Wednesday, August 04, 2010

အသုံးများသော မြန်မာဗန်းစကားများ (ဓ၊ န)


ဓမ္မာသောက ဖြစ်ကြသည်
မသင့်မမြတ်ဖြစ်ကြသည်၊ ရန်ဖက်ဖြစ်သည်။
ဗေဒင်ကိန်းများတွင် လူအချင်းချင်း နေ့နံအလိုက် မိတ်ဖက် ရန်ဖက် ရွေးစစ်ရာတွင် မသင့်မြတ်သော ရန်ဖက်နေ့နံချင်းကို အလွယ်သိမှတ်စေရန် "ဓမ္မာ၊ သောက၊ အင်းဝ၊ ရာဇာ၊ အိမ်ထောင်ဖက် အသက်မရှည်ရာ" ဟူသော လင်္ကာအရ မှတ်ထားခဲ့ကြလေသည်။ ဓမ္မာအရ စနေနှင့် ကြာသပတေး၊ သောကအရ သောကြာနှင့် တနင်္လာ၊ စသည်တို့မှာ ရန်ဖက်ဖြစ်ကြသည်။ ထိုသဘောကိုယူ၍ တစ်ဦးနှင့်တစ်ဦး မသင့်မြတ်သည်ကို ထိုလင်္ကာပုဒ်ဖြင့် ဓမ္မာသောက ဖြစ်သည်ဟု သုံးနှုန်းကြသည်။

ဓါးစာခံသည်
မိမိ၏ ပယောဂမပါသော အမှုအတွက် ဆိုးကျိုးကိုခံရသည်၊ ကြားဝင်မိရသည်။
ဓါးပြများသည် တိုက်ခိုက်ပြီးနောက် ထွက်သွားသောအခါ လိုက်လံဖမ်းဆီးသူများက ရန်တုံ့မမူနိုင်စေရန် အိမ်ရှင်တစ်ဦးဦးကို သူတို့နှင့်အတူ ခေါ်သွားတတ်ကြသည်။ အကယ်၍ ရပ်ရွာသားတို့က လိုက်လံတိုက်ခိုက်လျှင် ဖမ်းဆီးသွားသူကို ရှေ့တင်ကာကွယ်ခြင်းဖြင့် ရွာသားတို့က ခုတ်မည့်ဓါးကို ဖမ်းဆီးခံရသူ ရှေးဦးခံရမည်ဖြစ်ရာ ရွာသားများက ကိုယ့်လူ သူ့လူ ရွေးစစ်နေရသဖြင့် ဓါးပြများမှာ လွတ်မြောက်ခွင့် ရှာကြံနိုင်သည်၊ လိုက်လံသူတို့အားလည်း အဖမ်းခံရသူအား အော်ဟစ်တားဆီး ခိုင်းနိုင်လေသည်။ အကယ်၍ ရပ်သူရွာသားတို့က ဆက်၍လိုက်ပါမူ ဖမ်းသွားသူကို သတ်ဖြတ်ခဲ့မည်ဖြစ်၍ အဖမ်းခံရသူသည် ဓါးပြ၏ ဓါးစာကိုလည်း ခံရဖွယ်ရှိနေလေသည်။ ရပ်သူရွာသားတို့မှာ မိမိဖက်သား ပါသွားသူ၏ အသက်ကိုငဲ့ကာ ဓါးပြများကို ရန်မမူရဲဘဲ ရှိကြလေသည်။ ထိုသို့ ဖမ်းဆီးခံရသူကို ဓါးစာခံဟု ခေါ်သည်။ ထိုသို့ အဖမ်းခံရခြင်းကိုလည်း ဓါးစာခံဖြစ်ရသည်ဟု ဆိုသည်။ ထိုအကြောင်းကို စွဲ၍ မိမိ ပယောဂမပါဘဲ အကြောင်းမဲ့ အနစ်နာခံရခြင်းကို ဓါးစာခံဖြစ်သည် ဟူ၍လည်းကောင်း တင်စား၍ သုံးနှုန်းသည်။ ဓါးခုတ်ရာ လက်လျှိုခံသည်ဟုလည်း ဆိုသည်။

ဓါးစောက်ကမ်း (ဓါးဆောက်ကမ်း)
ထင်ရာကို မဆင်မခြင် ဇွတ်တရွတ် ပြုမူတတ်သူ
မိုက်မဲသော သားငယ်သည် ဓါးတောင်းသော ဖခင်အား ဓါးကို အလိုက်သင့် မပေးကမ်းဘဲ ဓါး၏ အဆောက်ဖက်မှ ကမ်းခြင်း (သို့မဟုတ် စောက်ထိုးကမ်းခြင်း) ကြောင့် လှမ်းယူသူဖခင်အား ထိခိုက်ရှနာစေသည်ကို အကြောင်းပြု၍ မဆင်မခြင် မိုက်မဲစွာ ပြုမူတတ်သူကို ဓါးဆောက်ကမ်းဟု ခေါ်ဆိုကြသည်။ (အချို့က "တစောက်ကန်း" ဟူ၍ တစ်ဖက်သတ်တည်း အစောက်နက်လှစွာ ကန်းတီးမိုက်မဲသည် ဟူသောသဘောဖြင့် ယူဆကြသေးသည်)။

နားခွက်က မီးတောက်သည်
ချက်ချင်း သိမြင်နားလည်သည်။
ရှေးက မြန်မာစစ်သည်တို့ သုံးစွဲသော ကျောက်မီးသွေး သေနတ်မျိုးမှာ ယမ်းထည့်ပြီးနောက် မီးပွင့်အောင် ရိုက်ခတ်ကာ ယမ်းကို မီးစွဲငြိစေခြင်းဖြင့် ပစ်ခတ်ရလေသည်။ ထိုသေနတ်တွင် မီးပွင့်အောင် ရိုက်ခတ်သော စိုင်ပေါင် မောင်းတက် ရိုက်ချက်ကျ နေရာအနီး၌ ယမ်းထည့်သော "နားခွက်" ခေါ်သည့် အစိတ်အပိုင်း အခွက်ရှိလေသည်။ မောင်းကိုရိုက်၍ "ချက်" ခနဲ အသံမြည်သည်နှင့် တပြိုင်နက် နားခွက်ကို မီးစွဲတောက်သည်မှာ အလွန်လျင်မြန်လေသည်။ ထို့ကြောင့် လျင်မြန်စွာ အကြောင်းဟူ၍ တင်စားပြောဆိုကြလေသည်။ အလွန်အကင်းပါးသူ နှောင့်နှေးဆိုင်းတွခြင်းမရှိ တင်္ခနုပ္ပတ္တိ အသိဉာဏ် ရုတ်ချည်းဖြစ်ပေါ် နိုးကြားလွယ်သူများကိုလည်း ချီးကျူးသောအားဖြင့် နားခွက်က မီးတောက်သည်ဟု တင်စားပြောဆိုကြလေသည်။

နို့သက်ခံစို့သည်
အသက်သာခိုသည်
ကလေးငယ်များသည် မိခင်၏နို့ကို အနည်းငယ် အားစိုက်၍ လျှာနှင့် စုပ်ယူခြင်းဖြင့် နို့ချိုစို့သောက်ရလေသည်။ သို့ရာတွင် ပျင်းသော ကလေးများနှင့် သက်သာမှုကို ကြိုက်သော ကလေးများသည် တစ်ကြိမ်စုပ်ယူလိုက်ပြီးနောက် စုပ်အားဖြင့် အလိုအလျောက် သက်ကျလာသော နို့ရေပေါက်ကို ခံယူကာ ငုံသွားရင်း နို့စို့တတ်လေသည်။ ထိုမှတစ်ပါးလည်း မိခင်မဲ့သော နို့စို့ကလေးများအား သူတစ်ပါး၏ မိခင်နို့သက်သည့်အခါ (နို့အားကောင်း၍ ကလေးငယ်မစုပ်သော နို့မှ တစ်ဖက်စုပ်အားကြောင့် ယိုကျသောအခါ) ခွက်ဖြင့် ခံယူ၍ တိုက်ကျွေးရလေသည်။ ထိုသို့အားဖြင့် ကိုယ်တိုင် ကြိုးစားအားထုတ်ခြင်း မရှိဘဲသော်လည်းကောင်း၊ ကိုယ်ပိုင်အစွမ်းအစ အရင်းအနှီး မရှိဘဲသော်လည်းကောင်း အလိုအလျောက် သက်ရောက်လာမည့် သူတစ်ပါး၏ ကြိုးပမ်းမှုမှ ပေါ်ထွက်လာသည့် အခွင့်အရေးကို စောင့်စားမှီခိုရသော အခါတွင် ပမာတင်စား၍ နို့သက်ခံစို့သည်ဟု ဆိုကြလေသည်။

နောက်မီးလင်းသည်
ဖောက်ပြန်သည်။
ထိုစကားမှာ ယခုခေတ်မှသုံးသော စကားဖြစ်သည်။ မော်တော်ကားရှေ့မီးလုံး၊ နောက်မီးလုံးဟူ၍ ရှိရာ ကားမောင်းသူအတွက် ရှေ့ကမီးလုံး လင်းသည် မလင်းသည်မှာ ထင်ထင်လင်းလင်း မြင်ရသော်လည်း နောက်မှ မီးလင်းသည် မလင်းသည်ကိုကား မသိနိုင်ပေ။ ထို့ကြောင့် နေ့အခါတွင် မလိုအပ်ဘဲ မော်တော်ကား၌ နောက်မှ မီးလင်းသောအခါ အခြားသူက သတိပေးမှ မော်တော်ကားမောင်းသူက သိရှိ၍ ခလုတ်ကို ပိတ်ရလေသည်။ ထိုနည်းအတူပင် ကာမပိုင် လင်သားကိုယ်တိုင် မတွေ့မမြင်ရဘဲ ကွယ်ရာတွင် မယားဖြစ်သူက အခြားယောက်ျားတစ်ပါးနှင့် မှောက်မှားကျူးလွန်သည်ကို သူတစ်ပါးက သတိပေးမှ သိရသောကြောင့် စကားတင်စား၍ နောက်မီးလင်းသည်ဟု ဆိုကြသည်။ လူတစ်ယောက်အား သူ၏ဇနီး ကွယ်ရာတွင် လင်မြှောင်ထားနေသည်ကို တစ်ဦးတစ်ယောက်က ဖွင့်ဟသတိပေး ပြောဆိုရာ၌သော်လည်းကောင်း၊ ကဲ့ရဲ့စကားတင်း ဆိုရာ၌လည်းကောင်း တိုက်ရိုက်ရင့်သီးသော စကားကို မသုံးလိုသဖြင့် တင်စားသုံးစွဲကြလေသည်။

နတ်သံနှောသည်
နောက်ဖြစ်ကြောင်း ပြန်ပြောသည်။
လောကီ (၃၇)မင်း နတ်များ ပူးကပ်ဝင်ရောက်သည်ဆိုသော နတ်ဝင်သည်တို့သည် နတ်တစ်ပါးပါး ၀င်ရောက်ပူးကပ်သည့်အခါတိုင်း "ဖြစ်ကြောင်းရယ်မှ ကုန်စင်လေ..." ဟူ၍ အစချီလျက် မိမိသည် အဘယ်ကြောင့် နတ်ဖြစ်လာရပုံကို စပ်ဆိုထားသည့် နတ်ချင်းအတိုင်း အတိတ်ဇာတ်ကြောင်း တစ်ခုလုံးကို ဖွဲ့နွဲ့ပြောဆိုပြီးမှ ကခုန်ခြင်း၊ ကြိမ်းဝါးခြင်း၊ ဟောပြောခြင်း စသည်တို့ ပြုလေ့ရှိကြသည်။ ထို့ကြောင့် အတိတ်ဇာတ်ကြာင်းကို ပြန်ပြောင်းဖွဲ့နွဲ့ ပြောဆိုသော အခါတိုင်း မည်သူမဆို တင်စား၍ နတ်သံနှောသည်ဟု ပြောလေ့ရှိသည်။ နတ်၏ ပြောမြဲစကားသံနှင့် ရောဖက်၍ ပြောသည်ဟု ဆိုလိုသည်။

နှုတ်သီးကောင်းသည်
စွာသည်၊ ရန်လိုတတ်သည်။
ရန်စွာ နှုတ်ထိုးတတ်သော မိန်းမများကို နှုတ်ထက်သည် နှုတ်ကောင်းသည်ဟု တင်စား၍ ဆိုရာတွင် နင့်သီးစေလိုသဖြင့် သွယ်ဝိုက်သောအားဖြင့် တိရစ္ဆာန်နှင့် နှိုင်းကာ နှုတ်သီးကောင်းသည်ဟု သုံးနှုန်းလေသည်။ ချီးမွမ်းပြောဆိုသော အဓိပ္ပါယ်နှင့် ကွဲလွဲခြားနားစေရန်လည်း ဖြစ်လေသည်။

နှမ်းဖြူးသည်
သူတစ်ပါး အားထုတ်မှုကို အပေါ်ယံ သြဇာပေးသည်
မုန့်ဆီကျော်ကို သူတစ်ပါးကြော်ပြီးမှ မိမိက အပေါ်က နှမ်းဖြူးခြင်းကို ရည်၍ဆိုသည်။
မြန်မာမုန့်ဆီကြော်ကို ပြုလုပ်ရသည်မှာ ကောက်ညှင်းပေါင်းခြင်း၊ ထောင်းခြင်း၊ ထန်းလျက်ရည်ကျိုခြင်း၊ မုန့်နယ်ခြင်း၊ မုန့်ပြားခြင်း၊ နေလှမ်းခြင်း၊ ကြော်ခြင်း စသည် အဆင့်ဆင့် အလုပ်တာဝန် များပြားလေရာ၊ ထိုလုပ်ငန်းများကို ပြုလုပ်သည့်အခါ ကူညီခြင်း၊ ပါဝင်လုပ်ကိုင်ခြင်း မပြုဘဲ အားလုံးပြီးစီးပါမှ အပေါ်က နှမ်းဖြူးရုံ အလုပ်ကိုလုပ်ရသည်မှာ အလွန်သက်သာ လွယ်ကူလေသည်။ ဤသည်ကိုစွဲ၍ မိမိကိုယ်တိုင် မပါဝင်ဘဲ သူတစ်ပါး ကြိုးစားလုပ်ကိုင်ထားသည်ကို မိမိက အပေါ်ယံ အမွှမ်းတင်ရုံဖြင့် မိမိ၏ ကြိုးစားမှုသို့ ဟန်ပြခြင်းမျိုးကို တင်စားလျက် နှမ်းဖြူးသည်ဟု ဆိုကြလေသည်။ သူတစ်ပါး လုပ်ကိုင်ကြံစည်ထားပြီးသည်ကို မိမိက အပေါ်ယံ စီမံခန့်ခွဲ သြဇာပေးခြင်းမျိုးကိုလည်း တင်စားပြောကြသည်။

နင်းပြား
ဆင်းရဲသား၊ အဖိနှိပ်ခံလူတန်းစား၊ အောက်တန်းစား
လူအများဖိနင်း၍ ပြားဝပ်နေသော အရာနှင့် နှိုင်းကာ လူသူတကာ၏ ဖိနှိပ်သွေးစုတ်ခြင်းခံရသူ၊ နှိပ်စက်ညှင်းပန်းငြခ်း ခံရသူများဟု အဓိပ္ပါယ်ရသည်။ သာမန် ဆင်းရဲသားများကိုလည်း တင်စား၍ သုံးသည်။ ကျောမွဲလူတန်းစားနှင့် အတူပင် ဖြစ်သည်။

No comments:

Post a Comment

 
Web Statistics