Friday, July 30, 2010

အသိနဲ့ ခံစားမှုကို ဘယ်အရာက ပြဋ္ဌာန်းပေးသလဲ - လူထုစိန်ဝင်း


useinwin.jpg
လက်ပွန်းတတီးနဲ့ သိပ်ပြီးရင်းနှီးတဲ့ တပည့်မတစ်ယောက် တစ်ရက်မှာ ရောက်လာပြီး ရန်ထောင်ပါတယ်။ ဘတ်(စ်)ကားသမားတွေ သိပ်ပြီး ရိုင်းစိုင်းတဲ့အကြောင်း စာတွေရေးကြ၊ ကာတွန်းတွေဆွဲကြ လုပ်နေကြတာများနဲ့ ပတ်သက်ပြီး၊ ကိုယ့်ဘက်က ခံရတာတွေချည်း မကြည့်ဘဲ ဘတ်(စ်)ကားသမားများဘက်က ပြောစရာရှိတာတွေကိုလည်း ပြောခိုင်းပြီး နားထောင်ကြည့်ဖို့လိုတဲ့အကြောင်း "သူများဖိနပ်ကိုစွပ်ပြီး စဉ်းစားပါ" ဆိုတဲ့ ခေါင်းစဉ်နဲ့ စာရေးခဲ့တာကို မကျေနပ်လို့ပါတဲ့။

ဘတ်(စ်)ကားစီးများရဲ့ ဒုက္ခ
သူရန်ထောင်တဲ့ စကားတွေထဲမှာ ဘတ်(စ်)ကား မစီးဖူးဘဲနဲ့ ဘတ်(စ်)ကားစီးနေရသူတွေရဲ့ ဒုက္ခကို မသိနိုင်ဘူးဆိုတဲ့ စကားတစ်ခွန်း ပါပါတယ်။ ပြီးတော့မှ နေ့စဉ်နဲ့အမျှ ကြုံတွေ့နေရတဲ့ ဘတ်(စ်)ကားစီးသူများရဲ့ အစော်ကားခံရမှုမျိုးစုံကို အကျယ်တ၀င့် ရှင်းပြပါတယ်။ စပယ်ယာတွေက ရိုင်းရိုင်းပျပျ စော်ကားတယ် ဆိုတာတွေကတော့ ကြားဖူးပေါင်များလို့ မဆန်းတော့ပါဘူး။ ဆန်းတာတစ်ခုပဲ ပြောပြပါမယ်။ သတင်းစာဆရာကြီး ဂျာနယ်ကျော် ဦးချစ်မောင်က ခါးပိုက်နှိုက်နေတာကို သိသိကြီးနဲ့ ခါးပိုက်နှိုက် ရှက်သွားမှာစိုးလို့ ဘာမှမပြောဘဲ ငြိမ်ငြိမ်ကလေး အနှိုက်ခံလိုက်တဲ့အကြောင်းကို စာရေးဆရာတွေက စာဖွဲ့ကြတယ်။ ဦးချစ်မောင်လိုလူ ရှားတဲ့အကြောင်း အမွှန်းတင်ကြတယ်။

ဂျာနယ်ကျော်တွေ အများကြီး
ဂျာနယ်ကျော် ဦးချစ်မောင် ခေတ်က သူလိုလူမျိုး ရှားပေမယ့် ဒီခေတ်မှာတော့ သူလိုလူမျိုးတွေ ပေါများလှပါတယ်။ ဒီအကြောင်းတွေတော့ ဘယ်သူကမှ ရေးဖော်မရကြဘူးလို့လည်း ပြောပါတယ်။ ကားထဲမှာ လူတွေပြွတ်သိပ်ညပ်နေတဲ့ကြားက ခါးပိုက်နှိုက်က ကိုယ့်အိတ်ခွဲနေတာကို သိလည်းသိသိနဲ့ ငြိမ်နေလိုက်ရတယ်။ ဘလိတ်ဓားနဲ့ ပါးကို ခြစ်သွားမှာစိုးလို့ မပြောရဲဘူး။ အဲဒါထက် ပိုဆိုးတာ ရှိသေးတယ်။ ငါးသေတ္တာထဲက ငါးတွေကို တစ်ယောက်နဲ့တစ်ယောက် ထပ်ညပ်နေရချိန်မှာ ကိုယ့်ဘေးမှာ ကပ်နေတဲ့ ကောင်လေးနဲ့ ကောင်မလေးစုံတွဲက ဘေးလူတွေကို ရှိတယ်တောင် သဘောမထားဘဲ တစ်ယောက်ခါး တစ်ယောက်ဖက်ရင်းက ပါးချင်းအပ်နေကြတာတွေကို အောင့်အည်းသည်းခံ နေရတာပါပဲတဲ့။

နသယ်ကို တူနဲ့နှက်သလို
အဲဒီလို အချိန်မှာ မျက်စိရှက်လို့ ရှောင်ထွက်ချင်လို့လည်း ထွက်လို့မရတဲ့ မိန်းမတစ်ယောက်ရဲ့ ဒုက္ခကို ဆရာ စဉ်းစားတောင် ကြည့်ဖူးမှာ မဟုတ်ပါဘူးလို့ သူက စကားကို နိဂုံးချုပ်လိုက်ပါတယ်။ သူပြောတာတွေကတော့ အများကြီးပါပဲ။ ဒါပေမယ့် ဘတ်(စ်)ကား မစီးဖူးဘဲနဲ့ ဘတ်(စ်)ကားစီးသူတွေရဲ့ ဒုက္ခကို မသိနိုင်ပါဘူးဆိုတဲ့ စကားတစ်ခွန်းက ခေါင်းထဲမှာ ပဲ့တင်ထပ်ပြီး စွဲကျန်ရစ်တယ်။ တကယ့်အမှန်တရားကို သူက တည့်တည့်ကြီး ပြောထည့်လိုက်တာကိုး။ သူ့စကားက နားသယ်ကို တူနဲ့နှက်သလို ဒိုင်းခနဲ ဒိုင်းခနဲ ဆောင့်ဝင်သွားတယ်။ အခံရခက်ပေမယ့် ဘာမှ ပြန်မချေပနိုင်ဘူး။ အမှန်တရားဆိုတာ ခါးသီးလှပါတယ်။

ကိုယ်မခံရတော့ ခွင့်လွှတ်နိုင်တယ်
ဒုက္ခိတဘ၀နဲ့ အိမ်ထဲက အိမ်ပြင်မထွက်နိုင်တဲ့ အချိန်ကတည်းက ဘတ်(စ်)ကား မစီးခဲ့ဖူးတာဆိုတော့ကာ ဘာလိုလိုနဲ့ နှစ်ပေါင်းသုံးဆယ်တိတိ ရှိခဲ့ပြီ။ ဘယ်ကမှာလဲ၊ ထောင်ထဲ ကျွန်းထဲနေခဲ့တဲ့ ကာလတွေနဲ့ပါဆိုရင် လေးဆယ့်သုံးနှစ်တောင် ရှိပြီပေါ့။ အဲဒီ မတိုင်ခင်ကလည်း အိမ်နဲ့အလုပ်က တစ်နေရာတည်းဖြစ်နေတော့ ဘတ်(စ်)ကားစီးဖို့ မလိုဘူး။ ဒါကြောင့် ဘတ်(စ်)ကားအကြောင်း ဘာမှမသိဘူးဆိုတဲ့ တပည့်မရဲ့ စကားက မှန်ပါတယ်။ ဒုက္ခမခံဖူးသူကတော့ လွယ်လွယ်ကူကူ ခွင့်လွှတ်နိုင်မှာပေါ့။ ကိုယ်ခံရတာမှ မဟုတ်ဘဲကိုး။ ခံရသူကတော့ ဘယ်မေ့နိုင်မှာလဲ။

နာဇီမုဆိုးများ
ဒုတိယကမ္ဘာစစ်ကြီး ပြီးသွားတော့ နာဇီအသေခံစခန်းတွေကနေ အသက်ရှင်လျက် ပြန်လွတ်လာသူတွေရှိတယ်။ အဲဒီထဲက တချို့က အဖမ်းမခံရဘဲ လွတ်မြောက်သွားတဲ့ နာဇီစစ်တရားခံတွေကို မရမက လိုက်လံရှာဖွေပြီး စစ်ခုံရုံးတင်နိုင်အောင် ကြိုးပမ်းခဲ့ကြတယ်။ သူတို့ရဲ့ ကျေးဇူးကြောင့် "အိုက်ခမန်း" လို ထိပ်သီးလူသတ်သမား စစ်ရာဇ၀တ်ကောင်တွေကို ဖမ်းဆီးအပြစ်ပေး နိုင်ခဲ့ကြတယ်။ စစ်ကြီးပြီးတာ နှစ်ပေါင်း ၆၀ ကျော်တဲ့အထိ နာဇီမုဆိုးတွေဟာ သွေးအေးမသွားခဲ့ဘူး။ နာဇီအိုကြီးတွေကို လိုက်လံရှာဖွေ ဖော်ထုတ်နေကြဆဲ ဖြစ်တယ်။ မိသားစုတစ်ခုလုံး ဘိုးဘွားမိဘတွေကအစ သားငယ်၊ သမီးငယ်တွေပါ မကျန်ရစ်အောင် အသတ်ခံခဲ့ကြရသူတွေဟာ ဘယ်လိုလုပ်ပြီး သွေးအေးသွားနိုင်မှာလဲ။

မခံရသူ သဘောထားကြီးနိုင်
ဒီလူတွေကိုသွားပြီး နာဇီတွေကို မမုန်းပါနဲ့၊ ရန်သူလို သဘောမထားပါနဲ့လို့ ပြောရင် ရက်စက်ရာ မကျဘူးလား။ သူ့သွေးသားရင်းချာတွေ တစ်ယောက်ပြီးတစ်ယောက် ဇွတ်အတင်း ဆွဲခေါ်သွားတာကို မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရပြီး သူကိုယ်တိုင်တောင်မှ သေလုသေခင်အဖြစ်က သီသီကလေး လွတ်ခဲ့ရတာ။ သူလို မခံစားခဲ့ရသူအဖို့တော့ သဘောထားကြီး ခွင့်လွှတ်ရတာ လွယ်မှာဖြစ်ပေမယ့် ခံရသူအဖို့တော့ လွယ်မှာမဟုတ်ဘူး။ အဲဒီတော့ သူအမုန်းကြီးပြီး အငြိုးမပြေနိုင်တာကို အပြစ်မတင်သင့်ပေဘူး။

အသိကို ဘာက ပြဋ္ဌာန်းသလဲ
ကျောင်းသူဟောင်း ပြန်သွားပေမယ့် ဒီအကြောင်း အတွေးမပြတ်ဘဲ ကျန်ရစ်တယ်။ လူ့အသိဉာဏ်တို့ ခံစားမှုတို့၊ ယုံကြည်မှုတို့ဆိုတာတွေကို ဘယ်အရာက ပြဋ္ဌာန်းသလဲ ဆိုတဲ့အကြောင်းကို စဉ်းစားနေမိတယ်။ မွေးရာပါဗီဇတို့၊ ပါရမီတို့က ပြဋ္ဌာန်းလိုက်တာလား၊ မိုးပေါ်က ကျလာတာလား။ ဘတ်(စ်)ကား မစီးဖူးဘဲ ဘတ်(စ်)ကားစီးသူတွေရဲ့ ဒုက္ခကို မသိနိုင်ဘူးဆိုတဲ့ တပည့်မရဲ့ စကားဟာ မှန်သောစကားပဲ။ ဒီဒုက္ခကို မခံဖူးတဲ့သူက သဘောထားကြီးနိုင်၊ အလွယ်တကူ ခွင့်လွှတ်နိုင်မှာ ဖြစ်ပေမယ့်၊ နေ့စဉ်နဲ့အမျှ တစ်နေ့ကို နှစ်ကြိမ်နဲ့ နှစ်ပေါင်းများစွာ ဒီဒုက္ခတွေကို ခံလာခဲ့ရသူအဖို့တော့ အလွယ်တကူ ခွင့်လွှတ်နိုင်ဖို့ဆိုတာ မလွယ်လှပါဘူး။ ဒါကို အမြင်ကျဉ်းတယ်၊ တစ်ဖက်သတ်ကြည့်တယ်၊ မေတ္တာစိတ် ခေါင်းပါးတယ်လို့ အပြစ်ပြောရင် ပြောတဲ့သူလွန်တာပဲ ဖြစ်လိမ့်မယ်။

မြို့သားက မြွေကိုချစ်ပေမယ့်
တကယ်တော့ လူ့အသိဉာဏ်တို့၊ ခံစားမှုတို့၊ ယုံကြည်မှုတို့ဆိုတဲ့ အရာအားလုံးကို အဲဒီလူ ကျင်လည်နေတဲ့ ဘ၀နဲ့ ပတ်ဝန်းကျင်က ပြဋ္ဌာန်းပေးလိုက်တာပဲ။ ဘယ်တန်ခိုးရှင်ကမှ ဖန်ဆင်းပေးလိုက်တာ မဟုတ်ကြပါဘူး။ နီယွန်မီးရောင်အောက်က ကွန်ကရစ်လမ်းမကြီးတွေပေါ်မှာ လမ်းလျှောက်နေတဲ့ မြို့ကြီးသားက မြွေကို မကြောက်ဘူး။ ရန်သူလို့ သဘောမထားဘူး။ အလှမွေး မြွေလေးတွေကိုတောင် ၀ယ်ပြီး အိမ်မှာ မွေးချင်မွေးထားဦးမယ်။ ဒါပေမယ့် တော်က လယ်ကွင်းတွေထဲ အချိန်မတော်၊ အချိန်တော် အလုပ်လုပ်နေရတဲ့ လယ်သမားတွေကတော့ မြွေဟာ ကြောက်စရာအကောင်းဆုံး ရန်သူပဲ။ တွေ့တာနဲ့ ရိုက်သတ်မှာပဲ။ သူက ဦးအောင်ရိုက်မထားရင် မြွေက သူ့ကို တစ်ချိန်ချိန်မှာ အသေကိုက်မှာ မဟုတ်လား။

တောသားက မြွေ ကြောက်တယ်
မြို့သားမြွေချစ်တာ အပြစ်မပြောပါဘူး။ သူက မြွေကိုက်မခံရဖူးသလို သူ့ဆွေမျိုးတွေထဲမှာလည်း မြွေကိုက်လို့ သေတာ တစ်ယောက်မှမရှိတာပဲ။ တောက လယ်သမား မြွေကို ရွံကြောက်ကြီးဖြစ်ပြီး အကြီးဆုံးရန်သူလို့ သဘောထားတာ၊ တွေ့တာနဲ့ ဦးအောင်သတ်တာကိုလည်း မြို့သားက အပြစ်မတင်ဘဲ နေတတ်ဖို့ လိုပါတယ်။ အသိနဲ့ ခံစားမှုဆိုတာ လက်တွေ့ဘ၀က ပြဋ္ဌာန်းပေးလိုက်တာပါ။ ဂေဟစနစ် ထိန်းသိမ်းရေးသမားတွေက မြွေတွေဟာ ကြွက်တွေ နှိမ်နင်းပေးနေတာဖြစ်လို့ လယ်သမားရဲ့ မိတ်ဆွေပါလို့ ပြောနေပေမယ့် လက်တွေ့အားဖြင့်တော့ လယ်သမားက သူ့ဘ၀ပေး အသိနဲ့ မြွေကို ရန်သူအဖြစ်ပဲ သဘောထားနေမှာ ဖြစ်ပါတယ်။

အိမ်ပြန်ရောက်တိုင်း မှန်ပြေးကြည့်ရ
ဘတ်(စ်)ကား ဒုက္ခမခံဖူးတဲ့ ဆရာဖြစ်သူက ဘတ်(စ်)ကားဆရာတွေကို နားလည်ပေးဖို့၊ စာနာစိတ်နဲ့ သည်းခံဖို့ စာတွေရေးပြီး လူကြီးလူကောင်း ပီသပြနေပေမယ့်၊ နေ့စဉ်နဲ့အမျှ ကိုယ့်ကိုယ်ကိုယ် လူမှဟုတ်သေးရဲ့လားလို့ အိမ်ပြန်ရောက်တိုင်း မှန်ပြေးကြည့်ရတဲ့အထိ အစော်ကားခံနေရတဲ့ တပည့်မကတော့ လူကြီးလူကောင်း မဆန်နိုင်ဘူး ဆရာရေလို့ ဘွင်းဘွင်းရှင်းရှင်းပဲ ပြောလိုက်တယ်။ အဲဒါ သူ့ကို အပြစ်တင်လို့ရမလား။ မြွေကို ကြောက်စရာအကောင်းဆုံး ရန်သူအဖြစ် သဘောထားတဲ့ တောကလယ်သမားကိုရော အပြစ်တင်လို့ ရမလား။ အသိကို ဘ၀က ဖန်တီးပေးတာပဲလေ။
၂၀-၇-၂၀၁၀

3 comments:

  1. ဘိုဘိုလန်းစင်ကြော်ငြာကြောင့် လာဖတ်ဖြစ်ပါတယ်ခင်ဗျ။
    မှန်တာတွေချည်း ရေးသွားတာမို့ ငြင်းစရာလည်း တစ်ကွက်မှ မတွေ့မိပါဘူး။

    တစ်ခုပဲရှိပါတယ်၊
    စစ်ဒဏ်ခံကြရတဲ့ နယ်စပ်က တိုင်းရင်းသားတွေရဲ့ အမုန်းကိုကျတော့ အမြင်ကျဉ်းတယ်လို့ အတော်များများက မြင်တဲ့ကိစ္စပါ။ အမှန်တော့ သူတို့တတွေဟာ ထုတ်လုပ်သူမဟုတ်ပဲ ထုတ်ကုန်တွေဆိုတာ မေ့နေကြတာ စိတ်တော့မကောင်းစရာပါ။

    နာတာရှည်အနာအတွက် ဆေးလိုနေတာကို အလွယ်တကူ ပိစပ်ရွက် (ဆေးမီးတို) ကပ်လိုက် ပြီးရောပေါ့လို့ဆိုသူတွေ များနေသ၍ မြန်မာပြည်အတွက် ငြိမ်းချမ်းစရာလမ်း သိပ်မမြင်ပါ။ စာနာစိတ်တွေ မရှိကြသ၍ ဒီမိုကရေစီအစိုးရ ဆိုတာဟာလည်း တတ်နိုင်မှာမဟုတ်ပါ။

    ကြုံဆုံရင်း မဆိုင်တာတွေ ဝင်ရောက်ပြောဆိုသလို ဖြစ်သွားရင်တော့ သည်းညည်းခံ ဖတ်ပေးကြပါလို့သာ။

    ReplyDelete
  2. thank sayar gyi for the article.

    ReplyDelete
  3. ကွန်းမန့်တွေအတွက် ကျေးဇူးပါ။ စာကောင်းတာက ဆရာလူထုစိန်ဝင်း ကောင်းလို့ပါ။ ကျွန်တော်က တစ်ဆင့်ခံပြန်တင်ပေးပြီး ဇွန်းတပ်ပေးတာပါ။ အဲဒီလို ပြန်တင်ပေးတဲ့စာလေးကို သဘောကျတယ်ဆိုတဲ့အတွက် ပီတိဖြစ်ရပါတယ်။ အဲဒီပီတိလေးအတွက် ကျေးဇူးတင်ပါတယ်။

    ReplyDelete

 
Web Statistics