ဒီမိုကရေစီတဲ့လား၊ အဲဒါဘာတုန်း
ဟဲဟဲ… ဆရာကြီးတွေ ဒါမျိုးတွေ ရေးကြတာနဲ့ ကျွန်တော်လည်း ရေးမလို့ကြံတာပဲ။
ကျွန်တော့်ဟာကျွန်တော် ကလေးတွေနဲ့နေတယ်။ အောက်ခြေက လူတွေနဲ့လည်း ဝေလေလေလုပ်ပြီးနေတယ်။ ဒါပေမယ့် တစ်နေ့မှာ ကျွန်တော့်ကို အထင်ကြီးပုံရတဲ့ ကောင်လေးတစ်စုက အထက်ကမေးခွန်း မေးလာတယ်။ တလောကလည်း မန္တလေးသွားတုန်း ဆွမ်းကျွေးတစ်ခုမှာ တောပြန်တစ်ယောက်က ခင်ဗျားဟာ ဒီနေရာမှာကျတော့ ငြိမ်လှချည်လားတဲ့။ သူက ကျွန်တော့်ကို ကျွန်တော်တို့မုံရွာသား ဆရာ ကိုကျော်ဝင်း အဲ ဆရာကြီး ကိုကျော်ဝင်း။ သူ့လို ထင်ပုံရတယ်။ ဟာ… ကိုကျော်ဝင်းက ဆရာကြီး၊ အယူဝါဒရေးရာတွေမှာ နှံ့စပ်တဲ့သူ၊ ဒါမျိုးတွေမှာ ကျော်တဲ့သူ၊ ကျုပ်နဲ့ လားလားမှ မနှိုင်းပါနဲ့။ သူ သနသွားပါ့မယ်လို့ အဲသလို ပြောရတယ်။ ကျုပ်က အီလစ်ပဲ ဟဲဟဲ။ တချို့သူတွေက အဲသလို ပြောကြတာကိုး။
အမေက မောင်တာရယ် မင်းဟာက တောင်ရောက်မြောက်ရောက်ကိုးလို့၊ ဒါကြောင့်ပြောတာ နေမှာပါ။ ကျွန်တော်က ဒီမိုကရေစီတို့၊ ငြိမ်းချမ်းရေးတို့မှာ ဆရာကြီး ဂျိုဟန်ဂါလ်တန် (Johan Galtung) နဲ့ နှစ်ပါးသွားမယ့်ဟာကို ချော်တောငေါ့နေတယ်။
ဒီမိုကရေစီကို ကိုယ်တွေ့အရ ဘာမှမသိတဲ့ ကျွန်တော့်အနေနဲ့ စာပဲဖတ်ရတာပဲ။ ၆၂ ခုနှစ် ဦးနေ၀င်း အာဏာသိမ်းတော့ ကျွန်တော်က ၁၀ နှစ်သားပဲ ရှိသေးတယ်။ ဘာကိုယ်တွေ့မှ မရှိဘူး။ ၇ နှစ် ၈ နှစ်သားတုန်းက သန့်ရှင်းတည်မြဲ ပမညတတွေ ရွေးကောက်ပွဲလုပ်တော့ ကားစီးရတာပဲ မှတ်မိတယ်။ ဗမာ့ခေါင်းဆောင်ကြီး ဦးနု၊ ဦးနုနိုင်ရမည် သီချင်းကို မှတ်မိနေတယ်။ ပမညတဆိုတာ ပေါင်မုန့်ညာတုတ်ပေါ့လို့ မှတ်မိတယ်။ ကျုပ်တို့ရွာက သခင်ဗထွေးကြီးရဲ့ မဲဆွယ်တရားပွဲကို ရွာလယ်ကုန်းကြီးပေါ်မှာ သွားနားထောင်ရတာကို မှတ်မိတယ်။ သူ့ကို မဲပေးကြပါ။ သူက တခြားသူမှ မဟုတ်ဘဲ။ သူ့ကို မဲပေးလို့ သူအမတ်ဖြစ်ရင် ဘာမယ်ညာမယ် ပြောတယ်။ ကျွန်တော့်အဖေက ပမညတထင်တယ်။ ရွာသစ်က ဘကြီး ဦးဘကြွယ်က ဖဆပလတည်မြဲ။ ခုထိ မှတ်မိတာက ကားကြီးတွေနဲ့ တခြားရွာတွေက ရွာသားတွေကို မဲထည့်ဖို့သွားခေါ်တော့ ကလေးပီပီ ကားလျှောက်စီးရတာကိုပဲ။ အဲဒီတုန်းက ကျွန်တော်တို့ ချောင်ချောင်လည်လည် ရှိတာကိုတော့လည်း မှတ်မိတယ်။ ဒီမိုကရေစီနဲ့ပတ်သက်လို့ ကျွန်တော်မှတ်မိတာ ဒါအကုန်ပဲ။
ဂါလ်တန်ဆိုသူကတော့ Transcend ဆိုတဲ့ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးရေးအဖွဲ့ထောင်တဲ့ ပုဂ္ဂိုလ်ကြီးပဲ။ အဲဒီနာမည်နဲ့ တက္ကသိုလ်တစ်ခု ရှိတယ်။ သူက အဲဒီ ငြိမ်းချမ်းရေးတက္ကသိုလ်က ပါမောက္ခချုပ်ပဲ။
ဒီနှစ်ပါးသွားက ကျွန်တော့်လိုပဲ ဒီမိုကရေစီကို နားမလည်နိုင်တဲ့ လမ်းပေါ်ကလူတွေအတွက် ရည်ညွှန်းတာ။ ဒီမိုကရေစီ ကကြီး၊ ခခွေးပေါ့ဗျာ။
တာ။ ဆရာကြီးခင်ဗျား ကျွန်တော်တို့တိုင်းပြည်မှာ ရွေးကောက်ပွဲ လုပ်ကြပါတော့မယ်။ ပြီးတော့ ဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်မယ်လို့ ဟောကြပါတယ်။ တဆိတ် ဒီမိုကရေစီအကြောင်း ရှင်းပြပါဦး ဆရာကြီး။
ဂါလ်တန်။ ဒီမိုကရေစီဆိုတာက ခပ်ရှုပ်ရှုပ်ပဲ။ လူဆိုတာကိုက ရှုပ်ရှုပ်ထွေးထွေးရှိတာကြောင့်ပဲ။ လူမှာ လူ့ရဲ့ အခြေခံလိုအပ်ချက်တွေ၊ ဓလေ့ထုံးစံတွေ၊ အဖွဲ့အစည်း အဆောက်အအုံတွေ ရှိတယ်။ အဲဒါတွေက ရှုပ်ရခြင်းအကြောင်းပဲ။ နှစ်ပိုင်းပြောရမယ်။ တစ်ပိုင်းက သီအိုရီ၊ နောက်တစ်ပိုင်းက လက်တွေ့။
တာ။ သီအိုရီကို အရင်လင်းပါ ဆရာကြီးခင်ဗျား။
ဂါလ်တန်။ သီအိုရီကိုမစမီ ပထမဆုံး ပြောချင်တာလေး ရှိတယ်။ ဒါက အရေးကြီးလို့ပါ။ အဲဒါကတော့ ဒီမိုကရေစီကို ရွေးကောက်ပွဲလုပ်ခြင်း (၀ါ) ဂဏန်းတွက်ခြင်း arithmetic electionism အတူတူပါပဲလို့ မတွက်ဖို့ပဲ။ အဲ.. ဒါပေမယ့် လွတ်လပ်ပြီး တရားတဲ့ ရွေးကောက်ပွဲကို အမနာပ မပြောသင့်ဘူးလို့လည်း သိဖို့ပဲ။ ခင်ဗျားတို့ စဉ်းစားစရာတစ်ခု ပြောပါရစေ။ ၁၉၉၀ ကနေ ၂၀၀၄ အတွင်း တရုတ်သန်း ၄၀၀ ဆင်းရဲတွင်းက လွတ်တယ်။ တရုတ်ပြည်သူလူထုဟာ အလုပ်လုပ်ရတယ်။ ရုန်းကန်ရတယ်။ သူတို့လိုချင်တာကို ရွေးကောက်ပွဲတွေမရှိဘဲ ရတယ်လို့ ပြောချင်တယ်။ အဲဒီအချိန်မှာပဲ ကိုလံဘီယာမှာ ရွေးကောက်ပွဲလုပ်တယ်။ အဲဒီတိုင်းပြည်ရဲ့ ၆၀ ရာခိုင်နှုန်းသော ပြည်သူလူထုဟာ ဘာမှမဟုတ်ဘူးလို့ ပြောရမလား။ ဒါမှမဟုတ် ရွေးကောက်ပွဲ ပြီးတဲ့နောက် ရွေးကောက်ခြင်းက သယ်ဆောင်လာတဲ့ ခြစားခြင်းနဲ့ အဓမ္မလုပ်ခြင်းတွေကြောင့်လား။ လူတွေကို အပြစ်တင်ရမှာလား။ ရွေးကောက်ပွဲကို အပြစ်တင်ရမှာလား ပြောဖို့ခက်တယ်။
အနောက်စတိုင်လ် ဒီမိုကရေစီက လေများတယ်။ စကားတစ်ခု ရှိတယ်။ “အရှေ့တိုင်းမှာ နားထောင်သူတွေပဲ ရှိတယ်။ ပြောရဲတဲ့သူ မရှိဘူး။ အနောက်တိုင်းမှာတော့ စကားတွေ ပြောနေကြတယ်။ လူထုစကား နားထောင်ချင်တဲ့သူတော့ မရှိဘူး”။
တာ။ ကျွန်တော်တို့မှာ မျှော်လင့်နေကြတဲ့သူတွေ ရှိတယ်။ လူရွှန်းပြောတာကို ကျွန်တော်ကြားဖူးတယ်။ မျှော်လင့်ခြင်းက ရှိတယ်လို့လည်း ပြောလို့မရဘူး။ မရှိဘူးလည်း ပြောလို့မရဘူး။ ဒါက လမ်းလိုပဲ။ တကယ်စင်စစ် ကမ္ဘာပေါ်မှာ လမ်းဆိုတာ ရှိနှင့်တာမဟုတ်ဘူး။ တစ်နေရာကို လူအများကြီး အတူသွားကြရင် လမ်းရယ်လို့ ပေါ်လာတာပဲ။
ဂါလ်တန်။ လမ်းမှန်ကတော့ ပြည်သူလူထုမှာ ပါဝါရှိအောင် လုပ်ပေးရတာပဲ။ (Empowerment) တခြားဝေါဟာရ သုံးနှုန်းရရင်တော့ ဒီမိုကရေစီပဲ။ ဒီမို့ (demos) လူထုရော၊ အီလစ်ရော အားလုံးပါတယ်။
တာ။ ဟောတော်မူပါ။
ဂါလ်တန်။ ဒီမိုကရေစီမှာ အနှစ်သာရတွေရှိတယ်။ ကျုပ်အမြင်မှာ သုံးခုပေါ့။ ပထမတစ်ခုက အုပ်ချုပ်ခံရဲ့ ဆန္ဒနဲ့အညီ အုပ်ချုပ်ခြင်း (Rule by the consent of the Ruled)
အုပ်ချုပ်ခံက ဒီမို့စ်။ အက်သက်နို့စ် (Ethnos) မဟုတ်ဘူး။ အက်သ်နို့စ်က ဓလေ့ထုံးစံတစ်ခုနဲ့ လူမျိုးစုတစ်စုကို ပြောတာ။ ဒီမို့စ်က အားလုံးကိုပြောတာ။ တစ်နေရာမှာ မှီတင်းနေထိုင်ကြတဲ့ လူအလုံးစုံ အားလုံးပါဝင်တာကို ပြောတာ။ Ethnos တစ်ခုတည်း (၀ါ) လူမျိုးစု တစ်ခုတည်းကိုသာ ကိုယ်စားပြုတာ မဟုတ်ဘူးလို့ ဆိုလိုတယ်။
တာ။ ဟောတော်မူပါ။
ဂါလ်တန်။ (၁) တိုက်ရိုက် ဒီမိုကရေစီက အဲဒီလူသားအားလုံးက အစည်းအဝေး (assembly) တစ်ခုမှာ သူတို့ဆန္ဒကို ဖော်ထုတ်တာကို ခေါ်တယ်။
(၂) ကိုယ်စားလှယ်ရွေးပြီး ကိုယ်စားလှယ်ကတစ်ဆင့် စည်းဝေးပွဲမှာ ဖော်ထုတ်တာကို တိုက်ရိုက်မကျသော ဒီမိုကရေစီ (Indirect democercy)လို့ ခေါ်မှာပေါ့။
(၃) ၄-နှစ်တစ်ကြိမ် ကိုယ်စားလှယ်ရွေးပြီး ဒီ ၄-နှစ်အတွင်းမှာ ဆုံးဖြတ်ပိုင်ခွင့်ကို ကိုယ်စားလှယ်တွေနဲ့ပဲ လွှဲထားတာကတော့ ပိုပြီး တိုက်ရိုက်မကျသော ဒီမိုကရေစီပေါ့။
ဒီသုံးခုစလုံးမှာ အုပ်စိုးသူဟာ အုပ်စိုးခံရဲ့ ဆန္ဒနဲ့အညီ လုပ်ရတယ်။ ဒါမှ တရားဝင်တယ်။ Legitimacy လို့ ခေါ်မှာပေါ့။ အုပ်စိုးခံရဲ့ ဆန္ဒနဲ့မညီဘူး၊ အုပ်စိုးသူဟာ တာဝန်မခံတော့ဘူးဆိုရင် တာဝန်ခံနိုင်တဲ့ နောက်အုပ်စိုးသူ လူတစ်သိုက်နဲ့ အစားထိုးမယ်။
တာ။ ဒီမိုကရေစီဟာ အပြန်အလှန်ကွင်းဆက်ပေါ့။ Feedback loop အပြန်အလှန်ကွင်းဆက် မရှိရင် ဒီမိုကရေစီ မဟုတ်ဘူးပေါ့။ အဲလို ယူရမှာလား။
ဂါလ်တန်။ အပြန်အလှန်ကွင်းဆက်မရှိရင် အဲဒါ ဒီမိုကရေစီမှ မဟုတ်ဘဲ၊ အာဏာရှင်စနစ်ပဲ။ အော်တိုကရေစီ (autocracy) ပဲ။
အုပ်ချုပ်ဖို့တရားဝင်ခြင်း (Legitimacy) ကို တာဝန်ခံနိုင်ခြင်း (၀ါ) လူထုရဲ့ဆန္ဒနဲ့အညီ အုပ်စိုးခြင်း (accountability) နဲ့ အလဲအလှယ် လုပ်ရတာဟာ ဒီမိုကရေစီပဲ။
တာ။ ဆရာကြီးခင်ဗျား၊ ဗီတို ဆိုတာကို ရှင်းပါဦး။ ဗီတိုပါဝါနဲ့ ပယ်ချတယ်။ အဲဒါ ဘာအဓိပ္ပါယ်လဲ။
ဂါလ်တန်။ မဲပေးခွင့်တော့ရှိတယ်။ မဲတွေဟာ အကြံပေးနိုင်တာလောက်ပဲ ရှိမယ်။ မဲနဲ့တော့ တားဆီးလို့ မရဘူးလို့ ဆိုလိုတာ။ တကယ်တော့ ဗီတိုကျင့်သုံးတဲ့စနစ်ဟာ ယေဘုယျအားဖြင့် ဒီမိုကရေစီ မကျဘူးလို့ ယူနိုင်တယ်။
တာ။ ဆက်ပြီး ဟောတော်မူပါ။
ဂါလ်တန်။ ဒီမိုကရေစီရဲ့ ဒုတိယအနှစ်သာရက ပြဿနာ ပဋိပက္ခတွေကို အဓမ္မနည်းနဲ့ မဖြေရှင်းတာပဲ။ Nonviolent conflict Resolution။ ပါတီနှစ်ခု A, B ရှိတယ် ဆိုပါစို့။ ပြဿနာ (သို့) ပဋိပက္ခကို အောက်ပါနည်း (၄)ခုနဲ့ ဖြေရှင်းနိုင်တယ်။
(၁) အနိုင်ယူတဲ့နည်း | နိုင်တဲ့ပါတီ A အကုန်လုံးယူ | နည်းလမ်း (မဲ/စကားရည်လု - debate) |
(၂) အနိုင်ယူတဲ့နည်း | နိုင်တဲ့ပါတီ B အကုန်လုံးယူ | မဲ/စကားရည်လု - debate |
(၃) ညှိနှိုင်းသောနည်း (compromise) (၄) အလျှော့ပေးစရာ မလိုဘဲ နည်းလမ်းအသစ် ရှာတွေ့ခြင်း (Transdince) | နှစ်ဦးစလုံး နည်းနည်းစီလျှော့ နှစ်ဦးစလုံး အကျိုးရှိ | ဆွေးနွေးခြင်း (Negotiation) ဒိုင်ယာလော့ (Dialogue) |
(၁) နှင့် (၂) မဲပေးပြီး အနိုင်ယူတဲ့နည်းက တကယ်တော့ အနိုင်ယူတဲ့ နည်းတစ်နည်းပဲ။ တိုက်ခိုက်တာပါပဲ (fighting)။ သို့သော် လူသေကောင်အပေါ် ရေတွက်တာမဟုတ်ဘဲ လူအရှင်တွေအပေါ် ရေတွက်တဲ့ နည်းပဲ။ ကလော့ဇ်ဝှစ်နည်း မဟုတ်ဘူး။ ဆွန်ဇုနည်း။ ဒါပဲ ကွာပါတယ်။ ဂန္ဒီက ရွေးကောက်ပွဲစနစ်ဟာ “၅၁ ရာနှုန်းရဲ့ အာဏာရှင်ဆီ သွားတဲ့လမ်း” ပဲလို့ ပြောဖူးတယ်။ အဲဒါ သတိပြုစရာ အချက်တစ်ခုပဲ။ ဂဏန်းတွက်ခြင်း နည်းလမ်းပါပဲ။ Aritimatic electionism လို့ ဒါကြောင့် ပြောကြတာပေါ့။ ဒါနဲ့ပဲ မဲမရ,ရအောင် လုပ်ကြတယ်။ မဲခိုးတယ်။ အတိုက်အခံကို သတ်ဖြတ်တယ်။ ကြောက်အောင် လုပ်တယ်။ ငွေနဲ့ရာထူး (cash or position)နဲ့ မဲဝယ်တယ်။
(၃)နှင့်(၄)…… (၃)က ပေါင်းပြီး အုပ်ချုပ်တာပါပဲ။ ပါတီတစ်ခုတည်းက အမှန်တရားကို လက်ဝါးကြီးအုပ် မထားဘူးပေါ့။ မင်းတို့လည်း တော်တာပဲ။ ငါတို့ ဈေးဆစ်ကြပြီး (၀ါ) ညှိနှိုင်းကြပြီး ပြဿနာကို ဖြေရှင်းကြမယ်ပေါ့။
(၄)ကျတော့ ဒိုင်ယာလော့လုပ်ပြီး (Dia + Logos) အမြင်တွေ အပြန်အလှန်စီးဆင်းပြီး တီထွင်ဖန်တီး တည်ဆောက်တာပဲ။ ပါတီတွေ ကိုင်စွဲထားတဲ့ ရပ်တည်မှုတွေထက် ပိုလွန်သွားတယ်။ သာသွားတယ်။
ပြန်ချုပ်ရရင် မဲခွဲခြင်း (Democratese for fighting) ဆွေးနွေးညှိနှိုင်းခြင်း (Negotiation) နဲ့ အပြန်အလှန် တိုင်ပင်တည်ဆောက်ခြင်း (Dialogue) နည်း (၃)ခုပဲ။
ဒီ (၃) ခုစလုံးက အကြမ်းမဖက်တဲ့ အဓမ္မမလုပ်တဲ့ နည်းတွေပဲ။ သို့သော် အနည်းစုကို အများစုက ပစ်ပယ်တဲ့ အဖွဲ့အစည်းနဲ့ အနိုင်ကျင့်ခြင်း (structural violence of exclusion of minorities) အန္တရာယ်ရှိနေသေးတာပဲ။
ဒီမိုကရေစီမှာ လူထုရဲ့ဆန္ဒဆိုတာ သူ့အတွင်းဆန္ဒအလျောက်ပဲ။ အကျင့်သီလနှင့် ညီညွတ်လျက် ဖြစ်ရမယ့်ကိစ္စ။ တုတ်ကြောင့် ဒါမှမဟုတ် မုန်လာဥကြောင့် (stick or carrot) အင်အားကြောင့် ဒါမှမဟုတ် လာဘ်လာဘကြောင့် မဟုတ်ရဘူး။
မဲရယူဖို့ တုတ်ကိုသုံးတယ်။ ဆန္ဒစစ် မရဘူး။ ၅၁ ရာခိုင်နှုန်း အများစုကို ဒီနည်းနဲ့ပဲ ယူတယ်ဆိုရင် ဘာလုပ်ကြမလဲ။ ဂန္ဒီနဲ့ သော်ရိုးရဲ့ နည်းကတော့ အဲသလို အုပ်ချုပ်သူနဲ့ မပူးပေါင်း (non-cooperation)တဲ့ နည်းပဲ။ အပြန်အလှန် ဆွေးနွေးလျက် အမြင်များ စီးဆင်းခြင်း (Dialogue) ကတော့ အဲဒီအချိန်မှာကိုပဲ ရှိနေတုန်း။ ဖွင့်ထားတုန်းပဲ။ အလျှော့အတင်း လုပ်ခြင်းနဲ့ တူညီသောအမြင်ရယူခြင်း (compromise consensus) နည်းတွေနဲ့ ဒီမိုကရေစီပြန်ရောက်မှာချည်းပဲ။ တုတ်ပါဝါ (stick power) ကို မကြောက်မရွံ့ခြင်းနဲ့ မုန်လာဥပါဝါ (carrot power) ကို စီးပွားရေးအရ ကိုယ့်ခြေထောက်အပေါ် ကိုယ်ရပ်တည်ခြင်းနဲ့ ချဲ့လင်းလုပ်ရမှာပဲ။
တာ။ တတိယအနှစ်သာရကို ဟောတော်မူပါဦး ဆရာကြီးခင်ဗျား။
ဂါလ်တန်။ ဒါကတော့ အခြေခံလူ့လိုအပ်ချက်နဲ့ အခြေခံ လူ့အခွင့်အရေးများကို စောင့်ရှောက်ရခြင်းပဲ။
တာ။ အကျယ်ဖွင့်တော်မူပါ
ဂါလ်တန်။ ဒီမိုကရေစီဆိုတာ နိုင်ငံရေးအရ ဖွဲ့တည်မှုပဲ (political for nation)။ အခြေခံ လူ့လိုအပ်ချက်ကို အားလုံးအတွက် ဖြည့်ဆည်းပေးဖို့ပဲ။ အထူးအားဖြင့် အလိုအပ်ဆုံး လူမွဲတွေအတွက်။ ပြီးတော့ အားလုံးအတွက် အခြေခံ လူ့အခွင့်အရေးကို ကာကွယ်ပေးဖို့ပဲ။ အထူးသဖြင့် အင်အားချို့တဲ့ဆုံး လူတွေအတွက်
လူ့အတန်းအစားဖွဲ့မှုတွေကို (class formation) ဖျက်ပစ်ဖို့ လျော့နည်းဖို့ လုပ်တာပဲ။ လူ့အတန်းအစား (class) ဆိုတာ ပါဝါကို ညီတူညီမျှ ခွဲဝေမပေးခြင်းကို ပြောတာ။ ဆုံးဖြတ်ချက်ချခြင်းနဲ့ စပ်လျဉ်းတဲ့ နိုင်ငံရေးပါဝါ၊ စီးပွားရေးဆွဲဆောင်တဲ့ မုန်လာဥပါဝါ (carrot-power)၊ စစ်ရေးနဲ့ လွှမ်းမိုးတဲ့ တုတ်ပါဝါ (stick-power)၊ ယဉ်ကျေးမှု ကျင့်ဝတ်သီလနဲ့ လမ်းပြတဲ့ ဆွဲဆောင်ပါဝါ (persuasion-power) အကြမ်းဖျဉ်းအားဖြင့် အဲသလို ပါဝါ (၄)ခု ရှိတယ် ဆိုပါစို့ဗျာ။ နင်းပြားကျောမွဲ ဆင်းရဲသားတွေမှာ ပါဝါ (၄)ခုလုံး ချို့တဲ့တယ်။ ဒီမိုကရေစီဟာ အဲသလို ပါဝါမဲ့သူတွေကို ဆုံးဖြတ်ချက် ချမှတ်ခြင်း ကိစ္စမှာ ပါဝါအပ်နှင်းတာပဲ။ သီအိုရီအရတော့ အဲသလို လုပ်ချင်တာပဲ။ အခြေခံလိုအပ်ချက်တွေမှာ ပြည့်စုံတဲ့ လူ့အဖွဲ့အစည်း ဖြစ်လာရမယ်လို့ မျှော်မှန်းတာပဲ။
လူ့အခွင့်အရေးကတော့ ဒီမိုကရေစီရဲ့ မရှိမပြီးတဲ့ အစိတ်အပိုင်းပဲ။ ရွေးကောက်ပွဲဒီမိုကရေစီမှာ ဖြစ်လေ့ရှိတဲ့ ၅၁ ရာခိုင်နှုန်းရဲ့ အော်တိုကရေစီ (၀ါ) အများစုရဲ့ ထင်ရာစိုင်းခြင်းကို ထိန်းရနိုင်သလောက် ထိန်းဖို့ အခွင့်အရေးက အရေးကြီးတာ။ ယူဒီ (Universal Declaration)က ပြည်သူပြည်သား အခွင့်အရေး၊ နိုင်ငံရေးအခွင့်အရေး (civil-political rights)ကို အကာအကွယ်ပေးမယ်။ စီးပွားရေး၊ လူမှုရေး၊ ဓလေ့အခွင့်အရေး (Economic, social cultural rights)ကို ကာကွယ်မယ့် ကြေညာချက်လုပ်ဖို့ လိုနေသေးတယ်။
တာ။ ဒီမိုကရေစီရဲ့ အနှစ်သာရသုံးခု (ဆရာကြီး မောင်စူးစမ်းဆိုရင် အနှစ်သာရ သုံးပါးလို့ ရေးမယ်။ ဟဲ… ဟဲ ကျွန်တော့်အနေနဲ့ကတော့ ရတနာသုံးပါး၊ အနန္တော အနန္တငါးပါး စသည်ဖြင့်မှာပဲ “ပါး” ဆိုတဲ့ စကားလုံးကို သုံးတာနဲ့ပဲ မြန်မာပီပီ ယဉ်ပါးနေလို့ “ခု” လို့ပဲ သုံးပါရစေ) ကို ပေါင်းလိုက်ရင် ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးခြင်း ရကရောပေါ့။
ဂါလ်တန်။ ဒီမိုကရေစီကို ဒီလောက်ဆိုရင် အဓိပ္ပါယ်ဖွင့်ဆိုချက် ပေးလို့ရပြီ။
“ဒီမိုကရေစီဟူသည်မှာ အခြေခံ လူ့အခွင့်အရေးများဖြင့် ထိန်းသိမ်းပဲ့ကိုင်ထားသော စနစ်ဖြစ်ပါသည်။ ထိုစနစ်သည် မဲပေးခြင်း၊ ညှိနှိုင်းခြင်း၊ အပြန်အလှန်ဆွေးနွေး အဖြေရှာခြင်းများကို သုံးလျက် အကြမ်းမဖက် အဓမ္မမလုပ်သော နည်းလမ်း၊ တီထွင်သော နည်းလမ်းများအားဖြင့် ပဋိပက္ခများနှင့် ဓနခွဲဝေရာတွင်ဖြစ်စေ ပြဿနာများကို ဖြေရှင်းပါသ်ည။ အုပ်ချုပ်မည့်သူအား တင်မြှောက်ခြင်း၊ ဖြုတ်ချခြင်း၊ အသစ်တဖန် ရွေးခြင်းကိုလည်း အကြမ်းမဖက်သော နည်းလမ်းဖြင့်ပင် ပြုလုပ်ပါသည်။
တာ။ ဆရာကြီးရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်ကလေးက မဆိုးလှပါဘူး ခင်ဗျ။
ဂါလ်တန်။ နိုင်ငံရေးနည်းမှာ အကြမ်းမဖက်ဘူး။ အဓမ္မမလုပ်ဘူးဆိုမှ ငြိမ်းချမ်းရေးကို တည်ဆောက်လို့ ရမှာပေါ့။ ခုနက ဆွေးနွေးခဲ့တဲ့ “မဲပေးခြင်း နည်းအားဖြင့်သာ တိုက်ခိုက်ခြင်း၊ ညှိနှိုင်းခြင်း၊ အပြန်အလှန် ဒိုင်ယာလော့ခြင်း စတဲ့ အဓမ္မမလုပ်သော နည်းများကိုသာ သုံးမှာကိုး။ နောက်ပြီးတော့လည်း တန်းတူညီမျှရေးအတွက် လူ့အခွင့်အရေး အကာအကွယ် လူတိုင်းလိုမှာကိုး။ ဒီလိုဆို ငြိမ်းချမ်းရေး ရကရော့ပေါ့။ တိုင်းပြည်ဖွံ့ဖြိုးရေးကလည်း လူ့အခွင့်အရေးနဲ့ အခြေခံလိုအပ်ချက်တွေကို မဖြစ်မနေ ဖြည့်ဆည်းပေးမှတော့ အဲဒီအုတ်မြစ်ပေါ်မှာ တည်ဆောက်နိုင်တော့မှာပါ။
ဒီသုံးခုစလုံးတော့ သုံးမြှောင့်ဖန်တုံးတစ်ခုရဲ့ အချွန် (၃)ခုလိုပဲ။ သုံးခုလုံးပါမှ စစ်မှန်တယ်။
သတိပြုရမှာလေးတွေတော့ ရှိတယ်။
(၁) ဒီမိုကရေစီဟာ ရွေးကောက်ပွဲလုပ်ခြင်းနဲ့ အတူတူပါပဲလို့ ညီမျှခြင်း မလုပ်ပါနဲ့။
(Democracy is not electionism)
(၂) ငြိမ်းချမ်းရေးဟာ စစ်မဖြစ်ရုံသက်သက်နဲ့ မတူပါ။
(Peace is not ceasefireism)
(၃) ဖွံ့ဖြိုးတိုးတက်ခြင်းဟာ တိုးတက်တဲ့ နိုင်ငံတွေကို အမီလိုက်ခြင်းနဲ့ မတူပါ။ အဲဒါကို deficitism ပဲလို့ ခေါ်ရမယ်။
တာ။ ဆရာကြီး သတိပေးတာလေးတွေက တကယ်ကို သတိထားစရာတွေပါပဲ။ ဒါပေမယ့် ဒါတွေက သီအိုရီတွေပဲ။ လက်တွေ့မှာ ဘယ်လိုဖြစ်တတ်သလဲခင်ဗျ။ ကြုံကြိုက်ရင် နောက်တရားပွဲတွေမှာ ဟောစေချင်ပါသေးတယ်။
၂၀၁၀ ရွေးကောက်ပွဲ ဆင်နွှဲမယ့် ပြည်သူများ ကျန်းမာပါစေ ဟဲ…ဟဲ။
လူငယ်တို့ အတွက် အသိဥာဏ်ပွင့်လင်းစေတဲ့ စာတွေပါပဲ
ReplyDeleteဆက်လက်စောင့်မျှော်နေလျက်ပါ