Wednesday, August 04, 2010

ရွေးကောက်ပွဲဝင်မည့်သူများ၏ စကားသံအချို့


“....... မဲရုံကိုလည်း သွားရမယ်၊ မဲလည်း ပေးရမယ်။ ကုန်ကုန်ပြောရရင် ခင်ဗျားတို့ကိုယ်၌က နိုင်ငံအရေး၊ တိုင်းပြည်အရေး စိတ်ဝင်စားလို့ ဒီဆွေးနွေးပွဲ ရောက်နေတာ။ ပြည်နယ်တိုင်းမှာရှိတဲ့ လူတွေအများကြီးထဲမှာ ခင်ဗျားတို့ အရည်အချင်းရှိလို့ ခုလို လာဆွေးနွေးနိုင်တာ။ နောက်ဆုံး ကျွန်တော်ပြောချင်တာက ကိုယ့်ဒေသမှာ ခင်ဗျားတို့ မဲပေးရမယ့်လူကို ကြည့်လိုက်၊ ကိုယ်မဲပေးရမယ့်လူက ကိုယ့်လောက်မှ အရည်အချင်း မရှိဘူးဆိုရင်၊ ဘယ်သူမှ လုပ်မယ့်လူ မရှိဘူးဆိုရင် ခင်ဗျားတို့အရပ်၊ ခင်ဗျားတို့နယ်အကျိုး ခင်ဗျားတို့မှ မသယ်ပိုးရင် ဘယ်သူက ဘာသယ်ပိုးမှာလဲ”

ဒီစကားပြောတော့ သူတို့သဘောပေါက်သွားတယ်။ ဒါနဲ့ ဒီနက်ဝပ်လေး (တစ်သီးပုဂ္ဂလနက်ဝပ်) ဖြစ်လာတာပါ။

နောက်ပြီးတော့ တပ်မတော်က ၂၅ ရာခိုင်နှုန်း ယူထားတဲ့ကိစ္စလည်း ရှင်းပြရတယ်။ ကျွန်တော်တို့ နိုင်ငံမှာမို့ ၂၅ ရာခိုင်နှုန်းပဲ ရှိတာ။ အင်ဒိုနီးရှားမှာဆိုရင် တပ်မတော်က ရာခိုင်နှုန်း ၆၀ ယူထားတာ။ ရွေးကောက်ပွဲလုပ်တဲ့အခါ သူတို့နိုင်တာပဲ။ ဒါပေမယ့် အခု အင်ဒိုနီးရှားက ဒီမိုကရေစီဖြစ်နေပြီ။ သူတို့က ၁၉၉၈ ကမှ ပြောင်းတာ။ အခု သူတို့ပြည်သူတွေ နိုင်ငံရေးအသိ ကျွန်တော်တို့ထက် ကြွယ်ဝနေပြီ။ သူတို့တောင် ရာခိုင်နှုန်း ၆၀-၄၀ လက်ခံနိုင်သေးတာ။ ကျွန်တော်တို့ဆီမှာ ၂၅ ရာခိုင်နှုန်းပဲ ရှိတယ်။ သူတို့ဆီမှာ ဒီမိုကရေစီပြန့်ပွားရေးနဲ့ ပတ်သက်ပြီး ကျောင်းတွေမှာ နယ်ရောတောပါမကျန် ဖြန့်ဝေပေးတယ်။ ပြည်သူနဲ့တပ်မတော် တစ်ပြေးညီ လိုက်နိုင်တယ်။ အခု အင်ဒိုနီးရှားဆိုရင် အရမ်းတိုးတက်နေပြီ။ ဘာလီကျွန်းဆိုရင် နာမည်ကြီးပဲ။ အင်တာနေရှင်နယ် လေကြောင်းလိုင်း ရှိတယ်။ ဟိုတယ်တွေ၊ ပို့ဆောင်ရေးလုပ်ငန်းတွေမှာ နိုင်ငံခြားသားတွေ စည်ကားနေတယ်။ အလုပ်အကိုင် အခွင့်အလမ်းတွေ ပွင့်လန်းနေတယ်။ လမ်းတွေက ရှစ်လမ်းသွား၊ ၁၀ လမ်းသွားတွေနဲ့ အားကျစရာ ကောင်းတယ်။ သူတို့လို ကျွန်တော်တို့ မဖြစ်နိုင်ဘူးလား။ ဖြစ်နိုင်ခြေ အများကြီးရှိတယ်။ ဘာလီအလှက ကျွန်တော်တို့ ငပလီကို မမီဘူး။

........
...............

နိုင်ငံတကာအသိုင်းအ၀ိုင်းနဲ့ ပတ်သက်ပြီး ပြောချင်တာက ဒီနေ့ ဖြစ်နေတာက ဘယ်သူမပါလို့၊ ဘယ်ပါတီမပါလို့ဆိုတဲ့ အစွဲအလမ်းက အင်မတန် ကြီးမားနေတယ်။ အဲဒီဖိအားကို ကျွန်တော်တို့က အထိုက်အလျောက် ပြေလျော့စေချင်တယ်။ ဒါကြောင့်လည်း ပြည်တွင်းမှာ အစဉ်အလာရှိတဲ့ လူတွေပါအောင် တတ်နိုင်သမျှ ကြိုးစားနေတယ်။ အစိုးရကတော့ သူ့လမ်းကြောင်းအတိုင်း သွားမှာပဲ။ ဘယ်သူမပါလို့၊ ဘယ်ဝါမပါလို့ဆိုတာ မရှိဘူး။ ကျွန်တော်တို့က မြန်မာနိုင်ငံရဲ့ နိုင်ငံရေးသမိုင်းကြောင်းမှာ ဦးသုဝေတို့လို ပုဂ္ဂိုလ်မျိုး ပါလာခြင်းအားဖြင့် နိုင်ငံတကာ အသိုင်းအ၀ိုင်းကြားမှာ မျက်နှာပြ လှမယ်။ ဒါဆိုရင် ထိုးနှက်ချက်တွေ အထိုက်အလျောက် လျော့သွားနိုင်တယ်။ ဒီလိုလျော့သွားမှ ပြည်သူလူထုအတွက် နိုင်ငံရေးအပြောင်းအလဲကို ဖန်တီးနိုင်သလို စီးပွားရေးအခွင့်အလမ်းတွေလည်း ပွင့်လန်းလာမယ်။ နိုင်ငံတကာ ငွေကြေးတွေရရင် ကျွန်တော်တို့တိုင်းပြည် ဖွံ့ဖြိုးရေးအတွက် ထိထိရောက်ရောက် သုံးစွဲသွားနိုင်မယ်လို့ သုံးသပ်မိတယ်”

“............ ဒီမိုကရေစီနဲ့ ပတ်သက်လို့ ချက်ချင်းမရနိုင်ဘူး။ ဒီမိုကရေစီကို တစ်ဆင့်ချင်း သွားမှရမယ်။ ခုရေတွင်းတူး ခုရေကြည်သောက်လို့တော့ ရမှာမဟုတ်ဘူး။ လက်ရှိပါတီမှာ ဦးဆောင်နေတဲ့သူတွေက အရွယ်လွန်သူတွေများတယ်။ ဒါကြောင့် မျိုးဆက်သစ် လူငယ်တွေကို လက်ဆင့်ကမ်းပေးဖို့ သူတို့ကို ပြုစုပျိုးထောင်ပေးရမယ်။ .......... ”

“...... ပထမအချက်က ရွေးကောက်ပွဲမှာ မျှမျှတတနဲ့ စနစ်တကျဖြစ်ဖို့ လိုတယ်။ ဒုတိယအဆင့်က အာဏာအလွှဲအပြောင်းမှာ အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ် ဖြစ်လို့လိုပါတယ်။ သိပ်လောကြီးစရာ အကြောင်းမရှိပါဘူး။

စည်းရုံးရေးကာလမှာ တစ်ဦးနဲ့တစ်ဦး၊ တစ်ပါတီနဲ့တစ်ပါတီ အထင်အမြင် လွဲမှားစရာတွေ ဖြစ်မှာစိုးတယ်။ အချို့ပါတီတွေ အလွန်အကျွံ စည်းရုံးရေးဆင်းတာ သိပ်မဖြစ်စေချင်ဘူး။ တို့လည်း နိုင်ချင်တာပဲ။ ဒါပေမယ့် စည်းစနစ်တို့၊ ကိုယ့်ကျင့်တရားတို့ ဆိုတာရှိတယ်။ ဒါတွေကို ဂရုမစိုက်ဘူးဆိုရင် သမိုင်းမှာ မှတ်တမ်းကျန်ရစ်ခဲ့မှာပဲ”

1 comment:

  1. Anonymous10:34 AM

ါပေမယ့် စည်းစနစ်တို့၊ ကိုယ့်ကျင့်တရားတို့ ဆိုတာရှိတယ်။ ဒါတွေကို ဂရုမစိုက်ဘူးဆိုရင် သမိုင်းမှာ မှတ်တမ်းကျန်ရစ်ခဲ့မှာပဲ”

    Right! All party fully follow this....?

    ReplyDelete

 
Web Statistics