ဟာသ (၁)
အလုပ်အင်တာဗျူးတစ်ခုမှာ မန်နေဂျာက အလုပ်လာလျှောက်တဲ့ ကလေးမလေးကို အသက်ဘယ်လောက်လဲလို့ မေးလိုက်ပါတယ်။
လက်တွေတစ်ချောင်းချင်းချိုး၊ ခြေချောင်းတွေပါ ထည့်ရေတွက်ပြီးတဲ့အချိန်မှာ "၂၀" လို့ ပြန်ဖြေပါတယ်။
"မင်းအရပ် ဘယ်လောက်လဲ" လို့ ထပ်မေးတော့ သူက မတ်တတ်ရပ်၊ အိတ်ထဲမှာပါလာတဲ့ ပေတံနဲ့တိုင်းပြီး " ၅ ပေ ၆ လက်မ" တဲ့။
နာမည်ကိုမေးတော့ သူက မျက်စိခဏမှိတ်ပြီး "ရိုစီ" လို့ ဖြေပါတယ်။
မန်နေဂျာက နားမလည်နိုင်အောင်ဖြစ်သွားရင်း "မင်းအသက်တွေ၊ အရပ်တွေကတော့ ဟုတ်ပါရဲ့... မင်းနာမည်ကိုရော ဘယ်လိုမှတ်လဲ" လို့ မေးတော့ သူက ဒီလိုပြန်ဆိုပြပါတယ်။
"ဟက်ပီးဘတ်ဒေးတူးယူ... ဟက်ပီးဘတ်ဒေးတူးယူ.... ဟက်ပီးဘတ်ဒေး ချစ်သော ရိုစီ... ဟက်ပီးဘတ်ဒေးတူးယူ" တဲ့။
ဟာသ (၂)
ပီတာတစ်ယောက် သူ့ရဲ့ ဆယ်ကျော်သက်အရွယ် သားငယ်အတွက် ဘယ်တုန်းကမှ ရတက်မအေးခဲ့ရပါဘူး။ သားကို လမ်းမှားရောက်မှာ စိုးရိမ်တဲ့စိတ်နဲ့ နေရာတကာ ချုပ်ချယ်မိတာကို စဉ်းစားမိတော့ အပြစ်ရှိသလိုပါပဲ။ ဒါနဲ့ သူ့သားငယ် ၁၈ နှစ်ပြည့်တော့ အရွယ်ရောက်ပြီလို့ ယူဆတာကြောင့် ခွင့်ပြုသင့်တာတွေ ခွင့်ပြုရမယ်လို့ သိမြင်လာပါတယ်။
ဒါနဲ့ သားဖြစ်သူကိုခေါ်ပြီး "သားရေ... မင်းလည်း အရွယ်ရောက်နေပြီ။ အဖေက သားကို ဟိုဟာမလုပ်နဲ့၊ ဒီဟာမလုပ်နဲ့ တားခဲ့လို့ သားလည်း စိတ်ကျဉ်းကျပ်နေမှာပဲ။ ဒီနေ့ကစပြီး ဆေးလိပ်သောက်ချင်တယ်ဆို သောက်နိုင်ပြီ" လို့ဆိုတော့ ပီတာရဲ့သား ပြန်ပြောတာက
"ကျေးဇူးတင်ပါတယ် ဖေဖေ၊ ကျွန်တော် လွန်ခဲ့တဲ့ (၂)နှစ်ကတည်းက ဆေးလိပ်ဖြတ်ပြီးပါပြီ" တဲ့။
ဟာသ (၃)
စိတ်ရောဂါကုဆရာဝန် ဂျင်မီရဲ့ဆေးခန်းကို အမျိုးသမီးတစ်ယောက် သူ့ခင်ပွန်းသည်ရဲ့ အခြေအနေကို လာတိုင်ပင်ပါတယ်။
"ကျွန်မယောက်ျားအတွက် ကုသဖို့ နည်းလမ်းရှိပါ့မလား ဆရာရယ်။ ရူးများ ရူးသွားပြီလားမသိဘူး။ သူ့ကိုယ်သူ ရေခဲသေတ္တာလို့ ထင်နေတယ် ဆရာရဲ့" လို့ ပြောပါတယ်။
ဒါနဲ့ ဂျင်မီက "ဒီလောက်လည်း စိတ်မပူပါနဲ့ဗျာ။ ခုချိန်က လူတွေမှာ စိတ်ဖိစီးမှုတွေများတော့ ဒီလိုပဲဖြစ်တတ်ပါတယ်" လို့ဆိုတော့ အမျိုးသမီးက စိတ်သက်သာပုံမရဘဲ ဒီလိုထပ်ပြောပါတယ်။
"ဆရာ သူ့ကို နားမလည်ပါဘူး။ သူက ပါးစပ်ကြီးဟပြီးအိပ်တော့ သူ့ထဲက ရေခဲသေတ္တာမီးက လင်းနေတာ ကျွန်မဘယ်အိပ်ပျော်ပါ့မလဲ..."
ဟာသ (၄)
ဂျွန်နဲ့တယ်ရီတို့က သင်္ဘောတစ်စင်းပေါ် အတူခရီးသွားရင်း အသိအကျွမ်းဖြစ်နေကြပါတယ်။ ဂျွန်က ရေမကူးတတ်သူမို့ အခုနေများ တစ်ခုခုဖြစ်ရင် အသက်ဘေးနဲ့ ရင်ဆိုင်ရမှာကြောက်မိတယ်လို့ တယ်ရီကို ပြောပါတယ်။ ဒါကို တယ်ရီက "ဒီလောက်ကြီးလည်း စိတ်မပူပါနဲ့ဂျွန်ရာ... ငါရှိပါတယ်ကွ" လို့ အားပေးတော့ ဂျွန်က အားကိုးတကြီးနဲ့ "ဒါဆို မင်းရေကူးတတ်တာပေါ့နော်" လို့ မေးတယ်။ တယ်ရီက စိတ်မပူပါနဲ့ဆိုတဲ့အသွင်နဲ့ ဂျွန်ကို တရင်းတနှီးဖက်ရင်းဆိုတာက
"ငါက ရေတော့ မကူးတတ်ဘူးကွ။ ဒါပေမယ့် "ကယ်တော်မူကြပါဗျို့" ဆိုတဲ့ စကားကိုတော့ ဘာသာစကား ကိုးမျိုးနဲ့ ပြောတတ်တယ်" တဲ့။
ဟာသ (၅)
ရွာတစ်ရွာတွင် အိမ်ထောင်စုစာရင်းကောက်ဖို့ မောင်အကို ရွာလူကြီးက တာဝန်ပေးလိုက်တယ်။
"လွယ်ပါတယ်ကွာ... မင်းက တစ်အိမ်တက် တစ်အိမ်ဆင်း အိမ်ထောင်စုစာရင်း ကောက်ဖို့ပါလို့ပြော၊ အိမ်ထောင်ရှိလား၊ ကလေးရောရှိလား၊ ယောက်ျားလေး ဘယ်နှယောက်၊ မိန်းကလေး ဘယ်နှယောက်လဲ၊ အဲဒီလိုမေးပြီး ဒီစာအုပ်ထဲမှာ မှတ်ခဲ့ရုံပဲ"
မောင်အ အိမ်တစ်အိမ်ထဲ ၀င်သွားတယ်။ ကောင်မလေးတစ်ယောက် ထွက်လာတယ်။ မောင်အ ပြောလိုက်တယ်။
"အိမ်ထောင်စုစာရင်း ကောက်မလို့၊ မင်း... ဒီအိမ်ကလား"
ကောင်မလေးက ခေါင်းညိတ်ပြတယ်။ မောင်အက မေးတယ်..။
"အိမ်ထောင်ရှိလား"
"မရှိပါဘူး"
"ဒါဆို ကလေးရော"
"ဖြန်း"
မောင်အကို ကောင်မလေးက ပါးရိုက်ပြီး အိမ်ထဲပြန်ဝင်သွားတယ်။ မောင်အလည်း ရွာလူကြီးဆီ ပြန်လာပြီးပြောတယ်။ ရွာလူကြီးကပြောတယ်...
"အေးပေါ့ကွာ...၊ အိမ်ထောင်မရှိပါဘူးပြောတာ ကလေးက ဘယ်ရှိမှာလဲ၊ ဒီတစ်ခါ ကလေးရှိလားအရင်မေး၊ ကြားလား"
မောင်အ ပြန်ထွက်လာတယ်။ အိမ်တစ်အိမ်ကိုဝင်တယ်။ အဘွားကြီးတစ်ယောက်ကိုတွေ့တော့ သူပြောတယ်။
"အိမ်ထောင်စုစာရင်း ကောက်မလို့၊ အဘွား ဒီအိမ်ကလား"
"အေး"
"အင်း... အဘွား ကလေးရှိလား"
"အေးရှိတယ်၊ ၆ ယောက်"
"ဒါဆို အိမ်ထောင်ရော"
"ဖြန်း"
အဘွားကြီး အိမ်ထဲပြန်ဝင်သွားတယ်။
*****************************
အင်တာနက်ပေါ်က ဖတ်ဖူးတဲ့ဟာသတွေကို သိမ်းထားတဲ့အထဲက ပြန်ထုတ်ပြီး တင်ပေးလိုက်တာပါ။ တင်ပေးဖူးပြီးသား၊ ဖတ်ဖူးပြီးသားဖြစ်နေရင်တော့ ဆောရီးပါဗျာ။ ရယ်မောပျော်ရွှင်နိုင်ကြပါစေ...။
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ်၊ ဇူလိုင်လ ၅ ရက်၊ တနင်္လာနေ့။
နံနက် ၁၀ နာရီ ၅၆ မိနစ်။
very good, and Thanks alot
ReplyDeleteနောက်ဆုံးဟာသက အရယ်ရဆုံး ...
ReplyDelete