန်းနှင့် အထေ Check and Balance ဖြစ်သည်။ ဥပဒေပြုမဏ္ဍိုင်၊ အုပ်ချုပ်ရေးမဏ္ဍိုင်နှင့် တရားဥပဒေမဏ္ဍိုင်တို့ကြား အထိန်းနှင့် အထေပြုထားသော စနစ်ဖြစ်သည်။ ယခု ဒုတိယအထိန်းစနစ်တစ်ခု ပေါ်လာသည်။ စစ်ဘက်နှင့် နိုင်ငံရေးပါတီတို့ကြား အပြန်အလှန်ညှိထိန်းမှု ဖြစ်သည်။ ၎င်းကို ကောင်တာဝိတ် (Counter weight) ဟု ခေါ်သည်။ တန်ပြန်ဝိတ်လို့ ဆိုသည်။

သမားရိုးကျအထိန်းအထေနှင့် အသစ်ဖော်ထားသော ကောင်တာဝိတ်တို့ကြောင့်လည်းကောင်း၊ နိုင်ငံရေးပါတီတို့၏ ရင့်ကျက်မှုနှင့် တာဝန်သိစိတ်တို့ကြောင့်လည်းကောင်း၊ ရွေးကောက်ပွဲအကြို တည်ရှိမှုနှင့် ရွေးကောက်ပွဲအပြီး တည်ငြိမ်မှုတို့ကို အကောင်းဖြစ်နိုင်ပါသည်။

ရန်ကုန်တိုင်းမ်ဂျာနယ်
အတွဲ (၅) အမှတ် (၁၉)

No comments:

Post a Comment

 
Web Statistics