တစ်ခွက်တစ်ဖလား
ပန်းလှိုင်စိုး (ကျုံပျော်)
ညနေစောင်းရင်
လေကရွက်ဖောင်းအောင်တိုက်တယ်
ရောဂါတစ်ခုလို
အရက်ဆိုင်ဘက် လှည့်လှည့်နေတဲ့ခြေလှမ်းတွေကို
ရာသီကလည်း အလိုလိုက်လွန်းတယ်
ဒီစည်းစိမ်က
ဆက်ရက်မင်း စည်းစိမ်
မိသားစုဘ၀နဲ့ ၀ယ်မှရတယ်
ကိုယ့်ကိုကိုယ်လည်း အပေါင်ပေးရတယ်
ပင်စင်စားတစ်ယောက်လို
လူ့ဘ၀ကြီးက အဓိပ္ပါယ်မရှိတော့သလိုလိုအတွေးနဲ့
မြင်နေကျရှုခင်းတွေကို စိတ်ကုန်တယ်
အရက်ဆိုင်ဟာ ငါ့ညနေကို အဆိပ်ခတ်ခဲ့ပြီ
မမူးခင်တော့
ကော်ဖီဆိုင်က ကော်ဖီထက်ချိုတဲ့
ဆိုင်ရှင်ကောင်မလေးရဲ့ နှုတ်ခမ်းက
နှင်းဆီပွင့်တွေပဲတွေ့တယ် ဆူးမမြင်ဘူး
သူစီးတဲ့ ဆိုင်ကယ်ထက် အသံပိုကျယ်တဲ့
ဆိုင်ကယ်စီးသူတွေရဲ့ မျက်နှာ
ပုလင်းပဲတွေ့တယ် လွတ်နေတာ မမြင်ဘူး
လူရှုပ်ရင် ညို့လာတဲ့မိုးက
ရပ်ကွက်ထဲမှာ လာရွာချတာ
သီချင်းပဲကြားတယ် ကီးမမှန်တာ မသိဘူး
မူးလည်းလာရော
ဆူးစူး၍ပင်
ဆူးနှင့်ထွင်မည်
အသင်ဘာပြောချင်သနည်း ဆိုတဲ့
ကဗျာရွတ်ဖို့
ကိုယ့်နှုတ်ခမ်းတွေ
ကွမ်းစားထားတဲ့ နှုတ်ခမ်းတစ်စုံထက်
ပိုပိုရဲလာကြပြန်တာ ခက်တယ်….။
(ပလန်းနက် ဖိုရမ်မှ ဖတ်ရှုကူးယူထားဖူးသော ကဗျာတစ်ပုဒ်ဖြစ်ပါသည်)
No comments:
Post a Comment