(၁)
ဟိုတစ်နေ့က ပျင်းပျင်းရှိတာနဲ့ ဗီဒီယိုခွေလေးဘာလေး ငှားကြည့်ရအောင်ဆိုပြီး ဗီဒီယိုခွေငှားဆိုင်ကို သွားပါတယ်။ ထုံးစံအတိုင်း မူရင်းခွေမရှိတဲ့ ကူးခွေဆိုင်ပဲဆိုပါတော့။ အခွေဆိုင်ရောက်တော့ ဘာကားကြည့်ရမလဲဆိုတာ လိုက်ရှာပါတယ်။ ကျွန်တော်က မင်းသား၊ မင်းသမီးရွေးတဲ့လူဆိုတော့ ဗီဒီယိုခွေ တစ်ခါငှားရင် အနည်းငယ်ကြာတတ်ပါတယ်။ ဒါကြောင့်လည်း ကျွန်တော်နဲ့ အဖော်လိုက်လာတတ်တဲ့ ကျွန်တော့်သူငယ်ချင်းတွေက ကျွန်တော်ဗီဒီယိုခွေရွေးမယ်ဆိုရင် နှာခေါင်းရှုံ့ကြတာပါ။ တစ်ခွေချင်းကို စိတ်ရှည်လက်ရှည် ရွေးနေတဲ့ကျွန်တော့်ကို သူတို့တွေ စိတ်မရှည်ကြတာကို သိပေမယ့်လည်း ကိုယ့်ရဲ့ ရှားပါးလှတဲ့အချိန်တွေထဲကနေ တကူးတကဖဲ့ပေးပြီး ကြည့်ရမယ့်ဇာတ်လမ်းတစ်ခုဟာ ကွမ်းယာလို ဇာတ်လမ်းဖြစ်နေရင် မခက်ချေဘူးလား။ သြော် ကွမ်းယာလိုဇာတ်လမ်းဆိုတာက အရည်မရ… အဖတ်မရ… ပတ်ဝန်းကျင်လည်းညစ်ပတ်… စားတဲ့လူလည်းရောဂါရ ဆိုတဲ့သဘောကို ပြောချင်တာပါ။ အဲဒါကြောင့် မင်းသားသစ်တွေဆိုရင် မကြည့်ဖြစ်တာများပါတယ်။ အခြားလူတွေက တအားကြီးအာမခံပြီး အဲဒီမင်းသားကတော့ သရုပ်ဆောင်တာကောင်းတယ်၊ သဘာဝကျတယ် စသည်ဖြင့် ပြောလွန်းမှသာ ငှားကြည့်တတ်ပါတယ်။ ဘေးချော်သွားပြန်ပြီ။ မူလလမ်းကြောင်းကို ပြန်ဆက်ရအောင်ပါ။ အဲဒီလို အခွေရွေးရင်းနဲ့ ကျွန်တော်ကြည့်ချင်တဲ့ ကောင်းမယ်ထင်တဲ့ ဇာတ်ကားမျိုးမတွေ့တဲ့အတွက် အခွေဆိုင်က ကောင်မလေးကို "ဘာဇာတ်ကား အသစ်တွေထွက်သေးလဲ… လုပ်စမ်းပါဦး"လို့ ပြောမိပါတယ်။ ကောင်မလေးက ပါးစပ်ကနေ ပွစိပွစိနဲ့ ရေရွတ်ရင်း အခုလက်တလော အသစ်ထွက်တဲ့ ဇာတ်လမ်းတွေကို စဉ်းစားနေပါတယ်။ ပြီးတော့မှ သတိရသွားဟန်နဲ့ ၀မ်းသာအားရ ပြောပါတယ်။ "ဒီအခွေကြည့်ပါလား…. တော်တော်ကောင်းတယ်" တဲ့။ အခွေပေါ်မှာ ရေးထားတာကို ဖတ်လိုက်တော့ "ဥမ္မာဒန္တီ"တဲ့။ ဟာ……… ဆိုပြီး ကျွန်တော် အတော်လေးကို စိတ်ညစ်သွားပါတယ်။ ကောင်မလေးက ထပ်ပြီး ရှင်းပြနေပြန်ပါသေးတယ်။ "တော်တော်ကောင်းတယ်… ဘုရင်ကြီးက မင်းသမီးကို မရလို့ ရူးသွားတဲ့ဇာတ်လမ်း" ဆိုပြီး ကျွန်တော့်ကို ကြော်ငြာနေပြန်ပါရောလား။ အေးပေါ့လေ… သူတို့တွေအတွက်တော့ အဲဒီလို ဇာတ်လမ်းတွေဟာ အထူးအဆန်းဇာတ်လမ်းတွေ ဖြစ်နေပါလိမ့်မယ်။ သူတို့တွေဟာ ကျွန်တော်တို့တွေလို ငယ်ငယ်က အဲဒီလိုဇာတ်လမ်းတွေကို အိပ်ရာဝင်ပုံပြင်တွေအဖြစ် နားထောင်ခဲ့ကြရတာမှ မဟုတ်ဘဲ။ သူတို့အတွက် ကျန်စစ်သား၊ ငထွေးရူး၊ ငလုံးလက်ဖယ်၊ ညောင်ဦးဖီး ဆိုတဲ့ ပုဂံသူရဲကောင်းတွေထက် စပိုက်ဒါမန်း၊ စူပါမန်း၊ ပါဝါရိန်းဂျား၊ ဟယ်ရီပေါ့တာ စတဲ့ဇာတ်ကောင်တွေက ပိုပြီး သူတို့စိတ်ကို လွှမ်းမိုးထားမှာပေါ့။ ဒါက အဲဒီအခွေငှားဆိုင်က ကောင်မလေးကို ကျွန်တော့်ကို ကြော်ငြာနေတုန်း ကျွန်တော်တွေးနေမိတာတွေပါ။ အဲဒီအထိ ပြဿနာမရှိသေးပါဘူး။ ကျွန်တော်က ရှည်ကဲပြီး "အဲဒီကားတွေ မကြည့်ချင်ပါဘူးဟာ…. အခြားကားသာ ပေးစမ်းပါ… အဲဒါဇာတ်ကားတွေကို ငါတို့ကြည့်တဲ့အချိန်မှာ နင်တို့မွေးတောင် မမွေးသေးပါဘူး… " လို့ ပြောမိတာက စတာပါ။ အံမယ်မင်း… သူ့ကို အဲဒီလိုပြောတော့ သူကမကြိုက်ဘူးဗျ။ သဘောကတော့ သူ့ကို ကလေးလို့ပြောတာကို မခံချင်ဖြစ်တာလို့ ကျွန်တော်ယူဆပါတယ်။ သူက သူ့ကိုယ်သူ လူကြီးတစ်ပိုင်းဖြစ်နေပြီလို့ ခံယူထားပုံ ရပါတယ်။ ဘာပြန်ပြောတယ်မှတ်လဲ။ "အဲဒါတော့ မဖြစ်နိုင်ပါဘူး… မွေးတော့မွေးလောက်ပါပြီ" တဲ့။ ကျွန်တော်ရယ်လိုက်မိပါတယ်။ "ကဲပါ… ဟုတ်ပါပြီ… ညည်းအသက်ဘယ်လောက်ရှိပြီလဲ" လို့ မေးလိုက်တော့ ဘာပြန်ဖြေလဲဆိုတော့ "၉၃ ခုနှစ်ဖွား"တဲ့။ ကျွန်တော်အိနြေ္ဒမဆည်နိုင်အောင်ကို ရယ်မိပါတယ်။ ပါးစပ်ကလည်း "ငါ ၁၃ နှစ်သားတုန်းက နင်မွေးတောင်မမွေးသေးဘူး" လို့လဲ ပြောလိုက်ပါတယ်။ ကျွန်တော်နဲ့ အသက် (၁၀)နှစ်ကွာတဲ့ အငယ်ဆုံးနှမထက်တောင်ငယ်တဲ့ အဲဒီကောင်မလေးက လူကြီးဟန်နဲ့ ကျွန်တော့်ကို ရန်တွေ့နေတာကို ကျွန်တော်အတော်လေးကို သဘောကျနေမိပါတယ်။ ကျွန်တော်နဲ့အတူပါလာတဲ့ ညီငယ်တစ်ယောက်ဆိုရင် ရယ်လို့ကို မဆုံးဘူး။ အစ်ကိုကြီးကို သူနဲ့သက်တူရွယ်တူလောက်ပဲ ထင်နေပုံရတယ်တဲ့။ မဟုတ်မှန်းသိရဲ့နဲ့ သူ့ကို ပြန်မေးမိပါတယ်။ "ငါက အဲဒီလောက်တောင် နုနေလားကွ" လို့။ အဲဒီကျတော့မှ ညီငယ်က ကျွန်တော့်ကိုသေချာကြည့်ပြီး ပိုပြီးရယ်တော့တာပေါ့ဗျာ။ သူဘာကြောင့်ရယ်တယ်ဆိုတာ ကျွန်တော်အသေအချာကို နားလည်ပါတယ်…. အဲဒါကို ကိုယ်တော်က မကျေနပ်နိုင်ဘူး…. ထပ်ပြီးတော့တောင် ရှင်းပြလိုက်သေးတယ်။ "နုပါ့အစ်ကိုရာ…. ကျွန်တော်က အစ်ကိုတို့နဲ့ ပေါင်းနေလို့ပေါ့… မသိတဲ့လူသာဆိုရင် အစ်ကို့ကို ဦးလေးလို့ ခေါ်မှာပဲ" တဲ့။ ဟားဟားဟားဟား…. အဲဒီလိုလူကို အခွေငှားဆိုင်က ကလေးမက "ဥမ္မာဒန္တီ" ဇာတ်လမ်းကြည့်ခိုင်းတာကိုမှ မရယ်ရင် ကျွန်တော်ဘယ်မှာသွားပြီး ရယ်မလဲဗျာ။ ကြုံရတာလေးပြောပါတယ်။
(၂)
အပေါ်မှာ အခွေငှားဆိုင်အကြောင်းပြောရင်းနဲ့ တစ်ဆက်တည်းသတိရလို့ ထပ်ပြောမလို့ပါ။ အပေါ်မှာ ပြောခဲ့သလို ကျွန်တော်ဟာ အခွေငှားဆိုင်မှာ အခွေရွေးတဲ့အခါ အင်မတန်အချိန်ယူတယ်၊ အင်မတန်မှကို ချေးများတယ်လို့ စကားပလ္လင်ခံခဲ့ပါတယ်။ အဲဒါနဲ့ ပတ်သက်ပြီး ကြုံရတာလေးတွေကို ဆက်ပြောမလို့ပါ။ ဒီလိုပါ အခွေတွေကို ရွေးပြီဆိုတဲ့အခါ အကြမ်းဖျင်းအနေနဲ့ ၅ ခွေ ၆ ခွေလောက် အရင်ရွေးထားတတ်ပါတယ်။ ပြီးတော့မှ အဲဒီထဲကနေ ဘယ်အခွေဟာ ဘယ်လိုဇာတ်လမ်းမျိုးလည်း ဆိုတာကို အခွေဆိုင်ကိုမေးတာ၊ အခွေလာငှားတဲ့ လူတွေကို ပြန်မေးတာ စသည်ဖြင့် လုပ်ပါတယ်။ စိတ်တိုင်းကျပြီဆိုမှ အကောင်းဆုံးဖြစ်မယ်ထင်တဲ့ ၂ ခွေကို ငှားပါတယ်။ ဒါကလည်း တကယ်လို့များ တစ်ခွေက ပုံမလာရင် နောက်တစ်ခွေနဲ့ လဲလှယ်ကြည့်ရှုလို့ ရအောင်ပါ။ နို့….. မဟုတ်လို့ကတော့ ငှားလာတဲ့ဇာတ်လမ်းက မကောင်းဘူးဆိုရင် ဗီဒီယိုမကြည့်ဘဲနေရင်နေလိုက်ရမယ်၊ ဒါမှမဟုတ် အဲဒီမကောင်းတဲ့ဇာတ်ကားကိုပဲ စိတ်ဆင်းရဲစွာနဲ့ အချိန်ပေးပြီး ထိုင်ကြည့်နေရဦးမယ်၊ မေတ္တာတွေ ပို့နေရဦးမယ်၊ စိတ်တိုနေရဦးမယ်။ ဒါတွေကို ကြိုတွေးမိလို့ပါ။ အဲဒါတွေထက်ပိုဆိုးတဲ့ ကျွန်တော်အကြောက်ဆုံး အကြောင်းပြချက် ရှိပါသေးတယ်။ အဲဒါကို ပြောချင်လွန်းလို့ ရေးတာပါ။ ဒီလိုပါ ကျွန်တော်တို့က ဗီဒီယိုကြည့်တဲ့အခါ အနည်းဆုံး သူငယ်ချင်း လေးငါးယောက်စုပြီး ကြည့်တာပါ။ အများအားဖြင့် ငှားကြည့်ဖြစ်တာက ဟာသကားတွေ များပါတယ်။ ကျွန်တော့်သူငယ်ချင်းတွေထဲမှာ တစ်ယောက်က နိုင်ငံခြားရုပ်ရှင် ဇာတ်လမ်းတွေနဲ့ ပတ်သက်ရင် တကယ့်ကို စပါယ်ရှယ်လစ်ပါ။ သူမကြည့်ဖူးတဲ့ နိုင်ငံခြားရုပ်ရှင် ဇာတ်လမ်းဆိုတာ အတော်ကို ရှားပါတယ်။ ကျွန်တော်တို့အတွက် ဘယ်လောက်ပဲ အသစ်ဖြစ်နေဖြစ်နေ သူက အမြဲတမ်း အဲဒီဇာတ်ကားကို ကြည့်ပြီးသား၊ သိပြီးသား ဖြစ်နေတတ်ပါတယ်။ ဟောလိဝုဒ်က မင်းသား၊ မင်းသမီးနာမည်ဆိုတာလည်း သူမသိတာ မရှိသလောက်ပါပဲ။ ဒါပေမယ့် သူက မြန်မာကားကို လုံးဝမကြိုက်ပါဘူး။ နောက်ပိုင်းမှ ကျွန်တော်က အတင်းအကြပ် မဲဆွယ်ပြီး ကြည့်ခိုင်းလွန်းတဲ့အတွက် ကျွန်တော်တို့တွေ ဗီဒီယိုကြည့်တဲ့အခါ လာထိုင်တာပါ။ ထားပါတော့လေ ဆိုလိုရင်းကို ပျောက်သွားသလိုတောင် ဖြစ်သွားပါတယ်။ စောစောကပြောသလို ဗီဒီယိုခွေငှားလာတယ်။ သူငယ်ချင်းတွေ စုပြီး ထိုင်ကြည့်ကြတယ်။ အများအားဖြင့်က ဟာသကားတွေ။ ဒါပေမယ့် ဟာသကားကလည်း ကျွန်တော်ကြည့်သလောက် မှီအောင် ထွက်တာမဟုတ်တော့ အခြားသော ကောင်းနိုးရာရာ ဇာတ်လမ်းလေးတွေကိုလည်း ကြည့်ကြရတာပေါ့။ အများအားဖြင့်တော့ ကျွန်တော်ငှားလာတဲ့ ဇာတ်ကားတွေဟာ အတော်လေး အဆင်ပြေတာ တွေ့ရပါတယ်။ ကြည့်တဲ့လူတွေ ကြိုက်ကြတယ်ဆိုပါတော့။ အဲ…. တစ်ခါတစ်လေတော့လည်း အဆင်မပြေတာ ရှိတာပေါ့ဗျာ။ အဲဒီလိုနေ့များဆိုရင် ကိုယ်တော်ချောသူငယ်ချင်းတွေက ကျွန်တော့်ကို စကားလုံးတွေ အမျိုးမျိုးနဲ့ ချီးမွမ်းကြတာများ ခင်ဗျားတို့ကို ကြားစေချင်လိုက်တာဗျာ။ ကျွန်တော်လည်း ဘာပြန်ပြောနိုင်မလဲဗျာ…. ပုံမလာပန်းမလာရိုက်တဲ့ ဒါရိုက်တာ၊ ပုံမလာပန်းမလာ သရုပ်ဆောင်တဲ့ မင်းသား၊ မင်းသမီးတွေ၊ ပုံမလာပန်းမလာထုတ်တဲ့ ထုတ်လုပ်ရေး၊ ပုံမလာပန်းမလာခွေကိုငှားတဲ့ အခွေငှားဆိုင် စသည်ဖြင့် ကျွန်တော့်မျက်စိရှေ့မှာမရှိတဲ့ သူတွေကိုပဲ ကျိန်ဆဲရတာပေါ့ဗျာ။ နောက်နေ့ညနေရောက်တာနဲ့ လက်ဘက်ရည်ဆိုင်ထိုင်ပြီးလို့ အဆောင်ပြန်ရောက်ရင် သူငယ်ချင်းတွေက မေးမြဲမေးခွန်းကို မေးကြပါတယ်။
"ဒီနေ့ ဘာခွေတွေ ငှားထားလဲ" တဲ့။
(၃)
သတင်းစာ လာမပို့တာ နှစ်ရက်ရှိပြီမို့ ဒီနေ့လာပို့တဲ့အခါ သတင်းစာပို့သမားကို ကျွန်တော်ခေါ်ပြောမိပါတယ်။ သူရဲ့အကြောင်းပြချက်က ညနေပိုင်းတွေ မိုးရွာနေလို့ဆိုတာရယ်၊ သိပ်နေမကောင်းလို့ ဆိုတဲ့အဖြေတွေပါပဲ။ ကျွန်တော်လည်း ခဏခဏ ပြောနေရတာဖြစ်တဲ့အတွက် အတော်လေးကို စိတ်ပျက်မိတာ အမှန်ပါပဲ။ ဒါပေမယ့် သတင်းစာပို့တဲ့လူကလည်း သူတစ်ယောက်တည်း ရှိတဲ့အတွက် ဘယ်သူ့ကိုမှ ပြောင်းယူလို့ မရတာက ကျွန်တော့်အတွက် တစ်ပန်းရှုံးနေတော့တာပေါ့။ သူလုပ်သမျှကို ခံနေရတာ အတော်လေးကို ခံပြင်းပါတယ်။ သတင်းစာဆိုတာ နေ့စဉ်ဖတ်ရတဲ့အမျိုးပါ။ အဲဒီလို နေ့စဉ်ဆိုတာတောင် ကျွန်တော်တို့ဆီမှာက ညနေပိုင်းမှ ဖတ်ရတာပါ။ နေ့လည် ၂ နာရီ ၃ နာရီဝန်းကျင်မှ သတင်းစာက ကျွန်တော်တို့မြို့လေးကို ရောက်ပါတယ်တဲ့။ ကိုယ်က ရန်ကုန်မှာနေတာ မဟုတ်ဘူးလေဆိုပြီး ညနေပိုင်းမှ ဖတ်ရတာကိုတောင် အပြစ်မမြင်ဘဲ ဘာမှမပြောပါဘူး။ နေ့တိုင်းလာပို့နေရင်ကို အစဉ်ပြေတယ်လို့ သဘောထားခဲ့တာပါ။ ဒါပေမယ့် နှစ်ရက်သုံးရက် မပို့ဘူးဆိုတာကတော့ လွန်လွန်းတယ်လို့ ထင်ပါတယ်။ နေ့ချင်းသတင်းစာဆိုတဲ့ အဓိပ္ပါယ်ကို မသိတဲ့လူတစ်ယောက်ကို ဘယ်လိုရှင်းပြရမလဲဆိုတာကို ကျွန်တော်အဖြေမတွေ့သေးပါ။ အဲဒီအတွက် ကျွန်တော်က ဒေါသစကားပဲ ပြောလိုက်ရပါတယ်။ ဘာပဲဖြစ်နေဖြစ်နေ သတင်းစာကို နေ့တိုင်းလိုချင်တယ် ဒါပဲ ဆိုတဲ့စကားကလွဲရင် အခြားပြောစရာမှ မရှိတာဗျာ။ ဒီမှာရှိတဲ့ စာအုပ်ဆိုင်တွေ၊ ဂျာနယ်ဆိုင်တွေမှာလည်း သတင်းစာကို တစ်စောင်ချင်း ၀ယ်ဖတ်လို့ရတာ မဟုတ်ပါဘူး။ ပြီးတော့ သတင်းစာဖိုးက လစဉ် ၂၅၀၀ ကျပ် ရှင်းရတာပါ။ သတင်းစာထဲမှာ တစ်စောင်ကို ၅၀ ကျပ်နှုန်းနဲ့ ထုတ်ဝေဖြန့်ချိပါတယ်လို့ တရားဝင်ကြေညာထားတာ ပါပေမယ့် ကျွန်တော်တို့နယ်တွေမှာတော့ ထုံးစံအတိုင်းပဲ သတ်မှတ်ဈေးနှုန်းနဲ့ ဘယ်ရမလဲဗျာ။ အဲဒါကို ကျွန်တော်မပြောလိုပါဘူး။ ပိုက်ဆံလေး ၁၀၀၀ ကျပ်လောက် ပိုပေးရတာကို ဘယ်လိုမှလည်း စိတ်ထဲမှာ မရှိပါဘူး။ အဆောင်အထိလာပို့ပေးတဲ့အတွက် ပို့ခအနေနဲ့ ဒီလောက်တော့ ယူမှာပေါ့လေလို့ ဖြေတွေးတွေးပေးပါတယ်။ ဒါပေမယ့် နေ့ချင်းသတင်းစာကို နှစ်ရက်ကျော် သုံးရက်ကျော် ဖတ်နေရတာကတော့ ဘယ်လိုမှကို သဘာဝမကျတဲ့အပြင် ကျွန်တော့်အတွက် အခြားသော ခံစားမှုတွေကိုပါ ရရှိစေပါတယ်။ အခုလကုန်ခါနီးပါပြီ။ လကုန်ရင်တော့ သတင်းစာဖိုး တောင်းတဲ့ဘောက်ချာ အသေအချာ လာတော့မှာပါ။ အဲဒါကြောင့် ကျွန်တော်ဆုံးဖြတ်ထားပါတယ်။ အခြားမဟုတ်ပါဘူး။ သတင်းစာဖိုးကို မရှင်းသေးဘဲ နေဖို့ပါ။ နောက်နှစ်လကျော်ကျရင် ရှင်းပေမယ်လို့ စိတ်ကူးထားပါတယ်။ ဒါမှမဟုတ် ကြားထဲမှာ စိတ်ပြေသွားရင်လည်း လ၀က်လောက်ရောက်တဲ့အခါ ရှင်းပေးချင် ရှင်းပေးမှာပေါ့ဗျာ။ အဲဒီလိုဆိုရင် သတင်းစာကို နေ့တိုင်းမဖတ်ရတဲ့ အတွက် ကျွန်တော်ဘယ်လိုခံစားရသလဲဆိုတာကို သတင်းစာပို့တဲ့လူနဲ့ ကျွန်တော်ဘယ်လောက်ပဲ အသိပေးပေး ဘာအရေးယူမှုမှမလုပ်တဲ့ သတင်းစာဖြန့်တဲ့ဆိုင်ကပုဂ္ဂိုလ် ကိုယ်ချင်းစာနိုင်လိမ့်မယ်လို့ ထင်ပါတယ်။ အခုလို ကျွန်တော်ဆုံးဖြတ်တာဟာ မှန်သလား၊ မှားသလား ဆိုတာကို ဒီပို့စ်ကိုဖတ်တဲ့ စာဖတ်သူတွေရဲ့အမြင်ကို သိချင်ပါတယ်။ အဆင်ပြေရင် ခင်ဗျားတို့ရဲ့ အမြင်ကို ပြောပြပေးစမ်းပါ။ သြော်… ဒါနဲ့ နည်းနည်းပြောရဦးမယ်။ အလုပ်မရှိ အလုပ်ရှာပြီး သတင်းစာပို့တဲ့လူနဲ့ ပြဿနာရှာရသလားဆိုပြီး တွေးနေကြမှာစိုးလို့ပါ။ အခုလို ကြုံနေရတာ၊ ဖြစ်နေတာဟာ အခုမှမဟုတ်ဘူးဗျ။ ဒီမြို့ကို ကျွန်တော်တာဝန်အရ ပြောင်းလာပြီဆိုကတည်းက မကြာခဏ ကြုံနေရတဲ့ဒုက္ခပါ။ ဘယ်လောက်ကြာပြီလဲ ဟုတ်လား။ ကျွန်တော်ဒီမှာ တာဝန်ကျတာ သုံးနှစ်နီးပါးပဲ ရှိပါသေးတယ်ဗျာ။ ကျွန်တော့်ဘက်ကတော့ သတင်းစာဖိုးကို တစ်လမှ မပျက်ကွက်ဖူးပါဘူး။ မြန်မာ့အလင်းနဲ့ The New Light of Myanmar အတွက် လစဉ် ၅၀၀၀ ကျပ် ပုံမှန်ပေးနေကြောင်းပါ။ နောက်တစ်ခုက သတင်းစာတွေကြားမှာ ပေါက်ကရ မုန့်ဟင်းခါးဆိုင်တို့၊ ဆံပင်ညှပ်ဆိုင်တို့၊ ပိုက်ဆံအိတ်ကျပျောက်တာတို့ စတဲ့ ကြော်ငြာစာရွက်တွေပါလာလို့ ပြောမိပါတယ်။ အင်မတန်ကို ထူးဆန်းအံ့သြဖွယ် သတ္တ၀ါတစ်မျိုးကို တွေ့ရတဲ့ပုံစံမျိုးနဲ့ ကျွန်တော့်ကို ကြည့်ပါတယ်။ ကျွန်တော်သဘောပေါက်သွားပါတယ်။ ရောမရောက်နေတာကို ရောမလိုကျင့်ဖို့ လိုတာကိုးလို့။
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၀၉ ခုနှစ် စက်တင်ဘာလ ၂၈ ရက်၊ တနင်္လာနေ့။
နံနက် ၀ နာရီ ၁၃ မိနစ်တွင် ပြီး၏။
No comments:
Post a Comment