Monday, September 28, 2009

စင်ကာပူရောက်မြန်မာတွေ ဖတ်စေချင်၊ စဉ်းစားစေချင်၊ ပြုပြင်စေချင်လို့ပါ


ကြိုတင်တောင်းပန်ပါသည်
ဒီပို့စ်ကိုတင်ဖို့ အတော်ကို စဉ်းစားခဲ့ရပါတယ်။ မူရင်းဆောင်းပါးက ဆရာကျော်ဗဟိန်းရဲ့ ပထမကမ္ဘာသို့ ဒုတိယတစ်ခေါက် (၂၅) ဖြစ်ပါတယ်။ ကျွန်တော် အပတ်စဉ်စောင့်ဖတ်နေရတဲ့ ခရီးသွားဆောင်းပါး ဖြစ်ပါတယ်။ စင်ကာပူနိုင်ငံမှာ ကျင်းပပြုလုပ်ပြီးစီးသွားခဲ့ပြီဖြစ်တဲ့ စင်ကာပူအမျိုးသားနေ့ အခမ်းအနားကြီးကို တက်ရောက်ခွင့်ရခဲ့သူ စင်ကာပူအစိုးရရဲ့ ဖိတ်ကြားခံ အာစီယံသတင်းစာဆရာများထဲက တစ်ယောက်အဖြစ် မြန်မာနိုင်ငံကိုယ်စားပြု တက်ရောက်ခဲ့သူ တစ်ဦး၏ ကိုယ်တွေ့မှတ်တမ်းတွေကို အပတ်စဉ်ဖတ်နေခဲ့ရတာဖြစ်ပါတယ်။ ဗဟုသုတများစွာရသလို စာရေးသူက အကြောင်းတိုက်ဆိုင်လာလို့ သူသတိရတဲ့ဟာတွေကိုပါ ထည့်ရေးသွားတာ၊ သူ့အယူအဆတွေ၊ အတွေ့အကြုံတွေကိုပါ ထည့်ရေးသွားတဲ့ အကြောင်းအရာတွေဟာ လက်ကမချဘဲ တစ်ဆက်တည်းဖတ်ရတဲ့အထိ ဆွဲဆောင်မှုရှိခဲ့တာပါ။ အခုလည်း ဒီအပတ်မှာပါလာတဲ့ အမှတ်(၂၅)ကို ဖတ်ပြီး စင်ကာပူရောက် မြန်မာတွေနဲ့ သက်ဆိုင်တာလေးကိုဖတ်ပြီး ကျွန်တော့်ရင်ထဲမှာ အတွေးတွေ အများကြီးရလိုက်တယ်။ အစက ဆောင်းပါးတစ်ပုဒ်လုံးကို ပြန်ရိုက်ပြီး တင်ပေးမလို့ပါပဲ။ ဒါပေမယ့် အချိန်ကိုကြည့်တော့ မနက် ၂ နာရီခွဲနေပြီ။ ကျွန်တော်တမှေးမှ မအိပ်ရသေးဘူး။ အခြားသူတွေကိုလည်း ဖတ်စေချင်တဲ့စိတ်က တားမရဘူး။ ဒါကြောင့် ဆောင်းပါးထဲကမှ ကျွန်တော်အဓိက ပြန်ပြီးဝေမျှချင်တဲ့အပိုင်းလေးကိုပဲ ရွေးထုတ်ပြီးပြန်ကူးပေးလိုက်ပါတယ်။ အကယ်၍များ အခုလို ရွေးထုတ်ပြီး ဖော်ပြပေးလိုက်မှုဟာ မူရင်းဆောင်းပါးရဲ့ အာဘော်နဲ့ ရည်ရွယ်ချက်၊ အဓိပ္ပါယ်တွေကို တစ်မျိုးဖြစ်သွားစေတယ်ဆိုရင် စာရေးသူနဲ့ The Voice Weekly ကို အနူးအညွတ်တောင်းပန်ပါကြောင်းခင်ဗျား။
ကိုဉာဏ်
--------------------------------------------------------------------------------------
မြန်မာနိုင်ငံသား သိန်းချီရောက်ရှိနေပြီဖြစ်သော ယနေ့ စင်ကာပူတွင် မြန်မာနိုင်ငံသားအများအပြားကို တစ်နေရာတည်း မြင်တွေ့နိုင်သောနေရာမှာ မြို့လယ်ခေါင်ဧရိယာရှိ ပင်နဆူလာပလာဇာဖြစ်သည်။ ပင်နဆူလာတွင် မြန်မာဆိုင် အများအပြားလည်း ရှိသည်။ ပဲပြုတ်၊ ချဉ်ပေါင်ရွက်မှစ၍ မြန်မာပြည်တွင် ရှိသမျှ ရောင်းသမျှနီးပါး ၀ယ်၍ရသည်။ ကျွန်တော်လည်း စင်ကာပူရောက်တိုင်း ပင်နဆူလာသို့ သွားဖြစ်သည်။ ထိုနေရာရောက်တိုင်း ကျွန်တော် ဒေါသဖြစ်မိသည်။ ထို့နောက် ရှက်စိတ်ဝင်မိသည်။ နောက်ပိုင်းတွင်မူ စိတ်မကောင်းဖြစ်ရသည်။ အကြောင်းက ရွှေမြန်မာအမည်ခံ အချို့အချို့သော စည်းကမ်းမဲ့များ၏ နေထိုင်ပြုမူပုံကြောင့် ဖြစ်သည်။ မြန်မာပြည်တွင်ပင် ကျွန်တော် စိတ်အလိုမကျဖြစ်ရသည်က အရည်မရအဖတ်မရ ကွမ်းစားသည့် အလေ့အထဖြစ်သည်။ ကွမ်းစားသူအားလုံးသည် စည်းကမ်းမဲ့သူများချည်း ဖြစ်သည်ဟု ကျွန်တော် ခိုင်ခိုင်မာမာ ယုံကြည်ရလောက်အောင်လည်း ရန်ကုန်မြို့တော်ကြီးတစ်ခုလုံး ကွမ်းတံတွေးထဲတွင် ပက်လက်မျောမတတ် ဖြစ်နေသည်။ နေရာတကာ ကွမ်းတံတွေးများက မြင်မကောင်း၊ ရှုမကောင်း။ ငွေကုန်၊ ရောဂါရ၊ ပတ်ဝန်းကျင်ညစ်နွမ်းကာ အဆင့်အတန်းရှိရှိ သန့်သန့်ပြန့်ပြန့် နေရာများနှင့် မထိုက်တန်သော ဤကွမ်းယာစားသည့် အလေ့အထက ယခုအခါ မြန်မာပြည်သူတစ်ရပ်လုံးကို ဒုက္ခအကြီးအကျယ်ပေးနေသည်။ ပြောရလျှင် မူးယစ်ဆေးဝါးတစ်ခု စွဲလမ်းသကဲ့သို့ပင် အန္တရာယ်ကြီးနေပေပြီ။

ထိုစရိုက်ဆိုးက ရွှေမြန်မာတို့ နယ်ပယ်ချဲ့ထွင်ရာ စင်ကာပူသို့လည်း ကူးစက်နေသည်။ ဘယ်နေရာ၊ ဘယ်အဆောက်အအုံကိုကြည့်ကြည့်၊ ယုတ်စွအဆုံး လမ်းဘေးဆိုင်ကလေးပင်လျှင် အမြဲသန့်ရှင်းသပ်ရပ်နေသော စင်ကာပူတွင် ပင်နဆူလာကတော့ ဆန့်ကျင်ဘက် ဖြစ်နေသည်။ အဆောက်အအုံနှင့် လူမျိုးတစ်ရပ်၊ အဆင့်အတန်းနှင့် ဂုဏ်သိက္ခာကိုပင် မငဲ့ကွက်။ ထုံးစက်၊ ထုံးကွက်၊ ထုံးအိုင်များ ဗွက်ထပေကျံနေသော ကွမ်းယာဆိုင်က သန့်ရှင်းတောက်ပြောင်နေသော အဆောက်အအုံ လူသွားစင်္ကြံဘေး၊ ဆိုင်ခန်းရှေ့တွင် ကျက်သရေမရှိစွာ နေရာယူလျက် ရှိနေချေ၏။ အခြားနေရာအားလုံးတွင် ၀င်းလက်တောက်ပြောင်နေတတ်သော စတီးအမှိုက်ပုံးငယ်ကလေးများမှာလည်း ပင်နဆူလာတွင်တော့ ကွမ်းတံတွေးတို့ဖြင့် ရဲရဲနီလျက် ရှိနေတော့သည်။ ဘယ်နေရာရောက်ရောက်  အရေးပေါ်အခြေအနေကြုံလို့ ၀င်သည်ဖြစ်စေ မွှေးကြိုင်သန့်ပြန့်နေတတ်သည့် သန့်စင်ခန်းအိမ်သာများ ရှိနေသော စင်ကာပူသည် ပင်နဆူလာနှင့်တော့ လုံးဝမသက်ဆိုင်သကဲ့သို့ ရှိ၏။ အပေါ့စွန့်သည့် ကမုတ်ခွက်တွင်လည်း ဆေးလိပ်တို၊ ကွမ်းတံတွေးကွက်တို့ ပေရေညစ်ပတ်စွာ တွေ့ရ၏။ လေအေးစက်တပ်ထားသော အများပြည်သူနှင့်ဆိုင်သော နေရာအားလုံးတွင် ဆေးလိပ်သောက်ခြင်းကို တင်းတင်းကျပ်ကျပ် ကန့်သတ်ထားသော စင်ကာပူလို နိုင်ငံမျိုးတွင် ပင်နဆူလာအိမ်သာများ ပါဝင်ပုံမရ။ ဘယ်နေရာတွင်မဆို လာသမျှ ပရိသတ်အပေါင်းကို လေးလေးစားစား ရိုရိုသေသေ ဆက်ဆံတတ်သော သန့်ရှင်းရေး၊ လုံခြုံရေးဝန်ထမ်းများက ပင်နဆူလာတွင်တော့ ထိုသို့မဟုတ်။ သူတို့ကပင် စည်းကမ်းမရှိရန်ကောဟု ပြန်မာန်မဲငေါက်ငမ်းနေသေးသည်။ ဤအခြေအနေများကို မြင်ကြားတွေ့သိနေရသော ကျွန်တော့်အဖို့ စောစောကပြောသကဲ့သို့ စည်းကမ်းရှိသော ပတ်ဝန်းကျင်သို့ ရောက်နေသည့်တိုင် ဘာကြောင့် စည်းကမ်းမဲ့နေကြသနည်းဟုတွေးကာ ဒေါသဖြစ်မိသည်။ တစ်ဦးချင်း တစ်ယောက်ချင်း စည်းကမ်းဖောက်မှုမှသည် နိုင်ငံသားအားလုံး၏ ဂုဏ်သိက္ခာ အဆင့်အတန်းကို ထိခိုက်စေသည်။ ထို့ကြောင့် ကျွန်တော်ဒေါသဖြစ်ရသည်။ ဒေါသနောက်တွင် ရှက်စိတ်ဖြစ်မိသည်။ နိုင်ငံတကာမှ အသိပညာရှင်၊ အတတ်ပညာရှင်များ၊ ဥဒဟိုလာရောက် ၀င်ထွက်အလုပ်လုပ်နေသော သည်လိုနိုင်ငံမျိုးတွင် မြန်မာများစုရပ်ဆုံရပ်၊ မြန်မာဆိုင်များ တည်ရှိရာ ဤနေရာတွင်မှ အခြားနေရာများနှင့်မတူ စည်းကမ်းမဲ့၊ ညစ်ပေစုတ်ပြတ်နေသည်ကို မြန်မာတစ်ယောက်ဖြစ်နေသောကျွန်တော် စည်းကမ်းမဲ့ မြန်မာတစ်စုကိုယ်စား အင်မတန် ရှက်မိသည်။ စည်းကမ်းကလနားနှင့် ဥပဒေစည်းမျဉ်းနှင့် လူနေမှုအဆင့်မြင့်မြင့် မိမိလုပ်အား၊ အတတ်ပညာနှင့် ထိုက်တန်သော လုပ်ခလစာ၊ ပညာသင်ယူခွင့်ရနေသာ နေရာတစ်ခုတွင် အဘယ်ကြောင့် မိမိနိုင်ငံနှင့် နိုင်ငံသားများ၏ ဂုဏ်သရေကို ညှိုးနွမ်းစေပါသနည်းဟုတွေးရင်း ရှက်စိတ်က တားမနိုင် ဆီးမရ ဖြစ်မိသည်။ ရှက်စိတ်နှင့် တစ်ဆက်တည်း မေးခွန်းများလည်း ပေါ်လာသည်။ မည်သို့သော ရွှေမြန်မာများက ဤသို့ပြုမူကြသနည်း။ အဘယ်ကြောင့် ဤသို့ဖြစ်ရသနည်း။ ဤသို့ ပြုမူခြင်းအတွက် မည်သို့ ခံစားနေကြသနည်း။

"အမှန်ကတော့ဗျာ စင်ကာပူမှာ အရင်ကရောက်နေတဲ့ မြန်မာအများစုက ဒီလိုမဟုတ်ကြပါဘူး။ နောက်ပိုင်း ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေနဲ့ တခြားအလုပ်ကြမ်းတွေအတွက် ရောက်လာတဲ့သူတွေထဲမှာ နဂိုကတည်းက ကြုံသလိုအိပ်၊ ကြုံသလိုစားလာခဲ့တဲ့သူတွေလည်း ပါလာတယ်။ သူတို့တစ်တွေက ဟိုမှာတုန်းကအတိုင်း ဒီမှာနေကြတော့ အခုလိုဖြစ်သွားတာပါ။ အရင်ကဆိုရင် ဘင်္ဂလားဒေ့ရှ်တို့ ဘာတို့ကလာတဲ့ ကုလားတွေမှ လမ်းဘေးပလက်ဖောင်းမှာ ၀ိုင်းဖွဲ့ပြီး သောက်တာစားတာလုပ်တယ်။ သူတို့က သူတို့နိုင်ငံမှာလည်း ဒီလိုပဲလေ။ အခုနောက်ပိုင်း အလုပ်ကြမ်းလုပ်တဲ့ မြန်မာတချို့တောင် အဲဒီလို လုပ်လာကြတာ တွေ့ရတယ်"

စင်ကာပူတွင် ၈ နှစ်ကျော်ကြာ ရောက်ရှိ ပညာသင် အလုပ်လုပ်နေသူ မြန်မာလူငယ် အင်ဂျင်နီယာတစ်ဦးက ကျွန်တော့်ကို ပြောသောစကားဖြစ်ပါသည်။ သူပြောတော့မှ ကျွန်တော်လည်း သတိထားကြည့်မိသည်။ ကွမ်းယာရောင်းသူနှင့် ကွမ်းယာဝယ်စားနေကြသူများ၊ စည်းကမ်းမဲ့ ဆေးလိပ်သောက်နေသူများမှာ စည်းကမ်းရှိသော ပတ်ဝန်းကျင်တစ်ခုသို့ ရောက်ရှိနေသည့်တိုင် သူတို့တစ်တွေကို ထိန်းကျောင်းပေးနိုင်သည့် အသိပညာ၊ အတန်းပညာ လုံလုံလောက်လောက် မရှိခဲ့၊ မရခဲ့သူများ ဖြစ်နေသည်။ အတန်းပညာရှိပါသည် ဆိုသူအချို့ပင်လျှင် ပင်နဆူလာကို ကိုယ့်အိမ်ကိုယ့်ရာကဲ့သို့ သဘောထားကာ စည်းကမ်းမဲ့နေသည်ကိုလည်း တွေ့ရသည်။ ကျွန်တော် ပင်နဆူလာရောက်ခိုက် မြန်မာဆိုင်များနှင့် ပိတ်ရက်တွင် လာအနားယူဝယ်ခြမ်းနေကြသော မြန်မာများကို မှတ်တမ်းအနေနှင့် ဓာတ်ပုံရိုက်နေစဉ် စင်္ကြံကော်ရစ်တာတွင် အုပ်စုဖွဲ့နေသော မြန်မာလူငယ်တစ်ယောက်က ဓာတ်ပုံရိုက်နေသော ကျွန်တော့်ထံကို တန်းတန်းမတ်မတ် လျှောက်လာကာ "ဘာကို ရိုက်နေတာလဲ။ ဘာလုပ်ဖို့လဲ။ ခင်ဗျားက ဘယ်ကလဲ။ ကျုပ်တို့ပုံ မပါစေနဲ့နော်။ ပါလို့ကတော့ မလွယ်ဘူးမှတ်" ဟု ရုပ်ရှင်ထဲက လူကြမ်းပုံမျက်နှာပေးဖြင့် လာပြောသည်။ ကျွန်တော်က မှတ်တမ်းအနေနှင့် ရိုက်ခြင်းဖြစ်ကြောင်း၊ မည်သို့ကိုမျှ ပုဂ္ဂိုလ်ရေးထိခိုက်အောင် လုပ်မည်မဟုတ်ကြောင်း ထိုလူငယ်ကို ကျွန်တော် ကောင်းကောင်းမွန်မွန်ပဲ အဖြေပေးလိုက်ပါသည်။ ထိုလူငယ်ကိုကြည့်ရသည်မှာ အကယ်၍ ကျွန်တော်ကသာ မချေမငံပြန်ပြောပါက တစ်ခုခုပင် လုပ်မည့်ပုံပေါ်နေသည်။ သို့သော် သူ စင်ကာပူကို မည်သည့်ရည်ရွယ်ချက်ဖြင့် ရောက်ရှိနေသည်ကိုတော့ မသိရ။ သူ့ထံတွင် ဤကဲ့သို့ လာပြောလိုက်ပြုမူလိုက်ရခြင်းကို ယဉ်ပါးနေပုံပေါက်သည်။ ဤသို့ပြုမူလိုက်ခြင်းက သူ့အား မြို့ကြီးသား၊ လူရည်လည် ခေတ်မီသူတစ်ယောက်အဖြစ် ပြသရာရောက်သည်ဟု အထင်ရောက်နေဟန် ရှိ၏။ သူ့အပြုအမူကို ကြည့်လျှင် သူကျင်လည်ခဲ့သည့် ပတ်ဝန်းကျင်ကို အကဲခတ်၍ရသည်။ မယဉ်ကျေးခြင်း၊ စည်းကမ်းမရှိခြင်း၊ ကိုယ်ချင်းမစာခြင်း၊ အကြင်နာကင်းခြင်း၊ တလွဲဆံပင်ကောင်းခြင်းတို့သည် သူတို့တစ်တွေ၏ ငယ်ဘ၀ဖြတ်သန်းခဲ့သော ပတ်ဝန်းကျင်နှင့် ဆိုင်သည်။

( The Voice Weekly ဂျာနယ် အတွဲ ၅၊ အမှတ် ၄၇ တွင် ပါရှိသည့် ကျော်ဗဟိန်း၏ ပထမကမ္ဘာသို့ ဒုတိယတစ်ခေါက် (၂၅) မှ ထုတ်နုတ်ကူးယူဖော်ပြပါသည် )

No comments:

Post a Comment

 
Web Statistics