Friday, September 25, 2009

ဟင့်အင်း


(ဟား ဟား ဟား ဟား ဟား ဟား ဟား ဟား ဟား ဟား)
သဘောကျလွန်းလို့ ရယ်ပါရစေဦးဗျာ။ ပို့စ်ခေါင်းစဉ်ကို ဖတ်ပြီး သို့လော၊ သို့လော မတွေးလိုက်ကြပါနဲ့ဦး။ "ဟင့်အင်း" ဆိုတာ ကျွန်တော်မနေ့ညက ကြည့်ခဲ့ရတဲ့ ဗီဒီယိုဇာတ်ကားနာမည်ပါဗျ။ ဇာတ်ကားနာမည်ကြီးကလည်း ဘယ်လိုကြီးမှန်းလည်း မသိဘူးဆိုပြီး အပြစ်တင်မစောကြနဲ့ဦး။ အဲဒီဇာတ်ကားကိုကြည့်ပြီးရင် အဲဒီထက် ဆိုးတယ်ဗျ။ ကျွန်တော်လည်း အဲဒီဇာတ်ကားကို ကြည့်နေတဲ့အချိန်မှာ၊ ကြည့်ပြီးတဲ့အချိန်မှာ ဘယ်လိုကြီးမှန်းလည်း မသိဘူးဆိုပြီး တွေးနေခဲ့ရတာပါဗျာ။ (ဟား ဟား ဟား ဟား) တကယ့်ကို ကဘောက်တိ ကဘောက်ချာဇာတ်လမ်းပါပဲ။ အဲဒီလို ဇာတ်လမ်းတွေကို တွေးခေါ်တတ်တဲ့လူတွေကို ချီးကျူးရမလား၊ ဒီလိုကြီးတော့ မဖြစ်သင့်ပါဘူးဗျာလို့ပဲ ပြောရမလား၊ နိုင်ငံတကာရုပ်ရှင်ပွဲတော်တွေမှာ ကျွန်တော်တို့ မြန်မာတွေ ဒီလိုဇာတ်လမ်းတွေကို ကိုယ်ပိုင်ထွင်ပြီး ရိုက်တတ်ပါတယ်ဗျလို့ပဲ ပြောရမလား။ မသိတော့ပါဘူးဗျာ။

အစကတော့ အဲဒီဇာတ်လမ်းအကျဉ်းလေးကို ရေးပြမလို့ဗျ။ အခုတော့ စိတ်ပြောင်းသွားပြီ။ ခင်ဗျားတို့ကိုယ်တိုင် အဲဒီဇာတ်ကားကို ကြည့်စေချင်တဲ့အတွက် အရသာမပျက်ရအောင်လို့ ကျွန်တော်က ကြားထဲကနေ ဆားမလုပ်တော့ပါဘူးဗျာ။ ဟင့်အင်း ဆိုတဲ့ ပြည်ပန်းညိုလေး ချိုစေချင်လို့ပါ။ တကယ်လို့များ ခင်ဗျားအနေနဲ့ ဗီဒီယိုဇာတ်လမ်းတွေ (အထူးသဖြင့် မြန်မာဇာတ်ကားတွေပေါ့ဗျာ) ကြည့်တာ ၀ါသနာမပါဘူးဆိုရင်လည်း ခင်ဗျား ပတ်ဝန်းကျင်က ကြည့်ပြီးတဲ့လူ၊ ဒါမှမဟုတ် ကြည့်တတ်တဲ့လူကို လက်တို့ပြီး အဲဒီဇာတ်လမ်းအကြောင်း ပြန်ပြောပြခိုင်းလိုက်စမ်းပါ။ သူက ဘာမှတ်ချက်တွေ ပေးမလဲဆိုတာ နားထောင်ကြည့်ပေါ့။

တစ်ခုတော့ရှိတယ်ဗျ။ ခင်ဗျား အမြဲတမ်းကြည့်ဖူးနေတဲ့ မြန်မာဗီဒီယိုဇာတ်လမ်းတွေနဲ့ လုံးဝမတူတာ အသေအချာပဲ။ တစ်ကားလုံးကို အံ့သြခြင်း၊ ဟာဟင် ဖြစ်ခြင်းများနဲ့ ကြည့်ရမယ်။ အချို့လူတွေများဆိုရင် တစ်ကားလုံး နှာခေါင်းရှုံ့ကြမလားမသိဘူး။ (ဟား ဟား ဟား ဟား)

ဇာတ်ကားအမည် - ဟင့်အင်း
စီစဉ်ထုတ်လုပ်သူ - ကိုဂျမန်း (မဟော်ဂနီ ဗီဒီယို ထုတ်လုပ်ရေး)
ဒါရိုက်တာ - ကုသိုလ်
တွဲဖက်ဒါရိုက်တာ - ပုညကုသိုလ်
ဝတ္ထု - ကျော်ထူး
ဇာတ်ညွှန်း - ဦးလှဝင်း(ဘောဂဗေဒ)
သရုပ်ဆောင်များ - မြင့်မြတ်၊ ခိုင်သင်းကြည်၊ ဇော်ဝင်းနိုင်၊ ကင်းကောင်၊ ငှက်ပျောကြော်၊ ဆင်မ၊ စိုးမိုးကြည်၊ တက္ကသိုလ်ဂွမ်းပုံ
အထူးဧည့်သည်သရုပ်ဆောင်များ - နေဆန်း၊ ရန်ကျော်၊ ကျော်ဝင်း (ဟား ဟား ဟား ဟား၊ ဘာလို့ရယ်တာလဲ သိချင်ရင် ငှားကြည့်၊ ငှားကြည့်၊ ဒါမှမဟုတ် လိုက်ရှာပြီး ဒေါင်းလုဒ်လုပ်ပြီးကြည့်)

ဇာတ်ကားအပေါ် သုံးသပ်ချက်
ဇာတ်ရံနေရာတွေကနေ သရုပ်ဆောင်နေတဲ့ ဇော်ဝင်းနိုင်ဟာ သရုပ်ဆောင်မှု အင်မတန်ပီပြင်တာကို တွေ့ရပါတယ်။ ဒီဇာတ်ကားမှာလည်း သူ့ရဲ့ကျရာဇာတ်ရုပ်ကို အတတ်နိုင်ဆုံး အကောင်းဆုံးဖြစ်အောင် သရုပ်ဆောင်ထားတာကို တွေ့ရပါတယ်။ အခြားရုပ်ရှင်ဇာတ်ကားကြီးတွေမှာလည်း သူ့ရဲ့ သရုပ်ဆောင်မှုတွေကို သတိထားမိပါတယ်။ ဒါပေမယ့် ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ ပါဝင်တဲ့အခန်း နည်းနေလို့ဖြစ်မယ်ထင်ပါတယ်။ သူ့အတွက် လုပ်ကွက်နည်းနေသေးတာ ဖြစ်တဲ့အတွက် အခုအချိန်အထိ အကယ်ဒမီမရသေးတာ ဖြစ်မယ်လို့ ယူဆမိပါတယ်။ တကယ်ဆိုရင် ဇော်ဝင်းနိုင်ရဲ့ အနုပညာသမ္ဘာဟာ အကယ်ဒမီဇာတ်ပို့သရုပ်ဆောင်တစ်ဦး ဖြစ်သင့်နေပြီလို့ မြင်မိပါတယ်။

ခိုင်သင်းကြည်ကို ဘာကြောင့် မင်းသမီးအဖြစ် ဒီဇာတ်ကားမှာ သုံးထားရသလဲဆိုတာကို ဇာတ်ကားကြည့်တဲ့အခါ အလိုလို နားလည်လာပါလိမ့်မယ်။ အခြားမင်းသမီးဆိုရင် အခုလိုမျိုး ဇာတ်ရုပ်ဟာ ပီပြင်မယ်မထင်ပါဘူး။ အမြဲတမ်း ကက်ကက်လန်နေတဲ့ ခိုင်သင်းကြည်တစ်ယောက် ဒီဇာတ်ကားမှာတော့ အတော်လေးကို ဇာတ်ရုပ် ပီပြင်တာ တွေ့ရပါတယ်။ ချီးကျူးမိပါတယ်။

မင်းသားနေရာမှာတော့ မြင့်မြတ် အစား အခြားမင်းသားတစ်ယောက်ဆိုရင် ပိုကောင်းမလားလို့ပါ။ သူနဲ့ မလိုက်လို့တော့ မဟုတ်ပါဘူး။ မြင့်မြတ်လည်း အတော်လေးကို ကြိုးစားသရုပ်ဆောင်ထားတာ တွေ့ရပါတယ်။ ဒါပေမယ့် ဘာလိုနေမှန်းမသိပါဘူး။ အဲဒီထက်ပီပြင်အောင် သရုပ်ဆောင်လို့ ရနိုင်သေးတယ်လို့ ထင်နေမိလို့ပါ။ ဒါပေမယ့် မဟော်ဂနီဗီဒီယိုထုတ်လုပ်ရေးရဲ့ ပင်တိုင်မင်းသားဖြစ်တဲ့အတွက် မြင့်မြတ်ကို သုံးထားတာမို့ မပြောလိုတော့ပါဘူး။ ဘာပဲဖြစ်ဖြစ် ဒီဇာတ်ကားမှာ သရုပ်ဆောင်တာ မဆိုးဘူးလို့ပဲ မှတ်ချက်ချပါတယ်။

ခိုင်သင်းကြည်ရဲ့ မိခင်အဖြစ် သရုပ်ဆောင်ခဲ့တဲ့ စိုးမိုးကြည်ကတော့ ပါတဲ့အခန်းလေးတွေကို သမ္ဘာနဲ့ထိန်းပြီး သရုပ်ဆောင်သွားပါတယ်။ ဈေးထဲမှာ ဇော်ဝင်းနိုင်နဲ့ ရန်ဖြစ်တဲ့အခန်းကတော့ စိုးမိုးကြည်ကို အမှတ်ပြည့် ပေးမိပါတယ်။ တကယ်များ ရန်ဖြစ်နေသလားလို့ကို ထင်မိပါတယ်။ အဲဒီလောက်ထိ ပီပြင်တာပါ။

ကင်းကောင်၊ ငှက်ပျော်ကြော်၊ ဆင်မ နဲ့ တက္ကသိုလ်ဂွမ်းပုံတို့ကတော့ ဇာတ်လမ်းကို ကြွတက်လာအောင် ပို့ပေးတဲ့ တကယ့်ဇာတ်ပို့တွေပါပဲ။ သူတို့တွေရဲ့ သရုပ်ဆောင်မှုတွေနဲ့ သူတို့တွေပြောတဲ့ စကားလုံးတွေကြောင့် ဇာတ်လမ်းဟာ ကြွတက်လာရတာတော့ အသေအချာပါပဲ။

ဒါပေမယ့် ဇာတ်သိမ်းပိုင်းကိုတော့ ကျွန်တော်သဘောမကျဘူး။ အလကားနေရင်းကို ဇာတ်သိမ်းပစ်လိုက်သလိုမျိုးကြီး ဖြစ်နေတယ်။ ဆိုလိုတာကဗျာ ဗီဒီယိုဇာတ်ကားတစ်ကားစာ အချိန်ပြည့်နေပြီဖြစ်တဲ့အတွက် ဇာတ်လမ်းကို သိမ်းလိုက်ရတဲ့ပုံစံမျိုးကြီး။ တကယ်ဆိုရင် ဒီထက်ပိုကောင်းသင့်တယ်။ တစ်ကားလုံးကို ဖန်တီးလာတာ၊ ဆွဲခေါ်လာတာ ဟုတ်နေရဲ့သားနဲ့ နောက်ဆုံးကျမှ အဆက်အစပ်မရှိ လုပ်ပစ်တာကတော့ ဒါရိုက်တာရဲ့ လိုအပ်ချက်လို့ ဆိုချင်ပါတယ်။

ဘာပဲပြောပြော အသစ်အဆန်းဇာတ်လမ်းတွေ၊ သူများနဲ့မတူတာတွေကို ကြိုက်တတ်တဲ့လူတွေအတွက်တော့ အပျင်းပြေ ကြည့်သင့်တဲ့ဇာတ်ကားတစ်ကား ဖြစ်ကြောင်း ကိုယ့်ထမင်းကိုယ်စားပြီး အခမဲ့ ကြော်ငြာမောင်း ခတ်လိုက်ရကြောင်းပါ။

P.S. ဒီဇာတ်ကားကို ကျွန်တော့်ဘာသာကျွန်တော်ဆိုရင် ငှားကြည့်ဖြစ်မှာမဟုတ်တာ အသေအချာပါပဲ။ ဘာကြောင့်လဲဆိုတော့ မြင့်မြတ်ဆိုတာ ကျွန်တော်ငှားကြည့်တတ်တဲ့ မင်းသားမဟုတ်လို့ပါ။ အသစ်တွေကို ကျွန်တော်မကြိုက်တာ မဟုတ်ပါဘူး။ ကျွန်တော်ငှားကြည့်ဖြစ်တဲ့ မင်းသားသစ်တွေ ရှိပါတယ်။ မြင့်မြတ်ကိုတော့ သရုပ်ဆောင်တာ သိပ်ပြီး မပီပြင်ဘူးထင်တဲ့အတွက်၊ တစ်ခုခုလိုနေသလို ထင်တဲ့အတွက် မကြည့်ဖြစ်တာပါ။ မနေ့က ကျွန်တော့်သူငယ်ချင်း နေလွင်ဆိုတဲ့ကောင်က သူငှားလာတဲ့ မြန်မာကားနှစ်ကားကို လာပေးလို့ ကြည့်ဖြစ်သွားတာပါ။ ဘာပဲပြောပြော ဇက်ကြောနဲ့ မျက်စိ ပြဿာနာအချို့ကြောင့် မနေ့ညက အင်တာနက်သွားမသုံးဘဲ အခန်းမှာပဲ အပျင်းပြေဗီဒီယိုကြည့်ဖြစ်တဲ့အချိန်မှာ အပျင်းပြေပေါ့ပေါ့ပါးပါးလေး ကြည့်လိုက်ရတဲ့အတွက်တော့ နေလွင့်ကို ကျေးဇူးတင်မိကြောင်းပါ။

သြော်…. မိတ်ဆွေအနေနဲ့ အဲဒီ ဟင့်အင်း ဆိုတဲ့ ဇာတ်ကားကို ငှားကြည့်ပြီးတဲ့အခါ "သဘောတော့ ကျတယ်ဗျ၊ ဒါပေမယ့် ဘယ်လိုကြီးမှန်းမသိဘူး၊ တစ်မျိုးကြီးပဲ" လို့ ဆိုချင်ဆိုလာပါလိမ့်မယ်။ ဒါမှမဟုတ် "ဟာဗျာ… အဲဒီဇာတ်ကားက မစွံပါဘူးဗျာ။ ခင်ဗျားညွှန်းလို့သာ ကြည့်လိုက်ရတာ ဘာမှန်းကို မသိဘူး၊ အလကား အချိန်ကုန်တာပဲ အဖတ်တင်တယ်" လို့ ဆိုချင်ဆိုလာပါလိမ့်မယ်။ ကျွန်တော်အပေါ်ဆုံးမှာ ပြောခဲ့ပါတယ်ဗျ။ တကယ့်ကို ကဘောက်တိကဘောက်ချာ ဇာတ်လမ်းပါလို့။ (သြော်… နောက်ထပ်ကြည့်ဖြစ်တဲ့ ဇာတ်ကားက မိန်းမလှကဗျာ တဲ့ဗျ။ နောက်ထပ်ပို့စ်တစ်ခု ရေးလိုက်မယ်)

ပျော်ရွှင်နိုင်ကြပါစေဟု
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၀၉ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်၊ ကြာသပတေးနေ့။
နံနက် ၁ နာရီ ၄၆ မိနစ်တွင် ပြီး၏။

No comments:

Post a Comment

 
Web Statistics