တစ်ရက်က အစ်ကိုကြီးတစ်ယောက်နဲ့ စကားစမြည်ပြောဖြစ်ပါတယ်။ သမိုင်းအဓိကနဲ့ ပါရဂူဒေါက်တာဘွဲ့ ရထားတဲ့သူပါ။ ရန်ကုန်တက္ကသိုလ် အတွေ့အကြုံတွေ ပြောပြတာကို နားထောင်ရတာ အင်မတန်မှကို စိတ်ဝင်စားစရာပါ။ အထူးသဖြင့် ဆရာကြီး ဒေါက်တာသန်းထွန်းနဲ့ ပတ်သက်တဲ့အကြောင်းတွေကို သူပြောပြတာ စိတ်ဝင်စားစရာအတိပါ။ စာအုပ်တွေမှာ မပါတဲ့ ဆရာကြီးဒေါက်တာသန်းထွန်းရဲ့ အကြောင်းတွေကို အတော်များများ သိခွင့်ရပါတယ်။ တချို့ဟာတွေဆိုရင် သူတို့အတွက် တကယ့်ကို စိတ်ညစ်စရာဖြစ်ခဲ့ပေမယ့် တစ်ဆင့်ပြန်နားထောင်ရတဲ့ ကျွန်တော့်အတွက်ကတော့ အတော်လေးကို နှစ်နှစ်ခြိုက်ခြိုက် ရယ်မောခဲ့ရပါတယ်။ အဲဒီလိုတွေ ပြောဆိုနေရင်းနဲ့ ကျွန်တော်တို့ပြောဆိုဆွေးနွေးတဲ့ အကြောင်းအရာက လက်ရှိ ကျွန်တော်တို့တွေ သင်ကြားပေးနေရတဲ့ တပည့်တွေအကြောင်းကို ရောက်သွားပါတယ်။
အမြင်တူတယ်
ထူးထူးဆန်းဆန်းပဲ သူနဲ့ကျွန်တော် အမြင်တူတဲ့အချက်ကတော့ ဒီနေ့ခေတ်ကျောင်းသားတွေ အရင်ခေတ်က ကျောင်းသားတွေလောက် မတော်ကြဘူး၊ မကြိုးစားကြဘူး ဆိုတဲ့အချက်ကို လက်မခံတာပါပဲ။ သိတဲ့အတိုင်းပဲ အများအားဖြင့် ပြောလေ့ရှိကြတာက ဒီနေ့ခေတ် လူငယ်တွေက အရင်ကလိုမျိုး မကြိုးစားကြဘူး၊ အရင်ကလူတွေလိုမျိုး မတော်ကြဘူးဆိုတာမျိုးပါ။ ကျွန်တော့်အစ်ကိုကြီးပြောတာကတော့ မတူညီတဲ့ ခေတ်အခြေအနေအရ မတူညီတာတွေကို လက်ခံရမယ်တဲ့။ ခေတ်၊ စနစ်အရ မတူညီမှုတွေကို အတင်းလိုက်ပြီး တန်းညှိနေရင် ဘယ်တော့မှ အဆင်ပြေမှာ မဟုတ်ဘူးတဲ့။ သူ့ခေတ်အခြေအနေအရ ဖြစ်နေတာတွေကို လိုက်လျောညီထွေဖြစ်အောင် လက်ခံပေးရမှသာ အဆင်ပြေနိုင်ပါမယ်တဲ့။ နားလည်သလောက်တော့ ကျွန်တော်တွေးနေမိပါတယ်။
ရိုးသားကြတယ်
ကျန်တဲ့အချက်တွေကိုတော့ ကျွန်တော်မသိပါဘူး။ ကျွန်တော့်အတွေ့အကြုံသက်သက်အရ ပြောရမယ်ဆိုရင်တော့ ဒီနေ့ခေတ်ကလေးတွေဟာ ကျွန်တော်တို့ထက် ရိုးသားကြတာတော့ အမှန်ပါပဲ။ ဥပမာပြောရရင် အတန်းထဲမှာ စာသင်ရင်းနဲ့ စကားစပ်မိလို့ "ဆေးလိပ်သောက်တတ်တဲ့လူတွေ လက်ထောင်ကြပါ" လို့ မေးလိုက်တိုင်း ဆေးလိပ်သောက်တတ်သူတွေက ရဲရဲဝံ့ဝံ့ လက်ထောင်တတ်ကြတာပါပဲ။ သူတို့မျက်နှာလေးတွေမှာလည်း ဆေးလိပ်သောက်တတ်တဲ့အတွက် ရှက်နေတဲ့အရိပ်တွေ အပြည့်နဲ့ပါ။ အများစုက ဆေးလိပ်သောက်တာ မကောင်းကြောင်းကို သိရှိကြောင်းနဲ့ ဆေးလိပ်ဖြတ်ဖို့ ကြိုးစားနေကြောင်း ပြောပြတတ်ကြပါတယ်။ ကျွန်တော်တို့ ကျောင်းတက်ခဲ့စဉ်တုန်းကဆိုရင် ရှေ့မှာစာသင်တဲ့ ဆရာက ဆေးလိပ်သောက်တတ်တဲ့လူ လက်ထောင်ပါ၊ မတ်တတ်ရပ်ပါဆိုရင် ဘယ်သူကမှ မထချင်၊ လက်မထောင်ချင်ကြပါဘူး။ ဘယ်သူတွေ ဆေးလိပ်သောက်တတ်တယ်ဆိုတာ ကိုယ့်အချင်းချင်း သိနေပေမယ့် သူတို့တွေ လက်မထောင်တာ၊ မတ်တတ်မရပ်တာကို အဲဒီတုန်းက အပြစ်မမြင်ခဲ့မိပါဘူး။ ဆရာ့ကိုကြောက်လို့ပဲ ဆိုတဲ့စိတ်နဲ့ ကျွန်တော်တို့တွေ နားလည်ခဲ့ကြပါတယ်။ ဒီနေ့ကျမှ ပြန်တွေးကြည့်မိတဲ့အခါ အတော်လေးလည်း ရှက်မိပါတယ်။ ကျွန်တော်တို့တွေက ကြိုးစားချင်စိတ်မရှိကြဘူး၊ ခံယူချက်ကို မရှိကြဘူးဆိုတဲ့ ကလေးတွေက ကျွန်တော်တို့တွေထက် အဆပေါင်းများစွာ ရိုးသားနေကြပါလားဆိုတာကို သိလာလို့ပါ။ ဆရာကို ကြောက်လို့ဖြစ်စေ၊ ရှက်လို့ဖြစ်စေ ကိုယ်လုပ်တာကို ကိုယ်ဝန်မခံရဲတာဟာ သူရဲဘောကြောင်တာ၊ လိမ်ညာတာ၊ ရိုးသားမှုမရှိတာပါပဲ။ ဒါကြောင့် အခုခေတ် ကလေးတွေဟာ ကျွန်တော်တို့တွေလောက် တော်ချင်မှတော်ပါလိမ့်မယ်၊ သိချင်မှသိပါလိမ့်မယ်၊ ဒါပေမယ့် ကျွန်တော်တို့တွေထက်တော့ အများကြီး ရိုးသားကြပါတယ်။
သိချင်စိတ်၊ တိုးတက်ချင်စိတ် အပြည့်ရှိကြပါတယ်
စာသင်တဲ့အခါမှာ ဆရာတစ်ယောက်အနေနဲ့ ကျွန်တော်မလုပ်မဖြစ် လုပ်တတ်တဲ့ အလုပ်တစ်ခုကတော့ အပတ်စဉ် စာမေးပွဲဖြေတဲ့အခါတိုင်းမှာ သူတို့ရဲ့ စာမေးပွဲစစ်တဲ့ စာအုပ်ထဲမှာ ကျွန်တော့်အတွက် မေးခွန်းတစ်ခု ရေးခိုင်းတဲ့အလုပ် ဖြစ်ပါတယ်။ ကျွန်တော်မေးတဲ့ စာမေးပွဲမေးခွန်းတွေကို သူတို့တွေ ဖြေပြီးတဲ့အခါ နောက်ဆုံးအမှတ်စဉ်အနေနဲ့ ဆရာ့အတွက် မေးခွန်းဆိုတဲ့ ခေါင်းစဉ်နဲ့အတူ သူတို့သိချင်တဲ့ မေးခွန်းတစ်ခုကို ရေးခိုင်းတာပါ။ အပတ်စဉ် စာမေးပွဲဖြေတယ်ဆိုတာ လုပ်ရိုးလုပ်စဉ်အရ မစစ်မဖြစ် စစ်မေးရတာဖြစ်တဲ့အတွက် အမှန်အတိုင်းပြောရရင် ကျွန်တော့်အတွက် စိတ်ဝင်စားစရာ မကောင်းပါဘူး။ အဲ… တစ်ပတ်တစ်ပတ် ကျွန်တော့်အတွက် ရင်ခုန်မှုအဖုံဖုံ၊ စိတ်ဝင်စားမှုအသွယ်သွယ် ပေးတာကတော့ သူတို့တွေမေးထားတဲ့ ဆရာ့အတွက်မေးခွန်းဆိုတဲ့ မေးခွန်းလေးတွေပါ။ အင်မတန်မှကို စိတ်လှုပ်ရှားစရာကောင်းပါတယ်။ တပည့်တစ်ယောက်ချင်းစီရဲ့ စိတ်ဝင်စားမှုတွေကို သိနိုင်သလို၊ သူတို့ရဲ့ ခံစားချက်တွေကိုလည်း မြင်ရတဲ့အခိုက်အတန့်ပါပဲ။ အားလုံးကို ခြုံကြည့်လိုက်ရင်တော့ သူတို့မေးတဲ့ မေးခွန်းတွေရဲ့ အားလုံးနီးပါးလောက်ဟာ သူတို့ရဲ့ သိချင်စိတ်၊ ဖြစ်ချင်စိတ်အပြည့်နဲ့ မေးတဲ့မေးခွန်းတွေ ဖြစ်ပါတယ်။
စိတ်ဝင်စားစရာကောင်းတဲ့ မေးခွန်းတွေ
တပည့်အစုံဖြစ်တဲ့အတွက် သူတို့မေးတဲ့မေးခွန်းတွေကလည်း တကယ့်ကို အစုံပါပဲ။ မေးခွန်းသဘာဝချင်း ထပ်တူကျတာ အင်မတန်မှကို ကြုံတောင့်ကြုံခဲပါ။ အများအားဖြင့်တော့ တစ်ယောက်တစ်မျိုး မေးကြတာပါပဲ။ နိုင်ငံရေးလည်းပါတယ်၊ စီးပွားရေးလည်းမလွတ်ဘူး၊ လူမှုဘ၀အကြောင်းတွေလည်းပါရဲ့၊ ဘာသာရေးအကြောင်းလည်း စိတ်ဝင်တစားမေးကြတယ်၊ ဗဟုသုတအဖြစ် သိချင်တာတွေလည်း မေးကြတာပါပဲ၊ ဘ၀မှာတိုးတက် အောင်မြင်ဖို့အတွက် ဘယ်လိုတွေ လိုက်နာနေထိုင် ကျင့်ကြံသင့်သလဲ ဆိုတဲ့မေးခွန်းကလည်း ရေပန်းစားတဲ့ မေးခွန်းတစ်မျိုးပါပဲ။ တချို့မေးခွန်းတွေဆိုရင် ကျွန်တော့်အတွက် အတော်လေးကို အဖြေရခက်တာတွေ ပါ,ပါတယ်။ ဥပမာအားဖြင့် ဘာသာရေးနဲ့ဆိုင်တဲ့ မေးခွန်းတွေဆိုရင် ကျွန်တော့်မှာ အတော်လေးကို အခက်တွေ့ပါတယ်။ အမှန်အတိုင်းပြောရရင် ဘာသာရေးနဲ့ပတ်သက်ရင် ကျွန်တော့်အဆင့်ဟာ တကယ့်ကို သုညအဆင့်ဖြစ်တဲ့အတွက် အဲဒီလိုမေးခွန်းတွေကိုတော့ ကြောက်တာအမှန်ပါပဲ။ ကိုယ်မကျွမ်းကျင်တဲ့ အကြောင်းအရာတစ်ခုကို အဖြစ်ပြီးရော မဖြေချင်လို့ပါ။ မေးတဲ့မေးခွန်းကို ဖတ်လိုက်တာနဲ့ အဲဒီတပည့်ရဲ့ ဘာသာရေးအခြေခံ ဘယ်လောက်ရှိတယ်၊ ဘယ်လောက်အထိ သိနားလည်ထားတယ်ဆိုတာကို သိနိုင်တဲ့အတွက် ငါကဆရာပဲဆိုပြီး သွားဖြီးလို့ မရပါဘူး။ အဲဒီမေးခွန်းတွေအတွက် သိနားလည်တဲ့လူတွေကို မေးမြန်းပြီး ပြန်ဖြေရပါတယ်။ စာအုပ်တွေ ညွှန်းရပါတယ်။ တစ်လက်စတည်း ကျွန်တော်ဟာ ဘာသာရေးနဲ့ပတ်သက်ရင် ကျွမ်းကျွမ်းကျင်ကျင် သိရှိနားလည်ထားသူမဟုတ်ကြောင်း ပြောထားရပါတယ်။ အပတ်စဉ်စာမေးပွဲ မေးခွန်းတွေကို စစ်ရတာက တစ်ညလောက်ထိုင်စစ်လိုက်ရင် ပြီးသွားပေမယ့် သူတို့လေးတွေရဲ့ မေးခွန်းတွေကိုတော့ ကျွန်တော့်မှာ တစ်ပတ်လုံး အသည်းအသန်ကို ဖြေရ၊ ရှာရတာပါပဲ။ အချို့မေးခွန်းတွေဆိုရင် ကျွန်တော်မသိသေးတဲ့အတွက် မဖြေနိုင်သေးဘူးဆိုတာကို ပြောထားရတာမျိုးတွေတောင် ရှိပါတယ်။ ဥပမာ - ကမ္ဘာပေါ်မှာ ပထမဆုံး ပါရဂူဘွဲ့ကို ဘယ်သူရခဲ့တာလဲ ဆိုတဲ့မေးခွန်းမျိုးပါ။ ကဲ… ဘယ်လောက်တောင် အံ့သြဖို့ ကောင်းလိုက်သလဲ။ ကျွန်တော်တစ်ခါမှ မစဉ်းစားဖူးတဲ့ မေးခွန်းပါပဲ။ ကျွန်တော်တို့ သူတို့အရွယ်တုန်းက အဲဒီလို မေးခွန်းမျိုး စဉ်းစားဖူးပါသလား။ ဘွဲ့ရတဲ့လူဆိုရင်တောင် အတော်လူရာဝင်တဲ့ခေတ်မှာ လူဖြစ်လာကြရတာဆိုတော့ ကျွန်တော်တို့အတွက် ဒေါက်တာဘွဲ့ဆိုတာ ဘာမှန်းတောင် သေချာမသိသေးပါဘူး။ ဒေါက်တာဆိုရင် ဆေးကုတဲ့ ဆရာဝန်ကို ပြောတာပဲလို့ အသေမှတ်ခဲ့တယ်ဆိုတာကို ၀န်ခံပါတယ်။ ဒါပေမယ့် ဒီနေ့ခေတ်ကလေးတွေက ပါရဂူဒေါက်တာဆိုတာကို သေသေချာချာ သိနေပြီ။ သူတို့အတွက် အဲဒါဟာ အထူးအဆန်းကိစ္စ မဟုတ်တော့ဘူး။ အဲဒီလို ကလေးတွေကို ညံ့တယ်လို့ ဘယ်သူတွေက ပြောကြတာလဲဆိုတာ စဉ်းစားကြဖို့ သင့်ပါပြီ။
ပုတ်သင်ညိုလေးတွေ ဖြစ်လာကြပြီ
ကျွန်တော်ရေးခဲ့ဖူးပါတယ်၊ ဒီနေ့ခေတ်ကလေးတွေကို ကျွန်တော်တို့တွေ ပြုပြင်သင်ကြားပေးနေကြတာဟာ သူတို့တွေကို တော်စေချင်၊ လိမ္မာစေချင်လို့လား၊ ကျွန်တော်တို့တွေ ပုံသွင်းတဲ့အတိုင်း တသွေမတိမ်းလိုက်နာတဲ့ စက်ရုပ်ကလေးတွေ ဖြစ်စေချင်လို့လားဆိုတာကိုပါ။ စာသင်နေရတဲ့ ကျောင်းဆရာဖြစ်လေတော့ ကျောင်းသားတွေရဲ့ ဒုက္ခတွေကို ကောင်းကောင်းသိနေပါတယ်။ သင်ပေးတဲ့ဆရာတွေက တစ်ယောက်လာရင် ပုံစံတစ်မျိုးနဲ့ သူတို့လေးတွေကို ပုံသွင်းကြပါတယ်။ ဆရာတစ်ယောက်နဲ့ တစ်ယောက်ကလည်း အတွေးအခေါ်၊ ခံယူချက်၊ ယုံကြည်ချက် မတူညီကြလေတော့ သူတို့သွင်းတဲ့ ပုံစံခွက်တွေကလည်း အမျိုးမျိုးပဲပေါ့။ အဲဒီမှာ ကြားထဲကနေ ခါးနာရတဲ့ ငထွားတွေက တပည့်ကျောင်းသားလေးတွေပါပဲ။ ဒါပေမယ့် သူတို့လေးတွေက တော်ရှာပါတယ်။ စာသင်ပေးတဲ့ ဆရာတွေကို စိတ်မညစ်စေရပါဘူး။ ပုတ်သင်ညိုတွေလိုပဲ ဘယ်ဆရာလာရင် ဘယ်အရောင်ပြောင်းရမယ်ဆိုတာကို ကောင်းကောင်းကို သိနားလည်ကြပါတယ်။ ဆရာတွေကတော့ ကျေနပ်နေမလား မပြောတတ်ပါဘူး။ ငါတို့တပည့်လေးတွေဟာ ပုတ်သင်ညိုလေးတွေ ဖြစ်နေကြရှာပြီလို့ တွေးမိတဲ့ဆရာက အတော်လေးကို ရှားပါလိမ့်မယ်။ တပည့်ကို တော်စေချင်လို့ ဆုံးမတာ၊ ပြုပြင်တာ၊ ပုံစံသွင်းတာကို ဘာမှမပြောလိုပါဘူး။ ပြုပြင်ပုံသွင်းတဲ့ နည်းလမ်းလွဲပြီး မှားနေတယ်ဆိုရင်တောင် ကောင်းစေချင်တဲ့ စေတနာစိတ်အရင်းခံနဲ့ လုပ်တာဖြစ်တဲ့အတွက် နားလည်လက်ခံပေးလို့ရပါတယ်။ ဒါပေမယ့် အရာရာကို ကိုယ်တွေတုန်းက ကြုံခဲ့ရတဲ့ စံသတ်မှတ်ချက်တွေနဲ့ ချိန်ထိုးပြီး ခေတ်နောက်ပြန်ဆွဲ ပြုပြင်ပုံသွင်းနေတာတွေကိုတော့ လက်မခံနိုင်ပါဘူး။ ဘယ်လောက်ကောင်းပါတယ်ဆိုတဲ့ စနစ်ကြီးတွေပဲဖြစ်ဖြစ် အမြဲတမ်း မတည်မြဲဘူး၊ အချိန်တန်ရင် ကျရှုံးသွားရတာပဲဆိုတာကို မတွေးမိကြတဲ့ ဆရာတွေကို မြင်ရတဲ့အခါတိုင်း ကျွန်တော်သနားနေမိပါတယ်။ တစ်ဆက်တည်းမှာပဲ ပုတ်သင်ညိုလေးတွေ ဖြစ်လာနေကြတဲ့ တပည့်တွေအတွက်လည်း ရင်လေးနေမိပါတယ်။ ပုတ်သင်ညိုလေးတွေတင်ဆို အကောင်းသား၊ နောက်ဆိုရင် ဆိတ်ဟိုဒင်းတွေပါ ဖြစ်လာကြရင် ခက်ရချေရဲ့လို့လည်း စိတ်ပူတွေး တွေးမိပါသေးတယ်။
စိတ်မကောင်းဖြစ်မိပါတယ်
စာဖတ်တာ အပြစ်လားဆိုတဲ့ မေးခွန်းတစ်ခုကို ကျွန်တော်မကြာခဏ စဉ်းစားမေးမြန်းနေမိတယ်။ ဒီမေးခွန်းကို မေးရတာက အကြောင်းရှိပါတယ်။ တလောလေးက ဆရာတစ်ယောက်က ကျောင်းသားတစ်ယောက်ကို ဆူပူကြိမ်းမောင်းနေတာတွေ့လို့ မေးကြည့်လိုက်မိပါတယ်။ စာသင်ခန်းထဲမှာ ၀တ္ထုဖတ်နေလို့ပါတဲ့။ ဟုတ်ပေသားပဲ.. စာသင်ခန်းဆိုတာ ပန်းခြံမှမဟုတ်တာ၊ ၀တ္ထုဖတ်စရာလားလို့ အပေါ်ယံတွေးရင်တော့ မှန်ကောင်းမှန်ပါလိမ့်မယ်။ ဒါပေမယ့် အဲဒါဆရာ ပြောဆိုဆုံးမပြီးတဲ့အခါ အဲဒီစာသင်ခန်းကိုသွားပြီး သေသေချာချာ မေးကြည့်မိပါတယ်။ အဲဒီတော့မှ ဇာတ်ရည်လည်ပါတယ်။ စောစောကဆရာက သူတို့အတန်းကို သင်ရတဲ့ဆရာမဟုတ်ပါဘူး။ ဘေးကနေ ဖြတ်သွားရင်းနဲ့ ၀တ္ထုဖတ်နေတာတွေ့လို့ ခေါ်ပြီးဆုံးမတာပါတဲ့။ သူတို့အခန်းကို ၀င်ရမယ့်ဆရာ မလာသေးတဲ့အတွက် ၀တ္ထုစာအုပ် ဖတ်နေမိတာပါတဲ့။ သူဖတ်တဲ့ဝတ္ထုစာအုပ်ကို ကြည့်လိုက်တော့လည်း ဆရာတက္ကသိုလ်ဘုန်းနိုင်ရဲ့ စာအုပ်ပါ။ ကျွန်တော် အတော်လေးကို စိတ်မကောင်းဖြစ်သွားပါတယ်။ စာဆိုရင် ဘာစာပဲဖြစ်ဖြစ် အကုန်လုံးဖတ်ဆိုတဲ့ လူအမျိုးအစားထဲမှာ ပါတဲ့လူဆိုတော့ ကျွန်တော့်အတွက် ပိုခံစားရပါတယ်။
စာဖတ်တာ အပြစ်မဟုတ်ဘူး
"အေး… စာသင်မယ့်ဆရာ မ၀င်သေးရင်လည်း အဲဒီဝတ္ထုကို ဆက်ဖတ်ကွာ" လို့ ပြောခဲ့ချင်ပေမယ့် ဆရာအချင်းချင်း စောင့်စည်းရမယ့် ကျင့်ဝတ်တွေ ရှိနေတဲ့အတွက် "ငါ့တပည့် ဖတ်ချင်ရင်လည်း အဆောင်ရောက်မှ၊ အိမ်ရောက်မှ အေးအေးဆေးဆေး ဖတ်ပေါ့ကွာ" လို့ ပြောခဲ့လိုက်ရပါတယ်။ မညာတမ်း ၀န်ခံရရင် စိတ်ထဲမှာ မကျေမနပ်ဖြစ်မိတာတော့ အမှန်ပါပဲ။ "စာသင်တဲ့ဆရာ မလာတဲ့အချိန်မှာ ကျောင်းသားတွေက ဘာလုပ်နေရမှာလဲ" လို့ မေးလိုက်ရင် "စာကြည့်နေပေါ့ကွ" လို့ အများစုက ဖြေတတ်ကြပါတယ်။ ကျောင်းသားတွေလောက်တောင် အသိဉာဏ်မရှိတဲ့ ဆရာတွေလို့ စိတ်ထဲကနေ ပြောနေမိပါတယ်။ ကျောင်းကသင်ပေးတဲ့ ကျောင်းစာတွေက ဘ၀မှာ တစ်သက်လုံး သုံးလို့ရတယ်လို့ ဘယ်သူတွေကများ ဟောခဲ့၊ ပြောခဲ့၊ ပြဋ္ဌာန်းခဲ့သလဲလို့ ပြန်မေးချင်လိုက်တာမှ တစ်ပိုင်းမဟုတ်ဘူး၊ တစ်ကိုယ်လုံးကို သေနေတာပါပဲ။ စကားများ၊ ရန်ဖြစ်တာမျိုး မဖြစ်ချင်တဲ့အတွက်သာ မသိချင်ယောင်ဆောင်ပြီး အသာလေး နောက်ဆုတ်နေလိုက်ရတာ အတော်များနေပါပြီ။ ကျောင်းစာကိုပဲဖတ်၊ ကျောင်းစာကိုပဲတွက်၊ ကျောင်းစာကိုပဲကျက် လုပ်ခဲ့ရင် ဗိုလ်ချုပ်အောင်ဆန်းဆိုတာ ပေါ်လာစရာအကြောင်း မရှိဘူး၊ ဇော်ဂျီဆိုတဲ့ ကဗျာက၀ိလည်း ဖြစ်လာစရာ အကြောင်းမရှိဘူး၊ ဂန္ဒီလည်း ပေါ်လာမှာမဟုတ်ဘူး၊ လင်ကွန်းလည်း သမ္မတဖြစ်လာမှာမဟုတ်ဘူး။ ကျောင်းသားဆိုတာ ကျောင်းစာတွေနဲ့ပဲ နပန်းလုံးနေရမယ်ဆိုတဲ့ အယူအဆမှားတွေကို စွန့်လွှတ်သင့်နေကြပါပြီ။ နောက်ဆုံး အဲဒီအယူအဆတွေကို မစွန့်လွှတ်နိုင်ရင်တောင် ကလေးတွေစာဖတ်တာကို အပြစ်တစ်ခုလို့ မမြင်ကြပါနဲ့လို့ တိုက်တွန်းလိုက်ချင်ပါတယ်။ ကိုယ်တွေက သူတို့တွေ စာဖတ်ချင်စိတ်ဖြစ်လာအောင်၊ စာဖတ်ဖြစ်အောင် မတိုက်တွန်းနိုင်၊ အားမပေးနိုင်၊ မဆောင်ရွက်ပေးနိုင်ပေမယ့် သူတို့အသိစိတ်လေးတွေနဲ့သူတို့ စာဖတ်နေကြတာကို အပြစ်မမြင်ကြပါနဲ့၊ မတားမြစ်ကြပါနဲ့လို့ လေးလေးနက်နက် တောင်းပန်လိုက်ပါတယ်။
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၂၁ ရက်၊ တနင်္ဂနွေနေ့။
နေ့လည် ၂ နာရီ ၅၉ မိနစ်တွင်ပြီး၏။
No comments:
Post a Comment