တစ်နေ့က လူငယ်တစ်စုရောက်လာပြီး "ယဉ်ကျေးမှုချင်း ထိပ်တိုက်တိုးခြင်း" ဆိုတဲ့ စာအုပ်မူရင်းရှိရင် ခဏငှားပါလို့ ပြောပါတယ်။ သူတို့ လူငယ်တစ်စုက စာဖတ်ဝိုင်းလေးတစ်ခု လုပ်ထားပါတယ်။ တစ်လတစ်ကြိမ် ကိုယ်ဖတ်ခဲ့တဲ့ စာအုပ်တွေအကြောင်း ၀ိုင်းပြီး ဆွေးနွေးလေ့ရှိကြပါတယ်။ များများစားစား မဟုတ်ပါဘူး။ သူငယ်ချင်း ငါးယောက်ထဲပါ။ အိမ်တစ်အိမ် တစ်လှည့်စီ စားသောက်စရာ တစ်ခုခုလုပ်ပြီး စားသောက်ရင်း ဆွေးနွေးကြတာ ဖြစ်တယ်။
အဖတ်သမားစစ်စစ်
မကြာခဏ စာအုပ်တွေ လာငှားကြပါတယ်။ သူတို့ဆွေးနွေးချင်တာတွေလည်း ဆွေးနွေးတတ်ကြတယ်။ စာကို လေးလေးနက်နက်ဖတ်တဲ့ လူငယ်လေးတွေမို့ သူတို့ဆွေးနွေးလာတဲ့ အကြောင်းအရာတိုင်းက ခပ်ပေါ့ပေါ့ မဟုတ်ကြဘူး။ ရန်ကုန်မြို့မှာ ရှိသမျှ စာကြည့်တိုက်တိုင်း သူတို့ မရောက်တာ မရှိဘူး။ စာအုပ်ဟောင်းရောင်းသူမှန်သမျှလည်း သူတို့သိတယ်။ ဈေးနှုန်းသက်သက်သာသာနဲ့ မိတ္တူကူးကောင်းတဲ့ဆိုင်တိုင်း သူတို့မိတ်ဆွေပဲ။ သူတို့ဆွေးနွေးဝိုင်းလေး လုပ်နေတာ သုံးလေးနှစ်လောက်ရှိပြီ။ သူတို့လေးငါးခြောက်ယောက်အပြင် တခြားလူမပါဘူး။ လူများရင် စကားများပြီး လိုရင်းမရောက်ဘူး။ ဒါကြောင့် ဘယ်သူ့မှ မခေါ်ဘူးလို့ ပြောကြတယ်။ သူတို့က စာပေနဲ့ အတွေးအခေါ်ဆိုင်ရာတွေကို စိတ်ဝင်စားလို့ လုပ်နေကြတာ။ စာရေးဆရာ၊ ကဗျာဆရာဖြစ်ဖို့ တစ်ယောက်မှ စိတ်ကူးရှိကြတာ မဟုတ်ဘူး။ ဘယ်သူမှလည်း လက်တည့်စမ်းမနေကြဘူး။ စာဖတ်သမားစစ်စစ်တွေ ဖြစ်ကြတယ်။
စာဖတ်သူချင်း မျိုးဆက်ကွာမှုမရှိ
သူတို့လို အဖတ်သမားစစ်စစ် လူငယ်တွေ အတော်များများနဲ့ သိကျွမ်းခင်မင်ပါတယ်။ သူတို့ဖတ်ချင်တာတွေ လာငှားတတ်ကြသလို ကိုယ်ဖတ်ချင်တာတွေလည်း မရ,ရအောင် ရှာဖွေပေးလေ့ရှိပါတယ်။ စာကို အလေးအနက်ဖတ်တဲ့ လူငယ်တွေနဲ့ မိတ်ဆွေလုပ်ရတာ အများကြီးအကျိုးရှိတယ်။ စာဖတ်သူချင်းကြားမှာ မျိုးဆက်ကွာဟမှုဆိုတာ မရှိဘူး။ သူငယ်ချင်းတွေလို ရင်းရင်းနှီးနှီး ပွင့်ပွင့်လင်းလင်း ပြောလို့ဆိုလို့ရတယ်။ ကိုယ့်ကို လူကြီးပဲဆိုပြီး အားနာနေမှာ မဟုတ်ဘူး။ သူတို့ကြိုက်ရင် ကြိုက်တဲ့အကြောင်း အားရပါးရပြောတယ်။ မကြိုက်ရင်လည်း မကြိုက်တဲ့အကြောင်း ခင်ရှင်းရှင်းပြောကြတယ်။ လူ့သက်တမ်းရော၊ စာသက်တမ်းပါ အမှည့်လွန်အရွယ် ရောက်နေပြီဆိုတော့ လူများစုက ကြိုက်ရင်သာ ဖွင့်ပြောတတ်ကြပြီး၊ မကြိုက်ရင်တော့ ရေငုံနှုတ်ပိတ် ဆိတ်ဆိတ်နေလေ့ရှိကြတယ်။ လိုရင်းပြောရရင် အသက်ကြီးတော့ ဆုံးမမယ့်သူ မရှိတော့လို့ မိုက်တွင်းနက်တတ်ပါတယ်။
လူငယ်သူငယ်ချင်းတွေ
လူငယ်သူငယ်ချင်းတွေရှိလို့ မမိုက်အောင် ထိန်းသိမ်းဆင်ခြင်တတ်နေတာ ဖြစ်တယ်။ သူငယ်ချင်းတွေကို ကျေးဇူးတင်ရတယ်။ မကြိုက်ဘူးပြောမယ့် လူငယ်တွေသာ မရှိရင် အောက်ခြေလွတ် ဘ၀င်မြင့်ပြီး ထင်ရာစိုင်းလို့ အခုလောက်ဆို မြောင်းထဲရောက်ချင် ရောက်နေမှာ။ ရောက်သွားသူတွေ အများကြီးကို မြင်ဖူးတွေ့ဖူးခဲ့တာပဲ။ ကန့်ကွက်ဝေဖန်သူရှိမှ ပြန်လည် သုံးသပ်မှု ပြုဖြစ်တာကလား။ ကြိုက်သူ၊ ထောက်ခံသူတွေချည်း ရှိနေရင် ပြန်ပြီးစဉ်းစားသုံးသပ်မှု ဘယ်ပြုဖြစ်မှာလဲ။ အဲဒီတော့ ကိုယ်မှားနေရင်လည်း မှားမှန်းမသိတော့ဘူး။ မှားမှန်းမသိတော့ ဆက်တိုးလေ ဆက်မှားလေဖြစ်ပြီး နောက်ဆုံး မြောင်းထဲ ရောက်သွားရတော့တာပဲ။
အကြိုက်မတူတာ သဘာဝ
တစ်ယောက်နဲ့တစ်ယောက် အကြိုက်မတူဘူးဆိုတာ သဘာဝပဲ။ ဘာမှထူးဆန်းတဲ့ ကိစ္စမဟုတ်ဘူး။ သူကြိုက်တာကို ကိုယ်က မကြိုက်နိုင်သလို၊ ကိုယ်ကြိုက်တာကို သူက မကြိုက်နိုင်တာမျိုးလည်း ရှိနိုင်တာပဲ။ အကြိုက်ချင်း မတူတာနဲ့ပဲ ရန်သူဖြစ်စရာအကြောင်း ဘာမှမရှိပါဘူး။ ကိုယ်နဲ့မတူ ကိုယ့်ရန်သူဆိုတဲ့ စိတ်ဓာတ်ဟာ အသိဉာဏ် ကင်းမဲ့သူတွေရဲ့ စိတ်ဓာတ်ဖြစ်တယ်။ မတူပေမယ့် ရိုးသားဖြောင့်မတ်သူချင်း အတူလက်တွဲလို့ ရပါတယ်။ ရိုးသားဖြူစင်ဖြောင့်မတ်မှု မရှိဘဲ ကိုယ်ကျိုးအတွက် အကောက်ဉာဏ်နဲ့ ဖောက်ပြန်သူဆိုရင်တော့ အကြိုက်ချင်းတူတာတောင် ရန်သူလို့ သတ်မှတ်ရမှာပါ။
ခြောက်ပစ်ကင်းသူ မရှိ
ကောက်ကျစ်စဉ်းလဲတဲ့ အနီးကပ်မိတ်ဆွေထက် ရိုးသားဖြူစင်ဖြောင့်မတ်တဲ့ အဝေးက ရန်သူဟာ ပိုပြီးလေးစားထိုက်ပါတယ်။ ကိုယ့်ကို ဝေဖန်သူတိုင်းကို ကလေကခြေလို့ တံဆိပ်ကပ်မပစ်လိုက်ပါနဲ့။ သူ့ဝေဖန်ချက်ကြောင့် ကိုယ်သတိမမူ ဂူမမြင် ဖြစ်ခဲ့တာတွေရှိရင် သိမြင်နိုင်ပါတယ်။ "ခြောက်ပစ်ကင်း သဲလဲစင်" ဖြစ်သူ လူ့လောကမှာ မရှိပါဘူး။ ဝေဖန်ရေးကြောင့် အကျိုးယုတ်စရာ မရှိပါဘူး။ ကိုယ့်အတွက် အကျိုးဖြစ်စရာသာရှိတယ်လို့ ပြောလိုက်ပါရစေဗျာ။
အတွဲ (၂) အမှတ် (၂၈)
၂၃ ဖေဖော်ဝါရီ ၂၀၁၀၊ အင်္ဂါနေ့။
စာမျက်နှာ - ၂၄၊ ၂၅
No comments:
Post a Comment