နောက်ဆုံးပေါ်တိုက်လေယာဉ်
အဲဒီတိုက်လေယာဉ် F22 ဟာ ဆီထပ်ဖြည့်စရာမလိုဘဲ ကမ္ဘာတစ်ပတ် ပတ်နိုင်ရုံမက ဗုံးကြဲလေယာဉ်အဖြစ်လည်း အသုံးပြုနိုင်တယ်လို့ ဆိုပါတယ်။ စစ်ရေး လေ့ကျင့်ပွဲမှာ ပါဝင်မယ့် ဂျော့ဝါရှင်တန်ဆိုတဲ့ လေယာဉ်တင်သဘောင်္ကြီးကလည်း လေယာဉ်အစင်းပေါင်း ၃၀၀ ကျော် တင်နိုင်တဲ့ ဧရာမ သင်္ဘောကြီး ဖြစ်တယ်။ သူ့ကို စောင့်ရှောက်ဖို့ တိုက်သင်္ဘောတွေလည်း ပါတာပေါ့။ တောင်ကိုရီးယားရေတပ်သင်္ဘော တော်ပီဒိုထိမှန်နစ်မြုပ်ခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး မြောက်ကိုရီးယားကို သတိပေးဖို့အတွက် လေ့ကျင့်မှု ပြုလုပ်ရတာဖြစ်ကြောင်း တောင်ကိုရီးယားနဲ့ အမေရိကန်အစိုးရများက ကြေညာပါတယ်။
လက်နက်ကုန်သည်များအကြိုက်
ဒီစစ်ရေး လေ့ကျင့်မှုကို မြောက်ကိုရီးယားက ပြင်းပြင်းထန်ထန် ဝေဖန်ပါတယ်။ လိုအပ်လာရင် သူ့ဘက်က အဏုမြူလက်နက်နဲ့ တုံ့ပြန်ရလိမ့်မယ်လို့လည်း တန်ပြန် ခြိမ်းခြောက်ပါတယ်။ တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယား နှစ်နိုင်ငံကိစ္စမှာ ဘယ်သူမှားတယ် ဘယ်သူမှန်တယ်လို့ ၀င်ပြောဖို့ ဒီစာရေးတာ မဟုတ်ပါဘူး။ ကမ္ဘာပေါ်က နိုင်ငံတော်တော်များများဟာ စစ်လက်နက်ပစ္စည်းမျိုးစုံ ထုတ်လုပ်ရောင်းချတဲ့ မရဏကုန်သည်ကြီးများက ခိုင်းတဲ့အတိုင်း လိုက်ကနေကြရတဲ့ အကြောင်းကို ဆင်ခြင်စဉ်းစားကြစေဖို့အတွက် ရေးလိုက်တာပါ။
ပြူးပြူးပျာပျာမဖြစ်
တောင်ကိုရီးယားနဲ့ အမေရိကန် စစ်ရေးလေ့ကျင့်မှုကိုရော မြောက်ကိုရီးယားက နျူကလီးယားလက်နက်နဲ့ တုံ့ပြန်မယ်ဆိုတဲ့ ခြိမ်းခြောက်မှုကိုပါ ကမ္ဘာ့နိုင်ငံအားလုံးက ပြူးပြူးပျာပျာ မဖြစ်ပြဘဲ အေးအေးဆေးဆေးပဲ အကဲခတ် ကြည့်ရှုနေကြပါတယ်။ ကိုရီးယားစစ်ပွဲကြီး ဒုတိယအကြိမ် ပြန်ဖြစ်လာလိမ့်မယ်လို့ ဘယ်သူကမှ ထင်မထားကြပါဘူး။ ခြိမ်းခြောက်လိုက် အပြန်အလှန် ခြိမ်းခြောက်နဲ့ပဲ ပြီးသွားလိမ့်မယ်လို့ ယူဆထားကြတယ်။ ဘာကြောင့်လဲဆိုတော့ ဒီအဖြစ်မျိုးတွေ ထပ်ခါတလဲလဲ ကြုံတွေ့ခဲ့ကြဖူးပြီဖြစ်လို့ ရိုးသွားတဲ့အတွက်ပါပဲ။
လက်နက်တွေ ရောင်းရလိမ့်မယ်
စောင့်ကြည့်နေပါ။ ဒီစစ်ရေး လေ့ကျင့်မှုကြီး ပြီးသွားတဲ့နောက် လအနည်းငယ် ကြာတဲ့အခါကျရင် တောင်ကိုရီးယားနိုင်ငံကို အမေရိကန်က တိုက်လေယာဉ်တွေ အပါအ၀င် လက်နက်ပစ္စည်း ဒေါ်လာ ဘယ်လောက်ဘီလျံဖိုး ရောင်းချတယ်ဆိုတဲ့ သတင်းထွက်လာလိမ့်မယ်။ အစ္စရေးက ဂါဇာကမ်းမြောင်ဒေသမှာ လူနေအိမ်တွေ တိုးချဲ့ဆောက်လုပ်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး နှစ်ဖက်တင်းမာမှုတွေဖြစ်ပြီး နေတန်ယာဟုနဲ့ အိုဘားမားအကြား ဆက်ဆံရေး သိပ်မကောင်းဘူးဆိုတဲ့ သတင်းတွေ ပျံ့နှံ့နေတုန်းမှာပဲ အစ္စရေးက အမေရိကန်ဆီကနေ တိုက်လေယာဉ်တွေ ၀ယ်ယူတဲ့သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။
စစ်တုရင်ခုံပေါ်က နယ်ရုပ်ကလေးတွေ
အစ္စရေးက စစ်လက်နက်ပစ္စည်းတွေ တိုးပြီး ၀ယ်တဲ့အခါမှာ ပါလက်စတိုင်းတွေဆီကိုလည်း သူတို့ရဲ့ မဟာမိတ်တွေက လက်နက်တွေတိုးပြီး ပို့ကြမှာ သေချာတယ်။ ကြားထဲက အမြတ်ထွက်တာက လက်နက်ထုတ်လုပ်ရောင်းချတဲ့ နိုင်ငံတွေနဲ့ လက်နက်ပွဲစားတွေပါပဲ။ ဒီမရဏကုန်သည်တွေက ကမ္ဘာ့နေရာအနှံ့အပြားမှာ ပဋိပက္ခတွေနဲ့ လက်နက်ကိုင် တိုက်ခိုက်မှုတွေ မဖြစ်ဖြစ်အောင် တမင်တို့မီးရှို့မီး လုပ်နေကြတာဖြစ်တယ်။ နှစ်ဖက်စလုံးကို ဆွပေးပြီး အမှိုက်ကစ ပြာသာဒ်မီးလောင်အောင် လုပ်တာဟာ မရဏကုန်သည်များရဲ့ လုပ်ရိုးလုပ်စဉ် မဟာဗျူဟာဖြစ်တယ်။ အိုဘားမားတို့ နေတန်ယာဟုတို့ ဟာမစ်ကာဇိုင်းတို့ ဆိုတာတွေက လက်နက်ကုန်သည်ကြီးတွေရဲ့ စစ်တုရင်ခုံပေါ်က နယ်ရုပ်ကလေးတွေသာ ဖြစ်တယ်။
ကနေဒီကို ရှင်းပစ်ခဲ့တာ
လက်နက်ကုန်သည်ကြီးများကို အကျိုးပြုနေသမျှ ကာလပတ်လုံး နယ်ရုပ်ကလေးတွေကို လက်သပ်မွေးပြီး ထောက်ခံအားပေးနေမှာပဲ။ အကျိုးမပြုတော့ဘူး ဆိုတာနဲ့တစ်ပြိုင်နက် ဆက်ဒမ်ဟူစိန်ကို ရှင်းပစ်သလို ရှင်းပစ်လိုက်မှာ သေချာတယ်။ သမ္မတ ကနေဒီကို ရှင်းပစ်ခဲ့တာ လက်နက်ကုန်သည်ကြီးတွေနဲ့ သူတို့ရဲ့ လက်ကိုင်တုတ် မာဖီးယားဂိုဏ်းတွေနဲ့ စီအိုင်အေနဲ့ အက်ဖ်ဘီအိုင်ထဲက နယ်ရုပ်တွေ ဖြစ်တယ်လို့ အမေရိကန် ပြည်သူတွေနဲ့ စာနယ်ဇင်းတွေ သမိုင်းဆရာတွေက ပြောခဲ့ရေးခဲ့တာတွေ တစ်ပုံကြီး ရှိနေခဲ့တယ် မဟုတ်လား။
ဆက်ဒမ်ဟူစိန်ကို စီအိုင်အေက မွေးခဲ့တာ
အီရတ်က ဆက်ဒမ်ဟူစိန်ဆိုတာလည်း အစက စီအိုင်အေနဲ့ ဂျော့ဘုရှ်တို့ မွေးထားတဲ့ နယ်ရုပ်တစ်ရုပ်ဆိုတာ လူတကာသိပါတယ်။ ဆက်ဒမ်ဟူစိန်ကို အသုံးချပြီး အီရန်နဲ့ ဆယ်နှစ်ကြာစစ်ပွဲကြီးဖြစ်အောင် ဖန်တီးပေးခဲ့တာပဲ။ နောက်တော့ ဆက်ဒမ်ဟူစိန်က အသုံးမကျတော့တာကြောင့် ဖယ်ရှားရှင်းလင်း ပစ်လိုက်တာဖြစ်တယ်။ ဂျော့ဘုရှ်တို့ ဒစ်ချင်နီတို့ ဆိုတာတွေက တကယ်တော့ လက်သပ်မွေးခံ နယ်ရုပ်တွေ သက်သက်ပါ။ သူတို့ကို ကြိုးကိုင်ခိုင်းစေနေကြတာက စစ်လက်နက်ပစ္စည်း ထုတ်လုပ်ရောင်းချတဲ့ သူဌေးကြီးတွေသာ ဖြစ်တယ်။ အိုဘားမားလည်း အလားတူပါပဲ။ လက်နက်သူဌေးကြီးတွေရဲ့ ဆန္ဒကို လွန်ဆန်နိုင်တာ မဟုတ်ပါဘူး။
ယမမင်းနဲ့ မိတ်ဆွေဖွဲ့
အမေရိကန်အစိုးရ အဆက်ဆက်က သူတို့ အမေရိကန်နိုင်ငံကို ဒီမိုကရေစီခံတပ်ကြီးအဖြစ် အမွှန်းတင် ကြော်ငြာခဲ့ကြတယ်။ ကြော်ငြာဆိုတာ ကျော်အောင် ညာတာပါ။ တကယ်တော့ လက်နက်ကုန်သည်ကြီးတွေက ဒီမိုကရေစီ လူ့အခွင့်အရေးတွေကို ဘာမှ ဂရုစိုက်ကြတာ မဟုတ်ပါဘူး။ လက်နက်ရောင်းရဖို့နဲ့ အမြတ်ရဖို့ဆိုရင် သူတို့အားလုံးဟာ ယမမင်းကိုတောင် မိတ်ဆွေဖွဲ့ဖို့ အဆင်သင့် ရှိနေကြသူတွေ ဖြစ်ပါတယ်။ ဒီနေ့ နိုင်ငံတကာ သံခင်း တမန်ခင်း အခင်းအကျင်းတွေကို ကြည့်လိုက်ရုံနဲ့တင် သိသာထင်ရှားတယ်။
ရွာထဲအ၀င်မခံနဲ့
ဒီနေ့ ကမ္ဘာ့အချမ်းသာဆုံးဆိုတဲ့ နို်င်ငံကြီးတွေအားလုံးဟာ လက်နက်ရောင်းပြီး ချမ်သာနေကြတာချည်းပါပဲ။ ကမ္ဘာ့ငြိမ်းချမ်းရေးတို့ လက်နက်ဖျက်သိမ်းရေးတို့ဆိုတာ လူကြားကောင်းရုံသက်သက် လွှင့်ထုတ်နေတဲ့ ၀ါဒဖြန့်လုံး သက်သက်သာ ဖြစ်တယ်။ ဘယ်သူမှ မယုံရပါဘူး။ အားလုံးက ဖျာဝင်ခင်းဖို့ ချောင်းနေကြတာချည်းပါပဲ။ ကိုယ့်ပွဲကိုယ် မလန့်အောင်ထိန်းဖို့ အရေးကြီးတယ်။ ရွာနီးချုပ်စပ်က လူမိုက်တွေ ပွဲခင်းနား မသီနိုင်အောင် ဂရုစိုက်ရပါမယ်။ ရွာတံခါးဝကို လုံအောင်ပိတ်ထားတာ အကောင်းဆုံးပဲ။ ရွာထဲကို အ၀င်ခံမိပြီဆိုရင်တော့ ပွဲကို မလန့်,လန့်အောင် မွှေတော့မှာ သေချာတယ်။ ဒီလူတွေက ဖျာခင်းရရင်ပြီးရောဆိုတဲ့ လူစားတွေ။
No comments:
Post a Comment